ညီပုလေး
အောင်အောင် ခရီးစဉ်ဆွဲထားတဲ့ နောက်ဆုံးနေရာက 'ကြောင်ခုန်ကျောင်း'တဲ့။ ကျွန်တော် နားကြားများ လွဲသလား။ အင်းလေးသူ အင်းလေးသားတွေ ပြောဆိုကြတဲ့ 'အင်းလေးလေ'နဲ့ ပြောလို့ ကျွန်တော် နားမလည်တာလား၊ သေချာအောင်ပြန်မေးတော့ အမှန်ပဲ။ ကျွန်တော် နားကြားမလွဲဘူး။ ကြောင်ခုန်ကျောင်းမှ ကြောင်ခုန်ကျောင်း အစစ်ပါ။
အမှန်တော့
ဒီဘုန်းကြီးကျောင်းရဲ့နာမည်က ငါးဖယ်ချောင်ကျောင်းပါ။ ဒါပေမယ့်
ဒီကျောင်းမှာရှိတဲ့ကြောင်တွေက ကြိမ်ကွင်းကို ခုန်နိုင်စွမ်းရှိကြတယ်။ ကျောင်းမှာ
ရှေးကျောင်းကြီးဆိုတော့ ဧည့်သည်တွေ လာလေ့လာကြတယ်။ အဲဒီအထဲမှာ
ကမ္ဘာလှည့်ခရီးသည်တွေပါ ပါဝင်ကြတာကြောင့် ဒီဘုန်းကြီးကျောင်းအကြောင်းက နိုင်ငံတကာက
သိကြ စိတ်ဝင်စားကြတဲ့ ကျောင်း ဖြစ်လာတယ်။ ဒါကြောင့် မူရင်းကျောင်းရဲ့
နာမည်ပျောက်ပြီး 'ကြောင်ခုန်ကျောင်း'ရယ်လို့ တွင်နေတာတဲ့လေ။
မော်တော်ဆိုက်တဲ့အခါမှာ အံ့သြစရာကောင်းတာတော့
ဧည့်သည်တွေ အလာများတဲ့ သင်္ကေတအဖြစ် စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်နဲ့
အဝတ်အထည်ဆိုင်တွေ ခင်းကျင်းရောင်းချနေကြတာပါပဲ။ ကျောင်းပေါ်မှာ လူပရိသတ်
ခုနစ်ဆယ်ကျော် ရှစ်ဆယ်လောက် ရှိတယ်။ ဆရာတော်က ဧည့်သည်တွေထက် တစ်ဆင့်မြင့်တဲ့
တစ်နေရာမှာ သီတင်းသုံး ထိုင်နေတော် မူတယ်။ ထည်ဝါတဲ့ကျောင်းကြီးရဲ့
ကြမ်းပြင်ပေါ်မှာ ဖယောင်းပုဆိုး ခင်းထားပြီး လူပရိသတ် ထိုင်နေကြတယ်။ ဆရာတော်က
ပဲပုပ်စေ့၊ ရေနွေးကြမ်းနဲ့ ဧည့်ပရိသတ်ကို တည်ခင်းဧည့်ခံတယ်။
အင်ဂျင်ဓာတ်မီးပူဇော်ရန် အလှူခံ
မှန်သေတ္တာထဲမှာတော့ ဘုရားဖူးတွေ လှူထားတဲ့ ငွေစက္ကူတွေအပြင် အင်္ဂလန်၊ ပိုလန်၊
တရုတ်၊ ဟောင်ကောင်၊ ဒတ်ချ်၊ မလေးရှား၊ အမေရိကန်၊ အိန္ဒိယ၊ စင်ကာပူက
ငွေစက္ကူတွေအပြင် ဘယ်နိုင်ငံသုံး ငွေစက္ကူတွေမှန်း မသိတဲ့ နိုင်ငံတကာ ငွေစက္ကူတွေ
မှန်ပြင်မှာ ကပ်ထားတယ်။
ခဏနေတော့ လူတစ်ယောက်က 'ဓာတ်ပုံရိုက်မယ့်လူတွေ
အသင့်ပြင်' လို့ အသံကျယ်ကျယ်နဲ့ နှိုးဆော်တယ်။ ဒါဟာ
ကြောင်တွေ ကြိမ်ကွင်းခုန်ပြတော့မယ်။ ကြည့်ကြ၊ ဓာတ်ပုံရိုက်ကြဖို့
အဆင်သင့်လုပ်ထားပါလို့ ပြောလိုက်တာပါပဲ။ ကြောင်က ခြောက်ကောင် ရှိတယ်။ ဝဝဖီးဖီး
တုတ်တုတ်ခိုင်ခိုင်တွေချည်းပဲ။ မခုန်ခင်မှာ ကြောင်တစ်ကိုယ်စာ ကြိမ်ကွင်းက
ခပ်မြင့်မြင့်မှာ လက်နဲ့ ကိုင်ထားတယ်။ ကြိမ်ကွင်းကိုင်ထားတဲ့ ကြောင်ဆရာက
သူ့ကြောင်တွေရဲ့ ခုန်နိုင်စွမ်းကို ကောင်းကောင်း သိတာကြောင့် တကယ်ခုန်တဲ့အချိန်မှာ
ကြိမ်ကွင်းရဲ့ အနိမ့်အမြင့်ကို ကြောင်ရဲ့စွမ်းရည်ပေါ်မူတည်ပြီး အပြောင်းအရွှေ့ကလေး
ရှိတယ်။ တစ်ကြိမ်ခုန် ပြီးရင် တစ်ခါ အစာကျွေးတယ်။ ဘာအစာလဲတော့ မသိဘူး။ ပဲပုပ်စေ့
အရွယ်ထက် နည်းနည်းကြီးတဲ့ ပဲစေ့လို အစာလေးတွေ။ တစ်ဝကျွေးတာ မျိုးလည်း မဟုတ်ဘူး။
နည်းနည်းပဲ ကျွေးတာ။ ပရိသတ် အနည်းအများပေါ် မူတည်ပြီး ကြောင်တွေ တစ်နေ့ကို
ဘယ်နှကြိမ်ခုန်ရတယ်မသိဘူး။ ကြောင်တွေကတော့ ကြမ်းပေါ် ချကျွေးတဲ့ အစာတွေကို မက်မက်
မောမော စားကြတယ်။
ကြောင်တွေကို စိတ်ဝင်စားသူတွေ ရှိသလို
ကျောင်းကြီးရဲ့ ခံ့ထည်မှုနဲ့ ရှေးဟောင်းပစ္စည်းတွေ၊ ပလ္လင်တွေ၊ တံကဲတွေ
ရှေးဟောင်းဘုရားအဆူဆူတွေကို စိတ်ဝင်စားကြသူတွေလည်း ရှိတယ်။
နိုင်ငံခြားစာနယ်ဇင်းတွေမှာ ဖော်ပြကြတဲ့ ကြောင်တွေခုန်နေကြတဲ့ ရောင်စုံပုံတွေလည်း
ကျောင်းတိုင်လုံးကြီးတွေမှာ ချိတ်ထားတယ်။
အင်းလေးမှာ ဒီဇယ်ဆီက တစ်ဂါလံကို ၂၈ဝဝ
ကျပ်၊ ပန့်ဆီဆိုရင် ၃ဝဝဝ ကျပ် ပေါက်ဈေးရှိနေတဲ့ရက်မှာ ကျွန်တော်တို့ အင်းလေးထဲ
လည်ခဲ့ပတ်ခဲ့ကြတယ်။ တကယ်တော့ အင်းထဲမှာ တစ်ညလောက်တော့ အိပ်ခဲ့ကြဖို့ ကောင်းတယ်။
ဝင်းဝင်းနဲ့ ကျွန်တော်တို့ ကြုံတွေ့ခဲ့ကြတဲ့ အခက်အခဲတွေကို လက်တွဲမဖြုတ်စတမ်း
ဖြေရှင်းခဲ့ကြတာလာမယ့် ၂ဝဝ၆ ခု ဖေဖော်ဝါရီမှာ ငွေရတု ပြည့်တော့မယ်။ အဲဒီငွေရတု
အထိမ်းအမှတ်ခရီးအဖြစ် သားတွေသမီးတွေနဲ့ အင်းလေးကို ညအိပ်ညနေ ခရီး ထွက်ချင်သေးတယ်။
ညောင်ရွှေပြန်ရောက်တော့ မိတ်ဆွေ
ကိုအောင်ချိုခိုင်ရဲ့ ဈေးထဲက အိုးဆိုင်ကို သွားရှာတယ်။ မိတ်ဆွေက
မန္တလေးဈေးချိုထဲမှာ ဆိုင်ထွက်ကြတဲ့ သူငယ်ချင်းတွေလိုပဲ ဇနီးသည်ကို ဆိုင်ဖွင့်ပေး၊
ဆိုင်ကူခင်းပြီး တစ်နေကုန် လျှောက်လည်တာ ထင်ပါရဲ့။ ညနေ ဈေးပိတ်ချိန်ရောက်မှ
ကူညီပြီး ဆိုင်သိမ်းပေးကြတာလေ။ ကိုအောင်ချိုခိုင် ဆိုင်မှာမရှိဘူး။ သူ
ရှိမယ့်နေရာကို သူ့ဇနီးက ညွှန်းလိုက် တယ်။ ညွှန်းလိုက်တဲ့နေရာမှာ
ကိုအောင်ချိုခိုင်ကို မော်တော်ဆိုင်ကယ် တစ်စီးနဲ့ တွေ့တော့တာပါပဲ။
ကျွန်တော်တို့ကို သူက ညောင်ရွှေဟော်ကို လိုက်ပို့တယ်။
ညောင်ရွှေဟော်ကို ၁၉၁၃ ခုနှစ်တွင်
ရှမ်းစော်ဘွားကြီး ဆာစောမောင်မှ ဆောက်လုပ်ခဲ့ပြီး ၁၉၂၃ ခုနှစ်တွင် ပြီးစီးပါသည်။
ငွေတော် ၃ သိန်း ကုန်ကျခံ ဆောက်လုပ်ခဲ့သော်လည်း အပြီးသတ်ပြီးစီးခြင်း မရှိဘဲ
အချို့နေရာများမှာ ဆောက်လုပ်ဆဲ တစ်ပိုင်းတစ်စအဖြစ် ကြွင်းကျန်လျက် ရှိပါသည်။
ဟော်ကြီးကို မောက်မယ်စော်ဘွား
စဝ်ခမ်းလှိုင်က မန္တလေး နန်းတော်ပုံစံနှင့် ရှေးရှမ်းစော်ဘွား များ၏
ဟော်နန်းပုံစံများ ပေါင်းစပ်ခါ ပုံစံရေးဆွဲခဲ့ပါသည်။ ညောင်ရွှေ၊ အင်းတစ်ကြောရှိ
ရှမ်းအမျိုးသား များ၏ လက်ရာများဖြင့် တည်ဆောက်ခဲ့ပါသည်။ အဆောက်အဦ တိုင်လုံးပေါင်း
၂၁၆ လုံးနှင့် မင်းတုန်း မင်းတရားကြီးမှ ချီးမြှင့်သော အဆောင်အယောင်ဖြစ်သည့် ဘုံ ၇
ဆင့်ပါ အဆောက်အအုံ ဖြစ်ပါသည်။
အကျယ်အဝန်းမှာ အရှေ့မှ အနောက် ၂ဝ၁ ပေ၊
တောင်မှ မြောက်သို့ ၁၉၄ ပေ ရှိပါသည်။ ကန်တော့ခံခုံမှာ ရှမ်းစော်ဘွားများ၏
ရာထူးဂုဏ်ထူး၊ ဘွဲ့ထူးများအလိုက် နေထိုင်စေ၍ ကန်တော့ခံစေသော နေရာဖြစ်ပါသည်။
ယခင်အချိန်က ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချိန်တွင် ပလ္လင်ပေါ်၌ ဖောင်တော် ဦးဘုရား
ရုပ်ပွားတော်များ သီတင်းသုံးခဲ့ပါသည်။ အပြင်ညီလာခံဆောင်မှာ
အများပြည်သူများအားလုံးနှင့် သက်ဆိုင်သောကိစ္စများ ဆွေးနွေးဖြေရှင်းပေးသည့် နေရာ
ဖြစ်ပါသည်။ အတွင်းညီလာခံဆောင်မှာ မိသားစုအတွင်းရေး၊ နန်းတွင်းရေး၊ နယ်ပယ်ရေး၊ ဘာသာ
သာသနာရေး ကိစ္စများကို စော်ဘွားကြီးနှင့် မဟာဒေဝီ ဦးဆောင်ပြီး သားတော်
သမီးတော်နှင့် ယုံကြည်စိတ်ချရသော မှူးမတ်များနှင့် စည်းဝေးသောခန်းမ ဖြစ်ပါသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ
ပင်လုံစာချုပ်ကို လက်မှတ်ထိုးသင့် မထိုးသင့်
အကြိုညှိနှိုင်းဆွေးနွေးခဲ့သောနေရာလည်း ဖြစ်ပါသည်။
ဖော်ပြပါ အဆောင်များအပြင်
မယ်တော်ဆောင်၊ စော်ဘွားကြီးဆောင်၊ တောင်နန်းစံဆောင်၊ သားတော်ကြီးဆောင်၊
စားတော်ကဲဆောင်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။
အောင်ဘာလေနဲ့ ကိုအောင်ချိုခိုင်တို့
ဟော်ဝင်လေ့လာခ ပိုက်ဆံလုရှင်းနေကြတုန်းမှာ ကျွန်တော်က ညောင်ရွှေဟော် သမိုင်းကို
ဖတ်နေတယ်။ ဖိနပ်ချွတ်ပြီး သိမ်းရတဲ့ အံခွက်လေးတွေမှာရှိတဲ့ ဖိနပ်အရေအတွက်ကို
ကြည့်ရတာ လေ့လာကြသူတွေ များများစားစား ရှိနှင့်ပုံမပေါ်ဘူး။ ခဏနေတော့ အပေါ်ထပ်ကနေ
လူငယ်တစ်သိုက် ဆင်းလာကြတယ်။ သူတို့နဲ့ လှေကားမှာ အတက်အဆင်းဆုံကြတယ်။ အခုမှ
ဖိနပ်ချွတ်မှာ တွေ့ရတဲ့ ဒေါက်မြင့်ဖိနပ်တွေနဲ့ ဝေါ့ကင်းရှူး တစ်ရံရဲ့
ပိုင်ရှင်တွေကို မြင်တွေ့လိုက်ရတော့တယ်။
ညောင်ရွှေဟော်က ပြတိုက်တစ်ခုပါပဲ။
ပြတိုက်တစ်ခုကို သွားရောက်လေ့လာတဲ့အခါ ခံစားချက်အမျိုးမျိုး ရစေသလို
အသိတရားအသစ်တွေလည်း ရနိုင်တယ်လေ။
၁၂၆၉ ခုနှစ်က မီးလောင်သွားတဲ့
ညောင်ရွှေစော်ဘွားကြီး ဆာစောမောင့်ရဲ့ ဟော်နန်းတော်ပုံဆိုတဲ့ ပုံတစ်ပုံ
တွေ့ခဲ့ရတယ်။ အခုလက်ရှိ ဟော်က ၁၉၁၃ ခုနှစ်က ပြန်ဆောက်ထားတဲ့ဟော်။ အရင်ရှိနှင့်တဲ့
ဟော်ရဲ့ကြီးမားထယ်ဝါပုံက တစ်မျိုး၊ အခုလက်ရှိဟော်ရဲ့ ကြီးကျယ်ခမ်းနားပုံက
တစ်ဘာသာခြားနားလှတယ်။ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ရဲ့ ၁၉၂၇ ခုနှစ်က
စတင်အသုံးပြုခဲ့တဲ့ ဆောင်ဓားက အရှည် ၅ ပေရှိ တယ်။ ဓားအိမ်ထဲမှာထည့်ထားတဲ့
ဆောင်ဓားရဲ့ ရွှေရောင်ဝင်းပမှုက မှန်သေတ္တာရဲ့အပြင်ဘက်ကို ဖိတ်စဉ်ထွက်လာတယ်။
တောင်ကြီးမြို့
မင်းဆုံပွဲဓာတ်ပုံကလည်း စိတ်ဝင်စားစရာပါ။ ဒီဓာတ်ပုံမှာ လူငယ်လူလတ်တစ်သိုက်
သပ်သပ်ရပ်ရပ် ဝတ်စားပြီး ဓာတ်ပုံအရိုက်ခံကြတာလေ။ ဘုရင်ခံ၊ အရှေ့မြောက်နယ်ခြား
ခရိုင်ဝန်ထောက်မင်းကြီး၊ နယ်ရှင်စော်ဘွား၊ သခင်ဝတင်၊ ဒူးဝါးရှောင်ကရန်၊
စဝ်ခွန်အုံ၊ စဝ်ရွှေသိုက်၊ လင်းခေးဦးထွန်းမြင့်၊ တောင်ပိုင်းစော်ဘွား
ခွန်ပန်းစိန်၊ ဆမားဒူးဝါး ဆင်ဝါးနောင်၊ ဦးတင်အေး၊ မစ္စစ်ဒူးဝါးဇော်လွန်း၊
စဝ်ရွှေသိုက်ရဲ့ မဟာဒေဝီ၊ ဆာမောင်ကြီး၊ လေဒီမောင်ကြီး၊
ဒူးဝါးဒါရကန်တို့ရဲ့ပုံတွေကို မှတ်တမ်းတင်ထားတယ်။
စိန့်ပီတာကျောင်းမှာနေစဉ်က အော်ဒီစိန်ဆိုတဲ့
သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူတို့ညီအစ်ကိုက ဒါဂျီလင်မှာ ပညာသင်ရာက မြန်မာပြည်ကို
ပြန်လာကြတဲ့ကျောင်းသားတွေ။ အော်ဒီစိန်က တောင်ပိုင်စော်ဘွား ခွန်ပန်းစိန်ရဲ့သားလေ။
အခုမှပဲ သူငယ်ချင်း အော်ဒီစိန်ရဲ့ ဖခင်ဓာတ်ပုံကို မြင်ဖူးတော့တယ်။
ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နဲ့
မယ်တော်၊ ကြင်ယာတော်၊ မှူးမတ်မယ်တော်၊ ကိုယ်ရံတော်များနှင့်အတူ
ယာယီဟော်နန်းရှေ့တွင် တွေ့မြင်ရပုံ။
လင်းလင်းမွန်၊ အောင်ဘာလေ၊
ရွှေပြည်စိုးတို့ ပါးစပ်အဟောင်းသားနဲ့။ ပုံပြင်ထဲက အဲလစ်လေး ထူးဆန်းတဲ့
တိုင်းပြည်ကို ရောက်သွားကြသလို ခံစားနေကြတယ် ထင်ပါရဲ့။ စကားတိုးတိုး
ပြောရမယ့်နေရာမို့ တစ်နေရာရောက်လို့ ထူးဆန်းအံ့သြတာတွေ့ရင် လက်ယပ်လှမ်းခေါ်ပြီး
ပြနေကြတယ်။
စဝ်နန်းရီ- စဝ်မယ့်မိန်း ၁၉ဝ၂-၁၉၃၄
တဲ့။ လှပချောမွေ့တဲ့ အမျိုးသမီးတစ်ဦး ပန်းစည်းတစ်စည်းကို လက်မှာကိုင်ထားတယ်။
ခြေထောက် ၄ ချောင်းထောက် သလွန်ငယ်တစ်ခုမှာ ထိုင်နေတယ်။ စဝ်မယ့်မိန်းရဲ့လည်ပင်းမှာ
ဆွဲကြိုးရှည်ရှည်တစ်ကုံး ဆွဲထားတယ်။ အသက်ငယ်ရွယ်စဉ် အရွယ်ကောင်းမှာ ကွယ်လွန်ရှာတဲ့
စဝ်မယ့်မိန်းအကြောင်းကလည်း ဓာတ်ပုံကြည့်ရုံနဲ့ စိတ်ဝင်စားစရာ ကောင်းနေတယ်။
ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်
ကပ္ပတိန်ဖြစ်စဉ်က ရိုက်ထားတဲ့ ဓာတ်ပုံထဲမှာတော့ ဥပဓိရုပ်ကောင်းတဲ့ စော်ဘွားက
မျက်မှန်တစ်လက် တပ်ဆင်လျက် သူ့ရင်ဘတ်မှာ ဆုတံဆိပ် ၂ ခု တွဲလွဲချိတ်ထားတယ်။
လဲချားစော်ဘွားကြီး စဝ်နွံနဲ့
ကြင်ယာတော် စဝ်ရွှေအိမ်တို့ရဲ့ဓာတ်ပုံလည်း တွေ့ခဲ့ရတယ်။ တစ်နေရာမှာတော့
ဆီဆိုင်စော်ဘွား စဝ်ခွန်ကြည်၊ မိုးနဲစော်ဘွား စဝ်ကျော်ဟိုး၊ မိုင်းနောင်စော်ဘွား
စဝ်ခွန်ဆာ၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်းတို့ လေးယောက်သား ကုလားထိုင်ကိုယ်စီမှာ
ထိုင်လျက်သား။ ဆီဆိုင်စော်ဘွားနဲ့ မိုင်းပွန်စော်ဘွားတို့ ခြေထောက်တွေချိတ်ပြီး
ထိုင်နေကြတယ်။ ဆောင်ဓားတွေ ကိုယ်စီနဲ့။ ဟော်ထဲမှာရှိတဲ့ အခန်းဖွဲ့စည်းပုံ၊
အသုံးအဆောင်ပစ္စည်းတွေ၊ သမိုင်းဝင်ဓာတ်ပုံတွေ၊ ပန်းချီကားတွေကို ကြည့်ရင်း
ပြတိုက်တစ်တိုက်ရဲ့ တန်ဖိုးကို ဘယ်လိုတွက်ချက်ရမလဲ။ သမိုင်းတန်ဖိုးဆိုတာ
တန်ဖိုးဖြတ်လို့ရတဲ့ အမျိုးမှ မဟုတ်တာ။ ပြတိုက်တစ်တိုက်ကို ကြည့်ရင်း ရကြတဲ့အသိ၊
ခံစားချက်တွေ တစ်ဦးနဲ့တစ်ဦး တူကြမယ် မဟုတ်ဘူး။
ရပ်စောက်စော်ဘွား
စဝ်ခွန်နုရဲ့ဓာတ်ပုံနဲ့ မိုးမိတ်စော်ဘွား စဝ်ခင်မောင်တို့ရဲ့ ဓာတ်ပုံတွေလည်း
တွေ့ခဲ့ရတယ်။ မျက်မှန်ရဲ့နောက်နားဆီက အဝေးတစ်နေရာကို မျှော်ငေးဟန်ရှိတဲ့
မျက်လုံးအစုံကို လင်းလင်းမွန်က တစ်မျိုး၊ အောင်ဘာလေက တစ်နည်း၊ ရွှေပြည်စိုးကတစ်ဖုံ
ခံစားကြလိမ့်မယ်။ ကျွန်တော်ကတော့ မိုးမိတ်စော်ဘွား စဝ်ခင်မောင်ကို တွေ့ခွင့်သာရင်
စော်ဘွားကြီး ဒီဓာတ်ပုံရိုက်တုန်းက စိတ်ထဲမှာ ဘာတွေတွေးနေတာလဲ၊ ဘာတွေ
ခံစားနေတာလဲလို့ ဖွင့်မေးလိုက်ချင်တယ်။
ပန်းချီဆရာကြီး ဦးခမ်းလွန်းရေးတဲ့
ဆီဆေးပုံတူပန်းချီကားကြီးတွေက (ခန့်မှန်းခြေ) ၅ဒ x ၇ဒ
အရွယ်လောက်ရှိမယ်။ အရောင်မှိုင်းမှိုင်း၊ ဆေးပါးပါးနဲ့ ရေးထားတယ်။
ဆာဘွဲ့ရစော်ဘွားကြီးနဲ့ သူ့ရဲ့မဟာဒေဝီတို့ရဲ့ ပုံတူတွေ။ စော်ဘွားကြီးက ၁၈၄၈ မှာ
မွေးပြီး ၁၉၂၇ ခုနှစ်အထိ နေထိုင်သွားခဲ့တယ်။ ခန်းမဆောင်ကြီးတစ်ခုတည်းမှာပဲ
ဒီပန်းချီကားတွေ ရှိပေမယ့် စော်ဘွားကြီးနဲ့ မဟာဒေဝီတို့ပုံက
နှစ်ပုံယှဉ်လျက်မဟုတ်ဘူး။ ပန်းချီကားနှစ်ချပ်က ဝေးနေတယ်။ ကျွန်တော်ကတော့
ပန်းချီကား နှစ်ချပ်ကို စိတ်ကူးနဲ့ရွှေ့ပြီး ယှဉ်လျက်ထားကြည့်မိတယ်။
ဟော်ကြီးထဲမှာ ဆေးလိပ်သောက်ခွင့်
မရှိသလို ဓာတ်ပုံရိုက်ခွင့်လည်း မရှိပါဘူး။ တံတွေးမထွေးဖို့လည်း တားမြစ်ထားတယ်။
ဟော်အတွင်းက လေ့လာစရာအများကြီး ရှိပေမယ့် ဟော်ရဲ့အပြင်ဘက်က အုံ့ဆိုင်းနေတဲ့
သစ်ပင်ကြီးတွေအောက်မှာ အခုလို မသပ်မရပ် မဟုတ်ဘဲ မြက်ခင်းစိမ်းစိမ်း
ရောင်စုံပန်းမာလာတွေကို စိတ်ကူးနဲ့ ပန်းချီရေးကြည့်မိတယ်။ ပြတိုက်ထဲမှာ ဆရာကြီး
ဦးခမ်းလွန်းက သူ့ရဲ့ပုံတူပန်းချီကားတွေကို ဆေးရောင်မှိုင်းမှိုင်းတွေနဲ့
ရေးထားပေမယ့် ကျွန်တော့်ရဲ့ဟော်အပြင်က ပန်းချီကားမှာတော့ အရောင်တွေ
စိုစိုလွင်လွင်နဲ့ ရေးနေမိတယ်။ ဖောင်တော်ဦးဘုရားမှာ ဘုရားဖူးတွေနဲ့ စည်ကားနေသလို
လူတစ်ဦးကို လေ့လာခ ငါးကျပ်ပဲ ပေးရတဲ့ ညောင်ရွှေဟော်မှာလည်း စည်ကားစေချင်တာ။
ပြခန်းများအတွင်း သမီးရည်းစားအတွဲများ ချိန်းတွေ့ခြင်း မပြုရ၊ ပြခန်းများအတွင်း
စကားတိုးတိုး ပြောပါဆိုတဲ့ စာတန်းတွေ ကပ်ထားတယ်။
မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းက
ရှမ်းအမျိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး ပိုးပဝါခေါင်းပေါင်းထားတယ်။ လက်ထဲမှာ
စက္ကူလိပ်တစ်လိပ် ကိုင်ထားတဲ့ ပုံတူဆီဆေးပန်းချီကားကြီးကို ပန်းချီဆရာ
စိုင်းမျိုးမြတ်က ၁၉၆ဝ ခုနှစ်က ရေးဆွဲခဲ့တယ်။ စော်ဘွားကြီးရဲ့ လက်အောက်ခံ
မင်းမှုထမ်းမြို့စား ဝတ်ဆင်ခဲ့တဲ့ ၁၈၉ဝ ခုနှစ်က ဝတ်ရုံ၊ ၁၈၆၇ ခုနှစ်က
သွန်းလောင်းခဲ့တဲ့ ကြေးခေါင်းလောင်း၊ မိုင်းပွန်စော်ဘွားကြီးရဲ့ ဒေါင်းအလံ၊ လ၊
ယုန် အမှတ်အသားပါ ရွှေချည်ထိုးအလံတွေလည်း ပြတိုက်မှာ ပြထားတယ်။ ညောင်ရွှေနယ်ရဲ့ ၃၃
ဆက်မြောက် နောက်ဆုံးစော်ဘွား စဝ်ရွှေသိုက်ရဲ့ ပုံတူပန်းချီကား အောက်မှာ ၁၈၉၆-၁၉၆၂
လို့ ရေးထိုးထားတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတဆိုတဲ့ စာတန်းရဲ့ဘေးမှာ
၁၉၄၈-၁၉၅၂ လို့ ရေးထိုးထားပြီး စော်ဘွား ဆိုတဲ့ စာလုံးနဲ့ကပ်လျက် ၁၉၂၇-၁၉၄၇ လို့
ရေးထိုးမှတ်တမ်းတင်ထားတယ်။
ဒီပုံတူပန်းချီကားကြီးက
ရာဇပလ္လင်ခန်းမဆောင် Royal
Throne Audience Hall မှာ ပြသထားတယ်။
ဟော်ကြီးရဲ့ အပေါ်ဆုံးထပ်ကို တော့
ဥပုသ်ဆောင်လို့ မြန်မာဘာသာ နဲ့ ရေးထိုးထားပြီး အင်္ဂလိပ်ဘာသာနဲ့ Meditation Chamber လို့
ရေးထိုးထားတယ်။ ပြတိုက်ကို ကြည့်ရင်း၊ လေ့လာရင်းနဲ့ အောင်အောင်နဲ့လည်း
လူချင်းကွဲသွားတယ်။ ဝင်းဝင်းနဲ့ ကလေးတွေကလည်း တစ်နေရာမှာ သူတို့ စိတ်ဝင်စားတာတွေ
လေ့လာနေကြတယ်။ ကျွန်တော့်ကို ညောင်ရွှေသား ကိုအောင်ချိုခိုင်က ကြည့်သင့်
ရောက်ထိုက်တဲ့နေရာတွေ လိုက်ပြတယ်။
ကျွန်တော့်ရဲ့စိတ်တွေကတော့
မန္တလေးနေပြည်တော်နဲ့ ဆင်တူအောင် အညာမှာပေါက်ရောက်တဲ့ ကုက္ကို၊ မန်ကျည်း၊
တမာပင်တွေကို ညောင်ရွှေမှာလည်း စိုက်ခဲ့ကြတဲ့ ရှေးစော်ဘွားတွေရဲ့ စိတ်ကူးထဲမှာ
လူမျိုးစုချင်း ချစ်ကြည်ရင်းနှီးလိုစိတ်ကို ရှာဖွေတွေ့လိုက်မိတယ်။
ပြတိုက်ကအပြန်မှာ ကိုအောင်ချိုခိုင်က
လက်ဖက်ရည်နဲ့အအေး တွဲရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို ခေါ်လာခဲ့တယ်။
ဈေးနဲ့ကပ်လျက်ဆိုင်ပေါ့။ ဆိုင်နာမည်က ရွှေအင်းလေးတဲ့။ အပြင်အဆင်ကတော့
ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ လောက်က တရုတ်လက်ဖက်ရည်ဆိုင်တို့ရဲ့ အဆင်အပြင်နဲ့တူတဲ့
ဆိုင်တစ်ဆိုင်ပါပဲ။ ဆိုင်ရှင်က ကိုမောင်မောင်တဲ့။ ကိုမောင်မောင်ဆိုတာ
ကိုနေဝင်းမြင့်တို့၊ ကိုသာထက်အောင်တို့ရဲ့ မိတ်ဆွေတဲ့။ ကုန်းဇောင်းသားထင်ပါရဲ့။
ကိုမောင်မောင်ဟာ စာမျိုးစုံအောင် ဖတ်ထားတဲ့ သူ။ သူ့ကို စာရေးဖို့တိုက်တွန်းတဲ့အခါ
စာတော့ မရေးလိုဘူး။ စာရေးတဲ့လူတွေ ရဲ့စာမှာ အမြင်မတော်တာ မှားတာတွေ့ရင်
ဝေဖန်ထောက်ပြတဲ့ အလုပ်ပဲ လုပ်ချင်တယ်လို့ တိုက်တွန်းကြတဲ့ သူတွေကို
ပြန်ပြောလေ့ရှိသတဲ့။ ကျွန်တော်တို့ကို ကိုမောင်မောင်နဲ့ မိတ်ဆက်ပေးမယ်လို့
ကိုအောင်ချိုခိုင်တို့က ဒီဆိုင်ကို ခေါ်လာကြတာ။ လွဲချင်တော့ ကိုမောင်မောင်က အဲဒီ
မနက်ပဲ ရန်ကုန်ကို ဆင်းသွားသတဲ့လေ။ ရွှေအင်းလေးကဖေးဟာ ညောင်ရွှေမြို့ရဲ့
ရွှေကြည်အေး၊ လေထန်ကုန်း ပါပဲတဲ့။ စာပေဝါသနာပါသူတွေရဲ့ စုရပ်တဲ့။
ကိုမောင်မောင်ကိုယ်စား ဖော်ရွေတဲ့ မိသားစုနဲ့ပဲ တွေ့ခဲ့ရတယ်။
ညောင်ရွှေကနေ တောင်ကြီး
ပြန်ကြတဲ့လမ်းတစ်လျှောက်မှာ ကလေးတွေက အင်းလေးကိုသွားတဲ့ ခရီးအတွေ့အကြုံနဲ့
ညောင်ရွှေဟော် အကြောင်းပြန်ပြောင်းပြောလာကြတယ်။
၂၂ ရက် ဧပြီမှာ မနက်စောစော ထကြတယ်။
ကျွန်တော်တို့ ဒီနေ့ ပြန်ကြရတော့မယ်။ အိမ်ရှင် နန်းစံပယ် မြင့်ကြူတို့က
မနက်စောစောအဖြစ် ကောက်ညှင်းပေါင်းနဲ့ အကြော်တွေ ကျွေးလိုက်ကြတယ်။ ဒေါက်တာ
နန်းစံပယ်မြင့်ကြူရဲ့ အိမ်ဂေဟာလေးဟာ ဒေါက်တာ ဘယ်သူဘယ်ဝါလို့ ကျွန်းပြားပေါ်မှာ
ရေးထားတဲ့ ဆိုင်းဘုတ်လည်း မရှိ။ ဧည့်ခန်းအိမ်ကျယ်ထဲမှာလည်း ဆရာဝန်တစ်ယောက်ရဲ့
ဧည့်ခန်းလို့ သိသာတဲ့ အထိမ်းအမှတ် အဆောင်အယောင်လည်း မရှိ။ ထမင်းစားခန်းမှာလည်း
အိမ်သုံး ဆေးဝါးတောင်မှ ရှိတယ်ဆိုရုံ ကလေးရှိတဲ့ အိမ်တစ်အိမ်ပဲ။ ပန်းချီ ဆရာကြီး
ဦးငွေကိုင်ရဲ့ ပင်လယ် ကမ်းစပ် ပန်းချီကားနဲ့ ဆရာဗဂျီ
အောင်စိုးရဲ့ပန်းချီကားတွေကတော့ ကိုတင်ကြည်လှိုင်ရော နန်းစံပယ် မြင့်ကြူပါ အနုပညာမြတ်နိုးကြတဲ့
သူတွေဆိုတာ မသိမသာ လှစ်ပြနေတယ်။ ဆရာ ဗဂျီအောင်စိုးရဲ့ ပန်းချီကားကတော့
စက်မှုတက္ကသိုလ် ကျောင်းဆင်း ကိုတင်ကြည်လှိုင်ကို သူ့ဗိသုကာ ဆရာဗဂျီအောင်စိုးက
လက်ဆောင်ပေးထားတာတဲ့။ ဆရာအောင်စိုးရဲ့မိသားစုနဲ့ ကိုတင်ကြည် လှိုင်တို့မိသားစု
မကင်းကွာကြဘဲ အခုထက်ထိ အဆက်အဆံရှိနေကြတယ်လေ။
စာဖတ်ဝါသနာပါကြတဲ့
ကိုတင်ကြည်လှိုင်တို့မိသားစုကို ကျွန်တော့်ရဲ့ စာအုပ်တွေ လက်ဆောင် အဖြစ်နဲ့ပေးတယ်။
ကိုတင်ကြည်လှိုင်က ကျွန်တော် လက်မှတ်ထိုးပေးတဲ့နေရာကို သဘောမကျတာနဲ့ ဒီ့ပြင်
စာမျက်နှာမှာ တစ်ခါထပ်ပြီး လက်မှတ်ထိုးပေးခဲ့ရတယ်။ လျှပ်စစ် စန္ဒရားတစ်လုံး
တွေ့ရပေမယ့် အငယ်ဆုံးသား ရှောက်တီတီးက တစ်ခါတလေမှတီးပြီး ခုတော့ သူ ဂစ်တာတီးနေတာ
ကြားခဲ့ရတယ်။ တက္ကသိုလ်ကျောင်းမတက်ချင်ဘဲ ဂီတကျောင်းတက်ချင်တယ်ဆိုလို့
ရန်ကုန်တာမွေက ဂီတမိတ်ကျောင်းကို မိတ်ဆက်ပေးခဲ့တယ်။ ဂီတမိတ်နဲ့ ဆရာမကြီး
ကစ်ယန်းတို့ရဲ့ ဖျော်ဖြေမှုတစ်ခုကို ရန်ကုန်အမေရိကန် စင်တာမှာ နားဆင်ခဲ့ရဖူးတယ်လေ။
ရှောက်တီတီးက ဂီတကျောင်း တက်ချင်တယ်ဆိုတဲ့အခါ ဂီတမိတ်ကို ချက်ချင်းသတိရမိတယ်။
ရှောက်တီတီးတို့အရွယ် ကလေးတွေရဲ့ ဂီတအစွမ်းကို နားနဲ့ဆတ်ဆတ်ကြား
မျက်မြင်ကိုယ်တွေ့ကြုံပြီး ကြက်သီးမွေး ညင်းထခဲ့ရတဲ့ ညနေတစ်ခုအကြောင်း
ကိုတင်ကြည်လှိုင်တို့ မစံပယ်တို့ကို ပြောပြမိတယ်။ အနားမှာရှိတဲ့
ဂျာနယ်တစ်စောင်မှာလည်း ဂီတမိတ်ရဲ့ လိပ်စာပါတဲ့ကြော်ငြာတစ်ခု ပါရှိလေတော့
အံကျဖြစ်သွားတယ်။
ရှောက်တီတီးရဲ့
အနုပညာစိတ်ဝင်စားမှုဗီဇဟာ သူ့မိခင် နန်းစံပယ်မြင့်ကြူဆီက ပါတဲ့ဗီဇ
ဖြစ်လိမ့်မယ်ထင်တယ်။ နန်းစံပယ်မြင့်ကြူ ရှစ်တန်းကျောင်းသူဘဝက မန္တလေးမှာ
ဝဏ္ဏကျော်ထင် ဒေါ်သြဘာသောင်းဆီ အကသင်ခဲ့ဖူးတယ်။ လူထုတိုက်ကနေ မြို့ဂုဏ်ရောင်
ရုပ်ရှင်ရုံအရှေ့ဘက်မှာ ရှိတဲ့ ဒေါ်သြဘာသောင်းရဲ့အိမ်မှာ နန်းစံပယ် မြင့်ကြူ
အကသင်ဖို့ စက်ဘီးနဲ့ လိုက်ပို့ရသူကတော့ ဒီနေ့ ကာတွန်းလောကမှာ နာမည်နှစ်လုံးနဲ့
ပုဂ္ဂိုလ်ကျော်ဖြစ်တဲ့ ကာတွန်း (ကို)မြေဇာပါပဲ။
အပြန်ခရီးမှာ ရွာငံလမ်းကနေ ပြန်မှာရယ်
ပင်းတယကိုလည်း ကလေးတွေ ရောက်ဖူးစေချင်တာနဲ့ တောင်ကြီးကနေ စောစောဆင်းလာခဲ့ကြတယ်။
မဆင်းခင်မှာရော မနေ့ညကပါ အောင်ပန်းမှာရှိတဲ့ မိတ်ဆွေ ကိုဇော်မင်းခိုင်၊
ဦးခင်မောင်အေးတို့ဆီ တယ်လီဖုန်း ခေါ်ပေမယ့် ခေါ်လို့မရဘူး။ သူတို့ တယ်လီဖုန်းတွေက
လေပျက်မိုးပျက် တယ်လီဖုန်းတွေတော့ ဟုတ်ဟန်မတူဘူး။ ဘာအကြောင်း မညီညွတ်လို့
တယ်လီဖုန်း ဆက်လို့မရတာလဲ။ ကိုဇော်မင်းခိုင်နဲ့ ဦးခင်မောင်အေးတို့ဆိုတာ ၂ဝဝ၂
ခုနှစ်က ဦးလေးဒဂုန်တာရာနဲ့ မွေးနေ့ အောင်ပန်းခရီးမှာ ကျွန်တော်တို့ကို
နေရာထိုင်ခင်းပေးကြပြီး နွေးနွေးထွေးထွေး ဧည့်ခံကျွေးမွေး စောင့်ရှောက်ခဲ့ကြသူတွေပေါ့။
စာပေဝါသနာပါပြီး အောင်ပန်းမြို့ ကြီးပွားတိုးတက်စေချင်တဲ့ စေတနာရှိကြသူတွေပါ။
ရွာငံ- မြို့ကြီးလမ်းက ပြန်မှာရယ်၊
ပင်းတယကိုလည်း ဝင်ကြဦးမှာမို့ ဦးလေး ဒဂုန်တာရာ၊ ဆရာမ သင်းမြစန္ဒီ၊
ကိုဇော်မင်းခိုင်တို့ကို ဝင်ပြီး မနှုတ်ဆက်တော့ဘဲ ပင်းတယကို မောင်းလာခဲ့တယ်။
ကိုဇော်မင်းခိုင်တို့ရဲ့ ကမ္ဘောဇ ဘော်ဒါကျောင်းကို အဝေးက လှမ်းမြင်ခဲ့ရတယ်။
အောင်ပန်းနဲ့ ပင်းတယ ကားလမ်း ဘယ်ညာမှာ
တွေ့ရတဲ့ရှုခင်းတွေကို ကျွန်တော် သိပ်သဘောကျမိတယ်။ မြေမျက်နှာပြင်က
မညီမညာတောင်ကုန်းမို့မို့လေးတွေမှာ စိုက်ခင်းတွေ ပြုပြင်ဆဲ ယာမြေတွေက
အရောင်အနုအရင့် မတူကြဘူး။ အဲဒီလို မတူတဲ့စိုက်ခင်းမြေတွေက တစ်မျှော်တစ်ခေါ်ကြီး။
ပြီးတော့ ဟိုးအဝေးမှာ တောင်စဉ်တောင်တန်းတွေကလည်း အထိန်းအကွပ်မရှိ လှနေကြတယ်။
ထင်းရှူးပင်ပျိုလေးတွေလည်း အစုစုတွေ့ရတတ်တယ်။ အညာဘက်မှာ
မတွေ့နိုင်တဲ့မြင်ကွင်းတွေကို စိတ်ကူးနဲ့ ပန်းချီရေးခြယ်နေမိတယ်။
ရှုခင်းသာတောင်ယာများ
အသွားတုန်းက အောင်ပန်းမှာ
ဈေးနေ့နဲ့ကြုံရသလို ပင်းတယမှာလည်း ဈေးနေ့နဲ့ ကြုံတာပဲ။ ရွှေဥမင်လိုဏ်ဂူကို အရင်ဆုံးသွားကြတယ်။
ဓာတ်လှေကား တပ်ဆင်ထားတဲ့ ရွှေဥမင်လိုဏ်ဂူ ဖြစ်နေပြီ။
အရင်ကတော့ ပင်းတယမြို့ကိုရောက်ရင်
ကျွန်တော် အဖေတို့အမေတို့ရဲ့ မိတ်ဆွေ ဦးခွန်စောကို ဝင်ပြီး နှုတ်ဆက်ဂါရဝပြုနေကျလေ။
ဦးလေး ဦးခွန်စောကလည်း ပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့သူတစ်ဦးပဲ။ အခုတော့ ဦးလေးက
ကွယ်လွန်ရှာပြီ။ ဦးလေးတို့ရဲ့ခြံဝင်းက ရေကန်ကြီးရဲ့ အနောက်ဘက် ပင်းတယဟိုတယ်အနားတင်
ရှိတာ။ ကျွန်တော် သတိတရကြည့်ဖြစ်အောင် ကြည့်လိုက်မိတယ်။ ဟော...
ဦးခွန်စောနဲ့သားများ မော်တော်ကားဝပ်ရှော့ ဆိုပါလား။ ဟုတ်တာပေါ့။ ဦးလေး
ဦးခွန်စောရဲ့သားတစ်ယောက် ဂျပန်ပြည်ကနေ မက္ကင်းနစ်ပညာ သင်လာခဲ့တာ၊ တောင်ကြီးမှာ
ဝပ်ရှော့ဖွင့်ထားတုန်းက ကျွန်တော့်ကားကို ပြင်ပေးခဲ့ဖူးတယ်။ ဦးလေး ဦးခွန်စော
မရှိတော့ပေမယ့် ကျွန်တော် ဦးလေးရဲ့သားတွေကို ဝင်ပြီး
နှုတ်ဆက်မိတ်ပြန်ဖွဲ့သင့်တာပေါ့။ အချိန်မရလို့ မဝင်ခဲ့တာလို့ ဆင်ခြေပေးပေမယ့်
အပြန်တစ်လမ်းလုံး နောင်တရမိတယ်။ အခု ဒီစာရေးတုန်းလည်း စိတ်မကောင်းဖြစ်မိတယ်။
တကယ်တော့ ငါးမိနစ်လောက်ဖြစ်ဖြစ် အချိန်ဖဲ့ပေးခဲ့ဖို့ ကောင်းတယ်။ မသင်းစိန်မိသားစု၊
ဦးလေး ဦးထွန်းမြင့် -ဒေါ်ဒေါ်စဝ်အုန်းကြူမိသားစု၊ ဦးလေး ဦးခွန်ထီးမိသားစု နည်းတူ၊
ဦးလေး ဦးခွန်စောမိသားစုနဲ့ နောက်မျိုးဆက်တွေဖြစ်ကြတဲ့ ကျွန်တော်တို့ချင်း၊
ကျွန်တော်တို့ သားသမီးတွေနဲ့ သူတို့သားသမီးတွေချင်း ခင်မင်မိတ်ဆွေ ဖြစ်နေရမှာ။
ဦးလေးဦးခွန်စောမိသားစုကို ဝင်မနှုတ်ဆက်ခဲ့ရတဲ့အတွက် ဝမ်းနည်းတောင်းပန်စကား
ဒီနေရာကနေ ဆိုရမှာပါပဲ။
ဓာတ်လှေကားကို မြင်ကွင်းကျယ်
ဓာတ်လှေကားလို့ မှည့်ခေါ်ထားတယ်။ ကားစီးရင်း ပြင်ပရှုခင်းအလှတွေကို
ခံစားလို့ရတာကြောင့် ဒီနာမည်ကင်ပွန်းတပ်ထားတာ ထင်ပါရဲ့။ ၁၉၉၈ ခုနှစ် ဇွန်လက
စခဲ့တဲ့ ဓာတ်လှေကားလုပ်ငန်းက ၁၉၉၉ မတ်မှာ ပြီးစီးခဲ့ပြီး ၁၉၉၉ အောက်တိုဘာ ၁ ရက်မှာ
ဖွင့်လှစ်ခဲ့တယ်လို့ အမှတ်အသားရှိတယ်။ အမေရိကန်ဒေါ်လာ တစ်သိန်း ရှစ်သောင်း
တန်ဖိုးရှိတဲ့ ဒီဓာတ်လှေကားကို သုံးဘက်မြင် ဓာတ်လှေကားလို့ အမျိုးအစား
သတ်မှတ်ထားတယ်။ တစ်ကြိမ်မှာ လူ ၁၅ ယောက် စီးနိုင်ပြီး အမြန်နှုန်းက တစ်မိနစ်ကို
မီတာ ၆ဝ နှုန်းနဲ့ အတက်အဆင်းလုပ်နေတာတဲ့။
ကျွန်တော့်မှာ ဓာတ်လှေကားစီးတိုင်း
လှိုင်သာယာမီးခွက်ဈေးက မိတ်ဆွေကြီး ကိုဝင်းကြိုင်ကို သတိရမိတယ်။ ကိုဝင်းကြိုင်က
သဘောဖြူ အူစင်း အလွန်ရိုးသားတဲ့ တောသူချောလေးနဲ့ အိမ်ထောင်ကျတယ်။
သမီးဦးတစ်ယောက်ရပြီး ဒီသမီးလေး သုံးနှစ်ပြည့်မွေးနေ့မှာ လေဟာပြင်ဈေးကနေ ဇာအနားကွပ်
တွေပါတဲ့ ကလေးဂါဝန်လေး တစ်ထည် ရှိစုမဲ့စုထဲက ဝယ်ပေးခဲ့တယ်။ ဂါဝန်ဝါဝါလေးဟာ မအေတူ
အသားဖြူသမီးနဲ့ သိပ်လိုက်ဖက်တာပေါ့။ လေဟာပြင်ဈေးမှာ ဂါဝန်ဝယ်၊ ထမင်းပေါင်းစား၊
ရွှေရင်အေးသောက်ပြီး ကိုဝင်းကြိုင်တို့မိသားစု ရွှေတိဂုံဘုရားဖူးရအောင်
လာခဲ့ကြတယ်။ ဇနီးသည်ရော သမီးငယ်ပါ ဓာတ်လှေကား စီးဖူးအောင်လို့ ဓာတ်လှေကား
စီးတက်ခဲ့ကြတာလေ။ ရုံးပိတ်ရက်ဆိုတော့ ဘုရားဖူးတွေ စည်ကားတဲ့ရက်ပေါ့။ ဓာတ်
လှေကားပေါ်ရောက်အောင် သူတို့သားအမိသားအဖတစ်တွေ မတိုးနိုင်လို့ ပထမ တစ်ခေါက်
မလိုက်လိုက်ရဘူး။ နောက်တစ်ခေါက်ကျမှ ရှေ့နားရောက်နေတော့ အထဲကို ရောက်တော့တာပေါ့။
ဓာတ်လှေကားက အထက်ကိုအတက် သိမ့်ခနဲ ဖြစ်အသွားမှာ မချောက လန့်ပြီး ဆီးတွေထွက်ကျပါလေရော။
ရှက်ကလည်း ရှက်၊ အားတုံ့အားနာတွေ ဖြစ်ပြီး ဓာတ်လှေကားကြမ်းပြင်ပေါ်
ပေကျံကုန်တာတွေကို မချော သုတ်ပစ်ရရှာတယ်။ ဘာနဲ့သုတ်ရမှန်းမသိတော့ ခုနကမှ
လေဟာပြင်ဈေးက ဝယ်လာတဲ့ သမီးအတွက် ဂါဝန်အသစ်လေးနဲ့ သုတ်ရရှာသတဲ့။
ကျွန်တော့် ကိုယ်တွေ့ကြုံတာ
မဟုတ်ဘဲနဲ့ ကိုဝင်းကြိုင် ပြောပြကတည်းက ဝတ္ထုတိုတစ်ပုဒ်လို ခံစားမိပြီး
ဓာတ်လှေကားစီးတိုင်း မချောတို့၊ ကိုဝင်းကြိုင်တို့ သားအမိသားအဖတစ်တွေကို
သတိရမိတယ်။
မြင်းကောင်ရေ ၁၁ ကီလိုဝပ်ရှိတဲ့
ဓာတ်လှေကားရဲ့ ခွင့်ပြုမိန့်ဟာ ၂ဝဝ၅ ခုနှစ် မတ်လ ၄ ရက်နေ့မှာ ကုန်ဆုံးခဲ့ပြီ။
ဓာတ်လှေကား မြင်ကွင်းကျယ်ပေါ်ကနေ
လှမ်းကြည့်လိုက်တော့ အရေးကြီးပုဂ္ဂိုလ်များအတွက် သီးသန့်ယာဉ်ရပ်နားတဲ့နေရာမှာ
ကားအစုတ် တစ်စင်း၊ ထော်လာဂျီတစ်စင်း ထိုးဆိုက်ထားတာကို လှမ်းမြင်နေရတယ်။
ရွှေဥမင်လိုဏ်ဂူထဲမှာတော့
လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတယ်။ ရွှေဥမင်လိုဏ်ဂူထဲမှာရှိတဲ့ ရှေးဘုရားတွေရဲ့အခြေမှာ
အလှူရှင်အသစ်တွေ ကမ္ပည်းထိုးထားကြတယ်။ တစ်ခေတ်တစ်ချိန်က သြဇာအာဏာရှိခဲ့ကြဖူးတဲ့
ပုဂ္ဂိုလ်တွေရဲ့ နာမည်တွေများတယ်။ ဂူထဲက ဝင်္ကပါကို လှည့်ပတ်ရတာ ကလေးတွေ
ပျော်နေကြဟန်ရှိတယ်။ ကလေးတွေရဲ့ ပျော်ရွှင်မှုက လူကြီးတွေဆီ ကူးစက်လာတယ်။ မိသားစု
စုံစုံညီညီ ခရီးထွက်ရတာ သူတို့လေးတွေရဲ့ အပြုံးအပျော်ပေါ်မှာ အများကြီး
မူတည်နေတာပါလား။ ကလေးတွေ ရွှေဥမင်ဘုရားပေါ်ကနေ ပင်းတယမြို့ဘက်ကို ငေးနေတုန်းမှာ
ကျွန်တော့် ညာလက်မောင်းကို အသာဖျစ်နေမိတယ်။ ဒီနေ့ အပြန်ခရီးမှာ ကြုံတွေ့ရမယ့်
အသစ်အဆန်းတွေအတွက် စိတ်လှုပ်ရှားပြီး လုပ်မိလုပ်ရာ လုပ်မိတာထင်ပါရဲ့။ လက်မောင်းက
အခုတော့ အကောင်း၊ ကားမောင်းလို့ တော်တော်ကြာတော့မှ နားဖို့အရှိန်ယူနေတာ ထင်တယ်။
ကျုံးရွာကို ဖြတ်အသွားရောအပြန်ပါ
ကားဘီးလှိမ့်ခွန် လမ်းပြုပြင် ထိန်းသိမ်းခလား မသိ၊ နှစ်ခါပေးခဲ့ရတယ်။
ဘယ်ကိုသွားမှာလဲလို့မေးပြီး ပင်းတယ ကိုဆိုတော့ တစ်ခါပေးရပြီး နောက်တစ်ခါ
မန္တလေးကိုလို့ ဖြေတော့ တစ်ခါထပ် ပေးရတယ်။ ကြာလာတော့ ကြုံဖန်များတော့
ထုံးစံထင်ပါရဲ့လို့ အောက်မေ့မိတယ်။ ငွေမပေးဘဲ သွားလို့မရအောင် သုံးမြွာလမ်းကို
တစ်ဖက်ပိတ်ထားတယ်။
ကျုံးရွာက အောင်ပန်းကနေ ၁၁ မိုင်
ဝေးတယ်။ တောင်ကြီးကနေ ၄၉ မိုင်၊ ကလောကနေ ၁၇ မိုင်ဝေးတယ်။ ကျုံးရွာကနေ ရွာငံကို ၃၃
မိုင် မောင်းရဦးမယ်။ ကျောက်ဆည်အနားက ဟန်မြင်းမိုရ်ကိုတော့ ၇၉ မိုင် ဝေးတယ်။
ဒါဆိုရင် မန္တလေးကို ၁၁၇ မိုင်၊ မိုင် ၁၂ဝ နီးပါး ဝေးသေးတာပေါ့။
ရွာငံလမ်းက ကျဉ်းတယ်။
သိပ်အချောစားကြီး မဟုတ်သလို သိပ်အကြမ်းစားကြီးလည်း မဟုတ်ဘူး။
ပတ်ဝန်းကျင်မြင်ကွင်းက လှတယ်။ ကျွန်တော့်အတွက် အသစ်အဆန်းနဲ့ စိတ်ဝင်စားစရာချည်းပဲ။
အရင်တစ်ခေါက်တုန်းက အောင်ပန်းကနေ ည ၈ နာရီ ထွက်ခဲ့ကြတာမို့ ဒီခရီးလမ်းကို ညကြီး
ဖြတ်ခဲ့ကြတာလေ။ ရွာစဉ်က တစ်ရွာနဲ့ တစ်ရွာ ခပ်လှမ်းလှမ်းတွေ များတယ်။
တွေ့ရတဲ့ရွာတွေကလည်း သက်တမ်းရင့်တွေ ထင်ပါရဲ့။ သစ်ကြီး ဝါးကြီးနဲ့
စိမ်းစိမ်းစိုစို အုပ်အုပ်ဆိုင်းဆိုင်းတွေချည်းပဲ။
ကိုတင်ကြည်လှိုင် မှာတဲ့စကားကို
နားထဲပြန်ကြားယောင်တယ်။ 'ဟွန်း နာနာတီး၊ အကွေ့အကောက်တွေ များတယ်'တဲ့။ ကိုယ်က
ဟွန်းတီးသလို တစ်ဘက်က ဟွန်းတီးသံလည်း ပြန်နားစွင့်ကြတယ်။
အဆင်းလမ်း မသိမသာလေး ဆင်းနေတယ်
ထင်ရပေမယ့် တစ်ဖက်က တက်လာတဲ့ကားကတော့ အမောတကော တက်လာသံကြားရတဲ့အခါ
အတက်လမ်းရှည်ရှည်ကို စက်ကုန်ဟဲပြီး တက်လာရမှန်း သိသာနေတယ်။ အကွေ့အကောက်များတဲ့
တောင်ပေါ်လမ်းမှာ ကျွန်တော်တို့ ကားတစ်စင်းပဲ ဟွန်းတီးနေသလိုပဲ။ ဒီလို
အကွေ့အကောက်များတဲ့ကြားက တချို့အကွေ့တွေက တံတောင်ဆစ်ချိုးကွေ့ ကွေ့တယ်။ အဲဒါကို
ကားဆရာတချို့က 'အယ်လဘိုး ကွေ့'ဆိုပြီး သူတို့ပြောတဲ့ စကားထဲမှာ
အင်္ဂလိပ်စကားလုံး ထည့်ထည့်ပြော တတ်ကြတယ်။ 'ဇစ်ဇက်ကွေ့'လို့ သိပ်မပြောကြတော့ဘူး။
လမ်းမှာ သူတို့လို အဆင်းကားထက်
အတက်ကားတွေကို ပိုတွေ့ရတယ်။ သွားနေကျ၊ မောင်းနေကျလမ်း မဟုတ်လို့ ထင်ပါရဲ့။ ရွာငံ
ရောက်အောင် တော်တော်ကြာ မောင်းခဲ့ရတယ်။ နေ့လယ်စာကို ကျွန်တော်တို့ ရွာငံမှာ
တက္ကစီဗင့်ကားတွေ အရပ်များတဲ့ ဆိုင်တစ်ဆိုင်ကို ရွေးလိုက်ကြတယ်။ ဒီဆိုင်ဟာ
စားလို့ကောင်းလို့ ရပ်ကြတာပဲ ထင်ပါရဲ့။ ဒါမှမဟုတ်ရင်လည်း ဆက်ဆံရေးကောင်းလို့၊
ဈေးနှုန်းသင့်တင့် မျှတလို့၊ ဒါမှမဟုတ်ရင်လည်း ဆိုင်မှာ ရုပ်ရည်ချောမောလှပသူလေးတွေ
ရှိလို့။
□
ဟန်မြင်းမိုရ်
မြင်ကွင်းကျယ်
နေ့လယ် မွန်းလွဲခဲ့တာ တစ်နာရီနီးပါး
ရှိနေပြီ။ ကျွန်တော်တို့ ဗိုက်တွေလည်း အတော်ဆာနေကြပြီ။ ကျွန်တော့် တွက်ကိန်း
နည်းနည်းလွဲသွားပြီလား။ ကားအရပ်များတဲ့ဆိုင်မှာ ရပ်မိတော့ ဟင်းထမင်းအရသာ
ဘယ်လိုမှန်းမသိခင် အကြာကြီး စောင့်ကြရတယ်။ အချောအမော အလှအပတွေလည်း မတွေ့ရ။
ဆက်ဆံရေးကတော့ သာမန်အဆင့်ပဲ။ ဈေးနှုန်းကတော့ စားပြီးလို့ ပိုက်ဆံရှင်းမှ
သိနိုင်တော့မယ်။ ဟန်မြင်းမိုရ်ဘက်ဆီရောက်တော့ တောင်ကြီးတစ်လုံး ထီးထီးကြီး
တွေ့လိုက်ရတယ်။ ငှက်ပျောခြံတွေနဲ့ တောင်မြင့် ကြီးရဲ့ကြားမှာ ချောင်းတစ်ချောင်းက
စီးဆင်းနေလိုက်သေးတယ်။ အလှမှာ အယဉ်ဆင့်တာ ထင်ပါရဲ့။ ကိုဇော်ဇော်ဘိုအဖွဲ့၊
ဇေယျာမျိုးတို့လို ဓာတ်ပုံသမားတွေနဲ့ ဒါရိုက်တာ သျှိုညိုထွန်းသိမ်းတို့ကို
သတိရမိတယ်။ သူတို့များ အသုံးတည့်လေ မလားလို့ ဓာတ်ပုံရိုက်ခဲ့ရသေးတယ်။
ရာသီဥတုကတော့ မြေပြန့်ရောက်လေ
ပူလေပါပဲ။ တံလှပ်တွေ တငွေ့ငွေ့ကြားမှာ ချွေးစေးတွေကို သုတ်ရင်း
ဂွမ်းစောင်ပုံတွေကြား အိပ်ခဲ့ရတဲ့ တောင်ကြီးရဲ့ ဧပြီညတွေ လွမ်းနေမိတယ်။
တောင်ကြီးနဲ့ မန္တလေး နီးနီးလေးဆိုရင်
သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ ဒါလည်း မဖြစ်နိုင်ဘူး။ မန္တလေးလည်း ဧပြီလမှာ
တောင်ကြီးလို စောင်ခြုံအိပ်ရရင် ကောင်းမှာပဲ။ ဒါကလည်း မဖြစ်နိုင်ပြန်ဘူး။
တောင်ကြီးနဲ့ မန္တလေး ဆက်သွယ်တဲ့လမ်းတွေ ၁၂ ရာသီစလုံးသွားလို့ ကောင်းတဲ့
နိုင်လွန်ကတ္တရာလမ်းကျယ်ကြီး ဖြစ်သွားပြီး ဒီဇယ်ဈေး၊ ဓာတ်ဆီဈေးတွေ
အများကြီးသက်သာမယ် ဆိုရင် အကောင်းဆုံး။
ညီပုလေး
(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။
ဆရာကြီး ဒေါက်တာသန်းထွန်းကမူ ထိုင်းဘုရင်ဟောင်း သင်္ချိုင်း မဖြစ်နိုင်ဟုပြောကြောင်း၊ တောင်လေးလုံးကျောင်းဆရာတော် (ကိုပညာ-အမရပူရ)က စာရေးသူအား ပြောဖူးသည်။ ထို့ကြောင့် ထင်ပါသည်။ ဆရာတော် အမျိုးသား စာပေဆုရခဲ့...