ရွှေဝတ္ထုရှည် စ/ဆုံး

ဧကရီမိဖုရား

ယဉ်ယဉ်နု၊မန္တလေး၊

01 December 2024
ဧကရီမိဖုရား
Share to

‘ငါက ဧကရီ ဖြစ်ချင်တာ၊ ဖိဖုရားတောင် မလုပ်ချင်ပါဘူးဆိုနေမှ နင်တို့က သွားစမ်းပါဟာ... ဘာလာကြောင်နေကြတာလဲ’

            လုပ်ချလိုက်ပြန်ပြီ။ နဂိုက ဒီလိုစကားပဲ ကြားရမယ်ဆိုတာ မျှော်လင့်ထားပြီးသား ဖြစ်ပါလျက်နဲ့ ငယ်ငယ်တုန်းက သူငယ်တန်းကျောင်းသူဘဝကနေ ဘွဲ့ရတဲ့အထိ တစဉ်တစိုက် တွဲလာခဲ့ကြတဲ့ အချစ်ဆုံး သူငယ်ချင်း လေးယောက်ရဲ့ သံယောဇဉ်နဲ့ ကနေ့ မိနီကို လာတွေ့ဖြစ်ကြတာ။ အေမီက နှုတ်ခမ်းကို ရွဲ့ပြီး ဟွန်းလို့ အသံပြုသည်။ စုစုကတော့ နှုတ်ခမ်းကြီးတစ်တောင်လောက် စူပြီး တစ်ဖက်ကို လှည့်သွားသည်။ ဝေဝေတစ်ယောက်ကသာ လေးယောက်ထဲမှာ အအေးချမ်းဆုံး၊ သ‌ဘောအကောင်းဆုံးပီပီ မချိပြုံး ခပ်နွမ်းနွမ်းလေးတစ်ချက် ပြုံးမိသည်။ ကြည့်ဦးလေ။ ဒီစကားတွေ ပြောလိုက်သည့် မိနီမျက်နှာလေးက စိုးရိမ်ပူပန်လို့ ရောက်လာကြသည့် သူငယ်ချင်းတွေကိုမှ အားမနာ၊ ထီမထင်တဲ့မျက်နှာ ချီချီကလေးနှင့် ပုလဲရောင် လက်သည်းဆိုးဆေးလေးကို စိတ်ရှည်လက်ရှည် ဆိုးနေတာ လှည့်တောင်မှ မကြည့်။ လက်ချောင်းကလေးတွေကို ကော့ပြီး တဖူးဖူးမှုတ်နေသည်။ စိတ်ထဲမှာ အမြင်ကတ်ကတ်ရှိနေစဉ်မှာပင် မိနီ လက်ချောင်လေးတွေက ဖယောင်းတိုင်က‌လေးတွေလို သွယ်သွယ်ပျောင်းပျောင်းနဲ့ သိပ်ကို လှတာပါလားလို့ ဝေဝေ ချီးမွမ်းနေမိသည်။ မိနီဆိုတာ လက်ချောင်းလေးတွေပဲ လှတာ မဟုတ်ပါဘူး။ ပြစ်မျိုးမှဲမထင်တဲ့ မျက်နှာလေးရော၊ ကိုယ်လုံးကိုယ်ပေါက်ရော ဘာမှပြောစရာ မရှိခဲ့တာ။ သဘောကလည်း ကောင်း၊ လူတကာကို သနားတတ်၊ ကူညီတတ်သော တစ်ဦးတည်းသောသမီးအဖြစ် ပိုက်ဆံလည်းချမ်းသာပြီး ရှေးကုသိုလ် ကောင်းခဲ့တာ ဝေဝေ အသိပါ။ အခုလောလောဆယ် ငါက ဧကရီဖြစ်ချင်တာဆိုတဲ့ စကားကလည်း ကူညီတတ်သော မိနီရဲ့အမူအကျင့်ကြောင့် ဒီစကားကြီးကို မိနီ ပါးစပ်ဖျားရောက်လာတာ။ သူငယ်ချင်း အရင်းခေါက်ခေါက် ဝေဝေက အဲဒီတုန်းက ရှစ်တန်းကျောင်းသူဘဝကို အခု မှတ်မိနေပါသေးသည်။

            ‘ငါတို့ ရှစ်တန်းအေကို နောက်ပြောင်းလာတဲ့ ကျောင်းသူအသစ်ကလေးဟာ၊ ဟိုရွှေရွှေဆိုတဲ့ ကောင်မလေး သနားစရာ ကောင်းလိုက်တာ။ သူက ယောက်မနဲ့ နေရတာတဲ့။ သူ့ ယောက်မက သူ့ကို သိပ်နှိမ် တာပဲတဲ့ဟ၊ သိလား' မိနီ စကားကို မစီမာ ဆီးပေါင်း အစားမပျက်ဘဲ ဝေဝေ နားထောင်နေသည်။

            'ဝေဝေ နင် ငါပြောတာ ကြားရဲ့လား'

            မိနီအသံက ကျယ်သွားတော့ အိမ်စာအက္ခရာ သင်္ချာတွေ မတွက်ခဲ့ရ၍ စုစုစာအုပ်ထဲက အသည်းအသန်ကူးနေသော အေမီပါ ခေါင်းထောင်လာပြီး 'ငါ ကြားတယ်၊ ငါ ကြားတယ်၊ သူ မကြား လည်း ငါ ကြားတယ်'လို့ ထအော်သည်။

            'ငါက အကောင်းပြော မလို့ပါဟဲ့။ ဒီနေ့လေ ရွှေရွှေက သူ့လက်ကလေးတွေ ဖြန့်ပြတယ်။ အသားနီတွေကို လန်နေတာပဲဟာ၊ သနားပါတယ်။ တစ်အိမ်လုံး လူလေးငါးယောက် ချိုးဖို့၊ သုံးဖို့ ရေ သူတစ်ယောက်တည်း ဆွဲရတာတဲ့ဟ၊ သနားပါတယ်နော်'

            ဝေဝေ ပခုံးတွန့်လိုက်မိသည်။ လူ လေးငါးယောက်စာ ရေဆွဲရတာလေးများ သနားအောင် ပြောတဲ့လူကလည်း ဖွဲ့နွဲ့ပြောတတ်ပါ့။ တစ်ဦးတည်းသောသမီး မပေါ်ကြော့ကလည်း ကြံဖန်လို့ သနားနေသည်။ ဝေတို့ဆို အိမ်မှာ အကြီးဆုံး၊ ကျောင်းပိတ်ရက် မောင်နှမ ခြောက်ယောက်စာ အဝတ်တွေရော၊ စောင်တွေ၊ ခြင်ထောင်တွေရော လျှော်ရတာ။ တစ်ခါတလေ လက်တွေများ ပဲ့ရွဲ့လို့၊ တခုတ်တရ ဖွဲ့နွဲ့ပြီး မပြောဘူးပေါင်။

            'ကျောင်းအင်္ကျီ၊ ကျောင်းလုံချည်ကလည်း နှစ်စုံတည်းရှိတာတဲ့ဟ။ သနားပါတယ်နော်။ အဲဒါ ငါက ဖေဖေ့ကို ပြောပြတော့ ဖေဖေက လုံချည်နှစ်ထည် ဝယ်ပေးလိုက်တယ်ဟ'

            'အဲဒါ ဘာဖြစ်တုံး'

            'ငါ ပီတီချိန်ကျရင် ပေးမလို့ နင်တို့လည်း လိုက်ခဲ့နော်'

            ပီတီချိန်မှာ မိနီက ခေါင်းကိုက်ရတာနဲ့၊ ပီတီ ဆရာ မလာတာနဲ့။ သူတို့က လစ်နေကျဖြစ်သည်။ ဒီတစ်ခါတော့ လစ်တဲ့လူ တစ်ယောက် တိုးလာသည်။ သောက်ရေကန်ကြီးအကွယ် ဧကရစ်ပင်ကြီး အောက်မှာ သူတို့လေးယောက်နှင့် ရွှေရွှေတို့ ဧကရစ်ပန်းတွေ ကောက်ကြသည်။ ရွှေရွှေ့မျက်နှာလေး ပျော်မြူးနေတာကြည့်ပြီး ဝေဝေတို့ပါ ပျော်ကြသည်။ အဲ့ဒီလိုနေတုန်း ရွှေရွှေက ဧကရစ်ပန်းပွင့်တွေကို ခြွေပစ်ပြီး အရိုးတံလေးတွေ စုနေ၍ မိနီက 'ရွှေရွှေ နင် ဘာလုပ်နေတာလဲ'ဟုမေးတော့ ရွှေရွှေက... 'ငါ နင့်ကို ဗေဒင်ဟောပေးမလို့'ဟု ဖြေသည်။ ဗေဒင်ဆိုတော့ အကုန်လုံး စိတ်ဝင်စားစွာ ဝိုင်းလာကြသည်။ ရွှေရွှေက ဧကရစ်ရိုးတံကလေး ရှစ်ခုကို စုကိုင်၍ မြေပေါ်သို့ ဖရိုဖရဲ ပစ်ချလိုက်သည်။ ဝေဝေ မျက်စိထဲမှာတော့ ဖြစ်သလို ကျနေသည့် ရိုးတံလေးတွေဟာ ဘာမှထူးခြားမှု မရှိပါ။ ဒါပေမယ့် ရွှေရွှေက သူတို့ ရိုးရာဗေဒင်တဲ့။ သူက ဗေဒင်ဆိုတော့လည် ဗေဒင်ပေါ့လေ။ ခေါင်းလေးငါးခေါင်း စုဝိုင်းနေပြီး သူ့အရင်ဟောပါ၊ ငါ့အရင်ဟောပါနှင့် ဆူညံလို့နေသည်။ ရွှေရွှေက ရိုးတံကလေးတွေကို နောက်တစ်ခါ ဆုပ်ကိုင်ပြီး 'ဒါ မိနီ အတွက်'ဟု ဆိုကာ ကြဲချ လိုက်သည်။ အားလုံးစိတ်ဝင်တစား ဝိုင်းကြည့်နေကြစဉ် ရွှေရွှေဆီက 'ဟင်'ဆိုသည့် အသံထွက်လာသည်။ မိနီက 'ဘာတဲ့လဲ၊ ဘာတဲ့လဲ'ဟု စိတ်ထက်သန်စွာ မေးတော့ ရွှေရွှေက 'အို... သိပ်ထူး ဆန်းတာပဲ၊ နင် သိပ်ကောင်းတာပဲ သိလား'လို့ ပြောလိုက်တော့ မိနီ မျက်လုံးလေးတွေ တောက်ပလာသည်။ ဝေဝေကတော့ လောလောဆယ် လုံချည်နှစ်ထည်ပေးတဲ့ဥစ္စာ၊ မကောင်းဘူးလို့ ဟောလို့ ဖြစ်နိုင်ပါ့မလား။ မကောင်းတောင် ကောင်းတယ်ပဲ ပြောရမှာပေါ့လို့ မလိုတမာ တွေးမိနေစဉ် ရွှေရွှေနဲ့မိနီကတော့ အရှိန်ရနေပြီ။

            'မိနီ နင့်ဘဝမှာလေ နင် လိုချင်တာတွေ၊ အကောင်းဆုံးတွေ နင့်ခြေရင်းမှာ ဝပ်ဆင်းလာမယ်။ အကောင်းဆုံး အဝတ်အစားတွေရမယ်။ အကောင်းဆုံး ရည်းစားရမယ်။ အို... ဒါပေမယ့် နင် လက်မခံနဲ့ မိနီ။ နင်ဟာလေ မိဖုရား ဖြစ်မယ့်လူ မဟုတ်ဘူး။ နင်က ဘဝမှာ ဧကရီ ဘုရင်မ ဖြစ်မယ့်လူ။ ဘယ်သူ့ကိုမှ နင် အလုပ်အကျွေး ပြုစရာမလိုဘူး။ နင့်ကိုသာ ဝိုင်းပြီးပြုစုကြမှာ။ ငါ ပြောတာတွေ မှတ်ထားနော်။ နင်ဟာ ဧကရီဖြစ်မယ့်လူ၊ မိဖုရား  မဟုတ်ဘူး'

            အဲ့ဒီအချိန်မှာ မိနီ၏ ပါးစပ်ကလေးက တအံ့တသြ ပွင့်ဟလို့နေပြီး လက်ကလေးနှစ်ဖက်ကို ရင်ဘတ်မှာ ကပ်ကာ မျက်လုံးလေးတွေက အရည်ကြည်လေးတွေ လဲ့နေအောင် ပိတီ ဖြစ်လို့နေသည်။ ကျန်တဲ့လူတွေတော့ မသိ၊ ဝေဝေကတော့ ရွှေရွှေ၏ စကားတွေက မိနီကို စွမ်းအားတစ်ခုအဖြစ် ဆွဲဆောင်လိုက်ပြီဆိုတာ အဲဒီနေ့ကတည်းက သတိထားလိုက်မိလေသည်။

            လေးယောက်သား မခွဲဘဲ တက္ကသိုလ် ဆက်တက်ကြသောအခါ ရွှေရွှေက ကျကျန်ရစ်ခဲ့သည်။ စာလည်းမတော်၊ စာလည်းမညံ့ဘဲ မေဂျာတစ်ခုတည်း တက်ကြတော့ သူတို့လေးယောက် ကြားမှာ မိနီက ပြောင်းလဲ လာခဲ့သည်။ ပထမဆုံး မိမိနီ ဟူသောအမည်ကို မော်ကွန်း ထိန်းရုံးသို့သွား၍ မေဘရဏီဟု အမည်ပြောင်းခဲ့သည်။ ခပ်ရိုးရိုး၊ ခပ်တုံးတုံး ဝတ်တတ်သော အညာတက္ကသိုလ်တွင် မိနီက အင်္ကျီလက်ရှည် ချိတ်လုံချည်ရောင်စုံဖြင့် တဖြည်းဖြည်း မဟာဆန်သူ ဖြစ်လာသည်။ ကော်ရစ်တာမှာ သူ့ကို လာကြည့်သော ကျောင်းသားကြီးများနှင့် စည်ကားနေသည်ကို မိနီ ဂုဏ်ယူတတ်လာသည်။ စုစု နှင့်အေမီက မိနီကို ပဲများလိုက်တာ တဖြည်းဖြည်း ကြည့်မရဟု ကွယ်ရာမှာ တီးတိုးဝေဖန်ကြပေမယ့် လက်တွဲတော့ မဖြုတ်ဖြစ်ကြ။ ဒါပေမယ့် တစ်ခါတလေ သူတို့နှစ်ယောက်တည်း ကန်တင်းကို ထွက်သွားတတ်၍ သည်းခံတတ်သော ဝေဝေက မိနီကို အဖော်လုပ်ရပြန်သည်။ တစ်ရက် 'ငါတို့ ဂျီစီအာ ခဏသွားရအောင်' လို့ မိနီက ပြောလာတော့ ဝေဝေ မျက်လုံးပြူးသွားသည်။ 'ဟယ် ယောကျ်ားလေးနား နေခန်းကြီးကိုမှ နင်က ဘာသွားလုပ်မှာတုံး'

            မိနီက တခစ်ခစ် ရယ်သည်။

            'နင် သိပ်တုံးတာပဲ။ ဂျီစီအာမှာ ပန်းချီပြပွဲရှိတယ်လေဟာ။ အဲဒီမှာ ငါ့ပုံ ဆွဲထားလို့တဲ့။ အဲဒါ ကြည့်ချင်လို့'

            'နင့်ပုံ'

            'ဟုတ်တယ်။ ငါ့ပုံ။ ဒါပေမယ့် ဘယ်သူဆွဲမှန်း မသိဘူး'

            ဝေဝေ တအား စိတ်ဝင်စားသွားပြီး နှစ်ခါမခေါ်ရဘဲ ထလိုက်လာခဲ့သည်။ ဟုတ်ပါတယ်။ မိနီခေါ် မေဘရဏီ၏ ပုံအစစ်ပါပဲ။ ပန်းချီပြပွဲ အဝင်ဝကပင် မြင်ကွင်းကောင်းသောနေရာမို့ ထင်ထင်ရှားရှား လှမ်းမြင်နေရသည်။

            ပန်းချီကားကြီးရှေ့တွင် ဝိုင်းအုံလျက်ရှိကြသော လူအုပ်စုကြီးထဲမှ တစ်ယောက်က မိနီကို သတိထား မိသွားသလား မသိ။ အားလုံးဟာ လည်ပြန်လှည့်ကြည့်ကြပြီး တစ်ယောက်တစ်ပေါက် ပြောနေသော အုန်းအုန်းကျွက်ကျွက် စကားသံများသည်လည်း တစ်စ တစ်စ တိတ်သွားကြပြီး အလိုအလျောက် အုပ်စုနှစ်စု ကွဲကာ အလယ်ကောင်တွင် လမ်းကလေးသဖွယ် ဖြစ်သွားသည်။ တိတ်တိတ်ဆိတ်ဆိတ် ကြိုဆိုနေကြသလို ဖြစ်နေသော ပူရိသ အများအပြား အုပ်စုကြားတွင် ဝေဝေက ဒူးတုန်လက်တုန် ဖြစ်နေပေမယ့် မိနီကတော့ ခြေလှမ်းမှန်မှန်လေးဖြင့် မင်းသမီးတစ်ပါး ကြွချီလာသလို ခပ်တည်တည် လျှောက်လှမ်းသွားခဲ့သည်။ ပန်းချီကားကို မြင်လိုက်ရမှပင် ဝေဝေ ရင်သပ်ရှုမော ဖြစ်ရသည်။ မိနီပါဟု သိနိုင်သည့် ပန်းချီကားထဲက မိန်းကလေးသည် ထုံးနှောင်ထားသော ဆံနွယ်တွင် နှင်းဆီတစ်ပွင့်ကို အသာအယာ ပန်ဆင်လျက်ရှိသည်။ ပန်းချီကား အောက်ခြေမှ စာတန်းက ဝေဝေ၏ မျက်လုံးကို ပြူးကျယ်သွားစေ၏။

            'မဖုရား'တဲ့။

            တီးတိုးထွက်ပေါ်လာသော မှတ်ချက်သံနှင့်အတူ ကျေနပ်နှစ်သိမ့်စွာ ပြုံးယောင် သန်းနေသော မိနီ၏မျက်နှာကို ငဲ့စောင်းကြည့်ရင်းက မိနီ ဘာကို တွေးနေမလဲဟု ဝေဝေ သိချင်နေသည်။ ဝေဝေကတော့ ဒီအချိန်မှာ မဆီမဆိုင် ရွှေရွှေ၏ဟောကိန်းကို သတိရနေသည်။

            'ပန်းချီဆွဲတဲ့လူက မြန်မာစာက အစ်ကိုကြီး တစ်ယောက်တဲ့ကွ' စုစုနှင့် အေမီကလည်း အရေးကြုံလာတော့ မိနီအတွက် စုံစမ်းရေး ဆင်းကြသည်။ သိပ်စုံစမ်းစရာ မလိုပါ။ အညာ တက္ကသိုလ်တစ်ခုလုံး ဟိုးဟိုးကျော်အောင် ပန်းချီဆွဲသည့် ပညာရှင်နှင့် ပန်းချီကားထဲက မိနီသည် အပြင်လောက၏ ပုံပြင်တစ်ပုဒ်သဖွယ် ဟင်္သာမောင်နှံလို တွဲလိုက်ကြတာ စုစုတို့ အေမီတို့ မဆိုထားနှင့် ဝေဝေပင် အတန်းလစ်ပါများသည့် မိနီကို သတိပေးဖြစ်ခဲ့သေးသည်။ ဒီလိုနှင့် နောက်ဆုံးနှစ်၏ နောက်ဆုံးရက် ကာလများတွင် မျက်နှာတစ်ခုလုံး နီရဲနေသော မြန်မာစာ ဝိဇ္ဇာကျောင်းသား ကိုမြင့်မောင်သည် ဝေဝေတို့ဆီသို့ ရောက်လာခဲ့သည်။

            'ခင်ဗျားတို့ သူငယ်ချင်းဗျာဟု အစချီသော ရင်ဖွင့်စကားများထဲတွင် ကိုမြင့်မောင်၏ စွဲမြဲသောချစ်ခြင်း အနန္တကို ဝေဝေတို့ မြင်ရသည်။ ရွှေကုန်သည် အသိုင်းအဝိုင်း၊  မျိုးကောင်းရိုးကောင်း သတို့သားလောင်းအဖြစ် ဂုဏ်တက်စေမည့် သူတစ်ယောက်ကို မိနီက လက်မထပ်နိုင်ပါတဲ့။ စုစုနှင့်အေမီက တောက်တခေါက်ခေါက် ခံပြင်းကြပေမယ့် ဝေဝေကတော့ အခုအခါမှာ ဘယ်ဆီ ဘယ်ဝယ် ရောက်နေမှန်းမသိသည့် ရွှေရွှေ့ကိုသာ ကျိတ်၍ ကြိမ်ဆဲနေမိသည်။ ဟုတ်တယ်လေ။ ကိုမြင့်မောင်ကို  မိနီ ငြင်းလိုက်သည့်စကားက 'နီ မိဖုရား မလုပ်ချင်ဘူး၊ ဧကရီပဲ ဖြစ်ချင်တယ်။ အို... ယောကျ်ားတစ်ယောက်ရဲ့ အလုပ်အကျွေး ဘယ်တော့မှ မဖြစ်ချင်လို့ပါ'လို့ ပြောသတဲ့။

            ယဉ်ကျေးသိမ်မွေ့စွာ အချစ်တွေကို သိမ်းဆည်း၍ နောက်ဆုတ် ထွက်ခွာသွားသော ကိုမြင့်မောင်ကိုသာ ကျေးဇူးတင်စွာဖြင့် အညာတက္ကသိုလ်၏ နောက်ဆုံးရက်များကို ဝေတို့ ကုန်ဆုံးခဲ့ကြ သည်။

            'ကျောင်းပြီးပြီဆိုကတည်းက နင်တို့လည်း ကိုယ်စီကိုယ်စီ ယောကျ်ား ယူကြတာနော်။ တန်းစီနေတာပဲ။ ငါ့လို ဘယ်သူမှ အပျိုကြီး လှလှပပ မလုပ်နိုင်ကြဘူး' ခပ်ထေ့ထေ့ ပြောလိုက်သည့် မိနီကို 'နင်က ရမှမရဘဲ'လို့ နှုတ်လှန်ထိုးရန် ဝေဝေ စိတ်မကူးပါ။ မကြားချင်ယောင်ဆောင်ပြီး ရေခဲမုန့်ကိုသာ ငုံ့စားနေမိသည်။ နို့မို့ရင် မရလို့မဟုတ်ဘူးဆိုတာ နင်တို့ အသိဆုံးပါ။ နီတို့က ယောကျ်ားတစ်ယောက်ကို အလုပ်အကျွေး မပြုချင်လို့ဆိုသည့် ဝေဝေတို့ နားခါးသောစကားကို မိနီက ပြောဦးမှာ။ အခုလောလောဆယ် ဈေးချိုဟိုတယ်မှာ မင်္ဂလာဆောင်နေသော အေမီက ကံကောင်းစွာ မိနီစကားတွေ မကြားရ။ ကိုယ်စီကိုယ်စီ ကလေးတွေရပြီးသည့် ဝေနှင့် စုစုတို့က မိနီ ဒဏ်တွေ လှိမ့်ပိန့်ခံနေရဆဲ။

            'ဝေဝေရာ ဟိုနေ့က နင် အင်္ကျီလာအပ်တုန်းက နင့်သားလေး ငါ့အစတွေကို ဖွသွားတာ ကလေးမလေးတွေ ရှင်းလိုက်ရတာကွာ။ ဒါနဲ့ ငါ့ ကလေးမတွေထဲက နန္ဒာဆိုတဲ့ကောင်မလေး တော်တယ် သိလား။ ဝေ့သားလေး ဆွဲချထားသမျှ စိတ်ရှည်ရှည်နဲ့ ရှင်းတာ'။ မိနီက ကျောင်းပြီး စကတည်းက ဘယ်သူမှ မထင်သော လုပ်ငန်းတစ်ခုကို ဦးစီးထူထောင်လိုက်သည်။ အစိုးရအလုပ်ရဖို့၊ ကုမ္ပဏီအလုပ်ရဖို့ မကြိုးစားဘဲ စက်ချုပ်သင်တန်း ဖွင့်ခဲ့တာ အခုချိန်မှာ တပည့်လက်သားတွေ အများအပြားနှင့် တော်တော် အောင်မြင်နေပြီ။ သူ့ဆီ အင်္ကျီ သွားအပ်လျှင် ရံရွေတော်တွေ တစ်ပုံကြီး အလယ်က ဘုရင်မတစ်ပါးလို ဝေဝေ ထင်မြင်လာပြီး ရွှေရွှေ၏ ဟောကိန်းကို တစ်ခါတလေ ပြန်သတိရနေမိတာ ကမ်းတက်သွားမှာစိုးလို့ မိနီကိုတော့ ဘာမှမပြောမိ။ အခုတော့ သားနှင့်ပတ်သက်ပြီး ပြောတော့ ဝေ မခံနိုင်။

            'ငါ့သားက ငယ်ငယ်လေးရှိသေးတာ။ ကြီးရင် အားကိုးရမှာ။ နင် ဘယ်သူ့ အားကိုးမှာတုံး ကဲ'

            ဝေဝေ ဘလိုင်းကြီး ချွတ်လိုက်သည့်စကားကို စုစုက မော့ကြည့်ပြီး မိနီက ဟက်ဟက်ပက်ပက် ရယ်သည်။

            'ကြည့်စမ်း၊ အခု ငါတို့ သုံးဆယ်နားနီးနေပြီ။ ဒီအချိန် မှ ဟိုမိန်းမ အေမီက မင်္ဂလာဆောင်တာ၊ ပြီးရင် သူလည်း ကလေးမွေးဦးမယ်။ နင်တို့လိုပဲ မနိုင်မနင်း ဖြစ်ဦးမယ်။ ငါကတော့ ဘာမှ မနိုင်မနင်း ဖြစ်စရာမရှိ။ တပည့်တွေ ဆိုလည်း ပုံလို့။ မပူပါနဲ့ဟာ'

            အဲဒီနေ့က မင်္ဂလာဆောင်မှအပြန် ကားပေါ်မှာ စုစုက ထူးဆန်းသော စကားတစ်ခွန်းကို ဝေဝေ့ကို ပြောပြလေသည်။

            'မိနီက စကားနိုင်လုပြီးသာ ငါတို့ကို အရှက်ပြေ ပြောသွားတာဟ။ နင်က နယ်က ပြန်ရောက်တာမှ မကြာသေးလို့ မသိတာ။ အခု ဒီကောင်မ၊ ကောင်လေးတစ်ယောက်နဲ့ တွဲနေတာ ဆိုင်ကယ်နဲ့ ဟိုနားတွေ့၊ ဒီနားတွေ့ တွေ့နေတာ ကြာပြီပဲ'

            ဝေဝေက အံ့သြသွားသည်။ မိနီ၏ စိတ်ကို တစ်သက်လုံး အနီးကပ် သိခဲ့ဖူးသူမို့ မိနီ ဘာတွေထွင်ပြန်လဲဟု ရင်လေးသွားရသည်။ သူ ကြီးကျယ်တာ၊ ကြီးကျယ်တာပဲ၊ သူငယ်ချင်းက သူငယ်ချင်းပဲမို့ ဝေဝေ သိချင်စိတ်တွေ ဖြစ်ပေါ်လာသည့် အချိန်တွင် မိနီအတွက် စိတ်ပူတဲ့လူက မနေနိုင်မထိုင်နိုင် စိတ်ပူနေသည်။ နှစ်ပေါင်းဆယ်နှစ်ကျော် ကွဲကွာနေသော ကိုမြင့်မောင်က တစ်ရက်မှာ ဝေဝေ့ကို လာတွေ့ခဲ့သည်။

            'အေးဗျာ၊ ကျွန်တော်လည်း ရေစက်လို့ ပြောရမလား၊ ဝဋ်ကြွေးလို့ ပြောရမလား မသိပါဘူး။ ခုထိ  ခင်ဗျားတို့ သူငယ်ချင်းကို မေတ္တာစိတ် မကုန်သေးဘူး။ ဟိုတစ်နေ့က ပလာဇာတစ်ခုမှာ သူတို့စုံတွဲကို တွေ့လိုက်တယ်။ ကောင်လေးက သူ့ပုံစံနဲ့ ဘာမှမဆိုင်ဘူးဗျ။ နားပေါက်နဲ့ အို...လက်တွေ လည်ပင်းတွေမှာလည်း ဆွဲကြိုးတွေ၊ လက်ပတ်တွေ ရှုပ်ယှက်ခတ်နေတာပဲ။ မင်းနဲ့ ဘာဆိုင်တော့လို့လဲလို့ ကိုယ့်စိတ်ကို ကိုယ် ဆုံးမကြည့်ပါတယ်၊ မရဘူးဗျ။ ကျွန်တော် မနေနိုင်၊ မထိုင်နိုင် စိတ်ပူလာလို့ မဝေဝေကို အခုလို လာပြောရတာပါ။ နည်းနည်းပါးပါး စုံစမ်းပြီး ခင်ဗျားတို့ သူငယ်ချင်းကို မေးမြန်း ကြည့်ကြဦး'

            ကိုမြင့်မောင်လာပြောသွားပြီး ဝေတို့ စုစုတို့ သုံးလေးခါ ဖုန်းဆက်ပြီး တိုင်ပင်ကြသည်။ အားလုံး၏ ဆုံးဖြတ်ချက်အရ နောက်ဆုံးမှာတော့ အေးလေ... ငယ်ငယ်ကတည်းက တွဲလာခဲ့တဲ့ သူငယ်ချင်းတွေပဲ ဆိုသည့် စိတ်နှင့် မိနီဆီ ရောက်ခဲ့ကြတာ ထင်တဲ့အတိုင်းပါပဲ။ ဒီရောက်တော့ မခိုးမခန့်အပြောနဲ့ လက်သည်းနီ ဆိုးနေတာကိုသာ ထိုင်ကြည့်နေရတော့ ဝေ ငယ်ငယ်က ရွှေရွှေဟော ခဲ့သည့် အားလုံးက နင့်ကို ဝိုင်းပြီး အလုပ်အကျွေးပြုကြရမှာဆိုတဲ့ စကားကို သတိရမိသည်။ အင်း ငါတို့လည်း သူ့ အလုပ်အကျွေးထဲမှာများ ပါနေကြရော့သလား။

            'အခုဟာက ကျောင်းတုန်းကနဲ့ မတူဘူး မိနီရဲ့။ ကျောင်းတုန်းက တွဲပြီး မယူဖြစ်ရင် ရေနီမြောင်းဘေးမှာ ကျန်ခဲ့တာ။ အခု ငါတို့ သက်လတ်ပိုင်း ရောက်လာပြီ။ အလုပ်နဲ့အကိုင်နဲ့။ ဂုဏ်သိက္ခာနဲ့ တင့်တယ်နေပြီ။ တွဲသွားတွဲလာ များလာကတည်းက ဟိုကဒီက စောင့်ကြည့်နေကြပြီ။ နင်တို့ငါတို့ဆိုတာ လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင် လုပ်နေတဲ့လူတွေ။ နင် တစ်ယောက် ယောက်ကို တင့်တင့်တယ်တယ် လက်ထပ်လိုက်ပါလားဟာ'

            မိနီက လက်သည်းဆိုးဆေး ပုလင်းလေးကို ပိတ်၍ မှန်ကောင်တာပေါ် တင်လိုက်သည်။

            'မမ၊ အအေး'ဟူသော အသံနှင့်အတူ သူ့တပည့်မလေးတစ်ယောက်က ဖန်ခွက်တွေ လာချသည်။

            'အေး...အေး... ထားခဲ့ နန္ဒာ'လို့ မိနီက ပြောတော့မှ ဝေဝေက နန္ဒာဆိုသည့် ကောင်မလေးကို သတိတရ လှည့်ကြည့်မိတော့ ဖြူဖြူသန့်သန့်ချောချောလေး၊ ကြည်စင်သော အပြုံးကလေးနှင့် ကောင်မလေး ထွက်သွားမှ မိနီက စကားစသည်။

            'ငါက လက်မထပ်ချင်ဘူး။ မိန်းမတစ်ယောက်ရဲ့ စွမ်းဆောင်နိုင်တဲ့၊ လုပ်ငန်း လုပ်နိုင်တဲ့ အဖိုးတန်အချိန်တွေကို ယောကျ်ားတစ်ယောက်ရဲ့ ခြေရင်းမှာ ပုံချ မပေးနိုင်ဘူး၊ ကဲ'

            'နင် ငါတို့သုံးယောက်စလုံးက အိမ်ထောင်သည်တွေနော်။ နင်ပြောသလို ကိုယ့်ဘက်က အရှုံး၊ အနစ်နာခံရတာချည်း မဟုတ်ပါဘူးဟာ။ သူတို့ဘက်က ကိုယ့်အတွက် စားဝတ်နေရေး လိုအပ်ချက်ကို တာဝန်ယူပေးတာ၊ ယောကျ်ားတစ်ယောက် အနေနဲ့ မားမားမတ်မတ် ရပ်ပြီး အားကိုးရတာတွေလည်း ရှိပါသေးတယ်'

            အေမီက လေပြည်လေးနှင့် မိနီကို ရှင်းပြတော့ သူ ပြုံးနေသည်။

            'ဒါတွေ ငါ စွမ်းဆောင်နိုင်တယ်လေဟာ။ ဘယ်သူ့ အပေါ်မှ အားကိုးစရာ မလိုဘူး။ တပည့်တွေလည်း အများကြီး။ ငါ့ကို အလုပ်အကျွေးပြုမယ့် လူတွေ အများကြီး'

            စုစုက စိတ်ဆိုးလာပုံနှင့် ဆတ်ကနဲ 'ဒါဖြင့် နင် နေမျိုးဗလနဲ့ ဘာလို့တွဲနေသေးလဲ'

            မထင်မှတ်ဘဲ ဝင်လာသည့် ဖြတ်မေးခွန်းက မိနီကို ဆတ်ခနဲ ဖြစ်သွားစေသည် ထင်သည်။

            'ဒါက သွားတယ်၊ လာတယ်၊ သူက ငါ့အနားမှာ ကပ်နေတယ်။ ငါ့ကို စိတ်တိုင်းကျ အလိုလိုက် အကြိုက်ဆောင်တယ်။ ဘာမှလိုလေသေး မရှိစေရဘူး။ ငါ ဘယ်သွာသွား အဆင်သင့် အနားမှာ ရှိနေတယ်။ ဒါပေမယ့် ငါ့ချစ်သူ မဟုတ်ဘူး'

            'နင်က မဟုတ်ဘူး ပြောပေမယ့် တစ်မြို့လုံးက ပြောနေကြတာ'

            'ပြောပစေပေါ့ဟ၊ အားအားယားယား'

            စကားဝိုင်းက မမျှော်လင့်ဘဲ တင်းမာလာပြန်၍ ဝေဝေက...

            'ဟယ်၊ စုစုကလည်း နေပါဦး၊ ငါ ပြောပါဦးမယ်။ ဒီမှာ မိနီ၊ မိန်းမတစ်ယောက်ဟာလေ ကိုယ်ချစ်တဲ့လူကို ရအောင်ယူနိုင်မှ သိလား။ တွဲရုံတွဲပြီး ရအောင်မယူနိုင်ဘူးဆိုရင် အရှုံးကြီး ရှုံးတယ်လို့ ငါထင်တယ်။ နင် ချစ်ရင် ယူလိုက်ဟာ၊ နင့်ဘက်မှာ ငါ တို့ရှိတယ်။ နင် လိုချင်တာ ဖြစ်အောင် ငါတို့ လုပ်ပေးမယ်။ လက်ထပ်ဖို့ အချိန်တန်နေပြီ သိရဲ့လား'

             ဝေဝေ ဝင်ပြောသည့် စေတနာစကားကို မိနီ တုံ့ပြန်တာက အလွန်သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ခြင်းပင် ဖြစ်လေသည်။ အားလုံး ကြောင်သွားကြစဉ် မိနီက...

            'ဝေရာ၊ နင်တို့ စေတနာ ငါ သိပါတယ်။ ကျောင်းတုန်းတည်းက ခင်လာကြတာပဲဟာ၊ ဒါပေမယ့် ငါ တကယ်ကို ဘယ်သူ့ကိုမှ အလုပ်အကျွေး ပြုချင်တာ မဟုတ်ဘူး။ ငါ့ကို အလုပ်အကျွေးပြုတာသာ ဘဝ တစ်လျှောက်လုံး ငါ နှစ်လို စွာခံယူလာခဲ့တာ၊ တော်ပြီ ဒီစကားပဲ ထပ်တလဲလဲ ပြောနေရမှာ တခြားစကား ပြောရအောင်ဟာနော်'

            'တခြားစကား ပြောရမယ်ဆိုရင် ငါတို့ပြန်တော့မှာ'

            ခပ်တည်တည် ပြောပြီး စုစုက ဆလင်းဘက်ကို ကောက်လွယ်၍ ဝေတို့ ဝရုန်းသုံးကား ထရပ်လိုက်ရသည်။ ဆွေးနွေးပွဲက မအီမလည်ဖြစ်ပြီး ကားပေါ်တွင် ဒေါသဖြစ်နေသော စုစု၊ တဖျစ်တောက်တောက် ပြောနေသော အေမီတို့ကြားတွင် ဝေဝေ စိတ်ညစ်ညူးစွာ ပါလာခဲ့သည်။ လမ်းချိုးတစ်ခုမှာ 'ဒီလမ်းပဲ'ဆိုပြီ အေမီက ကားကို အရှိန်လျှော့လိုက်သည်။ ဝေဝေက 'ဘယ်သူ့ဆီ သွားမလို့လဲ'လို့ မေးမိတော့ 'လုပ်မယ့်လုပ် ရေဆုံးရေဖျားပဲ လုပ်တော့မယ်။ အခု နေမျိုးဗလဆီ သွားမလို့ဟဲ့၊ နင် ဘာသိလဲ။ နေမျိုးဗလရဲ့ဆိုင်ကယ်ရော၊ ဟန်းချိန်းရော မိနီက ဝယ်ပေးထားတာတဲ့'

            'ဟောတော့၊ နင်တို့ သူများကိစ္စထဲ သိပ်ကို ဝင်ပါလွန်းနေပြီနော်။ လွှတ်ထား လိုက်စမ်းပါဟာ'

            ဝေဝေ စကားကို ဟိုမိန်းမနှစ်ယောက် နားမဝင်တော့။ ကားကလည်း တိုက်ခန်းရှေ့မှာ ရပ်ပြီးနေပြီ။ လူခေါ် ခေါင်းလောင်းကိုလည်း နှိပ်ပြီးနေပြီမို့ ဝေဝေ စိတ်လေးလေးနှင့် ဆင်းလိုက်ရ သည်။ မတော် နေမျိုးဗလ ဆိုသည့် ကောင်လေးက ရိုက်လွှတ်ရင် မခက်ပါလား။

            သို့ရာတွင် တံခါးလာဖွင့်ပေးသည့် အရပ်ရှည်ရှည် အသားဖြူဖြူ မျက်နှာချိုချို နေမျိုးဗလဆိုသည့် ကောင်လေးမှာ ရည်ရည်မွန်မွန် အထာညက်ညက်ကလေးဖြစ်နေ၍ ဝေဝေ စိတ်နည်းနည်း သက်သာသွားသည်။ သူ အမောဖြေနေဆဲမှာပင် ပါးနပ် ကျွမ်းကျင်သော နေမျိုးဗလ ၏ စကားလှိုင်းအောက်မှာ စုစုနှင့် အေမီမျောပါနေကြပြီ။

            'ဟုတ်ပါပြီ၊ ဟုတ်ပါ ပြီ။ ကျွန်တော့်ကို မမနီက ခဏခဏ ပြောဖူးပါတယ်။  သိပ်ချစ်တဲ့ သူငယ်ချင်းတွေတဲ့။ သိပ်လည်း ဆရာကြီး လုပ်ချင်ကြတာတဲ့။ အဲဒါ မမစုတို့ နေမှာပေါ့။ ကြုံတုန်း ကျွန်တော့်ကိုလည်း ဆုံးမပဲ့ပြင် သွန်သင်သွားကြပါဦး။ ကျွန်တော် မလိမ္မာသေးလို့ပါဗျာ။ မမနီ သူငယ်ချင်းဆို ကျွန်တော့် အစ်မတွေပဲပေါ့။ ဟုတ်တယ် မဟုတ်လား။ ဒီစကားတွေကို ပြုံးပြီးပြောတော့ ယောကျ်ားတန်မယ့် ပါးချိုင့်လေးက ပေါ်လာသည်။ စုစုနှင့် အေမီတို့ တဟဲဟဲရယ်နေကြစဉ် ဝေဝေကတော့ ဒီလိုကောင်လေးကို မိနီ မချစ်နိုင်၊ လက်မထပ်နိုင်ပါဘူးဆိုတာ ဟုတ်ပါ့မလား တွေးနေမိသည်။

            'မင်းနဲ့ မိနီ အခြေအနေကို မမတို့က သိချင်လို့၊ ပြီးတော့ မင်းကိုလည်း ကူညီနိုင်တာ ရှိမလားလို့' ဆိုသည့် အေမီ၏ ခပ်တုံးတုံး စကားအစကို ကောင်လေးက ပြုံးပြုံးကြီး စိတ်မဆိုးဘဲ ရယ်ဖြဲဖြဲလုပ်နေ၍ ဝေဝေ တအံ့ တသြဖြစ်နေစဉ် ကောင်လေးက အလယ်ခွဲဆံပင် နွဲ့နွဲ့လေးကို စုံကုတ်ဖွ၍ 'ကျွန်တော်လည်း တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရ သက်သာမလား စဉ်းစားနေတာပါဗျာ။ စပ်ဖျင်းကြီး ဖြစ်နေလို့' ဟူ၍ လိုက်လိုက်ရောရော ပြောလာသည်။

            တစ်ချက် ဖျတ်ခနဲ သူငယ်ချင်းသုံးယောက်ကို ခြုံ ကြည့်ရင်း...

            'ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်နော်။ စိတ်တော့မဆိုးကြနဲ့။ ကျွန်တော် မေဘရဏီ အပ်ချုပ်ဆိုင် မိန်းမတောထဲကို မရှက်မကြောက် သွားနေတာ အမှန်တကယ်ပြောရရင် မမနီကို ပိုးဖို့ပန်းဖို့ မဟုတ်ဘူး။ ကျွန်တော်သိပ်ချစ်ရတဲ့ ကောင်မလေးရှိလို့'

            'ဟယ်...' ဝေတို့ သုံးယောက်စလုံး အံ့သြသွားကြသည်။ ဘုရား...ဘုရား... ဘယ်သူမှ မထင်ထားသည့် လျှို့ဝှက်ချက်ကြီးပါလား။ အလွန်စိတ်ဆတ်သည့် စုစုက 'ဒါဖြင့် မင်းက ငါ့သူငယ်ချင်းကို တစ်ချိန်လုံး လိမ်နေတာပေါ့' လို့ ထအော်တော့ ကောင်လေးက လက်ဝါးကာပြပြီး 'အာ...မမကလည်း စိတ်မဆိုးပါနဲ့လို့ ကျွန်တော် ကြိုပြောထားတယ် မဟုတ်လား။ နားထောင်ပါဦး။ ခင်ဗျားတို့ မမနီက သူ့တပည့်မတွေကို ယောကျ်ားတွေနဲ့ မပတ်သက်ရ၊ မသွားရ၊ မလာရ ပိတ်ပင်ထားတယ်ဗျ။ ဒီကြားထဲ ကျွန်တော့် ကောင်မလေး နန္ဒာကို သူက အချစ်ဆုံးဆိုတော့ ဘယ်သွားသွား ဘယ်လာလာ ခေါ်သွားတာ။ ကျွန်တော် မတွေ့ကို မတွေ့ရဘူးဗျာ။ ဒီတော့ ကျွန်တော်လည်း အကြံအဖန်လုပ်ရတာပေါ့'

            'နန္ဒာ...ဟုတ်လား၊ ဟို ချောချောလေး'

            အေမီက ဝင်ပြောတော့ ကောင်လေးက ခေါင်းညိတ်သည်။

            'ဒါနဲ့ ကျွန်တော်လည်း မမနီနဲ့ ခင်အောင်ပေါင်းရတာပေါ့။ တကယ်ပေါင်း ကြည့်တော့လည်း မမနီက ခင်ဖို့ကောင်းပါတယ်ဗျာ။ သဘောလည်းကောင်း၊ သနားစရာလည်းကောင်း၊ အပေးအကမ်းလည်း ရက်ရောတယ်။ ဖက်ရှင်ရှိုးပွဲတွေ ဒီဇိုင်နာ အစည်းအဝေးတွေဆို မမနီကို လိုက်ပို့၊ အပြန်မှ သွားကြို။ ကြားထဲက အချိန်တွေမှာ နန္ဒာနဲ့ သွားတွေ့ရတာပေါ့။ စဉ်းစားကြည့်ပါဗျာ။ ကျွန်တော့်ဒုက္ခ ကြီးတယ်နော်'

            'ဒါဖြင့် သင်တန်းက'

            'ဟုတ်တယ်၊ သင်တန်း တစ်ခုလုံး သိတယ်။ မသိတာက မမနီတစ်ယောက်တည်းရယ်'

            ပွင့်ပွင့်လင်းလင်း ပြောနေသည့် နေမျိုးဗလ၏ မျက်နှာက ရိုးသားစွာ တည်ကြည်နေ၍ စုစုတို့ အေမီတို့ ငြိမ်နေကြသည်။

            'ဒီကြားထဲ မမနီက ကျွန်တော့်ကို တွယ်တာလာတယ်လို့ ကျွန်တော် ထင်တယ်။ ဒုက္ခပဲပေါ့။ ပေးလိုက်တဲ့ ပစ္စည်းတွေကလည်း မနည်းပါဘူးဗျာ။ နောက်ဆုံး ဒီတိုက်ခန်း ဝယ်ပေးတဲ့အထိ ပါပဲ'

            'ဘာ...'

            စုစုအသံက ထန်သွား၍ ကောင်လေးက လက်ကာပြပြန်သည်။

            'အဲဒီတော့ ကျွန်တော် စဉ်းစားတယ်။ တစ်မြို့လုံး အနှံ့ လျှောက်တွဲထားလို့ မမနီလည်း အပြောခံရလှပြီ။ သူ ပေးကမ်းထားတာတွေ များလှမက များနေတော့ သူ ငါ့ကိုများ ကြိုက်နေပြီလားလို့၊ ဘယ်လိုလုပ်ရပါ့မလဲလို့ တွေးမိတဲ့အချိန်မှာ သူက ကျွန်တော့်ကို စကားတစ်ခွန်း မှတ်မှတ်ရရ ပြောတယ်'

            'ဘာတဲ့လဲဟင်'

            နေမျိုးဗလက တခစ်ခစ် ရယ်သည်။ ပြီးမှ ရှုံ့ရှုံ့ မဲ့မဲ့ ဆက်ပြောသည်။ 'ကျွန်တော့် ယောကျ်ားမာနကို ရိုက်ချိုးလိုက်တဲ့ စကားပါပဲဗျာ။ သူဟာ ဘယ်သူ့ကိုမှ အလုပ်အကျွေး မပြုနိုင်ဘူး။ အဲဒါကြောင့် မောင်လေး အရင်းလေးလို ချစ်ရတဲ့ ကျွန်တော့်ကို ညီမအရင်းလေးလို ချစ်ရတဲ့ နန္ဒာနဲ့ လက်ထပ်ပေးချင်တယ်တဲ့၊ ကျွန်တော် စပ်ဖျင်းကြီး ဖြစ်နေတာ၊ အဲ့ဒါ'

            'ဟင်...နင်က ဘာစပ်ဖျင်းကြီး ဖြစ်နေတာတုံး။ နင့် ဆန္ဒတွေ အကုန်ပြည့်မှာများ'

            အေမီက ဆတ်ခနဲ ဝင်ပြော၍ ဝေဝေက လက်ကုတ်ရပြန်သည်။ ကောင်လေးကတော့ အလယ်ခွဲဆံပင်လေးကို စုံကုတ်ဖွရင်း...

            'မမနီက သိလို့ သူ့ ခြေလှမ်းတွေကို ချိုသွားတာလား၊ မသိဘဲနဲ့ သူ့စေတနာ အမှန်လား ဝေခွဲမရဘူး။ အဲဒါအပြင် ကျွန်တော် အခံရခက်စေတဲ့ စကားတစ်ခွန်းကလည်း ထပ်ပြောသေးတယ်ဗျ'

            'ငါတို့ သိပါတယ်။ သူဟာ ဧကရီ၊ မိဖုရား မဟုတ်ဘူးဆိုတဲ့ စကား မဟုတ်လား'

            နေမျိုးဗလက 'သိပ် ဟုတ်တာပေါ့ဗျာ'ဆိုပြီး တဟားဟား ရယ်နေသည်။ ပြီးမှ 'မမနီဟာ ကျွန်တော့်အပေါ် အနိုင်ပိုင်းလိုက်တာပဲ ထင်ပါတယ်ဗျာ'ဟု စကားကို အဆုံးသတ်လိုက်သည်။ အဲဒီနေ့ကအပြန် ကားပေါ်မှာ ငြင်းခုံသံတွေနဲ့ ဆူညံလို့နေသည်။

            'မိနီ အနိုင်ပိုင်းတယ်ဆိုတာ ဖြစ်နိုင်တယ်။ ဘာပြောပြော သူ သင်တန်းသူ တစ်ယောက်ယောက်ဆီက သတင်းတော့ ပြန်ကြားမှာပဲ။ ဒါကြောင့် သူ ဒီလိုလုပ်တာ'

            'မဟုတ်ဘူး။ သူ မနိုင်ပါဘူး။ သူသာ ကောင်လေးကို တကယ်ချစ်နေရင် လှလှပပကြီး ရှုံးတာပေါ့။ အချစ်ရှုံးတဲ့အပြင် ငွေရေးကြေးရေး ရှုံးတာတွေက အများကြီး။ ကြည့်ပါဦး။ နန္ဒာတို့ကို သူ ကိုယ်တိုင် ဦးစီး အကုန်ကျခံပြီး မင်္ဂလာဆောင်ပေးဦးမှာတဲ့တော်'

            'တော်ကြတော့ဟာ၊ အသက်လည်း သုံးဆယ်ကျော်တော့မယ်။ ငါတို့ ဒီလောက်ဝင်ပါတာပဲ လွန်လှပြီ။ ရှေ့လျှောက် မိနီကိစ္စ မပါကြနဲ့စို့'

            'အံမယ်၊ နင် နေနိုင်လို့လား။ တော်ကြာ ငါ့သူငယ်ချင်းလေးဟယ်ဆိုပြီး မျက်ရည်လေး စမ်းစမ်းနဲ့ ပြောဦးမှာ မဟုတ်လား'

            ကိုယ့်စရိတ် ကိုယ်စား မိနီကို အိမ်ထောင်ထူထောင် ပေးချင်သည့် ဝေတို့ သုံးယောက်မှာ ဘာမှလည်း အဖတ်မတင်ဘဲနဲ့ ပြီးဆုံးသွားခဲ့သည်။ သုံးယောက်သား တိုင်ပင်ပြီး နေမျိုးဗလနှင့် နန္ဒာတို့ မင်္ဂလာပွဲကိုတော့ တစ်ယောက်မှ မတက်ဖြစ်ကြ။ ကိုယ့်လင်၊ ကိုယ့်သား၊ ကိုယ်သမီး၊ ကိုယ့်အိမ်တွင်း ရေးမှာ နစ်မြှုပ်ပြီး တစ်ခါတလေ ပလာဇာ၊ တစ်ခါတလေ ဈေး၊ တစ်ခါတလေ အသုဘ စသည်တို့မှာသာ လက်ပြနှုတ်ဆက်ရုံ ဝေတို့ တွေ့ကြသည်။ ကနေ့ညတော့ ကလေးတွေ အဖေ အလုပ်စောစောပြန်လာ၍ မွေးထားသည့် မျောက်သုံးကောင်က မြို့တော်ဥယျာဉ် လိုက်ပို့ရမည်ဆို၍ မိသားစု ထွက်လာခဲ့ကြသည်။ မြို့တော်ဥယျာဉ်တစ်ခုလုံး မီးရောင်စုံများဖြင့် အုံးအုံးကျွက်ကျွက် စည်ကားလျက်ရှိရာ အငယ်ဆုံး သုံးနှစ်ကောင်က အမေ့ထဘီစကို ဆွဲပြီး တဟေးဟေး အော်ဟစ်လိုက်ပါလာသည်။ အလတ်ကောင်နှင့် အကြီးကောင်က မြင်းရုပ် ချားစီးနေကြစဉ် အငယ်ကောင် လိမ့်ကျမည်စိုး၍ ချီထားရစဉ် လက်မောင်းကို နောက်က တစ်ယောက်က လှန်းဆွဲလိုက်၍ ဝေဝေလှည့်ကြည့်လိုက်တော့ အေမီကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ အေမီ လက်ထဲမှာလည်း ဆံပင်ညိုညိုပျော့ပျော့ကလေးနှင့် သမီးလေး တစ်ယောက်ကို ချီထားသည်။

            'နင်တို့ လာကစားကြတာလား'

            ဝေဝေ အမေးကို မဖြေဘဲ အေမီက 'ငါ ခုန မိနီကို လှမ်းမြင်လိုက်တယ်ဟ၊ အံမယ် အရင်လို မဟာဆန်သူ ပုံစံ မဟုတ်တော့ဘူးဟဲ့၊ ဆံပင်တိုတို ကိုယ်ကျပ် အင်္ကျီလေးနဲ့ သိလား။ ငါ ခေါ်မလို့လုပ်တုန်း လူတွေရှုပ်နေတာနဲ့'

            'အေးဟယ်၊ တွေ့ချင်လိုက်တာ၊ မတွေ့ရတာ လေးငါးခြောက်နှစ် ရှိပြီနော်'

            တစ်ညလုံး ကလေးတွေ ဝက်ဝက်ကွဲအောင် ကစားသမျှ ခြေတိုအောင် လိုက်နေရပေမယ့် ဝေဝေ ပျော်ပါသည်။ အပြန်ကျတော့ အိပ်နေသည့် သုံးနှစ်သားကောင်ကို သူ့အဖေ ပုခုံးပေါ် လွှဲပေးခဲ့ပြီး ဝေဝေ ကားရပ်ထားသည့်နေရာသို့ လျှောက်လာခဲ့သည်။ ဇော်မွှားပန်းခြုံကြီးနားဖြတ်စဉ် တဝါးဝါး ငိုနေသည့် ကလေးသံနှင့် အတူ 'ဘူးဘူး မငိုနဲ့လေ၊ မပြေးနဲ့လေ ပြန်လာခဲ့၊ ပြန်လာခဲ့'ကြားရသည့် အသံက မိနီအသံနှင့်တူနေလို့ ခြုံကွယ်ကနေ လှမ်းကြည့်မိတော့ ရေခဲမုန့်ကန်တော့ကို ကိုင်ပြီး ကားကို ပတ်ပြေးနေသည့် ငိုနေသော ကောင်လေးတစ်ယောက်နောက်ကို အသည်း အသန်ပြေးလိုက်နေသည့် မိနီကို မောကြီးပန်းကြီး တွေ့လိုက်ရ၍ ဝေဝေ အရမ်း အံ့သြသွားသည်။ နောက်ဆုံး ကားစောင့်သည့် ကောင်လေးက ဖမ်းထားပေးလိုက်၍ မိနီလက်ထဲ ရောက်ပြန်တော့လည်း ကော့လန်ရုန်းကန်နေ၍ မနိုင်မနင်းဖြစ်ကာ ဆံပင်တွေပါ ရေခဲမုန့်တွေ ပေပွကုန်သည်။

            'တီတီက မောင်လေးကို ငိုအောင် လုပ်တယ်လို့ ဒယ်ဒီ့ကို တိုင်မှာ'ခပ်စွာစွာ အသံစူးစူးလေး ထွက်လာ၍ ကြည့်လိုက်တော့ ငါးနှစ်လောက် စူပုပ်ပုပ်ကောင်မလေးတစ်ယောက်ကိုပါ ထပ်တွေ့လိုက်ရပြီး ငိုနေသည့် အငယ်ကောင်ကလေးက ကားစောင့်လေး အကူအညီနဲ့ ကားထဲရောက်သွားသည်။ ကောင်မလေးက ခပ်တည်တည် ကားပေါ်တက်သွားသည်။ မိနီက အခုမှ စိတ်အေးသွားပုံနှင့်...

            'အေးအေး ကျေးဇူးပါပဲ ကလေးရယ်၊ သူ့အဖေနဲ့ သူ့အမေကလေ ကလေးမွေးရုံပဲ မွေးတတ်တာ၊ မွေးကတည်းက ဒုက္ခခံပြီး အန်တီထိန်းလာရတာကွဲ့။ ဒီညလည်း သူတို့ကတော့ လေညင်းခံတဲ့။ ငါ့မှသာ မနားနိုင်ဘဲ ကစားကွင်းလိုက်ပို့ရတာ။ သွားမယ်နော်'

            ဝေဝေ ပန်းခြုံအကွယ်မှာ မသိချင်ယောင်ဆောင် နေလိုက်ရင်ရပါသည်။ ဒါပေမယ့် မခံချင်စိတ်က တလိပ်လိပ်တက်လာမှုကြောင့် ခြုံကွယ်မှ ပြေးထွက်လိုက်ပြီး ကားစက်နှိုးနေသည့် မိနီကို အခုမှ မြင်သည့်ပုံစံနှင့် 'မိနီ'ဟု နှုတ်ဆက်လိုက်သည်။

            'ဟယ်၊ ဝေပါလား၊ ဒီမှာ ကြည့်စမ်း ဝေဝေ၊ ငါ့သားနဲ့ ငါ့သမီး၊ ငါဖို့ အားကိုးရအောင် ပေးထားတဲ့ နေမျိုးဗလနဲ့နန္ဒာရဲ့ အကောင်းဆုံး လက်ဆောင်လေ။ ငါက ကံကောင်းတယ်နော်။ နင်တို့လို နာနာကျင်ကျင် မရှိဘူး။ ရယ်ဒီမိတ်သိလား။ ဟား... ဟား...သွားမယ်ကွာ။ နောက်မှတွေ့မယ်နော်' ပြော ပြောဆိုဆို မောင်းထွက်သွားသည့် မိနီဆံပင်ပေါ်က ရေခဲမုန့်တွေကို ရင်တနင့်နင့်နှင့် ကြည့်ရင်း မိနီ ဘယ်လောက် ကိုယ့်ကိုယ်ကိုယ်လိမ်ပြီး သူတို့ကို အနိုင်ယူယူ စိတ်မနာနိုင်သည့် ဝေဝေက တောက်တစ်ချက် ခေါက်ရင်း နေမျိုးဗလကိုသာ မနေနိုင်၊ မထိုင်နိုင် စိတ်ဆိုး၊ မာန်ဆိုး ဖြစ်လျက် စကားတစ်ခွန်း နောက်ဆုံး ပြောလိုက်မိသည်။

            'သေနာကျလေး၊ အစုတ်ပလုတ်လေး အခုထက်ထိ သားစဉ်မြေးဆက် ငါ့သူငယ်ချင်းကို ညာစားတုန်း'

ယဉ်ယဉ်နု၊မန္တလေး၊

(အမှတ် ၁၈၄၊ မတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထုရှည် စ/ဆုံး
...
တကယ့်အိပ်မက်ပုံပြင်
မသီတာ ၊စမ်းချောင်း၊

ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စ...

ရွှေဝတ္ထုရှည် စ/ဆုံး
...
ကျွဲပွဲ
နေဝင်းမြင့်

ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီ...

ရွှေဝတ္ထုရှည် စ/ဆုံး
...
မီးကင်းစောင့်
နေဝင်းမြင့်

ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ည...