ရွှေသုတ‌

မာရေးခရိုက်ဂါနှင့် သူ၏ကောန်တက်ကျူအက်လစ်ဇင်

မြင့်သန်း

01 December 2024
မာရေးခရိုက်ဂါနှင့် သူ၏ကောန်တက်ကျူအက်လစ်ဇင်
Share to

            ရှေးဦးစွာ  မာရေးခရိုက်ဂါ Murray Krieger ဆိုသူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း ရှင်းပြပါရစေ။ ခရိုက်ဂါမှာ ၂ဝဝဝ ပြည့်နှစ် သြဂုတ်လ ၅ ရက်နေ့က ကွယ်လွန်သွားသော စာပေပညာရှင်တစ်ဦး ဖြစ်ပါသည်။ ၁၉၄၈ ခုနှစ်တွင် ချီကာဂိုတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ကဲင်းယန်ကောလိပ် Kenyon College အင်္ဂလိပ်ဘာသာဌာနတွင် တစ်နှစ်တာ စာသင်ကြားပို့ချပေးခဲ့သည်။ ကဲင်းယန်ကောလိပ်မှာ စာပေ ဝေဖန်ရေးဆိုင်ရာများဖြင့် နာမည်ကြီးသော ကောလိပ်တစ်ခုဖြစ်သည်သာမက၊ ဝေဖန်ရေးသစ် New Criticism ပျိုးထောင်ခဲ့ရာ အရပ်တစ်ခုလည်း ဖြစ်ခဲ့သည်။ ဝေဖန်ရေးသစ်အမြင်ရှိသော စာပေပညာရှင် ဂျောန်ခရိုးရင်းစမ်း John Crowe Ransom အယ်ဒီတာလုပ်၍ ထုတ်ဝေသော ကဲင်းယန်ရီဗျူး Kenyon Review ထုတ်ဝေခဲ့ရာ တက္ကသိုလ်လည်းဖြစ်သည်။ ခရိုက်ဂါမှာ ဝေဖန်ရေးသစ်အမြင်ကို လက်ခံကြသော တိတ် Allen Tate ဗဲလက် Rene Wellek တို့ထံမှ ဝေဖန်ရေးသစ်အမြင်များ လေ့လာဆည်းပူးခဲ့သည်။ ထို့နောက် အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ် Ohio State University သို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး ၁၉၅၂ နှစ်တွင် ထိုတက္ကသိုလ်မှ ပီအိပ်(ချ)ဒီဘွဲ့ ရခဲ့သည်။

            ၁၉၅၄ မှ ၁၉၅၈ အထိ မင်နက်ဆိုတာ တက္ကသိုလ့် University of Minnesota တွင် အင်္ဂလိပ်စာပါမောက္ခ တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် တွဲဖက်ပါမောက္ခ Associate Professor တစ်ဦးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်း ခံခဲ့ရသည်။ ထို့နောက် အာရ်ဘာနာ ရှိအီလီနွိုင်းတက္ကသိုလ့် University of Illinois တွင် ပါမောက္ခ ဖြစ်လာသည်။ ၁၉၆၃ ခုနှစ်တွင်မူ ခရိုက်ဂါမှာ အိုင်အိုအာမြို့မှ အိုင်အိုအာတက္ကသိုလ့် University of Iowa တွင် စာပေဝေဖန်ရေးဆိုင်ရာ ပညာရပ်များအတွက် တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ခန့်အပ်ခံရလေသည်။ ကမ္ဘာစစ်ကြီးပြီးသွားသည့်နောက် ပထမဦးဆုံး ပေါ်ပေါက်လာခဲ့သော ပညာရပ်ဆိုင်ရာ အဆင့်အတန်း တစ်မျိုးဟု ခေါ်နိုင်သည်။ အထူးသဖြင့် စာပေဝေဖန်ရေးတွင် အဆို၊ သဘောထား၊ အမြင် နှင့်သီဝရီ တစ်စုံတစ်ရာကို အခြေခံကာ စနစ်တကျဝေဖန်သော အပြုအမူ၊ အလေ့အကျင့်ကို ပျိုးထောင်ရန် ဖြစ်လာသည်။ ၁၉၆၆ နှစ်တွင် သော်ကယ်လီဖိုးနီးယား တက္ကသိုလ့် University of Calfornis at Irvine သို့ ရောက်လာသည်။ သီဝရီ အခြေခံ စာပေဝေဖန်ရေးများ ရှင်သန်လာရေးအတွက် များစွာအားထုတ်ခဲ့ သည်။ ဝေဖန်ရေးသီဝရီများ လေ့လာရေး၊ သုတေသနပြုရေး စသည်တို့တွင် ညွှန်ကြားရေးမှူး ဖြစ်လာသည်သာမက ၁၉၇၄ ခုတွင် တက္ကသိုလ်၏ပါမောက္ခ ဖြစ်လာသည်။ မိတ်ဆွေဖြစ်သူ ပညာရှင် အက်ဒမ်စ် Hazard Adams နှင့်အတူ ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် ဝေဖန်ရေးနှင့် သီဝရီဌာနကို ထူထောင်ခဲ့ကြသည်။ ထိုဌာနတွင် နာမည်ကျော် ပညာရှင်များ ပါဝင်ပတ်သက်ခဲ့ကြသည်။ ခရိုက်ဂါကို အကြောင်းပြု၍ အိုက်စာ Iser, ဒယ်ရီဒါ Derrida, မေးလား Millers, လီယိုတာ့ Lyotard အစရှိသည့် ပညာရှင်များ ကယ်လီဖိုးနီးယားတက္ကသိုလ်သို့ ရောက်လာခဲ့ကြသည်။

            ခရိုက်ဂါမှာ ဒဿနိကဗေဒပညာရှင် ဗီဗစ် Eliseo Vivas ကို လေးစားသူသာမက ဗီဗစ်၏ အမြင်များလွှမ်းမိုးလျက်ရှိခဲ့သည်။ သူ၏ဆရာဟု ခေါ်သော်မမှား။ ခရိုက်ဂါ၏ ပထမဆုံး စာအုပ်မှာ ဗီဗစ်နှင့် ပူးတွဲ၍တည်းဖြတ်သော ရသပညာဆိုင်ရာ ပြဿနာများ စာအုပ်ဖြစ်သည်။ ရသပညာရပ်နှင့် စပ်လျဉ်း၍ သူသည် တွေးခေါ်ရှင် ကန့် Kant ကဗျာနှင့် ဝေဖန်ရေးဆရာ ကော်လာရစ်ဂျ် Coleridge တို့၏ အမြင်များကို ကဏ္ဍစေ့စုံစွာ လေ့လာခဲ့သူလည်း ဖြစ်သည်။ ကမ္ဘာစစ်ကြီးပြီးနောက် စာပေ ဝေဖန်ရေးတွင် ဝေဖန်ရေးသစ်အမြင်မှာ အလွန်အမင်း အားကောင်းခဲ့ရာ ခရိုက်ဂါက ဝေဖန်ရေးသစ်အမြင်များကို ပြန်လှန်သုံးသပ်ရင်း  The New Apologists for Poetry ဟူသော စာအုပ်ကို ၁၉၅၆ ပုံနှိပ်ထုတ်ဝေခဲ့သည်။ သူ၏ ဒုတိယစာအုပ်ဖြစ်သော The Tragic Vision တွင် အတ္တဘဝအမှန်ဝါဒတွင် အခြေခံသော ဝေဖန်ရေးအမြင်များအကြောင်း သိသိသာသာရေးသားလာခဲ့သည်။ ဝေဖန်ရေးနယ်ပယ်တွင် ဖရိုင်း  Northrop Frye တစ်ယောက် အထင်ကရ ဖြစ်လာသောအခါ ဖရိုင်း၏ ဝေဖန်ရေး သဘောတရားများအကြောင်းကို A Window to Criticism တွင် ရေးသားခဲ့သည်သာမက Northrop Frye in Modern Criticism စာအုပ်အတွက် နိဒါန်း ရေးပေးခဲ့ရသေးသည်။

            ခရိုက်ဂါသည် ဝေဖန်ရေးတွင် သဘောထား၊ အဆို၊ သီဝရီ စသည်တို့ကို အခြေခံကာ ဝေဖန်ရသည်ဟူသော အမြင်ကို လက်ခံထားသူများတွင် ထိပ်တန်းမှ ပါဝင်သည်။ မြောက်အမေရိက တိုက်၏ ဝေဖန်ရေးနယ်ပယ်တွင် သဘောထား၊ အဆို၊ သီဝရီ စသည်များနှင့် ပတ်သက်၍ ဦးဆောင်ဦးရွက် ပြုခဲ့သူတစ်ဦးလည်း ဖြစ်ကြောင်း ပညာရှင်အများက သဘောတူ လက်ခံထားကြသည်။ ၁၉၈၇ ခုနှစ် Times Literary Supplement တွင် ဂျောန်ဆပ်သာလဲင်က 'ဝေဖန်ရေးရာတွင် သဘောထား၊ အဆို၊ သီဝရီအခြေခံများအားဖြင့် ဝေဖန်ခြင်းများ ခေတ်မစားမီကပင် ကယ်လီဖိုးနီးယားတက္ကသိုလ် အင်္ဂလိပ် စာဌာနမှ မာရေးခရိုက်ဂါက ကျင့်သုံးခဲ့သည်။ သီဝရီအခြေခံများကို လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်ကပင် ကျင့်သုံးခဲ့သည်' စသည်ဖြင့် ရေးသားခဲ့သည်။ သို့ရာတွင် ခရိုက်ဂါကို နားလည်ရန် လိုအပ်သည်။ ဝေဖန်ရေး သီဝရီများကို မျက်စိမှိတ်လက်ခံသော လူမျိုးကား မဟုတ်။ သီဝရီများသည် ပြီးပြည့်စုံသော သဘောဆောင်သည်ဟု သူက လုံးဝဥဿုံ လက်ခံထားသည် မဟုတ်။ စာပေသီဝရီသည် လည်းကောင်း၊ ဝေဖန်ရေး သီဝရီများသည်လည်းကောင်း သီးခြားအခွင့်ထူးခံ သဘောမဆောင်ကြ။ သဘောတရားများဆိုင်ရာ ဘာသာစကား သို့မဟုတ် ဘာသာစကားဆိုင်ရာ သီဝရီများ၏ အစိတ်အပိုင်းများသာ ဖြစ်သည်။ သီဝရီများမှာ ဝေဖန္တိက ပြုရန်အတွက် ဆင်ခြင်နည်းလမ်းတကျ ဖြစ်ရန် တည်ဆောက်ပေးနိုင်သည်။ အရေးအသားများ၊ ကဗျာများကို တကယ်ဖြစ်၊ ရှိနေသည့်အတိုင်း မည်သို့လက်ခံမည် (ဆိုလိုသည်မှာ Onto-logically အရ လက်ခံမည်) ဆိုသည်ကို ညွှန်းပေးနိုင်သည်ဟု သူက မြင်သည်။ စာပေမရှိဘဲ ဝေဖန်ရေး သီဝရီများ ပေါ်ပေါက်မလာနိုင်ဟု ခရိုက်ဂါက မြင်သည်။

            တစ်နည်းဆိုရပြန်သော် ထိုအမြင်သည် ဥရောပအခြေခံ ဝေဖန်ရေးပညာရှင်တို့အကြား အချင်းများနေခဲ့သော စထရပ်ချရယ်လစ် Structuralist ပို့စ စထရပ်ချရယ်လစ် Poststructuralist နှင့် ဒီကောန်စထရပ်ရှင်ဆိုင်ရာ Deconstruction စသည့် ပြဿနာများကို ငြင်းဆိုရင်း လက်ခံခဲ့သည့် သဘောများ ဖြစ်နေသည်။ ဥပမာ- ကဗျာ၏ အနှစ်သဘောမှာ ကဗျာတစ်ပုဒ်ကို ဖျင်ကြည့်ရင်း ရရှိလာသော အတွေးစများတွင် အခြေခံသည်ဟုသော အမြင်မျိုး ဖြစ်သည်။ ကဗျာသည် မိမိဘာသာ သိရှိလာသော စိတ်ကူးအခြေခံအရေးအသားတစ်ခု ဖြစ်သည်။ ထူးခြားသော ဘာသာစကားတစ်မျိုး ဖြစ်သည်။ မရေရာသော အနေအထားတစ်ခု (စိတ်ကူးထည်) အတွင်းမှ စကားလုံး၊ စာလုံးတို့၏ ရှိနေမှုတစ်ရပ်ဖြစ်သည် စသည့်အမြင်များမှာ ကဗျာနှင့်ပတ်သက်သည့် ခရိုက်ဂါ၏ ထက်သန်လှသော အမြင်များ ဖြစ်သည်။ ထို့ကြောင့်လည်း သူက Illusion... is what my poetics is about ဟု ဆိုခဲ့သည်။ သူဆိုလိုသည်မှာ ကဗျာဆိုသည်မှာ တကယ်တမ်း ရှိနေသည်များ မဟုတ်ဟု ဆိုပင်ဆိုငြားကြ သော်လည်း ဘာသာစကားအရ တကယ်ပင် ရှိနေသည်ဟူသော သဘောဖြစ် သည်။ ခရိုက်ဂါမှာ ကဗျာကိုလည်းကောင်း၊ စိတ်ကူးအခြေခံ အရေးအသားများ (Fiction ကို ဆိုလိုသည်)ကိုလည်းကောင်းနှင့် အနုပညာနှင့် ဝေဖန်ရေးပညာတို့တွင် အလွန်အားသန်ခဲ့သော ပညာရှင်တစ်ဦး ဖြစ်ခဲ့သည်ကို မည်သူမျှ မငြင်းနိုင်။

            ၁၉၈၁ ခုနှစ်တွင် ထုတ်ဝေသော Arts on the Level တွင်မူ စာပေနှင့် အခြားသော အရေးအသားများ အကြား စည်းရိုးမတားသည့် အနေအထားအပေါ် ဘဝင်မကျသည့် အကြောင်းများ တင်ပြလာခဲ့သည်။ ထိုစဉ်က၊ ပညာရှင်အချို့တို့က ရေးသားထားသည် မှန်သမျှမှာ အတူတူပင် ဟူသော အမြင်ကို တင်ပြလာခဲ့ကြသော ကာလလည်း ဖြစ်သည်။ ခရိုက်ဂါမှာ ထိုင်အမြင်ကို ဘဝင်မကျ။ သို့ဖြစ်ရကား သူ့အမြင်များမှာ ရပ်ရှင်ဖော်မယ်လစ် Russian Formalist များ၊ ဝေဖန်ရေးသစ်  New Criticism ကို လက်ခံသူများနှင့် ပြန်၍နီးစပ်သွား ပြန်သည်ဟု ဆိုရမည်။ ထိုသို့ဆိုရသည်မှာ ရပ်ရှင်ဖော်မယ်လစ်နှင့် ဝေဖန်ရေး သစ်အမြင်များတွင် စာပေမှာ သာမန် ဘာသာစကားတစ်ခုဟု လက်မခံထား ကြ၍ ဖြစ်သည်။ မာ့စ်ဝါဒ အခြေခံ စာပေသီဝရီနှင့် ဝေဖန်ရေးအမြင်တွင် လည်းကောင်း၊ ဒီကောန်စထရပ်ရှင်း အရ စာပေလေ့လာရာတွင် လည်းကောင်း၊ အရေးအသားမှန်သမျှကို တစ်သဘောတည်း မြင်ထားကြရာ ခရိုက်ဂါ အနေဖြင့် ဘဝင်မကျဖြစ်လာရခြင်း ဖြစ်သည်။ ခရိုက်ဂါ၏ ဘဝင်မကျမှု အကြောင်းရေးခဲ့ခြင်းအပေါ် လူငယ်ပိုင်းက လူ့အဖွဲ့အစည်းအတွင်း ခွဲခြားမှု တစ်ရပ်တည်ဆောက်သည်ဟု ယိုးစွပ်လာခဲ့ကြသည်။ သူ့အနေဖြင့် တစ်ခုတ်တစ်ရ ပြန်လည်၍ ရှင်းလင်းမနေတော့။ အကြောင်းမှာ စောစောပိုင်း ၁၉၆၇၊ ၁၉၇၉ တို့တွင် ရေးသားခဲ့သော  The Play and Place of Criticism နှင့် Poetics Presence and Illusion တို့တွင် သူ၏ သဘောထားကို အထိုက်အလျောက် ရှင်းလင်းပြခဲ့ဖူးသည်။ သို့ရာတွင် ၁၉၈၈ ခုနှစ်တွင် ပို့စထရပ်ချယ်လစ်နှင့် မာ့စ်ဝါဒီတို့ကို Words about Words about Words စာအုပ်ဖြင့် တုံ့ပြန်ခဲ့လေသည်။

            ၁၉၆၄ ခုနှစ်တွင် ထုတ်ဝေခဲ့သော A Window of Criticism rSm မှာ ရှိပ်စပီးယား၏ ဆွန်နက် Sonnet များအပေါ် လေ့လာသုံးသပ်ချက်များ ဖြစ်သည်။ ထိုအရေးအသားများတွင် စိတ်ဝင်စားစရာ ကောင်းသောအချက်မှာ စာပေ၏ အစဉ်အလာပုံစံ သဘောများကို အလေးပေး လက်ခံခဲ့သည့် ဖော်မယ်လစ် Formalist တို့၏အမြင်များမှ ခွဲထွက်လာရန် အားထုတ်ခြင်း ဖြစ်သည်။ ထိုသို့ခွဲထွက်လာရန် အားထုတ်ရာတွင် ခရိုက်ဂါက (ယနေ့ကမ္ဘာအရပ်ရပ်မှ ပညာရှင်များ သဘောတူလက်ခံထားရသော ခရိုက်ဂါ၏) ကောန်တက်ကျူအယ်လစ်ဇင် Contextualism ကို သုံးစွဲလာသည်။ စင်စစ် ခရိုက်ဂါမှာ သုံးစွဲခဲ့သော ကောန်တက်ကျူအယ်လစ်ဇင်မှာ ရှေ့တွင်ဖော် ပြခဲ့ပြီးသော သူ့ဆရာ တွေးခေါ်ရှင် ဗီဗစ်၏ အမြင်တွင် များစွာအခြေခံခဲ့သည်။ သို့ရာတွင် ဝေဖန်ရေးသဘော တရားများတွင် ခရိုက်ဂါက ကောန်တက်စ် Context ထိရောက်စွာ ဖော်ထုတ်လာခဲ့သဖြင့် ယနေ့တစ်ကမ္ဘာလုံးမှ ပညာရပ်ဆိုင်ရာ အဆောက်အအုံများတွင် ကောန်တက်ကျူအယ်လစ်ဇင်နှင့် ပတ်သက်လာတိုင်း ဗီဗစ်နှင့် ခရိုက်ဂါကို တွဲ၍ အသိအမှတ်ပြု တင်ပြလေ့ရှိကြသည်။ ဥပမာ- ဘက်ဖိုဒ် စာပေနှင့် ဝေဖန်ရေး ပညာဆိုင်ရာ စာလုံးအသုံးအနှုန်းများတွင် Contextualism Criticism... Eliseo Vivas and Murray Krieger shaped and defined this mode of criticism (BGCLT) ဟူ၍ လည်းကောင်း၊ ပင်းဂွင်းထုတ် စာပေဆိုင်ရာ အခေါ်အဝေါ်များနှင့် စာပေသီဝရီများ အဘိဓာန်တွင် Contextual Criticism: A mode of critical analysis of a literary text... especially as practiced by Murray Krieger and Eliseo Vivas (PDLT & LT) ဟူ၍ လည်းကောင်း၊ ပညာရှင်များ ဖြစ်ကြသော ဟင်ဒါဆင်နှင့် ဘရောင်း G.E. Henderson and Christopher Brown တို့၏ စာပေသီဝရီများ၏ ဝေါဟာရများတွင် Akin to the New Criticism, contextualism holds that a work of art generates self-referential meanings within its own internal and autonomous context. Its proponents include Cleanth Brooks, Eliseo Vivas, and Murray Krieger. (GLT) ဟူ၍လည်းကောင်း ညွှန်းဆိုကြရသည်။

            (ကောန်တက်ကျူအယ်လစ်ဇင်၏ ယေဘုယျသဘောကို နောက်ပိုင်း၌ အကျဉ်းမျှ ရှင်းပြပါမည်)

            ခရိုက်ဂါ၏ The Tragic Vision အရေးအသားမှာလည်း တွဲဖက်ပါ မောက္ခ ဂွတ်ဟတ် Sandor Goodhart အလိုအရသော် ကောန်တက်ကျူအယ် လစ်ဇင်သို့ ထွက်ခွာလာသော လမ်းခွဲတစ်ခု ဖြစ်သည်။ (Goodhart : 1986) ထိုသို့ဆိုရခြင်းမှာ ခရိုက်ဂါတွင် ကော်လာရစ်ဂျ် Samuel Taylor Coleridge လက်ခံခဲ့သော အော်ဂဲနစ် Organicism ရှိခဲ့ဖူး၍ ဖြစ်သည်။ (စင်စစ် အော်ဂဲနစ် အမြင်မှာ ပလေတို၏ ဖေဒရာ Phaedrus ကျမ်းတွင် အခြေခံခဲ့ပြီး ဂျာမာန်ရိုမဲင် တစ်ဝါဒီများ ဦးစားပေး လက်ခံသော အမြင်တစ်ရပ် ဖြစ်သည်)။ စာပေအနုပညာ ဖော်ထုတ်မှုနှင့် စပ်ဆိုင်သော အော်ဂဲနစ်သဘောကို အလွယ်ဆုံးနည်းဖြင့် ရှင်းရသော် အလုံးစုံသည် ပါဝင် ပတ်သက်နေသော အသီးသီးထက် အရေးကြီးသည်ဟု လက်ခံသောအမြင် ဖြစ်သည်။ အနုပညာလက်ရာ တစ်ခုတွင် ပုံသဏ္ဌာန်နှင့် အနှစ်သဘောတို့ကို ခွဲရန် မသင့်ဆိုသည်ကို လက်ခံသော အခြေခံအမြင်ဟု ဆိုနိုင်သည်။ အနုပညာဖန်တီးမှုတွင် စည်းကမ်းနည်းလမ်း လုပ်ပုံလုပ်နည်း စသည်များ၏ ထိန်းကွပ်ကျပ်ညှပ်ထားခြင်းအတွင်းမှ ဖန်တီးခြင်း (ဥပမာ- ယနေ့ခေတ်အနေအထားဖြင့် ပြဆိုရသော် 'ဒီလိုရေးမှ မော်ဒန်-ပိုစ်မော်ဒန် ဖြစ်မယ်ဟု လက်ခံကြ ခြင်းမျိုး) လက်မခံဘဲ အနုပညာရှင်၏ ရင်တွင်းမှ ဖော်ထုတ်ချက်ကို အလေးပေးသောအမြင် ဖြစ်သည်။

            ပရင့်စ်တန် တက္ကသိုလ်ထုတ် ကဗျာနှင့် ကဗျာသဘောတရားများ ဆိုင်ရာ စွယ်စုံကျမ်းတွင်မူ ခရိုက်ဂါက ကောန်တက်ကျူအယ်လစ်ဇင်နှင့် ပတ်သက်၍ ဤသို့ရေးသားတင်ပြခဲ့သည်။

            ယနေ့ကာလများတွင် ကောန်တက် ကျူအယ်လစ်ဇင်ကို ပိုမိုကျဉ်းမြောင်း၍ သီးခြားသဘောဆောင်သော အနက်တို့ဖြင့် အနက်ဖော်ကြသည်။ စာပေလက်ရာဟု ခေါ်ဆိုနိုင်သော လက်ရာမျိုးတွင် စာလုံးများအားဖြင့် တည်ဆောက်ထားခြင်းသည်ပင် အနက်ကို ဖော်ထုတ်ပေးနိုင်သော လွတ်လပ်သည့် သဘောဆောင်နေသည်။ ၎င်းတို့ဘာသာ အနက်ကို ဖော်ထုတ်နေနိုင်ကြသည် (ဆိုလိုသည်မှာ အရေးအသားကို ဖော်ထုတ်ထားသော သို့မဟုတ် ဖြစ်စေနေသော စာလုံးများသည် ၎င်းတို့၏အနက်ကို ၎င်းတို့ဘာသာ ဖော်ဆောင်နေသည်)။ ရှေးက ရှိခဲ့သော ကောန်တက် ကျူအယ်လစ်ဇင်များကဲ့သို့ ရေးသား ဖော်ထုတ်တင်ပြထားခြင်း၏ အပတွင် ရှိသော အချက်အလက်များနှင့် ဆက်စပ်ကာ အနက်ဖော်ရသည်ကဲ့သို့ မဟုတ်တော့။ ကောန်တက်ကျူအယ်လစ်ဇင်မှာ ၁၉၅၆ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော မာရေးခရိုက်ဂါ၏ The New Poetics Apologists for Poetry မှ သုံးနှုန်းပုံကို ယူ၍ ကန့်သတ်သုံးနှုန်းလာကြခြင်း ဖြစ်သည်။ ခရိုက်ဂါက ဘရွခ်စ် Cleanth BrooksThe Well Wrought Urn (၁၉၄၇) တွင် တင်ပြခဲ့ပုံများကို အခြေခံကာ တင်ပြခဲ့ခြင်း ဖြစ်သည်။ အလားတူပင် ခရိုက်ဂါ၏ ဆရာဖြစ်သူ အလစ်ဆီယို ဗီဗစ်နှင့် ရစ်ချာဒ်စ် I.A Richards တို့၏ အရေးအသားများတွင် အရင်းခံခဲ့သော အမြင်ဖြစ်သည်။ ကောန်တက်ကျူအယ်လစ်ဇင်မှာ ရစ်ချာဒ်စ်၏ ပုဂ္ဂလိကအမြင်ကို အဓိကထားရှုမြင်ပုံ (Subjectivism ကို ဆိုလိုသည်) မှ ဆင်းသက်လာသည်ဟု ဆိုရမည်။ ရစ်ချဒ်စ်၏ The Philosophy of Rhetoric ထွက်လာသောအခါ သူသည် ကောန်တက်ကျူ အယ်လစ်ဇင်ဆီသို့ ဦးတည်လာနေကြောင်း တွေ့ရသည်။ ဘရွခ်စ်က လက်တွေ့ သုံးစွဲလာခဲ့သည်။ သို့ရာတွင် ရစ်ချာဒ်စ်၏ စောစောပိုင်း အမြင်များမှာ တစ်နည်းမဟုတ် တစ်နည်း၊ ကဗျာနှင့် ပတ်သက်သော ပုဂ္ဂလိက အတွေ့အကြုံတွင် အခြေခံသော အမြင်များ၌သာ တည်နေခဲ့သည်။ ဆိုလိုသည်မှာ ကဗျာတစ်ပုဒ်သည် ကဗျာရေးသူ၌ ဖြစ်စေ၊ ကဗျာဖတ်သူ၌သာ တည်သည်ဟူသော အမြင်ဖြစ်သည်။ ကဗျာအဖြစ် ရေးသားဖော်ထုတ်ခြင်းများသည် ကဗျာရေးသူနှင့် ကဗျာဖတ်သူတို့ ကဗျာအတွင်း၌ မဆုံမီကတည်းက ရှိနှင့်သော အတွေ့အကြုံတစ်ခုဟု မမြင်။ ကောန်တက်ကျူအယ်လစ်များ အနေဖြင့်သော် ကဗျာဖတ်ခြင်းသည် ကဗျာရေးသူနှင့် ဖတ်သူတို့၏ ပုဂ္ဂလိက အနေအထားများ ဆုံစည်းရာမှ ပေါ်ပေါက် လာသော အနေအထားတစ်ခုဟူ၍ မမြင်နိုင်။ ကဗျာ၏အနက်မှာ ကဗျာရေးသူနှင့် ကဗျာဖတ်သူ နှစ်ဦးအနက် တစ်ဦးဦး၌သာ တည်သည်ဟု မမြင်။

            ဖတ်သူမှာ ကဗျာရေးဖွဲ့ထားသော ဘာသာစကားပေါ်တွင် ပုဂ္ဂလိက အတွေ့အကြုံ ရှိနှင့်ခဲ့ပြီ ဖြစ်သည်။ ကဗျာဘာသာစကားဖြင့် ဖော်ထုတ်ထားချက်များကို သိမြင်လိုက်သည်။ သို့ဖြစ်၍ ကဗျာဖတ်သူက ကဗျာရေးသူ၏ ဆိုလိုရင်းကို ရှာဖွေတော့သည်။ ကဗျာဆရာမှာလည်း ထိုသဘောပင်။ သူ၏အနက် ပါသောအရေးအသားများဖြင့် ကဗျာတစ်ပုဒ်ကို အောင်မြင်စွာ ရေးဖွဲ့ထားခဲ့သည်။ ဗီဗစ် ပြောခဲ့သော Intransitive ဟု ဆိုရမည် ရသသဘော ပေါ်လာလေသည်။ (ဤအပိုင်းမှာ ကဗျာတစ်ပုဒ် အတွင်းကဗျာရေးသူနှင့် ကဗျာဖတ်သူတို့ ဆုံစည်းကြပြီးနောက် ကဗျာမှာ အနက်ပေါ်လာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ စာလုံးများအားဖြင့် တည်ဆောက်ထားသော ကဗျာ၏ ဘာသာစကားအတွင်း၌ အနက်တစ်စုံတစ်ရာကို ဖော်ဆောင်နိုင်သော ကောန်တက်စ်များ ရှိနှင့်ခဲ့ပြီးဟု ဆိုလိုခြင်းဖြစ်သည်)။ (PEP & P)

            (ကွင်းစကွင်းပိတ်အတွင်းမှ စာလုံးများမှာ ကျွန်တော်၏ ဖြည့်စွက်ချက်များ ဖြစ်သည်။ ဤဘာသာပြန်မှာ ဖြတ်တောက်၍ ကန့်သတ်ဘာသာ ပြန်ခြင်းသာ ဖြစ်သည်)။

            ခရိုက်ဂါမှာ ကောန်တက်ကျူအယ်လစ်ဇင်ကို ခေတ်သစ်စာပေလောကအတွင်း စာပေသီဝရီတစ်ခု ဖြစ်လာရန် သာမက ဝေဖန်ရေး သီဝရီဖြစ်လာရန်ပါ အားထုတ်ခဲ့သည်မှာ မှန်၏။ သို့ရာတွင် သူ၏ဝေဖန်ရေးနှင့် လေ့လာရေး နည်းစနစ်များမှာ ကောန်တက် Context တစ်ခုတည်းကိုသာ အခြေခံသောအမြင်တွင် မရပ်တည်ခဲ့။ သူသည် လူသား၏ အတ္တရှိနေမှု (သိမှု၊ ရှိမှု) ကို လက်ခံခဲ့သော တွေးခေါ်ရှင်တစ်ဦးလည်းဖြစ်ရာ သူ၏ဝေဖန်ရေးအမြင်ကို အချို့က Existential Contextualist Criticism ဟုလည်း ခေါ်ဆိုကြသည်။ အတ္တဘဝ ရှိနေမှုကို လက်ခံခဲ့သဖြင့်လည်း သူ၏ဝေဖန်ရေးအမြင်တွင် 'ရွေးချယ်နိုင်ခြင်း' နှင့် 'ကျောထောက်နောက်ခံ အကြောင်းတရားတို့၏ ရှိနေမှု' တို့မှာ အရေးပါနေခဲ့သည်။ ဤနေရာတွင် ပညာရှင် ဖစ်ရှ် Stanley Fish နှင့် ကွာသည်ဟု ဆိုရမည်။ ဖစ်ရှ်က ကဗျာဆရာများသည် စာလုံးများကို သုံးစွဲရာတွင် ဖော်ထုတ်နိုင်သော အနက်တစ်မျိုးတည်း သို့မဟုတ် ကန့်သတ်မှု တစ်စုံတစ်ရာအတွင်း၌သာ သုံးစွဲနိုင်သည် write within a context or a set of constraints (Fish:1980) ဟု ဆိုသည်။ ခရိုက်ဂါကမူ စာလုံး၏ အနက်ကို ဖော်ရာတွင် လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ရှိသည်ဟု ဆိုခဲ့သည်။ ထိုအချက်သည်ပင် သူ၏ ကောန်တက်စ် အခြေခံ ဝေဖန်ရေးအမြင်မှာ ထူးခြားနေခဲ့သည်။ အနက်ဖော်ရန် သို့မဟုတ် ဝေဖန်ရန်မှာ ကောန်တက်စ်ကို နားလည်ပုံတွင် တည်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ကဗျာဆရာ၏ ဘာသာစကားမှာ ယတိပြတ် သဘောမဆောင်တတ်။ သို့ဖြစ်၍ ဖတ်သူ (ဝေဖန်သူ)သည် သူ၏ အတိုင်းအတာအတွင်းမှ သူ သိသည့်အတိုင်း ဖတ်နိုင်သည်ဟု ခရိုက်ဂါက မြင်သည်။ (Rosmarin:1986) ဆိုခဲ့ပြီးသည့်အတိုင်း ခရိုက်ဂါသည် သီဝရီကို အားသန်သော ပညာရှင်ဖြစ်ရာ ကာလတရားနှင့် အတူ ပြောင်းလဲမှုများ ရှိလာခဲ့သည်။ ခရိုက်ဂါနှင့်အတူ ပညာဆည်းပူးခဲ့သော ပါမောက္ခဘာ့ဂ် Richard Berg က မေးမြန်းသဖြင့် အမေးအဖြေတစ်ခုတွင် ဤသို့ပါသည်။

 

မေး။ ။  ကောန်တက်ကျူအယ်လစ်ဇင်ကတော့ သဘောတရားဆိုင်ရာ ဆွေးနွေးပွဲတွေ ပါနေတုန်းပဲ။ ခင်ဗျားရဲ့ သီဝရီတွေအထဲတော့ ထုတ်မပစ်သေးဘူး ထင်တယ်။

ဖြေ။ ။ ၁၉၇၆ ခုနှစ်က Theory of Criticism မှာ ကျုပ်ရေးခဲ့တဲ့ အနက်မျိုးနဲ့တော့ မဟုတ်တော့ဘူး။

ကောန်တက်ကျူအယ်လစ်ဇင်ရယ်လို့ ကျုပ်ကပဲ စသုံးခဲ့တာ။ ခုတော့ ဂုဏ်ရည်အသစ်တွေနဲ့ ပြောဆိုနေကြတာပဲ။

မေး။ ။ ကောန်တက်ကျူအယ်လစ်ဇင်ဟာ ခုထိတံခါးဖွင့်ထားတုန်းပဲလား။

ဖြေ။ ။ အခု ကျုပ်ရေးသားတင်ပြနေတာတွေ အထဲမှာတော့ မပါတော့ဘူးလို့ ကျုပ်ထင်တယ်။ (Berg:1986)

            ဤတွင် ကောန်တက်စ်နှင့် ကောန်တက်ကျူအယ်လင်ဇင်ကို အကျဉ်းမျှ ရှင်းပြပါရစေ။ ကောန်တက်စ်ကို ကျွန်တော်တို့ ကျောင်းသားဘဝက 'စကားစပ်'ဟု ယေဘုယျသဘောဆောင်ကာ ခေါ်ဆိုခဲ့ကြပါသည်။ ဆိုလိုသည်မှာ စာလုံး၊ စကားလုံး တစ်ခုခု၏အနက်ကို ၎င်းစာလုံး၊ စကားလုံး၏ ရှေ့နောက် (ပတ်ဝန်းကျင်) တွင် ဖော်ပြထားသော အကြောင်းအရာများနှင့် ဆက်စပ်ကာ အနက်ဖော်ယူကြသည့် အမြင် ဖြစ်သည် (အင်္ဂလိပ်လိုသော် The material that surrounds an item which helps define it meaning ဖြစ်သည်)။ ဘာသာဗေဒ အခြေခံဖြင့် ဆိုရသော် စာလုံးတစ်လုံးအတွက် ထွေပြားသောအနက်ကို မပေါ်ပေါက်စေနိုင်သော ပတ်ဝန်းကျင် The environment of a particular word that disambiguate the meaning of that word ဖြစ်သည်။ ဥပမာဆိုရသော် 'သွား'ဟူသော စာလုံး၊ စကားလုံးမှာ သီးခြာရပ်တည်နေသော် အနက်အမျိုးမျိုး ထွက်နိုင်သော်လည်း 'ကျောင်းသွားသည်' နှင့် 'သွားကိုက်သည်' ဟူသော အသုံးအနှုန်းနှစ်ခုတွင် ယတိပြတ် ဆိုလိုသော အနက်သာ ထွက်တော့သည်။ ယခုအခါတွင်သော် အရေးအသား (အပြောအဆို) တစ်ခုကို နားလည်ရန် သို့မဟုတ် အနက်ဖော်ရန်မှာ ၎င်းအရေးအသားအတွင်း ရေးသားထားသော စာလုံး၊ စကားလုံး၊ အသုံးအနှုန်း စသည်တို့အား သိနားလည်ပုံ (သိမှု) တွင် တည်လာခဲ့ပြီ ဖြစ်သည်။ The interpretation of an utterance is dependent upon a knowledge of the contexts within which it occurs ဟူ၍ ဖြစ်လာခဲ့ပါပြီ။ ပညာရပ်ဆိုင် နယ်ပယ်များ ပိုမိုများပြားလာသော ယနေ့ခေတ်ကာလတွင် ကောန်တက်စ်ဟူသော စကားလုံးမှာ သီးခြားရပ်တည်ရန် ခက်ခဲလာသည်။ ဥပမာ- ဆို ရှယ်ကောန်တက်စ် Social context, သမိုင်းဆိုင်ရာ ကောန်တက်စ် Historical context စသည်ဖြင့် ပိုမိုတိကျစွာ ကန့်သတ်ပိုင်းခြား သုံးစွဲလာကြရသည်။ ယနေ့ကာလတွင်သော် ကောန်တက်စ်၏ ပြည့်စုံလုံလောက်သော အနက်များ မဟုတ်ကြတော့။ သိမှုတစ်စုံတစ်ရာကို ပိုမိုခိုင်မာစေသော အထောက်အပို့ မှန်သမျှသည် ကောန်တက်စ်ဟူသော အသုံးအနှုန်းအောက်တွင် ပါဝင်လာသည်။ ထို့ကြောင့်ပင်လျှင် အဘိဓာန်လာ အနက်သက်သက်ဖြင့် အသက်ရှင်နေကြသော မြန်မာပို့စမော်ဒန် ပညာရှိတို့ သဘောမပေါက်နိုင်ကြ။

            နေ့စဉ်ဘဝထဲ၌သုံးစွဲသော ဘာသာစကားအတွင်း၌ပင် ကောန်တက်စ်မှာ အရေးပါသည်ဟု ဆိုနိုင်သည်။ နေရာတကာတွင် အရေးကြီးသည်ဟု မဆိုလို။ ထင်သာမြင်သာအောင် နမူနာ ပေးလိုသည်။ လက်ဖက်ရည်ဆိုင် တစ်ခုအတွင်းသို့ လူတစ်ယောက်ဝင်လာပြီး စားပွဲတစ်လုံးတွင် ထိုင်သောအခါ စားပွဲထိုးက အနားသို့ သွားရပ်သည်။ ထိုသူက 'ကော်ဖီ'ဟု ပြောလိုက်သည်နှင့် စားပွဲထိုးက ကော်ဖီတစ်ခွက် သွားယူလာကာ ထိုသူ့စားပွဲတွင် ချပေးမည်။ ဤတွင် စားပွဲထိုးသည် အဘယ့်ကြောင့် 'ဖျော်ထားပြီး အသင့်သောက်ရန် ကော်ဖီတစ်ခွက်' ချပေးရပါသနည်း။ စားပွဲထိုးက မည်သို့ သဘောပေါက် သိနားလည်လိုက်ပါသနည်း။ ဆက်စပ်ကြည့်ရန် အကြောင်းအရာ၊ အနေအထား၊ စာလုံး၊ စကားလုံးများ မပါဟု ဆိုရန် ရှိသည်။ အကြောင်းမှာ (အထူးသဖြင့် ဤနေရာတွင်) ဘာသာစကားဆိုင်ရာ စနစ်များ၊ ဘာသာဗေဒဆိုင်ရာ စနစ်များကို အခြေခံကာ အနက်ဖွင့်ရန်မလို။ လက်တွေ့နည်းလမ်းတကျ အနက်ဖွင့် ရန်သာ လိုသည် (The pragmatic considerations in determining truth-conditional content The pragmatic process at issue သဘော ဖြစ်သည်)။ သို့သော် အကယ်၍ 'ကော်ဖီ' ဟူသော စကားလုံးကိုပင် ဆက်စပ်၍ အနက်ဖွင့်သော် 'ကော်ဖီ'ဟု ပြောလိုက်သူ၏ ဆိုလိုရင်းမှာ 'နို့ဆီ၊ သကြား၊ ကော်ဖီမှုန့်တို့ကို ရေနွေးဖြင့်ဖျော်ပြီး ပန်းကန် သို့မဟုတ် ခွက်တစ်ခု အတွင်းထည့်ကာ အသင့်သောက်သုံးနိုင်ရန် စီမံထားသော ကော်ဖီသာ ဖြစ်သည်။ ကော်ဖီဟု ဘာသာစကားအားဖြင့် ဖော်ထုတ်တင်ပြလိုက်ခြင်းတွင် ထည့်သွင်းစဉ်းစားစရာ တစ်ခုမှာ 'အနေအထား' ပါဝင်နေသည်။ ဘာသာဗေဒ ပညာရှင်များ ဖြစ်သော မာလင်နော B. Malinowski နှင့် ဖာ့သ် J.R. Firth တို့ တင်ပြခဲ့သော Context of Situationသဘော ဖြစ်သည်။

            ဖာ့သ်၏ အယူအဆအရသော် ပြောသူပြောပုံဆိုပေါက်သာမက ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ဆက်စပ်နေသော အနေအထားများ (Non- verbal action and the relevant objects) တို့ကိုလည်း ကြည့်ရန်လိုသည်။ ရှေ့တွင် ပြခဲ့ပြီးသော ဥပမာကို ကြည့်သော် လက်ဖက်ရည်ကော်ဖီသာ ရောင်းသော ဆိုင်ထဲတွင် 'ကော်ဖီ'ဟု ပြောလိုက်ခြင်းဖြင့် သူဆိုလိုသည်မှာ ကော်ဖီမှုန့်၊ ကော်ဖီစေ့တို့ကို အိတ် တစ်လုံး၊ ပုံးတစ်လုံးအတွင်း ထည့်ပေးရန် မှာလိုက်သည် မဟုတ်။ ဤသို့သော အနေအထားမျိုးတွင် ဘာသာဗေဒအရ အနက်ဖွင့်နေရန် မဟုတ်။ ဆိုလိုသည်မှာ လူနှစ်ဦး လမ်း၌တွေ့သည့်အခါ 'နေကောင်းသလား' 'ဟော...တွေ့ပြီ'ဟုသော စကားမျိုး ဖြစ်သည်။ လူမှုရေးအရ ပြောသောစကားများသာ ဖြစ်ပြီး ဘာသာစကားအရ တည်ဆောက်ထားသော အနက်ရင်းဖြင့် အနက်ဖွင့်ရန်မလို (Phatic communion ဟု ဆိုကြသည်)။ အနေအထားအရ ပေါ်လွင်နေပြီးသား အနက်မျိုး ဖြစ်သည် (ထပ်မံရှင်းဆိုရသော် မျက်နှာသစ်ခွက်ရှေ့တွင် ရပ်ကာ 'သွားတိုက်မယ်' ဟုဆိုခြင်းနှင့် 'စစ်မြေပြင်တွင် စစ်ကဲက စစ်သည်တော်များရှေ့တွင် ရပ်ကာ 'သွားတိုက်မယ်' ဟု ဆိုခြင်းတွင် 'သွား' ၏အနက်မှာ အနေအထားကို လိုက်၍မူတော့သကဲ့သို့ ဖြစ်သည်)။ ဘာသာဗေဒ အခြေခံ၍ လက်တွေ့နည်းလမ်းတကျ အနက်ဖွင့် နေရန် Linguistically controlled pragmatic process မဟုတ်။ လက်တွေ့ ဘဝကို အခြေခံကာ လက်တွေ့နည်းလမ်းတကျ အနက်ဖော်ခြင်းမျိုး Pragmatically controlled pragmatic process သာ ဖြစ်သည်။

            ထို့ပြင် အပြောစကားသည် အရေးနှင့်မတူ။ ဆိုခဲ့ပြီးသော ဥပမာအရ လက်ဖက်ရည်ဆိုင် တစ်ခုအတွင်းသို့ ဝင်လာသူတစ်ဦးက 'ကော်ဖီ'ဟု ဆိုလိုက်ခြင်းဖြင့် စားပွဲထိုးက သိနိုင်သည်မှာ မှန်သော်လည်း စာရွက်တစ်ရွက်ပေါ်တွင် 'ကော်ဖီ'ဟု ရေးသားထားရုံဖြင့် ဖတ်ရှုလိုက်မိသူအတွက် အနက်မပေါ်နိုင်။ မည်သည်ကို ဆိုလိုကြောင်း မသိနိုင်။ သို့အတွက် အရေးအသားတွင် ဝါကျ သို့မဟုတ် စာကြောင်းလိုအပ်လာသည်။ 'ကော်ဖီသွားသောက်သည်''ကော်ဖီမှုန့်ဝယ်ခဲ့ပါ' စသည်ဖြင့် ရေးသားလိုက်ပါမှ 'ကော်ဖီ'ဟုသော် စာလုံး၏ အနက်မှာ ပေါ်လွင်လာသည်။ ပြောစကားသည် ကာလအတိုင်းအတာ တစ်ခုအတွင်း တစ်ဦးတစ်ယောက်က ပြောဆိုခြင်း ဖြစ်သော်လည်း ရေးသားထား ခြင်း၏ တည်ရှိနိုင်မှုမှာ ကာလတစ်စုံတစ်ရာ မသတ်မှတ်နိုင်။ တစ်ချိန်တည်းမှာပင် ရေးသားခြင်းသည် ဘာသာစကား တစ်စုံတစ်ရာကို တည်ဆောက်သောစနစ်အရ သို့မဟုတ် စည်းကမ်းများ အရသာ တည်ဆောက်နိုင်သည်။ ဆိုလိုသည်မှာ စာလုံးပေါင်း၊ အသုံးအနှုန်း စသည်များမှအစ သဒ္ဒါစည်းကမ်းများပါ အကျုံးဝင်သွားတော့သည်။ အနည်းဆုံး စာကို မည်သို့ရေးရသည်။ စာကြောင်းဆိုသည်မှာ မည်သို့နည်း စသည့် အရေးဘာသာစကား တည်ဆောက်မှု အခြေခံကို သိရန်လို အပ်သည်။ ထို့ကြောင့်လည်း Semantics အရ လေ့လာမှုများတွင် ပြောစကား၏ အနက် The meaning of utterances ထက် တည်ဆောက်ထားသော ဝါကျ၊ စာကြောင်းများမှအနက် The meaning of sentences ကို အလေးထား ဆွေးနွေး ကြခြင်း ဖြစ်သည် (Semantics ကို ယခုအခါ မြန်မာတို့၏ ဘာသာစကားတွင် မည်သို့ခေါ်သည် မသိ။ ရှေးကသော် ဝေါဟာရတ္ထဗေဒဟု ခေါ်သည်ထင်၏။ ၁၉ဝဝ တွင် ပုံနှိပ်ထုတ်ဝေခဲ့သော ဘရီးလ် M.Breal ၏ စာအုပ်အရသော် Semantics: studies in the science of meaning ဖြစ်သည်)။ အချို့သော ပညာရှင်များက Semantics အခြေခံလေ့လာမှုအတွင်းမှ ကောန်တက်စ်ကို ထုတ်ပယ်ထားလိုကြသည်။ အကြောင်းမှာ ကောန်တက်စ်အရသာလျှင် အနက် သို့မဟုတ် ဆိုလိုရင်းကို သိနိုင်သည် ဆိုခြင်းကို လက်မခံနိုင်ကြသဖြင့် ဖြစ်သည်။ ပြဿနာတစ်ခုမှာ စာတစ်ကြောင်း၏ အနက်ကို သိခြင်းသည် ထိုစာကြောင်းတွင် ပါဝင်နေသော ကောန်တက်စ်ကို သိသောကြောင့်ဟု မဆိုနိုင်သောကြောင့် ဖြစ်သည် (ဆိုလိုသည်မှာ တစ်စုံတစ်ရာကို သိခြင်းသည် ၎င်း၏အတွင်းရှိ ရှိရှိသမျှကို သိသောကြောင့် မဟုတ်ဟူသော သဘောဖြစ်သည်။ ဥပမာ- ဆယ့်နှစ်လက်မ တစ်ပေ၊ သုံးပေတစ်ကိုက်ဟုသော စာကြောင်းတွင် 'လက်မ' ဆိုသည်ကို သိသောကြောင့် မည်သည်ကို တစ်ကိုက်ဟု ခေါ်ကြောင်း သိသည် မဟုတ်ပေ။ သိခြင်းအတွင်း တစ်ပေသည် ဆယ့်နှစ်လက်မရှိသည်ဟု ဆို ထားသဖြင့် တစ်ပေကို ဆယ့်နှစ်လက်မ အဖြစ် လက်ခံနိုင်သော်လည်း လက်မအကြောင်း မည်သူမျှ မသိ။ ဂုဏ်ရည်ကို မည်သူမျှ မဖော်နိုင်ချေ)။

            ဝေဖန်ရေးသစ် New Criticism အမြင်ရှိသူများသည် ကောန်တက်စ်ကို လက်မခံကြဟု အတော်များများက သဘောပေါက် လက်ခံထားကြသည်။ အထူးသဖြင့် ကျမ်းရင်းနှင့် ဝေးသူများ တွင်လည်းကောင်း၊ ဘာသာစကားအရပ်တွင် ချို့တဲ့သူများသည် လည်းကောင်း (ဆိုလိုသည်မှာ အဘိဓာန် အနက်ဖြင့်သာ ရှင်သန်နေကြသူများ) ထိုသို့မြင်တတ်ကြသည်။ ထိုအမြင်မှာ လုံးလုံးချည်း မမှန်သော်လည်း လုံးလုံးချည်း မှားသည်ကဲ့သို့ ဖြစ်နေသည်။ အကြောင်းမှာ ဝေဖန်ရေးသစ် အမြင် ပညာရှင်တို့သည် ရေးသားဖော်ထုတ်ထားသော (ဤတွင် 'ကဗျာ' ကို ဆိုလိုသည်) အရေးအသား၏ 'အပ'မှ ရှိသော အကြောင်းအရာ၊ အချက်အလက်၊ သိမှုကို ဖော်ထုတ်ပေးနိုင်စွမ်းမှု မှန်သမျှကို လက်မခံ (ဆိုလိုသည်မှာ သမိုင်း ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ စသည့်အကြောင်းအရာ၊ အချက်အလက်၊ အမြင်၊ အယူအဆတို့ဖြင့် ဆက်စပ်အနက်ဖော်ခြင်းမျိုး၊ ဝေဖန်ခြင်း မျိုးကို လက်မခံ။ ၎င်းတို့ကို External context ဟု ခပ်လွယ်လွယ် ခေါ်နိုင်သည်)။ ထို့ပြင် ထိုအရေးအသားတို့ဖြင့် ဆက်စပ်အနက်ဖော်ခြင်းမျိုးကို လက်မခံ (ဆိုလိုသည်မှာ ကဗျာအရေးအသား တစ်ခုအား အခြားကဗျာ ကဗျာဆိုင်ရာ အရေးအသားတို့နှင့် ယှဉ်တွဲလေ့လာကာ အနက်ဖော်ခြင်း၊ ဝေဖန်ခြင်းမျိုးကို လက်မခံ။ ၎င်းကို Intracontextual studies ဟု ဆိုနိုင်သည်)။ သို့သော်လည်း အရေးအသား (ကဗျာ)ကို လေ့လာရာတွင် 'ရေးသားထားသည့်အတိုင်း လေ့လာရမည်'ဟု ဆိုကြခြင်းတွင် ရေးသားထားသော စာလုံးများ၏ အနက်များ အရသာလျှင် အနက်ဖွင့်လေ့လာရမည် ဆိုခြင်း ဖြစ်သည် (ဆိုလိုသည်မှာ inter contextual studies ဖြစ်သည်။ Inter နှင့် Intra ကို သတိပြုပါလေ)။ တစ်နည်းဆိုရသော် ဝေဖန်ရေးသစ် အဆိုတင်ပြခဲ့သော ပညာရှင်တို့မှာ Internal context ကို အလေးပေးလေ့လာခဲ့သူများ ဖြစ်သည်။ (Abram:2000) ထို အချက်ကို ထောက်ကူပြုရန် ဝေဖန်ရေးသစ် ပညာရှင်များဖြစ်သော ဘရွခ်စ်နှင့် Robert Penn Warren တို့ ဆွေးနွေးခဲ့သော "How Poems Comes About" မှ စာတစ်ကြောင်းကို ပြပါရစေ။

            It is an infinitely complicated process of establishing interrelations ဟု ရေးသားခဲ့သည်။ အရေးအသား (ကဗျာ)၏ အတွင်း၌ အပြန်ပြန်အလှန်လှန် ရှုပ်ထွေးစွာ ဆက်နွယ်နေမှုများ ရှိသည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကဗျာတည်ဆောက်ပုံ အခြေခံများ အကြောင်းတင်ပြရာတွင် ဘရွခ်စ်က ပင်...

            The obvious wrapping of a statement by the context we characterize as ironical. ဟု တင်ပြခဲ့သေးသည်။ ထိုအဆိုအရသော် ကောန်တက်စ်မှာ အရေးအသား၏ အတွင်းသက်သက်ကို သာမက ဆီလျော်အပ်စပ်မှု ရှိနေခြင်းများကိုပါ ထည့်သွင်းစဉ်းစားရန် ဆိုခဲ့သည်မှာ ပေါ်လွင်နေ၏။ ကဗျာအဖြစ် တည်ဆောက်ထား သော ဘာသာစကားအတွင်းမှ ကောန်တက်စ်များကို သိရန်လိုအပ်သည့် သဘောကို ဆိုခဲ့ခြင်း ဖြစ်သည်။

            ဝေဖန်ရေးသစ် ပညာရှင်များအနေဖြင့် အနုပညာလက်ရာပစ္စည်း (ဤတွင် ဆိုလိုသည်မှာ ကဗျာ) သက်သက်အပေါ်တွင်သာ အာရုံစိုက်ကြသည်။ (concerned primarily with the work itself) ဟု ဆိုသော်လည်း ထိုကဗျာ အတွင်း၌ ရှိနေသော ကောန်တက်စ်တို့ကို ငြင်းပယ်ရမည်ဟု ဆိုလိုသည် မဟုတ်။ ဥပမာ- ကဗျာအရေးအသား အတွင်းရှိ Dramatic context ကဲ့သို့သော ကောန်တက်စ်များ၏ ရှိနေခြင်းကို မငြင်းပယ်နိုင်။ ဘရွခ်စ်က လေ့လာတင်ပြခဲ့သော ဂျောန်ကိစ်၏ "Ode on a Grecian Urn,"တွင် ထိုအချက်များ အကြောင်း အသိအမှတ်ပြု ရေးသားခဲ့သည်သာမက အခြားကဗျာဆရာတို့၏ ကဗျာများနှင့်ပင် ယှဉ်တွဲလေ့လာတင်ပြခဲ့သည်။ သို့ဖြစ်ရကား ကောန်တက်စ် ဟူသောစာလုံးကို 'စကားစပ်' 'အဆက်အစပ်' စသည့်အနက်ဖြင့် အမြဲမှတ်ယူမထားနိုင် (စပ်လျဉ်းသဖြင့် တင်ပြလိုသည်။ တစ်ခါက နရီမင်းက မြန်မာစာရေးဆရာအချို့ကို သတိပေးရင်း ရေးသားခဲ့ဖူးသည်ကဲ့သို့ 'စာလုံးတစ်လုံး၏ အနက်ကို အဘိဓာန်လာအတိုင်း အသေစွဲမှတ်ထားသောအလေ့'မျိုး မရှိ သင့်ချေ)။ ကောန်တက်စ်မှာ သိမှု တစ်စုံတစ်ရာ ဖြစ်မှုတွင် ရေရာမှုအတွက် အထောက်အကူပေးနိုင်သည် မှန်သမျှကို ကောန်တက်စ်ဟု လက်ခံလာကြသည်။ ဝေဖန်ရေးသစ် ပညာရှင်များ အနေဖြင့် ဝေဖန်တိကပြုရာတွင် ရေးသူ၏ အနေအထား၊ ဆန္ဒ စသည့် (The Intent of the author ကို ဆိုလိုသည်) အချက်များကို ထည့်သွင်းစဉ်းစားရန် မလိုဟု ဆိုသည်မှာ မှန်၏။ ထိုအချက်မှာ ကဗျာတစ်ပုဒ်၏ အပ၌တည်သော ကောန်တက်စ် (Context of origin) ကို ဆိုလိုသည်သာ ဖြစ်သည်။ ရေးသားထားခြင်းအတွင်းမှ ကောန်တက်စ် (Context of the text) ကို ဆိုလိုသည်မဟုတ်။ ဆိုလိုသည်မှာ စာပေအရေးအသား တစ်စုံတစ်ရာကို အရင်းခံလာ ခဲ့သော အနေအထားများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူထားရန် မဖြစ်ခြင်းသာဖြစ်၏။ (Literary text ... are not to be taken as part of the contexts of their origin. Ellis:1974)

            ကောန်တက်ကျူအယ်လစ်ဇင်မှာ ကောန်တက်စ်ကို အခြေခံ၍ လေ့လာခြင်း၊ ဖော်ထုတ်တင်ပြခြင်းများ ဖြစ်သည်မှာ မှန်သော်လည်း ကောန်တက်စ် ဟူသော စာလုံး၊ စကားလုံးကို 'ဆက်စပ်'သည်ဟု အမြင်တိမ်တိမ်၊ အမြင် ကျဉ်းကျဉ်းဖြင့် လက်ခံ၍ မဖြစ်နိုင်ပါ။ အတီတေက ကောန်တက်ကျူအယ်လစ်ဇင် သဘောသက်ရောက်သော အမြင်၊ အယူအဆများ ရှိခဲ့ဖူးပါသည်။ ဥပမာ- လူသားကို အခြေခံသော ကွန်တက် ကျူအယ်လစ်ဇင် သဘောကို ဘီစီ ၃၇၁-၂၈၇ ခန့်က သီယိုပရားတပ်စ် Theophrastus အမြင်တွင် တွေ့ခဲ့ရဖူးပါသည်။ ၁၆ ရာစု၊ ၁၇ ရာစုတွင် ဟောလ် Joseph Hall, အိုဗာဗျူရီ Thomas Overbury စသည့် ပညာရှင်တို့၏ အရေးအသားများတွင်လည်း တွေ့ရနိုင်သည်။ ထိုမျှသာ မဟုတ်သေး။ တွေးခေါ်ရှင် ဟိုက်ဒဂါ၏ ရသအမြင်များတွင် တင်ပြခဲ့သည်များကို ရှိမှုဗေဒအခြေခံ ကောန်တက်ကျူအယ်လစ်ဇင် Ontological Contextualism ဟု ခေါ်နိုင်သည်။ အကယ်၍ ချဲ့ထွင်ဆွေးနွေးလိုသော် ပလေတို တင်ပြခဲ့သော အနုပညာ၏ ပုံတူကူးချအမြင်များ Mimetic Theory ကိုပင် အတွေးနှင့်အပ ကောန်တက်စ်များ အခြေခံလေ့လာနည်း Internal-External Contextualism ဝေဖန်နည်းဟု ဆိုနိုင်သည်။ သို့ရာတွင် မာရေးခရိုက်ဂါ တင်ပြခဲ့သော ကောန်တက် ကျူအယ်လစ်ဇင်မှာ သူက စတင်၍သတ်မှတ်ခေါ်ဝေါ်ကာ ဝေဖန်ရေးသစ်အမြင် ပညာရှင်တို့၏ အမြင်များတွင် အခြေခံကာ တင်ပြခဲ့သော အမြင်သာ ဖြစ်သည်။ ဝေဖန်ရေးသစ် အမြင်ပညာရှင်တို့၏ အမြင်များမှ အထိုက်အလျောက် ရုန်းထွက်လာသော သဘောလည်း ပါသည်။

            မာရေးခရိုက်ဂါ တင်ပြခဲ့သော ကောန်တက်ကျူအယ်လစ်ဇင်၏ သဘောမှာ အဘိဓာန်လာ အနက်တစ်မျိုးတည်းကို အခြေခံ၍ ကောန်တက်စ်ဆိုတာ ဒါပဲဟု မှတ်သားသူများ လွယ်လွယ်ဖြင့် သဘောပေါက်မည် မထင်။ အကြောင်းမှာ သူ ဆိုလိုသော ကောန်တက်စ်၏ အနက်မှာ အဘိဓာန်လာ အနက်အရ မဟုတ်သောကြောင့် ဖြစ်သည်။ အများက သိထားနှင့်ကြသည့် အတိုင်း ဝေဖန်ရေးသစ်အမြင်ကို လက်ခံတင်ပြသူများက ကဗျာအရေးအသားများအပေါ် ဝေဖန်ရာ လေ့လာရာတွင် အရေးသားထားသည်တို့၏ အပကို ထည့်သွင်းစဉ်းစားရန် ဆွေးနွေးရန် မလိုဟု ဆိုခဲ့သည်။ ခရိုက်ဂါ တင်ပြခဲ့သည်မှာလည်း ထိုသဘောနှင့်သာ ဖြစ်သည်။ ကဗျာတစ်ပုဒ်တွင် ရေးသားထားခြင်း၏ အပကို မညွှန်းဟုဆိုသည်။ တစ်နည်း ပြန်လည်တင်ပြရသော် (ကဗျာ၏) အပသို့ ရည်ညွှန်းထားခြင်းများ မရှိ။ (ပျောက်ဆုံးနေသည် The absence of external signified)(ကဗျာက) ရေးသား ဖော်ထုတ်ထားခြင်း တစ်ခုလုံးအတွင်း၌ ဖော်ထုတ်ပေးထားသော အလုံးစုံသော ကောန်တက်စ် (All embracing context provided by the poem itself) ကိုသာ ကြည့်ရမည်ဟု ဆိုသည်။ ထိုအမြင် သို့မဟုတ် အယူအဆမှာ တစ်နည်းအားဖြင့်သော် ရေးသားဖော်ထုတ်ထားခြင်း၏ အပ၌ ရှိသောအကြောင်းများ (ဤတွင် Historical နှင့် Intertextual ကို ဆိုလိုသည်) နှင့် ဆက်စပ်အနက်ဖော်ခြင်းကို ငြင်းဆန်ခြင်းသာ ဖြစ်သည်။ သို့ရာတွင် ကဗျာ၏အနက်မှာ ရေးသားထားသော အရေးအသား၏ အလုံးစုံအတွင်း၌ ရှိနှင့်ခဲ့ပြီဖြစ်၍ ကဗျာတစ်ပုဒ်အဖြစ် ရေးသားထားခြင်း အတွင်း၌ ဆက်စပ်လေ့လာ၍ အနက်ဖော်ယူရမည်သာဟု ဆိုခြင်း ဖြစ်သည်။ တစ်နည်းထပ်မံ ရှင်းဆိုပြရသော် ကဗျာ တစ်ပုဒ်အတွင်းမှ အနက်များမှာ ရေးသားထားခြင်း အတွင်းဖော်ထုတ်ထားသော်လည်း တိုက်ရိုက်ကြီး ဖော်ထုတ်ထားသည် မဟုတ်။ သွယ်ဝှိုက်ကာ ထိန်မြှုပ်ကာ ဖော်ထုတ်ထားသည်သာ ဖြစ်သည် (ခရိုက်ဂါ၏ အသုံးအနှုန်းအရသော် Negative reference ဟု ဆိုရမည်။ အကျယ်ကို သူ၏ "An Apology for Poetics"တွင် Negative reference မှာ ပညာရှင် ဂျေမဆင် Fredrick Jameson တင်ပြသော Reading of Subtext နှင့် မတူကြောင်းလည်း သတိပြုစေချင်သည်။ အလျဉ်းသင့်သော် သီးသန့်ရှင်းပြပါဦးမည်။) သို့ဖြစ်ပါ၍ မာရေးခရိုက်ဂါ၏ ကောန်တက်ကျူ အယ်လစ်ဇင်မှာ သူ ပါဝင်ပတ်သက်ခဲ့သော ဝေဖန်ရေးသစ် နည်းပညာအောက်မှ ပေါက်ပွားလာသော နည်းတစ်ခုသာဟု ဆိုရခြင်း ဖြစ်သည်။

            သူ၏ တစ်ခုသော ရေးသားတင် ပြချက်တွင်...

            The poem, then, is a signifier which must carry its authenticity within itself since no external signified is accessible to us. (Krieger:1979) ဟု ဆိုခဲ့သည်။ ထိုအချက်မှာ သူ တင်ပြခဲ့သော ကောန်တက်ကျူအယ်လစ်ဇင်တွင် သိမှု၏ အခန်းကဏ္ဍကို ရှေ့တန်းတင်လိုက်သော အမြင်ဖြစ်သည်။ ကောန်တက်စ်ကို လက်ခံရာတွင် သိမှုသဘောဖြင့် လက်ခံသောအပိုင်း ပြောင်းနေကြောင်းမှာ သိသာထင်သာသည်။ ပညာအရာတွင် 'သောင်'နှင့် 'ကမ်း' ကွဲပြားစွာ မြင်နိုင်သူတိုင်း နားလည်သဘောပေါက်ကြလိမ့်မည်ဟု ယူဆပါသည်။ ခရိုက်ဂါနှင့် စာလိုက်ဖက်ဖြစ်သော ဟဲနရစ်ဆင် Brain Henricksen ကမူ ခရိုက်ဂါ၏ အမြင်မှာ သိမှုဗေဒအခြေခံ အမှန်တရား ဆိုင်ရာ အဆို၊ သီဝရီများအနက် ဆက်စပ်မှု သီဝရီ Corespondence Theory ကို စွန့်လွှတ်ကာ ဆီလျော်မှုသီဝရီ Coherence Theory ကို လက်ခံ၍ တင်ပြသောအမြင် (Henricksen:1986) ဟု ဆိုသည်။ ထိုသို့ဆိုသည်မှာ အကြောင်းရှိသည်။ ဆက်စပ်မှု သီဝရီအရသော် အမှန်တရား (ဤတွင်ကဗျာ၏အနက်) ကို ဖော်ထုတ်ရန်အတွက် အပမှာ အကြောင်းများနှင့် ဆက်စပ်ကြည့်ရန် ဖြစ်သည်။ ခရိုက်ဂါ၏ အမြင်အရ ကဗျာ၏အနက်မှာ ကဗျာအတွင်း၌သာ ရှိသည်ဖြစ်ရာ ကဗျာအဖြစ် ရေးသား ထားခြင်းအတွင်း (ဖြစ်-ရှိနေခြင်း Existential သဘော)၌သာ ဆက်စပ် ကြည့်ရန်သာ ဖြစ်တော့သည်။ သို့ဖြစ် ၍လည်း ခရိုက်ဂါ၏ စာပေလေ့လာနည်း၊ ဝေဖန်နည်းကို ကမ္ဘာပေါ်ရှိ ပညာရှင်အသီးသီးတို့က ကောန်တက်ကျူ အယ်လစ်ဇင်ဟု အငြင်းမပွားဘဲ သတ်မှတ်ပြောဆို ဆွေးနွေးကြခြင်း ဖြစ်သည်။

            သို့ဖြစ်ရကား ခရိုက်ဂါ ကိုယ်တိုင်က သူ စတင်ခဲ့ပါသည်ဟု ရဲရဲကြီး ဝန်ခံခဲ့ပြီး ကမ္ဘာအရပ်ရပ်မှ ပညာရှင်များက ငြင်းဆိုခဲ့ခြင်း မရှိသော ကောန်တက်ကျူအယ်လစ်ဇင်မှာ ယနေ့ပညာရှင် အသီးသီးတို့၏ လက်တွင် ပုံစံအမျိုးအမျိုး ပြောင်းနေခဲ့ပြီဟု ဆိုနိုင်သည်။ ခရိုက်ဂါနှင့် အယူအဆချင်း မတူညီခဲ့သည့် ပါမောက္ခ လဲန်ထရစ်ချယား Frank Lentricchia ကပင် ခရိုက်ဂါ၏ ကောန်တက်ကျူ အယ်လစ်ဇင်ဟု အတည်ပြု ပြောဆိုရေးသားခဲ့သည်။ (Lentricchia:1983) သို့ဖြစ်ရကား အကယ်၍ မာရေးခရိုက်ဂါမှာ ကောန်တက်စ် အခြေခံဝေဖန်ရေး လုပ်သူတစ်ဦး မဟုတ်။ ကောန်တက်ကျူအယ်လစ် တစ်ဦးမဟုတ်ဟု ငြင်းဆိုသော်...

            (တစ်) သူ တင်ပြခဲ့သော paradoxical combination of elements အကြောင်းကို နားမလည်သူလည်း ဖြစ်ကောင်းဖြစ်မည်။ (နှစ်) ခရိုက်ဂါ တင်ပြခဲ့သော presence နှင့် absence သဘောကို  ဖတ်၍  နားမလည်သူလည်း ဖြစ်ကောင်းဖြစ်မည်၊ နှင့် သို့မဟုတ် (သုံး) အနောက်တိုင်း ဘာသာစကားတွင် သုံးနှုန်းသည် အသုံးအနှုန်းအရှိရသော် လက်နှိပ်စက်ရိုက် တတ်သည်ဆိုသော သိုးတစ်ကောင် သို့မဟုတ် စာဖတ်တတ်သည် ဆိုသော နွားတစ်ကောင်သာ ဖြစ်ပေမည်။ အကြောင်းမှာ ကောန်တက်စ် Context  ဟူသော စာလုံးကို လှိုင်လှိုင်ကြီး သုံးမှ ကောန်တက်ကျူအယ်လစ် ဖြစ်သည် မဟုတ်ပါ (ဆိုလိုသည်မှာ မာ့စ်ဝါဒဟူသော စာလုံး၊ စကားလုံးကို လှိုင်လှိုင်ကြီးသုံးမှ မာ့စ်ဝါဒီ ဖြစ်သည်ကဲ့သို့သော အမြင်မျိုး မဟုတ်ပါ)။ ပညာရှင် ဒီရိုစ် K. DeRose ၏ အဆိုကို ပြန်လည်တင်ပြရသော် ကောန်တက်ကျူ အယ်လစ်ဇင်မှာ သိသူက မည်သည့် အခြေခံများဖြင့် သိသည် (သို့မဟုတ် နားလည်သည်) (DeRose:1999) ဆိုသည့် အကြောင်းသာ ဖြစ်သည်။

မြင့်သန်း

(အမှတ် ၁၈၄၊ မတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 

စာကိုး

Abrams, M.H (1999) A Glossary of Literary Terms. 7th. edition. Fort Worth: Harcourt Brace College Publishers.

Berg, R. (1986) "A Matter of Distinction: an Interview with Murray Krieger" in Murray Krieger and Contemporary Critical Theory, ed. Bruce Henricksen. New York: CUP.

Brook, C. (1947) "Keats Sylvan History without Footnotes" in The Well Wrought Urn. New York: Harcourt.

DeRose, K. (1999) "Contextualism: An Explanation and Defense" in Blackwell Guide to Epistemology, J.Greco et al. (eds.). Oxford: Blackwell Publishers Ltd.

Ellis, J.M.(1974) The Theory of Literary Criticism: A Logical Analysis. Berkeley: UCP.

Fish, S.(1980) Is there a Text in This Class?: The Authority of Interpretive Communities. Cambridge, Mass: HUP.

Goodhart, S. (1986) "After the Tragic Vision: Krieger and Lebtricchia, Criticism and Crisis" in Murray Krieger and Contemporay Critical Theory, ed. Bruce Henricksen. New York: CUP.

Henrickson, B.(1986) "Murray Krieger and the Question of History" in Murray Krieger and Contemporary Critical Theory, ed. Bruce Henricksen. New York: CUP.

Krieger, M. (1979) Poetic Presence and Illusion: Esaays in Critical History and Theory. Baltimore: JHUP.

Lentricchia, F.(1983) After the New Criticism. Chicago: UCP.

Rosmarin, A. (1986). "Rereading Contextualism" in Murray Krieger and Contemporary Critical Theory, ed. Bruce Henricksen. New York: CUP.

အညွှန်း

BGCLT     - The Bedford Glossary of Critical and Literary Terms.

GLT        - Glossary of Literary Theory.

PDLT&LT - The Penguin Dictionary of Literary Terms and Literary Theory.

PEP & P - Princeton Encyclo- pedia of Poetry and Poetics (Enlarged Edition)


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။