ရွှေသုတ‌

မသဲအူရှင်းတမ်း

မောင်သန်းဆွေ၊ထားဝယ်၊

01 December 2024
မသဲအူရှင်းတမ်း
Share to

            အစ်ကိုကြီး ဦးစိန်မောင်ဦးက ရန်ကုန်မှ တယ်လီဖုန်းဆက်သည်။

            'ဒဂုန်ခင်ခင်လေးရဲ့ ရတနာပုံ နိဒါန်းနဲ့နိဂုံး စာအုပ်ကို ဖတ်ပြီးပြီလား'

            'ထွက်စကတည်းကပဲ ဖတ်ပြီးပါပြီ'

            'စာအုပ်ပထမပိုင်း၊ စာမျက်နှာ ၃၆၉ မှာ လှေတော်ပွဲက မသဲအူ၊ ခေါင်းပေါင်းဖြူနှင့် ထွေးလားလုံးလား လို့ပါတာ သတိပြုမိလား'

            'အမှတ်တမဲ့ပဲ အစ်ကိုကြီး'

            'အဲဒီသံချပ်ကို ဒဂုန်ခင်ခင်လေးက တဘောင် သီချင်းလို့ ဆိုထားတယ်။ နောက်ပြီး သူက မသဲအူကို ဆင်ဖြူမရှင်ရဲ့ ငယ်နာမည် အနေနဲ့ ယူဆထားတယ်'

            'ဟုတ်လား'

            'ဒီကိစ္စ ဒဂုန်ခင်ခင်လေး ယူဆသလို မဟုတ်တဲ့အကြောင်း၊ ညီတော်မောင် ရှင်းမှ သင့်မယ်ထင်တယ်' ဟု ပြောသဖြင့် ဒဂုန်ခင်ခင်လေး၏ ရတနာပုံနိဒါန်းနှင့် နိဂုံးစာအုပ်မှ အစ်ကိုကြီး ညွှန်သည့်စာမျက်နှာကို ဖတ်ကြည့်ရပါသည်။ ဟုတ်ပေသားပဲ။ အန်တီခင် (ဒဂုန်ခင်ခင်လေး) ယူဆသည်က လွဲနေသည်ကိုး။ အစ်ကိုကြီး ဦးစိန်မောင်ဦးက ဘယ်သဘောတွေ့ပါမည်နည်း။ မသဲအူက သူနှင့်ပတ်သက်နေသည်လေ။ မသဲအူ၏သားမှ စဉ်ဆက်ထွန်းကားလာသည့် မြေးမ၏ခင်ပွန်းက သူကိုယ်တိုင် ဖြစ်နေတာလား၊ သည်တော့ သည်ကိစ္စကို အစ်ကိုကြီး ဆန္ဒအတိုင်း ရှင်းမှ တော်ရော့မည်။

            ဒဂုန်ခင်ခင်လေး၏ ရတနာပုံ နိဒါန်းနှင့်နိဂုံး စာအုပ်ပထမပိုင်း၊ စာမျက်နှာ (၃၆၈/၃၆၉)၌...

            'ထိုနှစ် ဝါခေါင်လတွင် မင်းတုန်းမင်းတရားကြီးသည် ကျန်းမာရေး အထူးချို့ယွင်း တော်မူလေသည်။ အားအင်ကုန်ခန်း၊ နွမ်းလျ တော်မူကာ သလွန်တော်ပေါ်မှာ လဲလျောင်း စံနေတော်မူချိန်က များလာသည်။ မှန်နန်းတော် အလယ်ဘမရာသနပလ္လင်တော် တည်ရှိရာ အဆောင်တော်သည် မင်းတုန်းမင်းတရား စံတော်မူမြဲ အဆောင်တော် ဖြစ်ရာ၊ ကျန်းမာတော်မမူစဉ် အခိုက်အတန့် ဖြစ်၍ ဆိတ်ငြိမ်လျက် ရှိလေသည်။

            နန်းတော်သူ နန်းတော်သား၊ မိဖုရား၊ မောင်းမမိသံ အပေါင်းတို့မှာ မင်းတရားကြီး၏ ရောဂါတော်အရိပ်အခြည်ကို သိလိုကြသဖြင့် ဆေးတော် ဆက်သော သမားတော်ကြီးများကို လည်းကောင်း၊ အပါးတော်၌ အမြဲမပြတ် နေ့ညမလပ် ခစားပြုစုနေသော စားတော်ဝန်ဦးခဲနှင့် သံတော်ဆင့် ဦးလတ် (နောင်ဝက်မစွက်မြို့စား ဝန်ထောက်မင်း)တို့အား လည်းကောင်း၊ ကိုးစားသော မျက်နှာနှင့် ဝိုင်းအုံမေးမြန်း စုံစမ်းခြင်း အမှုကို ပြုရရှာကြသည်။ ထိုနန်းတွင်းရှိ နန်းရဆောင်ရ မိဖုရားကြီးတို့တွင် ဆင်ဖြူမရှင် အလယ်နန်း မိဖုရားသည် မိဖုရားခေါင်ကြီး၏ အခွင့်အရေးကို ရ၍ မင်းတုန်းမင်းတရား ကြီးမှလွဲလျှင် ရွှေနန်းတော်ကြီး တစ်ဝန်းလုံးက သြဇာတော် ညောင်းကြရသည်။

            ထို့ကြောင့် ဘုရင်မင်းမြတ် မမာတော်မူရာကိစ္စတွင်လည်း ဆင်ဖြူမရှင် မိဖုရားကြီးကသာ ဦးဆောင်၍ သမားတော်ကြီးများ၊ အတွင်းဝန်ကြီးများနှင့် ညှိနှိုင်းဆွေးနွေးလျက် တစ်ဆေးမတည့်၊ တစ်ဆေးထည့်၍ ပြုစုခွင့်ရှိသမျှ မလစ်လပ်ရအောင် ပြုစုကုသလျက် ရှိနေချိန်ဖြစ်ရာ လွှတ်တော် ဝန်ကြီးမင်းများ၊ အတွင်းဝန်မင်းများကလည်း မမာတော်မူ သောကိစ္စမှတစ်ပါး အခြားအကြောင်းအရာ ကိစ္စများအတွက်ကိုလည်း ဆင်ဖြူမရှင်မိဖုရားကြီးနှင့်သာ အလေးနက်တိုင်ပင် ဆွေးနွေးရန် ချဉ်းကပ်ရောက်ရှိ လာကြရလေသည်။

            ဘမရာသနနန်းမမှန် နန်းဆောင်တော်ကြီးနှင့် ဗောင်းတော်ဆောင် အကူးရှိ မှန်နန်းစနုဆောင်တော်သည် ဆင်ဖြူမရှင် မိဖုရားကြီးနှင့် လွှတ်တော်ဝန်ကြီးများ၊ အတွင်းဝန်များနှင့် အရေးကြီးသောစကားများကို တီးတိုးတိုင်ပင်လေ့ ရှိကြရာ၊ ထိုအနီးအပါးသို့ အခေါ်တော်မရှိဘဲ မည်သူမျှ ချဉ်းကပ်ဝံ့ သူမရှိ။ ကြောက်ရွံ့စွာ မျက်နှာရိပ် မျက်နှာကဲကို ခတ်ရင်း အဝေးမှ ခစားကြရလေသည်။ ယင်းအဖြစ်အပျက်ကို အကြောင်းပြုလျက် နန်းတွင်းသူ နန်းတွင်းသားများက တီးတိုး လေသံနှင့် အတိတ်တဘောင်ဆန်ဆန် ရွတ်ဆိုလေ့ရှိကြသည်။

လှေတော်ပွဲက မသဲအူ

ခေါင်းပေါင်းဖြူနှင့်

ထွေးလားလုံးလား

            နန်းတွင်းသူ နန်းတွင်းသားအချင်းချင်း တွေ့ကြလျှင် စိတ်ချင်းညီကြကာ၊ ယင်းသည့်တဘောင်သီချင်းကို တီးတိုး ဆိုကြသည်။ ဆင်ဖြူမရှင် မိဖုရား၏ ငယ်နာမည်မှာ မသဲအူ ဖြစ်သည်။ ခေါင်းပေါင်းဖြူ ပေါင်းရသူများကား ခေါင်းပေါင်းဖြူ ဖော့လုံး ပေါင်းရသော၊ လွှတ်တော်ဝန်ကြီးများ၊ အတွင်းဝန်ကြီး ဖြစ်ကြသည်။ မှန်နန်းစနုဆောင်တွင် ၎င်းတို့ တီးတိုးတိုင်ပင်၍ နေ့စဉ် ဆွေးနွေးနေခြင်းကို ဖော်ညွှန်းသော တဘောင်သီချင်းပင် ဖြစ်လေသည်'ဟု ရေးသားထားသည် ကို တွေ့ရပါသည်။

            အန်တီခင်(ဒဂုန်ခင်ခင်လေး) ရေးသားခဲ့သည်က မင်းတုန်းမင်းတရားကြီး မကျန်းမာတော်မူနေခိုက်တွင် သားတော် တစ်ပါးပါးကို အိမ်ရှေ့အရာ ဆောင်နှင်းရန် ရွေးချယ်ချိန် ဆင်ဖြူမရှင်မိဖုရားကြီးနှင့် ကင်းဝန်မင်းကြီး၊ ခန်းပတ်မင်းကြီး၊ လောင်းရှည်မင်းကြီး၊ တောင်ခွင်မင်းကြီး၊ ရေနံချောင်းမင်းကြီး၊ ရွှေပြည်မင်းကြီး အစရှိသော ဝန်ကြီးများ၊ အတွင်းဝန်များ အပေါင်းတို့သည် မှန်နန်းစနုဆောင်တော်တွင် အရေးကြီးသောစကားများကို တီးတိုးတိုင်ပင်လေ့ရှိရာ ဤအဖြစ်အပျက်ကို အကြောင်းပြုလျက် နန်းတွင်းသူ နန်းတွင်းသားများက 'လှေတော်ပွဲက မသဲအူ၊ ခေါင်းပေါင်းဖြူနှင့် ထွေးလား လုံးလား'ဆိုသည့် တဘောင်သီချင်းကို တီးတိုး ဆိုကြသည်။ အဓိပ္ပာယ်မှာ ငယ်မည် မသဲအူဖြစ်သော၊ ဆင်ဖြူမရှင်သည် ခေါင်းပေါင်းဖြူဖော့လုံးပေါင်းရသော လွှတ်တော်ဝန်ကြီးများ၊ အတွင်းဝန်များနှင့် တီးတိုးဆွေးနွေး နေခြင်းကို ဆိုလိုပါသည်။ ထိုသို့ ဆွေးနွေးရာတွင် ထီးနန်းနှင့် မထိုက်တန်သည့် သီပေါမင်းသားကို မင်းလောင်းအဖြစ် တိတ်တဆိတ် ကြိတ်၍ ရွေးချယ်လိုက်ကြသည်ကို မကျေနပ်ကြ၍၊ မသဲအူနှင့် ခေါင်းပေါင်းဖြူတို့ ထွေးလားလုံးလား တီးတိုး ရွေးချယ်ခဲ့သည့် မင်းလောင်းဖြစ်သည်ဟု အဓိပ္ပာယ် ဆောင်ပါသည်။

            ဆင်ဖြူမရှင်၏ တရားဝင် ငယ်မည်မှာ 'ရွှေနန်းရှင်မယ်' ဖြစ်၏။ ခမည်းတော် စစ်ကိုင်းမင်း တရားကြီးနှင့် မယ်တော် မိဖုရားခေါင်ကြီးတို့က တစ်ပါးတည်းသော ဤသမီးတော်ကလေးကို အသဲအူတမျှ ချစ်ခဲ့ကြ၍ 'မသဲအူ' ဟု ချစ်စနိုး ခေါ်တော်မူခဲ့ကြပါသည်။ ဤငယ်မည်ကို ခမည်းတော်၊ မယ်တော်တို့မှလွဲ၍ မည်သူမျှ မခေါ်ဝံ့ကြပါ။ သို့သော် ဤသို့ ခေါ်ခဲ့ကြောင်းကိုမူ နန်းတွင်း အသိုင်းအဝန်းမှ သိခဲ့ကြသည်။ မခေါ်ဝံ့သည့်အမည်ကိုသုံးစွဲ၍ ဖော်ပြပါ တဘောင်သီချင်းကို တီးတိုးဆိုကြခြင်းသည် စသည့် မကျေနပ်မှုကို ဖော်ဆောင်ကြခြင်းပင်ဖြစ်သည်။ ဆင်ဖြူမရှင် ငယ်မည် မသဲအူနှင့် ပတ်သက်၍ မှားလေ့မှားထရှိသည့် အမည်တူတစ်ရပ်ရှိပါသေး သည်။ ဤနေရာတွင် အလျဉ်းသင့်၍ ဖော်ပြလိုပါသည်။ မင်းတုန်းမင်းတရားကြီး၏ မြောက်နန်းတော် မိဖုရားကြီး ငယ်မည်မှာလည်း 'ခင်သဲ'ဟုခေါ်သည်။ 'ခင်သဲ'နှင့် 'မသဲအူ' ဆင်ဆင်တူသောအမည်နှစ်ခုကို ရောထွေးမှားယွင်း၍ အချို့စာရေးဆရာများက ရေးခဲ့ကြသည်။ မြောက်နန်းမိဖုရားနှင့် အလယ်မိဖုရားတို့ကလည်း တစ်ဆင့်မြင့် တစ်ဆင့်နိမ့် အရာတွင် ယှဉ်ပြိုင်၍ ရှိကြသည် မဟုတ်ပါလား။ ယခု ရှင်းတမ်းတွင် ရှင်းရမည်က 'လှေတော်ပွဲက မသဲအူ၊ ခေါင်းပေါင်းဖြူနှင့် ထွေးလားလုံးလား' ဟူသည်မှာ ဒဂုန်ခင်ခင်လေး ဆိုလိုသကဲ့သို့ တဘောင်သီချင်းမဟုတ်။ ဒဂုန်ခင်ခင်လေးယူဆသကဲ့သို့ အကြောင်းအရာလည်း မဟုတ်ဆိုသည့်အချက်ပင် ဖြစ်ပါသည်။

            ရတနာပုံ၏ နိဒါန်းနှင့် နိဂုံးကို ယုဝတီဂျာနယ်၊ အတွဲ (၃)၊ အမှတ်(၁၄)၊ နိုဝင်ဘာ ၁၉၇၁ မှ အတွဲ(၈)၊ အမှတ် (၂ဝ)၊ ဖေဖော်ဝါရီ ၁၉၇၇ အထိ ၅နှစ် နီးပါး အပတ်စဉ် အခန်းဆက် ရေးခဲ့ပါသည်။ ထိုစဉ်ကတည်းက စာရေးသူ ဖတ်ခဲ့ဖူးပါသည်။ ထိုအချိန်က စာရေးသူသည် 'ကုန်းဘောင်အလွန်'ကို သုတေသနပြုနေပြီဖြစ်ရာ အန်တီခင်နှင့် ဤတဘောင်သီချင်းကို မဆွေးနွေးမိခဲ့ပါ။ အကြောင်းမှာ စာရေးသူသည် ထိုအချိန်က ဤကိစ္စနှင့် ပတ်သက်၍ ဂဃ နဏ မသိရသေးသောကြောင့် ဖြစ်ပါသည်။ ထိုအချိန်က အိမ်ရှေ့အနွယ်တော်များနှင့်လည်း ဤကိစ္စကို မဆွေးနွေးဖူးသေးပါ။

            'လှေတော်ပွဲက မသဲအူ၊ ခေါင်းပေါင်းဖြူနှင့် ထွေးလားလုံးလား'သည် ဒဂုန်ခင်ခင်လေး ယူဆသကဲ့သို့ တဘောင် သီချင်း မဟုတ်ပါ။ သံချပ် ဖြစ်ပါသည်။ ဤသံချပ်မှ 'မသဲအူ'သည်လည်း ဒဂုန်ခင်ခင်လေး ယူဆသကဲ့သို့ ဆင်ဖြူမရှင် မိဖုရားကြီး၏ ငယ်မည်ကို ဖော်ညွှန်းသည်မဟုတ်ပါ။ အိမ်ရှေ့စံ ကနောင်မင်း၏ ကိုယ်လုပ်တော်ကြီးတစ်ပါးဖြစ်သော ဆောင်ရသခင်ကြီး သုသီရိသဉ္ဇာခင်သဲအူကို ဆိုလိုခြင်းသာ ဖြစ်ပါသည်။

            ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် အိမ်ရှေ့စံ ကနောင်မင်း၏ ကိုယ်လုပ်တော် (၄၉)ပါး ပြထားပါသည်။ ထိုစာရင်း၌ 'ကိုယ်လုပ်တော်ရှင် သဲအူ၊ သားတော်မောင်စိုး' ဟု ဖော်ပြသည်။ အိမ်ရှေ့မင်း၏ ကိုယ်လုပ်တော်စာရင်းနှင့် ပတ်သက်၍ ထိုရှင်သဲအူ သို့မဟုတ် ခင်သဲအူကို ဝံသမေဒ ပကာသနီတွင် 'မသဲ'ဟုပြ၍ ဝက်မစွတ်ဝန်ထောက်၏ ပုရပိုက်ဖြူမူတွင်မူ 'ရှင်သဲဦး' ဟုပြပါသည်။ အမှန်မှာ ရှင်သဲအူ သို့မဟုတ် ခင်သဲအူ သို့မဟုတ် မယ်သဲအူ သို့မဟုတ် မသဲအူသာ ဖြစ်ပါသည်။ ရှင်သဲဦးဆိုသော ဝက်မစွတ်မူကို လက်မခံကြပါ။ 'လှေတော်ပွဲက မသဲအူ၊ ခေါင်းပေါင်းဖြူနှင့် ထွေးလား လုံးလား'ဟူသော သံချပ်အရ 'အူ' နှင့် 'ဖြူ'ကို ကာရန်ယူထားခြင်း ဖြစ်သည်။ ကာရန်ကိုလိုက်၍ အမှား အမှန်ကို ဆုံးဖြတ်နိုင်သည်။ ရှင်သဲဦး မဖြစ်နိုင်ပါ။ ရှင်သဲအူသာ ဖြစ်ပါသည်။

            မသဲအူသည် ရွှေဘိုမြို့သူကြီး ဦးရွှေရေး၏သမီး အရပ်သူသာ ဖြစ်သည်။ ကနောင်မင်း မင်းသားဘဝကတည်းက ရွှေဘိုသို့ သွားရင်း တွေ့တော်မူ၍ နှစ်သက်မြတ်နိုးကာ၊ ကောက်တော်မူခဲ့ခြင်းဖြစ်သည်။ ပထမ 'သုသဉ္ဇာ'ဟူသော ဘွဲ့မည်ကို ပေးခဲ့သည်။ (နောင်အခါ -သုသီရိသဉ္ဇာ ဘွဲ့မည်ရ သည်။) မသဲအူသည် အိမ်ရှေ့မင်း၏ သမီးတော် စမ္ပယ် နဂိုရ်မင်းသမီးနှင့် သက်တူရွယ်တူဟု ဆို၏။ နောင်တော် ပုဂံမင်းကို ခြားနားရန် ရွှေဘိုသို့ ထွက်တော်မူသောအခါ နောင်တော် မင်းတုန်းမင်းနှင့်အတူ ကိုယ်လုပ်တော် သားတော် သမီးတော်အားလုံး ပါသွားကြသော်လည်း ကနောင်မင်းသား ကမူ ကိုယ်လုပ်တော်ထဲမှ အမြတ်နိုးဆုံး မသဲအူနှင့် သမီးတော်ထဲမှ အချစ်ဆုံး စမ္ပယ်နဂိုရ်မင်းသမီးတို့ကိုသာ အတူလိုက်ရန် ခေါ်တော်မူသွားသည် ဆိုပါသည်။ သို့ကြောင့် အခြား ကိုယ်လုပ်တော်ကြီးများက မသဲအူကို မနာလို မျက်မုန်းကျိုးကြသည်။ အိမ်ရှေ့တော်သားများကလည်း သူတို့၏ အိမ်ရှေ့မင်းသည် ကိုယ်လုပ်တော် မသဲအူကို အမြတ်နိုးဆုံးဆိုသည်ကို သိထားကြသည်။

            မင်းအဖြစ်သို့ ရောက်တော်မူသော မင်းတုန်းမင်းတရားသည် ၁၂၁၅ ခု တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်နေ့တွင် ဘုရားရုပ်ပွားတော်၊ ရဟန္တာရုပ်တုတော်၊ ပိဋကတ်စာတော်၊ ဆရာတော်၊ သံဃာတော်တို့ကို တပ်တော်ဦးက အဖြူခြယ် သမ္ဗာန်တော်နှင့် ပင့်ဆောင်တော်မူပြီးလျှင် ရှေ့သုံးတပ် နောက်သုံးတပ်၊ ဝင်းကိုယ်ရံတော် အခင်းအကျင်းများနှင့် ရွှေဘိုမှ ထွက်တော်မူကြီး ထွက်တော်မူ၍ ကျောက်မြောင်းမြို့ စံနန်းတော်တွင် တစ်ညဥ့် စံတော်မူသည်။ ထိုကမှ ပြည်ကြီးမွန် ဖော်တော်တွင် မင်းတရားကြီးနှင့် အရှင်မိဖုရားခေါင်ကြီး၊ အခြားမိဖုရားအပေါင်းတို့ ခြံရံပြီးလျှင် ရွှေလောင်းရွှေလှေ၊ မီးသင်္ဘော၊ ကတ္တူလွန်းကျင်သား လှေငါးလှေမှစ၍ ကြည်းဘက် ရေဘက် တပ်ဝင်းအခင်းအကျင်းများနှင့် ငြိမ့်ငြိမ့်လေးလေး စုန်တော်မူရာ မင်းကွန်းတဲနန်းတော်တွင် စခန်းချတော်မူ၏။ ထိုမှ ထွက်တော်မူပြန်ရာ အမရပူရမြို့ ရွှေနန်းတော်သို့ ရောက်တော်မူသည်။ ယင်းတန်ဆောင်မုန်းလတွင်ပင် အမရပူရ နန်းသိမ်းပွဲအထိမ်းအမှတ်နှင့် လှေတော်ပွဲ ကျင်းပသည်။ လှေတော်ပွဲတွင် အဓိကယှဉ်ပြိုင်ရသူများမှာ နန်းတော်ကြီးဘက်သားများနှင့် အိမ်ရှေ့တော် ဘက်သားများသာဖြစ်သည်။ အိမ်ရှေ့တော်ဘက်မှသာ ပွဲပေါင်းများစွာ အနိုင်ရသဖြင့် အရှင်နှစ်ပါးပြန်ကြွတော်မူပြီးနောက် အိမ်ရှေ့မင်းနှင့် မိဖုရား၊ ကိုယ်လုပ်တော်များသာ ကျန်သောအချိန်တွင် အိမ်ရှေ့တော်သားများသည် အောင်ပွဲခံကြလေသည်။ အိမ်ရှေ့မင်းကလည်း သူ၏အိမ်ရှေ့တော်သားများအား အောင်ပွဲအဖြစ်နှင့် စိတ်ကြိုက် ပျော်နိုင်ရန်၊ ကြိုက်သလောက် သောက်စားခွင့် ပျော်ပါးခွင့် ပေးတော်မူသည်။ အိမ်ရှေ့တော်သားများသည် မူးယစ်သောက် စားကာ အပျော်အနေဖြင့် သံချပ်ထိုးကြသည်။ ၎င်းတို့ ထိုးသည့် သံချပ်မှာလည်း သူတို့၏ အရှင်သခင် အိမ်ရှေ့မင်း၏ ကိုယ်လုပ်တော်ကြီးငယ်များကို အပျော်အပြက်အနေဖြင့် အခွင့်အရေးယူကာ မထိခလုတ် ထိခလုတ်စောင်းမြောင်း၍ ဆိုသည့် သံချပ်များသာ ဖြစ်သည်။

            'လှေတော်ပွဲက မသဲအူ၊ ခေါင်းပေါင်းဖြူနှင့် ထွေးလား လုံးလား'

            'မီးလောင်ငုတ်တို၊ ထန်းငုတ်တို၊ ခင်အေးညိုညို ပုံဆိုး ပန်းဆိုး'          

'မဘော့မူမူ၊ တရုတ်တန်းသူ၊ ဗျိုင်းမကြီးနဲ့တူ၊ ခင်ဖြူ ဆိုသည့် ဘဏ္ဍာစိုး မယ်တော့်စိန်တွေခိုး' စသည့် သံချပ်များ ဖြစ်၏။ အခြားသံချပ်များလည်း ရှိပါဦးမည်။ ကြားဖူးသမျှကိုသာ ဖော်ပြရခြင်းဖြစ်၏။ ကိုယ်လုပ်တော် သခင်ကြီး ခင်သဲအူကို အိမ်ရှေ့မင်း အမြတ်နိုးဆုံးဖြစ်မှန်းသိ၍ လှေတော်ပွဲတွင် မသဲအူသည် အားပါးတရ အားပေးနေရာ၊ ရာဇဣန္ဒြေပင် မဆောင်နိုင်တော့ဘဲ ခေါင်းပေါင်းဖြူ ဖော့လုံးပေါင်း ထားသော မှူးကြီးမတ်ကြီးတို့နှင့် ထွေးလားလုံးလားပင် ဖြစ်နေတော့သည် ဆိုသည့်သဘောဖြင့် 'လှေတော်ပွဲက မသဲအူ၊ ခေါင်းပေါင်းဖြူနှင့် လုံးလားထွေးလား'ဟု သံချပ်ထိုးခြင်း ဖြစ်ပါသည်။

            သရက်မြို့စား သမီး ခင်အေးဆို သူကို အိမ်ရှေ့စံ ကနောင်မင်းက ကောက်တော်မူသည်။ အိမ်ရှေ့မင်းတွင် ခင်အေးအမည်တူ အခြားကိုယ်လုပ်တော် မရှိပါ။ သို့သော် ကိုယ်လုပ်တော်ခင်အေးကို 'ခင်အေးကြီး'ဟု အမည် နောက်တွင် 'ကြီး' တပ်၍ ခေါ်ခြင်းမှာ အရပ်ရှည်၍ ဖြစ်သည်ဟု ဆိုသည်။ ခင်အေးသည် အသားညိုသည်။ ကိုယ်လုံး ကိုယ်ပေါက် မလှဟုဆို၏။ ထိုကြောင့် လှေတော်သားများက 'မီးလောင်ငုတ်တို ထန်းငုတ်တို၊ ခင်အေးညိုညို ပုံဆိုးပန်းဆို'ဟု စာချိုးကာ သံချပ်ထိုးကြလေသည်။ မီးလောင်ထားသော သစ်ပင်ငုတ်တိုကလည်း မည်းတူးနေသည်။ ထန်းပင်ငုတ်တို့ ကလည်း ခပ်ရှည်ရှည်နှင့် မည်းတူးနေသည်။ ထို့ကြောင့် အသားညိုသည့် ကိုယ်လုပ်တော်ခင်အေးကို ပုံပန်းဆိုးသည်ဟု သံချပ်ထိုးခြင်းဖြစ်သည်။ ကိုယ်လုပ်တော် ခင်အေးကြီး၏သမီး ထိပ်ခေါင်တင်ဟေ့ သည်လည်း အသားမည်းသည်ဟု မီလိုက် သူများက ပြောပြပါသည်။

            အိမ်ရှေ့မင်း၏ ကိုယ်လုပ်တော် သခင်ကြီး သီရိမလ္လင် မဟေခင်ဘော့ဆိုသူကို တရုတ်တန်းသခင်ကြီးဟူ၍လည်း ခေါ်ပါသည်။ ယင်းကိုယ်လုပ်တော်ကြီးသည် မင်းသားဘဝ ကတည်းက ကောက်ယူတော်မူသော အမရပူရမြို့တော်၊ တရုတ်တန်း ချက်မြှုပ်ဇာတိအရပ်သူ ဖြစ်ပါသည်။ ခင်ဘော့သည် အမူအရာ ပိုပုံရသည်။ အသားဖြူ၍ အရပ်လည်း ရှည်ဟန်တူ၏။ ထို့ကြောင့် 'ခင်ဘော့မူမူ၊ တရုတ်တန်းသူ၊ ဗျိုင်းမကြီးနဲ့တူ'ဟု သံချပ်ထိုးကြခြင်းဖြစ်သည်။ အမရပူရတွင် ယခုတိုင် တရုတ်တန်းဟူသောအရပ် ရှိပါသေးသည်။

မှတ်ချက်။ ။ မက္ခရာမင်းသားကြီးတွင်လည်း တရုတ်တန်း ခင်လေးဟုခေါ်သော ကိုယ်လုပ်တော်တစ်ပါး ရှိသည်။ စောရန်ပိုင်၊ စောရန်နိုင်တို့၏ မယ်တော် ဖြစ်သည်။

            အိမ်ရှေ့စံ ကနောင်မင်း၏ ကိုယ်လုပ်တော်များထဲတွင် သာမာမဟေဘွဲ့ခံ မတဲဆင်ရွာသခင်ကြီး ခင်ဖြူဟူသော ဆောင်ရကိုယ်လုပ်တော်ကြီးမှာ မင်းသားဘဝကတည်းက ကောက်တော်မူခြင်း ခံရသူဖြစ်သည်။ ခင်ဖြူသည် မူလက မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့၏ မယ်တော် (သာယာဝတီမင်းတရား၏ တောင်ဆောင်တော် မိဖုရားကြီး၊ ကျောက်မော်မြို့စား)ထံတွင် ဘဏ္ဍာစိုးအရာ ထမ်းရွက်နေသူ ဖြစ်သည်။ ကနောင်မင်းသားက မြင်၍ ကောက်တော်မူသဖြင့် ကိုယ်လုပ်တော် ဖြစ်လာသည်။ မြစ်ခြေမြို့စား ထိပ်ခေါင်တင် အိုးကြီး၏ မယ်တော်ဖြစ်သည်။ ကိုယ်လုပ်တော် သခင်ကြီး ခင်ဖြူကိုလည်း မခံချိမခံသာ ဖြစ်အောင်၊ ထိုကြောင့် 'ခင်ဖြူ ဆိုသည့် ဘဏ္ဍာစိုး၊ မယ်တော့်စိန်တွေခိုး'ဟု သံချပ်ထိုး ကြခြင်း ဖြစ်သည်။

မှတ်ချက်။ ။ သာယာဝတီ မင်းတရား၏ တောင်ဆောင်တော် မိဖုရားကြီး၊ ကျောက်မော်မြို့စားသည် မင်းတရားကြီးက မြတ်နိုးတော်မူ၍ ဆုလာဘ်တော် သနားတော်မူလွန်းသဖြင့် အလွန်တရာမှ စိန်ရွှေရတနာ ပေါလှသည်ဟု အဆိုရှိသည်။ မိဖုးရားကြီး၏ ညီမတော် အလ္လာကပ္ပမြို့စားသမီးကို မင်းတုန်းမင်းတရားကြီးက မိဖုရား မြှောက်သဖြင့် စိန်တုန်းမိဖုရားဟုတွင်ပါသည်။ တောင်ဆောင်တော် မိဖုရားကြီး ကျောက်မော် မြို့စား၏ စိန်ရွှေရတနာများကို တူမတော် (ထိုစဉ်က မိဖုရား မဖြစ်သေး)က အမွေဆက်ခံရသဖြင့် စိန်တုန်းမိဖုရားတွင် စိန်အလွန်ပေါသည်ဟု အဆိုရှိသည်။

            အိမ်ရှေ့မင်းသည် သံချပ်၏ အဓိပ္ပာယ် အသွားအလာ များကို အတွင်းသိ၊ ဓာတ်သိဖြစ်ရာ သူ့တပည့် အိမ်ရှေ့တော်သားများအား စိတ်ဆိုးတော်မမူဘဲ 'တ...ဟဲ...ဟဲ...' သာ ရယ်နေတော်မူသည်ဟုဆို၏။ ကိုယ်လုပ်တော်ကြီးများမှာလည်း စိတ်မဆိုးဝံ့၊ အပြစ်မတင်ဝံ့ဘဲ အလိုက်အထိုက် ရယ်မော၍သာ အပါးတော်၌ ခစားနေကြရသည်။ အားလုံး ပျော်စေ၊ ပြက်စေ၊ ကလက်စေဆိုသည့် အောင်ပွဲရအခါတော် ဖြစ်ပါသည်။

            'လှေတော်ပွဲက မသဲအူ၊ ခေါင်းပေါင်းဖြူနှင့် လုံးလား ထွေးလား' ဆိုသည်မှာ ဒဂုန်ခင်ခင်လေး ယူဆရေးသား သကဲ့သို့ တဘောင်သီချင်းမဟုတ်။ အိမ်ရှေ့တော်သားတို့၏ သံချပ်သာဖြစ်သည်။ ဒဂုန်ခင်ခင်လေး ယူဆရေးသား သကဲ့သို့ မသဲအူဆိုသည်မှာလည်း ဆင်ဖြူမရှင် မိဖုရားကြီးကို ရည်ရွယ်သည် မဟုတ်။ အိမ်ရှေ့ကိုယ်လုပ်တော်ကြီး ခင်သဲအူ ကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်မှာ ရှင်းလောက်ပေပြီ။ အိမ်ရှေ့မင်းနှင့် ဆောင်ရသခင်ကြီး သုသီရိသဉ္ဇာခင်သဲအူတို့မှ သားတော် ထိပ်တင်ကိုယ်တော်စိုးရှင် သာမဏေ ဝတ်ချိန်တွင်ပင် ကံကုန်သွားသည်ဟု ဆိုပါသည်။ မင်းသားကြီး ထိပ်တင် ကိုယ်တော်စိုးသည် မြင်းမှူးမင်းသား ဖြစ်လာသည်။ သူ၏ သားတော် သမီးတော်များထဲမှ ထိပ်တင်လတ်မှာ အစ်ကိုကြီး ဦးစိန်မောင်ဦး၏ဇနီး ဒေါ်တင်တင်ကြည်၏ မယ်တော် ဖြစ်ပါသည်။

မောင်သန်းဆွေ၊ထားဝယ်၊

(အမှတ် ၁၈၄၊ မတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။