ငြိုသီစံ
ဒီနေ့နဲ့ဆို မြဝင်း အိမ်ပြန်မအိပ်တာ ငါးရက်ရှိသွားပြီ။ ခါတိုင်းလည်း ဘောလုံးပွဲလောင်းရင်း၊ ဖဲရိုက်ရင်း နီးစပ်ရာမှာ အိပ်နေကျ။ ကြက်ပွဲရှိတဲ့နေ့များဆို နေ့ဘက်ပါ ပြန်မလာတော့တာ ကြာပဲကြာလှပြီ။ ပြန်မလာလည်း သိပ်တော့ မပူဘူး။ အကျင့်ပဲ ဖြစ်နေပြီ။ တစ်နေကုန် ဈေးရောင်းရတာ ပင်ပန်းလို့ လူက အိပ်ချင်နေပြီ။ ခုထိ မအိပ်ရသေးဘူး။ အိမ်ထဲမှာ ခြင်ထောင်တွေက အပြည့်။ ခေါင်းရင်းက ယောက္ခမကြီး ခြင်ထောင်၊ အဘွားကြီးက အိပ်သေးဟန် မတူဘူး။ တလှုပ်လှုပ်နဲ့။ ခြေရင်းက မိသားစု ခြင်ထောင်ကြီးထဲမှာ ကလေးတွေက လုံးထွေးလို့။ ခြေထောက်တွေက ခြင်ထောင်အပြင်မှာ ဟိုတစ်ချောင်း၊ ဒီတစ်ချောင်း။ ခြင်တွေတော့ ဘယ်လောက် ဝင်နေပြီလဲ မသိဘူး။ ခြေရင်း ဘယ်ဘက်အခြမ်းက သမီး အကြီးမ ခြင်ထောင်။
အင်း... အိမ်လေး အဖီချပြီး အကြီးမ
အခန်းလေး လုပ်ပေးရဦးမှာ။ အပျိုပေါက်နဲ့ အရှေ့ခန်းကြီးနဲ့ မသင့်တော်ဘူး။ အဖီချဖို့
နေနေသာသာ ရှေ့နှစ် အိမ်တောင် မိုးနိုင်ပါ့မလားဘဲ။ ဒီနှစ်တောင် ဓနိထပ်မဝယ်နိုင်လို့
ပျစ်စာထိုးပြီး မိုးထားရတာ တစ်မိုးတွင်းလုံး မိုးယိုတာ ဒုက္ခကို ဖြစ်ရောပဲ။ ခုမှ
မိုးနည်းနည်း ပြတ်သွားလို့ တော်ပါသေး။
ကင်းတဲက သံချောင်း ခေါက်တာ
ဆယ့်တစ်ချက်တိတိ။ အစီခံထိနေတဲ့ ဆေးလိပ်ကို ထိုးချေပြီး နောက်တစ်လိပ်
ထပ်ဖွာလိုက်တယ်။ မြဝင်း ပြန်လာရင် ထရမှာ အတူတူ ခဏလောက် စောင့်နေလိုက်တာပဲ
ကောင်းတယ်။ ဒီနှစ် အိမ်သာလေးလည်း ပြင်ချင်တာ။ အိမ်သာက အုတ်ခဲတွေနဲ့ ခုထားတာတောင်
တစ်ခြမ်းစောင်းနေပြီ။ နောက်ထပ် တက်ရလှ နှစ်လပေါ့။ ကံမကောင်းရင် နှစ်လအတွင်း
ပြိုကျနိုင်တယ်။ ပြီးတော့ ဘေးအကာကလည်း မြွေရေခွံအိတ်နဲ့ ကာထားလို့တဲ့။ အကြီးမက
မတက်ချင်ဘူး။ ဘေးကကြည့်ရင် အရိပ်တွေကို မြင်နေရလို့ ရှက်တယ်တဲ့။ အင်းပေါ့လေ။ သူက
ရှက်တတ်ပြီပဲ။ မီးဖိုထဲက ဝါးကြမ်းခင်းလေးလည်း လဲရဦးမှာ။ တစ်ချောင်းကျိုး၊
တစ်ချောင်းကျိုးနဲ့ ပေါက်ပြဲနေပြီ။ အိမ်က အဘွားကြီးက မမြင်မစမ်းနဲ့ ပြုတ်ကျနေလို့
ဟုတ်ပေ့ဖြစ်နေဦးမယ်။
မြဝင်းကလည်း ဒီနှစ် ထီးလေး
အားစိုက်ပြင်ပါဆိုတာ လုံးဝ မထိဘူး။ ထီးပြင်သမားပဲ ဥစ္စာ၊ ထီးပဲပြင်ပေါ့။
ကိုယ့်လက်ငုတ်လက်ရင်းပဲ။ ခလုတ်ပြုတ်၊ ကိုင်းပြုတ်၊ ဘောစိချောင်ရင်တောင်
နှစ်ရာ၊ သုံးရာရတာ။
ဒါကို အားထုတ်မလုပ်ချင်ဘူး။ ပြောလည်း နားမဝင်ဘူး။
နှစ်လုံးယောင်ယောင်၊ဘိလိယက်ယောင်ယောင်၊ ကြက်ပွဲယောင်ယောင်၊ ဖဲ ယောင်ယောင်
ဘာယောင်နေ မှန်းကို မသိဘူး။ နှစ်လုံးက ဒင်းရတာနဲ့ ထိုးတာ ကာမိလို့လား။
မွဲပါတယ်ဆိုမှ ပိုမွဲ အောင် လုပ်တာ။ မွဲချင်တဲ့ခွေး ပြာပုံတိုးဆိုတာ
ဒင်းလိုဟာမျိုးပေါ့။ ဒီမဟုတ်တဲ့ အလုပ်ကို ဒင်းလုပ်နေတာ ကြာပြီ။ ဖမ်းပါစေတော်။
ဖမ်းပြီး ထောင်ကျနေတာ ပြောရသက်သာတယ်။ မျက်စိနောက် သက်သာတယ်။ တကတဲ အိမ်က
ကိစ္စလုံးလုံးမှ စိတ်မဝင်စားတော့ဘူး။ နေ့ရှိသရွေ့ လက်ဖက်ရည်ဆိုင်မှာ၊ ဖဲဝိုင်း၊
ကြက်ဝိုင်းမှာ၊ ဘိလိယက်ခုံမှာ။
နှစ်လုံးသမားပီပီ ပေါ့ပေါ့ရ၊
ပေါ့ပေါ့ကုန်၊ ပေါ့ပျက်ပျက်နဲ့။ သူ့နှစ်လုံးက ကြွေးကျတာနဲ့ ကာမိလို့ လား။ နှစ်လုံးကြွေး၊
ချဲကြွေးဆို လူတွေက ပေးချင်ကြတာ မဟုတ်ဘူး။ ဒါမျိုးကြွေးဆိုတာ ရပ်ကွက်ဥက္ကဋ္ဌဆီ
တိုင်တောင်းလို့ ရတာလည်း မဟုတ်ဘူး။ ဒိုင်ကိုအပ်တော့ ကိုယ့်ငွေနဲ့ စိုက်အပ်ရတာ။
ကော်မရှင်စားသမားဆိုတာ ကျပ်ကျပ်ထိုးရင် ဘာကျန်တာကျလို့။ ဒီကြားထဲ ဘိလိယက်က
ထိုးချင်သေးတာ။ ဘိလိယက်ခုံတွေ ပိုများလာတာ ဘာကြောင့်လဲဆိုတာ ဒီအသက်အရွယ်
ရောက်နေပြီ မသိသေးဘူး။ ကြက်ပွဲက ဝါသနာပါသေး။ ဖဲက ရိုက်ချင်သေး။ အံမယ်... ဒင်းက
နှစ်လုံးဂဏန်းရဲ့ နောက်ဆုံးဂဏန်းကို ဒိုင်ကိုင်သတဲ့။ သူဌေးလိုလို၊ ခွေးလိုလိုနဲ့
တော်တော် ဟုတ်နေတယ်။ အဲဒီလောင်းကစားကို သေတဲ့အထိ လုပ်သွားမယ့်ပုံ။ ကိုယ်နဲ့
မရခင်တုန်းကတော့ ရိုးပုံ ရိုးလက်နဲ့။ ဟိုဘက်အိမ်က ကိုဆန်း စာကျက်တာလိုပေါ့။ 'တူကြီးလျှင်ပေ၊
လူကြီးလျှင် တေ၊ သျှောင်ကြီးလျှင်ငိုက်၊ လူကြီးလျှင် မိုက်' ဆိုတာ
ဒင်းလိုဟာမျိုးပေါ့။
'တကတဲ... အရှင်ကြီး၊
အရှင်လေးတို့ရယ် သူ့ကို လက်ပိုက်ကြည့်မနေကြပါနဲ့။ သမီးတော်ကြီးကို ထောက်ထားပြီး
ကောင်းကောင်း ဆုံးမတော်မူပါ'
ဟုတ်တယ်။ အရှင်ကြီးတို့က ဒင်းကို
မှတ်လောက် သားလောက်အောင် ဆုံးမစေ့ချင်တယ်။ တကယ်ပြောတာ။
အိမ်မှာ ယောက္ခမကြီးကလည်း တစ်မျိုး။
သားလုပ် သူကို နေ့တိုင်းနီးပါး ဆိုပြောနေလို့ ကိုယ်တောင် လက်ရှောင်နေရတယ်။
ထီးမပြင်လို့တဲ့။ နေ့တိုင်း ဘီလူးဆိုင်း တီးနေတယ်။ ငါ့သမီးရှိတဲ့ တောကို
ပြန်တော့မယ် ပြောတာ နေ့တိုင်းပဲ။ တကယ် ပြန်တာလည်း မဟုတ်ဘူး။
နှစ်လုံးသမားရဲ့ ထမင်းစားရတာ
မျိုမကျဘူး။ ဘယ်နေ့ ထောင်ထဲရောက်မလဲ ပူနေရတာ။ လန့်သေတော့မှာနဲ့ ပြောနေတာလေ။
ဘောက်ချာ စာအုပ်တွေ ဟိုသိမ်း၊ ဒီသိမ်း။ အကြွေးစာရင်း ဘောက်ချာ စာအုပ်တွေ
မီးရှို့တဲ့ထဲ ပါပါသွားလို့ ကြွေးဆုံးရတာ မနည်းတော့ဘူး။ အမေနဲ့လည်း ခက်ပါတယ်။
ပြောလည်း မရဘူး။ အားရင် ဒီ ဘောက်ချာစာအုပ်ပဲ လိုက်သိမ်းနေတော့တာ။ ညအိပ်
မက်ယောင်တာတောင် 'မြဝင်း... ပြေး ပြေး'တဲ့။ နိမိတ်မရှိ၊ နမာမရှိနဲ့။
တော်တော် စိတ်ညစ်ဖို့ ကောင်းတယ်။
အိမ်က သားလုပ်သူကလည်း ဘာထူးလဲ။ လူကသာ
သူငယ်တန်း။ ဗီဇကတော့ တကယ် ဖအေ့ဗီဇ။ အိမ်မှာရှိတဲ့ ဓာတ်ပုံတွေချပြီး အငယ်မနဲ့
ဖဲရိုက်တမ်း ကစားတာတဲ့။ စိတ်ပေါက်ပေါက်နဲ့ တွယ်ပစ်လိုက်တယ်။ တစ်နေ့ကလည်း
မီးဖိုထဲလာပြီး 'အမေ၊ အိမ်ရှေ့မှာ ရဲတွေ ရောက်နေတယ်' ဆိုလို့
လန့်ပြီး ခြေမကိုင်မိ၊ လက်မကိုင်မိ။ ဖမ်းတော့မှာပဲ။ အိမ်မြှောင် အမြီးပြတ်သလို
ဖျပ်ဖျပ်လူးနေတာ။ ဘယ်ဟုတ် မလဲ။ စစ်သားတွေ ရေလာတောင်းသောက်တာပါ။ စစ်သားတွေ
ထွက်သွားတော့မှ ဒင်းခေါင်းကို ပူထူနေအောင် ခေါက်ပြီး ရင်တွေတုန်လို့ ရေ အဝသောက်ရသေးတယ်။
တော်တော် ဒုက္ခပေးတဲ့ ဂြိုဟ်ကောင်လေး။
အငယ်မကရော ဘာထူးလဲ။ အိမ်
ဧည့်သည်လာလို့ 'အဖေ ဘယ်သွားလဲ သမီး'လို့ မေးရင် 'အဖေ လား၊ ဘိလိယက်လေး ထိုးလိုက်၊ ကြက်ပွဲလေး ထိုးလိုက်၊ ဖဲလေးရိုက်လိုက်၊
အိမ်မှာ မရှိပါဘူး'တဲ့။ မအေ ပြောတဲ့အတိုင်း လိုက်ပြောတာ။
ဘယ်လောက် နားရင်းအုပ်ဖို့ ကောင်းလဲ။
သားသမီးတွေကလည်း နှစ်လုံးသမား၊
ချဲသမား သားသမီး မပြောရဘူး။ မနက်လင်းရင် အိပ်မက်အကြောင်း ပြောကြပြီ။ သမီး ညက ဘူးသီးလို့
အိပ်မက် မက်တာ။ ဘူးသီးဆိုတော့။ ဘူးဆိုတော့ ငါး၊ သီး ဆိုတော့ ခြောက်။ ငါးခြောက်။
ပြန်မှ ရွာရောက်တာဆိုတော့ ပြန်လိုက်မယ်။ ခြောက်ငါး။ သားက အာလူးလို့ မက်တာ။ အာက
တစ်၊ လူးက လေး။ တစ်လေးပေါ့။ ကလေးတွေကို သက်သက်မဲ့ ဖျက်ဆီးနေတာ။ ပြောလည်းနားမပါဘူး။
ဝမ်းချိန်းက ဘယ်သို့၊ ပါဝါက ဘယ်ဒင်း စလောင်းဂဏန်းက ဘယ်ဝါ၊ ဘယ်ဆရာတော် ပေးတဲ့
ဂဏန်းကမှ ဘိုင်သေ။
ကဲ... လောင်းကစား လုပ်လို့
ကြီးပွားသွားတာ ဘယ်မှာရှိလို့လဲ။ ရှိတယ် ထား။ ပေါ့ပေါ့ရတဲ့ငွေဆိုတာ
ကိုယ်တိုင်ချွေးနဲ့ ရင်းရတဲ့ ငွေလို တန်ဖိုးရှိရဲ့လား။ မစဉ်းစားဘူး။ အားရင်
ဘိလိယက်ထိုး၊ ကြားထဲ ဖဲရိုက်၊ ဖဲဝိုင်းဖမ်းလို့ ခွေးပြေး ပြေးရတာလည်း
အမှတ်မရှိဘူး။
'အေးသီ၊ မအိပ်သေးဘူးလား'
မှောင်ကြီးထဲ ဆေးလိပ် မီးတရဲရဲနဲ့
ထိုင်နေတော့ အဘွားကြီးက ပြောတာပေါ့။ အသက်ကြီးလာတော့ အိပ်မပျော်တော့ဘူး နေမှာပေါ့။
သားလုပ်သူကိုလည်း စိတ်ပူမှာပေါ့။
'အမေ အိပ်ပါတော်။ ကျုပ်
စောင့်လိုက်ပါ့မယ်။ ခါတိုင်းလည်း သူက ကြုံသလို အိပ်နေတာပဲ'
'မြဝင်းက အသက်ကြီးပြီ။ အသိ
မရှိသေးဘူး'
နောက်ဆုံး ဆေးပေါ့လိပ်ကို ထိုးချေပြီး
အိပ်ဖို့ ပြင်လိုက်တယ်။ သြော်... အိပ်တော့မယ်ဆိုမှ၊ မဖြစ်သေးပါဘူး။
ထမင်းပွဲလေးတော့ ပြင်ပေးထားဦးမှ။ မတော် ပြန်လာရင် ပြန်လာနေမှာ။ ကပျာကယာထပြီး
မီးခွက်ထွန်း၊ ထမင်းအိုး၊ ဟင်းအိုး လှန်ကြည့်တော့ ထမင်းက နည်းနည်း။ ဟင်းက
နည်းနည်း။ အိမ်ကဟာတွေကလည်း မိမှန်းမသိ၊ ဖမှန်းမသိ။ ကြည့်စမ်းပါဦး၊ ဒင်းတို့
မျိုရဖို့ပဲ။
မီးဖိုထဲက အိုးခွက် ပန်းကန်သံကြားတော့
သားငယ်က နိုးလာတယ်။
'အမေ... အမေ့'
'ဟဲ့... ထမလာနဲ့။
မှောင်ကြီးထဲ လဲပြုနေဦးမယ်။ ဒုက္ခပါပဲ။ လာပြီ... လာပြီ၊ အမေလာပြီ'
ခြင်ထောင်ထဲ ဝင်ပြီး တဖြည်းဖြည်း
ချော့သိပ်မှ ပြန်အိပ်သွားတယ်။ ဒီသားငယ်လေးကိုတော့ မြဝင်းက ပညာတတ်ကလေး
ဖြစ်စေချင်တာတဲ့။ ဒါလေးတော့ ဖြစ်အောင် ကျောင်းထားပေးမှ။ ပညာမတတ်ရင် ကိုယ့်လို ပင်ပန်းနေမှာ။
မြဝင်းလို လောင်းကစား လုပ်နေမှာ။ စဉ်းစားဉာဏ်က မရှိဘူး လေ။ ခုသားက သူငယ်တန်း။
မတတ်တတတ်နဲ့ နားဝင်ချိုဖို့ ကောင်းတယ်။
'အားလုံး ဆရာမကို နှုတ်ဆက်။
ပြင်စဥကံ အဟံ ဂါမိ အာစိရဥကံ အဟံဂါမိ မင်္ဂလာပါ ဆရာမ'တဲ့။
ဆိုပြနေလိုက်တာ။ မြဝင်းကလည်း သဘောကျမဆုံး။ အင်းလေ... သူလည်း အဖေပဲ။
သားငယ် အိပ်တော့မှ တစ်ခေါက်
ပြန်ထရတယ်။ မနက်ရောင်းမယ့် ကုန်စိမ်းတွေ ရေမဆွတ်ရသေးပါလား။ ရောင်းမကုန်တဲ့
မုန်လာဥ၊ ကန်စွန်းရွက်၊ ကြောင်လျှာသီးတွေကို ချဉ်ဖတ် ထည့်ထားတာ ချဉ်လှပြီ။ နက်ဖြန်
ရောင်းကုန်ပါမှ။ ကင်ပွန်းရွက်တွေကလည်း နေ့ချင်းကုန်မှ။ မဟုတ်ရင် ပုပ်ကုန်ရော။
ပုပ်တာထက် ကြွေတာက ပိုမြန်တယ်။ သခွားသီးကလည်း စမ်းကြည့်လို့ မာနေမှ ပျော့ရင်
မကြိုက်ကြဘူး။ ပဲသီးလည်း အဆံချောင်သွားရင် ပစ်ရပြီ။ ဒီတော့ အရင်းရှုံးပါလေရော။
အင်း... လင်ဆိုးမယား တဖားဖားဆိုတာ
ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊
သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက်
ပူရ၊ လောကမှာ အိမ်ရှင်မတစ်ယောက်ရဲ့ အပူက မသေးပါလား။ ဒီအပူတွေကို အိမ်ရှင်မပဲ
ပူရမယ်လို့ ဘယ်သူကများ ချမှတ်ပေးသွားပါလိမ့်။
ကင်းတဲက ဆယ့်နှစ်နာရီ
သံချောင်းခေါက်ပြီ။ အိပ်သင့်ပြီဆိုကာမှ မျက်လုံးက တံခါးပေါက်ဆီ ရောက်ရသေးတယ်။
အင်း... ဒီညတော့ ပြန်မလာတာ သေချာပါပြီ။ အိပ်မှပဲ။ မနက်ထပြီး ချက်ပြုတ်ရဦးမှာ။
ဈေးရောင်းရဦးမှာ။ သီရိမင်္ဂလာဈေး ပြေးရဦးမှာ။
ခေါင်းအုံးပေါ် ခေါင်းချမိတာနဲ့
တစ်နေကုန် ပင်ပန်းထားတဲ့ အရှိန်နဲ့ မေ့ခနဲ အိပ်ပျော်သွားလိုက်တာ
တံခါးခေါက်သံကြားမှ လန့်နိုးလာတယ်။ ဘာသံပါလိမ့်။ တံခါးခေါက်သံ ဟုတ်ပါ တယ်။
မျက်လုံးက တော်တော်နဲ့ ဖွင့်မရ။ တံခါးခေါက်သံက ပိုကျယ်လာတယ်။
'လာပါပြီတော့ တကတဲမှပဲ'
တံခါးပေါက်ဝမှာ မြဝင်းမျက်နှာကို
မှုန်မှုန်ဝါးဝါး မြင်ရတယ်။ ပုံစံကတော့ ဘောလုံးပွဲက ပြန်လာတဲ့ပုံပဲ။
'အေးသီ၊ ထမင်းခူးပေးပါဦးဟ'
'ဘာမှ စားမလာခဲ့ဘူးလား'
'အင်း... ဘောလုံးပွဲကလည်း
မဟန်ပါဘူး'
'ညဥ့်နက်လိုက်တာတော်'
'ဘောလုံးပွဲက ပြီးတာကြာပြီ။
တောင်ပိုင်းက ဒေါ်တင်မြိုင့် အသုဘမှာ ဖဲ ဝင်ရိုက်နေတာ။ အမေရော အိပ်ပြီလား'
အလိုက်အထိုက် စကားပြန်ပြောနေရပေမယ့်
မျက်လုံးက ဖွင့်မရဘူး။ မြဝင်းပြောတာတွေလည်း မကြားတစ်ချက်၊ ကြားတစ်ချက်ပဲ။
မျက်လုံးက ဖွင့်မရပေမယ့် လက်က ကြွက်လျှောက်တန်းပေါ်က မီးခြစ်ဆီ ရောက်သွားတယ်။
ဖျပ်ခနဲ မီးခြစ်ကို ခြစ်လိုက်တယ်။
ထမင်းပွဲကတော့ ပြင်ပြီးသား။ ထမင်းဟင်းတွေက အေးစက်နေတော့ ရေနွေးကြမ်းလေးတော့
ငှဲ့ပေးလိုက်ဦးမှ။
အင်း... အိမ်ရှင်မ၊ အိမ်ရှင်မ။
တကယ်မလွယ်တဲ့ စိတ်ညစ်စရာ၊ စိတ်လှုပ်ရှားစရာ အိမ်ရှင်မ ဘဝပါလား။ မျက်လုံးတွေက
ကျိန်းဖန်စပ်နေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ။ နေ့တိုင်းအတွက် အိမ်ရှင်မက
တာဝန်ကျေပွန်နေရဦးမှာ။ ဘယ်အခြေအနေကိုပဲ ရောက်ရောက်၊ ဘယ်သောအခါမှာပဲ ဖြစ်ဖြစ်ပေါ့။
ငြိုသီစံ
(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။
တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ
'ဒီအကြောင်းကို ကျွန်မ မပြောချင်ပါဘူး။ ဒီလိုပြောမှလည်း ကိုစိုးချစ် အမြင်ရှင်းမှာပါ။ အလုပ်အရှာရခက်လို့ ဆရာမ ဝင်လုပ်တဲ့သူတွေရှိတာ ကျွန်မ သိပါတယ်။ ကျွန်မဘဝက အဲဒါတွေနဲ့ လုံးလုံးဆန့်ကျင်ပါတယ်'