မြင့်ခင်မာ
ဆောင်းဦးပေါက်ပြီမို့ နေရာတိုင်း အရွက်နီနီသစ်ပင်များဖြင့် လှပနေပါသည်။ နွေးထွေးသော နေရောင်ခြည်နှင့် အေးမြသော လေက လိုက်ဖက်သည်ဟု ဆိုရမည်ပင်။ နီတစ်ဝက်၊ ဝါတစ်ဝက် သစ်ရွက် ကြွေတွေကြောင့် မြက်ခင်းစိမ်းစိမ်းလေးသည် အရောင်စုံစုံ ခြယ်မှုန်းထားသော ပန်းချီကားတစ်ချပ်လိုပင် အောက်တိုဘာလသည် ဤမြို့ကလေး၏ နေလို့အကောင်းဆုံးလဟု
သူတို့က ဆိုကြသည်။
ကောင်းကင်ကြီးက အပြာရောင်တောက်တောက်၊ တိမ်စ ဖြူဖြူလေးတွေက ဟိုတစ်စ၊ ဒီတစ်စမျှသာ။
လူသွားလမ်းကလေးကို မြစ်နှင့်အပြိုင် ဖောက်ထားသည်။ လမ်း၏ အခြားတစ်ဖက်မှာတော့
မြက်ခင်းစိမ်းစိမ်းပေါ် ချယ်ရီပင်၊ မေပယ်လ်ပင်များက အစီအရီ။ မြစ်ဟုသာ ဆိုကြသည်
မန္တလေးအနီး ရေနီမြောင်းထက် အနည်းငယ်သာ ပိုကျယ်ပါသည်။ ရေက မရှိသလောက်
ကျောက်စရစ်တုံး လုံးလုံးချောချောလေးတွေနှင့်သာ ပြည့်နေသည်။
'ဟာ...ကောင်းလိုက်တာ။ စနေ၊
တနင်္ဂနွေ ပိတ်ရက်တွေ ဒီလိုပဲ အမြဲရာသီဥတု ကြည်လင်ရင် သိပ်ကောင်းမှာပဲနော်'
အတူတူ လမ်းလျှောက်ဖော် မလေးရှားမလေး မူနိယာက ပြောလာသည်။ တနင်္လာမှ
သောကြာ မနက် ကိုးနာရီမှ ည ကိုးနာရီခန့်အထိ Lab ထဲမှာ
ဆဲလ်တွေ၊ DNA တွေရယ်၊ ကြွက်တွေ။ ပြီးတော့
စာအုပ်စာတမ်းတွေရယ်နဲ့ ကောင်းကင်ကြီးဟာ ဘာအရောင်လဲ မကြည့်ဖြစ်ခဲ့ကြ။ ဒီလို
စနေနေ့တောင် မနက် ကိုးနာရီမှာ စတဲ့ Seminar ခေါ် သုတေသန တွေ့ရှိချက်တွေ
အပြန်အလှန် ဆွေးနွေးတာ တက်ရသေးသည်။ နေ့လယ်စာ စားအပြီး
ရာသီဥတု သာယာနေတော့
ကင်ဆာသုတေသနဌာနမှ သူမကို ဖုန်းဆက်ခေါ်ပြီး လမ်းလျှောက် ထွက်ခဲ့ကြခြင်း ဖြစ်ပါသည်။
လမ်းလျှောက်ထွက်ရင် အလုပ်အကြောင်းတွေ မပြောကြေးဟုလည်း သဘောတူညီချက်
ယူထားခဲ့ကြသေးသည်။
'အင်း...ကင်မရာ
မယူခဲ့မိဘူးကွာ။ နာတာပဲ။ ဟိုးမှာကြည့်စမ်း၊ လှလိုက်တဲ့ မိုးမိချိ(မေပယ်လ်)
အရွက်တွေ နီပြီး အကိုင်းအခက်တွေ တွဲကျနေပုံက ရိုမန်တစ် မဖြစ်ဘူးလား'
'အင်းနော်... နေရောင်ကလည်း
အခက်တွေကြားက ထိုးကျနေတော့...'
ကျွန်မက
ထောက်ခံလိုက်ပါသည်။
'ဟား...ကင်မရာ... ကင်မရာ'
ဆိုပြီး လက်ဝါးကို လက်သီးနဲ့ထိုးရင်း ခုန်ဆွခုန်ဆွ လုပ်နေပုံက
ရယ်ရသည်။ ဂျပန်ကောင်လေးနှင့် ကောင်မလေးက ဓာတ်ပုံ ရိုက်ပေးနိုင်မလား ပြောလာတော့
မူနိယာတစ်ယောက် အလုပ်ရှုပ်သွားပါသည်။
'လာပါကွာ၊ မိုးမိချိတွေ
အများကြီး ရှိပါသေးတယ်။ နောက်တစ်ခေါက်ပေါ့။ ဟိုး မှာကြည့်၊ တောင်တစ်ခုလုံးဟာ
နီနီဝါဝါ အကွက် အကွက်တွေနဲ့'
'ဒါပေမယ့် ကိုယ့်အပိုင်အဖြစ်
ဓာတ်ပုံရိုက်ထားဖို့တော့ လိုတယ်ကွ'
'အိုး...ဒါဟာ
သဘာဝတရားရဲ့အလှလေကွာ။ ဘယ်လိုလောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းကလေးပါလိမ့်'
ကျွန်မက မခံချင်အောင် စလိုက်ပါသည်။
သူမက ကျွန်မထက် အသက် သုံးနှစ်ခန့်ငယ်သည့် အပျိုကြီး။ ခင်စရာ ကောင်းသည်။ စလို့
ကောင်းသည်။ စိတ်သဘောထား၊ ယဉ်ကျေးမှုချင်းက နီးစပ်ကြတော့ သူငယ်ချင်း
လုပ်၍ကောင်းသည်။
'အင်း... ဒါဟာလည်း
လူ့သဘာဝပဲလေ။ မင်းသိလား၊ တစ်ခါတစ်ခါ မင်းက ထင်မယ်။ ငါဟာ အများအတွက် ဒါမှမဟုတ်
တစ်စုံတစ်ယောက်အတွက် ကြိုးစားနေတာပဲလို့။ ဒါပေမယ့် မင်း တစ်ကိုယ်ကောင်းဆန်ပြီး
ကိုယ့်အတွက် လုပ်နေတာ ဖြစ်ရင်ဖြစ်နေမယ်။ တစ်ခါတစ်ခါလည်း ငါ့အတွက် ငါ ကြိုးစားရမယ်
ဆိုပြီး အသည်းအသန် မင်း ကြိုးစားနေပေမယ့် အဲဒါဟာ မင်းအတွက် မဟုတ်ဘဲ သူ့ အတွက်၊
အများအတွက် ဖြစ်နေတတ်တယ်'
'အိုး...ကောင်းလိုက်တဲ့
ဖီလော်ဆော်ဖီပါပဲ။ ကျေးဇူးပြုပြီး ဆက်ပါဦး'
'ဟိုးနားက ခုံတန်းရှည်မှာ
ထိုင်ရအောင်ကွာ။ ဟေ့...ဟိုမှာကြည့်ဦး၊ ပန်းချီဆွဲနေတယ်ကွ။ အိုး... တကယ်တူတာပဲ။
ဒီလမ်းကလေးကို ဆွဲနေတာ။ ဒါကိုရော မင်းက ဘာပြောဦးမှာလဲ။ အပိုင်သိမ်းလို့
တစ်ကိုယ်ကောင်းဆန်တာပဲလား'
ပြောလည်းပြောရင်း ပန်းချီဆွဲနေသည့်
ဦးလေးကြီးနားကပ်ပြီး ပန်းချီကားကို ဝေဖန်ရင်း ခုံတန်းလေးပေါ်
ပြေးပြီးထိုင်လိုက်သေးသည်။
'အင်း...ကိုယ်လည်း
မင်းပြောတဲ့ ကိုယ့်အတွက်ရယ်၊ သူ့အတွက်ရယ် ဆိုတဲ့ စကားကို စဉ်းစားနေတာ' ကျွန်မရဲ့ လေးလေးနက်နက် မျက်နှာအမူအရာကြောင့် သူက ခြေထောက်လေး ချိတ်
ထိုင်လိုက်ရင်း စိတ်ဝင်တစား နားထောင်နေပါသည်။
'ဒီလမ်းကလေးကို စ
လျှောက်လာကတည်းက ကိုယ် ကိုယ့်သားတွေကို သတိရနေခဲ့တာ။ အရင်နှစ်က သူတို့နဲ့ ဒီကို
အတူလာခဲ့ကြတယ်။ တကယ် မူနိယာ။ ကိုယ် အဲဒီတုန်းက ဒီလမ်းကလေးဟာ ဒီလိုနီရဲပြီး
ကောင်းကင်ပြာတာ၊ မြစ်တွေရဲ့ ရေစီးပုံ၊ မြက်ခင်း စိမ်းစိမ်း ဘာကိုမှ မခံစား
ဖြစ်ခဲ့ပါဘူး' ပြောလည်း ပြောရင်း ကျွန်မ ရယ်လိုက်ပါသည်။
'ဘာဖြစ်လို့၊ မင်းသား
တွေကိုပဲ ကြည့်နေလို့ပေါ့ ဟုတ်လား'
'ဟုတ်တယ်။ သားငယ်က
ပျော်ပြီးပြေးတယ်။ ကိုယ်က ချော်လဲမယ်နော်လို့ အော်နေတုန်း သားကြီးက ဟောဒီမြစ်ထဲ
ဆင်းသွားပြီး ကျောက်တုံးကလေးတွေ ကောက်ချင်လို့တဲ့လေ'
သားတို့ကို သတိတရ ပြောနေတဲ့
ကျွန်မမျက်နှာကို မူနိယာက စိတ်မကောင်းဟန် ကြည့်သည်။
'ကိုယ် မင်းကို နားလည်ပါတယ်။
သူတို့ဟိုမှာ ပိုပျော်ကြတယ် မဟုတ်လား'
'ဒါပေါ့၊ ပိုပျော်တာပေါ့။
ကိုယ့်အိမ်ကိုယ့်ခြံ၊ ကိုယ့်ဘာသာစကား၊ ကိုယ့် အစားအစာ၊ ပြီးတော့ သူတို့
သူငယ်ချင်းတွေလည်း အများကြီးလေ'
ပြောရင်း ကျွန်မ ခဏနားကာ
သက်ပြင်းချလိုက်သည်။
'အမေနဲ့ဝေးနေတာ တစ်ခုက
လွဲလို့ပေါ့ကွာ။ ကိုယ်နဲ့ဝေးပြီး အမေကို လွမ်းနေရတဲ့ သားတွေအတွက် ကိုယ်ခံစားရတယ်။
ကိုယ်လည်း သတိရတာပေါ့။ ဒါပေမယ့် ဒါက ကိုယ်ရွေးချယ်တဲ့ လမ်းပဲ။ ဒါပေမယ့် ကလေးတွေက
သနားဖို့ကောင်းတယ်လေ။ ဒါကြောင့် သူတို့ကို ကိုယ်ခေါ်ခဲ့တာ။ သူတို့အဖေရောပေါ့'
'မင်းဆိုလိုတာက သူတို့အတွက်
မင်းက မင်းအနားကို ခေါ်လိုက်တာ'
'အင်း...ဒါပေမယ့် အဲဒါလည်း
ကိုယ့်အတွက် ဖြစ်နေခဲ့တယ်။ မင်း ခုနက ပြောသလိုပေါ့ကွာ။ မင်းသိပါတယ်။
မိသားစုတစ်ဖက်နဲ့ သုတေသနလုပ်ရတာ၊ စာသင်ရတာ ဘယ်လောက် ကိုယ့်အတွက် ခက်သလဲ။ ဒါပေမယ့်
ကိုယ်စဉ်းစားတယ်။ ကိုယ့်သားတွေ အမေနဲ့ အကြာကြီး ခွဲမနေသင့်ဘူးပေါ့။ ဟုတ်တယ်၊
ကိုယ်ဟာ တကယ်ပဲ မိခင်ကောင်း တစ်ယောက်ဖြစ်ချင်ခဲ့တာ။ ကလေးတွေကို သိပ်ချစ်တာတော့
ပြောနေစရာ မလိုပါဘူးလေ။ မိခင်တိုင်း ချစ်ကြတာပဲ။ ကိုယ် အရင်က Clinical (ကုသရေး)မှာ လုပ်ခဲ့တာ။ နယ်ဆေးရုံမှာပေါ့ ကွာ။ အဲဒီတုန်းက ကိုယ့်ဘဝကို
ပြန်တွေးရင် အခုထိ ကျေနပ်နေတုန်းပဲ။ ညအချိန်မတော် Emergency
(အရေး ပေါ်) လာရင် ကိုယ် ဆေးရုံကို တက်တကြွကြွပဲ သွားခဲ့တယ်။ သူနာပြုတွေကလည်း ကိုယ့်ကို
ခင်ကြတယ်။ LCSC (အရေးပေါ် ဗိုက်ခွဲကလေးမွေးတာ)
အူအတက်ပေါက်တာ၊ အစာအိမ်ပေါက်တာ အစုံပေါ့ကွာ။ လူတွေရဲ့ဝေဒနာကို
ပျောက်စေနိုင်ခြင်းဟာ ဘယ်လောက် ပီတိဖြစ်စရာကောင်းလဲ၊ မင်း စဉ်းစားကြည့်။ လာတုန်းက
အော်ဟစ်နာကျင်ပြီး မိသားစုရဲ့ မျက်နှာမှာ အကြောက်တရားတွေက ဖုံးလွှမ်းလို့၊
မနက်မိုးလင်း Ward Round မှာ လူနာကို နှုတ်ဆက်တဲ့အခါ သူက
ကိုယ့်ကို ပြုံးပြလို့။ ဒါပေမယ့် ကိုယ့်မှာ သားတစ်ယောက် ရလာတော့ ကိုယ့်ဘဝဟာ သားပဲ
ဖြစ်ခဲ့တယ်။ ဘွဲ့လွန် (Master) ဖြေဖို့စဉ်းစားတော့
ကိုယ်ဖြစ်ချင်တာက Surgeon (ခွဲစိတ်အထူးကု) ကိုယ့်အမျိုးသားက
မိသားစုဘဝကို မထိခိုက်အောင် စဉ်းစားပါတဲ့။ မိသားစုဝင်ငွေက သူ့ တာဝန်ထားတဲ့လေ။
ကိုယ် စဉ်းစားတယ်။ ကိုယ်ဟာ ဒီဂရီတွေ အများကြီးရပြီး ကိုယ့်သားကိုမှ ကောင်းကောင်း
မပျိုးထောင်ပေးနိုင်ရင် သား ရေ-ရော့၊ မေမေ့ ဒီဂရီတစ်ခု ယူလို့ ပြောလို့မရဘူး။
ဆေးရုံနဲ့ လူနာတွေကြားမှာ မေမေ က။ ဖေဖေကလည်း အမြဲ ခရီးထွက်နေရတဲ့အလုပ်။ သားအတွက်
စဉ်းစားခဲ့တယ်။ သားအတွက် ကိုယ် သင်ကြားရေးလိုင်းကို ပြောင်းလိုက်တယ်။ Emergency တွေ၊ နိုက်ဂျူတီတွေ မရှိတဲ့ အလုပ်မဟုတ်လား။ ကိုယ့်ကို တကယ်ချစ်ပြီး
အလားအလာ ရှိတယ်လို့ ယုံတဲ့ ကိုယ့်ဆရာ Surgeon က မင်းယောက်ျား
အားကိုးနဲ့ ဆုံးဖြတ်တာ ယောကျ်ားပစ်သွားမှ ဒုက္ခ ရောက်မယ်၊ ပြောသေးတယ်'
နှစ်ယောက်သား ရယ်လိုက်ကြပါသည်။
မူနိယာက အားပေးဟန် ကျွန်မလက်ကို ကိုင်ပြီး...
'ဒါပေမယ့် မင်းဟာ ဒီ
ဘက်လိုင်းမှာလည်း အောင်မြင်ခဲ့တာပဲ မဟုတ်လား'
'ဒါကို ကိုယ်သဘောတူပါတယ်လေ။
ကိုယ်ပြောချင်တာ အခုမှ စတာ။ အဲဒီလို သားတွေကို ချစ်တဲ့စိတ်၊ သားတွေ
အမေ့ကိုလွမ်းပြီး ညတရေးနိုးမှာ ငိုနေမလား။ သားငယ်က ခဏခဏ နိုးတတ်တယ်။ သားကြီးက
ကျောင်းအပြန် တခြားကလေးတွေ အမေလာကြိုတာ မြင်ရင် ဘယ်လိုခံစား နေရမလဲ။ ကိုယ်
ငိုခဲ့တယ်။ ကိုယ်လည်း လွမ်းတာ မှန်ပေမယ့် ကိုယ် သေသေချာချာ ပြောနိုင်တာက ကိုယ်
သူတို့ကို ကိုယ့်အနားခေါ်ခဲ့တာ တကယ်တော့ သူတို့ အတွက်ပါ။ သူတို့ပျော်ဖို့
အတွက်ပါလေ'
'ကိုယ့်အမြင်တော့ သူ
တို့ပျော်ကြတာပဲ မဟုတ်လား'
'သားတို့ရော၊ ကိုယ့်
အမျိုးသားရောက ပျော်တာနဲ့ မပျော်တာ မမျှဘူးတဲ့လေ။ သားတို့က မနက် ၇ နာရီ လောက်ထပြီး
မနက်စာ စား၊ မနက် ၈ နာရီခွဲကနေ ညနေ ၅ နာရီအထိ သူတို့နားမလည်တဲ့ ဘာသာစကားကြားမှာ
ဂျပန်ကလေးတွေနဲ့ ရန်ဖြစ်တဲ့ အချိန်လည်း ရှိသလို၊ ကစားရတဲ့အချိန်လည်း ရှိပါရဲ့။ ညစာ
အတူစားကြပြီး Lab ထဲကို ကိုယ်တစ်ခေါက် ပြန်လာတော့ ဖေဖေက
သားတို့ကို မြန်မာစာ သင်နေရတယ်။ အမေပြန်လာတော့ ရေမိုးချိုးပြီး သူတို့ အိပ်ချိန်ရောက်ပြီလေ။
အိပ်ရာဝင် ပုံပြင်ရယ်၊ သီချင်းလေးတွေရယ်က လွဲရင် မိသားစုပျော်ချိန်က
ခပ်ရှားရှားပဲကိုး။ မင်းသိတဲ့ အတိုင်း၊ စနေနေ့အထိ အလုပ်လုပ်နေရတော့၊
ကိုယ့်သားကြီးက အတွေးသမား။ ငယ်ငယ်က စင်ဒရဲလားပုံပြင် အိပ်ရာဝင်မှာ ပြောပြတော့
စိတ်ဝင်တစား နားထောင်နေပြီး ပြီးသွားတဲ့အခါ စဉ်းစားရခက်တဲ့ မျက်နှာထားနဲ့ 'မာမား၊ ဘာလို့ ဖိနပ်ကလေးက ကျတော့ အရင်အတိုင်း အစုတ်ကလေး မဖြစ်သွားဘူးလဲ
ဟင်'တဲ့။ အဲဒီတုန်းက သား သုံးနှစ်ကျော်ကျော်ပဲ ရှိသေးတယ်။
ကိုယ်လည်း ငယ်ငယ်ကတည်းက ဒီပုံပြင်လေး နားထောင်ခဲ့ရဲ့နဲ့ ဒီလိုအတွေးမျိုး
မဝင်ခဲ့ဖူးပါဘူး'
မူနိယာက ပြုံးပြီး ထောက်ခံသည်။
'ဘယ်လောက် Reasonable ဖြစ်လိုက်တဲ့ မေးခွန်းလဲ။ တော်တော်ဉာဏ်ကောင်းတဲ့
ကလေးပဲ။ မင်း ဘယ်လို ဖြေလိုက်လဲ'
'အင်း...ကိုယ်လည်း
တော်တော်စဉ်းစားပြီး စင်ဒရဲလားလေးဟာ သိပ်စိတ်ရင်း ကောင်းပြီး
မိထွေးနဲ့အစ်မတွေကိုလည်း သည်းခံတော့ ဘုရားသခင်က ကယ်တင်ရအောင် နည်းလမ်းလေးတစ်ခု
လုပ်လိုက်တာပေါ့ သားရယ်လို့ ဖြေလိုက်တော့ သူ လက်ခံသွားတယ်ကွ'
'အိုး...မိခင်ဘဝကလည်း
မလွယ်ပါလား။ ကိုယ်သာဆို မင်းလို ဖြေနိုင်ပါ့မလား'
'နေဦး၊ နေဦး။ အဲဒီ သားကြီးက
ကိုယ့်ကို ဘာပြောလဲ သိလား'
'ဂျပန်ကို လာရတဲ့
အကြောင်းကိုလား'
'ဟုတ်တယ်။ သားက ပြောတယ်။
မာမားအတွက် သားတို့အားလုံး ဒီကိုလိုက် လာပေးရတယ်။ ဘယ်တော့ ပြန်မှာလဲတဲ့။ ကိုယ်က
သားတို့အတွက်ဆိုပြီး ကိုယ့်အနားကို ခေါ်ထားခဲ့ပေမယ့် သားတို့ကလည်း ကိုယ့်အတွက်
သူတို့လာနေပေးရတယ် သတ်မှတ်ထားခဲ့တာ။ နောက်ဆုံးတော့လည်း ကိုယ်ရယ်၊ အမျိုးသားရယ်
အရာရာကို စဉ်းစားပြီး သားတို့ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။ တစ်နှစ်ဆိုတာ
ကိုယ့်အတွက် ခဏလေး။ ညတစ်ည အိပ်မက်လိုပဲ။ သားတို့က သိပ်ကြာလွန်းနေပြီ မာမားတဲ့။
လေဆိပ်မှာ နှုတ်ဆက်ကြတော့ ကိုယ့်ရင်ထဲမှာ အရမ်း ခံစားရပေမယ့် မငိုမိအောင်
ကြိုးစားနိုင်ခဲ့တယ်။ မာမား လိုက်လာခဲ့မယ်။ သိပ်မကြာပါဘူး။ မာမား ကြိုးစားနေတာ
သားတို့အတွက်ပေါ့။ သားတို့လည်း ကြိုးစားကြနော် ဆိုပြီး ကိုယ်သင်ပေးထားတဲ့ Catch
your falling star and keep it in your pocket, never let it fade away ဆိုတဲ့သီချင်းကို အတူတူဆိုလိုက်ကြသေးတယ်။
သားငယ်ကတော့ ခပ်ပျော်ပျော်ပဲ။ ဟိုရောက်ရင် အဘွားတွေ၊ အန်တီတွေနဲ့
ဘယ်ကိုလျှောက်လည်မယ်ဆိုတာ Date လုပ်ပြီးပြီ။ သားကြီးကတော့ လူကြီးတစ်ယောက်ရဲ့ ဟန်နဲ့ 'မာမား၊ သားတို့အတွက် မကြိုးစားလည်း ရပါတယ်။ သား ကြီးလာတဲ့အခါ မာမားကို
လုပ်ကျွေးမှာပေါ့'လို့ ပြောတယ်။ ကိုယ် မြင်နိုင်ပါတယ်
သားရင်ထဲကို။ သူဟာ ကြိုးစားနေတဲ့ အမေနဲ့အတူ သူလည်း ပင်ပန်းနေတာ'
မူနိယာက အနည်းငယ် မျက်ရည်ဝဲလာတာကို
မျက်တောင်ပုတ်ခတ်လုပ်ရင်း သိမ်းနေသည်။ ကျွန်မ မငိုမိပါ။ မျက်ရည်လည်း မဝဲ၊
အကြိမ်များစွာ ငိုခဲ့ပြီးပါပြီလေ။
'ကိုယ် အဲဒီအချိန်မှာ စဉ်းစားမိတယ်။
ခုနက မင်း ပြောသလိုပေါ့။ ကိုယ်ဟာ ဘယ်သူ့အတွက် ကြိုးစားနေတာလဲ။ ကိုယ် သားကြီးကို
ပြောလိုက်တယ်။ ဒါပေမယ့်လည်းဆိုတဲ့ အချိန်တွေ ရှိတယ် သား။ မာမာ သားတို့နဲ့အတူ
နေချင်တယ်။ ဒါပေမယ့်လည်း ကြိုးစားရမယ်သား။ ဘယ်သူ့အတွက်လဲ ဆိုတာ မာမား
မပြောတော့ပါဘူး။ မာမားအတွက် ကြွေကျလာတဲ့ ကြယ်ကလေးကို ဖမ်းနေတာပါ။ I just
catch my falling star သားကြီးလာရင် သိမှာပါလို့ပဲ ပြောဖြစ်ခဲ့တယ်။
သားမျက်လုံးတွေ ကတော့ စဉ်းစားနေတုန်းပဲ'
မူနိယာက သားအမိ နှစ်ယောက်ရဲ့
ခံစားမှုကို နားလည်သည့်အလား၊ ကျေနပ်သည့်အလား ပြုံးရင်း ခေါင်းတညိတ်ညိတ် နားထောင်နေပါသည်။
ပြီးမှ...
'ဟုတ်တယ်လေ။ လူတွေကို
ဘာအတွက်၊ ဘယ်သူ့အတွက်၊ ဘာတွေလုပ်နေတာလဲ၊ ကြိုးစားနေတာလဲ လိုက်မေးရင်
အားလုံးလိုလိုက ဖြေရခက်မှာပဲနော်'
'ဟုတ်တယ်။ မိုးမိချိလေး
ဘယ်သူ့အတွက် နီပေးတာလဲ။ သူလည်း သိမှာ မဟုတ်ဘူး။ ဆောင်းဦး ပေါက်လာလို့ပေါ့။ ဒါကို
မင်းက ဓာတ်ပုံရိုက်ပြီး သိမ်းထားလိုက်တော့ သူက မင်းအတွက်။ ဟိုဦးလေးကြီးက
ပန်းချီဆွဲနေတော့ သူဟာ အဲဒီ အဘိုးကြီးအတွက်...'
မိုးမိချိပင်လေးကို မော့ကြည့်
ရင်ဖွင့်လိုက်ရလို့ ပေါ့ ပါးသွားတဲ့ စိတ်တွေဖြင့် ကျွန်မပြုံးရင်း ပြောနေမိပါသည်။
'အိုကေ...ဆောင်းဦး နေရောင်နဲ့
လေအေးအေးက သူ့အရွက်နီနီတွေ လှဖို့ Chance ပေါ့ဟုတ်လား'
နှစ်ယောက်သား အတွေးအခေါ် အသစ်တွေ
ထုတ်ဖော်နိုင်သည် ဆိုသည့် ဟန်ဖြင့် ရယ်လိုက်ကြသေးသည်။ နေအေးစ ပြုလာပြီမို့
လမ်းလျှောက်ရင်း ပြန်လာကြသည်။ စကားတွေ သိပ်မပြောဖြစ်။ မိုးမိချိရွက်များက
ကျနေရောင်ဖြစ်လည်း တစ်မျိုး လွမ်းစရာကောင်းသလိုပင်။ ကျွန်မရင်ထဲမှာတော့
စဉ်းစားမေးမြန်းတတ်လှတဲ့ သားကြီးကို ပြောနေမိသည်။
'ဘယ်သူ့အတွက်၊ ဘာကြောင့်ဆိုတာတွေထက် လူတိုင်းရတဲ့ အခွင့်အရေးထဲမှာ ကြိုးစားကြရဦးမှာပဲ သား။ အဲဒါက ဘဝ။ အဲဒီဘဝထဲမှာ ယူတတ်တဲ့သူအတွက်ကတော့ ကျေနပ်ခြင်းတွေ အပြည့်။ နားကြပ်လေး တပ်ပြီး သီချင်းနားထောင်ရင်း သဘာဝအလှလေးကို ပန်းချီ ဆွဲနေတဲ့ အိုဂျီးဆန် (ဦးလေးကြီး)ရဲ့ မျက်နှာလိုပေါ့။ မိုးမိချိကလည်း ဘယ်သူဘယ်ဝါ အတွက်ရယ် မဟုတ်ဘဲ အကိုင်းအခက် အရောင်စုံစုံတွေနဲ့ လှနေလေရဲ့။ တစ်ချိန်က မာမားရဲ့ဘဝ လှပတဲ့ အကိုင်းအခက် အရွက်ရောင်စုံတွေ ဝေဆာလာခဲ့ရင် သားမျက်နှာမှာ ကျေနပ်ခြင်း ပီတိတွေ အပြည့် ဖြစ်လာရဦးမှာပေါ့'
▀
မြင့်ခင်မာ
(အမှတ် ၁၈၄၊ မတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။
တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ
အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...