နွေသင်နိုင်
ဆူးကို အပ်နဲ့ထွင်လိုက်တဲ့အချိန်မှာ လျှပ်တစ်ပြက်ဆိုသလို ကျုပ် ကဗျာလေးတစ်ပုဒ်ကို သတိရလိုက်တယ်။ ကဗျာခေါင်းစဉ်ကိုတော့ မေ့တေ့တေ့ပဲဗျ။ နေဦး၊ ကျုပ် မှတ်မိသလို ပြန်ပြောပြမယ်။ ကာရန်တွေ၊ နဘေတွေနဲ့ ရေးထားပုံရတယ်။ ဒါပေမယ့် ကျုပ် မှတ်မိသလိုပဲ
ပြောမယ်။
ဆူးစူးတယ်တဲ့။ အပ်နဲ့ထွင်လိုက်တယ်တဲ့။ အသင် ဘာပြောမလဲတဲ့။ ဒါလေးပဲ။ အဲဒီ
သဘောလေးပဲ။
ဘယ်လောက်ကောင်းလိုက်တဲ့
ကဗျာလဲဗျာ။ ကျုပ် တကယ်ကြိုက်တယ်။
ကျုပ် ကြိုက်လို့
ကောင်းတယ် ပြောတာ မဟုတ်ပါဘူး။ တကယ်ပါ။ ဘာဖြစ်လို့ပဲ...စူးစူးပေါ့။ ဆူးစူးတာကို
ငုံ့မခံပါဘူး။ အပ်နဲ့ထွင်လိုက်တယ်။ ကဲ...ဘာပြောကြဦးမလဲ။ ကျုပ် အလိုအရတော့
ဘာပြောစရာလိုမလဲ။ လူဆီကို ဆူးက ဘယ်လိုပုံစံနဲ့ ရောက်လာတာလဲ။ ဘယ်လိုရောက်ရောက်၊
ရောက်ချင်သလို ရောက်ဗျာ။ ဒီအတိုင်း မနေဘူး။ ဆူးစူးလျက်ကြီးနဲ့ နေကို မနေဘူး။
ရောက်လာသလား။ သွား...။ အပ်ယူတယ်။ နှုတ်ပစ်လိုက်တယ်။ ကိုင်း...။
ကျုပ် သိတာဒါပဲ။
ဒီကဗျာရဲ့ အကြောင်းအရာကို ကြော်ငြာမင်းသမီးတစ်ယောက်
ပြောသလိုပြောရင်
ကြိုက်မှ ကြိုက်။ ဒါနဲ့ကြုံတုန်းမို့ ပြောရဦးမယ်။ ကျုပ်က ကဗျာတွေ၊ စာတွေ၊ အလင်္ကာ၊
ဆန်းဆိုတာတွေ နားမလည်ပါဘူး။ ဖတ်လို့ကောင်းတယ်။နားထဲစွဲတယ်။ စိတ်ထဲ လာတယ်။
ဒါကြောင့် ကျုပ် ကြိုက်တယ်။ တကယ့်တကယ်ကျ ကဗျာဆိုလို့ တခုတ်တရ ဖတ်ဖူးတာ မဟုတ်ဘူး။
ဖတ်ချိန်လည်း မရဘူး။ ကျုပ်အလုပ်နဲ့ ကျုပ်က ဂျင်ခြေလည်လို့။ ကျုပ်နဲ့ ကဗျာနဲ့ဆိုတာက
မိုင်နှုန်းနဲ့ တိုင်းယူရလောက်အောင် ကွာတယ်။ ဒီကဗျာလေးကိုသာ မှတ်မှတ်သားသားရှိတာ။
တကယ် မှတ်မှတ်သားသားပါ။ ကျုပ်
လူပျိုပေါက် အရွယ်တုန်းကပါ။ ကျုပ် ဆံပင်ညှပ်သွားတယ်ဗျာ။ ဆိုင်မှာ ကျုပ်လိုပဲ
ဆံပင်ညှပ်ဖို့ တန်းစီစောင့်နေကြတာက အများသား။ ဒါနဲ့ ဆံပင်ညှပ်ဖို့စောင့်ရင်းနဲ့
ဆိုင်စားပွဲပေါ်က နီးရာစာအုပ်တစ်အုပ်ကို ယူဖတ်ကြည့်လိုက်တယ်။ ဒီအထိက
အဲဒီကဗျာလေးကို သတိမထားမိသေးဘူး။ ကျုပ် အလှည့်ရောက်လာလို့ ဆုံလည်ကုလားထိုင်ပေါ်
ရောက်တဲ့အထိ စာအုပ်ကြီး ကိုင်လျက်မိသား ဖြစ်နေတဲ့ ကျုပ်။ ဆံပင်အညှပ်ခံရင်လည်း
ဖတ်နေမိတယ်။ ဖတ်မိတော့ ဒီကဗျာလေးကို တွေ့တယ်ဗျာ။ သိပ်ကြိုက်သွားတယ်ဗျာ။
ချက်ချင်းပါပဲ။ ကျုပ် အိတ်ကပ်ထဲမှာ တစ်လိပ်ပဲ ကျန်တော့တဲ့ စီးကရက်ဘူးက ရွှေရောင်
စက္ကူလေးကို ယူတယ်တဲ့ ပြီး ကျောဘက်ကနေပါတဲ့ ဖောင်တိန်နဲ့ ကူးယူဖို့ ပြင်လိုက်တယ်။
ကျုပ် ဆံပင်အညှပ် ခံနေရတယ်ဆိုတာတောင် မေ့သွားတယ်။ 'အိုး...အို့
ဆရာကြီးနေဦးလေ။ ဆံပင် ညှပ်ပြီးမှ ကူးပါဗျာ။ ကျွန်တော် ဆရာကြီးကို ဘယ်လိုလုပ်
ဆံပင်ဖြတ်ရတော့မလဲ' လို့ ဆံပင်ညှပ်ဆရာပြောမှ သတိရတာ။ 'အာ...ဟုတ် ...ဟုတ်သားပဲ၊ လုပ် လုပ်၊ ဆရာကြီးဆက်လုပ်၊ ကျုပ်
သတိလက်လွတ်ဖြစ်သွားတယ်။ ဟဲ...ဟဲ'လို့ ပြန်ပြောလိုက်တယ်။
ဒါပေမယ့် ကျုပ်မျက်လုံးက စာအုပ်ဆီမှာပဲ မခွာရက်အောင် ဖြစ်နေတာ။
ဆံပင်အညှပ်ခံပြီးတော့ ခေါင်းက ဆံပင်အကျွတ်၊ အကျန်တွေကိုတောင် မခါမိဘူး။
ချက်ချင်းကူးယူပြီး ဆံပင်ညှပ်ဆိုင်ထဲက ထွက်လိုက်တယ်။ ပြီး မောင်ဗမာ စက်ဘီးလေးပေါ်
တက်တဲ့ပြီး အိမ်ဆီကို နင်းခဲ့တယ်။ လမ်းတစ်ဝက်လောက် ရောက်တော့မှ ကဗျာဆရာနာမည်ကို
မကူးခဲ့မိတာ သတိရတယ်။ နေတော့ဗျာ။ ကဗျာဆရာက အဓိက မကျဘူး။ ကဗျာက အဓိကကျတယ်။
ကြာပြီ။ ဒါ... ကျုပ် ငယ်ငယ်၊
နယ်မြို့လေးမှာနေတုန်းက ဒီကဗျာကြိုက်ခဲ့ ပုံလေးကို ပြန်ပြီးဖောက်သည် ချပြတာ။ ခု
ဒီကဗျာကို ကျုပ် ဘာလို့ အစဖော်ပေးမိသလဲဆိုရင် မနက်က ကျုပ် အမှန်တကယ် ဆူးစူးပြီး၊
နုတ်ယူခဲ့ရမိလို့ပဲ။
ဖြစ်ပုံ ပြောရဦးမယ်။ မနက်က
ခါတိုင်းလိုပဲ စက်ဘီးလေးဆွဲစီးပြီး လက်ဖက်ရည်သောက် ထွက်ခဲ့တယ်။ အပြန်မှာလည်း
ပြန်နေကျ လမ်းကလေးအတိုင်း ပြန်လာခဲ့တယ်။ ခရီးတစ်ဝက် အလွန်လောက်ရောက်တော့
လမ်းကျဉ်းကလေးကို ဖြတ်ရတယ်။ လမ်းကျဉ်းဆိုပေမယ့် ကားသွားလို့ရပါတယ်။ တစ်ခု ဆိုးတာက
လမ်းက ကျဉ်းသေး၊ ဘေးအိမ်တွေက စည်းရိုးသစ်သားစ အဆွေးတွေက ဟိုတစ်စ၊ ဒီတစ်စ
ထောင်နေသေး။ သစ်ပင်ပုတွေက အရွက်အကိုင်းတွေ ဘေးထွက်ကျနေသေးနဲ့ဆိုတော့ တော်တော်
သတိထား စီးနေရတယ်။ ဒီနေရာရောက်လို့ ကိုယ့်နောက်ကကား၊ ဆိုက်ကားတွေလာတာသိရင် ကျုပ် က
စက်ဘီးပေါ်က ဆင်းပြီး ရပ်ပေးပါတယ်။ သူတို့ အဆင်ပြေပါစေပေါ့။ မနက်ကတော့
အဲဒီနေရာရောက်လို့ ဟိုင်းလပ်ကားလေးက ဟွန်း သံပေးတာကြားတော့ အရင်နေ့တွေလိုပဲ ကျုပ်
ရပ်ပေးပါတယ်။ ဒါပေမယ့် ကားက အရှိန်မလျှော့ဘူး။ ဝူးခနဲ မောင်းလာတယ်။ ကားပေါ်မှာက
ကလေးတွေ ထင်ပါရဲ့။ တဆူဆူအညံညံနဲ့။ သီချင်းဆိုသူကဆို၊ ကားဘော်ဒီကို ပုတ်သူကပုတ်။
ကားက ကျုပ်နားရောက်လာတော့ ခါတိုင်းထက်တောင် ပိုပြီး လမ်းဘေးရွှေ့ပေးလိုက်သေးတယ်။
ကလေးတွေ မောင်းလာတာကိုး။ ဒါပေမယ့် တစ်ရှိန်ထိုးမောင်းလာတာက လွန်ပါရောပဲ။
ကျုပ်စက်ဘီး လက်ကိုင်းကိုတောင် ချွန်ခနဲ မည်သွားတာကလား။ ဘာပြောကောင်းမလဲ။
ကျုပ်ရော၊ စက်ဘီးရော လမ်းဘေးပစ်လဲတော့တာပေါ့။ ဝုန်းဆိုတဲ့ အသံနဲ့အတူ ဘေးစည်းရိုးက
သစ်သားဆွေး တစ်ချောင်းလည်း စက်ဘီးနဲ့ ထိပြီးကျလာတယ်။ အဲဒီသစ်သား ဆွေးက
ကျုပ်ခြေမကို ထိပြီး ဆူးစအဖြစ် ဝင်သွားတယ်။
တောက်ခနဲ ခေါက် လိုက်ရအောင် ကျုပ်
ဒေါသထွက်သွားတာ အရမ်းပဲ။ ကားပေါ်က ကလေးတွေကတော့ နောက်မှာ ဘာဖြစ်ခဲ့လို့
ဖြစ်မှန်းတောာင် သိမှာ မဟုတ်ဘူး။ တစ်ဆက်တည်း မောင်းပြေးသွားလေရဲ့။ ကျုပ်ဗျာ။ ခုပဲ
အဲဒီကားနောက် လိုက်ပြီး ကားမောင်းတဲ့ ကလေးကို လက်သီးနဲ့ ဘယ်ပြန်ညာပြန်
ထိုးပစ်လိုက်ချင်တယ်။ ဒါပေမယ့် ကျုပ် အသက်ရဲ့ခွန်းအားက အဲဒီလောက် ကိုယ်ကာယ အားမာန်တွေကို
လက်မခံချင်တော့ဘူး။ ခြေထောက်မှာ ဆူးကလည်း စူးထားသေးဆိုတော့ မြေပေါ်ကတောင်
ချက်ချင်းမထနိုင်ဘူး။ ကိုယ်ပေါ်မှာ စက်ဘီးကလည်း ပိနေသေးနဲ့ တဖြည်းဖြည်း
ချင်းထယူရတယ်။ အမလေး နာလိုက်တာဆိုတာ မပြောနဲ့တော့။ စက်ဘီးကို ပြန်ထူပြီး
ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်တယ်။ ဆူးစူး တာကလွဲလို့ ကျန်တာ အကောင်း။ အိမ်ကို
ပြန်နိုင်သေးလို့ တော်တော့တယ်။ စက်ဘီးစီးပြီးတော့တော့ မဟုတ်ဘူး။ တွန်းသွားရတာပေါ့။
အိမ်နားကလည်း နီးနေပါပြီ။
အိမ်ရောက်တော့ သား နဲ့သမီးက 'အို...အဖေ၊
ဘယ်လိုဖြစ်လာတာလဲ၊ ဘာလဲနဲ့ 'နည်းနည်းလေး ထော့နင်း၊
ထော့နင်းဖြစ်နေတဲ့ ကျုပ်ပုံကြည့်ပြီး မေးကြမြန်းကြပါရဲ့။ ကျုပ်က ဖုံးဖုံးဖိဖိ
ပြောလိုက်ရတယ်။ အမှန်အတိုင်းပြောလိုက်ရင် အကျယ်အကျယ် မငြိမ်းဖွယ် ဖြစ်မှာ။
အထူးသဖြင့် ကျုပ် သားက စိတ်ဆတ်တယ်။ ကျုပ် အပြောထဲမှာ 'ကား'
ကြောင့်ဆိုတာ ထည့်မပြော လိုက်ဘူး။ သမီးကတော့ ပျာပျာသလဲနဲ့ ခြေထောက်က
ဆူးကို အရင်နုတ်ပေးတယ်။ ပြီးတော့ မဖြစ်စလောက် ဆူးနာလေးကို အရက်ပြန်နဲ့ ဆေးပြီး
အနာကျက်တဲ့ ပလာစတာဆိုလား ကပ်ပေးတယ်။ သားက စက်ဘီးကို ပြန်စစ်ဆေးပြီး 'အဖေရာ၊ အသက်အရွယ်လည်းကြီးပါပြီ၊ စက်ဘီး မစီးပါနဲ့တော့ အန္တရာယ် များပါတယ်'တဲ့။
အဲလို မနက်က ဆူးစူးခဲ့တာကြောင့် ခု
ညနေမှာ ဒဏ်ရာက ကိုက်နေတဲ့အခါ ဆူးနုတ်တုန်းကလို ကဗျာကို သတိရနေမိတာ။
'သင်္ဘောကျင်း၊ မာန်ပြေ၊
ရန်ပြေ၊ ဂိတ်ဟောင်းကွေ့၊ ကြားဆွဲထားဆရာရေ၊ ကြားအနီးဆုံး'
အဲဗျ။ ကျုပ် အတွေး လွန်လာလိုက်တာ။ ၃၅
လိုင်းကား စပယ်ယာက ကျုပ် သွားမယ့် သာကေတ ဂိတ်ဟောင်းကွေ့မှတ်တိုင်ပါလားလို့
မေးနေပြီ။ ကြားမှတ်တိုင်ထိတောင် လွန်သွားရဲ့။ ကျုပ် မဖြေမိဘူး။ သတိရတော့မှ...
'အဲ... မောင်ရင်
ဂိတ်ဟောင်းကွေ့ပါတယ်'လို့ ကမန်းကတန်း ပြောလိုက်ရတယ်။
'မေးရင် ဖြေကြပါ။ နောက်မှ
စပယ်ယာ အဆိုးမဆိုနဲ့။ လွန်သွားလို့ကတော့ မှတ်တိုင် မဟုတ်ရင် ရပ်ပေးမှာ မဟုတ်ဘူး။
ဒီဦးလေးက ဂိတ်ဟောင်းကွေ့လား၊ စောစောတုန်းက ၅ဝ တန်ပေးတာ၊ ၃ဝ အမ်းဖို့ ကျန်တာ'
'အဲ... အဲ...ဦးပါပဲ
မောင်ရင်... ဦးပါ'
ကျုပ် အကုန်မေ့တော့တာပဲ။ စပယ်ယာက ၃ဝ
အမ်းရဦးမှာလည်းမေ့၊ ကိုယ် ဆင်းရမယ့် မှတ်တိုင်ကိုလည်း မေ့နဲ့။ မေ့လည်း
မေ့ချင်စရာကိုး။ ခြေထောက်မှာ မနက်က ဆူးစူးထားတာက လည်း တစ်ခါတစ်ခါ ကိုက်တုန်း။
ဟိုကဗျာအကြောင်းကိုလည်း တွေးမိတုန်းဆိုတော့...။
ကျုပ်သတိထားပြီး
ဂိတ်ဟောင်းကွေ့မှတ်တိုင်မှာ ဆင်းလိုက်တယ်။ မနက်ခင်း ထမင်းစား၊ တစ်ရေးတစ်မော
အိပ်ပြီးတော့ ညနေပိုင်း လက်ဖက်ရည်သောက်အပြီးမှာ မဖြစ်မနေ သွားရမယ့်ကိစ္စတစ်ခုရှိတာကြောင့်
ဒေါပုံ သင်္ဘောကျင်းလမ်းထဲက မိတ်ဆွေတစ်ယောက်အိမ်ကို သွားနေခဲ့တာပါ။
ကိစ္စဝိစ္စတွေကို ဆောင်ရွက်ပြီးလို့
အိမ်ပြန်မယ်လုပ်တော့ ည ၇ နာရီ ထိုးနေပြီ။ မှောင်နေပြီ။ ကျုပ်ပြန်ရမှာ ဗဟန်းကို
ပြန်ရမှာ။ အလာတုန်းကလိုပဲ ဘတ်စ်ကား နှစ်ဆင့်စီးမှ ရောက်တယ်။ ဒီကနေ မြို့ထဲသွား၊
မြို့ထဲကမှ ဗဟန်းကို တစ်ဆင့်ထပ်စီး၊ ဒါမှမဟုတ် ဒီကနေ ပုစွန်တောင်
စာတိုက်မှတ်တိုင်ထိစီး၊ အဲဒီကမှ ဗဟန်းကို ထပ်စီး အဆင့်ဆင့် စီးရမယ်။ ဘယ်လိုစီးရမလဲ။
ကျုပ် ဂိတ်ဟောင်းကွေ့
မှတ်တိုင်မှာရှိတဲ့၊ ရှားရှားပါးပါး ဇရပ်ကလေးပေါ်က တန်းလျားခုံလေးပေါ်မှာ
ထိုင်ရင်း စဉ်းစားနေမိတယ်။ ည ၇ နာရီကျော်ပြီဆိုတော့ ဘတ်စ်ကားတွေ ဈေးကြီးမှာ
အသေအချာပဲ။ သာမန်အချိန်တွေက ခရီးခထက် ၁ ဆ၊ တစ်ခါတစ်ခါ ၂ ဆ ပိုတောင်းမှာပဲ။ ကျုပ်
ညာဉ်ကလေးကို ပြောရဦးမယ်။ ကျုပ်က တစ်ခါတစ်ခါကျတော့ မဖြစ်စလောက်လေးတွေကို
နှမြောတတ်တယ်။ လက်ဖက်ရည်ဆိုင်မှာ ဆုံနေကျ မိတ်ဆွေကတော့ ကျုပ်ကို ပြောဖူးတယ်။ 'ခင်ဗျားမှာ
စိတ်ရောဂါနုနုလေး ရှိနေတယ်'တဲ့။ ကျုပ်က 'ဗျာ၊ ခင်ဗျားဆိုလိုတာက ကျုပ် ယဉ်ယဉ်လေး ရူးနေတာလို့ ပြောချင်တာလား'ဆိုတော့ မိတ်ဆွေက 'အဲလိုလည်း မဟုတ်ဘူးဗျ'တဲ့။ မိတ်ဆွေက ဆက်ပြောတယ်။ 'လူတိုင်းဟာ အရူးချည်းပါပဲ။ သိသိသာသာ ရူးတာနဲ့၊ မသိမသာ ရူးတာပဲ ကွာတယ်။
မသိမသာ ရူးတဲ့အထဲမှာ ပိုပြီး မသိမသာ မထင်မရှား ရူးပုံရူးနည်းလေး၊ ခင်ဗျားရူးတာ
အဲလို'တဲ့။
ဟုတ်နိုင်တယ်။ မိတ်ဆွေ ပြောပြခဲ့ဖူးသလို
ဖြစ်နိုင်တယ်။ ကျုပ်က တစ်ထောင်မျိုး၊ နှစ်ထောင်မျိုး ကိစ္စတွေကို မနှမြောတတ်ပေမယ့်
တစ်ကျပ်တစ်ပြားကိစ္စကျ နှမြောချင် နှမြောနေတာ။ တစ်ခါတုန်းက ဘတ်စ်ကား
စီးတဲ့အကြောင်းလေး ပြောရဦးမယ်။ ဒီနားနဲ့ ဟိုနား ၂ဝ ခရီးလေးကို စပယ်ယာက ၅ဝ
တောင်းလို့ ကျုပ်က စောဒကတက်တယ်။ 'ဒီမှာ ကိုစပယ်ယာလေး၊ မောင်တို့
ကားနံရံမှာ ရေးထားတာက တစ်မျိုး၊ တကယ်တောင်းတော့ တစ်မျိုးပါလား၊ ဒီမှတ်တိုင် ၂
ခုကြား ခရီးခက ၂ဝ ပါကွာ၊ ဘာလို့ ၅ဝ တောင်းရတာလဲ'လို့ဆိုတော့
ကိုရွှေ စပယ်ယာက 'ဟုတ်တယ် အန်ကယ်ရေ၊ ရေးထားတာက ရေးထားတာပဲ၊
တောင်းတာကတော့ တောင်းတာပဲ၊ အန်ကယ် အိပ်ပျော်တဲ့အချိန်တွေ များနေပြီထင်တယ်။ ဒီနေ့
ဒီနေရာမှာ လူကျတယ်၊ ပွဲရှိတယ်။ ဒါကြောင့် တောင်းတယ်။ ကျုပ် တကယ် အံ့သြတယ်။
ကျုပ်ဘေးက ခရီးသည်တွေ ကြည့်တော့လည်း မလှုပ်မယှက်။ သူတို့နဲ့ မဆိုင်သလို နေနေကြတာ။
အင်း... လူတွေ၊ လူတွေ။ ဒီကတည်းက ကျုပ်ရဲ့ စိတ္တဇက ခိုင်လာတယ်လို့ ပြောရမယ်ထင်တယ်။
နောက်နောင်ကျ ဘတ်စ်ကားစီးဖို့ ကြုံလာရင် ဈေးပြောခေါ်တဲ့ ဘတ်စ်ကားမှ စီးတော့တာ။
ခုထိ ကျုပ်စိတ်ထဲမှာ တွေးမိတိုင်း ကသိကအောက် ဖြစ်တုန်း။
စဉ်းစာရင်းနဲ့ ဇရပ်ကလေးထဲမှာ
ဘယ်သူမှတောင် မရှိတော့ဘူး။ ဒီမှာ နားနေတာ အတော်တောင် ကြာသွားပြီ။ ဒီထက်
မိုးချုပ်သွားရင် အပြန်ခက်တော့မယ်။ ဒါပေမယ့် ကျုပ် ကားစီးရင်
ကုန်မယ့်ပိုက်ဆံကိုလည်း တွက်ကြည့်နေမိတယ်။ အနည်းဆုံး ၄ဝ၊ အများဆုံး ၁ဝဝ
ကုန်သွားမယ်။ ဒီခေတ်ကြီးထဲ ၁ဝဝ ဆိုတာ နည်းလား။ ခု ကျုပ် အိတ်ကပ်ထဲမှာ ငွေ ၂ဝဝဝ
ကျော် ပါပါတယ်။ ဘတ်စ် ကားစီးရုံတင် မကဘူး။ ကကတောင် ငှားစီးလို့ရတယ်။ ဒါပေမယ့်
ခုကုန်မယ့် ၉ဝ၊ ၁ဝဝ ကို နှမြောနေမိတယ်။
ကျုပ် ချက်ချင်းတစ်ခု ခုကို
စဉ်းစားလိုက်တယ်။ ဟယ်၊ ဘာဖြစ်လဲ။ ကျုပ် ကျန်းမာရေး ကောင်းနေတာပဲ။ နောက်အချိန်က
မှောင်လည်းမှောင်နေပြီ။ ကျုပ်ကို ဘယ်အသိ တစ်စုံတစ်ယောက် မြင်မှာတဲ့တုံး။
မြင်တော့ရော ကျုပ်ရယ်လို့ ဘယ်သူသိမှာတဲ့တုံး။ ဘတ်စ်ကား စပယ်ယာက ကျုပ် အိတ်ကပ်ထဲက
ငွေ ၅ဝ ကို ဆွဲယူနေတယ်။ ကျုပ် မပေးနိုင်ဘူး။ သူတို့တောင်းတိုင်း ပေးရမှာတဲ့လား။
သူတို့လုပ်တိုင်း ငုံ့ခံနေရမှာလား။ မခံဘူး။ ကျုပ် ခုထိုင်နေတဲ့ သာကေတ
ဂိတ်ဟောင်းကွေ့မှတ်တိုင်ကနေ ကျုပ်အိမ်ရှိရာ ဗဟန်းအထိ ကျုပ် လမ်းလျှောက်ပြန်မယ်။
ဟုတ်တယ်။ ကျုပ် လမ်းလျှောက်ပြန်မယ်။
ကျုပ် ဆုံးဖြတ်ချက်ကို မပြင်ဘူး။ မဖျက်ဘူး။ ဒါ ငါ မှန်တယ်။ ဒါ ငါ လုပ်မယ်ဆိုပြီး
ကျုပ် စိတ်ထဲကနေ ကြိမ်းဝါးလိုက်တယ်။ ကျုပ် ဝုန်းဆို ဇရပ်ပေါ်က ခုံတန်းလေးပေါ်ကနေ
ဆင်းလိုက်တယ်။ အား... ကျွတ်... ကျွတ် နာလိုက်တာ။ ကျုပ်မှာ ခြေထောက် ဆူးစူးထားတာပဲ။
ဖြစ်ပါ့မလား။ ကျုပ် တွေဝေသွားသေးတယ်။ အို.. ဘာလို့ မဖြစ်ရမှာလဲ။ ဒါ သေလောက်အောင်
ဖြစ်တာမဟုတ်ဘူး။ ပိုတောင် ကောင်းသေးတယ်။ ပိုတောင် အဓိပ္ပာယ်ရှိဦးမယ်။ ကျုပ်
ပုံစံကို ကြည့်ပြီး ဘေးက ကွမ်းယာဆိုင်ပေါ်က မိန်းကလေးတောင် ကြောင်တောင်တောင်
ဖြစ်နေလိုက်သေးတယ်။ ကျုပ်ကို ဘယ်သူ ကြည့်ကြည့် ဂရုမစိုက်ဘူး။
ကျုပ်ဆီက ပိုက်ဆံ ၈ဝ စပယ်ယာ့ဆီ
မရောက်စေရဘူး။ မရောက်မယ့် လမ်းရှိတယ်။ အဲဒါ ခြေကျင် လျှောက်သွားရင် ဖြစ်တယ်။ ကျုပ်
လုပ်မယ်။ ကျုပ် ဒီချိန်မှာ လူတစ်ယောက်ကို သတိရလိုက်သေးတယ်။ လက်ဖက်ရည်ဆိုင်မှာ
ဆုံဖူးတာ။ သူက ပြောတယ်။ 'ဒီ မှာ... မိတ်ဆွေ၊ ကျုပ်ခေါင်းပေါ်မှာ ဆံပင်ဖြူရှိနေတာ မလိုလားဘူးဗျာ။
ဒီတော့ နုတ်ပစ်တယ်။ ပြန်ထွက်တယ်။ ဒီတော့ ဆံပင်နက် ဆေးဆိုးမယ်လုပ်တော့
ပိုက်ဆံကုန်ရလောက်အောင် ရေးကြီးခွင်ကျယ် အလုပ်မဟုတ်ဘူး ယူဆလို့ မဆိုးတော့ဘူးဗျာ။
အဲ... ဆံပင်ဖြူတွေ ထွက်လာတယ်။ ဒီတော့ ကျုပ်ဘာလုပ်တယ်ထင်လဲ။
ခေါင်းရိပ်ဓားတစ်ချောင်း ဝယ်တယ်။ သုံးရက်တစ်ခါ ရိပ်တယ်ဗျာ။ သားတွေ
ရိပ်ခိုင်းရတာပေါ့။ အရေးကြီးတာက ကျုပ်ခေါင်းပေါ် ဆံပင်ဖြူ မနေရဘူးဆိုတဲ့ ကိစ္စပဲ'တဲ့။
ဒီလိုနဲ့ ကျုပ်ကား
လမ်းမကြီးပေါ်တက်ပြီး ခပ်တည်တည်ပဲ လျှောက်လာခဲ့တယ်။ မာန်ပြေ၊ ရန်ပြေမှတ်တိုင်တွေ
ကျော်လာပြီး သင်္ဘောကျင်း မှတ်တိုင် ရောက်တော့ ကျုပ် ဆေးလိပ် သောက်ချင်လာတယ်။
ကျုပ်က ဆေးလိပ်သမား။ ဆေးလိပ် အလွန်ကြိုက်တဲ့သူ။ ဆေးလိပ်တောင်မှ သနပ်ဖက် ဆေးလိပ်မှ
သောက်ချင်တာ။ ကျုပ် အိတ်ကပ်ထဲမှာပါလာတဲ့ နှင်းဆီဆေးပေါ့လိပ်ကို ယူသောက်လိုက်ဦးမယ်
ပြင်လိုက်တယ်။ ဒါပေမယ့် ကျုပ် မသောက်ဘူး။ အောင့် ထားလိုက်တယ်။ ကျုပ် အကယ်၍
ဘတ်စ်ကားစီးရင်း ဆေးလိပ်သောက်ဖြစ်မှာ မဟုတ်ဘူး။ ခုခြေကျင်လျှောက်နေလို့သာ
သောက်ချင်တာဖြစ်မယ်။ တစ်နည်း အားဖြင့် ကျုပ် ခြေကျင်လျှောက် နေရတာကို ဆေး
လိပ်သောက်တာနဲ့ မေ့ထားချင်လို့ဆိုတဲ့ သက်ရောက်မှု ဖြစ်သွားမယ်။ ဒီလို မသက်
ရောက်စေရဘူး။ ကျုပ်ဟာ ခြေကျင်လျှောက်နေရတာကို သိနေတဲ့ ခြေကျင်လျှောက်တဲ့သူ
ဖြစ်စေရမယ်။ ကျုပ် ပိုက်ဆံ ၅ဝ ကို ဆွဲယူနေခြင်းက ကာကွယ်နေတာလို့ သိသိသာသာ
ဖြစ်စေရမယ်။ ကျုပ် ဆက်လျှောက်တယ်။
ဆူးစူးထားတာက နာချင်သလိုလိုပဲ။
တစ်ခါတစ်ခါ စစ်ခနဲ။ ဒါပေမယ့် ကျုပ်မှာ သံမဏိသန္နိဋ္ဌာန် ရှိတယ်လေ။ သာကေတ တံတား
ပေါ်ရောက်တယ်။ တံတားပေါ်မှာ ဘတ်စ်ကားတွေ၊ ကိုယ်ပိုင်ကားတွေ ကားမျိုးစုံတွေ
ဖြတ်လိုက်တာ တုံ့နှေးတုံ့နှေးလည်းပါရဲ့။ တဝေါဝေါလည်းပါရဲ့။ တံတားပေါ်မှာဆိုတော့
အနီးကပ် မြင်တွေ့နေရပြီး ပိုသတိထားမိတယ်။ အင်း... ကျုပ်စိတ်များ ပြောပါတယ်။
မနိုင်ချင်ဘူး။ ကားတွေမြင်တော့ စီးချင်ပြန်ရော။ ဘယ်လောက် သက်သာလိုက်မလဲလေ။
ဒါပေမယ့် ကျုပ်စိတ်ကို ကျုပ်နိုင်ရမယ်။ အောင့်ထားနိုင်ရမယ်။ ဒီကြားထဲ
ခြေထောက်ဆူးဒဏ်ရာက ကိုက်သေးရဲ့။ အဲ... တံတားပေါ်က လေပြည်လေအေးတွေကတော့ ကျုပ်လို
လမ်းလျှောက်သမားကို လက်ခုပ်တီး အားပေးသလိုပဲ။ ကျုပ်စိတ်နဲ့ကိုယ်ဟာ
လေပြည်လေးတွေကြောင့် လန်းဆန်း သွားတယ်။ အညောင်းအညာတွေ ခဏ ထွက်ပြေးကြတယ် ထင်ပါရဲ့။
ကြည့်စမ်း။ တံတားပေါ်ကနေ အမြင်ကို ဖြန့်လိုက်တော့ ပုစွန်တောင်ချောင်းထဲမှာ
လှေလေးတွေနဲ့ ကပ်ထားတဲ့ သမ္ဗာန်တွေနဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပဲ။ မြို့ထဲဘက်ဆီ
မျက်စီရွှေ့လိုက်တော့ ထိုးထိုးထောင်ထောင်တိုက်တာ အဆောက်အအုံတွေမှာ
မီးရောင်စုံတွေနဲ့။
နေဦး။ ကျုပ် အလှအပတွေ ခံစားလို့
မဖြစ်သေးဘူး။ ကျုပ် စီမံကိန်းကြီး ပျက်သွားနိုင်တယ်။ ကျုပ်ဟာ ကားခမပေးချင်တဲ့
အလုပ်လုပ်နေတာ။ ကျုပ် ပန်းတိုင်မရောက်သေးဘူး။ ပန်းတိုင် မရောက်ခင် ဇိမ်ခံဖို့
မကြိုးစားသင့်ဘူး။ ကျုပ် ဆက်လျှောက်ရဦးမယ်။
ပုစွန်တောင် ခုံးကျော်တံတားကို
ဖြတ်တယ်။ လျှောက်တယ်။ မင်္ဂလာဈေး အဟောင်းနဲ့အသစ် ပတ်ဝန်းကျင်ကို ဟိုသည် ငေးမောရင်း
မီးပွိုင့်နားရောက်တော့ ကျုပ် ရေဆာတယ်။ ဟိုနား ဒီနားရေသည်များ ရှိမလား ရှာတယ်။
မတွေ့ဘူး။ ဟော ဟိုဗန်ဒါပင်လေးအောက်မှာ ရေအိုးစင်လေး။ အတော်ပဲ။ ကျုပ်အတွက်
ရေတွင်းပဲ။ ကျုပ် ရေသောက်ဖို့ အဲဒီနေရာလေးကို မပြေးရုံတစ်မယ် လှမ်းခဲ့တယ်။
ကားလမ်းကို မျဉ်းကြားမဟုတ်ဘဲ ဖြတ်၊ ပလက်ဖောင်းကို ကျော်တော့ရောက်တယ်။ ရောက်လို့
ရေခွက်ကို မပြီး ရေအိုးအဖုံးအဖွင့်မှာ ကျုပ် တစ်ခုစဉ်းစားမိလိုက်တယ်။ ကျုပ်ဟာ
ကျုပ် စီမံကိန်းကြီးကို အကောင်အထည်ဖော်နေတုန်း မှာ အငတ်ခံနိုင်ရမယ်။ ဒီလိုမှ
အငတ်မခံနိုင်ဘူးဆိုရင် ငါ့ လုပ်ရပ်က အရောင်မှိန်သွားမယ်လို့ ကျုပ် တွေးတယ်။
သိပ်မကြာခင်မှာ အောင်မြင်တော့မှာပါ။ တောင့်ထားရမယ်။ သည်းခံလိုက်၊ သည်းခံလိုက်ဆိုပြီး
ကျုပ်စိတ်ကို ကျုပ် ဆုံးမပြီး ရေအိုးအဖုံးကိုပိတ်၊ ရေခွက်ကို ပြန်ချိတ်
လုပ်လိုက်တယ်။
ကျုပ် ဆက်လျှောက်တယ်။ ခြေလှမ်းတွေက
လေးနေပြီ။ ဆူးနာရှိတော့ ပိုဆိုးတယ်။ ဒီလိုနဲ့ ကန်တော်ကြီးဘေး ရောက်လာတယ်။
လမ်းလျှောက်နေရင်း မနေနိုင်လွန်းလို့ စိတ်ကို တခြားပို့ ပြီး လျှောက်ကြည့်တယ်။ ဒါက
ယူအမ်န်ဒီပီ၊ ဒါက ကန်သာယာဆေးရုံ၊ ဒါက မိုးကုတ်ဝိပဿနာ။ မှတ်သာ မှတ်နေရတယ်။ ကျုပ်
ခြေထောက်တွေကို မသယ်ချင်လောက်အောင် ဖြစ်နေပြီ။ ရေအိုး တွေ့ပါလျက်နဲ့ မသောက်မိကာမှ
ပိုပြီး ဆာလာတယ်ထင်ရတယ်။ အာခေါင်တွေ ခြောက်လာတယ်။ လူကလည်း မောလာတယ်။
ကျုပ် နားဦးမှ ဖြစ်မယ်ထင်တယ်။ နား၊
နှာခေါင်းလည်ချောင်းအထူးကု ဆေးရုံ ရှေ့ရောက်တော့ ဘတ်စ်ကား မှတ်တိုင်လေးမှာ
ခဏနားဖို့ အဲဒီဆီကို မြန်မြန်လျှောက် မိတယ်။ ကျုပ် ဟုတ်မှဟုတ်ရဲ့သေးလားလို့တောင်
သံသယ ဝင်လာမိရဲ့။ ဒါပေမယ့် ကျုပ် မနားဘူး။ ဆက်လျှောက်မယ်။ ကျုပ် နားလိုက်ပြီဆိုရင်
ကျုပ်အလုပ်အပေါ်မှာ သစ္စာမရှိဘဲ ဖြစ်သွားမှာပေါ့။ အလုပ်ပြီးသွားတဲ့အခါမှာတောင်
နားလိုက် သွားလိုက်လုပ်နေမှတော့ ရောက်မှာပေါ့လို့ဆိုတဲ့အဖြစ် မခံနိုင်ပါဘူး။ ကျုပ်
ရည်ရွယ်ချက်မှာ အဓိပ္ပာယ်တွေ အများကြီး ရှိရမှာ။ ကျုပ်ရဲ့ အောင်မြင်မှုမှာ မနားမနေ
ကြိုးပမ်းမှုကြောင့်ဆိုတာမျိုးနဲ့ပဲ လိုချင်တယ်။
ကျုပ်ကို ကြည့်ရှုအားပေးတဲ့
အခြေအနေတွေ ကျုပ်ဆီ ရောက်လာပါသေးတယ်။ ကန်တော်ကြီးရေပြင်က တိုက်လာတဲ့ လေအေးအေးတွေက
ကျုပ်ကို 'ဆက်လုပ် ကိုယ့်လူ'ဆိုပြီး တွန်းအားပေးနေသလိုပဲ။
ဒီလေအေးအေးတွေဟာ ကျုပ်အတွက်တော့ မေခလာနတ်သမီးတွေပါပဲ။ ကျုပ် ပုံမှန်ခြေလှမ်းနဲ့ပဲ
ဆက်လျှောက်တယ်။ ဟိုတယ် နစ်ကိုးဆိုတဲ့ နန်းဆန်ဆန် မြင့်မြင့်မားမား ဟိုတယ်ကြီး
ရှေ့ရောက်တယ်။ ဟိုတယ်ကြီးကို ကြည့်လိုက်တော့ တကယ်ကို နေချင်စရာပါ။
ထိပ်ဆုံးတစ်နေရာမှာတော့ ကြယ်ပွင့်ကြီးတစ်လုံးကို မီးလုံးတွေနဲ့ဖော်ပြီး
ထွန်းညှိထားတယ်။ လင်းလက်ဖြာ ထွက်နေတာပါပဲ။ ဒါကြောင့် ကြယ်ပွင့်ဆိုတာ အမြင့်ဆုံးမှာ
ရှိရမယ်။ အဲလို မြင့်ဖို့အတွက် သူဟာ အောက်နေရာတွေက နေတက်လာရတယ် မဟုတ်လား။ ကျုပ်
ပန်းနေပေမယ့် လန်းနေတယ်။ ခြေထောက် ဆူးဒဏ်ရာကလည်း ထုံနေလို့ပဲလား၊ မြုံနေလို့ပဲလား
မသိအောင် သက်သာနေတယ်။
ကျုပ် အထင်တော့ ကျုပ် ကိုယ်ခန္ဓာထဲမှာ
စီးဆင်းနေတဲ့ သွေးတွေရဲ့ လည်ပတ်မှုက မြန်ဆန်ရာကနေ ပုံမှန်ဖြစ်သွားပြီး နွေးနွေးလေး
ဖြစ်လာတယ် ထင်ရဲ့။ ကျုပ် ကိုယ်မှာ ချွေးမထွက်ပေမယ့် အိုက်စပ်စပ်လေး ဖြစ်နေပြီ။
လက်နှစ်ဖက်ကို လွှဲကြည့်တယ်။ ဇက်ကို ချိုးကြည့် တယ်။ ကောင်းတယ်။
ဆက်လျှောက်တော့
ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ ရှေ့ရောက်တယ်။ ပန်းခြံမျက်နှာစာက
ဗိုလ်ချုပ်ကြေးရုပ်ကို ဘာရယ် မဟုတ်ဘဲ ကြည့်လိုက်မိတယ်။
ဒီလိုနဲ့ ရှမ်းကန် စားသောက်ဆိုင်၊
ဂျပန်သံရုံးတွေကို ဖြတ်ပြီး ဝင်္ကပါလမ်း အတိုင်းလျှောက်လာရင်း ကျုပ်နေတဲ့
ဗဟန်းအိမ်ကလေးဆီကို ရောက်ခဲ့ပါတယ်။ ကျုပ် အိမ်ရောက် တော့ ကိုးနာရီ ငါးမိနစ်ရှိနေပြီ။
သမီးက အိမ်ပေါက်ဝကနေ ကျုပ်ကို ကြိုတယ်။ 'အဖေရယ် ပူလိုက်ရတာ၊
ခြေထောက်က ဆူးစူးထားတာမို့ မူးမေ့လဲကျနေလို့လား၊ ကားလမ်းအကူး အဆင်မသင့်လို့လားနဲ့'တဲ့။ ဟုတ်ပါရဲ့။ ကျုပ်လည်း အခုမှ တွေးမိတယ်။ ကျုပ်ကို သားနဲ့သမီး
မျှော်နေမှာပေါ့။ ထွက်သွားတာက ညနေ သုံးနာရီခွဲလောက်က၊ ပြန်လာတော့ ည ကိုးနာရီ။
သူတို့ ပူမယ်ဆို ပူသင့်တယ်။ သား ကတော့ မှတ်တိုင်ကနေ သွား ကြိုနေတယ်တဲ့။ ကျုပ်လည်း 'အေး၊ အဖေလည်း ဒီမျက်စိချော်သွားလို့ ဖြစ်မယ်'လို့
ပြောလိုက်ရတယ်။ ခုလို လမ်းလျှောက်လာတာ သူတို့ မသိစေချင်ဘူး။ သိပ်မကြာခင်မှာ သား
ပြန်ရောက်လာတယ်။ အဖေမှ အိမ်မရောက်သေးရင် ဒေါပုံက အဖေ့မိတ်ဆွေအိမ်ကို
လိုက်မလို့တဲ့။
ကျုပ်စိတ်ထဲမှာတော့ ပျော်နေမိတယ်။
စွန့်စွန့်စားစားလုပ်လိုက်ရတဲ့ အလုပ်တစ်ခု ပြီးစီးအောင်မြင်သွားလို့
ကြည်နူးပီတိဖြစ်နေတယ်။ ဒီလောက်ဝေးပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ စိတ်ကူးထဲမှာ
မထည့်ခဲ့တဲ့ လမ်းခရီးကို အမေပေးခဲ့တဲ့ ခြေထောက်နှစ်ချောင်း အားကိုးနဲ့
လျှောက်နိုင်ခဲ့လို့ ဂုဏ်ယူနေမိတယ်။
အဲဒီ ပီတိ၊ ဂုဏ်တွေနဲ့အတူ
ကျုပ်စိတ်ထဲမှာ တစ်စုံတစ်ရာ လုပ်ချင်တဲ့ ချင်ခြင်းတပ်မှုမျိုး ဖြစ်လာခဲ့တယ်။ အဲဒါ
ကျုပ်ဘဝမှာ တစ်ကြိမ်တစ်ခါမှ မလုပ်ဖူးတဲ့အလုပ် လုပ်မယ်လို့လည်း
မရည်ရွယ်ခဲ့တဲ့အလုပ်။ လောလောဆယ် ကျုပ် စာရွက်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်း ရှာတယ်။
ကျုပ် လမ်းလျှောက်လာခဲ့ရလို့ မောရပန်းရမှန်းတောင် မသိတော့ဘူး။ ကျုပ် ဘာလုပ်မယ်
ထင်သလဲ။ ကျုပ် ကဗျာရေးတယ်ဗျာ။ ကာရန်တွေ၊ နဘေတွေပါ သလား၊ မပါသလား မသိဘူး။
ကဗျာဆိုပြီးရေးချင်လို့ ရေးလိုက်တာ။ ကျုပ် ခုလုပ်ခဲ့တဲ့ အလုပ်ကလေးရဲ့ အောင်မြင်မှု
အထိမ်းအမှတ် အနေနဲ့ လုပ်ချင်တာ။ အဲဒါ ကဗျာလေးကို ဖတ်မိလို့လည်း ဖြစ်ချင်ဖြစ်မယ်။
ကျုပ် သိတာကတော့ ကဗျာဆိုတဲ့စာသားလေး ရေးချင်တာ သက်သက်။ ကျုပ် ရေးချလိုက်တယ်။
'ကားရှိပါလျက်၊
ခြေကျင်လျှောက်သည်၊ ခင်ဗျား ဘာပြောချင်သနည်း'။ ကဲ...
ဘယ်လိုနေလဲ။ ခင်ဗျားရော ခံစားတတ်ရဲ့လား။ ခေါင်းစဉ်ကို ဆူးစူးတဲ့နေ့လို့ ပေးမယ်။
ကဗျာကို အချောရေးပြီးရင် ကျုပ်သားနဲ့သမီး စာအုပ်အငှားဆိုင်က ငှားလာတဲ့ မဟေသီတို့၊
ရွှေအမြုတေတို့၊ နက္ခတ္တရောင်ခြည်၊ တက်လမ်းဂျာနယ် တစ်ခုခုဆီ ပို့မယ်။
စာဖတ်ပရိသတ်တွေ ဖတ်ရအောင်လို့ပါ။
ကျုပ်ကတော့ ကျုပ်ကဗျာလေးကိုပဲ ခဏခဏ
ရွတ်ကြည့်နေမိတယ်။ ဟား၊ ဟိုမင်းသားလေး ပြောသလို တကယ်ဂွတ်တယ်ဗျာ။ နေဦး။ ကဗျာရှိရင်
ကဗျာရေးတဲ့သူ ရှိရမယ်။ ကဗျာဆရာပေါ့။ ကဗျာဆရာဆိုတာ ကလောင်နာမည်တွေ ဘာတွေ ယူရတယ်။ ခု
ကျုပ် ကဗျာရေးပြီးပြီ။ မဂ္ဂဇင်း
တစ်ခုခုလည်း ပို့မယ်ဆိုတော့ ကလောင်နာမည် ပေးရဦးမယ်။ ဘယ်လိုပေးရပါ့မလဲ။ အဲ
ဟုတ်ပြီ။ ခုခေတ်ကဗျာ ဆရာလေးတွေရဲ့ နာမည်ကတော့ အဆန်းပဲ။ ချမ်းမင်း အိမ်တဲ့။
ထွန်းဝေမြင့်တဲ့။ နိုင်သစ်နီတဲ့။ ဇူးကျော်၊ ဝိုင်ချို၊ နွေသင်နိုင်တဲ့။
ရွှေညာခိုင်စိုး။ ဘာအဓိပ္ပာယ်တွေမှန်းတော့ မသိဘူး။ လှတော့လှတယ်။ ဒီနေရာမှာ
လယ်တွင်းသား စောချစ် ဆိုတဲ့ စာရေးဆရာကလောင်
နာမည်မှည့်ပုံကို ကျုပ် သဘောကျတယ်။ သူ့စာပေ ဟောပြောပွဲတစ်ခုကို ကျုပ် နားထောင်ဖူးလို့
သိရတာပါ။ သူ့လူနာမည်က ဦးတင်လှိုင်ဆိုလား ဦးခင်လှိုင်ဆိုလားပဲ။ အဲ... ကလောင်နာမည်
မှည့်တော့ သူ့အဖေအမည် ကတစ်လုံး၊ စောပေါ့ဗျာ။ သူ့အမေနာမည်က တစ်လုံး ချစ် ပေါ့ဗျာ။
အဲသလို အဖေ နဲ့အမေနာမည် နှစ်လုံးကို ပေါင်းထားတာတဲ့။ စောချစ် တဲ့။ ကျုပ်လည်း
အဲသလို မှည့်မယ်။ နာမည် လှလှလေး ပေးမယ်။ ကျုပ် နာမည်က မြသောင်း။ အဖေနာမည်
ဦးစန်းလွင်။ အမေနာမည်က ဒေါ်သော်တာ။ ဒီတော့ လွင်မြသော်လို့ ကလောင် နာမည်ယူလိုက်မယ်။
ဘယ့်နှယ့်လဲ။ မနိပ်ဘူးလား။ အားဟား နိပ်နိပ်၊ နိပ်နိပ်နဲ့တောင် နေဦးမယ်ဗျာ။
▀
နွေသင်နိုင်
(အမှတ် ၁၈၄၊ မတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်