ရွှေဝတ္ထု

ဆရာအိုပြဿနာ... ရှာပါလှည့်လေး

သုမောင်

01 May 2026
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
Share to

             'ဆရာအို ပြဿနာ' ဆိုသော ဝေါဟာရသည် ကျွန်တော်ပိုင် မဟုတ်ပါ။ ဆရာကြီး သိန်းဖေမြင်၏ ဝတ္ထုတိုတစ်ပုဒ် ခေါင်းစီး ဖြစ်ပါသည်။ ကျွန်တော် တို့ငယ်ငယ်က အလွန် ကြိုက်ခဲ့သော ဝတ္ထုဖြစ်ပါသည်။ ကြိုက်ပုံကတော့ သမားရိုးကျကြိုက်ခြင်း ဖြစ်တယ်။ နက်နက်နဲနဲ မတွေးမိခဲ့ပေ။ တက္ကသိုလ်ပါမောက္ခကြီးတစ်ဦး လမ်းလျှောက်လာရင်း ပုဂံလမ်းပေါ်မှာ တက္ကသိုလ်ကျောင်းသူလေး တစ်ယောက်နှင့် ဆုံစည်းပုံကို ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ တကယ်တော့ ပါမောက္ခကြီးသည် ပင်ရှင်စား ဆရာအိုသာ ဖြစ်ပါသည်။ ထို့ကြောင့် တစ်ဖက်ကလည်း သိက္ခာကို ငဲ့ပြန်သည်။

 သူ့အတွင်းစိတ် ဖြစ်ပျက်နေသည်များကို ဖုံးဖိသည်။ တရားသဘောဖြင့် ဖိနှိပ်သည်။ 'ဆရာ'ဆိုသော ဂုဏ်ဖြင့် ဖုံးကွယ်သည်။ ပတ်ဝန်းကျင်ကို အလွန်စိုးရိမ်ပါသည်။ ထိုသို့ စိတ်နှစ်ခု လွန်ဆွဲနေရာမှ နောက်ဆုံးတွင် ဆရာကြီးသည် ဒူးနာနေတာ သတိရပြီး ကလေးမလေးအား ပြုံးပြ နှုတ်ဆက်လိုက်ပါတော့သည်။ လူကြီးပိုးလို့ ခေါ်မလား။ အထက်စီးပိုးဟု ခေါ်မလား။ ဝတ္ထုက ထိုမျှသာ ဖြစ်ပါသည်။ ငယ်စဉ် လူပျိုပေါက်ဘဝမှာ ဖတ်ရသောကြောင့် မချင့်မရဲ ဖြစ်ရသည်သာ ခံစားရပါသည်။ ထို့ထက် ပို၍ နားမလည်ခဲ့ပေ။ သာမန် ချစ်၊ ကြိုက်၊ ကွဲ၊ ညား ဝတ္ထုများထက် ပို၍ ကြိုက်ခဲ့သည်ကတော့ သေချာပါသည်။ ကျွန်တော့်မှာ အသက်အရွယ်ထက် ခံစားမှုက ပိုပြီး ရင့်ရော်နေသော သဘောရှိသော ကြောင့်လည်း ဖြစ်နိုင်ပေသည်။ ငယ်ငယ်ကတည်းက 'လူကြီးသူမ' အချစ်ပုံစံကို ကျွန်တော်က နှစ်သက်ခဲ့လေသည်။

            တလောဆီက ဆရာကြီး ဒေါက်တာကျော်စိန်၏ 'စိတ်ပညာနှင့် ဆောင်းပါး အထွေထွေ' စာအုပ်ကို ပြန်ဖတ်ပါသည်။ အမှတ်မထင် ဆိုသလို ဆရာသိန်းဖေမြင့်၏ 'ဆရာအို ပြဿနာ' ဝတ္ထုအား ညွှန်းထားတာ သွားတွေ့ရပါသည်။ ဆရာ ဒေါက်တာကျော်စိန်က သရုပ်ခွဲပြရာ၌ ဆရာသိန်းဖေမြင့်၏ ဝတ္ထုပါ ပါမောက္ခကြီး၏ စိတ်သုံးမျိုးကို ဖော်ပြပါသည်။ ကျောင်းသူကလေးအား ပြစ်မှားသော စိတ်သည်  ကလေးစိတ် (သို့မဟုတ်) အကန့်အသတ်မဲ့ လွတ်လပ်ချင်သောစိတ်ဟု ဆိုပါသည်။ အနောက်တိုင်းစကား (Id) (အစ်ဒ်) ဟု သုံးပါသည်။ ပါမောက္ခကြီးရဲ့ ဒုတိယစိတ်ကိုမူ Super Ego (စူပါ အီဂို) သို့မဟုတ် 'မိဘစိတ်' ဟု ဆိုပါသည်။ အရာရာ စိုးရိမ်ကြီးသော စိတ်ဟုဆိုပါသည်။ လိုအပ်သည်ထက်ပိုပြီး စိတ်ပူတတ်တာမျိုး ဖြစ်သည်။ နောက်ဆုံး ပါမောက္ခကြီးသည် ပြုံးပြနှုတ်ဆက်ပြီး မသိမသာ မျက်စပစ်လိုက်တာကတော့ မူလစိတ်။ အရှိအတိုင်းစိတ်၊ အလိုက်တသင့်နေသော စိတ် (Ego)ဟု ဆိုပါသည်။

            ဆရာ့ဆောင်းပါး ဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည်။ ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည်။ သုတ သဘောအရမူ အငန်ဓာတ်ကလေး ဖြည့်ပေးခြင်းဟု ယူရပါမည်။ မည်သို့ပင်ရှိစေ ဒါမျိုးလေးတွေသည် လူ့ဘဝမှာ ခဏခဏ ကြုံရတတ်ပါသည်။ ကျွန်တော်သည်လည်း ဒါမျိုးလေးတွေ ရှာကြံရေးတတ်သူသာ ဖြစ်ပါသည်။ သို့သော် ဒါလည်း စိတ်ပညာ သဘောအရ ဒီလိုရှိပါလားဟူ၍တော့ နားမလည်ခဲ့ပေ။ ယခု အသက်ကြီးလာလေမှ တစ်ခါတစ်ရံ ကလေးစိတ် ပြန်ဝင်တတ်တာ သဘောပေါက်ပါသည်။ တစ်ဆက်တည်းပင် ကိုယ့်ငယ်ဘဝနှင့် ယှဉ်ကြည့်မိပြန်သည်။ စောစောက ပြောသလို ကျွန်တော်သည် ငယ်ငယ်ရွယ်ရွယ်မှာ လူကြီးသိပ်ဆန်လွန်းနေခဲ့ခြင်းကို ဖြစ်ပါသည်။

            ကျွန်တော်ငယ်စဉ်က စိန့်ပေါလ်ကျောင်းတွင် နေခဲ့ရလေရာ မိန်းမဆိုလို့ ဆရာမသာ မြင်ဖူးရပေသည်။ အထက်တန်းရောက်လို့ နတ်မောက်ကျောင်း ပြောင်းသောအခါလည်း ယောကျ်ားလေး သီးသန့်ကျောင်းသာ ဖြစ်ရပါသည်။ ဆိုကြပါစို့ရဲ့၊ ကျောင်းသားဘဝ ငယ်ရွယ်စဉ် မိန်းကလေးများနှင့် အနေမနီးစပ်ခဲ့ရာ နောက်ပိုင်း ချစ်သူရည်းစားရသောအခါ ငယ်သူတို့ဘာဝ သမားရိုးကျ ချစ်သူဘဝကို ကောင်းစွာ မသိတော့ပေ။ မခံစားတတ်ခဲ့ပေ။ ထို့ကြောင့် ဆရာ့စကား (အီဂို) မဖြစ်တော့ဘဲ (အစ်ဒ်) နှင့်    (စူပါ အီဂို)ကြား ဗျာများရပါတော့သည်။ မရှက်သင့်တာတွေ အလွန်ရှက်ခဲ့ပြီး စောင့်စည်းသင့်တာတွေ ကျိုးပေါက်လျက် ရည်းစားဟူ၍ အဖတ်မတင်ဖြစ်ခဲ့ရပါသည်။ ကံကောင်းသဖြင့် အိမ်ထောင်ကျသည်ဟု ဆိုရမည်။ ဆရာဒေါက်တာကျော်စိန်၏ ဥပမာပေးဖြင့် ပြောရပါလျှင် အသက် ၇ဝ အရွယ် အဘိုးအိုတစ်ဦး အိမ်ပြတင်းတံခါး ထပိတ်သည်ကို အသက် ၃ နှစ်အရွယ် မြေးငယ်က 'လက်ညပ် လိမ့်မယ် သတိထား' ဟု အစိုးရိမ်ကြီး သလိုမျိုး ဖြစ်ပါလိမ့်မည်။ မည်သို့ပင်ရှိစေ ကနေ့ထိ ခိုင်မြဲနေသော ကျွန်တော့် အိမ်ထောင်ရေးကြောင့် ကျွန်တော့်မှာ တက္ကသိုလ်ကျောင်းသူလေးကို ပြုံးပြ နှုတ်ဆက်ရင်း မျက်စပစ်ရုံတမည် ဣန္ဒြေရနေသော်လည်း 'ဆရာအို' ကဲ့သို့ကား စိတ်သက်သာ ရာရနေပါသည်။ သို့သော် တစ်ခါတစ်ရံတော့ စိတ်က ဖောက်ပြန်ချင်ပါသည်။

အငယ်အနှောင်းထားလိုသော သဘော၊ အပျော်လိုက်လိုသော သဘောတော့ မဟုတ်ပေ။ ခုနှယ်ကျခါမှ ရည်းစားထားချင်စိတ် ဖြစ်ပေါ်တတ်ခြင်းမျိုး ဖြစ်ပါသည်။ တကယ်တော့ မဟုတ်ပေ။ ထိုသဘောမျိုး ပရောပရည် လုပ်ချင်လာတတ်ခြင်း ဖြစ်ပါသည်။ သို့သော် စောစောက ပြောသလို Ego ဖြင့် ပြန်ထိန်းရပါသည်။

            ဤနေရာတွင်လည်း ဆရာ ဒေါက်တာကျော်စိန်  ညွှန်းတာလေးပင် ဖော်ပြချင်ပါသည်။  ရှေးယခင်က ဝတ္ထုတို တစ်ပုဒ်တွင် ဆရာကြီးတက်တိုးက ရေးပါသည်တဲ့။ သူ့ ဝတ္ထုလေးမှာက အဘိုးအိုတစ်ဦးသည် တစ်ယောက်တည်း ရေချိုးခန်းတွင် ရေချိုးနေပါသည်။ ကိုယ်ပေါ်သို့ လည်းကောင်း၊ ခေါင်းပေါ်သို့ လည်းကောင်း၊ မျက်နှာပေါ်သို့လည်းကောင်း ကျလာသော ရေမှုန်ရေမွှာကလေးများကို ထိတွေ့ခံစားပြီး သကာလ အဘိုးအိုသည် စက်စက် ကြည်မြ ပီတိတွေ ပွလာကာ... 'စိန်အိုးစည် လွယ်သလေ...လေ့... လွယ်သလေလေး... လွယ်သလေလေး' သီချင်းကို တစ်ယောက်တည်း အော်ဆိုလိုက်ပါသည်တဲ့။ ဤသို့ပင် တစ်ခါတစ်ရံ ကျွန်တော်လည်း 'ဟစ်ဟော့ပ်' သီချင်းတွေ တစ်ကိုယ်တည်း ညည်းပစ်ချင်မိပါတော့သည်။

            ဒါလေး စကားစပ်မိတော့ နောက်ဆုံးရည်းစား 'အေးဘုံ'နှင့် နှစ်ပါးသွားခဲ့တာလေး သွားပြီး သတိရမိပါသည်။ စောစောက ပြောသလို တစ်ဖက်က လွတ်လပ် ပွင့်လင်းချင်သော်လည်း တစ်ဖက်က စိုးရိမ်စိတ်ကြီးမားခဲ့သည်တွင် အခြားထောင့်တစ်ခုမှ ကျွန်တော့်အား ရုပ်ရှင်မင်းသားအဖြစ် ထင်ပေါ်စေခဲ့ရာ ချစ်သူဘဝ သွားလာရ မည့်နေရာ ဒေသ အတော်ပင် ကျဉ်းကျပ်ခဲ့ရပါသည်။ ဘုရားသွား၊ ကျောင်းတက်ခက်ပါသည်။ တက္ကသိုလ်ထဲ တူစုံတွဲရတာလည်း မလွယ်ပါ။ သူက ကျောင်းဆရာမမို့ ကျောင်းသွားပြီး မိသားဖသားပီပီ ပြောရ ပြုရတာပင်။ ကျောင်းသား၊ ကျောင်းသူလေးတွေ မျက်နှာရိပ်ကို ကြည့်နေခဲ့ရပါသည်။ ဆိုကြပါစို့၊ 'အနေနီး ခရီးဝေး' ဖြစ်ပါသည်။ သူ့အိမ်နှင့် ကျွန်တော့်အိမ်က ခြံချင်းကပ်လျက်ပါ။ သို့သော် ဒါက ပို၍ အနေဝေးစေပါသည်။ အဲ... သူ့ကျောင်းနှင့် ကျွန်တော့်ခြံက ကြားမှာ ဓာတ်ပေါင်းစုဘုရား ခြားပါသည်။ ဘုန်းကြီးကျောင်းဝိုင်းကြီးနှင့် ဖြစ်သည်။ ထိုအခြေအနေသည် ကျွန်တော်တို့နှစ်ဦး၏ ဘဝတွေနှင့် အလိုက်ဖက်ဆုံးပင် ဖြစ်လာပါတော့သည်။ သူကျောင်းသွား ကျောင်းပြန်ကို ဘုရားပေါ်မှ ဖြတ်ရလေရာ ကျွန်တော်က ခြံခုန်ကူးလိုက်ရုံဖြင့် တန်ဆောင်းပြသာဒ် ကျောင်းဇရပ်တွေနား သွားစောင့်ပြီးသား ဖြစ်သွားတော့သည်။ ရုပ်ရှင်မင်းသား တစ်ယောက်အဖို့ လူမမြင်ကွယ်ရာ ဖြစ်သွားသလို ကျောင်းဆရာမလေးအဖို့လည်း သိက္ခာကျစရာမရှိတော့ပေ။ ဒါဟာ ပတ်ဝန်းကျင်၏ ကောင်းခြင်းလက္ခဏာ ဖြစ်သည်။ စောစောက ပြောခဲ့သော စိတ်အခြေအနေအရလည်း အဘိုးအို 'အီဂို' ဖြစ်သွားပါသည်။ ဖောက်ပြန်သော စိတ်တွေ ဝင်မလာသလို ထိန်းချုပ်နေစရာလည်း မလိုတော့ပေ။ အလိုက်သင့် အလျားသင့် ဖြစ်သွားပါသည်။

            'ဒါလေး' ပြောပြတော့ 'ဒါလေးများ'ဟု ထင်စရာ ဖြစ်ပါသည်။ သို့သော် ဆန်းကြယ်သော လူ့မနောကား ထိုဒေသတွင် မထင်မှတ်ဘဲ ပေါ်ခဲ့ပါလေသည်။ ကျွန်တော်တို့ နှစ်ယောက်အတွက်ကား မဟုတ်ပေ။

            'ဆရာအို' ပြဿနာပင် ဖြစ်ပါတော့သည်။ 'ဆရာအို'မှ တိုက်တိုက်ဆိုင်ဆိုင် တက္ကသိုလ်ကြီးတစ်ခု မှ 'ဆရာအို'ကြီး တစ်ယောက်၏ ပြဿနာပင်။

            တစ်နေ့တွင် ကျွန်တော်နှင့် အေးဘုံတို့ အချိန်ရသဖြင့် ဘုရား အတူဖူးပါသည်။ အင်္ဂါထောင့်တွင် ဆုတောင်းကြပါသည်။ ထိုတွင် ကျွန်တော်တို့ရှေ့က ဦးစွာရောက်နေသော စုံတွဲကို တွေ့ရခြင်း ဖြစ်ပါတော့သည်။ ဟုတ်ပါ့...။ နှစ်ယောက်သားမှာ ပန်းပေါင်းစုံ လက်ယှက်၍ ပူဇော်နေပါသည်။ ဆုတောင်းပတ္ထနာပြုနေပါသည်။ အော်ကြီးဟစ်ကျယ် ဖြစ်ပါသည်။ ပြီးတော့ ဆရာအိုသည် ပန်းများကို စုပေါင်းပြီး ဘုရားမှာ သွားကပ်ပါသည်။ တကယ့်ကို လူငယ်စုံတွဲ ကဲ့သို့ရှိလေရာ ကျွန်တော်တို့ စုံတွဲ ထက်သာပါသည်။ နုဖတ်နေတာပဲ။ ထိုမြင်ကွင်းကြောင့် ကျွန်တော့်မှာ အေးဘုံကို အသာဆွဲခေါ်ပြီး ဘုရားကို တစ်ပတ် ပတ်လိုက်ရပါသည်။ 'ဘာဖြစ်တာလဲ'ဟု အေးဘုံက မေးသောအခါ 'ငါ့ပရိသတ်ပါကွာ' ဟု လိမ်ညာရပါသည်။ အမှန်ကို ဖွင့်မပြောရက်ပေ။ ပြောလို့လည်း အကြောင်းထူးမည် မဟုတ်ပေ။

            ဒါလေး... ယခု ဆရာ ဒေါက်တာကျော်စိန် ဆောင်းပါး ပြန်ဖတ်တော့မှ ထိုစဉ်က ငယ်ငယ် ရွယ်ရွယ် ကျွန်တော်နှင့် အေးဘုံတို့သည် သာမန်စိတ် (Ego) ဖြစ်ခဲ့သလား၊ မိဘစိတ် (Super Ego) ဖြစ်နေခဲ့သလား... ပြန်စဉ်းစားမိပါတော့သည်။

သုမောင်

(အမှတ် ၂၀၁၊ သြဂုတ်လ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်

ရွှေဝတ္ထု
...
ညနေရီရဲ့ရနံ့
ငြိုသီစံ

ကြယ်ပွင့်လေးတွေနှင့် မှုန်းထားသော ကောင်းကင်မှောင်မှာ ဆရာမလေးမျက်နှာကို ရှာဖွေကြည့်ချင်သည်။ ကောင်းကင်တံခါးပိတ်လိုက်တော့ မြင်ကွင်းအားလုံး ပျောက်သွားသည်။ ရထားအတွင်းပိုင်းကတော့ မီးလင်းနေသေးသည်။