နေဝင်းမြင့်
၁။
အပျိုတော် မဒေါင်းသည်
တစ်ခေါက်ကိုယ့်အရပ်ကိုယ် ပြန်ကပ်တော့ လူတစ်ယောက် ပါလာပြန်တယ်။ လူက
သေးသေးဖျောက်ဖျောက်ရယ်။ မျက်နှာဝိုင်းဝိုင်း၊ ပဆစ်တိုတိုဆိုတော့ အရပ်က
အပျိုတော်မိဒေါင်း ဇာတ်ထဲက ကန်တော့ပွဲ ရွက်လာတယ်တောင် အောက်မေ့ကြသေးတာပါ။ မဒေါင်းက
အရပ်ကို ပြန်ကပ်ခဲ့တော့ သည်တစ်ခါပါလာတာ ဟိုတစ်ခေါက်က ပါလာတာနဲ့ မတူတာထား၊
သို့ပေမယ့် သည်တစ်ခါပါလာတာက ရုပ်ကလည်း အကျည်းတန်သေး၊ မဒေါင်းထက်လည်း
ခေါက်ချိုးလောက်ငယ်သေးဆိုတော့ ဘယ်နှယ့်မှတောင် မနေပါဘူး။ ဇာတ်ထဲက ငိုချင်းလို
‘အမယ်လေး၊ အပိုအသစ် မမြင်တယ်၊ နှစ်ကိုယ်ချစ်တာ နှစ်သွယ်ကြင်ကြပါသရှင့်၊
ကိုတာနောရေ... ကျွန်မလင်ငယ်တစ်ပါး’ လို့တောင် ဆိုဝံ့သေးကို။ သည်တစ်ခါ ပါလာတာက
နှဲသမားတဲ့။ နှဲဘယ်လောက် မှုတ်တတ်သလဲတော့ ဘယ်သိကြလိမ့်မလဲ။ ဒါပေမယ့် လူက နှဲလောက်တောင်
တီတီတော်တော် ရှိမယ့်ပုံ မပေါ်ဘူး။ မဒေါင်းက တစ်ယောက်တည်းသမား။ ပွဲကထွက်ရရင် သူ့အိမ်နကျယ်ခေါင်းကိုပိတ်ပစ်ခဲ့တာချည်းပဲ။
ပြန်လာလို့ သောဖွင့်ရင် ဒါလူနေတာပဲ။ တစ်ယောက်တည်းသမားဆိုပေတဲ့ ပြောခဲ့ပါပကော။
ထောင်သောင်းရယ်ဆူ၊ အောင်မောင်းသံ တဒူဒူနဲ့ လူသံတွေ ကြားဆိုတဲ့အထဲကဆိုတော့ လူတွေက
ဘာရယ်ညာရယ်တော့ မဝေခွဲတတ်ဘူး။ အခုလည်း ပါလာပြန်ပြီ။ နှဲသမားတဲ့။ မိုးတွင်း
ဇာတ်နားလို့ တစ်ခေါက်တစ်ကျင်း ပြန်နားရင်း မဒေါင်း ထိုင်စားရုံပဲ။ အပျိုတော်က
ညကြေးဘယ်လောက်ရတယ် မဆိုနိုင်ပေမယ့် ကြည့်ရတာတော့ အေးအေးဆေးဆေးပဲ။ ဗုံတောင်တောင်
ခတ်နေလိုက်သေးရဲ့။
လူတွေက မဒေါင်းကို အပျိုတော်လို့
ခေါ်ကြတယ်။ တချို့ကလည်း မမဒေါင်းတဲ့။ တချို့ကတော့လည်း အပျိုတော်မဒေါင်းလို့
တိတိကျကျ ခေါ်တာလည်းရှိတယ်။ မဒေါင်းကလည်း
ကိုယ့်ရပ်ကိုယ့်ရွာရယ်လို့ ရောက်လာရင် ဟိုအိမ်သည်အိမ်ကူးပြီး နယ်ကပါလာတာလေးတွေ
ဝေတတ် တယ်။ ရှမ်းပြည်နယ်က ပြန်တော့ လက်ဖက်ခြောက်ကလေးပေါ့။ အညာက ပြန်ရင်
သနပ်ခါးတုံးပေါ့။ အောက်ပြည် အောက်ရပ်ရယ်လို့တော့ သွားကရခဲ့တာပေါ့လေ။ ဇာတ်ကလည်း
ဟုတ်တိပတ်တိ ဇာတ်ကြီးမှ မဟုတ်တာကိုး။ အပေါ်ဆယ်ယောက်၊ အောက်ဆယ်ယောက်၊ သူနဲ့ပါမှ
လူနှစ်ကျိပ်နှစ်ယောက်ဆိုတာမျိုး မဟုတ်လား။ ဒါပေမယ့် မဒေါင်းငယ်ငယ်က ဇာတ်တော်တော်များများနဲ့
လိုက်ဖူးတာတော့ ရှိပါရဲ့။ အသက်ကလေး ရလာတော့ မထူးတော့ပါဘူး။ မြသန်းစိန်ဇာတ်မှာ
ဇာတ်သစ်ငုတ်လုပ်ပြီး အပျိုတော် မဒေါင်းဘဝနဲ့ ညဥ့်ဦးယံ စားတော်ဆက်ပြီးရင် ဒူးနှန့်
နေလိုက်တာပါပဲ။ အပျိုတော် ရာထူးကလေး မြဲပါမယ့်အကြောင်း ခယဝတ်တတွေ
လုပ်နေရတာမျိုးလည်း မဟုတ်ဘူး။ မြသန်းစိန် အပါအဝင် တစ်ဇာတ်လုံးက အမေဒေါင်း၊
အမေဒေါင်းနဲ့ ခေါင်းပေါင်းကြီးရယ် ဘာယာပွေဖြစ်နေရသူဆိုတော့ မျက်နှာငယ်ရတယ်လို့တော့
မရှိဘူး။ အသက် နှစ်ဆယ် မရွယ်ခင်ကတည်းက ဇာတ်စင်ပေါ် မီးရောင်အောက်
ဖနောင့်ပေါက်တတ်လာသူဆိုတော့
အသက်ငါးဆယ်ကျော်မှာတော့ သည်လောက်တော့ ရှိရမှာပေါ့လို့ မဒေါင်းကလည်း
ဂုဏ်ခံနေတာပါပါရဲ့။
အပျိုတော် မဒေါင်းကလည်း ရှင်းတယ်။
ဇာတ်ထဲမှာ တခြားဇာတ်ရုပ်လိုလို့ အမေဒေါင်း ကူညီပါဦး၊ ဝင်ပါဦးဆိုလို့ ဝင်လုပ်ပေးတာ
မဟုတ်ဘူး။ အပျိုတော်ရယ်လို့ ဇာတ်ဦးဇာတ်ဖျား ကနေတဲ့မိန်းမက ဇာတ်ထဲ
ဗြုတ်စဗျင်းတောင်း လတ်လျားလတ်လျား အဖြစ်မခံဘူး။ ညကြေး ပိုယူပါဆိုလို့လည်း မရဘူး။
သရုပ်မဆောင်တတ်လို့လားတဲ့။ ဘယ်ဟုတ်ပါ့မလဲ။ ကတတ်လိုက်တာမှ၊ သရုပ်ဆောင်
တတ်လိုက်တာမှ။ ဇာတ်စင်တောင် နတ်တင်နေတဲ့မိန်းမ၊ ဘယ့်နှယ် သဏ္ဌာန်လုပ်
သရုပ်မတူနိုင်ဘဲ ရှိပါ့မလဲ။ ခေတ်ပြဇာတ်၊ ခေတ်အော်ပရာဆိုတာကလည်း ဘာစာမှလိုတာ
မဟုတ်တဲ့ခေတ်၊ အရပ်ပြော ဝင်ပြောရတာ၊ မျက်နှာခံရတာလောက်နဲ့ လုပ်ရတဲ့အလုပ်
လုပ်တတ်လိုက်တာမှ။ ပြောတတ်လိုက်တာမှ။ သဘောပြောရုံနဲ့ 'နော'နေတဲ့ မိန်းမ၊ အာဂမှတ်လို့။ ဒါပေမယ့် ပြောပါပကော၊ မဒေါင်း ဘယ်တုန်းကမှ
ဝင်မလုပ်ဘူး။ ဇာတ်ထောင် ကိုရာကျော်ကလည်း အမေဒေါင်း မလုပ်ချင် မခိုင်းကြပါနဲ့ကွာတဲ့။
'ရုပ်သေး ကလာတာဟဲ့...
သစ်များဝါးများနဲ့ ဆောက်ပြီး စင်ထိုးကရတဲ့ သဘင်၊ သစ်များ ဝါးများကို
လမိုင်းနတ်မကလေး ကြိုက်အောင် ဝင်ကနေရတဲ့ မိန်းမ၊ မင်းတို့ ချော်လဲရောထိုင်ထဲ
မပါချင်ပေါင်တော်။ အမည်ပညတ် ကောင်းတဲ့ သစ်ကိုခုတ်၊ သစ်ကို ရွေ၊ လက်ယာဘက်က အိုးထဲစိုက်ရတဲ့
မြေဝိုင်းခေတ်ကတည်းက ဆိုင်ရာတောတွေ တောင်တွေ၊ မြို့တွေ နယ်တွေကို
တိုင်တည်ပြီးကရတဲ့ဟာ နှယ်နှယ်မှတ်လို့၊ ပွဲမအပ်ရင် ဖိနပ်တောင် မစီးရတဲ့
အလုပ်ဟဲ့... နင်တို့က ပေါ့ပေါ့မှတ်လို့လား'
မဒေါင်းက နတ်နဲ့ပါ ကိုင်တိုက်လိုက်ရင်
ရန်သူမျိုး ငါးပါး ကြောက်နေရတဲ့ဇာတ်က ဘယ်လှုပ်ဝံ့လိမ့်မတုံး။ မဒေါင်းက
စာရယ်ပေရယ်လို့တော့ တတ်လှတာမဟုတ်ပါဘူး။ အိုးနင်းခွက်နင်းထဲကပါပဲ။ သူ့ကို
ဇာတ်ထဲရောက်အောင် စဘော်တိုက်သွင်းလိုက်တဲ့ မအုန်းညိမ် ပြောတာ ဆိုတာ ကတာ ခုန်တာ
လှုပ်တာ ရှားတာတွေ စိတ်နဲ့မှတ်၊ ခေါင်းနဲ့မှတ်၊ ရင်နဲ့မှတ်၊ အာခံတွင်းနဲ့ မှတ်လာတာ
နှစ်မှ မနည်းတော့ဘဲ။ နဂိုကလည်း စကားရေးတတ်သူဆိုတော့ သူက ထပ်တောင်
ပွားလိုက်သေးတာမှုတ်လား။ ပါးစပ်ကလည်း ထွက်သမျှ ဟုတ်နေတော့တာပေါ့။ တစ်ခါတစ်ခါ
ဇာတ်ထဲက ကလေးမတွေ သူ့ကို ဝိုင်းရင် တတ်အပ်သမျှပညာ ပြောပြတတ်တာတော့ရှိတယ်။
'ညည်းတို့များတော့အေ၊
နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ် တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ
ငါပါးစပ်က မရယ်ချင်ဘူး၊ မြစ်ထဲ ဆားလှေမှောက်သလို၊ ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ
ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ။ ညည်းတို့ ဘယ့်နှယ်လုပ် သင်ရပါ့။ မိသန်းကြည်... ညည်း
အရေးကြီးတယ်။ ငါ နေမကောင်းထိုင်မသာဖြစ်လို့ ညည်း ငါ့နေရာကဝင်ရင် ငါဖြင့်
သေချင်စော်ကို နံရောပဲ၊ ညည်းက အပျိုတော်နဲ့မှ မတူဘဲအေ့...။ ကာရာ အိုကေမက အပျိုတော်
တက်လုပ်တော့ အောက်ကလိ အာလိုက်ပုံများ'
တစ်ဖက်သား ရစရာမရှိအောင် ပြောပေမယ့်
သင်စရာရှိတာ သင်တာပါပဲ။ ကျက်ခိုင်းစရာရှိတာ ကျက်ခိုင်းတာပါပဲ။ ဇာတ်ထဲက ထွက်လို့
ကျုပ်ဖြင့် သဘင့်အမွေရယ်လို့ လင်သုံးယောက် အဖတ်တင်တယ် မဖြစ်စေနဲ့ဆိုတာလည်းပါရဲ့။
လုပ်စားစား မစားစား ရစရာရှိတာ ယူကြလို့လည်း ဆုံးမတတ်တယ်။ ကိုယ်တိုင်က မြင်းခြံ
သဘာဝဆေးလိပ်ခပ်တုတ်တုတ်ကြီး အူနေအောင် ဖွာတတ်ပေမယ့် ကလေးမတွေ ဆေးလိပ်သောက်တာကျတော့
တားတယ်။
'အမေ အုန်းစိန်တို့ ကတုန်းက
ပွဲရှင်က ငှက်ပျောဖီး ဆိုင်ကလေးနဲ့ ဘော်ငွေ တစ်မတ်တင်ပြီး ကမယ့်ပွဲကို ဒီက နေ့ည
ဘာဇာတ်တော့ဖြင့် ကစေချင်ပါတယ် တောင်းပန်ရသတဲ့။ ဇာတ်တစ်ပွဲ၊ နောက်တစ်ပွဲ။
နောက်တစ်ပွဲ... ဆိုတာ ဆိုင်းကို ပေးရတဲ့ ကန်တော့ပွဲကိုခေါ်တာ။ ဇာတ်တစ်ပွဲ
နောက်တစ်ပွဲ ဖီးဖီးကြီးနှစ်ပွဲဆိုင်ထိုးပြီး ဆိုင်းက လေဟဲ့၊ မီးဟဲ့၊ မိုးဟဲ့
သုံးချီသုံးလား၊ သုံးဖန်ချီ သုံးဖန်ချ တီးပြီးရင် အမေ အုန်းစိန်တို့က
ပဝါရိုက်မပျက်သေးဘူး။ ဆိုင်းဆရာ မျက်စလှမ်းချီလိုက်ရင် ဆက်တီးနေရသေးတာ။ ပါဝါ
ရှိပုံများ....'
မဒေါင်းက ပခုက္ကူ သနပ်ခါး
ပျစ်နေအောင်သွေးပြီး ပါးတစ်ဖက်တစ်ချက် ဘတ်ခနဲ ကပ်လိုက်ပြီးရင် ဝါးဘီးနဲ့
ခြစ်ချလိုက်တာပေမယ့် လုပ်သက်က ရင့်နေတော့ ကြည့်ကောင်းတာပါပဲ။ စကားပြောတော့လည်း
လူကပြောနေတာနဲ့ မတူဘဲ နတ်ဝင်သည်က ပြောနေသလို ရီရီဝေဝေ မျက်နှာ ခံနဲ့ ပြောတတ်တယ်။
ကလေးမလေးတွေက အားရင် အားကြသလို နားသာထောင်နေကြရတာပေမယ့် စိတ်မထင်လို့
ထတုတ်လိုက်မှာလည်း ကြောက်ကြသေးတာကလား။ မဒေါင်း အသားက မဖြူမရော်လောက်ရှိတာပါ။
ရုပ်ရည်ကလည်း သူလို ကိုယ်လိုထဲကပါပဲ။ စပယ်ဆီ ရေမွှေးနံ့က အီတောက်နေအောင်
မွှေးတတ်ပေမယ့် မဒေါင်းကတော့ ကြိုက်တယ်။ မှည့်တစ်လုံးက နှုတ်ခမ်းထောင့်မှာ ယင်မည်း
နားသလို ပြူးပြူးကြီးဆိုတော့ ခန့်တဲ့ဘက် ပိုနေတယ် ပြောရမှာပေါ့။ ဆံထုံးက
နောက်စေ့မှာလည်း မဟုတ်၊ ငယ်ထိပ်ပေါ်လည်း မရောက်။ ဦးရစ်စောင်းထက် ထုံးထားတော့
သူများထက် ထူးခြားနေတာလည်း ရှိတယ်။ ဇာတ်ခုံပေါ်က ဇာတ်သေတ္တာပေါ်တင်ထားတဲ့
ကန်တော့ပွဲ ကောက်မရင် ပွဲကြည့်ခတောင် စင့်အောက်က ကြက်သီး ဖြန်းဖြန်းထရသူဆိုတော့
ပြောမယ်ဆိုလည်း ပြောစရာပေါ့လေ။ စင်ပေါ်က နတ်သံများ ပစ်လိုက်ရင် မြေကျသာလွန်းလို့
ပွဲကြည့်ခ ကောင်းလိုက်တဲ့ မိန်းမနှယ်နော်လို့ အချင်းချင်း လက်တို့ ရတာချည်းပဲ။
'မင်္ဂလာရယ်မှ မဏ္ဍိုင်လေ
အေးဟေဟေ... အေးဟေဟေ ရောင်ဆိုင်မှ လေးလီ သာမောငယ်စည်... နတ်ပြည်ထိလု
ပျော်ဖွယ်ရယ်မှကောင်း နတ်ပေါင်းငယ်မှ စုစည်း မေယုဗဟို... မေယုဗဟို....
မြင်းမိုရ်ထိပ်မှာ ဝေဇယန္တာက သူဇာနန္ဒစိတြနဲ့ စိတ္တဓမ္မာ ကြင်ယာအများ
မိဖုရားအပေါင်း ထောင်သောင်းမက... ငါသိကြားငယ် စွန်ထက်များ ငယ်စံဝန်းရံခ၏...'
ဆိုင်းသမား သာဆောင်က သည်နေရာရောက်ရင် 'ဘုန်းဘုန်းတန်း...
ဘုန်းတန်းတေဇာ... ဖြာဖြာငယ်လင်းပါလို့ မင်းမျာ့ ထိပ်ခေါင်ဗွေ' အပိုဒ်ကို တီးနေကျ၊ ဒါပေမယ့် သာဆောင်က မဝင်သေးဘဲ ဖြူးနေရင် မဒေါင်းက
စင်ပေါ်ကသာဆောင့် လှမ်းကြည့်တယ်။ သာဆောင်က မသိချင်ယောင် ဆောင်ရင် မဒေါင်းက
စင်ပေါ်ကနေ 'နင့်နှမ...က ဘုန်းတန်းတေဇာ ချိုးပါဟဲ့' လို့ တုတ်လိုက်ရင် ပွဲကြည့်က သိပ်သဘောကျတာ၊ နတ်ကတော် ဆက်ကလို့ပြီးရင်
ဘုံဆောင် မြင့်ကလေးဝင်ပြီး သပြေခံပေးတယ်၊ မဒေါင်းက သည်အချိန် 'ဇင်ယော်တောင်လက်ပစ်'ပေါ့။ ဝမ်းခေါင်းသံကြီးနဲ့
ရုတ်တရက် ထဟစ်တယ်။
'စုံလင်ငယ်မှ မယွင်း၊
ပွဲတော်ခင်း၍ ထမင်းမုန့်နှော... အုန်းငှက်ပျောနှင့်... ဆိုင်းသမား မအေရိုးကို
ဒူးယားတစ်ဘူးနှင့်... သဘောဖြူစင် ကျွန်ုပ်ကပ်တင်၊ စည်ပင်ထွန်းကား မပါဘုရားဟု
သနားရယ်ခံ နန်းစံမယ့် မယ့်သခင်၊ မြို့တော်ကို အပိုင်အုပ်စိုးတဲ့ မြတ်မျိုးအရှင်...
နယ်တော်ကို ပိုင်အုပ်စိုး ပတဲ့ မြတ်မျိုးညီလာခွင်၊ ဦးသုံးကြိမ်ငယ်တင်... မယ်လျှင်
ကန်တော့ပါ၏... နတ်နန်းငယ် ကွန်းစိန်က ကျေးတော်ရှင် ကျွန်တော်မျိုးတို့ကို
အလိုရှင်... တိုးမပါ...'
ဆိုရင် ပွဲကြည့်က ပွဲကျပေါ့။
ဒါပါပဲ။ အပျိုတော်ကပြီးရင် မဒေါင်းက
ဇာတ်စင်နောက် ပြန်ဝင်သွားရော။ နတ်ဝတ်စုံကို ရွရွကလေး ချွတ်တယ်။ မချွတ်လို့လည်း
မရဘူး။ တစ်စုံကလည်း သည်ခေတ် ဈေးသေးတာမဟုတ်ဘူးကိုး။ ဇာတ်ထောင်တာလည်း အမြှောင်မသာ
အဝတ်အစား ဆင်ချင်တာ။ မဒေါင်းဝတ်စုံထည့်တောင် စဉ်းစားတာ မဟုတ်တော့ အဝတ်အစားမရှိ၊
မကနဲ့ဗျာ လုပ်တတ်တာကလား။ ပါတိတ်ဝမ်းဆက် အရောင်ပျက် အကောင်းလုပ် လဲပြီးရင်
အိပ်လို့ရပြီ။ မအိပ်ချင်ရင်လည်း ပွဲဈေး လျှောက်လို့ရပြီ။ မဒေါင်းအလုပ်က
သည်လောက်ပဲ။
ဒါပေသိ မဒေါင်းဘဝက ဒါနဲ့တင်
ဘယ်ပြီးပါ့မလဲ။ မဒေါင်းဘဝတွေ စုံပြီ။ ဇာတ်တွေစုံပြီ။ ငယ်တုန်းက ငယ်ရုပ်နဲ့မို့။
ကြီးတော့လည်း ကြီးရုပ်နဲ့မို့။ ဆိုင်းသမားကလည်း လက်ခတ်ဘုနဲ့ တို့ချင်သေးတာ။
မင်းသားကလည်း ပဝါနဲ့ ယစ်ချင်သေးတာ။ ဇာတ်ထောင်ကလည်း ခတောင်စ (ခါးတောင်စ)
ဆွဲချင်သေးတာ တွေ့ကြုံရလှပေါ့။ ငိုချင်းထဲကလို 'တစ်မယားသေလျှင်
တစ်မယား နေစမြဲပေမယ့်၊ စုလျား အခြေနှစ်ပါး ဂဟေမြဲချင်သူရဲ့၊ အမယ်မင်း...မယား
အနေရဲလှမလားရယ်လို့ အလကား မဲမဲပြီး...ဘွားအေဆဲမှာ မကြောက်ကြသူတွေ'လည်း ကြုံခဲ့လှပေါ့။
မဒေါင်း အပျိုတော် ကလာတာကပဲ အနှစ် ၂ဝ
တော့ ရှိပါပြီ။ သဘင်သက် ၃ဝ စွန်းစွန်းမှာ ဟိုဘက် ၁ဝ နှစ်ကတော့ လူကလည်း ငယ်သေးတော့
လေးလုံးမကွဲ၊ ဌာန်လည်း မပီ၊ လော်လီ ဗန်းပြရင်း မိုးလင်းခဲ့ရတာတွေ များခဲ့တယ်၊
မိန်းမသားပေမယ့် မရှက်နိုင်ပါဘူး၊ မချိပေါင် တုတ်တပြာ(တံဖျာ)နဲ့ ရိုက်သော်လဲ့
မသိအောင် ကျုပ်မှာ ကြိုက်ခဲ့ရတာ တွေလည်း ရှိခဲ့ပါရဲ့။ မသိသချင်တာတွေကို
ညည့်လင်မို့ ကလက်သလားအေ့ရဲ့လို့ ဆိုလာလို့ တစ်ညမပေါင်းရခင်က ဘဝပြောင်းရတာတွေလည်း
ရှိတာပါပဲ။ ခြေဖျားက ဆံစလည်း ကန်တော့ပါရဲ့။ ထုံးဓလေ့ ဓမ္မတာ မော်မနော သဘောရယ်နဲ့
အုံးမွေ့ရာ ပျော်သကောရယ်လို့ ကော်ဇောအစုံအလင်နဲ့ လူ သရဏဂုံတင်ခဲ့တာ များကတော့ကော။
နောက်တော့လည်း ဘဝကလည်း ထုံပြီ။ လူကလည်း ထုံပြီ။ ပလီစိချောက်ချက် လာလုပ်တာနဲ့
စကားတွေ အပြောတစ်ဖုံ သစ်လိုက်တာက အပျိုရေ ကျောရုံချစ်တာမို့ သဘောအကုန်ပစ်တော့မလား၊
စကား အပိုကြွားသူရယ်၊ အောက်မေ့တတ်ပါပြီ။
မဒေါင်းဘဝမှာ အဲ့သလို
ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ရ၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ရတဲ့ ကြားကပဲ ပဆက်နဆက် (ပါးဆက်
နားဆက်)တွေလည်း ကျပြီ။ နထင်နရင်း (နားထင် နားရင်း)တွေလည်း ချိုင့်ပြီ။
မျက်လုံးထောင့်လည်း ကျီးခြေ နင်းပြီ။ ဦးရစ်ဆက်ထက် ထုံးထားတဲ့ သန်လှချည့်ဆိုတဲ့
ဆံပင်တွေတောင် ခုတော့ ယုန်မွှေးဆွယ်တာဟောင်း ဆူးငြိသလို မူးစေ့လောက် ကျန်တော့တဲ့ဘဝ
ရောက်ပြီ ပြောပါတော့။ အပျိုတော်အကထဲက ဘယ်ခါးထောက်၊ ညာခါးထောက် လက်မြှောက်လိုက်
ခါးထောက်လက်မြှောက် ဘေးလွှဲလိုက်၊ တစ်ခါတစ်ခါလည်း ပန်းကုံးဆွဲကလေး၊ တစ်ခါတစ်ခါတော့
တစ်ပင်တိုင်ခြေရွေ့၊ တစ်ခါတစ်ခါတော့ ပဝါကောက် ဘေးရွေ့။
'ဟောသဟာက စင်ရော်တောင်
လက်ပစ်ခေါ်သဟဲ့။ ကြည့်သည်မယ်... ဟောသဟာက အရုပ်လက်ဆက် ခေါ်သဟဲ့၊ သည်မယ် ဒါက
လက်ဆစ်ကော့ မေးထိုး၊ ဒါက ကိန္နရာတောင် လက်တစ်ဖက်ခတ် သည်လိုလေးက၊ ထမီနားခတ်
အသုတ်ကလေး၊ ဟောသဟာက ပန်းကုံးဆွဲ အပြေး၊ ဟဲ့... လင်မကြည့်နဲ့ သည်ကြည့်... သရာမ...'
နောက်တက်တွေကို ယူချင်သော်ရှိ၊
မယူချင်သော်ရှိ သင်ပေးနေရပြီ။ အသက်ကလည်း ငါးဆယ်ရှိပြီ။ စိတ္တဇကြောင့် ဘိဇ္ဇနလည်း
မမြင်တော့ပါဘူး။ အကဲမလှလို့ လွဲဘဝတွေကိုလည်း သဲကျရေ အောက်မေ့တတ်ပြီကိုး။
အကြည်တွေ့ချင်လို့ ကြည်မွေ့စွာ ဗန်းတင်ပြရမယ့်အရွယ်ကလည်း မဟုတ်တော့
အကျပ်အပူးကိုလည်း ဓာတ်ကူးလို့ မတွယ်ချင်တော့ဘူးပေါ့လေ။
သည်တစ်ခေါက် ကိုယ့်ရပ်ကိုယ်
ပြန်ကပ်တော့ လူတစ်ယောက် ပါလာတာကတော့ မဒေါင်းအပြစ် မပါပါဘူး။ နှဲသမား သာရှင်းက
မဒေါင်းရယ် လိုက်ခဲ့ပါရစေတဲ့။ ကျုပ်ကလည်း ခင်ဗျားလို တုံးမျော တိုင်ကပ်ပါပဲတဲ့။ ဆန်စဉ်ရာ
ကျည်ပွေ့လိုက်ရသူပါတဲ့။ ခင်ဗျားမှ လက်ခံရင် နှစ်ယောက် တစ်ဘဝ ထူထောင်ချင်တယ်
လုပ်လာပြန်လေတော့ တောဖျားမှာ ငြိုငြင်ခိုက်ပေမယ့် ဇောငါးဖြာ ခိုဝင်ဆိုက်လာတယ်
အောက်မေ့ရပြန်တာပါပဲ။ ဘယ့်နှယ့်လုပ်မတုံး။
သို့သော်လည်း အဲသလောက်တော့
ဘယ်လွယ်ပါ့မလဲ။ ဘဝမှာ ကံပါသရွေ့ ပေါင်းကြရမယ့် လင်ယူသားမွေးကိစ္စ အဲသလောက်တော့လည်း
ဘယ်ချောချောသာသာ ရှိပါ့မလဲ။ မိန်းမသားဆိုတာ လေလာတဲ့ဘက်ချည်း လှည့်နေတဲ့
ဗျိုင်းအောက်မှ မဟုတ်တာဘဲ။ ပြီးတော့ မဒေါင်းမှာက ကလေး တစ်ယောက် ရှိနေပြီဆိုတော့
ရေရှည်မှာ ထည့်တွက်ရမယ့် ကိစ္စမဟုတ်လား။ တစ်ခါတစ်ခါတော့လည်း မဒေါင်း သူနဲ့
ပတ်သက်ဖူးတဲ့ လူသုံးယောက်ကို သတိရရဲ့။
သည်လိုနဲ့ မဒေါင်း ဇာတ်နားလို့
ကိုယ့်ရွာကိုယ့်ရပ် ပြန်ကပ်တော့ နှဲသမား ကိုသာရှင်းပါ ပါလာခဲ့တယ်။
□
၂။
ကိုသာရှင်း မဒေါင်းတို့ဇာတ်ထဲ
ရောက်လာတာ သိပ်မကြာသေးဘူး။ မကြာသေးဘူးဆိုပေမယ့် အခါလည်တော့ ကျော်ပါပြီ။
ဇာတ်နှဲဆရာဆိုပေမယ့် တွယ်နှဲပါ။ သာရှင်း ဆရာ ဝိဇ္ဇာသန်းက ဇာတ်ထောင်ကို
တွယ်နှဲတစ်လက်ကတော့ ထားမှပေါ့ဆိုတာနဲ့ ဆရာစိတ်တိုင်းကျတဲ့လူ ခေါ်လေ ခွင့်ပြုလို့
ကိုသာရှင်း ရောက်လာတာပါ။ ဝိဇ္ဇာသန်းကကို သာရှင်းကိုခေါ်တာ တကယ်တော့ သူ့လက်ကျ
မီလို့ တော်လွန်းလို့ ရယ်လို့တော့
မဟုတ်ဘူး။ ဆွေရိပ်မျိုးရိပ် မကင်းလို့ ခေါ်လိုက်တာ။ ကိုသာရှင်းက နှဲမှုတ်သက် မနည်းတော့ပေမယ့်
လျှာဒျန့် မကောင်းလှဘူး။ နှဲမှုတ်တာမှရယ် မဟုတ်ပါဘူး။ စကားပြောရင်တောင် လျှာဒျန့်က
မကောင်းချင်ဘူး။ စကားလုံး တစ်လုံးနဲ့ တစ်လုံးကလည်း ညောင်ဦးနဲ့ အင်တော ကျယ်လောက်
ခြားသေးတာ။ ပြီးတော့ ကိုသာရှင်းက ဇာတ်နှဲ သမားထုံးစံ သံထီးတံပါ။ နှဲမှာက
ရှေးသမားစဉ် မှုတ်လာကြတာ သံထီးတံ၊ သံလတ်တံ၊ သံကြပ်တံရယ်လို့ ရှိရာမှာ လက်ပေါက်
ငါးပေါက်ပိတ်မှုတ်လို့ သံမှန်ထွက်တဲ့ နှဲက သံကြပ်တံ၊ လက်ပေါက် လေးပေါက်
ပိတ်မှုတ်လို့ သံမှန်ထွက်တဲ့ နှဲက သံထီးတံ၊ လက်ပေါက် သုံးပေါက် ပိတ်မှုတ်လို့
သံမှန်ထွက်တဲ့ နှဲက သံလတ်တံခေါ်ကြတယ်။ တျာသံ ထွက်တယ်ပေါ့။ ကိုသားရှင်းက
ခေတ်နှဲသမားဆိုတော့ သည်ဘက်ခေတ် သုံးနေကျ သံထီးတံသမား၊ နှဲသမား ကောင်းရင်
ပတ်တစ်လုံးနဲ့ နှဲတစ်ပေါက် ကပ်လျက်၊ ချပ်လျက် ရှိကြရပေမယ့် ကိုသာရှင်းက လေးတယ်။ ပတ်က
ရုန်းရင် မနည်းလိုက်ပေတော့ပဲ။ ဒါပေမယ့် ဇာတ်ကလည်း ဂရုန်းဂရင်းဆိုတော့ နှဲသမားက
ဂရုန်းဂရင်းနဲ့တော့ အကိုက်ပေါ့။ ပြီးတော့ ကိုသာရှင်းက ရှေ့က ဧည့်ခံလောက်၊
အိုဗာဂျာလောက်၊ အပျိုတော်ထွက်လောက် မှုတ်ရတာဆိုတော့ သူ တာဝန်ယူရတဲ့အပိုင်းတော့
သူပိုင်တယ်။ မဒေါင်းနဲ့ ကိုသာရှင်းက တစ်ဇာတ်တည်းသားတွေလည်း ဖြစ်ပြန်၊ မဒေါင်း
အပျိုတော်ထွက်ရင် ကိုသာရှင်းက နှဲမှုတ်ရတာလည်းရှိပြန်ဆိုတော့ ဇာတ်ထဲက
သူလိုကိုယ်လိုပါပဲ။ ခင်ကြတယ်။ နောက်ကြစမြဲပါပဲ။ ခက်တာက ကိုသာရှင်းက ကျပ်ကလည်း
ပြည့်ချင်တာ မဟုတ်ဘူး။ စကားသာ မသွက်တာ ပြောချင်ရာရာ တောင်စဉ်ရေမရ ပြောတတ်တယ်။
လူတကာက ဇာတ်ထဲ ခိုင်းစရာရှိရင် ထမ်းဆင့်လို၊ ကြိုးဆွဲလို ကလေးတွေကို သတိမရကြဘူး။
ကိုသာရှင်း သတိရကြတာများတယ်။ ကူပါဦးဟ၊ မပါဦးဟ ဆိုတော့လည်း ကိုသာရှင်းပဲ။
ပြေးပါဦးဟ၊ ဝယ်ပါဦးဟ ဆိုတော့လည်း ကိုသာရှင်းပဲ။ တူရိယာအစုံ ချောက်တီးချောက်တက်
တီးတတ်သော ဝိုင်းထဲက အတီးသမား ဖဲထွက်ရိုက်ရင်လည်း ဝင်ကူတတ်တယ်။ မီးစက်သမားက
လူလိုတော့လည်း သာရှင်း၊ အသံချဲ့စက်သမားက လူလိုတော့လည်း သာရှင်း၊ မင်းသမီး အမေက
ပွဲခင်းထဲ ဆန်ပြုတ်ကလေး ပြေးဝယ်ပါဦးဆိုတော့လည်း သာရှင်း၊ ဇာတ်ထောင်က မြို့မှာ
ကျန်ရစ်တဲ့ မယား ပိုက်ဆံလို၊ စာလို ပို့ခိုင်းရင်တော့လည်း သာရှင်းပဲ ပို့ခိုင်းတာ
များတယ်။ မရိုးမသား မရှိတာ၊ ဖင်ပေါ့တာ၊ သဘောကောင်းတာကို အခွင့်ကောင်း ယူကြတာ
မဟုတ်ပေမယ့် အရေးရယ် အကြောင်းရယ် ခိုင်းစရာရှိလာရင် ထက်တဲ့ဓား အရင်ဆုံး
ကောက်ကိုင်ကြတဲ့ သဘောပဲ။
မဒေါင်းနဲ့တော့ ကိုသာရှင်း ပိုခင်တယ်။
မဒေါင်းမှာ ဆီတွေဝနေအောင် စိမ်ထားတဲ့ လက်ဖက်ချိုင့်က အမြဲရှိတော့ ဒါကို
ကိုသာရှင်းက သိပ်ကြိုက်တယ်။ ဇာတ်ထဲ နှဲတစ်လက် ခါးထိုးပြီး ရောက်လာတဲ့လူ ဘယ်သူက
လက်ဖက်ချိုင့် ထိုးပေးပါ့မလဲ၊ ကြိုက်ရင် ဝယ်စားရုံ၊ သုပ်စားရုံ မှုတ်လား။ ဒါပေမယ့်
မဒေါင်း လက်ဖက်ချိုင့်တော့ ကိုသာရှင်းက ကြိုက်သလို စားခွင့်ရှိတယ်။ သည်လို
ပါမစ်ရဖို့ကလည်း ကိုသာရှင်းက နေ့လယ်နေ့ခင်း ထမင်းစားပြီးရင် မဒေါင်းကို ကုတ်ကျော
ဆွဲပေးရတယ်။ တံခေါက်ခွက်ကြောတွေ ဆွဲပေးရတယ်။ တစ်ခါတလေ ရှေ့ကထိုင်ပြီး
မဒေါင်းနဖူးကျယ် ကြီးကို လက်မနဲ့ လက်ခလယ် ညှပ်ပြီး ဖျစ်ဖျစ်ပေးရတာ ကျတော့လည်း
ကိုသာရှင်းမှ လက်ပေါက်တယ်ဆိုသကိုး။ တစ်ခါတလေများ မဒေါင်းအိပ်ရာ ဝင်ဝင်အိပ်နေလို့
မဒေါင်းက ငေါက်ရသေးတာ။
'ဟဲ့...နှဲသမားရဲ့၊
ငါ့အိပ်ရာများ နှဲသပွတ်ထည့်တဲ့ ဖာမှတ်နေသလား'
ဇာတ်သူ ဇာတ်သားတွေကတော့
ပြုံးပြုံးပေါ့။ လူရွှင်တော် ဒန်ခွက်က ဇာတ်စင်ထောင့် ဆေးလိပ်သောက်ရင်းက မဒေါင်း
ငေါက်သံကြားရင် ထပြောတတ်တယ်။
'ဟုတ်သားပဲဟ သာရှင်းရ...
မင်းက အိပ်ရာ အိပ်ရာ မို့လို့၊ လက်ဖက်ချိုင့် လက်ဖက်ချိုင့်မို့လို့...
မဒေါင်းများ မင်းနှိုက်စရာများ မှတ်နေသလားဟ...'
သည်တော့ မင်းသားကြီး သော်တာလှက
ဝင်ထောက်တယ်။
'မိဒေါင်း ဇယန်းနှပ်
မှတ်လို့ပါကွာ...'
'ဟုတ်ထင်ပေါင်ဗျာ...၊
သာရှင်းက ဇယန်းနှပ်တော့ သိပါတယ်၊ အခုဟာက အတွင်းတောင် တင်တာနေမှာ...'
'ငါတော့ ရွှေဖီ မိုးမလွတ်
ထင်ပါ့ကွာ'
ဒန်ခွက်နဲ့ သော်တာလှ တစ်ယောက်တစ်ပေါက်
ပြောချင်ရာ ပြောကြတာကို ကိုသာရှင်းက တကယ်ပြောတယ် ထင်သေးတာ။
တစ်ခါတစ်ခါတော့လည်း ဇာတ်ခုံနောက်က ဓမ္မာရုံရိပ်လို၊
ဘုန်းကြီးကျောင်းရိပ်လို နေရာတွေမှာ မဒေါင်းနဲ့ ကိုသာရှင်း နှစ်ယောက်တည်း စကားတွေ
ပြောချင်ပြောနေကြတာ။ မဒေါင်းက ရှေးဟောင်းနှောင်းဖြစ်တွေ ပြောတာကို ကိုသာရှင်းက
ညမှုတ်ရမယ့် သူ့နှဲတံပြင်ရင်း နားထောင်နေတတ်တယ်။ တစ်ခါတစ်လေတော့ ကိုသာရှင်းက
ပြောတာပေါ့လေ။ ဘယ်မှာ မွေးလို့ ဘယ်မှာ ကြီးရတာက အစ၊ ဘယ်ဇာတ် ဘယ်လို
လိုက်ခဲ့ရတဲ့အကြောင်း၊ နှဲမှုတ်ပညာ ဘယ်လို သင်ခဲ့ရတဲ့ အကြောင်း၊ စီကာစဉ်ကာရယ်
မဟုတ်ပါဘူး။ ရောက်ရာ ပေါက်ရာ ပြောတော့တာပါ။
တစ်ရက်တော့ မဒေါင်းက သူရခဲ့ဖူးတဲ့
အိမ်ထောင်တွေအကြောင်း ပြောပြတယ်။ ဇာတ်ထဲဝင်စက မင်းသား ကျော်စိန်သော်က
ကြိုက်လှချည့်ရဲ့ဆိုလို့ ဇာတ်ထဲတင် လက်ဖက်ရည်တိုက်၊ ကန်တော့ပွဲတင်ပြီး မင်းသားကြီး
စိန်မျက်မှန် အကြီးအမှူးလုပ် ယူခဲ့တာကစလို့ တစ်နှစ်ကျော်ကျော် ပေါင်းလို့မှ မဝခင်
ကျော်စိန်သော် နောက်မယား ယူပြေးလို့ ကွဲရတာအဆုံး စီကာပတ်ကုံး ပြောတဲ့အခါ ကိုသာရှင်းက
နှဲလျှာခင်သွားနဲ့ကိုက်ကိုက်ပြီး တီ... တီ... နဲ့ အသံစမ်းတာမျိုးနဲ့ စုတ်သပ်တယ်။
နောက်တစ်ယောက် ယူဖြစ်တဲ့လင်က ဇာတ်ထောင် ကိုစိန်လှ ယောက်ဖ ဇာတ်မန်နေဂျာ ခဏလာလုပ်တဲ့
ကိုကြီးဖေတဲ့။ ကိုကြီးဖေက ဇာတ်အကြောင်း ဘာမှနားမလည်တော့ အလေအလွင့်
အယိုအဖိတ်များလို့ ဇာတ်ထောင်မယား လိုက်လာတော့ မောင်နှမချင်း ရန်ထဖြစ်ရာက ဇာတ်ပေါ်က
ဆင်းသွားတာ မဒေါင်းတောင် မသိလိုက်ဘူးဆိုရဲ့။ ဒင်းမှ သံယောဇဉ် မရှိဘဲ ဖုက်ဖက်ခါ
ဆင်းမှတော့ သူကလည်း သည်ဇာတ်မကတော့ဘူးဆိုပြီး ညောင်နယ်ဘက်က ဇာတ်တစ်ဇာတ်
ပါသွားခဲ့သတဲ့။
'ရော်ဗျာ... မဒေါင်းနှယ်
အဲသလို ဆင်းသွားတော့ ပြီးရောတဲ့လား...ဘယ့်နှယ်... မဟုတ်တာ'
စကားတစ်လုံးနဲ့ တစ်လုံး ခြားနေလို့
ကိုသာရှင်းမေးတဲ့ မွေးခွန်းပြီးအောင် စောင့်နားထောင်ပြီးတော့မှ မဒေါင်းက ရယ်တယ်။
'အောင်မယ်လေး မိဒေါင်းတို့က
ဘယ့်နှယ် လင်တစ်ယောက်အတွက်နဲ့ ဒါလောက် သည်းကြီးအူမ ပြတ်စရာ လိုမှာတုံး သာရှင်းရဲ့။
မရှုသာ သကုဏာ အမူထူးပါဘိ မြေလူးကာ ဘယ်အတွက်ကယ်ကြောင့် သည်ငှက်အော်ဆိုတာလို
ဘယ့်နှယ် ငါက မြေလူးလူးပြီး ညည်းရမှာလား၊ ဝမ်းဂိုး တူးကမ်းပေါ့'
မဒေါင်းက အင်္ဂလိပ်လို တတ်တာတော့
မဟုတ်ဘူး၊ ဒါပေမယ့် တစ်ယောက်သွားရင် နှစ်ယောက်လာမယ်လို့ ပြောတာမှန်းတော့
လူတကာသုံးနေတော့ သိတာကိုး။
'ကိုင်း... လုပ်စမ်းပါဦး
တစ်ယောက်'
ကိုသာရှင်းက နှဲကိစ္စပြီးသွားလို့
ကျကျနန နားထောင်တော့မယ့် ပုံနဲ့ မဒေါင်းမျက်နှာ စေ့စေ့ကြည့်တယ်။ သူ့စိတ်ထဲ
သည်မိန်းမကြီးကတော့ လက်ပေါက် ငါးပေါက်လုံး ပိတ်မှုတ်မှ တျာသံထွက်မယ့် သံကြပ်တံ
နှဲမျိုးပဲလို့လည်း တွက်နေပုံပေါက်ရဲ့။
'တစ်ယောက်က
ဘယ်သူရမတုံး...အရင်တို့ဇာတ်ထဲ အုပ်စုံတီးသွားတဲ့ ကျော်လှရယ်...
လူပျိုမဟုတ်မှန်းတော့ သိသား။ ဒါပေသိ လူလွတ်ဆိုတော့ ကိုယ်ကလည်း အရွယ်ကလေး ရပြီလေ။
သဘင့်အလုပ်ဆိုတာ လုပ်နိုင်ကိုင်နိုင် ရှိတုန်းကောင်းတာ၊ သည်တစ်ခါတော့ ကံကလေးလိုက်
ကောင်းပါရဲ့ဆိုပြီး ထယူတာ၊ သင်းလည်း မထူးပေါင် သာရှင်းရယ်၊ ဟိုဒင်းပြောသလို
ငါ့ဖြစ်ပုံက ရေစီးအကျော်တွင် လှေကြီးပေါ်တွင် လှေငယ်တင်သကဲ့သို့ အလှည့်တွင်
ပဲ့စင်က လှုပ်သည့်နှယ်... ငွေကြုတ်မယ် ဂနာမငြိမ် လိုက်တာက... ဆိုသလို ငါ
ဂနာမငြိမ်လေတော့ လှေလည်း မြုပ်ကရော'
'သြော်...လှေမြုပ်ကြသေးသလား'
'ဟယ်...သေနာရဲ့
သဘောပြောတာဟဲ... ဇာတ်ထဲမှာ နှဲမှုတ်နေပြီး သည်လောက် အရသလား သာရှင်းရဲ့၊ ငါ
မကောင်းလို့ ငါခံရတာလို့ ပြောတာ... နင့်ပြောရတာ မောသဟယ်...'
တကယ်တော့ မဒေါင်းက သာရှင်းကို
လူကောင်းလုပ်ပြီး သူ့ဘဝ ပြောပြနေတာ မဟုတ်ပါဘူး။ သာရှင်းကို ဒါတွေအထိ ပြောရလောက်အောင်လည်း
မလိုတာ သိပါရဲ့။ ဒါပေမယ့် သာရှင်း စိတ်ဝင်စားနေမှန်း မဒေါင်းက သိတယ်။ တကယ်တော့
မဒေါင်းနဲ့ရဖူးတဲ့ သည်သုံးယောက် ဆိုတာ ကလည်း လူတိုင်းသိတဲ့ သုံးယောက်ပဲ
ရှိသေးတာပါ။ ယောကျ်ားများ ဘာပြောရင် ဘယ်ရောက်တယ်ဆိုတာ မဒေါင်းက သိလေတော့
ယောကျ်ားဆို နောက်များကို အမှန်ရွံ့ပါသရှင့် ကြံဝံ့တော့ဘူးဆိုပေမယ့် အသွင်ကိုပြင်၊
လင်မင်အောင် မျက်နှာချိုသွေးတဲ့ သဘောလည်း ပါရဲ့ပေါ့လေ။ ကိုသာရှင်းကတော့ မဒေါင်းကို
ကြိုက်လှချည့်၊ ချစ်လှချည့်ရယ်လို့တော့ ဘယ်ပြောဝံ့ပါ့မလဲ။ တစ်ဇာတ်လုံးက
အပျိုတော်ရယ်လို့ ဘာမှန်းညာမှန်းသာ မသိတယ် ကြောက်နေရတာဆိုတော့ ကိုသာရှင်းကလည်း
သည်အထဲ ဘယ်လွတ်လိမ့်မတုံး။ ကိုသာရှင်းက မဒေါင်းကို သနားပါတယ်လောက် ပြောရင်
မဒေါင်းကလည်း ငါသိပါတယ် သာလိကာရယ်ပေါ့။ သည်အရွယ်ကြီးတွေကျကာမှ တူပြိုင် ဂူလိုဏ်
စကားသစ္စာ တိုင်မနေရတော့ပါဘူး။ ဒါပေမယ့် သာရှင်း မရှင်းသေးတာ တစ်ချက်ရှိတယ်။
မဒေါင်းမှာ ဆယ်နှစ်သားလောက် ကလေးတစ်ယောက် ရှိတယ်ဆိုတာ သန့်သန့် ကြားဖူးထားလေတော့
သည်ကလေး ဘယ်သူနဲ့ မွေးသလဲဆိုတာတော့ ကိုသာရှင်း သိချင်တယ်။ ဒါကလည်း သိချင်တာ
သက်သက်ပါ။ ကလေးအတွက်ရယ်လို့ ဆေးချက်လေးလို့လည်း မဟုတ်ဘူး။ သိချင်တာ။ ကလေးက ဇာတ်ထဲ
တကောက်ကောက် ပါနေတာ မဟုတ်တော့ မြင်လည်း မမြင်ဖူးဘူး။
'ဒါနဲ့ မမဒေါင်း
ကလေးတစ်ယောက်ရှိသလို ပြောကြတာ ကြားဖူးရဲ့။ ဘယ်သူနဲ့ မွေးတာတုံး'
'ဟုတ်ပေါင်တော်... ငါက
မွေးစားတာပါ၊ အုပ်စုံတီး ကျော်လှနဲ့ အတူပေါင်းနေတဲ့အချိန်ပေါ့၊ မလယ်ဘက်က ရွာတစ်ရွာ
သွားကတော့ ရွာက မအေ၊ ဖအေ မရှိတော့တဲ့ ကလေး ဇာတ်ကမွေးပါ၊ ပေးလိုက်ကြတဲ့ ကလေး၊
နာမည်လည်း အုပ်စုံလို့ပဲ ပေးလိုက်တယ်။ အုပ်စုံတောင် ဆယ်နှစ်သား ရှိပါပြီ။ ငါက
တောင်းယူလိုက်တာ'
'အခု ဘယ်မှာ ထားသတုံး'
'ညီမဝမ်းကွဲဆီ
စရိတ်ပေးထားရတာပေါ့။ သူတို့ကလည်း သားသမီးမရှိတော့ စရိတ်ရယ် မဟုတ်တော့ပါဘူး၊
အစ်မရယ် ငါတို့ ပေးပါလားတဲ့၊ အဲသလိုတော့ ပေးနိုင်ပေါင်အေ...' ငါ ဇာတ်နားပြန်တော့ ပြန်ခေါ်ပါရစေ ပြောထားရတယ်'
စဥ့်ကူးမင်းလက်ထက် ထုတ်ပြန်တဲ့
သဘင်စည်းကမ်းမှာက ဆိုင်းဆရာများက တီးကွက်ရှိသော ၃၇ ချင်း သံချပ်ကြီးများ တီးမှုတ်၍
ဆုံးလျှင် လက်ရုံးတန်းအထက်သို့ အထိအခိုက်မရှိအောင် မ၍ တင်ရမည် ဆိုသမို့လား။
ခြောက်လလောက်ကြာတော့ မဒေါင်းကို ကိုသာရှင်း လက်ရုံးတန်းအထက် အထိအခိုက် မရှိအောင်
မတင်လိုက်တာပါပဲ။
မဒေါင်းနဲ့ ကိုသာရှင်း ဇာတ်ထဲမှာပဲ
မင်္ဂလာဆောင်တယ်။ မကုန်ပါဘူး။ ပွဲဈေးတန်းက လက်ဖက်ရည် မှာတိုက်ကြရုံပါ။ မင်းသားကြီး
သော်တာလှက မင်္ဂလာ စကားပြောတယ်။ တစ်ဇာတ်လုံးကတော့ ပြောစရာဖြစ်နေတာပေါ့လေ။ ဝမ်းလည်း
သာကြပါရဲ့။ ဇာတ်သမားတွေဆိုတော့ မုခသိုက်ဝင်တာ မဝင်တာထား၊ ပြောချင်ရာ ပြောကြတာ
မှုတ်လား။
'သည်လိုဟာပေါ့ကွာ
ဒန်ခွက်ရဲ့... စိတ်နောက်တဲ့ မောင်၊ ထိတ်လောက်အောင် ပြစခန်းပေထင့်၊ ကြွလှမ်းမည်
ဟန်တော်ကာမှ ကရုဏာ အကြိမ်ကြိမ်ဆောင်လို့... အိမ်မြှောင်စုတ်ထိုး... ဆိုတာ'
'နိမိတ်မရှိ နမာမရှိကွယ်...
မဟုတ်တာ မပြောပါနဲ့... အခုဟာက ဘယ်နှယ်ဖြစ်နေသတုံးဆိုတော့...'
'ဆိုပါဦး'
'ကန်မယ့်သူပါလေလေ့...
ပြန်လှည့်မူ ဖေမရှုလေဘု၊ သေလုအောင် သည်မယ် ကောင်းသော်ငဲ့၊ မဆိုသာ ဟိုဟာက
ဟောင်းပြီမို့ ဆိုတာလေကွာ'
သည်တော့ မိတ်ကပ်တွေ ပိန်းနေအောင်
လိမ်းထားတဲ့ သတို့သမီး မဒေါင်းက 'လာလေဟယ်... ဘယ်ဟာက ဟောင်းသလဲ ကြည့်ရအောင်'
လို့ ပြောရင်း အော်ပရာမှာ သုံးတဲ့ လေးကောက်နဲ့ လိုက်လို့ ပြေးသူက
ပြေးကြရပေါ့လေ၊ တည့်သော်ရှိ မတည့်သော်ရှိ၊ ချစ်သော်ရှိ၊ မချစ်သော်ရှိ၊ သည်ဇာတ်အဖွဲ့အစည်းကလေးဟာ
သူတို့ရဲ့ လူ့အဖွဲ့အစည်းကလေးဆိုတော့လည်း တကယ့်လက်တွေ့ဘဝတွေဟာ ဇာတ်ခုံပေါ်မှာ
သရုပ်တုရတဲ့ဘဝတွေနဲ့ ဘယ်တူပါ့မလဲ။ စိတ်နဲ့ ရုပ်ပေါ်မှာ တင်သမျှ ဘဝအမောတွေကလည်း
ညဘက် မီးရောင်အောက် ရောက်ရင်ပဲ ပြေရပျောက်ရပေသကိုး။ သံဝဇ္ဇမာနံ ရူပံ သရူပံ
ဆိုသကိုး။ သံဝဇ္ဇမာနံ၊ ထင်ရှားရှိသော၊ ရူပံ၊ ရုပ်တည်း (ဝါ) သဘောတည်း။ သရူပံ
ထင်ရှားရှိသော ရုပ် (ဝါ) သဘောတည်းလို့ ဆိုပေမယ့် သူတို့ တကယ့်ဘဝတွေ ကိုယ်တိုင်က
ထင်ရှားမရှိတဲ့ ဘဝတွေနဲ့တောင် တူသေးတာ မဟုတ်လား။
□
၃။
သည်တစ်ခေါက် မဒေါင်း ရွာပြန်တော့
လူတစ်ယောက် ပါလာခဲ့တယ်ဆိုတာ ဘယ်သူဖြစ်ရဦးမတုံး။ နှဲသမား ကိုသာရှင်းပေါ့။ လူက
ဖျောက်ဖျောက်ပေမယ့် လုံးစောက် စောက်ဆိုတော့ ပြောခဲ့ပါပကော၊ လူတွေက မဒေါင်း
ကန်တော့ပွဲ ရွက်လာတယ် ထင်ကြသေးတာ။ ဇာတ်က ရှင်းပေးလိုက်တဲ့ ပိုက်ဆံခေါက်ကလေး
ကျစ်ကျစ်ဆုပ်ပြီး လင်မယားနှစ်ယောက် ပြန်ရောက်လာကြတယ်။ သေတ္တာကလေးရယ်တောင်
မဟုတ်ပါဘူး။ ဟင်းဘက်ကြီး တစ်ယောက် တစ်လုံးလွယ်ပြီး မဒေါင်းက ဖျင်ပုဆိုးကွက်
အနွေးထည်ကြီးနဲ့၊ ကိုသာရှင်းက နှဲခါးထိုးပြီး ဘလေဇာ ကုတ်ကြီး ဝတ်လိုက်လို့။
ဇာတ်စင်ပေါ်မှာ အပျိုတော်ဘဝနဲ့ နတ်ကြီးပင့် အယိုင်ကနဲ့ လက်စုံပစ်ပစ်ပြီး ကတဲ့
မဒေါင်း မဟုတ်တော့ပါဘူး။ စင်ရော်တောင် လက်ပစ် အပြေးကလေးနဲ့ ကသုတ်ကရက်ဆိုရတဲ့
နတ်ယိုင်သီချင်းတွေ ဝေနေအောင် ဆိုရတဲ့ မဒေါင်းမဟုတ်တော့ပါဘူး။ ဆိုင်းက မန္တလေး
ဘိုးတော် နတ်ချင်းဖြစ်တဲ့ ဘုန်း... ဘုန်းတန်း... ဘုန်းတန်းတေဇာ၊ ဖြာဖြာရောင်
လင်းပါလို့၊ မင်းမင်းများ ထိပ်ခေါင် ဗွေချိုးသော်မှ၊ ပျည်းဖြူ ပန်းကြွယ်၊ ဂူသာဝယ်
ဓါးလွယ် ဓါးလွယ် ဓါးလွယ်ရောင်ချက် ဓားပင်ဓားရိုး နတ်ကယ်နှင့်
လေးလို့ဆက်ဆိုနိုင်တဲ့ မဒေါင်း မဟုတ်တော့ပါဘူး။ ကိုသာရှင်းကလည်း ဘာထူးမှာလဲ။
မဒေါင်းတို့အိမ် ခလယ်တိုင်မှာ ချိတ်ထားတဲ့ နှဲ ဘယ်ကိုင်နိုင်တော့မလဲ။ ဇာတ်ကရလာတဲ့
ပိုက်ဆံနဲ့ နောက်တစ်နှစ် ဇာတ်ရာသီအထိ စားလို့က မဖြစ်တော့ ဘာလုပ်ကြမလဲ
တိုင်ပင်ကြပြီ။ လာမည့်နှစ်တွေ ဇာတ်လိုက်ကဖို့ မကဖို့ တိုင်ပင်ရပြီ။ မဒေါင်းကလည်း
အရွယ်ကျပြီ။ တစ်သက်လုံး အပျိုတော်ဘဝနဲ့ ပန်းမကိုင်ရဘဲ ဖြစ်ရတဲ့ မဒေါင်း
အသက်ငါးဆယ်ကျော်မှ မိတ်ကပ် တင်းတင်းလိမ်း၊ နှုတ်ခမ်းနီကို ထော်နေအောင်ဆိုးပြီး
စည်းပုံနဲ့ လက်စည်းနဲ့ ရှန်ပန်းထည်စ ရင်ခေါင်းစည်း ရတဲ့အလုပ် မလုပ်ချင်တော့ဘူး။
သူ့ထက်စာရင် ငယ်သေးတဲ့ သာရှင်းကိုလည်း မထည့်ချင်ဘူး။ လင်ရယ်မယားရယ် ဖြစ်လို့မှ
အတူတူမနေရမှတော့ အပျိုလို မနေမိလို့ ကိုယ်ရိတယ် မဖြစ်ချင်တော့တာလည်း ပါတယ်။
'သာရှင်း... ငါကတော့
ဇာတ်ခုံပေါ် ပြန်မတက်ချင်တော့ဘူး။ ဇာတ်ခုံပေါ် ခေါင်းချရတဲ့ အလုပ်လည်း
မလုပ်ချင်တော့ဘူး။ နင့်သဘောလည်း ပြောပေါ့။ ငါကတော့ နင့်လည်း မသွားစေချင်ဘူး။
ဘယ်နှယ့်တုန်း'
တစ်ည မဒေါင်းက သည်လိုပြောလာတော့
ကိုသာရှင်းက မဒေါင်း သဘောပေပတဲ့။ ကိုသာရှင်းကလည်း ပြောသာ ပြောရတာ။ နှဲကလေး
တော်တော်တီတီ မှုတ်တတ်တာကလွဲရင် ဘာမှ လုပ်တတ်တာ မဟုတ်ဘူး။ ဇာတ်က ကျွေးတဲ့ ထမင်း၊
ပွဲရှင်က ကျွေးတဲ့ ထမင်းနဲ့ လူဖြစ် လာခဲ့ရတယ်လို့တောင် ပြောနိုင်တဲ့ သူ့အဖို့
ဘယ်မှာ နေရနေရ၊ ထမင်းနှစ်နပ် သေချာဖို့ လိုတာမှုတ်လား။
'ကျုပ်ကတော့ မမဒေါင်းရယ်၊
ငယ်ငယ်ကတည်းက မိဘတွေ ကံကုန်ခဲ့ကြတယ်။ ဦးလေးသားချင်းတွေက မခေါ်ကြတော့
ဘုန်းကြီးကျောင်းမှာ နေခဲ့ရတယ်။ အရွယ်ကလေး ရောက်လာတော့ ဘုန်းကြီးက ဆိုင်းထဲ
ထည့်ပေးလို့ တောက်တိုမယ်ရနဲ့ လိုက်ခဲ့ရတယ်။ နှဲကလေး သင်ရပါမယ့်အကြောင်း
နှဲဆရာကြီးအိမ်မှာ သုံးလေးနှစ် ထင်းခွဲရေခပ် လုပ်ခဲ့ရတယ်။ ဇာတ်ထဲ ထမ်းဆင့်
လုပ်ခဲ့ရတာ အကြာကြီး။ ပြဇာတ်ထဲ ဓားပြနောက်လိုက် လုပ်ခဲ့ရတာ အကြာကြီး။ အိုးဖိနပ်
ထမ်းခဲ့ရတာ အကြာကြီး။ ရောက်ရာ အရပ်က မြေကသင်း ခေါင်းအုံးပြီး ဇာတ်က ရေသောက်၊ ဇာတ်က
ဘုရားစင် ရှိခိုး၊ ဇာတ်က သဒ္ဓါသရွေ့ ညကြေးနဲ့ ကြီးခဲ့ရတာပါပဲ။ သည်လိုနဲ့ နှဲကလေး
ပီအောင် မှုတ်တတ်လာတော့လည်း ကျုပ်မယ် သွားစရာလည်း မရှိဘူး။ နားစရာလည်း မရှိဘူး။
ဇာတ်နားလို့ သူတကာ အိမ်ပြန်လို့လည်း ကျုပ်မယ် အိမ်မရှိလို့ မပြန်ရဘူး။ ကျုပ်က
သည်လိုကြီး ရတာပါဗျာ။ အခု ကျုပ် မမဒေါင်းနဲ့ ညားလို့ အိမ်ရယ် ဘာရယ်နဲ့
သည်လိုနေဖူးရတယ် ပြောကြပါစို့။ သည်တော့ မမဒေါင်း စီမံရာပေါ့ဗျာ။ ဇာတ်သတိရတော့လည်း
မမဒေါင်းလည်း အဝတ်အစားရှိသားကပဲ။ ဝတ်ပေါ့။ ကပေါ့။ ကျုပ်က နှဲကလေး မှုတ်ပေါ့...။
ဘာဆန်းမှတ်လို့'
အဲသည့်ညက လင်မယားနှစ်ယောက်
ဆုံးဖြတ်ချက် ကျတယ်။ ကိုယ့်ဘဝနဲ့ ကိုယ့်အကြောင်း ဇာတ်စင်ကို ကိုယ့်ပုံစံနဲ့
ကိုယ်ရောက်လာကြပေမယ့် စဉ်းစားကြည့်တော့လည်း ဘဝပေးချင်းက တူကြသလိုလိုကိုး။
ကိုသာရှင်းက မဒေါင်းကို ရာဂစိတ်ရယ် ဘာရယ် မပါပါဘူး။ အတွေ့များလို့ခင်၊
အခင်များလို့ ကြင်ခဲ့ကြတာ ရှိတာပဲ။ မဒေါင်းကလည်း အသက် ငါးဆယ်သီသီကျော်ကာမှ
ပြီတီတီလုပ်ခဲ့တာမှ မဟုတ်တာ။ ကိုသာရှင်းကို ပါးစပ်ထဲ လက်ညှိုးထည့်လို့မှ မကိုက်တတ်ပါဘူး
ဆိုတာပါသလို ဘဝပြည်ဖုံးကား နောက်ဆုံးတစ်ချပ် ကျန်ကာမှတော့ မလှပ်လောက်တော့ဘူး
ထင်တာလည်းပါရဲ့။ ပြီးတော့ သာရှင်း ပြောပုံဆိုရင် နှဲတစ်လက်ကယ်နှင့် ဘဲကြက်သံ
နာခံပါလို့ ကြီးရော့ သလားဆိုတဲ့ တောသား။ လူက မအူမလည် စကားလုံးက လေလုံးမကွဲ၊
တော်တော်လေး အရှိန်ရခါမှ ဝေါခနဲ သွန်ကျလာတဲ့ ကြံရည်ကြိတ်စက်လို လူမဟုတ်လား။
အကြောင်းရင်းရှာတော့ သနားတာက ပိုရသေးကိုး။
အဲသည့်ညက မဒေါင်းကဆို ကိုသာရှင်းက
နှဲမှုတ် နှစ်ပါးသွားထဲ ဆိုကြကကြတဲ့ အဆစ်ကလေးတွေတောင် ပါသေး။ ရပ်ကွက်ထဲ
နတ်သံပစ်နေလို့ မဖြစ်တော့ 'လဝန်းကလေးနဲ့ တူတယ် မေ့ကိုလားကွယ်' ပေါ့လေ။
မဒေါင်းက သူ့အိမ်ကလေးရှေ့က
ကျောက်လမ်းပေါ် မုန့်ဟင်းခါး ဆိုင်ကလေးဖွင့်ဖို့ စိတ်တောင် ကူးပြီးပေါ့။
□
၄။
မဒေါင်းတို့ လမ်းတိုကလေးထဲမှာ
ဈေးဆိုင်တွေက များလွန်းလို့ ဈေးပွဲတော်တောင် မှတ်ရတယ်။ လက်ဖက်ရည်ဆိုင်ကချည်း
သုံးဆိုင်၊ အရက်ဆိုင်ကတော့ မပြောနဲ့ တော့။ အသုပ်လိုလို၊ ကြာဆံကြော်လိုလို၊
စိန်ဖေကြီး မုန့်ဟင်းခါးလိုလို ဗူလိနတ်စာဆိုင်ကလေးတွေကလည်း ဗန်းချင်းဆက်နေကြတယ် ပြောပါတော့။ မဒေါင်းတို့က
မုန့်ဟင်းခါးဆိုင်ဆိုတော့ မနက်မနက် လှေသမား၊ သဲသမားနဲ့ သစ်ဆွဲဝါးဆွဲ အလုပ်သမားတွေက အားပေးကြတယ်။ လက်ငင်းကလေး ရတန်ရ၊
အကြွေးချသင့်တာချ။ အကြွေးမရလို့ သုံးဖန်ချီ သုံးဖန်ချရန်ထဖြစ်ရတာများလည်း
ရှိပေါ့လေ။
ကိုသာရှင်းကတော့ မနက်အစောကြီးထ၊
မီးမွှေး၊ ရေနွေးတည်၊ ဆိုင်ခင်းက အစ၊ ငှက်ပျောအူ လှီးရ၊ ပဲမုန့် ကြိုရ၊
ငါးပြုတ်ထွင်ရ၊ မုန့်ဖတ်ပြေးဝယ်ရ အလယ်၊ လက်သုတ်ပဝါ လျှော်ရ၊ ထင်းမီး ထိုးရတာ အဆုံး
နှဲသမားနဲ့ မဆိုင်တာတွေ လုပ်နေရပြီ။ ဒါပေမယ့် ပျော်ပါတယ်။ မဒေါင်းက သည်ကြားထဲ
ငေါက်ငေါက်နေသေးလို့ လက်မီးစလောင်တာများကလည်း ခဏခဏပေါ့။ ယဉ်ပေတဲ့ ယဉ်လေ၊ နွဲ့ပျော်
ငဲ့ပျောင်း လုံမလေး ရင်ခွင်ပေါ် အိပ်လို့ပျော်တဲ့ ဝိုင်းတော်သား မဟုတ်တော့ဘူးပေါ့လေ။
ဆိုင်လူကျရင် ပြုံးပြုံးကြီး။
'နှဲကောင်းတော့ တယောတဲ့ကွ...၊
နှဲမကောင်းတော့ မုန့်ဟင်းခါးပေါ့ လကွာ...'
သူဟာသူလည်း သဘောတွေ ကျနေသေးတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် မနက်မနက် နေသာမြင့်ရင် မြင့်မယ်။ မုန့်ဟင်းခါးကတော့ ကုန်တာပါပဲ။
မုန့်ဟင်းခါးဟင်းရည် အကပ်နဲ့ ထမင်းလူးဖတ်စားရတာကိုပဲ ကောင်းလှ အောက်မေ့သေးတာကလား။
'သာရှင်း'
'ဗျို'
'မုန့်ဖတ် တစ်ပိဿာတော့
လိုမယ်ထင်သနော၊ ပြေးလိုက်ဦး'
ပြေးလိုက်ဦး ဆိုတာက စက်ဘီးနဲ့
ဆိုက္ကားနဲ့ ဘယ်ဟုတ်ပါ့မလဲ၊ လူက တကယ်ပြေးရတာ။ ဈေးမကွဲခင် ပြေးနိုင်ရင် တော်သေးရဲ့၊
ဈေးကွဲလို့ကတော့ မုန့်ဖတ်ဖိုအထိ ပြေးရတာ။ နီးနီးတော့ မဟုတ်ဘူး။ မုန့်ဖတ်တစ်ပိဿာနဲ့
ပြန်ရောက်လာတာနဲ့ ဘာတော့ဖြင့် လိုပြန်သဟဲ့ဆိုရင် ပြေးဦးပေါ့၊ ကိုသာရှင်းကတော့
ရတယ်။ ပြေးရတော့ကော ဘာဖြစ်တုံး။ ကိုယ့်အိမ်ကိုယ့်ယာနဲ့ နေပြီး ကိုယ့်ဆိုင်
ကိုယ့်ကနားနဲ့ ဖွင့်တဲ့ဟာ ဂုဏ်တောင်ရှိသေး။ သူများဆိုင်မှာ ထမင်းစား လခယူဘဝမှ
မဟုတ်တဲ့ဟာ။ ပြေးဆို ပြေးပါ့ မောင်ရ။ လွှားဆို လွှားပါ့ မောင်ရပေါ့။ ဘယ်လိုပဲ
ဖြစ်ဖြစ် ကျန်သင့်သလောက်တော့ ကျန်ပါတယ်။ လင်ကိုယ်မယား နှစ်ယောက် အပျိုတော်ကရတာ၊
နှဲမှုတ်ရတာထက်တော့ ပိုလွတ်လပ်တာပါပဲ။ ဖေါဖေါသီသီတော့ စားရတာပါပဲ။ တစ်ခါတလေ
တစ်ယောက်ယောက်က ကိုသာရှင်း ဇာတ်ထဲ နှဲမှုတ် မလိုက်တော့ဘူးလားဆိုရင်တော့ ကိုသာရှင်း
မျက်နှာ ကွက်ခနဲ ပျက်တာတော့ ရှိတယ်။ သူ့ဘဝဟာ နှဲသမားပါးလို ပိန်လိုက်ဖောင်းလိုက်
မဟုတ်ဘဲ ပိန်လိုက် ချိုင့်လိုက် ရှိခဲ့ပေမယ့် တစ်လျှောက်လုံး အဆင်းရဲခံပြီး
တွယ်ခဲ့ရတဲ့ အနုပညာပဲ။ နှဲဆရာရယ်လို့ လူတစ်လုံး သူတစ်လုံးဖြစ်အောင်
နှစ်ပေါင်းများစွာ ဆည်းပူးခဲ့ရတဲ့ ပညာပဲ။ နှဲဆရာဘဝက မုန့်ဟင်းအိုး မီးထိုးရတဲ့ ဘဝ 'ဟုပ်'ခနဲ ထိုးကျလာခဲ့တာကို အောက်တန်း နောက်တန်း ကျတယ် မထင်ခဲ့ပေမယ့် ဇာတ်စင်ကို
ကျောခိုင်းခဲ့ရတာကိုတော့ တစ်ခါတစ်ခါ စိတ်မကောင်းဖြစ်ရတာတော့ အမှန်ပဲ။
သို့သော်လည်း သူ့ကံဇာတာက အတက်ဘက်ကို
ရောက်လာခဲ့တယ် ဆိုတာကိုတော့ ကိုသာရှင်း သိတယ်။ သူ့ဘဝမှာ အိမ်နဲ့ရာနဲ့ တစ်ခါမှ
မနေဖူးဘူး။ လူမှန်း သိကတည်းက အိုးပိုင်အိမ်ပိုင်ရယ်လို့ လေးတိုင်စင်တောင် ရှိခဲ့တာ
မဟုတ်ဘူး။ ခုတော့ အိမ်စုတ်ကလေး ကုပ်ကုပ်ဆို ဦးတော့ ဒါ သူ့အိမ်ပဲ။ မမဒေါင်းနဲ့
ညားမှတော့ မမဒေါင်းအိမ်ဟာ သူ့အိမ်ပဲ။ သည်အတွက်တော့ သူဝမ်းသာတယ်။ လူဆိုတာ နေစရာ
ရှိရမှာပေါ့။ စားစရာ ရှိရမှာပေါ့။ ဝတ်စရာ ရှိရမှာပေါ့။
မဒေါင်းနဲ့ အိမ်ထောင်မကျခင်ကလည်း
လူတစ်ယောက်အနေနဲ့ သူ့မှာ ကိုယ်ပိုင်မဟုတ်ပေမယ့် နေစရာ ရှိခဲ့တာပဲ။ စားစရာ
ရှိခဲ့တာပဲ။ ဝတ်စရာလည်း ထားပါတော့။ အထိုက်အလျောက်တော့ တူတူတန်တန် ဝတ်ရတာပါပဲ။
ဒါပေမယ့် ဟိုတုန်းကတော့ ကိုယ့်ဘဝလေး ရပ်တည်ဖို့ သူတစ်ပါးကို ပေးဆပ်ရင်းက နေခဲ့ရတာ၊
စားခဲ့ရတာ၊ ဝတ်ခဲ့ရတာ။ အခုကတော့ ကိုယ်ပိုင် မိသားစုအတွက် လုပ်ရင်းကိုင်ရင်းက
နေခဲ့စားခဲ့ရတာ ဖြစ်ခဲ့ပြီ။ သည်နှစ်ခုကြားမှာ အင်မတန် ခြားနားတဲ့ အဓိပ္ပာယ်တွေ
ရှိနေခဲ့ပြီ။ ဒါတော့ ကိုသာရှင်း သိတာပေါ့။ လူပဲ။ မအူမလည်ဆိုပေမယ့် လူဆိုတာ သည်အကြောင်း
သုံးပါးလောက်တော့ နားလည်တာချည်း မဟုတ်လား။ သည်တော့လည်း တစ်ခါတစ်ခါ လွင့်တက် လာတဲ့
အနုပညာစိတ်ကလေးကို ချိုးထားရတာပါပဲ။ ပတ်သားပုံ၊ မောင်း၊ နှဲ၊ ကြေးနင်းဆိုတဲ့
နရည်းစရာ ခြောက်ပါး အစုဟာ မဒေါင်းအိမ်မှာ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။
သဘင်လေးပါးဖြစ်တဲ့ အနိမ့်သဘင်၊ အမြင့်သဘင်၊ အတီး သဘင်၊ အဆိုသဘင်တွေဟာ
မဒေါင်းအိမ်မှာ ဘာသဘောမှ မဆောင်တော့ဘူး။ သိမ်မွေ့သော ပညာမျက်စိဖြင့် ရှုအပ်သောလို့
အနက်ရှိတဲ့ 'သုခုမ' ဟာ မဒေါင်းအိမ်မှာ တစ်လက် ဆွမ်းစာတောင်
မရှိတော့ဘူး။
သည်လိုနဲ့ မဒေါင်းနဲ့ ကိုသာရှင်းတို့
အိမ်ကလေးမှာ မနက်ခင်း ဖတ်သီဖတ်သီနဲ့ ဈေးကလေးထွက်ကြ၊ နေခင်း သီချင်းကလေး ညည်းလို့
နှဲ ကလေးမှုတ်လို့ နေပျော်အောင်နေကြ၊ ညနေခင်း မနက်ထွက် မယ့် ဆိုင်အတွက် ပြင်ကြ
ဆင်ကြ၊ ဝယ်ကြခြမ်းကြ၊ ညဦး ထမင်းကလေး စားပြီးတော့ ကိုသာရှင်းက သူမ မဒေါင်းကို
ကုတ်ကြောကလေး ဆွဲရနဲ့ နေလာလိုက်တာ ငါးနှစ်ရှိပြီ။ ဘဝဟာ ထူးထူးခြားခြား
ပြောင်းလဲသွားတာမျိုး မဟုတ်ပေမယ့် လုပ်လုပ်စားစားဆိုတဲ့ ကြားက သောင်သောင်သာသာ ကလေး
ရှိလာတယ်။ မဒေါင်းကလည်း ရွှေစကလေးနဲ့။ ကိုသာရှင်းကတော့ ယောကျ်ား သားကိုး။ ရိုးမား
နာရီကြီးတစ်လုံး အပေါင်ဆုံးက ရလိုက်တာကို ပြူးပြူးကြီးပတ်ရုံပေါ့။ မဒေါင်းက
အလိုမကျလို့ ငေါက်ရင်တောင် 'ဂုဏ်မတူတာတောင်း ပဏ္ဏာသလျက်က နဲ့၊
ပုံယူကာ ဒေါင်းပမာပြလိုက်ချင်ရဲ့...ကောင်းပါစ မင်းနှုတ်သံ' ထင်သူဆိုတော့
ရိုးမားနာရီလေး ပတ်ရပြီးကတည်းက ကိုသာရှင်း နှစ်ဆတောင် လုပ်လိုက်သေး။ ဗျစ်တောက်
ဗျစ်တောက် မလုပ်ပါနဲ့ မမဒေါင်းရယ်...၊ မလိုသူတွေ ဝမ်းသာတာနဲ့ အိမ်လာဘ်တိတ်တာ
အဖတ်တင်ပါ့မယ်လို့လည်း ပြောတတ်ရဲ့။
သို့သော်လည်း လူ့ဘဝဆိုတာကလည်း
ဆန်းသားကလား။ မှန်ကင်းက ထင်းဖြစ်ရတာတွေ၊ ဗုံလုံက ငါးပျံဖြစ်ရတာတွေဟာ ဆန်းမှတ်လို့။
လောကဓံ အကောင်းလေးပါး အဆိုးလေးပါးဟာ ဖြစ်ချင်သလို ဖြစ်တာ၊ ကြုံချင်သလို ကြုံရတာ
မဟုတ်လား။ အခုလည်း မဒေါင်းတို့ အိမ်ကို လူတစ်ယောက် ရောက်လာခဲ့တယ်။
ဘယ်သူရမလဲ အုပ်စုံပေါ့။ အပျိုတော်
မဒေါင်းဘဝ ရွာတစ်ရွာက ဇာတ်ကိုအပ်လို့ ခေါ်လာခဲ့တဲ့ အုပ်စုံကို မဒေါင်းက
တောင်းယူလိုက်တာ မှတ်မိကြမယ် ထင်ပါရဲ့။ သည်အုပ်စုံက အပျိုတော် မဒေါင်းနဲ့
ကိုသာရှင်း ညားတော့ ဆယ်နှစ်သားလောက် ရှိပါပြီ။ မဒေါင်း ညီမတစ်ယောက်ဆီမှာ
ထားတာပါပဲ။ ကိုသာရှင်းနဲ့ မဒေါင်းဇာတ်ထဲ မလိုက်တော့ဘဲ မုန့်ဟင်းခါးဆိုင်ကလေး
ဖွင့်တဲ့အထိလည်း မဒေါင်း ညီမနဲ့ အတူနေတာပါပဲ။ မဒေါင်း ညီမကလည်း ပလူမွေး၊ ပလူတောင်
ကတည်းက မွေးလာတဲ့ကလေး၊ သံယောဇဉ်တွေဖြစ်နေကြတာ ပါသလို မဒေါင်းကသာ ပြန်မယူရင် သူတို့ပဲ
မွေးတော့မယ့်အထိ စိတ်ကူးကြပြီးသား။ ဒါပေမယ့် အုပ်စုံက ထင်သလို ဖြစ်မလာဘူး။
မဒေါင်းနဲ့ ကိုသာရှင်းကလည်း အုပ်စုံရှိတဲ့ အိမ်ကို တစ်ပတ်တစ်ခေါက်တန်သည် နှစ်ခေါက်တန်သည် သွားကြပေမယ့် ချက်ချင်း
ကြီးတော့ ပြန်မခေါ်ဖြစ်ဘူး။ မခေါ်ချင်တာ မဟုတ်ပါဘူး။ မဒေါင်းက ခေါ်ချင်လိုက်တာမှ
ရွလို့။ ကိုသာရှင်းကလည်း မဒေါင်းက မွေးတာလည်း မဟုတ်၊ သူက မွေးတာလည်း မဟုတ်ပေမယ့်
မဒေါင်းမွေးစားသားဟာ သူ့မွေးစား သားပဲလို့ သဘောထားသူပါ။ အုပ်စုံကလေးသာ ရောက်လာရင်
သူတတ်ထားတဲ့ နှဲပညာတောင် သင်ပေးမယ်လို့ စိတ်ကူးပြီးသားပါ။ ဒါပေမယ့် အုပ်စုံက
လူပျိုမပေါက်တစ်ပေါက် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်သား ရောက်လာပေမယ့် မလိမ္မာဘူး။
စာလည်း ဟုတ်တိပတ်တိ မသင်ချင်ဘူး။ မတတ်ကောင်း တတ်ကောင်းတွေ တတ်လာတဲ့အပြင်
ပြဿနာပေါင်း သောင်းခြောက်ထောင်ပါ အိမ်သယ်လာတတ်လေတော့ မဒေါင်း ညီမက ညည်းတို့ဟာ
ညည်းတို့ ပြန်ယူတော့ လုပ်ပါရော။ သူတို့ခမျာလည်း တတ်နိုင်သမျှ ကျွေးမွေးပဲ့ပြင်
ရှိရှာကြပေမယ့် အုပ်စုံက သည်းမခံနိုင်လောက်အောင် ဖြစ်လာတော့ ရေဝေးတဲ့ ကြာပဒုံ
မီးပုံလို့ တိုက်သည့်နှယ် အရှိုက်မှာ ပူလှ၊ အမယ်လေး... ရေယူလို့ လောင်းကြပါဦး
ဖြစ်လာခဲ့တယ်။
သည်လိုနဲ့ အုပ်စုံ မဒေါင်းတို့အိမ်ကို
ရောက်လာတာပါပဲ။ မဒေါင်းက မွေးစားသားဆိုတော့ ဖြစ်သမျှ သူ့တာဝန်လို့ ခံယူရှာတယ်။
အလိုလိုက်ရှာတယ်။ အပျိုတော်ဘဝက မြို့တော်ရင် နယ်တော်ရင်ကို ကန်တော့ပွဲမ မပြီး
စတော်တိုက်ခဲ့တဲ့ မိန်းမက သည်မွေးစားသားကျတော့ လောကဓာတ် လူတို့ဘောင်၊ အပူကောင်
ဒုက္ခအေးတဲ့အောင်၊ သံပရာ စိန်ပျော်လို့ ပေးကြပါ့။ သေဆေးသာ သောက်လိုက်ချင်တော့
ဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့် အုပ်စုံကလေးကို ချစ်ရှာတယ်။ ကျွေးရှာတယ်။ ဆင်ရှာတယ်။
ကိုသာရှင်းကို ဆင်ထားတဲ့ ရိုးမားနာရီကိုတောင် ပြန်ချွတ်ပြီး သူ့သား လူပျိုပေါက်ကို
ဆင်တယ်။ သာရှင်းရယ် နင်က မနက် ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်ရင် ထလို့ ရပါတယ်၊
နာရီ ကောင်လေး ငါ့သား ဆင်လိုက်ပါဆိုတော့ ဖြုတ်ပေးလိုက်ရတာကော။
ဒါပေမယ့် နောက်ထပ်
ငါးနှစ်လောက်ကြာတဲ့အခါမှာတော့ မဒေါင်းတို့အိမ်ဆိုင်ကလေးလည်း ဘူခါပြာခါ ကျနေပါပြီ။
မဒေါင်းကလည်း ခြောက်ဆယ်စွန်းပြီး။ သာရှင်းကလည်း ဘယ်ငယ်တော့မလဲ။ ရှာသမျှ
ပိုက်ဆံကလည်း အုပ်စုံဂျင်ထိုးတာနဲ့၊ ဖဲရိုက်တာနဲ့၊ လူရိုက်လာလို့ လျော်ရတာနဲ့၊
သုံးဖို့စွဲဖို့ ရှာကြံပေးရတာနဲ့။ မသိအောင် ခိုးတာနဲ့ မဒေါင်းအပျိုတော်ဘဝက
အမြတ်တနိုးဝတ်တဲ့ အပျိုတော် နတ်ဝတ်နတ်စားတောင် မရှိတော့ဘူး။ ကိုသာရှင်းရဲ့
နှဲကလည်း ဘာသားမို့တုံး။ မဒေါင်းဆင်ထားတဲ့ ရိုးမားနာရီကလည်း ပြုတ်ပြီ။
မဒေါင်းကတော့ အကုသိုလ်ကို နှစ်ပေါင်း နှစ်ဆယ်တောင် မွေးယူခဲ့ရပါပကောရယ်လို့
ယူကျုံးမရဖြစ်ပေမယ့် အုပ်စုံမှ အုပ်စုံဖြစ်နေတော့လည်း အုပ်စုံကလည်း
ကန်းတက်တော့တာပါပဲ။ ဆိုးတဲ့သားသမီး ပိုချစ်ရထင်ပါရဲ့။
သည်လိုနဲ့ မဒေါင်း အသက်ခြောက်ဆယ့်
ငါးနှစ်၊ အုပ်စုံ အသက်အစိတ်မှာ သည်အိမ်မှာ လူနှစ်ယောက် တိုးပြန်တယ်။
အုပ်စုံယူလာတဲ့ မိန်းမက ကလေးတစ်ယောက် ပါလာသေးတာကိုး။ မဒေါင်းကလည်း ဖြစ်လာမှတော့
ဖြစ်သမျှအကြောင်း အကောင်းအောက်မေ့ရတော့တာပါပဲ။ ကျွေးပေါ့။ ကိုသာရှင်းကတော့
ရိုးမားနာရီဖြုတ်ခံရပြီးမှ အလုပ်ကို လေးဆပိုလုပ်နေရပြီ။ ဒါပေသိ မဒေါင်း မုန့်ဟင်း
ခါးဆိုင်က လူတွေ တအုံးအုံးနဲ့ ရောင်းကောင်းလှချည့်ဆိုတဲ့ ဆိုင်မှ မဟုတ်တာပဲ။
ဆိုင်ကြီး ကနားကြီးမှာ ဝင်မထိုင်နိုင်သူတွေက တစ်လုပ်တစ်ဆုပ်စားတဲ့ ဆိုင်ဆိုတော့
အမြတ်ဆိုတာလည်း မည်မည်ရရကျန်တာမဟုတ်ဘူး။ မုန့်များကျန်တဲ့နေ့ အရင်းတောင်
မကျေချင်တာ ရှိသေး။ အုပ်စုံက ကလေးတစ်ယောက်ပါတဲ့မိန်းမ ယူသာထားပေမယ့် အလုပ်ရယ်လို့
စိတ်တောင်ကူးတာ မဟုတ်ဘူး။ မအေ အိုကြီးအိုမ ရန်ရှာ၊ သားမယား ရန်ရှာလုပ်ရင်းက
အနိုင်ကျင့်စားနေတာဆိုတော့ ကိုသာရှင်း သူ့ဇာတ်ခုံကို သူလွမ်းပြီ။ ဒါပေမယ့်
ချက်ချင်း ထကူးလို့ဖြစ်တာလည်း မဟုတ်၊ အိုကြီးအိုမ မမဒေါင်းကို သည်အခြေရောက်မှလည်း
မထားခဲ့ချင်ဘူး။ သည်တော့ လက်ပူတိုက်ထားတဲ့ သံပတ်စက်ရုပ်လို ချိုးချိုးချောက်ချောက်
လုပ်နေရတော့တာပါပဲ။
သည်လိုနဲ့။
၅။
မဒေါင်း အသက်ခုနှစ်ဆယ်၊ အုပ်စုံ
အသက်သုံးဆယ်မှာ မဒေါင်း သေတယ်။ ကိုသာရှင်းက ငါးဆယ်ကျော်ပြီ။ မီးကလေး မှိတ်တုပ်၊
အိမ်ကလေး ပလုတ်တုပ်ကို မဒေါင်းကအုပ်စုံရက်စက်သမျှ ဆတူအချိုးကျတဲ့
ချစ်ခြင်းမေတ္တာနဲ့ပဲ ရပ်ကွက်လူကြီးစုံရာရှေ့မှာ အုပ်စုံတို့ သားအဖကို
လွှဲပေးခဲ့တယ်။ လင်နှဲသမားဟောင်းကို မချစ်ခင်လို့လည်း မဟုတ်ရှာပါဘူး။
ပိုင်ဆိုင်မှုအရသာ ခုရှုပ်မှ နောင်ရှင်း လွှဲခဲ့ပြောင်းခဲ့ တာပေမယ့် သူ့တစ်သက်တော့
ကိုသာရှင်းလည်းနေပေါ့။ နေခွင့်ရှိစေပေါ့။ ဘာပဲဖြစ်ဖြစ် သူမရှိရင်တော့ ကိုသာရှင်းက
တစ်ကိုယ်ရေတစ်ကာယ ထမင်းတစ်လုပ်တော့ ထင်းခုတ် စားဦးတော့ ဖြစ်တယ်။ အုပ်စုံတို့
မိသားစုတွေ စားစရာ မရှိတာထက် နေစရာမရှိတာက ရုပ်ပျက်ချေရဲ့ ဆိုတဲ့စိတ်နဲ့
ပေးခဲ့တာပါ။ ကိုသာရှင်းကတော့ အတွင်းပစ္စည်း ယူပါလို့တော့ ပြောခဲ့ရှာရဲ့။
အတွင်းပစ္စည်းဆိုလို့ ရှာကြည့်တော့ ရိုးမားနာရီ အပေါင်ဆုံးတစ်လုံး
မဒေါင်းသေတ္တာထဲက တွေ့တာပဲ ရှိတာပဲ။ ရိုးမားနာရီ မရှိကတည်းက နာရီမပတ်ရတဲ့
ကိုသာရှင်း ရိုးမားနာရီတစ်လုံးတော့ ပြန်ရလိုက်တယ် ပြောပါတော့။ ကျေနပ်ပါတယ်။ သူ့မှာ
နေစရာအိမ်ရှိတယ်။ လုပ်ရင်စားရမယ်။ ပြီးတော့ ရိုးမားနာရီတစ်လုံးလည်း ရှိနေပြီ။
ဒါပေမယ့် ထင်သလိုဖြစ်မလာခဲ့ဘူး။
ဇာတ်ထဲမှာ လက်ဖက်ရည် တိုက်ယူခဲ့တဲ့လင်နဲ့ ရပ်ရွာက ပေးလိုက်လို့
ကောက်မွေးစားရတဲ့သားဟာ သွားလေသူ မဒေါင်း ထင်သလို မဖြစ်ခဲ့ဘူး။ မဒေါင်းသေပြီး တစ်နှစ်တန်သည်၊
နှစ်နှစ်တန်သည်ကတော့ လှည့်ကာပဲ့ကာ အတူနေကြပါသေးတယ်။ သည်အချိန်မှာတော့ ကိုသာရှင်းက
မုန့်ဟင်းခါးဆိုင် မဟုတ်တော့ပါဘူး။ ရပ်ကွက်ထဲမှာ ကင်းစောင့်နေရပြီ။
အုပ်စုံတို့ကလည်း တစ်ဝမ်းတစ်ခါးတော့ ထမလုပ်ရင် မစားရတော့တဲ့ အခြေအနေ ဆိုက်လာတော့
ကြုံရာကျပန်း လုပ်ရင်း ဝမ်းကျောင်းကြပြီ။ ဒုက္ခပေးစရာ၊ ထမင်းဝင် နှိုက်စရာ
မအေကလည်း မရှိလေတော့ ထန်းသမားစားဖို့ ထန်းနို့ထွက်ရပြီ။
ပြောကြကြေးဆိုရင် ကိုသာရှင်းနဲ့
အုပ်စုံကလည်း သွေးရင်းကြတာ မဟုတ်သလို သည်အိမ်ကလေးမှာ ကိုယ့်အကြောင်းနဲ့ကိုယ်
လာစုကြတဲ့ ဧည့်သည်နှစ်ယောက်လို ဖြစ်နေကြသူတွေဆိုတော့ တစ်ယောက်ကို တစ်ယောက် ကျောကပ်
ရင်ကပ်ရှိစရာ မလိုဘူးကိုး။ မဒေါင်း ငုတ်တုတ်ရှိမှ အဖေလိုလို သားလိုလို
တော်ချင်တော်ဖို့ ရှိတာဆိုတော့ စိမ်းမယ်ဆိုလည်း စိမ်းစရာပေါ့။ ပြဿနာက အိမ်ပေါ်မှာ
ဖြစ်နေကြတာပါ။ တစ်ယောက်က မယားကပါတဲ့အိမ်၊ တစ်ယောက်က မအေကပါတဲ့အိမ်။ တစ်ယောက်က
လူကြီးစုံရာနဲ့ လွှဲလို့ပိုင်ဆိုင်ခွင့်ရပြီး တစ်ယောက်က တစ်သက်တော့ သည်အိမ်မှာ
နေခွင့်ရှိစေလို့ သဘောတူ အခွင့်ရထားတဲ့သူ။
နောက်ဆုံးတော့ ကိုသာရှင်းသာ ပါလာတဲ့
နှဲတစ်လက်သည်အိမ်မှာ ပျောက်ခဲ့ရပြီး သူမျှော်မှန်းမထားတဲ့ ရိုးမားနာရီတစ်လုံး လက်ပတ်ပြီး
အိမ်ပေါ်က ဆင်းခဲ့ရတယ်။ အုပ်စုံက ဆင်းတော့လို့ မောင်းမချပေမယ့် ဘယ်လိုမှကို
နေလို့မဖြစ်တော့ ဆင်းလာတာ ကောင်းပေရဲ့ ဆိုပြီး ဆင်းလာတာပါပဲ။ တခြားလည်း သွားခိုစရာ
မရှိတော့ ကင်းတဲပေါ့။ ဘာကိုကြောက်ရလို့ ဘာကိုစောင့်နေမှန်း မသိတဲ့ ကင်းတဲကြီးမှာ
ကိုသာရှင်း စိတ်ချမ်းသာတယ်။ ကင်းတဲကတော့ သူ့အိမ်ကိုး။
□
၆။
ညဘက်ကျရင် ကိုသာရှင်း ကင်းလှည့်ပြီ။
လက်ထဲမှာ ဝါးခလောက် တစ်လုံး၊ ဝါးနှစ်တုတ် တစ်ချောင်းကိုင်လို့။ ဝါးခလောက်က
ကျွန်းသားကို လက်သမားအပ်ပြီး ထိပ်ထူထူ ခေါင်းပါးပါး ဖောက်ခိုင်းထားတာပါ။
ထိပ်ထူခေါင်းပါး အဝေးကြားဆိုသကိုး။ ညကျရင် တစ်ရပ်ကွက်လုံး ရှစ်စပ် ထွန်များ ငင်သလို
လျှောက်ရင်း ဝါးခေါက်သံကလေး ပေးနေကျ။
'အိပ်ကြရော့ဗျ၊
မီးတွေငြိမ်းရော့ဗျ၊ ဘုရားမီး အမွှေးတိုင် ခြင်ဆေးတိုင်များ သိမ်းကြရော့ဗျ'
ပါးစပ်က အော်ရင်း ဝါးခေါက်သံ တစ်တောက်တောက်နဲ့ သူကင်းလှည့်နေကြောင်း
အသံပေးတတ်တယ်။ စကားလုံးတွေကတော့ လျောလျောလျူလျူ ထွက်ကျလာတာ ဘယ်ဟုတ့်ပါ့မလဲ။ ထစ်ထစ်
ဆိုင်းဆိုင်းပေါ့။
တစ်ခါတစ်ခါတော့ နှဲကလေးတစ်လက်ရှိရင်
ကောင်းမှာလို့ ချင်ခြင်း ဖြစ်မိတယ်။ ရပ်ကွက်လူကြီးတွေ ပူဆာတော့လည်း
ဘယ်နှယ့်ကွာ...ကင်းသမားက နှဲမှုတ်နေလို့ ဘယ်ဖြစ်ပါ့မလဲ... လို့ပြောကြတော့
ကိုယ်ပိုင်ကလေး တစ်လက်ဝယ်ပြီး မြစ်စောင်းထိပ် ဆောင့်ကြောင့်ထိုင်
မှုတ်ချင်သေးတာကလား။ သူ့နားထဲ တစ်ခါတစ်လေ ဆိုင်းသံတွေ ကြားနေတတ်တယ်။ မမဒေါင်းက
ကန့်တော့ပွဲကြီး ပင့်ပင့်ပြီး ကနေတာလည်း စိတ်ထဲအောက်မေ့ရဲ့။ သည်အခါမျိုးမှာ
သူ့နှဲသံကလည်း မြည်လိုက်ပီလိုက်သမှ။ တွယ်နှဲဆိုပေမယ့် သူအပိုင်ရတဲ့ ခွင်ကိုး။
ကိုသာရှင်း မဒေါင်းကို စိတ်မနာပါဘူး။
သူ့ဘဝ တစ်လျှောက်လုံး အိမ်ရယ်လို့ ရှိခဲ့တာ မဟုတ်ဘူး။ ခုကစလို့ နောင်လည်း
ရှိစရာအကြောင်းမရှိဘူး။ ဒါပေမယ့် မဒေါင်းကြောင့် သူ့ဘဝမှာ ခဏတစ်ဖြုတ် ဆိုသလိုတော့
အိမ်ပိုင်ရာပိုင်ဘဝနဲ့ နေခဲ့ရတယ်မဟုတ်လား။ မဒေါင်းက သူပေး ချင်သူကို ကျေကျေနပ်နပ်
ပေးခဲ့တာကိုလည်း သူမ ဥပါဒ်ပါဘူး။ ဘယ်တတ်နိုင်မလဲ။ ဘယ်လောက်တောင်လဲဆိုရင် ဘုရားမှာ
နောင်ဘဝအတွက် ဆုတောင်းတာတောင် အိမ်ပိုင် ရာပိုင်ဘဝ ရပါလို၏ ဆုတောင်းတာ မဟုတ်ဘူး။
နှဲသမားဖြစ်ဖို့ ဆုတောင်းတာ။ အဲသလောက်။
'အိပ်ကြရော့ဗျ၊ မီးတွေ
ငြှိမ်းကြရော့ဗျ၊ အမွှေးတိုင်များ ခြင်ဆေးတိုင်များ သိမ်းကြရော့ဗျ...'။ ။
နေဝင်းမြင့်
၂၉-၁ဝ-၂ဝဝ၄ မန္တလေး
(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စ...
ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီ...
တက္ကသိုလ် ပင်မအဆောက်အအုံကြီးရှေ့မှ စိန်ပန်းပင်တွေက ရဲရဲတောက် နီလို့နေသည်အဲသည် စိန်ပန်းနီတာထက် အဖေ့သွေးတွေက ပိုနီနေလေမလား ကျွန်မ တွေးမိသည် လှေနှင့်တက်နှင့် မြစ်ကြီးထဲမှာပဲ အချိန်ကုန်ခဲ့ရသော လှေသမားကြီး...