ရွှေသုတ‌

မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)

မြင့်သန်း

01 May 2026
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
Share to

 ၂။         ညီပုလေး၏ 'မိုက်သလား၊ ရိုက်သလား မမေးနဲ့'

            ဝတ္ထုတို (၁၉၈၈)

            ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်လေ့လာချက်များတွင် သုံးလေ့ရှိသည့် အယ်ရစ် စတော်တလ်၏ စနစ်ကို ပြန်လည်ပြုပြင်ထားသော ဖရေးတော့၏ ပစ်ရမစ်ဒ် Freytag Pyramid ဖြင့် တိုင်းထွာရန် မဖြစ်ချေ။ ထိုမျှသာ မဟုတ်သေး။ ပညာရှင် ဗဲင်ဒစ် Teun A.van Dijk တည်ဆောက်ပြခဲ့သော ဇာတ်လမ်းတည်ဆောက်ပုံ စနစ်အရပင် တိုင်းထွာရန် မဖြစ်နိုင်။ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာ အလယ်ကောင်မှ စတင်ထားသော In Medias Res ရေးသားပုံမျိုး ဖြစ်သည်။ အဓိက ဇာတ်ကောင်တစ်ဦးဖြစ်သူ ဆရာ တင်မောင်အေး စက်ဘီး စီးလာခြင်းဖြင့် ဝတ္ထုကို ဖွင့်ထားသည်။ သို့ရာတွင် ထိုကဲ့သို့ သူ စက်ဘီးစီးလာရသည့် အကြောင်းမှာ စတုတ္ထစာပိုဒ် ရောက်သည်တွင်မှ အသိပေးထားလေသည်။ ဤဝတ္ထုတို၏ အပိတ်နှင့် အကြိုအပိတ်တို့အကြောင်း ဆွေးနွေးမည်ဟု ဆိုသော် ဆွေးနွေးသင့်သောအချက်မှာ ဇာတ်ကွက် Plot ချပုံဖြစ်သည်ဟု မြင်မိသည်။ (Plot ကို ကျွန်တော့်အနေဖြင့် ဇာတ်ကွက်ဟူ၍သာ လွယ်လွယ်ကူကူ ခေါ်ဝေါ်လိုက်ပါသည်။ သူတို့ အသံထွက်အတိုင်း ပလော့တ်ဟုလည်း ခေါ်နိုင်ကြပါသည်။ မြန်မာဆန်ပြချင်လွန်းသဖြင့် Theme ကို သိမ ဟုခေါ်သူများအနေဖြင့် ပလော့တ်ကို ပလောတ၊ ပလာတာ၊ ပလုတ်တုတ်၊ ပလုတ်တုတ်တုတ် စသည်ဖြင့် ခေါ်လိုသော် ကျွန်တော့်တွင် ကန့်ကွက်ရန် အကြောင်းမရှိပါ။ ဤတွင် ဇာတ်ကွက်ဟု လက်ခံထားသော အနေအထားမှာ အစဉ်အလာသဘောမျိုးမဟုတ်။ တည်ဆောက်ပုံကို ဆိုလိုခြင်းသာ ဖြစ်သည်) ဇာတ်ကွက်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်''သည်မှာ ဇာတ်ကောင်များအားဖြင့် တိုက်ရိုက်ဆန့်ကျင်သော အမြင်၊ အယူအဆနှင့် အနေအထား စသည်များ (Conflict ၏ သဘောမျိုးကို ဆိုလိုသည်) ကို ဖော်ထုတ်ထားသောကြောင့် ဖြစ်သည်။

            မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုတွင် ကျောင်းဆရာ နှစ်ဦး (တင်မောင်အေးနှင့်အေးချို) နှင့် လူမိုက် (ဗမှန်နှင့်ဘတ်သီး)တို့မှာ အဓိက ဇာတ်ကောင်များ ဖြစ်ကြသည်။ အဓိကကျသော အဖြစ်အပျက်နှစ်ခုစလုံးမှာ ညဘက်တွင် ဖြစ်ပြီး နေရာမှာ စက်ဘီး စီးသွားကြရာ လမ်းပေါ်တွင် ဖြစ်သည်။ ဤဝတ္ထုတိုတွင် နေရာထက် ပတ်ဝန်းကျင်၏အနေအထားသည် ပို၍ အရေးပါသည်။ ပတ်ဝန်းကျင်အနေအထားဟု ဆိုသော်လည်း တကယ်တမ်းတွင် ပတ်ဝန်းကျင်အနေအထားကြောင့် သက်ရောက်နေသော စိတ်၏ အနေအထားများက ပို၍ အရေးကြီးနေသည်။ ဆိုလိုသည်မှာ အမှောင်မှာ ကျောင်းဆရာ (လူကောင်း)နှင့် လူမိုက် (လူဆိုး)တို့ နှစ်မျိုးစလုံးအပေါ် သက်ရောက်မှု တစ်စုံတစ်ရာ ရှိနေသည်။ သို့ရာတွင် လူကောင်းနှင့် လူဆိုးတို့၏ အားစမ်းပွဲမှာ ရုပ်ပိုင်းဆိုင်ရာ မဟုတ်။ သိမှုပိုင်းဆိုင် ရာတွင်ဖြစ်သည်။ ဉာဏ်ရည်ဉာဏ် သွေးပေါ်တွင် တည်သော အစွမ်းပြိုင်မှုတစ်ရပ် ဖြစ်သည်။ ဝတ္ထုအကြောင်းကို အကျဉ်းမျှ ရေးပြပါရစေ။ ညဘက်တွင် စက်ဘီးစီးလာသော ကျောင်းဆရာ တင်မောင်အေး၏ ရိုက်အလုခံရမည့် ဘေးမှလွတ်ခဲ့သောနည်းကို ကျောင်းဆရာအေးချိုက ထပ်မံ သုံးစွဲလိုက်ခြင်းဖြင့် သူလည်း ရိုက်အလုခံရမည့် ဘေးမှလွတ်ခဲ့သည်။ အလားတူပင် ရိုက်လုမည်ဟု ကြံစည်သော လူမိုက် ဗမှန်နှင့် ဘတ်သီးတို့မှာ နှစ်ပေါက် တစ်ပေါက် အရိုက်ခံရသဖြင့် မရိုက်ဖြစ်၊ မလုဖြစ်။ ထိုအကြောင်းကို အချင်းချင်း အသိမပေးရဲ၊ ပြန်မပြောရဲကြ။ ဘတ်သီး အနှပ်ခံရသကဲ့သို့ ဗမှန်လည်း အနှပ်ခံခဲ့ရသည်မှာ ၎င်းတို့အချင်းချင်းအကြားတွင် မိုက်ဂုဏ် ခံကာနေကြသည်ဖြစ်၍ ဖြစ်ကြောင်း ကုန်စင်မသိကြ။ ဝတ္ထုတို၏အဆုံးမှာ ကျောင်းဆရာအေးချို၏ အနှပ်ကို ခံရသော လူမိုက်ဘတ်သီးက '...သူ့ဆရာ ဗမှန် သိသွားမှာလည်း ကြောက်တယ်။ မိုးမှောင်တို့ ဒေါင်းရှည်တို့ပါ သိသွားကြရင်လို့ တွေးရင်း...' ပြီးဆုံးသွားခဲ့သည်။

            ဤဝတ္ထုတို၏ အတွင်းသား၌ ဗဟိုပြုတင်ပြထားသော အချက်တစ်ရပ်မှာ ခေါင်း(ပညာ)ရှိသူနှင့် ခေါင်း (ပညာ)မရှိသူတို့၏ စွမ်းရည်ပြိုင်ပွဲ ဖြစ်သည်။ ဝတ္ထုရေးသမား၏ လူသဘောသဘာဝနှင့် ပတ်သက်သော အမြင်လည်း ဖြစ်သည်။ ထိုအချက်မှာ ဝတ္ထုရေးသမား၏ ပြဆိုလိုရင်းလည်း ဖြစ်နေပြန်သဖြင့် (ဆိုလိုသော်) ကျောရိုး သို့မဟုတ် Theme ဟု ဆိုကောင်းဆိုရပေလိမ့်မည်။ ထိုစွမ်းရည်ပြိုင်ပွဲတွင် သတိပြုသင့်သော အချက်တစ်ခုမှာ ပြဿနာတစ်ရပ် (သို့မဟုတ် ထွက်ပေါက်ရှာခြင်း)တွင် ခေါင်း(ပညာ) ရှိသူက ခေါင်းကို သုံးစွဲ၍ ဖြေရှင်းကာ အနိုင်ယူပုံနှင့် ခေါင်း(ပညာ)မရှိသူအဖို့မှာ ရုပ်ပိုင်းဆိုင်ရာ အောင်နိုင်မှုသည်သာ အဖြေတစ်ရပ်ဟု ဖော်ပြထားခြင်း ဖြစ်သည်။ ထိုမတူညီသောအမြင် နှစ်ရပ်ကို အခြေခံထားသော လူသားနှစ်မျိုး၏ အတွင်း၌ပင် မအောင်မြင်သူများတွင် တည်တတ်သော မိမိအပေါ် မိမိဘာသာ မလုံမလဲ စိတ်ဖြစ်တတ်ခြင်းကို နောက်ဆုံး၌ ပြထားခဲ့သည်။ ထိုအချက်ဖြင့် ဝတ္ထုတိုကို အဆုံးသတ်လိုက်သည်။ ထိုသို့ အဆုံးသတ် (ပိတ်လိုက်)ခြင်း အားဖြင့် ကနဦး၌ ဝတ္ထုရေးသမား ပြဆိုလိုခဲ့သော လူ၏ သဘောသဘာဝ အကြောင်းမှာ အားကောင်းသွားခဲ့တော့သည်။ ဤဝတ္ထုတိုမှာ အလုံးစုံသိသော Omniscient အမြင်နေရာမှ ရပ်တည်ကာ တင်ပြထားခဲ့သည် (ဆိုလိုသော် Omniscient Objective ဟု ဆိုနိုင်မည်ထင်သည်။ Omniscient သက်သက်မဟုတ်ဘဲ Objective ကို ထည့်စဉ်းစားရသည်မှာ ဝတ္ထုတိုကို ဝတ္ထုရေးသမားက ကင်မရာဖြင့်လိုက်၍ ရိုက်နေသကဲ့သို့ ရိုက်ပြနေခဲ့သည်။ ဆိုလိုသည်မှာ ကျောင်းဆရာများ၊ လူမိုက်များအား စာဖတ်သူ သိသာမြင်သာအောင် ဖော်ပြနေသော်လည်း သူက ကောက်ချက်မချ။ မှတ်ချက်မပေး။ အဆိုမပြု။ ဝတ္ထုတိုအထဲတွင် တွေ့ရ၊ သိရ၊ ကြားရသည် မှန်သမျှမှာ ဝတ္ထုထဲက လူများထံမှသာ ဖြစ်သည်။ ဖတ်သူသည် ပွဲကြည့်ပရိသတ် ဖြစ်သည်။ ဝတ္ထုရေးသမားက ရှင်းပြနေသည်ကို နားထောင်နေသော ပရိသတ်မဟုတ်။ ကိုယ့်ဘာသာကြည့်နေရင်း အနက်ဖော် နေသော ပရိသတ်မျိုးသာ ဖြစ်သည်)

            ဤတွင် ဇာတ်ကွက်ဟု ဆိုခဲ့သည့် အပိုင်းကို ပြန်လည်ဆွေးနွေးလိုပါသည်။ ဇာတ်ကွက်ကို တည်ဆောက်ရန် ဇာတ်အိမ်ဖွဲ့ရာတွင် ပဋိပက္ခ သို့မဟုတ် တိုက်ရိုက်ဆန့်ကျင်သော အနေအထား အနည်းဆုံးတစ်ခုလိုပါသည်။ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုအတွက် ဤအချက်မှာ ပြဿနာမရှိလှပါ။ အဓိကဇာတ်ကောင်များအကြားမှ တိုက်ရိုက်ဆန့်ကျင်မှု အနေအထားများမှာ အားကောင်းလှပါသည်။ ဝတ္ထုတိုအများစုတွင် တွေ့ရတတ်သည့် အဓိကကျသော ဆန့်ကျင်မှု အနေအထားနှင့် ၎င်းကို ပံ့ပိုးပေးထားသော ဆန့်ကျင်မှု အနေအထားများမှာ အားနှင့်အင်နှင့်ဟူ၍ပင် ဆိုရမည်။ ထပ်မံ၍ဆိုရသော် လူ၏အတွင်း Internal နှင့်အပ External တို့နှင့် စပ်ဆိုင်သော ဆန့်ကျင်မှု အနေအထားများ သာမက (က) လူနှင့် လူအကြားမှ တိုက်ရိုက်ဆန့်ကျင်နေသော အကြောင်းအရာများ၊ (ခ) လူနှင့် သူ၏အခြေအနေ အကြားမှ ဆန့်ကျင်နေမှုများ၊ (ဂ) လူနှင့် သူ ပါဝင်ပတ်သက်နေရသော လူ့အဖွဲ့ အစည်းအကြားမှ ဆန့်ကျင်နေမှုများနှင့် (ဃ) သူ့ဘာသာ ရင်ဆိုင်နေရသော ဆန့်ကျင်မှုများမှာ ခိုင်လုံလှသည်။ သို့ရာတွင် ဇာတ်ကွက် တည်ဆောက်ရန်အတွက် အားကောင်းလှသော တိုက်ရိုက် ဆန့်ကျင်မှုများ (အကြောင်းအရာ၊ အချက်အလက်နှင့် အနေအထား အားလုံးကို ဆိုလိုသည်)ကို တနင့်တပိုး ကြီး ဖော်ပြထားသော်လည်း အယ်ရစ် စတော်တလ်၏ စ-လယ်-ဆုံး သုံးပါး ညီညွတ်သောနည်းအရလည်းကောင်း၊ ဖရေးတာ့ဂ်၏ ပစ်ရမစ်ဒ်အရလည်းကောင်း တိုင်းထွာ၍ မဖြစ်။ အကြောင်းမှာ ဝတ္ထုရေးသမားသည် အစဉ်အလာ အရေးအသားပုံစံအရ သူ၏ ဝတ္ထုတိုကို တည်ဆောက်မထား။ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတို၏အစသည် 'အပျိုး' 'အချီး' (Introduction ကို ဆိုလိုသည်)မဟုတ်။ ဇာတ်ရှိန်တက်လာရန် တည်ဆောက်သယောင်ယောင် ရေးထားသော်လည်း တကယ်တမ်း မတင်သေးဘဲ အသာမြှောနေသေးသည်။

            ဤနေရာတွင် မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုနှင့် ယှဉ်တွဲ၍ ရှင်းပြရသော် ဝတ္ထုတို စသည်နှင့် ကျောင်းဆရာ တင်မောင်အေး၏ အနေအထားအလုံးစုံကို ပြထားသည်။ ထို့နောက် ဗမှန်၏ အနေအထား အလုံးစုံကို ပြသည်။ ပုံမှန်တည်ဆောက်ပုံအရသော် ဤနေရာတွင် သူတို့နှစ်ဦးကို ထိပ်တိုက် တိုးစေခြင်းဖြင့် ဇာတ်ရှိန်ကို မြှင့်ကာ Rising Action ဇာတ်၏ အထွတ်အထိပ် Climax သို့ သယ်သွားရန် ဖြစ်သည်။ ထို့နောက်တွင်မှ ဇာတ်ရှိန်ကို လျှော့ချကာ Falling Action ဇာတ်လမ်းကို ဖြေချလိုက်ရန် (သင်္ချာတွင် အဖြေပေးသည့် အနေအထားမျိုး ပြရန်) Denouement ဖြစ်သည်။ သို့သော် ဝတ္ထုတိုရေးသမားက ဇာတ်ရှိန်ကို မတင်ဘဲ ရပ်ထားလိုက်သည်။ ထိပ်တိုက်တိုးမပေးသေးဘဲ ကျောင်းဆရာများ နေ့လယ်စာ စားသည့်အကြောင်းကို ဖော်လိုက်တော့သည်။ ကျောင်းဆရာ တင်မောင်အေးနှင့် ဗမှန်တို့၏ အကြားတွင် ရှိနေခဲ့သော အကြောင်းရပ်တစ်ခုကို ကျောင်းဆရာ တင်မောင်အေး၏ ပြောစကားဖြင့် စာဖတ်သူကို အသိပေးလိုက်လေသည်။ အကယ်၍ ဝတ္ထုတို၏ အပိတ်အကြောင်းကို လေ့လာသော် ဤနေရာမှာ အကြိုအပိတ်ဟု ဆိုရမည့် နေရာဖြစ်သည်။ ဝတ္ထုတိုရေးသမားသည် ပထမအဖြစ် အပျက်နှင့် ဆင်တူအဖြစ်အပျက်ကို ဆက်၍ ဖော်ပြလိုက်ပြန်သည်။ ဘတ်သီးနှင့် ကျောင်းဆရာအေးချိုတို့ အကြောင်းဖြစ်သည်။ ထို့ပြင် ယနေ့ ကာလ၏ ဝတ္ထုတိုများတွင် တွေ့ရတတ်သော ဝတ္ထုအတွင်းမှ ဝတ္ထုများ တည်ဆောက်ပုံကို တွေ့ရနိုင်သည်။ ဘတ်သီးနှင့် ကျောင်းဆရာအေးချိုတို့၏ ဝတ္ထုမှာ ဒုတိယဝတ္ထုသဘော (ထပ်မံဆိုပါရ စေ- သဘော)ဖြစ်သည်။ ပညာရှင် မောတမာ A.K. Mortimer တင်ပြသော ...the second story is necessary to the intelligibility of the first ဟုသော သဘောဖြစ်လေသည်။ ထိုအဖြစ် အပျက်မှာ စင်ပြိုင်အဖြစ်အပျက် ဖြစ်သည်။ ဝတ္ထုတိုရေးသမားက သူ၏ ဝတ္ထုတိုကို စင်ပြိုင်ဖော်ထုတ်ရေးသား သော ပုံစံမျိုးဖြင့် ရေးသားလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း အရေးအသား၏ အဆုံး၌ ဘတ်သီးက '...တွေးရင်း' ဟူသော စာလုံးဖြင့် အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်တော့သည်။

            အကယ်၍ အစဉ်အလာ ဝတ္ထုတို ရေးသားပုံမျိုးကို အခြေခံကာ စ-လယ်-ဆုံး သုံးပါးညီညွတ်ရေး၊ ဇာတ်ရှိန်တင်/ချ လုပ်ကာ ဇာတ်ကို ဖြေခြင်းပြုသော ဝတ္ထုတိုရေးသမားအနေဖြင့် ကျောင်းဆရာအေးချိုက 'တစ်မိုးလုံး ဟိန်းသွားအောင် အော်ဟစ် ရယ်ပစ်ခဲ့တာပေါ့'ဟူသော နေရာတွင်ပင် အဆုံးသတ်လိုက်နိုင်သည်။ သို့မဟုတ် ဘတ်သီးဝါးရင်းတုတ် ပစ်ချလိုက်သည့် နေရာ၊ သို့တည်းမဟုတ်၊ ကျောင်းဆရာ အေးချိုက ပဲ့တင်ထပ်သွားအောင် အော်လိုက်သည့် နေရာများတွင် အဆုံးသတ်နိုင်သည်။ သို့သော် အဆုံးမသတ်။ ဝတ္ထုရေးသမား၏ ဦးတည်ချက်မှာ ဘတ်သီး၏ နောင်တမပါသော အရှက်တရားအကြောင်း စာဖတ်သူများဘက်ကပါ ပါဝင်ပတ်သက်ကြည့်စေချင်၍ ဖြစ်သည်။ ဝတ္ထုတိုရေးသမားက သူ၏ အရေးအသားအားဖြင့် အသိပညာတစ်စုံတစ်ရာ ဖော်ထုတ်ပြနေခြင်းများ Reve-lations of wisdom မဟုတ်။ ဖြေရှင်းမထားသော စိန်ခေါ်မှုများ Unresolved Challenges များအကြောင်းကိုသာ တည်ဆောက်ပြလိုက်ခြင်း ဖြစ်သည်။ 'ဝတ္ထုတို ရေးတာဟာ ရန်ကုန်က မန္တလေးသွားတဲ့အကြောင်း ရေးတာမျိုးပဲ'ဟု နမူနာပေး ပြောဆိုကြသော် ဤဝတ္ထုတိုမှာ ရန်ကုန်မှထွက်ပြီး မန္တလေးဆီသို့ တိုက်ရိုက်မောင်းသွားသော အကြောင်းမဟုတ်။ ရန်ကုန်မှ ပုသိမ်သို့သွားပြီး ပုသိမ်-မုံရွာလမ်း အတိုင်း မုံရွာသို့ သွားပြီးမှ မန္တလေးဆီသို့ ပြန်လာခဲ့ခြင်းမျိုး ဖြစ်သည်။ မန္တလေးသို့ ရောက်ခြင်းမှာ ဤဝတ္ထုတိုတွင် အရေးမကြီးလှ။ မည်သို့သွားသည်ကသာ အရေးကြီးသည့်သဘော ဖြစ်တော့သည်။ ထို့ကြောင့်လည်း အစဉ်အလာ ပုံစံသမားများ အသည်းထဲ သံမှိုနှက်ကာ မှတ်ယူထားကြသော ညီညွတ်မှု့ Unity မှာ ဤဝတ္ထုတို ရေးသားပုံမျိုးတွင် ပြက်သိကာမျှ နေရာမရှိ။ အစဉ်အလာပုံစံသမားများ၏ ဇာတ်ကို ဖြေချပုံမျိုးဖြင့် အဆုံးမသတ်။ အဆုံးသတ်ဆီသို့ ဖြည်းဖြည်းချင်း ရွှေ့လျား သွားပြီးနောက် မရေရာမှု Indeter-minacy သို့မဟုတ် ဖွင့်ထားလျက် Openess (ဤတွင် ရှေ့ဆက်နိုင်ရန် လမ်းစထားခဲ့သေးသည့် သဘောကို ဆိုလိုသည်) အရေးအသားကို အဆုံး သတ်လိုက်ခြင်းသာ ဖြစ်သည်။

            မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုကို ရေးသားသူ ညီပုလေးမှာ သူ၏ ဝတ္ထုတိုအရေး အသားများတွင် အဆုံးသတ်ဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားသည့် ပုံစံဖြင့် ရေးလေ့ရှိတတ်သည်။ ပုံမှန် စီးမျောမှု သဘောမျိုးဖြစ်သည်။ 'မိုက်သလား၊ ရိုက်သလား မမေးနဲ့' ဝတ္ထုတို၏ နောက်ဆယ်နှစ်မျှမက ကြာမှ ရေးသားသော 'နားဝင်ပီယံဂျွီ' (ရွှေအမြုတေ အမှတ် ၁၅၁၊ ၂ဝဝ၂)တွင်လည်း ထိုနည်းအတိုင်း ရေးထားခဲ့သည်ကို တွေ့ရနိုင်သည်။ ညီပုလေး၏ ဝတ္ထုတိုအဆုံးသတ် ပုံ စိတ်ဝင်စားသူများ ရှာဖွေဖတ်ကြည့်သင့်သည်ဟု ထင်ပါသည်။ ထိုဝတ္ထုတိုမှာ ပညာရပ်တစ်ခုကို အခြေခံကာ ဖော်ထုတ်ထားသော ဝတ္ထုတိုမျိုးလည်း ဖြစ်သဖြင့် အလုံးစုံကို အရသာပေါ်အောင် သိမှတ်ခံစား နားလည်ရန်အတွက် ဝတ္ထုတိုကို တည်ဆောက်ထားသော အခြေခံတစ်ခုဖြစ်သည့် ဘောလုံးပွဲအကြောင်းကို ကျွမ်းကျင်စွာ နားမလည်သည့်တိုင် အခြေခံကို သိရန်ကား လိုပေလိမ့်မည်။ (ဤနေရာတွင် ဝန်ခံထားပါရစေ။ ကျွန်တော်သည် ဘောလုံးပွဲ သို့မဟုတ် ဘောလုံးကန်ကြခြင်း ဆိုသည်မှာ ကွင်းကြီးတစ်ခုထဲတွင် ဘောလုံးတစ်လုံးကို လူတွေအများကြီး လိုက်ပြီးလုကန် နေကြခြင်းသာ ဖြစ်သည်ဆိုသော သဘောလောက်သာ သိသူဖြစ်ပါသည်။ အလွန်အချိန်ကုန်သော ကစားနည်းတစ်ခုဟု ထင်သောကြောင့် အချိန်ယူ မလေ့လာဖူးပါ။ တည့်တည့်ဆိုရသော် ဘောလုံးပွဲအကြောင်း ကျွန်တော် သိပုံမှာ မိုးတွင်း၌ မိုးရွာပြီး ဆောင်းတွင်း၌ အေးသည်ဆိုသည်ကို သိပုံမျှသာ ဖြစ်ပါသည်။)

            ဤသို့ဆိုရသည်မှာ အကြောင်းရှိပါသည်။ ဤဝတ္ထုတိုတွင် ဖော်ပြထားခဲ့သော ဘောလုံးကစားခြင်းကို အနုပညာတစ်ရပ်အဖြစ် လည်းကောင်း၊ ဘောလုံးပွဲကို အနုပညာမြောက်တဲ့ ရုပ်ရှင်ကား၊ ပန်းချီကားအဖြစ် လည်းကောင်း ယှဉ်တွဲတန်ဖိုးထားပြသည်များကို ကျွန်တော် ဉာဏ်မမီပါ။ ထို့ပြင် ပင်နယ်တီကန်သည့်အကြောင်းလည်း သေချာစွာ မသိသဖြင့် ဝတ္ထုတို၏ ရသ အခြေခံတည်ဆောက်ပုံကို မဆွေးနွေးနိုင်ပါ။ သို့ရာတွင် ဤဝတ္ထုတို၏ အပိတ်၊ အဆုံးသတ်ပုံမှာလည်း မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုကဲ့သို့ပင် ဖြစ်ကြောင်း သတိထားမိပါသည်။ ယတိပြတ် နိဂုံးသာမက အများသဘောတူ လက်ခံရမည့် ယေဘုယျ နိဂုံးလည်း မပါသော အပိတ်တစ်ခုသာ ဖြစ်ပါသည်။ '...ဘောလုံးလာမယ် ထင်တဲ့ဘက်ကို ဒိုင်ဗင် ပစ်လှဲတဲ့နည်းကိုတော့ လုပ်ရှာတာ ပါပဲ'ဟူသော အရေးအသားဖြင့် အဆုံးသတ်ထားသည်။ ဝတ္ထုတို ရေးသမားက သူ တည်ဆောက်ပြထား သော အရေးအသားထဲသို့ စာဖတ်သူ ဝင်ရောက်ကာ အဖြေရှာရန် ထားခဲ့သည်။ အပိတ်မှာ ပွင့်နေသည်။ စာဖတ်သူကို ပါဝင် ပတ်သက်နိုင်ရန် နေရာချန်ထားခဲ့သည်ဟု ဆိုရမည်။ မမျှော်လင့်သော အဆုံးသတ် Surprise Ending ကား မဟုတ်။ ဒုတိယ ဇာတ်လမ်း (သို့မဟုတ် ဝတ္ထုတို) တစ်ခု ပါဝင်နေသော ဝတ္ထုတိုများသည် မျှော်လင့်မထားသော အဆုံးသတ်မျိုး ပါဝင်နေတတ်သည်။ ဤတွင်ကား မပါ။ (မမျှော်လင့်သော အဆုံးသတ်ဖြင့် ဆုံးသော်လည်း ဒုတိယဇာတ်လမ်း (ဝတ္ထုတို) မပါသည့် ဝတ္ထုတိုအဖြစ် ရှေ့တွင် ဖော်ပြမည့် မြတ်သင်း၏ ဝတ္ထုတိုကို ကြည့်ပါ။) ညီပုလေးသည် ဝတ္ထုတို တစ်ခုအတွင်းမှ ဝတ္ထုတို အခြား တစ်ခုက မူရင်းကို အထောက်အကူ၊ အပံ့အပိုး ပြုသည့်သဘောမျိုး (mise en abyme ဆန်ဆန်) ရေးရသည်ကို ညွတ်ပုံရသော်လည်း မမျှော်လင့်သော အဆုံးသတ်မျိုးဖြင့် အဆုံးသတ်ရန် အားမထည့်ချေ။ ထိုသို့ မပြုခြင်းသည်ပင် ဖော်မြူလာအရ စာရေးခြင်းကို ငြင်းဆိုသည့်သဘောမျိုး ဖြစ်တော့၏။

            အလားတူပင် လေ့လာကြည့်သင့်သော ညီပုလေး၏ ဝတ္ထုတိုတစ်ပုဒ်မှာ ချိတ်ဟု ကျွန်တော် မြင်သည်။

ဆက်လက်ဖော်ပြပါမည်။

မြင့်သန်း

(အမှတ် ၂၀၁၊ သြဂုတ်လ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။

ရွှေသုတ‌
...
တောင်သမန်အတွေး (၃)
မောင်သန်းဆွေ ၊ထားဝယ်၊

ဆရာကြီး ဒေါက်တာသန်းထွန်းကမူ ထိုင်းဘုရင်ဟောင်း သင်္ချိုင်း မဖြစ်နိုင်ဟုပြောကြောင်း၊ တောင်လေးလုံးကျောင်းဆရာတော် (ကိုပညာ-အမရပူရ)က စာရေးသူအား ပြောဖူးသည်။ ထို့ကြောင့် ထင်ပါသည်။ ဆရာတော် အမျိုးသား စာပေဆုရခဲ့...