ခင်ခင်ထူး
၁။
အဖေ့ကို ကျွန်မ ငယ်ငယ်က
အစောဆုံးမှတ်မိနေသည်မှာ ကျွန်မတို့ပိုင် လှေကြီး ရွာဆိပ်ကမ်းကို
ရောက်လာတတ်သည့်အခါတွေမှာပဲ ဖြစ်သည်။ ကျွန်မတို့ ရွာကလေးက ဧရာဝတီမြစ်ကမ်းဘေးမှာ
ရှိသည်။ ရေကြီးခါ (မြစ်ရေကြီးချိန်) ဆိုလျှင် မြစ်ရေတွေ ရွာထဲကို ဒလဟော
စီးဝင်လာတတ်သည်။ သည်လိုအခါမျိုးဆိုလျှင် ဧရာဝတီမြစ်ကြီးသည် ကျွန်မတို့
ကလေးတွေအတွက် ရေပင်လယ် ကစားကွင်းကြီးလိုတောင် ဖြစ်နေတော့သည်။ တစ်အိမ့်တစ်အိမ်
ကူးလူးကြတော့လည်း မြစ်ကြီးထဲမှာလို ပိန်းကောလှေကလေးတွေနှင့်။ ကစားစရာ
မြေပြင်မရှိတော့ ခါးစောင်းလောက်နက်သော မြစ်ရေကွင်းပြင်ထဲမှာပဲ ရေကူးရင်း
စိန်ပြေးတမ်းကစားကြသည်။ လှေလှော်ပြိုင်ကြသည်။ ထင်းမျောတွေ လုဆယ်ရင်း
အချင်းချင်းသတ်ကြ ပုတ်ကြသည်။ ဧရာဝတီသည် ကျွန်မနှင့် ငယ်စဉ်ကတည်းက
ရင်းနှီးကျွမ်းဝင်ခဲ့ရသော ငယ်ပေါင်းကြီးလို့ပင် ဆိုနိုင်ပါသည်။
အဖေသည် ဧရာဝတီ မြစ်ပြင်ကျယ်ကြီးထဲတွင်
စုန်ချည်ဆန်ချည် လူးလာခေါက်တုံ့ ကူးချည်သန်းချည်လုပ်နေရသော ရှေးခေတ် အညာဆန်
လှေကြီးပေါ်က လှေသမားကြီးတစ်ယောက် ဖြစ်၏။ အဖေ့ကို ကျွန်မစပြီး မှတ်မိနေသည်မှာလည်း
လှေကြီးပေါ်မှ ဖျိုးဖျိုးဖျတ်ဖျတ် ဆင်းဆင်းလာတတ်သည့် လှေသမားကြီးတစ်ယောက်၏
ပုံရိပ်တွေပဲ ဖြစ်သည်။ အဖေသည် အဘိုးအဘွားများ လက်ကအမွေရထားသော ကိုယ်ပိုင်လှေကြီး
စီးနိုင်သူဖြစ်သော်လည်း လှေသူကြီးတစ်ယောက်လို မနေခဲ့ပါ။
ကျောပြင်ပြောင်ပြောင်ကြီးနှင့် ဖျင်တဘက်ကြီး ခေါင်းပေါင်းကာ ပခုံးမှာ
ထိုးဝါးထောက်၍ လှေကို တိုးရင်းလှေထိုးသားခေါ်ကောက် တစ်ယောက်လိုသာ နေခဲ့သည်။ အဖေသည်
ကိုယ်ကာယလုပ်အားဖြင့် ကျွန်မတို့မိသားစုကို လုပ်ကိုင်ရှာဖွေ ကျွေးမွေးခဲ့ရှာသူသာ
ဖြစ်၏။ ကျွန်မ မှတ်မိသလောက် အဖေ့ကို ဘိုကေပါးပါးလျားလျားနှင့် တစ်ခါမျှ
မမြင်ဖူးခဲ့ပါ။ ကရိကထနည်းအောင် တုံးထားတတ်သော ခေါင်းတုံးပြောင်ပြောင်မှာ
ဖျင်တဘက်ကြီး
ပတ်ပေါင်းထားပုံက
အဖေ၏ သင်္ကေတ ဖြစ်သည်။ ဇာမဏီငှက်မြီးရှည် စွပ်ကျယ်ဝါကျင်ကျင်၊ ရွာရက်ကန်းထည်
ဖျင်ကြမ်းနှစ်နံစပ် ပုဆိုးခပ်တိုတိုနှင့် နေလောင်ထားသော ကြေးနီရောင် မျက်နှာကြီးက
အဖေ့၏သရုပ်။
ပြီးတော့
ပခုံးနှစ်ဖက်ပေါ်က လှေထိုးဝါးထောက်ပါများလို့ သားရေချပ်လို မာခဲနေသော
အနာရွတ်ကြီးတွေက အဖေ့၏ လှေသမားဘဝ အမှတ်အသားပဲ ဖြစ်သည်။ ထိုသားရေချပ်
အနာရွတ်ကြီးများပေါ်တွင် အမွေးကြမ်းကြမ်းကြီးတွေ ပေါက်နေတတ်တာကိုလည်း ကျွန်မ
မှတ်မိနေမိပါသည်။
အဖေသည်
မြစ်ပြင်တွင် လှေနှင့်တက်နှင့်သာ လုပ်ကိုင်စားသောက် ရသူမို့ ရွာမှာ အမြဲမနေနိုင်ခဲ့ပါ။
ကုန်လေးဘာလေး နဝလီရသည့်အခါ ရွာဆိပ်ကမ်းက ခွာသွားလိုက်၊ ပြန်လာလိုက်နှင့်
ကျွန်မတို့ မိသားစုနှင့်အတူ နေရချိန် အလွန်နည်းလှပါသည်။ အဖေ့လှေကြီး တစ်ခေါက်
ထွက်သွားလျှင် တစ်လတန်သည်၊ နှစ်လတန်သည် ကြာတတ်၏။ တစ်ခါတလေ လေးငါးခြောက်လလောက် အထိ
ကြာတတ်သလို တစ်နေရာရာမှာ အလုပ်ဖြစ်နေလျှင် နှစ်လုံးပေါက်နီးပါး ကြာတတ်တာမျိုးလည်း
ရှိသည်။ ကျွန်မ ကလေးဘဝတုန်းက အဖေ့လှေကြီးမလာ တာကြာလျှင် အဖေ့ကို ကျွန်မ
မေ့သွားတတ်ပါသည်။ ရွာပြန်လာသော အဖေ့ကို ရေဆိပ်မှာ ဆင်းကြိုကြသည့် အခါတိုင်း
လှေကုန်းပေါင်ပေါ်က ဆင်းလာသော အဖေ့ကို ကျွန်မ မမှတ်မိတာ များပါသည်။ ခပ်စိမ်းစိမ်း
ဖြစ်နေသော ကျွန်မကို အဖေက 'သမီး'လို့ တုန်တုန်ယင်ယင် ခေါ်ရင်း
ပွေ့ဖက်လိုက်တော့မှပဲ အဖေ့ရင်ငွေ့မှ မေတ္တာတွေ ကျွန်မရင်ထဲ ကူးစက်လာကာ အဖေရယ်လို့
ကျွန်မ မှတ်မိသွားတတ်ပါသည်။ တစ်ခါတလေ လူမမည်သား သမီးတွေက သူ့ကို မမှတ်မိ
ဖြစ်နေလျှင် အဖေ့မျက်ဝန်းမှာ မျက်ရည်ငွေ့တွေ သိုင်းလာပြီး 'ငါ့သားသမီးတွေ
ငါ့ကို မမှတ်မိကြတော့ဘူး' ဟု ကြေကြေကွဲကွဲကြီး ပြောတတ်သည်။
အဖေ ပြန်လာတိုင်း လှေကြီးပေါ်တွင်
အိမ်အတွက် ဆန်၊ ငါးပိ၊ ငါး ခြောက် စသဖြင့် ပါလာ တတ်သည်။ ကျွန်မတို့ မောင်နှမ
တစ်တွေအတွက်လည်း ကြုံရာရောက်ရာ ဆိပ်ကမ်းတစ်နေရာရာက ဝယ်လာတတ်သော အင်္ကျီဘောင်းဘီ
ကလေးတွေ၊ ကစားစရာ ကလေးတွေ အမြဲပါလာတတ်ပါသည်။ ခုံဖိနပ်တွေ ကြိုးနှင့်သီဆွဲပြီး
အဖေရွာကို ပြန်လာသည့် တစ်ခေါက်ကို ကျွန်မ မှတ်မိနေပါသေးသည်။ ဖိနပ်တွေ
အတွဲလိုက်ကြီး ဝယ်လာတော့ အဘ (အမေ့၏အဖေ)က ဆီးမေးပါသည်။
'ဟ... မောင်ညိုရ၊ ခုံဖိနပ်တွေ
တင်းကျမ်းကြီး ဝယ်လာတာ ဘာလုပ်ဖို့တုံး'
'ကျုပ် ကလေးတွေ အတွက်ပါ
အဖေရာ။ ကလေးတွေ ဘယ်အရွယ် ရောက်နေသလဲလို့ မမှန်း တတ်လို့ ဆိုက်စုံဝယ်လာတာ။
ကိုင်းဗျာ၊ တော်တဲ့ ဖိနပ်ကောက်စီးကြပေရော့'
သားသမီးတွေကများတော့ တစ်ခါတစ်ခါ အဖေ
ဝယ်လာခဲ့ရသည့် ပစ္စည်းတွေကလည်း မနည်းမနောပင်။ စွပ်ကျယ်ဆိုလည်း ဆိုက်စုံ၊
ဘောင်းဘီဆိုလည်း ဆိုက်စုံ။ ကျွန်မတို့ မောင်နှမ ခြောက်ယောက်ထဲတွင် ကျွန်မက
တစ်ယောက်တည်းသော မိန်းကလေး ဖြစ်သည်။ သည်တော့ အစ်ကိုနှစ်ယောက်နှင့်
မောင်ငယ်သုံးယောက်လိုပင် ကျွန်မ ငယ်ငယ်ကတည်းက ယောကျ်ားကလေးလို နေခဲ့
ဝတ်ခဲ့ရတာကလည်း အဖေ့ကြောင့်ပဲ ဖြစ်သည်။
'ကလေးပဲကွာ၊ ယောကျ်ားဝတ်
မိန်းမဝတ် ခွဲမနေပါနဲ့။ တစ်ယောက်အင်္ကျီတစ်ယောက်က ဝတ်လို့ရတာပေါ့'
အဖေသည် လှေသမားပီပီ ဈေးဝယ်တာကအစ
စနစ်ဇယားချ ဝယ်တတ်သူ ဖြစ်သည်။ ပစ္စည်းတစ်ခုကို အကြီးနှင့်အသေး ဈေးချင်းတူလျှင်
ကြီးတာကိုမှ ယူသည်။ အဝတ်အစားလည်း သည်လိုပင်၊ ဖိနပ်ဆိုလည်းသည်လိုပဲ ဖြစ်သည်။
ကျွန်မတို့ မောင်နှမတစ်တွေမှာ ငယ်ငယ်ကတည်းက အင်္ကျီ၊ ဘောင်းဘီ
ချောင်ချောင်ပွပွကြီးတွေနှင့် ဖြစ်ရတာများသည်။ အဖေက သူကိုယ်တိုင်ပင်လျှင်
ဦးထုပ်အကြီးနှင့်အသေး ဈေးချင်းတူသဖြင့် အကြီးကို ဝယ်ဆောင်းသူ ဖြစ်၏။
အဖေ့ခေါင်းပေါ်မှာ ဦးထုပ်ကြီး ချာလပတ်လည် နေတတ်တာကိုပဲ မြင်ရသူတိုင်းအဖို့ ရယ်စရာ
ဖြစ်နေတော့သည်။ ကျွန်မ ခြောက်တန်းကျောင်းသူဘဝက အဖေဝယ်ပေးခဲ့ဖူးသော သိုးမွေး
ဆွယ်တာချောင်ပွပွ ကလေးသည် ကျွန်မ တက္ကသိုလ်ရောက်သည်အထိ ဝတ်လို့ရနေတုန်း ဆိုပါလျှင်
ယုံကြပါမည်လား မသိ။
'ဟိုတုန်းက ကြီးတာဝယ်တော့
အခုထိဝတ်လို့ ရတာပေါ့။ သေးတာများ ဝယ်မိရင် ပစ်လိုက်ရတာ ကြာပြီပေါ့။
ပစ္စည်းတစ်ခုကို အဖေတို့က ရေရှည်သုံးရမှ တန်တယ်ထင်တာ သမီးရဲ့'
ဒါကလည်း အဖေတို့ လှေသမားများ၏
ရှေးရိုးဆန်သော တွက်ကိန်း ထင်ပါ သည်။ ရေပေါ်မှာပဲ လှေနှင့်တက်နှင့်
လုပ်ကိုင်စားသောက် နေထိုင်ကြရသူတွေမို့ ကုန်းပေါ်တက် ဈေးမဝယ် ဖြစ်နိုင်တာ ပါသလို
ကိုယ့်ချွေးနှဲစာကလေးကို နှမြောကြတာလည်း ပါပါလိမ့်မည်။ ဘာပစ္စည်းကိုမဆို
ခဏကလေးသုံးပြီး ပစ်လိုက်ရသည်ဆိုလျှင် အဖေ့မှာ နှမြော၍ မဆုံးတော့။ အခုခေတ်မှာ
သုံးနေကြသော ရေစိုမျက်နှာသုတ်ပဝါငယ် Snow Towel
ကလေးတွေကို ကြည့်ပြီး အဖေ့မှာ စုတ်တသပ်သပ်။
'ခုခေတ် လူတွေများ
လော်မာလိုက်ကြတာဗျာ။ ငတို့တုံးကများ ဖျင်တဘက် တစ်ထည်ရှိရင် ခေါင်းပေါင်းတယ်။
အဲသည်ကမှ ကျလာရင် မျက်နှာသုတ်ပဝါ၊ အဲသည်ကမှ စုတ်လွန်းမက စုတ်လာရင် လက်သုတ်တယ်။
လက်နှီးစုတ်လုပ်တယ်။ အဲသည်နောက်တောင် လွှင့်မပစ်ရက်သေးဘူး။ လှေများလွန်းတင်ရင်
ပွန်းညက် (ပွဲလျက်) ထေးတဲ့နေရာ သုံးသေးတာဗျား'
အဖေ့ဆီမှ မုန့်ဖိုးတောင်းလျှင်လည်း
လွယ်လွယ်နှင့် မရတတ်ပါ။ အဖေသည် ငွေကို စည်းမဲ့ကမ်းမဲ့ သုံးတတ်၊ ထားတတ်သူ မဟုတ်။
အဖေ့အိတ်ထောင်ထဲက ပလတ်စတစ်အိတ်ကလေး ထုတ်ပြီးသည့် နောက်မှာပင် တမေ့ကြီး
စောင့်ပေဦးရော့။ ပလတ်စတစ်အိတ်ကို ဖြေ၍ စက္ကူ အိတ်ညိုကလေးကို ထုတ်သည်။
စက္ကူအိတ်ခေါက် ကလေးကို စည်းနှောင်ထားသော သားရေကွင်းကလေးတွေကို ဖြုတ်ပြီး
ဖွင့်လိုက်တော့မှ ကျွန်မတို့ ပိုက်ဆံဆိုတာကို မြင်ကြရသည်။
ပိုက်ဆံစက္ကူကလေးတွေထဲကမှ အနွမ်းဆုံး ကျပ်တန်ကို ရွေး၍ပေးသည်။ တစ်ခါတလေ
ကျွန်မအစ်ကိုတွေက အဖေ့ကို စကြသည်။
'အဖေ့ကို ကြည့်ရတာ ကျွန်တော်
သနားတယ်ဗျာ။ နေပါစေတော့'
'အေးကွာ... ငါ့သားရာ၊
မင်းသနားတော့ အဖေ အကုန်သက်သာတာပေါ့'
အဖေ့ကို နှမြောတတ်တယ်ရယ်လို့
အစ်ကိုတွေ၊ မောင်တွေက အဖေ့အိပ်ရာ နေရာတွေမှာ အင်္ဂလိပ်စာတွေနှင့် ဦးကပ်စီး၊
အီးကပ်စူး စသဖြင့် ရေးထားတတ်ကြသည်။ ကျွန်မက ဖတ်ပြတော့ အဖေက ပြုံးပြုံးကြီးလုပ်ရာမှ
တည်ကြည်သော အသံဖြင့် ဆိုပါသည်။
'အဖေက နှမြောတတ်တာ
မဟုတ်ပါဘူးကွယ်။ ငွေဆိုတာမျိုးကို လွယ်လွယ်နဲ့ မရဘူးဆိုတာ မင်းတို့
သိစေချင်လို့ပါ။ အဖေ့မှာရှိတဲ့ ဥစ္စာမှန်သမျှ ဘာတစ်ခုမှ အချောင်ရထားတာ မရှိဘူးကွ။
ကိုယ့်ချွေးနဲ့ ကိုယ့်လုပ်အားနဲ့ တပင်တပန်း ရင်းနှီးထားရတာတွေချည်းပဲ။ ဒါတွေကို
အဖေ လွယ်လွယ်နဲ့ မဖြုန်းရက်တာပါကွယ်'
အဖေသည် သားများနှင့်လည်း
သူငယ်ချင်းပေါင်း ပေါင်းတတ်သူဖြစ်သည်။ သားများ၏ စကားကျကိုလည်း အကျကောက်ပြီး
ခြေခြေမြစ်မြစ် ပြန်ပြောတတ်သည်။ အဖေက အလုပ်ခိုင်း ပြီဆိုလျှင် သားတွေက
ညည်းသလိုလိုဖြင့် အဖေ့ကို စတတ်နောက်တတ်ကြသည်။ ထိုစဉ်က ကျွန်မတို့အရပ်ထဲတွင်
အရက်သမားတော်တော်များများ ရွှေပေါ်ကျွန်း ဆရာတော်ထံသွားပြီး အရက် ဖြတ်ကြသည့်
အလေ့ရှိပါသည်။
'အဖေရာ၊ ကျွန်တော်လည်း
ရွှေပေါ်ကျွန်းသွားပြီး အလုပ်ဖြတ်ချင်တယ်ဗျာ'
အစ်ကိုက စတော့ အဖေက ကောက်ကာငင်ကာပင်
ပြန်ပြောသည်။
'အေးအေး၊ ကောင်းတာပေါ့
ငါ့သားရာ။ အစားပါ တစ်ခါတည်း ဖြတ်ခဲ့ကွ'
တစ်ခါတစ်ခါ အဖေ့စည်းကမ်းကို
ကျွန်မတို့ သားသမီးများက မီအောင် မလိုက်နိုင်ကြတာတွေ ရှိသည်။ အထူးသဖြင့်
စာရင်းဇယား မှတ်သည့်နေရာမှာ အဖေ့ခြေရာကို ကျွန်မတို့ မမီ။ ကျွန်မ မှတ်မိသလောက်
အဖေသည် ကျွန်မတို့မမွေးခင် လှေကြီး စစီးစဉ်ကတည်းက စာရင်းနှင့် အင်းနှင့်
စာအုပ်ထဲမှာ မှတ်သည့် အလေ့အကျင့် ရှိခဲ့ပုံရသည်။ အဖေ့စာရင်းစာအုပ်ဟောင်း
ကလေးတွေထဲတွင် လှေထိုးသား ယူသုံးသည့်ငွေတစ်မူး တစ်ပဲကအစ မှတ်သားထားတာ အခုထိရှိသည်။
အဖေသည် အမေ့ကို ပေးသည့် ဈေးဖိုးငွေကိုပင် စာရင်းတို့ မှတ်ထားသူဖြစ်၏။
'သည်မှာ တွေ့လား၊
ညည်းအဖေတို့များ မြတင်ယူငွေ သုံးကျပ်တဲ့။ အမေ့တောင် စာရင်းနဲ့မှတ်တာ။ အဲဒါ အမေ့ကို
စားစရိတ်ပေးခဲ့တဲ့ ငွေပေါ့။ သည်တုန်းက သူ့လှေကြီးနဲ့ ဘယ်နှလကြာ ကြာ ငွေသုံးကျပ်နဲ့
လောက်ငအောင် သုံးရတာလေ'
အခုအချိန်မှာတော့ ထားရစ်ခဲ့သော
စာရင်းစာအုပ်တွေထဲက အဖေ့လက်ရေးနှင့် စာရင်းအင်းတွေကို ကြည့်ပြီး တို့မိသားစုကို
သည်စည်းစနစ်တွေနဲ့ အဖေ လုပ်ကိုင် ကျွေးမွေးခဲ့တာပဲရယ်လို့ ကျွန်မ
အောက်မေ့နေမိပါသည်။
□
၂။
ရွာကျောင်းမှာ ကျွန်မ
ကျောင်းစနေသည့်နှစ်က အဖေ့၏ အညာဆန်လှေကြီးကို ရောင်းပစ်လိုက်ရသည်။
မြစ်ရိုးတစ်လျှောက်တွင် စက်တပ်မော်တော်တွေ တွင်ကျယ်လာတော့ အဖေ့လှေကြီး
အလုပ်သိပ်မတွင်ကျယ်တော့၍ ဖြစ်သည်။ သားသမီးတွေ ပုစုခရုနှင့်ဆိုတော့ အဖေ့မှာ
စီးပွားရေး ကျပ်တည်းလာခဲ့သည်။ လှေကြီးကို ရောင်းပြီး ကျွန်မတို့ မိသားစု
မြင်းခြံမြို့ကို ပြောင်းရွှေ့ခဲ့ကြသည်။ ထိုခေတ်က ရွာမှာ သူခိုးဓားပြရန်က ပူသည်က
တစ်ကြောင်း၊ ရွာမှာ အဖေ လုပ်ကိုင်မစားတတ်သည်က တစ်ကြောင်းနှင့်မို့
မြင်းခြံမြို့သို့ ပြောင်းကာ စဥ့်အိုးကုန်သည် လုပ်ခဲ့ပါသေးသည်။ ကျောက်မြောင်း၊ နွယ်ငြိမ်းဘက်က
စဥ့်အိုးစဥ့်ခွက်တွေကို ကိုယ်တိုင် ဖောင်တွဲပြီး ဧရာဝတီမြစ်ကြောအတိုင်း
စုန်ဆင်းရင်း စဥ့်အိုးကုန်ကူးသည်။ မြင်းခြံမြောက်ဈေးကြီးထဲမှာလည်း
အိုးဆိုင်ကြီးဖွင့်ပြီး ရောင်းသည်။ နောက်တော့ အညာတစ်ခွင်က ဂေဇက်ရ
ဘုရားပွဲတော်ကြီးများသို့ လှည့်လည်ရောင်းချရင်း အပင်ပန်းခံ စီးပွားရှာခဲ့သည်။
သည်တုန်းက ကျွန်မတို့ မောင်နှမတစ်တွေသည်လည်း မိဘတို့ ခရီးလှည့်လည်ရာ လိုက်ပါရင်း
ဆယ့်နှစ်ပွဲ ဈေးသည်ကလေးတွေ ဖြစ်ခဲ့ကြရပါသေးသည်။ ဆိုင်ရှေ့တွင် ဝါးကပ်ကြမ်းကလေး
ခင်းပြီး မြေအိုးပုတ်ချိုးရုပ် ကလေးတွေ၊ ဆီမီးခွက် ကလေးတွေပုံပြီး ဆိုင်းသံ၊
ဗုံသံ၊ လော်စပီကာသံများ ကြားတွင် ငိုက်ငိုက်မျဉ်းမျဉ်း ဈေးရောင်းခဲ့ဖူးတာ ကျွန်မ၏
ကလေးဘဝအမှတ်တရ နေ့စွဲများ ဖြစ်ပါသည်။ ကျွန်မ မှတ်မိနေပါသေးသည်။ ကျောက်ပန်းတောင်း
ဘုရားပွဲတုန်းက ကျွန်မတို့ စဥ့်အိုးဆိုင် ရောင်းကောင်းလိုက်ပုံများ အဖေတို့
အမေတို့မှာ ခေါင်းတောင် မဖော်နိုင် အားကြရှာပါ။ မနက်မိုးလင်း ဆိုင်ဖွင့်ကတည်းက
ရောင်းလိုက်ချလိုက်ရသည်မှာ ညနေစောင်းလေ ဘုရားပွဲတော်လာတွေနှင့် ကြိတ်ကြိတ်တိုးလေ။
ကျွန်မမှာက ထမင်းဆာလှပြီ။ သည်တုန်းက ကျွန်မတို့ အိုးဆိုင်နှင့် ကျောချင်းကပ်လျက်က 'မြို့တော်သိန်းအောင်'
ဇာတ်ရုံကြီး ဟည်းဟည်းထနေတာ ကျွန်မ မျက်စိထဲ မြင်ယောင်နေမိပါသေး၏။
ဇာတ်ရုံဘက်ဆီက ညနေစာ ထမင်းဝေဖို့ မောင်းထုသံ တဒူဒူကြားတော့ ဆိုင်ကနေ ကျွန်မ
အသာကလေး လစ်ထွက်လာခဲ့သည်။ ဇာတ်ရုံထဲက ထမင်းဇလုံတစ်လုံး ယူကာ
ဇာတ်သူဇာတ်သားများနှင့်အတူ ရောနှောဝင်တန်းစီပြီး ဝေပုံကျ ထမင်းဟင်းကို ကျွန်မ
စားခဲ့သည်။ ဇာတ်ရုံ နောက်ဖေး ထင်းပုံကြီးပေါ်မှာပဲ ကျွန်မ ထမင်းတွေ မထတမ်း
စားခဲ့သည်။ အဖေတို့ကတော့ ကျွန်မ ပျောက်လို့ ပွဲခင်းအနှံ့ ဒေါင်းတောက်အောင်
ရှာနေကြပြီ။ ကျွန်မ ဗိုက်တင်းပြီးဆိုင်ကို ပြန်လာတော့ အဖေ ဆိုင်မှာ မရှိပါ။
ကျွန်မကို ပွဲတော်လာများစွာသော လူအုပ်ကြား သွားရှာနေခြင်းပင်။ လူလိုက်ခေါ်၍ အဖေ
ပြန်လာတော့ ကျွန်မကို တင်းတင်းရင်းရင်း ဖျစ်ညှစ်ပြီး မျက်ရည်ကျရှာသည်။
'ငါ့မှာ ညီအစ်ကို
မောင်နှမရယ်လို့ တစ်ယောက်မှ မရှိခဲ့ဘူး။ ငါ့သားသမီး ကလေးတွေ ပေါ်ပေါက်လာတော့
ငါ့မှာ ငါ့ညီ ငါ့နှမ ကလေးတွေရယ်လို့ အောက်မေ့နေမိတာ။ တစ်ယောက်မှ ငါ့မိသားစုကို
အပဲ့မခံနိုင်ဘူး။ ငါ ပင်ပန်းလို့ လဲသေပေရော့၊ ငါ ရှာကျွေးမယ်။ ကလေးတွေကို
ဂရုစိုက်ပါကွာ။ ကဲကဲ... လာကြ လာကြ၊ အဖေ မင်းတို့ကို ခေါက်ဆွဲလိုက်ကျွေးမယ်'
သားသမီး ခြောက်ယောက်ထဲတွင် သမီး
မိန်းကလေး တစ်ယောက်တည်းရယ်လို့ အဖေက ကျွန်မကို အချစ်ပိုရှာပါသည်။ ကျွန်မ ဆယ်တန်းတက်သည့်နှစ်က
သွားကိုက်သဖြင့် သွားပြရာ ဆရာဝန်က သွားနုတ်ပစ်ရမည်ဟု ပြောသောအခါ ကျွန်မ
ကြောက်လွန်းသဖြင့် မနုတ်ရဲခဲ့ပါ။ သွားကိုက်သည့် ဝေဒနာကို ပေခံနေသော ကျွန်မအား အဖေက
ချော့မော့ဖျောင်းဖျပြီး သူ့သွားကို အရင်နုတ်ပြသည်။
'သွားနုတ်တာ ခံလို့
ကောင်းရုံကလေးပါဗျာ၊ မနာပါဘူး'
ကျွန်မ သတ္တိရှိလာအောင် သူ့သွားကို
အနာခံ၍ နုတ်ပစ်လိုက်သော အဖေ့၏ ချစ်ခြင်းမေတ္တာတရားကို ပြန်တွေးမိလေတိုင်း ကျွန်မ
ခံစား၍ မဆုံးဖြစ်ရသည်။ အဖေသည် သားသမီးများကို ချစ်ရုံပင် မကပါ။ အစားအသောက်နှင့်
ပတ်သက်လာလျှင်လည်း လက်နှုတ်ပေးသော ဖခင်မျိုးဖြစ်၏။ မွေးကတည်းက သည်ကနေ့အချိန်အထိ
ကျွန်မတို့မှာ လူချမ်းသာစာရင်း မဝင်သည့် တိုင် အစားအသောက်နှင့် ပတ်သက်ပြီး
တစ်ကြိမ်တစ်ခါမျှ မချို့ငဲ့ခဲ့ဖူးပါ။ အဖေ ခရီးထွက်ရာက ပြန်လာတိုင်း ဆိတ်နို့ဘီစကစ်
မုန့်ဆယ်ဝင်ပုံးကြီးတွေ၊ အဖေ ရောက်လေရာ ဒေသထွက် စားစရာတွေ တစ်ပွေ့တစ်ပိုက်ကြီး
ပါလာတတ်မြဲ ဖြစ်ပါသည်။
'ငါ့နှယ်... ကိုယ့်သားသမီးတွေ
ကိုယ်ကျွေးရတာ သဒ္ဓါလိုက်တာကွာ'
အဖေ့စကားကို အခုအချိန်အထိ
ကျွန်မတို့ဆွေမျိုး အသိုင်းအဝိုင်းများကြားမှာ ပုံခိုင်းပြောဆိုနေကြတုန်းပင်။
သည်လို ကျွေးနိုင်မွေးနိုင်သည်ရယ်လို့ အဖေ့မှာ စီးပွားကို အလွယ်တကူ ရှာ၍ဖွေ၍
ရခဲ့သည် မဟုတ်ပါ။ ပြေးဟယ် လွှားဟယ် ထမ်းဟယ် ပိုးဟယ် ရှိခဲ့ရသူ ဖြစ်ပါ၏။
အဖေ့စကားနှင့် ပြောရလျှင် ဘဝကို ဝက်သိုးချုပ် ချုပ်နေရခြင်း ဖြစ်သည်။
စဥ့်အိုး အရောင်းအဝယ် လုပ်ရင်းဖြင့်
ဧရာဝတီမြစ်ကြီးကို သံယောဇဉ်မကုန်သောအဖေသည် မြစ်ကြောင်းသွား စက်တပ်မော်တော်
တစ်စင်းဝယ်ဖို့ အပြင်းအထန် ကြိုးစားခဲ့သည်။ မော်တော် တစ်စင်းလုံး မဝယ်နိုင်သဖြင့်
မိတ်ဆွေတစ်ယောက်နှင့် နှစ်ဦးစပ်ပြီး ဖောင်ဆွဲမော်တော်တစ်စင်း ဝယ်ခဲ့ကြသည်။
သည့်အတွက် အဖေသည် သူတစ်ပါးဆီက ငွေကို ငွေတိုး ကြေးတိုးကြီးယူပြီး
မော်တော်သမားဘဝကို စခဲ့ရသည်။ ငွေတိုးဆိုသည့် စကားလုံးကို ကျွန်မငယ်ငယ်ကတည်းက စပြီး
ဘဝနှင့် ရင်းကာ သိကျွမ်းခဲ့ရသည်။ နောင်တွင် အဖေ့တစ်သက် ကျုံးရုန်းဆပ်ခဲ့ရသော
ဘဝဝန်ကို ကျွန်မတို့မောင်နှမ တစ်တွေအတွက် တစ်သက်စာ သင်ခန်းစာတွေ
ပေးသွားခဲ့တော့သည်။
□
၃။
ကျွန်မတို့ သားအမိတစ်တွေကို
မြင်းခြံမှာ ထားရစ်ခဲ့ပြီး အဖေသည် ဧရာဝတီ မြစ်ကြီးဆီ တစ်ကျော့ပြန်
ပြန်ရောက်သွားခဲ့ရပြန်ပြီ။ အမေ့မှာ ဖွင့်လက်စ ရောင်းလက်စအိုးဆိုင်က တစ်ဖက်သား သမီး
ခြောက်ယောက်တာဝန်က တစ်ဖက်နှင့် အတော့်ကို ကသီလင်တ နိုင်ခဲ့ရသည်။ အဖေ ပြန်မလာတာ
လချီ ကြာသွားလျှင် ကျွန်မတို့မှာ နေရင်းထိုင်ရင်း ဈေးရောင်းရင်းကပဲ အကြွေးတွေ တော်
တော်များများ ပိုင်ဆိုင်လာတော့သည်။ သည်ကြားထဲ ငွေတိုးရှင်က ပူတာ တစ်မှောင့်။
ကျွန်မသည် မိန်း ကလေးမို့ မိဘတွေ၏ အပူကို ငယ်ကတည်းက ကူးယူခံစားတတ်ခဲ့သူ
ဖြစ်ခဲ့ရသည်။ အမေ မျက်ရည်ကျ တိုင်း ကျွန်မ မျက်ရည်ကျခဲ့ရသည်။ အမေ ကသီလင်တ
နိုင်သလို ကျွန်မမှာလည်း အမေ့အိမ်မှုကိစ္စတွေ ကူရင်း၊ ကလေးထိန်းရင်း
ကျောင်းတက်ခဲ့ရသည်။ ကျွန်မ ကျောင်းပျက်သည့် ရက်များတွင် ဆရာကိုယ်တိုင်အိမ်ကို
လိုက်လာတတ်လေသည်။ ဆရာလာတိုင်း ကျွန်မ ပုန်းရသည်မှာ အမော။ အဖေ မော်တော်တစ်ခေါက်
ပြန်လာတော့ ဆရာက ပညာရေးနှင့် ပတ်သက်၍ သူ့ထင်မြင်ချက်ကို ပြောပြပါသည်။
'ဦးညိုရဲ့သမီးက စာတော်တဲ့
ကလေးပါဗျာ။ လက်ရေးလည်း လှတယ်။ ဉာဏ်ကလည်း ကောင်းတော့ ကျွန်တော်က သည်နှစ်လူရည်ချွန်
စာမေးပွဲ ဖြေခိုင်းဖို့ လျာထားတာ။ ဒါပေမယ့် ကလေးက ကျောင်းပျက်တာများတော့
စာမလိုက်နိုင်ဘူးဗျ။ ဒါနဲ့ပဲ သူ့ကို မရွေးဖြစ်တော့ဘူး။ ကျွန်တော် ပြောချင်တာက
မိန်းကလေးဆိုပြီး ရေးတတ်ဖတ်တတ်ရုံပဲလို့ သဘောမထားစေချင်ဘူး။ ကလေးအတွက် ပြောတာပါဗျာ'
ဆရာ့ စကားကြောင့် အတော်ကလေး
စိတ်မကောင်း ဖြစ်သွားပုံရပါသည်။ စုတ်ပြဲညစ်နွမ်းနေ သော ကျွန်မတို့ကျောင်းလွယ်
အိတ်ကလေးတွေကို ကိုင်ကြည့်ရင်း သူ့တာဝန်မကျေခဲ့လို့များပေလားလို့ ထင်မှတ်နေပုံလည်း
ရပါသည်။ အဲသည်နေ့က ညစာထမင်းဝိုင်း ရေနံဆီ မီးခွက်ရောင်မှိန်မှိန် အောက်တွင်
ထမင်းစားနေကြသော သားသမီးခြောက်ယောက်ကို ကြည့်ရင်း အဖေ မျက်ရည် ဝိုင်းနေသည်။
'အင်း... ငါ့မှာလည်း
သားပစ်မယားပစ် ဆိုသလို ဖြစ်နေပြီ။ ကလေးတွေကလည်း ကိုယ်ရင့်တတူတွေ ဖြစ်လာကုန်ကြပြီ
ဆိုတော့ နောင်မှာ ဖအေအုပ်ပြီး မကြီးရတဲ့ ကလေးတွေမို့ အမိုက်ဘက် သန်သွားကြမှာ
စိုးတယ်။ ငါ့အလုပ်ကလည်း မန္တလေးဆိပ်ကမ်း ပင်တိုင်လို ဖြစ်နေတော့ မြင်းခြံကို
တကန်တက မလာနိုင်ဖြစ်နေရတာကလည်း မဟုတ်သေးဘူး။ အခုနေ ပြောင်းရင် ရွှေ့ရင်
ငါ့သားသမီးကလေးတွေ ခွေးမြုံကလေး ကောက်မ, လာရသလို အကုန်ပါလာမှာပဲ။
အရွယ်ရောက်လို့ အိမ်ထောင်ရက်သား ကျကုန်ကြမှဖြင့် ငါ ခေါ်ချင်လည်း သူတို့
ပါလာနိုင်မှာ မဟုတ်တော့ဘူး။ သည်က ကြွေးမြီကလေးတွေ ရှင်းသွားရင် မန္တလေး
ပြောင်းကြရအောင်ကွာ'
အဖေ ယူထားသည့် ငွေရှင်က ဆီကုန်သည်
အမေကြီးတင့် ဖြစ်သည်။ အဖေပြန်လာတိုင်း ငွေတိုးကြေးတိုး ဆပ်နေကျပေမယ့်
ကျွန်မတို့ကို ကြည်ဖြူသည် မရှိ။ သည်ကြားထဲ ကျွန်မတို့ မောင်နှမတွေက ဘာမဆိုင်
ညာမဆိုင် အမေကြီးတင့်တို့၏ ခိုင်းဖတ်ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရသည်။ ကျွန်မဆိုလျှင်
ညနေကျောင်းပြန်လာတာနှင့် ခေါ်ခိုင်းတော့၏။ ရေခပ်ပေးရတာ အမှိုက်ကျုံးပေး ရတာထား၊
ညတိုင် အမေကြီးတင့်ကို နင်းနှိပ်ပေးရပါသေးသည်။ တစ်ခါတော့ အမေကြီးတင့်ကို
နင်းပေးရင်း ငိုက်လိုက်မိသဖြင့် ခုတင်ပေါ်မှ ကျွန်မ ထိုးကျသွားဖူးသည်။
မျက်နှာမှာရော၊ တံတောင်ဆစ်တွေ ဒူးတွေမှာပါ ဒဏ်ရာဒဏ်ချက်တွေနှင့် ပြန်လာသည့်
ကျွန်မကို မြင်တော့ အဖေ အတော် စိတ်ထိခိုက်သွားသည်။
'အေးဟာ... တို့လင်မယားတင်
မကဘူး။ ငါ့ သားသမီးကလေးတွေကပါ အကြွေးယူတဲ့ဒဏ် အဆစ်ဒဏ်ခံကြရရှာတယ်။ အင်း... သူတို့အကြွေးတော့
ကြေအောင်ဆပ်ပါမှ'
နောင်တွင် အဖေသည် မော်တော်ခေါက်စာ
ရသမျှငွေကို အမေ့အိုးဆိုင်ကလေးထဲ အရင်းမထည့်ဘဲ အကြွေးကိုပဲ တွန်းဆပ်တော့သည်။
အမေ့အိုးဆိုင်ကလေးလည်း ပြုတ်သွားခဲ့ပြီ။ အကြွေးကြေသည့်နောက်တောင် အဖေက
ပြန်လာတိုင်း ငှက်ပျောတစ်ခိုင်၊ ငါးခြောက်တစ်ပြား ဆိုသလို အမေကြီးတင့်တို့ကို
ကန်တော့မြဲ ကန်တော့ပါသည်။
'သူတစ်ပါး ကျေးဇူးဆိုတာ
မကန်းကောင်းဘူး သမီးရဲ့။ သူတို့ငွေထုတ်ပေးလို့ အဖေတို့ မော်တော်ဝယ်နိုင်တာ။
ငွေတိုးပေးတယ်ဆိုပေမယ့် ကိုယ့်ကိုယုံကြည် လို့ပေးတာ။ အဖေကတော့ အဖေ့ကို
ငွေတိုးပေးတဲ့အတွက် ဂုဏ်ယူတယ်'
အဖေသည် သိက္ခာသမာဓိနှင့် ပတ်သက်လျှင်
အစွန်းအထင်း ခံသူမဟုတ်။ ရိုးသားခြင်းသည်
အဖေ့ လက်ကိုင်တရား ဖြစ်တော့၏။ ဒါကြောင့်ပဲ ထင်သည်။ နောင်
အဖေအလုပ်မလုပ်နိုင်တော့ဘဲ အိပ်ရာထဲ ဗုန်းဗုန်းလဲနေတာတောင် အဖေ့လက်ရေးဖြင့် စာကလေး
တစ်ကြောင်း ရေးပေးလိုက်ရုံနှင့် ကျွန်မတို့ကို ငွေကြေး အကူအညီပေးကြတာ
အဖေ့သမိုင်းပဲ ဖြစ်သည်။
အမေကြီးတင့်တို့ အကြွေးကြေလို့မှ
အမောမပြေသေး။ နှစ်ဦးစပ်တူ ဝယ်ထားသော မော်တော်ကို တစ်ဦးတည်း အမ်းယူဖို့
အဖေ့မိတ်ဆွေက ပြောလာတော့သည်။ အမှန်မှာ အဖေ့ဘက်က လုံးဝအမ်းမယူနိုင်မှန်းသိ၍ တစ်ဖက်က
အမ်းယူချင်သည့် သဘောဖြစ်သည်။ အဖေ ဘယ်လောက်များ ခေါင်းမီးတောက်ခဲ့ရှာလေမလဲ။
'သည်တစ်ဝက်မှ ငါ
အမ်းမယူနိုင်ရင် ငါ့တစ်သက်မော်တော်ပိုင်ဖို့ မလွယ်တော့ဘူး။ ငါ့သားသမီးတွေအတွက် ငါ
လက်ချည်းထားခဲ့လို့ မဖြစ်ဘူး။ ငါကလည်း ကုန်းပေါ်အလုပ် လုပ်မစား တတ်။
ဘယ့်နှယ်လုပ်ရပါ့'
ရုန်းခဲ့ကန်ခဲ့ ဘဝတွေ
ရှည်လျားလွန်းလှသော လှေသမားကြီးကတော့ ဧရာဝတီမြစ်ကြီးကိုပဲ အားကိုးအားထား ပြုရင်း
ဘဝဝမ်းစာရှာချင်သည့် စိတ်မကင်းရှာသေးပါ။ နောက်ဆုံးတော့ အဖေသည် သူ့သမိုင်းကို
ယုံကြည်စူးနစ် လွန်းစွာဖြင့် များပြားလှသော ငွေကို အတိုးအညွန့်ထား၍ မော်တော်ကို
အမ်းယူလိုက်ခဲ့သည်။ ကျွန်မတို့ မော်တော်တစ်စင်းလုံး ပိုင်လိုက်နိုင်သော်လည်း
အဲသည်အချိန် ကာလတွေကတော့ ကျွန်မတို့ မိသားစု၏ ရင်စည်းခံ ခါးစည်းခံ ရက်တွေပဲ
ဖြစ်သည်။ အဖေရော အမေပါ ဥမမယ် စာမမြောက် ကျွန်မတို့ မောင်နှမတစ်တွေကို ထားရစ်ကာ
ဧရာဝတီမြစ်ကြီးထဲမှာ လူးလာခေါက်တုံ့ ကူးသန်းရှာဖွေ နေကြတော့သည်။
သည်လိုနှင့် ကျွန်မတို့တစ်တွေ
မန္တလေးကို ပြောင်းဖို့ကိစ္စသည်ပင်လျှင် ခပ်ဝါးဝါး ဖြစ်သွားခဲ့ရသည်။ ကျွန်မချက်သော
ပျော့တစ်ခါ၊ မာတစ်လှည့်၊ မနပ်တချို့တူး တချို့ကို စားကြရင်း မိဘမဲ့
ဘဝမျိုးနေခဲ့ကြရသည်။ ကိုယ့်ဘဝ ကိုယ်သာ ထိန်းကျောင်းရင်း ကိုယ့်အသိဖြင့် ကိုယ်သာ
စိတ်အားငယ်စွာဖြင့် ဘဝတစ်ကန့်ကို ဖြတ်သန်းခဲ့ရသည်။ ရွာကဘကြီးအိမ်ကို ရောက်လာတော့
ကျွန်မတို့အဖြစ်ကို မြင်ပြီး မျက်ရည်ကျရှာသည်။ အဖေ့ကိုတွေ့တော့ ဘကြီးက
ငိုသံပါကြီးနှင့် ကရုဏာဒေါသောစကား ဆိုပါသည်။
'မင်းတို့ကွာ၊ ကလေးတွေကို
ပစ်ထားလိုက်ကြတာ။ မျက်စိနှစ်လုံးပွင့်လာလို့မှ ကိုယ့်မိဘကိုယ် မတွေ့ရရှာဘူး။
ရှိတာလေးနဲ့ စားလို့ သောက်လို့ လွယ်အိတ်ကလေးတွေ လွယ်ပြီး ကျောင်းထွက်သွားကြလို့။
ပြန်လာတော့လည်း မိဘရင်ခွင် ဝင်ခွေ့စရာ မရှိဘူး။ အရေးထဲ ဟိုအလတ်ကောင်က ငါ့ကို
မုန့်ဖိုးတောင်းတာ ရိုးရိုး မတောင်းဘူး။ ကျွန်တော့်အဖေ ပြန်လာရင် အတိုးနဲ့
ဆပ်ပါ့မတဲ့ကွာ။ ငါ မျက်ရည် မဆည်နိုင်ဘူး။ ကလေးတွေ သနားချက်တော့'
ဘကြီး ပြောပြီးသည့်
နောက်ပိုင်းမှာတော့ အဖေသည် ကျွန်မတို့ကို မန္တလေးသို့ ပြောင်းခေါ်ခဲ့ပါတော့သည်။
သည်တုန်းက ကျွန်မ မြင်းခြံမြို့မှာ ခုနစ်တန်း စာမေးပွဲ ဖြေပြီးခဲ့ပြီ။ မန္တလေးကို
ပြောင်းခဲ့ကြသည့်နေ့ကို ကျွန်မ ဘယ်သောအခါမှ မမေ့နိုင်ပါ။ တပေါင်း နေပူပူကြီးအောက်တွင်
အဖေငှားလာသော ချက်ပလက် ကားအိုအိုကြီးနှင့် ကျွန်မတို့ လိုက်လာခဲ့ကြသည်။ ကျွန်မ
မျက်စိထဲတွင် မြင်းခြံအိမ်ဝိုင်းကလေးထဲက အရွက်တွေ ပြောင်ရှင်းနေသော ပင်စည်ဖွေးဖွေး
မာလကာပင်ကြီးတွေ၊ ကျွန်မစိုက်ထားခဲ့သော ခြံထောင့်က ဧကရာဇ်ပင်ကလေးနှင့်
ကျွန်မတို့မောင်နှမတစ်တွေ ဖန်တူလုံးပစ်တမ်း ကစားခဲ့ကြသည့် ရေမြောင်းသမံတလင်းကလေး။
ပြီးတော့ ကျွန်မကို ငိုယိုနှုတ်ဆက်ကြသည့် ငယ်ဖော်များနှင့်
မြင်းခြံမြို့အထွက်လမ်းက ထနောင်းပင်တန်း။ တစ်လမ်းလုံး ငိုချင်ရက်လက်တို့
ဖြစ်လာခဲ့သော ကျွန်မသည် မန္တလေးအိမ် ဆိုတာကို ရောက်လို့
ကားကြီးထိုးဆိုက်လိုက်တော့မှ ပိုလို့ပင် ဝမ်းနည်းကြေကွဲသွားရတော့၏။
'ဟင်... အိမ်က ဘယ်မှာလဲ'
သပြေခက် တစ်ခက်သာ ချည်ထားသော၊ အိမ်ဦးတိုင်
တစ်တိုင်သာ စိုက်ထားသော မြေပြင်ကွက်လပ်ကြီးက ကျွန်မတို့နေရမည့် အိမ်တဲ့လား။
အံ့အားတသင့် ဝမ်းပန်းတနည်း ဖြစ်နေတာ ကို ရိပ်မိလိုက်ပုံရသော ကျွန်မကို အဖေက
ပခုံးလာဖက်ပါသည်။
'အိမ်က ဆောက်မှာပေါ့ သမီးရဲ့။
လောလောဆယ် အဖေတို့ သည်ဘက်နားမှာ မိုးကာတဲကြီး ထိုးနေရမှာပေါ့'
ကျွန်မ မျက်ရည်တွေ စီးကျလာတာမြင်တော့
အဖေ စိတ်မကောင်းဖြစ်သွားမှာ သေချာပါသည်။ အိမ်တစ်လုံးတောင် မဆောက်နိုင်သေးဘဲ
ကျွန်မတို့တစ်တွေ အတူနေရဖို့ အဖေ့၏ စွန့်စား ကြိုးပမ်းချက်ကို သည်တုန်းက ကျွန်မ
နားမလည်တတ်ခဲ့ပါ။ ဘဝကို တစ်ရစ်ချင်း စဉ်းစားလျှောက်လှမ်းရသော အဖေ့မှာ
မျှော်လင့်ချက်အားသာရှိ၍ ငွေအား မရှိရှာခဲ့။ အိမ်ထောင်တစ်ခု၏ ဦးစီးဦးဆောင် နောက်မှ
ကျွန်မတို့တစ်တွေကတော့ အပ်သွားရာ ပါရသည့်အပ်ချည်ကြိုးမျှင်လို တတန်းလန်းလန်း။
ကားပေါ်မှာ ပစ္စည်းတွေ ချနေစဉ်မှာပဲ
အဖေသည် ကျွန်မတို့ မောင်နှမအားလုံးကို မြစ်ဆိပ်သို့ ခေါ်သွားခဲ့သည်။
ဧရာဝတီမြစ်ကြီးက ကျွန်မတို့ ရှေ့မှာ စီးဆင်းနေသည်။
'အဖေက သည်မြစ်ကြီးထဲမှာ
လုပ်ကိုင်စားရသောက်ရတဲ့သူလေ... အခု မင်းတို့ နေထိုင်စားသောက်နေရ၊ ဝတ်နေရတာတွေ
အားလုံး ဟောသည် မြစ်မကြီး ဧရာဝတီရဲ့ ကျေးဇူးတွေပေါ့။ အဖေ့တစ်သက်တော့
သည်မြစ်ကြီးနဲ့ ခွဲလို့ရတော့မယ် မထင်ဘူး'
လှိုင်းခေါင်းဖြူကြီးတွေ ထနေသော
ဧရာဝတီ၏ လှိုင်းပုတ်သံနှင့်အတူ ရောထွေးနေသည့် အဖေ့အသံတွေကလည်း လှိုင်းထလို့ နေသည်။
အနောက်ဘက်ကမ်း မင်းဝံတောင်တန်းကြီးဆီက တောင်ခိုးရနံ့တွေကိုတောင် ကျွန်မ
ရနေမိသလိုပါပဲ။ အဲသည်ညနေက ကျွန်မတို့ မောင်နှမတွေ အဖေနှင့်အတူ ဧရာဝတီမြစ်ကြီး၏
ရင်ခွင်ထဲ တိုးဝင်ပြီး ဆော့ကစားခဲ့ကြပါသေးသည်။ အေးမြသည့် မြစ်ရေက
ကျွန်မတို့မိသားစုကို ချွေးသိပ်ပေးခဲ့ရှာပါသေးသည်။
□
၄။
နောက်တစ်နေ့ မနက်စောစောမှာတော့ အဖေသည်
အလုပ်တွေများသည့်ကြားက ကျွန်မတို့မောင်နှမ ခြောက်ယောက်လက်ကို ဆွဲပြီး
အမှတ်သုံးကားပြာကြီးကို စီးလိုက်ခဲ့ကြသည်။ မန္တလေးမြို့ပြမြင်ကွင်းတွေကို
လျှောက်ပြတာပဲဟု ကျွန်မ ထင်ခဲ့မိသည်။ ကားဂိတ်ဆုံးကို ရောက်သည်အထိ ကျွန်မတို့
လိုက်ခဲ့ကြသည်။
'ကဲ... ဆင်းကြ ဆင်းကြ၊ အဖေ
မင်းတို့ကို တက္ကသိုလ်ကြီး ပြချင်လို့'
'မန္တလေး ဝိဇ္ဇာသိပ္ပံ
တက္ကသိုလ်' ဆိုသည့် ဆိုင်းဘုတ်ကြီးကို လက်ညှိုးထိုးပြရင်း
အဲသည့်နေ့က ပြောခဲ့သည့် အဖေ့စကားတွေကို ကျွန်မ တစ်သက်မမေ့ရက်နိုင်တော့ပါ။
'ဟောဒါ မင်းတို့ကြီးလာရင်
တက်ရမယ့် ကျောင်းကြီးကွ သိလား။ တက္ကသိုလ်ဆိုတာ ဟိုတုန်းက မင်းညီမင်းသားတွေ သူဌေးသူကြွယ်
သားသမီးတွေမှ ပညာသင်နိုင်တဲ့ ကျောင်းကြီးပေါ့။ အခုတော့ လှေသမားရဲ့ သားသမီးလည်း
တက္ကသိုလ်ကျောင်းတိုက်ကြီး တက်နိုင်ရမှာပေါ့ကွယ်'
နွေရာသီမို့ တက္ကသိုလ် ပင်မအဆောက်အအုံကြီး
ရှေ့မှ စိန်ပန်းပင်တွေက ရဲရဲတောက် နီလို့နေသည်။ အဲသည် စိန်ပန်းနီတာထက်
အဖေ့သွေးတွေက ပိုနီနေလေမလား ကျွန်မ တွေးမိသည်။ လှေနှင့်တက်နှင့် မြစ်ကြီးထဲ မှာပဲ
အချိန်ကုန်ခဲ့ရသော လှေသမားကြီး တစ်ယောက်က သည်တက္ကသိုလ်ကြီးဆီ သားသမီးတွေကို
ပညာသင်ပို့ရမည်ဆိုသည့် အတွေးအခေါ် ဘယ်က ရောက်နေရပါလိမ့်။ ကျွန်မစဉ်းစားတွေးတော
အဖြေရှာခဲ့မိသေး၏။ အဖေက ကျွန်မတို့ကို တက္ကသိုလ် ဝင်းကြီးအနှံ့ လိုက်ပြပါသည်။
'ပညာရွှေအိုး လူမခိုးဆိုတာ
အမှန်ပဲကွ။ ကိုယ်တတ်ထားတဲ့ ပညာကို ဘယ်သူကမှ ပြန်နုတ်ယူလို့ မရဘူး။ ပစ္စည်းဥစ္စာ
ဆိုတာကမှ ကံပေါ်မူတည်သေးတယ်။ ပညာက ကံပေါ်မူမတည် ဘူး။ ပါရမီနဲ့ဆိုင်တယ်။ အဖေကတော့
တက္ကသိုလ်ကြီး ရှိနေလို့ကို မန္တလေး မရောက်ရောက်အောင် ပြောင်းခဲ့တာ။ မင်းတို့
စာကြိုးစားကြ။ သည်တက္ကသိုလ် ကျောင်းကြီးကို ရောက်အောင် တက်ကြမယ်ဆိုတဲ့ စိတ်မွေး၊
ကြားလား'
ရာဇတ် ခန်းမဆောင်ကြီးကတော့ ကျွန်မတို့
လှေသမား သားအဖတစ်တွေ၏ စကားသံကို နားနှင့်မဆံ့ ဖြစ်နေပုံမျိုးနှင့်
ငြိမ်သက်လို့နေသည်။ နောင် ကျွန်မမန္တလေး တက္ကသိုလ်ရောက်တော့ ရာဇတ်ခန်းမဆောင်ရှေ့က
စက္ကူပန်းရုံအောက်မှာ ထိုင်ရင်း အဖေ့ကို သတိရနေမိတတ်သည်။
အဖေသည် ပညာနှင့်ပတ်သက်လာလျှင်
အလွန်ဇွဲခတ်ရှာသည်။ သားသမီးတွေကို ပညာဆုံးခန်းတိုင်စေဖို့က အဖေ့
အဓိကရည်ရွယ်ချက်ကြီး ဖြစ်လာသည်။ ကျွန်မတို့က အိမ်မှာ အလုပ်ခိုင်းမှာစိုးလျှင်
စာကျက်ချင် ဟန်ဆောင်နေတတ်ကြသည်။ ကလေးတွေ စာကျက်နေ တယ်ဆိုကာ အဖေက
အလုပ်မခိုင်းတော့ဘဲ သူကိုယ်တိုင် လုပ်သည်။ ညတိုင်လျှင် ကျွန်မတို့ စာကျက်ဝိုင်းနား
ထိုင်ပြီးနားထောင်နေတတ်သည်။ ကျွန်မတို့ စာမေးပွဲ ဖြေပြန်လာလျှင် အဖေက မေးခွန်းကို
ဆီးဖတ်တတ်သည်။ သူ့နားနှင့် ကြားဖူးနားဝ စာကို မေးခွန်းစာရွက်ထဲတွေ့လျှင် 'ငါ့သမီးတော့
သည်အပုဒ် ကောင်းကောင်း ဖြေနိုင်မှာပဲ' ဟု ပြောတတ်ပါသည်။
ကျွန်မ ဆယ်တန်းအောင်တော့
ဒေသကောလိပ်တက်ဖို့ စက်ဘီးမရှိ။ မနက်ဆိုလျှင် Class မီဖို့
လိုင်းကားပြေးစီးရသည်။ လိုင်းကားသွားနှုန်းပေါ် မူတည်ပြီး ကျွန်မ အတန်းမမီ
ဖြစ်ရသည့်အခါတွေလည်း ရှိသည်။ အထူးသဖြင့် လက်တွေ့ (Pratical)
မမီလိုက်သည့် နေ့မျိုးတွင် အိမ်အပြန် ကျွန်မငိုမိသည်ချည်း။ အဖေက
စိတ်မကောင်းဖြစ်ပြီး ပန်းမြို့တော်ဟု ခေါ်သည့် Pheasent
စက်ဘီးအပြာ ကလေးတစ်စီး ကောက်ကာငင်ကာ ဝယ်ပေးခဲ့သည်။ သည်လောက် အဖိုးတန်သည့်
ပစ္စည်းကို ဝယ်ပေးဖို့ အဖေ့မှာ အင်အားမရှိခဲ့ပါ။ သည်တုန်းက စက်ဘီးအသစ်
စက်စက်ကလေးရလို့ ပျော်နေမိတာကလွဲလျှင် အဖေ ရင်ဆိုင်ခဲ့ရသည့် ဒုက္ခကို ကျွန်မ
မသိရိုးအမှန်ပင်။ ကျွန်မ ဘွဲ့ရသည့်နေ့ကျမှ အဖေက ဖွင့်ပြောပါသည်။
'ငါ့သမီး ပညာရေး
အတွက်ပဲလေဆိုပြီး အဖေ ငွေသုံးထောင်ချေးပြီး ဝယ်ပေးခဲ့တာပေါ့။ ငွေသုံးထောင်ကို
ခြောက်ထောင်ဆပ်လိုက်ရတာပဲ။ ဒါပေမယ့် တန်ပါတယ်ကွယ်။ ငါ့သမီးက အဖေ့ရည်မှန်းချက်
ရောက်အောင် ကြိုးစားပေးခဲ့ပြီပဲ'
စက်ဘီး တစ်စီးစာ ငွေသုံးထောင်ယူပြီး
စက်ဘီးနှစ်စီးစာ ခြောက်ထောင် ဆပ်လိုက်ရသတဲ့လား။ ငွေရင်းနှင့် ဆတူအတိုးငွေတွေ အဖေ
ရှာပေးလိုက်ရသည်ပေါ့။ မှည့်နက်များ ပြည့်နေသော အဖေ့မျက်နှာ ညိုညိုကြီးကို ကျွန်မ
လှမ်းကြည့်ရင်း နင့်ခနဲ ခံစားလိုက်ရပါသည်။ အဖေကတော့ သူ သည်လိုရှာဖွေပြီး
ကျောင်းထားလိုက်နိုင်လို့ ကျွန်မ ဘွဲ့ရသွားတာလို့ ယုံကြည်နေပုံလည်း ရသည်။ အဖေသည်
သားသမီးများ ပညာတတ်ခြင်းအပေါ် အလွန်ဂုဏ်ယူသူလည်း ဖြစ်သည်။ လူထူထူ ရှိလျှင်
သည်အကြောင်းကိုပဲ ပြောပြောနေတတ်တော့၏။
'ကျုပ်ကသာ လှေထိုး လှေခတ်နဲ့
ပြီးရတာဗျ။ ကျုပ် သားသမီးတွေများတော့ အားလုံး ဆယ်တန်းရောက်တဲ့သူချည်းပဲ။
အင်္ဂလိပ်လိုများ မွတ်လို့။ ကျုပ်တောင်နားရည်ဝလှပေါ့'
အဖေ အဲသလို ကြွားတော့ အဖေ့မိတ်ဆွေ
လှေသူကြီး ဦးဘရှိန်းက အဖေ့ကိုနော့ပြီး မေးသည်။
'ကိုင်း... သဟာဖြင့်ရင်
ခင်ဗျားကို ကျုပ်မေးပါဦးမယ်။ ကျုပ်နာမည် ဘရှိန်းကို အင်္ဂလိပ်လို ဘယ်လိုပေါင်းတုံး'
'ခက်လွန်လွန်းလို့ဗျာ။ ဘီအေ ဘ၊
ရှအိန်း ရှိန်းပေါ့'
အဖေက ပြန်လောင်တော့ ကျွန်မတို့
ဝိုင်းရယ်ကြရပါသေးသည်။
မန္တလေး ရောက်လာတော့
ကျွန်မတို့အဖေနှင့် အတူနေရချိန်တွေ ပိုရလာသည်။ မန္တလေးသား ဖြစ်လာတော့ အဖေက
လှေသမားကြီးတုန်းကလို ဖျင်တဘက် ခေါင်းပေါင်းကြီးနှင့် နှစ်နံစပ် ပုဆိုးတိုတိုနှင့်
မဟုတ်တော့ပါ။ ခေါင်းပေါ်မှာ ချာလပတ်လည်နေတတ်သော ဖော့ဦးထုပ်စိမ်းကြီးက အဖေ့၏ သင်္ကေတဖြစ်လာသည်။
ရှပ်အင်္ကျီလည်ကတုံးနှင့် ပလေကပ်ပုဆိုး အပြာနုနုကလေးနှင့် အဖေ ရှိုးတွေ ထုတ်တတ်လာပြီ။
ကျွန်မ လူမှန်းသိတတ်သည့်အရွယ်က စလို့ အဖေ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ တစ်ခါမျှ
မမြင်ဖူးခဲ့ပါ။ အရက်ကို ကျွန်မ ငါးလသမီးလောက်က ဖြတ်ခဲ့တာလို့ အမေက ပြောပြသည်။
'ညည်းအဖေက လှေသမားဆိုတော့
အသောက်အစား မကင်းခဲ့ဘူးပေါ့အေ။ ဒါပေမယ့် သူ့သမီး ငါးလသားလောက်ကျတော့ ကလေးက
ခိုးခိုးခစ်ခစ် ရယ်တာပေါ့။ ကလေးရယ်သံ ကြားပြီး ငါ့သမီးကလေး အရွယ်ရောက်လာရင် ဖအေက
အရက်သမားလို့ အပြောခံရလိမ့်မယ်။ အရက်ဖြတ် မယ့်အတူတူ ခုကတည်းက
ဖြတ်တာကောင်းပါတယ်လေဆိုပြီး တကတဲ ယတိပြတ် ဖြတ်ချလိုက်တာ။ သမီးသည်းချက်တော့်'
ငါးလသမီး၏ ရယ်သံကြားရုံဖြင့်
အရက်ပြတ်သော ဖအေမျိုးကတော့ အဖေ တစ်ယောက်ပဲ ရှိမည်ထင်ပါ၏။ အဖေက
ပန်းနာရင်ကျပ်သမားမို့ ဆရာဝန်က ဆေးလိပ်ဖြတ်ဖို့ အမြဲတိုက်တွန်း ခဲ့သည်။
ဆေးလိပ်ကိုတော့ အဖေ တော်တော်နှင့် ဖြတ်မရခဲ့ပါ။ နောက်ဆုံး ကျန်းမာရေး
အတော်ထိခိုက်လာတော့မှ ကွမ်းစားခြင်းဖြင့် အစားထိုး ဖြတ်ခဲ့သည်။ ပုဂံ ညောင်ဦးဆိပ်က
ဝယ်လာသော အဖေ့ယွန်းကွမ်းအစ်နီနီ ကလေးသည် ကျွန်မတို့ အိမ်ဦးခန်းမှာ ရောက်လာသည်။ အဖေ
ကွမ်းစားတော့ တဖြည်းဖြည်းနှင့် ကျွန်မတို့ အိမ်ကလူတွေအကုန် ကွမ်းစားတွေ
ဖြစ်ကုန်ကြသည်။ ကွမ်းသီး၊ ကွမ်းရွက်ဝယ်လို့ မလောက်နိုင်ခဲ့။ ကြာတော့ အဖေက
ညည်းညူစပြုလာတော့သည်။
'ငါတော့ ဆေးလိပ်
ပြန်သောက်မှနဲ့ တူတယ်။ ကတဲဗျာ၊ ကွမ်းအစ်ကလေးတစ်လုံး ထောင်လိုက်ပါတယ်။ အလှူအိမ်က
ကွမ်းအစ်ကျလို့၊ ထည့်မလောက်ဘူး။ သူတို့ ကွမ်းစားတာ လွန်တယ်။ တို့ကတော့
ကွမ်းရွက်ကလေး လက်မတစ်နှိပ်ယာပြီး ပါးစောင် ခဲထားလိုက်ရင် နေရော့ တစ်နေကုန်'
ကျွန်မ အစ်ကိုတွေ မောင်တွေက ကွမ်းယာကို
ဝါးလိုက်ထွေးလိုက် အဆက်မပြတ် ဝါးနေခြင်းကို အဖေက ပြောခြင်း ဖြစ်သည်။ ကျွန်မကိုတော့
အဖေက ထမင်းစားပြီးတိုင်း ကွမ်းတစ်ယာစားဖို့ အမြဲတိုက်တွန်း တတ်ပါသည်။
'ကွမ်းယာ ဝါးလိုက်တော့
ပါးစပ်ဖန်ဆေးပြီးသား ဖြစ်သွားတာပေါ့။ ကွမ်းက အပုပ်အစပ် အညှီအကုန်နိုင်တယ်။ ဆေးဖက်လည်း
ဝင်တယ်။ သွားလည်း ခိုင်တယ်'
အဖေ့ အယူအဆ ဖြစ်ပါသည်။ အဖေ့အယူအဆ
မှန်တာ၊ မမှန်တာ ကျွန်မ မပြောတတ်သော်လည်း အဖေသည် အသက်ခုနစ်ဆယ်အထိ သွားတစ်ချောင်း
မကျိုးခဲ့ (ကျွန်မ သွားနုတ်စဉ်က အဖေပါ နုတ်ခဲ့သည့် သွားတစ်ချောင်းက လွဲလျှင်)။
မျက်စိမမှုန်ခဲ့။ အဖေသည် ညဘက်မှာပင် တရားစာအုပ်တွေ ဖတ်နိုင်နေတုန်းပဲ ဖြစ်သည်။
အသက်ခြောက်ဆယ်ကျော်အထိ စက်ဘီးတစ်စီးနှင့် မြို့ပတ်နိုင်တုန်း။ ဧရာဝတီမြစ်ကြီးထဲ
မော်တော်စီးနိုင်တုန်း။ ကျွန်မတို့ မိသားစုကို စီမံခန့်ခွဲ
လုပ်ကိုင်ရှာဖွေကျွေးမွေးနိုင်တုန်း။
သို့သော် အသက်ခြောက်ဆယ်
ကျော်လာသည်နှင့် အဖေ့၏ ပန်းနာရင်ကျပ်ရောဂါက အဖေ့ကို ဒဏ်ပေးစ ပြုလာခဲ့ပြီ။
မြစ်လေတစ်သွေးသွေးကြားမှာ အဖေ့အဆုတ် အားတင်းမခံနိုင်တော့။ မော်တော်တစ်ခေါက်
ပြန်လာတိုင်း ဆေးဆီးကုရတာမျိုး၊ တစ်ခါတလေ အမောဖောက်လို့ မော်တော် ပေါ်ကနေ
ပွေ့ချရတာမျိုးတွေ ဖြစ်လာသည်။ အဖေ့ကို အနားယူဖို့ ကျွန်မတို့က တိုက်တွန်းသော်လည်း
အဖေ လက်မခံပါ။
'ငါ့သား အငယ်ကောင်
ဆယ်တန်းအောင်မှ နားမယ်'
သို့သော် အဖေ့ကျန်းမာရေးက
အဖေ့စိတ်ဇောတွေကို ခွင့်မပြုတော့ပါ။ တစ်သက်လုံး မိုးဒဏ် လေဒဏ် ရေဒဏ်ကို
မတွန့်မဆုတ် ရဲရဲဝံ့ဝံ့ ခံခဲ့သော ဧရာဝတီမြစ်ကြီးထဲက လှေသမားကြီးသည် မော်တော်တစ်ခေါက်
ပြန်အလာမှာတော့ အိပ်ရာထဲ ဗုန်းဗုန်း လဲတော့သည်။
□
၅။
ကျန်းမာရေး မကောင်းလို့ အိမ်မှာ
အနားယူတော့မှ အဖေ့ကို အရွယ်တွေရောက် ကြပြီဖြစ်သော ကျွန်မတို့ အနီးကပ်
ပြုစုခွင့်ရတော့သည်။ နှစ်ပေါင်း ခြောက်ဆယ်ကျော် ဧရာဝတီမြစ်ကြီးထဲမှာ ဘဝကို
ကူးခတ်ခဲ့သော လှေသမားကြီးကတော့ အိပ်ရာထဲ လဲနေတာတောင် ငယ်ကအကြောင်းတွေ
စမြုံ့ပြန်ရင်း ဧရာဝတီကို လွမ်းဆွတ်နေပုံရပါသည်။
'ဟိုတုန်းက လှေတွေက
အလုပ်ဖြစ်တော့ အောက်ပြည်အောက်ရွာ ဆိုလည်း ဘိုကလေး ကျိုက်လတ်အထိ၊ အထက်အညာဆိုလည်း
ဗန်းမော် ကသာ၊ အထက် ဆင်ဘိုမြစ်ကျဉ်းအထိ ကုန်ရောင်းကုန်ဝယ် လုပ်ခဲ့ရ
မပျင်းပေါင်ဗျာ။ နွယ်ငြိမ်းက ကိုမြသိန်းတို့ စဥ့်အိုးဖောင်တွေ ဆွဲတုန်းကလည်း
ပျော်လိုက်တဲ့ ဖြစ်ခြင်း။ မြစ်ရိုးတစ်တန်း အဖေ မသိတဲ့ရွာ မရှိဘူး။ ဘယ်မြို့
ဘယ်ဆိပ်ကမ်းက စထွက်လို့ ဘယ်နှကြိုးဆွဲရင် ဘယ်ဆိပ်ကမ်း ရောက်သဟဲ့ အဖေ တွက်လို့ရတယ်။
သည်တုန်းက သန်တုန်း မြန်တုန်းကိုး။
'အဖေက မြစ်ငါးဆို
ချိုလွန်းလို့ သိပ်ကြိုက်တာ။ တစ်ခါက တံငါလှေကလေး မော်တော်ဘေး လာကပ်တာ လှေဝမ်းထဲမယ်
ငါးဘတ်ကြီး နှစ်ပိဿာခွဲ၊ သုံးပိဿာလောက် ရှိမယ်ထင်ပါရဲ့။ စားချင်လိုက်တာ
မပြောပါနဲ့တော့။ အဖေက ဝယ်တော့ သူက မရောင်းဘူး။ အိမ်စားဖို့တဲ့။ ကျန်တဲ့ငါးတော့
ကြိုက်တာယူပါပေါ့လေ။ အဖေကလည်း နေစမ်းဟဲ့ ဆိုပြီး ခင်ဗျားနှယ်၊ ဟောဒီ ငါးဘတ်ကို
ငရုတ်သီးစပ်စပ်နဲ့ နှမ်းလုံးကြိုင်ရွက်ကလေး ခပ်အုပ်လိုက်ရင် စားကောင်းလိုက်မယ့်
ဖြစ်ခြင်းလို့ ပြောလိုက်တယ်။ အဲသည် ကိုတံငါက ကုန်းပေါ်တက်ပြီး
နှမ်းလုံးကြိုင်ရွက်တွေ ခူးသွားလေရဲ့။ ငါးဟင်းကို နှမ်းလုံးကြိုင်ရွက်
အုပ်ချက်တော့ ခါးအန်သွားတော့တာပေါ့။ အဲဒါ အဖေတို့မှာ ပြုံးလို့ ရယ်လို့
မဆုံးခဲ့ဘူး။ အင်း... လှေသမား၊ မော်တော်သမားတွေ ဆိုတာကလည်း ရောက်ရာအရပ်
ရေထဲမှာချည်း နေရတော့ တွေ့တဲ့လူ စကြတာပဲ။ အကျီစားတွေက ခပ်သန်သန်တွေ ရယ်။
'အဖေတို့တစ်တွေက မြစ်ကြီးထဲမှာပဲ
အချိန်ကုန်ရတဲ့ လူတွေဆိုတော့ ကုန်းပေါ်မှာတော့ လူအတွေပေါ့အေ။ ဒါနဲ့လည်အောင်ဆိုပြီး
ရန်ကုန်ဆိပ်ကမ်း ရောက်တော့ တစ်ယောက်တစ်ရာ စုထည့်ပြီး ဖွင့်ကာစ ကရဝိက်ဟိုတယ်
တက်စားကြတာ ဟိုရောက်တော့ အင်္ဂလိပ်လို ရေးထားတဲ့ ကတ်ပြားကြီး ထိုးပေးရော
အဖေတို့ထဲမှာ ဘယ်သူမှလည်း အင်္ဂလိပ်စာ မတတ်ဘူး။ လူအလို့လည်း အထင်မခံချင်ကြဘူး။
အဲဒါ အဖေက လူလည်လုပ်ပြီး အပေါ်က ငါးမျိုးမှင်နဲ့ခြစ်ပြီး ပေးလိုက်တာ လာချတော့
ထမင်းချည်းငါးမျိုး ဖြစ်နေတာလေ'
အဖေသည် သူ့အနား လူလာထိုင်လျှင်
ရှေးဟောင်းနှောင်းဖြစ်တွေ မမောနိုင် မပန်းနိုင် ပြောနေတတ်သည်။ ကျွန်မမှာတော့ သမီး
မိန်းကလေး တစ်ယောက်တည်းမို့ အဖေနှင့် အနီးကပ်ဆုံး နေရသူ၊ အဖေ့စကားတွေကို
အများဆုံးနားထောင်ရသူ ဖြစ်သည်။ အဖေ့မှာ လှေစီးကတည်းက ရေဒီယို ကလေးတစ်လုံး ဝယ်ထားတာ
ရှိသည်။ လက်ဦးပေါ် National အမျိုးအစား စားပွဲတင် ဓာတ်ခဲသုံး ရေဒီယို ကလေးဖြစ်သည်။ အဖေက သည်ပစ္စည်းကလေးကိုတော့
အတော်မြတ်နိုးရှာသည်။ လှေထိုးရင်း သီချင်းနားထောင်သည်။ သတင်းလိုင်းပေါင်းစုံ
နားထောင်သည်။ ညတိုင်လျှင် အဖေကသာ အိပ်ပျော်ချင် ပျော်နေမည်။ ရေဒီယိုကလေးကတော့
သတင်းတွေ လွှင့်နေဆဲ။ ကမ္ဘာပေါ်မှာ ဘာဖြစ်နေသလဲ အဖေ အကုန်သိသည်။ စိတ်လည်း
ဝင်စားသည်။ ဖောက်ကလန်ကျွန်း ကိစ္စ၊ အီရန်အီရတ် ပင်လယ်ကွေ့ စစ်ပွဲ၊ ဖိလစ်ပိုင်
အမျိုးသမီး သမ္မတ ကိုရာဇန်အာကွီနိုအကြောင်း၊ မစ္စအင်ဒီယာဂန္ဓီ လုပ်ကြံခံရမှု၊
မာဂရက်သက်ချာ ဒေါင်းနင်းလမ်းက အိမ်တော်အကြောင်း၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲ၊
ဟေတီနိုင်ငံ အာဏာရှင်စနစ်အောက်က လွတ်မြောက်သွားသည့် သတင်း၊ ဆိုးလ်မြို့တော်က
အိုလံပစ်အားကစားပွဲတော်အကြောင်း စသည့် ကမ္ဘာ့အရေး သတင်းများကို အဖေ စိတ်ဝင်တစား
ရှိနေတတ်တာကို ကျွန်မ အံ့သြခဲ့ရသည်။ မြစ်ကြီးထဲမှာ အချိန်ကုန်ခဲ့ရသော၊
ကိုယ့်ကိုယ်ကိုယ် လူအ,ကြီးဟု ခံယူနှိမ့်ချခဲ့သော လှေသမားကြီး
တစ်ယောက်နှင့် မတူဘဲ နိုင်ငံတကာ သတင်းစာဆရာ တစ်ယောက်နှင့် တူနေတော့၏။ ကျွန်မကို
ကမ္ဘာ့မြေပုံ တစ်ချပ်ဝယ်ခိုင်းပြီး သူ့ အိပ်ရာဘေး နံရံမှာ ကပ်ထားခဲ့သည်။
သတင်းနားထောင်လိုက် မြေပုံထကြည့်လိုက် ကျွန်မကို မေးလိုက်ပြောလိုက်နှင့်
အဖေ့ကြောင့် ကျွန်မသည်လို ကမ္ဘာ့သတင်းတွေ စိတ်ဝင်စားတတ်ခဲ့ခြင်း ဖြစ်၏။
တစ်ခါတစ်ရံတော့လည်း အဖေသည် သားများ၏
အပေါင်းအသင်းများနှင့် အဖွဲ့ကျချင် ကျနေတတ်ပြန်သည်။ အထူးသဖြင့် လှေသမား၊
မော်တော်သမားများသည် အိပ်ရာထဲ လဲနေသော အဖေ့ကို သူတို့လှေကိစ္စ၊
မော်တော်ကိစ္စတွေကို လာတိုင်ပင်တတ်ကြသည်။
'ဘကြီးညို၊ ကျွန်တော်တို့
ညောင်ဦးက စုန်တော့ မနက်အစောကြီးဗျ။ လေးနာရီလောက် စထွက်တာ။ ရောင်နီတောင်
မသမ်းသေးဘူး။ လမ်းရွာရောက်တော့ တစ်နာရီခွဲပဲ ရှိသေးတယ်။ ဒါနဲ့ စလေလောက်တော့
ရောက်မှာပဲ ဆိုပြီး မနားဘဲ ဆက်စုန်ကြတာဟား... စလေရောက်တော့ မှောင်နေ ပြီ။
နောက်ဆုံး ဖောင်ကမ်းသတ်တော့ မြင်တောင်မမြင်ရတော့ဘူးဗျာ'
'ဟ... မင်းတို့မှတ်ထား၊
လမ်းရွာနဲ့ စလေကြားချောက်မြို့ကမ်းလျှောက်နဲ့ အောင်လံမြို့ထိပ်ကနေ မြို့အမြီးအထိ
နောက်ပြီး ဓနုဖြူ ကမ်းလျှောက်ဆိုတာတွေက ရေအီကြီးတွေကွ။ မစီးဘူး။ အဲသည့်နေရာ
ရောက်ရင် နာရီကြည့်ချိန်ရတာ ခက်တယ်ကွ။ ပုံမှန်သွားနှုန်း မဟုတ်တော့ဘူး။
တစ်နာရီကျော်လို့မှ အဲဒီမြို့တွေ မရောက်ရင် ရှေ့ဆက်မသွားနဲ့တော့။ ရောက်တဲ့နေရာ
စခန်းသတ်ပေတော့။ အေး...ဆက်သွားလို့ကတော့ မိုးချုပ်မှာပဲကွ'
သည်လမ်း သည်ခရီးနှင့် သည်အလုပ်ကို
နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော အဖေ့အတွေ့အကြုံ ကြီးမားမှုကြောင့် မော်တော်ကို
သားတွေနှင့် လွှဲထားသည် ဆိုသော်လည်း အိပ်ရာထဲမှ စီမံခန့်ခွဲနေဆဲ ဖြစ်သည်။
မော်တော်တစ်ခေါက် ပြန်လာတိုင်း အဖေက သားတွေကို လုပ်ငန်းခွင် အတွေ့အကြုံ
စစ်ဆေးမေးမြန်းတတ်သည်။ အဖေ့ကို လိမ်လို့ညာလို့မရ။ တစ်ခါတစ်ခါ သားအဖတစ်တွေ
စာရင်းရှင်းကြပုံက ရယ်စရာ၊ ပျော်စရာကောင်း နေတတ်သည်။ အစ်ကိုကြီး
စက်ပစ္စည်းစာရင်းထဲတွင် ရမ်(အရက်)ကို စာရင်းထည့်ထားတော့ အဖေက မေးသည်။
'နေစမ်းပါဦးကွ၊ ငါ့ မော်တော်
စက်ထဲကို ဒီ'ရမ်' ဆိုတာကြီးက ခဏခဏ
ထည့်နေရတာ မဟုတ်သေးပါဘူးကွာ။ အော်ရဂျင်နယ်ရအောင် ရှာကြစမ်းပါ'
ရမ်ဆိုတာကို အရက်ဟု အဖေမသိ၍
အစ်ကိုကြီးက ငွေနှင့်စာရင်း မကိုက်ကိုက်အောင် လုပ်ထားခြင်း ဖြစ်သည်။ အဖေ့ကွယ်ရာမှာ
ကျွန်မတို့ ရယ်မိကြသေး၏။ အဖေက စာရင်းစစ်လျှင် သူ့ထုံးစံအတိုင်း စေ့စေ့စပ်စပ်
ရှိလှသည်။
'မင်းတို့ဟာက မြင်းမူတုန်းက
ကွမ်းအစိတ်သားဝယ်တာ ချောက်အထိ စားရတယ်။ ချောက်ကနေ ရေနံချောင်းကျတော့ နှစ်ရက်တောင်
မစုန်ရသေးဘူး။ အစိတ်သား ထပ်ဝယ်ရ သလားကွ' ဆိုတာမျိုး။
'မကွေးမှာ ဝက်သားငါးဆယ်သား
ဆိုပြီးသည် အောက်နားကျ ငါးခုနစ်ဆယ့်ငါးကျပ်သားဆိုတော့ မင်းတို့က တစ်ရက်တည်းနဲ့
ဟင်းနှစ်မျိုးစားကြတဲ့ သဘောလား' ဆိုတာမျိုးတွေ စစ်တော့
အစ်ကိုကြီးက စိတ်ညစ်လာပုံရသည်။
'အဖေနဲ့ စာရင်းရှင်းရမှာ
ကျွန်တော်တော့ ကျားမြီး ဆွဲလိုက်ချင်သေးဗျာ'
အဖေ့ကို ပြောတော့ အဖေက သူလှေစီးတုန်းက
စာရင်း၊ စဥ့်အိုးအရောင်း အဝယ်လုပ်တုန်းက စာရင်း၊ မော်တော်စာရင်းစာအုပ်တွေ
အထပ်လိုက်ကြီးချပြီး ရှင်းပြတော့၏။
'မင်းတို့က ဒါကလေးတင်
လုပ်ရတာ။ အဖေတို့တုန်းက သည်မှာကြည့်...'
အဖေသည် တစ်မူးတစ်ပဲ ခေတ်ကနေ တစ်ထောင်၊
တစ်သောင်းခေတ်အထိ သူ ပြုစုလာခဲ့သော စာရင်းတွေကို ပြပြီး သင်တော့သည်။
'ဟောသည်မှာ စဥ့်အိုး စဥ့်ခွက်
ရောင်းတုန်းက စာရင်း။ အိုးပုတ်ချိုးရုပ်က အစ ရာဝင်အိုး၊ ရာ့ငါးဆယ်ဝင်
အိုးကြီးတွေအထိ တစ်မယ်ချင်းမှတ်တာ။ ဈေးနှုန်း၊ အရေအတွက်၊ အလုပ်သမားခ၊
လှည်းခတွေ့လား'
သားတွေကတော့ စိတ်မပါ့တပါဖြင့်
ဝိုင်းအုံကြည့် ကြရတော့၏။
'၅ ဆိုတာ ဘာလဲ အဖေ'
ကျွန်မက စာလုံး ထူးထူးဆန်းဆန်းမို့
မေးလိုက်တော့ အဖေက ပြုံးသည်။
'အဲဒါ ပိဿာငါးဆယ်ဝင်တဲ့
စဥ့်အိုးကို ပြောတာပေါ့။ ငါးဆယ်မှ ဝတစ်လုံး ခိုးပြီး အပေါ်က ငသတ်ပြီး ဝင်လိုက်တာလေ'
ကျွန်မတို့ ရှေးမြန်မာတွေရဲ့
လက်ရေးတို။ အဖေသည် ရွာဦးကျောင်းဆရာတော်၏ ကျောင်းက ဆင်းလာသော ဘုန်းကြီးကျောင်း
သားပေမယ့် စာရင်းအင်းကို သည်လို မှတ်ရမယ်ဆိုတာ ဘယ်လိုသိနေတာပါလိမ့်လို့ ကျွန်မ
စဉ်းစားကြည့်မိပါသည်။ လုပ်ငန်းအပေါ်မှာ မဟုတ်၊ အဖေ ဘုရား ဂေါပက ဥက္ကဋ္ဌ
လုပ်တုန်းကလည်း သည်လိုပဲ စာရင်းမှတ်ခဲ့တာပါပဲ။ အဖေ့ဘုရား စာရင်းကို စစ်သည့်
ဘကြီးလှိုင် ကိုယ်တိုင်ပင် စာရင်းမစစ်တတ်နိုင်ခဲ့ပါ။
'ဘိုးညို စာရင်းကို ငါ
မစစ်တတ်ဘူး။ ငါတို့က ရှမ်းချေချေတာမှ နားလည်တာ။ ဘိုးညိုက ဘဏ်ကိုင်ကိုင်ထားတာ'
သည်စကားကို အဖေ ပြန်ကြားတော့
ပြုံးပြုံးကြီး ဂုဏ်လုပ်နေပါတော့သည်။
□
၆။
အဖေ မော်တော်မလိုက်တော့တာ
ကျန်းမာရေးကြောင့်ချည်းလည်း မဟုတ်ပါ။
ကျွန်မတို့ ကမ်းနားရပ်ကွက်ကလေးတွင် ရှေးသမစဉ်ကတည်းက တည်ထား
ကိုးကွယ်ခဲ့ကြသော ဘုရားစေတီကလေး ရှိသည်။ စေတီကလေးက မြစ်ဆိပ်ကမ်း နဖူးတွင်
တည်ရှိသည်။ ဧရာဝတီ မြစ်ကြီးထဲမှ လှမ်းမျှော်ကြည့်လိုက်လျှင် စေတီကလေးကို
ဖွေးဖွေးလှုပ်လှုပ် ဖူးမြော်ကြည်ညိုနိုင်သည်။ ဂေါဝန်ဆိပ်အောက်
ဘက်ရှိသည်နေရာကလေးကို ဘုရားလေးဆိပ်ဟု ခေါ်ကြသည်။ မြစ်ရေတိုးချိန်ဆို လျှင်
ဘုရားအုတ်တံတိုင်းကို ရေမြုပ်တတ်သည်။ တစ်ခါ တစ်ရံ မြစ်ရေ တအားကြီးချိန်များမှာတော့
စေတီကလေး၏ ဖိနပ်တော်အထိ ရေရောက်တတ်ပါသည်။ မြစ်ဆိပ်ကမ်းပါးမှာ တည်ထားသည့်
ဘုရားစေတီမို့ ရေတိုက်စားလို့ ကမ်းပါးပြိုတိုင်း ဘုရားအုတ်တံတိုင်းတွေ ပဲ့ပဲ့ကျကာ
နှစ်စဉ်လိုလို ပြင်ကြ ဆင်ကြရသည်။ အုတ်တံတိုင်း တစ်မြိုလုံး ပြိုကျပျက်စီးသွားတော့
ရပ်ကွက်က အစည်းအဝေးခေါ်ကာ အဖေ့ကို ယုံကြည်လေးစားစွာဖြင့် ဘုရားဂေါပကဥက္ကဋ္ဌ
တာဝန်ပေးကြတော့သည်။ ကျန်းမာရေး မကောင်းသည့်ကြားက ကုသိုလ်ကို ယူချင်သောကြောင့်
မော်တော် မလိုက်တော့တာလည်း ဖြစ်ပါသည်။
မြစ်ရိုးတစ်တန်းကို
အနှံ့ရောက်ခဲ့ဖူးသော အဖေသည် ဘုရားခြေတော်ရင်းမှာ ကျောက်ထုတ်တံတိုင်း ပိုးရိုက်ဖို့
သူကိုယ်တိုင်ပဲ စိတ်ကူးဒီဇိုင်း ဆွဲပေးခဲ့သည်။
'ဧရာဝတီမြစ်ထဲ
ခြေဆင်းပြီး တည်ထားတဲ့ဘုရားတွေ အများကြီး ဖူးခဲ့ဖူးတယ်။ အညာသီဟတော ဘုရား၊
မကွေးမြသလွန် ဘုရား၊ ပုဂံ ဘူးဘုရား အင်း... ကျုပ်ကတော့ ပုဂံ ဘူးဘုရား တည်ထားတာကို
အကြိုက်ဆုံးပဲဗျ။ ကျောက်ကို တည့်မဟုတ်ဘဲ စောင်းချရိုက်တော့ ရေစားသက်သာ တယ်။
ဘူးဘုရား တည်ထားခဲ့တဲ့ သက်တမ်းနည်း ရောလားဗျာ'
အင်ဂျင်နီယာ လက်ထဲကို သူ ဆွဲထားသော
ပုံကြမ်းကလေးကို ထည့်လိုက်ရင်း အဖေက ပြောသည်။ အင်ဂျင်နီယာက ချီးကျူးတော့ အဖေသည်
ကလေးတစ်ယောက်လို ပြုံးနေသည်။ အဖေ့စာအုပ် ဗီရိုမှန်တွင် အဖေဆွဲခဲ့သည့် ဘုရားကျောက်
တံတိုင်းပုံကြမ်းကလေး အခုထိ ကပ်ထားဆဲ ဖြစ်သည်။ ဘုရားပြင်တုန်းက အဖေသည်
တောင်ဝှေးတစ်ချောင်း အကူနှင့် ကျောက်ကားကြီး စီးပြီး မန္တလေးအရှေ့ ထုံးဘိုရွာကို
အခေါက်အခေါက် အခါခါ သွားသည်။ နာရီစင် အနီးရှိ ကုန်သွယ်ရေးကို ကိုယ်တိုင်
ပစ္စည်းသွား လျှောက်သည်။ ဘုရားပြင်သည့် မြစ်ဆိပ်ကမ်းနဖူးလေ တဟူးဟူးကြားတွင်
ပန်းရံတွေနှင့် အတူသွားနေတတ်သည်။ ကျွန်မက အဖေ့ ကျန်းမာရေးကို စိုးရိမ်ပူပန်ပြီး
သတိပေးတော့ အဖေက ကျွန်မကိုပင် ပြန်နားချနေ သေးတော့၏။
'အဖေ့ တစ်သက်လုံး
လောကီအလုပ်တွေ ထမ်းပိုးလာရတာလောက် မပင်ပန်းပါဘူးကွယ်။ အဖေ့ကံပါလို့ ဘုရားပြင်ရတာ
အဖေ ဝမ်းသာနေတာပါ သမီးရယ်'
ဘုရားကို ရှစ်နှစ်တိုင်တိုင် အဖေ
ကြိုးစားပမ်းစား ပြင်ခဲ့ရသည်။ အဖေ ပြင်ဆင်ပြီးနောက် ဘုရားတံတိုင်းကြီးလည်း
မပြိုတော့ပါ။ အခုဆိုလျှင် နှစ်ပေါင်းနှစ်ဆယ် ကျော်ရော့မည်'
အလုပ်နားပြီ ဆိုသော်လည်း အိမ်မှာ
အကျပ်အတည်းဖြစ်တိုင်း အိပ်ရာပေါ်က အဖေ့တာဝန်လိုပဲ ဖြစ်နေခဲ့သည်။ အဖေ့အကြံဉာဏ်၊
အဖေ့အစီအမံဖြင့် ငွေရှာပြီး အခက်အခဲကို ဖြေရှင်းနေရဆဲ ဖြစ်သည်။ တစ်ခါတလေတော့လည်း
အဖေက ညည်းရှာပါသည်။
'ငွေတိုးများ သိပ်ကြောက်စရာ
ကောင်းတာ။ အဖေ့ဘဝ သက်တမ်းတစ်လျှောက်လုံး သူတစ်ပါးကို တစ်ဝက်လုပ်ကျွေးခဲ့ရတာပဲ။
သူများငွေ ယူမိထားရင် ဆပ်ရတာများ မကြေတော့ဘူး ထင်ရရဲ့။ မင်းတို့ကို အဖေ
မှာခဲ့ချင်တယ်။ မင်းတို့များ ပိုက်ဆံရှိလို့ကတော့ သူ တစ်ပါးကို
ငွေတိုးပေးမစားကြနဲ့။ ငွေတိုးယူပါတယ် ဆိုကတည်းက မရှိလို့ ယူကြရတာ။ သည်ကြားထဲ အတိုး
အညွန့်က ဆပ်ရသေး။ အေး... မင်းတို့ကလည်း ငွေတိုးယူရတဲ့ ဘဝက လွတ်အောင် ရုန်းကြ'
အသက်ကလေး ရလာတော့ သူတစ်ပါး ကြွေးမြီ
အတင်မခံချင်တော့ဘူး ထင်ပါရဲ့။ ဟိုတုန်းက သူ့ကို ငွေတိုးပေးတာကိုပင်
ဂုဏ်ယူတတ်ခဲ့သော အဖေသည် အခုတော့ သူ မစွမ်းဆောင်နိုင်တော့သည့် အရွယ်ရောက်ပြီလို့
သဘောပိုက်ခဲ့ပြီလား မသိ။ ကျွန်မကတော့ အဖေနှင့် လက်ပွန်းတတီး နေရသော သမီးမို့
အဖေ့ဆီက စကားတွေ အများကြီး ကြားခဲ့ရသည်။
'ဟိုတုန်းကတော့
ငါများအိုရင်နာရင် အသက်ကြီးရှည်ပြီး သားတွေ သမီးတွေကို ဒုက္ခပေးမနေချင်ဘူး။
ခေါက်ခနဲ သေသွားချင်တယ်လို့ အောက်မေ့မိတာ။ အခုတော့ လူ့ဘဝရဲ့ တန်ဖိုးကို အဖေသိပြီ။
တစ်ရက်ပို အသက်ရှည်ရင် တစ်ရက် ပိုသိတယ်။ နေ့စဉ် တွေ့မြင်နေကြပေမယ့် သတိတရား
ရှိချင်မှ ရှိတာ။ ဟောဒီ ထင်းတုံးကြီးကို ကြည့်...'
ဆောင်းတွင်းမို့ အဖေ့ အိပ်ရာဘေးမှာ
ဖိုပေးထားသော မီးလင်းဖိုကြီးက ရဲရဲတောက်လို့ နေသည်။
'အစကတော့ သူက ထင်းတုံးကြီးပဲ။
တဖြည်းဖြည်းနဲ့ မီးစွဲလောင်သွားတော့ မီးကျီခဲကြီး ဖြစ်သွား တယ်။ နောက်တော့
ရုပ်ဝတ္ထုကြီး တစ်ခုလုံး ပျောက်သွားပြီး ပြာမှုန့်တွေ ဖြစ်သွားတယ်။ အခိုးအငွေ့
ဖြစ်သွားတယ်။ နောက်တော့ ဘာတစ်ခုမှ မဟုတ်တော့ဘူး။ ဒါကိုပဲ ဇာတိဇရာ ဗျာတိ မရဏလို့
မှတ်ယူလို့ ရတယ်။ လူ့ဘဝဆိုတာ ရခဲတာလည်း မှန်တယ်။ ပျောက်လွယ် ပျက်လွယ်တာလည်း
မှန်တာပဲ'
ဘုရား ဝေယျာဝိစ္စတွေကို ရှစ်နှစ်ကျော်
လုပ်ဆောင်ပြီးသည့်နောက်တွင် အဖေ ဆက်မလုပ်နိုင်တော့ပါ။ ကျွန်မတို့ အိမ်ကလေးပေါ်က
သူ့ခုတင်ပေါ်မှာပဲ ထိုင်လိုက်၊ လှဲလိုက်ဖြင့် တရားအားထုတ် နေတော့သည်။
ခါတိုင်းလိုလည်း စကား သိပ်မပြောတော့။ အဖေ စကားသိပ် မပြောတော့ ကျွန်မတို့
စိတ်မကောင်း ဖြစ်ကြရသည်။ တစ်ခါတစ်ခါ ကျွန်မတို့ မောင်နှမတွေက အဖေ့ကို ကလေးတစ်ယောက်
စသလိုစကြ နောက်ကြ လုပ်ကြသည်။
ခါတိုင်းလို အရွှန်းပြန် မဖောက်ဘဲ
စိတ်တိုတိုနှင့် အဖေအော်တော့ ကျွန်မမှာ ဝမ်းနည်းမိရသည်။ ဝေဒနာကို အဖေ
ကျိတ်ခံစားနေရတာများလား။ အိပ်ရာထဲ အနေများလာတော့ အဖေ့တင်ပါးမှာ အကျိတ်ကြီး
ဖြစ်လာသည်။ အကျိတ်ကြီးက မာခဲယောင်ကိုင်းပြီး အနာကြီး ဖြစ်လာသည်။ အနာကြီးက
မုန့်ပြားသလက် ပေါက်တွေလို ဆန်ခါပေါက်တွေ ဖြစ်လာသည်။ ပြီး အမြစ်ဆံကြီးတွေက
ဆန်စေ့တွေလို ဇာဂနာနှင့် ဆွဲနုတ်ယူရသည် အထိ။ အဖေ့တင်ပါးက အနာဖန် ဆေးပေးရင်း ကျွန်မ
မျက်ရည် ကျမိသည်။
'အင်း... အဖေ့မှာ အရင်ဘဝက
ဒါနမျိုးစေ့ မအောင်ခဲ့လို့ သည်ဘဝမှာ ဆင်းတောင့်ဆင်းရဲ လုပ်စားခဲ့ရတယ်။
သီလကောင်းလို့ အသက်တော့ ရှည်ပါရဲ့။ အနာမျိုး ကိုးဆယ့်ခြောက်ပါးက မကင်းပြန်ဘူး။
လောကမှာ ဘာပဲလုပ်လုပ် စိတ်ရင်းစေတနာကောင်းနဲ့ လုပ်ကွယ့် သမီးရဲ့။ စိတ်ဆိုးစိတ်ညစ်
မစွန်းငြိစေနဲ့'
အနာကြီး ပျောက်ကင်း သွားပြန်တော့
အဖေ့မှာ ဆီးမသွားနိုင်သည့် ဝေဒနာ ခံစားရပြန်သည်။ ဆရာဝန်က ဆေးရုံတက်ဖို့
တိုက်တွန်းတော့ အဖေက ငြင်းပါသည်။
'အဖေ ဆေးရုံမတက်ချင်ဘူး။
ဆေးရုံရောက်သွားရင် ရောဂါအမယ်တွေ များလွန်းလို့၊ အင်္ဂလိပ်ဆေးဒဏ်လည်း အဖေ
မခံနိုင်ပါဘူးကွယ်။ ပြီးတော့ အဖေ ဆေးရုံမှာ မသေချင်ဘူး'
အဖေ့စကားကို ကြားတော့ ကျွန်မ မျက်ရည်
မဆည်နိုင်ခဲ့ပါ။ အဖေသည် သူ့ကိုယ်သူ သေခြင်းတရားနှင့် ရင်ဆိုင်ရဖို့ နီးပြီလို့
တွက်ဆထားပုံရသည်။ အဖေ့ကို ပြောမရသည့်အဆုံး ဆရာဝန်က အိမ်မှာတင် ကုသပေးခဲ့သည်။ အဖေ
ကြောက်သည့် ဆီးပိုက်ကြီး တန်းလန်းနှင့် တစ်လ လောက် နေလိုက်ရရှာသည်။ သည်တုန်းက အဖေ
ဘယ်လောက်များ အခံရခက်ရှာ လေမလဲ။ ထမင်းနှင့်ဟင်းကိုတောင် မြိန်ရေရှက်ရေ
မစားတော့လို့ ကျွန်မတို့က အစာစားဖို့ အတင်းတိုက်တွန်း သည်။
'အဖေ မစားနိုင်လို့ပါကွယ်။
အစားဆိုတာ ခန္ဓာကိုယ်ထဲ သွင်းဖို့ လွယ်ပါတယ်။ ပြန်ထုတ်ဖို့ရာသာ ခက်တာ။
ပြန်မထုတ်နိုင်လို့ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ဝေဒနာက ပိုဆိုးတယ်ကွယ့်'
ထမင်း မစားသော်လည်း ကြက်ဥပူတင်း
ကလေးကိုတော့ အဖေခံတွင်းတွေ့ဟန် တူပါသည်။ အဖေ ခံတွင်းလိုက်သော
ကြက်ဥပူတင်းကလေးကိုတော့ ကျွန်မတို့က ဂရုတစိုက်ဝယ် ပေးပါသည်။ အဖေ့ကို လူမမာ
လာမေးသော လှေသူကြီး ဦးရေကျော်က အဖေ့ကို ကုသိုလ်လုပ်ချင်၍ ပူတင်းဈေးနှုန်း
မေးပါသည်။ မမာသည့်ကြားက အဖေ ဖြေလိုက်ပုံကြောင့် ကျွန်မတို့ ရယ်ကြရသေး၏။
'ကျုပ်သားတွေက
တစ်ယောက်သွားရင် တစ်ဈေးဖြစ်နေတာ။ တစ်ရာ ဖြစ်လိုက်၊ တစ်ရာ့ငါးဆယ် ဖြစ်လိုက်နဲ့။
ပူတင်းဈေးကွက်က မငြိမ်သေးပါဘူးဗျာ'
မူရင်းဈေးထက် ပိုပြောပြီး
သားတွေအိတ်ထောင်ထဲ ရောက်သွားတတ်တာကို အဖေက ဆိုချင်တာပဲ ဖြစ်သည်။ သည်တုန်းက
ငွေတစ်ရာဆိုလျှင် ခေါက်ဆွဲကြော်တစ်ပွဲ စားလို့ရသည်။ ဦးရေကျော်က
ကျွန်မနှင့်တွေ့တိုင်းသည်အကြောင်းကို ပြောမဆုံး ဖြစ်နေတုန်းပင်။
တစ်ရက်တွင် အဖေက ကျွန်မကို ခေါ်ပြီး
သူ့စာအုပ် ဗီရိုကလေးကို အဖွင့်ခိုင်းသည်။ ကျွန်မတို့ အလှူတုန်းက ဖိတ်စာကလေးကို
ရှာခိုင်းခြင်း ဖြစ်သည်။ အလှူဖိတ်စာကလေးက နှစ်ပေါင်း သုံးဆယ်နီးပါး ရှိနေပြီ။
ဝါကြန့်ကြန့် စာရွက်ကလေးပေါ်တွင် ခရမ်းပြာရောင် စာလုံးကလေးများဖြင့်
ရိုက်နှိပ်ထားသော အလှူဖိတ်စာ ကလေးကို အဖေ တကန်တက တောင်းပြီးဖတ်တာ ကျွန်မ နားမလည်
ဖြစ်ခဲ့ရသေး၏။
'အဖေတို့ လှူတော့မယ်ဆိုတော့
လက်ထဲတစ်ပြားမှ ရှိတာမဟုတ်ဘူး။ လှေတစ်ခေါက် ပြန်လာတိုင်း အလှူအတွက် ရည်ရွယ်ပြီး
ရွာမှာ ဆန်တစ်အိတ်၊ ဆီတစ်ပုံး၊ ငါးခြောက်တစ်ပြား ဆိုသလို နှစ်ချီပြီး စုစုသွားတာ။
ပဋိက္ခရာရှစ်ပါးအစ ငှက်ပျောပွဲ၊ အုန်းပွဲကလေး အစ ပြည့်စုံပြီဆိုမှ အလှူရက်
သတ်မှတ်ပြီး လှူတာ။ အလှူပြီးတော့မှ အလှူကူငွေ ကလေးနဲ့ အငြိမ့်ဖိုး၊ ဆိုင်းဖိုး၊
မဏ္ဍပ်ဖိုး ချေရတယ်။ ရွာပြန်လှူတာဆိုတော့ ရွာ့ထုံးစံ ခုနစ်ရက် ခုနစ်လီ ထမင်း
ရည်ချောင်းစီးပါပဲဗျာ။ အလှူပြီးတဲ့ နောက်တောင် ငါးခြောက်သုတ်တွေ ပိုလို့ ဝေရသေး။
အဖေ့တစ်သက်မှာ အကြွေးမတင်ဖူးတာဆို လို့ အလှူကြီးတစ်ခုပဲ ရှိရဲ့'
အလှူ ဖိတ်စာရွက်ကလေးကို ကိုင်ပြီး
မျက်ရည်တွေ ဝေသီနေသော အဖေ့ မျက်ဝန်းရိပ်က စကားတွေကို ကျွန်မ ခံစားလို့ရနေသည်။
ကျွန်မ လူမှန်းသိကတည်းက အိမ်ထောင့်တာဝန်တွေကို အကြွေးနှင့် နပန်းလုံးကာ
ထမ်းရွက်ခဲ့ရသော အဖေ့ပုံရိပ်ဟောင်းတွေကို ကျွန်မ မှတ်မိနေသည်ပဲ။
အဖေ့မျက်နှာပေါ်တွင် ကိုယ့်ချွေးနှဲစာကလေးကို သူများ အညွှန့်ခူးမခံရဘဲ
ငါလှူနိုင်ခဲ့လေခြင်းလို့ ပြောနေသယောင် ကျွန်မ ထင်မိပါ၏။
၇။
အဖေ မဆုံးခင် ငါးရက်လောက်က
ကိုယ်တွေယောင်ဖောလာသည်။ ခါတိုင်း ခွက်ဝင်နေသော အဖေ့ပါးပြင် နှစ်ဖက်တောင်
မို့တင်းလို့။ အဖေက ဖောင်းအိနေသော သူ့ခြေဖမိုးလေးကို လက်ညှိုးနှင့် ဖိကြည့်သည်။
'အသားကို သည်လို ဖိလိုက်ရင်
ချက်ချင်းတုံ့ပြန်ပြီး ပြန်ကြွလာတတ်တယ်။ အခု အဖေ့ခြေဖမိုးကို ကြည့်စမ်း၊
ဖိလိုက်တဲ့နေရာက ခွက်ဝင်သွားတော့တာပဲ'
'ဆေးတွေ လိမ်းနေတာပဲ အဖေရယ်။
တစ်ရက်နှစ်ရက်လောက်နေရင် အယောင်လျော့သွားမှာပါ၊ ကြည့်နေ'
ကျွန်မက အားပေး စကားပြောတော့ အဖေသည်
အဝေးတစ်နေရာကိုပဲ တွေတွေငေးငေး ကြည့်နေသည်။
'သေရမှာ အဖေ မကြောက်တော့ပါဘူး
သမီးရယ်။ ဘဝတာကြီးလည်း ရှည်လှပါပြီ။ အဖေ တရားနဲ့ ဆင်ခြင်နိုင်ပါတယ်။ ဒါပေမယ့်
သေတစ်ဂိတ် ကျန်သေးတယ်ကွယ့်'
နောက်ပိုင်း ရက်များတွင် အဖေသည်
ဝေဒနာကြားက နေ့ရောညပါ တရား အားထုတ်နေတော့သည်။ ခါတိုင်းခိုင်းနေကျ ကျွန်မကိုတောင်
လှမ်းမခေါ်တော့။ အနားလာပြုစုလျှင်လည်း အဖေသက်သာပါတယ်ကွယ်လို့ပဲ ပြောပြီး ကျွန်မကို
နှင်လွှတ်တတ်သည်။ သည်ဘဝအတွက် သံယောဇဉ်တွေ အဖေ ဖြတ်နေပြီလား။
အဖေ ဆုံးမည့်ညက ကျွန်မတို့ ရပ်ကွက်
မြစ်ဆိပ်ကမ်းပါးထိပ်မှာ ဇာတ်ပွဲ ရှိသည်။ မြစ်ပြင်ကို ဖြတ်တိုက်လာသော လေက ဆိုင်းသံ၊
ဗုံသံတွေကို သယ်ဆောင်လာသည်။ နောက်တစ်ပတ်ဆိုလျှင် အဖေ့အသက် ခုနစ်ဆယ်ပြည့်မွေးနေ့ကို
ရောက်တော့မည်။ ထိုညက အဖေ့ကို ဆေးတိုက်ဖို့ လုပ်တော့ ဆေးတွေက များနေလို့ ကျွန်မ
လက်ရွံ့နေမိသေးသည်။
'အဖေ ဆေးတွေက များတယ်။ အဖေ
မခံနိုင်ရင် ခွဲသောက်ပါလား'
'သမားပေးတဲ့ ဆေးပဲကွယ်။ အဖေ
သောက်ပါ့မယ်'
အဖေက သူ့လက်ဖဝါး
ဖောင်းဖောင်းကလေးဖြင့် ဆေးတွေကို ဖြန့်ခံရင်း ဖြည်းဖြည်းလေးလေး ပြောသည်။ ဒါဟာ
အဖေ့ရဲ့ နောက်ဆုံးစကားပါပဲ။ သမားဆိုလျှင် ယုံကြည်ရမည်ဟု အဖေ ယူဆပုံရသည်။
နောက်ဆုံးအချိန်ထိ အဖေ ဆေးသောက် မပျက်ခဲ့။ ည ကိုးနာရီလောက် ဆေးသောက်ပြီး
ငြိမ်သက်သွားလိုက်တာ ခါတိုင်းလို ချောင်းတောင် တဟွတ်ဟွတ် မဆိုး။ ကျွန်မ ကတော့
စာဖတ်ရင်း အဖေ့ကို စောင့်ကြည့်ရင်း အိပ်ဆေးကြောင့် အဖေ အိပ်နေရှာတာလို့ပဲ
ထင်မိသည်။ ည ဆယ်နာရီကျော်တော့ ကျွန်မ အဖေ့ဘေးကို သွားပြီး လက်ကလေးကို
စမ်းကြည့်လိုက် သည်။
'အဖေ'
အဖေ့ နှာသီးဝမှ နှာရည်ကလေး နှစ်သွယ်က
ဝင်လိုက်နှင့် အဖေ ခဲရာခဲဆစ် အသက်ရှူနေတာလား၊ အဖေ လုပ်နေကျ ထွက်လေဝင်လေ
မှတ်နေတာလား ကျွန်မ မခွဲ ခြားတတ်ပေမယ့် အဖေ ငြိမ်သက်နေပုံကို ကျွန်မ
နားမလည်နိုင်ပါ။ အမေ့ကို သွားနှိုးပြီး အဖေ့ကို ကျွန်မ ပွေ့လိုက်တော့
အဖေ့ခန္ဓာကိုယ်ဟာ ပျော့ပျော့ကလေး ပါလာတယ်။ အသက်ရှူနေဆဲ၊ နှာရည်ကလေး နှစ်သွယ်က
ဝင်လိုက် ထွက်လိုက် ရှိနေဆဲ။
'အဖေ... အဖေ'
ကျွန်မတို့က ဝိုင်းခေါ် ကြသော်လည်း
အဖေက ဘာတုံ့ပြန်မှုမှ မပေးပါ။ နှာရည်လေးနှစ်သွယ်က ဝင်လိုက် ထွက်လိုက် ရှိနေဆဲ။
အဖေ့ အာရုံတွေက သည်နှာသီးဖျားမှာပဲ ရှိနေတာ သေချာပါသည်။ ခဏနေတော့
ကျွန်မလက်ပေါ်မှာပဲ အဖေ ငြိမ်သက်သွားတော့၏။ အဖေ့ နှာသီးဝက နှာရည်ကလေးတွေ
စီးကျနေသည်။ အဖေ အသက်မရှူတော့ပါ။
'ညည်းတို့အဖေ
မရှိရှာတော့ပါဘူးအေ'
အမေ့အသံ ဗလုံးဗထွေးကို ကြားပေမယ့်
ကျွန်မ မယုံနိုင်ဘူး။ ကျွန်မရှေ့မှာ လူသားတစ်ယောက် သေဆုံးတာမျိုး တစ်ခါမှ
မတွေ့မကြုံဖူးလေတော့ ကျွန်မ လက်ပေါ်မှာ အဖေ ဆုံးသွားတယ်ဆိုတာ ကျွန်မ ဘယ်လိုမှ
မယုံကြည်နိုင်ခဲ့ပါဘူး။ အသက်မဲ့နေပြီဖြစ်သော အဖေ့ခန္ဓာကိုယ်ကို ကျွန်မ
တစ်ချိန်လုံး ပွေ့ဖက်ထားမိသည်။ မနက် သုံးနာရီလောက်မှာတော့ အဖေ့ခန္ဓာကိုယ်သည်
တကယ်ပဲ အေးစက်တောင့်တင်းလို့ သွားခဲ့ပြီ။ အဖေ ပြောခဲ့သော သေတစ်ဂိတ် ဆိုတာကို
အသိတရားနဲ့ အဖေ ကျော်ဖြတ်သွားနိုင်ခဲ့ပြီကော။
အဖေဆုံးပြီး ရက်မလည်ခင်မှာပင်
အဖေ့အတွက် ဆေးဖိုးဝါးခပေးရန် ကျန်ငွေကို ကျွန်မ သတိတရ သွားဆပ်လိုက်ပါသည်။ ဆရာဝန်က
အဖေ့ကို သံယောဇဉ် ဖြစ်နေတော့ မယူပါရစေနှင့် ငြင်းတာကို ကျွန်မ လက်မခံပါ။
'ယူပါဆရာ၊ မနက်ဖြန်ဆို
ကျွန်မတို့ အဖေ့အတွက် ရည်လည်ဆွမ်းကျွေးကြမှာပါ။ အဖေ့ကို ကောင်းရာသုဂတိလားပါစေလို့
ဆုတောင်းပြီး ကျွန်မတို့တစ်တွေ အဖေ့ရဲ့ ဝိညာဉ်ကို လွတ်ရာလွတ် ကြောင်း
ခွင့်ပြုကြရတော့မယ်။ အဖေ့အဖို့ နောင်ဘဝအတွက် ဘာတစ်ခုမှ သံသရာကြွေး
ပါမသွားစေချင်ပါဘူး။ အဖေ့တစ်သက်လုံး သံသရာကြွေးတွေ ဆပ်ခဲ့ပြီးပါပြီ ဆရာ'
ကျွန်မ စကားတွေကို ဆရာဝန်ကတော့
နားလည်နိုင်မည် မထင်ပါ။ အဖေ့ ဆေးဖိုး အကြွေးအတွက် ကျွန်မ၏ မြေအိုးစုဘူး
ကလေးခွဲပြီး ဆပ်လိုက်ပါသည်။ အဖေ့ကို ကျွန်မ လုပ် ကြွေးလိုက်ရတာ သည်ကုသိုလ်ကလေးပဲ
ရှိသည်။ ဘဝဆက်တိုင်း အဖေ သံသရာကြွေးတွေ မတင်ပါ စေနဲ့တော့။
ရက်လည်ပြီး နောက်တစ်ရက်မှာတော့ အမေက
အဖေ့ဇာတာ ပေရွက်ကလေးကို ကျွန်မ လက်ထဲသို့ ထည့်သည်။
'သမီး... ညည်းအဖေရဲ့
ဇာတာကလေးကို ဧရာဝတီမြစ်ထဲ သွားမျှောပေးပါကွယ်'
အဖေ ဆုံးတုန်းကထက် ပိုပြီး ကျွန်မ
ဝမ်းနည်းကြေ ကွဲမိရသည်။ ဧရာဝတီကို သံယောဇဉ် ကြီးမားလွန်းခဲ့သော လှေသမားကြီး၏
ဝိညာဉ်က အဲသည်မြစ်ကြီးထဲမှာ စုန်ချည်ဆန်ချည် ရှိနေ ဦးမလား။ ကျွန်မကတော့
ဧရာဝတီမြစ်ကြီးကို မြင်တိုင်း အဖေ့ကို လွမ်းဆွတ်နေမိတတ်သည်။ ဧရာဝတီသည်
ကျွန်မတို့ဘဝမှာ အထင်ကရ အရေးပါသော ကျေးဇူးရှင် မြစ်တစ်စင်းလည်း ဖြစ်သည်။ ဧရာဝတီမှာ
လှေနှင့်တက်နှင့် လှော်ခတ်ကျွေးမွေးရင်း ပြုစုစောင့်ရှောက်ခဲ့သည့် အဖေ့ကျေးဇူးတရား
ကြီးမားသလို ဧရာဝတီ၏ ကျေးဇူးတရားကိုလည်း ကျွန်မ အမြဲအောက်မေ့နေမိတတ်ပါသည်။
သည်လိုပါပဲ...။
အဖေသည်လည်း ကျွန်မတို့အတွက်
ထာဝရမေတ္တာများဖြင့် စီးဆင်းနေသော 'ကျေးဇူးတော် မြစ်တစ်စင်း'
ပဲ မဟုတ်လား။
အဖေများသို့...
ခင်ခင်ထူး
(အမှတ် ၁၉၅၊ ဖေဖော်ဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
တက္ကသိုလ် ပင်မအဆောက်အအုံကြီးရှေ့မှ စိန်ပန်းပင်တွေက ရဲရဲတောက် နီလို့နေသည်အဲသည် စိန်ပန်းနီတာထက် အဖေ့သွေးတွေက ပိုနီနေလေမလား ကျွန်မ တွေးမိသည် လှေနှင့်တက်နှင့် မြစ်ကြီးထဲမှာပဲ အချိန်ကုန်ခဲ့ရသော လှေသမားကြီးတစ်ယောက်က သည်တက္ကသိုလ်ကြီးဆီ သားသမီးတွေကို ပညာသင်ပို့ရမည်ဆိုသည့် အတွေးအခေါ် ဘယ်ကရောက်နေရပါလိမ့်
ကျေးဇူးတော်
မြစ်တစ်စင်း

ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စ...
ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီ...
ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ည...