ရွှေဝတ္ထု

ဖိတ်စာကလေးနှစ်စောင်

ကိုလှိုင်ကြည်ဝင်း

01 May 2026
ဖိတ်စာကလေးနှစ်စောင်
Share to

             'လာမိတာ မှားပြီးကော' ဟု ရောက်ပြီး တစ်အောင့်လောက်အတွင်းမှာပင် သိလိုက်ရသည်။ သို့တစေ သိပင် သိလိုက်ရသော်လည်း ရုတ်ခြည်း ပြန်၍ကလည်း မကောင်း၍ အောင့်အည်းသည်းခံ၍သာ နေလက်စနှင့် နေလိုက်ရသည်။ လူက ပူလောင်အိုက်စပ် မွန်းကျပ်လာသည်။

            မဖြစ်မနေယူလိုက်ရသော ခွင့်ရက်ကလေးတစ်ရက်ကိုပင် အားနာမိသေးတော့။ ရွာရဲ့မျက်နှာဖုံး စာရင်းဝင်တောဆက် မြို့ဆက် နှစ်သွယ်ယှက်နေသည့်အပြင် ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့

အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်။ အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်။

အလှူမဏ္ဍပ် အဝင်ရှေ့က ခြင်္သေ့၊ နဂါး၊ တိုးနယားနှင့် ရွှေရောင်လွှမ်းနေသော

ကနုတ်ပန်းအသွယ်သွယ်တို့က အလှူရှင်၏ အဆင့်အတန်းကို ဖော်ပြနေသယောင်ယောင်။

အလှူဖိတ်စာကလည်း ရွှေရောင်ဖောင်းကြွနှင့် အလှူရှင်၏ မိသားစု ရှင်လောင်း နားသရောင်စုံပုံများပင် ပါလိုက်သေး။ အလှူတွင် ထည့်သည့်ဆိုင်းကလည်း မည်ကာမတ္တ မဟုတ်။ နာမည်ကြီးဆိုင်း၊ မွန်ပြည်နယ် ကိုကိုနိုင်။

            'တစ်ခါဖူးမျှ မတစ်ခါဖူးသော' ဤအလှူ၊ ဤမဏ္ဍပ်၊ ဤဆိုင်းတို့ကြောင့် အလှူသာဆိုသော်လည်း

ဘုရားပွဲတော်လေးတစ်ခုအလား စည်ကားလွန်းလှသည်။

            'ဝူး... ဝေါ... ပေါ်... ပေါ်...တီ... တီ... ဝရော...'

            ကားသံ၊ ဆိုင်ကယ်သံ၊ ထော်လာဂျီသံ၊ ထွန်စက်သံနှင့်အတူ ခြူသံ၊ လှည်းသံ၊

စက်ဘီးသံတို့ကလည်း အသံပေါင်းစုံအကြား ရောထွေးနေသည်။ အလှူမဏ္ဍပ် အတွင်း၌ အလှူရှင်နှင့်တကွသော ဆွေမျိုးအသိုင်းအဝန်းများက ဧည့်ဝတ် ဧည့်ခံ လူးလားဆန်ခတ်နေသည်မှာ လူချင်း ထပ်လုနီးပါး။ သို့သော် မိမိကိုမူ အရေးတယူ နှုတ်ဆက်ဖော် မည်သူမျှ မရှိ။ ထိုင်ရမလို ထရမလိုဖြစ်ကာ လူမှာ ကြောင်တက်တက်။ တွက်ကြည့်တော့လည်း မိမိကလည်း မိမိပင်။

            စတစ်ဖြူပေါ်က ပင်နီတိုက်ပုံ တစ်ပတ်နွမ်း၊ ပခုက္ကူချည်ကြမ်းလုံချည် အစိမ်းကွက်နုပ်အပြင် သွားလေရာပါသည့် ကချင်လွယ် အိတ်ဖြူက သည်အလှူမှာ ပွဲမတိုးသာပြီ။

            'ဆရာ... လာတယ်နော်'

            အတန်ကြာမှ တပည့်မလေးက လာနှုတ်ဆက်ဖော်ရသည်မို့ တော်ရော့သည်။ ဆိုင်းသံ၊ ဗုံသံအကြား 'ဝူး...ပေါ်...ပေါ်...တီ... တီ...'ဟူသော ဆိုင်ကယ်သံ၊ ကားသံကြားတိုင်း ပျားအုံ တုတ်နဲ့ထိုးလိုက်သည့်အလား အူလျားဖားလျားနှင့် ပျာပျာသလဲ ဖြစ်သွား ရရှာသူတွေကတော့ အလှူရှင်နှင့်တကွ ဆွေမျိုးများပင်။ အလှူမှတ်တမ်းတင် ဗီဒီယိုပါရိုက်သည်မို့ ကား၊ ဆိုင်ကယ်အစချီသော စီးတော်ယာဉ်နှင့် ကြွလာသော မြို့ပေါ်က ပွဲစား၊ စက်ပိုင်၊ အရာရှိ အရာခံများနှင့် ကား၊ ဆိုင်ကယ်ဘေး တစ်ဖုံ၊ မဏ္ဍပ်အဝင်တစ်နည်း၊ မဏ္ဍပ်အတွင်းတစ်သွယ်ဖြင့် စတိုင်လ် ထုတ်နေကြသည်မှာ ကြာလာတော့ မျက်စိနောက်လာသည်မို့ ငရဲမကြီးမိအောင် မနည်း မုဒိတာ ပွားယူနေရသည်။

            'ဟဲ့... သမီး နေခြည် ဘယ်သွားနေတာတုံး၊ ရန်ကုန်က သူဌေးတွေ ရောက်နေတယ်။ ဗီဒီယို ရိုက်မယ်လေ'

            'နေခြည်ရေ၊ မြို့က ပွဲစားကြီးတို့ မိသားစုလာနေတယ်။ သမီး အစ်ကို၊ အစ်မတွေရော ပါလာတယ်။ ဗီဒီယို ရိုက်ရအောင်... '

            'သြော်... တယ်ခက်ပါလား။ ဒီမှာ ဆရာဝန်ကြီး ဦးကျော်လွင် ရောက်နေတယ်။ သူတို့ခမျာ မအားတဲ့ အထဲက ခင်လွန်းလို့ ဖြစ်အောင်လာရတာ။ သမီး အန်တီကြီးလည်း ပါတယ်။ မှတ်တမ်းတင် ဗီဒီယို ရိုက်ရအောင်'

            တပည့်မလေးခမျာ မိမိအနား ကြာကြာ ဧည့်မခံနိုင်ရှာ။

            'ဒီမှာ ဆရာရောက်နေလို့ပါ'

            တပည့်မလေးကို ခဏခဏ ခေါ်ရရှာရလွန်းသဖြင့် ဒေါသသံပါလာသည်မို့ တပည့်မလေးက လေပြည်ထိုး အကြောင်းပြလိုက်သည်။

            'အေး... နင်တို့က အဲဒါတွေ ခက်တာပဲ။ ဒီမှာ လူကြီး လူကောင်းတွေ ရောက်နေတာ ရန်ကုန်က သူဌေးမိသားစုဆို ဘယ်လောက် အားနာစရာကောင်းလဲ။ သူတို့ခမျာ အမေတို့ကို ခင်ရှာလွန်းလို့ သူတို့ ကိုယ်တိုင် ကားနဲ့ ရန်ကုန်ကတောင် တကူးတက လာရရှာတာ'

            ဤစကားကြောင့် မိမိရင်မှာ ဆစ်ခနဲ နာကျင်သွားသည်။ မိမိ တာဝန်ကျ ရွာကလေးနှင့် ငါးမိုင်မျှ ကွာဝေးသော ဤအလှူကလေးသို့ အတူလာခဲ့သော အဖော်ကလေးကို လှမ်းကြည့်မိသည်။ အလှူမဏ္ဍပ်ဘေးရှိ ကွမ်းယာဆိုင်ကလေးနားတွင် အပ်ခဲ့သော မောင်ဗမာ တစ်ပတ်နွမ်း စက်ဘီးကလေးက မိမိအား ညှိုးနွမ်းအားငယ်စွာ ကြည့်နေသလိုပင်။

            'နေခြည်... သမီး၊ ဘယ်ရောက်နေပြန်တာတုံး၊ ဒီမှာ မြို့ပေါ်က လူကြီးလူကောင်းတွေ ရောက်နေ ပြန်ပြီ။ ခက်တော့တာပဲ... နေခြည်... '

            'ဒီမှာ... မေမေ၊ ဆရာ ရောက်နေလို့'

            'ဒီမှာ ဧည့်သည်တွေ ဘယ်လောက် အားနာစရာကောင်းလဲ။ နင့်ဆရာက အရေးမကြီးပါဘူး။ မြန်မြန်လာစမ်း... '

            'ဆရာ ခဏနော်၊ မြို့က ဧည့်သည်တွေ ရောက်နေလို့... '

            မိမိဘာမှ ပြန်မပြောမိ။ အာစေးမိနေသည်။ လူက ငုတ်တုတ်၊ နှုတ်က တေမိ။

            မွန်ပြည်နယ် ကိုကိုနိုင်၏ ဆိုင်းသံကိုပင် မကြားမိတော့။ ငေးမိသလား၊ တွေးမိသလား ဝေခွဲမရ...။

            'ကို... ခေါ်တာ သုံးလေးခါရှိပြီ။ သက်ပြင်းတချချနဲ့ ဘာတွေ အတွေးလွန်နေတာတုံး'

            မိမိလက်ကို ကိုင်လှုပ်ရင်း မေးလာသော ဇနီးသည်၏ စကားသံကြောင့် အတွေးငှက်များ ထပျံသွားသည်။

            'နင့် ဆရာက အရေးမကြီးပါဘူး... '

            'နင့် ဆရာက အရေးမကြီးပါဘူး... '

            ဤစကားသံက တစ်ပတ်မျှပင် ကြာခဲ့ပြီဖြစ်သော်လည်း မြစ်ပွားအနာနှယ် တိုး၍သာ လာနေသလိုပင်။ မိမိ၏ စိတ်အနာသည် လတ်ဆတ် ပူနွေးနေဆဲပင်။

            အလှူဖိတ်စာနှင့်တကွ 'ဆရာ ဆက်ဆက် လာဖြစ်အောင်လာနော်' ဟူသော တပည့်ဟောင်းလေး၏ စကားကို အရေးတယူ လုပ်မိခဲ့သော မိမိကိုယ်ပင် အပြစ်တင်ရမည်လား။ မဝေခွဲ တတ်တော့။ တပည့်မလေးမှာ ဘာအပြစ်မှ မရှိပါဘူးဟု ဖော့တွေးရင်း 'အို... ဘဝမှာ အတွေ့အကြုံ အသစ်အဆန်း တစ်ခုပေါ့။ ငါ ကျောင်းဆရာလုပ်သက် နှစ်ပေါင်း နှစ်ဆယ်နား ကပ်လာတာတောင် အရေမထူနိုင်သေးပါလား'ဟု မိမိအပေါ်၌သာပုံချရင်း စိတ်ကို ဖြေလျှော့လိုက်သည်။

            ဒါပေမယ့် ဖွဲစားမိသော ဘုရင်ကြီးနှယ် ဝေဒနာသက်သာလို သက်သာငြား ဤအဖြစ်အပျက်ကလေးအား ရင်ဖွင့်လိုက်သည်။ မိမိ၏ စိတ်ခံစားချက်ဖြစ်သော ဤခံစားမှု အဖြစ်ကလေးက လူတိုင်းလူတိုင်းကို ပြော၍ သင့်တော်သည့် အကြောင်းရာ မဟုတ်ပါ့လား။

            'ဘာများလဲလို့... ဒါလေးများ ဆရာရယ်'

            ဤလို မှတ်ချက်စကားသံနှင့်အတူ မိမိအား နားလည်မှု လွဲသွားမည်ကို ကြည့်ရသေးသည်။

            'မုဒိတာ မပွားနိုင်သူ...' 'အရေးတယူ ကိုးကွယ်ဆည်းကပ်ခြင်း ခံလိုသူ... ' 'အရေမထူသူ...' 'ဝန်တိုမိစ္ဆာ... အဘိဇ္ဈာပွားလွန်းသူ... ' ဟု တံဆိပ်ကပ်ခြင်း ခံရသော် 'ဘူးလေးရာ ဖရုံဆင့်မည်' မို့ ကျိတ်မှိတ် မျိုသိပ်ခံစားရသော ဤအကြောင်းခြင်းရာလေးကို ဇနီးသည်အား ရင်ဖွင့်လိုက်ကာမှပင် 'ထူးမခြားနား' သီချင်းကိုပင် မိမိဆိုလိုက်ရသည်။

            'အဲဒါ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ ကို့အပြစ်၊ ကိုယ့်ကို ခင်လေးပြောသားပဲ။ လူထဲ သူထဲသွားရင် လူ ရိုသေ၊ ရှင် ရိုသေဖြစ်အောင် ဝတ်ပါလို့၊ ဟင်း... ဟင်း၊ ကို့ပုံစံနဲ့ မဏ္ဍပ်ထဲက မောင်းမထုတ်တာဘဲ ကံကောင်းတယ်မှတ်... '

            'အင်း...' မိမိကလည်း မိမိပင်။ ဘယ်သွားသွား ဘယ်လာလာ ပင်နီတိုက်ပုံနွမ်းနှင့် ပခုက္ကူချည် ကြမ်းလုံချီ အစိမ်းကွက်နုပ်အပြင် ကချင်ဂျပ်ခုတ် လွယ်အိတ်ဖြူက ပါလိုက်သေးသည်။ သည်... 'လွယ်အိတ်ကလေး'ကလည်း တပည့်ဟောင်းလေး တစ်ယောက်က အမှတ်တရ ကန်တော့ထားသည်မို့ အမှတ်တရ လွယ်ထားခြင်းပင်။ တပည့်လေးကတော့ ရှေ့တန်းတစ်နေရာတွင် ကျသွားပြီမို့ ကိုယ်ပွား ကိုယ်စားအဖြစ် ဟောင်းပါစေ.... လွယ်နေခြင်းပင်။

            'ဆရာ့အတွက် ကျွန်တော် ရှေ့တန်းပြန် လက်ဆောင်ပါဆရာ။ ဆရာ့ စကားတွေကို နားမထောင် ခဲ့လို့ ဘဝမှာ မှားတာတွေ များခဲ့ပြီ။ ဒီတစ်ခါတော့ တကယ်လိမ္မာပါပြီ ဆရာ'

            အတန်းထဲမှာ ထစ်ခနဲရှိ နက်တူး၊ စီခနဲညံ နက်တူး။ ဆရာမကြီး ရုံးခန်းမှာ ဝန်ခံကတိထိုး ရပေါင်းများသူ။ ဆရာက အပြစ်ပေး ဆိုဆုံးမတိုင်း ဂျစ်ကန်ကန်၊ ပေကတ်ကတ်နှင့် တပည့်လေး။ အမေမုဆိုးမကြီးအား ဘာပဲပြောပြော သေသည့်အထိ တာဝန်ကျေသွားခဲ့သူမို့ လွမ်းပင် လွမ်းမိသေးတော့။

            သည်အင်္ကျီ၊ သည်ပုဆိုး၊ သည်လွယ်အိတ်ကြောင့် အပြစ်ဖို့ မည်ဆိုသော် မိမိနောင်တ မည်သည့်အခါမျှ ရမည်မဟုတ်ပါ။

            'ကိုယ်က တပည့်လေးကို ဖိတ်စာနဲ့တကူးတက လာဖိတ်ရှာတော့ အသိအမှတ်ပြုတဲ့ သံယောဇဉ်နဲ့သွားတာပဲ။ ခင်လေးပြောသလို ထည့်မစဉ်းစားမိဘူး'

            တကယ်တော့ တပည့်မလေးက တပည့်ဟောင်းလေးပါ။ ခုဆို B.E ကိုပင် တက်နေပြီ။ ဆယ်တန်းနှစ်မှာ ရန်ကုန်က နာမည်ကြီး ဘော်ဒါတစ်ခုတွင် ဆယ်သိန်းကျော် အကုန်ခံကာ တက်နိုင် သူဖြစ်သည်။ သူ့မိဘက ရန်ကုန်မှာလည်း အမျိုးအရင်း ခေါက်ခေါက်တွေ ရှိနေသည့်အပြင် မျက်နှာကြီးမျိုး ဖြစ်သည်။ ရွာကျောင်းမှာ ရှစ်တန်းအထိပဲ တက်ခဲ့သည်။ မိမိနေရာနှင့် တပည့် မလေးရွာက ငါးမိုင်ခန့်ဝေးသည်။ တစ်မိုင်သာသာပဲ ကားလမ်းပေါ် စက်ဘီးစီးရပြီး ကျန်တာက တောလမ်း မြေနီလမ်းကို ချိုးရသည်။ မြေနီလမ်းဟု ဆိုရသော်လည်း ချိုင့်ကပေါ၊ ခွက်ကထူ၊ ဖုန်ကများသမို့ အလှူရောက်သည့်အခါ လူက 'ပေါင်းထိုးခေါင်း' လောက်ပင် သားနားမည် မထင်တော့။

            နောက်ဆုံးပေါ် ကားသစ်၊ ညွတ်အိနေသောရွှေများ၊ အဝတ်အစားနိုင်ငံခြားဖြစ် ဒီဇိုင်းသစ်များ၊ လက်ထဲကလည်း လက်ကိုင်ဖုန်းနှင့် ဟဲန်းချိန်းနှင့် အစချီသော ဤရွှေဧည့်သည်များ အကြားတွင် မိမိသည် ရွှေဥဒေါင်းအလယ်က ငှက်လင်းတ ဖြစ်နေပြီလော မသိ။ သံဃာစင်ထက်တွင် ထိုဧည့်သည်များနှင့် ခေတ္တနေရာချထားပေးခြင်း ခံရသည်။ 'ဆရာ... ခဏနေဦးနော်' ဟူသော တပည့်မလေး၏ နှုတ်ဆက် ဦးစကားနှင့်အတူ ထိုရွှေ ဧည့်သည်များ ဝိုင်းထဲ၌ စိတ်အိုက်လှသည်။ မိမိ၏ ပုံစံအားကြည့်ကာ ရင်တွင်းမပါသော အနှစ်မဲ့ စကားသံများကို စိတ်ပျက်လှသည်။

            'သူ့စကား ငါမသိ။ ငါ့စကား သူမသိ၊ သနားပါဘိ... ' ဟုပင် ဆိုရချိမ့် မည်။ အလှူရှင်၏ ခွဲခြား ခွဲခြားနိုင်လှသော ဆက်ဆံရေးကြောင့် ပို၍ ကသိကအောက် နိုင်လှပေသည်။ ထိုအထူးစပါယ်ရှယ် ဧည့် သည်တို့ရှေ့မှာတော့ ကိတ်မုန့်၊ ငှက်ပျော၊ အရီးတောင်း လက်ဖက်များ ဖြစ်နေသော်လည်း မိမိရှေ့မှာတော့ လက်ဖက် ပဲကြမ်း၊ သတင်းစာ စက္ကူဖြတ်ပိုင်းစုတ်ကလေးမျှသာ။

            'စားနော်... ဟင်း... ဟင်း... အားနာလိုက်တာ၊ ဖြစ်သလို ဧည့်ခံရလို့ အားနာလိုက်တာ... '

            အလှူ့ဒါယကာ၊ အလှူဒါယိကာမတို့၏ ဧည့်ဝတ်ပျူငှာ လောကွတ်စကားသံများသည် သာယာ ငြိမ့်ညောင်း နားဝင်ပီယံရှိပေစွ။

            အလှူက စည်ကားလှသည်။ လူတွေက များပြားလှသည်။ မြို့ဆက် တောဆက် နှစ်ဖြာ ယှက်နွယ်နေသည့်အပြင် ချမ်းသာသော ဆွေမျိုးညာတိကာတို့နှင့်အတူ ရာထူးခံ ဆွေမျိုးကြီး များကလည်း မနည်းလှပြီမို့ အောင့်သက်သက် ဖြစ်နေသည့်ကြားကပင် မုဒိတာ နှလုံးသွင်းနေရသည်။ အလှူ၏ ထမင်းစားရုံအတွင်းမှာလည်း တစ်သုတ်ပြီး တစ်သုတ် ဝင်ချီ၊ ထွက်ချီ ပရိသတ်များ။ ထမင်းတိုက် အတွင်းကလည်း လာသမျှ မစားရ မရှိလေအောင် လူနှင့်နေရာကြည့်၍ မဏ္ဍပ်အတွင်းက ဧည့်ပရိသတ်များကို တစ်သုတ်ပြီး တစ်သုတ် ကျွေးနေသည်မှာ အားရစရာ။

            'ဟဲ့... သမီး၊ နေခြည် မြို့ကဧည့်သည်တွေကို ဧည့်ခံအိမ်ခေါ်ပြီး ထမင်းစားခေါ်သွားလေ။ နေတောင် အတော်မြင့်သွားပြီပဲ။ ဆာရောပေါ့။ အားနာစရာတောင် ကောင်းနေပြီ'

            'တကူးတက လုပ်မနေပါနဲ့၊ ကျွန်တော်တို့ ထမင်းစားဖို့ အထူး လုပ်မနေပါနဲ့။ ထမင်းစားမဏ္ဍပ်ထဲမှာပဲ စားလိုက်ပါ့မယ်'

            'အို... မဟုတ်တာ။ ကျကျနန ကျွေးဖို့ ဧည့်ခံအိမ် သပ်သပ် စီစဉ်ထားတာ။ ဒီမှာက ဘယ်သင့်တော်ပါ့မလဲ။ နေခြည်... သွား... သွား ဧည့်သည်တွေ ဧည့်ခံအိမ်ခေါ်သွားလေ... ဘာ လုပ်နေတာတုံး'

            အလှူ့ဒါယိကာမကြီး စကားသံ မိမိအား ဟန်ဆောင်ခေါ်ရန်ပင် နှုတ်မဝံ့မရဲ ဖြစ်နေရှာသူ တပည့်မလေး၏ အားနာစိတ်နှင့်အတူ ရှက်နေရှာသည့် ပုံရိပ်အား မသိ၊ မမြင်၊ မကြားဟန် ပြုနေလိုက် သည်။

            မိမိ၏ မာနတို့ကား အရည်မပျော်ဘဲ အေးစက်တင်းမာလာသည်။ ဆရာဆိုတာ 'နာသုံးနာ' ပဲလေ။

            'တပည့်မရှား၊ တစ်ပြား မရှိသည့် ထိုဆရာ မိမိသည် ဟန်ဆောင်လောက၊ ပကာသနတို့ စုဝေးရာ ဤအလှူ ဧည့်ခံမဏ္ဍပ်အတွင်း ဆရာ ရွှေဥဒေါင်းစကား ငှားပြောရသော်...

            ရင်တွင်း 'ဆူးတစ်ချောင်း...' ပေါက်ခဲ့ရသည်။

            'ထမင်း မသုံးဆောင်ရသေးတဲ့ ရပ်ဝေးရပ်နီး ကျောင်းဒကာ၊ ကျောင်းဒကာမများခင်ဗျာ ဒီအသုတ်ဟာ နောက်ဆုံးအသုတ်မို့ ဘယ်ရွာမဆို ထမင်းသုံးဆောင်ရန် ကြွကြပါခင်ဗျာ'

            မိမိအား'ဘယ်ရွာမဆို အသုတ်''ဆရာ ထမင်း မစားရသေးရင် ဝင်စားလိုက်တော့နော်။ ဒီအသုတ်ဟာ နောက်ဆုံးပဲ'ဟု အနားက အသိတစ်ယောက် စကားသံကြောင့် မစားလိုသော်လည်း အများနည်းတူ ထမင်းရုံအတွင်းသို့ ဝင်မိလိုက်သည်။

            တောအလှူ ထုံးစံက ရွာအနီးအဝေးအလိုက် တစ်ရွာပြီး တစ်ရွာ ဧည့်ခံကျွေးမွေးသည်။ ထမင်းတိုက် ပိတ်ကာနီးတွင်မူ ရွာစဉ်အလိုက် မခေါ်တော့ဘဲ ဘယ်ရွာမဆို ခေါ်ကာ စခန်းသိမ်း ကျွေးသည်လေ။

            'ဘယ်ရွာမဆို အသုတ်မို့' ဟင်းရော ထမင်းပါ စိတ်မချရပြီ။ မနပ်သော ထမင်း၊ ရေရော ဟင်းချိုနှင့်အတူ ငါးခြောက်ထက် ကြက်သွန်ဖတ်များ၊ သရက်ချဉ်အစား ပဲချဉ်၊ ဆီဒုံးခြောက်ဝေးနှင့် နှစ်ပါးသွားလိုက်ရသည်။ ပို၍ဆိုးသည်က ထမင်းစားရာတွင် ဆောင့်ကြောင့်ထိုင် မစားတတ်သော မိမိသည် ဘယ်ရွာမဆို အသုတ်တွင် ပုံမှန်လေးယောက်ထိုင်သော ထမင်းဝိုင်းတွင် ခုနစ်ယောက်၊ ရှစ်ယောက်မျှ တိုးဝှေ့ထိုင်ရင်း စိတ်ဆင်းရဲ ပင်ပန်းကြီးစွာ စားခဲ့ရသော ဤအလှူ ထမင်းတစ်နပ်ကို မှတ်မှတ်သားသားပင် ကမ္ပည်းတင်မိခဲ့သည်။

            'ရန်ကုန်က သူ‌ဋ္ဌေး...''ကုမ္ပဏီပိုင်ရှင်... ''ပွဲစား... စက်ပိုင် ...' 'ဆိုင်ကယ်သံ...' 'ကားသံ...'များက မိမိလိပ်ပြာအား ယခုတိုင်အောင်ပင် ခြောက်လှန့်နေဆဲပင်။ စိတ်မှ ခွာချသော်လည်း မရ။

            'သြော်... ကိုရယ်... အလကား စိတ်ပင်ပန်းအောင်။ ကိုယ်က ကျောင်းဆရာပဲ။ ဖြေတွေး တွေးပြီး အားလုံးကို နားလည်ပေးလိုက်စမ်းပါ'

            ဇနီးသည် စကားကြောင့် ဖြေတွေးတွေးကာ အားလုံးကို နားလည်အောင် ကြိုးစားလိုက်ရင်း သူ့ သဘော လူ့မနောကို ပြုံးပင် ပြုံးမိသွားသည်။

            သည်နေ့ နံပါတ်ခုနစ်အချိန်က နောက်ဆုံးချိန် ဖြစ်သည့်နည်းတူ 'စာရိတ္တချိန်'။ တစ်ခါက သင်တန်းတစ်ခုတွင် ပို့ချချက်အား ပြန်ကြားယောင်မိသည်။

            'ဆရာတို့ စာသင်တဲ့နေရာမှာ ဆရာတော်တော်များများက သိသိသာသာ ပညာရေးကိုပဲ အားစိုက်သင်ကြားပို့ချသလောက်၊ မသိမသာ ပညာရေးမှာတော့ အတော်လေး အားနည်းရှာကြတယ်။ တချို့ ဆရာဆရာမတွေဆို ရှိကို မရှိသလောက်ဘဲ။ အဲ... ဆရာတို့ မသိရင်မှတ်ထားပါ။ သိခဲ့ရင်လည်း စွဲအောင် ထပ်မှတ်လိုက်ပါ။ သိသိသာသာ ပညာရေးဆိုတာ သင်ရိုးမာတိကာ ပြဋ္ဌာန်းစာအတိုင်း  လပိုင်းမာတိကာနဲ့အလိုက် ပေါက်မြောက်အောင် သင်တာပဲ။ သင်ရိုးမာတိကာ ပြီးစီး ကြေညက်အောင် ဒါကျက်၊ ဒါရေး၊ ဒါဖတ်၊ ဒါဆွဲ၊ ဒါတွက်ဆိုပြီး သင်ရတာပေါ့လေ။ စာမေးပွဲမှာ အောင်ချက်ကောင်းရင် အထူးသဖြင့် ဆယ်တန်းပေါ့လေ။ ဒီအတန်းမှာ အောင်ချက်ကောင်းမှ ဂုဏ်ထူးထွက်သူများမှ အိုဗျာ... တစ်နိုင်ငံလုံး One to Ten ပေါ့ဗျာ။ အဲဒီမှာ ကိုယ့်ကျောင်းကပါရင် နာမည်ရ၊ ဂုဏ်သတင်းကျော်ဇောပြီး လက်မထောင်၊ ရင်ကော့ ဂုဏ်ယူနိုင်ကြမှာဆိုတော့ သိသိသာသာ ပညာရေးကို သိသိသာသာကြီးကိုပဲ ဖိဖိစီးစီးသင်ကြားတဲ့အပြင် အချိန်ပိုတွေနဲ့တောင် သင်ကြားပေးကြတယ်။ ကောင်းတော့ ကောင်းပါ တယ်။ အမှန်က သိပ်တော့ မမှန်သေးဘူးဗျ'

            သင်တန်းဆရာ၏ 'အမှန်က သိပ်တော့ မမှန်သေးဘူးဗျ' စကားကြောင့် မိမိပင် ပြုံးမိခဲ့သေး။

            'ကလေးတွေ အဲ... တပည့်တွေမှာ စာအုပ်ထဲက အသိတွေပဲ ရလိုက်တာ။ ပညာမရဘူး။ သညာမပါသေးဘူး။ သူတို့ရဲ့ စာရိတ္တ၊ တွေးခေါ်ဆင်ခြင်တတ်မှု အသိကို သညာဖြစ်အောင် ပညာဖြစ်အောင် အသုံးချနိုင်အောင်မှာတော့ မသိမသာ ပညာရေးက အရေးပါလာပြီ။ သင်ရိုးမာတိကာတွေ ပြဋ္ဌာန်းစာအုပ်တွေထဲမှာ မပါတဲ့ ဘဝမှာ လမ်းလျှောက်တတ်ဖို့ နေထိုင်တတ်ဖို့ ကျင့်သုံးအပ်တဲ့ လူ့စည်းကမ်း စရိုက်ကောင်းတွေရအောင်ကျတော့ မသိမသာပညာရေးက ပိုအရေး ပါလာပြီ။ တစ်နည်းပြောရရင် ကျောင်းစာအုပ်ထဲမှာ မပါတဲ့ ပညာတွေပဲ။ ဆရာတို့ စာဖတ်ကြစမ်းပါ။ ဆရာဆိုတာ စာဖတ်မှ။ ဘယ်စာမဆို ဖတ်သာဖတ်၊ မဖတ်ကောင်းတဲ့စာ မရှိဘူး။ မမှတ်ကောင်းတဲ့ စာပဲရှိတယ်။ စာများများဖတ်တဲ့ ဆရာဟာ တပည့်ကို မသိမသာ ပညာရေးမှာ ပိုသင်ကြားနိုင်ပါလိမ့် မယ်။ နောက်ပြီးတော့ ဘဝကို တကယ်လျှောက်ကြပြီဆိုရင် တပည့်ဟာ မသိမသာ ပညာရေးကို သင်ပေးလိုက်တဲ့ ဆရာကို ပိုပြီး မှတ်မှတ်သားသား ဖြစ်သွားတတ်ပါတယ်'

            ဤစကား မှန်လေစွ။

            မိမိဘဝမှာ  ကြုံဖူးခဲ့သည်လေ။ သဟာကြောင့်လည်း ဤကျောင်းမှာ မသိမသာပညာရေးကို အခြားသော ဆရာ ဆရာမများထက် ပို၍သင်ခဲ့သည်မှာ မိမိပင် ဖြစ်သည်။ ကလေးတွေကလည်း တစ်ချိန်က သိသိသာသာ ပညာရေး၊ နောက်တစ်ချိန်လာ သိသိသာသာ ပညာရေးတွေနှင့်သာ နှစ်ပါးသွား နပန်းလုံး နေရသည်မို့ မိမိအချိန်ကို ပို၍ စိတ်ဝင်စားကြသည်။ ဆရာနားနေခန်းထဲ မေ့နေ၍ နေမိလျှင်ပင် 'ဆရာ့ အချိန်ရောက်ပြီ' ဟု လာခေါ်တတ်သည်။

            ထို့ကြောင့် ကျန်သော ဆရာ ဆရာမများက 'ဆရာက သိပ်အသင်အပြ ကောင်းတာပဲ။ ဆရာ့အချိန်ဆို အတန်းငြိမ်လို့' ဟူသော စကားနှင့် အတူ 'ဂျပန် အုန်းသီးတက် လက်မှတ်'ကို အခါပေါင်း များစွာ မိမိရရှိခဲ့ဖူးသည်။

            'ဆရာက တပည့်တွေကို သိပ်ပြောတတ်တာပဲ။ ဆရာ့အချိန်ဆို ကျွန်မတောင် ဆရာ့အခန်းဘေးနားလေး ရပ်ရပ်နားထောင်မိတယ်' ဟူသော ကျောင်းက ရုံးအကူ စာရေးမလေး မသိန်းလှ စကားကြောင့် မိမိကိုယ်ကို ဘဝင်မမြင့်မိအောင် မနည်း ထိန်းထားရသည်။ မိမိကလည်း တပည့်တွေနှင့် နေရလျှင် ပျော်သည်။ စာသင်နေရလျှင် မမော။ ဆိုဆုံးမနေရသော် စိတ်ရွှင်လန်းနေတတ်သည်။ အဖြူရောင် မြေဖြူတစ်ချောင်းကို ကိုင်၍ ဘဝကို သန့်ရှင်းစင်ကြယ်စွာ သမ္မာအာဇီဝကျစွာ ရင်ဆိုင်နေရသော မိမိဘဝကို ဆင်းရဲပါစေ ဂုဏ်ယူနေတတ်သူ ဖြစ်သည်။ မိမိကိုယ်တိုင်လည်း ဆင်းရဲသူမို့ ဆင်းရဲသော တပည့်လေးများကို ပို၍ စာနာနားလည်တတ်သူ ဖြစ် သည်။ မိမိ၏ လစာလေးထဲမှပင် တတ်နိုင်သမျှ စွန့်ကြဲ ဒါနလေးတွေပင် မနည်းတော့။ စည်းနှင့် ကမ်းနှင့် နေတတ်အောင် ဆုံးမခဲ့သည်။

            ဆင်းရဲသော တပည့်လေးတွေ ခန္ဓာကိုယ် ချို့ယွင်းချက်ရှိသော၊ စိတ်အနာရနေသော ကလေးများကို 'ဟယ်လင်ကဲလား' 'လင်ကွန်း' 'ဗိုလ်ချုပ်အောင်ဆန်း' 'မာသာထရီဆာ' 'ဟစ်တလာ' 'အိုက်ခ်မန်း' မှသည် 'သခင်ကိုယ်တော်မှိုင်း' 'ကနောင်မင်းသားကြီး'အထိ အကျယ်တဝင့် ပြောတတ်တော့ ပို၍ သဘောကျသည်။ တပည့်တို့၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့ကို မိမိဉာဏ်စွမ်းရှိသလောက် ပြုစုပျိုးထောင်ခဲ့သည်။

            'နာသုံးနာ'နှင့် ထိုပီတိစား ဘဝတွင် မသိမသာ ပညာရေးကြောင့် ဘဝမှာ မှတ်မှတ်ထင်ထင် ဖြစ်ခဲ့ရသော အကြောင်းတစ်ခု ရှိခဲ့ဖူးသည်။ ရန်ကုန် စားသောက်ဆိုင် တစ်ခုတွင် အလုပ်လုပ်နေသော တပည့်လေးက ရွာရှိ သူ့မိဘများဆီသို့ စာရေးရာတွင် မိမိနှင့်ပတ်သက်သော စာသား ကလေးပါရှိခဲ့သည်။ ထိုတဲသို့ အမှတ်မထင် အလည်ရောက်သွားစဉ် 'ဆရာ့တပည့်ဆီက စာ ဆရာ' ဟူ၍ ပေးလာ၍ ဖတ်မိသည်။

            ရင်မှာ တသိမ့်သိမ့် တငြိမ့်ငြိမ့်... ။ ရင်တွင်းက ပီတိ မျက်ရည်များသည် ကြည်နူးခြင်းအတွက် သင်္ကေတ ဖြစ်ခဲ့ရသည်။

            'အဖေနဲ့ အမေ ခင်ဗျာ... သားအတွက် စိတ်မပူပါနဲ့။ အစစအရာရာ စိတ်ချပါ။ သားအလုပ် လုပ်တဲ့ဆိုင်က အရက်မျိုးစုံနဲ့ အပျော်အပါးတွေ စုံပေမယ့် သားဘဝကို သား နားလည်ပါတယ်။ သားအတွက် စိတ်ချပါအမေ။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ဆရာ ဦးကြည်ဝင်းတပည့် ဖြစ်ခဲ့ဖူးလို့ပါ'

            စာထဲတွင် မိမိနှင့် ပတ်သက်သော စာသားကလေးက ဤမျှသာ ဖြစ်သော်လည်း အဓိပ္ပာယ်က နက်ရှိုင်း ကျယ်ပြောပေစွ။

            'ကျွန်တော်ဟာ ဆရာ ဦးကြည်ဝင်းတပည့် ဖြစ်ခဲ့ဖူးလို့ပါ'

            'ကျွန်တော်ဟာ ဆရာ ဦးကြည်ဝင်းတပည့် ဖြစ်ခဲ့ဖူးလို့ပါ' ဤစာသားကလေးနှင့်ပင် နာသုံးနာနှင့် ပီတိစားဘဝကို ဖြတ်သန်းရကျိုး နပ်ခဲ့ပြီ ဖြစ်သည်။ ဒါဟာ မသိမသာပညာရေး၏ နက်ရှိုင်းစွာ စိမ့်ဝင်သွားသော သင်ကြားနည်းတစ်ရပ် ဖြစ်ပေလိမ့်မည်။

            ထို့ကြောင့်လည်း မသိမသာ ပညာရေးကို သင်ရပေဦးတော့မည်။

            'ဒီအချိန်ဟာ စာရိတ္တချိန်မို့ အေးဆေးပေါ့ကွာ။ အင်း... တပည့်တို့ကို စကားမစပ် ဆရာအတွေ့အကြုံလေး ပြောရဦးမယ်'

            စာရိတ္တချိန်မှာ တပည့်လေးများကို ရင်ထဲ စွဲမှတ်သွားစေသည့် မိမိ ဖတ်မှတ်ဖူးသော အကြောင်းအရာ ပုံပြင်ဝတ္ထု၊ ဇာတ်နိပါတ်လေးများကို ပြောပြမြဲ ဖြစ်သည်။ သေချာသည်ကတော့ တပည့်တို့ စာစီစာကုံးလေးများ ကိုယ်ပိုင်တွေးခေါ် ရေးတတ်လာခြင်းပင်၊ ဆရာ သော်တာဆွေ၏ 'မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း' ဝတ္ထုကို စိတ်ဝင်စားအောင်ပြောပြပြီး တပည့်လေးများဆီက ထင်မြင် ယူဆချက်ကလေးများကို ပြောပြစေခြင်းမျိုးဖြစ်သည်။

            သည်နေ့တော့ မိမိ၏ အလှူတွင် တွေ့ကြုံခံစားခဲ့ရသည်များကို ပြောပြမိသည်။ မထူးဆန်းသော ထိုအကြောင်းအရာအား ဟာသစွက်၍ မိမိလိုရာရောက်အောင် အစပျိုးလိုက်သည်။

            'အေးကွာ... အလှူက ပြန်လာပြီး အိမ်ရောက်တော့ ဘုရားစင်ပေါ်က တရားစာအုပ်ကလေးတွေ ရှာတယ်။ ဆရာလိုချင်တာ မတွေ့ဘူး။ အဲဒါမကျေနပ်လို့ ဆရာ စာအုပ်ဗီရိုထဲက အခြေခံ ဗုဒ္ဓဘာသာ၊ ရှင်ဇနကာ ဘိဝံသ၊ မင်းကွန်း တိပိဋက ဆရာတော်ဘုရားကြီး ရေးခဲ့တဲ့ စာအုပ်တွေထဲ ရှာတယ်။ မတွေ့ဘူးကွာ။ မကျေနပ်လို့ သာသနာရေးဦးစီးဋ္ဌာနက ထုတ်တဲ့ စာအုပ်တွေရောနေလို လလို ထင်ရှားတဲ့ ဆရာတော်ဘုရားကြီးရဲ့ စာအုပ်တွေရော ရှာတယ်။ ရှာလို့မရဘူး၊ နောက်ဆုံး ဦးဇောတိက၊ အရှင်ဆန္ဒာဓိက အထိပေါ့ကွာ။ ဆရာ လိုချင်တာမရဘူး။ အဲဒီမှာ ဘာတွေလဲဆိုရင် အနန္တော အနန္တငါးပါးမှာ ဗုဒ္ဓဂုဏော အနန္တော၊ ဓမ္မဂုဏော အနန္တော၊ သံဃဂုဏောအနန္တော၊ မာတာ ပီတုဂုဏော အနန္တော၊ အာစရိ ယဂုဏောအနန္တာ ဆိုတာပဲ တွေ့ရတယ်။

            ဇာတ်ရှိန်က တက်လာပြီမို့ တပည့်များ စိတ်ဝင်စားစွာဖြင့်  ဆရာ့စကားအဆုံးကို  မျှော်လင့်နေကြသည်။ မိမိစကားကို ပြန်ဆက်သည်။

            'ဆရာ ရှာနေတာက အနန္တော အနန္တငါးပါးထဲမှာ ပွဲစားဂုဏော အနန္တော၊ ရန်ကုန်က သူဋ္ဌေးကြီး ဂုဏော အနန္တောဆိုတာများ ပါရှိလေမလားရယ်လို့ပါ'

            စည်းဝါး တိုက်မထားဘဲ တပည့်များ ဝါးခနဲ ပွဲကျသွားသံက ညီညာစွာပင်။

            'ဒီတော့ကွာ၊ ဆရာ့ တပည့်တွေကို တစ်ခု မှာချင်တယ်။ တောင်းပန်ချင်တယ်။ မေတ္တာရပ်ခံချင် တယ်။ ဆရာ့ကို ဆရာလို မဆက်ဆံတတ်တဲ့ မိဘတွေ ရှိခဲ့ရင် အဖေ၊ အမေ၊ ကျွန်တော်၊ ကျွန်မတို့ ဆရာကိုတော့ မဖိတ်ပါနဲ့လို့ ပြောပေးကြပါ'

            မိမိ ပြောဖြစ်ခဲ့သည့် စကားများအပေါ်တွင် ဆရာ့အပေါ် ရာနှုန်းပြည့် မဟုတ်တောင် အတော်များများကတော့ နားလည်ခံစားနိုင်စွမ်း ရှိကြလိမ့်မည်ဟု မိမိယုံကြည်မိခဲ့သည်။

            ထို့အတူပင် မိမိရင်က ဝေဒနာ အစိုင်အခဲတစ်ခုသည် ပေါ့သွားသယောင်..။

            'ကိုရေ... ဗိုလ်တဲဘက်က ကိုယ့်တပည့်လေး ကိုယ်တိုင် လာဖိတ်သွားတယ်။ ပေါလံလို့ ပြောသွား တယ်။ ဆရာ့ကို ဆက်ဆက်လာဖို့လည်း မှာသွားတယ် ရော့...'

            အိမ်သူ ပေးလာသော ဖိတ်စာကလေးကို ယူလိုက်သည်။ ဖိတ်စာနှင့်အတူ ဒူးယားကလေး တစ်လိပ်။

            ဖိတ်စာကလေးက ကွန်ပျူတာ စီထားသော လက်တစ်ဝါးသာသာ ဖိတ်စာကလေး၊ ဟိတ်မရှိ၊ ဟန်မရှိ။ မခန့်ညားပါ။ 'ပေါလံ' ဆိုတာက မိမိရဲ့ လက်ရင်း တပည့်လေး။ 'ဗိုလ်တဲ' ဆိုသည်မှာ ယခင်က အစိုးရ အမှုထမ်း၊ အရာထမ်းများလာရောက်က တည်းခိုရန် ဆောက်ထားသော အဆောက်အအုံကို အစွဲပြု၍ ခေါ်တွင်ခြင်း ဖြစ်သည်။ ယခင် ကိုလိုနီခေတ်က ရှိခဲ့သော်လည်း ယခုမူ နေရာသာရှိ၍ ဗိုလ်တဲစုဟု အမည်တွင်နေသော်လည်း ထန်းသမားများ စုဝေးသော နေရာလေးပင် ဖြစ်နေပေသည်။ အဆောက်အအုံလည်း မရှိတော့ပေ။ အများစုက ထန်းပိုင် ယာပိုင်ထက် ထန်းအငှား သမားများသာ။ 'သုံးနေ့ တစ်နေ့' ပြောပြော 'သုံးစု တစ်စု'ဆိုဆို ရင်းထောင်ထောင်ပြောင်၊ ရင်းထောင်လဲ မွဲနေကြသည့်ဘဝကို ပိုင်ဆိုင်ကြသူများဖြစ်သည်။ ထိုသို့သော လူတန်းစားစုကလေး အခြေစိုက်ရာ ဒေသပေမို့ 'တိုင်ထောင် တစ်နပ်ကျွေး' အလှူကလေးပင် ဖြစ်တန်ရာသည်။

            'တိုင်ထောင် တစ်နပ်ကျွေးအလှူ' ဆိုသည်မှာ ဆိုင်းမထည့်နိုင်၍ အသံချဲ့စက်ငှားကာ လော်စပီကာကို တိုင်ထောင်၍ ချိတ်ရင်း တစ်နပ်ကျွေးဖြင့် အကျဉ်း ချုံးရသော အလှူမျိုး ဖြစ်သည်။ ရွာကားလမ်းဘေး၏ မြောက်ဘက် တခေါ်သာသာဆိုလျှင် ဗိုလ်တဲစုကို ရောက်ပေသည်။

            'ပေါလံ'ဆိုသည်မှာ အဖေမရှိ ရှာတော့။ သူ့ အဖေက မိမိနှင့် ခင်မင်သည်။ ထွေးညိုနှင့် တေးဆို တတ်သော မိမိအတွက် ဗိုလ်တဲစုသည် တရင်းတနှီး ရှိလှသည်။

            'ဆရာလေးရေ... ဒီတစ်နွေတော့ ဆရာ့တပည့် သင်္ကန်းချည်ပေးမှ ဖြစ်တော့မယ်။ အင်း... မနှစ်က မငြိမ်းသာ ဆေးရုံစရိတ် ထောင်းသွားလို့ ဒီတစ်နွေတော့ မဖြစ်ဖြစ်အောင် လုပ်မယ် အားခဲထားတယ် ဆရာလေးရာ... '

            သူ အားခဲထားသော နွေမှာပင် ထန်းပင်ထက်က လေဟုန်စီးရင်း သူ့အိပ်မက်များသည် သူ့ခါးက မြူအိုးများနည်းတူ ကွဲကြေအက်မွ သွားခဲ့သည်။

            'ဖတဆိုးရှင်ပြု' ပေမို့ မိမိ သွားခဲ့ရပါသည်။

            'ဆရာ... ဆရာ... လာတယ်နော်'

            တပည့်လေးက ရွှင်လန်းတက်ကြွစွာ။

            'ဆရာ့ကို မြင်တော့ ကိုရင်သာဂိကို အမှတ်ရလိုက်တာ'

            မငြိမ်းသာက ဝမ်းနည်း ဝမ်းသာ စကားဆိုလာသည်။ မိမိရောက်သည်မှာ နေမြင့်ပြီမို့ ဧည့်ပင် ကွဲစပြုနေပြီ။

            မဏ္ဍပ်မပါ ယိုင်ပတ်ကာပြီး ဝါးလုံးထိပ်ဖျားက လော်စပီကာကြောင့်သာ အလှူမှန်း သိရပေလိမ့်မည်။

            'အလှူ့ရှင်ကြီးက စေတနာပိုပို ဦးပိုလို့ ခေါ်ကြပါ။ အလှူ့အမကြီးက စေတနာပိုပို ဒေါ်ပိုလို့ ခေါ်ကြပါ'

            အသံချဲ့စက်က စိန်ဓူဝံ၏ ဆိုင်းခွေဖွင့်နေသည်မို့ မခြောက်ကပ်လှ။ ပကာသန မပါသော အလှူကလေးမို့ ပကာသနမပါသော လူများသာ လာကြပေသည်။

            'ပဲဟင်း... ပဲဟင်း လိုက်တဲ့ကောင်... ဒီမှာ... ပဲဟင်း...'

            'သရက်ချဉ် ထည့်ပါဦး ဗျို့'

            'ငရုတ်သီးကြော်... ငရုတ်သီးကြော်'

            ထန်းသမားအများစု၊ ဆင်းရဲသား အများစု၊ ပွင့်လင်းသော လူတန်းစား အများစုပေမို့ မိမိအတွက် အနေမခက်။ တရင်းတနှီး ပွင့်လင်းမှုနှင့်အတူ မိမိအနေခက်အောင်ပင် လေးစားမှုက ပိုနေသေးသည်။

            'ဆရာ ထမင်းသုံး ဆောင်ရအောင်၊ ဟဲ့... ပေါလံ၊ မင်းဆရာကို ခေါ်လေ'

            တပည့်လေး အမေ၏ စကားသံနှင့်အတူ မိမိကို တဲပေါ်သို့ ခေါ်သွားသည်။ မိမိအတွက် သီးသန့်ပြင်ထားသည်က ဘုရားစင်နားမှာ။ ထမင်းစား ခုံပုစားပွဲဝိုင်းကလေးတွင် စားပွဲခင်းကို သပ်ရပ်စွာ ခင်းထားသည်။ လက်ဆေးဇလုံ၊ ဆပ်ပြာခွက်၊ သန့်စင်သော လက်သုတ်ပဝါ နှင့်အတူ အငွေ့တထောင်းထောင်း ထနေသော ပကာသနမပါသည့် ထမင်းပွဲကလေး။

            အသား မပါ၊ ငါး မပါ။

            ပဲဟင်းဆို ပူပူလေး၊ ငါးပိကြော်စပ်စပ်၊ သရက်ချဉ်သုတ်ကလေးနှင့် အတူ ထမင်းက မြိန်လှသည်။

            တပည့်လေးက ဘေးကနေ ယပ်ခတ်ပေးနေရင်း...

            'အဖေက အလှူလုပ်ရင် ကုသိုလ်ကို ငရဲနဲ့ ရင်းပြီး မယူပါနဲ့၊ မလှူပါနဲ့ဆိုလို့ အသားဟင်း မပါတာ။ ဆရာ့ကို အားနာလိုက်တာ' ဟု ပြောလာသည်ကို 'မင်းက ဆရာ့ကို အထင်သေးတာလား'လို့ ပြောလိုက်မှ စကားတိတ်သွားသည်။

            'တပည့်လေးရာ... ဧည့်ခံတဲ့ နေရာမှာ ပကာသနမပါတဲ့ ဆရာ့ကို ဆရာလို သိတတ်တဲ့ မင်းတို့ရဲ့ ဘုရားစင်နားက ထမင်းပွဲကလေးကို ဆရာအမြဲ သတိရနေမှာပါ'

            ထမင်းစားအပြီး အုန်းဆံ၊ ငှက်ပျောသီးဖီးကြမ်းနှင့် ထန်းလျက်ဖြူဖြူကို အားပါးတရစားရင်း သည်စကားကို ရင်နှင့်နှုတ်ဖျား ထပ်တူညီမျှခြင်းပြုကာ ပြောမိသည်။

             သည်စကားလေးနှင့် အတူ အိမ်ပြန်ရောက်သည့်အခါ ဖိတ်စာကလေး နှစ်စောင်ကို ပြန်ရှာ၍ ယှဉ်ကြည့်မိသည်။

            သက်မဲ့ ဖိတ်စာကလေး နှစ်စောင်က စကားမပြောတတ်သော်ငြားလည်း... ။    

ကိုလှိုင်ကြည်ဝင်း

(အမှတ် ၂၀၁၊ သြဂုတ်လ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

            


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ညနေရီရဲ့ရနံ့
ငြိုသီစံ

ကြယ်ပွင့်လေးတွေနှင့် မှုန်းထားသော ကောင်းကင်မှောင်မှာ ဆရာမလေးမျက်နှာကို ရှာဖွေကြည့်ချင်သည်။ ကောင်းကင်တံခါးပိတ်လိုက်တော့ မြင်ကွင်းအားလုံး ပျောက်သွားသည်။ ရထားအတွင်းပိုင်းကတော့ မီးလင်းနေသေးသည်။