မောင်ဝဏ္ဏ
ယခင်လမှအဆက်
သီချင်းဆို၍
ငိုရသည်
မြို့လှမှာ
သူ ကျွန်တော့်ကို ကျွေးခဲ့တဲ့ ထမင်းတစ်နပ်ကို ကျွန်တော် တစ်သက်လုံး မေ့မှာ
မဟုတ်ဘူး။ ပုစွန်တုပ်ဟင်းပါ။ မြို့လှမှာငါးရက်တစ်စျေး။ အဲဒီနေ့က စျေးနေ့မို့
ပုစွန်တုပ်ကြီးရလို့ ဝယ်ချက်ထားတာတဲ့။ ရှားရှားပါးပါးပါပဲ။
ကျွန်တော်ပြောပြခဲ့မိသလားတော့
မသိဘူး။ အဲဒီအချိန်တုန်းက ဇာတ်နဲ့လိုက်ခဲ့တော့ အစပိုင်းဇာတ်ထမင်း၊ ဇာတ်ဟင်းက
သိပ်မဆိုးသေးဘူး။ နောက်တော့ ဇာတ်အဖွဲ့က အဆင်မပြေဘူး။ ညကြေးတွေတောင်
မပေးနိုင်တော့ဘူး။ ငါးပိရည်၊ တို့စရာနဲ့ ဆန်ကွဲသာသာ ရေလုံပြုတ် ဆန်ကွဲထမင်းပဲ
ကျွေးခဲ့တယ်။ ရေလုံပြုတ်ဆန်ကွဲထမင်းနဲ့ ငါးပိရည်ဖျော်နဲ့ နယ်ဖတ်စားခဲ့ရတဲ့
အခြေအနေပါ။ ကျွန်တော့မှာ ပါလာတဲ့ ပိုက်ဆံလည်း ကုန်လုနေတဲ့ အချိန်ပါ။ အဲသလို
အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ဇာတ်အဖွဲ့ထဲ လိုက်ခဲ့ရတဲ့အချိန်မှာ သူ့ကို
တွေ့ချင်လွန်းလို့ မြို့လှကို လိုက်လာခဲ့တာပါ။ တွေ့ရတော့လည်း စိတ်မကောင်းပြန်ဘူး။
သစ်သားအိမ်အိုကြီးရဲ့ အပေါ်ထပ်ကနေ လှေခါးရှည်ကြီးတစ်လျှောက် တဖြည်းဖြည်းဆင်းလာတဲ့
သူ့ကိုကြည့်ပြီး ကျွန်တော့်မှာ ရင်နာလိုက်ရတာလေ။ ဒါပေမင့် “ရင်နာခွင့်” မှ
ရှိရဲ့လား မသိဘူး။ တကယ်က အဲသလို ရင်နာခွင့်တောင် ကျွန်တော့်မှာ မရှိပါဘူး။
တိုက်ဆိုင်လို့ပဲလား မသိဘူး။ အဲဒီအချိန် သူဝယ်ထားတဲ့ ဘလောက်စ်အင်္ကျီပွပွဟာ
ခရမ်းနုရောင်ကလေး။ ကြွေကွဲနေတဲ့ ခရမ်းရောင်လို့ ကျွန်တော် တင်စားမိတယ်။
ခွင့်လွှတ်နော်။ မြို့လှကို သူ့အိမ်ထောင်ဘက် “ကိုညီ” က လက်ထောက်မြို့ပိုင်ရာထူးနဲ့
ပြောင်းခဲ့တာလေ။ အိမ်ထောင်ရေး အဆင်မပြေဘူးလို့ ရိပ်မိခဲ့ပါတယ်။ မြို့လှကအပြန်မှာ
ကျွန်တော် “ဆွာ” ကိုသွားခဲ့တယ်။
ရထားလမ်းတစ်လျှောက်
မြင်မြင်သမျှဟာ လွမ်းစရာတွေချည်းပဲလို့ ထင်မိတယ်။ လယ်ကွင်းတွေ၊ ယာကွင်းတွေ၊
ကုက္ကိုပင်တွေ၊ အင်ပင်တောတွေ၊ စိမ်းစိုတဲ့ရိုးမ၊ မီးသွေးခေါင်းရထား မည်းမည်းကြီး၊ ညစ်ထေးနေတဲ့
ရထားတွဲ ဟောင်းကြီးတွေ၊ မိုးသားတွေ၊ တိမ်လိပ်တွေ၊ တဖြူး ဖြူးတိုက်နေတဲ့ လေတွေ၊
ရေမချိုးရတာကြာလို့ ညစ်ထေးနေတဲ့ ကျွန်တော့်ကိုယ်နဲ့ အဝတ်အစား၊ ပြီးတော့
လွယ်အိတ်ကလေး။ အဲဒီထဲမှာ ထည့်ထားတဲ့ အဝတ်အစား နှစ်စုံလောက်နဲ့၊ ကော်ပီ စာအုပ်ကလေး။
အဲဒီ ကဗျာ လက်ရေးမူစာအုပ်ကလေးကို ကျွန်တော်ခုထိ သိမ်းထားမိတုန်းပဲ။ အဲဒီတုန်းက
ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ကိုလည်း ခုထိ မှတ်မိနေတုန်းပါပဲ။ ပြီးတော့ ဓာတ်ပုံလေးတစ်ပုံ။
သူ့ရဲ့ပုံပါပဲ။
(ဇာတ်အဖွဲ့နဲ့
လိုက်ရတာဆိုတော့ ရှေ့က အလှတွေလည်း မြင်တယ်၊ နောက်က အရှုပ်အပွတွေလည်း မြင်ရတယ်လေ)
'ဇာတ်ခုံဘဝ၊
ရှေ့ကလှလည်း၊ နောက်မှအရှုပ်၊ လိုက်ကာအုပ်၍၊ အထုပ်ဖြေ၍မရပါ'
ဟုတ်တယ်။
ကျွန်တော့် ဘဝဟာ တခြားသူတွေရဲ့ အမြင်မှာ လှလှပပဖြစ်ချင်ဖြစ် နေလိမ့်မယ်။ ဒါပေမယ့်
ကျွန်တော့်ရင်ထဲမှာ ရှုပ်ထွေး လိမ်ရစ်ပြီး ကွဲအက်နေတဲ့ နှလုံးသားကို ဘယ်သူ့ကို
ဖွင့်ပြလို့ ရနိုင်တော့မှာတဲ့လဲ။ ကျွန်တော့် မြတ်နိုးချစ်ကို ဘယ်သူ့ရှေ့မှာ ဖွင့်ပြနိုင်တော့မှာလဲ။
အဲဒီအချိန်တွေ ကတည်းက အားလုံးပြီးဆုံး သွားခဲ့ပြီလို့ သဘောပေါက်ခဲ့ပါတယ်။ တကယ်တော့
အပြီးမသတ်နိုင်တဲ့ ပန်းချီကားပါ။ ဘယ်တော့မှ ရေးလို့ ခြယ်လို့မှုန်းလို့
မပြီးနိုင်တဲ့ ပန်းချီကားကလေးပါ။
'ဆွာ'
ဘူတာမှာဆင်း။ ဘူတာရုံဘေးက ကုက္ကိုလ်ပင်ကြီးအောက်မှာ ရောင်းတဲ့
ဘူးသီးကြော်လေး နည်းနည်းဝယ်၊ လမ်းမှာ ကိုက်စားရင်း၊ ရေသောက်ရင်း၊ လယ်ကွင်းတွေ၊
ယာတောတွေကို ဖြတ်ပြီး လျှောက်ခဲ့ရတယ်။ ယာတောတွေမှာ မြေဆွေးတွေ ဖို့ထားတယ်။
အညိုရောင် ခပ်မှောင်မှောင် မြေကြီးတွေ။ စိတ်ထင်လို့လား မသိဘူး။ မြေကြီးတွေ
ကြည့်ရတာ တော်တော်လွမ်းသလိုပဲ။ ယာတောမှာ ဖြည့်ထားတာက 'မြေဆွေး'
တဲ့လေ။ ဆွေးမြည့်နေတဲ့မြေ၊ ဆွေးမြည့်နေတဲ့ မြေပြင်ကို
ဖြတ်လျှောက်နေတဲ့ ဆွေးမြေ့တဲ့ ရင်ကို မနိုင်တနိုင် သယ်ထားရတဲ့ ချာတိတ်တစ်ယောက်။
ဇာတ်အဖွဲ့က
ကွင်းပေါက်ဆိုတဲ့ရွာကြီးမှာ က နေတယ်။ ကွင်းဘောက်ဆိုတဲ့ ရွာဟာ ရွာကြီးတစ်ရွာပါပဲ။ ရွာဘေးမှာ
ခြေသလုံးလောက်ပဲ နက်တဲ့ ချောင်းတစ်စင်းရှိတယ်။ ပဲခူးရိုးမက စီးလာတဲ့ချောင်း။
အဲဒီချောင်းကို ဖြတ်လျှောက်ရင်း ကျွန်တော့်ဘဝကို ကျွန်တော် ပြန်စဉ်းစားကြည့်တယ်။
တကယ်တော့ ကျွန်တော်ဟာ ကျေးရွာတစ်ရွာရဲ့ဘေးမှာ စီးဆင်းနေတဲ့
စမ်းချောင်းကလေးတစ်ခုနဲ့ တူတယ်။
တသွင်သွင်စီးနေတဲ့
စမ်းရေသံကို ဘယ်သူမှ ဂရုစိုက်မိမှာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီ စမ်းချောင်းကလေးဟာ
အလွန်ကြည်လင်အေးမြတဲ့ စမ်းရေကလေးတွေ စီးနေတဲ့ ချောင်းကလေးပါ။
ကျွန်တော့်ရင်ထဲမှာလည်း ကြည်လင်အေးမြတဲ့ စမ်းချောင်းကလေးတစ်စင်း စီးဆင်းနေတယ်။
ကျွန်တော့် ရင်ထဲက ရေစီးသံဟာ တိုးတိုးတိတ်တိတ် ညင်ညင်သာသာ ကလေးပဲ။ ဒါပေမယ့်
အမြဲတမ်း မနားတမ်း စီးဆင်းနေတယ်။
'သူ'မကြားဖူးသလားတော့ မသိဘူး။ ဟိုးရှေးရှေးတုန်းက ဧကရာဇ်၊ ပဒေသရာဇ်
ရှင်ဘုရင်တွေက အကျဉ်းသားတွေကို နှိပ်စက်တဲ့ နည်းတစ်နည်းရှိတယ်။ အဲဒါက
တစ်စက်ချင်းကျနေ တဲ့ ရေအိုးကြီးရဲ့အောက်မှာ အကျဉ်းသားကို နည်းနည်းမှ
လှုပ်လို့မရအောင် ချည်နှောင်ပြီး ထားတာပဲ။ ရေအိုးကြီးထဲက ရေဟာ တစ်စက်ချင်းပဲ
ကျတယ်။ ကျတဲ့နေရာက အကျဉ်းသားရဲ့ ငယ်ထိပ် တည့်တည့်။ စစချင်းမှာ ရေလေးတစ်စက်ချင်း ကျတာ။
ဘာမှ နာကျင်စရာမရှိဘူးလို့ ထင်ရတယ်။ ဒါပေမယ့် တစ်နေကုန်ခံရတဲ့အချိန်မှာ
ရေတစ်စက်ကျရင် တင်းပုတ်ကြီးနဲ့ တစ်ချက်ထုသလို ခံစားရသတဲ့။ တစ်ရက်ကနှစ်ရက်ကြာရင်
အကျဉ်းသားဟာ အော်ဟစ်ညည်းညူတော့တယ်။ ဒါပေမယ့် သူ့ ပါးစပ်ကို အဝတ်တွေနဲ့
ဆို့ပိတ်ထားလေရဲ့တဲ့။ ဘယ်လောက်အော်အော် အသံ မထွက်နိုင်ဘူး။ ရေကတော့
ငယ်ထိပ်တည့်တည့်ကို တစ်စက်ချင်းကျတုန်းပဲ။ အိပ်လို့လည်း မရနိုင်ဘူးလေ။ အဲဒါ
သုံးရက်က လေးရက် ရောက်ရင် အကျဉ်းသားဟာ တဆတ်ဆတ်တုန်ပြီး ဘယ်လိုမှ
မခံမရပ်နိုင်တော့တဲ့ ဝေဒနာကို ခံစားရသတဲ့။ ရေတစ်စက်ဟာ တစ်သက် စာလောက်ခံရသတဲ့။
ဒီအချိန်မှာ သူ့ကို စားကောင်း သောက်ဖွယ်တွေ ရှေ့ချပြီးကျွေးသတဲ့။
ဘယ်လောက်ကောင်းတဲ့ အစားအစာ ဖြစ်ဖြစ် မစားနိုင်တော့ဘူး။ မစားချင်တော့ဘူး။ တရိရိ
ညှဉ်းဆဲတဲ့ နည်းပေါ့လေ။ ဒီလိုနဲ့ပဲ သိပ်ပြင်းထန်တဲ့ မခံမရပ်နိုင်အောင် နာကျင်တဲ့
ဝေဒနာနဲ့ ကွယ်လွန်ရရှာသတဲ့။ ဒီသဘောပဲ သူရေ၊ ကျွန်တော့်ရင်ထဲက နှလုံးသားပေါ်ကို
ရေတစ်စက်ချင်း အချခံခဲ့ရတယ်။ အဲသလို နှိပ်စက်တာ ဘယ်သူလဲသိလား။ ကျွန်တော်ကိုယ်တိုင်ပဲ။
ဘယ်သူကမှ နှိပ်စက်ညှဉ်းပန်းတာ မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်ပဲ
ကျွန်တော့်ကိုယ်ကျွန်တော် နှိပ်စက်ခဲ့တာ။ ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး။
အပြစ်အားလုံးဟာ ကျွန်တော့်မှာပဲရှိတယ်။ ဆရာဘုန်း (ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်)
ရဲ့ စာသားကို ငှားပြီးပြောရရင် 'ပြုပြုသမျှ အနုသယတွေက
စခဲ့ရတဲ့၊ သမုဒယ ဆိုတဲ့ မောင့်အမှား' ပါပဲ။ သမုဒယဆိုတာ ဒုက္ခရဲ့ အကြောင်းရင်းတဲ့လေ။
'ကွင်းပေါက်'ကို ရောက်တော့ ဇာတ်အဖွဲ့ရဲ့ အခြေအနေက ဆိုးသထက် ဆိုးနေပြီ။
ရုံကဟောင်းလောင်း၊ ဇာတ်ဆရာက စိတ်ညစ်ညစ်နဲ့ အမြဲလိုလို မူးနေလေရဲ့။ အဲဒီမှာ ကိုမြင့်ဆိုတဲ့
မယ်ဒလင်ဆရာ တစ်ယောက်ရှိတယ်။ သူ့အိမ်ဟာ 'စလူမိုး၍
ကျူရိုးတိုင်ထူ၊ နေပူကျဲတဲ ဝက်သိုက်တဲ' ဆိုတဲ့
အိမ်မျိုးပါ။တကယ်ပဲ ဝါးထရံဟောင်းတွေ ကာထားတယ်။ ဘုရားစင်ကလေးတစ်ခုပဲ
ပန်းအနွမ်းတွေနဲ့ နည်းနည်းသပ်ရပ်ပြီး ကြည့်ပျော်ရှုပျော် ဖြစ်နေတယ်။
ဖြစ်ချင်တော့ အဲဒီဘုရားစင်အိုကလေးမှာ
ခရမ်းရောင် မေမြို့ပန်းအနွမ်းတွေ ကပ်ထားတယ်။
ဘုရားစင်ဆိုပေမယ့်
ဆင်းတုတော်ရှိတာ မဟုတ်ရှာပါဘူး။ ဘုရားပုံတော်ကားချပ် အဟောင်းကလေး တစ်ခုကို ထရံမှာ
ဝါးခြမ်း ကလေးတွေနဲ့ တည်ခံထားတဲ့ ဘုရားစင်
ဖြစ်တယ်ဆိုရုံ ပါ။ သူ့မှာ ရှိသမျှထဲက အကောင်းဆုံးလို့ ထင်ရတဲ့ ဖန်ခွက်
ကြည်ကြည်ကလေးနဲ့ သောက်တော်ရေ ကြည်ကြည်သန့်သန့်ကလေး ကပ်ထားတယ်။ ကွင်းပေါက်ကို ပြန်ရောက်ရောက်ချင်းဆို သလိုပဲ
အဲဒီမယ်ဒလင်ဆရာ ကိုမြင့်ဆီကို သွားခဲ့တယ်။ သူ့ ဘုရားစင်ကလေးမှာ ကပ်ဖို့
ပန်းနည်းနည်း ဝယ်သွား တယ်။ ရွက်လှပန်း လိန်ကောက်ကောက်ကလေးတွေပါ။ အစိမ်းနဲ့အဝါ
ပြောက်ရွက်လှပန်း လိမ်ကောက်ကောက်ကလေးတွေ။ အစိမ်းရောင်လွင်ပြင်ကို ဖြတ်သန်းနေရတဲ့ ကျွန်တော့် ဘဝ၊
တွန့်လိမ်ကောက်ကွေ့နေတဲ့ ကျွန်တော့်ဘဝ။ အဲဒီတုန်းက သတိမထားမိပေမယ့်
ပြန်စဉ်းစားတော့ အဲဒါ ကိုယ့်ဘဝရဲ့ သင်္ကေတပဲလို့
ထင်မိတယ်။ ရူးလိုက်တာနော်။
ဘုရားမှာ
ပန်းကပ်၊ ဆီမီးပူဇော်ပြီး ကျွန်တော်လေ.. လှုပ်ရှားတုန်လှုပ်နေတဲ့ နှလုံးသားကို
ငြိမ်းချမ်းအောင် ဘုရားရှိခိုးလိုက်ရတယ်။ ပြီးတော့ ဆုတောင်းတယ်။ ကျွန်တော်သိပါတယ် 'သူ'...။ ဗုဒ္ဓမြတ်စွာဘုရားဟာ 'လိုအပ်သမျှ ပြည့်စုံစေ'
လို့ ဆုပေးတဲ့ ဘုရားရှင်မြတ် မဟုတ်ပါဘူး။ ကိုယ်တိုင်ကျင့်ကြံအားထုတ်မှ
ကိုယ်တိုင် မျက်မှောက်ပြုနိုင်တဲ့ သန္တိရသ ငြိမ်းချမ်းရာ၊ အေးဆေးရာ၊ ဆိတ်ငြိမ်ရာ၊
အာသဝေါတရားလေးပါးတို့ ကင်းရာကုန်ရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို
မျက်မှောက်ပြုနိုင်မှာပါ။ မြတ်စွာဘုရားဆီမှာ ဆုတောင်းတိုင်း မပြည့်နိုင်ဘူး။
ကိုယ်တိုင်ပဲ လေ့လာ ကျင့်ကြံ ပွားများရမယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်လို့ရမယ်။
ဗုဒ္ဓမြတ်စွာ ဘုရားလည်း မကယ်နိုင်ဘူး။
ဘယ်သူ့မှလည်း မကယ်နိုင်ဘူး။ ဗုဒ္ဓမြတ်စွာဘုရားက အမွန်မြတ်ဆုံးလမ်းကို
ညွှန်ပြတော်မူတာပါ။
ဒါပေမယ့် 'သူ'
ရယ် ... စိတ်လှုပ်ရှားလွန်းတဲ့အခါ ဘုရားရှင်ကို အာရုံပြုပြီး ရှိခိုးကန်တော့လိုက်ရတာ
ခဏလေးဖြစ်ဖြစ် အေးချမ်းလှပါတယ်။ ဒါပေမယ့် မိုက်မဲတွေဝေလှတဲ့ ကျွန်တော်ဟာ
မရနိုင်တဲ့ဆုကို တောင်းမိတယ်။ မတောင်းအပ်တဲ့ဆုကို တောင်းမိတယ်။
သံသရာဘဝ
အဆက်ဆက်ဆိုတာရှိရင် ဖြစ်လေရာ ဘဝမှာ 'သူ့' ကိုချစ်ခွင့်ပြုပါ။
ချစ်ပါရစေ။ 'သူ' ကလည်း နောင်ဘဝဘဝတွေမှာ
ကျွန်တော့်ကို ခဏဖြစ်ဖြစ် ချစ်ပါစေလို့ အကုသိုလ်ကြီးစွာနဲ့ ဆုတောင်းမိခဲ့တယ်။
အဲဒါကြောင့် ငရဲကြီးမယ်ဆိုပါစို့။ ကြီးစမ်းပါစေ။ 'ကြီးစမ်းပါစေ...နှစ်ပေါင်းထောင်
ကုဋေ'။ အစဉ်အလာပြောခဲ့ကြတဲ့ မဟာအဝီစိငရဲကြီးမှာ အပြန်တစ်ရာမက
ကြီးပါစေ။ ကျွန်တော် ငရဲခံပါမယ်။ ဟုတ်တယ်။ အသက်ရှင်လျက်နဲ့ တစ်စချင်း
တစ်မှုန်ချင်း ကြွေကြွေကျနေတဲ့ နှလုံးသားကို ရင်ထဲမှာပိုက်ပြီး
ရှင်သန်နေရတာနဲ့စာရင် ငရဲအိုးမှာချိုးကပ်နေတာမှ တော်လိမ့်ဦးမယ်လို့ ထင်မိတယ်။
ဒါကြောင့်
မတောင်းအပ်တဲ့ဆုကို မြတ်စွာဘုရားဆီမှာ တောင်းခဲ့မိတယ်။ သံသရာဝဋ်ဆင်းရဲ
ရှည်ချင်သလောက် အတိုင်းမသိ ရှည်စမ်းပါစေ။ သူနဲ့ အတူတကွသာဆိုရင် မဆုံးနိုင်တဲ့
သံသရာဝဋ်ဆင်းရဲကို ခံစမ်းပါရစေ။ ဦးပုညရဲ့ တေးထပ် တစ်ပိုဒ်လိုပေါ့။
'သံသရာဝဋ်ထဲ
မကျွတ်ပဲနေနေ၊ ဇွတ်ဆွဲလို့ တပေပေငယ်၊ သေပစေခင်ရဲ့၊ နိဗ္ဗာန်မြို့ အမြိုက်ခွင်ကို၊
မလိုက်ချင်ရုန်းကန်လို့ဖဲ့'
တကယ်တော့
တော်တော်မိုက်မဲတာပဲနော်။ အဲသလို သံသရာဝဋ်ဆင်းရဲကို ခံမယ်ဆိုရင်
ကျွန်တော်တစ်ယောက်တည်း ခံပါတော့လား။ ကျွန်တော် တသိမ့်သိမ့် မြတ်နိုးခဲ့ရတဲ့၊
ချစ်နေရတဲ့၊ ချစ်မြတ်နိုးနေမှာဖြစ်တဲ့ သူ့ကို ဘာဖြစ်လို့ ကျွန်တော်နဲ့အတူ
ဝဋ်ဆင်းရဲကို ခံစေရမှာလဲ။ သိပ်ကို
မိုက်မဲတဲ့ ကျွန်တော်ပါ။ သံသရာ ဝဋ်ဆင်းရဲက သူလွတ်ပါစေ။ သူ့ကိုယ်စား
အဲဒီဝဋ်ဆင်းရဲကို ကျွန်တော်ခံလို့ရရင် ခံလိုက်ပါမယ်။
□
သီချင်းဆို၍
ငိုရသည်
အဲသလို ဘုရားစင်ကလေးမှာ
ဆုတောင်းပြီးတဲ့နောက် မယ်ဒလင်ကိုမြင့်နဲ့ သီချင်းဆိုနေမိတယ်။ 'စိမ်'
ဆရာ ဂီတနက်သန် ကိုစောညိန်းရဲ့ 'စိမ်' ဆိုတဲ့ သီချင်းလေးပေါ့။ သူကြားဖူးလားတော့ မသိဘူး။
'ချစ်ရေးခင်ရေး
လိုက်လေဝေးတယ်၊ စိမ်ခေါ်ပါလို့ ပြေးလေသလားကွယ်၊ လှမ်းလင့်သူအား မြူသလိုပုံနှယ်၊
ယိမ်းနွဲ့လှည့်စား၊ ရှောင်ဖယ် ရှောင်ဖယ်၊ မာယာတွေပို လွန်းသူရယ်။ စိမ်ပြီကွယ့်
ထားသက်လှယ်'တဲ့...
'အရိုင်းစပယ်မို့ပစ်ပယ်
ပန်တော်မဝင်တယ်၊ ငွေသဇင်ကြူကြူမွှေးကို သူရွေးပြီထင်အားငယ်၊ တွက်ရေသော်
ရက်တွေခြား၊ စောင့်စားရင်းမြေမှာကြေ ကြွေကာနွမ်းလေပြီကွယ်'
နောက်
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့သီချင်း၊
အဲဒီတုန်းက ကျွန်တော် မယ်ဒလင် တီးတတ်သေးတယ်။ ဆရာဘုန်းရဲ့ သီချင်းကိုတော့
ကျွန်တော်တီးတတ် ဆိုတတ်တယ်။
မိုးကချုပ်ပြီ။
ကိုမြင့်ခမျာ ရေနံဆီဖိုးတောင် မတတ်နိုင်လို့ ဒီဇယ်ဆီလေး နည်းနည်းဝယ်၊ ဆားခတ်ပြီး
သံဖြူမီးခွက်လေး ထွန်းပေးရှာတယ်။ ကျွန်တော့်အိပ်ကပ်ထဲမှာလဲ နှစ်ကျပ်လားပဲ
ကျန်တော့တယ်လေ။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နေကြတဲ့အချိန်ပေါ့ 'သူ'
ရယ်။ ကိုမြင့်လည်း မွဲလို့၊ ကျွန်တော်လည်း စုတ်ပြတ်လို့။
ကိုမြင့်ရဲ့တဲက
ထရံကာ၊ ဝါးကြမ်းခင်း၊ ကျိုးတိုးကျဲတဲ၊ သူ့အိမ်မှာ စစ်ဆောင် အဟောင်းတစ်ထည်ရယ်၊
ခေါင်းအုံးလို့ ပြောလို့ရရုံ ခေါင်းအုံးညစ်စုတ်စုတ်တစ်လုံးရယ်။ မယ်ဒလင်အိုလေး
တစ်လက်ရယ် ဒါပဲရှိရှာတယ်။ ကိုမြင့်ကို တစ်ခုခု ကူညီဖို့ မေ့နေတယ်။ သူလည်း
ထမင်းမစားရသေးဘူး။ ကျွန်တော်ကတော့ စားချင်စိတ်မရှိဘူး။
ဖက်မိုးက
ဆန်ခါ ပေါက်ကျဲနေတယ်။ လရောင်ပြာလဲ့က ဖက်မိုးကျဲကျဲ ကြားထဲ တိုးဝင်လာတယ်။
ကျွန်တော်သတိရတာနဲ့ ကိုမြင့်တို့တဲ အိမ်ရှေ့က မြေကွက်လပ် တလင်းပြောင်
ပြောင်လေးပေါ် ဆင်းထိုင် လိုက်တယ်။ ကုက္ကိုပင်တစ်ပင်ကြားမှာ လရောင် ဝိုးတဝါးကို
မြင်ရတယ်။ လသာတဲ့ ညတစ်ည။ ကျေးရွာ တစ်ရွာရဲ့ တဲကလေးရှေ့က မြေညီခင်းပြန့်၊ တလင်းသန့်
ကလေးပေါ်မှာ ကျွန်တော် မယ်ဒလင်တီးပြီး သီချင်းဆိုနေမိတယ်။ သီချင်းက 'ကမ္ဘာကုန်ကျယ်သရွေ့ဝယ်'
တဲ့။
'အိပ်မက်ဆန်တဲ့
နွေည ပန်းချီ၊ နှင်းမြူရိပ်ကိုမြင်လျှင် အမှတ်မထင် ဝေဝေဝါး၊ ဘဝပမာလေလား၊
တင်စားမိသည်...'
'နွယ်ဦးမွန်မို့
ချစ်ထွတ်တင်သည်၊ ကမ္ဘာကုန်ကျယ် သရွေ့ဝယ် လွမ်းရမည်'
ဘယ်လောက်ကြာအောင်
သီချင်းတွေတီးနေ၊ ဆိုနေမိသလဲမသိဘူး 'သူ' ရယ်။
ဇာတ်ရုံဘက်က ကရောင်း ရိုက်သံကြားမှ ထမင်းစားချိန် ကျော်ခဲ့ပြီဆိုတာ သတိရတော့တယ်။
တစ်ခါတလေ ကျွန်တော် 'ကရောင်း' ဝင်ရိုက်လေ့ရှိတယ်။
ကရောင်းရိုက်တယ်ဆိုတာ ဇာတ်ကတော့မယ်လို့ ကြေညာတာမျိုး။ ဘီလူးထွက်ရင်လည်း
ကရောင်းရိုက်တယ်။ တကယ်ပြောင်မြောက်ပြီး တကယ်ချောက်ချားဖို့ကောင်း တဲ့အသံပါ။
ရာမဇာတ်မှာ ဒဿဂီရိ ထွက်ခါနီး ရိုက်တဲ့ ကရောင်းသံကို ကြားဖူးမယ် ထင်ပါရဲ့။
ဇာတ်သမားတွေကို
ည နေ ၆ နာရီထိပဲ ထမင်းစားချိန် သတ်မှတ်ထားတာ။ ကိုမြင့်ကလည်း ကျွန်တော့်
ကိုကြည့်ပြီး သနားနေတဲ့ ပုံပဲ။ ဘာမှမပြောဘဲ အစီ ခံလောက်ပဲကျန်တော့တဲ့
ဆေးပေါ့လိပ်ကို လှိမ့်ဖွာနေလေရဲ့။ ဘေးနားမှချထားတဲ့ မြေရေနွေးကြမ်းအိုး
နှုတ်သီးပဲ့ ကလေးထဲမှာလည်း ရေနွေးကြမ်းမရှိတော့ဘူး။ ထန်းလျက်ခဲကတော့ ပုံမပျက်ပဲ။
နောက်တော့ ကျွန်တော်တို့ လသာသာ ရွာလမ်းဖုန်ဖုန်လေးပေါ်မှာ ဇာတ်ရုံဘက်ကို
လျှောက်ခဲ့တယ်။
□
ထမင်းကျွေးချိန်ကုန် သွားပြီ။
ကျွန်တော်လည်း စားချင်စိတ်မရှိဘူး။ ဒါပေမယ့် ကိုမြင့်ကိုတော့ ထမင်း ကြွေးချင်တယ်။
အိပ်ထဲမှာလည်း နှစ်ကျပ်လောက်ပဲ ကျန်တော့တယ်။ ပွဲဈေးတန်းကလည်း ခြောက်ကပ်ကပ်။
ဇာတ်အဖွဲ့က ထမင်းကျန် ထမင်းကြမ်းခဲကလေးတောင်း၊ ဖက်နဲ့ထုပ်ပြီး ခြောက်ကပ်ကပ် ပွဲဈေးတန်းက
မုန့်ဟင်းခါးဆိုင်မှာ အေးနေပြီဖြစ်တဲ့ ဟင်းရည်ချည်းပဲ ပြားခြောက်ဆယ်ဖိုး ဝယ်ပြီး
ထမင်းကြမ်းနဲ့ ကိုမြင့်ကို ကျွေးလိုက်တယ်။ ကျွန်တော် စားချင်စိတ်မရှိဘူး။
ကိုမြင့်က နည်းနည်းတော့စားပါဆိုလို့ သူ ကျေနပ်အောင် တစ်ဇွန်း၊ နှစ် ဇွန်းလောက်
စားလိုက်တယ်။
ဇာတ်ရုံထဲ
ပြန်မဝင်ချင် တော့ဘူး။ ပွဲကြည့်ပရိသတ်က ဇာတ်ရုံကြီးတစ်ခုလုံးမှာမှ လူနှစ်ဆယ်၊
အစိတ် လောက်ပဲ ရှိမယ်။ ကလေးတွေကတော့ ဇာတ်ရုံထဲဝင်ပြီး ကျူဖျာတွေပေါ်မှာ ကျွမ်းထိုးတမ်း၊
ပြေးတမ်းလိုက်တမ်း ကစားနေကြလေရဲ့။
ဒါနဲ့
ရွာဘေးက စမ်းချောင်းကလေးဆီ လျှောက်ခဲ့ကြတယ်။ နွေလလယ်မို့ ရေကနည်းတယ်။ ဒါပေမယ့်
တောင်ကျရေဆိုတော့ ကြည်လင်နေတယ်။ စမ်းချောင်းဘေးမှာ ကျောက်စရစ်ခဲ
ညိုညိုဝါဝါလေးတွေကို လှလှပပ စီထားသလိုပဲ။
လသာသာ
စမ်းချောင်းဘေးမှာ သီချင်းတွေဆိုနေ၊ တီးနေမိပြန်တော့တယ်။ အလွမ်းသီချင်းတွေပဲပေါ့။
ကိုမြင့်က ကျွန်တော့်ကို ဘာတွေဖြစ်လာသလဲလို့ မေးတယ်။ ကျွန်တော်ဘာမှ ပြန်မဖြေဘူး။
ဟုတ်တယ်လေ။ ကျွန်တော် ဘာဖြေရမလဲ၊ ဘယ်လိုဖြေရမလဲ။ဘယ်လိုစကားလုံးတွေကို သုံးရမလဲ။
ဘာမှ ဘယ်လိုမှ ဘယ်သူ့ကိုမှ ဘယ်တော့မှ ဖြေလို့မရနိုင်တော့တဲ့ မေးခွန်း။ ဒါကြောင့်
ကျွန်တော်ခေါင်းပဲ ဖြည်းဖြည်းခါပြလိုက်တယ်။
ကိုမြင့်ဟာ
အနုပညာသမားပဲ။ အရပ်ပွဲတို့ အလှူတို့၊ ရွာမင်္ဂလာဆောင်တို့မှာ မယ်ဒလင် လိုက်တီးနေတဲ့သူ၊
ပေးသမျှပဲယူပြီး ဘဝကို ခပ်ကြမ်းကြမ်း ဖြတ်သန်းနေတဲ့လူ၊ အဲဒီအချိန်မှာ ကျွန်တော်သူ့ကို
အားကျမိသလိုပဲ။ မယ်ဒလင်တစ်လက်ရှိရင် ထမင်းတစ်လုတ်တော့ စားနိုင်ပါ လိမ့်မယ်လို့
တွေးမိတယ်။ တကယ်တော့ ကျွန်တော် ပေတေလေလွင့်နေတာပါ။
နည်းနည်းညဥ့်နက်တော့
ဦးလေးကိုအောင်သန်းက လူတစ်ယောက်ကို အခေါ်လွှတ်လိုက်တယ်။ (ဦးလေးကိုအောင်သန်းဆိုတာ
မေမေ့မောင်ဝမ်းကွဲ၊ ငယ်ငယ် ကတည်းက စန္တရားတီးရင်း ဇာတ်ထဲလိုက်သွားခဲ့တာ။)
ကျွန်တော်တို့ကို နေရာအနှံ လိုက်ရှာနေတာတဲ့။ ဘာလုပ်ဖို့လဲဆိုတော့
သီချင်းဆိုဖို့တဲ့။ ကျွန်တော်လည်း ဘာမှန်းမသိဘဲ လိုက်သွားတယ်။ ဇာတ်ခုံရောက်တော့
ပြဇာတ် ကနေပြီ။ ဇာတ်ရုံနောက်ဘက်ကဝင်ပြီး ဦးလေးကိုအောင်သန်းတို့ တီးဝိုင်းထဲ
ပုဏ္ဏား ကွယ်တွေကြားထဲက တိုးဝှေ့ပြီး ရောက်သွားတယ်။ ဦးလေးကိုအောင်သန်းက
နောက်တစ်ခန်းပြီးရင် အလွမ်းတဲ့။ 'ချစ်ဆိပ်ရည်' သီ
ချင်းဆိုရမယ်တဲ့။
'ကျွန်တော်
နဲ့ဘာဆိုင်လို့လဲ' လို့မေးတော့ ဒီလိုတဲ့။
အဲဒီအလွမ်းခန်းမှာ
နောက်ခံသီချင်းက 'ချစ်ဆိပ်ရည်' (ဆရာ ရွှေပြည်အေး၊ စန္ဒရားဆရာကြီး
အေဝမ်း ဦးခင်မောင်နဲ့ ဒါရိုက်တာ ဆရာကြီး ဦးတင်ယုတို့ ရေးသားခဲ့ပြီး ရုပ်ရှင်နဲ့
ပြဇာတ် မင်းသမီးကြီး (ဒေါ်) မြင့်မြင့်ခင်နဲ့ (ဒေါ်) ကြည်ကြည်ဌေး
ဆိုခဲ့တဲ့သီချင်း။) ဆိုရမယ့် မိန်းကလေးက ညကြေးမရတာ သုံးညတောင်ရှိပြီမို့
မဆိုနိုင်ဘူးတဲ့။ အဲဒီသီချင်းကို တခြားတီးဝိုင်းအဖွဲ့သားတွေလည်း ဘယ်သူမှ
ဟုတ်တိပတ်တိ မရဘူး။ ဇာတ်ဆိုတာက 'သေတ္တာမှောက် အမျိုးစုံ
ကြုံရာကျရာ' လုပ်နိုင်တဲ့
လူရှားသားကလား။ ခက်တာက အဲသလိုဇာတ်တိုက်ထားရင် အဲဒီနေရာမှာ အဲဒီ သီချင်းဆို၊
ဇာတ်တိုက်ထားတုန်းကအတိုင်း က။ ဒါမှ မီးသမားတို့၊ ကားဆွဲ (လိုက်ကာ အတင်အချလုပ်တဲ့လူ)၊
အိုဗာချာတီးလုံးတီးတဲ့လူ စသဖြင့် သူ့အချိန်နဲ့သူ ချိန်ကိုက်လုပ်ရတာကိုး။
ဇာတ်သမားအများစုက စာမတတ်ကြဘူး။ ဒါပေမယ့် မှတ်ဉာဏ်သိပ်ကောင်းတယ်။ ဘယ်အချိန်
ဘာအသံကြားရင် ဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်း မှတ်မိနေတယ်။ ဒါပေမယ့် သီချင်း
ပြောင်းတီးလိုက်တာနဲ့ အံတွေလွဲကုန်နိုင်တယ်။ (တိုင်မင်အောက်တယ်လို့ခေါ်တယ်)
'ချစ်ဆိပ်ရည်' ကို ကျွန်တော်တစ်ခါတလေ ညည်းနေတာ ဦးလေးကိုအောင်သန်းသိတယ်။ ဒါကြောင့်
ကျွန်တော့်ကို ဆိုခိုင်းတာ။ တကယ်က မိန်းကလေးဆိုရမှာ။ ကျကျနနဆိုတတ်တဲ့သူမှ မရှိတော့
မိန်းကလေးသော၊ ယောကျ်ားလေးသော မစဉ်းစားနိုင်တော့ဘူး ဆိုရတော့မှာပဲ။
ဖြစ်ချင်တော့များဗျာ
တိုက်တိုက်ဆိုင်ဆိုင်ကြီး ကျွန်တော် 'သူ့' ဆီက
ပြန်လာတဲ့ အဲဒီညမှ ချောက်ချီးချောက်ချက် ပရိသတ် နှစ်ဆယ်လောက်ကို ကျွန်တော် သီချင်းဆိုပြခဲ့ရတယ်။
တီးဝိုင်းထဲကပဲပေါ့။ (သန်လျင် သင်္ဘောပေါ်က သီချင်းသည်ကို သတိရပါသေးရဲ့)
စင်ပေါ်မှာတော့ ဇာတ်မင်းသမီးက လွမ်းခန်းဖွင့်နေလေရဲ့။ တကယ်တော့ အဲဒီသီချင်းစာသားက
ယောကျ်ားလေးလဲ ဆိုလို့ရပါတယ်။ အဲဒီပြဇာတ်ကို ကျွန်တော်ဝိုင်းပြီး တိုက်ပေးခဲ့တာ။
ဒီတော့ ကျွန်တော်က မင်းသမီးကို တစ်ဖက်ကလွမ်း၊ မင်းသားကို စပေါ့လိုက်ထိုးပြီး
ထောင့်တစ်ထောင့်မှာ လွမ်းနေတဲ့ပုံနဲ့ ထိုင်ခိုင်း၊ တခြားမီးတွေမှိတ်၊ ပြီးတော့
ကျွန်တော်က သီချင်းဆို။
'ရွှေဖူးစာ...ဖန်လာကာ
အခွင့်ပေးလို့ရယ်...သူ့ကိုသာကွယ်...ချစ်ဇောဟုန် ပွားမိခဲ့တယ်...သို့ပေမယ့်
တကယ်...ကံကြမ္မာ ဖန်လာချက်ရယ်...ရတက်ကြီးစွာ စနက်မီး
မွှေပြီကွယ်...ခက်တယ်....ခက်တယ်...အကြောင်းကံရယ်ပေါင်းရန်ကမလွယ်..(...........)
ကွဲအက် ကြေပြုန်းလုဖြစ်နေတဲ့ အသဲနှလုံးထဲကိုမှကွယ် အဆိပ်ရည်လွှမ်းတဲ့ အချစ်ကိုမှ
တကယ် ကြံဖန်ထည့်သွင်းပေးနိုင်ရက်တော့တယ်...'
ဦးလေးကိုအောင်သန်းက
စန္ဒရားတီးနေရင်းက ကျွန်တော့်ကို ကြည့်တယ်။ကျွန်တော့်မှာ မျက်ရည်စတွေနဲ့။ အသံကလည်း
လှိုက်လဲတုန်ခါနေတယ်လို့ ထင်မိတယ်။ ခြောက်ကပ်နေတဲ့ ဇာတ်ရုံ ဟောင်းလောင်းကြီးထဲမှာ
မီးရောင်က ခတ်မှိန်မှိန် ဝါကျင်ကျင်၊ ကျူထရံ အမိုးပေါက်တွေထဲကို လရောင်ပြာပြာက
ကျနေ။ မြူကလေးတွေက ဝေ့လို့ဝိုက်လို့။
အဲဒီည
သန်းခေါင်ဟာ ကျွန်တော် 'သီချင်းဆို၍ ငိုရသည်' ညပါပဲ။
ကျွန်တော် တီးဝိုင်းထဲမှာ
ကြာရှည်မနေနိုင်တော့ဘူး 'သူ' ရယ်။
□
ကြေကွဲနေတဲ့
ရယ်မောသံ
သီချင်းဆိုပြီးတာနဲ့
ရုံထဲက ထွက်ခဲ့တယ်။ အပြင်ဘက် ပွဲဈေးတန်းမှာလည်း လူမရှိသလောက် ကျဲသွားပြီ။
သန်းခေါင်ကျော်ပြီ။ ခပ်လှမ်းလှမ်းက သစ်ပင်ကြီးတစ်ပင် အောက်မှာ လူလေးငါးယောက်
ထိုင်နေကြတယ်။ ဒီဇယ်ဆီမီးခွက်က မှိတ်တုတ်မှိတ်တုတ်။ တောအရက်ဆိုင်ကလေး။
ပြီးတော့
စမ်းချောင်းကလေးဘေးမှာ သွားထိုင်နေလိုက်တယ်။ စမ်းရေစီးသံဟာ သာယာလှပနေသလိုပဲ။
ဒါမှမဟုတ် သိပ်လွမ်းစရာ ကောင်းတာပဲ။
ကျေးရွာလေးတစ်ခုရဲ့
သန်းခေါင်ယံ လမင်းကြီးက မြူတွေကြားမှာ သာလို့။ စမ်းချောင်းကလေးက
တသွင်သွင်စီးနေလို့၊ လရောင်က စမ်းရေစီးရဲ့ လှိုင်းကြက်ခွပ်ကလေးတွေကို ဖျတ်ခနဲ
ဖျတ်ခနဲ နမ်းနေခိုက်။
ကျွန်တော်
ကျောက်စရစ်ခဲ သောင်ပြင်ပေါ်မှာပဲ ပက်လက်လှဲချလိုက်တယ်။ အဲဒီတုန်းက အနားမှာ ဘယ်သူမှ
မရှိဘူး ကျွန်တော်ရယ်၊ မြူမှုန်လွလွရယ်၊ လမင်းကြီးရယ်၊ လမင်းပေါ်မှာ 'သူ့မျက်
နှာ'ရယ်၊ စမ်းချောင်းကလေးရယ်၊ ကျောက်စရစ်ခဲ
ညိုညိုဝါဝါကလေးတွေရယ်၊ ညိုပြာပြာ လျှိုတစ်ဖက်ကမ်းက တောအုပ်ကလေးရယ်၊ စမ်းရေစီးသံ
ကလေးရယ်၊ သဲဖြူဖြူလေးတွေရယ်။
ကျွန်တော်
အားရပါးရ ငိုရှိုက်ပစ်လိုက်တယ်။ အားရအောင်ငိုပြီးတော့ ရင်ထဲပေါ့ သွားသလိုပဲ။
ပြီးမှ ပြန်စဉ်းစားရင်း အသံထွက်အောင် ရယ်မိပြန်တယ်။ အဲဒီခဏမှာ
ကျွန်တော်ရူးသွားသလား မသိဘူး။ ကျွန်တော့်ကြေကွဲနေတဲ့ ရယ်သံကို စမ်းချောင်းလေးနဲ့
လျှိုတစ်ဖက်က တောအုပ်ကလေးပဲ ကြားရလိမ့်မယ်။ လမင်းပေါ်မှာ အရိပ်ထင်နေတဲ့ 'သူ'
ကတော့ ကြားမိမယ် မထင်ဘူး။ လမင်းဆိုတာ ကောင်းကင်ပေါ်မှာလေ။
ကျွန်တော်က
လွမ်းနေတာ။ တကယ်က ကျွန်တော့်မှာ 'လွမ်းခွင့်' ရှိလို့လား။ သိပ်ရယ်စရာကောင်းတယ်။ လွမ်းခွင့်ကလေးတောင်
မရှိပဲ လွမ်းတယ်။ ပြီးတော့ ရှိုက်ကြီးတငင် ငိုလိုက်သေးတယ်။
သိပ်ရယ်စရာကောင်းတာပဲနော်။
ဒါကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် 'မင်းလောက်ရူးတဲ့ကောင်
လောကမှာ မရှိတော့ပါဘူးကွာ'လို့ အသံထွက်အောင်ပြောပြီး
လှောင်ရယ် ရယ်ပစ်လိုက်တယ်။ ရယ်ရင်းနဲ့ မျက်ရည်တွေ ကျလာတယ်။ ဆရာ
သိန်းသန်းထွန်းစကားနဲ့ဆိုရင် 'ပြုံးသူမှာ မျက်ရည်စတွေနဲ့' ပေါ့။ တကယ်တော့ 'ရယ်သူက မျက်ရည်ကျနေလျက်' ပေါ့။
အဲဒီညကို
ဘယ်လိုကုန်ဆုံးခဲ့တယ်ဆိုတာ မမှတ်မိတော့ဘူး။ မှတ်မိသမျှက တောချက်အရက်ဆိုင်ကလေး၊
ချမ်းတယ်။ တစ်ယောက်ယောက်က ကျွန်တော့်ကို တွဲခေါ်သွားတယ်။
□
ထမင်းတစ်ဆုပ်နဲ့
မျှစ်ပြုတ်
အိပ်ရာကနိုးတော့
နေ အတော်မြင့်ပြီ။
ဇာတ်သမားတွေရဲ့
ဘဝဟာ အဲသလိုပါ။ ညတစ်ညလုံး ဆိုကတီးမှုတ်။ မိုးလင်းတော့အိပ်။ မနက်စာ
ထမင်းစားသံချောင်းခေါက်တော့ထ။ (ဇာတ်စကား တစ်ခွန်းရှိတယ်၊ စောစောသေရင်
စောစောအိပ်ရတယ်တဲ့၊ ကျွန်တော် စောစောသေရင်...)
မျက်နှာသစ်၊ ပြီးတော့ ဝေပုံကျထမင်းယူစား။
အဲဒီနေ့ကစပြီး
စားရတဲ့ ထမင်းနဲ့ဟင်းကို ကျွန်တော်မမေ့နိုင်တော့ဘူး။ ကျွန်တော့်ဘဝမှာ
မြို့လှမှာစားခဲ့ရတဲ့၊ မြို့လှသူ ကျွေးတဲ့ ပုဇွန်တုပ်ဟင်းနဲ့ ထမင်း၊ နောက်ပြီး
အဲဒီဇာတ် ထမင်း။
အဲဒီနေ့
ပုံးဟပ်ဖို့ (ဇာတ်စကားပါ၊ ထမင်းစားတာကို ပုံးဟပ်တာတဲ့) ဟုတ်ပါ့။ အဖွဲ့သားအားလုံး
စားဖို့ အလှူမှာသုံးတဲ့ ထမင်းအိုး၊ ဟင်းအိုးကြီးတွေ မသုံးနိုင်ဘူး။ ဇာတ်က
ဇာတ်ကြီးမှ မဟုတ်ဘဲ။ အလတ်စား ဇာတ်အဖွဲ့ပဲ။ ဒီတော့ ထမင်းချက်ဖို့ ရေတိုင်ကီ
တစ်ပိုင်းပြတ်ကို သုံးတယ်။ ဟင်းအိုးလည်း အဲဒီလို တိုင်ကီပြတ်ပဲ။ ဒါကြောင့်
ထမင်းကို ပုံး လို့ခေါ်သတဲ့။ ပုံးထဲ ထည့်ထားတဲ့ထမင်း။
အဲဒီနေ့
ပုံးဟပ်ရတာတော့ တစ်သက်စာ ဖူလုံသွားတာပါပဲ။ ဆန်ကြမ်း ထမင်းကို သံပန်းကန်ထဲ
ပုံပေးတယ်။ ဟင်းတိုင်ကီပြတ်ထဲမှာ ဘာဟင်းမှ မရှိဘူး။ မျှစ်ပြုတ်တွေပဲရှိတယ်။
ထမင်းတိုင်ကီပြတ်ထဲက ဆန်ကြမ်းထမင်း တစ်ပန်းကန်ယူ၊ မျှစ်ပြုတ်တိုင်ကီပြတ်ထဲက
မျှစ်ပြုတ်နှစ်ဖတ်ယူ။ ကိုယ်တိုင်ယူရတာမဟုတ်ပါဘူး။ တစ်ယောက်က ဝေတာ။ ဘေးက သတင်းစာ
စက္ကူပေါ်မှာ ဆားပုံထားတယ်။ ဆားနည်းနည်းယူ၊
(ဆားတော့ ကြိုက်သလောက်ယူတဲ့လေ။) ဇာတ်ရုံ နောက်ပိုင်းတစ်နေရာကို သွား 'ကိုယ့်ပုံးကိုယ်ဟပ်'
ပြီးပြီ။ ထမင်းကြမ်း ဆားဖြူးပြီး မျှစ်ပြုတ်နဲ့ ပြီးလိုက် ရတယ်။
အဲဒါ တစ်ရက်မဟုတ်ဘူး။ နှစ်ရက်မဟုတ်ဘူး။
နောက်နှစ်ရက်သုံးရက်ကြာတော့
ကျွန်တော် သူ့ဆီ ပြေးလာချင်တယ်။ ဘာပဲဖြစ်ဖြစ် ထမင်းလေးတော့
ကောင်းကောင်းစားရမှာပဲလို့ တွက်မိပါတယ်။ ဒါပေမယ့် ကျွန်တော် နောက်တစ်ခေါက်
ထပ်မလာချင်တော့ဘူး။ သူ့ရဲ့ ညှိုးနွမ်းနေတဲ့ မျက်နှာကို မကြည့်ရက်တော့ဘူး။
နားထင်တွေကျနေတာ။ မျက်ကွင်းတွေ ညိုနေတာ၊ မျက်ခွံတွေ မို့နေတာ။ မျက်လုံးတွေ
ညိုမှိုင်း နေတာ။ အဲဒါတွေ ဘာတစ်ခုမှ မကြည့်ရက်ဘူး။ အဲဒီလို ခံစားရမှာနဲ့စာရင်
ထမင်းကြမ်းနဲ့ မျှစ်ပြုတ်တုတ်နေရတာကမှ ခံသားဦးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ပဲ
မျှစ်ပြုတ်နဲ့ ရက်ပေါင်းများ စွာ နှစ်ပါးသွားခဲ့ရတယ်။
□
ခရီးကြမ်းနှင့်
ပန်းလှလှ
အခန်း ( ၉
) ဆိုပါတော့
ပေါင်းတထွေ
ညောင်းခြေ
မလှမ်းနိုင်ဘု
ဆောင်းနွေမှာ
ခရောင်းမြေက
ကြမ်းတာကြောင့်
လမ်းမရှိထွန်နှင့်အကွာ
ညွှန်နှစ်အမာတွေက
မရှောင်သာသကိုး
ပုဇွန်ကျစ်စာတွေက
တတောင်တထွာမိုး
ငူတောင်စွယ်မှာ
ယူဆောင်သယ်
တီထွင်နုတ်ပါလို့
တလင်းထွင်
ကွင်းပြင်မလုပ်တာကြောင့်
ရှင်းမထွင်
ထင်းပင်က
ရှုပ်ပါဘိ
ဆူးခလုတ်
ငြောင့်တွေက
ဆိုးသနှင့်
စူးလို့မှ
မနုတ်နိုင်ဘု
ဖနောင့်ခြေဖမိုး။
(ရှေးရေး)
□
ကွင်းပေါက်ကနေ ရေနီကို ပွဲကူးတော့
လှည်းတွေနဲ့ သွားကြရတယ်။ တကယ်တော့ လှည်းငှားပြီး ပစ္စည်းတွေက လှည်းနဲ့ကူး။ လူတွေက
ရထားစီး။ ဒီလိုသွားရမှာ။ ဇာတ်ရဲ့ ဝင်ငွေအရ အဲဒီစရိတ် မတတ်နိုင်တော့ဘူး။ ဒါကြောင့်
လှည်းနဲ့ပဲ ဇာတ်ပစ္စည်း မျိုးစုံးနဲ့အတူတူ ဇာတ်အဖွဲ့သားတွေ ဟိုလှည်း နည်းနည်း၊
ဒီလှည်းနည်းနည်း ခွဲလိုက်ကြရတယ်။ အားလုံးကို လှည်းသမားက မတင်နိုင်ဘူး။ ဒီတော့
တစ်ယောက်တစ်လှည့် ဆင်းပြီးလမ်းလျှောက်ရတယ်။ ဇာတ်နဲ့ အဲသလို တကယ်လိုက်ကြည့်တော့မှ
ဇာတ်သမားဆိုတဲ့ သဘင်သည်တွေရဲ့ ဘဝ ဘယ်လောက်ကြမ်းသလဲဆိုတာ သိရတော့တယ်။ ကျွန်တော်လည်း
အလေ့အကျင့်မရှိတော့ ယဲ့ယဲ့ပဲ ကျန်တော့တယ်။ ကျွန်တော်လမ်းဆင်းလျှောက်ပြီး လိုက်ရတဲ့
အလှည့်တွေမှာ ဦးလေးကို အောင်သန်းက သူ့နေရာဖယ်ပေးပြီး သူကဆင်းလျှောက်မယ်
လုပ်ပါသေးတယ်။ ကျွန်တော် အဲသလောက်တော့ အညံ့မခံနိုင်ဘူး။ ဘယ်က ဘယ်ကပါလာတဲ့
မာန်လည်းမသိဘူး။ သေကာမှသေ။ အလျှော့မပေးဘူးဆိုတဲ့ စိတ်ဓာတ်။ 'ရတယ်ဦးလေး'
လို့ပဲ အားတင်းပြီးပြောတယ်။ ဆက်လျှောက်တယ်။ ရိုးပြတ်နဲ့
ပတ်ကြားအက်တွေကြားမှာ နေက တဖြည်းဖြည်း ပူလာပြီ။ ချွေးလည်း တဒီးဒီး ကျလာပြီ၊
ဗိုက်လည်း ဟာလှပြီ။ ကျွန်တော်သိပ်ကြိုက်တဲ့ လက်ဖက်ရည်လေး တစ်ခွက်တောင် မသောက်လိုက်ရသေးဘူး။
ကွင်းပေါက်မှာ ပွဲသိမ်းတော့ လက်ဖက်ရည်ဆိုင်တွေလည်း ညကတည်းက သိမ်းသွားကြပြီပေါ့။
ရေအိုးက သုံးလုံးလားပဲ ပါတယ်။ ရေအိုးထဲမှာလည်း သောက်လိုက်ကြလို့ ရေကုန်နေပြီ။
မောတော့ အာခေါင်တွေ ခြောက်လာတယ်။ ရေငတ်လိုက်တာ လွန်ပါရော။
လမ်းမှာ
ချောင်းတိမ်ကလေးတွေ ဖြတ်ရတယ်။ အဲဒီအခါမှာ နွားခြေရာတွေကြောင့် ရေနောက်သွားပေမယ့်
မတတ်နိုင်ဘူး။ အဲဒီ ချောင်းရေနောက်နောက်ကိုပဲ လက်ခုပ်နဲ့ဆယ်ပြီး သောက်လိုက်ရတယ်။
ဒီလိုအချိန်အခါမျိုးမှာ ကျန်းမာရေးတွေ၊ ဘာတွေ မစဉ်းစားနိုင်ပါဘူး။
တောလမ်းခရီးကို
အဲဒီနည်းနဲ့လျှောက်ရင်း ကျွန်တော့်ဘာသာ စဉ်းစားမိတယ်။ ကျွန်တော်တို့လုပ်နေတဲ့
အနုပညာအလုပ်ဆိုတာ ခေါ်တော့ အနုပညာတဲ့။ ဘဝက ကြမ်းတယ်။ ဘယ်တော့ ဆင်းရဲမလဲ၊ ဘယ်တော့
ငတ်မလဲ၊ ဘယ်တော့ နာမည်ကျမလဲ၊ အဲသလို 'ချောက်ကျ' မယ့် အချိန်ကို စောင့်ရင်း၊ ဒါမှမဟုတ် ချောက်ထဲကျမယ့်နေရာကို မရောက်မချင်း
လျှောက်နေတဲ့ လုပ်ငန်းမျိုးပါကလားလို့ ယူဆလိုက်တယ်။ တစ်ပြိုင်နက်တည်းမှာ ကျွန်တော်
စိတ်ဖြေသွားနိုင်တဲ့ အချက်တစ်ချက် ပေါ်လာတယ်။ အဲဒါကတော့ ကျွန်တော့်လို ဘယ်တော့
ချောက်ထဲကျမလဲ ဆိုတဲ့လမ်းကို လျှောက်နေတဲ့ အကောင်တစ်ကောင်ရဲ့ ဘဝထဲကို ကျွန်တော်
သိပ်ချစ်တဲ့၊ သိပ်မြတ်နိုးတဲ့ 'သူ့' ကို
ခေါ် ဖို့သင့်ပါ့မလား။ လုံးဝ မသင့်လျော်ဘူး။ တကယ်လို့များ အခြေအနေပေးလို့
ကျွန်တော့် ကိုလည်း သူက ကျွန်တော် ချစ်သလို ချစ်ခဲ့လို့ (မဖြစ်နိုင်တာကြီးပါလေ)
ဘဝခရီးကို စွန့်စား လျှောက်ကြမယ်လို့ ငယ်ရွယ်တဲ့စိတ်နဲ့ ဆုံးဖြတ်ခဲ့မိရင်
ခုသွားတဲ့တောလမ်း ခရီးကြမ်းလို ဘဝကြမ်းထဲမှာ အချစ်ဆုံး၊ အမြတ်နိုးဆုံး သူ့ကိုပါ
ခရီးကြမ်းကြီး နှင်ခိုင်းတာနဲ့ အတူတူပဲ ဖြစ်လိမ့် မယ်လို့ သဘောပေါက်လာတယ်။
ဒီတော့
ဆိုးခဲ့တဲ့ ကျွန်တော့်ချစ်ကြမ္မာကို ကြံဖန်ပြီး ကျေးဇူးတင်လိုက်မိတယ်။ ဟုတ်တယ်။
လောကကြီးက တရားတယ်။ မင်းနဲ့ သူနဲ့ မတန်လို့ ကံကြမ္မာက လွှဲဖယ်လိုက်တာ။ သဘာဝ လောကကြီးကို
ကျေးဇူးတင်ရမယ်။ တူနှစ်ကိုယ် တဲအို ပျက်မှာနေရ၊ ချစ်တာ ချစ်တာ ပဓာနဆိုတာ
သီချင်းထဲမှာ ဖြစ်နိုင်ပေမယ့် လက်တွေ့ဘဝမှာ မဖြစ်နိုင်ဘူး။ မဖြစ်သင့်ဘူး။ မှန်တယ်။
သူ မှန်တယ်။ လူကြီးတွေလည်း မှန်တယ်။ ကံကြမ္မာလည်း မှန်တယ်။ မှားနေတာက
ကျွန်တော်တစ်ယောက်တည်းပဲ။ ဒီတော့ ကိုယ်ပြုသမျှ အနုသယ အမှားတွေအတွက် ကိုယ့်ဘာသာ
ခံပေတော့။ ပျော်ပျော်ကြီးခံလိုက်ပေတော့ မောင်ဝဏ္ဏရေလို့ ကိုယ့်ကိုယ် ကိုယ်
ဆုံးမလိုက်တယ်။
အဲဒီခရီးကြမ်းက
ကျွန်တော့်ကို တော်တော် ဆုံးမပဲ့ ပြင်ပေးလိုက်တာပါပဲ။ လောကဓံဆိုတာ အဲဒီလိုပဲ။
မိုက်မဲတဲ့ ကျွန်တော့်ကို အဲဒီလောကဓံက ခဏခဏ နားရင်း အုပ်ပြီး ဆုံးမခဲ့တယ်။
(လောကဓံဆိုတာ အကောင်းရော အဆိုးရော ရှိတယ်။ နှစ်ခုစလုံးက နားရင်းအုပ်တာချည်းပဲ။)
လျှိုကလေးတစ်ခုကို
ဖြတ်အတက်မှာ တောပန်းလေးတွေ တွေ့ရတယ်။ အလေ့ကျ ပန်းကလေးတွေပါ။ ဘယ်လိုများ
တိုက်ဆိုင်လိုက်တာပါလဲ။ ခရမ်းရောင် တောပန်းလေးတွေ၊ သတိရမိ ပြန်ပါရော။
ဆန်းပြားလိုက်တဲ့ ပန်းကလေးတွေ ခရမ်းရောင်ကြားထဲမှာ ဝင်းဝါတဲ့ အစက်အပြောက် ကလေးတွေ
တွေ့ရတယ်။ ကျွန်တော့်အာရုံထဲမှာ ဖျတ်ခနဲ ပေါ်လာပြန်တယ်။ ငယ်ငယ်က သူ
ကျွန်တော့်ပခုံးပေါ် လက်လှလှ ကလေးတင်ပြီး 'ဖုန်းဆက်နော်' လို့ ပြောတော့ ဝတ်ထားတဲ့ အင်္ကျီ ပန်းခရမ်းရောင် ဇာပန်းဖောက်အင်္ကျီ လက်ပြတ်ကလေးလေ။
အဲဒီ ဇာပန်းဖောက်ကလေးတွေ ကြားထဲက ညိုဝင်းနေတဲ့ အသားလှလှလေးတွေကို
မြင်ယောင်မိပြန်ပါရော။ ခရမ်းရောင် နှုတ်ခမ်းဆိုးဆေး။ ပြီးတော့ ကြည်လင်သန့်စင်တဲ့
မျက်ဝန်း။ နောက် ပြုံးလိုက်တိုင်း ပေါ်လာတတ်တဲ့ ပါးချိုင့်ကလေး။ ဆိုးလိုက်တာနော်။
ဘယ်လိုပြေးပြေး မလွတ်နိုင်၊ မထွက်နိုင်တဲ့ ဝင်္ကပါကြီးတစ်ခုထဲကို
ကျွန်တော်ရောက်နေခဲ့ပါပေါ့လား။ (ကျွန်တော့် ဝင်္ကပါမှာ ထွက်ပေါက်မရှိဘူး။)
မောလည်းမောလှပြီ။
လူကလည်း မောလှပြီ။ ရင်ကလည်း မောလှပြီ။ ကိုယ်နဲ့မကွာ လွယ်ထားတဲ့
လွယ်အိတ်ကလေးကိုတောင် မ သယ်ချင်တော့ဘူး။
မနက် ၁၁
နာရီလောက်ရောက်တော့ လျှိုကလေးတစ်ခုကို ဖြတ်တက်အပြီးမှာ အရိပ်အာဝါသ သိပ်ကောင်းတဲ့
ညောင်ညိုပင်ကြီးတွေနဲ့ အင်မတန်အေးချမ်း ဆိတ်ငြိမ်တဲ့ တောထဲက စေတီတော် ကလေးတစ်ဆူ
နားကိုရောက်ခဲ့တယ်။ 'ညောင်ညိုပင်စခန်းမှာ လမ်း ခွဲကြစို့' ဆိုတဲ့စကားကို
သတိရမိပြန်ပါရော။ ငှက်ကလေးတွေရဲ့ စိုးစိုးစီစီ တေးသံကလေးတွေကို ကြားနေရတယ်။ တောထဲက
စေတီမို့ ရွှေမချထားဘူး။ ထုံးသင်္ကန်းတွေတောင် ပြယ်လုနေပြီ။ 'ကုန်းကမူ အထက်ဝယ် ထုံးဖြူဖြူလေး မပြယ့်တပြယ်'။
တချို့အုတ်လှေကားထစ်တွေဟာ ကျိုးပဲ့နေတယ်။ ကျိုးပဲ့နေတဲ့ စောင်းတန်းထိပ်က ခြင်္သေရုပ်နှစ်ရုပ်ကတော့
ကွဲအက်ပြီး ရေညှိတွေတောင် တက်နေလေရဲ့။ ရှေးဟောင်း လက်ရာမို့
တော်တော်လက်ရာမြောက်တယ်။ ရေညှိတွေ တက်ပြီး ကွဲအက်နေပေမယ့် ခြင်္သေ့ရုပ်တုတွေဟာ
ချက်ချင်းပဲ သားကောင်ကို ထ ခုန်အုပ်တော့မယ် ထင်ရတယ်။ ကျွန်တော့်တစ်သက်မှာ အဲသလောက်
အသက်ဝင်တဲ့ ခြင်္သေ့ကို အဲဒီတစ်ခါပဲ တွေ့ဖူးတယ်။ (စလင်း၊ စကုဘက်မှာလည်း
တစ်ခါတွေ့ဖူးတယ်။ ကုန်းဘောင်ခေတ်နှောင်းလက်ရာပဲ။)
ရိုးရိုးသားသား
ဝန်ခံပါ့မယ်။ အဲသလိုနေရာတွေ ရောက်တိုင်း သူ့ကိုပဲ မြင်ယောင်မိတယ်။ တောတွေ
တောင်တွေ၊ မြစ်တွေ ချောင်းတွေ၊ လယ်ကွင်းတွေ၊ အို....နေရာအနှံမှာ သူ့ကိုပဲ
မြင်ယောင်နေမိခဲ့တော့ တယ်။ (နေရာတိုင်းမှာ သူ့ မျက်နှာ) ခွင့်လွှတ်ပါသူရယ်နော်။
ကျွန်တော်
ဘယ်လောက် ရူးသလဲဆိုရင် ကျွန်တော့် နှလုံးသားဟာ အဲဒီ ခြင်္သေ့ရုပ်လိုပဲ ကွဲအက်ပြီး
ရေညှိတွေ တက်နေတဲ့ နှလုံးသား ညိုပုပ်ပုပ်ပဲ။ ဒါပေမယ့် လက်ရာမြောက်တယ်။ ချက်ချင်း
ထခုန်အုပ်ပစ်လိုက်တော့ မလိုဖြစ်နေတဲ့ ပြင်းထန်ဇွဲသန်တဲ့ နှလုံးသားလို့ ထင်မိတယ်။ အနောက်တိုင်းမှာ
Active
hope ချက်ချင်းလှုပ်ရှားတဲ့ မျှော်လင့်ချက်၊ ဒါမှမဟုတ်
မျှော်လင့်ချက်ကို စက္ကန့်မဆိုင်းဘဲ ထလုပ်တတ်တဲ့သဘောနဲ့ Passive hope သားကောင်ကို ငြိမ်ငြိမ်ကလေး ချောင်းနေတတ်တဲ့ ခြင်္သေ့လို ကျားလို
လုပ်တတ်တဲ့၊ ချောင်းမြောင်းနေတဲ့ မျှော်လင့်ချက်အငြိမ်ဆိုပြီး ရှိပါသတဲ့။ (ကျီးသဲလေးထပ်
ဆရာတော်ကြီးက အဲဒါကို အနုသယတဲ့။)ပထမ မျှော်လင့်ချက်မျိုး ထားတဲ့ လူတွေဟာ
တစ်ခုခုလိုချင်ပြီ၊ လုပ်ချင်ပြီဆိုရင် သိပ်မစဉ်းစားဘဲ
ချက်ချင်းလှုပ်ရှားတတ်ပါသတဲ့။ ဒုတိယ 'အငြိမ်မျှော် လင့်ချက်'မျိုးရှိတဲ့လူဟာ အမြဲတမ်း အဆင်သင့် အနေအထားနဲ့ အခွင့်အရေးကို စောင့်ကြည့်နေတတ်သတဲ့။ အဲသည်လူမျိုးအတွက် အခွင့်အရေးပေါ်လာပြီဆိုတာနဲ့
ခြင်င်္သေ့တို့ရဲ့ လုံ့လမျိုး၊ ဇွဲမျိုးနဲ့ မရရအောင် ရှိသမျှ အင်အားသုံးပြီး
လှုပ်ရှားတတ်ပါသတဲ့။ ကျွန်တော်က ဒုတိယ (အငြိမ်မျှော်လင့်ချက်) မျိုးရှိတဲ့ကောင်လို
ကိုယ့်ကိုယ်ကိုယ် ထင်မိတယ်။ ဒါပေမယ့်...အရာ အားလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့
အချိန်မှာ ဘာကြောင့် ခြင်္သေ့ရဲ့ဇွဲမျိုး၊ လုံ့လမျိုး ထားနေတော့မှာလဲ။ ကျွန်တော်ဟာ
သိပ်မိုက်တွင်းနက်တယ်။ မရနိုင်တော့တဲ့ အခွင့်အရေးတွေကို ဇွဲကောင်းကောင်းနဲ့
စောင့်မျှော်နေတဲ့ ကောင်မျိုးပဲ။ ဒါပေမယ့် အလဟဿ မဖြစ်ဘူးလို့ ကျွန်တော် ယုံလိုက်တယ်။
ကျွန်တော်မသေခင်မှာ အဲဒီမျှော်လင့်ချက်ဟာ တစ်နည်းနည်းနဲ့ ပြည့်ဝရမယ်လို့
ယုံကြည်ထားခဲ့မိတယ်။ ရလည်း ရခဲ့တယ်။ နောက်တော့ ပြောပြမှာပေါ့နော်။
□
(ကိုယ်တိုင်
လှရာရွေး၊ ဆင်မပေးရ ဆံမြညှာကေ..)
အင်မတန် မောပန်းလာတဲ့အချိန်၊
စိတ်မောလူမောဖြစ်ခဲ့တဲ့ အချိန်မှာ အဲဒီတောထဲက စေတီတော် ကလေးရဲ့
ပရိဝုဏ်ကိုရောက်တော့ မောသမျှတွေ ပြေသွားသလိုပဲ။ ရေတွင်းအို ကလေးတစ်ခု ရှိတယ်။
ရေခပ်၊ မျက်နှာသစ်။ ပြီးတော့ စေတီတော်ကလေးကို မလှမ်းမကမ်းကပဲ လက်အုပ်ချီ ဖူးမြော်။
နောက် ကျွန်တော်ရထားတဲ့ ဝေပုံကျ ထမင်းထုပ်ကို ဖြည်လိုက်တယ်။ တကယ့်ထမင်းထုပ်မှ
ထမင်းထုပ် အစစ်ပဲ။ ဘာကြောင့်လဲဆိုတော့ ဟင်းမပါဘူး။ မျှစ်ပြုတ်တောင် မပါတော့ဘူး။
ထမင်းထုပ်ရဲ့ ထောင့်တစ်ထောင့်မှာ ဆားလေးနည်းနည်းပုံထားတယ်။ ထမင်းကြမ်းကို
ဆားဖြူးပြီး ရေနဲ့မျှောချလိုက်တယ်။ 'သူ' ထမင်းကြမ်းကို
ဆားဖြူးပြီး ထမင်းဆုပ်ကလေး လုပ်စားဖူးမလား မသိဘူး။ ဆာလောင်မွတ်သိပ်နေတဲ့ အချိန်မှာ
အဲဒီထမင်းဆားဖြူးဆုပ်ဟာ သိပ်ဆိမ့်တာပဲ။ အရသာ သိပ်ရှိတယ်လို့ထင်တယ်။ အဲသလို
ထမင်းဆုပ်မျိုးကို ကျွန်တော်ထောင်ထဲ မှာလည်း စားဖူးတယ်။ ထောင်ထမင်းဆိုတာ
သိတဲ့အတိုင်းပဲ ဆန်လုံးညို။ ညနေ သုံးနာရီခွဲကနေ လေးနာရီ အတွင်းမှာ ညနေစာကျွေးတယ်။
ထောင်ထဲမှာ မိုးချုပ်မှ ထမင်းကျွေးနေလို့ ဖြစ်မှမဖြစ်နိုင်တာ။ ဒါကြောင့် ညစာကို
ညနေလေးနာရီနောက်အကျဆုံး ကျွေးတာပဲ။ ဒီတော့ သိပ်စားမဝင်ဘူး။ ကျွန်တော်
ဘာလုပ်သလဲဆိုတော့ ပုံး (ထောင်ထဲမှာလည်း ထမင်းကို ပုံးလို့ ခေါ်ပါတယ်) ပုံး (ထမင်း)
ကျွေးတဲ့အချိန်မှာ ဆန်လုံးညို ထမင်းကို နည်းနည်းပိုတောင်းပြီး အဲဒီထမင်းတွေကို
ခါးပုံစထဲ ထည့်သိမ်းထားလိုက်ရတယ်။ ည ရှစ်နာရီကျော်ကျော်ကျမှ အဲဒီခါးပုံစထဲက
ထမင်းကိုထုတ်၊ အဆုပ်ကလေးတွေလုပ်ပြီး အဆာပြေစားရတယ်။ တကယ်ငတ်တဲ့အချိန်မှာ
ဆန်လုံးညို ထမင်းဆုပ်ဟာလည်း အရသာရှိလှတာပါပဲ။
□
အဲသည် တောဘုရား ပရိဝုဏ်ရဲ့
ညောင်ညိုပင်ကြီးအောက်မှာ ထမင်းကြမ်းဆားဖြူးပြီး စားရတဲ့အချိန်မှာ သတိရမိပြန်ပါရော။
လမ်းမှာ စဉ်းစားခဲ့တဲ့ ဆုံးဖြတ်ချက်ကလည်း ပိုပြီးခိုင်မာလာတယ်။ ဟုတ်တယ်။
ကိုယ်မြတ်မြတ်နိုးနိုးချစ်တဲ့ သူကို ကိုယ်နဲ့အတူ ထမင်း ကြမ်းဆားဖြူးပြီး စားခိုင်းရင်
ချစ်မြတ်နိုးရာမကျဘူး၊ ဆင်းရဲဒုက္ခကို ပူးတွဲခံခိုင်းတာနဲ့ အတူတူပဲ။ ဒါတော့
ဟုတ်ပါပြီ။ မချစ်ဘဲ မမြတ်နိုးဘဲ နေနိုင်သလား။ ဒီလိုတော့ မနေနိုင်ဘူး။ နောက်ဆုံး
ထွက်သက်ထိ ချစ်မြတ်နိုးနေမယ်။ ဒါဆို ဆုံးဖြတ်ချက်ကို ပြန်ပြင်ရမယ်။ ချစ်တော့ချစ်၊
ဒါပေမယ့် ရင်ထဲကပဲ မြတ်နိုး၊ သေအထိ မြတ်နိုး၊ ဒီအခွင့်အရေးတော့
ကျွန်တော့်မှာရှိတယ်။ အဲဒီ အခွင့်အရေးကိုပဲ ယူရမယ်။ ကျန်တာတွေ မေ့ပစ်၊ မေ့ပစ်။
ဒါပေမယ့်
အနုသယဆိုတဲ့ အစွဲဟာ သိပ်ပြင်းထန်လွန်းပါတယ်။ ထမင်းဆားဖြူးဆုပ်ကို စားပြီးတော့
အနီးအနားမှာ ပွင့်နေတဲ့ ခုန ခရမ်းရောင်တောပန်းကလေးတွေ လိုက်ခူးမိတယ်။
'ဝတ်ရက်မကြွေ၊
ခက်ဝေဝေနှင့်၊ ချပ်ပြေရွရွ၊ ပွင့် လှလှကို၊ မရရအောင်....
ယုယလက်ထည်း၊
ကိုင်ကာ စည်းလျက်၊ ငယ်ရည်းငယ်လင်၊ ငယ်ကကြင်သည့်၊ ငယ်လင်မင်းခြေ၊ သက်လုံးစေ၏၊
ဆံကေထိပ်ပြင်၊ အပြည့်ယင်၍၊ ဆင်ရအောင်လည်း ...(ဘလ္လာတိယပျို့)
ပြီးတော့
စေတီတော်ကလေးမှာ ကပ်တယ်။ ပန်းကပ်ဖို့ ဘုရားပန်းအိုးတောင် မရှိပါဘူး 'သူ'
ရယ်။ ဒီတော့ ပစ္စယံ တစ်နေရာမှာ ခရမ်းရောင်ပန်းပွင့်ကလေးတွေ
စုပုံပြီး ဘုရားပန်းကပ်လိုက်တယ်။ ဘုရားရှိခိုးပြီး ဆုတောင်းမိပြန်တယ်။
▀
ဆက်လက်ဖော်ပြပါမည်။
မောင်ဝဏ္ဏ
(အမှတ် ၁၈၄၊ မတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'
'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...
နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။