ငြိုသီစံ
ညနေခင်းတစ်ခုမှာ
မင်း ငါ့ကို စောင့်မျှော်နေမယ်ဆိုတာ ငါ သိနေတယ်...
တောတောင်တွေအားလုံးကို
ဖြတ်ပြီးငါ အရောက်လာခဲ့မှာပေါ့ တောင်တွေရဲ့ ဟိုမှာဘက်ဆီက
မင်းကို
တွေ့ခွင့်ရဖို့လေ။
သူ ဖျတ်ခနဲ လှမ်းတက်လိုက်စဉ်မှာပဲ
ရထားက ထွက်ပြီ။ ရထားအတက်အဆင်းမှာ လူတွေ စုပြုံ တိုးကျပ်နေပြီး
ခြေတစ်နေရာစာလေးရဖို့ပင် မလွယ်ကူပေ။ ရထားတွဲထဲမှာ အော်သံ၊ ခေါ်သံ၊ ဆူသံ၊
ငိုသံတို့နှင့် စည်းချက်ကျကျ လှုပ်ရှားသက်ဝင်နေဆဲ။ ခုံနံပါတ် ရှာသံ၊
ရန်ဖြစ်သံတို့ကို တစ်စွန်းတစ်စ ကြားနေရသေးသည်။ သူက ခုံမဲ့ဆိုတော့ နေရာရှာဖို့မလို။
အဆင်ပြေတဲ့နေရာ ဝင်ထိုင်နေလိုက်ရုံသာ ရှိသည်။ ခုထိတော့ ထိုင်စရာရယ်လို့ မတွေ့ရသေး။
ရထားတွဲကြီးက အမှောင်ထုကို ထိုးခွဲကာ
ဆူဆူညံညံ ခါယမ်းလှုပ်ရှားနေသည်။ အိမ်ခြေတိုက်တာ အဆောက်အအုံနှင့် သစ်ပင်စိမ်းစိမ်း
မှောင်မှောင်များက ရထားကြီးနောက်တွင် လှုပ်ရှားယိမ်းနွဲ့ကာ ကျန်ရစ်ခဲ့သည်။
ရှမ်းရထားတွဲ ကျပ်တယ်ဆိုတဲ့ ဒုက္ခကို ခုမှ ခံစားဖူးတာမဟုတ်။ ရှမ်းရထားကျပ်တာက ထုံးစံ။
သူက လက်မှတ်ဝယ်ရမှာ ခပ်ပျင်းပျင်း။ သွားခါနီးမှ ဘူတာရုံဆင်းဝယ်ပြီး
တက်လိုက်နေကျမို့ ဒီဒုက္ခက မဆန်းတော့။ ရထားကျပ်ကျပ် စီးဖူးခြင်းသည် အကြိမ်ပေါင်း
မရေတွက်နိုင်တော့သောအခါ အကျင့်ဖြစ်လာသည်။
သိပ်မကြာခင် အိမ်သာဘေးမှာ ခြေချစရာ
နေရာတစ်ခု ရသည်။ ထိုင်လိုက်တော့မယ်ကွာ၊ ဘယ်နေရာပဲ ဖြစ်ဖြစ်။ ကျောပိုးအိတ်ကို
စလွယ်သိုင်းထားရာက ဖြုတ်ပြီး ပွေ့ထားလိုက်သည်။ အိမ်သာဘေးဆိုတော့ အပေါက်ဝ
အတက်အဆင်းမို့ ဘူတာရပ်တိုင်း လမ်းဖယ်ပေးရတဲ့ ဒုက္ခကို သိသော်လည်း မတတ်နိုင်တော့။
အိမ်သာဘေးနံရံကို မှီထိုင်ပြီး ရှုပ်ထွေးပွေလီနေသော ရထားအတွင်းပိုင်းကို သူ
ငေးနေမိသည်။
ရှမ်းရထားအကြောင်းသိလျက်သားနှင့်
တစ်လတစ်ခါတော့ အနည်းဆုံး သူစီးသည်။ စီးတိုင်းလည်း ခုံမဲ့။ သူချစ်သော ဆရာမလေးက
ရွှေညောင်တွင် ရှိသည်။ ရန်ကုန်မှာ အလုပ်လုပ်နေသော သူက ရွှေညောင်မှာ တာဝန်ကျနေသော
ဆရာမလေးဆီ တစ်လတစ်ခေါက်တော့ ရောက်အောင်သွားလေ့ရှိသည်။ ခွင့်ကလည်း ယူချင်တိုင်း
ယူလို့ရတာမဟုတ်။ ဒါပေမယ့် ခွင့်မယူလို့လည်းမရ။
သောကြာနေ့ ညပိုင်းရထားစီးလျှင်
ရွှေညောင်ကို စနေနေ့ ညမှောင်မှ ရောက်တတ်သည်။ တနင်္ဂနွေနေ့ ညနေပိုင်း ကြုံရာ
ကားနှင့်ဖြစ်ဖြစ်၊ တနင်္လာနေ့ မနက်ပိုင်း ရထားနှင့်ဖြစ်ဖြစ် ပြန်လာရသောအခါ တစ်လမှာ
ခွင့်တစ်ရက်၊ နှစ်ရက်တော့ ပုံမှန် ယူရလေ့ရှိသည်။
တနင်္ဂနွေသုံးပတ်ရှိပြီမို့ ဆရာမလေး
မျှော်နေလောက်ပြီ။ ဆရာမမျက်နှာလေးကို မြင်ရဖို့အတွက် သူလာရသောခရီးက အအိပ်ပျက်၊
အစားပျက်၊ အလုပ်ပျက်။ ရထားကြီးက တလှုပ်လှုပ် သွားနေဆဲ။ ဆူညံသံတွေ တိတ်စပြုပြီ။
ညဥ့်နက်ပြီမို့ မှော်ဆရာရဲ့အရုပ်တွေလို အားလုံးတိတ်ဆိတ်ကုန်သည်။ ရထား အတက်အဆင်း
တံခါးပေါက်ကို ပိတ်လိုက်သောအခါ မှောင်မည်းတိတ်ဆိတ်နေသော မြင်ကွင်းများနှင့်အတူ
ကောင်းကင် မှောင်မှောင်ထက်က ကြယ်မှုန်လေးတွေကို လုံးဝ မမြင်ရတော့။
ကြယ်ပွင့်လေးတွေနှင့် မှုန်းထားသော ကောင်းကင်မှောင်မှာ
ဆရာမလေးမျက်နှာကို ရှာဖွေကြည့်ချင်သည်။ ကောင်းကင်တံခါးပိတ်လိုက်တော့
မြင်ကွင်းအားလုံး ပျောက်သွားသည်။ ရထားအတွင်းပိုင်းကတော့ မီးလင်းနေသေးသည်။
ယိမ်းထိုးနေတဲ့ ရထားပေါ်မှာ လူတွေအားလုံး ဖရိုဖရဲ အိပ်မောကျရင်း
စီးမျောလိုက်ပါနေသည်။ ပြတင်းတံခါးမှန်သမျှ ပတ်ဝန်းကျင်နှင့် ကင်းလွတ်ကာ စိမ်းကား
ပြတ်တောက်နေသည်။
ထိုအခါ သူ ခုံမဲ့ဝယ်စီးမိခြင်းအတွက်
နောင်တကောင်းကောင်းရသည်။ သူသာ ပြတင်းဝက ခုံပိုင်ဆိုင်လျှင် ပြတင်းတံခါးဖွင့်ပြီး
နေ့နှင့် ည မတူသော ကောင်းကင်ပြင်ကျယ်ကို ကြည့်မည်။ မလင်းတလင်းကြယ်ပွင့်
ပြိုးပြိုးပြက်ပြက်ကို ကြည့်မည်။ လကွေးကွေးရဲ့ ပြူတစ်တစ်အလှကို ဆန်းစစ်မည်။
ကြယ်ရောင်နှင့် မြင်ရတဲ့ လယ်ကွက်တချို့ကို ငေးမည်။ ယိမ်းထိုးနေတဲ့ သစ်ပင်ကြီးငယ်
စိမ်းမှောင်မှောင်တွေကို မျှော်ကြည့်မည်။ လေပြည်လေညင်းသံ ငြိုးငြိုးညံညံကို
နားထောင်မည်။ လေညင်းသံ မပီဝိုးတဝါးမှာ ဂျုံးဂျုံးဂျက်ဂျက်သံကို နားစွင့်ရင်း
ကဗျာရွတ်မည်။ ပုံရိပ်တွေကို ခံစားမည်။
ခုတော့ အိမ်သာဘေးမှာပဲ ဒူးကို ပိုက်ကာ
တိတ်ဆိတ်စွာ သူ ထိုင်နေရသည်။ မျက်လုံးကို ဇွတ်မှိတ်ထားပေမယ့် အိပ်လို့
မပျော်နိုင်။ သူ့ ဦးနှောက်ထဲတွင် ရန်ကုန်မှာ ကျန်ရစ်ခဲ့တဲ့ အလုပ်တွေ ရှိသည်။
ချင့်ချိန်ရမည့် ငွေကြေးရှိသည်။ အတွေးစတွေ ရှိသည်။ ဒါ့အပြင်...
'ကဗျာဆရာရဲ့ ချစ်သူဘဝကို
ဂုဏ်ယူတာ အမှန်ပါ။ ဒါပေမယ့်...'
သူ အလိုက်သိတတ်စွာ ရုံးတစ်ရုံးမှာ
အလုပ်ဝင်သည်။ ကဗျာရေးရင်း၊ စာဖတ်ရင်း ညနေစောင်းတွေမှာ ပလက်ဖောင်းက စာအုပ်တန်းမှာ
နစ်မြုပ်ရင်း အရာအားလုံးကို မေ့နေတဲ့ အချိန်များစွာအတွက် အလုပ်တစ်ခုပြီးတစ်ခု
ပြောင်းရတာ ဆရာမလေး သိဖို့မလို။ သူကတော့ ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်လို့
ညာပြောလိုက်သည်။ တကယ်တော့ ဘာအလုပ်မှ သူ နားမလည်၊ မသိ။ သူသိတာ အိုမာခေယမ်၊
ပုသျှကင်၊ ရှယ်လီ၊ မီလ်တန်၊ နောက် အလှအပစကားလုံး၊ ဒဂုန်တာရာ၊ အောင်ဝေး စသဖြင့်...။
ဆရာမလေးက နားလည်စွာ မေးခွန်းတွေ မမေးခဲ့။ ဆရာမလေးက ကဗျာဆရာကို ချစ်တယ်ဆိုတာ သူ
သိနေခဲ့ပြီးသား။
ကဗျာဆရာ ချစ်တာကို ဆရာမက ချစ်သည်။
ကဗျာဆရာ စိတ်ဝင်စားတာကို ဆရာမက စိတ်ဝင်စားမည်။ ဒါပါပဲ။
□
ရထားကြီးက ဘူတာတချို့မှာ
ဝင်ရောက်ခိုနားကာ ဘူတာတချို့ကို ကျော်ဖြတ်ထားရစ်ခဲ့သည်။ သာစည်ရောက်တော့
ပူအိုက်စပ်နေတဲ့ ရာသီဥတုမှာ ခရီးသည်များက ရေချိုးရင်း၊ ထမင်းစားရင်း
စီညံသွားပြန်သည်။ မကြာခင် ရှမ်းပြည်နယ်ထဲ ဝင်တော့မည်။ ရာသီဥတုပြောင်းသွားလို့
အေးလာခဲ့ရင် သူ့မှာ အနွေးထည်မပါ။ ထို့ပြင် ပိုက်ဆံလည်း...။
သူ ဆေးပေါ့လိပ် ထိုင်ဖွာနေလိုက်သည်။
ကျန်တာတွေ မလိုပါ။ ကဗျာဆရာမှာ စိတ်ကူးတွေ ရှိဖို့ပဲ လိုပါတယ်။ သူ တွေးသည်။
တောင်တက်ခရီးမှာ
ရထားလွန်းထိုးတဲ့အကြိမ်တွေကို စိတ်မရှည်နိုင်စွာ သည်းခံစောင့်ဆိုင်းရပြန်သည်။
အအေးဓာတ် လွှမ်းခြုံလိုက်သောအခါ သူ နေစရာမရှိ ဖြစ်သွားရသည်။ ရထားလမ်းအောက်က ချိုင့်ဝှမ်းတွေ၊
ရထားလမ်းဘေးက မိုးထိအောင် မြင့်မားသော တောင်ကုန်း တောင်တန်းတွေ အရာအားလုံး
စိမ်းမှောင်နေသည်။ မြင်ကွင်းက ထူးထူးခြားခြား။ တစ်လောကလုံး စိမ်းမြနေသည်။
ဘယ်နေရာကိုပဲ ကြည့်ကြည့် စိမ်းဖန့်လွင်နေသည်။ ခပ်ဝေးဝေးမှာတော့ တောင်တန်းပြာပြာ
အနားသတ်။
'ဒီတောင်တန်းပြာက
ရှမ်းပြည်နယ်ရဲ့ မြင်ကွင်းအစစ်။ သိပ်လှတာပဲ၊ သိပ်ကြိုက်တာပဲ'
ဆရာမလေးက တဖွဖွပြောသည်။ မကြာခဏ
ရေရွတ်သည်။
'တချို့ ပြောတယ်။
တောင်တွေထဲမှာ ပြင်ဦးလွင် အတက်က တောင်တွေက အလှဆုံးတဲ့။ လက်ရာကောင်းတဲ့ ပန်းချီဆရာ
ရေးဆွဲထားသလို သေသပ်လှပနေလို့တဲ့။ တချို့ကတော့ ဟားခါးအတက်က တောင်တွေက လှတာတဲ့။
တချို့က ကချင်တောင်တန်းတဲ့။ အဲဒီ လှတယ်ဆိုတဲ့ တောင်တွေ အားလုံး
လိုက်ကြည့်ခဲ့ဖူးတယ်။ ဒါပေမယ့် ရှမ်းတောင်တန်းပြာတွေလောက် ဘယ်တောင်တန်းကမှ
လှတယ်လို့ မထင်မိဘူး။ ဒီဇင်ဘာရောက်လို့ နှင်းတွေများဝေရင် အိုး... သိပ်လှတဲ့ တောင်တန်းပြာတွေပေါ့'
ဆရာမလေး သိပ်စွဲလမ်းတဲ့
တောင်တန်းပြာတွေကို မြင်ရပြန်ပြီ။ ရထားတွဲကြီးက လိုဏ်ဂူထဲ ခုတ်မောင်းသွားသည်။
အရာအားလုံး မှောင်အတိ။ ကြောက်တတ်တဲ့ ကလေးတချို့ ငိုသံအဆုံးမှာ မိခင်တို့၏
ချော့မော့သံကို ကြည်နူးစွာ ကြားရသည်။ ဘဝဆိုတာ ဒီလိုပဲ။ မှောင်လိုက်၊ လင်းလိုက်ပေါ့။
ရထားစစီးခါစ လိုဏ်ဂူထဲဝင်လျှင် သူ လန့်သလို ဖြစ်မိပေမယ့် နောက်တော့ မလန့်တော့။
တောင်ပေါ်လမ်းမို့ ရထားက
ဘီးလှိမ့်ရုံသာ ရွေ့နေသည်။ ညနေစောင်းစပြုပြီ။ ရထားကြီးကို ဒီထက် မြန်မြန်
ခုတ်စေချင်သည်။ မိုးမချုပ်ခင် ရွှေညောင်ကို ရောက်ချင်သည်။ လမ်းဆင်း လျှောက်လို့ရရင်
လျှောက်လိုက်မိမလား မသိတော့။ ထင်းရှူးပင် အုပ်အုပ်တွေကို လမ်းဘေးဝဲယာမှာ
မြင်တွေ့နေရသည်။ တချို့ ထင်းရှူးပင်က စိမ်းစိမ်းပုပု။ တချို့ထင်းရှူးပင်က
မြင့်မြင့်မားမား ရှည်ရှည်လျားလျား။ ကုန်းမြင့်ပေါ်မှာ
စုရုံးပေါက်နေသည့်မြင်ကွင်းက လှမဆုံး။ မြင်နေကျ မြင်ကွင်းပေမယ့် ဘယ်တော့မှ
ရိုးအီမသွား။ ကြည့်ရင်းနှင့် ပိုသဘောကျလာသည်။ ကလော၊ အောင်ပန်းဘူတာတွေကို
ကျော်ဖြတ်ခဲ့ပြီးပြီမို့ ရောက်လုနီးပြီ။ တောင်ကမ်းပါးယံက ပတ်သွားတဲ့
လမ်းကျဉ်းလေးမှာ ကွေ့ကွေ့ကောက်ကောက်လမ်းကို ရထားကြီးက အတတ်ပညာ ကုန်သုံးကာ
အစွမ်းပြနေသည်။ သူလည်း ရှမ်းတောင်တန်းတွေကို ချစ်ရဦးမည်။ ဆရာမလေး ရှမ်းတောင်တန်း
တွေကို ချစ်မြတ်နိုးနေသရွေ့၊ ရှမ်းတောင်တန်းတွေဆီကနေ မထွက်ခွာသေးသရွေ့။
သူ့ဗိုက်က တစ်စစ ဆာလောင်လာသည်။
အစာအိမ်က အစားအစာ လိုအပ်ကြောင်း ဆန္ဒပြုနေသည်။ စိတ်ကောက်နေတဲ့ ဆရာမလေးကို ကဗျာဆရာက
ကဗျာရွတ်ပြပြီး ချော့လို့ရမည်။ အစာအိမ် စိတ်ကောက်နေတာကိုတော့ ကဗျာရွတ်ပြပြီး
ချော့လို့မရတာမို့ ခုချိန်မှာ ကဗျာရွတ်ဖို့ မစဉ်းစားမိတော့။ အစာအိမ်ကို
ချော့ဖို့ဆိုတာ ဆရာမကသာ တတ်နိုင်လိမ့်မည်။
ရွှေညောင်ဘူတာ ဝင်တော့မည်။ ရထားပေါ်က
လူတွေအားလုံး လှုပ်လှုပ်ရွရွ ပြန်လည်သက်ဝင်လာသည်။ ရထားပြတင်းဝမှ ခေါင်းပြူ၍
အော်သူအော်၊ ခေါ်သူခေါ် ကြွပ်ကြွပ် ဆူညံလျက်။ ရထားရပ်ပြီ။ သူ
ကျောပိုးအိတ်ကိုလွယ်ပြီး မတ်တတ်ရပ်လိုက်သည်။ ဘောင်းဘီမှာ ကပ်နေတဲ့
ဖုန်မှုန့်များကို လက်နှင့်ပွတ်ခါပြီး ရထားအတက်အဆင်း ခြေနင်းမှ ဖျတ်ခနဲ
ခုန်ဆင်းလိုက်သည်။
ပူလောင်နေတဲ့ လူငွေ့တို့နှင့်
ကင်းလွတ်ရာကို ထွက်လိုက်သောအခါ ဘူတာ အပြင်ဘက်မှ လေနုအေးက ဆီးကြို နှုတ်ဆက်လာသည်။
အားပါး... အေးသွားတာပဲ။
မြင်နေကျ မြင်ကွင်းများကတော့
မပြောင်းလဲ။ မီးပွင့်တွေနှင့် လင်းထိန်နေသောမြို့လေးမှာ ချစ်စရာ ကောင်းမြဲ။
ဆိုက်ကားသမား၊ အငှားကားသမားတွေ အော်ခေါ်နေတာကို မသိကျိုးကျွံပြုရင်း
ဆက်လျှောက်လာခဲ့သည်။ မင်္ဂလာရပ်ကွက်ထိ လမ်းလျှောက်သွားမည်။ ဘူတာရုံကနေသွားလျှင်
နည်းနည်းလှမ်းပေမယ့် သူ လျှောက်ရလိမ့်မည်။
မီးပွင့်တွေ ထိန်တောက်ဖြာနေတဲ့
လမ်းမကြီးတစ်လျှောက် လမ်းလျှောက်လာခဲ့သည်။ အဝေးပြေး ကားလမ်းမကြီးကို
ကျော်လိုက်လျှင် မင်္ဂလာထဲကို ရောက်ပြီ။ ဆရာမကတော့ သူ့ကို မြင်ရင် အံ့သြဝမ်းသာကာ
လှိုက်လှိုက်လှဲလှဲ ကြိုဆိုဦးမည်။ ဘာစားခဲ့ပြီးပြီလဲလို့မမေးဘဲ သိပ်မခမ်းနားသော
ဆိုင်တစ်ဆိုင်မှာ ထမင်းလိုက်ကျွေးဦးမည်။ တည်းခိုနေကျ ဈေးမကြီးသော တည်းခိုခန်းကို
ခြေကျင် လျှောက်ပြီး လိုက်ပို့ဦးမည်။
နောက်နေ့ နံနက်စောစောမှာ
စက်ဘီးနှင့်ရောက်လာပြီး ရွှေညောင်ဈေးမှာ တို့ဟူးနွေး လိုက်ကျွေးဦးမည်။ လည်စရာတော့
သိပ်မရှိ။ ရွှေညောင်ဈေး နောက်ပေါက်ကထွက်ပြီး ဆရာမတာဝန်ကျသော ရွှေညောင်ကျောင်းကြီး
ရှေ့မှဖြတ်ကာ စက်ဘီးမစီးဘဲ လမ်းလျှောက်ကြဦးမည်။
ကဗျာဆရာ ဘာတွေရေးနေလဲ။ ကဗျာတွေ
ရေးဖြစ်ရဲ့လား။ စားသောက်ရတာ အဆင်ပြေရဲ့လား။ ဘာစာအုပ်တွေ ဖတ်ဖြစ်လဲ။ ဒီလ
ရုပ်ရှင်တေးကဗျာထဲက ကဗျာတွေ ကောင်းတယ်နော်။ ဖတ်ဖြစ်သေးလား။ ကဗျာရွတ်ပြပါဦး။
တစ်ပတ်လျှို ဆံထုံးလေးနှင့် ယဉ်စစ ပြုံးကာ နူးညံ့စွာ စကားတွေပြောနေဦးမည်။
ညနေပိုင်း သူကြုံရာ ကားနဲ့
ပြန်ခါနီးမှာ မျက်ရည်တော့မကျဘဲ လှရုံလေးပြည့်နေတဲ့ မျက်ဝန်းမှုန်
ငြိမ်ငြိမ်လေးနှင့် ကားဂိတ်လိုက်ပို့ပြီး သူ့အိတ်ကပ်နွမ်းနွမ်းလေးထဲ ကဗျာဆရာ
အသုံးစရိတ်ဆိုကာ ပိုက်ဆံထပ်လေးကို ခေါက်ပြီး တိတ်ဆိတ်ကြင်နာစွာ ထည့်ပေးဦးမည်။
ဒီလိုနှင့် ဘယ်လောက်ကြာသွားခဲ့ပြီလဲ။ လောကမှာ သူသိစရာ၊ နားလည်စရာ ဘာတွေရှိသေးသလဲ။
သူက ကဗျာ ဆရာဆိုတော့ ကာရန်တွေ၊ ပုံရိပ်တွေ၊ အသုံးအနှုန်းတွေ ဒါတွေပဲ နားလည်သည်။ သူ
မှားသလား။ ရှမ်းတောင်တန်းပြာတွေရဲ့ ညနေခင်းကို ဦးခိုက်ဖို့ ရောက်လာခဲ့တာ သူ့
အတွက်လား၊ ဆရာမအတွက်လား ကိုယ့်ကိုယ်ကိုယ် ပြန်မေးချင်သည်။ အဖြေကိုတော့ ပြန်မဖြေရဲ။
ဆရာမရဲ့ မျက်ဝန်းတွေကို သူ နားလည်သည်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ ဆရာမရဲ့ လင်းချင်း တောက်ဖြာသော အပြုံး၊
ညှိုးမှိန်ဖျော့တော့တဲ့အပြုံး၊ ညနေခင်း လေပြည်လို နူးညံ့တဲ့ စကားသံလေးများ ဖျတ်ခနဲ
ဖျတ်ခနဲ ရွေ့လျားသွားတဲ့ မျက်ဝန်းမှုန်မှုန်လေးတွေ။ တစ်သက်လုံး ကဗျာဆရာကို
ချစ်နိုင်ပါစေ။ သူ ဆုတောင်းချင်သည်။ ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့ပေါ့ ဆရာမရယ်။
လမ်းသွယ် မှောင်မှောင်လေးထဲက
သစ်သားတံတားလေးနှင့် မီးပွင့်ပြာပြာတို့ မှုန်းထားတဲ့ ဆရာမလေးရဲ့ အိမ်ပေါက်စလေးကို
ခါတိုင်းလိုပဲ အဝေးက လှမ်းမြင်နေရပြီ။ အားလုံးကို မေ့ကာ သူ ပျော်သွားသည်။
ဆရာမရေ...
သူ လှမ်းအော်လိုက်သည်။
ငြိုသီစံ
(အမှတ် ၂၀၁၊ သြဂုတ်လ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်