ရွှေအသစ်

သက်ရှိမီးပြတိုက်

သွင်ဆန်းမောင်

01 February 2026
သက်ရှိမီးပြတိုက်
Share to

            ဆောင်းအရေခြုံထားသည့် အိုက်စပ်စပ် ရာသီဥတုသည် သူရိယနေမင်းနှင့်အတူ တပူးတွဲတွဲ ပေါ်ထွက်လာပြန်ပါသည်။ နှင်းရည် နှင်းစက်များကို ငံ့လင့်နေကြသော အစိမ်းရောင်အပင်များအတွက် ရတက်မအေးစရာကပါ။ သို့သော် ဆင်းရဲသူ ဆင်းရဲသားများအတွက် အနွေးထည် မဝယ်ရနည်းလားပေါ့လေ။

            ရွာအနောက်ဖျားဆီမှ ဦးပဉ္ဇင်းနှင့် ကိုရင်များ စီတန်းကာ ဆွမ်းခံကြွလာကြပါသည်။ ကျောင်းသားလေး၏ ဗျို့ဟစ်သံက အကာအကွယ်များကို ထွင်းဖောက်ကာ ကုသိုလ်ပြုရန် အားတက် သရော နှိုးဆော်နေ၏။

            'အမေ၊ ဆွမ်းခံကြွလာပြီလေ။ ဆွမ်းလောင်းမယ်'

            ဆေးလိပ်များကို တစ်လိပ်ပြီး တစ်လိပ် ပွတ်နေသော ညိုမ ဝိုင်းချစ်၏ စကားကြောင့် တွေးလက်စအတွေးများ ပြိုကွဲပျောက်ရှ ကုန်ပါတော့သည်။

            'ထမင်း မချက်ရသေးဘူးဟယ်။ တော်ရာသွားဆော့နေစမ်း။ ဒီဆေးလိပ်က ဒီနေ့ အမီအပ်ရမှာ'

            ညိုမ၏ လင်တော် မောင်သည် ဖျားနေသဖြင့် ငါးရှာထွက်ရန် ပျက်ကွက်နေသည်မှာ ငါးရက်ခန့် ရှိပါပြီ။ ယခင် တောတက်စဉ်က ရရှိခဲ့သည့် ရိုးမလက်ဆောင် ငှက်ဖျားပိုး အကြွင်းအကျန်များက တန်ပြန်ထိုးစစ်ဆင်နေကြပြန်သည်။

            'အမေ၊ ဒီနေ့ကျောင်းမှာ ဆရာကန်တော့ပွဲ ရှိတယ်။ ဆရာမကို ပိုက်ဆံ မပေးရသေးဘူး။ သားလည်း သွားကန်တော့ချင်တယ်'

            'ပိုက်ဆံလည်း ပေးစရာ မလိုဘူး။

ကျောင်းလည်း မတက်ရဘူး။ ဒီဆေးလိပ်သွားပို့ရင်လည်း အရင်အကြွေးတွေနုတ်ဦးမလား မသိဘူး။ နင့်ကို ကျောင်းထုတ်ပြီး ငါတော့ ကျွဲကျောင်းခိုင်းချင်နေပြီ။ ဟိုသေနာကြောင့်၊ မဟုတ် လို့ကတော့...'

            အခန်းထောင့်တွင် ကွေးကွေးလေး အိပ်နေသည့် ကိုစိုးချစ်ကတော့ မိန်းမနှင့် သား၏ ပြဿနာမှ ယာယီ ကင်းလွတ်နေသေး၏။

            'ဟီးဟီး သား ကျွဲ မကျောင်းချင်ဘူး။ သား ကျောင်းပဲတက်မယ်။ ဟီး ဟီး'

            'စောစောစီးစီး ကျက်သရေ ယုတ်အောင် ငိုမနေနဲ့။ ငါ့အကြောင်း နင် သိတယ်နော်... ဝိုင်းချစ်'

            ဆရာ၊ ဆရာမအားလုံး လိုလိုပင် ဝိုင်းချစ်အား အသနားပိုကြ၏။ လိမ္မာရေးခြားရှိသည့် ကလေးကို ကံကြမ္မာတရားကြီးက မှားယွင်းစွာ ပစ်ချခဲ့လေသလား။ ယခုဆို သုံးတန်းကျောင်းသား ဖြစ်နေပါပြီ။

            သူ၏ မိဘများသည် ဝီရိယ အလွန်နည်းကြပါသည်။ ဝိုင်းချစ်လေးရဲ့ ရှေ့ရေးကို ခေါင်းအလေးခံပြီး တွေးမနေကြပါ။

            'ဝိုင်းချစ်... ဝိုင်းချစ်'

            ဆရာမ အေးသီတာ အိမ်ဝတွင် ရပ်နေ၏။ လက်စွဲတော် ချိုင်းထောက်လေးကို အားပြုထားရ၏။ သူမ၏ ညာခြေထောက်သည် မွေးရာပါ မသန်မစွမ်းလေး ဖြစ်ပါသည်။

            'လာပါဆရာမ၊ အိမ်ပေါ်တက်ပါဦး။ ကျွန်မလည်း မနက်က လာဦးမလို့ဘဲ။ သူ့ အဖေ နေမကောင်းဖြစ်နေတာနဲ့ ပိုက်ဆံကလည်း အဆင်မပြေတော့...'

            'ဟာ... မဟုတ်ပါဘူး မညိုရယ်။ ကျွန်မလာတာက တခြားကိစ္စပါ။ ဝိုင်းချစ် စာအုပ်ဖိုး ကျန်တာတွေ လာတောင်းတာ မဟုတ်ပါဘူး'

            ဆရာမနှင့် ညိုမတို့၏ စကားသံကြောင့် ကိုစိုးချစ် တလှုပ်လှုပ်ဖြင့် နိုးလာပါသည်။ မသိသလိုဟန်ဆောင်ကာ ဆက်အိပ်နေပြန်ပါသည်။

            'ဆရာမ သားဆီလာတယ်။ ပိုက်ဆံလာတောင်းတာလား ဆရာမ'

            'မဟုတ်ပါဘူး သားရယ်။ သားကို ကျောင်းမှာ ပုံပြောခိုင်းမလို့ လာခေါ်တာပါ'

            ဝိုင်းချစ် သူ့အမေ၏ မျက်နှာကို အားကိုးတကြီး မော့ကြည့်နေပါသည်။ လူကြီးလေး တစ်ယောက်ကဲ့သို့ အကင်းပါးလွန်း၏။

            'သား ရေသွားချိုး၊ ပြီးရင် အဝတ်လဲ၊ ဆရာမတို့ ကျောင်းသွားကြမယ်။ သား သူငယ်ချင်းတွေ စောင့်နေကြတယ်'

            'ဆရာမ၊ ကျွန်တော့် သားကို ခေါ်မသွားပါနဲ့။ ကျွန်တော့်သား ပိုက်ဆံမပေးနိုင်လို့ အတော်စိတ်မကောင်း ဖြစ်နေတာ။ သူ့ကို စိတ်မဆင်းရဲစေချင်ဘူး။ စိတ်ဒဏ်ရာ မရစေချင်ဘူး။ ဆရာမ၊ ကျွန်တော် ကတိပေးပါတယ်။ မနက် သား စာအုပ်ဖိုးတွေ ကျွန်တော် မဖြစ်ဖြစ်တဲ့နည်းနဲ့ လာပေးပါ့မယ်'

            တစ်ချိန်လုံးနီးပါး ချိုရွှင်နေသည့် ဆရာမ အေးသီတာ မျက်နှာလေးဟာ အားတုံ့အားနာ ဖြစ်နေပါ သည်။ ပေါင်ပေါ်တင်ထားသည့် ချိုင်းထောက်အား ပွတ်သပ်ရင်း စကားလုံးများ ရွေးချယ်နေ၏။

            'ကျွန်မပြောတာကို ကျေးဇူးပြုပြီး ကိုစိုးချစ်ရော မညိုပါ လေးလေးနက်နက် နားထောင်ကြပါ။ ကျွန်မ စာသင်နေတဲ့ ကလေးတွေရဲ့ ဘဝဟာ ကျွန်မရဲ့ဘဝပါ။ သူတို့လေးတွေ စိတ်မကောင်း ဖြစ်ရမယ့် အလုပ်ကို အမြဲရှောင်ပါတယ်။ ဆရာမဘဝကို မတော်တဆ ခလုတ်တိုက်ပြီး ခရီးသွားဟန်လွဲ ဝင်လုပ်တာ မဟုတ်ပါဘူး'

            ရင်တွင်းခံစားမှု တချို့ကြောင့် ဆရာမလေး၏ စကားသံများသည် ရှိုက်သံစွက်ကာ တုန်ခါလာပါသည်။ ကျလုလု မျက်ရည်စများကိုလည်း သတိကြီးစွာ ထိန်းနေရ၏။

            ဝိုင်းချစ် သူ့ဆရာမ၏ စကားနှင့် အမူအရာပြ သင်္ကေတများကို နှလုံးဖြင့် နာယူနေပါသည်။ ရေချိုးပြီးစမို့ ချမ်းနေသည်ကို ဂရုမစိုက်အားပါ။

            'ဝိုင်းချစ်၊ အင်္ကျီသွား ဝတ်စမ်း'

            'ဟင့်အင်း၊ ဆရာမ ပြောတာ နားထောင်ဦးမယ်'

            ထူးခြားသည့် စရိုက်လက္ခဏာလေးတွေကို ကြည့်ပြီး ဆရာမ ကျေနပ်အားကျမိ၏။ တစ်နေ့ ဝိုင်းချစ် သူလိုချင်သည့် အနေအထားကို ကြိုးစားပမ်းစား ပုံသွင်းစရာ မလိုဘဲ ဖြစ်လာမည့်သူ။

            'သွားပါ သားရယ်၊ ဆရာမ မပြောသေးဘဲ စောင့်နေမယ်နော်'

            ယင်းအဖြစ်နှင့် ပတ်သက်ပြီး ဆရာမ မဖွင့်ဟချင်ပါ။ ကျောင်းသားမိဘတွေ သူ့ဘဝအမှန်ကို သိထားမှ နားလည်မှု ပိုပြီး ခိုင်မာလာမည်။

            'ဆရာမ၊ သားရောက်ပြီ'

            မလျှော်ဖွပ်ရသေးသည့် အင်္ကျီလေးကိုဝတ်လို့ ဝိုင်းချစ်စကားဝိုင်းအနီး ရောက်လာပါသည်။

            'ဒီအကြောင်းကို ကျွန်မ မပြောချင်ပါဘူး။ ဒီလိုပြောမှလည်း ကိုစိုးချစ် အမြင်ရှင်းမှာပါ။ အလုပ်အရှာရခက်လို့ ဆရာမ ဝင်လုပ်တဲ့သူတွေရှိတာ ကျွန်မ သိပါတယ်။ ကျွန်မဘဝက အဲဒါတွေနဲ့ လုံးလုံးဆန့်ကျင်ပါတယ်'

            ဆရာမ အကြည့်များကို တပြန့်တပြော လယ်ကွင်းများသို့ ပို့လွှတ်ထားပါသည်။ မျက်လုံးများသည်လည်း ကြေကွဲရောင်သမ်းလို့နေ၏။

            'ကျွန်မ ဆယ်တန်းကျောင်းသူဘဝက ကြုံတောင့်ကြုံခဲ ဆရာတစ်ယောက်နဲ့ တွေ့ခဲ့ဖူးပါတယ်။ နောက်တော့ ကျွန်မရဲ့ကျေးဇူးရှင် ဖြစ်လာပါတယ်။ အဲဒီနှစ်မှာပဲ ကျွန်မတို့ကျောင်းခန်းထဲကို ကျောင်းသားသစ် တစ်ယောက် ရောက်လာပါတယ်။ ကျောင်းစာအပေါ် တည်တည်ငြိမ်ငြိမ် အာရုံစိုက် လာတဲ့ ကျွန်မဟာ သူ့ကို မြင်ပြီး စိတ်ရိုင်းတွေ ဝင်လာမိတယ်။ ကျွန်မမြင်ဖူးတဲ့ ကောင်လေးတွေထဲမှာ သူက အချောဆုံးလို့ ထင်နေတော့တာပဲ။ ချိုင်းထောက်နဲ့ ကျောင်းတက်ရတဲ့ ဘဝကို အဲဒီနေ့ကျမှ ရှက်ရွံ့သိမ်ငယ်လာမိတယ်။ ကျောင်းလည်းမတက်ချင်တော့ဘူး။ စိတ်ဓာတ်လည်း ကုန်းကောက် စရာမရှိအောင် ကျပါတယ်။ ပိုဆိုးတာက သူက တုံ့ပြန်သွားတဲ့ စကားတစ်ခွန်းပါ။ (ချိုင်းထောက်ပါမှန်း မသိလို့ ကြည့်မိတာပါတဲ့) ကျွန်မရဲ့ ကြည့်ပျော်ရှုပျော်မျက်နှာကိုပဲ ဓားနဲ့လှီးပစ်ချင်လာမိပါတယ်။ ဒီအဖြစ်တွေကို ကျေးဇူးရှင်ဆရာ မသိခဲ့ဘူးဆိုရင် ကျွန်မ ဆရာမ ဖြစ်လာမှာ မဟုတ်ပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝဆုံးရင်တောင် ဆုံးနိုင်ပါတယ်။ ဆရာရဲ့ ဆုံးမပဲ့ပြင်တဲ့ စကားတွေက ခွန်အားတွေ ဖြစ်ခဲ့ရတယ်။ ဆရာဆိုတဲ့ ကြီးမားတဲ့တန်ဖိုးကို သိခဲ့ရတယ်။ ဆရာတွေဟာ သက်ရှိမီးပြတိုက်တွေလို့ ယုံကြည်ခဲ့မိတယ်။ ကျွန်မရဲ့ မှောင်မည်းတူးခါးတဲ့ အယောင်ဆောင် အချစ်တွေကို အလင်းဆောင်ခဲ့ပါတယ်။ ဆယ်တန်းအောင်တော့လည်း အမှတ်ကောင်းပေမယ့် တခြားလိုင်းမရွေးဘဲ ဆရာမဘဝကို လိုလိုချင်ချင် ရွေးချယ်ခဲ့တယ်'

            စိုစွတ်လာသည့် မျက်ရည်စကို ဆရာမ လက်ကိုင်ပဝါလေးနှင့် တို့တို့ပြီး ဖျောက်ဖျက်လိုက်ပါသည်။ ဝိုင်းချစ်သည်လည်း မျက်ရည်ဝဲလို့ နေ၏။

            'သား၊ ဝမ်းသာစရာ ပြောရဦးမယ်။ ဆရာမ အပျော်တမ်းဆွဲထားတဲ့ ပန်းချီကားလေးတစ်ချပ် ရောင်းရတယ်။ အဲဒီငွေလေးနဲ့ သားတို့၊ သမီးတို့ကို မှတ်မှတ်ရရ တစ်ခုလုပ်ပေးမယ်လို့ စဉ်းစားထားတယ်။ မညို၊ ကျွန်မ စိတ်ကူးလေးကို ကောင်းမကောင်း ဝေဖန်ပေးပါဦး'

            ညိုမ ဆေးလိပ် မလိပ်တော့ဘဲ ဆရာမစကားကို အလေးအနက် နားထောင်နေပါသည်။ ကိုစိုးချစ် မျက်နှာသစ်ရန် အိမ်နောက်ဖေးသို့ ထသွားပါသည်။ သူ့သားကို ခေါ်သွားဖို့ ပိတ်ပင်တားဆီး မယ့်ပုံ မမြင်တော့ချေ။ သူ့ စကားလွန်သွားခဲ့သည်ကို နောင်တရနေမိ၏။

            'ဝိုင်းချစ်ကို ပုံပြောခိုင်းမယ်။ ပုံမပြောခင် မေးခွန်းလေးတွေ ကြိုတင်ပြီး ပေးထားမယ်။ ပုံပြင်ကို ဂရုစိုက်ပြီး နားထောင်တဲ့သူ ဖြေနိုင်မှာပါ။ သူတို့ရဲ့အတွေးအခေါ်လေးတွေကို လမ်းဖွင့်ပေးတဲ့ မေးခွန်းလေးတွေပေါ့။ ပြီးရင် သူတို့ကို ဆုတွေပေးမယ်။ အနည်းဆုံးကျောင်းသား၊ သကြားလုံးတော့ စားရမယ်။ မကောင်းဘူးလား။ ပုံပြင်တွေက မခက်ပါဘူး။ သား သိပြီးသား။ ဆရာမ ခဏခဏ ပြောပြတဲ့ ယုန်နဲ့လိပ်တို့၊ မထွေးလေးတို့ပေါ့'

            ဆရာမ အေးသီတာ အိတ်အတွင်းမှ ထည့်ယူလာသော အင်္ကျီအဖြူလေးနှင့် ပုဆိုးအစိမ်းလေးကို ထုတ်ယူလိုက်ပါသည်။ ထို့နောက် ဝိုင်းချစ်အားခေါ်ကာ ကျကျနန ဝတ်ဆင်ပေးလိုက်၏။ စိတ်ထဲမှတော့ ကြည်ညိုဖွယ် ပုံပြောဆရာလေးကို ရွှန်းရွှန်းစားစား ကြည့်နေပါသည်။ သူမ လက်တင်သွေးထားသည့် ဖြစ်ထွန်းမည့် ရတနာဆိုရင် မမှားပေ။

            'သားက အခုမှ ပိုချောသွားတယ်။ ကျောင်းရောက်ရင် သားသူငယ်ချင်းတွေ လူမှားကုန်မယ်။ မညို၊ သားကို ခေါ်သွားလိုက်မယ်နော်။ သားအတွက် ကျန်နေသေးတဲ့ စာအုပ်ဖိုးတွေ ကျွန်မ စိုက်ပေးလိုက်ပြီ'

            ဝိုင်းချစ်နှင့် ဆရာမ အေးသီတာ ကျောင်းဆီသို့ လှမ်းလာခဲ့ကြပါသည်။ ဝိုင်းချစ်၏ ခြေလှမ်းတွေက အနိုင်ဂိုးသွင်းထားသည့် ဘောလုံးသမားလို မြေကြီးနှင့်မထိချင်ထိချင်။ ပုဆိုးက ကော်ရည် တောင့်နေလို့သာ တော်တော့သည်။ ဘာဖြစ်ရပြန်သည် မသိ။ ခြေလှမ်းတွေ နှေးလာပြန်၏။

            'ဆရာမ၊ ပုံပြောပြီးရင် ဒီပုဆိုးနဲ့ အင်္ကျီတွေကို ပြန်လဲပေးရမှာပေါ့နော်။ လဲစရာ ယူခဲ့ဖို့ သား မေ့ခဲ့ပြီ။ ပြန်ယူလိုက်ဦးမယ်နော်။ ဆရာမ ခဏစောင့်နေဦးနော်'

            ဝိုင်းချစ်၏ စကားက ဆရာမရင်ဗဟိုကို လှိုက်ခနဲ လှုပ်ရမ်းလိုက်ပါသည်။ ရိုးသားလွန်းတဲ့ ကလေးငယ်ရယ်။

            'ပြန်ပေးစရာ မလိုပါဘူး သားရယ်။ ဆရာမက သားကို အပိုင်ပေးတာပါ'

            ဝိုင်းချစ် ခုန်ပေါက်ပြီး ပျော်သွားလိမ့်မည်ဟု ဆရာမ ထင်ထားပေမယ့် ပုံပြောဆရာလေးက မတုန်မလှုပ် တောင်တောင်အီအီ တွေးနေ၏။

            'ဘယ်ဟာမှ အလကားမရဘူးလို့ ဆရာမ အရင်တုန်းက ပြောထားတယ်လေ။ သား အလကား မယူချင်ဘူး။ သား အင်္ကျီနဲ့ ပုဆိုးလေးကို ကြိုက်တော့ ကြိုက်ပါတယ်။ အမေတို့ဆီမှာကလည်း ပိုက်ဆံမရှိဘူး'

            ဆရာမ အေးသီတာ၏ အတွင်းစိတ်အကြည်လွှာတွင် ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်း တစ်လှည့်စီ လင်းလက် မှုန်မှိုင်း ရွှန်းစိုမွဲခြောက် စသဖြင့် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေပါသည်။

            'ဒါဆိုလည်း သားက ဆရာမကို ကတိတစ်ခု ပြန်ပေးရမယ်။ ဘယ်လိုလဲ၊ ပေးနိုင်ပါ့မလား'

            'သား ကတိပေးပါတယ်။ သားလည်း ကြီးလာရင် ဆရာမလိုပဲ ဆရာကောင်း တစ်ယောက်ဖြစ်အောင် စာကြိုးစားမယ်'

            ဆရာမ အေးသီတာ ဝိုင်းချစ်၏ ကျောပြင်လေးကို ကြည့်လို့ ပြုံးနေမိ၏။

            'သားက ငယ်ပါသေးတယ်။ ပြောဖို့ အများကြီး စောသေးတယ်။ ဆရာမ လိုချင်တဲ့ ကတိက အပြေးမြန်တဲ့ ယုန်လေးလို အပျင်းကြီးပြီး အိပ်မနေရင် တော်ပါပြီ'

            ကျောင်းဆီမှ ကျောင်းသားများ၏ ညီညာဖျဖျ ကန်တော့လိုက်ကြသော ချိုတေးသံသည် အဝေးဆီသို့ လွင့်ပျံလာပါတော့သည်။

            ကျောင်းရှေ့ မျက်နှာစာတွင် စိုက်ထားသည့် အရိပ်ရ အပင်များကလည်း တေးသံနှင့်အတူ ယိမ်းကနေကြသည့်အလား ယိမ်းနွဲ့နေကြ၏။ သူတို့လေးတွေ၏ ရှေ့အလားအလာသည် သူတို့ ခေါင်းထက်က ကောင်းကင်ကြီးအပေါ် အများကြီး မူတည်နေ၏။ ရာသီဥတု မှန်ပြီး လောင်းရိပ်မှ လွတ်ကြပါစေ။

သွင်ဆန်းမောင်

(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေအသစ်
...
အဆင့်ကျော်တွက်ရမည့် ပုစ္ဆာ
သွင်ဆန်းမောင်

ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။

ရွှေအသစ်
...
လက်ရှိပုံပြင်
ခိုင်နုလေး ၊တောင်ကုတ်၊

တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ

ရွှေအသစ်
...
ဘယ်သောအခါ
ငြိုသီစံ

အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...