ကံချွန်
လေထဲကမှတ်တမ်း
၁၉၈၇၊ ၁၉၈၈၊ ၁၉၈၉
တစ်နေကုန်နီးပါး
မန္တလေး မုတ်ဆိတ်လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်သော ခုနှစ်များ ဖြစ်ပါသည်။
ကျွန်တော်နှင့် ကိုချစ်စရာတို့ နေ့စဉ်ဆုံဖြစ်သည်။ ထိုကာလမျိုး ပြန်မရနိုင်တော့ပါ။
နှစ်နှင့်ချီ၍ တစ်နေကုန်နီးပါး စကားပြောရင်း အတွေးနှင့် စိတ်ကူးကို အပြင်းအထန်
လေ့ကျင့်ပေးခဲ့သော ကာလများအဖြစ် သတ်မှတ်ရပါမည်။
ကျွန်တော့်အိမ်က
မြို့တောင်ဖျားမှာ။ ကိုချစ်စရာနေသည်က မြို့အနောက်မြောက်ထောင့်မှာ။ ထို့ကြောင့်
မန္တလေးမြို့လယ်မှာရှိသော (ယခုမရှိပါ) မုတ်ဆိတ်လက်ဖက်ရည်ဆိုင်သည် ကျွန်တော်တို့၏
ရုံးခန်းဖြစ်ခဲ့သည်။ ထိုစဉ်က ကျူရှင်တစ်ခုပြီး တစ်ခုကူးပြောင်းသင်ယူနေသော သမီးကို
စောင့်ရင်း လက်ဖက်ရည်ဆိုင်မှာ နေကုန် ရခြင်း ဖြစ်ပါသည်။ ထိုသို့နေကုန်ထိုင်ကြစဉ်က
ကျွန်တော်နှင့် ကိုချစ်ဆရာတို့သည် ညနေစောင်း လူချင်းခွဲကာနီးမှာပင် မနက်တော့
စောစောလာခဲ့မယ်၊ ဆက်ပြော ကြတာပေါ့ ဟူသောစကားကို ဦးရာလူက ပြောလိုက်သေးသည်။
ပသီပုံပြင်က တစ်ထောင့်တစ်ည ပြောလိုက်သောအခါ ပြီးသွားသော်လည်း ကျွန်တော်နှင့်
ကိုချစ်စရာတို့ ပြောခဲ့သည်မှာ တစ်ထောင်နှင့် ကိုးဆယ့်ငါးနေ့ (သုံးနှစ်တိတိ)
ပြောခဲ့သည်အထိ မပြီးခဲ့ကြပါ။ ကမ္ဘာ့အနောက်ခြမ်း၏ စံတော်ချိန်နှင့် တွက်မည်ဆိုလျှင်
၁ဝ၉၅ ည ဖြစ်ပါသည်။ ထိုကြောင့် ပသီပုံပြင်ထက် ၉၄ ည သာလွန်ကာ ကမ္ဘာ့အရှည်ဆုံး
ပုံဝတ္ထုကြီးအဖြစ် စံချိန်ချိုးသွားနိုင်ပါသည်။ အသံဖြင့်သော်လည်းကောင်း၊
စာလုံးများဖြင့် သော်လည်းကောင်း၊ မှတ်တမ်းတင်ထားခဲ့ခြင်းမရှိ၍ ကျွန်တော်တို့
ပြောခဲ့သမျှမှာ ၁၉၉ဝ မတိုင်မီ လေထုအတွင်းမှာသာ ကျန်ရစ်ခဲ့တော့သည်။
ဗီဒီယိုတိပ်သားနှင့် ဖလင်ကော်ပြားပေါ် မရောက်သော
ဇာတ်ကားပေါင်းများစွာကို ကျွန်တော်တို့ ရိုက်ကူးခဲ့သည်မှာ မနည်းပါ။
အချို့ကားများမှာ တစ်ပတ်ဆယ်ရက် ကြာတတ်ပါသည်။ ရိုက်နေရင်း စိတ်တိုင်းမကျပါက
ထိုအခန်းကို ပြင်ရန် စဉ်းစားသည်။ ခန်းစဉ်တွေ ရှေ့နောက် ပြောင်းကြည့်သည်။
စဉ်းစားရင်း၊ တွေးရင်း စိတ်တိုင်းကျမရသောကြောင့် ရပ်ထားသည့်ဇာတ်ကားများလည်း
ရှိသည်။ နောက်တစ်ကား ပြောင်းရိုက်သည်။ အပြနှင့် ဖမ်းစားမည်လား။ အပြောနှင့်
ညှို့ယူမည်လား။ ဇာတ်လမ်းနှင့် ထိန်းထားမည်လား။ ကျွန်တော်တို့ တွေ့ရသော ဇာတ်လမ်းကို
ခန်းစဉ်မခွဲမီမှာပင် တင်ပြရမည့်ဟန်အတွက် စဉ်းစားကြသည်။
တစ်ခါတလေမှာ
ဟာသကွက်တွေချည်း ပြောမိသည်လည်းရှိသည်။
မြင်မြင်သမျှ၊ ကြားကြားသမျှကို အခြေခံကာ ဟာသတွေ ဖန်တီးမိကြသည်။ ထိုအလေ့
အကျင့်များကြောင့်ပင် အကြောင်းအရာ၊ အဖြစ်အပျက်တို့ကို ဟာသရှုထောင့်မှ ကြည့်တတ်၊
မြင်တတ်၊ ခံစားတတ်ခဲ့ခြင်း ဖြစ်ပါသည်။ အရေးဟာသ၊ အပြောဟာသနှင့် အပြဟာသတို့၏
သိမ်မွေ့သော ခြားနားမှုတို့ကို နားလည်သဘောပေါက်ခဲ့သည်။ အရေးဟာသမှာ ဖတ်သူအတွက်
နားလည်ခံစားနိုင်ရန် စဉ်းစားချိန်ရှိသည်။ ဖန်တီးသူ၏ ဆိုလိုရင်းကို ဖမ်းယူနိုင်ရန်
အကြိမ်ကြိမ်ဖတ်၍ ရသည်။ အပြောဟာသနှင့် အပြဟာသမှာ နီးစပ်သည်။ ဟာသဖန်တီးမှုသည်
လေးနက်ခက်ခဲသည်။ ဟာသ ပညာရှင်တို့၏ လေ့ကျင့်ခဲ့ရသည့် လေ့လာခဲ့ရသည့်အချိန်ကာလကို
သတိထားမိသူ နည်းလှသည်။ သတ်မှတ်သည့်ကာလတို တစ်ခုအတွင်း သင်တန်းတက်လိုက်သောကြောင့်
အောင်လက်မှတ်ရပြီး တတ်ကျွမ်းလာသည့် ပညာမျိုးမဟုတ်ပါ။ ပင်ကိုဉာဏ်ရည်အရ
အချိန်ရင်းနှီးမှု ကွာခြားသည်လည်း ရှိပါသည်။ အပြောဟာသမှာလည်း နားထောင်သူတို့
အသံကြားရုံမျှနှင့် ဟာသရသ ပေးစွမ်းနိုင်ရန်၊ ပြောနိုင်ဖို့အတွက် 'အသံထဲမှာ သရုပ်ဆောင်ပညာ' ပါနေသည်ကို သတိထားမိသူ
နည်းလှသည်။ ကျွန်တော်သည် နားထောင်၍ ရယ်လိုက်ပါက ဘာကြောင့်ရယ်သည်ကို သတိထား
လေ့လာခဲ့ဖူးသည်။ ဓာတ်ဆီ၊ ဓာတ်ဆံ ပြက်လုံးခွေကို နားထောင်ကြည့်ပါ။ အသံနှင့်
သရုပ်ဆောင်နေသည်ကို ခံစားနားလည်ပါလိမ့်မည်။ စာနှင့် ရေးပြရန် မလွယ်ပါ။
အောင့်သက်သက်နှင့် ပြောခြင်း
ပေါ့ပေါ့ပါးပါးပြောခြင်း
အူတူတူ အတတနှင့် ပြောခြင်း
ရေးကြီးသုတ်ပြာပြောခြင်း
စသည် စသည်ဖြင့် အသံထဲမှာပင်
ထိုဇာတ်ကောင်၏ ခံစားမှု၊ လှုပ်ရှားပုံကို မြင်ယောင်နေသည်။ အပြောဟာသမှာလည်း
ပြက်လုံးတစ်ခုကို ပရိသတ် မရယ်လိုက်ပါက ထိုပြက်လုံး ဆုံးရှုံးရသည်။ နောက်စကားများက
ဆက်ဝင်လာမည် ဖြစ်သောကြောင့် အာရုံက ပထမစကားကို စဉ်းစားခံစားချိန် မရှိတော့။
အပြဟာသမှာလည်း ထို့အတူပင်။ ဟာသဖန်တီးကွက်တစ်ခုကို ပြလိုက်၍ ပရိသတ် မရယ်ပါက
နောက်အပြက နင်းသွားမည်။ အာရုံက နောက်အရုပ်ဆီ ရောက်သွားပြီး ပြလိုက်သည်နှင့်
ရယ်လိုက်ရပါမှ။
ဟာသဖန်တီးသူနှင့် ခံစားသူ
ယှက်နွယ်မှုကလည်း ရှိသေးသည်။ ကျွန်တော်တို့ ဖန်တီးမည့်ဟာသသည် အလွှာစုံကို
ဦးတည်မည်လား။ ပညာတတ်အလွှာကို ဦးတည်မည်လား။ ကျေးလက်ကို ဦးတည်မည်လား။ အပြောနှင့် အပြ
ပေါင်းမည်လား။ အပြောကို အားပြုမည်လား။ အပြကို အလေးပေးမည်လား။ သရုပ်ဆောင်ပေးမည့်
ဖန်တီးရှင်၏သဘောကို ကျွန်တော်တို့ သိရပါမည်။ မျက်နှာအမူအရာ၊ လေကို အားပြု၍ မရပါက
ဖြစ်ရပ်ကို အားပြုသော ဟာသဖန်တီးရပါမည်။ ၁၉၈၇၊ ၁၉၈၈၊ ၁၉၈၉ ခုနှစ်များမှာ
ကျွန်တော်သည် ဟာသအမျိုးကွဲပေါင်းများစွာကို ဖန်တီးခဲ့ဖူးသည်။ သို့သော်...
အသံနှင့်လည်း မှတ်တမ်းမရှိခဲ့။
စာနှင့်လည်း မှတ်တမ်းမရှိခဲ့။
လေထဲမှာပဲရှိသော မှတ်တမ်းများ ဖြစ်၍
ပြန်ပြဖို့မလွယ်။
□
'ပြန်ရေးပါလား'
ကရားအိုးထဲက ဇာတ်ညွှန်း၊
ပန်းကန်လုံးထဲက ရိုက်ချက်နှင့် စားပွဲခုံပေါ် မှာ ရိုက်ကူးခဲ့သော ဟာသကားများ
အကြောင်း ပြန်ပြောမိတိုင်း နားထောင်သူတို့က မှတ်မှတ်ရရ တင်ကျန်ရန် စာလိုရေးဖို့
အကြံပြုကြသည်။ ဟာသဝတ္ထုတွေ လုပ်ဖို့တောင်းဆိုကြသည်။ ထိုစဉ်က ကျွန်တော်တို့ ပြောကြသည်မှာ
'အပြ' ဟာသအတွက်ဖြစ်သည်။ ကျွန်တော်သည် ဟာသဖြစ်ရန်
မည်သို့ ရိုက်ရမည်ကို စဉ်းစားခဲ့ခြင်း ဖြစ်ပြီး မည်သို့ ရေးရမည်ကို
စဉ်းစားခဲ့ခြင်းမဟုတ်ပါ။ ထို့ကြောင့်လည်း အပြဟာသများကို ရေးပြရန်
အာရုံမကပ်ငြိခဲ့ပါ။ ကျွန်တော်တို့မှာ လိုတိုင်းရ၊ တတိုင်းဖြစ်၊ လက်ညှိုးညွှန်ရာရေ၊
စေလိုရာ စေနိုင်သူများ မဟုတ်ပါ။ စိတ်သွားတိုင်း ကိုယ်မပါပါ။ ကိုယ်သွားရာသို့သာ
စိတ်ပါအောင် ကြိုးစားရင်း ဘဝကို ရပ်တည်ရုန်းကန်နေရသူများ ဖြစ်ပါသည်။ အတိတ်ကို
တမ်းတအောက်မေ့မှုများ ရှိခဲ့သော်လည်း
မျှော်လင့်၍ မရနိုင်သည်တို့ကို ခွဲခြားနားလည်ပါသည်။ အတိတ်သည် အနာဂတ်အတွက်
နှောင်ကြိုး အဖြစ်မခံနိုင်ပါ။ အနာဂတ်အတွက် တွန်းအားသာ ဖြစ်ရပါမည်။ အတိတ်မှာ
ရင်းနှီးခဲ့ရသော အချိန်တို့ကို အနုပညာဘဏ်တွင် စာရင်းသေအပ်နှံထားသည်သို့သာ သဘောထားလိုက်သည်။
သုံးနှစ်ခန့် အာရုံစူးနစ်ကာ စားပွဲခုံမှာ ထိုင်ရင်း ပါးစပ်နှင့်ရိုက်ခဲ့ကြသော
အလေ့အကျင့်ကြောင့် ဇာတ်လမ်းများကို ကြည့်ရတိုင်း ဇာတ်ညွှန်းကို မြင်ကြည့်မိသည်။
ထို့ကြောင့် လက်တွေ့ဘဝမှာလည်း
စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် စသည့် ရေးပေါင်းများစွာမှာ ရိုးသားစွာ
ဖြစ်ပျက်နေသည်များနှင့် 'ဇာတ်ညွှန်းနှင့်' ဖြစ်ပျက်နေသည်များကို
ခွဲမြင်လေ့ရှိခဲ့ပါသည်။ လူမှုဆက်ဆံရေးနယ်ပယ်တွင် 'ဇာတ်လမ်း'
တွေ ပါလာလျှင် မရိုးသားတော့ပါ။ ဖန်တီးမှုကင်းသော ဆက်ဆံရေးသည်သာ
ကြည်နူးစရာ ကောင်းပါသည်။
□
အစဉ်အလာ
လောင်းရိပ်
ကျွန်တော့်ကိုယ်ကျွန်တော်
ခေတ်မီသူမဟုတ်မှန်း သိပါသည်။ ခေတ် နောက် မကျန်ရစ်စေရန် ကြိုးစားနေသူဟူ၍တော့
ပြောနိုင်မည်ထင်ပါသည်။
ဇော်ဝင်းထွဋ်
စိုင်းထီးဆိုင်
မျိုးကျော့မြိုင်
ဘရိတ်ကီ
ထွန်းအိန္ဒြာဗို
တင့်တင့်ထွန်း
တို့၏ သီချင်းခွေများကို
ခံစားနိုင်သည့် အနေအထားတော့ ရှိပါသည်။
စိုင်းစိုင်းခမ်းလှိုင်ကို ခံစားနိုင်သည့် အဆင့်ထိတော့ ကြိုးစား၍မရသေးပါ။
ကျွန်တော်၏ အသက် ၆ဝ နား ကပ်နေသည့် အရွယ်အတွက် ထိုသို့ စိုင်းစိုင်းကို
မခံစားနိုင်ခြင်းကို ခွင့်လွှတ်ပေးမည် ထင်ပါသည်။
ကျွန်တော်၏ အနေအထားကို အစဉ်အလာ
လောင်းရိပ်မှ မလွှတ်သူဟု သတ်မှတ်ပါက ကျေကျေနပ်နပ် လက်ခံမည်သာ ဖြစ်ပါသည်။
ရုပ်ရှင်နှင့် ဗီဒီယိုရိုက်ရန် စဉ်းစားထားသော ဇာတ်ကို ဝတ္ထုရေးမည်ဆိုပါက ဝတ္ထုကို
ရုပ်ရှင်ရိုက်ရန် ဇာတ်ညွှန်းအဖြစ် ပြောင်းလဲဖန်တီးသည့်နည်းကို ပြောင်းပြန် လှန်ရပါတော့မည်။
ဝတ္ထုကို ရုပ်ရှင် ဇာတ်ညွှန်းလုပ်ရန် ဇာတ်လမ်းအနှစ်ချုပ် အကျဉ်းရေးရသည်။
ထိုဇာတ်လမ်းအနှစ်ချုပ်ကို အခန်းစဉ်ခွဲမည်။ အခန်းစဉ်မှာ စိတ်တိုင်းကျမှ
တစ်ခန်းချင်းအတွက် ဇာတ်ညွှန်းအသေးစိတ် ရေးရမည်။ နေ့ည ခွဲမည်။ အတွင်းခန်း၊
အပြင်ခန်း ခွဲမည်။ အဝတ်အစား မလွဲရန် အခန်းဆက်၊ အခန်းသီးခြားများ သတ်မှတ်မည်...စသည်
စသည်။
အခန်းစဉ်ကိုမှ စိတ်တိုင်းမကျလျှင်
ဇာတ်ညွှန်းရေးမရသေး။ အခန်းစဉ်မှာ ကတည်းက ဇာတ်ရှိန် အတက်အကျ အချိတ်အဆက်
စိတ်တိုင်းကျရေးပြီးမှ ဇာတ်ညွှန်းခွဲသည်။ ကျွန်တော် သိထားသောနည်းမှာ မူလတန်းမှ
အထက်တန်းရောက်အထိ ပညာသင်ရသည်နှင့် တူပါသည်။ ပြီးပြည့်စုံသော ဇာတ်ညွှန်းရေးရသည်မှာ
ဆယ်တန်းစာမေးပွဲ ဖြေရသည်နှင့် တူပါသည်။ ဇာတ်အကျဉ်းနှင့် အခန်းစဉ်ကို ကျော်လွှားကာ
ဇာတ်ညွှန်းရေးခြင်းသည် မူလတန်းအောင်ပြီးသည်နှင့် အထက်တန်းကို
ဝင်ရောက်ဖြေဆိုသည့်နှယ် ဖြစ်ပါမည်။ မည်မျှပင် တော်ပါစေ။ အခန်းစဉ် မခွဲဘဲ
ဇာတ်ညွှန်းရေးရန်မှာ လွန်စွာခက်ခဲပါသည်။
ပိရိသေသပ်ကောင်းမွန်သော၊ အားနည်း ချက်အနည်းဆုံးဖြစ်သော၊ ဇာတ်ညွှန်းရေးရန်
တိကျသော၊ စိတ်တိုင်းကျရေးထားသော အခန်းစဉ် ရှိရပါမည်။ ကျွန်တော်ကပဲ အစဉ်အလာ
လောင်းရိပ်မှာ ပျော်မွေ့နေ၍လားမသိ။ ယနေ့ (အချို့)
ဇာတ်ညွှန်း ဆိုသည်များမှာ အခန်းစဉ်နှင့် ရောထွေးနေသည်။ အချို့ဇာတ်ညွှန်းတို့မှာ
စင်တင်ပြဇာတ် ဇာတ်ညွှန်းလို ဖြစ်နေသည်။ သို့သော် အလုပ်တော့ ဖြစ်နေကြသည်။
အရိပ်ပြရုံနှင့် အကောင် ထင်နိုင်စွမ်းသောကြောင့် များလားမသိ။ ကျွန်တော်
ကျန်နေခဲ့ပြီမှန်းတော့ သိသည်။ သို့သော်။
အနုပညာသမိုင်းဘီးသည်လည်း
တစ်ပတ်လည်မည့် အထဲမှာ ပါရမည်ဟု ယုံကြည်ပါသည်။
□
စည်းကမ်းလည်း ရှိရပါမည်။ နည်းလမ်းလည်း
ရှိရပါမည်။ ရှိပြီးသော စည်းကမ်းနည်းလမ်းများကို သိပြီး
ပိုမိုပြည့်စုံကောင်းမွန်အောင် ဖြည့်စွက်နိုင်ပါက ကောင်းပါသည်။ ကျွန်တော်သည် 'ဇာတ်ညွှန်းကို
ဘယ်လို ရေးရမလဲ' ဟူ၍ အကယ်ဒမီ ဒါရိုက်တာကြီးတစ်ဦးကို
မေးဖူးပါသည်။ သူ့ အဖြေက သက်သောင့်သက်သာ လွယ်လွယ်ကူကူလေးနှင့်
လိုတိုရှင်းဖြစ်ပါသည်။
'စက္ကူပေါ်မှာ ရိုက်ပြတာပဲ'
သို့နှယ် စက္ကူပေါ်မှာ ရိုက်ပြထားသော
ဇာတ်ညွှန်းမျိုး ရေးထားပါက 'ရိုက်ညွှန်း' ဆိုသည်မှာ
လိုပါဦးမည်လား။
ကျွန်တော်သည် ကျွန်တော်၏ ပတ်ဝန်းကျင်
လက်တွေ့ဘဝထဲမှ စီးပွားရေး၊ လူမူရေး၊ ပညာရေး၊ အနုပညာရေး၊ ကျန်းမာရေး စသည့် စသည့်
ရေးပေါင်းများစွာကို သတိထားကြည့်မိပါသည်။ လက်တွေ့ဘဝထဲမှာလည်း ပြည့်စုံသော
ဇာတ်ညွှန်းသည် ရှားပါး ဖြစ်နေသည်။ ကြုံသလို ရင်ဆိုင်ဖြေရှင်းရင်း 'အချိန်ကာလ
ကင်မရာ' ရှေ့ ရောက်ကာမှ ကပျာကယာ 'ရိုက်ညွှန်း'
ကို ဖန်တီးကာ ဝင်ရောက် သရုပ်ဆောင်နေရသည့် အဖြစ်မျိုးတွေကိုလည်း
သတိထားမိပါသည်။ သေသေသပ်သပ်နှင့် ပိပိရိရိရှိသောကြောင့် အောင်မြင်နေသော
စီးပွားရေးလုပ်ငန်းများ၊ လူမူရေးလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများကိုမူ အနုပညာပိုး
ရှိခဲ့သူ တစ်ယောက်အနေနှင့် 'ဇာတ်ညွှန်း' ကောင်းခဲ့၍ဟုသာ မြင်ပါသည်။
□
ကရားအိုးထဲက
ဇာတ်ညွှန်း
ပန်းကန်လုံးထဲက
ရိုက်ချက်
ဇာတ်ညွှန်းနှင့် ပတ်သက်၍ မူရင်း
ဇာတ်ကျောရိုးမပျက်ခွဲရန်..
၁။ ဇာတ်ဆောင်များ၏ အရည်အသွေးကို အားပြုထားသည့်
ဇာတ်လား၊
၂။ ဇာတ်လမ်း အချိတ်အဆက်များကို အားပြုထားသည့်
ဇာတ်လား၊
၃။ ဇာတ်ကွက်များကို အားပြုထားသည့် ဇာတ်လား၊
ကျွန်တော် စဉ်းစားသည်။ စူပါမင်း၊
ဘက်တမင်း၊ စပိုက်ဒါမင်းလို သူရဲကောင်းဇာတ်ကောင်ကို အားပြုထားသည့်
ဇာတ်လမ်းမျိုးဆိုလျှင် သူရဲကောင်းနေရာ သရုပ်ဆောင်ရမည့် ဇာတ်ဆောင်သည်ပင်
ပရိသတ်အပေါ် အနုပညာသြဇာရှိနှင့်ပြီးသူကို ဦးစားပေး စဉ်းစားရပါမည်။ သို့မဟုတ်ပါမူ
လုံးဝအသစ်ကို စဉ်းစားရပါမည်။ ပရိသတ်အမြင်တွင် ဝေလေလေခန်းများမှာ
ခေါက်ရိုးကျိုးနေသော သရုပ်ဆောင်ကို သူရဲကောင်းတင်ရန်မှာမူ ဖြစ်နိုင်ခြေ
အလွန်နည်းပါသည်။ ပရိသတ်ကို သူရဲကောင်းအဖြစ် ချပြရမည့်သူကို အလေးပေး စဉ်းစားရမည်။
ဇာတ်ဆောင်၏ အရည်အသွေးကို အားပြုထားသည့် ဇာတ်မှာ သရုပ်ဆောင်မည့် သူ၏ကဏ္ဍသည်
ဇာတ်ညွှန်းပြီးလျှင် အရေးပါသော စာရင်းမှတို့ရမည့် သဘောရှိပါသည်။
ဇာတ်လမ်းအချိတ်အဆက်ကို အားပြုထားသည့်
ဇာတ်လမ်းမျိုး၊ ဇာတ်ညွှန်းရေရလျှင် သရုပ်ဆောင်တို့အတွက် တာဝန်ပေါ့သည်။ ဇာတ်ညွှန်း
စေ့စပ်သေချာလေ ဇာတ်ကားအောင် မြင်ရန်ရာနှုန်းများလေ ဖြစ်သည်။ သရုပ်ဆောင်သစ်တင်ရန်
အကောင်းဆုံး ဖြစ်သည့် ဇာတ်လမ်းအချိတ်အဆက် ကောင်းနေသော၊ ဇာတ်အိမ်ခိုင်နေသော၊
ဇာတ်ကားများမှာ ပရိသတ်ကို ဆွဲဆောင်ရာတွင် ဇာတ်လမ်းက ငါးဆယ်ရာနှုန်း တာဝန်ယူထားပြီး
ဖြစ်ပါသည်။ သရုပ်ဆောင်သူ၏ အရည်အသွေးကိုလည်း ဖော်ပြခွင့်ရသော ကားမျိုးဟု ဆိုရပါမည်။
ဇာတ်ကွက်များကို အားပြုထားသည့်
ဇာတ်လမ်းများကိုမူ ဟာသကားများတွင် အများဆုံး တွေ့ရသည်။ အချစ်သီးသန့်ကားများမှာလည်း
တွေ့ရတတ်သည်။ ယနေ့ အသုံးများနေသော 'ပါးပါးလေး' ဆိုသည်မှာ ဇာတ်ကွက်ကို အားပြုသော ဇာတ်လမ်းများ၊ ဇာတ်ညွှန်းများဟု
နားလည်ပါသည်။ ထိုသို့ 'ပါးပါးလေး' သည်
ထပ်လိုက်လျှင်၊ ပေါင်းလိုက်လျှင် 'ထု' တစ်ခုတော့
ရှိရပါမည်။ 'အနုပညာထု'ကို ဆိုလိုပါသည်။
ထိုသို့ 'အနုပညာထုထည်' တစ်ခုဖြစ်မလာဘဲ
အပါးလွန်ပြီး ပေါက်နေသော ဇာတ်ကွက်တွေချည်း ထပ်မိပါက မည်သို့မျှ အရာမရောက်တော့ပါ။
ဇာတ်အိမ်ကလည်း မခိုင်၊ ဇာတ်ဆောင်ကိုလည်း အားပြုထားခြင်း မဟုတ်၍ သုံးမရအောင်
ဖြစ်တတ်ပါသည်။ 'ပါးပါးလေး' ဆိုသည်မှာ
ကျွမ်းကျင်မှ ထုထည်ဖြစ်အောင် လုပ်နိုင်သော ဇာတ်ညွှန်းမျိုးဖြစ်၍ မလွယ်ပါ။
ဟာသမဟုတ်သည့် ဇာတ်ကားများမှာလည်း ဇာတ်ကွက်များနှင့် ဆွဲဆောင်ထားသော
ဇာတ်ညွှန်းမျိုးကို ရုပ်မြင်သံကြားမှ ပြသထုတ်လွှင့်သွားသည့် ဟိုတယ်၊ ကုန်တိုက်လို
ဇာတ်လမ်းတွဲတွင် သတိထားမိပါသည်။
တစ်ခါတစ်ခါမှာ သုံးမျိုးလုံးမျှ၍
ပါဝင်နေတတ်ပြီး တစ်မျိုးမျိုးကို အားပြုကာ ကျန်သည့်နှစ်မျိုးက ရာခိုင်နှုန်း
နည်းတတ်ပါသည်။ တစ်မျိုးတည်း သီးသန့်ရေးဆွဲထားသော ဇာတ်မျိုးတော့ မရှိပါ။ ဤအသိဖြင့်
လက်ဖက်ရည်ဆိုင်မှာထိုင်ကာ စားပွဲကို ရှုတင်လို သဘောထား၍ ကရားအိုးထဲက ဇာတ်ညွှန်း၊
ပန်းကန်လုံးထဲက ရိုက်ချက်နှင့် ဇာတ်ကားပေါင်းများစွာ ကျွန်တော် ရိုက်ဖူးပါသည်။
အကောင်အထည် မပေါ်ခဲ့သော
လုပ်ရပ်များအတွက် မည်သည့်အခါမှ နောင်တ ရမည်မဟုတ်ပါ။ ယုံကြည်စွာ
ရွေးချယ်လုပ်ကိုင်ရင်း ကုန်လွန်ခဲ့သောအချိန်များ ဖြစ်ပါသည်။ ထိုအချိန်
အရင်းအနှီးသည် ကျွန်တော့်ဘဝအတွက်
အနုပညာဘဏ်တွင် စားရင်းသေ အပ်နှံထားသည့် အရင်းအနှီးဟု သဘောထားပါသည်။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင်
ကျွန်တော် သေချာပေါက် အတိုးတွေ စုပုံထုတ်ယူ ခွင့်ရပါမည်။ ကျွန်တော်တို့
ဝန်းကျင်မှာရော...ယုံကြည်စွာ လုပ်ကိုင်ခဲ့သော အလုပ်အတွက် စောင့်ဆိုင်းရခြင်းကို
စိတ်မပျက်ဖို့သာ လိုပါသည်။ တစ်ပတ်လည်လာမည့် အထဲမှာ အနုပညာသမိုင်းဘီးလည်း ပါပါသည်။
▀
ကံချွန်
(အမှတ် ၁၈၄၊ မတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။