ခိုင်နုလေး ၊တောင်ကုတ်၊
ကျွန်မယောကျ်ား
ကိုသိုက်ဆန်းအကြောင်းနဲ့ ပတ်သက်ပြီး အသက်ကြီးမှ မငြီးငွေ့စရာ ပြောချင်လာပြန်တာမို့
မြို့အမည်ခံထားပေမယ့် မြို့နဲ့ ၇ မိုင်ဝေးတဲ့ ချောင်းဖျားရွာလေးတစ်ရွာမှာ
ကိုင်းလုပ်ကိုင် အသက်မွေးကြရတဲ့သူတွေနဲ့ ပတ်သက်ပြီး ပြောပါရစေ။ ကိုသိုက်ဆန်းလေ။
ဟိုတုန်းကဘဝနဲ့ ခုဘဝ အလှမ်းကွာသွားတော့ စိတ်တွေက ခပ်မြင့်မြင့်၊ စကားဝိုင်းဖွဲ့ပြီး
သူ့လောက် မကြီးကျယ်တဲ့သူတွေ၊ သူ့လိုပဲ ကိုင်းကျယ်တဲ့သူတွေနဲ့
ထိုင်စကားပြောနေရမယ်ဆိုရင် လက်ဖက်ခြောက် ငါးကျပ်သားလောက် ကုန်တာကို စာရင်းထဲ
ထည့်တာမဟုတ်ဘူး။ ကိုင်းက ချောင်းဖျားတစ်ရွာလုံး မြို့ပေါ်ဖြတ်သွားရတဲ့
ထွက်ဝကြီးမှာဆိုတော့ သွားလာသမျှလူတွေ ကိုသိုက်ဆန်းဆီ မဝင်ဘဲ သွားရတဲ့လူဆိုတာက
အရှားသားလေ။ တဲရှေ့က ဖြတ်သွားတာ သူမြင်လိုက်လို့ကတော့ 'ဟေ့..
မောင်ဘယ်သူ လာ... ရေနွေးသောက်သွား' ဆိုပြီး မရမကကို
လှမ်းခေါ်တာ။
ဝင်ထိုင်တဲ့သူတွေကို
ဒီနှစ်အထွက်နှုန်းနဲ့ မနှစ်က အထွက်နှုန်းက တိုးလား၊ လျော့လား၊ ကြွေးကျေရဲ့လား၊
ဝမ်းစာရောလုံလောက်ရဲ့လားပေါ့။ တစ်ဖက်က မေးခွန်းအတိုင်း ပြန်ဖြေရင်
သူ့ရဲ့ထုံးစံအတိုင်း 'သူများတွေ တိုးတက်နေကြတာ ဘာကြောင့်ထင်လဲကွ ဟင်။ တို့ဘုရားဟော
တရားတော်ထဲမှာ၊ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ ဘုရားရှင် လက်ထက်ကဆိုပြီး
လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ။
တစ်ဖက်က လူတွေကလည်း သူ့ရဲ့ ကိုင်းငှားစားနိုင်တဲ့ အရှိန်အဝါ၊ ငွေလိုရင်
ငွေတိုးချေးလို့ရတဲ့ အရှိန်အဝါကို ထောက်လို့ပဲလား။ တကယ်ပဲ ဘုန်းကြီးကျောင်းစာ
အလွတ်ရအောင် ကျက်ထားတဲ့ သူ့စကားပြော တွေကိုပဲ စိတ်ဝင်စားသလားတော့မသိ။ တော်တော်နဲ့
ထသွားတဲ့လူ ရှားတယ်။
အသက်ကိုလည်း ကြည့်ဦး။ ကျွန်မထက် သူက
နှစ်နှစ်ပဲ ငယ်ပေမယ့် ၆ဝ နား ကပ်နေပြီ။ သူပြောတဲ့စကားကို အထင်တကြီး သစ္စာရှိရှိနဲ့
နေ့စဉ် လာနားထောင်သူဆိုလို့ ထင်ထင်ရှားရှား နှစ်ယောက် ရှိတယ်။ မောင်ခဲနဲ့ တင်ထွန်း
ပေါ့။ သူတို့နှစ်ယောက်က ကိုင်းကျဉ်းကျဉ်းလေးမို့ မိုးစာ အတွက် ကိုသိုက်ဆန်းဆီမှာ
ငွေကြေးလွတ်တဲ့နှစ် မရှိတာရယ်၊ ချောင်းဖျားအစုမှာ ကိုသိုက်ဆန်းတစ်ယောက် ခုချိန်မှာ
ပင်ပန်းစရာမလိုဘဲ ကုလားထိုင်ပေါ်ကနေ အငှားသားတွေကို ပါးစပ်ကလေးနဲ့ ခိုင်းပြီး
ပဲပေါ်ချိန်ထိုင်ရောင်းလိုက်ရုံနဲ့ လက်ထဲကို ငွေရောက်လာတာရယ်ကို ကြည့်ပြီး
အားကျနေကြတာလေ။ ကိုသိုက်ဆန်းကတော့ လာသမျှလူကို ရေနွေးနဲ့ ဧည့်ခံ၊ ကြီးပွားရေး၊
စီးပွားရေး အကြောင်း ပါးစပ်က မချစတမ်းပြော၊ ကျွန်မက တောင်ကြားစမ်းချောင်းလေးထဲမှာ
ရေခပ်၊ ရေနွေးတည်နဲ့ မီးဖိုနားကပဲ သူတို့စကားဝိုင်းကို အရိပ်တကြည့်ကြည့်နဲ့ နေရတာ
နေ့စဉ် အလုပ်တစ်ခု ဖြစ်နေခဲ့ပါပြီ။
သူ့သြဇာကို မလွန်ဆန်နိုင်တဲ့
ကျွန်မကတော့ စီးပွားရေး စကားလုံးတစ်လုံးကို ခေါင်းစဉ်တပ်ပြီး ထင်ရာတွေ
လျှောက်ပြောနေတဲ့ ကိုသိုက်ဆန်းရဲ့ စကားဝိုင်းမှာ တစ်နှစ်လုပ်ရင် တစ်နှစ်၊
မလောက်မငှ စားနေရတဲ့ လူတွေအတွက် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ စကားတစ်ခွန်း ဘယ်တုန်းကမှ
ပါမလာတာ ကိုတော့ အသေအချာ သတိထားမိနေခဲ့ပါပြီ။
တကယ်ဆို သူနဲ့ကျွန်မ
အိမ်ထောင်ကျခဲ့စဉ်ကနဲ့ စီးပွားရေး ကျတဲ့အချိန်ရယ်၊ ဒီလိုဘဝမျိုး ပြန်ရအောင်
ဘယ်လိုလုပ်ခဲ့ရတယ်ဆိုတာရယ်ကို သူ ပြောပြသင့်တယ်လို့ ကျွန်မ ထင်တယ်။ သူနဲ့ ကျွန်မ
အိမ်ထောင်ကျခဲ့တုန်းက သူ့မိဘတွေက ကိုင်းသူဌေး၊ လယ်သူဌေးတွေမို့ မြို့မှာနေပေမယ့်
လက်လုပ်လက်စားဘဝနဲ့ ကျောင်းတက်နေဆဲ ကျွန်မကို သူတို့ဘက်က နွားတစ်ရှဉ်း၊ ကိုင်း
တစ်ကွက်၊ ရွှေနှစ်ကျပ်သားနဲ့ လှည်းတစ်စီးပေးပြီး တင်တောင်းခဲ့တာပါ။
ကိုသိုက်ဆန်းမှာက ညီအစ်ကို နှစ်ယောက်တည်း။ ကျွန်မဘဝ ပညာတစ်ပိုင်းတစ်စပေမယ့်
ဆယ်တန်းအောင်လည်း ကျောင်းဆက်မတက်နိုင်မယ့် အတူတူ စောစောစီးစီးပဲ
အိမ်ထောင်ပြုဖို့ကို မိဘတွေ နားချလို့ ကိုသိုက်ဆန်းကို ကျွန်မ လက်ထပ်ခဲ့ပါတယ်။
ကိုသိုက်ဆန်းရဲ့ မိဘတွေက
ကိုသိုက်ဆန်းရဲ့ အစ်ကိုနဲ့ပဲ အတူနေပြီး လုပ်ကိုင်စားသောက်ရာကနေ အိုမင်းမစွမ်း
ဖြစ်လာပြီး ကိုသိုက်ဆန်းရဲ့ အစ်ကိုဖြစ်သူ မိသားစုနဲ့သာ တစ်အိုတစ်သေ နေဖို့
ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ ကိုသိုက်ဆန်းကို ရပိုင်ခွင့်အဖြစ် နောက်ထပ် ကိုင်း
တစ်ကွက်နဲ့ ငွေတစ်သိန်းကို အမွေခွဲပေးပါတယ်။ ကျွန်မ မြို့မှာနေရာက ကိုသိုက်ဆန်းနဲ့
အကြောင်းပါလို့ ချောင်းဖျားကို ရောက်ခါစက အကြီးအကျယ် ငှက်ဖျားဖြစ်ခဲ့ပြီး
ဆေးရုံတက်ခဲ့ရတယ်။
မြို့က ဆေးရုံမှာရှိနေတဲ့
ကျွန်မဘေးနားမှာ ကျွန်မ မိဘတွေ ရှိနေပါရဲ့နဲ့ သွားခါ သွား၊ လာခါလာ
ကိုင်းလည်းလုပ်ရင်း ကျွန်မဆီလည်းလာရင်း အခြေအနေမပျက် မနေနိုင်ဘဲ ကိုင်းကိုလည်း သူ
မထွန်တော့ဘဲ မြို့မှာ အပေါင်းအသင်းတွေနဲ့ အရက်သောက် ဖဲရိုက် ကျွန်မဆီကို
လာတွေ့လိုက်၊ အိမ် မပြန်ဘဲ ပေတေလိုက် လျှောက်လုပ်ခဲ့တယ်။ ကျွန်မ ဆေးရုံက ဆင်းလို့
အိမ်မှာ တစ်ရက် နှစ်ရက် အနားယူပြီး ကိုယ့်အိုးကိုယ့်အိမ်ရှိရာ ကိုင်းတောတက်လာတော့
လက်ထဲမှာ ငွေက တစ်ပြား တစ်ချပ်မှကို မကျန်တော့။ ကျွန်မ ဝတ်ဆင်ထားတဲ့ ရွှေတွေ
အကုန်ရောင်းပြီး တစ်နှစ်ပတ်လုံး တခြားသူတွေ လုပ်နေကိုင်နေတာကို ကြည့်ပြီး
ထိုင်စားရင်း အချိန်လည်း ကုန်၊ ငွေလည်း ကုန်ခဲ့တယ်။
နောက်တစ်နှစ် ကိုင်းလုပ်ရမယ့်
အချိန်ကျတော့ ကြားပေါက်ငွေကို အချိန်ရှိတုန်း မရှာဘဲ ထိုင်စားခဲ့တဲ့ ကျွန်မတို့မှာ
ဝမ်းစာငွေမရှိတဲ့အတွက် ကိုင်းတစ်ကွက်ကို ငွေတိုးချေး၊ ကိုင်းငှားစားတဲ့
ဦးလူရွှေဆီမှာ ပေါင်နှံပြီး ငွေကို ရှာရတယ်။ အဲဒီနှစ်မှာလည်း ကိုသိုက်ဆန်းစိုက်တဲ့
ငရုတ်က မိုးမိတယ်။ ကျွန်မက မိုးမိသွားတဲ့ ငရုတ်ပင်လေးတွေကို တစ်ပင်စီ
ဓားရွင်းပြားလေးနဲ့ လိုက်ပြီး ဆွပါတယ်။ ဒါပေမယ့် မြေဆွပြီး ညနေမှာ မိုးက
ရွာလိုက်တာ မိုးလည်းလင်းရော ကိုင်းခုံမှာ ရေတွေလျှံပြီး ငရုတ်ပင်ဟာ
အကုန်သေကုန်တော့တာပဲ။ ကျွန်မလည်း အဲဒီအချိန် ဗိုက်ထဲမှာ ကလေးက ရှိနေပြီ။
မပေါ့မပါးနဲ့ မြေဆွခဲ့တာ နှမြောလွန်းလို့ ထိုင်ငိုမိတယ်။
ကိုသိုက်ဆန်းက မပူမပင် မကြောင့်မကြဘဲ
ဦးလူရွှေရဲ့တဲမှာ တစ်နေကုန် ဖဲရိုက်၊ ကြက်တိုက်ရာကလေ တချွန်ချွန်နဲ့ ပြန်လာပြီး...
'ငိုစရာလား ဟ... မိမှုံ၊
ဒီနှစ်မဖြစ် နောင်နှစ်ပေါ့။ ငရုတ်ထက်ပဲက ပိုပြီး ငွေရပါတယ်။ ပူမနေနဲ့'
ဆိုပြီး သူများတွေပဲ စိုက်ချိန်မှာ
ဦးလူရွှေရဲ့ လေသေနတ်တစ်လက်ကို အားကျပြီး ဦးလူရွှေနောက်က သားကောင်ရှာ လိုက်နေပြန်တယ်။
မထူးပါဘူး။ နောက်ကျလို့ပဲက ဥလည်းမဥဘူး။ တစ်ပင်မှာမှ အဖျင်းတွေ ဖယ်နှစ်ဥ သုံးဥပဲ
ကျန်တာ။ ပြီးတော့ လှလည်း မလှ၊ ဘယ်ဈေးကောင်း ရပါ့မလဲ။ နွားလည်းရှိရက်၊ ကိုင်းလည်း
ရှိရက်နဲ့ အကြွေးသာ တင်တယ်။ နောက်တစ်နှစ်တော့ အဲဒီလို မဖြစ်ရအောင် ဆင်ခြင်ပါလို့
ကျွန်မပြောတော့ သွားကျဲကျဲနဲ့ ရယ်ပြီး...
'အေးပါ၊ နင်ကလည်း ငါတို့
ဘာပူစရာရှိလဲ။ အကြွေးလေး နည်းနည်းတင်တာများ သူများတွေဆို နွားလည်း ငှားရ၊
ကိုင်းလည်း ငှားရ ထမင်းတောင် ငတ်သေးတာ။ နင် မငတ်ပါဘူး စိတ်ချ'
'တော်က ထမင်းငတ်မှ ဒုက္ခလို့
ဆိုချင်တာလား။ ရှေ့လဆို ကျွန်မက မွေးတော့မှာ။ ကိုင်းချိန်ကျရင် ကျွန်မက ဘာတစ်ခုမှ
ဝင်မလုပ်နိုင်ရင် စိုက်ဖို့ပျိုးဖို့ လူက ငှားရဦးမှာ။ ဘယ်မလဲ ကိုယ်ပိုင်ငွေ။
သူများတွေ ဝါးခုတ်သစ်မျှော ကြားပေါက်ရှာကြတယ်'
'အာ... တော် တော် မိမှုံ၊
နားပူတယ်ကွာ'
ကိုသိုက်ဆန်းရဲ့ အော်ငေါက်သံကြားမှာ
ကျွန်မ ဖြစ်ချင်တာတွေ ကွယ်ပျောက်ခဲ့ရတာချည်းပါပဲ။ သမီးလေး မွေးလာတဲ့အချိန်မှာ
တင်နေတဲ့ အကြွေးကို ဆပ်ဖို့ရယ် နောက်ထပ် ကိုင်းဆက်လုပ်ဖို့ ရယ်ကြောင့်
နွားတစ်ရှဉ်းကို ခေါင်းတင်ရောင်းလိုက်ပြန်တယ်။ နွားရောင်းပြီး ကြွေးဆပ်၊
ဝမ်းစာဝယ်၊ ပိုတဲ့ငွေကို ပေါင်ထားတဲ့ ကိုင်းအတွက် အတိုးသွားပေးခိုင်း လိုက်တာ။ သူ
အချိန်ဖြုန်းပြီး တစ်နေကုန် ကြက်တိုက် ဖဲရိုက်၊ အကောင်းထင်နေတဲ့ ဦးလူရွှေဆီက
စကားတစ်ခွန်း သယ်ဆောင်လာပါရော။
'ဆုံးပြီတဲ့ မိမှုံ'
'ဘာပြောတယ် ရှင့်။
ဘယ်လောက်ကြာသွားလို့လဲ။ အချင်းချင်းတွေ ဒီလိုလုပ် စရာလား'
ကျွန်မ မယုံနိုင်စွာ ပြောပေမယ့် သူတို့ချင်း
စာချုပ်ထားတဲ့ လက ကျော်သွားလို့ပါတဲ့လေ။ ကျွန်မ စိတ်ညစ်မနေတော့ပါဘူး။ အဲဒီငွေကို
စုဘူးထဲ ထည့်ထားလိုက်တယ်။ မကြာပါဘူး။ ကျွန်မ အနှီးလျှော်ဖို့ ချောင်းထဲသွားနေတုန်း
ဖောက်ပြီး ဖဲသွားရိုက်ပြီး ရှုံးပစ်လိုက်တယ်။ ကျွန်မက သူနဲ့မနေနိုင်တော့ဘူးလို့
ဒေါသထွက်ပြီး ပြောတော့ ကျွန်မကို ရိုက်တယ်။ ကျွန်မလည်း ကျိတ်မှိတ်ပြီးနေလာခဲ့တာ
သမီးလေးက ကိုင်းထွန်ချိန် မရောက်ခင် တစ်လအလိုမှာ အသားဝါ ရောဂါနဲ့ ဆေးမစုံ၊
ငွေမရှိလို့ ဆုံးတော့ ဘာတစ်ခုမှ လုပ်ချင် ကိုင်ချင်စိတ်မရှိတော့ဘဲ
သူရှာကျွေးတာစား၊ သူ ထားသလိုပဲ နေခဲ့မိတယ်။
ကိုင်းတစ်ကွက် ရှိရက်နဲ့
နွားငှားမထွန်ဘဲ သားကောင်ရှာ၊ ဖဲရိုက်၊ ငါးရှာ ထွက်နဲ့ မဝရေစာ ကျွေးတဲ့ သူ့ရဲ့
မူမမှန်တဲ့ လုပ်စာကို ကျွန်မ ထိုင်စားခဲ့တာ ကျွန်မ ဒုတိယကိုယ်ဝန် ရလာတဲ့ အချိန်မှာ
သတိပြန်ဝင်လာတယ်။ ဒါနဲ့ပဲ သူ့ကို ချော့မော့ပြီး ကိုင်းလုပ်ကြရအောင် ဒီကလေးကိုတော့
ကျွန်မ သမီးလေးကို မဖြစ်စေချင်ဘူး ဘာညာပြောတော့ သူက အေး... ငါငွေရှာလိုက်ဦးမယ်
ဆိုပြီး ထွက်သွားလိုက်တာ ဖဲဝိုင်းမှာ ရန်ဖြစ်လို့ ဓားထိုးမှုဖြစ်ပြီး သူ
ထောင်ကျတယ်။ ကျွန်မလည်း အရူး တစ်ပိုင်း ဖြစ်ခဲ့ရတယ်။ ဓားထိုးမှုက သူ အရင်ထိုးတာ
မဟုတ်။ သူ့ကို လာထိုးလို့ ကာကွယ်ရင်း ထိသွားတာမို့ ၁ဝ နှစ်ပဲ ကျတယ်။
သူ ထောင်ကျသွားတော့ ကျွန်မ မိဘအိမ်ကို
ကိုယ်ဝန်ကြီးနဲ့ ရောက်ခဲ့ရတယ်။ ကိုင်းကိုတော့ ငှား ထားလိုက်တယ်။ အငှားသားကလည်း
အခကို ကျေအောင် မပေးဘူး။ ကျွန်မသားလေးမွေးပြီး စပါး အငှားကြိတ်တယ်။
ဆန်အငှားဖွပ်တယ်။ ငွေကို စုတယ်။ မိဘအိမ်ကနေ သူ့ဆီကို ထောင်ဝင်စာ တစ်ခါတစ်ခါတွေ့ရင်
ငွေက လိုတယ်မဟုတ်လား။ သူ စားဖို့ သောက်ဖို့အတွက် ဝယ်ရတာတောင် မလွယ်ဘူးလေ။ သူ့ကို
ကျွန်မ ပထမ ပစ်ထားလိုက်မလို့ စိတ်ကူးသေးတယ်။ နောက် သူ နောင်တရတဲ့
စကားတွေပြောတော့မှ ကျွန်မ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်းဆိုပြီး သူ့ဆီ ပို့နိုင်ဖို့
ငွေကို ရှာတယ်။
သားလေးလည်း တဖြည်းဖြည်း ကြီးလာတော့
သူလည်း ထောင်က လွတ်ခါနီးတဲ့အချိန် ကျွန်မ ဝက်တစ်ကောင်ကို ဝယ်မွေးထားလိုက်တယ်။
ကသီကရီနဲ့ မွေးလာလိုက်တာ သူ ထောင်က လွတ်တဲ့အချိန်မှာ အဲဒီဝက်ကို ရောင်းပြီး
ရတဲ့ငွေနဲ့ ကျွန်မနဲ့ သူ ဝမ်းစာအပြည့်အစုံ ဝယ်ပြီး ကိုင်းလုပ်ဖို့ ရင်ကော့
တက်ခဲ့ကြတယ်လေ။ အငှား လုပ်ကြသူတွေ လက်ထဲမှာ ကိုင်းဟာ ချုံတွေစီးတဲ့နေရာက
စီးလို့တောင် ဖြစ်နေခဲ့ပြီ။ သူဟာ နောင်တတွေ တစ်လှေကြီးကို ရင်မှာပိုက်လို့
ချုံတွေကို ရှင်းတယ်။ ကိုင်းကို ထမင်းမေ့ ဟင်းမေ့ ထွန်တယ်။ ရှိတဲ့ ကိုင်းကို
ပေါက်တူးတစ်လက်နဲ့ ချဲ့တယ်။ သူ အရက်လည်း မသောက်တော့ဘူး။ ဖဲလည်း မရိုက်တော့ဘူး။
မြို့ကို သွားရင် စာအုပ်တွေ ဝယ်တယ်၊ ဖတ်တယ်။ အရင်လိုလည်းစကားပြော မကြမ်းတမ်းတော့ဘဲ
နူးညံ့ချိုသာ ပြောတတ်လာတယ်။ အဓိကက အရင်ထက် စကားပြောတတ် လာတာပဲ။
တစ်နှစ်အတွင်းမှာပဲ နွားတစ်ရှဉ်း
ဝယ်နိုင်ခဲ့တယ်။ ဘာမှ မလုပ်နိုင်တော့ဘဲ ဦးလူရွှေဆီက ကိုင်းကိုလည်း တန်ရာတန်ကြေးနဲ့
ဝယ်လိုက်တယ်။ အဲဒီအချိန်ဟာ သူ့ အသက် ၄ဝ ကျော်ပဲ ရှိသေး တာပါ။ သားလေးကို
ရှင်ပြုပေးပြီးကတည်းက ဒီနေ့အထိ လူပြန်ထွက်မလာတော့ သူက ဂုဏ်ယူ ကျေနပ်နေပေမယ့်
တစ်ဦးတည်းသော သားနဲ့ ခွဲနေရတဲ့ ကျွန်မအဖို့ ဆွေးဆွေးမြည်မြည့်ကြီးပါပဲ။ သား ဖြစ်သူဆီက
ပို့လိုက်တဲ့ ဘုရားစာအုပ်၊ တရားစာအုပ်တွေ ဖတ်၊ လောကနီတိတွေ ဖတ်ပြီး လူတွေကိုစု
စကားဝိုင်းဖွဲ့ နေတဲ့သူ ကိုသိုက်ဆန်းဟာ ဘာဖြစ်လို့ ဟိုအရင်က သူ့လို တစ်နေကုန်
အချိန်ဖြုန်းနေသူ တွေကို ပညာပေးအဖြစ် သူ့ အကြောင်းတွေကို မပြောတာလဲ ဆိုတာ ကျွန်မ
စဉ်းစားလို့ကို မရ။
နေဦး၊ သူ မြို့သွားတဲ့နေ့မှာ
လာပလေ့စေ။ မောင်ခဲနဲ့ တင်ထွန်းကို ကျွန်မကိုယ်တိုင်ပြောမှ ဖြစ်တော့မယ်။
နို့မို့ရင် သူတို့လည်း ဒီဘဝက ထူးတော့မှာ မဟုတ်ဘူး။
ကိုသိုက်ဆန်း မြို့ပေါ်က သားတော်မောင်
ဦးပဉ္ဇင်း သုဇိတဆီကို သွားရင်း ရိက္ခာဝယ်ရင်း ငှားထားတဲ့ အိမ်လခငွေလည်း တောင်းရင်း
မြို့ကို သွားတဲ့နေ့ ကျွန်မလည်း သူ သွားတော့မှ သူတစ်ယောက်တည်း အပိုင်စီးထားတဲ့
သူ့ကုလားထိုင်မှာ ထမင်းစောစောစားပြီး ဇိမ်ကျကျနဲ့ ထိုင်နေလိုက်တယ်။ ၁၁
နာရီတီးလောက်မှာပဲ မောင်ခဲနဲ့ တင်ထွန်း စကားဝိုင်းဖွဲ့ဖို့ လာနေတာ မြင်ရတယ်။
သြော်... သဖန်းသီးထဲက ပိုးတွေအတိုင်းပါပဲလား။ ချောင်းဖျားထွက်ဝက တဲကို
ပညာရှာမှီးရေး ဗိမာန်ထင်နေကြပုံ။
'လာကြ လာကြ၊ မင်းတို့ ဦးလေး
ဒီနေ့ မြို့ပေါ်သွားတုန်း အရီး မင်းတို့နဲ့ စကားပြောချင်နေတာ' ဆိုတော့ သူတို့နှစ်ယောက် ကျွန်မအနားမှာ ဝင်ထိုင်ကြတယ်။
'နေပါဦး၊ မေးပါရစေဦး။ မင်းတို့
ထမင်းစားပြီးတာနဲ့ ဒီကို ရောက်ရောက်လာတာ ဘာရည်ရွယ်ချက် ရှိလို့လဲ။
မင်းတို့မိန်းမတွေက ဘာမှ မပြောဘူးလား' ဆိုတော့ မောင်ခဲက...
'ပြောပါကောလား အရီးရယ်။
ကိုမောင်ခဲတဲ့၊ မြို့မှာ အိမ်နဲ့ခြံကို မြို့စွန်မှာပဲ ဖြစ်ဖြစ် လိုချင်တယ်တဲ့။
ဦးလေးကို မေးခဲ့ပါတဲ့။ ဘယ်လိုလုပ်ရင် ရနိုင်မလဲလို့ ရည်ရွယ်ချက်က အဲဒါပဲ'
မောင်ခဲ ပြောတော့ ကျွန်မ တင်ထွန်းကို
ငဲ့ကြည့်တယ်။ တင်ထွန်းက...
'ဖြစ်နိုင်မယ်ဆိုရင်ပေါ့
အရီးရယ်။ ဦးလေးရဲ့ဘဝမျိုးကို အရမ်းအားကျမိတာပေါ့'
'အင်း... မင်းတို့က
ကိုသိုက်ဆန်းကို အတော်လေး အထင်ကြီးနေပြီပဲ။ ကိုသိုက်ဆန်း ခုလို ခြေကလိမ်ချိတ်
အေးအေးလူလူ နေနိုင်ဖို့အတွက် ဘဝတံတားကို ဘယ်လိုလျှောက်ခဲ့ရတယ်ဆိုတာ မင်းတို့က
သိမှမသိဘဲကိုး။ အရီး ပြောပြမယ်'
ဆိုပြီး ကျွန်မ ကိုသိုက်ဆန်းရဲ့
မိုက်မဲတဲ့ အပြုအမူကနေ ထောင်ကျပြီးမှ နောင်တတွေရဲ့ နှိုးဆော်ချက်ကြောင့် မနားမနေ
အားစိုက်ကြိုးစားခဲ့တာတွေကို နာရီဝက်လောက် ပြောပြလိုက်တယ်။ သူတို့ ကျွန်မစကား
ဆုံးတော့ ဘာလှုပ်ရှားမှုမှ မရှိတဲ့ မျက်လုံးတွေဟာ အရောင်အဆင်းနဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးနေတာ မြင်ရတယ်။
ကျွန်မစကားကြောင့် သူတို့ရင်ထဲ တစ်ခုခုတော့ ရောက်သွားပြီလို့ ထင်မိတယ်။
'တင်ထွန်း မနေ့က မင်းဦးလေးကို
မေးသံကြားလိုက်တယ်။ ဦးလေး လူတစ်ယောက် သေဆုံးသွားရင် နာမည်တစ်လုံး ကျန်ခဲ့အောင်
ဘာတွေလုပ်သင့်လဲလို့လေ။ မင်းဦးလေးက ဘယ်လိုဖြေ လဲ'
'လူသေပေမယ့် နာမည်ဆိုတာ
သေမှာမဟုတ်ဘူး။ ကျန်ခဲ့မှာ မပူနဲ့တဲ့'
'ဟုတ်တော့ ဟုတ်တယ် တင်ထွန်း။
ဒါပေမယ့် အရက်သောက် ဖဲရိုက်တဲ့သူ တစ်ယောက်ကို ဘယ်သူကများ သေဆုံးသွားရင် ပါးစပ်က
မချ တဖွဖွပြောနေမှာလဲ။ ကျန်ရစ်တဲ့ သားသမီးတွေကိုသာ အဲဒါ သေသွားတဲ့ အရက်သမားရဲ့သား
မောင်ဘယ်သူလို့ပဲ ရှုတ်ချကဲ့ရဲ့ကြမှာ။ ခု မင်းဦးလေးကိုကြည့်၊ ဟိုတုန်းက သူ
မကောင်းလို့ အရီးပတ်ဝန်းကျင်မှာ မျက်နှာငယ်ခဲ့ရတယ်။ သတင်းမေးလို့ ပြန်ဖြေရတဲ့
အဖြေတွေဟာလည်း အင်အားမပါ၊ စိတ်ဗလာနဲ့ နွမ်းနယ်ခဲ့ရတယ်။ ခုဆို သူ့ကို ကြည့်ပြီး
ဟယ်... သိုက် ဆန်းတို့များ တစ်ဘဝသွားပြီ ထင်တာ။ ခုတော့လည်း ဟုတ်နေပါလားလို့
ပြောတဲ့စကားဟာ တစ်ဝက်က ရှုတ်ချမှုက မကင်းစင်သေးပေမယ့် လက်ရှိအဖြစ်မှာ
လက်မထောင်နေနိုင်ပြီလေ။ အဲဒါ နောင်တရဲ့ ရလဒ်ပဲပေါ့' 'ဟုတ်တယ် အရီး၊ အရီးပြောတာ ကျွန်တော် သဘောပေါက်ပါပြီ။
ကျွန်တော်တို့အတွက် စေတနာနဲ့ ပြောတဲ့အရီးကို ကျေးဇူးလည်းတင်၊ လေးလည်း
လေးစားပါတယ်ဗျာ'
တင်ထွန်းက အားပါးတရ
ပြောလိုက်တော့ မောင်ခဲကလည်း ခေါင်းတညိတ်ညိတ်နှင့်လေ။
'ပညာမသင်နိုင်လို့
ပညာမရှိတိုင်း ဘဝကို အရှုံးမပေးနဲ့ မောင်ခဲ။ သိပ္ပံပညာရှင်တွေလို
ဆန်းဆန်းပြားပြားတွေ တီထွင်ပြီး နာမည်တစ်လုံးကျန်ခဲ့အောင် မကြိုးစားနိုင်ပေမယ့်
ကိုယ်ပိုင်ဆိုင် ထားတဲ့ ကိုယ့်ရဲ့ကိုင်းကို ချဲ့မယ်၊ ထွင်မယ်၊ လူမမာ တစ်ဦးလို
ပြုစုနေမယ်၊ ကိုင်းကို အရိပ်တကြည့်ကြည့်နဲ့ ကလေးလေးတစ်ဦးလို
စောင့်ရှောက်နေမယ်ဆိုရင် တစ်နှစ်ထက် တစ်နှစ် သိသိသာသာ ကိုင်းကျယ်လာမယ်။
နွားချေးတွေကို အသုံးပြုတတ်ရမယ်။ ခုလို သူများအိမ်တွေ လျှောက်လည်ပြီး
အချိန်ဖြုန်း၊ ဘာမှမလုပ်ဘဲ သူများကို အားကျနေမယ့် အတူတူ အားနေတဲ့အချိန်တိုင်းမှာ
ကိုယ့်ရဲ့ကိုင်းကိုပဲ အားကျစိတ်နဲ့ ခုတ်ထွင် ရှင်းလင်းလိုက်ရင် တစ်နေ့ဖြစ်လာပြီး
ခံစားခွင့်ရလာမှာပေါ့။ ကိုယ်လုပ်နိုင်မှ ကိုယ့်အတွက် ဖြစ်မှာပေါ့။ ဒါမှ
သေဆုံးသွားတဲ့အခါ ဇွဲကောင်းကြိုးစားတဲ့ နာမည် တစ်လုံးတော့ မလွဲမသေ ကျန်ခဲ့မှာပေါ့'
မောင်ခဲက ကျွန်မ
စကားကို ငြိမ်သက်ပြီး နားထောင်နေရာက သတိဝင်လာသူလို...
'ဟုတ်တယ် အရီး၊
ဦးလေးစကားတွေကို ကျွန်တော် နှစ်နဲ့ချီ နားထောင်လာခဲ့တာ သူတော်တာ၊ သူတတ်တာ၊ စာထဲက
စကားတွေ၊ ရယ်စရာတွေ၊ ပုံပြင်တွေနဲ့ပဲ ပြီးသွားတာချည်းပဲ။ တစ်နာရီအတွင်း
ပြောလိုက်တဲ့ အရီးရဲ့စကားတွေက တစ်ခွန်းဆို ဆိုသလောက် ကျွန်တော့်ခေါင်းကို ထိတယ်ဗျာ'
'မင်း ဦးလေးက
ကိုယ်တိုင်သာ နောင်တရပြီး အစွမ်းကုန် ကြိုးစားလို့ ဖြစ်သွားပေမယ့်
ကိုယ်တတ်မြောက်ထားတဲ့ ပညာကို မျှဝေမပေးတတ်တဲ့ ပညာရှင်ကြီး တစ်ဦးလိုပဲ။ တစ်ဦးပိုင်ဉာဏ်နဲ့
တစ်ဦးတည်း ချမ်းသာချင်တဲ့ လူစားမျိုးကွဲ့။ ဒီတော့ ဒီနေ့ကစပြီး မင်းတို့
ဘာလုပ်ရမယ်ဆိုတာ ခေါင်းထဲက မထွက်စေနဲ့တော့ပေါ့'
'ဟုတ်ကဲ့၊ အရီး ခုလို
ကျွန်တော်တို့ရဲ့ ပိတ်နေတဲ့ ဦးနှောက်ကို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးပါပဲ။
ကျွန်တော်တို့ကို ခွင့်ပြုပါဦး'
'အေး... အေး၊
ကောင်းပါပြီကွယ်။ မင်းတို့ တစ်နေ့ ဖြစ်မြောက်သွားတဲ့အခါ မင်းဦးလေးလို
မိုက်နောင်တကြောင့် ငါဖြစ်ရမယ်ဆိုပြီး ကြိုးစားတာ ငါဖြစ်လာပြီ၊ ငါကလွဲပြီး
သူတို့အတွက် ငါ့ရဲ့ကြိုးစားမှုကို ထိန်ချန်ရမယ်။ ဖွင့်မပြောဘဲ တောင်ပြော
မြောက်ပြောစကားတွေနဲ့ နောင်လာနောက်သားတွေကို မဆွဲဆောင်မိစေနဲ့ပေါ့။ လွဲနေတာကို
ပြန်တည့်ပေးဖို့က ကိုယ့်တာဝန်လို့ စိတ်ထဲမှာ နှလုံးသွင်းထားရင် ဘာပဲလုပ်လုပ်
အဆင်ပြေမှာပါ။ အဓိကက စိတ်ကောင်းရှိတာဟာ တစ်သက်စားမကုန်တဲ့ ချမ်းသာခြင်းပေါ့
မောင်ခဲ'
သူတို့တွေ ကျွန်မကို
ဦးသုံးကြိမ်ချပြီး အသိတရား ကိုယ်စီနဲ့ ထွက်သွားကြတယ်။
ကိုသိုက်ဆန်း မြို့က
ပြန်ရောက်လာတော့ သားတော်မောင် သုဇိတပေးလိုက်တဲ့ စာအုပ်တွေကို အားပါးတရ မျက်နှာနှင့်
သိမ်းဆည်းပြီး ဝယ်လာတဲ့ ရိက္ခာတွေကို ကျွန်မလက်ထဲ ထည့်တယ်။
'ဟူး... မိမှုံရေ၊
ကားလမ်းက ဆင်းပြီး ခြေကျင်လျှောက်ရတာ မောလိုက်တာ။ ကိုင်းက
ငွေရမှန်းသိနေလို့ပေါ့ကွာ။ နို့မို့ရင် ငါက မြို့ကို ပြောင်းပြီ ဟဲ...ဟဲ'
ခုတော့လည်း အသက်ကြီးမှ
လောဘတွေ ကြီးလာလိုက်တာ ကိုသိုက်ဆန်း ပါးစပ်က အသက်ကြီးပြီ၊ ဘုရားနဲ့တရားနဲ့
နေချင်ပြီလို့ ထွက်လာလေမလားလို့ ကျွန်မ မျှော်ကိုးမိတာ ခုတော့ လွဲပြီ'
နောက်တစ်နေ့ကျတော့
ထမင်းစားပြီး ကုလားထိုင်မှာ ထိုင်နေတဲ့ ကိုသိုက်ဆန်းဟာ သူ့ဆီကို ပေါ်မလာတဲ့
မောင်ခဲနဲ့တင်ထွန်းလာရာ လမ်းကို တမျှော်မျှော်နဲ့ ပါးစပ်ကလည်း...
'ဟိုနှစ်ကောင် မနေ့က
ရောက်လာလား မိမှုံ'
'ဟင့်အင်း...
မရောက်ပါဘူး'
ကျွန်မ ညာလိုက်ရတယ်။
ဟုတ်တယ်လေ။ နောက်နေ့တွေလည်း သူတို့က လာတော့မှာမှ မဟုတ်။ သူတို့ လာသွားတယ်လို့
ပြောလိုက်ရင် ကျွန်မလက်ချက်နဲ့ သူတရားဟောဖို့ လူမရှိတော့ ဘူးဆိုပြီး စိတ်ခုနေဦးမှာ။
နောက်နေ့ ကျွန်မ စောင့်ကြည့်တော့ မောင်ခဲနဲ့ တင်ထွန်း မပေါ်လာကြဘူး။ စကားပြောနေရမှ
ထမင်းမြိန်တဲ့ ကိုသိုက်ဆန်းကလည်း တမျှော်မျှော်နဲ့။ ကျွန်မလည်း
ရေနွေးတစ်အိုးတည်းနဲ့ အနားရနေတယ်။ အချိန်ရဲ့တန်ဖိုးကို သူတို့
နားလည်သွားကြပုံရပါတယ်။ ကိုသိုက်ဆန်း သုံးရက်မြောက်နေ့ကျတော့...
'မောင်ခဲနဲ့ တင်ထွန်း
ဘာများဖြစ်နေကြပါလိမ့်။ မိမှုံရေ၊ ငါ အောက်ဘက်ကို ခဏ သွားလိုက်ဦးမယ်ကွာ'
ကိုသိုက်ဆန်းတို့
မနေနိုင်လိုက်ပုံ။ အိမ်ကို လူမလာလို့ သူကိုယ်တိုင် အိမ်တိုင်ရာရောက် သွားဦးမတဲ့။
အဲဒါက အရေးမကြီးဘူး။ မောင်ခဲတို့ဆီ ရောက်ရင်သာ 'မင်းတို့
ဘာဖြစ်လို့ မလာတာလဲ'လို့ မေးရင် သူတို့က အရီးလေး
ပညာပေးလိုက်လို့ပါလို့များ ပြောလေမလား ဆိုတာကိုတွေးရင်း ကျွန်မ ပူပင်နေမိတယ်။
အစကတည်းက မင်းတို့ဦးလေးကို ပြန်မပြောပါနဲ့ဆိုတာ ကျွန်မ ကြိုတင်ပြောလိုက်ဖို့
ကောင်းတာ။ ခုတော့ ကိုသိုက်ဆန်း အိမ်ကိုပြန်လာမှာကိုပဲ ကျွန်မ
စိုးကြောက်နေမိတော့တယ်။
ခိုင်နုလေး
၊တောင်ကုတ်၊
(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။
အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...
'ဒီအကြောင်းကို ကျွန်မ မပြောချင်ပါဘူး။ ဒီလိုပြောမှလည်း ကိုစိုးချစ် အမြင်ရှင်းမှာပါ။ အလုပ်အရှာရခက်လို့ ဆရာမ ဝင်လုပ်တဲ့သူတွေရှိတာ ကျွန်မ သိပါတယ်။ ကျွန်မဘဝက အဲဒါတွေနဲ့ လုံးလုံးဆန့်ကျင်ပါတယ်'