မောင်ခိုင်လတ်
သူက... ကျွန်တော့် ဘေးနားမှာ မတ်တတ်ရပ်လျက် ကျွန်တော့်ကို ငုံ့ဆီးကြည့်နေသည်။ ပြီးမှ လက်ဖက်ရည် သောက်ရအောင်လို့ ခေါ်နေသည်။ ကျွန်တော် သူ့ကို မော့ကြည့်ပြီး တစ်ခုခုပြောရန် စဉ်းစားမိသော်လည်း သူ့မျက်လုံးတွေကိုမြင်တော့ ကျွန်တော် မငြင်းဖြစ်တော့။ သူ့မျက်လုံးတွေက သူ၏ ပြင်းပြသော ထက်သန်မှုဇောကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ စာရေးစားပွဲမှထပြီး သူ့နောက် လိုက်ခဲ့သည်။
အမှန်တော့ သူကော၊ ကျွန်တော်ပါ
လက်ဖက်ရည်ကြိုက်ကြသူများ ဖြစ်လေသည်။ တစ်နေ့လျှင် ၃ ခွက်မှ ၅ ခွက်ထိ သောက်နေကျ
အလေ့လည်းရှိသည်။ သို့သော်လည်း လွန်ခဲ့သော နှစ် နာရီခန့်ကမှ လက်ဖက်ရည်ဆိုင်က
ပြန်လာခြင်းဖြစ်သည်။ သို့တိုင်... သူက လက်ဖက်ရည်သောက်ချင်နေပြန်ပြီ။ ဒါက သူ၏အကျင့်ပဲ
ဖြစ်လေသည်။ လက်ဖက်ရည်ကို တစွပ်စွပ် သောက်တတ်သည်။ စီးကရက်ကျတော့ မီးမငြိမ်း...။
သူနှင့်ကျွန်တော်
စာကြည့်တိုက်ဘေးနားရှိ ရွှေမော်လက်ဖက်ရည်ဆိုင်သို့ လာခဲ့ကြသည်။ ပြတင်းပေါက်အနီးရှိ
စားပွဲတစ်လုံးတွင် ဝင်ထိုင်ကြသည်။ ဒါက ကျွန်တော်တို့ ထိုင်နေကျစားပွဲ။ ပြတင်းပေါက်နား
ထိုင်သဖြင့် မြစ်ပြင်ပေါ် ဖြတ်သန်းလာသော လေအေးအေးကို ရရှိသည်။ ကမ်းနားဘက်ရှိ
မိုးမခပါးလျားတွေ၊ ရေတမာပင်တွေ၊ ယူကလစ်ပင်တွေကို ငေးမောကြည့်နိုင်သည်။
အစိမ်းရောင်တွေကို ကြည့်နေရသဖြင့် မျက်စိအေးပြီး စိတ်ငြိမ်းချမ်းလှသည်။
ဆိုင်ရှင် ဒေါ်နုက လက်ဖက်ရည်နှစ်ခွက်
လာချပေးသည်။ ဆိုင်က စီးပွားရေးမဆန်။ မိသားစုဆိုင် တစ်ဆိုင်အနေနှင့်သာ
ဖွင့်လှစ်နေခြင်း ဖြစ်သည်။ စားပွဲထိုးမရှိ။ ဒေါ်နုက ဖျော်သည်။ သူ့မောင်က
ဝန်ထမ်းအလုပ်တွေ လုပ်သည်။ ရေနွေးကြမ်းအိုး ချသည်။ ပန်းကန်ဆေးသည်။ ငွေရှင်းသည်။
ဘာပဲဖြစ်ဖြစ် စေတနာထားသဖြင့် လက်ဖက်ရည်က မဆိုး။ ရေနွေးကြမ်းကိုလည်း
လက်ဖက်ခြောက်ကောင်းကောင်း သုံးသည်။ သောက်သုံးသူများအတွက် ဘယ်တော့မှ
ငြူစူခြင်းမရှိ၊ ဝန်ဆောင်မှု ပေးကြသည်။
ထို့ကြောင့် မနက်ပိုင်း
မုန့်စားချိန်ဆိုလျှင် ဆိုင်က လူအတော်စည်သည်။ မုန့်ပဲသရေစာလည်း စုံလင်သည်။
ကျွန်တော်နှင့် ဒေါ်နုတို့ ဆက်ဆံရေးက မိသားစုဆက်ဆံရေးမျိုးဖြစ်သည်။ မုန့်၊
စီးကရက်၊ ရေနွေးကြမ်းကို သူတို့ကို သိပ်မမှာတော့။ ကိုယ့်ဘာသာ ထ,ယူ,ဖြည့် စွမ်းကြသည်။ သောက်ပြီးလို့ ပိုက်ဆံမရှိလျှင်လည်း ဘာမှ ပြဿနာမရှိ။
ကောင်တာပေါ်က စာအုပ်ထဲမှာ ရေးခဲ့ရုံသာ။ သူတို့က ကြည့်လည်း မကြည့်။ လကုန်လို့ ကြွေးဆပ်တော့မယ်ဆိုလျှင်
ကိုယ့်ဘာသာ ပေါင်းပြီးပေးခဲ့။ သူတို့က စစ်ဆေးတာ၊ ပြန်ပေါင်းတာမျိုး လုပ်လေ့မရှိ။
အဲသလို ယုံကြည်မှုမျိုးနှင့် ဆက်ဆံနေကြခြင်း ဖြစ်သည်။
သည်ဆိုင်မှာ ကျွန်တော်တို့
ကျောက်ချသောက်နေကြသလို ကျွန်တော်တို့ မိတ်ဆွေ၊ သူငယ်ချင်းစာသမားတွေလည်း
ကျွန်တော်တို့ရှိရာ စုဆုံကြပြန်သည်။ ထိုအခါ ဒေါ်နုဆိုင်ကလေးမှာ စာသံပေသံ၊
ကဗျာရွတ်သံတို့ဖြင့် ဝေဝေစည်စည် ဖြစ်နေလေ့ရှိ သည်။ ဒေါ်နုတို့က ဒါကိုပင်
သဘောကျနေကြတော့သည်။ ရေနွေးအိုးတစ်လုံးပြီး တစ်လုံး မပြတ်တမ်းချပေးပြီး
ဝန်ဆောင်မှုပေးနေတော့ စာသမားတွေကလည်း ဒါကိုပင် သူတို့ကို အားပေးချီးမြှင့်သည်ဟု
အထင်ရောက်ကာ သည်ဆိုင်လေးထဲမှာ ပျော်မွေ့နေကြတော့သည်။ ကောင်းလှပါပေရဲ့ ဆိုရမလားမသိ။
လကုန်လျှင် သူနှင့်ကျွန်တော်၏ လစာကို ဒေါ်နုကို ထိုးအပ်သော်မှ အချို့လတွေမှာ အကြွေးကိုမမီ။
သူနှင့် ကျွန်တော့်အနေအထားကို
ပြောရန်လိုပေလိမ့်မည်။ သူက မန္တလေးတက္ကသိုလ်မှ ဘွဲ့မရဘဲ ကျောင်းပြီးခဲ့သူ။
ရွှေဘိုမြို့သား။ ရွှေဘိုမှာ သူ့မိဘပိုင် ဆီစက်၊ သစ်စက်တွေရှိကြောင်း သိရသည်။ သူက
ကျွန်တော်တို့ မြို့အုပ်ချုပ်ရေးပိုင်းမှ အကြီးဆုံးပုဂ္ဂိုလ်ကြီးသမီးနှင့်
အိမ်ထောင်ကျပြီး ရောက်လာသူ ဖြစ်သည်။ သူက စာအလွန်ဖတ်သည်။ ကဗျာရေးသည်။ ကျွန်တော်တို့နှင့်
သိကျွမ်းပြီးကတည်းက စာကြည်တိုက်သို့ အိပ်ရာလိပ်မပါဘဲ ပြောင်းရွှေ့လာသူဖြစ်သည်။ သူ့
ယောက္ခမ ကြီးမျက်နှာနှင့် ရုံးတစ်ရုံးမှာ တာဝန်နည်းသော စာရေးတစ်နေရာ ဝင်လုပ်နေသည်။
ရုံးချိန်ကလွဲလျှင် ကျန်သော အချိန်အားလုံး ကျွန်တော်တို့နှင့် အရိပ်ပမာ။ သူ့အမည်က
မြင့်သိန်း။
ကျွန်တော်က ဤစာကြည့်တိုက်ကို
ဒုတိယအကြိမ်မြောက် ပြန်လည်ထူထောင် အသက်သွင်းပေး သူများထဲတွင် ပါဝင်သည်။
ပြည့်စုံသော စာကြည့်တိုက် ဖြစ်ရေး ကြွေးကြော်သံဖြင့် စာအုပ်များကို စီးရီးအလိုက်
စုဆောင်းနေရသောကာလ ဖြစ်သည်။ စာကြည့်တိုက်အသင်းဝင်များ တိုးပွားရေး၊ လစဉ်စာအုပ် အလှူရှင်များ
တိုးတက်များပြားလာရေးအတွက် စာကြည့်တိုက်ကော်မတီက ကျွန်တော့်ကို
စာကြည့်တိုက်မှူးအဖြစ် လွှဲအပ်တာဝန်ပေးထားသည်။ လစာလည်း ယူပါဟု အစည်းအဝေး
ဆုံးဖြတ်ချက်အရဆိုကာ ဇွတ်ပေးနေသဖြင့် တစ်လကို ၁၅ဝ ကျပ် သတ်မှတ်ပြီး ယူနေရသည်။ ၁၉၇ဝ
ပြည့်က ဖြစ်သည်။
ကိုမြင့်သိန်းက ကျွန်တော့်ထက် ၁ဝ
နှစ်လောက် ကြီးသည်။ စာဖတ်သက်ရင့်လှပြီ။ တွေးခေါ် သုံးသပ်မှု ရဲရင့်တိုးတက်သည်ဟု
ကျွန်တော်တို့အားလုံးက သတ်မှတ်ပြီး လေးစားချစ်ခင်ကြသည်။ သူက ရန်ကုန်သို့
မကြာခဏသွားပြီး သူပြန်လာလျှင် ဖတ်စရာ စာအုပ်အသစ်တွေ၊ စာပေလောက သတင်းတွေ
ပါလာတတ်သည်။ စာကြည့်တိုက်အတွက် စာအုပ်ဝယ်ယူရမည့် တာဝန်ကို သူနှင့်ကျွန်တော်သာ
လုပ်ဆောင်ပေးရသည်။ သူ့ကြောင့်ပင် လက်ဝါးအရွယ် စာအုပ်အဝါဖျော့ဖျော့လေးတွေနှင့်
ရင်းနှီးခဲ့ရသည်။
သူ့အကြောင်း ပြောလျှင်
အလွန်ထူးခြားသော သူ့ စရိုက်တစ်ခုကို မည်သူမဆို သတိပြုနိုင်လေ သည်။
ကျွန်တော်တွေ့ဖူးသမျှ လူပုဂ္ဂိုလ်တွေအနက် နှုတ်နည်းလွန်းသူ... တစ်နည်းပြောရသော်
စကားမဖွာသူ ဖြစ်သည်။ ပြီးတော့ လိမ်လည်ပြောဆိုခြင်း လုံးဝမရှိဘဲ တည်ကြည်သူ။
အေးဆေးသူ။ အရာရာကို ဥပေက္ခာပြု ခွင့်လွှတ်နိုင်သူလည်း ဖြစ်သည်။
သူ့ရုံးသို့အသွား ကျွန်တော့်ဆီ
ဝင်လာပြီး လက်ဖက်ရည်သောက်လေ့ရှိသည်။ မီးပူကျ ရှပ်အင်္ကျီ လက်ရှည်၊ ကချင်ပုဆိုး၊
တိုက်ပုံအင်္ကျီနှင့်။ ဒါက နေ့စဉ်ဝတ်လေ့ရှိသော အဆင်အပြင်ဖြစ်သည်။ ရုံးအပြန်
ကျွန်တော်တို့နှင့်နေပြီး ညတိုင်လျှင် အရက်ဝိုင်းဖွဲ့ကြသည်။ မူလက သည်နေ့တော့
နားဦးမည်ဟု သူရော ကျွန်တော်ပါ ဆုံးဖြတ်ထားသော်လည်း စာပေသမားတစ်ဦးဦးက အမြည်းနှင့်
စားစရာ သောက်စရာတွေနှင့် ရောက်လာတတ်သည်။ ထိုအခါ သူက ပြုံးလဲ့လဲ့ဖြင့်... 'ကဲ...
ဒီနေ့ကို မနက်ဖြန်ကို ရွှေ့ထားကြဦးရဲ့... 'ဟု ပြောတတ်သည်။
မနက်ဖြန်ကျလည်း သည်လိုပင် ဆက်လက်ဖြစ်ပွားရသည်မှာ မရပ်မနားပင်။
ယမကာဝိုင်းကတော့ စာရေး ဆရာ၊
ကဗျာဆရာတို့ထုံးစံ ရှည်လျားထွေပြားလွန်းလှ၏။ အရက်သောက်ပြီး ကဗျာအကြောင်း
စာအကြောင်း ပြောကြ၊ ဆွေးနွေး၊ ငြင်းခုန်ကြ၊ ကဗျာရွတ်ကြနှင့်ဆိုတော့
ညဥ့်နက်သန်းခေါင်တိုင်မှ ဝိုင်းသိမ်းကြလေ့ ရှိသည်။ အရက်သောက်ရာတွင် လည်း
ကိုမြင့်သိန်းက တကယ့်စံ နမူနာ ပြုထိုက်သူတစ်ဦးပင်။ ထိုအချိန်က နာမည်ကျော်
တင်လဲဖြူမှာ နာမည်ကလေးလှသလောက် ပူပြင်းလှသည်။ ရင်ထဲမှာ ပူလောင်လွန်းလှသည်။
အရက်မသောက်ခင် ကတည်းက ရေအိုးကြီးကြီးတစ်လုံးကို ရေဖြည့်ထားရလေ့ရရှိသည်။
ထိုမျှ ပူပြင်းသောအရက်ကို
လက်တစ်လုံးစီလောက်တည့်ပြီး သောက်ကြသည်။ စကားပြောသည်။ နောက်ထပ် လက်တစ်လုံးလောက်
ထပ်ထည့်။ စကားပြော။ နောက်... လက်တစ်လုံး။ လက်တစ်လုံးစီ လေးငါးကြိမ်
လှည့်ပြီးသောအခါ လူတိုင်းလိုလို မျက်နှာတွေ ရှုံ့တွ...၊ နီမြန်း... ထွီ၊ ထွမ်
ဖြစ်လေ့ရှိသော်လည်း ကိုမြင့်သိန်းက ဘယ်အခါမှ ဤသို့ဖြစ်လေ့မရှိ။ မူးလာလေ...
စကားနည်းလေ။ ပိုပြီး သိမ်မွေ့လေ။ သူ့ရုပ်က ဘယ်အခါမှ မပြောင်းလဲ။ ကြည်လင်ခံ့ညားမြဲ။
သူ မူးသလား ... မမူးသလား ဘယ်လိုမှ
ခန့်မှန်း၍ မရနိုင်။ သူ မူး... မမူး စမ်းသပ်ရန် နည်းတစ်နည်းပဲရှိသည်။ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စု မြို့တော် Tashkent ကို
ခေါ်ခိုင်းခြင်းပင်။ တာ့ရှကင့်တ် ဟုခေါ်လျှင် သူ မမူးသေးဟု သိရသည်။ ထိုသို့
မဟုတ်ဘဲ တာ့ချ်ကင့် ဖြစ်လာလျှင် သူ မူးပြီ။ တော်လောက်ပြီ ကိုမြင့်သိန်း
ဆိုလျှင်လည်း အေးအေးဆေးဆေး ဆေးလိပ်သောက်ရင်း ကဗျာထိုင်ရေးနေတတ်သည်။
အိပ်ချင်ပြီဆိုလျှင်တော့ စားပွဲခုံအောက် ဖြစ်စေ။ ကြမ်းပြင်မှာဖြစ်စေ
အိပ်ချလိုက်သည်။ စွယ်စုံကျမ်း စာအုပ်တွေဖြစ်ဖြစ်၊ အင်ဆိုက်ကလို ပီးဒီးယားစ်
စာအုပ်တွေဖြစ်ဖြစ် ခေါင်းအုံး အိပ်တော့သည်။ မနက်က ဝတ်လာခဲ့သော သန့်ရှင်းဖြူဖွေးနေသည့်
ခေါက်ရိုးကျအင်္ကျီ၊ လုံချည်တွေက မိုးလင်းတော့ ညစ်ပတ်တွန့်ကြေပြီး
မြင်မကောင်းတော့။ သည်အတိုင်း အိမ်ပြန်လေ့ရှိသည်။ ရုံးတက်ချိန်တွင်
သန့်ရှင်းဖြူဖွေးသော နောက်ထပ် ဝတ်စုံ တစ်စုံနှင့်။ တိုက်ပုံအင်္ကျီတစ်မျိုးနှင့်
ရောက်လာလေ့ရှိသည်။ သူက အစဉ်အမြဲ တိုက်ပုံအင်္ကျီ ဝတ်လေ့ရှိသည်။ တိုက်ပုံအင်္ကျီမဝတ်လျှင်
အင်္ကျီလက်ရှည် ဝတ်လေ့ရှိသည်။ အဝတ်အစားတွေက မီးပူကျ အဝတ်အစားတွေချည်း။ အစဉ်အမြဲ
သန့်ရှင်းသပ်ရပ်နေလေ့ရှိသည်။ ည မရောက်မီအချိန်ထိ ဖြစ်သည်။
တစ်ခါက စာကြည့်တိုက် လသာဆောင်တွင်
ကျွန်တော်တို့ နှစ်ဦးတည်း စကားထိုင်ပြောဖြစ် ကြသည်။ ညနေ ဆည်းဆာချိန်ကတည်းက
စကားပြောကြခြင်း ဖြစ်သည်။ မိုးဝေမဂ္ဂဇင်းပါ ကျွန်တော်၏ ထင်းရှူးရိပ်မှာ အိပ်နေတယ်
... ဝေဖန်ရေး ဆောင်းပါးကို သူက ပြန်လည်ဝေဖန်ပြနေခြင်းပင်။ ကျွန်တော် ဝေဖန်သည့်စာက
ထိုအချိန်က ခေတ်စားနေသည့် လျှို့ဝှက်သည်းဖိုဆန်ဆန် မှီငြမ်းပြု အမျိုးအစား
ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ ဝတ္ထုထဲမှာ ဇာတ်လိုက်ရှိရာ တိုက်ခန်းသို့
မိန်းမပျိုလေးတစ်ဦးက သွားရောက်လည်ပတ်ရင်း ရေချိုးခန်းထဲမှာ ဝတ်လစ်စလစ်
ရေချိုးသည်ကို ဇာတ်လိုက်က ဧည့်ခန်းမှာနေရင်း ရင်ခုန်စဉ်းစားမိသည့် အခန်းနှင့်
အခြားသော မြန်မာမဆန်သည့် ဇာတ်ဝင်ခန်းတွေကို ဝေဖန်ခြင်း ဖြစ်သည်။
သူက တစ်ဆင့်ချင်း သရုပ်ခွဲပြသည်။ သူ
စကားရှည်ရှည် ပြောတာ သည်တစ်ကြိမ်ပဲ ကြားရဖူးသည်။ ပြီးတော့ ယုတ္တိသဘာဝကျစွာ
စဉ်းစားရမည့် အချက်အလက်တွေချည်း။ ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ
ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့်
အပြစ်ရှာပြခြင်း။ သူ့စကား နားထောင်ရင်း စိတ်ထဲမှာ ပိုမိုကျယ်ပြန့် နက်ရှိုင်းစွာ
သဘောပေါက်လာသလိုလို ရှိသည်။ နားထောင်ရသည်မှာလည်း နှစ်သက်စရာ။ ထိုစဉ် လေအေးတစ်ချက်
ဝှေ့ယမ်းတိုက်ခတ်လာပြီး လေနှင့်အတူ မိုးစက်ကလေးများ ကျလာသည်။ သူကား စကားပြောမပျက်။
ဧည့်ခန်းမသို့ ရွှေ့လိုက်လျှင် သူ့ စကားရှိန် ပျက်သွားမည်ကို စိုးမိသည်။ သူကလည်း
ခေတ္တရပ်နား လိုက်ရုံနှင့် သူ တွေးတောထားသည်တို့ ပျောက်ကွယ်သွားမည့်အလား ပြောနေဆဲ။
မိုးစက်မိုးပေါက်တို့ကလည်း ပိုမို သိပ်သည်းထူထပ်ပြီး တဝေါဝေါ သွန်းဖြိုးလေတော့သည်။
ကျွန်တော်တို့ကား မိုးရေထဲမှာ နေရာပင်မရွှေ့မိကြ။ သူ့အသံက မိုးရေထဲမှာ ပျောက်လိုက်
ပေါ်လိုက်နှင့်။
'ဟား... ခင်ဗျားတို့ဟာက
မဟုတ်သေးပါဘူး။ အထဲဝင်ပြီး ဆက်ပြောကြပါလား'
ခင်ဇော်နှင့် မျိုးအောင်တို့က
လေသာဆောင် တံခါးဝမှနေ၍ တအံ့တသြ ရပ်ကြည့်နေသည်။ သူက ပြောဆဲ။ ကျွန်တော်က တစ်ခါတစ်ရံ
ပြန်လည် ခုခံငြင်းခုန်မိသော်လည်း ခိုင်မြဲသော သူ့အကြောင်းပြချက်တို့ကို
ထိထိရောက်ရောက် မဖယ်ရှားနိုင်။ ခင်ဇော်တို့နှစ်ယောက် အတင်းဆွဲခေါ်ပြီး အဝတ်အစား
လဲခိုင်းတော့ ကျွန်တော်တို့ နှစ်ယောက်လုံး ကြွက်စုတ်ကလေးတွေနှင့် တူလှသည်။
'စံပါပဲဗျာ။ မတွေ့တာ
ဘယ်လောက်များကြာနေပြီလဲ မသိဘူး'ဟု ရယ်ပွဲဖွဲ့ကြသည်။
နောက်မှ... တဖြည်းဖြည်း သိလာရတာက
မိုးဝေစာပေမဂ္ဂဇင်းမှာ ကဗျာရေးနေသူ ကျွန်တော်တို့ အဝေးမှ ချစ်ခင်လေးစားနေရသူ
အားလုံး ကိုမြင့်သိန်းနှင့် ရင်းနှီးကျွမ်းဝင်နေကြသူတွေချည်း ဖြစ်ကြောင်းပင်။
ရံဖန်ရံခါ ကိုမြင့်သိန်း ရန်ကုန်မှ ပြန်လာလျှင် ကဗျာဆရာ မောင်လေးအောင်၊
ဖော်ဝေးနှင့် မောင်သန်းခိုင်တို့၏ လက်ရေးမူ ကဗျာတွေပါလာတတ်သည်။ ထိုကဗျာတွေက
နောင်မှ မဂ္ဂဇင်း စာမျက်နှာတွေပေါ် ရောက်လာတတ်သည်။
သူအနေအထိုင် ကျစ်လျစ်လွန်းသဖြင့်
အေးဂျင့်တစ်ဦးနှင့်ပင် တူနေသည်။ မေးနိုင်မှ ပြောသည်။ အမှန်တော့ ကြွားဝါသည်ဟု
အထောက်အကူပြုနိုင်သော စကားများကို သူရှောင်ရှားခြင်းသာ ဖြစ်သည်။
'ခင်ဗျားက
လျှို့ဝှက်လွန်းတယ်။ ဒါဟာ ရဲဘော်ရဲဘက် မဆန်တာဘဲ'ဟု သူ့ကို
ကျွန်တော် ဝေဖန် ခဲ့ဖူးသည်။ ထို့နောက်မှာတော့ ပြောသင့်ပြောထိုက်တာတွေကို သူ့
အလိုလို ပြောလာသည်။ နောက်တစ်ကြိမ် ရန်ကုန်က အပြန်မှာ သူ ဘာသာပြန်ရန်
တာဝန်ယူထားသည့် စာအုပ် တစ်အုပ်ပါလာသည်။ စာအုပ်အမည်က The Diary of Che
Guevara စာအုပ်။ မူရင်း
စပိန်ဘာသာနှင့် ရေးထားသည်ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုထားသောစာအုပ်။ အဖွင့်
စာမျက်နှာတွေမှာ ရှားပါးသော ဓာတ်ပုံတွေနှင့်။ ချေ၏ အတ္ထုပ္ပတ္တိလည်း ပါဝင်သည်။
စာအုပ်ပါ ရှည်လျားလွန်းသည့် နိဒါန်းကို သူက ဘာသာပြန်ဆိုသည့် မှတ်တမ်းများကို
တစ်ယောက်တစ်လှည့် ဘာသာပြန်ကြသည်။ စာအုပ်က အင်္ဂလိပ်-စပိန်ဘာသာနှင့် အတော်လေး
ထူသည်။ ကျူးဘားနိုင်ငံ စက်မှုဝန်ကြီး ရာထူးကို စွန့်လွှတ်ပြီး ဘိုလီးဗီးယားသို့
ရောက်သည့်နေ့ကစပြီး ရေးသားသည့် နေ့စဉ်မှတ်တမ်း ဖြစ်လေသည်။ သူ မကျဆုံးမီတစ်ရက်
အလိုအထိ ရေးသားခဲ့သည်။
စာအုပ်ရှေ့ပိုင်း လ,တွေမှာ
ဘာသေနင်္ဂဗျူဟာအကြောင်း၊ ပျောက်ကျားစစ် သဘောတရားအကြောင်း မပါဘဲ ရွာစဉ်လှည့်လည်
သွားလာရင်း စည်းရုံးနေရသည့် အချိန်။ သူ ပန်းနာရောဂါကြောင့် တောတွင်းမှာ
လှည့်လည်ပုန်းအောင်း နေရသည့် အကြောင်းတွေချည်းပင်။ တစ်လမျှ ပြန်ဆိုပြီး သူ ရန်ကုန်
ပြန်သွားသည်။
သူပြန်လာတော့ စိတ်ပျက်လက်ပျက်
ဖြစ်လာပုံရသည်။ စာအုပ်လည်း ပါမလာတော့။ နောက်တစ်ကြိမ် ရန်ကုန်က ပြန်လာတော့
စာအုပ်ကြော်ငြာတစ်ခု ပါလာသည်။ စဉ်ထားသော စာအုပ်အမည်တွေက ကဗျာစာအုပ်တွေ၊ ကဗျာသဘော
တရားစာအုပ်တွေ။ စာအုပ်တိုက် အမည်က မုတ်သုန်။ သူနှင့် သူ့ အပေါင်းအသင်းတစ်စု
ပူးပေါင်း တည်ထောင်ကြသည်ဟု သိရသည်။
သိပ်မကြာခင် သူ၏ မုတ်သုန်စာပေမှ စာအုပ်တချို့ထွက်ဖြစ်ခဲ့သည်။
ရဲတင့်၏ မိန်းမ၊ ဝင်းဇော်၏ အလံအလှဲစတမ်း...စသည့် စာအုပ်တွေ။ သူ မိတ်ဆက်ပေးသဖြင့်
သူ့ယောက်ဖ ဝမ်းကွဲတော်စပ်သူ ကိုခင်မောင်ဌေးနှင့်ပါ သိကျွမ်းရပြန်သည်။ စမ်းချောင်း
ကျွန်းတောလမ်းမှာနေသူ ဖြစ်သည်။ တွေ့စကပင် ငြင်းခုံခြင်း၌ မွေ့လျော်သူဟု ကျွန်တော်
မှတ်ချက်ချခဲ့သည်။ ခု သူက စာရေးဆရာ သန်းစိုးနိုင် ဖြစ်နေသည်။ သမိုင်းဆရာများနှင့်
ငြင်းခုန်ခြင်း... လို အတောမသတ် နိုင်အောင် ငြင်းခုံနေတုန်း ဖြစ်သည်။ မနှစ်က
ကြာသပတေး စကားဝိုင်းမှာ သူနှင့် တွေ့ဆုံစဉ် သူ သေကောင်ပေါင်းလဲ အားပြုထုတ်ဝေနေသော
ခေတ်သစ် မဂ္ဂဇင်းတစ်စောင်ကို လက်ဆောင်ပေးခဲ့သည်။ ကျွန်တော့် အမည်ရှေ့တွင်
မုတ်သုန်ကို လွမ်းတတ်သော ဟူသည့် နာမဝိသေသနကို တပ်ထားသည်။ ကိုမြင့်သိန်း၏
မုတ်သုန်စာပေ အစုအဝန်းထဲမှာ သူလည်း ပတ်ပတ်သက်သက် ပါဝင်ခဲ့ပုံရလေသည်။ ဒါကို
ကျွန်တော် မတွေးမိခဲ့ပါလား။
ကျွန်တော် ရုတ်တရက် ခရီးရှည်တစ်ခု
ထွက်ဖြစ်ခဲ့ခြင်းနှင့် လေလွင့်ခဲ့သော နှစ်များစွာမှာ သူလည်း စုပ်စမြှုပ်စ
ပျောက်သွားသည်။ သူ့ဇနီးသည်က နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံးခဲ့။ သူ့ သမီးလေးကို
အဘိုးအဘွားနှင့် ယုံကြည်စိတ်ချစွာ ထားရစ်ခဲ့သည်။ စစ်ကိုင်းတောင်မှာ
သင်္ကန်းဝတ်ဖြင့် တရားအားထုတ်နေသည်ကို ကြားရသည်။ မန္တလေး၊ ပြင်ဦးလွင်မြို့တွေဆီ
လူးလာတုံ့ခေါက် သွားဖြစ် နေသော်လည်း သူ့ဆီ မရောက်ဖြစ်ခဲ့။ သူ့ကို သားရင်းတမျှ
ချစ်သော သူ့ယောက္ခမကြီးကတွေ့တိုင်း သူ့ သတင်းကို မေးခဲ့သည်။ သူ့သမီး
ကျောင်းဆရာမလေးကလည်း ကျွန်တော်နှင့် တွေ့တိုင်း သူ့အဖေ အကြောင်း မေးခဲ့သည်။ ကျွန်တော်
ကိုယ်တိုင်လည်း ဘာမှမသိတော့။ သတင်းမရတော့။
လွန်ခဲ့သောလကမူ သူ့ ခယ်မ တစ်ယောက်က သူ
ပျံလွန်သွားကြောင်း သတင်းလာပို့သည်။ အဆုတ်ကင်ဆာရောဂါဖြင့်ဟု ကြေကြေကွဲကွဲ
ပြောရှာသည်။
ကန္နားလမ်း ရောက်လေတိုင်း
ကျွန်တော်တို့ စကားဝိုင်းဖွဲ့ရာ၊ ငေးမောရာ မိုးမခပင်တန်းများကို မြင်ရလေ့ရှိသည်။
ထိုအခါ သူ့ကို ဆွေးဆွေးနင့်နင့် သတိရနေတတ်သည်။ ရဲရင့်သော်လည်း မရိုင်းစိုင်း သော၊
ငြိမ်သက်အေးဆေးသော်လည်း ပျင်းရိဖင့်နွဲ့ခြင်း မဟုတ်သော နှုတ်နည်းသော်လည်း အရာရာကို
သိမြင်နှံ့စပ်ဟန် ထင်ရှားသော ကြွယ်ဝချမ်းသာနိုင်သည့် အခွင့်အလမ်းများကို
ဥပေက္ခာပြုထား သော်လည်း တစ်စုံတစ်ခုသော ရည်မှန်းချက်အတွက် အစဉ်တွေးတောကြံဆနေတတ်သော
သူ၏ ရုပ်ပုံလွှာသည် မှောင်ရီရီထဲ၌ပင် ဝင်းပနေလေသည်။
သူ မူးဆတ်ဆတ် ဖြစ်နေချိန် များတွင်
ရွတ်ဆိုလေ့ရှိသော မောင်လေးအောင်...၏ ကဗျာတစ်ပိုင်း တစ်စကိုလည်း ကြည်ကြည်စင်စင်
ကြားယောင်နေမိပြန်သည်။
............
စွန့်ရဲတိုင်းလား
သမိုင်းပလ္လင်ဘုရင်ဖြစ်တမ်း
စိစစ်စမ်းလေ
ဖြတ်သန်းရာဇဝင်
အသက်ရှင်သည်
............
လွမ်းထိုက်သူ တစ်ဦးကို လွမ်းဆွတ်နေရခြင်းသည်ပင်
ကြေကြေကွဲကွဲ ကြည်နူးနေရလေသည်။
မောင်ခိုင်လတ်
(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'
တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။
လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...