ကျော်ညိုလွင် ၊ကျောက်ဆည်၊
သင်္ကြန်ပြီးသွားသည့်တိုင် သင်္ကြန်၏ အငွေ့အသက်များက လွမ်းငေးဆွေးမောဖွယ်ရာ အဖြစ် ရင်မှာ စွဲထင်ကျန်နေရစ်ခဲ့သည်။
လေကလေးတစ်ချက်ဝေ့ပြီး
တိုက်လိုက်သည်နှင့် ပိတောက်ရနံ့၊ စံပယ်ရနံ့တို့က မွှေးထုံကြိုင်လှောက်စွာ
တိုးဝင်လာကြသည်။ မြစိမ်းရောင် ပိတောက်ရွက်တို့၏ အကြားတွင် ဝါဖျော့ဖျော့
ပိတောက်ပန်းကလေးများက ကျိုးတိုးကျဲတဲ ပွင့်နေကြသည်။
ပိတောက်ပင်၏ ညှာတံများတွင်
ပုရစ်ဖူးတို့က စီစီရီရီ မရှိကြ။ သင်္ကြန်အမီ မပွင့်လိုက်ရသော
လက်ကျန်ပိတောက်ပန်းကလေးတွေမှာ ဆက်လက်ပွင့်ဖို့ရာအတွက် ခွန်အားတွေက ရှိချင်မှ
ရှိတော့မည်။ ကြွရွစွာလှပခဲ့သော ပိတောက်ပင်ကြီးက သင်္ကြန်ပြီးသွားသည်နှင့်
ဒဏ်ရာဒဏ်ချက်တို့ဖြင့် ကျန်နေခဲ့သည်။
ကျွန်တော့်ရင်သည် ဆို့နင့်မှု၊
နာကျင်မှု၊ ကြေကွဲမှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။
ပိတောက်ပန်းကို လိုချင်တာနှင့်
ပိတောက်ကိုင်းကိုပါ ချိုးသူက ချိုးသည်၊ ဖဲ့သူက ဖဲ့ခဲ့ကြသည်။ ကျိုးကြေနေသော
ပိတောက်ခက် ပိတောက်ရွက်တို့က ပင်ခြေအနှံ့ ကြဲပြန့်နေကြသည်။ လေတိုက်တိုင်း
လှုပ်ခါနေသော ပိတောက်ကိုင်းများက လုပ်လီလုပ်လဲ့နှင့်ပင်။
ကျွန်တော် မော့ကြည့်နေမိသော
ပိတောက်ပင်ကြီးက ကျွန်တော့်ကိုပင် ပြန်ပြီး ငုံ့ကြည့်နေပြန်သည်။ ကျွန်တော်၏
နားဖြင့်သာ ကြားနိုင်သော စကားဖြင့် ကျွန်တော့်ကို တီးတိုးပြောလိုက် သယောင်ယောင်...
'ဒီပိတောက်ပင်ကို မင်းစိုက်ခဲ့တာဆို။
ဒီပိတောက်ပင်ဟာ မင်းရဲ့ ပိတောက်ပင်တဲ့လား'
ကျွန်တော် ခေါင်းကို ပင်ပန်းကြီးစွာ
ခါယမ်းပစ်လိုက်မိသည်။ မည်သည့် အချိန်ကတည်းက တွဲခိုနေသည် မသိရသော မျက်ရည်စတို့က
ပါးပြင်ပေါ်ကို လိမ့်ဆင်းကျလာကြသည်။ မျက်ဝန်းထဲတွင် မျက်ရည်စများက
ဆက်လက်ရစ်ဝဲနေကြသည်။
ရေနံချေးများကြောင့်
စိမ်းညို့ညို့ကြီးဖြစ်နေသော ငါးပင်လေးခန်း နှစ်ထပ် ပျဉ်ထောင်အိမ်ကြီးကို ရီဝေနေသော
မျက်လုံးများဖြင့် ကြည့်မိလိုက်သည်။ ဒီအိမ်ကြီးကလည်း ကျွန်တော့်ကို
အလိုက်မသိရန်ကောဟု အပြစ်တင်နေဦးမည်လား မသိ။ အိမ်ရှေ့ မျက်နှာစာရှိ စံပယ်ပန်းရုံတို့မှ
ဖွေးဖွေးလှုပ်နေသော စံပယ်ပန်းကလေးများ၏ ရယ်မောသံကို သဲ့သဲ့မျှ ကြားလိုက်ရသည်။
ဒီစံပယ်ပင်တွေကိုတော့ အဖေ ကိုယ်တိုင် စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။
အဖေက အဝေးပြေး
ကုန်ကားမောင်းနှင်သူဖြစ်ပြီး အမေက ဈေးကြီးအတွင်းမှာ ကုန်စိမ်းရောင်း ချခြင်းဖြင့်
ကျွန်တော်တို့ မောင်နှမသုံးယောက် အပူအပင်ကင်းစွာ ပညာသင်ကြားနိုင်ခဲ့ကြသည်။
ကျွန်တော်တို့ မိသားစု ငါးယောက် ပျော်ရွှင်ချမ်းမြေ့စွာ နေလာခဲ့ကြခြင်း ဖြစ်သည်။
ပြောရမည်ဆိုလျှင် သည်အိမ်၊ သည်ဝိုင်း၊
သည်ခြံကြီးထဲမှာသည် ပိတောက်ပင်ကြီးကို ကျွန်တော်ကိုယ်တိုင် စိုက်ပျိုးခဲ့ခြင်း
ဖြစ်ပါသည်။
□
'ဟင်း...ဟင်း... ပိတောက်ပန်းကို
လိုချင်တာများ အပင်ပန်းခံပြီး စိုက်နေသေးတယ် ကိုကြီးရာ။ ပိုက်ဆံပေးဝယ်ရင်လည်း
ရနေတာပဲဥစ္စာ ဟား... ဟား...ဟား...'
ပိတောက်ပင်ကလေးကို စပြီး
စိုက်သည့်နေ့က ညီလေး၏ ကဲ့ရဲ့စကားနှင့် လှောင်ပြောင်မှုကို ခံခဲ့ရသလို
ညီမလေးကလည်း...
'ကိုကြီးက ဒီပိတောက်ပင်ကို ခုမှ
စပြီးစိုက်တာဆိုတော့ ညီမလေးက ဘယ်တော့မှ ပန်ရမှာလဲ။ ပျင်းစရာကြီးပါ ကိုကြီးရာ၊
စိတ်မရှည်ပါဘူး'ဟု ပြောခဲ့ကြသေးသည်။
'မင်းတို့မောင်နှမ
နှစ်ယောက်စလုံး မကူညီချင်လည်း နေကြကွာ။ ကိုကြီးကတော့ ကိုယ်မြတ်နိုးတဲ့ပန်းကို
ကိုယ်ကိုယ်တိုင်စိုက်ပြီး အလှကြည့်နေချင်တာကွ'
'ကိုကြီးကတော့လေ သိပ်ပြီး
စိတ်ကူးယဉ်တာပဲ'
မည်သို့ပင်ဖြစ်စေ၊
ဒီပိတောက်ပင်ကလေးကို ကျွန်တော်ကိုယ်တိုင် စိုက်ပျိုးခဲ့ပြီး ကျွန်တော်ကိုယ်
တိုင်ပင် ဂရုတစိုက်ဖြင့် ရေလောင်းပေါင်းသင်ခဲ့သည်။ ဤသို့ဖြင့်ပင် ပိတောက်ပင်ကလေးက
အရွယ်ရောက်လာခဲ့သည်။ အညွန့်အတက် ကလေးတွေ တဝေဝေနှင့် ဖြစ်လာခဲ့သည်။ အိမ်ကြီး
ပေါ်မှနေ၍ ပိတောက်ပင် ကလေးကို တစိမ့်စိမ့်ကြည့်ရင်း ပီတိတွေ ဖြစ်ခဲ့ရသည်။
□
ပိတောက်ပင်ကလေး အပျိုဖြန်းအရွယ်
မရောက်တရောက်မှာ ကျွန်တော် ဆယ်တန်းကို ရောက်သည်။ ကျွန်တော် ဆယ်တန်းကို
ရောက်သည့်နှစ်မှာတော့ မည်သို့မျှ မျှော်လင့်ထားခြင်း မရှိသော မုန်တိုင်းက
ရုတ်ခြည်း ဝင်ရောက်လာခဲ့သည်။
'အဖေ ကားမှောက်လို့တဲ့။
နေရာမှာတင်...'
ရုတ်တရက် ကြားလိုက်ရသော သတင်းဆိုးက
အမေ့ကို မူးမိုက်လဲကျသွားစေခဲ့သည်။
'အဖေ... အဖေ...'
ညီမလေးက စူးစူးဝါးဝါးကြီးဖြင့်
အော်ငိုလိုက်သည်။ ညီလေးက...
'ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲဟင်
ကိုကြီး၊ ဘယ်လိုလုပ်ကြမလဲ...ဗျ'
ပြူးကျယ် ဝိုင်းစက်သော
မျက်လုံးအစုံဖြင့် ကျွန်တော်၏ လက်မောင်းကို အားကိုးတကြီး ဖျစ်ညှစ် ဆုပ်ကိုင်လာသော
ညီလေး၏ မျက်နှာကို စေ့စေ့ကြည့် မိလိုက်သည်။ ကျွန်တော် ဘာလုပ်လို့ ဘာကိုင်ရမည်ကို
မသိ။ ကျွန်တော့်မျက်စိရှေ့တွင် အမေ၊ ညီလေးနှင့် ညီမလေးတို့ အားလုံး ယူကျုံးမရသော
ပူဆွေးမှုတွေနှင့် သောကတွေ ဖုံးနေကြသည်ကို မြင်နေရသည်။ ကျွန်တော့်ရင်သည်လည်း
လှိုက်ဖိုဆို့တက်လာခဲ့သည်။ ဒါပေမည့်...
'မငိုနဲ့။ မျက်ရည်
မကျလိုက်နဲ့။ မင်း ငိုလိုက်တာနဲ့ အားလုံးက...'
တစ်ခဏအတွင်း ဝင်ရောက်လာသော အသိကလေးက
ကျွန်တော်၏ ပူဆွေးဝမ်းနည်းနေမှုတွေကို မောင်းထုတ်လိုက်သည်။ သောကတွေကို
ဖျောက်ဖျက်ပစ်လိုက်ရသည်။ ကျွန်တော် ငိုလို့မဖြစ်။ ကျွန်တော် မျက်ရည်မကျ။ ကျွန်တော်
အမေ့ကို တိုးတိုးညင်သာစွာ ခေါ်လိုက်သည်။
'အမေ'
အမေက ကျွန်တော့်ကို ငေးကြည့်သည်။
ညီလေးနှင့် ညီမလေးကို ကျွန်တော် သိမ်းပြီး ဖက်လိုက်မိသည်။
'အမေ့ရဲ့သားကြီး
တစ်ယောက်လုံး၊ မင်းတို့ရဲ့အစ်ကိုကြီးတစ်ယောက်လုံး ရှိနေပါသေးတယ်ကွာ'
ကျွန်တော် ရင်ထဲမှ လာသောအသံဖြင့်
ခိုင်ခိုင်မာမာကြီး ပြောချလိုက်သည်။
□
'အစ်ကိုကြီးလျှင် အဖ အရာ'
သည်စကားက ကျွန်တော့်အတွက်
ထားရစ်ခဲ့ခြင်း ဖြစ်သည်။ မြင်းမိုရ်တောင်ကြီး ပြိုလဲသွားသဖြင့်
အစားထိုးမရနိုင်ပေမယ့် အားကိုးအားထားပြုစရာ တောင်ကလေး တစ်လုံးဖြစ်အောင် ကျွန်တော်
ကြိုးစားခဲ့သည်။
ကံကြမ္မာ အလှည့်အပြောင်းက
ကျွန်တော့်အပေါ် တစ်ဖက်သတ်ကြီး ရွေ့စောင်းကျလာသည်ကို ကျေကျေနပ်နပ်ကြီးဖြင့်ပင်
ခံယူလိုက်ပါသည်။ ကျွန်တော်ကိုယ်တိုင်က ဆွဲယူလိုက်ခြင်းလည်း ဖြစ်သည်။ အမေ ဇွတ်အတင်း
တားနေသည့်ကြားမှပင် ကျွန်တော် ကျောင်းက ထွက်ဖြစ်သည်။ အဖေ ထားရစ်ခဲ့သော အမွေကို
ကျွန်တော် ယူလိုက်သည်။ အဖေ့သြဇာ၊ အဖေ့ အရိပ်တို့ဖြင့် ကားစပယ်ယာ တစ်ယောက်
ဖြစ်အောင် ကြိုးစားခဲ့သည်။ သည်အတွက် အမေ စိတ်ချမ်းသာခဲ့သလို ညီနှင့်ညီမတို့ကို
လည်း အရှိန်အဟုန်မပျက် ကျောင်းဆက်ပြီး ထားနိုင်ခဲ့သည်။ ပျော်ရွှင်ကြည်နူးမှုတို့
စီးဆင်းမြဲ စီးဆင်းခဲ့ပါသည်။
ညီလေးနှင့် ညီမလေးတို့ တက္ကသိုလ်သို့
အသီးသီး ရောက်ရှိသွားချိန်တွင် ကျွန်တော်သည်လည်း ဘဝဟူသည့် တက္ကသိုလ်ကို
ရောက်ခဲ့သည်။ ဤသို့ဖြင့် ဘဝ၏ ပထမအရွယ်က ကုန်ဆုံးခဲ့ရသည်။ ညီလေး ညီမလေးတို့ထက်
ဦးစွာ ဘွဲ့တွေ ရရှိခဲ့သည်။
စပယ်ယာဟူသော ဘွဲ့မှ ဒရိုင်ဘာဟူသော
ဘွဲ့ကို ဆွတ်ခူးရရှိချိန်တွင် ကျွန်တော် စိုက်ပျိုးခဲ့သော ပိတောက်ပင်ကလေးက
အပျိုကြီးဖားဖား ဖြစ်လာခဲ့သည်။ ညှာတံမှ မြရွက်တို့တွင် ပုရစ်ဖူးကလေးတွေ
စီရီခဲ့ရာမှ ဝါရွှေရည် ပိတောက်ပင်တို့ ဖူးပွင့်လာခဲ့ကြသည်။
'ကိုလတ်၊ ညီမလေးကို ဟောဟိုက
အခက်ကလေး ချိုးပေးနော်'
'ကိုကြီးသိသွားလို့
ဆူနေလိမ့်မယ်ဟ'
'အောင်မာ... ကိုကြီးက
မဆူပါဘူးနော်။ ဒါဆို ကိုလတ်က မချိုးတော့ဘူးပေါ့ ဟုတ်လား'
'ဟဲ...ဟဲ... ချိုးမှာ ပေါ့ဟ။
ကိုကြီး မသိစေနဲ့နော်'
'အင်းပါဆို၊ ကဲ...
မြန်မြန်လုပ်လေ'
ညီလေးနှင့် ညီမလေးတို့ ပြောနေကြသော
စကားများက အိမ်အပေါ်ထပ်မှပင် အတိုင်းသား ကြားနေရသည်။ မိုးပင် စင်စင်မလင်းသေး။
ကျွန်တော် မနိုးသေးဘူးအထင်ဖြင့် ပိတောက်ပန်းတွေ ချိုးဖို့ ပြင်ဆင်နေကြခြင်း ဖြစ်သည်။
'ဒါ ငါ့ပိတောက်ပင်ကွ။ ငါ
စိုက်ခဲ့တဲ့ အပင်'
နဂါးမှန်းသိအောင် အမောက်ထောင်မပြချင်။
စိုးရိမ်ကြောက်ရွံ့မှုတွေနှင့် ပိတောက်ပန်းချိုးဖို့ ပြင်ဆင်နေသည်ကို ကြည့်ပြီး
စိတ်မကောင်း ဖြစ်မိလိုက်သည်။ ညီလေးနှင့် ညီမလေးကို ပျော်ပျော်ရွှင်ရွှင်ဖြင့်ပင်
ပိတောက်ပန်းကလေးတွေကို ချိုးယူကြစေချင်သည်။
'အဟမ်း...'
ကျွန်တော်၏ ချောင်းဟန့်လိုက်သံကြောင့်
ညီလေးရော ညီမလေးပါ လန့်သွားကြသည်။ ပိတောက်ပန်းကိုသာ လိုချင်နေသည့်စိတ်က
များနေသဖြင့်လည်း ကျွန်တော်တစ်ယောက်လုံး ရောက်လာသည်ကိုပင် သတိမထားနိုင်ကြ။
ကျွန်တော့်ကို မြင်တော့ ပြူးပြူးပျာပျာ ဖြစ်ကုန်ကြသည်။
'မင်းတို့က ပိတောက်ပန်းကို
လိုချင်လို့လားကွ'
'ဟုတ်...ဟုတ်... ဟုတ်ပါတယ်
ကိုကြီး'
'လိုချင်ရင် တောင်းရတယ်လေကွာ။
မင်းတို့ တောင်းရင် ကိုကြီးက ပေးမှာပေါ့။ ဟား...ဟား ကိုင်းပါ ချိုးကြ ချိုးကြ။
ပြီးတော့ ဘုရားကိုလည်း တင်၊ အမေ့ကိုလည်းပေး ဟုတ်ပလား'
'ဟေး... ဒါမှ ဒို့
အစ်ကိုကြီးကွ'
ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်ကြသော
သူတို့၏အသံများက ညံစာသွားသည်။ သူတို့၏ အပျော်များက ကျွန်တော့်ကိုပင် ကူးစက်လာကာ
ကျွန်တော်လည်း ပျော်သွားရသည်။
'ပြီးရင် ကိုကြီးကိုလည်း
နည်းနည်း ပေးပါဦးကွာ'
'အောင်မာ... ကိုကြီးမှာ
ပေးရမယ့်သူ ရှိနေပြီပေါ့ ဟုတ်လား'
တည့်တည့်ကြီး မေးလာသော မေးခွန်းအပေါ်
ကျွန်တော် မည်သို့ ဖြေဆိုရမည်ကို မသိ။ ကျွန်တော့် မျက်နှာပြုံးဖြဲဖြဲကြီး
ဖြစ်နေမှာကတော့ သေချာသည်။ မလုံမလဲဖြင့်ပင် သူတို့အနားမှ လှည့်ထွက်လာခဲ့ရသည်။
ပြီးမှ နောက်ကို ပြန်လှည့်ကြည့်ရင်း စိုးရိမ်တကြီး ပြောမိလိုက်သည်။
'သြော်... အပင်တော့
မနာပါစေနဲ့ကွာ'
□
ကျွန်တော် မြမြသက်ကို
သိပ်ချစ်ခဲ့ပါသည်။
ကျွန်တော်ချစ်သော မြမြသက်အား ညီနှင့်
ညီမလေးက ကျွန်တော့်အတွက် ပေးသော ပိတောက်ပန်းကလေးများကို ပေးနိုင်ခဲ့ပါသည်။
မြမြသက်က ကျွန်တော်တို့ မြို့ကလေးနှင့်
၁၅ မိုင်မျှဝေးသော ရွာမှဖြစ်ပြီး ရွာထွက်သီးနှံများကို မြို့ကလေးရှိ
ဈေးကြီးအတွင်းသို့ လာရောက် ရောင်းချသူဖြစ်သည်။ မကြာခဏ ဆိုသလို ကျွန်တော် မောင်းသော
ကားဖြင့် ကြုံကြိုက်စွာ လိုက်ပါစီး နင်းခဲ့ရာမှာ အစပြုကာ မြမြနှင့် ကျွန်တော်
ချစ်ကျွမ်း ဝင်ခဲ့ကြသည်။
ချစ်သူတို့ဘဝမှာ ချစ်ရသော
အကြောင်းအရာတို့က များစွာမှပင် ရှိခဲ့သည်။ ထို အကြောင်းအရာများက အခြားသော
ချစ်သူတို့ထက် ပိုမည်ထင်ပါသည်။ ကျွန်တော်နှင့်မြမြက သုံးနှစ် သုံးမိုးမက ခုနစ်နှစ်
ခုနစ်မိုး မျှ ကြာအောင် ချစ်သူတို့ ဘဝကို လျှောက်လှမ်းခဲ့ကြရသည်။
'မြမြတို့ လက်ထပ်ကြစို့နော်'
အပ်ကြောင်းထပ်မျှ ကြားနေရသော စကားက
ကျွန်တော့်အဖို့ နားရည်ဝနေခဲ့သလို...
'အင်းပါ မြမြရယ်၊ ဒါပေမယ့်...'
ကျွန်တော်၏ ဆင်ခြေစကားကလည်း မြမြအဖို့
နားရည်ဝနေသော ကြားနေကျစကားများသာ ဖြစ်နေခဲ့သည်။ သည်အကြောင်းအရာများကပင်
ကျွန်တော်နှင့် မြမြ၏ ဘဝလမ်းခရီးကို ခိုင်မြဲစေသော၊ ခိုင်မာစေသော၊ သိပ်ချစ်ရသော
အကြောင်းအရာများ ဖြစ်ခဲ့ကြသည်။
အမှန်အတိုင်း ဝန်ခံရလျှင်
ကျွန်တော့်ဘက်က တစ်ဖက်သတ် ဆန်နေမည်လား မသိ။ ဤမျှအထိ ကြာမြင့်ခဲ့ရသည့်
အကြောင်းရင်းက ကျွန်တော့်ညီနှင့် ညီမတို့ကြောင့်ဖြစ်ကြောင်း မြမြက သိပေမည့်
ညီနှင့် ညီမတို့ကတော့ သိကြမည် မထင်။
ညီလေးက အလုပ်ဝင်ပြီး၍မှ ဘာမျှမကြာ
အိမ်ထောင်ကျသွားသလို ညီမလေးကလည်း ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း
ထိုကုမ္ပဏီပိုင်ရှင်၏ တူနှင့်ပင် အိမ်ထောင်ပြုလိုက်ပြန်သည်။ ညီလေး၏ မင်္ဂလာ
အခမ်းအနားကိုလည်းကောင်း၊ ညီမလေး၏ မင်္ဂလာအခမ်းအနားကို လည်းကောင်း
မိကောင်းဖခင်တို့၏ သားသမီး ပီသစွာ မျက်နှာမငယ်ရအောင် တင့်တောင့်တင့်တယ်နှင့်
ဆောင်ရွက်ပေးနိုင်ခဲ့သည်။
သားလတ်နှင့် သမီးငယ်တို့
အိမ်ထောင်ပြုသည့်အချိန်က ဝမ်းနည်းစွာဖြင့် အမေ ငိုကျွေးခဲ့သည်။ ဘာပဲဖြစ်ဖြစ်
အမေ့ဘက်မှ မိဘဝတ္တရား ကျေပွန်ခဲ့သလို ကျွန်တော့်အနေဖြင့်လည်း အစ်ကိုကြီးတစ်ယောက်၏
တာဝန်တွေ ကျေပွန်နိုင်ခဲ့သည်။ ဒါပေမည့် ကျွန်တော်နှင့် မြမြကတော့ ခုနစ်နှစ်
ခုနစ်မိုးမျှ ကြာမြင့်အောင် ...။
□
ကျွန်တော်နှင့် မြမြသက်တို့၏
မင်္ဂလာအခမ်း အနားကလေးကို အကျဉ်းချုံး၍ ပြုလုပ်ဖြစ်ခဲ့သည်။ ကျွန်တော်တို့၏ မင်္ဂလာ
အခမ်းအနားကလေးကို တစ်မြို့တစ်နယ်စီ ရောက်ရှိနေကြသော ညီနှင့် ညီမတို့
လာရောက်နိုင်ခြင်း မရှိခဲ့။ ဒါပေမည့် ကျွန်တော့်မှာ အမေရှိသည်။ ပြီးတော့
သိပ်ချစ်ရသော မြမြ။ ကျွန်တော် မင်္ဂလာဆောင်တော့ အမေက သိပ်ပြီး ဝမ်းသာနေခဲ့သည်။
ညီနှင့် ညီမတို့ မင်္ဂလာဆောင်ပြီးသည့်နောက် ကျွန်တော်နှင့် အမေ၏ကြားမှာ မြမြက
တိုးလာခဲ့ခြင်း ဖြစ်သည်။
အစောပိုင်း နှစ်တွေတုန်းက ညီလေးနှင့်
ညီမလေးတို့ထံမှ သတိတရနှင့် ရေးလိုက်သည့်စာများ၊ လက်ဆောင်ပစ္စည်းကလေးများက
စာတိုက်မှဖြစ်စေ၊ လူကြုံနှင့်ဖြစ်စေ ရောက်လာတတ်သေးသည်။ သည်သို့ ရောက်လာတိုင်းလည်း
အမေက မျက်ရည်များ ရစ်ဝဲလာသည်အထိ ဝမ်းသာနေမိသလို ကျွန်တော်လည်း ကြည်နူးမိခဲ့ရသည်။
ကြာတော့လည်း တဖြည်းဖြည်းနှင့်
အလှမ်းကွာဝေးလာကြသည်။ အနေတွေ စိမ်းလာခဲ့ကြသည်။ ညီဖြစ်သူက ဌာနတစ်ခုမှာ
အရာရှိတစ်ယောက် ဖြစ်နေခဲ့ပြီး ညီမဖြစ်သူက ကုမ္ပဏီပိုင်ရှင်၏ ဇနီးမယား တစ်ယောက်
ဖြစ်နေခဲ့ပြီဟု ကြားသိရသော သတင်းစကား ကလေးနှင့်ပင် အမေရော ကျွန်တော်ပါ ပီတိတွေ
ဝေဖြာခဲ့ရသည်။
အမေကတော့ အဝေးရောက်နေသော သားနှင့်
သမီးအတွက် 'ဒါမှ ငါ့ သား'၊ 'ဒါမှ ငါ့သမီး'ဟု ဂုဏ်ယူနေတတ်သလို ကျွန်တော့်ကိုလည်း အဖေ့အမွေကို ထိန်းသိမ်းနိုင်သော
သားကြီးအဖြစ် ဂုဏ်ယူတတ်ပါသည်။ အမေက သူ၏ ဈေးဆိုင်ကလေးကိုပင် မြမြအား
လွှဲပြောင်းပေးခဲ့ပြီး အိမ်မှာပင် မြေးထိန်းရင်း သူ့ မြေးကလေးနှင့်ပင်
ပျော်ရွှင်နေတတ်ခဲ့သည်။
သြော်... ကျွန်တော် စိုက်ပျိုးခဲ့သော
ပိတောက်ပင်ကလေးသည်ပင်လျှင် ပိတောက်ပင်ကြီးအဖြစ် သူ့ အခက်၊ သူ့အရွက်တို့နှင့် ဣန္ဒြေကြီးစွာ
လှနိုင်ပနိုင် ဝံ့ကြွားနိုင်နေပြီ ဖြစ်သည်။
□
မုန်တိုင်းကို ကြုံဖူးပါလျက်နှင့်ပင်
နောက်ထပ် တစ်ကြိမ် မုန်တိုင်းနှင့် ထပ်မံကြုံတွေ့ရသည့်အခါ တွင်လည်း ထိတ်လန့်တုန်
လှုပ်မိသည်သာ ဖြစ်သည်။ ပထမမြင်းမိုရ် ပြိုသွားပြီးသည့်နောက် ဒုတိယမြင်းမိုရ်
ပြိုသောအခါတွင်...
ညီရော ညီမပါ ကိုယ်ပိုင်ကားကလေးတွေ
ကိုယ်စီဖြင့် ရှေ့ဆင့် နောက်ဆင့် ရောက်လာခဲ့ကြသည်။ ဒါပေမည့် အမေ၏ အသက်ကိုတော့
မမီလိုက်ကြ။
'အမေ...အမေ... သမီးတို့ကို
ထားခဲ့ပြီလား အမေရယ်'
ရောက်ရောက်ချင်းပင် ညီမလေးက
ဝမ်းနည်းပမ်းနည်းကြီး ငိုချလိုက်သည်။
'ကိုကြီးရာ... ကြိုတင်
အကြောင်းကြားဖို့ ကောင်းတယ်ဗျာ၊ ခုတော့ ...'
ပြစ်တင်စကားက ထပ်ကြပ်မကွာ
လိုက်ပါလာသည်။ ကျွန်တော့်ရင်မှာ နာကျင်တင်းကျပ်လျက် ရှိသည်။ အမေ မကျန်းမာစဉ်က
ကျွန်တော်က ခရီးထွက်နေသည့် အချိန်ဖြစ်နေပြီး မြမြကသာ အနီးကပ် ပြုစုခဲ့ရသည်။
ကျွန်တော် ပြန်ရောက်လာသည့် အချိန်မှာတော့ အမေ့အသက်ကို မီရုံကလေးမျှသာ ရှိသည်။
'သားကြီးရယ်... မင်းညီနဲ့
ညီမကို ပစ်မထားပါနဲ့ကွယ်'
အမေက ပြောလိုသော စကားတို့ကို
ပြောနိုင်ခဲ့သည်။ မှာလိုသော စကားတို့ကို ကျွန်တော့်အား မှာနိုင်ခဲ့ပါသည်။
'အမေ... အမေ့ရဲ့ သားနဲ့သမီး
ရောက်လာကြပါပြီ အမေ။ အချိန်မီ အကြောင်းမကြားနိုင်ခဲ့တာ ကိုတော့ ခွင့်လွှတ်ပါ
အမေရယ်။ သားကို ခွင့်လွှတ်ပါ'
ကျွန်တော်၏ ရင်တွင်းစကားများကို အမေ
ကြားနိုင်တော့မည် မဟုတ်သလို ကျွန်တော်၏ မျက်ရည်များကိုလည်း ညီနှင့်ညီမတို့
မြင်နိုင်ကြမည် မဟုတ်ပါ။ မြင်ဖို့ရာလည်း မလိုအပ်။ မြင်ကြမည်လည်း မဟုတ်။
သူတို့အတွက် အားကိုးအားထား
ပြုစရာအဖြစ် ကျွန်တော်သည် တောင်ပူစာ ကလေးတစ်လုံး ဖြစ်ချင်ပါသေးသည်။
□
ပန်းပိတောက်တို့ အကြိမ်ကြိမ်
ပွင့်ခဲ့ကြသည်။
ပိတောက်တစ်ကြိမ်၊
ပိတောက်နှစ်ကြိမ်နှင့် ပိတောက်သုံးကြိမ် ပွင့်ခဲ့ပြီ။ ကျွန်တော်သည်လည်း သား
နှစ်ယောက်၊ သမီး တစ်ယောက်၏ ဖခင်ဖြစ်ခဲ့သည်။ ကျွန်တော်၏ မိသားစုက ၅ ယောက်ပင်
ဖြစ်သည်။ ကျွန်တော်သည် ဇနီးမယား၊ သမီး သားတို့၏ မှီခိုအားထားရာ
မြင်းမိုရ်တောင်ကြီး ဖြစ်သည်။
□
ဒီနှစ်သင်္ကြန်မှာ ကျွန်တော်၏
ပိတောက်ပင်ကြီးက အခါတိုင်းနှစ်တွေထက် ပို၍ ပွင့်သည်ဟု ထင်သည်။ ပိတောက်ပွင့်တိုင်း
အဖေနှင့် အမေကို သတိရနေမိသလို ညီနှင့် ညီမလေးကိုလည်း သတိရနေမိသည်။
တိုက်တိုက်ဆိုင်ဆိုင်ဟု ဆိုရပါမည်။
ကျွန်တော် သတိရနေသော၊ ကျွန်တော် မျှော်နေမိသော ညီနှင့်ညီမတို့က တကယ်ပင်
ရောက်လာခဲ့ကြသည်။
အစ်ကိုကြီးအား ကန်တော့ရန် ဟုဆိုကာ
သူတို့ မောင်နှမနှစ်ယောက် တိုင်ပင်ညှိနှိုင်းပြီး အတူတူရောက် လာကြခြင်း ဖြစ်သည်။
ကျွန်တော် ပျော်သွားမိသည်။ အပျော်တို့နှင့်အတူ ညီလေးနှင့် ညီမလေးတို့၏
သိတတ်မှုအတွက် ကျေနပ်စွာ ဂုဏ်ယူလိုက်မိသည်။
ကားတံခါးကို ဂျိန်းခနဲ
မြည်အောင်ပိတ်ပြီး ဆင်းလာသော ညီလေး၏ ပုံစံက တကယ့်ကို အရာရှိကြီး တစ်ယောက်၏
ပုံစံမျိုးဖြစ်သည်။ ညီမလေးကတော့ ကြွကြွရွရွ လှလှပပ။ ဖြူဖြူ ဖွေးဖွေး
ဝဝဖိုင့်ဖိုင့်။ ကျွန်တော့်မျက်စိထဲမှာ အရောင်တွေ တလက်လက် တောက်ပသွားသည်။
ကျွန်တော် သူတို့ကို ငေးကြောင်ပြီး ကြည့်မိနေစဉ်မှာပင်...
'ကိုကြီး...'
သူတို့နှစ်ယောက်စလုံး ကျွန်တော့်ထံ
ပြေးလာကြပြီး အားရပါးရကြီး ဖက်လိုက်ကြတော့မှ ကျွန်တော့်မှာ အသိတွေ
ဝင်ရောက်လာခဲ့ရသည်။ ကျွန်တော် သတိရသောအချိန်တွင် ကျွန်တော်ကိုယ်တိုင်ပင်
ညီလေးနှင့် ညီမလေးအား ပြန်လည်ဖက်ထားနေမိပြီး ကျွန်တော့် မျက်ဝန်းတစ်ဝိုက်တွင်
မျက်ရည်တို့က ရွှဲစိုနေကြပြီ ဖြစ်သည်။
အိမ်ဦးခန်း၏ ခေါင်းရင်းပိုင်းတွင်
အဖေနှင့်အမေတို့ ထိုင်နေကြရမည့်အစား ကျွန်တော်နှင့် မြမြက ထိုင်နေကြရသည်။
ကျွန်တော် တို့နှစ်ယောက်၏ ရှေ့တွင် ကျွန်တော်တို့ မမြင်ဖူးသော ပစ္စည်းတွေက
ရှိနေကြသည်။ ထိုပစ္စည်းများ၏ နောက်တွင် ညီနှင့်ညီမလေးက ကျုံ့ကျုံ့ယုံ့ယုံ့ကလေး
ထိုင်ကာ ကျွန်တော်တို့ကို ကန်တော့နေကြသည်။
ကျွန်တော် ဘာဆုတွေ ပေးရမည်ဆိုသည်ကို
မသိ။ ပြစ်မှားကျူးလွန် ရှိခဲ့လျှင်တောင်မှ ကျွန်တော်ကတော့ အစစအရာရာ အားလုံးကို
ကျေကျေနပ်နပ်ကြီးနှင့် ခွင့်လွှတ်ပြီး ဖြစ်သည်။ မြမြထံမှ ရှိုက်သံတစ်ချက်
ထွက်လာသည်။ ညီလေးနှင့် ညီမလေးတို့၏ မျက်ရည်စများကိုလည်း မြင်လိုက်ရပါ သည်။
□
နုသစ်သော နေရောင်အောက်တွင် ကျွန်တော့်
ပိတောက်ပင်ကြီးက လှချင်တိုင်း လှနေသည်။ ကျွန်တော့်ညီကတော့ ပိတောက်ပင်ကြီးပေါ်ကို
ရောက်နှင့်နေပြီ ဖြစ်သည်။ ညီလေးက သူလိုချင်သော ပိတောက်ပန်းတွေကို တစ်ခက်ပြီးတစ်ခက်
ချိုးချပေးနေသလို ညီမလေးကလည်း ကျလာသော ပိတောက်ပန်းခက် ကလေးများကို ဝမ်းသာအားရကြီးဖြင့်
ပြေးပြေး ကောက်ရင်း သူလိုချင်သော ပိတောက်ပန်းခက်ကို အသံစာစာဖြင့် ညွှန်ပြလျက်
ရှိသည်။
ငယ်ဘဝတွေကို မမေ့နိုင်ကြသေး။ ငယ်စဉ်က
ခုလိုပင် ပျော်ရွှင်ကြည်နူးစွာ ပိတောက်ပန်း ချိုးနေကြသော ညီလေးနှင့် ညီမလေးကို
ကြည့်ကာ ကျွန်တော့်မှာလည်း အပျော်တွေက ကူးစက်လာခဲ့သည်။ ကျွန်တော့်ရင်မှာ ပီတိတွေက
လျှံကျနေခဲ့သည်။ မြို့ကလေးဆီမှ 'တူးပို့'သံများက
ကျွန်တော်တို့ မောင်နှမ သုံးယောက်စလုံးကို အားပေးအားမြှောက် ပြုနေကြသည်။
မှတ်မှတ်ရရ ထိုနေ့ကလေးက
သင်္ကြန်အတက်နေ့ ဖြစ်သည်။ ထိုနေ့ကလေးသည် ကျွန်တော့်ဘဝတွင်
အပျော်ရွှင်ဆုံးနေ့တစ်နေ့ ဖြစ်ခဲ့သည်။
□
ညသည် လရောင်ဖြင့် အေးမြလျက် ရှိသည်။
ရွှေရောင်ပိတောက်ပင်ကြီးကို ငွေရောင်လမင်းက ပဝါပါး ကလေးဖြင့် လွှမ်းခြုံပေးထားသည်။
အိမ်ကြီး၏ အပေါ်ထပ်တစ်ခုလုံး
ကျွန်တော်တို့ မောင်နှမ သုံးယောက်ဖြင့် စည်ကားနေခဲ့သည်။ လေပြည်ကလေးက
ကြိုင်လှိုင်သော ပိတောက်ပန်းရနံ့ကို သယ်ဆောင်လာခဲ့သည်။ ပိတောက်ရနံ့နှင့်အတူ
စံပယ်ပန်းရနံ့ကလေးကပါ ခိုတွယ်ကပ်ငြိလိုက်ပါလာခဲ့သည်။
မဆုံရသည်မှာ ကြာပြီဖြစ်သော
ကျွန်တော်တို့ မောင်နှမသုံးယောက်၏ စကားတွေက ပြောလို့မကုန်။ ပြောလို့ မကုန်ဟု
ဆိုပေမည့် ကျွန်တော်က သူတို့ပြောသမျှတွေကိုသာ နားထောင်ရင်း ပီတိဖြစ်နေရသည်က
များသည်။
'ကဲ... စကားလည်း ပြောကြ၊
လက်ဖက်သုပ်လည်း စားကြဦး။ အစ်မကတော့ အငယ်ကောင်ကို သွားပြီး သိပ်လိုက်ဦးမယ်နော်'
မြမြက ကျွန်တော်တို့အတွက်
လက်ဖက်သုပ်နှင့် ရေနွေးကြမ်းပွဲကို ပြင်ဆင်ပေးခဲ့ပြီး အိပ်ပျော်နေသော သားငယ်ကို
ပွေ့ချီကာ အိပ်ခန်းထဲသို့ ဝင်သွားခဲ့သည်။
ညီလေးနှင့် ညီမလေးက သူတို့၏
လုပ်ငန်းအတွေ့အကြုံတွေကို အားပါးတရကြီး ပြောပြနေကြသည်။ ကျွန်တော်
နားမလည်နိုင်တာတွေ ပါပေမည့် ခေါင်းကိုသာ တွင်တွင်ကြီး ညိတ်ပြနေမိသည်။ ပြီးတော့
ညီလေးက နိုင်ငံခြားကို သွားရဦးမည် ဆိုသဖြင့်လည်း ညီလေးအတွက် ဂုဏ်ယူမိလိုက်သည်။
ညီမလေးကလည်း အားကျမခံ၊ သူတို့ ကုမ္ပဏီ မည်မျှအထိ ကြီးကျယ်ကြောင်း၊
ကုမ္ပဏီဝန်ထမ်းများကို မည်သို့ အုပ်ချုပ်ရသည့်အကြောင်း၊ မည်သို့
စီမံခန့်ခွဲရသည်ဆိုသည့် အကြောင်းများကို တက်တက်ကြွကြွကြီးဖြင့် ပြောပြနေသည်။
ကျွန်တော်ကလည်း ကျွန်တော်၏ ယာဉ်မောင်း
အတွေ့အကြုံနှင့် မြမြ၏ ဈေးရောင်းရသည့် အတွေ့အကြုံတို့ကို ပြောပြလိုက်ချင်သည်။
ဒါပေမည့် ကျွန်တော် ပြောမပြဖြစ်ခဲ့။ သူတို့အတွေ့ အကြုံနှင့် နှိုင်းစာလိုက်လျှင်
ကျွန်တော့်အတွေ့အကြုံက ပြောပလောက်အောင် ပြောစရာရှိမည် မဟုတ်ပါ။
ညီလေးနှင့် ညီမလေးတို့၏
ငွေရေးကြေးရေးဆိုင်ရာ ကိန်းဂဏန်းတွေက ကျွန်တော့်အဖို့ ကြက်သီးမွေး
ညှင်းထစရာတွေချည်း ဖြစ်သည်။ ကျွန်တော်ပြောပြမည့် အကြောင်းအရာတွေထဲတွင်
ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်များကလည်းမရှိ။ သူတို့၏ တက်ကြွသောစကားတွေနှင့်ပင်
ကျွန်တော်က အလိုလိုနေရင်း ကြွတက်ချင်နေမိသည်။
'မင်းတို့ကွာ... သင်္ကြန်ရက်ကို
အလည်လာတာများ အေးအေးဆေးဆေး လာခဲ့ကြဖို့ ကောင်းတယ်။ ပြီးတော့ ငါ့တူတွေ၊ တူမတွေပါ
ခေါ်လာခဲ့ရမှာကွ။ ဒါဆို သိုက်သိုက်ဝန်းဝန်းနဲ့ ဘယ်လောက်ပျော်စရာ ကောင်းမလဲပဲ'
အချိန်တို့ ကုန်ဆုံးမှန်း
မသိလိုက်အောင် ကုန်ဆုံးသွားခဲ့သည်။ ညီနှင့် ညီမတို့က မနက်ဖြန်ဆို ပြန်ကြတော့မည်။
'ဟိုမှာက အလုပ်တစ်ဖက်နဲ့
ဆိုတော့ မလွယ်ဘူး ... ကိုကြီးရ။ ဒါကြောင့်ပါ'
'အင်းလေ...မင်းက
နိုင်ငံခြားသွားရဦးမှာဆိုတော့ ထားပါတော့။ ညီမလေးက... '
'အမယ်လေး... ညီမလေးက သာပြီး
ဆိုးသေးတယ် ကိုကြီးရေ... အိမ်က ယောကျ်ားက လွယ်တာ မဟုတ်ဘူး။ ပြီးတော့ သားတော်မောင်က
ရှိသေးတယ်။ သမီး နှစ်ယောက်ကလည်း အရွယ်ရောက် လာပြီလေ။ ခုတောင် ကိုကြီးနဲ့
တွေ့ချင်လွန်းလို့...'
ကျွန်တော် သက်ပြင်းရှည်ကြီးကိုသာ
မှုတ်ထုတ်လိုက်နိုင်သည်။ ညီလေးနှင့် ညီမလေးတို့မှာ အရွယ်ရောက်နေကြပြီ ဖြစ်သော
သားတွေ သမီးတွေပင် ရှိနေကြပြီ။ ဒါဆို ကျွန်တော့်မှာရော...။
'ကဲပါ ကိုကြီးရာ၊
နောက်တစ်ခါလာရင် ကိုကြီးရဲ့တူတွေ၊ တူမတွေပါ ခေါ်လာပြီး အကြာကြီးနေမှာပါ။ ခုဟာက
သြော်...ဒါနဲ့ ကျွန်တော် ကိုကြီးကို ကားမမောင်း စေချင်တော့ဘူး'
'ဟ... ဘာဖြစ်လို့လဲကွ'
'ဟုတ်တယ် ကိုကြီးရ၊ ကိုကြီး
အသက်အရွယ်နဲ့ ကားမမောင်းသင့်တော့ဘူးလေ။ တော်ကြာ...'
'ဟား...ဟား မင်းတို့က
ကိုကြီးကို စိတ်ပူနေကြတာကိုး။ ကိုကြီးက ကျွမ်းကျင်ပြီးသားပါကွာ။
မင်းတို့ရဲ့စေတနာကို ကိုကြီး နားလည်ပါတယ်။ ဒါပေမယ့် ကိုကြီးက ကားမမောင်းလို့
မဖြစ်ဘူးလေ ဟင်း...ဟင်း'
'အဲဒါ ပြောတာပေါ့ ကိုကြီးရာ။
အဖေရော၊ အမေရော မရှိကြတော့ဘူးဆိုတော့ ဒီအိမ်မှာ ကိုကြီးက အကြီးဆုံးမဟုတ်လား။
ကျွန်တော်တို့ မောင်နှမနှစ်ယောက် အခုလို အခြေအနေမျိုး ရောက်လာရတာကလည်း
ကိုကြီးကြောင့်ပဲ'
'အေးလေကွာ၊ အဲဒါ ဘာဖြစ်လဲ။
ဒါကိုပဲ ကိုကြီးက ဂုဏ်ယူနေမိတာကွ'
အမှန်တကယ်လည်း ကျွန်တော်
ဂုဏ်ယူနေမိခြင်း ဖြစ်သည်။ ဒါပေမည့် သူတို့ ပြောသလို ကျွန်တော့်ကြောင့်
ချည်းတော့မဟုတ်။ သူတို့ ကိုယ်တိုင်က ကြိုးစားခဲ့ကြခြင်းကြောင့်သာ
အောင်မြင်ခဲ့ကြခြင်း ဖြစ်သည်။
ညီမလေးက ကျွန်တော်နှင့် ညီလေး
ပြောဆိုနေသည်ကို နားထောင်နေရင်း ...
'ဒီလို ကိုကြီးရ၊ ညီမလေးရဲ့
ယောကျ်ားက လုပ်ငန်းတစ်ခုကို တိုးချဲ့ချင်နေတာလေ။ ဟို... တည်းခိုခန်း
ဖွင့်ချင်တာတဲ့'
'ဟုတ်လား၊ ညီမလေးတို့ရဲ့
လုပ်ငန်းတွေကို ကိုကြီး နားမလည်ပါဘူးကွာ။ ဒါပေမယ့် ကောင်းရောင်း ကောင်းဝယ်
လုပ်တာကိုတော့ ကိုကြီး ကြိုက်ပါတယ်'
'ဟုတ်ကဲ့ပါ ကိုကြီး။ သူက
အဲဒီတည်းခိုခန်းကို အခု ညီမလေးတို့ရဲ့ မြို့ကလေးမှာ လာပြီး ဖွင့်ချင်နေတာ'
'ဟ... အဲဒါကောင်းတာပေါ့ကွ။
ဒီမြို့ကလေးမှာ လာပြီး ဖွင့်မယ်ဆိုတော့ ပိုပြီးအဆင်ပြေတာပေါ့'
ကျွန်တော် အားတက်သရော
ထောက်ခံမိခဲ့သည်။
'ဟုတ်တော့ ဟုတ်ပါတယ်
ကိုကြီးရယ်။ ဒါပေမယ့် ခက်တာက နေရာလေ နေရာ။ စိတ်ကြိုက်နေရာ တွေ့လို့ကတော့
တန်ရာတန်ကြေး ပေးပြီးကိုပဲ ဝယ်လိုက်ချင်တာ။ ပြီးမှ ကိုယ်လိုချင်တဲ့ပုံစံကို
ဆောက်မှာလေ။ အဲဒါ...'
'အဲဒါ ကိုကြီးက
နေရာရှာပေးရမယ် ဆိုပါတော့ ဟုတ်လား။ ဒါများကွာ ဟား...ဟား။ နေဦး နေဦး၊ ညီမလေးပြောမှ
သတိရတယ်။ ဟိုကွာ... မြို့လယ်မှာ နေရာတစ်နေရာတော့ ရှိတယ်။ အင်း... တည့်
များသွားပလား မပြောတတ်ဘူး။ ကိုကြီး စုံစမ်းလိုက်မယ်လေ'
ညီမလေးက
တည်းခိုခန်းဖွင့်မည်ဆိုတာနှင့်ပင် ကျွန်တော် စိတ်ကူးဖြင့် သင့်တော်မည့်နေရာများကို
မှန်းဆကြည့်နေမိသည်။
'ကျွန်တော် စိတ်ကူးမိတာ
တစ်ခုရှိတယ် ကိုကြီးရ'
'အေး... လုပ်စမ်းပါဦး'
'ဒီလိုလေ အခုချိန်မှာ အဖေရော၊
အမေရောက မရှိကြတော့ဘူး မဟုတ်လား'
'အေးလေကွာ'
'ကျွန်တော်လည်း
နိုင်ငံခြားကို သွားရတော့မှာလေ။ ကျွန်တော့်မှာလည်း သားတွေ သမီးတွေ ရှိသလို
ညီမလေးမှာလည်း သားတွေ သမီးတွေနဲ့ပါပဲ။ ပြီးတော့ ကိုကြီးမှာလည်း...'
'ဟား...ဟား... ငါ့ညီမှာ
သံယောဇဉ်တွေ များနေပြီနဲ့တူတယ်။ ဒီလိုပဲပေါ့ကွာ'
'အဲဒါလေ ဟို...ဟို ...
ကျွန်တော် ပြောချင်တာက... ဟိုဗျာ'
'ကိုလတ်ကလည်းလေ ပြောမှာ
ပြောတာမဟုတ်ဘူး။ ဘာမှန်းလဲ မသိဘူး။ တဟိုဟိုနဲ့'
ညီမလေးက စိတ်ရှည်ဟန်မတူ။
စူစူအောင့်အောင့်ကြီး လုပ်ချင်လာသည်။ ငယ်ကျင့်မပျောက်သေးသော ညီမလေးကို ကြည့်ပြီး
သဘောကျနေမိသည်။ ညီလေးက သူ၏ ခေါင်းကြီးကို ငုံ့ထားနေသေးသဖြင့်...
'ဘာလဲ၊ မင်းမိန်းမနဲ့
ယောက္ခမက သဘောမတူဘူးတဲ့လား၊ ဟုတ်လား။ ကိုကြီး ဘာလုပ်ပေးရမလဲ ပြောပါကွ'
ကျွန်တော်က ညီလေးအတွက်
စကားလမ်းကြောင်းပေးရင်း ဓာတ်ဘူးထဲက ရေနွေးကို ပန်းကန်ထဲ ငှဲ့ထည့်ပြီး သောက်ရန် ပြင်လိုက်သည်။
'ကျွန်တော့်မိန်းမနဲ့
ယောက္ခမကတော့ သိပ်ကို သွားစေချင်နေတာပါ'
'ဒါဆိုရင် ဘာများလဲကွာ'
'ဟိုလေ ခုချိန်မှာ အဖေရော
အမေရော မရှိကြတော့ဘူးဆိုတော့ ဒီ... ဒီ...ဒီအိမ်နဲ့ဝိုင်းကို ဘယ်
လိုဆက်လုပ်ကြမလဲဆိုတာ ...'
'ဘာ...'
ကျွန်တော့်နှုတ်မှ အံ့အားသင့်လွန်းသော
အာမေဋိတ်တစ်လုံး ထွက်ကျသွားခဲ့သည်။ ပါးစပ်နား ရောက်လုဖြစ်နေသော ရေနွေးပန်းကန်က
လွတ်ကျသွားခဲ့သည်။
'ခလွမ်း'
ရေနွေးပန်းကန်နှင့် အောက်ခံလင်ပန်း၏
ထိတွေ့မှုက နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သလိုပင်။ အငွေ့တထောင်းထောင်း ထနေသော
ရေနွေးပူများက နေရာအနှံ့ စီးပျံ့ကုန်ကြသည်။
ကျွန်တော့် မျက်လုံးတွေ
ပြာဝေသွားခဲ့သည်။ ကျွန်တော့်နှလုံးခုန်သံတွေက တဒိန်းဒိန်းမြည်လာကြသည်။ ကြီးမားသော
ဝမ်းနည်းကြေကွဲမှုက ရင်ဝအထိ ဆို့တက်လာခဲ့သည်။ ကျွန်တော့်အသည်းနှလုံးတွေကို
ဖျစ်ညှစ်ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရသည်။
'ကိုကြီး... ကိုကြီး'
နားထဲမှာ အသံမျိုးစုံတို့ဖြင့်
ဆူညံနေခဲ့သည်။ ကျွန်တော့်ခန္ဓာကိုယ် တစ်ကိုယ်လုံး တုန်ယင်လျက် ရှိသည်။
ကျွန်တော့်တွင်ရှိသော အားမာန်တွေ၊ ခွန်အားတွေက ဘယ်ဆီ ရောက်ကုန်ပြီ မသိ။ ရှိသမျှ
ခွန်အားကလေးဖြင့်သာ တမ်းတမိခဲ့သည်။
'အဖေ...'
□
သင်္ကြန်က ပြီးဆုံးသွားခဲ့ပြီ။
သင်္ကြန်ပြီးသွားသည့်တိုင် သင်္ကြန်၏
အငွေ့အသက်များက လွမ်းငေး ဆွေးမောဖွယ်ရာအဖြစ်
ရင်မှာ စွဲထင်ကျန်နေရစ်ခဲ့သည်။
ကျွန်တော့်ရင်မှာ နာကျင်မှု၊
ဆို့နင်မှု၊ ကြေကွဲမှုတို့ဖြင့် ပြည့်နှက်လျက် ရှိသည်။
ပိတောက်ပင်၏ ညှာတံတို့တွင်
ပုရစ်ဖူးကလေးများက စီစီရီရီ မရှိကြ။ လက်ကျန် ပိတောက်ပန်း ကလေးတွေမှာ ဆက်လက်
ပွင့်ဖို့ရန်အတွက် ခွန်အားတွေက ရှိချင်မှ ရှိတော့မည်။ ဒဏ်ရာအနာတရများဖြင့်
ကျိုးတိုးကျဲတဲကြီး ဖြစ်နေသော ပိတောက်ပင်ကြီးက အထီးကျန် ဆန်လွန်းလှ သည်။
'ဒီပိတောက်ပင်ကြီးက မင်း
စိုက်ခဲ့တာဆို။ ဒါဟာ မင်းရဲ့ ပိတောက်ပင်ဆို'
ကျွန်တော်၏ ခေါင်းကို ပင်ပန်းကြီးစွာ
ခါယမ်းပစ်မိလိုက်သည်။
'ကိုကြီးအတွက် နည်းနည်းရရင်
တော်ပါပြီကွာ။ သြော်... အပင်တော့ မနာစေနဲ့နော်'
စိမ်းညို့ညို့ကြီး ဖြစ်နေသော
ငါးပင်လေးခန်း နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးက ကျွန်တော့်ကို မျက်မှောင် ကြုတ်ပြီး
ကြည့်သည်။ စံပယ်ပန်းကလေးများ၏ ရယ်မောသံက ကျယ်လောင်လာသည်။
တောင်ပူစာကလေး ကျွန်တော်သည် ညီလေး
ညီမလေးတို့အတွက် အရာ မရောက်တော့သော ဟင်းလင်းပြင် ဖြစ်သွားပြီ ထင်သည်။ ဒါပေမည့်
ကျွန်တော့် မိသားစုအတွက် ကျွန်တော်သည် မြင့်မိုရ်တောင်ကြီး အဖြစ်
ဆက်လက်ရှိနေရဦးမည်။
ညီလေးနှင့် ညီမလေး တို့ပေးသော
ပိတောက်ပန်းများကို ကျွန်တော့်ဇနီး မြမြသက်အား ပေးနိုင်ခဲ့ပါသည်။
ကျွန်တော့်ဇနီးကလည်း ကျေနပ်ဝမ်းမြောက်စွာ လက်ခံခဲ့ပါသည်။ ဒါသည်ပင် ကျွန်တော့်
ဇနီးစစ်စစ် ဖြစ်ပါသည်။
လေကလေး တစ်ချက်အဝေ့တွင်
ပိတောက်ပန်းရနံ့က မွှေးပျံ့မြဲ မွှေးပျံ့လျက်လေနှင့်အတူ ပါလာခဲ့သည်။ ပိတောက်ပန်း
ရနံ့နှင့်အတူ စံပယ်ပန်းရနံ့ကလည်း ခိုတွယ်ကပ်ငြိလျက် ပါလာသည်။ ဘာမျှမကြာလိုက်
နောက်ထပ်ရနံ့တစ်ခုက ဇွတ်အတင်းထိုးဖောက်၍ ပါလာပြန်သည်။ သည်ရနံ့က...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု
မည်သူတွေက တားမြစ်ထားနိုင်ကြမှာတဲ့လဲ။ သူ့အချိန်၊ သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း
ပွင့်တတ်ကြပါသည်။
□
အမှန်စင်စစ် ပိတောက်ပွင့်ချိန်တွင်
တမာလည်း ပွင့်တတ်သည် ဆိုသည်ကို မေ့ထားမိသော၊ မေ့နေမိသော၊ မေ့လျော့နေမိသော
ကျွန်တော့်မှာသာ။
တမာပန်းတွေ ပွင့်နေကြဦးမည် ဖြစ်သည်။
တမာပန်း၏ ရနံ့ကလည်း
သင်းပျံ့ပျံ့ကလေးဖြင့် မွှေးမြနေဦးမည် ဖြစ်ပါသည်။
ကျော်ညိုလွင်
၊ကျောက်ဆည်၊
(အမှတ် ၂၀၁၊ သြဂုတ်လ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်
ကြယ်ပွင့်လေးတွေနှင့် မှုန်းထားသော ကောင်းကင်မှောင်မှာ ဆရာမလေးမျက်နှာကို ရှာဖွေကြည့်ချင်သည်။ ကောင်းကင်တံခါးပိတ်လိုက်တော့ မြင်ကွင်းအားလုံး ပျောက်သွားသည်။ ရထားအတွင်းပိုင်းကတော့ မီးလင်းနေသေးသည်။