မောင်သန်းဆွေ ၊ထားဝယ်၊
၂ဝဝ၅ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့ နံနက်တွင် ဆရာကြီး ဒေါက်တာ သန်းထွန်း ကွယ်လွန်သည့်သတင်းသည် မန္တလေးရောက်နေသော အရပ်ရပ်မှ စာရေးဆရာများအတွင်း ရုတ်ချည်းပျံ့နှံ့သွားသည်။ ထိုနေ့ နံနက် ၂ နာရီခွဲလောက်က မန္တလေးတက္ကသိုလ် သမိုင်းဌာနမှာ သွားအိပ်ရင်းဆုံးသည်ဟု သိရသည်။ သေခြင်းတရားနှင့် ရှင်ခြင်းတရားကြား ခြားထားသည့်စည်းက ပါးပါးလှပ်လှပ်ကလေးပါကလား။ မနေ့က ဒေါ်ဒေါ်မာ မွေးနေ့အခမ်းအနားမှာ တပြုံးပြုံးနှင့် ပီတိဖုံးနေသော ဆရာကြီး၏မျက်နှာကို မြင်ယောင်မိသည်။ အဆုံးစွန်သော ဝမ်းသာမှုက ၂၄ နာရီ အတွင်းမှာပင် အဆုံးစွန်သော ကြေကွဲမှုကို ပြောင်းလဲသွားသည်။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ၊ မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်း ရှင်ခြင်း၊ သေခြင်း၊ ဝမ်းသာခြင်း၊ ကြေကွဲခြင်းတို့သည် ဗြုန်းခနဲ ပြောင်းလဲသွားကြသည်။
ထိုနေ့ နံနက်ပိုင်း၌ ဆရာဏီမှူး
လိုက်ပို့သော ဆရာနေဝင်းမြင့်နှင့် ဆရာမ ခင်ခင်ထူးတို့ ဇနီးမောင်နှံ၏အိမ်တွင်
အချိန်ကုန်ခဲ့သည်။ စကားကောင်းနေသဖြင့် ဒေါက်တာသန်းထွန်း ဆုံးသည့်သတင်းကိုပင်
မပြောခဲ့မိပေ။ သူတို့ အိမ်မှအပြန် မန္တလေးတက္ကသိုလ်သို့ လိုက်သွားရန် လုပ်သောအခါ
နေ့ချင်းသင်္ဂြိုဟ်မည်ဖြစ်၍ တောင်လေးလုံးကျောင်းကို အလောင်းသယ်သွားပြီဟု သိရသည်။
ညနေ ၃ နာရီခွဲတွင် သင်္ဂြိုဟ်မည်ဟုလည်း ကြားရ၏။ ထိုနေ့ ညနေ ၅ နာရီခွဲတွင်
ရထားဖြင့် ရန်ကုန်ပြန်ရန် ဘူတာဆင်းရမည်ဖြစ်၍ တည်းခိုသည့် ငွေငန်းဖြူဟိုတယ်တွင်
ပစ္စည်းများ သိမ်းဆည်းပြီး ၃ နာရီ၌ တောင်လေးလုံးကျောင်းသို့ ထွက်ခဲ့သည်။ ကျောင်းအဝင်ဝ
ဗုဒ္ဓရုပ်ပွားတော်ကြီးအရှေ့တွင် ဆရာကြီး၏ အလောင်းကို ပြင်ထားသည်။ 'ဖြစ်မှ
ဖြစ်ရလေ ဆရာရယ်။ သူများအရပ်မှာ ဧည့်မသာ ဖြစ်ရပါချေပြီကော'ဟု
ရင်ဆို့သွားသည်။ သို့သော် သူ အကြာကြီး နေထိုင် တာဝန်ထမ်းဆောင်ခဲ့သည့်မြို့၊
သူချစ်မြတ်နိုးသည့် အရပ်၊ သူ့ကို ခင်မင်သည့်သူများသည့်နေရာတွင်မှ
ကွယ်လွန်ခြင်းအတွက် 'တစ်မြို့တစ်ရွာမှာ ဧည့် မသာ
မဟုတ်ပါဘူးလေ။ အသေအချာကို လာသေတာ ဖြစ်မှာပါ'ဟု စိတ်ကို
ဖြေသိမ့်လိုက်သည်။ ဆရာကြီးအလောင်းကို ထိုင်ကန်တော့ပြီး ဂူသွင်းသင်္ဂြိုဟ်မည့် နေရာသို့
လိုက်သွားပါသည်။ ဂူကို အဆောတလျင် လုပ်နေကြသည်။ ရိုးရိုးမြေစိုက်ဂူ မဟုတ်ပါ။ ကျကျနန
ဒီဇိုင်းဆွဲ၍ လုပ်နေသော ဂူဖြစ်သဖြင့် မပြီးနိုင်သေးပါ။ မည်သည့်နည်းနှင့်မျှ ၃
နာရီခွဲတွင် သင်္ဂြိုဟ်နိုင်မည် မဟုတ်ဟု သိလိုက်သည်။
ဆရာကြီးအတွက် ဂူလုပ်ထားရာနေရာသည်
တောင်လေးလုံးကျောင်း တစ်ဖက်၊ တောင်သမန်အင်းဇောင်းအနီးမှ ကုန်းမြင့်လေးပေါ်တွင်
ဖြစ်သည်။ ဤနေရာသည် လင်းဇင်းကုန်း သုသာန်ဖြစ်၏။ ဆရာကြီး၏ ဂူအနီးတွင်
အောင်ခြင်းရှစ်ပါး ဆရာတော်၏ အုတ်ဂူကို တွေ့ရသည်။ စာရေးသူသည် ဆရာကြီးအတွက်
ဂူလုပ်နေသည့်နေရာမှ လင်းဇင်းကုန်းသုသာန်အတွင်းရှိ ယိုးဒယား(ထိုင်း)ဘုရင်ဟောင်း၏
ဂူသင်္ချိုင်းရှိရာသို့ ကြည့်လိုက်သည်။ သစ်ပင်ချုံနွယ်များ ဖုံးလွှမ်းနေ၍
ကောင်းစွာမမြင်ရပါ။ သို့သော် မှန်းဆ၍ ရသည်။ ယိုးဒယား(ထိုင်း)ဘုရင်ဟောင်း၏
သင်းနှင့်ပတ်သက်၍ ဆရာကြီး သဘောထားကို သတိရလိုက်ပြီး တစ်ဆက်တည်း
ယိုးဒယား(ထိုင်း)ဘုရင်ဟောင်းအကြောင်းကို တွေးလိုက်မိပါသည်။
အေဒီ (၁၇၅၈)တွင် ယိုးဒယား(ထိုင်း)ဘုရင်
ဗြသီရိဓမ္မရာဇာ နတ်ရွာစံသည်။ သားတော်ကြီး ကျောက်ဘွားဧကာဒသ်၊ သားတော်အငယ်
ကျောက်ဘွားထောက်တိုတို့ နှစ်ပါးအနက် သားတော်ကြီး ကျောက်ဘွားဧကာဒသ်သည် ထီးနန်းနှင့်
တိုင်းပြည်ကို ထိန်းသိမ်းအုပ်ချုပ်နိုင်မည် မဟုတ်ဟုသိ၍ ဗြသီရိဓမ္မရာဇာဘုရင်ကြီးက 'ငါမရှိလျှင်
သားတော်ငယ် ကျောက်ဘွားထောက်တိုကို မင်းပြုစေ'ဟု
မှာခဲ့သည့်အတိုင်း သားတော်အငယ်ကို မင်းမြှောက်ကြသည်။နန်းတက်၍ လေးငါးရက်ရှိလျှင်
ဘုရင်ကျောက်ဘွားထောက်တိုသည် သာသနာပိုင်ထံသို့ သွား၍ ရဟန်းပြုပါရစေဟု လျှောက်ထား၏။
သာသနာပိုင်က ရဟန်းမပြုသင့်။ ခမည်းတော်မှာတော်မူခဲ့သည့်အတိုင်း တိုင်းပြည်ကိုသာ
အုပ်ချုပ်ရမည်ဟုဆိုပြီး နန်းတော်သို့ ပြန်စေသည်။ ၃ လခန့်အကြာတွင် နောင်တော်
ကျောက်ဘွားဧကာဒသ်သည် နန်းလုရန် ကြံစည်၏။ ဤသို့ ကြံစည်သည်ကိုသိလျှင် ညီတော်သည်
နန်းကိုလွှဲအပ်ပြီး 'ဝပ်ပရာဒုယောင်ဟမ်' ကျောင်းတော်သို့ သွားပြီး ရဟန်းပြုလေသည်။ သူ့ကို ထိုင်းဘာသာဖြင့် 'ခွန်လောင်ဟာဝပ်' (ကျောင်းသင်္ခန်းတွင်
ခိုလှုံသည့်ဘုရင်)ဟု ခေါ်သည်။ သူ၏ အခြားသောဘွဲ့တော်မှာ
ကျောက်ဘွားထောက်မဓုရ(သဖန်းပန်းဘုရင်)ဟု ဖြစ်သည်။ သူ၏နောင်တော် ကျောက်ဘွားဧကာဒသ်
ဘုရင်သည် ဉာဏ်အမြော်
အမြင်မရှိ။ ဘုရင်ဖြစ်ထိုက်သူ မဟုတ်၍ တိုင်းသူပြည်သားများက မလိုလားကြ၊
မကြည်ညိုကြချေ။
အေဒီ (၁၇၆ဝ) ခုနှစ်တွင်
မြန်မာတပ်မတော်သည် အယုဒ္ဓယမြို့တော် တံခါးဝသို့ ဆိုက်ရောက်ခဲ့လေသည်။
ဘုရင်ညံ့သဖြင့် စစ်တိုက်ရန် အဆင်သင့် အခြေအနေ မရှိချေ။ ထို့ကြောင့်
နန်းစွန့်သွားရသည်။ ရဟန်းပြုနေသော ညီတော် ကျောက်ဘွားထောက်တိုက ထီးနန်း ဆက်ခံသည်။
မြန်မာတို့၏ရန်ကို တွန်းလှန်ရန် စစ်ရေးပြင်သည်။ ထိုနှစ် မေလတွင် မြန်မာတပ်မတော်
ပြန်လည်ဆုတ်ခွာသွား၏။ အလောင်းမင်းတရားကြီး မကျန်းမာတော်မူ၍ ဖြစ်သည်။ မြန်မာတို့
ရန်မှ အေးသည်နှင့် နောင်တော်ဘုရင်ဟောင်းသည် ထီးနန်းကို လုပြန်သည်။ ညီတော်ဘုရင်သည်
ရဟန်းပြုပြန်၍ ကျောင်းသင်္ခန်း၌ ခိုလှုံပြန်သည်။ အေဒီ (၁၇၆၆) ခု စက်တင်ဘာလတွင်
ဆင်ဖြူရှင်မင်းတရား ဦးဆောင်၍ စစ်ချီလာပြန်သည်။ အေဒီ (၁၇၆၇) ဧပြီလ ၇ ရက်နေ့တွင်
အယုဒ္ဓယမြို့ ကျသည်။ ဘုရင် ကျောက်ဘွားဧကာဒသ်သည် မြို့တွင်း၌ လက်နက်ထိ၍ ကျဆုံးသည်။
မြန်မာရာဇဝင်များ၌ ၎င်းဘုရင်အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့သည်ဟု
ရေးသားထားသည်။
ဘုရင်ဟောင်း ကျောက်ဘွားထောက်တိုသည်
ရဟန်းဝတ်နှင့်ပင် အင်းဝသို့ ပါလာရသည်။ ကျဆုံးဘုရင်၏ မိဖုရားကြီး ၄ ပါး၊ ဗြအုံ၊
ဗြစံခံသော ကိုယ်လုပ်တော် ၈၆၉ ပါး၊ နှမတော် ၁၄ ပါး၊ သမီးတော် ၄ ပါး၊ မြေး မိန်းမ ၁၄
ပါး၊ ဘုရင့်နောင်တော်၏ သမီးတော် ၂ ပါးတို့ကို ဖမ်းဆီး ခေါ်ဆောင်လာပြီး
မညှိုးနွမ်းစေရ။ နန်းမြို့အတွင်း သီးခြားအိမ်များနှင့် ထားသည်။ ဘုရင့်ညီတော် ၁၂
ပါး၊ သားတော် ၃ ပါး၊ မြေးတော်ယောကျ်ား ၁၄ ပါး၊ ဘုရင့်နောင်တော်၏ သားတော် ၂
ပါးတို့ကိုမူ ပြင်အိမ်မှာ ထားတော်မူ၍ မျိုး၊ ရိက္ခာ၊ အဝတ်အစား အသုံးအဆောင်များ
လုံလောက်အောင် ပေးတော်မူ သည်။ မင်းဆွေမင်းမျိုး၊ မိန်းမယောကျ်ား ၂ဝဝဝ ကျော်၊
မှူးဟောင်းမတ်ဟောင်း၊ သူဌေးသူကြွယ်၊ အနုပညာသည်၊ အတတ်ပညာရှင်၊ အသိပညာရှင်အပေါင်းကို
စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်ခဲ့ပြီး အစုအဖွဲ့ချ၍ နေထိုင်စေသည်။ စစ်ကိုင်း အနီးရှိ
ရွာထောင် (၇ ထောင်) အရပ်တွင်ဖြစ်သည်။ (ယခုအခါ ၇ ထောင်တွင် ငွေထည်ပစ္စည်းလုပ်သည့်
ပညာရှင်များ နေထိုင်ကြရာ ထိုင်းပညာရှင်တို့ထံမှ ဆင်းသက်ခဲ့သူများ ဖြစ်ပုံရသည်။)
ယိုးဒယား (ထိုင်း)ဘုရင်ဟောင်း
ရဟန်းသည် ၇ ထောင်တွင် သူ့လူမျိုး များနှင့်အတူနေ၍ ပျံလွန်တော်မူသွားသည်ဟု ဆို၏။
အခြားအဆိုတစ်ရပ်၌မူ ရဟန်းဝတ်ဖြင့် ရှင်ပင်လျောင်းလဲ ကျောင်းတိုက် (ပေါင်းလဲတိုက်)တွင်
သီတင်းသုံးနေခဲ့ရာ မြန်မာသက္ကရာဇ် ၁၁၅၈ တွင် ပျံလွန်တော်မူသည်ဟု ဆိုသည်။
ယိုးဒယား(ထိုင်း)ရာဇဝင်၌မူ ဘုရင်ဟောင်း ရဟန်းသည် အေဒီ ၁၇၉၆ တွင် ပျံလွန်တော်မူရာ
မီးသင်္ဂြိုဟ်ခဲ့သည်ဟု ဆိုသည်။ ဘုရင်ဟောင်း ရဟန်းသည် သူ့ဘဝဖြစ်စဉ်နှင့်
ဖမ်းဆီးခံနေစဉ်အချိန်တွင်း အဖြစ်အပျက်များကို ပျံလွန်တော် မမူမီ မိန့်တော်မူခဲ့ရာ
ကြားရသည့် မြန်မာများက ပုရပိုက်တွင် ရေးမှတ်ထားကြသည်။ ထိုပုရပိုက် မူပွားတစ်ခုကို
ရန်ကုန်မြို့ အစိုးရစာကြည့်တိုက်တစ်ခုတွင် တွေ့ရှိရ၍ မွန်ဘာသာဖြင့် ပြန်ဆိုခဲ့သည်။
ယိုးဒယား(ထိုင်း)မင်းသား ကြီး ဗီဘာဟာနာဂျရာက အေဒီ ၁၉၃၅ ခုနှစ်တွင် ထိုင်းဘာသာသို့
ပြန်ဆိုခဲ့သည်။ ဗြိတိသျှပြတိုက်မှ ပုရပိုက်တစ်ခုတွင် ကောက်ကြောင်းဆွဲထားသည့်
နန်းဝတ်နန်းစားနှင့် ဘုရင်ဟောင်းပုံကို တွေ့ရသည်။ ဘုရင်ကျောက်ဘွားထောက်တို
ဖြစ်ပါလျက် ပုံ၏အောက်ခြေတွင် ကျောက်ဘွားဧကာဒသ်ဟု မှားယွင်းစွာ ဖော်ပြထားသည်။
အမရပူရတွင် ပျံလွန်တော်မူပြီး လင်းဇင်းကုန်းသင်္ချိုင်းတွင် သင်္ဂြိုဟ်သည်ဟု
ရေးသားထားသည်။ ယနေ့အထိ လင်းဇင်းကုန်းသုသာန်တွင် ယိုးဒယားဘုရင် သင်္ချိုင်းဟု
လူအများ ပြောဆိုနေသည့် သင်္ချိုင်းရှိပါသည်။
ဤသင်္ချိုင်းနှင့်ပတ်သက်ပြီး
မန္တလေးမြို့မှ သုတေသီ ဒေါက်တာ ခင်မောင်ကြည်က ရေးသားဖော်ထုတ်ခဲ့ဖူးသည်။
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော 'ထိုင်းဘုရင်တစ်ပါး၏ သင်္ချိုင်း'
ခေါင်းစဉ်ဖြင့် စာတမ်းကိုပင် စာရေးသူအားပေးဖူးသည်။
တောင်လေးလုံးကျောင်း ဆရာတော် (ကိုပညာ-အမရပူရ) အား လင်းဇင်းကုန်းသုသာန်မှ
ထိုင်းဘုရင့်သင်္ချိုင်းဆိုသည်ကို မေးကြည့်၏။ ဆရာတော်က သူ့ညီတော်ကို လိုက်၍
ပြစေပါသည်။ သင်္ချိုင်းရှိ အခြားအုတ်ဂူများကြားတွင် ထူးထူးခြားခြား
မြင့်မြင့်မားမားပေါ်ထွက်နေသော ကျောက်တိုင်ကဲ့သို့သော ပုံသဏ္ဌာန်နှင့် ဖြစ်၏။
ထိပ်ပိုင်းပြတ်နေပါသည်။ အချို့နေရာများတွင် အင်္ဂတေကွာနေ၍ အုတ်ချပ်များပေါ်နေသည်။
စာရေးသူက ဓာတ်ပုံရိုက်ခဲ့၏။
ထိုင်းမိတ်ဆွေ တစ်ဦးဖြစ်သော
ဘန်ကောက်မှ နဝရတ်ပတနာခံပတ်ဘစ် ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌမစ္စတာ ပိုလ်ပတ်ကနာဆူတာအား
စာရေးသူက လင်းဇင်းကုန်းသုသာန်မှ ထိုင်းဘုရင် သင်္ချိုင်းဓာတ်ပုံကိုပြရာ သူက
စိတ်ဝင်တစား ရှိသည်။ မကြာခင် ထိုင်းဘုရင်တစ်ပါး၏ အလောင်းကို သွင်းထားသည့်
ကြာဖူးပုံသဏ္ဌာန်ခေါင်းကို ဓာတ်ပုံရိုက်၍ ပို့လိုက်ပါသည်။ ထိုင်းဘုရင်နှင့်
ဆွေတော်မျိုးတော်များ သေဆုံးကြလျှင် ဤကဲ့သို့သော ကြာဖူးပုံ ရှစ်မြှောင့်
ခေါင်းတွင်း၌ ဒူးတုပ်ထိုင်စေပြီး လက်အုပ်ချီဟန်နှင့် ခေါင်းသွင်းကြကြောင်း၊
ရဟန်းတော်များကိုဆိုလျှင် ကြာဖူးပုံခေါင်းမှာ ရှစ်မြှောင့်မဟုတ်ဘဲ
လုံးချောဖြစ်ကြောင်း၊ ထို့နောက်မှ သင်္ဂြိုဟ်ကြောင်း စသဖြင့် ရေးသားထားသော
စာလည်းပါသည်။ မစ္စတာပိုလ်ပတ်ကနာဆူတာ ပို့လိုက်သော ဘုရင့်အလောင်း သွင်းနှံရာ
ကြာဖူးပုံခေါင်းနှင့် လင်းဇင်းကုန်းသုသာန်မှ ထိုင်းဘုရင့်သင်္ချိုင်းပုံကို
နှိုင်းယှဉ်ကြည့်သည်။ အတော်တူညီနေသည်ကို တွေ့ရသည်။ လင်းဇင်းကုန်းမှ ဘုရင့်သင်္ချိုင်းဆိုသည့်ဂူပုံသည်
ကြာဖူးပုံခေါင်းကို မှီး၍ ပြုလုပ်ထားပုံရသည်။ ထိပ်ပိုင်းအထွဋ် ပြတ်နေခြင်းသာ ကွာသည်။
ဘုရင်ဟောင်း ရဟန်းဘဝနှင့်
မိန့်တော်မူခဲ့သည်များကို ရေးမှတ်ထားသည့် ပုရပိုက်လည်းရှိသည်။ ဗြိတိသျှပြတိုက်မှ
ပုရပိုက်ပါ ဘုရင်ဟောင်းပုံ အောက်ခြေတွင် 'အမရပူရတွင်
ပျံလွန်တော်မူပြီး လင်းဇင်းကုန်းသင်္ချိုင်းတွင် မီးသင်္ဂြိုဟ်သည်'ဟု ရေးသားထားသည်ဆိုသည့် စာအထောက်အထားလည်း ရှိသည်။ လင်းဇင်းကုန်းသုသာန်မှ
တစ်မူထူးခြားနေသည့် အုတ်ဂူကို ထိုင်းဘုရင်သင်္ချိုင်းဟု ဒေသခံများက
အစဉ်အဆက်ပြောလာခြင်းလည်း ရှိသည်။ (ဘုရင်ဟောင်း ရဟန်းသည် ၇ ထောင်တွင်
ပျံလွန်တော်မူသည်ဟုလည်းကောင်း၊ ရှင်ပင်လျောင်း လဲကျောင်းတိုက် (ပေါင်းလဲတိုက်)တွင်
ပျံလွန်တော်မူသည်ဟုလည်းကောင်း မူကွဲရှိနေခြင်းသာ ဖြစ်၏။) သို့ဖြစ်၍
လင်းဇင်းကုန်းသုသာန်မှ သင်္ချိုင်းသည် ထိုင်းဘုရင်ဟောင်းသင်္ချိုင်းဖြစ်သည်ကို
စာရေးသူတော့ ယုံကြည်ပါသည်။
ဆရာကြီး ဒေါက်တာသန်းထွန်းကမူ
ထိုင်းဘုရင်ဟောင်း သင်္ချိုင်း မဖြစ်နိုင်ဟုပြောကြောင်း၊
တောင်လေးလုံးကျောင်းဆရာတော် (ကိုပညာ-အမရပူရ)က စာရေးသူအား ပြောဖူးသည်။ ထို့ကြောင့်
ထင်ပါသည်။ ဆရာတော် အမျိုးသား စာပေဆုရခဲ့သည့် 'တောင်သမန်ဝန်းကျင်
သမိုင်းနေရာများ' စာအုပ်တွင် ဤယိုးဒယား(ထိုင်း) ဘုရင်ဟောင်းသင်္ချိုင်းဆိုသည်နှင့်
ပတ်သက်၍ လုံးဝထုတ်ဖော် မရေးသားခဲ့ပါ။ ဆရာတော်သည် ယိုးဒယား(ထိုင်း)ဘုရင်ဟောင်း သင်္ချိုင်းအကြောင်းကို
ကြားဖူးပါလျက် ဤသို့ လုံးဝမဖော်ပြ မရေးသားခြင်းမှာ သူ လေးစားသော ဆရာကြီး
ဒေါက်တာသန်းထွန်းက မထောက်ခံ၍ ဖြစ်ပုံရသည်။ ဆရာကြီးက ထိုင်းဘုရင်သင်္ချိုင်း
မဖြစ်နိုင်ဟု ယူဆသည်မှာ သူ့အကြောင်းနှင့် သူ ရှိပါလိမ့်မည်။
စာရေးသူ ထပ်၍ တွေးမိသည်က ဆရာကြီးသည်
တိုက်တိုက်ဆိုင်ဆိုင် မန္တလေးတွင် လာရောက်ကွယ်လွန်ပြီး သူနှစ်သက်သည့်
တောင်သမန်တွင် သင်္ဂြိုဟ်ခံရခြင်းကိုဖြစ်သည်။ အကယ်၍ အခြားတွင် ကွယ်လွန်ပြီး
ရန်ကုန်၌ သင်္ဂြိုဟ်ခဲ့လျှင် တောင်လေးလုံးကျောင်းဝင်းအတွင်းမှာ လူထုဦးလှ၊ ညိုမြ၊
မြသန်းတင့်၊ ခင်နှင်းယု စသည့် ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်များကဲ့သို့ ဆရာကြီးအတွက်
သစ်ပင်၊ ကျောက်တိုက်၊ ထိုင်ခုံများ လုပ်ပေးကြပါလိမ့်မည်။ ထူးခြားလှမည် မဟုတ်ချေ။
ယခုမူ ဆရာကြီးက သူချစ်သော မန္တလေးတွင်မှ လာ၍ ခေါင်းချသည်။ သူနှစ်သက်သော တောင်သမန်တွင်
သူ့ကို ဂူသွင်း သင်္ဂြိုဟ်ခဲ့ကြသည်။ သူ လက်မခံခဲ့သည့် ထိုင်းဘုရင် ဟောင်းသင်္ချိုင်းဆိုသည်နှင့်
မနီးမဝေးတွင် ထာဝရလျောင်းစက်နေသည်။ စာရေးသူတို့သည် ဒေါ်ဒေါ်မာ၏ မွေးနေ့ပွဲများကို
နိုဝင်ဘာလ ၂၉ ရက် ရောက်တိုင်း တောင်လေးလုံးကျောင်းတွင် ကျင်းပနေကြပါဦးမည်။ နောက်တစ်နေ့တွင်
ဆရာကြီး ကွယ်လွန်သည့်အထိမ်းအမှတ်ကို ဆက်လက် လုပ်ဆောင်နေကြပါလိမ့်မည်။
ရန်ကုန်တွင်သာ ဆရာကြီးကို သင်္ဂြိုဟ်ထားပါက ဆရာကြီး၏ သင်္ချိုင်းကို သူ၏
မိသားစုမှတစ်ပါး မည်သူမျှ အထူးတလည် ရောက်ကြမည် မဟုတ်ချေ။ ယခုမူတောင်
သမန်သို့ရောက်သည့် ဆရာကြီးနှင့် ပတ်သက်သူတိုင်းက ဆရာကြီး ထာဝရလျောင်းစက်ရာ
ဂူဗိမာန်သို့ အမြဲလာရောက်၍ ဂါရဝပြုနေကြပါလိမ့်မည်ဟု တွေးမိရင်း ဆရာကြီးအား သင်္ဂြိုဟ်သည်ကို
စောင့်မနေတော့ဘဲ ရထားအမီ တောင်သမန်မှ ထွက်ခွာခဲ့ပါသည်။
မောင်သန်းဆွေ
၊ထားဝယ်၊
(အမှတ် ၁၉၈၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကိုးကားချက်
၁။ ဦးမောင်မောင်တင်- 'ကုန်းဘောင်ဆက်
မဟာရာဇဝင်တော်ကြီး (ဒုတိယတွဲ)
၂။ ဒေါက်တာခင်မောင်ကြည်- 'ထိုင်းဘုရင်တစ်ပါး၏သင်္ချိုင်း'
(အင်္ဂလိပ်ဘာသာဖြင့်)
၃။
မင်းလှရာဇာကျော်ထင်- 'ပုံများပါ ပုရပိုက်' နံပါတ် ၉၉ ဗြိတိသျှဓနသဟာရ
စာကြည့်တိုက်။ အေဒီ ၁၈၉၄။
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။