နေဝင်းမြင့်
၁။
အနီးအနား သူကြီး လေးငါးပိုင်ရွာတွေက
သူကြီးတွေစုပြီး သူကြီးခေါင်း ရွေးကြတော့ မရိုးကုန်းသူကြီး ကိုကြာကံက
သူကြီးမဲအများဆုံးရတယ်။ သူတကာ သူကြီးတွေထက် ထူးပြီးတော်လို့ရယ်လို့လည်း မဟုတ်ပါဘူး။
ငွေဓားတို့၊ စလွယ်တို့၊ နှစ်လုံးပြူးတို့ ရထားလို့လည်း မဟုတ်ဘူး။ အုပ်ချုပ်တာကတော့
သူလိုကိုယ်လိုပါပဲ။ သူကြီးလက်စွဲနဲ့ လုပ်သက်ပေါင်းပြီး ဝန်မတန်တော့ စစ်ကဲ၊
ထမင်းမတန်တော့ ထမနဲ ဆိုတာလို ဒေါ်ယိဒေါ်ယာနဲ့ စခန်းသွားကြတာချင်းမှာလည်း
မထူးပါဘူး။ ဒါဖြင့်ရင် မရိုးကုန်းက အိမ်ခြေများလို့လားတဲ့။ သည်လိုလည်း မဟုတ်ဘူး။
အိမ်ခြေများလို့ သူကြီးခေါင်း ဖြစ်ကြေးဆိုရင် တည်ပင်ကန်သူကြီး ကိုမောင်စိုး
ဖြစ်ရရုံ ရှိတော့မပေါ့။
ဒါဖြင့်
မရိုးကုန်းက သောင်သောင်သာသာ ရှိလို့ ထင်ကြလိမ့်မယ်။ မဟုတ်ဘူး။ ရွာချမ်းသာလို့
သူကြီးခေါင်း ဖြစ်ကြေးဆိုရင် သဖန်းတောသူကြီး ကိုဆင်ခေါင်း ရကရောပေါ့။ ဒါပေမယ့်
ပြောခဲ့ပါပကော။ ကိုကြာကံက သူကြီးခေါင်း ထဖြစ်တယ်။ သူကြီးခေါင်း ရွေးပွဲပြီးလို့
ညနေဘက် အရက်ကလေး ဘာလေး သောက်ကြတော့ ဖုန်းဆိုးသူကြီး ကိုပိုက်တင်က ဓမ္မသတ်တော့
ရာဇသတ် ဖျက်ချေရဲ့ ဆိုတာလောက်တော့ ရှိသေးတာပေါ့လေ။ ခက်တာက ပြောသာပြောတာ။ သူပါ
ကိုကြာကံကို မဲပေးခဲ့ရတာ မဟုတ်လား။
မဲပွဲလာလုပ်ပေးတဲ့
အရေးပိုင်ကဆိုရင် ဆိုင်ရာသူကြီးတွေနဲ့တွေ့ပြီး စကားထည့်ထားတာလည်း ရှိတော့
မပယ်ရှားဝံ့ကြတာလည်း ပါတယ်။
'ခင်ဗျားတို့
စိတ်ကြိုက်ရွေးကြပါဗျာ။ ကျွန်တော်တို့ ပယောဂ မပါပါရစေနဲ့။ တစ်ခုတော့ ရှိတာပေါ့ဗျာ။
မရိုးကုန်းမှာက အောက်လင်းဓာတ်မီးရှိတော့ ရပ်မှုရွာမှုမှာ သုံးနိုင်တာပေါ့'
ပြောတာကတော့ အဲသလောက်ပါ။
မရိုးမသားတော့လည်း ဟုတ်ပုံမရပါဘူး။
ဒါပေမယ့်
ကိုကြာကံကိုမှ မရွေးရင် ဝါးလုံးနင်း ဝါးခြမ်းနင်းဖြစ်မယ့်ပုံ ပြောနေတော့
အောက်လင်းဓာတ်မီး မျက်နှာနဲ့ပဲ ရွေးလိုက်ကြတယ် ပြောပါတော့။ အဲသည်ညက သူကြီးတွေ
ကိုယ့်ရွာကိုယ် မပြန်ရဘူး။ သူကြီး ကိုကြာကံက ဝက်တစ်ကောင် ပေါ်ပြီး
တစ်ညလုံး
ဧည့်ခံတယ်။ မြို့ပိုင်ရော ဝန်ထောက်တွေပါ ပါပေမယ့် ပျော်ပျော်ပါးပါးပဲ။
ဇော်ထိုးပြောကြတာဆိုပေမယ့် မူးနေကြတော့ ခေါက်ချိုးနားလည်တာနဲ့ ထေမိကြရော။
အောက်လင်းဓာတ်မီးကြီး သုံးလုံးကလည်း
ထိန်လို။
၂။
ပြောမယ် ဆိုရင်လည်း ပြောစရာပေါ့လေ။
သည်နား လေးငါးဆယ်ရွာမှာ အောက်လင်းဓာတ်မီးရယ်လို့ ဘယ်ရွာမှာမှ မရှိဘူး။
ဘုန်းကြီးကျောင်း တစ်ကျောင်းတလေမှာ တစ်လုံးတလရှိချင် ရှိနိုင်ပေမယ့်
တစ်နေရာတည်းမှာ သုံးလုံးရှိဖို့ ဆိုတာကတော့ ခဲယဉ်းသားကလား။
မရိုးကုန်း သူကြီး
ကိုကြာကံက အရင်သူကြီးဟောင်း ဦးဖိုးဘ သမီး မခင်သန်းနဲ့ အိမ်ထောင်ကျတော့
မခင်သန်းကိုရော သူကြီးဟောင်း ပစ္စည်းဖြစ်တဲ့ အောက်လင်းဓာတ်မီးသုံးလုံးကိုပါ
ရလိုက်တယ်။ ဦးဖိုးဘ သေတော့ ကိုကြာကံ သူကြီး တန်းမဖြစ်ဘူး။ သမက်ကိုး။ ဦးဖိုးဘညီ ဦးဆာမိ
သူကြီး ဖြစ်တယ်။
ဦးဆာမိက
သူကြီးအလုပ် ဝါသနာမပါတာက တစ်ကြောင်း၊ ဘုန်းကြီးဝတ်ချင်တာက တစ်ကြောင်း ဆိုတော့
သူကြီးရာထူးကို ဆိုင်ရာ ပြန်အပ်တယ်။ သည်မှာတင် မခင်သန်းက သူ့အဖေလက်ထက်က
သိဟောင်းကျွမ်းဟောင်း အရာရှိတွေဆီဝင်ပြီး သူ့လင် ကိုကြာကံကို သူကြီးခန့်ဖို့
ပြောတော့တာပါ။ ကိုဆာမိမှာ သားသမီးတွေ ရှိပေမယ့် မခင်သန်းက ဘကြီးသမီးဆိုတော့
ဘယ်သူကမှ ကလန်ကဆန် မလုပ်ကြတာလည်း ပါပါရဲ့။ မကြာပါဘူး။ ကိုကြာကံ သူကြီးခန့်စာ ရတယ်။
ဆိုင်ရာအုပ်ချုပ်ရေးပိုင်းကလည်း သည်ကတည်းက သည်ဘက်နယ် ကွင်းဆင်းမယ်ဆိုရင်
မရိုးကုန်းမှာ အထိုင်ချပြီးမှ တစ်ရွာချင်း ခေါ်တွေ့တာတွေ ဘာတွေလုပ်တော့တာပေါ့လေ။
ကိုကြာကံကလည်း မယား မျက်နှာနဲ့ သူကြီးဖြစ်ရတာပေမယ့် ရက်ချည်ထက် ချုပ်ချည်က
များဆိုသလို သူကိုယ်တိုင်က ဂိုက်ထုတ် ချင်သူဆိုတော့ ဧည့်သည်မှလာပြီဆိုရင်
အောက်လင်းဓာတ်မီး သုံးလုံး ထိန်နေအောင် ထွန်းတော့တာပါပဲ။
'ဖိုးသောင်း၊ ည အောက်လင်း
မီးထွန်းရမယ်။ ပြင်ဆင်ထား။ ဝန်ထောက်မင်းက သုံးရက်နေမယ် ပြောတယ်။ ရေနံ၊ မီးစာ
စစ်ဆေးထား။ လေပေါင်မလျော့စေနဲ့'
ဖိုးသောင်းက သူကြီးအိမ်က
သူရင်းငှားပါ။ သူကြီးလယ်တွေလည်း သူပဲ။ သူကြီးမွေးထားတဲ့ သိုးတွေ၊
ဆိတ်တွေဆိုရင်လည်း သူပဲ။ အောက်လင်းဓာတ်မီးဆိုရင်လည်း သူပဲဆိုတော့ တစ်နေ့တစ်နေ့
နားရတယ် မရှိဘူး။ ဒါပေမယ့် အောက်လင်းဓာတ်မီး ကိုင်ရတာကိုတော့ ဖိုးသောင်းက
ဂုဏ်ရှိတယ် အောက်မေ့တယ်။ တစ်ရွာလုံး သုံးလုံးတည်းရှိတဲ့ ဓာတ်မီး သူမှ
ကိုင်တတ်တာဆိုတော့ တစ်ခါတစ်ခါ ဆေးဆရာများ ဇရပ်ပေါ်က လူနာ မကုချင်သလိုပဲ။ လယ်ဝင်
ဆိတ်ကျောင်းတောင် တယ်မလုပ်ချင်တော့ဘူး။ သူကြီးက အောက်လင်းဓာတ်မီး ထွန်းရမယ်လို့
ပြောတဲ့နေ့ဆိုရင် ဖိုးသောင်းက သူကြီးကတော်ဆီက ဆန်တစ်ပြည်၊ ငွေတစ်မတ် တောင်းနေကျ။
သူကြီးကတော် မခင်သန်းက အောက်လင်းဓာတ်မီး နတ်တင်ရထင်ပါရဲ့ဆိုတဲ့ ယုံကြည်မှုနဲ့
မတွန့်မတို ပေးလေ့ရှိတယ်။ မနက်မိုးလင်းတော့ ဆန်တစ်ပြည်ရော ငွေတစ်မတ်ပါ
ဖိုးသောင်းပဲ ယူတာပေါ့လေ။ ဖိုးသောင်းက ပစ္စည်းတော့ ရိုသေတယ်။ တစ်ခါထွန်းရင်
ဆန်တစ်ပြည် ရနေတာဆိုတော့ အောက်လင်းဓာတ်မီးတွေက သူ့ထမင်းရှင် ဆိုရင်လည်း ဟုတ်တယ်။
ကျေးဇူးရှင်တွေ ဆိုရင်လည်း ဟုတ်တယ်။ သည်တော့ ဘယ်တော့မဆို ရိုရိုသေသေ ကိုင်တယ်။
တန်းက ဖြုတ်တာတောင် ရွရွကလေး ဖြုတ်တယ်။ အောက်လင်းဓာတ်မီး လက်ဆွဲကိုင်းကို
ဖောက်စွပ်ထားတဲ့ အုပ်ဆောင်း ကြွေရည်သုတ်ကို အသာအယာ ချွတ်တယ်။ ပြောင်းအိမ်ကို
သတိနဲ့ ကိုင်တယ်။ မီးစာ ရေနံစစ်ဆေးပြီးတာနဲ့ စွပ်ကျယ်စုတ်နဲ့ ပြောင်နေအောင်
ပွတ်တော့တာပဲ။ အာလာဒင် မီးခွက်များဆိုရင် ဘီလူးထွက် လာလောက်အောင်ကို ပွတ်တော့တာ။
ပြီးပြီဆိုတာနဲ့ မျောတိုင်နှစ်တိုင်မှာ တန်းပစ်ပြီး သံချိတ်တောင့် တောင့်နဲ့
ချိတ်ထားတတ်တယ်။ ဒါပဲ။ မကိုင်တော့ဘူး။
ညနေဘက် နည်းနည်းလေး မှောင်ပြီဆိုတာနဲ့
မောင်းထောင်ချိုင့်ထဲ ဆန်တစ်ပြည်ထည့်၊ ပိုက်ဆံမတ်စေ့ ဆန်ပေါ်က တင်ပြီး
အောက်လင်းဓာတ်မီးတွေ ရှေ့ချတယ်။ သူကြီးက ဖိုးသောင်း ထွန်းတော့ ဆိုတာနဲ့
ဒန်မီးခတ်ကြီး ခါးလိမ်ထားရာက ဖြုတ်ပြီး စထွန်းတယ်။ မီးစာကို ဟုပ်ခနဲ ဟုပ်ခနဲ
မီးစွဲပြီဆိုတာနဲ့ လေပေါင်ပြည့်အောင် ရှီးခနဲ ရှီးခနဲ ထိုးပြီးရင် အောက်လင်းမီး
အကြည်ဓာတ်ဟာ ဖြာထွက်လာတော့တာပါပဲ။ သည်လို မီးလင်းပြီဆိုတာနဲ့ ရွာက သိကြပြီ။
သူကြီးအိမ်မှာ ကိစ္စဝိစ္စတော့ ရှိပြီပေါ့လေ။ မရိုးကုန်းမှာ အောက်လင်းဓာတ်မီး
ထွန်းတာဟာ တော်ရုံကိစ္စ မဟုတ်ဘူးဆိုတာလည်း သိကြရဲ့။ ရွာနဲ့ဆိုင်တဲ့
အစည်းအဝေးရှိတော့လည်း ထွန်း၊ ဧည့်သည်ရောက်တော့လည်း ထွန်းကိုး။ ဘုန်းကြီးကျောင်းမှာ
အလှူအတန်းရှိတော့လည်း ထွန်းတာပါပဲ။ အနားရွာတွေက လာငှားတော့လည်း ရွာ့ကိစ္စနဲ့
မတိုက်ရင် ငှားရတာ ရှိသေးတယ်။ တခြားရွာကို ငှားရင်လည်း ဖိုးသောင်းပဲ လိုက်ရတော့
ရွာက ဖိုးသောင်းအစား သူရင်းငှားတစ်ယောက် မရိုးကုန်းကို ပေးထားရတယ်။
၃။
သူကြီး ကိုကြာကံ့အိမ်ရှေ့ ကွက်လပ်မှာ
အောက်လင်းမီးသုံးလုံး ထွန်းထားတာများ မျက်စိတောင် ကျိန်းလောက်တယ်။ ခုတလော
အောက်လင်းမီးတွေ မသုံးရတာ ရွာဘုရားပွဲ ပြီးကတည်းက ဆိုတော့ ဖိုးသောင်းက
နေ့ခင်းနာရီပြန် နှစ်ချက်လောက်ကတည်းက ချစမ်းထားနှင့်ပြီ။ ဧည့်သည်တွေ မလာတာလည်း
ကြာပြန်ပြီ။ မကြာပါဘူး။ ဖိုးသောင်း အောက်လင်းဓာတ်မီးတွေ ထွန်းပြီးတာနဲ့ ရွာက
ဖိတ်ထားတဲ့ လူကြီးသူမတွေ တဖြုတ်ဖြုတ် ရောက်လာကြတယ်။ ဆရာတော်ကြီးကိုယ်တိုင် မကြွပေမယ့်
ဦးပဉ္ဇင်း သုံးပါးလည်း ရောက်ပြီ။ လူတွေထိုင်မယ့် နေရာမှာ ဖျာခင်း မထားပေမယ့်
သူကြီးထိုင်မယ့် နေရာမှာ ဖျာကြမ်းတစ်ချပ် ခင်းလိုက်လို့။ ဦးပဉ္ဇင်းများကတော့
ခုံတန်းလျားပေါ်မှာ သီတင်းသုံးကြ တယ်။ ထမင်းစားခုံဝိုင်းကလေး တစ်လုံးချထားပြီး
ဖန်ရေတကောင်း တစ်လုံးနဲ့ ဖန်ခွက်တစ်လုံး တင်လိုက်လို့။ ဖိုးသောင်းကလည်း မီးတွေ
လင်းနေပါလျက်ကနဲ့ အောက်လင်း ဓာတ်မီးတွေ တစ်လုံးချင်း ချထွန်းတယ်။
အောက်လင်းမီးရောင်ကြောင့် ထင်ပါရဲ့။ အရပ်လေးမျက်နှာက ထွက်လာတဲ့ ပိုးဖလံတွေ၊
ပလူတွေ၊ ပိုးမည်းကောင်တွေဆိုတာ မနည်းဘူး။ ဖိုးသောင်းက အဝေယာကိုင်း နှစ်ကိုင်း
ဖျောင်းခနဲ ထချိုးပြီး အောက်လင်းမီးချိတ်ထားတဲ့ သစ်သားတန်းမှာ ချိတ်တယ်။ မရပါဘူး။
ပိုးကောင်က သပ်သပ် သစ်ကိုင်းက သပ်သပ်ပါပဲ။
ည ၇ နာရီ အစည်းအဝေးဆိုပေမယ့်
အဝေးရွာတွေက သူကြီးတွေ ရောက်မလာကြသေးဘူး။ ဖိတ်တာတော့ သေသေချာချာ လူလွှတ်ပြီး
ဖိတ်ထားတာ ဆိုတော့ မလာတော့ မရှိလောက်ဘူး။ ဘယ့်နှာများ ဖြစ်နေကြတယ် မသိဘူးဆိုတဲ့
စိတ်နဲ့သူကြီး ကိုကြာကံကိုယ်တိုင် လမ်းမထွက်ထွက်မျှော်တယ်။ လူတော့ အားနာစရာ
မရှိပါဘူး။ ကြွလာတော်မူကြတဲ့ ရဟန်းတွေကို အားနာတာပါ။ ရွာကတော့ တော်တော်လေး
စုံပါပြီ။ တချို့က အောက်ခံအင်္ကျီ မပါဘူး။ တိုက်ပုံတွေတော့ ဝတ်ကြလို့။ တချို့က
ခေါင်းပေါင်းကြီးတွေနဲ့။ ရာအိမ်မှူး နှစ်ယောက်နဲ့ ဆယ်အိမ်မှူးတွေက သူကြီးခိုင်းရင်
ချက်ချင်း လုပ်နိုင်အောင် သူကြီးနဲ့ မလှမ်းမကမ်းမှာ နေကြရင်း သူကြီး အရိပ်အကဲ
ကြည့်နေကြတယ်။
'တောသူကြီးတွေ ဘယ့်နှာ
ဖြစ်နေကြပါလိမ့်ကွာ။ နေမဝင်ခင်ကတည်းက ရောက်ကြရမင့်ဟာ ငါနဲ့ အဲသဟာတွေ မကိုက်တာ။
ထမင်းတောင် ကျုပ်ရွာရောက်မှ စားကြပါ ပြောထားလျက်ကနဲ့။ အစည်းအဝေးက အရေးကြီးပါတယ်
ဆိုမှကွာ'
သူကြီးက ပျာနေတော့ ဆယ်အိမ်ခေါင်းတွေကလည်း
ဘာမှန်းသာ မသိတယ်။ သူတို့လည်း ပျာကြရတာပါပဲ။ အဝေးရွာတွေက သူကြီးတွေပဲ
ပြေးခေါ်ရတော့မလိုလို သူကြီး ကိုကြာကံ ကုပ်ကြော လျှော့ပေး ရမလိုလိုပေါ့လေ။
သိပ်မကြာပါဘူး။ သူကြီးတွေ လှည်းကိုယ်စီနဲ့ ရောက်လာကြတယ်။ မရှေးမနှောင်း
လှည်းတွေဝင်လာကြတာပါ။
'မောင်ကြာကံရေ၊ လာတုန်းကတော့
အစောကြီးပါကွာ။ မင်းတို့ရွာ မရောက်ခင် တစ်တိုင်လောက်က သစ်သားတံတားကြီး
ကျိုးနေတာနဲ့ ခရီးဖင့် ကြရတယ်။ ထမင်းတောင် မစားခဲ့ရပေါင်ကွာ'
သည်စကား ကြားတော့ သူကြီးကတော်က
အိုးကြီးချက်ဆရာတွေကို ချက်ချင်း ထမင်းပြင်ခိုင်းတယ်။ သူကြီးတွေရော၊
လှည်းဆရာတွေရော ထမင်းစားပြီးကြတော့ ည ၈ နာရီ ထိုးပြီ။ ဧည့်သည်တွေ
ထမင်းစားပြီးတာနဲ့ သူကြီးက ချက်ချင်းပဲ စားပွဲခုံဝိုင်းကလေးရှေ့ ဝင်ထိုင်တယ်။
ကိုကြာကံက ဘုန်းကြီးတွေ သူ့ဆီက အရက်နံ့မရအောင် ဝါးထားတဲ့ ကွမ်းဖတ်ကို လက်ဖဝါးထဲ
ထွေးချပြီး ဖျာအောက် သွင်းတယ်။ ပါးစပ်ကို ရေနွေးကြမ်းနဲ့ ပလုတ်ပလက်ကျင်းပြီး
ချောင်းဟန့်တယ်။ ပရိသတ်ကိုလည်း တစ်ချက်ဝေ့ကြည့်တယ်။ ဖိတ်ထားတဲ့ ဧည့်သည်တွေ၊
ရပ်မိရပ်ဖတွေတင် မကပါဘူး။ ရွာက တော်တော်များများလည်း မိုးတိုးမတ်တတ်တွေနဲ့။
ကလေးတွေ ဆိုတာတော့ ဗြောင်းဆန်လို့။ ဆယ်အိမ်မှူး ကိုကျောက်က ကလေးတွေကို
တုတ်တစ်ချောင်းနဲ့ လိုက်ထိန်းနေတာလည်း မြင်နေရတယ်။ အားလုံးနေရာကျပြီ ဆိုတော့မှ
ကိုကြာကံ တန်းလျားပေါ်က ဘုန်းကြီးသုံးပါးကို ဦးသုံးကြိမ်ချတယ်။ ပြီးတော့ ပရိသတ်ဘက်
ပြန်လှည့်ပြီး အိတ်ထဲက စာရွက်တစ်ရွက် ထုတ်တယ်။ ကျွဲကော်ကိုင်း မျက်မှန်ကို
ထုတ်တပ်တယ်။ ပြီးမှ စာရွက် မလိုပါဘူးလေ ဆိုတဲ့ပုံနဲ့ စာရွက်ကို ခေါက်ပြီး အိတ်ထဲ
ပြန်ထည့်တယ်။ သည်လိုကျတော့လည်း ပြောမထွက်ပြန်လို့ အိတ်ထဲက စာရွက်
ပြန်ထုတ်ရပြန်ရော။
'မောင်ကြာကံရဲ့၊ ပြောစရာရှိတာ
ပြောကွဲ့။ တို့မလည်း အချိန်နဲ့ ပြန်ကြရမှာ ရှိတယ်။ ရဟန်းသံဃာများလည်း ကြွချင်ရှာကြရော့မပေါ့'
အသက် ရှစ်ဆယ်နားကပ်နေတဲ့ ဘကြီးမောင်က
ထငေါက်တော့ သူကြီးကိုကြာကံက ပြောမယ့် ပရိကံတောင် ပျောက်သွားပြန်ရော။ ရှိသမျှ
လူအားလုံးကလည်း သူကြီးကတော့ ဦးစပါးပဲ့ပြောင်း၊ ပဲ့စပါး ဦးပြောင်း လုပ်နေတာနဲ့
ပြီးနေပါရောလား ဆိုတဲ့မျက်နှာတွေနဲ့။ ကိုကြာကံက စပြောရမယ့် စကားလုံး ရှိနေတာကပဲ
အကြာကြီး။
'ကနေ့ည အရှင်ဘုရားများကိုရော၊
အဝေးရွာက သူကြီးမင်းတို့ကိုရော ရွာမိရွာဖများကိုရော ဖိတ်ကြားရတဲ့ အကြောင်းက
ထူးထူးခြားခြားလား ဆိုတော့လည်း မဟုတ်ဘူး။ ဖိုးသောင်း၊ အောက်လင်းမီးတစ်လုံး
လေလျော့နေပြီ။ ဟကောင်.... ဖိုးသောင်း။ အဲ... ခုနင်က စကားဆက်ရရင် ထူးထူးခြားခြားလား
ဆိုတော့လည်း မဟုတ်ဘူး။ သို့ပေသိ မထူးခြားဘူးလား ဆိုတော့လည်း ထူးခြားတယ်'
အလို။ ဘယ့်နှာပါလိမ့်။
ထူးထူးခြားခြားလား ဆိုတော့လည်း မဟုတ်ဘူးတဲ့။ မထူး ခြားဘူးလားဆိုတော့လည်း
ထူးခြားသတဲ့။ ဘကြီးမောင်က 'ကြာကံဆိုတဲ့ကောင်က ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူတဲ့ ကောင်ပါကွာ။
ဘယ်စကား ဘယ်ရောက်လို့ ရောက်မှန်းမသိတဲ့ကောင်။ ဝါးနပင်း ရေသွင်း ချင်တဲ့ကောင်'လို့ မကြားတကြား ပြောနေတာလည်း ကိုကြာကံ ကြားသားပဲ။
မကြားချင်ယောင်ဆောင်ပြီး စကားဆက်ဖို့ စကားလုံးရှာတယ်။ ကျွဲကော်ကိုင်း မျက်မှန်ကို
ချွတ်၊ မျက်နှာကို ပုဆိုးခါးပုံစံနဲ့ သုတ်ပြီးမှ စကားဆက်တယ်။ အောက်လင်းဓာတ်မီးထဲက
ဘယ်အလုံး လေလျော့သလဲဆိုတာလည်း တစ်ချက် လှမ်းကြည့်လိုက်သေးတယ်။
'ကျုပ်တို့ရွာမယ် သည်နှစ်လည်း
ကထိန်ပွဲကြီး စည်စည်ကားကား လုပ်ပါ့မယ်။ ရွာကထိန်ဆိုသော်လည်းပဲ သည်နားဝန်းကျင်
စီရင်စုရွာတွေ၊ ဂေါဓရဂါမ်ရွာတွေ အားလုံးပါတဲ့ ကထိန်။ ကထိန်ဆိုတာကလည်း ခင်ဗျားတို့
သိတဲ့အတိုင်းပဲ မြတ်စွာဘုရားသခင်လက်ထက်တော်တုန်းက ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်...'
'မောင်ကြာကံရဲ့
လိုရင်းပြောပါကွယ်။ ဦးပဉ္ဇင်းများလည်း အားနာပါဦး။ ရဟန်းများလည်း မွန်းလွဲ
မွန်းတိမ်း ရွာထဲရပ်ထဲ ဝင်ရတာဟာ ပါစိတ် အာပတ်သင့် တော်မူနိုင်သကွဲ့။
ဂါမပဝေသနသိက္ခာပုဒ် ရှိသေးတယ်။ ဂဟိသံ သဌရဟန်းများဟာ လူတွေနဲ့ ရောနှောလုပ်ကိုင်နေတာ
မလျော်ဘူး မောင်ရဲ့။ အဲသည်တော့ ဂရုဓမ္မစည် လည်မနေနဲ့။ လိုရင်းသာပြော'
ရွာ့အနောက်ချောင်က ဘိုးတိုင်းခင်က
ထပြောတာပါ။ သူကြီးလည်း စကားတောင် လေးစိတ်မကွဲသေးဘူး။ အငေါက်ခံရတာက
နှစ်ခါရှိပြီဆိုတော့ ဒေါသ ဖြစ်သွားတယ်။ ကိုယ့်ရွာနဲ့ကိုယ်ချည်းဆိုတော့
အကြောင်းလား။ အခုက သူစိမ်းသူကြီးတွေလည်း ရှိသေးတာ မဟုတ်လား။ မတော် ပုစွန်ခြေကျိုး၊
သမင်ကြို့ထိုးထင်ရင် မခက်ပါလား။
'ကိုင်း... ဘကြီးများ တဆိတ်၊
အခုဟာက ရပ်ကိစ္စ ရွာကိစ္စ ပြောနေတာပါ။ ဘကြီးတို့ကို ဖိတ်ရတာက ရှားပင်များဟာ အိုလေ
အနှစ်ပြည့်လေ ဆိုသာလိုသဘောနဲ့ ဖိတ်တာပါ။ သည်းခံတော်မူကြပါ။ အခုကိစ္စက ရပ်ရွာနဲ့
ငွေကြေးနဲ့ လုပ်ရမယ့်ကိစ္စဆိုတော့ ကျုပ်သဘောချည်းလည်း မဖြစ်ချင်ဘူး'
'ကိုင်းကိုင်း...ပြောပါကွာ။
ကထိန်လုပ်မယ့်ဟာပဲကွာ။ ဒါ နှစ်စဉ်လုပ်နေကျပဲ။ အခုဟာက မင်းက ဖိုခနောက်
ကျောက်စီနေလို့ ပြောရတာပါ'
ရွာမှာ နှစ်စဉ်ကျင်းပနေကျ ကထိန်ပွဲ
လုပ်မယ့်ဟာပဲ။ ဘယ့်နှာကြောင့် သည်နှစ်ကျတော့မှ အောက်လင်းဓာတ်မီးကြီး
သုံးလုံးထွန်းပြီး ရေးကြီးခွင်ကျယ် လုပ်နေရတာပါလိမ့်။ တစ်သက်လုံး
ကထိန်ပွဲနီးပါပြီဆိုမှ ဘုန်းကြီးကျောင်းမှာ လူစုပြီး သူ့တာဝန် ကိုယ့်တာဝန်
ယူခဲ့ကြတာ မဟုတ်လား။ အခုတော့ အဝေးကသူကြီးတွေပါ ညအိပ်ဖိတ်၊ ဦးပဉ္ဇင်းတွေပါ
ပင့်လျှောက်ပြီး လူကြီးသူမ ရပ်မိရပ်ဖတွေပါ မလာမနေရဆိုတော့ ဘယ်လိုကထိန်မို့လို့တုံး။
တက်လာကြသမျှ လူတွေက ရွစိရွစိ ဖြစ်ကုန်ကြပြီ။ ပွစိပွစိ ဖြစ်ကုန်ကြပြီ။ တချို့ကလည်း
ဖင့်အောက် ခုထားတဲ့ ဖိနပ်ပြန်ထုတ်ပြီး ထပြန်မယ် ပြင်ကြတယ်။ သည်မှာတင်
အောက်လင်းဓာတ်မီးနှစ်လုံးက ဟုပ်ခနဲ အလင်းရောင် ကျသွားတော့ ဖိုးသောင်းက ကမန်းကတန်း
ဖြုတ်ပြီးလေထိုးတယ်။ အစည်းအဝေး အရေးကြီးပါတယ်ဆိုမှ မှောင်ကြီးကျသလို ဖြစ်သွားတော့
သူကြီးဒေါသက ဖိုးသောင်းဘက် လှည့်အော်တယ်။
'ဖိုးသောင်း၊ မင်းတော့
ကြားထဲက ထိပ်တုံးစာမိတော့မယ်။ မြန်မြန် လုပ်စမ်း၊ အောက်လင်းမီးသုံးလုံးတောင်
မနိုင်နင်းမှတော့ ဘာသွား အသုံးကျမှာတုံး'
သည်မှာတင် ဦးပဉ္ဇင်း သုံးပါးက
ညောင်စောင်းတန်းလျားက ထပြီး သင်္ကန်းပြင်ရုံကြတယ်။ ပြီးမှ အလယ်ခေါင်မှာ ထိုင်နေတဲ့
ကိုယ်တော်က ခပ်ကျယ်ကျယ်လေး မိန့်လိုက်တော့ တစ်ယောက်တစ်ပေါက် ဆူပွက်နေသံတွေ
ရပ်သွားတယ်။ သူကြီးတောင် ဖိုးသောင်းကို ငေါက်နေရာက ရပ်သွားပြီး လက်အုပ်ထချီတယ်။
'သည်လို သည်လို၊ ကထိန်ကတော့
ဦးပဉ္ဇင်းတို့ရွာမယ် နှစ်စဉ်ကျင်းပ နေကျဆိုတာ ဟုတ်ပါတယ်။ ဒါကတော့ မဆန်းပါဘူး။
သည်နှစ်ကျတော့ ထူးထူးခြားခြားဖြစ်အောင်ဆိုပြီး သူကြီးက ကျွဲပွဲ ထည့်ချင်ပါတယ်၊
ထည့်ခွင့်ပြုပါဆိုပြီး ဆရာတော် ဘုန်းကြီးကို လျှောက်တော့ ဆရာတော်ကြီးကလည်းပဲ
ခွင့်ပြုတော်မူပါတယ်။ ဆရာတော်ဘုန်းကြီးက ရပ်ရွာကို ငဲ့ပြီး ခွင့်ပြု တော်မူတာပါ။
ပွဲလမ်းသဘင်ပါးရှားတဲ့ ရွာတွေဆိုတော့ မအပ်မရာပေမယ့် ခွင့်ပြုပါတယ်။
ဦးပဉ္ဇင်းတို့တော့ ပြန်ကြွရဦးမယ်။ ကျန်တဲ့ ပုဂ္ဂိုလ်များက ဆက်ဆွေးနွေးရစ်ကြပါ'
ဦးပဉ္ဇင်းသုံးပါး ပြန်ကြွတော့
အားလုံးက ဝတ်ဖြည့်ကြတယ်။ သူကြီးက ငေါက်ခနဲထပြီး ဦးပဉ္ဇင်းသုံးပါး ခြံဝ
လိုက်ပို့တယ်။ သည်တစ်ခါတော့ ရှိသမျှလူတွေအားလုံး ကျွဲပွဲဆိုတာ ဘာပါလိမ့်၊
ကျွဲပွဲဆိုတာ ကျွဲတွေ ကတဲ့ပွဲလား။ သူကြီးက သည်နှစ် ကထိန်မှာ ကျွဲပွဲထည့်ချင်သတဲ့။
ဘယ်က ကျွဲပွဲ ကို ဘယ်အထဲ ဘယ်လိုထည့်မှာလဲ။ ဒါကြောင့် အောက်လင်းဓာတ်မီး ထွန်းရတဲ့
အစည်းအဝေး လုပ်တာကိုး။ ဒါကြောင့် အဝေးက သူကြီးတွေကို ဖိတ်တာကိုး။ ဘေးမှာ
ဖိတ်ကြားခြင်း မခံရပေမယ့် မိုးတိုးမတ်တတ် ရှိကြတဲ့ ရွာသူရွာသားတွေ၊ ကလေးတွေကလည်း
သူတို့အချင်းချင်း ကြည့်ကြတယ်။ ကျွဲပွဲတဲ့။ ဘာလဲ ကျွဲပွဲ။ သူကြီးအိမ်မှာ ဖျတ်ခနဲ
ကြားလိုက်ရတဲ့ သတင်းရွာထဲပြေးပြောချင်ကြလှပြီ။ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း
ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား။ ကလေးတွေမှ မသိတာ မဟုတ်ဘူး။ ရပ်မိရပ်ဖ
လူကြီးသူမတွေကလည်း အသက်ကပဲ ခုနစ်ဆယ်တန်း၊ ရှစ်ဆယ်တန်း ရောက်ကြပြီ။ ကျွဲပွဲဆိုတာ
တစ်သက်နဲ့တစ်ကိုယ် မကြားဖူးဘူး။ မကြုံဖူးဘူး။ သည်တော့ သူကြီး ကိုကြာကံ ဘာပြောလာမလဲ
စောင့်ရုံက လွဲလို့ ဘာရှိမှာတုံး။ သူကြီး ကိုကြာကံဆိုရင် ကိုင်းတော
မီးလောင်တာတောင် ပြာကောင်းကောင်းမရတဲ့ လူလောက် အောက်မေ့တဲ့လူတွေကတောင်
သည်တစ်ခါတော့ ကိုကြာကံ ရှင်းပြမယ့် ကျွဲပွဲဆိုတာကို စိတ်ဝင်စားကြပြီ။
ဦးပဉ္ဇင်းတွေ အိမ်ပေါကဝအထိ
လိုက်ပို့ပြီး သူ့နေရာသူ ပြန်ရောက်လာတော့ မျက်နှာက ရဲလို့။ တစ်ခွက်လောက်
ဝင်သောက်ခဲ့ပုံ ပေါ်ပါရဲ့။ သည်တစ်ခါတော့ လူတွေကလည်း ငြိမ်လို့။
အောက်လင်းဓာတ်မီးကလည်း ထိန်လို့။ သူကြီး ကိုကြာကံ ပါးစောင်မှာ စီးကျနေတဲ့
ကွမ်းရည်တွေကို လက်ဖမိုးနဲ့ သိမ်းရင်းက စကားပြောဖို့ ပြင်ပြန်တယ်။
'အဲဒီတော့ ခုနင်က ပြောသလို
သည်နှစ်ကျွဲပွဲ ထည့်ဖို့စဉ်းစားတယ်။ ခက်တာက ကျွဲပွဲဆိုတာ...'
ဟုတ်ပြီ။ ကျွဲပွဲဆိုတာ။ ဘာလဲ
ကျွဲပွဲဆိုတာ။ သည်ခဏမှာ အားလုံးဟာ ငြိမ်နေကြတယ်။ ကျွဲပွဲဆိုတာ မမြင်ဖူး၊
မကြားဖူးတဲ့ ရွာဆိုတော့ သည်နှစ် စည်စည်ကားကား ကျင်းပမယ့် ကျွဲပွဲဆိုသဟာကို
သိချင်ကြတယ်။ မျက်စိထဲ စိတ်ကူးနဲ့တောင် ပုံဖော်လို့ မရနိုင်တဲ့ပွဲဆိုတော့ သူကြီး
ရှင်းပြရင် လင်းရတော့မှာကိုး။ သည်တော့ ကလေးလူကြီးအားလုံးက သူကြီးမျက်နှာကို
ငေးကြည့်နေကြတယ်။
'ကျုပ်လည်း အသက်သာ
ငါးဆယ်ကျော်ပြီ။ တစ်ခါမှ မြင်ဖူးတာ မဟုတ်တော့ ပြောဖို့ခက်သားပဲ'
အောက်လင်းဓာတ်မီး ရောင်အောက်က
လူအုပ်ကြီးဟာ သည်စကား ကြားတော့ 'ဟာ'ခနဲ ထအော်ကြတယ်။
ဘယ့်နှယ်ဟာတုံး။ သူကြီးက သူတောင် မမြင်ဖူးတဲ့ပွဲ သည်နှစ် ထည့်ဖြစ်အောင်
ထည့်မယ်ဆိုတာကကော ဘာသဘောပါလိမ့်။ အဟုတ်မှတ်လို့ နားထောင်ပါတယ်။ ကြွေပေါ် တရော်
ပက်သလို ချော်ပျက်ပျက်ပါလားလို့လည်း တွေးကြတယ်။ ဒါပေမယ့် သူကြီးက ဆက်ပြောတယ်။
'သည်ကျွဲပွဲအကြောင်းကို
မြို့က ရောက်နေတဲ့ ကျုပ်တူမောင် သာရင်က ရှင်းပြလိမ့်မယ်။ ကျွဲပွဲမှာ ဘာတွေပါရမယ်၊
ဘယ်လို လုပ်ကြရမယ်၊ ဘယ်လို ဇာတ်တိုက်ရမယ်၊ ဘယ်လိုသရုပ်ဆောင်ရမယ် ဆိုတာကအစ
မောင်သာရင်က ရှင်းပြပါလိမ့်မယ်'
တော်ပါသေးရဲ့။ ဖိုးသောင်းက
အောက်လင်းဓာတ်မီးတွေ လေထထိုးတယ်။ ကောင်းခန်းရောက်တော့မှာကိုး။ လူတွေကလည်း
လှုပ်စိလှုပ်စိ ပြန်ဖြစ်လာတာပါပဲ။ သူကြီးအိမ်ပေါ်လည်း လှမ်းကြည့်ကြတယ်။ ဘယ်မှာလဲ
မောင်သာရင် ဆိုတာ။ တချို့ကလည်း သူကြီး ကိုကြာကံ အစ်မဝမ်းကွဲ တစ်ယောက် မြို့မှာရှိတာတော့
သိကြပါရဲ့။ ဒါပေမယ့် သည်အစ်မရဲ့သား သာရင် ဆိုတာကို မသိကြဘူး။ လူကြားထဲ ဘယ်လိုဟာ
ပေါ်လာမလဲ စောင့်ကြည့်နေတုန်း ကတုံးဆံတောက်နဲ့ လူတစ်ယောက် မြင်ကွင်းထဲ
ပေါ်လာပါရော။ လူက အောက်လင်းဓာတ်မီးတွေ ရှိန်နေအောင် ထွန်းထားတာတောင် စမုံနက်ရောင်က
မပျောက်ချင်ဘူး။ လူကလည်း စမုံနက် အပါအဝင် စမုံမျိုးငါးပါးကို လှော်ပြီး ထုပ်ထားတဲ့
မီးနေသည် နမ်းထုပ်လောက် ရှိတာပါ။ သူကြီးအိမ်ထောင့် ချထားတဲ့ ထိပ်တုံးကမှ
ကြီးသေးတာပါကလား။ ဘယ်လိုပဲဖြစ်ဖြစ် သည်မောင်သာရင်က ကျွဲပွဲမှာ သေတ္တာမှောက်
ဆိုပါပကော။ သူကပဲ ရှင်းပြ၊ သူကပဲ ဇာတ်တိုက်၊ သူကပဲ သဘော သဘာဝတွေ ကျကျနန
နားလည်အောင် သင်ပြပေးလိမ့်မတဲ့။ လူပုံက မဟန် လောက်ပေမယ့် ပန်းညိုမျိုးလို
ချိုးလေတိုးလေ ထင်ပါရဲ့ပေါ့လေ။
'သည်ဘက် ရွာတွေမှာ
ကျွဲပွဲဆိုတာကို မကြားဖူး၊ မမြင်ဖူးကြပေမယ့် ကျွန်တော်တို့ မြို့မှာတော့
ကျွဲပွဲဓလေ့ အင်မတန်ကြီးမယ်ခင်ဗျ။ အလှူပွဲ ကထိန်ပွဲများမှာ ကျွဲပွဲထည့်လေ့
ရှိပါတယ်။ ကျွဲပွဲမှာ သရုပ်ဆောင်ရတဲ့ လူတွေကလည်း တခြားက မဟုတ်ပါဘူး။ သည်ရွာက
လူတွေပါပဲ။ ဇာတ်ကွက်၊ ဇာတ်လမ်းတော့ ကျွန်တော်ပဲ ခင်းပြရှင်းပြမှာပါ။ ကျွဲပွဲဆိုတာ
သည်လိုခင်ဗျ'
ဖိုးသောင်းက အောက်လင်းဓာတ်မီး
သုံးလုံးကို လေထိုးပြန်ရော။ လေပေါင်ပြည့်လာလေ လင်းလာလေ။ ဖိုးသောင်းက
အောက်လင်းမီးတွေကို သံချိန်မှာလည်း ချိတ်ပြီးရော မောင်သာရင်ကလည်း ကျွဲပွဲဆိုတာကို
စရှင်းတယ်။
၄။
ကျွဲပွဲမှာ အဓိကကျတဲ့ ဇာတ်ရုပ်က
ကျွဲနှစ်ကောင်ပါ။ တကယ့်ကျွဲ ဘယ်ဟုတ်ပါ့မလဲ။ ဝါးနဲ့ချိုးထားတဲ့ ကျွဲပေါ့။
ကျွဲတစ်ကောင်လုံးကို ချိုးရတာမျိုးလည်း မဟုတ်ဘူး။ ကျွဲခေါင်းလောက် ချိုးရတာပါ။
ဒါမှလည်း ကျွဲကမယ့်လူက ကျွဲခေါင်းစွပ်ပြီး ကနိုင်မှာကိုး။ နှစ်ကောင်ခတ်ရမှာဆိုတော့
ကျွဲခေါင်းက နှစ်ခေါင်းချိုးကြရတယ်။ ချိုးတော့လည်း ပေါ့ပေါ့ပါးပါး ဖြစ်အောင်
နှီးတဘက်ခေါ်တဲ့ ဝါးကို လွှာပြီးသား နှီးပြားနဲ့ ရက်ရတာပါ။ ကျွဲခေါင်းကို
ဝါးနဲ့ပုံပေါ်အောင် ရက်ထားတဲ့ နှီးကပ်ကြားနဲ့ကပ်၊ ပြီးမှ ပုဆိုးစုတ်လို၊
သင်္ကန်းစုတ်လို အစကို ကော်ဝအောင် သုတ်ပြီး ကပ်၊ ပြီးတော့ တစ်ခါ ဘိလပ်မြေစက္ကူနဲ့
ထပ်ကပ်၊ ပြီးပြီဆိုရင် စက္ကူဖြူကပ်ပြီး ဆေးနက် ပိန်းခြယ်ရတယ်။ မျက်လုံးနေရာတွေမှာ
အပေါက်ဖောက်ထားတော့ ကျွဲခေါင်းထဲ ခေါင်းစွပ်ကရမယ့် လူက အပြင်ကို မြင်နိုင်တာပေါ့။
ဟုတ်ပြီ၊ ဒါက ကျွဲခေါင်း။
ကျွဲ ကိုယ်လုံးကကောတဲ့။ ဒါလည်း
နှီးကပ်ကြားကို ခပ်ခုံးခုံးရက်ပြီး ပိတ်အမည်းစကို အုပ်လိုက်ရုံနဲ့ ပြီးတယ်။
ကမယ့်နှစ်ယောက်က ရှေ့တစ်ယောက်၊ နောက်တစ်ယောက်ကိုး။ တစ်ယောက်က ကျွဲခေါင်းထဲ
ခေါင်းလျှိုပြီး ကျွဲကိုယ်လုံး အဖျားတစ်ဖက်တင်၊ နောက်ကမယ့်လူက ကျန်တဲ့
ကျွဲကိုယ်လုံး အဖျားဘက်ကိုဝင်ပြီး ခါးကုန်းထားလိုက်ရင် ကျွဲတစ်ကောင် မတ်တတ်ရပ်
နေတာနဲ့ တူပြီ။ ကျွဲကမယ့် လူနှစ်ယောက်စလုံးက ဘောင်းဘီရှည်အနက်တွေ ဝတ်ကြရတယ်။
ကျွဲခြေ လေးချောင်း ဖြစ်ကရော။ သက်တော့ မသက်သာပါဘူး။ တစ်ယောက်က ကျွဲခေါင်းထဲ
ခေါင်းလျှိုရလို့ မသက်သာသလိုဘဲ နောက်လူကလည်း အလိုက်သင့်အောင် ခါးကြီးကုန်းပြီး
တစ်လျှောက်လုံး လိုက်နေရတာ အင်မတန် ပင်ပန်းတယ်။ ခတ်ကျွဲတွေဆိုတော့ မည်းမည်းမြင်ရာ
ခတ်ကြရတာဆိုတော့ ရှေ့လူ ပြေးသမျှ၊ လိုက်သမျှ၊ ခတ်သမျှ၊ လှုပ်ရှားသမျှ နောက်လူက
တစ်ထပ်တည်း ပါရတယ်။ မလိုက်နိုင်ရင် ကျွဲတခြား လူတခြား ဖြစ်ကရော။ သည်တော့ ကျွဲထဲဝင်
ကကြမယ့် လူနှစ်ယောက်က တစ်ယောက်သဘော တစ်ယောက် သိဖို့လိုတယ်။ အပင်ပန်းခံနိုင်ဖို့
လိုတယ်။ ခတ်ကျွဲခတ်မယ့်လူတွေ ဆိုတော့ ကြမ်းကြမ်းရမ်းရမ်း စရိုက်ရှိဖို့လည်း
လိုတယ်။
မရိုးကုန်းမှာ ခတ်ကျွဲ နှစ်ကောင်အတွက်
ခေါင်းချိုးမယ့် အရုပ်ချိုးကောင်းမယ့် ဆရာကော ရှိရဲ့ လား။ ခတ်ကျွဲကတော့ ဟုတ်ပါရဲ့။
ကျွဲခေါင်း၊ ကျွဲကိုယ်လုံးကို နှီးတဘက်လွှာပြီး အချိုးကျကျ ချိုးနိုင်ပါမှ
အဓိပ္ပာယ်ရှိတော့မပေါ့။ ဒါကလည်း မခက်တော့ မခက်ဘူး။ မရိုးကုန်းမှာ
အရုပ်ချိုးကျွမ်းကျင်တဲ့ ဘကြီးစံ ရှိတယ်။ ကျွဲမပြောနဲ့၊ ဆင်တောင်ချိုးနေတဲ့
ပုဂ္ဂိုလ်ပဲဟာ။ ဘကြီးစံရဲ့ ချိုးဆင်ဟာ သည်နား တစ်ဝိုက် နာမည်ကြီး။ ချိုးဆင်မှာမှ
လှမ်းဆင်ရော စုံဆင်ပါ ချိုးနိုင်တယ်။ လှမ်းဆင်ဆိုတာက ဆင်လေးဘက်ထောက်
ရပ်နေတဲ့ဟန်မှာ ဘယ်ခြေတစ်ဖက် အဆစ်ကလေးချိုးပြီး နည်းနည်း မ,ထားတဲ့
ဟန်ကို ခေါ်တာပါ။ တစ်ခါ စုံဆင်ဆိုတာကျတော့ ဆင်တစ်ကောင်လုံး စုံရပ်နေတဲ့ဟန်။ သည်လို
လှမ်းဆင်ရော စုံဆင်ပါ ကျွမ်းကျင်မှတော့ ချို နှစ်ဖက်ထောင်ကား ထားရတဲ့ ကျွဲခေါင်း
ဆိုတာလောက်တော့ ဘကြီးစံချိုးရင် မဖြစ်မရှိဘူး။ ကျွဲခေါင်း နှစ်ခေါင်းနဲ့
ပေါင်းမိုးလို ကျွဲကိုယ်လုံး တစ်ခြမ်းမှောက်ရရင် ခတ်ကျွဲနှစ်ကောင် ရတာပဲ။
တစ်ကောင်ကို မိုးမှောင်၊ တစ်ကောင်ကို နက်မှောင်လို့ ကျွဲနံတောင်း နေရာတွေမှာ
ဆေးဖြူနဲ့ ရေးရုံပဲ။ ဟုတ်ပြီ၊ ဒါက ကျွဲ။
သည်ကျွဲနှစ်ကောင်
ကြမ်းကြမ်းရမ်းရမ်းကတဲ့အခါ တီးပေးရမယ့် ဒိုးပတ်ဝိုင်းကကောတဲ့။ ရှိလိုက်တာမှ။
ဟောသည်နား ရွာတွေမှာ ဒိုးပတ်ဝိုင်းမရှိတဲ့ ရွာတစ်ရွာမှ မရှိဘူး။ မရိုးကုန်းမှာလည်း
ရှိတာပါပဲ။ ပီလိုက် မြည်လိုက်တဲ့ ဒိုး။ တီးချင်လွန်းလို့မှ ပွဲစောင့်နေရတဲ့
ဒိုးလာစမ်းပါလေ့ကိုး။ ကျွဲပွဲဆိုတာက ကျွဲနှစ်ကောင် မြင်မြင်ကရာ၊ တွေ့ကရာ
လိုက်ခတ်နေတာကို ဒိုးဝိုင်းက အဆူတီး၊ အသွက်တီး မြိုင်မြိုင်ကြီး ဟီးထအောင်
တီးပေးရတာထား။ ကျွဲတွေကလည်း ဒိုးသံနဲ့ဆိုတော့ စိတ်တွေ ကြွပြီး ပိုခတ်လေ
ဒိုးဝိုင်းကလည်း ကျွဲနှစ်ကောင်မြူးလေ
လက်ပေါက်အောင် တီးနိုင်တယ်ပဲထား။ ဘယ်မှာ စိတ်ဝင်စားစရာ ကောင်းလို့တုံး။
ကျွဲပွဲလာကြည့်တဲ့ ပရိသတ်လိုက်ခတ်လို့ ပြေး ကြလွှားကြတာနဲ့တင် ဘယ့်နှယ်လုပ်
ကျွဲပွဲခေါ်လို့ ရပါ့မတုံး။ ဒါပေမယ့် ရှေးကကျွဲပွဲဆိုတာ သည်လောက်ပဲ။
ကျွဲနှစ်ကောင်ခတ်တဲ့အခါ အလှက၊ အယဉ်က ပြီးရင် အရိုင်းခတ်၊ အပြေး ခတ်လောက်နဲ့ပဲ
ပြီးခဲ့ကြတာလည်း အမှန်ပဲ။ ကျွဲခတ်လို့ ပြေးဟယ်လွှားဟယ်၊ နင်းဟယ်ကျော်ဟယ်၊
အော်ဟယ်ဟစ်ဟယ် ရှိရင်ပဲ ပျော်စရာ ကောင်းလှပြီကိုး။ ပွဲဆူခေါ်တာပေါ့။ ကျွဲနှစ်ကောင်
ခတ်တော့မယ်၊ ပွဲစတော့မယ်ဆိုတာနဲ့ ကန်တော့ပွဲ ပေးရတယ်။ ကျွဲနတ်ကို ပ,သတာပါ။
ကျွဲ တကယ်ခတ်ပြီဆိုရင် ခတ်တဲ့လူတွေမှာ နတ်ဝင်တယ်၊ နတ်စီးတယ်လို့ ယုံကြည်ကြတော့
တစ်စုံတစ်ရာ အထိအခိုက် ရှိဦးတော့ ဘယ်သူကမှ အလျော်အပေါ မတောင်းဝံ့ဘူး။
ကျွဲခတ်မှာစိုးရင် ခပ်ဝေးဝေး လွတ်လောက်မယ့်နေရာက ကြည့်ချင်ကြည့်၊ ဒါမှမဟုတ်
ကျွဲပွဲကို မလာခဲ့နဲ့။ ကျွဲပွဲလာမှတော့ ထိချင် ထိမယ်။ ထိချင်မှလည်း ထိမယ်။ ထိရင်၊
နာရင်၊ ကျိုးရင်၊ ကြေရင် အလျော်မရှိဘူး။ ဒါ လူက လုပ်တာ မဟုတ်ဘူး။ ကျွဲနတ်က လုပ်တာ။
ဒါကို လျော်ရမယ်ဆိုရင် ဘယ်သူက လျော်မှာတုံး။ သည်တော့ ပြောပါ ပကော။ ထိမှာခိုက်မှာ
စိုးရင် ကျွဲပွဲကို မလာနဲ့။
နောက်ပိုင်းခေတ်တွေ ရောက်လာတော့
ကျွဲပွဲတွေလည်း ထွင်လာကြတယ်။ သရုပ်ဆောင်တွေ ထည့်လာကြတယ်။ ဇာတ်ထုပ်၊
ဇာတ်ကွက်ကလေးတွေ ထွင်လာကြတယ်။ ဘာတွေ ပါလာကြသလဲ ဆိုတော့ စာထောင် ကုလားမခေါ်တဲ့
စာကလေး ဗေဒင်ကုလားမ တစ်ယောက် ထည့်တယ်။ စာကလေး ဗေဒင်ကုလားမက စာကလေး လှောင်အိမ်ကလေး
လက်ကဆွဲပြီး ရွာထဲဝင်လာ၊ လူနှစ်ယောက်ကစာကလေး ဗေဒင်မေးချင်တယ် ဆိုတော့ နီးရာမှာ
ထိုင်ချပြီး ဗေဒင်ကိစ္စနဲ့ စကားတွေ ပြောကြဆိုကြပေါ့။ တစ်ခါ ထီးချုပ်ကုလား တစ်ယောက်
ပါရမယ်။ ထီးစုတ်တွေ စုထုပ်ထားတဲ့ အထုပ်ကြီး ပခုံးပေါ် ထမ်းရင်းက ထီးပြင်တယ်။
သော့ခလောက် ပြင်တယ်။ လက်နှိပ်ဓာတ်မီး ပြင်တယ် စသည်ဖြင့် အော်ပြီး ရွာရိုးကိုးပေါက်
လျှောက်တဲ့ ဟန်ပေါ့လေ။ တစ်ခါ ဖဲသမား လေးယောက် ဖဲဝိုင်းနေတာကို ရဲက လိုက်လို့
နေရာရွှေ့၊ ရွှေ့ပြေးရတာလည်း ပါရမယ်။ ဦးရွှေရိုးနဲ့ ဒေါ်မိုးလို ဝတ်ထားတဲ့ လင်မယား
နှစ်ယောက်လည်း လိုတယ်။ လူနှစ်ယောက်၊ ကြက်နှစ်ကောင် တိုက်နေတာကို ဝိုင်းကြည့်တဲ့
လူလေးငါးယောက်ကလည်း သူ့ကြက် ကိုယ့်ကြက် အော်ကြီးဟစ်ကျယ် အားပေးကြ လို့ပေါ့လေ။
တစ်ခါ ကြွေအံဝိုင်းကလည်း မလိုဘူးဆိုရင် လူခြောက်ယောက်လောက် လိုမှာပေါ့။ တစ်ခါ
ထန်းရည်မူးသမားအုပ်စုကလည်း မြူအိုးနှစ်အိုး အလယ်ခေါင်ချပြီး ထန်းရည်ဝိုင်းဖွဲ့တယ်
ဆိုကြပါစို့။
နောက် ဘာထည့်ချင်သေးသလဲ ထည့်ပေါ့။
အရေးကြီးတာက ကျွဲနှစ်ကောင် ခတ်ရမယ့်လူတွေ ရှိဖို့ပဲ။ ခတ်ကျွဲနှစ်ကောင်က
သူတို့ချင်း ခတ်နေကြရာက ရွာထဲဝင်လာပြီး တွေ့ရာ မြင်ကရာ လိုက်ခတ် တယ်ဆိုတဲ့
သဘာဝပေါ်ရင် ဒါ အထမြောက်တာပဲ ဆိုတော့ ဉာဏ်ရှိသလောက် ကွန့်နိုင်ခွင့် ရှိတယ်
ပြောပါတော့။ စာကလေးဗေဒင် ကုလားမနဲ့ ဗေဒင်မေးနေတဲ့လူတွေကိုလည်း ခတ်မှာပဲ။ ထီးချုပ်
ကုလားလည်း ခတ်မှာပဲ။ ကြွေအံဝိုင်းလည်း ခတ်မှာပဲ။ ဖဲဝိုင်းလည်း ခတ်မှာပဲ။
ထန်းရည်ဝိုင်းလည်း ခတ်မှာပဲ။ ကြက်ဝိုင်းလည်း ခတ်မှာပဲ။ ဦးရွှေရိုး ဒေါ်မိုးလည်း
ခတ်မှာပဲ။ နောက်ထပ် ဘာတွေ ထည့်ချင်သေးတုံး၊ ထည့်လေ။ ကျွဲနှစ်ကောင်ကတော့ ခတ်စာ
ပိုရတာပေါ့။ ကြွေအံဝိုင်းတို့၊ ဖဲဝိုင်းတို့၊ ကြက်ဝိုင်းတို့ကို လိုက်ဖမ်းနေတဲ့
ရဲသားတောင် ခတ်မှတော့ ကျန်တာ စဉ်းစားသာ ကြည့်တော့။
'နို့ နေပါဦး၊ မောင်သာရင်ရဲ့၊
ပွဲက ဘယ်အချိန်ပြီးရမှာတုံး။ မင့်ကျွဲတွေက တွေ့ကရာ ခတ်နေမှတော့ ဆုံးနိုင်ပါ့မလား'
မြင်းလှည်းဆရာ ကိုတောကျော်က သူ့စိတ်ထဲ
မရှင်းတာ ထမေးတယ်။
'ဘယ်အချိန် ပြီးရမယ်
ဆိုတာတော့ မရှိဘူးခင်ဗျ။ ကျွဲတစ်ကောင် လူနှစ်ယောက်ဆိုတော့ ကျွဲနှစ်ကောင်
လူလေးယောက် ရှိမှာကိုး။ အဲသည့် လေးယောက် ဟပ်ထိုးလဲအောင် မောတော့မှ ပြီးမှာပဲ။
သည်လူတွေကလည်း အရက်ကလေး ဘာလေးတိုက်ရဦးမှာဆိုတော့ တော်ရုံနဲ့တော့ မောကြတယ် မရှိဘူး'
မေးခွန်းတွေ ဝင်လာပြီဆိုတော့
အစည်းအဝေးထဲ ရှိနေသူတွေကလည်း စိတ်ဝင်စားတယ်။ သူတို့ရင်ထဲ မရှင်းတာ မေးချင်ကြတယ်။
သူကြီးကိုယ်တိုင်ကတောင် သူ့တူပြောနေတာ အကုန်နားလည်ပုံမရတော့ ကျွဲပွဲဆိုတာကို
ရေးတေးတေးရှိတဲ့ လူတွေက သာဆိုးတာပေါ့လေ။ မြင်းလှည်းဆရာ ကိုတောကျော်က
ကျွဲခတ်မယ့်လူတွေ ဟပ်ထိုးလဲတော့မှ ပြီးရမယ့် ကျွဲပွဲကို ဘယ့်နှယ်ဟာပါလိမ့်လို့
တွက်ပုံရတယ်။ သည်မှာတင် တစ်ယောက်က မေးပြန်ရော။
'မောင်သာရင်ရဲ့၊ စာကလေးဗေဒင်
ကုလားမဆိုတာ ဘာတုံးဟ။ လုပ်စမ်းပါဦး'
'စာကလေး ဗေဒင်ဆိုတာ
မြို့တွေမှာတော့ ရှိတာများပါတယ်။ ဗေဒင်သည် ကုလားမပေါ့ဗျာ။ ဟောစာတမ်း ရိုက်ထားတဲ့
ကတ်ပြားတွေကို စာကလေးက ဆွဲယူပေးတာကို ဖတ်ပြီးဟောချက်ရယ်လို့ ယူရတာပေါ့လေ။
စာကလေးတစ်ကောင်ကို သစ်သားအိမ်ကလေးထဲထည့်ပြီး လှည့်သွားနေတဲ့ ကုလားမ ခင်ဗျ'
စာကလေးက ဗေဒင်ဟောတယ်ဆိုတော့ မေးသူတင်
မကပါဘူး။ ကျန်တဲ့လူတွေကလည်း သဘောမပေါက်ဘူး။ သည်အချိန်မှာ အောက်လင်းဓာတ်မီးတွေ
မှိန်ကျသွားလို့ ဖိုးသောင်းက လေထထိုးတယ်။ ပိုးကောင်တွေက ဓာတ်မီးတစ်လုံးမှာ
တစ်ပြည်သားလောက်နဲ့ တစီစီ ရှိနေကြလေရဲ့။ တစ်ချိန်လုံးငြိမ်ပြီး နားထောင်နေတဲ့
ဘကြီးမောင်က မေးပြန်ရော။
'နေပါဦးကွ မောင်ကြာကံရ၊ မင်း
သည်စိတ်ကူး ဘယ်ကများ ရပါလိမ့်။ ဘယ့်နှယ်ကွာ၊ အရက် မူးနေတဲ့ကောင်တွေ
ကျွဲခေါင်းစွပ်ပြီး တွေ့ကရာလူ လိုက်ရမ်းရမယ်ဆိုတော့ ဘယ်မှာ ပျော်စရာကောင်း
လို့တုံး မောင်ရ။ မတော်တဆ ထိခိုက်ကုန်တော့ မခက်ပေဘူးလား'
သည်မေးခွန်းကို သာရင်က မဖြေဘူး။ သူက
ကျွဲပွဲ ဖြစ်မြောက်ရေးမှာ တာဝန်ယူရမယ့်လူ မဟုတ်လား။ လုပ်မယ်ဆိုရင် သူ တာဝန်ယူပြီး
သင်ပြပေးရုံ တာဝန်ရှိတာကိုး။ သည်တော့ လုပ်ခြင်း၊ မလုပ်ခြင်းဟာ ရွာနဲ့ပဲဆိုင်တော့
သူ့ဦးလေးတော်ကို လှမ်းကြည့်တယ်။ သူကြီး ကိုကြာကံက ဖျာစွန်းကို မ,ပြီး
ကွမ်းထွေးရင်းက ကွမ်းပလုတ်နဲ့ ဖြေတယ်။
'ဘကြီးမောင်တို့နဲ့တော့
ခက်ပါ့ဗျာ။ ကျွဲပွဲပါဆိုမှ ယိုးဒယားသမင်လိုက်သလို ညက်ညက်ကလေးတော့ ဘယ်ရှိပါ့မလဲ။
ပွဲကြီးလမ်းကြီး မထည့်နိုင်လို့ ထလုပ်ရတဲ့ဟာ။ စည်လည်း စည်စေ၊ ပျော်လည်း ပျော်စေ၊
မမြင်ဖူးတာလည်း မြင်ရစေဆိုတဲ့ စေတနာနဲ့ လုပ်ကြတာ။ ထိမှာစိုးရင် ဘကြီး မလာခဲ့နဲ့'
နောက်တော့လည်း သူကြီးစကား တည်ရတာပါပဲ။
အဝေးရွာတွေက ဘုမသိ ဘမသိ ရောက်လာတဲ့ သူကြီးတွေကလည်း သူတို့အပိုင်းက ဘာလဲရယ်လို့
ထမမေးကြပါဘူး။ မရိုးကုန်းမှာ အင်စပိတ်တော်လောက် လာတာတောင် အနားရွာတွေပါ ငွေခွဲတဲ့
သူကြီးဆိုတော့ ကျွဲပွဲဆိုတာမှာလည်း သူတို့ မလွတ်လောက်ဘူးဆိုတာ သိတာလည်း ပါမှာပေါ့။
အဲသည့်ညက ကျွဲပွဲနဲ့ ပတ်သက်လို့ ရွာက တော်တော်သိလိုက်ရတယ်။ သည်နှစ် ကထိန်မှာ
ကျွဲပွဲ ပါမတဲ့ဆိုတဲ့သတင်းဟာ ညတွင်းချင်း ရွာထဲကို ရောက်သွားခဲ့တဲ့အထိပဲ။
အောက်လင်းဓာတ်မီး မီးထိုးရတဲ့ ဖိုးသောင်းတောင် သူ့ဘဝမှာ သည်ညလောက် လေထိုးရတဲ့ည
မရှိဘူးလို့ တွေးမိတဲ့အထိ အစည်းအဝေးက ကြာတယ် ပြောပါတော့။ သူကြီး ကိုကြာကံကပဲ
အစည်းအဝေး သိမ်းတာပါပဲ။
'အဲတော့ မောင်သာရင်၊ ငါ့တူက
ဝယ်ရခြမ်းရမှာ၊ ငှားရပြုရမှာတွေ ရှိတော့ ကုန်ကျစရိတ်စာရင်း လုပ်ကွာ။ အရေးကြီးတာက
လူနဲ့ ကျွဲပွဲမှာ ကမယ့်လူ ကိုက်ပစေဟေ့။ ကျွဲ ဘယ်သူလုပ်မယ်၊ ဗေဒင်ဆရာ ဘယ်သူ လုပ်မယ်
ဆိုတာကအစ သေချာအောင် ရွေး၊ လောလောဆယ် ကုန်မယ့်ငွေ ကိုဟံသာ မင်း စိုက်ထားကွာ။
နောက်ရွာက ကောက်ခံပြီး ပြန်စိုက်ရမှာပေါ့။ အရီးတို့ကလည်း ကထိန်နေ့ ကိုယ့်ရွာ
ကိုယ်တာဝန်ယူပြီး ပရိသတ်များအောင် ဆော်သြပေးကြပါ။ ရွာမှာ ကျွဲပွဲရှိတော့
သူကြီးတို့ ရွာတွေလိုတော့လည်း ခေါ်နိုင်တာပေါ့'
အောက်လင်းဓာတ်မီး မြင်လို့ သူကြီးအိမ်
ရောက်လာတဲ့ ကလေးတွေကလည်း ခွေအိပ်နေကြတော့ ဆိုင်ရာမိဘတွေက ကိုယ့်ကလေးကို
လာကောက်ကြတယ်။ ဖိုးသောင်း အောက်လင်းဓာတ် မီးတွေသိမ်းတော့ ညနာရီ ပြန်တစ်ချက်
ထိုးပြီ။
၅။
ကျွဲပွဲဆိုတာ အပြောလောက် ကြားရတာလောက်
ရှိနေတော့ ပိုက်ဆံစိုက်ရမယ့် ကိုဟံသာက သူကြီး ကြောက်လို့သာ အင်းလိုက်ရတယ်။
ဘယ်ရွေ့ဘယ်မျှ ကုန်မယ်ဆိုတာ မသိဘူး။ အရင်ကလည်း စိုက်ရတာ များလှပေါ့။ တို့တိ
တို့တိနဲ့ ဆပ်တာမျိုးတော့ ရှိပါရဲ့။ တစ်ခါမှ ကျေတယ်၊ ရှင်းတယ်လို့ မရှိခဲ့ဖူးတော့
ကိုဟံသာ့မိန်းမက သူကြီးအကြောင်း သိသူပီပီ 'ကျုပ်တို့သူကြီးကတော့
ကုန်စုံဆိုင်နဲ့ သူကြီးလုပ်နေတာ' တဲ့။ ကထိန်က
တစ်လမရှိတရှိလောက် လိုသေးတာပေမယ့် ကျွဲရုပ်ချိုးရတာနဲ့၊ စာကလေးပုံး ရိုက်ရတာနဲ့
တီးရမယ့် ဒိုးပတ်တွေ မကောင်းတော့ဘူးဆိုလို့ မြို့တက် ဝယ်ရတာနဲ့ စသဖြင့်
တစ်ရက်တစ်ရက်နဲ့ ရက်က ဘာမှမကျန်တော့ဘူး။
ကျွဲပွဲဆိုတာက စကားရယ် ဘာရယ်
ဟုတ်တိပတ်တိ ပြောရတဲ့ အရပ်ပြဇာတ် မဟုတ်လို့ အခန်းဝင် အခန်းထွက်ရယ်၊
ကားလိပ်အတင်အချရယ် မရှိပေမယ့် သူ့လူနဲ့ သူ့နေရာဆိုတာ ရှိသေးတာကိုး။ ကန်တော့ပွဲ
တစ်ပွဲထိုး၊ အောက်လင်းဓာတ်မီး ဆရာ ဖိုးသောင်းကို တစ်ည ဆန်တစ်ပြည်၊ ငွေတစ်မတ်
ပေးပြီး ကျွဲပွဲတိုက်ရတာကိုက မရိုးကုန်းမှာ တိမ်တိမ်ခြေ ဖုံးပါလို့
အုန်းခြိမ့်ခြိမ့် ညံနေတော့တာပါ။ ကလေးတွေကလည်း ကျွဲပွဲ၊ အပျိုလူပျိုတွေကလည်း
ကျွဲပွဲဆိုတာထား။ အိုကြီးအိုမတွေကပါ ညတိုင်ရင် သူကြီးဝိုင်းထဲ ရောက်ကြပြီ။
တကယ့်ပွဲကြီး မဟုတ်တော့ သဘောလောက်ပေါ့လေ။ ကြမ်းကြမ်း ရမ်းရမ်းကြီးတော့ မရှိသေးဘူး။
သာရင်က ဒါရိုက်တာ။ စာထောင်ကုလားမနဲ့ အဖွဲ့က သည်မှာနေ၊ ဖဲဝိုင်းက ဟောဟိုမှာ၊
ကြက်ဝိုင်းက သည်ဘက်လာ၊ ကြွေဝိုင်းက သည်ထောင့်နေပေါ့လေ။ ပုလိပ်တွေလာရင် ဘယ်သူက
ဘယ်ဘက်ကို ရွှေ့၊ ကျွဲက ဘယ်လိုဝင်၊ ဘယ်လိုခတ်၊ ဘယ်လိုယိမ်း၊ ဘယ်လိုရှောင်။
သူကြီး ကိုကြာကံကတော့ သူ့လက်ထက်ကျမှ
ကျွဲပွဲ ထည့်နိုင်တာဆိုတော့ မြို့က အရေးပိုင်၊ နယ်ပိုင်တွေကအစ မြို့ပိုင်နဲ့
တောဆင်း စာရေးတွေပါ ဖိတ်ချင်တယ်။ စရိတ်ဆိုတာကလည်း သူ့ဟာသူတော့ ဖြစ်သွားမှာပါလေလို့
ထည့်တွက်တယ်။ ရွှေတစ်ကျပ်သား လေးရာခေတ်ဆိုတော့ ငွေ တစ်ထောင်လောက်ဆိုရင် သုံးပါလေ့။
ရွာထဲ ချောင်ငါးချောင်ရှိတော့ တစ်ချောင် နှစ်ရာတော့ သူ့ဟာနဲ့သူ
ဖြစ်သွားမှာပါလေလို့လည်း စိတ်ထဲ တေးထားတယ်။ သူကြီးကသာ စိတ်ထဲ တေးထားတာ ကိုဟံသာ
စိုက်ထားရတာ မနည်းတော့ဘူး။ သူကြီးက သူ့လက်မှတ်ပါမှ ငွေထုတ်ပေးဆိုပေမယ့်
သူ့လက်မှတ်တွေချည်း လာလာနေတော့ ပေးရတော့တာပေါ့။ ဒိုးဝိုင်း ခြောက်ယောက်နဲ့
ကျွဲလေးယောက်ကချည်း တစ်ရက်တစ်ရက် အရက်ဖိုး ထုတ်ပေးရတာ မနည်းတော့ဘူး။
'သူကြီးကလည်း လက်မှတ်တွေချည်း
ထိုးမနေနဲ့ဗျ။ ခင်ဗျားလူတွေက အရက်ဖိုး၊ ထန်းရည်ဖိုး ထုတ်ကြတာထား။ အခုက စားမယ့်
ကွမ်းဖိုးကိုတောင် သူကြီးစာရွက်နဲ့ လာနေတော့ ဘယ့်နှယ်လုပ်မတုံး'
တစ်ရက်တော့ ကိုဟံသာက သူကြီးပေမယ့်
မခံနိုင်တော့ ငေါက်ကရော။ သည်တော့လည်း ပွဲမပြီးခင်ပါကွာ။ သည်ကောင်တွေလည်း
ပျော်ကြလို့ နေမှာပါလို့ လေပျော့ကလေးနဲ့ ချော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညတိုင်း
ဒိုးသံ တအိမ်းအိမ်း၊ ကျွဲတယိမ်းယိမ်းဆိုတော့ မရိုးကုန်းဟာ အနားရွာတွေထက်
စည်ကားနေတာ အမှန်ပဲ။ သူကြီးကတော် ဆိုတာတော့ ပြောမနေနဲ့တော့။ ထဘီဒယဥ့်တိုက်နဲ့
ဘီးဆံပတ်ကြီး ကြော့နေအောင် ထုံးလိုက်လို့၊ သူကြီးသမီးလည်း ဖြစ်ပြန်၊ လက်ရှိ
သူကြီးမယားကလည်း ဖြစ်ပြန်ဆိုတော့ 'သူကြီးကတော်' ခေါ်မှလည်း ထူးတယ်။ စိတ်မထင်တဲ့အခါ 'တိုက်သူကြီးကတော်'
ခေါ်မှ မေးထူးခေါ်ပြောလုပ်တာလည်း ရှိတယ်။ ဖအေ သူကြီးဟောင်း
ထားခဲ့တဲ့ အောက်လင်းဓာတ်မီး သုံးလုံးကြောင့် တိုက်သူကြီး ဖြစ်ရတဲ့ လင်သူကြီးတောင်
တစ်ခါတစ်ခါ ဘေးပြောချင် ပြောသေးတာ ကလား။
'မောင်ကြာကံရေ၊
ဖွဲလှည်းနောက်မှာ ဆန်လှည်းပါ... နေရာတကာ အောက်လင်းဓာတ်မီးကြီး တဝင်းဝင်းနဲ့၊
ကာလတန်ကြေး မသိဘဲနဲ့ လူရှုပ်ရှုပ် ကွမ်းထုပ်ဖြေသလို လုပ်နေတာ မပြောချင်လို့
ကြည့်နေတယ် မှတ်ပါ။ နေမြင့်လေ ပုန်းရည်ချဉ်လေ ပါလားတော်ရဲ့'
တစ်ခါတစ်ခါ သူကြီးကတော်က အောက်လင်း
ဓာတ်မီးကြီးတွေ ညတိုင်းထွန်းနေတာကို မလိုတဲ့နေ့ မလိုသလို ပြောတတ်ပေမယ့်
ကိုကြာကံကတော့ ထွန်းတာပါပဲ။ သည်ကြားထဲ ဖိုးသောင်းက နေ့တိုင်း ဆန်တစ်ပြည်၊
ငွေတစ်မတ် ထုတ်နေတာကလည်း ပြည်သုံးဆယ်နီးပြီဆိုတော့ အောက်လင်း ဓာတ်မီး
ကုန်ကျစရိတ်ကလည်း တက်လှပြီကိုး။
ဘယ်လိုပဲဖြစ်ဖြစ် ရက်ကလေး ရလာတော့လည်း
ကျွဲပွဲက တိုက်သားကျကြပြီ။ သပ်သပ်ရပ်ရပ်တော့လည်း မဟုတ်ဘူးပေါ့။ ဦးစီးမနိုင်၊
ပဲ့စီး မနိုင်ဆိုတော့ ဦးနင်းပဲ့ထောင်၊ ပဲ့နင်း ဦးထောင်နဲ့ပဲ ဟုတ်သင့်သလောက်
ဟုတ်ရတာပေါ့လေ။ ကထိန်ပွဲကြီး နီးလို့ သုံးလေးရက်လောက် အလိုမှာတော့
ကြိုဆိုနေရာချထားရေး၊ အဝေးဧည့်သည်တွေ ဧည့်ခံရေး၊ ဆွမ်း၊ ကွမ်း ကပ်လှူရေးကအစ
ဝေယျာဝစ္စကိစ္စတွေအတွက် အဖွဲ့ကလေးတွေ ဖွဲ့ရပြီ။ သူကြီးကတော့
အိမ်နဲ့ဘုန်းကြီးကျောင်း ပြေးရတာနဲ့ပဲ ဒူးဆတ်ခေါက်လိုက်နေပြီ ပြောပါတော့။ ရွာထဲရော
အဝေးရွာတွေမှာပါ ကထိန်ပွဲဆိုတာ ပျောက်ပြီး ကျွဲပွဲဆိုတာကြီးက
ရှေ့ရောက်နေတော့တာပါပဲ။ မရိုးကုန်းမှာ ကထိန်မှာ ကျွဲပွဲဆိုသဟာပါသတဲ့ ဆိုတဲ့သတင်းက
ကပ်လျက်ရွာတွေတင် မကဘူး။ ခရီးနှစ်တိုင်၊ သုံးတိုင် အဝေးက ရိုးကြီး၊ မဲဇလီ၊ ကြွက်နာဖား၊
ခလောက်ဆွဲ၊ ကြောင်လျှာတော၊ ရေတွင်းစောက်၊ တောမီး၊ ချောင်းစောက်ရွာတွေအထိ
စကားရောက်နှင့်ပြီ။ ကျွဲပွဲဆိုတာ ဘယ်လိုဟာမှန်း မသိကြဘူး ဆိုဦးတော့
မရိုးကုန်းကျွဲပွဲဆိုမှတော့ ကြည့်ချင်ကြသားပေါ့။ ခက်တာက ကြားရသလောက်က
မြင်မြင်ထင်ထင် ခြေခင်းလက်ခင်းသာသာ နေ့လယ်ခင်းကမှာ မဟုတ်ပြန်ဘူးဆိုတော့ ညရေးညတာ
တစ်ရွာ့တစ်ရွာ ကူးဖို့ဆိုတာ ခက်သားကလား။ မရိုးကုန်းနဲ့ ကပ်နေတဲ့ ရွာတွေကတော့
အကြောင်းလား။ ပွဲမရှိရင်လည်း ဒီလိုပဲ ကူးလူးနေတဲ့ ရွာတွေ။ ငရုတ်သီး တစ်တောင့်၊
ကြက်သွန် တစ်မြိတ်လောက်နဲ့လည်း ညဘက် ထွက်ချင်ထွက်လာကြတာ မဟုတ်လား။ ခက်တာက အဝေးရွာတွေက
ခက်တာ။ ဖြစ်သင့်တာက ကထိန်သင်္ကန်းကပ်၊ ပဒေသာပင်တွေ ဆိုင်ရာဆိုင်ရာ ကျောင်းတွေကို
လှူလို့ တန်းလို့ ပြီးတာနဲ့ ကျွဲပွဲ တစ်ခါတည်း ဝင်။ အခုက အဲသလို မဟုတ်ပြန်ဘူး။
နေ့ခင်းတစ်ခင်းလုံး ပက်လက်လန်အောင် အားလျားနေပါလျက်ကနဲ့ ညမှောင်မှ ကျွဲပွဲကမယ်
ဆိုတော့ စဉ်းစားရခက်နေကြတယ်။
'သူကြီးနှယ်၊ ကထိန် လာကြသမျှ
လူတွေ သိုက်သိုက်မြိုက်မြိုက် ကြည့်နိုင်အောင် သင်္ကန်းကပ်ပြီးတာနဲ့
ကျွဲပွဲဝင်ရမယ့်ဟာ... ခုတော့ ညမှ ကမှာဆိုတော့ သူကြီးဟာက မဟုတ်သေးပါဘူး'
သူကြီး သူရင်းငှား အောက်လင်းဓာတ်မီး
ဆရာ ဖိုးသောင်းက သူ ဆန်တစ်ပြည်၊ ငွေတစ်မတ် နစ်နာတာထား။ အများစုအတွက် ငဲ့ပြီး
ပြောကြည့်ပါသေးတယ်။ သူကြီးကတောင် ဘာမျှမပြောရသေးဘူး။ သူကြီးကတော်က ပယ်ချတယ်။
'အံမယ် ဖိုးသောင်း၊
လူကြီးတွေက ကောင်းတယ် ထင်လို့ စီမံထားတာ။ မင်းက စလောင်းမလှန်နဲ့။ အရေးထဲ ကြက်နာက
မောင်းကျောက် မှန်ရသေးတော်'
ဒါပါပဲ။ ကထိန်ည မတိုင်ခင် နှစ်ရက်မှာ
ပွဲဝင်မယ့် လူတွေအားလုံးရော ဇာတ်ဝင်ခန်း ပစ္စည်းတွေပါ အေးခုတင်ကြီး
နှစ်ချပ်ခင်းတဲ့ပြီး စားတော် တိုက်ကြရတယ်။ လမိုင်းတင်တယ်လို့လည်း ခေါ်ကြတဲ့
ဆိုင်ရာနတ်ကို အမှားအယွင်းကင်းအောင်၊ အထိအခိုက်မရှိအောင် ပ,သတဲ့
ပွဲပေါ့လေ။ ဘုရားပွဲတစ်ပွဲ၊ ကျွဲနတ်အတွက် ပွဲတစ်ပွဲ ထိုးထားတဲ့ ကန်တော့ပွဲကြီး
နှစ်ပွဲနဲ့ ကျွဲခေါင်းကြီး နှစ်ခေါင်း၊ ပွဲသုံးမယ့် စာကလေးဗေဒင်ပုံး၊ ထီးစုတ်ထုပ်၊
ဖဲထုပ်၊ ကြွေစေ့၊ ထန်းရည်မြူအိုးကအစ ခုတင်ပေါ် အကုန်တင်ပြီး ကမယ့်သူတွေ စုပြီး
ကန်တော့ကြတာပါ။ ကမယ့်သူတွေကလည်း ဝတ်စုံပြည့်နဲ့ဆိုတော့ မျက်နှာချေ တဖွေးဖွေး၊
ချွေးတလုံးလုံးနဲ့ပေါ့လေ။ မောင်သာရင်က အစစ အရာရာ
စီမံပေးရတာပေါ့လေ။ သူကြီး ကိုကြာကံကတောင် မျက်နှာချေတွေနဲ့ဆိုတော့
စဉ်းစားသာ ကြည့်တော့။ သည်ကြားထဲ အားလုံးက ကန်တော့ကြတော့ သူကြီးက
ပါဝင်ကန်တော့နေလို့ တချို့က သူကြီးက ဘယ်နေရာများ ပါဦးမှာပါလိမ့်လို့ တွေးကြတယ်။
အဲသည့်ညက ဝတ်စုံပြည့် ကကြတာဆိုတော့
တစ်ရွာလုံးက လာကြည့် ကြတာ ပရိသတ်များလွန်းလို့ သူကြီးခြံစည်းရိုးတောင်
ကျိုးရတဲ့အထိပဲ။ တကယ် ကမယ့်နေရာက ဘုန်းကြီးကျောင်းဝက ကွက်လပ်ကြီးထဲမှာဆိုတော့ လူ
ဘယ်လောက်များများ ဆံ့လောက်မယ်လို့တော့ မှန်းရတာပါပဲ။ လှည်းဝိုင်း ချွတ်ရမယ့်နေရာ၊
ဈေးသည်တွေ ဈေးရောင်းရမယ့်နေရာတွေ ဖယ်ဦးတော့နေရာ တော်တော်ကျန်သေးတယ်ဆိုတော့
ချောင်ချောင်ချိချိ ကနိုင်ကောင်းပါရဲ့ပေါ့လေ။
အဲသည့်ညက ဝတ်စုံပြည့်နဲ့ဆိုတော့
လမိုင်းပိုကပ်ကြတယ် ထင်ပါရဲ့။ ကလိုက်ကြစမ်းတာ ဆိုတာများ ဘာပြောကောင်းမလဲ။
မရိုးကုန်း မြေပေါ်က ကြွ၊ ကြွတက်နေသလို ခုံး၊ ခုံးထနေတာများ စောင်ထဲ မြွေဝင်နေတဲ့အတိုင်းပဲ။
၆။
ကထိန်ပွဲကြီး ဖျိုးဖျိုးဖျစ်ဖျစ်
ပြီးမြောက်သွားတဲ့အခါ တစ်ရွာလုံးလည်း ချိုးချိုးချွတ်ချွတ် မြည်ပြီး ကျန်ရစ်ခဲ့တယ်
ပြောပါတော့။ ရဟန်း သံဃာတော်များကို ကထိန်ဒါန လှူဒါန်းပူဇော်တဲ့ အပိုင်းကတော့ 'ဘုန်းမြတ်ကျော်ကို၊
ပူဇော်သကာ၊ ပြုစရာဟု၊ ညီညာတုပ၊ ထီးဖြူလှနှင့်၊ တံခွန်ထွေပြား၊ ရက်သား တင့်တယ်'
ဆိုသလို တင့်တင့်တယ်တယ် ပြုနိုင်ခဲ့ကြပါရဲ့။ ဆောင်းစပ် ခါချိန်၊
ကထိန်မချွတ်၊ သဒ္ဓါ ညွတ်ကြတာလည်း ကတညုတ ကတဝေဒီ ရှိကြပါလေရဲ့။
နို့ဖြင့် ကျွဲပွဲကကော စည်လိုက်တာမှ 'ဝရဇိန်ဟု၊
စက်ရှိန်လက်နက်၊ ဆန့်၍ နှက်သော်၊ ဝက်ဝက်မြေမိုး၊ ပြတ်ကျိုးမြင့်မိုရ်၊
ထိန့်ထိန့်ပြိုမှ' ဆိုတာလို မရိုးကုန်းတောင်
နှစ်ခြမ်းကွဲတော့မလား အောက်မေ့ရတယ်။ ညဦး ခုနစ်နာရီလောက် စလိုက်တဲ့ ကျွဲပွဲ ဆယ်နာရီ
ထိုးတာတောင် မပြီးသေးဘူး။ မိုးမှောင်နဲ့ နက်မှောင် ကျွဲနှစ်ကောင်ကလည်း တွေ့ကရာ
မြင်ကရာ ခတ်လိုက်ကြစမ်း ဆိုတာများ။ စာထောင် ကုလားမလုပ်တဲ့ မရင်းတုတ်ကလွဲလို့
ယောကျ်ားသားတွေချည်း သရုပ်ဆောင်ကြတာ ဆိုတော့ အားလုံးလိုလိုက မူးနေကြတာပါ။
ဒိုးဝိုင်းကလည်း အနားမှာ အရက်ဂါလံပုံး တစ်ပုံးချပြီး လောင်မီးမိုး ကြိုးကြီးကျသလို
ဗြုန်းဗြုန်းဗြောင်းဗြောင်း တီးလိုက်ကြတာ အရပ်အနား တစ်ချက်မှ မရှိဘူး။
ဘယ်သူကမှလည်း ကျွဲပွဲရယ်လို့ ကောင်းကောင်း မတွေ့ဖူးကြတော့ ကျွဲလိုက်ခတ်လို့
ပြေးရလွှားရတာကိုပဲ အကြောင်းကြောင့် ဖြစ်ရတဲ့ အကျိုးပါတကား ဆိုတဲ့စိတ်နဲ့
ကျိတ်ကျိတ်ပြီး ဝမ်းသာကြလေရဲ့။ အလှူအတန်းနဲ့ မင်္ဂလာဆောင်ကလွဲလို့ မဝတ်ဘဲ
သိမ်းထားတဲ့ ခေါက်ရိုးတွန့် အဝတ်အစားတွေကို အသားကုန် ထုတ်ဝတ်ကြလေတော့ မရိုးကုန်းဟာ
ကံဇာတာကြီး တိုးတက်၍ စုံမက်ဖွယ် တသောသော ချောတဲ့သူ အပုံပေါလှသည့်ပြင် ဆိုတာလို
မကြုံစဖူး ဖိတ်ဖိတ်တောက်လို့။
ခတ်ကျွဲလိုက်ခတ်သမျှ ထွန်တုံးကျဟန်
မိုးကြိုးနဲ့ အပစ်ခံရသလို ကရောသောပါး ပြေးရလွှားရပါမယ့်အရေး စရိတ်ငွေကြေး
အကုန်အကျခံပြီး ကျင်းပခဲ့ရတဲ့ပွဲဆိုတော့ ကုသိုလ်ရေးက ဘယ်ရွေ့ဘယ်မျှ၊ ဖျော်ဖြေရေးက
ဘယ်ရွေ့ဘယ်ပုံ စသည်ဖြင့် စခန်းသိမ်း အစည်းအဝေးကလေးကလည်း လုပ်ကြရတယ်။ လေးလက်မပတ်လည်
စက္ကူစကလေးတွေ ဖြတ်ထားပြီး 'ကြာကံ' 'ကြာကံ'
ရယ်လို့ လူလာတိုင်း ထိုးပေးနေတဲ့ လက်မှတ်စာတွေကလည်း
ကုန်စုံဆိုင်ပိုင်ရှင် ကိုဟံသာဆီက ထွက်လာတာကပဲ လက်တွင်း တစ်ဆုပ်စာလောက် ရှိနေတော့
ကောက်ခံရငွေနဲ့ ကုန်ကျငွေ အခုအနုတ် ရှိပါမှ စာရင်းချေနိုင်မှာကိုး။
'ငရို့ရွာက သည်နှစ်
လုပ်လိုက်တဲ့ ကျွဲပွဲဟာ သည်နားတစ်ကြောတော့ ဝက်ဝက်ကို ကွဲတာပဲဟေ့။ ဂရိတ်ဦးဖိုးစိန်
ငှားတာတောင် သည်လောက် မစည်နိုင်ဘူး။ သောက်ရေတောင် ရွာထဲ ပြတ်ထွက်တဲ့အထိ
စည်တာဆိုတော့ တွက်သာကြည့်တော့။ လယ်ပိုင်၊ မြိုင်ပိုင်မင်းတွေ မကြွရောက်နိုင်ပေမယ့်
ဘီလစ်စာရေးကြီး၊ တောလိုက်စာရေးကြီးတွေ လာကြတယ်ဆိုကတည်းက ကျက်သရေ ရှိလှပြီ။ သည်တော့
ကုန်တာက ကုန်စာရင်း၊ ရစရာ ရှိတာက ရစာရင်းတော့လည်း ရှိရမှာပေါ့။ ကျောင်းဆရာ
မောင်လှပေါ်က စာရင်းတွေ မှတ်ထားတာဆိုတော့ စာရင်းဖြောင့်ကွာ...'
ကျွဲပွဲကြောင့် အိပ်ရေးတွေ
ပျက်လွန်းလို့ ထင်ပါရဲ့။ အရိုးပေါ် အရေတင်နေတဲ့ သူကြီးက ဒူးခေါင်းနှစ်လုံးပေါ်
မျက်နှာတင်ထားရင်းက ဒေါ့ရင်းကောင် အော်သံနဲ့ ပြောနေတာပါ။ စာရင်းရှင်းပွဲကတော့
နေ့ခင်းဘက် လုပ်တာပါ။ မန်ကျည်းပင်ရိပ် ဖျာကြီးခင်းပြီး အပိုင်းလိုက် လူကြီး တွေ၊
ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေနဲ့တကွ ပိုက်ဆံစိုက်ထားတဲ့ ကိုဟံသာ အပါအဝင် ကျောင်းဆရာ
ကိုလှပေါ်တို့ စာရင်းစဆွဲကြတယ်။ အဖွဲ့တွေဆီက တက်လာတဲ့ စာရင်းတွေ
အရင်ဖြည့်ကြရတာပေါ့လေ။ ညနေ တော်တော်ကြီး နေစောင်းတော့မှ စာရင်းဖြောင့်လို့ ရတယ်။
အဖွဲ့လိုက် ကုန်ကျငွေ၊ တစ်ဦးချင်း ကုန်ကျငွေအထိ တွက်လို့ ရပြီ။ ဆိုပါတော့။
ကျွဲကိုယ်လုံး ရက်တာ၊ ပိတ်စ၊ စက္ကူ၊ ကော်၊ ချိုးခကအစ ကျွဲနှစ်ကောင် စာရင်းလုပ်လို့
အသေးစိတ် သိချင်သလား ရပြီ။
'ကျွဲခေါင်း
ကျွဲကိုယ်လုံးအတွက် ဝါးဝယ်တာက တစ်ရာ၊ ဘကြီးစံကို ချိုးခပေးတာ တစ်ကောင်တစ်ရာဆိုတော့
နှစ်ကောင် နှစ်ရာ။ ပိတ်ဖိုးက တစ်ရာ့လေးဆယ်၊ ဘိလပ်မြေစက္ကူနဲ့ ကော်ဖိုးက ခုနစ်ဆယ်၊
မိုးမှောင်နဲ့ နက်မှောင် နာမည်ရေးခက တစ်ကောင်အစိတ်နဲ့ နှစ်ကောင် ငါးဆယ်၊ ပြီးတော့'
'ဟေ့ ဟေ့ နေဦး၊ မိုးမှောင်နဲ့
နက်မှောင် စာလုံးလေးလုံးရေးတာ ဘယ်ကောင်လဲကွ ပိုက်ဆံယူတာ။ ကိုယ့်ရွာပွဲ ကိုယ့်ကိစ္စ
ဒါလေးတောင် ပိုက်ဆံတောင်းတယ်လို့ကွာ'
'စံအေးလေ၊ သူကြီးပဲ
ထုတ်ပေးရန်ဆိုပြီး လက်မှတ်ထိုးပေးလိုက်တာကော'
စံအေးက သူကြီးရဲ့ မယားဘက်က တူပါ။
သည်တော့ သူကြီးလည်း ငြိမ်သွားတယ်။ ကိုဟံသာက စာရွက်တစ်ရွက် ထောင်ပြတော့ သူကြီးက 'ကိုင်းပါလေ၊
ကျွဲစာရင်း ဆက်စမ်းပါဦး' တဲ့။ သူကလည်း ထိုးပေးမိပေသကိုး။
'ကျွဲကတဲ့ လေးယောက်အတွက်
စွပ်ကျယ်လေးထည်နဲ့ ရှမ်းဘောင်းဘီနက် လေးထည်က လေးရာ့ရှစ်ဆယ့်နှစ်ကျပ်၊
ကျွဲသမားလေးယောက် မျက်နှာချေ ဝယ်တာက...'
'ဟေ့ နေဦး၊
ကျွဲခေါင်းထဲဝင်ကတဲ့ကောင်နဲ့ နောက်က ကျွဲကိုယ်လုံးထဲ ဖင်ကုန်းနေရတဲ့ ကောင်တွေက
ဘယ့်နှယ် မျက်နှာချေလဲကွ။ မင်းတို့က ယုတ္တိတန်၏ မတန်၏ တွက်ချက်ထုတ်ပေးမှပေါ့'
'သူကြီးပဲ
လက်မှတ်ထိုးပေးလိုက်တဲ့ဟာပဲ'
'ခက်တာပဲကွာ၊ ကဲ... ဆက်'
ကျွဲသမား လေးယောက် ပတ္တူဖိနပ်ဝယ်
လေးရံ၊ တစ်ရံ နှစ်ဆယ့်ခြောက်ကျပ်နဲ့ တစ်ရာ့လေး ကျပ်၊ မျက်နှာသုတ်ပဝါလေးထည်က တစ်ထည်
အစိတ်နဲ့ တစ်ရာ'
'မျက်နှာသုတ်ပဝါက
ဘာလုပ်တာတုံး'
'ချွေးသုတ်ဖို့ ပြောတာပဲ။
ကျွဲပွဲနီးတော့ ကျွဲခေါင်းနဲ့ ကျွဲကိုယ်လုံး ဆေးပြန်သုတ်ရာ မိုးမှောင်နဲ့နက်မှောင်
စာလုံး ပြန်ထပ်ခ တစ်ကောင်အစိတ်နဲ့ နှစ်ကောင် ငါးဆယ်။ ကျွဲသမားလေးယောက် တစ်ည
အရက်နှစ်လုံးနဲ့ တစ်လဆိုတော့ အလုံးခြောက်ဆယ်။ တစ်လုံး ငါးမတ်ဆိုတော့ ခုနစ်ဆယ့်
ငါးကျပ်'
'သောက်လှချည့်လားကွ'
'ထိုင်ကြည့်တဲ့ သူကြီးတောင်
တစ်ည နှစ်လုံးကုန်မှတော့ သည်ကောင်တွေ နှစ်လုံးက မဆိုးပါဘူး သူကြီးရဲ့'
'ကိုင်း...ဆက်'
'ညစဉ် တိုက်ရက် တစ်လအတွက်
လက်ဖက်ပွဲ ပွဲသုံးဆယ်က ခြောက်ဆယ်။ ကျွဲအဖွဲ့ အထွေထွေသုံးက နှစ်ရာ'
'ဘာတုံးကွ အထွေထွေ
အသုံးစရိတ်ဆိုတာ'
'တိုလီမုတ်စ သုံးကြတာတွေပါ။
ကျွဲသမား လေးယောက်က ဆရာကျင့် လိမ်းဆေး ဝယ်လူးရတာကချည်း တိုက်ရက်နဲ့ ဘာနဲ့ ဘူး
နှစ်ဆယ်ကုန်တာတို့၊ မိုးမှောင် ကျွဲကတဲ့ ဖိုးဌေးမယား ကလေးမွေးတာ လက်သည်ခ
ပေးရတာတို့၊ နက်မှောင် ကျွဲကတဲ့ အောင်ပု ဒူးလည်သွားလို့ လူစားထိုးခ ပေးရတာတို့လို
ဟာတွေပေါ့ဗျာ။ အားလုံး နှစ်ရာရှိတယ်'
'နေပါဦး၊ မင်းဟာက ခုထိ
ကျွဲနှစ်ကောင်က မတက်သေးဘူးလား။ ကျွဲမှာတင် ကုန်လိုက်တဲ့ ပိုက်ဆံ'
'မပြီးသေးဘူး။ တကယ်ကမယ့်နေ့က
ပတ္တူဖိနပ်တွေ ထပ်ဝယ်ပေးရတာရယ်၊ နောက်ပြီး...'
မပြီးနိုင်ပါဘူး။ ဒါက
ကျွဲနှစ်ကောင်အတွက် ရှိသေးတာပါ။ စာကလေး ဗေဒင် ကုလားမနဲ့အဖွဲ့၊
ထီးပြင်ကုလားနဲ့အဖွဲ့၊ ကြွေအဖွဲ့၊ ဖဲဝိုင်းအဖွဲ့၊ ထန်းရည်သမားအဖွဲ့၊
ကြက်သမားအဖွဲ့၊ ဦးရွှေရိုးနဲ့ဒေါ်မိုး၊ ရဲနှစ်ယောက်နဲ့ ဒိုးအဖွဲ့ ဆယ်ယောက်တို့ရဲ့
ကုန်ကျစိတ်တွေကလည်း တက်လာလိုက်တာ မနည်းဘူး။ သည်ကြားထဲ ဧည့်သည်တော်များကို
ထမင်းကျွေးနဲ့ အရက် ဧည့်ခံစရိတ်ကလည်း ပိန်တစ်လှူစာလောက် ရှိမယ်။ ဒါက ကထိန်အလှူတော်
စာရင်းမပါသေးဘူး။ ကျွဲပွဲ ကုန်ကျစရိတ်သက်သက် တွက်နေတာကိုက ဂျစ်ကားတစ်စီး
ခြောက်ထောင်လောက် ပေးရတဲ့ခေတ်မှာ နှစ်စီးစာလောက် ရှိနေပြီ။ သူကြီးက ဖတ်ပြတာ
နားထောင်ရင်းက ခေါင်းထဲမှာ ကျွဲပွဲ ရောက်နေပြီထင်ပါရဲ့။ နားထင်နှစ်ဖက်လက်နဲ့
ဖိလိုက်လို့။ ကျောင်းဆရာ ကိုလှပေါ်ကတော့ ဆက်ဖတ်နေတာပါပဲ။
'ဦးရွှေရိုး တောင်ရှည်နဲ့
ကုလားမ ဆာရီက ဘယ်ကမှ ငှားမရတော့ နောင်နှစ်တွေပါ ကရအောင်ဆိုပြီး အပိုင်
ဝယ်လိုက်ရတယ်။ ကြက်ဝိုင်းက ကြက်သေလို့ လျော်ရတာရယ်၊ ဒိုးပတ်အသစ် ဝယ်ရတာရယ်၊
လင်းကွင်း တစ်စုံ ဝယ်ရတာရယ်၊ ရဲလုပ်တဲ့ သာဌေး ချွတ်ထားတဲ့ ဖိနပ်ပျောက်လို့
အစားဝယ်ပေးရတာရယ်...'
'တော်ပဟေ့။ အခု
စာရင်းပေါ်သလောက်နဲ့သာ ချုပ်တော့။ နောက်နေ့မှ ပေါ်လာတာတွေ မလိုချင်ဘူး။
ဘယ့်နှယ်ကွာ၊ ခုထိ ထမင်း ဘယ်ဆီနေမှန်း မသိဘူး။ ဖိုးသောင်း၊
အောက်လင်းဓာတ်မီးတွေ.... အဲလေ...'
'ဟုတ်တယ်။ စာရင်းက
အောက်လင်းမီးတွေကြောင့် ချုပ်လို့မရတာ သူကြီးရဲ့။ ကျန်တာတွေက စုံပြီ'
သည်တော့မှ သူကြီး ကိုကြာကံက သူ့ရှေ့က
ကျောက်ဖယောင်းတိုင် မီးတောက်ကို စိုက်ကြည်နေလေရဲ့။ မီးရောင်အောက်မှာ ဖလံကလေး
နှစ်ကောင်က ပျံလိုက်၊ နားလိုက်။ သူကြီးစိတ်ထဲ ကျွဲနှစ်ကောင် အောက်မေ့သလား မသိဘူး။
ကြည့်နေလိုက်တာ မျက်လုံးတွေများ ပြူးလို့။
၇။
မရိုးကုန်း သူကြီး သူ့ဇောနဲ့သူ
ကပ်နေလို့ မသိလိုက်လို့သာပါ။ နေ့ခင်းကတည်းက စခဲ့တဲ့ ကျွဲပွဲစာရင်း ရှင်းတမ်းကိစ္စက
မိုးချုပ်လို့ ညဘက်တောင် ကူးခဲ့ပေါ့။ ဖိုးသောင်း ကိုယ်တိုင်
ကျောက်ဖယောင်းတိုင်ကြီးတွေ ထထွန်းတာပဲ နှစ်တိုင်ကုန်ပေါ့။ သူကြီးက ဖိုးသောင်းကို
ယောင်ယောင်ယမ်းယမ်းနဲ့ အောက်လင်းဓာတ်မီး ထွန်းခိုင်းပေမယ့် အောက်လင်းဓာတ်မီးတွေမှ
မရှိ တော့တာကလား။ ကျွဲပွဲကြီး ကတဲ့ညက ညဥ့်နက်လို့ စခန်းသိမ်းတော့မယ်ဆိုမှ
ကျွဲနှစ်ကောင် ခတ်မိလို့ အောက်လင်းဓာတ်မီးနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ကျကွဲတာ
ထလောင်တဲ့မီးတောက်တွေတောင် မနည်းငြှိမ်းယူကြ ရသေးတာပါ။ ကျန်ကောင်းကျန်ရာ
တစ်လုံးတည်းနဲ့ ပွဲသိမ်းလိုက်နိုင်လို့သာကိုး။
ပြဿနာက မပြီးသေးဘူး။ သူကြီးကတော်ကလည်း
ဖအေ့လက်ထက် ကတည်းက တရိုတသေထားခဲ့တဲ့ အောက်လင်းဓာတ်မီး သုံးလုံးထဲက နှစ်လုံးကျကွဲ
သွားပြီလည်းဆိုရော ကျွဲပွဲကြည့်ရာက တက်သွားလိုက်တာ ယောကျ်ားသန်သန် နှစ်ယောက်လောက်က
ခြေဖဝါးကို တော်တော်ကုတ်ယူ လိုက်ရတယ်။ မိုးလင်းတာနဲ့ ကျန်တဲ့ အောက်လင်းဓာတ်မီး
တစ်လုံးနဲ့ ဝန်စည်စလယ်တွေတင်ပြီး လှည်းတစ်စီးနဲ့ ဆင်းသွားလိုက်တာ ဘယ်ဆွေမျိုး အိမ်
ရောက်နေမှန်းတောင် မသိရသေးဘူး။ သုံးရက်ရှိပြီ။ ဖိုးသောင်းကိုတော့ ကျိတ်မှာခဲ့သတဲ့။
တစ်လုံးကို ငွေတစ်ထောင် မလျော်လို့ကတော့ လိုက်မခေါ်နဲ့တဲ့။ ကွဲတာက နှစ်လုံးဆိုတော့
နှစ်ထောင်ပေါ့။ ကျောင်းဆရာ ကိုလှပေါ်က စကားဆိုက်တုန်း ဝင်ပြောရော။
'အဲဒါပေါ့ သူကြီးရ၊ ကျုပ်တို့
စာရင်းချုပ်မရတာ အဲသဟာကြောင့်ပေါ့။ သူကြီးကလည်း လင်မယားချင်း
လက်သိပ်ထိုးလျော်မှာလား၊ ကျွဲပွဲစာရင်းထဲ ထည့်ပြီး အလျော်ပြရမှာလား မရှင်းတော့
စာရင်းချုပ်မဖြစ်ဘူး။ ကျန်တာတွေတော့ စုံပါပြီ'
သူကြီးက ဒူးခေါင်း နှစ်လုံးပေါ်
မေးတင်ပြီး စဉ်းစားတယ်။ ဘယ့်နှယ် လင်မယား ကျိတ်လျော်ရမယ်လို့ ကျောင်းဆရာ မဟုတ်တာ
ပြောရော့မယ်။ ကျွဲပွဲထဲ ဖြစ်တဲ့ကိစ္စ ကျွဲပွဲစာရင်း ဖြစ်ရမှာပေါ့။ ကိုယ့်
အောက်လင်း ဓာတ်မီးတွေလည်း အကွဲခံရသေး၊ စိုက်လည်း လျော်ရသေးဆိုရင် သူကြီး စ,ညံ့ရာ
ကျတော့မယ် မဟုတ်လား။ အောက်လင်းဓာတ်မီးဖိုးကတော့ တရားခံရှိရတော့မယ်။ ဝင်တိုက်တဲ့
ကျွဲခတ်သမားတွေ လျောခိုင်းဖို့ကလည်း မဖြစ်ဘူး။ လူ့ပေါင်ကျိုးအောင် ခတ်မိတယ်
ဆိုဦးတော့ အလျော်မပေးရ ဆိုတဲ့မူကလည်း ရှိတာ သူအသိ။ ဒါဖြင့်ရင် သည်ငွေနှစ်ထောင်
ဘယ်သူ့ တာဝန်ရှိသလဲ။ ဟုတ်ပြီ၊ ပေါ်ပြီ။
'ဖိုးသောင်း လျော်လိမ့်မယ်။
စတော်တိုက်တဲ့နေ့က အောက်လင်း ဓာတ်မီးတွေ ကန်တော့စင်ပေါ် တင်တာ မတွေ့ဘူး။ လူလည်း
လာမကန်တော့ဘူး။ မင်း တော်တော်မိုက်တဲ့ ကောင်ပါလားကွဟေ။ နတ်နဲ့နဂါး လှည့်စားလို့ကွာ'
တတိယမြောက် ကျောက်ဖယောင်းတိုင်ကို
မီးကူးနေတဲ့ ဖိုးသောင်းက သည်စကားကြားတော့ ခေါင်းပေါ် ဥက္ကာပျံကျသလို ဆတ်ခနဲ
တွန့်သွားတယ်။ ကျွဲခတ်လို့ ကျကွဲတဲ့ အောက်လင်းဓာတ်မီးနှစ်လုံးက သူ့ခေါင်းပေါ်
တာဝန်လာကျနေပါပကော။ ဘေးက လူတွေကို အားကိုးပြီး လိုက်ကြည့်ပေမယ့် ဘယ်သူကမှလည်း
သူ့ဘက်က မပါပါဘူး။
'ကျုပ်လည်း
စတော်တိုက်တဲ့အထဲသာ မပါတာပါ သူကြီးရာ။ အောက်လင်းဓာတ်မီး နတ်တော့ ဆန်တစ်ပြည်၊
ငွေတစ်မတ် မပြတ်အောင် တင်နေတဲ့ဟာ။ အခုဟာက...'
'တိတ်... အောက်လင်းဓာတ်မီး
နတ်ထက် ကျွဲနတ်က ပိုတန်ခိုးကြီးတော့ မပေါ့။ မလေးမစားလုပ်တဲ့ကောင်ကွာ။ ဟံသာ၊
ဖိုးသောင်းကို စာရင်းမှတ်။ ဒင်းဆီက ရအောင်တောင်း။ အစည်းအဝေးလည်း သိမ်းတော့'
သည်တစ်ခါပါပဲ။ မရိုးကုန်းမှာ နောက်ထပ်ကျွဲပွဲ
ဆိုတာလည်း မက ဖြစ်တော့ပါဘူး။ အောက်လင်းဓာတ်မီး သုံးလုံးပြည့်အောင် မရှိတော့တာလည်း
တစ်ကြောင်းပေါ့လေ။ နိမိတ်မရှိ နမာမရှိ ကျွဲလိုက်ခတ်လို့ ပြေးရလွှားရတာကိုများ အကြွေးတင်ခံလို့ကွာလို့
ဘုန်းကြီးက ရွာကို ကြိမ်းတာလည်း တစ်ကြောင်းပါတယ် ထင်ပါရဲ့။
နေဝင်းမြင့်
(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စ...
ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ည...
တက္ကသိုလ် ပင်မအဆောက်အအုံကြီးရှေ့မှ စိန်ပန်းပင်တွေက ရဲရဲတောက် နီလို့နေသည်အဲသည် စိန်ပန်းနီတာထက် အဖေ့သွေးတွေက ပိုနီနေလေမလား ကျွန်မ တွေးမိသည် လှေနှင့်တက်နှင့် မြစ်ကြီးထဲမှာပဲ အချိန်ကုန်ခဲ့ရသော လှေသမားကြီး...