ရွှေဝတ္ထုရှည် စ/ဆုံး

တကယ့်အိပ်မက်ပုံပြင်

မသီတာ ၊စမ်းချောင်း၊

01 May 2026
တကယ့်အိပ်မက်ပုံပြင်
Share to

အိပ်မက်၊ တကယ်၊ အိပ်မက်၊ ပုံပြင်၊ အိပ်မက် တကယ်ပဲလား ဒါဟာ အိပ်မက်တဲ့လား၊ ဟုတ်လား၊ အိပ်မက်လား၊ အိပ်မက်တဲ့လား၊ အိပ်မက်လား၊ အိပ်မက် တကယ်မဟုတ်ရင် အိပ်မက်တဲ့လား တကယ် ဟုတ်နေတာကတေကာ အိပ်မက်မဟုတ်တော့ဘူးတဲ့လား အိပ်မက်ကို တကယ်မက်နေတာ မဟုတ်ဘူးလား တကယ် မက်နေမိတာက အိပ်မက်တွေပဲ မဟုတ်ဘူးလား။

ပုံပြင်လား ဒါဟာ ပုံပြင်လား၊ ဟုတ်လား၊ ပုံပြင်လား၊ ပုံပြင်တဲ့လား၊ ပုံပြင်လား ပုံပြင် တကယ် ဟုတ်ခဲ့တာတွေဟာ ပုံပြင်တဲ့လား တကယ်မဟုတ်ခဲ့ရင် ပုံပြင်မဟုတ်တော့ဘူးတဲ့လား ပုံပြင်ကို တကယ်တွေ့နေတာလား။ တကယ်တွေ့ခဲ့တာတွေက ပုံပြင်တွေ မဟုတ်ဘူးလား။

ဒါဆို ဒါဟာ ဘာလဲ၊ အိပ်မက်လား၊ တကယ်လား၊ ပုံပြင်လား၊ တကယ်လား၊ ပုံပြင်လား၊ အိပ်မက်လား။

တကယ်ပြောတာလား တကယ် အဲဒါအိပ်မက်ထဲကအတိုင်းပဲလေ၊ အိပ်မက်ထဲမှာ တကယ် အဲဒီအတိုင်းပဲလေတကယ့်အိပ်မက်က အဲဒီအတိုင်းပဲ၊ အဲဒီအိပ်မက်က တကယ်အတိုင်းပဲ။

တကယ် အဲဒါ ပုံပြင်ထဲကအတိုင်းပဲလေ၊ ပုံပြင်ထဲမှာ တကယ် အဲဒီအတိုင်းပဲလေ

တကယ့်ပုံပြင်က အဲဒီအတိုင်းပဲ၊ အဲဒီပုံပြင်က တကယ်အတိုင်းပဲ။

အိပ်မက်၊ ပုံပြင်၊ တကယ်၊ တကယ်၊ အိပ်မက်၊ ပုံပြင်။

ပုံပြင်တွေဟာ အိပ်မက် ဖြစ်သွားတတ်တယ်ဆိုတာ ယုံသလား။ တကယ်ပြောတာပါ။

တကယ်တွေက ပုံပြင်ဖြစ်သွားလေ့ရှိတာတော့ လက်ခံတယ် မဟုတ်လား။ မယုံဘူးလား။

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ အင်မတန်ချောမော လှပပြီး အင်မတန်တော်တဲ့ လူတစ်ယောက် ရှိသတဲ့။ အဲဒီလို အစချီတဲ့ ပုံပြင်တွေ နားထောင်ထားတဲ့ည အိပ်မက်ထဲမှာ ကိုယ်တို့ဟာ အဲဒီလူ ဖြစ်နေခဲ့ကြတယ်လေ။ ဟုတ်တယ် မဟုတ်လား။ တကယ်တော့ အဲဒီလူ မရှိတော့မှ ဒါမှမဟုတ် အဲဒီလူ မရှိတဲ့အရပ်မှာ ကျန်တဲ့လူတွေက အဲဒီလူအကြောင်းကို ပြောရင် ပုံပြင်ဖြစ်သွားတာပဲ မဟုတ်ဘူးလား။ အဲဒီလူဟာ ကိုယ့်မြင်ကွင်းထဲမှာ မရှိနေတာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ မရှိနေတာနဲ့ပဲ ပုံပြင်လို့ ကိုယ်တို့ သတ်မှတ်ခဲ့ကြတယ်လေ။ ဒီတော့ တကယ်တွေက ပုံပြင်ဖြစ်သွားတာကို လက်ခံနိုင်မယ် ထင်ပါတယ်။ တကယ်ဖြစ်ခဲ့တဲ့ ပုံပြင်တွေကို ကိုယ်တို့ အားကျခဲ့ကြတာပဲ မဟုတ်ဘူးလား။ အဲဒီတော့ ပုံပြင်တွေက အိပ်မက်ဖြစ်လာပြန်ပါတယ်။

သည်ပတ်ဝန်းကျင်သည် ကျောင်းပရိဝုဏ်၏ အငွေ့အသက် ရှိနေသည်ကြောင့်လော၊ မပြောတတ်။ စိတ်နှလုံး အေးချမ်းစေသည်။ လူရောင်စုံ ရှုပ်ထွေးသည့် အောက်စဖို့ဒ် အဝိုင်းနှင့် ဘူတာလေး နှစ်ဘူတာလောက် ကွာသည်နှင့် မြင်ကွင်းက ပြောင်းသွားခဲ့သည်။ လမ်းမကြီးလည်း မဟုတ်သဖြင့် သည်လမ်းလေးပေါ်မှာ လျှောက်ရသည်ကို ကိုယ်က သဘောကျလေ့ ရှိသည်။ ယခုလို ဆောင်းရာသီမှာတော့ သစ်ပင်တွေက စိတ်ဝင်စားစရာ မကောင်းသည့်ပြင် အရိုး ပြိုင်းပြိုင်းနှင့် အရုပ်ဆိုးလှသည်ဟု ဆိုရမည်။ လမ်းပေါ်မှာ လူတိုင်းလိုလိုကို ဦးထုပ်ကိုယ်စီ၊ မာဖလာကိုယ်စီ၊ ကုတ် အင်္ကျီတို၊ ရှည်ကိုယ်စီနှင့် ထူထူထဲထဲ ဝဝဖြိုးဖြိုး တွေ့ရသလောက် သစ်ပင်တွေကိုဖြင့် ရိုးကြီးဂေါင်ဂင်နှင့် ဖြစ်နေသည်ကိုသာ တွေ့ရသည်မို့ ခံစားချက်က တစ်မျိုး ဖြစ်နေသည်။ သည်ခံစားချက်မျိုးနှင့် မတိမ်းမယိမ်းခံစားချက်မျိုး ခံစားခဲ့ဖူးသည်ကို အမှတ်ရစေသည်။ လွမ်းမောဖွယ်ရာသစ်ပင်ကြီးအချို့ကို အလွှာလွှာ၊ အထပ်ထပ်ထဲမှ မြင်တွေ့နေခဲ့သည့်ခံစားချက်။ ခံစားချက်က မတိမ်းမယိမ်းဆိုသော်လည်း နေရာက ဆန့်ကျင်ဘက်။ အရှေ့နှင့် အနောက်။ အတွင်းနှင့် အပြင်။ အတိတ်နှင့် ပစ္စုပ္ပန်။ ပုံပြင်နှင့် အိပ်မက်။

ကျောင်းနှင့် အနီးဆုံးဝင်ပေါက်မှ ပြတိုက်ထဲသို့ ဝင်လာခဲ့သည်။ နှစ်ပေါင်းသုံးရာကျော် သက်တမ်းရှိသည့် ပြတိုက်၏အတိတ်ကို ဝင်ပေါက်မှာတင် တွေ့လိုက်ရသည်။ အဝင်ဝမှ စကျင်ကျောက်တိုင်လုံးကြီးများ၏ ဥရောပဟန် ခမ်းနားမှုနှင့် အကျယ်အဝန်းကို ကန့်သတ်မှုက အအေးဒဏ်ကို ခံလာကြသည့် သူ့ပရိသတ်ကို နွေးသွားစေသည်။ အပူပေးစက်၏တန်ခိုးကို သည်နေရာမှာ လျစ်လျူရှုထားခဲ့နိုင်သည်။ သို့သော် အလင်းဖျော့တော့မှုကိုဖြင့် သိသိသာသာ သတိထားမိနေသည်။ ရှေ့မှာ အလင်းရှိနေသည်။ လင်းသမှ အာကာသအလင်း။ ဖြူသောအလင်း။ အိပ်မက်ရောင်ခြည်။ တရွေ့ရွေ့ ရှေ့တိုးသွားလိုက်သည်။ လူတွေအားလုံးရှေ့ကို ရွေ့နေကြသည်ဟု ခံစားလိုက်ရသည်။ အိပ်မက်ဆီကို ဦးတည်။ ဘွားခနဲဆိုသလို စက်ဝိုင်းခုံး အဆောက်အအုံမြင့်တစ်ခုက ပေါ်လာသည်။

''ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စမ်းပါ။ မင်း အခု မော့ကြည့်လို့ ရနေပြီ''

အိုင်းရစ်လေယူလေသိမ်း စွက်သည့် လူကြီးတစ်ယောက်၏အသံက ခြောက်လှန့်လိုက်သည်။ မော့ကြည့်လိုက်စမ်းပါတဲ့။ တကယ်ပဲလား။ အဝင်ဝမှာ သံနှင့်သစ်၏ ကန့်သတ်မှုကြောင့် အေးစက်လေ့ရှိသည် မဟုတ်ဘူးလား။ အလင်းကလည်း လျစ်လျူရှုထားနေကျပဲလေ။ ရှေ့မှာ ဘာရှိလဲဆိုတာ ဘယ်တုန်းက သတိထားမိခဲ့လဲ။ ကိုယ့်ရှေ့ကလူ ဘယ်ကို ဦးတည်နေတာကို သိခဲ့ဖူးလား။ တကယ်တွေ ပုံပြင်ဖြစ်နေပြီဟု ရိပ်မိလိုက်သည်။ ဒါဆို ဒါဟာ အိပ်မက်လား။ သူ ဘယ်သူလဲ။ အသံလာရာကို လှည့်ကြည့်တော့ သူက ပြုံးပြနေသည်။ မြင်ဖူးသလိုပဲ။ အိပ်မက်ထဲမှာလား။

''ငါ ဘယ်သူလဲလို့ စဉ်းစားနေတာလား။ ဂျော့ရှ်ပါကွာ။ ဟောဟိုက စာကြည့်တိုက်အိုထဲမှာ စာလာလာဖတ်နေတတ်တဲ့သူပေါ့။ တစ်ခါတစ်လေတော့ စာထိုင်ရေးလေ့ရှိတယ်။ ပြဇာတ်တွေ ရေးတဲ့ ရှောဆိုပါတော့။ မင်းကတော့ ဂျော့လို့ ခေါ်ချင်ခေါ်ပေါ့ကွာ။ ရပါတယ်''

ဘုရားရေ။ ပုံပြင် ဖြစ်နေပါလား။ ဂျော့ရှ်ဘားနာ့ဒ်ရှော (၁၈၅၆-၁၉၅ဝ)။

''ဒီအမိုးကြီးနဲ့ ဒီအဆောက်အအုံက ၂ဝဝ၃ ခုနှစ်ကမှ ပြီးသွားတာ။ ဒီစာကြည့်တိုက်ကတော့ နှစ်ပေါင်း ၃ဝဝကျော် ပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်သန်းက အကြောင်းတွေကိုပါ ဒီပြတိုက်ထဲမှာ လေ့လာလို့ရတယ်လေ။ အဲဒါ စိတ်ဝင်စားလို့မို့ ဒီကိုရောက်လာတာ မဟုတ်ဘူးလား။ ဒါဖြင့် ဒီအမိုး သစ်ကြီးနဲ့ အလင်းသစ်ကြီးအောက်မှာ အချိန်ဖြုန်းမနေနဲ့လေ။ ဒီမှာက စားသောက်ဆိုင်နဲ့ အမှတ်တရ ပစ္စည်းအရောင်းဆိုင်ပဲ ရှိတယ်။ ပြခန်းတစ်ခုခုထဲ ဝင်သွားပါတော့လား။ ဘာတွေးနေတာလဲ''

အင်္ဂလန်မှာ လူတွေက စတွေ့တွေ့ချင်းကို မင်္ဂလာအချိန်ပါ အစချီကာ မိုးလေဝသအကြောင်း ပျိုးပြီးမှ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြသည် မဟုတ်လား။ အခုတော့ ပုံပြင်နှင့် စတွေ့လိုက်ရသည်။ အာကာသအလင်းတွေနဲ့ ဖြူလင်းနေအောင် သံမဏိဘောင်ကွပ်၊ တြိဂံပုံမှန်ချပ်ပေါင်း ၃၅ဝဝ သုံးထားပါသည်ဆိုသော အမိုးခုံးကြီးက ၂၁ရာစု အကြိုအဖြစ် ဗြိတိသျှပြတိုက်မှာ နေရာယူခဲ့သည်ဆိုသည့် ပုံပြင်ကို ယခုမြင်ရပြီ။ တစ်ခါက ကားရပ်နားရာနေရာ ဖြစ်ခဲ့သော မြေကွက်လပ်မှာ အခါအားလျော်စွာ ပြောင်းလဲ ပြသထားသော အနုပညာလက်ရာတွေနှင့်အတူ ပြတိုက်လာ ပရိသတ်အပေါင်းအတွက် စားသောက်ဆိုင်နှင့် အမှတ်တရ ပစ္စည်းအရောင်းဆိုင်က နေရာယူထားလိုက်ပြီ။ အဲသည် တစ်ခါတုန်းက သူတို့ကိုယ်တိုင်လည်း သည်အလင်း အမိုးကြီးကို အိပ်မက်ဟု မြင်ခဲ့ကြပေလိမ့်မည်။ အိပ်မက်သည် တကယ်ဖြစ်လာသောအခါ တကယ်သည် ပုံပြင် ဖြစ်သွား ပြန်သည်။

သို့သော် ရှော။ သူကကော။ အမှန်တော့ သူက တစ်ခါက အိပ်မက်ထဲကလူ ဖြစ်ခဲ့ဖူးသည်။ ရှိပ်စပီးယား၏ ဂျူးလိယက်ဆီဇာထက် သူ့ဆီဇာနှင့် ကလီယိုပါထရာက ပိုဆွဲဆောင်နိုင်ခဲ့သည်။ သည်တော့ သူ့ကိုတွေ့ချင်၊ စကားပြောချင်နေခဲ့သည်မှာ ဆယ်စုနှစ်နှစ်စုစာနီးပါးပင်။ တွေ့မယ့် တွေ့ရတော့လည်း လွယ်သား။ အိပ်မက်သည် တကယ် ဖြစ်လာပြန်၏။

''အို... ရှော။ တွေ့ရတာ ဝမ်းသာလိုက်တာ။ နေကောင်းရဲ့လားဟင်။ စကားတွေ အများကြီး ပြောချင်နေတာ။ တစ်ခါတုန်းကလေ...''

ပြောလက်စစကားကို မဆက်နိုင်တော့။ သစ်ပင်တစ်ပင်က အာကာသအလင်းကို ဆောင်ပေးသည့် မှန်အမိုးခုံးကြီးဆီ နွယ်ပတ်တက်သွားသော လှေကားထိပ်မှာ ရပ်နေသည်။ သစ်ပင်။ သစ်ပင်တော့ သစ်ပင်ပါပဲ။ ပင်စည် ရှိသည်။ အကိုင်း၊ အခက်ရှိသည်။ သို့သော် သစ်ပင်တော့ မဟုတ်။ သေနတ်ပေါင်းစုံနှင့် သစ်ပင်ဖြစ်အောင် ထုထားသော ပန်းပု။ ထို သေနတ်များအားလုံးသည် တစ်ခါက အာဖရိကမှာ အမှန်တကယ် အသုံးပြုခဲ့ဖူးသော သေနတ်များ။ စစ်ပြီးသွားသောအခါ အနုပညာသမားတို့က စွန့်ပစ်ပစ္စည်းကို အနုပညာ ပစ္စည်းဖြစ်အောင် ထုဆစ်ခဲ့ကြသည်။ အိပ်မက်ကို ပုံပြင်ထဲမှာ တွေ့ရပြန်ပြီ။

''မင်း ကြည့်ရတာ ပါးပါးလေးပါလား။ ဒီပြတိုက်ထဲမှာ နှစ်ပေါင်းများစွာက အဟောင်းတွေ ရှိသလို မနေ့တစ်နေ့က အဟောင်းတွေလည်း ရှိတယ်။ ဒီကနေ့ လက်ရာတွေကလည်း ပြပွဲအနေနဲ့ တွေ့ရမယ်။ ပြီးတော့...''

''ပြီးတော့ ရှောက ကိုယ့်ကို အဖော်လုပ်ပြီး ပြတိုက် အပါအဝင် လန်ဒန်ကို လိုက်ပြမယ်ဆိုရင် သိပ်ကောင်းမှာပဲ''

မဝံ့မရဲ သွေးတိုးစမ်းလိုက်ဖြစ်သည်။ အိပ်မက်ဆိုမှတော့ မိုးမလင်းသေးတာ အကောင်းဆုံးပဲ မဟုတ်လား။ ရှောက ပြုံးလိုက်သည်။

''သေနတ်ကနေ သစ်ပင်ဖြစ်လို့ရမှတော့ သင် ဂျော့ဘားနဒ်ရှောက ကိုယ့်ရဲ့တိုးရစ်ဂိုက် ဖြစ်လို့ရနိုင်တယ် မဟုတ်လား။ ဒါ ရယ်စရာ မဖြစ်သင့်ဘူး''

ရှောက လက်ခံလိုက်သည်။ အင်္ဂလိပ်ဘာသာစကားအရ ကိုယ့်ထက် အသက်တစ်မိနစ် ကြီးသူကအစ အနှစ်ရာထောင် ကြီးသူအားလုံးကို ''သင်'' ဆိုသည့် နာမ်စားတစ်ခုတည်းနှင့် ဆက်ဆံလို့ရသည့်အရသာကို ချိုဆိမ့်ဆိမ့်ကြီး ခံတွင်းတွေ့လိုက်ဖြစ်သည်။ တစ်ခါက၊ သည်ဘာသာစကားကို အသုံးမပြုသည့်ကမ္ဘာမှာ ကိုယ်နေခဲ့ဖူးသည်။ သည်စဉ်က လိင်အရ၊ အသက်အရ၊ ဝါစဉ်အရ ခေါ်ပြောဆက်ဆံရသည်ကို တစ်ခါတစ်ရံ စိတ်ပင်ပန်းခဲ့ဖူးသည်။ အထူးသဖြင့် မကြည်ညိုနိုင်သည့် သက်ကြီး၊ ဝါကြီးတွေနှင့် ဆက်ဆံသည့် အခါမျိုးမှာပေါ့။

''မင်းက သိပ်ငေး၊ သိပ်တွေးတာပဲ။ ဘာလို့လဲ။ ခေါင်းထဲမှာ စာအရင်စီ၊ တည်းဖြတ်ပြီးမှ စကားပြောတတ်တဲ့ အကျင့်မျိုး မင်းမှာလည်း ရှိနေလို့လား။ ငါ အဲလိုလူမျိုးတွေ ကမ္ဘာပေါ်မှာ ရှိကြောင်း သိထားတာ သိပ်မကြာသေး ဘူး။ တကယ်ပဲလား''

''ဆိုပါတော့။ ကိုယ်တို့ရဲ့ ယဉ်ကျေးမှုက ဒီလိုပဲ ရှိတယ်။ သင်တို့က ဘာကိုမှ တွေးစရာ၊ ငဲ့စရာ မလိုဘဲ ပြောနေတာ အကျင့်ပါပြီး သူစိမ်းတွေကိုပါ အဲဒီလို ပြောဖို့ မျှော်လင့်နေတတ်တာ အကျင့်ပဲ မဟုတ်လား''

နှစ်ယောက်သား ရယ်ဖြစ်သွားကြသည်။ ဘေးလူတွေက ကိုယ်တို့ ရယ်သံကျယ်လို့ဆိုပြီး လှည့်ကြည့်ဖော်တောင် မရ။ နည်းနည်းတော့ တစ်မျိုးပဲ။ ဘယ်သူကမှ ကိုယ့်ကို ဂရုမစိုက်ကြတာ ခံကျင့်မရှိလို့လားတော့ မသိ။ တစ်ခုခု လိုနေသလို။ အိပ်မက်ဟာ တကယ်ဖြစ်လာတော့ ပုံပြင်ကို ပြန်လွမ်းနေမိသလို။

''တစ်မျိုးပဲနော်။ လူတွေက ဘယ်သူ့ဘယ်သူကိုမှ လိုက်ကြည့်မနေဘူး''

''အဲဒါ မကောင်းဘူးလား။ လူတွေအများကြီးကြားမှာပေမယ့် ကိုယ့်နေရာလေးကိုယ် သပ်သပ်ရှိနေတယ်လေ''

''အင်း...ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီကိုယ့်နေရာလေးကို ဘယ်သူကမှ အသိအမှတ်မပြု ပြန်ရင်လည်း ကိုယ်ဟာ လူတွေအများကြီးကြားထဲမှာ ပါလို့ ဘယ်လိုလုပ် ယုံရပါ့မလဲ။ ကိုယ်ဟာ ကိုယ့်ဘာသာပဲ ဖြစ်နေမှာပေါ့''

''ဒါကတော့ ကိုယ်ဘာကို လိုချင်တာလဲပေါ်မှာ တည်တာပဲ။ လွတ်လွတ်လပ်လပ် တစ်ယောက်တည်းဆိုတာမျိုးလား။ မလွတ်မလပ် အများထဲမှာဆိုတာမျိုးလား။ နေပါဦး။ မင်း ဘာတွေဖြစ်ခဲ့ဖူးလို့လဲ။ ဒါမှမဟုတ် မင့်ပတ်ဝန်းကျင်က ဘယ်လိုမျိုးလဲ။ မင်း ဒီကတော့ မဟုတ်ဘူးနဲ့ တူတယ်''

''ဆိုပါတော့။ ကိုယ်က တစ်ယောက်နဲ့ တစ်ယောက် အရမ်းကို အသိအမှတ်ပြုတတ်တဲ့နေရာမှာ ကြီးပြင်းလာခဲ့တာပါ။ ကိုယ်တို့ဆီမှာ ချောင်းဆိုးလို့ အသံကျယ်သွားရင်လည်း မျက်လုံးပြူးကြီးတွေနဲ့ လှမ်းကြည့်မယ်။ ရယ်လို့ အသံကျယ်သွားရင် မျက်မှောင်ကြုတ်ပြီး လှမ်းကြည့်မယ်။ အရေးပေါ်လူနာတင်ကားသံတို့၊ မီးသတ်ကားသံတို့ကြားရင်လည်း နီးရာလူကို ဘာဖြစ်တာလဲ၊ သိသလားလို့ လှမ်းမေးမယ်။ ဒီမှာလို ရဲကားဥသြသံကြားတာတောင် ဘယ်သူမှ ခြေလှမ်းတစ်ချက် မပျက်၊ ခေါင်းတစ်ချက် မငဲ့ဘဲ လမ်းဆက်လျှောက်တာမျိုး မလုပ်ကြတဲ့အရပ်မှာ နေတာမို့ သင် ပြောသလိုတော့ ဖြစ်တာပေါ့။ ကိုယ့်နေရာလေးဆိုတာတော့ ရှိဖို့ ခက်တယ်။ ဒါပေမယ့် ကိုယ်ရှိနေတာကို သူများက သိနေသလို သူတို့ရှိနေတာကိုလည်း ကိုယ်က သိနေရတာ သိပ်ကောင်းတဲ့ ခံစားချက်ပဲ။ အဲဒါ သင် မသိဘူးလား။ တစ်နေရာတည်းမှာ အတူနေနေကြပြီး ကိုယ်ရှိနေတာကို သူများက မသိသလို သူများရှိနေတာကိုလည်း ကိုယ်က မသိတာမျိုး။ ဒါမှမဟုတ် ကိုယ်ရော သူများပါ တစ်ယောက် နဲ့တစ်ယောက် အတူတူ ရှိနေကြောင်း သိနေကြပေမယ့် အဲဒီ အကြောင်းကို အသိအမှတ်ပြုလို့ မရတာမျိုး။ အဲဒါမျိုး သင် မခံစားဖူးဘူးလား''

''မင်း ပြောတာတွေ ငါ နားမလည်တော့ဘူး။ မင်း ကကော အဲဒီလိုမျိုး ခံစားဖူးလို့လား''

ဘယ်လိုဖြေရမလဲ။ ပုံပြင်ကို တကယ်ထဲ ဆွဲမသွင်းချင်တော့။ အိပ်မက်သည် တကယ်ဖြစ်နေမှတော့ ပုံပြင်ကို ပြန်မကျော့လို။ အိပ်မက်ကို တကယ်အတိုင်းပဲ ထားလိုက်ချင်သည်။

''ဟော... တွေးနေပြန်ပါပြီ။ ဖြေပါဦး''

''အခု အဲဒီခံစားချက်တွေ ပုံပြင်ဖြစ်နေပြီလေ။ နားမထောင်ချင်ပါနဲ့။ အဲဒီပုံပြင်က အိပ်မက်လို မလှဘူး''

''မပြောချင်လည်း ထားတော့။ ငါတို့က သူများဆန္ဒကို ကိုယ့်ဆန္ဒလိုပဲ အလေးထားပါတယ်''

''မဟုတ်ဘူးလေ။ မပြောချင်တာ မဟုတ်ဘူး။ နားမထောင်ချင်ပါနဲ့လို့ ပြောတာ''

''ထူးဆန်းတယ်ကွ။ ငါ့မှာရှိတဲ့ဆန္ဒကို မင်းက တားလို့ မရဘူးလေ။ မင်းဆန္ဒကို ငါ အလေးထားသလို ငါ့ဆန္ဒကိုလည်း မင်းက အလေးထားရတယ်လေ။ ဒီတော့ နားမထောင်ချင်ပါနဲ့လို့ ပြောမယ့်အစား မပြောပြချင်ဘူးလို့ ပြောတာက ပိုနည်းလမ်းကျမယ် ထင်တယ်''

ဒါဟာ ယဉ်ကျေးမှုအထိတ်တလန့်ဆိုတာရဲ့ အပျိုးပဲလား။ ကိုယ်တို့ သင်ကြားခံခဲ့ရသည်က ယဉ်ကျေးမှုအရ မငြင်းဆန်တတ်ဖို့သာ ဖြစ်သည်။ ထို့ကြောင့် ကိုယ်က အငြင်းစကား မဆိုမိအောင် ကြိုးစားရာမှ သူ့ဆန္ဒကို တားမြစ်လိုက်သလိုဖြစ်သွားခဲ့သည်။ ကိုယ့်ယဉ်ကျေးမှုအရ လိမ္မာစွာ မငြင်းဆန်တတ်မှုသည် သူ့ယဉ်ကျေးမှုအရ မိုက်မဲစွာ တားမြစ်မှုအရာ မြောက်သွားခဲ့သည်။ ကိုယ်တို့ကြားခဲ့ဖူးသော ပုံပြင်တချို့မှာ မပြည့်စုံခဲ့ဟု တွေးလိုက်မိပြန်သည်။ 

''ဒါကြောင့်ပဲ ဖြစ်ရမယ်။ ဆီဇာဟာ သင့်လက်ထက်မှာ အဲဒီလိုပဲ တွေးတတ်နေတာ''

''ဘာ...''

ရှော လန့်သွားသည့်အလှည့် ဆိုပါတော့။

''ကိုယ် သိပ်သဘောကျခဲ့ဖူးတာက သင့်ပြဇာတ်ထဲက ဆီဇာပြောခဲ့တဲ့စကားတွေပေါ့။ သူ စစ်နိုင်ပြီးတဲ့နောက် ပေါ့မ်ပေရဲ့လူတချို့ကို ခေါင်းဖြတ်သတ်ဖို့ အကြံပေးတော့ လူတစ်ယောက်မှာ ခေါင်းမရှိတော့တာထက်စာရင် ခေါင်းရှိနေတာက ပိုကောင်းပါတယ်ဆိုတာမျိုး၊ တစ်ခါ ဖမ်းဖို့ ဝိုင်းအကြံပေးကြတော့လည်း လူတွေ ထောင်ထဲထည့်ထားရင် ငါ့ဘဏ္ဍာထဲက ကျွေးနေရမှာပေါ့။ ထားလိုက်စမ်းပါ။ သူတို့ ဘာသာရှာစားစမ်းပါစေ ဆိုတာမျိုးလေ။ သင့်အတွေးတွေ မဟုတ်လား''

ရှောက ရယ်လိုက်သည်။

''ဟေ့... ငါတို့ လန်ဒန်မျှော်စင်ကို သွားကြမလား''

ချက်ချင်းဆိုသလို စကားလမ်းကြောင်းပြောင်းသွားပုံက သူကိုယ်တိုင်လည်း အိပ်မက်မက်နေသလိုလို။

နှစ်ယောက်သား သေနတ်သစ်ပင်ကို ကျောခိုင်းလိုက်သည်။ သူက ရှေ့က ဦးဆောင်ကာ မြောက်ပိုင်းလမ်းကြောင်း ရပ်မည့် အျူစတန် မြေအောက်ဘူတာဘက်ကို ဦးတည် လျှောက်လာဖြစ်သည်။ ဘဏ်ဘူတာကို ဖြတ်သွားမည့် မြောက်ပိုင်းလမ်းကြောင်းကို စီး၊ လန်ဒန်တံတားဘူတာမှာ ဆင်းပြီး သိမ်းမြစ်တလျှောက် လမ်းလျှောက်သွားကြမည်ဟု သူက ရှင်းပြသည်။ မြေအောက်ထဲမှာ စက်ဝိုင်း သို့မဟုတ် ခရိုင်လမ်းကြောင်းတစ်ခုခု ပြောင်းစီးပြီး မျှော်စင်ကုန်းဘူတာမှာ ဆင်းလိုက်လျှင် နီးသော်လည်း သိမ်းမြစ်တလျှောက် လျှောက်ရင်း စကားပြောသွားကြတာပေါ့ဟု သူက ဆိုသည်။

''ရှောလည်း ကိုယ့်ကို ပိုပြီး သဘောပေါက်လာပြီ ထင်တယ်။ ကိုယ့်ကို အသိအမှတ်ပြုပေးမယ့် သူတစ်ယောက်ယောက် ရှိနေတာဟာ လွတ်လပ်မှု ပျောက်ဆုံးသွားတာနဲ့ ထပ်တူမကျနိုင်ဘူး ဆိုတာကိုလေ''

''အင်း...မပြောတတ်ဘူး။ အထီးကျန်နေတယ်လို့ ခံစားနေတဲ့အခါမျိုးမှာတော့ ဘေးကလူတွေက ငါ့ကို အသိအမှတ်ပြုပြီး တစ်ခုခု တုံ့ပြန်စေချင်တာ အမှန်ပဲ။ အဲဒီလို မဟုတ်ရင်တော့ ကိုယ့်ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပိုသဘောကျတာပေါ့''

''နီးစပ်လာပြီ။ ကိုယ်တို့က ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးမထားတာ မဟုတ်ဘူးနော်''

''ဒါတော့ နားလည်ပါတယ်။ ကဲပါလေ... သိမ်းမြစ်ကို ဖြတ်တိုက် လာတဲ့လေလေး ရှူလိုက်ပါဦး''

သိမ်းက မကျယ်လှ။ မြစ်ရေကလည်း ဖတ်ခဲ့ဖူးသလို ငွေရောင်မလက်နေ။ အေးလေ ပုံပြင်ဟာ တကယ်ဟုတ်စရာ မလိုပါဘူး။ အိပ်မက်ဆိုတာလည်း ပုံပြင်ပေါ်မှာ ဘယ်နှရာခိုင်နှုန်း တည်ခဲ့ဖူးလို့လဲ။ လန်ဒန်ဆောင်းကတော့ ဖတ်ဖူးခဲ့သည့်အတိုင်း အေးစက်မှုန်မှိုင်းနေလေသည်။ အိပ်မက်နှင့် တကယ် သည်ခုတော့လည်း ထပ်တူထပ်မျှ။ အဟောင်းနှင့်အသစ် ရောနေသည့် သိမ်းမြစ်ကမ်းမြင်ကွင်းက အိပ်မက်နှင့်ပုံပြင် နှောထားသည့် တကယ့်သက်ရှိပန်းချီတစ်ချပ်။

''သည်ထဲမှာ ဧကရာဇ်တွေ၊ ဧကရီတွေ နေသွားခဲ့တယ်။ သြဇာရှင်တွေအဖြစ်နဲ့ရော၊ တရားခံတွေအဖြစ်နဲ့ပါပေါ့။ ပြီးတော့ သူတို့ သေသွားခဲ့ကြတယ်။ သောကကင်းကင်းနဲ့ ရော၊ ပယောဂ မရှင်းမရှင်းနဲ့ပါပေါ့။ အဲဒါဟာ လန်ဒန် မျှော်စင်ပဲလေ''

ရှောက သွေးမျှော်စင်၏ အကျဉ်းခန်းရှေ့မှာ ရပ်ရင်း သည်စကားကို ခပ်ကျယ်ကျယ်ဆိုလိုက်သည်။ ကျဉ်းမြောင်း မှောင်မည်းသည့် ခံစားချက်က ပုံပြင်ကို သတိရစေသည်။

''ဒါပေမယ့် လန်ဒန်မျှော်စင်ဟာ ပြတိုက်ဖြစ်နေပြီလေ။ ပြတိုက်ဆိုတာ တကယ်တွေရဲ့ အတိတ်ပုံပြင်ကိုသာ ကိုယ်စားပြုတာ မဟုတ်လား။ အဲဒီလိုရသတွေ ရှင်သန်နေသေးပေမယ့် ပြတိုက်မဟုတ်တဲ့ တကယ့်နေရာတွေ ရှိနေသေးတာကို ရှော သိရဲ့လား''

ပြတိုက်ထဲမှာမှန်း သိလျက်နှင့် ကိုယ့်အသံက ခေါက်ရိုးကျိုး တိုးဝင်လျက်။

''မင့်ကြည့်ရတာ အိပ်မက်မက်ပြီး လျှောက်သွားနေတဲ့ လူလိုပဲ။ တစ်နေရာရာနဲ့ တစ်စုံတစ်ရာက မင်းအတွေးထဲမှာ အမြဲရှိနေပုံရတယ်။ လောလောဆယ် မင်းတွေ့မြင်ရသမျှကို ခံစားပစ်လိုက်စမ်းပါကွာ''

ရှောက မချင့်မရဲ ဖြစ်နေပုံရသည်။

''မှန်လိုက်တာ ရှောရယ်။ ကိုယ်က တစ်ခါတုန်းက သိမ်းမြစ်ကမ်းဘေးမှာ လမ်းလျှောက်နိုင်ဖို့ အိပ်မက်မက်ဖူးတယ်။ အခု အိပ်မက်က တကယ်ဖြစ်လာခဲ့ပေမယ့် ကိုယ်ကတော့ အိပ်မက်မက်နေသလိုပဲ။ အရင်တကယ်တွေက အခု ပုံပြင်ဖြစ်သွားပြီလို့ ပြောလို့ရပေမယ့် အဲဒီပုံပြင်တွေက အခု အိပ်မက်ထဲကို ခဏခဏ ဝင်လာခဲ့တယ်။ အဲဒါကို ကိုယ်ဝန်ခံပါတယ်''

''အေးပါလေ။ မင့်ပုံပြင်ကို ငါ သေသေချာချာ မသိပေမယ့် မင့်အိပ်မက်ကိုတော့ သိနေသလိုပဲ။ ဘာပဲဖြစ်ဖြစ် မင်းနဲ့တွေ့ရတာ ဝမ်းသာပါတယ်။ ငါ အလုပ်ရှိသေးတယ်။ သွားဦးမှ။ မင်း ဒီကအပြန် ဘက်ကင်ဟမ်နန်းတော်ဘက် သွားမှာမဟုတ်လား။ အိုကေလေ... ဘိုင်း''

''တွေ့ရတာ ဝမ်းသာသလို ကျေးဇူးလည်း တင်ပါတယ် ရှော။ နောက်ထပ် တွေ့မယ်လို့ မျှော်လင့်ပါတယ်။ အခုတော့ ဘိုင့်ဘိုင်ပါ''

ရှောပုံရိပ်က ဟုတ်ခနဲ မီးငြိမ်းသွားသလို တမဟုတ်ချင်း ပျောက်သွားသည်။ တဖြည်းဖြည်း ဝေးသွားတာမျိုးမဟုတ်။ ကိုယ်လက်ပြနေမိသည်က ဘက်ကင်ဟမ်နန်းတော်ထဲကို ဝင်သွားသည့် ကားတစ်စီး။ ကားထဲမှာ အိမ်ရှေ့စံ ချားလ်စ်နှင့် ကမီလာ။ အမှန်တော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေက ရုတ်တရက်ကြီး ဟာခနဲအော်ကာ ကမန်းကတန်း လက်ပြလိုက်ကြသည်မို့ ကိုယ်က ကယောင်ကတမ်း လိုက်လုပ်လိုက်ခြင်းသာ။ ဘာအတွက်၊  ဘယ်သူ့ကို လက်ပြလိုက်မိမှန်း ကိုယ့်ဘာသာ မသိသေး။ ကိုယ့်အိပ်မက်မှာ ရှောက ကိုယ်ရောင် မဖျောက်နိုင်သေး။ ကိုယ့်တကယ်က ဘက်ကင်ဟမ်နန်းတော် ရှေ့အစောင့်အကြပ် လဲသည့်အခမ်းအနားကို စောင့်ကြည့်နေသည့် အပြည်ပြည်ဆိုင်ရာ တိုးရစ်များစွာကြားမှာ ကြပ်ညပ်လို့။ ခရာ မတွတ်၊ ဝီစီ မမှုတ်၊ ဟွန်းမတီးဘဲ မော်တော် ဆိုင်ကယ်နှစ်စီးရံသည့် ကားတစ်စီးက နန်းတော်ထဲ ဝင်သွားခိုက် လူအုပ်က အစောင့်အကြပ်မှူး တစ်ယောက်ယောက်လေလားအထင်နှင့် ကြည့်စဉ် မြင်လိုက်ရသည်က အိမ်ရှေ့စံ မောင်နှံမို့ အံ့သြဝမ်းသာသွားကြကာ လက်တွေ လှမ်းပြမိကြသည်။ သည်ထဲမှာ ကိုယ်လည်း တစ်ယောက်အပါအဝင်။ အစောင့်အကြပ်တွေ လဲစဉ်က ဘင်ခရာတီးဝိုင်းနှင့်၊ မြင်းသည်တော်တွေနှင့် တခမ်းတနား၊ စည်စည်ညံညံမို့ တိတ်တဆိတ် အိမ်ရှေ့စံကို မည်သူမျှ မမျှော်လင့်ခဲ့ကြ။ တကယ်သည် အိပ်မက်လိုပါပဲလား။ ကိုယ်တကယ်ပဲ ရှုပ်ထွေးသထက် ရှုပ်ထွေးလာခဲ့သည်။ တကယ်၊ ပုံပြင်၊ အိပ်မက်။ နယ်ခြားမျဉ်းကား ပါးလွန်းလှချည့်။

ဝါကျင်ကျင်အလင်းက အဟောင်းနံ့တွေ မွှန်နေသည့် အခန်းကျဉ်းလေးထဲမှာ မြုံစေ့စေ့လင်းနေသည်။ လူ့ကျောကုန်းများ၊ ပခုံးများက အလင်းဖျော့မြင်ကွင်းကို ထပ်မံ ကန့်သတ်နေပြန်သည်။ သည်နေရာမှာ အနောက်သူ အနောက်သားတွေလောက် အရပ်မရှည်သည့် ကိုယ်တို့လိုလူတွေကို ရှေ့နား တစ်နေရာရောက်သွားအောင် ကူညီပေးကြလျှင် ကောင်းမည်ဟု တွေးနေမိသည်။ နို့မို့ဆို သည်အိမ်လေးကိုက လမ်းမမျက်နှာပြု အိမ်မကြီး၏ နောက်မှာ ခပ်ကုပ်ကုပ်၊ မည်သူမျှ သတိမထားမိအောင် ဆောက်ထားရသည်မို့ အလင်းကလည်း မလုံလောက်၊ ကမ္ဘာအနှံ့မှ စူးစမ်းစာနာ သူတွေကလည်း သည်အိမ်ကအခန်းကျဉ်းလေးတွေထဲ ရောက်လျှင် ပြကွက်အခင်းအကျဉ်းအပြင် ဘာများထပ်တွေ့ ရနိုင်မလဲဟု သိလိုဇောနှင့် ပြကွက်နား၊ နံရံနား ကပ်ရပ်ကာ ကြည့်တတ်မြဲမို့ အားနာတတ်လျှင် ဘာမျှဟုတ်တိပတ်တိ မြင်သွားရမှာ မဟုတ်။ သည်အိမ်လေးထဲ ဝင်ရဖို့ကို တစ်နာရီ ကျော်ကျော် စောင့်ခဲ့ရသည် မဟုတ်လား။ သေသေချာချာ မသိလိုက်ရဘဲ ပြန်သွားလို့ မဖြစ်။ တစ်ခါက သူ့နေ့စဉ် မှတ်တမ်းကြောင့် သူနှင့်တကွ သည်အိမ်လေးကို စိတ်ဝင်စားခဲ့ဖူး၊ သည်အိမ်လေးဆီ အလည်သွားဖို့ အိပ်မက်မက်ခဲ့ ဖူးသည်ကော။ အိပ်မက်သည် တကယ်ဖြစ်လာခဲ့ပြန်၏။

တကယ့်အိမ်ကနေ (တကယ့်)ပုံပြင်ပြတိုက်အဖြစ် ပြောင်းလဲသွားသည့်တိုင် တကယ့်အဟောင်းနံ့ကို ရနေသလို ခံစားရသည်။ ဟောင်းနွမ်း သံချေးတက်နေသည့် မီးဖိုချောင် သုံးပစ္စည်းတွေကို တွေ့ရတော့ တစ်ခါတုန်းက ကိုယ်ကိုယ်တိုင် ရံဖန်ရံခါ အားထားခဲ့ရဖူးသည့် အုတ်နီခဲနှစ်လုံးနှင့် ပလတ်စတစ် လောင်စာမီးဖိုလေးကို ဖျတ်ခနဲ သတိရသွားသည်။ နောက်ပိုင်းမှာ အဝတ်စုတ်ဟောင်းတွေကို နေပူမှာ ခြောက်ကပ်နေအောင် လှမ်းကာ ပလတ်စတစ်နေရာမှာ အစားထိုး သုံးဖြစ်ခဲ့သည့် မီးဖိုလေးမျိုးက ခုလိုဟောင်းသွားစရာ မရှိဘဲ၊ မီးမလိုတော့သည့်အချိန်ကပင် အုတ်နီခဲမည်းမည်း နှစ်လုံးဘဝ ပြန်ရောက်သွားခဲ့ပြီကော။ နှာခေါင်းထဲမှာ အနံ့ တစ်ခုခု ရလာသလို။ ဟုတ်သမှ သိပ်ဟုတ်။ သည်အနံ့က အဝတ်ဟောင်းတွေကို ရေအကြာကြီး စိမ်ထားပြီးမှ လျှော်ရသဖြင့် ရေနံ့မကုန်၊ မှိုနံ့စွက်ထားသည့်အနံ့မျိုး။ ဒါဟာ အိပ်မက်မဟုတ်။ ပုံပြင်။

''ရှင့်ဆီက အနံ့ရလို့။ ကျွန်မကိုတော့ ရှင် သိပါတယ်နော်''

ဘယ်အချိန်က ကိုယ့်နားရောက်နေမှန်းမသိသည့် ကောင်မလေးက ကိုယ့်ကို စကားလှမ်းပြောလိုက်သည်။ အိုး...သူကပဲ ပြောရတယ်ရှိသေး။ ခုနက ပုံပြင်အနံ့က သူ့ဆီက ထောင်းထောင်းထထွက်နေတာ။ သူ့ကို ကိုယ်က သိရဦးမတဲ့။ သူ့ပုံစံက ကလေးသာသာရယ်။ ဆံပင်က အုံကောင်းတော့ ဖောင်းပွပွ၊ ဂါဝန်က တိုနံ့နံ့၊ မျက်လုံးတွေက အရောင် တောက်တောက်၊ ရင်ဘတ်မှာ ကြယ်အဝါတစ်ခု။ မြင်ဖူးသလို ရှိလာသည်။

''သင် ဘယ်သူများပါလိမ့်။ သြော်... သြော် သိပြီ။ အန်နာ... အန်နာ။ အန်နာဖရန့်ခ်။ ဟုတ်ပါတယ်နော်''

အန်နာက ပြုံးလိုက်သည်။ သေချာသွားပြီ။ နေ့စဉ် မှတ်တမ်းတစ်အုပ်၏ ပိုင်ရှင်၊ ဂျူးမလေး အန်နာဖရန့်ခ် (၁၉၂၉-၁၉၄၅)။ အိပ်မက်နှင့် ပုံပြင်သည် ရောထွေးစပြု။

''ရှင်လည်း ကျွန်မရဲ့အနံ့ကို သိနေတာပဲနော်။ အမ်စတာဒမ်ကို ဘယ်တုန်းက ရောက်လဲ။ ဘယ်တွေ ရောက်ပြီးပြီလဲ''

သူမအသံက တိုးတိတ်လွန်းလှသည်။ ပုံပြင်ထဲက ကိုယ်တို့ အသံတွေလိုပါပဲလား။ မျက်လုံးတွေကလည်း ဘေးဘီကများ ကြားသွားမလားဆိုသည့် အတွေးတွေကို ထင်ဟပ်လို့။

''ဒီနေ့ နေ့ခင်းကမှ အမ်စတာဒမ်ကို ရောက်တယ်။ တူးမြောင်းဘေးလမ်းတွေ လျှောက်ရင်း အမ်စတာဒမ်ရဲ့ ခရုပတ်မြို့တည်ထားမှုကို လိုက်ကြည့်ဖြစ်တယ်။ ရောက်ရောက်ချင်း ဒီကိုလာမယ် စဉ်းစားပေမယ့် တန်းစီနေတဲ့ လူအုပ်ကို ကြည့်ပြီး လန့်သွားလို့ ခဏနားပြီးမှ ပြန်ထွက်လာတာ''

''စောစောလာခဲ့တာ မဟုတ်ဘူး။ ခဏနေ ညရှစ်နာရီ ခွဲပြီးသွားရင် ဘာအသံမှ ထွက်လို့ မရတော့ဘူးလေ။ ရေဘုံဘိုင်လည်း ဖွင့်လို့ မရဘူး။ အိမ်သာမှာလည်း ရေဆွဲချလို့ မဖြစ်ဘူး။ ရေဒီယိုလည်း ဖွင့်လို့မရဘူး။ အို ဘာသံမှကို ထွက်လို့ မရတော့ဘူးလေ။ ရှင် သိလျက်သားနဲ့''

အန်နာက လေသံတိုးတိုးနှင့်ပင် အပြစ်တင်နေသည်။ ကိုယ်က သူ့ပုံပြင်တွေကို သိနေမှန်း သူက ဘယ်လိုလုပ် သိနေတာပါလိမ့်။ သူကများ ကိုယ့်ပုံပြင်တွေကို သိနေလို့လား။ သူနှင့်ကိုယ်က အခုမှ ပထမဆုံးအကြိမ် ဆုံဖူးသည်မဟုတ်လား။ သူ့ပုံပြင်ကို သူ့နေ့စဉ်မှတ်တမ်းကနေ တစ်ကမ္ဘာလုံး သိနေခဲ့သည့်အတွက်သာ ကိုယ်ကလည်း သူ့ပုံပြင်ကို သိနေခဲ့ခြင်းသာ။ သူကကျတော့ကော ကိုယ့်ပုံပြင်ကို ဘယ်လို သိနိုင်စွမ်းတာပါလိမ့်။ တကယ့်အိပ်မက်တို့ ဆန်းကြယ်တတ်တာ အမှန်ပင်။

''အန်နာက ကိုယ့်ကို သည်လောက်လူတွေ အများကြီးကြားမှာ ဘယ်လိုလုပ် ရှာတွေ့နိုင်ခဲ့တာလဲ။ ကိုယ့်အတိတ်ပုံပြင်တွေကို အန်နာ သိစရာအကြောင်းမှ မရှိဘဲ''

''အို...ရှင် မသိတာကျလို့ ကျွန်မက တစ်ချိန်မှာ ဂျာနယ်လစ်ကြီး၊ စာရေးဆရာကြီးတစ်ယောက် ဖြစ်ချင်ခဲ့သူဆိုတော့ မျက်နှာတွေနဲ့ အမူအရာတွေကို ကောင်းကောင်း ဖတ်တတ်တယ်လေ။ ရှင့်အကြည့်တွေ၊ ရှင် အနံ့ခံနေပုံတွေ၊ ရှင့်ကိုယ်နေဟန်ထားတွေက ရှင့်မှာ ကျွန်မလို ပုံပြင်ရှိနေကြောင်း ပြနေတာပဲ။ ပြီးတော့ ရှင့်ကိုယ်မှာ ကျွန်မကိုယ်မှာ ရှိတဲ့အနံ့မျိုး ရှိနေတယ်။ ရှင်ကလည်း ကျွန်မကို ဒီအနံ့ကြောင့်ပဲ ရိပ်မိသွားတာ မဟုတ်လား''

မြွေမြွေချင်း ခြေမြင်သည်ဟု ဆိုတတ်ကြသည်။ အခုတော့ ပုံပြင်ရှင်ချင်း အနံ့ရသည်ဟု ဆိုရတော့မည်လား။ အိပ်မက်ထဲမှာ သည်လောက်ထပ်တူကျနိုင်သည့် ပုံပြင်မျိုး ပေါ်လာမယ်မှန်း မတွေးတတ်ခဲ့။ ခုတော့ တကယ့်ကို ရင်ဆိုင်နေရပြီ။

''ဝေါ...ဝေါ...''

အရှိန်ခပ်ပြင်းပြင်း နှင်သွားသည့် ကားခပ်ကြီးကြီးလေး၊ ငါးစင်း၏အသံမှန်း သတိထားမိသည်။ အန်နာက ကိုယ့်လက်ကို ဖျတ်ခနဲ လှမ်းကိုင်လိုက်သည်။ ကြက်သီးတွေက ဖြန်းခနဲ။ အလောင်းတစ်လောင်း၏ အေးစက်မှုကို ခံစားလိုက်ရသည်။ အန်နာ့မျက်လုံးတွေက ဝိုင်းစက်သေးငယ်လို့။

''အန်နာ မ...''

ကိုယ့်စကား မဆုံးခင်မှာ အန်နာက ကိုယ့်ကို စကားဆက်မပြောဖို့ အမူအရာပြကာ သူ့နောက်လိုက်ခဲ့ဖို့ လက်ဆွဲခေါ်သွားတော့သည်။  အခန်းမီးတွေအကုန် လိုက်ပိတ်လိုက်ပြီး သည်အိမ်နှင့်တစ်ဆက်တည်းဖြစ်သည့် လမ်းမကို မျက်နှာပြုထားသော ရုံးခန်းအဆောက်အအုံဆီ ဦးတည်လိုက်ကြသည်။ လမ်းမဘက်က ပြတင်းတစ်ခု၏ ခန်းဆီးလိုက်ကာကို အရင်ဆုံး ပိတ်လိုက်ပြီးမှ မှန်ပြတင်းမှာ မျက်နှာအပ်နိုင်အောင်သာ ခန်းဆီးစနောက်ကို ခေါင်းလျှိုလိုက်ကြသည်။ သည်အချိန်မှာ အန်နာ၏ညွှန်ကြားချက် တစ်စုံတစ်ရာ မလိုလိုက်ဘဲ ကိုယ်က သူ့ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ ဖြစ်နေသည်မို့ ပုံပြင်ရနံ့ တူနေခဲ့မှန်း ပိုသေချာသွားခဲ့သည်။

ကိုယ့်မြင်ကွင်းထဲမှာ ခေတ်မီနောက်ဆုံးပေါ် လင်ခရုဇာ သုံးစီးက တူးမြောင်းဘေး လမ်းကျဉ်းလေးပေါ် ဖြတ်မောင်းသွားကြသည်။

''အိုကေပါ အန်နာ။ သိပ်ကြောက်စရာ မလိုပါဘူး''

''အဲဒါ ဂျာမန်စစ်ကားတွေ။ လမ်းပေါ်က ဂျူးတွေကို ရှာဖမ်းနေတဲ့ကားတွေ''

''ဟာ မဟုတ်တာ။ ဒါ ၂၁ ရာစုမှ ပေါ်တဲ့ကား။ ဒုတိယကမ္ဘာစစ်သုံး ဂျာမန်စစ်ကားကြီးတွေကို ကိုယ်သိတာပဲဟာ''

''ဟုတ်လို့လား။ အိုး...ဘာပဲဖြစ်ဖြစ် ကျွန်မ သိပ်ကြောက်တယ်။ ဘာမှ ခံစားလို့မရဘူး။ ကြောက်တာပဲ ရှိတယ်။ သေချာတယ်။ စားလို့၊ အိပ်လို့လည်း ရတော့မှာ မဟုတ်ဘူး။ ကိုယ်ထဲမှာရော စိတ်ထဲမှာရော ကြောက်တာ တစ်ခုပဲ ရှိတော့တယ်''

အန်နာ့ကိုယ်လုံးလေးက တဆတ်ဆတ် တုန်ရီလာသည်။ ရုတ်တရက်ဆိုသလို သူ့ရဲ့အလောင်းကောင်တမျှ အေးစက်နေသည့် လက်တို့က ပြုတ်ကျသွားသည်။ သူနှင့်ကိုယ်သည် ရုတ်တရက် တစ်စုံတစ်ရာ၏ အခွဲကို ခံလိုက်ရသလို ဖြစ်သွားသည်။ မှုန်ပျပျ၊ နီကျင်ကျင် အလင်းအောက်မှာ တုန်ခါနေသည့် အန်နာ့ပုံရိပ်က ဝေဝါးစပြုလာသည်။

''ကြောက်စရာ မလိုဘူး အန်နာ။ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု အားလုံးဟာ အရည်အသွေးအတွက်ပါ။ အန်နာပဲ ရေးခဲ့ဖူးတယ်လေ။ ဘဝတွေအားလုံးဟာ ကွဲပြားကြပေမယ့် ဘဝမှာ ပျော်ရွှင်စွာ နေထိုင်ရရေး ရည်မှန်းချက်ကတော့ အားလုံးမှာ တူတူပဲဆို။ မပျော်နိုင်ရင်တောင် မကြောက်ပါနဲ့''

နောက်ဆုံးစကားတစ်ခွန်းကို အမှီဆိုလိုက်မိသည်။ အိပ်မက်ထဲက ပုံပြင်သည် အမှန်တကယ်မှာ အဆုံးသတ်သွားခဲ့ပြီ။ အမ်စတာဒမ်၏ တူးမြောင်းပတ်လမ်းတွေပေါ် ပြန်ရောက်သွားချိန်သည် မှောင်မည်းစပြုချိန် ဖြစ်သည်။ လျှပ်စစ်မီးကို လိုအပ်လာချိန်။ အနီရောင်အလင်းဆိုသည့် အမ်စတာ ဒမ်၏ နာမည်ကျော်ရပ်ကွက်ထဲမှာတော့ ခရီးသည်တွေနှင့် စည်ကားလောက်ပြီ။ မှန်ပြတင်းအသီးသီး နောက်က ဆင်းရဲသားဝတ်စုံနှင့် မိန်းမသားတွေကလည်း အလုပ်များလောက်ပြီ။ ကိုယ်ကတော့ ခြေဦးတည့်ရာ အလင်းများများ လမ်းမပေါ် ထွက်လာခဲ့သည်။

အဆောက်အအုံ ခပ်ကြီးကြီးတစ်ခုအောက်ထပ်က ကော်ဖီဆိုင်မှာ ဝင်ထိုင်ပြီး ချောကလက်အပူတစ်ခွက်ဖြင့် အမ်စတာဒမ့်ဆောင်းကို ခံစားဖို့ ဆုံးဖြတ်လိုက်သည်။ အဆာပြေ အစေ့အဆန်ဆားလှော်တစ်ခွက်နှင့် သံလွင်သီးဆားစိမ် တစ်ခွက်ကို လာချပေးသည့် စားပွဲထိုးကောင်လေးကို စကားစမြည်ပြောကာ စပ်စုမည်ဟု တွေးမိသည်။ သည်အဆောက်အအုံက နည်းနည်းတော့ ဆန်းနေသည်။ ရုံးခန်းပေါင်းချုပ်လို ရှေးအဆောက်အအုံကြီး ဖြစ်သော်လည်း မျက်နှာစာ တစ်လျှောက်လုံးက အဆင်တန်ဆာမဲ့တုံးတိတိ အခန်းများချည်း ဖြစ်နေသည်။ အတွင်းမှာတော့ ရုံးခန်းများစွာ ရှိနေပုံရသည်။ ရှော့ပင်းစင်တာလို ဖွဲ့စည်းပုံမျိုးကို မမျှော်လင့်သော်လည်း ဘယ်လိုပင် ရှေးအဆောက်အအုံဖြစ်ဖြစ် ခေတ်မီဒီဇိုင်းတွေနှင့် ပြန်လည်မွမ်းမံထားတတ်သည့် အလေ့ကို သည်မှာ မတွေ့ရသည်မို့ ထူးဆန်းနေသည်။

''သည်အဆောက်အအုံထဲက ရုံးခန်းတွေက ဘာရုံးခန်းတွေလဲ သိလားဟင်''

''အားလုံးစာပေတိုက်တွေ၊ မဂ္ဂဇင်း၊ သတင်းစာ တိုက်တွေချည်းပဲ။ စာရေးဆရာကလပ်လည်း ရှိတယ်။ သိတယ်မဟုတ်လား အငြင်းသန်တဲ့နေရာလေ''

သူ့အပြောကြောင့် ပြုံးဖြစ်လိုက်သည်။ အိပ်မက်ထဲမှ တည့်တည့် ဝင်ထိုင်မိလျက်သားပါလား။

''ဟိုးအရင်ကရော ဒီအဆောက်အအုံက စာပေလောက ပိုင်တာပဲလား''

''မဟုတ်ဘူး။ အရင်က ဒါကြီးက အကျဉ်းထောင်လေ။ ဘယ်တော့မှ မငြင်းတတ်တဲ့နေရာကနေ အမြဲတမ်း အငြင်းသန်တဲ့နေရာ ဖြစ်သွားတာ''

အိပ်မက်အစစ်ကို တွေ့လိုက်ရသလို။ ပုံပြင်အမောတွေ ပြေသွားရသည်။ တကယ်တော့ ပုံပြင်ကို အိပ်မက်ဖြစ်အောင် လုပ်လို့ ရနိုင်သေးတာပဲ။ ပုံပြင်၊ တကယ်၊ အိပ်မက်။ နယ်ခြားမျဉ်းတွေ မရှိသလောက်။

အမိုးခုံးဂိတ်ပေါက်ကြီးတွေ၊ နံရံအမြင့်ကြီးတွေ၊ အခန်းခန်း၊ အထပ်ထပ်နဲ့ ပြဇာတ်ရုံကြီး။ လူငါးသောင်းကျော် ဆံ့သည့် ဘဲဥပုံ လေဟာပြင် ဇာတ်ရုံကြီး။ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင့်ကိုးရာကျော်က ဂလာဒီရေတာ သူရဲကောင်းချင်း၊ သို့မဟုတ် သူတို့နှင့် နွားရိုင်းကဲ့သို့ တောရိုင်းတိရစ္ဆာန်များ ယှဉ်ပြိုင်သတ်ဖြတ်ကြသည်ကို ရောမ ဧကရာဇ်နှင့် အပေါင်းပါပရိသတ်တို့ တစိမ့်စိမ့် ရှုစားခဲ့ကြသည့်နေရာ။ ရောမ၏ အံ့မခန်းဂုဏ်ယူဖွယ် ဗိသုကာ လက်ရာ။ ရောမသားတို့က ကလိုဆေးယိုဟု အသံထွက်သည့် Colosseum. အိပ်မက်သည် တကယ့်မျက်စိရှေ့မှာ ထုနှင့်ထည်နှင့်။ မနက်စောစောမှာပင် ကလိုဆေးယို၏ ပုံပြင်ကို မျက်မြင်ဒိဋ္ဌ တွေ့ချင်ကြသည့် အပြည်ပြည်ဆိုင်ရာ ခရီးသည်တွေက တစ်ပုံတစ်ပင်။ တန်းစီနေသည့် လူတွေနောက်မှာ ဝင်ရပ်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ရောမဂလာဒီရေတာ ဝတ်စုံနှင့် ဓာတ်ပုံ အရိုက်ခံနေသူတို့ကို တွေ့ရသည်။ အတိတ်ပုံပြင်၏ ပုံရိပ်ပွားတို့သည် ပျော်တော်ဆက်ဘဝမှ မလွတ်နိုင်သေး။ တစ်ခါက တကယ့်ဂလာဒီရေတာတို့က သည်နေရာမှာ ရောမဘုရင်မင်းမြတ်ကို ပျော်တော်ဆက်ခဲ့ကြသည်။ သူတို့ ၏အိပ်မက် မည်သို့ရှိခဲ့မည်ကို မသိတတ်နိုင်။ ယခုအချိန်မှာလည်း ဂလာဒီရေတာ ပုံရိပ်ပွားသည် ရောမဧည့်သည်များကို ပျော်တော်ဆက်နေကြဆဲ။ သူတို့ကကော ပုံပြင်နှင့် အိပ်မက် မည်သည်ကို ကိုယ်စားပြုချင်နေမလဲ။ တကယ့်ဘဝကိုသာ လက်ခံထားပုံရသော သူတို့ကတော့ ပုံပြင်ကို အိပ်မက် မက်ဖူးသူတို့ အလိုကျ ပြုံးလို့၊ ရယ်လို့။

ကျောက်လှေကားထစ်ဟောင်းများကို တစ်ထစ်ချင်း တက်နေစဉ်မှာပင် လူစုလူဝေး၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ ဘာတွေဖြစ်ကုန်ကြပြီလဲ။ လှေကားထစ်တွေကို အမြန်နင်းတက်လိုက်သည်။ ဘဲဥပုံမြင်ကွင်း ရှိရာဆီ ခပ်သွက်သွက်။ ရှေ့နားက တုံ့နှေးတုံ့နှေး ဂျပန်မိသားစုကို ကျော်တက်မှ။ ရော...ရောမ၏ မြက်အချို့နှင့် အုတ်တိုင်၊ ကျောက်တုံးအနည်းအကျဉ်းကိုသာ တွေ့နေရပါလား။ ဘဲဥပုံ ပွဲကြည့်စင်တလျှောက်လုံးက လူတွေကလည်း ကင်မရာ ကိုယ်စီကိုင်ထားသည်မှအပ အော်ဟစ်မနေ။ သို့သော် လူစု လူဝေး၏အော်သံက ပိုလို့ပင် ကျယ်လောင်လာသည်။ စိတ်မျက်စေ့ကို အတတ်နိုင်ဆုံး စူးစိုက်လိုက်သည်။ ဟော... ဟိုမှာ။

ဘဲဥပုံကွင်းလယ်က မြက်ရိုင်းတွေကြားမှာ မိန်းမသား နှစ်ဦး။ အို... ဂလာဒီရေတာတွေထဲမှာ မိန်းမသားတွေ ရှိနေလို့လား။ ပုံပြင်သည် မှားနေရော့ထင့်။ အမြင်တို့ကို စုစည်းလိုက်သည်။ သေချာသည်။ ဂလာဒီရေတာ ဝတ်စုံမျိုး ဝတ်မထားသည့် မိန်းမသားနှစ်ဦး။ လက်နက်မဲ့ သတ်ဖြတ် နေကြပုံရသည်။ ထပ်ကာထပ်ကာ စူးစိုက်။ မဟုတ်။ သတ်ဖြတ်နေတာ မဟုတ်။ လုယက်နေကြခြင်းသာ။ လူစုလူဝေး၏ အော်သံက အားပေးနေသည့် အော်သံမျိုး မဟုတ်ဘဲ ကယ်ပါ၊ ယူပါဟု အကူအညီတောင်းနေသည့်ပုံစံမျိုး။ မိန်းမနှစ်ယောက် ဘာကို လုနေကြပါလိမ့်။

''သူတို့လက်ထဲမှာ ကလေးလေး မဟုတ်လား''

မည်သူ့ကိုမျှ အတိအကျ မရည်ရွယ်ဘဲ မေးဖြစ်လိုက်သည်။

''ဟုတ်တယ်။ ရင်ခွင်ပိုက်ကလေးတစ်ယောက်ကို တစ်ယောက် ပေါင်တစ်ချောင်းစီက ကိုင်ပြီး လုနေကြတာ''

''အိုး...သားသမီးချင်း မစာနာ။ ဘာလို့လဲ''

''ဟိုဘက်က အသားဝါဝါနဲ့ မိန်းမကတော့ ကလေး အမေပဲ''

''ဒါဆို ဒီဘက်က မျက်ထောင့်နီနီ၊ အသားညိုညိုနဲ့ မိန်းမကကော''

''ဘီလူးလို့ ပြောတာပဲ။ ကလေးအသား စားချင်လို့တဲ့''

''ဟင်...ဘာပြောတယ်။ ဘီလူးနဲ့အမေ သားကလေးကို လုတာ မဟော်သဓာ ရှေ့မှာပါ။ ဒီကလိုဆေးယိုနဲ့ ဘာပတ်သက်လို့လဲ''

''မင်း ကြည့်ပါလား။ မဟော်သဓာရှေ့မှာ အမေက သားကို ညှာပြီး လျော့ပေးပေမယ့် အခုဟာက ဘယ်သူမှမှ မလျော့တာ။ မဟော်သဓာ မရှိတော့ဘူးလေ။ ဒီတော့ ဒီထဲမှာ ဆက်လုကြတာပေါ့။ သူတို့နားက မြက်ရိုင်းပင်တွေတောင် ရှင်းကုန်ပြီ''

''ဟင်...''

သံသယက ကြီးလာပြီ။ အသံလာရာဆီကို လည်ပြန်ကြည့်လိုက်မိသည်။ ဘယ်သူမို့ သားတရားစီရင်ခန်းကို သိနေရတာလဲ။ တွေ့လိုက်ရသည်က စောင်းပိုက်ထားသည့် ရောမဧကရာဇ်တစ်ပါး။ သံလွင်ခက်သရဖူ မဟုတ်သည့် သရဖူ တစ်ခုကို ဆောင်းထားသည့် ရောမဧကရာဇ်။ မြင်ဖူးသလိုလို။

''သင် ဘယ်သူလဲ။ ဒီမှာ ဘာလုပ်နေတာလဲ''

''ငါလား နီရိုလေ။ မင့်ဘယ်ဘက်က ပန်းခြံကြီးဟာ တစ်ခါက ငါ့ရွှေနန်းတော်ကြီးလေ။ မီးလောင်သွားလို့ မရှိတော့တာ''

ဘုရားရေ။ ရောမမြို့ကြီး မီးလောင်သည်ကို စောင်းတီးမပျက် ထိုင်ကြည့်နေသည်ဆိုသည့် Nero နီရိုဘုရင် (၃၇-၆၈)။ နားထဲမှာ လူစုအော်သံက ကျယ်သထက် ကျယ်လာသည်။ အိပ်မက် လုံးဝ မဟုတ်။ ပုံပြင်နှင့် တကယ်သာ ဖြစ်ရမည်။ အိပ်မက်ထဲမှာ နီရို မရှိ။ ပုံပြင်ထဲက ဘီလူးနှင့် အမေသည် တကယ်ထဲကို ရွေ့လာပြီလား။ အိပ်မက်ထဲတော့ မယူသွားပါရစေနှင့်။

''အော် သင့်ကို နားမကောင်းသူလို့ ထင်ခဲ့တာ။ ခုတော့ ကိုယ့်ရဲ့တစ်ကိုယ်ကြား မေးခွန်းတွေကိုတောင် ကြားနေတာပဲ။ ဒါနဲ့ သားတရား စီရင်ခန်းကို သိနေလို့လား''

''ဆိုပါတော့ကွာ။ ပုံပြင်တစ်ခုထဲမှာ ကြားဖူးတာပေါ့။ ဒီကိုလာတာက ငါ့နောက်က ဧကရာဇ်ဗက်စ်ပါစီယန် Vespasian စတည်ခဲ့တဲ့ ဒီပွဲကြည့်စင်ကြီးရဲ့ အရသာကို ခံစားဖို့ပဲ။ ငါက စောင်းကြိုက်ပြီး သူက ဂလာဒီရေတာ ကြိုက်တယ်လေ။ သူက ပွဲသွင်းထားမှတော့ ငါက အားပေးရမှာပေါ့''

လူစုအော်သံတွေ တိုးညှင်းမသွားသေး။ သည်ပွဲက မပြီးတော့ဘူးလား။ ပုံပြင်သည် တကယ့်ကို ကျီစယ်နေပြီ။ အိပ်မက်တို့ ကြက်ပျောက်၊ ငှက်ပျောက်။ မဟုတ်ဘူး။ သည်လို အိပ်မက်မျိုး မမက်ခဲ့ဘူး။ ပွဲသွင်းထားသူရှိရင် အားပေးသူ ရှိရမှာတဲ့လား။ တော်ကြပါတော့။ ဘီလူးနဲ့ အမေကို ခေါ်သွားကြပါတော့။ မြက်ရိုင်းစိမ်းစိမ်းတွေ လဲပြို။ ကလေးလေးက ပျော့ဖတ်စပြု။ နဂိုကမှ ဘာသံမှ မထွက်သည့် ကလေးက အခုတော့ ပြာနှမ်းနေပြီ။

''သင် ဒါကို အားပေးရက်လား။ ရပ်ခိုင်းလိုက်ပါတော့လား။ ပြီးတော့ သားတရားစီရင်ခန်းက ပုံပြင်မဟုတ်ဘူး။ တကယ်''

''ဟေ့ ဘာလဲ။ ကလေးကို လုနေတာ ငါ့လူတွေမှ မဟုတ်တာကွာ။ အသာနေစမ်းပါ။ မင်းပြောတဲ့ သားတရား စီရင်ခန်းက ပုံပြင်ပါကွာ။ အဖြေထွက်သွားပြီဆိုရင် ပုံပြင်ပဲ။ အခု သူတို့နှစ်ယောက် လုနေတာကမှ တကယ်။ ပြီးမှ မပြီးသေးရင် တကယ်ပေါ့။ အဖြေမထွက်သေးရင် တကယ်လေ''

သူ့သဘောတရားကလည်း တစ်မျိုး။ မပြီးသေးရင် တကယ်တဲ့။ ကိုယ့်အဖို့က မပြီးသေးရင် အိပ်မက်ပဲလေ။ ပြီးသွားရင် ပုံပြင်ပေါ့။ ဒါဆို တကယ်က ဘယ်မှာလဲ။ ကိုယ်တိုင်ပင် ဝေဝါးစပြုလာပြီ။

''ကဲပါ။ မင့်ဘာသာ ရှုပ်နေရင်လည်း နေခဲ့တော့။ ငါတော့ ဒီပွဲက ပျင်းစရာကောင်းလာပြီ ထင်တယ်။ သွားတော့မယ်ကွာ''

ရုတ်ခြည်း တိတ်ဆိတ်သွားသည်။ လူစု၏အော်သံကိုလည်း မကြားရတော့။ အိပ်မက် မဟုတ်ဟု သေချာနေသည့်တိုင် ပုံပြင်ဟုလည်း မပြောနိုင်။ စိတ်ထဲမှာ အစာမကြေ။ ရှောက ခွဲခွာနီး သေသေချာချာ နှုတ်ဆက်သွားသည်။ အန်နာနှင့်တော့ နှုတ်ဆက်ချိန် မရလိုက်ဘဲ ခွဲခွာခဲ့ရသည်။ ယခု နီရိုကတော့ သူ့ဘာသာ ပေါ်လာပြီး သူ့ဘာသာ ပြန် ထွက်သွားသည်။ သူ့သဘောချည်းပဲ။ ကိုယ့်သဘောသာ ဆိုလျှင် သူ့ကို အခြားမေးစရာတွေ မေးမိလိမ့်ဦးမည်။ ခုတော့ နီရို၏ တစ်ဘက်သတ်လမ်းခွဲကို တကယ်ကြုံခဲ့ပြီ။

သည့်နောက်တော့ ဟိုးဝေးဝေးက ပြာဇာဗနဲရှာ Piazza Venezia ခေါ်သည့် လက်နှိပ်စက်သဏ္ဌာန် ဧရာမအဆောက်အအုံကြီးထံ လမ်းလျှောက်သွားခြင်း ဖြစ်သည်။ လမ်းတစ်လျှောက်မှာ ဖိုရိုရိုမန်နို Foro Romano ခေါ် ရှေးဟောင်း ရောမအင်ပါယာ၏ လက်ကျန်အဆောက်အအုံများရှိရာ နေရာတို့အပါအဝင် နှစ် နှစ်ထောင်ကျော်သက်တမ်းရှိ ဗိသုကာလက်ရာမြောက် အဆောက်အအုံများစွာကို ဖြတ်သန်း ဖြစ်ခဲ့သည်။ သည်ရောမကတော့ တစ်ခါက အိပ်မက်ထဲမှာ ရှိခဲ့သည်။ ဝန်ခံရစတမ်းဆိုလျှင် ကိုယ့်အိပ်မက်တွင် ဆီဇာနှင့် ပတ်သက်သဖြင့်သာ ရောမကို ထည့်မက်ခဲ့ပြီး ''အိမ်ရှေ့စံ မင်းသမီးနှင့် ဓာတ်ပုံဆရာ'' ရုပ်ရှင်ပုံပြင်ကြောင့် ဗင်းနစ်ကသာ ကိုယ့်အိပ်မက်မှာ နေရာယူခဲ့သည်။ ဗင်းနစ်ကို တကယ့်မျက်စိဖြင့် မြင်ရသည့်အခါမှာတော့ ဗင်းနစ်သည် ပုံပြင်နှင့် ကွဲပြားကာ သူကိုယ်တိုင် အိပ်မက်နောက်လိုက် နေသည်ဟု ခံစားရသည်။ အပြည်ပြည်ဆိုင်ရာဧည့်သည်များကို ပျော်တော်ဆက်နိုင်ဖို့ Venice ဗင်းနစ်သည် အပြည်ပြည်ဆိုင်ရာအဆင်တန်ဆာများကို တပြိုင်နက်တည်း ဆင်မြန်းထားသဖြင့် ပုံပြင်ထဲက ဗင်းနစ် မဟုတ်တော့။ ဗင်းနစ်နှင့် ယှဉ်လျှင် ရောမသည် ပုံပြင်ကို တကယ်ထဲမှာ သိမ်းထား နိုင်ခဲ့သည်။ ထို့ကြောင့်ပင် ကိုယ်သည် ဗင်းနစ်ထက် ရောမကို သဘောကျနေမိသည်။

မြေပြင်ကနေ အမြင့်ပေ ၆ဝဝ ကျော်ခန့် မြင့်မည့် တောင်ကုန်းတစ်ခုကို နောက်ခံထားကာ တည်ဆောက်ထားသည့် ဗိသုကာအဆောက်အအုံကြီးက မြို့လည်ရင်ပြင် ကြီးရှေ့မှာ ထီးထီးမားမား။ တိုင်လုံးကြီးများ၊ လှေကားထစ်ကြီးများနှင့် လက်နှိပ်စက်တစ်လုံး၏ ရင်ဖွင့် ကြိုဆိုနေဟန် အထပ်မြင့်မြင့် အဆောက်အအုံထဲမှာ ပုံပြင်တို့၏ ပြတိုက်။ လူအရွယ်အစားထက် ငါးဆခန့်ကြီးမားသည့် ဘုရင်အီမန်နျူရယ်၏ရုပ်တုက ပြာဇာဗနဲရှာ Piazza Venezia ၏ ရင်ခွင်ထဲမှာ။ ဦးထုပ် ပြုတ်ကျလုနီး မော့ကြည့်လိုက်သည့်အခါ တစ်ခါက နာဇီဂျာမဏီ ဟစ်တလာ၏ ဘက်တော်သား ဖြစ်ခဲ့သည့် အီတလီနာဇီ မူဆိုလိုနီ့မျက်ဝန်းတို့ကို မြင်ရမတတ်။ မူဆိုလိုနီသည် တစ်ခါက သည်အဆောက်အအုံ၏ အခန်းတစ်ခန်းမှာ စံမြန်းပြီး ရှေ့တည့်တည့် ရင်ပြင်ကြီး နံဘေးအဆောက် အအုံဝရံတာပေါ်ထွက်ကာ နာဇီမိန့်ခွန်းတွေ ပြောနေကျ။ ရောမသမိုင်း၏ ထူးခြားသောစစ်ဘုရင် ဂျူးလိယက်ဆီဇာလို ရန်သူတွေအပေါ် သဘောကောင်းလွန်းသည့် စရိုက်မျိုး မရှိသည့် နှောင်းအီတလီအကြီးအကဲ မူဆိုလိုနီ။ ပုံပြင်တို့က အစီအရီ ပေါ်လာသည်။ ရောမသည် ပုံပြင်ကြွယ်ဝသည့်မြေ။

ခြေလှမ်းတွေကို ရပ်ပစ်လိုက်သည်။ ရှေ့မှာ မီးပုံတစ်ပုံ။ မီးပုံဘေးမှာ သေနတ်ကိုင်ပြီး ရောမကျောက်ရုပ်တွေနှင့်အပြိုင် ငြိမ်သက်နေသည့် အီတလီ စစ်သားနှစ်ယောက်။ သည်နှစ်ယောက်က ဘာမေးမေး ပြန်ဖြေမည့်ပုံမပေါ်။ ဘေးဘီကို အကဲခတ်လိုက်သည်။ အီတလီသား၊ ရောမသူ တစ်ယောက်ယောက်ကို မေးရလျှင် ကောင်းမည်။ သည်မီးပုံသည် အတိတ်လား၊ အိပ်မက်လား။

''သည်မီးပုံက ဘာအတွက်လဲ''

''ပထမကမ္ဘာစစ်အပါအဝင် စစ်ပွဲတွေမှာ ကျဆုံးခဲ့ကြရတဲ့ စစ်သားတွေနဲ့ ပြည်သူတွေအတွက် ဂုဏ်ပြုထားတာပေါ့။ ၂၄ နာရီ အမြဲတမ်း မီးမငြိမ်းအောင် လုပ်ထားပြီး စစ်သားနှစ်ယောက်က နှစ်နာရီတစ်ခါ ဂျူတီလဲပြီး စောင့်တယ်လေ''

''အော် ပါရီက ရှောင်စေလီစေ Champs-Elysees မှာ အဲဒီလို မီးပုံမျိုး တွေ့ခဲ့သေးတာပဲ။ အိပ်မက်ချင်း တူတူပေါ့''

''ဒါပေါ့။ ပုံပြင်တွေ ကွဲပေမယ့် စတေးခဲ့ကြရတာချင်း တူမှတော့ အိပ်မက်လည်း တူတာပေါ့''

ရောမသူတို့ထုံးစံ အဝတ်အစားဒီဇိုင်းကို ခေတ်မီသပ်ရပ်အောင် အတတ်နိုင်ဆုံး ဂရုပြုဝတ်ဆင်ထားသည့် အမျိုးသမီးက ကိုယ့်အမေးတွေကို ပြန်ဖြေရင်း ဧရာမလှေကားထစ်ကြီး တွေပေါ် တရွေရွေ့ တက်သွားသည်။ ရောမရောက်ကတည်းက ပုံပြင်၏ ပြင်းအားလွန်ကျီစယ်မှု အောက်မှာ အိပ်မက်ကို ရှာမတွေ့ခဲ့ရသော ကိုယ်သည် ယခုမှပဲ အိပ်မက်ကို ရင်ဆိုင်လိုက်ရသည်။ ၂၄ နာရီ အမြဲတစေ မီးမငြိမ်းအောင် ထားပြီး အစောင့်အရှောက်နှင့်တကွ စတေးခဲ့ကြသူ မှန်သမျှကို ဂုဏ်ပြုခြင်း။ တကယ်သည် မပြီးဆုံးသေး။ ၂၄ နာရီ အမြဲတမ်း။ မပြီးသေးရင် အိပ်မက်။ ပုံပြင်ကို ဂုဏ်ပြုသည့် အိပ်မက်။ ထိုအိပ်မက်ကို တကယ်တမ်း အကောင်အထည်ဖော်။ ပုံပြင်၊ အိပ်မက်၊ တကယ်။

            အိပ်မက်တွေဟာ ပုံပြင် ဖြစ်သွားတတ်တယ်ဆိုတာ တကယ်ပြောတာပါ။ ကုက္ကိုပင်ရိပ်နားက တိုက်ခန်းလေးမှာ နေခဲ့စဉ်က ရှော၊ အန်နာနှင့် နီရိုတို့သည် ပုံပြင်များသာ။ လန်ဒန်၊ အမ်စတာဒမ်နှင့် ရောမတို့သည် အိပ်မက်များသာ။

ဗာဒံရိပ်အောက်က အိမ်လေးကို ခွဲခွာကာ ပြတိုက်မျှော်စင်၊ လျှို့ဝှက်အိမ်ကလေးနှင့် လေဟာပြင် ပွဲကြည့်စင်တို့ကို ရင်းနှီးခွင့် ကြုံလိုက်ရချိန်မှာတော့ လန်ဒန်၊ အမ်စတာဒမ်နှင့် ရောမတို့သည် တကယ်ဖြစ်ခဲ့ပြီ။

သို့သော် ရှော၊ အန်နာနှင့် နီရိုတို့ကို ထားရစ်ခဲ့ကာ ဗာဒံရိပ်အောက်ကို ပြန်ရောက်လာချိန်မှာတော့ ...

အိပ်မက်တွေဟာ ပုံပြင် ဖြစ်သွားတတ်တယ်ဆိုတာ တကယ်ပါ။

တကယ်၊

အိပ်မက်၊

ပုံပြင်။

တကယ် ဟုတ်ခဲ့တာတွေဟာ

ပုံပြင်တဲ့လား။

တကယ် မဟုတ်ခဲ့ရင်

ပုံပြင် မဟုတ်တော့ဘူးတဲ့လား။

တကယ့် အိပ်မက်က

အဲဒီအတိုင်းပဲ။

အဲဒီ အိပ်မက်က

တကယ်အတိုင်းပဲ။   ။

မသီတာ ၊စမ်းချောင်း၊

၂၇-၅-ဝ၆

(အမှတ် ၂၀၁၊ သြဂုတ်လ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထုရှည် စ/ဆုံး
...
ကျွဲပွဲ
နေဝင်းမြင့်

ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီ...

ရွှေဝတ္ထုရှည် စ/ဆုံး
...
မီးကင်းစောင့်
နေဝင်းမြင့်

ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ည...

ရွှေဝတ္ထုရှည် စ/ဆုံး
...
ကျေးဇူးတော် မြစ်တစ်စင်း
ခင်ခင်ထူး

တက္ကသိုလ် ပင်မအဆောက်အအုံကြီးရှေ့မှ စိန်ပန်းပင်တွေက ရဲရဲတောက် နီလို့နေသည်အဲသည် စိန်ပန်းနီတာထက် အဖေ့သွေးတွေက ပိုနီနေလေမလား ကျွန်မ တွေးမိသည် လှေနှင့်တက်နှင့် မြစ်ကြီးထဲမှာပဲ အချိန်ကုန်ခဲ့ရသော လှေသမားကြီး...