သွင်ဆန်းမောင်
ချစ်သောင်းနှင့်
ထွေးထွေးတို့၏ မင်္ဂလာပွဲသည် အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ မလွဲမသွေ
ရှုံးလိမ့်မည်ဟု
ထင်ထားသည့် မင်္ဂလာပွဲက စိုက်ထုတ်ထားသော ငွေပမာဏကို ကာမိအောင် လက်ဖွဲ့ငွေများ
ပြန်လည်ရရှိခဲ့သည်။ ယင်းကြောင့် အောင်မြင်စွာ ပြီးမြောက်ခဲ့သည်ဟု ဆိုခြင်းဖြစ်သည်။
ထွေးထွေး၏ ဦးလေး ဦးအောင်မြင့်သည်
သူ့သိက္ခာကို ငဲ့ကာ မင်္ဂလာဧည့်ခံပွဲကို အဖြစ်သဘောသာ ကျင်းပပေးခဲ့သည်။
ချစ်သောင်း၏ဖခင်သည် ရပ်ကွက်၏ ချဉ်ပတ်၊ ထိပ်သီးအရက်သမားတစ်ဦး ဖြစ်သည်။
ချစ်သောင်းကလည်း ဟော့ဟော့ရမ်းရမ်းနေ၏။ ထို့ကြောင့် ဦးအောင်မြင့် သဘောမတွေ့ခြင်း
ဖြစ်သည်။
ထွေးထွေးတို့၏ အသိုင်းအဝိုင်းတွင်
ဦးအောင်မြင့်သည် စေတလုံးပိုင်ရှင် ဖြစ်သည်။ ဟီးထနေသည့် ပွဲရုံကြီးက သက်သေတည်၏။
ခွတီးခွကျ လူပျိုကြီးဆိုရင်လည်း မမှားပေ။
အခုလည်း ကြည့်ကြပါဦး၊
မျက်နှာလွဲခဲပစ်သဘောမျိုးဖြင့် ငွေသုံးသိန်းကို ထွေးထွေးတို့လင်မယားအား
ပုံပေးသွားပြန်သည်။ အဆင်ပြေသလိုသာ လုပ်ကိုင်စားကြ၊ ငါ့ပွဲရုံအရိပ် လာမနင်းရင်
တော်ပြီတဲ့။ ထွေးထွေး၏ မိဘနှစ်ပါးကလည်း အိမ်ပေါ်အတက်မခံ။ ဦးအောင်မြင့်ကို
မလွန်ဆန်ရဲတာလည်း ပါမည်။
ချစ်သောင်း အိမ်နေရင်းဝတ်သည့်အင်္ကျီကို
ချွတ်ပြီး ခပ်လတ်လတ် အင်္ကျီတစ်ထည်နှင့် လဲဝတ် လိုက်ပါသည်။ အပြင်ထွက်ရန်
အသင့်အနေအထား။
'ကိုချစ်၊ အပြင် ထွက်မလို့လား'
'အေး'
ထွေးထွေး၏ အမေးကို ချစ်သောင်း
စိတ်မပါ့တပါ ပြန်ဖြေ၏။
'ထွေးလည်း လိုက်မယ်'
'မလိုက်ပါနဲ့ကွာ၊
ကိုယ်တို့မှာ ရှိတဲ့ပိုက်ဆံနဲ့ ဘယ်အလုပ်လုပ်ရင် ကောင်းမလဲလို့ သူငယ်ချင်းတွေနဲ့
တိုင်ပင်မလို့။ ထွေးက လိမ္မာပါတယ်ကွာ၊ နေခဲ့နော်'
ထွေးထွေး နှုတ်ခမ်းစူ ခြေဆောင့်ကာ
စိတ်ဆိုးဟန်ပြု၏။
'မရဘူး လိုက်မှာပဲ။ ထွေးလည်း
သိသင့်တယ်လေ။ ထွေးမပါရင် အလုပ်ကိစ္စက နည်းနည်း၊ အရက်သောက်ကြမှာက များများ၊
သိတာပေါ့'
ချစ်သောင်း မျက်နှာကြီး
ချက်ချင်းသုန်မှုန်လာ၏။ အိမ်အောက်ဆင်းမည့် ခြေလှမ်းများကို ရုပ်သိမ်းကာ အိမ်ပေါ်
ပြန်တက်လာ၏။
'မသွားတော့ပါဘူးကွာ၊ နေရာတကာ
လိုက်ရှုပ်နေတာပဲ'
အခန်းအတွင်းဝင်ပြီး ခုတင်ပေါ်
စိတ်လွတ်ကိုယ်လွတ် လှဲချလိုက်ပါသည်။ ဒီနေ့ကစပြီး သူ့ရဲ့ အပြာရောင် လွတ်လပ်မှုတွေ
ပြန်လည်စေ့ဆက်လို့ မရအောင် ကွဲရှကုန်ပြီလားလို့ တောင်တောင်အီအီ အကြိမ်ကြိမ်
အဖန်ဖန် တွေးခေါ်နေ၏။ ကောင်းကင်၌ ပျံသန်းနေကြသော ပျံလွှားငှက်လေးက သူ့ကို
လှောင်ပြောင်နေသလို ဖြစ်နေ၏။
'ထွေးထွေး၊ ချစ်သောင်း
အပြင်သွားပြီလား။ ဒီကောင် ချိန်းတုန်းကတော့ ချိန်းထားပြီး ဘာကောင်လဲ မသိဘူး'
'ရှိပါတယ်၊ ရှိပါတယ်။ ယောကျ်ားတန်မဲ့
စိတ်ကောက်နေတယ်တဲ့လေ။ အိမ်ခန်းထဲမှာ အခန်းအောင်းနေတယ်'
ချစ်သောင်း၏ အမာခံသူငယ်ချင်း
ဆန်းမောင်နှင့် အောင်ခိုင် ရောက်လာကြပါသည်။
'မင်းတို့ လင်မယားကလည်း
ကလေးတွေကျနေတာပဲ။ အားအားရှိ စိတ်ကောက်တမ်းပဲ ကစားနေ၊ အခန်းထဲကအကောင် ထွက်ခဲ့'
ခြေလှမ်းဖွဖွတို့ဖြင့် ချစ်သောင်း
အပြင်ထွက်လာ၏။ သိပ်ပြီး ကြည်လင်ပုံ မရသေး။
'ကိုချစ်ရယ်၊
အပြင်မထွက်ပါနဲ့ဟယ်။ ဒီမှာပဲ အလုပ်အကြောင်း ပြောကြ၊ ထွေး ကော်ဖီမစ် ဖျော်ပေးမယ်၊
လက်ဖက်သုပ် ပေးမယ်။ ကိုဆန်းမောင်၊ ထွေး ပြောတာ မကောင်းဘူးလား'
'သြော်... မင်းတို့က
ဒီကိစ္စနဲ့ စိတ်ကောက်နေကြတာကို။ ဒါဆို လက်ဆွဲနှုတ်ဆက်လိုက်ကြတော့။ ငါလည်း
အပြင်သွားလို့မရဘူး။ ခဏနေ အဖေ့ကို ဆေးခန်းလိုက်ပို့ရဦးမယ်။ ထွေးထွေး
နင်ပြောတဲ့အစီအစဉ် ကောင်းတယ်။ ဆက်လုပ်၊ ငါ ခွင့်ပြုတယ်'
အိမ်ခန်းလေး၏ ခေါင်းရင်းဘက်တွင်
ထွေးထွေး ဖျာလေးခင်းလိုက်၏။
သည်အိမ်လေးသည် ဆန်းမောင်တို့အပိုင်
ဖြစ်သည်။ လောလောဆယ် ချစ်သောင်းတို့ အခန်းရှာမရခင် အိမ်စောင့်သဘောမျိုး
တင်ထားခြင်းဖြစ်သည်။ ဆန်မရှိ အစားကြီးသော ကိုချစ်သောင်းရယ်က ချောင်ကျသဖြင့်
သိပ်မကြိုက်ပေ။
'ငါ့သဘောဆိုရင် ဒီငွေနဲ့
စာအုပ်ဆိုင်ဖွင့်ပြီး အငြိမ်ပဲနေတော့မယ်။ အေးအေးချမ်းချမ်းလည်း ရှိတယ်။ အာရုံလည်း
မနောက်ဘူး'
'အောင်ခိုင်၊ မင်းဟာက
စပြောကတည်းက သောက်တစ်လွဲ။ ဒီစာအုပ်ဆိုင် ဝင်ငွေလေးနဲ့ မိသားစုကို ဘယ်လိုလုပ်
ထိန်းမလဲ။ ထိန်းနိုင်တယ်ပဲ ထားဦး။ ရေရှည်စီးပွားဖြစ်မလား။ တော်ကြာ၊
စားမယ့်ပါးစပ်ပေါက်တွေက တိုးလာဦးမယ်။ အလွယ်မပြောနဲ့'
ဆန်းမောင် စကားကြောင့်
ထွေးထွေးမျက်နှာလေး ရဲခနဲဖြစ်ကာ တစ်ဖက်သို့ လှည့်သွား၏။ စကားက မှန်နေပေမယ့်
ရှက်တော့ ရှက်သေး၏။
'ဒါဆို မင်း မလေးသွားပြီး
အလုပ်သွားလုပ်ပါလား။ အင်း... ငွေက လိုဦးမယ်။ အနည်းဆုံး ခုနစ်သိန်းလောက်မှ
ဖြစ်မှာကွ'
'မဖြစ်ပါဘူးကွာ'
သံရှည်ဆွဲကာ ချစ်သောင်း ငြင်းဆန်ပယ်ချ၏။
'ကိုချစ်၊ ထွေးတို့
နေရာကောင်းကောင်းနေမှာ။ အိမ်ငှားပြီး ကုန်စုံဆိုင်လေး ဖွင့်ရောင်းကြမယ်လေ။
မကောင်းဘူးလား။ အိုးမကွာအိမ်မကွာပေါ့'
'ထွေးကလည်းကွာ၊ ပျင်းစရာကြီး။
ငါက လှုပ်လှုပ်ရှားရှားပဲ ကြိုက်တယ်။ အဆက်အသွယ်ရှိရင် ကုန်ကူးချင်တယ်။ ဒါမှ
မြန်မြန် စီးပွားဖြစ်မှာ။ ဒါပဲ သိတယ်'
သူတို့၏ ဆွေးနွေးပွဲမှ အားရကျေနပ်ဖွယ်
ဆုံးဖြတ်ချက်တွေ ပိုင်ပိုင်နိုင်နိုင် မကျလိုက်နိုင်ပါ။ ကော်ဖီမစ်နှင့်
လက်ဖက်သုပ်များသာ သုံးစုကွဲပြီး အစာအိမ်များအတွင်းသို့ အသီးသီး ခိုင်မာစွာ
ခိုဝင်ကုန်၏။
□
'ဟေ့ကောင်... ချစ်သောင်း၊
စောစောစီးစီး မျက်နှာမသစ်ဘဲ ဘာထိုင်လုပ်နေတာလဲ။ ထွေးထွေး ဘယ်သွားလဲ'
ချစ်သောင်း ဆံပင်စုတ်ဖွားကြီးနှင့်
ငူငူငိုင်ငိုင်ကြီး ထိုင်နေ၏။ အိမ်ရှိ ပစ္စည်းများကို ညက သူခိုးဝင်ခိုးသွားသလားဟု
ထင်မှတ်စရာပါ။
'ထွေးထွေး ညက အိမ်ပေါ်က
ဆင်းသွားတယ်။ ပိုက်ဆံတွေလည်း အကုန်ယူသွားတယ်'
အရက်နံ့များကလည်း အထက်ပါသတင်း
မမှားကြောင်း အနံ့ဖြင့် သက်သေထူကြ၏။
'ဟေ့ကောင် ချစ်သောင်း၊ မင်းညက
အရက်တွေ သောက်တယ် မဟုတ်လား။ ငါ မသောက်စေချင်လို့ တမင်ရှောင်သွားတဲ့ဥစ္စာကွာ။
အရက်သောက်ပြီဆိုမှတော့ ပေါက်ကရတွေ ဖြစ်ပြီပေါ့။ မင်း အမှတ်ကို မရှိဘူး'
ချစ်သောင်း တုံ့ပြန်စကားမဆိုသေးဘဲ
ခေါင်းကိုသာ နာနာကုတ်ဖဲ့နေ၏။
'ဟုတ်တယ်။ ညက ငါ
ဘာတွေဖြစ်မှန်းတောင် မသိဘူး။ ထွေးထွေး ပြောတော့ ဘောလုံးပွဲ လောင်းပစ်တာ ပိုက်ဆံ
ငါးသောင်း ရှုံးတယ်တဲ့။ ငါလည်း ခုချိန်ထိ စဉ်းစားလို့မရဘူး'
'မဟုတ်မှ လွဲရော။
အောင်ခိုင်နဲ့ သွားသောက်တာ မဟုတ်လား။ ဒါဆို သေချာတယ်။ အောင်ခိုင်ပါရင်
ဘောပွဲလောင်းတာလည်း သေချာတယ်'
ချစ်သောင်း ခေါင်းညိတ်ကာ အသံတိတ်ဖြေ၏။
သူ ကျောမီထားသော ထရံကြီးသာမရှိရင် လဲပြိုပြီး သေတော့မည့် အမူအရာနှင့်။ ဆန်းမောင်
စိတ်ထဲ နရင်းအုပ်ချင်စိတ်တွေ ဆူပွက်နေ၏။
'ဦးအောင်မြင့်က သူ့တူမနဲ့
မင်းကို သဘောမတူတာ မလွန်ဘူး။ မင်း ကိုယ်က ငါ မပြောလိုက်ချင်ဘူး'
ဆန်းမောင် ဆူဆူဆောင့်ဆောင့် လုပ်ကာ
အိမ်ပေါ်မှ ပြန်ဆင်းသွားပါသည်။ ချစ်သောင်း ခုထိ ထပြီး မျက်နှာသစ်ဖို့ သတိမရသေး။ ညက
အဖြစ်အပျက်ကို မှတ်မိသလောက် ပြန်စဉ်းစား အစဖော်နေ၏။ အရက်ရှိန် မပြေသေးသဖြင့်
ခေါင်းတဆစ်ဆစ် ကိုက်တာပဲ အဖတ်တင်၏။
□
ထွေးထွေး၏ ဦးလေးမရှိသည့်အချိန်မို့
တော်သေးသည်။ ချစ်သောင်း နှင့်ပတ်သက်ပြီး ဆန်းမောင်တို့ကိုလည်း ဦးအောင်မြင့်
မျက်မုန်းကျိုးနေ၏။ ထွေးထွေး၏ မျက်ခွံများ အစ်မို့နေပါသည်။ တစ်ညလုံး ငိုထားမှန်း
သိသာ၏။
'ထွေးထွေး၊ ညက ဘယ်လိုဖြစ်ကြတာလဲ။
ငါ ဒီလိုဖြစ်မှာစိုးလို့ ဝိုင်းဖြတ်ခဲ့တာတောင် ဖြစ်ဖြစ်အောင် ဖြစ်သေးတယ်'
'ဟိုသေနာ အောင်ခိုင်၊
အစထောင်တာပေါ့။ သူ့ဟာသူ ကောင်းကောင်း မပြန်ဘဲ ကိုချစ်ကို အပြင်ရအောင်
ခေါ်သွားတယ်လေ။ ပြန်လာတော့ မူးလာတယ်။ ဘယ်ကနေဘယ်လို ပိုက်ဆံတွေယူပြီး ပြန်ထွက်သွားတယ်
မသိဘူး။ နှမြောလိုက်တာ။ သူ့အစွမ်းအစနဲ့ ဒီငွေတွေရအောင် ရှာကြည့်စမ်းပါဦး။
ငါးသောင်းတောင် နည်းလား'
'ပြီးခဲ့တာတွေ
ပြောမနေပါနဲ့တော့။ နင့်ဦးလေးက ဘာပြောလဲ'
ထွေးထွေး ဘေးဘီဝဲယာကို
တစ်ချက်ကြည့််လိုက်သေးသည်။
'တစ်ညလုံး ဆူတာပေါ့။ ဒီ
မနက် လက်ဖက်ရည်ဆိုင် မထွက်ခင် ပြောသွားတာက ကိုချစ်ကို လုပ်ချင်စိတ်ရှိရင်
ဒီပွဲရုံမှာ သူနဲ့ ဝိုင်းလုပ်တဲ့ ဟိုပိုက်ဆံတွေကို လေးလေး ပြန်ယူထားတယ်။
ပစ္စည်းလေးတွေ လုပ်ပေးမယ်တဲ့။ အဲဒါ ကိုချစ်ကို နားဝင်အောင် ပြောပေးပါဦး။
မပင်ပန်းပါဘူး။ အလုပ်သမားတွေကို ကြည့်ပြီး ခိုင်းရုံပါပဲ'
ချစ်သောင်းအပေါ် ထွေးထွေး
တော်တော်ချစ်ရှာသည်ဟု ထင်မြင်မိ၏။
'စိတ်ချ စိတ်ချ၊
ထွေးထွေး။ အစောကတည်းက ဒါမျိုးဖြစ်သင့်တာ။ ငါတာဝန်ယူတယ်။ ဒီကောင် လုပ်စေရမယ်'
□
ဆန်းမောင်
သူ့မျက်လုံးများကို မယုံအောင် ဖြစ်နေမိပါသည်။ ချစ်သောင်းက ကိုယ်ပိုင်ကားတွေ၊
ဟန်းဖုန်းတွေနှင့် ဖြစ်နေ၏။ ချစ်သောင်းနှင့် သူတို့ ကွဲကွာခဲ့သည်မှာ
လေးနှစ်ကျော်ပဲ ကြာသေးသည်။
'ချစ်သောင်း၊ မင်း
ချစ်သောင်း ဟုတ်ပါတယ်နော်။ ငါ မျက်စိ မမှားပါဘူးနော်။ မင်း တယ်ကြီးပွားနေပါလား။
ထွေးထွေးဦးလေး အနိစ္စရောက်သွားတယ် ကြားတယ်။ မင်းတို့ပွဲရုံကို အပိုင်ရလိုက်ပြီပေါ့'
'ဆန်းမောင်၊ မင်း
ဘယ်တုန်းက ပြန်ရောက်လဲ။ နေနိုင်လိုက်တာကွာ။ အဆက်အသွယ်တောင် မလုပ်ဘူး'
ချစ်သောင်း ကားပေါ်မှ
မဆင်းသေးဘဲ စကားဆိုနေခြင်း ဖြစ်သည်။ အချိန်တွေ ဆင်းရဲကုန်နေပြီပေါ့လေ။ ဆန်းမောင်၏
အံ့သြမှုက မိုးရွာပြီးခါစ ထွက်တဲ့ သက်တံကြီးလို အရောင်အသွေးစိုဆဲ။
'ခွေးကောင်၊ အပိုတွေ
ပြောမနေနဲ့။ ငါ စာရေးတယ်။ မင်းတို့က စာမပြန်လို့ အဆက်အသွယ် ပျက်ကုန်တာကွ။ လာကွာ၊
တစ်ဆိုင်ဆိုင်သွားပြီး အေးအေးဆေးဆေး စကားပြောရအောင်။ ကားပေါ်က ဆင်းပါ ဦးသူဌေးရဲ့'
ချစ်သောင်း နာရီကို
ငုံ့ကြည့်ပြီး အားတုံ့အားနာ ပြန်ဖြေ၏။
'ငါ အချိန်မရလို့။
နောက်မှ တွေ့ကြမယ်ကွာ။ မင်းထင်သလိုမျိုးတော့ ငါ ကြီးပွားချမ်းသာလာတာ မဟုတ်ဘူး။
မနက်ဖြန် မင်း အခုထလာတဲ့ လက်ဖက်ရည်ဆိုင်မှာ ညနေ ငါးနာရီလောက် စောင့်နေ၊ ငါ
ဆက်ဆက်လာခဲ့မယ်။ တကယ် အချိန်မရလို့ပါကွာ။ အရေးကြီး ပုဂ္ဂိုလ်ကို သွားကြိုရဦးမယ်။
ဟေ့ကောင် စောင့်နေနော်'
ဆန်းမောင်၏
ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ
မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့်
ပြောင်းလဲကုန်ပြီလဲ။ အထူးသဖြင့် ချစ်သောင်းလို လူစားမျိုးပေါ့။
□
ဆန်းမောင်
ချိန်းထားသည့်နေရာကို မိနစ်သုံးဆယ်လောက်စောပြီး ရောက်ခဲ့သည်။ သူငယ်ချင်းများနှင့်
စကားပြောခွင့် မရသည်မှာ လေးနှစ်ကျော်ကြာခဲ့ပြီ။ ပြောချင်လွန်းသည့် စကားတွေ
နှလုံးသားနှင့် လွယ်ထားရသည့် ဒုက္ခဟာ လေးလံစူးနစ်လှသည်။
ထွေးထွေးအား
နောက်ပြောင်ကာ ပြောခဲ့မိသည်။ စကားကို နောင်တနှင့် တကွ သတိရနေမိသည်။
'နင် ချစ်သောင်းနဲ့
ယူရင် လူမွေးလူယောင် ပြောင်မှာ မဟုတ်ဘူး'လို့ ပြောခဲ့ဖူးသည်။
ပြန်တွေ့ရင် တောင်းပန်ချင်သေးသည်။
'ဆန်းမောင် ရောက်နေတာ
ကြာပြီလား။ ငါက နောက်အပေါက်က ဝင်လာတာကွ။ မင်းက လေးနှစ်လောက် ပျောက်နေတာ။ ကိုရီးယား
ရောက်နေတာဆိုကွ။ အဆင်ပြေလား'
မေးခွန်းတွေနှင့် ထကြွနေသည့်
ဆန်းမောင်အား မေးခွန်းတွေနှင့် ဦးစွာ အတိုက်အခိုက်ခံရ၏။
'ငါလည်း
နှစ်နှစ်ဆိုပြီး သွားလိုက်တာ လေးနှစ်ကျော် ကြာသွားတယ်။ သိပ်တော့ မဆိုးပါဘူး။
မင်းနဲ့ နှိုင်းယှဉ်လိုက်တော့မှ ငါ ဆိုးသွားတာ။ မင်း မေးခွန်းတွေ အသာထား။ ငါ
မေးရပါစေဦး။ ထွေးထွေး နေကောင်းလား။ ကလေး ဘယ်နှယောက် ရပြီလဲ'
ချစ်သောင်း
မထူးဆန်းသလို ပြုံးပြုံးကြီး စိုက်ကြည့်နေ၏။
'ငါ မသိဘူး။ ငါနဲ့
ထွေးထွေးကွဲနေတာ လေးနှစ်လောက်ရှိပြီ။ ငါ သူ့ဦးလေး ပွဲရုံမှာ သွားလိုက်နေပြီး
ခြောက်လမပြည့်ခင် ဇာတ်သိမ်းခဲ့တာပဲ။ ငါက ဘော်ကြော့၊ သူ့ဦးလေးက ခြေဖဝါး၊ လက်ဖဝါးကနေ
ရုန်းကန်ပြီး ချမ်းသာလာတဲ့သူ။ ရေရှည် ဘယ်ဖြစ်မှာလဲကွာ။ ထွေးထွေးလည်း အခု အဲဒီ
ပွဲရုံ မန်နေဂျာနဲ့ ညားနေတယ်ဆိုပဲ။ အဆင်ပြေကြမှာပါ'
ဆန်းမောင် မေးပြီးကာမှ
နောင်တရနေမိပါသည်။ ချစ်သောင်းနှင့် ထွေးထွေးကို ယူဖြစ်အောင် ကမကထပြု သူများထဲတွင်
ဆန်းမောင် ရှေ့ဆုံးက ပါ၏။ တစ်ချိန်က ထဘီထုပ်ထမ်း၊ မြင်းကြီးတစ်ကောင်အဖြစ်လည်း
ပါရမီ ဖြည့်ခဲ့ဖူးသည်။
'ဝမ်းသာရမှာ။
မင်းမျက်နှာက ဘယ်လိုဖြစ်ရတာလဲ။ ပြုံးပျော်စမ်းပါ။ ငါနဲ့ ထွေး ခုချိန်ထိ
လက်တွဲနေရဦးမယ်ဆိုရင် ငါဟာ ငါ့အဖေလို အရက်သမားရင့်မကြီးပဲ ဖြစ်လာမှာကွ။ မင်း
သဘောပေါက်လား'
ဆန်းမောင် ဘာစကားမှ
မဆိုနိုင်ဘဲ ကြောင်ပြီး ကြည့်နေမိ၏။ ဒီလို စကားတွေ ချစ်သောင်း အရင်ပြောတတ်လို့လား။
ဘာတွေ မှားကုန်ပြီလဲ။ တန်ပြန်မေးခွန်းတွေ မေးရကောင်းမှန်း မသိတော့ပေ။
'အဲဒီတုန်းက
ငါတို့အဖြစ်ဟာ ဘာနဲ့တူသလဲဆို ရင် မူလတန်းအောင်တဲ့ ကျောင်းသားကို တကယ်တော်တဲ့
ဆရာတွေနဲ့ ဆယ်တန်းစာကို သင်သလိုပဲ။ ဒီနှစ်မအောင်ရင် နောက်နှစ်ဆိုပြီး စိတ်ရှည်ရှည်
ဇွဲဇွဲရှိရှိနဲ့ သင်လည်း နောက်ဆုံး ရူးသွားလိမ့်မယ်။ ဘာမှတော့ ဖြစ်လာမှာ မဟုတ်ဘူး။
ထွေးနဲ့ အိမ်ထောင်ကျတဲ့အချိန် ပိုက်ဆံတွေ ပုံပြီးလာပေး၊ ဘာလုပ်ရမယ် ငါ မသိဘူး။
အရက် သောက်မယ်၊ အလောင်းကစား လုပ်မယ်။ ဒါပဲ။ အခုအချိန်ပေးကြည့်ပါလား။
ဖုန်းလေးတစ်ချက် နှိပ်လိုက်တာနဲ့ အကျိုးရှိမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ခဏအတွင်း
လုပ်ပြီးသွားပြီ။ အရက်ဆိုင်သွားဖို့လည်း အာရုံမစားတော့ဘူး'
ချစ်သောင်း စကားကို
ခဏရပ်ပြီး ရေနွေးတစ်ခွက်ကို သောက်လိုက်ပါသည်။အရင်လို ဆေးလိပ်သောက်တာ မတွေ့ရတော့ပါ။
'ဆန်းမောင်၊ မင်းကို ငါ
မေးရဦးမယ်။ မင်း ဟိုမှာ လုပ်လို့ရတဲ့ ပိုက်ဆံတွေ ဒီကို မှန်မှန်ပို့တယ် မဟုတ်လား။
ဘယ်လောက် အဖတ်တင်လဲ။ ဒီက မင်းအစ်ကိုတွေ မင်း ညီမလေးတွေ ပရမ်းပတာ သုံးတာတော့
မဟုတ်ဘူး။ ဒါပေမယ့် ဘာသုံးလို့ သုံးမိမှန်းမသိဘဲ တဖြည်းဖြည်း လျော့ပါးလာမယ်။
ပိုပြီး ကံကောင်းသေးတာက မင်းဆီမှာ ငါ့လို့ ဟော့ဟော့ရမ်းရမ်း သုံးတတ်တဲ့ ညီလေးတွေ
ရှိမနေတာ ကံကောင်းတယ်။ ရှိခဲ့ရင် အခုဆို ဆေးသမားလေးတွေ ဖြစ်နေပြီပေါ့ကွာ။
ပိုက်ဆံဟာ မရှိသင့်တဲ့အချိန်မှာ လုံးခနဲရှိလာတာ အဆိပ်ပဲ။ ဘဝတွေ
ပျက်စီးသွားနိုင်တယ်။ ငါ ဒီဘဝကို ဘယ်လိုရလာလဲ ပြောရဦးမယ်။ ထွေးနဲ့ကွဲပြီး ငါ
ဝပ်ရှော့မှာ ပညာသင်ဖြစ်ခဲ့တယ်။ ဆရာကလည်း တော်တယ်။ အလုပ်ကလည်း တွင်ကျယ်တော့
အချိန်တိုအတွင်း ပညာတွေ ငါ စုဆောင်းမိလာတယ်။
ညဘက်ကျတော့ အခု ငါယူထားတဲ့ မိန်းမဆီမှာ ပညာဆက်သင်ရပြန်တယ်။ သူက အဲဒီတုန်းက
ကွမ်းယာရောင်းတယ်။ တစ်ရာ၊ နှစ်ရာဆိုတဲ့ ပိုက်ဆံကို ဘယ်လိုစုရမယ်ဆိုတဲ့ သင်ခန်းစာ
ငါ သင်ခဲ့ရတယ်။ ဝပ်ရှော့က ငါ့ကို နှစ်နှစ်ကျော်မှ လခပေးတာ အရေးမကြီးပါဘူးကွာ။
ခေါင်းထဲမှာ ပညာရှိနေရင် ပိုက်ဆံတွေက သူ့အလိုလို ဝင်ရောက်လာတာပဲ'
'ဆန်းမောင်၊ ငါ့ကို
ခွင့်ပြုဦးကွာ။ ငါ့သားကို မူကြိုက သွားကြိုရဦးမယ်။ ကိစ္စက မပြီးသေးဘူး ဟေ့။ ကားအရောင်းအဝယ်လုပ်ဖို့
ဝယ်လက်ကို ချိန်းထားသေးတယ်။ နောက်တွေ့ကြတာပေါ့ကွာနော်'
ဆန်းမောင်
တော်တော်နှင့် အိမ်ပြန်ဖြစ်ဦးမည် မထင်ပေ။ သူ ရရှိခဲ့သော လက်ချာများက တစ်နေ့စာအတွက်
များလွန်းသည်။ တစ်သက်စာ ဖြစ်ပေလိမ့်မည်။ ချစ်သောင်းကို ဒီလောက်အထိ အတွေးအခေါ်တွေ
ရင့်ကျက်လာလိမ့်မည်ဟု ယောင်လို့မှ တွေးမထားမိခဲ့။ အရင်က အရာရာတွင် ဆရာလုပ်ခဲ့သော
ဆန်းမောင် တပည့်ဘဝကို ခဏချက်ချင်းချင်း ပေးလိုက်ရပါသည်။ ပေးသွားသည့် သင်ခန်းစာက
ဘဝဆိုတာ အဆင့်ကျော်တွက်မရသည့် ပုစ္ဆာဖြစ်သည်တဲ့လေ။
သွင်ဆန်းမောင်
(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ
အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...
'ဒီအကြောင်းကို ကျွန်မ မပြောချင်ပါဘူး။ ဒီလိုပြောမှလည်း ကိုစိုးချစ် အမြင်ရှင်းမှာပါ။ အလုပ်အရှာရခက်လို့ ဆရာမ ဝင်လုပ်တဲ့သူတွေရှိတာ ကျွန်မ သိပါတယ်။ ကျွန်မဘဝက အဲဒါတွေနဲ့ လုံးလုံးဆန့်ကျင်ပါတယ်'