သဲထူး
မေလရဲ့ မိုးတိမ်တွေက စိတ်ကို ဟိုးအဝေးဆီ လုယူသွားနေကြချိန်၊ ရင်ထဲမှာလည်း လက်ပံပင် ဆက်ရက်ကျနေသလို အသံတွေက ကျွက်ကျွက်ညံလို့။ လက်ဖဝါးကို ဆုပ်ချည်ဖြန့်ချည် လုပ်နေရင်းကပဲ ဝေဒနာဟာ လူကောင်ထွားလာတယ်။
အထွေးလေးရယ်။
အောက်နှုတ်ခမ်းကို ဖိကိုက်ပြီး
မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရတယ်။
မမြင်ကွယ်ရာအရပ်မှာ
ကျွန်တော်နဲ့ ကျွန်တော် တဖျစ်ဖျစ် ကျွမ်းလောင်နေသလိုမျိုး။ မာရ်နတ်ရဲ့
လက်ပေါင်းတစ်ထောင်ကြားမှာ ကျွန်တော်နဲ့ ကျွန်တော် တဗွမ်းဗွမ်း ကူးခတ်နေရသလိုမျိုး။
တစ်ရှိန်ထိုး ထိုးထွက်လာတဲ့
အမည်မဖော်နိုင်မှုတွေ ကြားမှာ တရိရိ နှမ်းလိုက်လာခဲ့တယ်။
ဘယ်လိုတည်ငြိမ်မှုနဲ့မှ
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထမ်းပိုးထားလို့ မရနိုင်ခဲ့ဘူး။
ကော်ဖီဆိုင်လေး တစ်ဆိုင်ရဲ့ နံရံကိုမှီပြီး
ကိုယ့်ကိုယ်ကိုယ် သီချင်းအပုဒ် နှစ်ဆယ်လောက်နဲ့ စောင့်ရှောက်ထားရကောင်းမလား။
ဒါမှမဟုတ် ဝီစကီနှစ်ပတ်ထဲ ရေခဲတုံးလေးတွေ ဖြည်းဖြည်းချင်းထည့်ရင်း ပစ္စုပ္ပန်ရဲ့
ဖြစ်တည်မှုကို ခေါက်သိမ်းထားရ ကောင်းမလား။
နားစွင့်ကြည့်လိုက်တော့
အပေါင်းအသင်းတွေကြားမှာ အလှပြင်နေတဲ့ အထွေးရဲ့ ရယ်သံဝါဝါလေးကို ကြားလိုက်ရတယ်။
အထွေးရယ်...နင် ပျော်နေလား။
.............။
အေးလေ...အထွေး ပျော်နေမှာပေါ့။
ရပ်နေတဲ့ နေရာမှာပဲ ကျွန်တော်
ဆက်ရပ်နေမိတယ်။ ပြေးထွက်သွားတဲ့ အကြည့်တွေကလည်း ဝါရော်ညွတ်တွားနေတဲ့
ရှုမျှော်ခင်းတွေနဲ့ပဲ တိုးမိတိုက်မိတယ်။ မနက်ဖြန်ဆိုရင် ဒါကို
ခေါင်းစဉ်တစ်ခုတပ်ပြီး လွမ်းရတော့မယ်။
အဲဒီလို တွေးမိလိုက်တော့ စိတ်က
ပြန်မရတော့တဲ့ ကလေးဘဝထဲ နောက်ကျွမ်းပစ်ပြီး ဝင်သွားတယ်။
တွေ့တယ် မဟုတ်လား။
ဟိုမှာ...
ဟိုမှာ...
အဲဒါ အထွေးပေါ့။ အမေ ထွေးထုပ်ထားတဲ့
အနှီးပုခက်ထဲမှာ အိအိအဲ့အဲ့အော်လို့။ သူ နေမကောင်းဘူး။ မုန့်စားဆင်းချိန်ရောက်ရင်
ဆရာမကို ခွင့်ပန်ပြီး အိမ်ကို ခဏ ကျွန်တော် ပြန်ရဦးမယ်။ ဒီကနေ့တော့ အမေ
ပေးလိုက်တဲ့ မုန့်ဖိုးငါးမူးကို ဘာမှဝယ်မစားဘဲ သိမ်းထားရမယ်။ ကျောင်းရှေ့မှာ
ဂျုံနဲ့ လုပ်ရောင်းတဲ့ အရုပ်ကလေးတွေကို အထွေးသာရရင် သိပ်ပျော်မှာ။
ဆရာမရယ် ကျွန်တော့်ကို
အိမ်ခဏပြန်ခွင့်ပြုပါ။ အထွေးလေး နေမကောင်းဘူး။ သူ့ကို ကျွန်တော် အရုပ်ကလေး
ပြန်ပေးချင်လို့ပါ။
အဲဒီလိုနဲ့ ကျွန်တော် ဝယ်လာတဲ့
အရုပ်ကလေးကိုမြင်တော့ အနှီးပုခက်ထဲကနေ အထွေးက မမီမကမ်း လှမ်းဆွဲတယ်။ အေး...အေး...
ပေးမှာပေါ့ အထွေးရယ်။ဆတ်ခနဲ အထွေးကို ကျွန်တော် ကောက်ချီလိုက်တော့...
'ဟဲ့...ဟဲ့၊
သား မနိုင်မနင်းနဲ့ကွယ်။ ညီမလေး လွတ်ကျနေပါဦးမယ်'
အမေက ပြောတယ်။
'ရပါတယ်
အမေရဲ့။ အထွေးကို သားနိုင်ပါတယ်'
မြင်တယ် မဟုတ်လား။
အထွေးက
ကျွန်တော့်လက်ထဲမှာ
ဝူးဝူးဝါးဝါးအော်လို့။
အဲဒီလိုမျိုး။
အဲဒီလိုမျိုး။
အထွေးရယ်...နင်ဟာ
ငါ့လက်ပေါ်မှာ ကြီးလာတာပါဟာ။
အဲဒီမှာပဲ
ကျွန်တော့်မျက်လုံးတွေ ချော်လဲကျတယ်။ နံရံကို ဝုန်းခနဲ လက်သီးနဲ့ ပစ်ထိုးလိုက်ရင်
ကျွန်တော့်ခံစားမှုဟာ ပြိုကွဲသွားမလား။ ကြည့်ပါဦး။ အိမ်ကလေးကပါ ကျွန်တော်နဲ့
ရောပြီး လှိုက်ဖိုနေသလိုမျိုး။ ပါးစပ်ကို ဖွင့်ပြီး 'ဟား'ခနဲ လုပ်ပစ်လိုက်ရတယ်။
ပြောပါ။
Britney Spears ကလာနှစ်သိမ့်ပေးရင်တောင်မှ ဖြေသိမ့်လို့ မပြေနိုင်တော့တဲ့ ကံကြမ္မာ
အရှိုးရာတွေနဲ့။ ဆုံးရှုံးရတော့မယ့်အရေးကိုပဲ သပ်သပ်ရပ်ရပ်နဲ့ မျှော်လင့်တကြီး
စောင့်ဆိုင်းနေခဲ့ရတယ်။
အထွေးရေ...
နင့်အစ်ကို
ငါဟာ သံယောဇဉ်ကြီးသကွဲ့။ အစွဲအလမ်းကြီးသကွဲ့။ ခံစားမှုနဲ့ ကြုံလာရင် နေဖို့ညစာ
ချန်ထားတတ်သကွဲ့။ ဆံပင်ကို သပ်တင်ပြီး အိမ်ကလေးပေါ်ကနေ ဆင်းလာခဲ့တယ်။ မေလရဲ့
မိုးတိမ်တွေဟာ ကျွန်တော့်ခေါင်းပေါ်မှာ မျောလို့ရွေ့လို့။ ဝေလီဝေလင်း
ငှက်ကလေးတွေကလည်း သရက်ပင်ပေါ်မှာ ကျလိကျလိနဲ့ အော်မြည်လို့။ မြင်မြင်သမျှကိုပဲ
လက်နှစ်ဖက်နောက်ပစ်လို့ ယိုင်နဲ့နဲ့ ရပ်ကြည့်နေမိတော့တယ်။ အဲဒီမှာပဲ ကားတစ်တန်းဟာ
ကျွန်တော့်မြင်ကွင်းထဲ ဝင်လာတယ်။
ကြည့်နေရင်း
ကြည့်နေရင်းနဲ့ ကားတစ်တန်းဟာ ကျွန်တော့်ရှေ့ကို ရောက်လာတယ်။ ပြီးတော့ ကားတံခါးဟာ
ပွင့်ဟလာတယ်။ အဖြူရောင်အင်္ကျီနဲ့၊ ပိုးပုဆိုးနဲ့ ဆံပင်ကို တိတိကျကျ ဖြီးသင်လို့။
၂၇နှစ်သားဟာ ကောင်းမွန်သောအပြုံးနဲ့ ကားပေါ်က ဆင်းလာတယ်။ မြင်မြင်ချင်းပဲ သူ
ကျွန်တော့်ကို နှုတ်ဆက်တယ်။ ပြီးတော့ ခိုင်မာတဲ့ခြေလှမ်းတွေနဲ့ အိမ်ကလေးပေါ်
နင်းတက်သွားတယ်။
အဲဒီအတိုင်းပဲ
ကျွန်တော် ရပ်ကြည့်ကျန်နေရစ်ခဲ့တယ်။ တောက်တစ်ချက်မှ မခေါက်ဘဲ ကြေကွဲနေရတဲ့အဖြစ်ဟာ
သူရဲကောင်းဆန်နေသလား။ အဲဒီလိုနဲ့ သံဃာတော် တွေ ကြွမြန်းလာတယ်။ အဲဒီလိုနဲ့ Royal တွေ ရောက်လာတယ်။ အဲဒီလိုနဲ့ နှစ်ဖက်သော လူကြီးမိဘတွေလည်း စုံပြီ။
အိမ်ကလေးပေါ်မှာ မင်္ဂလာတရားကို
ဟောကြားတော့မယ်။
'ကိုသေး...အိမ်ပေါ်ကို လာလေ'
အထွေးက ကျွန်တော့်ကို လှမ်းခေါ်တယ်။
အဲဒီလိုပဲ။ အမှန်က အထွေး ကျွန်တော့်ကို ခေါ်တာ 'ကိုလေး သေးသေး'ပါ။ ခေါ်ရင်းခေါ်ရင်းနဲ့ 'ကိုသေး' ဖြစ်သွားတာ။
ပင့်သက်ကို တစ်ချက်ရှိုက်ချလိုက်ပြီး
အိမ်ကလေးဆီ ကျွန်တော် ပြန်လှမ်းလာခဲ့တယ်။ သံဃာတော်တွေ ဟောကြားနေတဲ့
မင်္ဂလာတရားတော်ကို အတိုင်းသား ကြားနေရတယ်။ ခန်းဆီး လိုက်ကာစကို ပင့်မပြီး
ဧည့်ခန်းထဲ ကြည့်လိုက်တော့ အထွေးနဲ့ ၂၇ နှစ်သားက သံဃာတော်တွေရှေ့မှာ
လက်အုပ်ချီမိုးလို့။
ပန်းနုရောင် ဇာဝမ်းဆက်နဲ့ ပြေပြစ်နေတဲ့
အဲဒီ အထွေးကို မျက်စိတဆုံးပဲ ကျွန်တော် ငေးကြည့်နေမိတယ်။
ဒါ...နောက်ဆုံးလား။ ဆိုးပါဦး၊
နွဲ့ပါဦး အထွေးရယ်။
စိတ်ကောက်နေတဲ့ ငါ့ညီမကို
ရယ်မောနောက်ပြောင်ရင်းနဲ့ ငါ ပြန်ချော့ချင်သေးလို့ပါ။ ခေါင်းမာတတ်တဲ့ ငါ့ညီမရဲ့ ဉာဉ်ကလေးကို
ဆေးပေါ့လိပ်တစ်လိပ် ဖွာရှိုက်ပြီး လိုလိုလားလား ငါအသိအမှတ် ပြုချင်သေးလို့ပါ။
အထွေး...။
ကျွန်တော့် နှုတ်ခမ်းတွေကအစ
နာကျင်နေတယ်။ ပြီးရင် မင်္ဂလာခန်းမကို အထွေး သွားတော့မယ်။ ပြီးရင် ၂၇ နှစ်သားရဲ့
ခေါ်ဆောင်ရာ နောက်ကို အထွေးလိုက်သွားတော့မယ်။ ပြီးရင် တနယ်တကျေးမှာ အထွေးဟာ သူ့
ရဲ့ ဒုတိယဘဝကို ထူထောင်တော့မယ်။
အထွေး...
နင် တကယ် ငါတို့ကို
ခွဲသွားတော့မှာလား။ နင်ဟာ ငါတို့အိမ်မှာ အထွေးဆုံးလေးပါ အထွေးရယ်။ မြင်နေရက်နဲ့
မပိုင်တော့သလိုဘဲ။ ကျွန်တော့်အကြည့်တွေ ခါးရိုး ကျိုးပြီ။ အဲဒီကြားကပဲ အထွေးကို
ကျွန်တော် ဆက်ကြည့်နေမိတယ်။
အဲဒီကောင်မလေးဟာ ၂၆ နှစ်လုံးလုံး ကျွန်တော့်
မျက်စိအောက်မှာ နေလာခဲ့တဲ့ ကောင်မကလေးပါ။ အဲဒီ ကောင်မကလေးဟာ ဟက်ဟက်ပက်ပက်
ပြုံးရယ်တတ်တဲ့ ကျွန်တော်တို့အိမ်က ခြူလုံးကလေးပါ။ အဲဒီကောင်မကလေးဟာ 'အဲလက်စ်'နဲ့ 'တောင်ကြီးမောက်မယ်'ကို
နှစ်ခြိုက်သူပါ။
ကြည့်နေရင်း ကြည့်နေရင်းနဲ့ အထွေးဟာ
ကျွန်တော့်ရဲ့ အဝေးကြီးကို ရောက်သွားသလိုပဲ။ ရင်ထဲက လှိုက်လှိုက်လှဲလှဲ
ခေါ်နေတဲ့လက်တွေနဲ့ လှမ်းလှမ်းဆွဲနေတာတောင်မှ လွတ်လွတ်ထွက်လို့။
အထွေးရယ်...
ငါတို့ သေကွဲ မကွဲ၊ ရှင်ကွဲ ကွဲပြီ။
အဲဒီအသိဟာ ကျွန်တော့်ရင်ထဲမှာ
စွတ်ရွတ်ပြေးလွှားနေတယ်။ ဒီနေရာမှာ 'မချိတင်ကဲ' ဆိုတဲ့ စကားလုံးကို ခဏသုံးလို့ ရမလား။ နောက်ဆုံးတော့ စကားလုံးဟာ
ခံစားမှုနောက်ကို မလိုက်နိုင်တာနဲ့ ချန်လှပ်ထားရစ်ခဲ့တယ်။
ဒီလိုပါပဲ အထွေးရယ်။
အတောင်စုံတော့ နင် အဝေးကို
ပျံပြီပေါ့။ ငါတို့ မောင်နှမတွေဟာ တစ်ယောက်ကို တစ်ယောက် လက်ဆင့်ကမ်း သယ်ဆောင်ပြီး
ချီတက်ခဲ့ကြတယ်။ ငါတို့မောင်နှမတွေဟာ အကြမ်းတမ်းဆုံး ခရီးတွေမှာ ကိုယ့်ကိုယ်ကိုယ်
သီချင်းလုပ်ဆိုရင်း မိုးလင်းခဲ့ကြတယ်။ ငါတို့မောင်နှမတွေဟာ တစ်မြစ် ထဲမှာ
အတူတူစီးဆင်းနေတဲ့ သစ်ဖောင်ကလေးတွေ ဖြစ်တယ်။
အဲဒီအသိနဲ့ပဲ ငါတို့
ကျန်နေရစ်ခဲ့ပါ့မယ်။
အထွေး...။
အထွေးနဲ့ ၂၇ နှစ်သားက နှစ်ဖက်သော
လူကြီးမိဘတွေရှေ့မှာ လက်မှတ်ရေးထိုး နေကြပြီ။ ကြည့်လိုက်တော့ Royal တွေရဲ့ ခွန်းခြွေစကား ကြားမှာ အထွေးက မြမြကလေး ပြုံးရိပ်သမ်းလို့။
သြော်...
အထွေး၊ အမိုက်မ ကလေး နင်ကတော့
ပြုံးနေနိုင်တယ်ပေါ့။ ငါ့မှာတော့... စိတ်ကလည်း နာချင်တယ်။ ခါးရိုးကျိုးနေတဲ့
အကြည့်တွေကလည်း လေထဲမှာ ဖတ်သီ ဖတ်သီနဲ့ ဖြစ်လို့။ ဟယ်... တတ်နိုင်ပါဘူး။ သင်းထိုက်
နဲ့ သင်းကံရှိပစေတော့။
ခန်းဆီးလိုက်ကာစ နောက်ကနေ ချာခနဲ
ကျွန်တော် ပြန်ဆုတ်လာခဲ့တယ်။ ဒါပေမယ့် အထွေးရဲ့ အိပ်ခန်းကလေးရှေ့ရောက်တော့
မနေနိုင်ဘူး။ ဝင်ကြည့်မိပြန်တယ်။
အထွေးရဲ့ အိပ်ခန်းကလေးဟာ
သပ်ရပ်သန့်ရှင်းလို့။ အဲဒါကလွဲရင် အထွေးရဲ့ အိပ်ခန်းကလေးဟာ အရင်လို ပုံစံတကျ
ရှိမနေတော့တာတော့ သေချာတယ်။
အထွေးရဲ့ မှန်တင်ခုံလေးပေါ်မှာ
အထွေးရဲ့ အလှပြင်ပစ္စည်းတွေ မရှိတော့ဘူး။ အထွေးရဲ့ ဗီရိုထဲမှာ အထွေးရဲ့ အင်္ကျီထဘီတွေ
မရှိတော့ဘူး။ အထွေးရဲ့ ခေါက်ခုတင်လေးပေါ်က အိပ်ရာခင်းက အစ အထွေး
သိမ်းဆည်းထားခဲ့ပြီးပြီ။
အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ
အကျင့်တစ်ခုရှိတယ်။ ညည လမ်းတကာကနေ ပြန်လာတဲ့ ကျွန်တော်က အိမ်ကို ရောက်တာနဲ့
အရင်ဆုံး အထွေးရဲ့အခန်းကလေးကို လှစ်ဟကြည့်လေ့ ရှိတတ်တယ်။ အဲဒီလို ကြည့်လိုက်တိုင်း
အထွေးက ခေါက်ခုတင်လေးပေါ်မှာ ကွေးကွေးလေး အိပ်နေလေ့ ရှိတတ်တယ်။ ဒါကို မြင်မှ
စိတ်ချလက်ချနဲ့ ကျန်တဲ့ အလုပ်တွေကို ကျွန်တော် ဆက်လုပ်လေ့ရှိတယ်။
နောက်ညတွေ ဆိုရင်တော့ အဲဒီခေါက်ခုတင်လေးပေါ်မှာ
အထွေးက ကွေးကွေးလေး ရှိနေတော့မှာ မဟုတ်ဘူး။ လမ်းတကာကနေ အိမ်ပြန်ရောက်တာနဲ့
ကျွန်တော် ညတွေကလည်း အထွေး မရှိတော့တာသိရက်နဲ့ မပြင်နိုင်တဲ့ အကျင့်ဟောင်းအတိုင်း
အထွေးရဲ့အခန်းကလေးကို ဟိုအရင်ကလိုပဲ လှစ်ဟလို့ ကြည့်မိလိမ့်ဦးမယ်။ အဲဒီ အခါ...။
အထွေးရေ...
အထွေးရေ...
အထွေးရေ...။
ခေါက်ခုတင်လေးပေါ် ကျွန်တော်
ထိုင်ချလိုက်တယ်။ အထွေးရဲ့ခြေရာလက်ရာတွေ၊ အထွေးရဲ့ အသံနေ အသံထားတွေ၊ အထွေးရဲ့
ကြည့်ပုံပြုံးပုံတွေ၊ အခန်းက လေးထဲမှာ တဖျပ်ဖျပ်နဲ့။
ကြက်ခြေခတ်တွေကို လွယ်ပိုးထားရတဲ့
ဇီးကွက်ရုပ် စုဘူးလေးလို ကျွန်တော့် ရင်ခွင်တစ်ခုလုံးဟာ တင်းကျပ်လာတယ်။
Underground ကချေသည်တွေလို
ခပ်ရိုင်းရိုင်းပဲ ကိုယ့်ကိုယ်ကိုယ် ဖွင့်ထုတ် လိုက်ချင်တယ်။ ဒါမှမဟုတ်
ပန်းမြိုင်လယ်က ကျော်ဟိန်းရဲ့မုဒ်နဲ့။ ဒါမှမဟုတ် Performance တစ်ခုခုနဲ့။
ဖွင့်ထားတဲ့ ကဗျာစာအုပ်နဲ့
တရုတ်စံကားပန်းလေး ကြားမှာ သံဆူးကြိုးတွေ ချထားမယ်။ ပြီးတော့ သင်္ဘောဆေးအနီရောင်နဲ့
ပက်မယ်။
ခုတော့...နှုတ်ဆက်စကားကို
ဘယ်လိုပြောကြားမလဲ။ ဟိုးအရှေ့မှာ အလီဘာဘာနဲ့ ခိုးသားငါးဆယ်လည်း ရှိချင်ရှိမယ်။
ခရစ္စမတ်ဘိုးဘိုးလည်း ရှိချင် ရှိမယ်။
အဲဒီအထွေးရဲ့ မနက်ဖြန်အကြောင်း
စဉ်းစားမိပြန်တော့ အဲဒီအထွေးရဲ့ မျက်လုံး ကလည်ကလည်လေးတွေကို မြင်ယောင်မိပြန်ရော။
အထွေးရေ...မျက်နှာစိမ်းတွေကြားမှာ နင်တစ်ယောက်တည်း ဖြစ်ပါ့မလား။
သံယောဇဉ်က သံယောဇဉ်ကို စိတ်မချဘူး။
ရယ်မောပြောဆိုခဲ့ဖူးတဲ့ စကားဝိုင်းတွေ ဒီကနေ့မှ ကျယ်လောင်လွန်းနေတယ်။
ဟုတ်ပါရဲ့ အထွေးရယ်။ ဒီကနေ့မှ ငါတို့ကြားက
အရာရာကို တံခါးပိတ်လို့ မရနိုင်အောင် ဖြစ်နေတယ်။ ဟိုချောင်က တိုးထွက်လာလိုက်၊
ဒီအမှောင်က ရုန်းထွက်လာလိုက်နဲ့။ နင်မှတ်မိသေးလား အထွေး။ ငယ်ငယ်က နင်
ဆံပင်မသန်လို့ ခဏခဏ ခေါင်းတုံးရိတ်ရတာလေ။ နောက်ဆို နင့်ကို 'ခေါင်းတုံးမ'လို့ ဘယ်သူက ခေါ်မလဲ။
နင် မှတ်မိသေးလား အထွေး။ သေနတ်ပစ်တမ်း
ကစားတုန်းက ငါ သရက်ပင်ပေါ် တက်ပုန်းတာလေ။ ပြီးတော့ သရက်ပင်ပေါ်က ခုန်အချမှာ အောက်က
အိုးခြမ်း ကွဲပေါ် တည့်တည့်ကျရော။ ငါ့ညာခြေဖဝါး တစ်ချောင်းလုံး သွေးတွေရဲလို့။
ငါ့ကို ကြည့်ကြည့်ပြီး နင် ငိုတာလေ။
အထွေးရယ်။
ဒီဘဝ ဒီအခြေအနေမှာ နေသားတကျ
ရှိနေပြီဖြစ်တဲ့ ငါတို့အိမ်ကလေးထဲ မကြာခင်ဆို ကွက်လပ်တစ်ခုဟာ ကြီးစိုးတော့မယ်။
အဲဒီကွက်လပ်ဟာ ညညဆို နဂါးလို အမောက်ထောင်ပြီး ကြယ်ငေးသူ ငါ့ကို တဖူးဖူးနဲ့
လိုက်မှုတ်လိမ့်ဦးမယ်။
ဒါကို ငါ ဘယ်လို ခုခံမလဲ။
ပြောပါဦး အထွေးရယ်။ နင့်အစ်ကို ငါဟာ
ယုံကြည်ချက်ကို ရှေ့တန်းတင်ပြီး မိုက်မဲနေသူကြီးလေ။ ငါ့နောင်ရေးကို
စိတ်မအေးနိုင်တဲ့ မျက်လုံးကလေးနဲ့ ကြည့်ပါဦး အထွေးရယ်။ ပန်းဆိုးတန်းက
စာအုပ်အဟောင်းတန်းကို ခဏခဏ သွားတတ်တဲ့ငါ့ကို မုန့်ဖိုးတွေစုစုပြီး ခရီးစရိတ် တွေ
ထုတ်ပေးပါဦး အထွေးရယ်။ 'ထူးအိမ်သင်က အမေ့ရဲ့ဒုက္ခအိုးလေး' 'ငါက ၂၉ နှစ်
ပြည့်တော့မယ်။ အမေ့ရဲ့ ဒုက္ခအိုးလေး မဟုတ်တော့ဘူး။ အမေ့ရဲ့ဒုက္ခအိုးကြီး ဖြစ်နေပြီ'
အဲဒီလို ငါပြောတော့ နာနာကျင်ကျင် အပြုံးကလေးနဲ့ ဟိုအရင်ကလို
နင်ရယ်ပါဦး အထွေးရယ်။
နင်သွားတော့မယ်ဆိုတဲ့အသိဟာ
ငါ့ကဗျာစာအုပ်လေးတွေကို ရောမခေတ်က ဗီလိန်တွေက ငှားသွားပြီး မိုးရေထဲ
ပစ်ချထားသလိုပါပဲ။
မဟုတ်ဘူးလား အထွေး။
နောက်ဆိုရင် ညနေ လေးနာရီထိုးလို့
ဥသြဆွဲသံတွေကြားရင် အိမ်ရှေ့က ဆင်စွယ်ရောင် အုတ်ခုံလေးမှာ ထိုင်ပြီး
အမေ့မေ့အလျော့လျော့နဲ့ ရုံးက ပြန်လာမယ့် နင့်ကို ငါ မျှော်မိဦးမယ်။ ပြီးတော့မှ 'သြော်...
ငါ့ညီမလေးမှ ငါ့အနားမှာ မရှိတော့တာ' ဆိုတဲ့အသိနဲ့
အိမ်ရှေ့ထွက်လိုက်၊ အိမ်နောက်ဘက် ဝင်လိုက်နဲ့ အယောင်ယောင် အမှားမှား ဆောက်တည်ရာတွေ
မဲ့ရဦးမယ်။ ပြီးတော့ ငါ့ဝတ္ထုတွေ မဂ္ဂဇင်းထဲ ပါလာတဲ့အခါ...
'အထွေးရေ..အထွေးရေ.. ငါ့ဝတ္ထု
မဂ္ဂဇင်းထဲ ပါလာပြီကွ'
ညာဘက်လက်ကို မိုးပေါ်မြှောက်ပြီး
ငါပြောချင်သေးတယ် အထွေးရယ်။
မနက်ဖြန်ဆိုရင် ဟော ဒီအိမ်ကလေးထဲမှာ
နင်က ရှိတော့မှာ မဟုတ်ဘူး။ ကျန်ရစ်ခဲ့တဲ့ ငါတို့တစ်တွေက တာဝန်ကိုယ်စီ ခွဲဝေယူလို့
အလုပ်ထဲ စိတ်ကို ဇွတ်နှစ်ထားတဲ့ကြားကပဲ လစ်ဟသွားတဲ့ နေရာတစ်နေရာ
အတွက်တစ်ချက်တစ်ချက် မျက်ရည်တွေဝဲမိလိမ့်ဦးမယ်။ အဲဒီအခါ နင့်အကြောင်းကို 'အထွေးကလေ...အထွေးကလေ'လို့ အစချီပြီး မိသားစု ထမင်းဝိုင်းလေးမှာ ငါတို့တစ်တွေ
ကွဲရော်ရော်အသံကြီးတွေနဲ့ ပြောမဆုံးပေါင် တောသုံးကောင် ဖြစ်ရဦးမယ်။
ရွှံ့စေးနဲ့ လုပ်ထားတဲ့
ချိုးရုပ်ကလေးတွေတောင်မှ တကူးကူးလို့ အော်တတ်သေးတာပဲ အထွေးရယ်။ ငါတို့က အမေပေးထားတဲ့
နှလုံးသားတွေနဲ့ သတိရခြင်းတော အုပ်ထဲမှာ နေဝင်ရင် မီးကလေးထွန်းလို့ လထွက်ရင်
ပြတင်းတံခါးလေးဖွင့်လို့ နင် ရှိနေမယ့် အဲဒီတနယ်တကျေးကို မျက်လုံးတွေနဲ့ ခုန်ခုန်
အုပ်ရတော့မယ်။တွေးမိပါတယ် အထွေးရယ်။
ဒီလိုလေ...
ငါတို့ရဲ့အမေက မိုးတွေများ
တအုပ်တမကြီး ရွာချလာပလားဟေ့ဆိုရင် ရှန်တဘက်လေး ပခုံးပေါ်တင်လို့ သူ့ရွာကလေးသူ
သတိတွေ ရနေတတ်တယ်။ နင်ရော...အမေတူ သမီးလေးများ ဖြစ်နေမလား။
သတိရရင် ပြန်လာခဲ့ပေါ့ အထွေးရယ်။
ငါတို့ နင့်အခန်းလေးကို ဒီအတိုင်း
ထားထားမယ် သိလား။ အခုတော့ သီချင်းတစ်ပုဒ်ထဲက စာသားတွေကို ငါ လိုက်ရွတ်နေမိတယ်။
ပိုင်ရှင်အဟောင်းနဲ့ ခွဲသွားတဲ့
ဘီးကလေးရယ်။ ပိုင်ရှင်အသစ်အတွက် လမ်းသစ်ကို ပြေးနေပြီလားဟင်။ ဘယ်နေရာဖြစ်ဖြစ်
မိန်းမစီးတွေ့တယ်ဆိုခဲ့ရင် ငါတို့ဘီးလား အပြေးအလွှားပဲ ကြည့်မိတယ်။
ဆိုင် မဆိုင်တော့ မသိပါဘူး အထွေးရယ်။
ဆံပင်တိုကပ်ကပ်နဲ့ အသားညိုကောင်မလေးတွေ တွေ့ရင် ငါ့ညီမလေးများ ဖြစ်နေမလားဆိုပြီး
ငါ လှမ်းငေးမိလိမ့်ဦးမယ်။ မဟုတ်တော့ မှ...။
မဟုတ်တော့မှ သုံးမိနစ်
ငိုင်ဆင်းသွားရုံပဲ ရှိတော့တာပေါ့ မောင်သဲထူးရဲ့။ အဲဒီလိုမျိုး အဲဒီလိုမျိုး
အထွေးရေ။ ငါ့ကိုငါ ဆံပင်တွေ ဆွဲဖွလို့။
နောက်တစ်နေ့ဆိုရင် နင်က
နင့်ရဲ့ဒုတိယဘဝလေးထဲမှာ အိမ်မှုကိစ္စတွေနဲ့ လုံးလည် ချာလည်လိုက်နေချိန်၊ ငါကတော့
နင်သိတဲ့အတိုင်းပါပဲ အထွေး။ အလွင့်တွေကြားမှာ နှင်းဆီတစ်ပွင့်လို ခပ်ရဲရဲ
ကြေကွဲလို့။ အဲဒီကောင်က ကြိုးကြာတွေနဲ့ပေါင်းပြီး သွေးကလည်း ကြွချင်သေးတယ်။
တကယ်ပါ အထွေး။ တစ်လတစ်ခါ
လစာထုတ်တဲ့အခါ နင်ခွဲဝေပေးတဲ့ ငွေအချို့ကို ကိုင်စွဲပြီး အပေါင်းအသင်းတွေကြားမှာ 'ငါ့ညီမက
ငါ့ကို အလိုလိုက်ထားတာကွ'လို့ ပျော်ပျော်ကြီး သိမ်ငယ်နေရတဲ့
အခွင့်အရေးဟာ ခုတော့ လက်တစ်ဖက် ပြတ်သွားခဲ့ပြီ။ အလုပ်လက်မဲ့တစ်ယောက်ရဲ့ မာနဟာ
တီရှပ်တစ်ထည်လောက် ဈေးမကောင်းမှန်း နင် နားလည်တယ် မဟုတ်လား အထွေး။
'ဆံပင်တွေ ညှပ်ဦးလေ။
ဆံပင်ဘုတ်သိုက်ကြီးနဲ့ ကြည့်လို့မကောင်းဘူး'
'ဆေးလိပ်တွေ လျှော့သောက်။
ကြာရင် လူထိလိမ့်မယ်'
'ညည အိပ်ရေးတွေ
သိပ်ပျက်မခံနဲ့'
'ကိုးသေးရယ်၊ တစ်ပုဒ်ပါမှ
ငွေတစ်ထောင်ကျော် ရတာ။ ဒီအလုပ်ကို ဘာလို့ မက်မောနေရတာလဲ'
ငါ့ကို ပြောသွားပါဦး အထွေးရယ်။
နင်မရှိတော့မယ့် အိမ်ကလေးထဲမှာ ငါဟာ အသိုက်ဖွဲ့ပြီး အဲဒီ အတိုင်းပဲ ဆံပင်တွေ
ဖြူလာလိမ့်မယ်။ အဲဒီအတိုင်းပဲ ပါးမြိုင်းမွေးတွေ ရှည်လာလိမ့်မယ်။
'ရှမ်းစကား သင်ချင်တယ်
အထွေးရယ်'
'ဘာလုပ်ဖို့လဲ'
'ဆရာစိုင်းခမ်းလိတ်နဲ့
စကားပြောချင်လို့'
'ကိုးသေးကတော့ လုပ်ရော့မယ်။
မြန်မာလိုပြောလည်း ရရဲ့သားနဲ့'
'ဟင့်အင်း...ငါက သူ့ကို
ရှမ်းလိုပဲ ပြောချင်တာ'
နော့်...အထွေး။ ရယ်ဟဟမျက်နှာပေးလေးနဲ့
ငါ့ကို ငေးမကြည့်တော့ဘူးလား။
နင့်အစ်ကို ငါဟာ
အဲဒီလိုကောင်စား အထွေးရဲ့။ နောင်ဆယ်နှစ်၊ ဆယ့်ငါးနှစ်ဆို ငါတို့ လေးဆယ်၊
လေးဆယ့်ငါး။ နင်ကလည်း ဘီးဆံပတ်လေးပတ်လို့။ ငါတို့ ဘာတွေပြောကြမလဲ။ တကယ်တော့
အမေမွေးခဲ့တဲ့ ငါ့ကို နင်က ပြန်မွေးထားရသူပါ။ အဲဒီလိုနဲ့ နှင်းတွေ ကျလာလိမ့်ဦးမယ်။
နင်မရှိတော့ မယ့် နှစ်သစ်ကူးညတွေမှာ
ငါတို့ကလည်း အသားတချို့ကို မီးကင်ကြလိမ့်ဦးမယ်။
ခုတော့...
ပျံပါ...ပျံပါ အထွေး။
အိမ်တံခါးကို နောက်တစ်ကြိမ်
နင်ပြန်လာခေါက်တဲ့အထိ လောကနိယာမမှာ ငါတို့ဆင်ခြင်ပြီး နေခဲ့ပါ့မယ်။
အဲဒီလိုနဲ့ ကျွန်တော့်ရဲ့ 'ညီမလွမ်းစိတ်'ကို ကျွန်တော် သပ်ချလိုက်တယ်။ မရဘူး။ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလိုပဲ။
ဘာမှန်းမသိတာတွေ ကျွန်တော့်နောက်က တောက်လျှောက်ကပ်ပါလာတယ်။ အဲဒီကြားကပဲ
စကားလုံးတွေဟာ ပေါ်လာပြန်ရော။ ဟောဒီမှာ...
နေဝင်ချိန် အိမ်ပြန်လမ်းကလေးပေါ်
မနက်ဖြန်မှာ ဘယ်သူလျှောက်မလဲ
မနက်ဖြန်မှာ ဘယ်သူစောင့်မလဲ
ငါတို့နဲ့အတူတူ ပါမလာတော့တဲ့
ရဲဘော်ရေ...။
အဲဒါ ဒုက္ခ။ ငိုချက်ရက်
လက်တို့ဆိုသလိုပဲ။ အဲဒီ နောက်ဆုံးစာတစ်ကြောင်းက ကျွန်တော့်ကို တည့်တည့်လာမှန်တယ်။
ငါတို့နဲ့ အတူတူပါ မလာတော့တဲ့
ရဲဘော်ရေ။ ငါ တို့နဲ့ အတူတူပါမလာတော့တဲ့ ရဲဘော်ရေ။ ကျွန်တော်
ဟန်မဆောင်နိုင်တော့ဘူး။ ဆို့ တက်လာတယ်။ ငါတို့နဲ့ အတူတူ ပါမလာတော့တဲ့ ရဲဘော် ရေ။
နင်ပျော်ပါစေ။
အပြီးမှာ ကျွန်တော် ကြိတ်ရှိုက်မိရော၊
ရှိုက်ကြီး တငင်ငင်ကိုပါပဲ။ အသံလည်း မထွက်ရဲဘူး။ မင်္ဂလာယူနေတဲ့အချိန်မှာ
ကျွန်တော်က မျက်ရည်ကျနေတာ အထွေးသိသွားရင် စိတ်မကောင်း ဖြစ်နေဦးမယ်။
ဟုတ်တယ်။ ကျွန်တော် ငိုနေတယ်။
ဘယ်လိုစကားလုံးနဲ့မှလည်း
တန်ဆာဆင်မနေချင်တော့ဘူး။ အသက်ဓာတ် သိပ်မပါတဲ့ အဲဒီစကားလုံးတွေကိုလည်း ကျွန်တော်
စိတ်ပျက်နေပြီ။ ချက်အရက်သုံးစွဲသူလို ပွရောင်းရောင်းနိုင် လှတဲ့
အဲဒီစကားလုံးတွေကိုလည်း ကျွန်တော် သွန်ပစ်ချင်လိုက်ပြီ။
တဲ့တိုးပဲ ပြောတော့မယ်။
ဟောဒီမျက်ရည်တွေဟာ ကျွန်တော့်ညီမအတွက်
ကျတဲ့မျက်ရည်တွေ။ ဟောဒီ မျက်ရည်တွေဟာ ကျွန်တော့် ညီမအတွက်ကျတဲ့ မျက်ရည်တွေ။
ငါတို့နဲ့ အတူတူပါ မလာတော့တဲ့ ရဲဘော်ရေ။ နင်ပျော်ပါစေ။ အဲဒီမှာပဲ...
'ဦးကျော်စိုးဦးကို ဘယ်သူ
သွားကြိုမှာလဲ'
'မင်္ဂလာလက်စွပ်
ဆင်မြန်းပေးမယ့် မြန်မာ့အသံက ခိုင်ဝါတို့ဇနီးမောင်နှံကိုရော ဘယ်သူ သွားခေါ်မှာလဲ'
'အထွေးက မင်္ဂလာခန်းမကို
အစောကြီးသွားမှာလား'
'ဟုတ်တယ်။ မိတ်ကပ်ဆရာက အဲဒီက
စောင့်နေမှာ။ အဲဒီမှာ အားလုံးပြင်မှာ'
အသံတွေ..အသံတွေ။ ကျွန်တော်ရှိနေတဲ့
အခန်းလေး နားကို ဦးတည်ပြီး လာနေကြတယ်။
သဲထူး...မျက်ရည်တွေကို အခုသုတ်စမ်း။
ဘာမှမဖြစ်သလိုနေ၊ ဟုတ်ပြီလား။ ဘာမှမဖြစ်သလိုနေ။
မျက်နှာကို လက်ဖဝါးနဲ့
ပွတ်သုတ်လိုက်ပြီး အနီးအနားမှာ အဆင်သင့်တွေ့ရတဲ့စာအုပ်ကို ဟိုလှန်ဒီလှန်
ကျွန်တော်လုပ်နေလိုက်တယ်။ ခေါင်းကိုတော့ မမော့ရဲဘူး။ ကျွန်တော့်မျက်လုံးတွေကို
အထွေး မမြင်စေချင်ဘူးလေ။
'သြော်...ကိုးသေးက
ဒီရောက်နေတာကိုး။ အထွေးက ပျောက်လို့လိုက်ရှာနေတာ'
အထွေးရဲ့အသံကို ကြားရတယ်။
ကျွန်တော် ခေါင်းမမော့ဘူး။
'ကိုးသေး...ခန်းမကိုလာရင်
ဘောင်းဘီရှည် ဝတ်လာခဲ့နော်'
ကျွန်တော် ခေါင်းမမော့ဘူး။
'ကိုးသေး...ဘာဖြစ်နေတာလဲ'
အထွေး ကျွန်တော့် အနားကို ရောက်လာတယ်။
ကျွန်တော် ခေါင်းမမော့ဘူး။
'အိတ်အများကြီးပါတဲ့ ဘောင်းဘီကို
ပြောတာ မဟုတ်လား'
မူမမှန်တော့တဲ့ ကျွန်တော့်အသံကို
အထွေး မရိပ်မိပါစေနဲ့။
'ဟုတ်တယ်၊ ဟုတ်တယ်။ အဲဒီ
ဘောင်းဘီဝတ်ခဲ့'
အထွေး ကျွန်တော့်ကို စိုက်ကြည့်နေတယ်
ထင်တယ်။ တအောင့်လောက် ကြာတော့မှ...
'အထွေး သွားတော့မယ်နော်။
ဟိုမှာ မိတ်ကပ်ဆရာနဲ့ ချိန်းထားလို့။ ကိုးသေး နေရောကောင်းရဲ့လား'
ကျွန်တော် ခေါင်းမမော့ဘူး။
တစ်၊ နှစ်၊ သုံး။ အထွေး
ကျွန်တော့်အနားက ရွေ့ရွေ့ကလေး ခွာသွားတယ်။ သွားပြီး...အထွေး သွားပြီ။ တကယ်ပါ
လောကကြီးရယ်။ ကျွန်တော့်ညီမလေး ကျွန်တော့်အနားက ထွက်သွားပြီ။ သွား...သွားပါ
ညီမလေးရယ်။ ငါ့ကို စိတ်ချပြီးသွား။ ငါနေခဲ့မယ်။ ငါနေရဲတယ်၊ သိလား။ သိ မသိတော့
မသိဘူး။ အခန်းဝ အရောက်မှာ အထွေးခြေလှမ်းတွေ ရပ်တန့်သွားသလိုပဲ။ တိတ်ဆိတ်လို့။
ဘာလုပ် နေတာလဲ။ သွားလေ... ဆက်သွား။ အဲဒီမှာပဲ...
'ကိုးသေး'
ဘာကို နားလည်သွားလဲ မသိပါဘူး။ အထွေး
ကျွန်တော့်ရင်ခွင်ထဲ အိခနဲ ပြေးဝင်လာတယ်။ အထွေးကို အလိုက်သင့် ကျွန်တော်
ပွေ့ဖက်လိုက်တယ်။ ပြီးတော့ လွတ်ထွက်သွားမှာ စိုးတဲ့အလား တင်းတင်းကျစ်ကျစ်
ပိုက်ထွေးထားလိုက်တယ်။
မပေးနိုင်ဘူး။ ငါ့ညီမလေးကို ငါ
ဘယ်သူမှ မပေးနိုင်ဘူး။ ပြော...ပြောစမ်းပါ လောကကြီးရေ။ ဒါ ကျွန်တော့်ညီမလေး
မဟုတ်လား။ ဒါ ကျွန်တော့်ညီမလေး မဟုတ်လား။
တအင့်အင့်နဲ့။ အထွေး
ကျွန်တော့်ရင်ခွင်ထဲမှာ ငိုနေပြီ။ အဲဒီတော့မှ ကျွန်တော် သတိဝင်လာတယ်။ အသက်ကို
ခပ်ပြင်းပြင်းတစ်ချက် ရှိုက်ချလိုက်ပြီး...
'အထွေး၊ ဘာဖြစ်လို့ ငို
နေတာလဲ။ တိတ်တိတ်၊ ငါ တို့ကို သတိရရင် နင်ပြန်လာလို့ ရတာပဲ။ နင့်ဆီလည်း ငါတို့ခဏခဏ
လာမှာပေါ့။ မင်္ဂလာ ယူနေတဲ့အချိန်မှာ မငိုကောင်းဘူး အထွေးရဲ့'
ကျွန်တော် အထွေးရဲ့ ဆံပင်တွေကို
သပ်တင်ပေးလိုက်တယ်။
'ကိုးသေးကရော ဘာဖြစ်လို့
ငိုနေလဲ'
'နင်ငိုတော့ ငါလည်း
ငိုချင်တာပေါ့ အထွေးရဲ့။ ကဲ... မငိုတော့ဘူး။ အရူးမလေး ပြုံးစမ်း'
'ကိုးသေးလည်း ပြုံး'
ကျွန်တော်တို့ မောင်နှမ နှစ်ယောက်
ပြိုင်တူပဲ ပြုံးဖြစ်တယ်။ မျက်ရည်တွေနဲ့။
'ငါက နင့်အတွက် ဘာမှ
လက်မဖွဲ့နိုင်ဘူး အထွေးရဲ့။ ဒါပေမယ့် စိုင်းထီးဆိုင်ရဲ့ နေ့သစ်ဆိုတဲ့ သီချင်းကို
ငါညတိုင်း ဆိုနေမယ်။ နင် ကြားဖူးတယ် မဟုတ်လား'
'အရှေ့ဆီမှာ ရောင်နီကလေး
သန်းလို့လာပြီ။ မိုးလင်းတော့မယ် ထတော့ ညီမလေး ဆိုတဲ့ သီချင်းမဟုတ်လား'
'အေး...ဟုတ်တယ်။
အဲဒီသီချင်းကို ငါ ညတိုင်း နင့်အတွက် ဆိုပေးနေမယ်။ အိပ်ရာထတိုင်း နင် ငါ့ကို
သတိရနေ ဟုတ်ပြီလား'
အထွေး ခေါင်းညိတ်ပြတယ်။ သူ့ခေါင်းကို
ကျွန်တော်တစ်ချက် ပုတ်လိုက်ပြီး...
'သွားတော့၊ မိတ်ကပ်ဆရာနဲ့
ချိန်းထားတာ နောက်ကျနေဦးမယ်'
အထွေး ကျွန်တော့်ကို အကြာကြီး
ငေးကြည့်နေပြီးတော့မှ ချာခနဲ လှည့်ထွက်သွားတယ်။ အဲဒီအတိုင်းပဲ
အထွေးရဲ့အခန်းကလေးထဲမှာ ကျွန်တော် ကျန်နေရစ်ခဲ့တယ်။ တစ်ယောက်တည်း။
ညီမလေး...
ရောက်အောင်သွားမယ်
ရောက်အောင်သွားဦးမလား
မရောက်နိုင်တော့ဘူး။
▀
သဲထူး
(အမှတ် ၁၈၄၊ မတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်