ဆူးငှက်
အခန်း(၂)
ဘေးတွေကင်းပြီလေ
နေခြည်ကြယ်ပွင့်
အရွယ်စုံဖြာထွက်သွားသည်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း စံရွေးဘူတာလေးဘေးရှိ
လက်ပံပင်ကြီးများ ကိုင်းကြိုကိုင်းကြားမှ နေခြည်ကြယ်ပွင့်တွေ ဖြာထွက်သွားသည်။
ဘူတာယာဒ်ဝင်းအတွင်း သံလမ်းစင်္ကြံများမှာ ကုန်တွဲပက်လက်တချို့ ရှိနေသည်။
ဘူတာဝင်းထဲ ဂျပန်တို့ စွန့်ပစ်သွားသော ချက်ပလက်ခေါင်းရှည် စစ်သုံးလက်ကျန်
ထရပ်ကားကြီးပေါ်သို့ စစ်ကိုင်းဘက်ကမ်းမှ ပြည်ကူးတို့ဖြင့် ကူးလာသူများ
စုပြုံတက်ကြသည်။ ဘူတာရုံလေး၏ လက်ပံပင်ကြီးများ၊ သရဖီပင်များကြားမှ
ဧရာဝတီဆီမျှော်ကြည့်လိုက်တော့ အင်းဝတံတားကြီးသည် မြူထဲတွင် ကင်းခြေများ
ကြီးနှင့်တူလှသည်။ သို့သော် ခြေကျိုးနေသော ကင်းခြေများ တစ်ကောင်။
စစ်ကိုင်းဘက်ကမ်းက တံတားခုံးကြီးမှာ ကျိုးပြတ်နေသည်။ သံပေါင်ကြီးများက
ဗုံးဒဏ်ဖြင့် တွန့်လိန်ကာ မြစ်ထဲကျိုးကျနေ၏။ သြော်...ဂျပန်အဝင်မှာကတည်းက
မဟာမိတ်တို့ ဒိုင်းနမိုင်းဖြင့် ဖောက်ခွဲဆုတ်ခွာခဲ့သည် မဟုတ်ပါလား။
ချက်ပလက်ခေါင်းရှည် ထရပ်ကားကြီးပေါ်ရောက်တော့ စက်နှိုးကာ မောင်းထွက်လိုက်သည်။
ကားပေါ်စုပြုံတက်လာသူတွေက ပါလာသော တယော၊ ဘင်ဂျို၊ မယ်ဒလင် စသည့်် ရရာတူရိယာ ပစ္စည်းတွေ
ကိုင်လိုက်ကြသည်။ ကားဘော်ဒီနံရံကို တုတ်နှင့်ခေါက်ပြီး စည်းလိုက်ကြသည်။ သီချင်းကို
သံပြိုင်သီဆိုကြသည်။
'ခါတော်ရောက်ချိန်နီးလို့လာပြီ...
ဒေါ်ဒေါ် မမ နှမတို့ရေ...
အသည်းစွဲချစ်မိတ်ဆွေ...ခေတ္တခွဲလို့နေ
မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ
အောင်စည်ရွမ်းသံကြားရပြီထင့်
ပြည်တော်ဝင်မယ်လေ...'
စံရွေးဘူတာက
ရွှေကြက်ယက်ဘုရားလမ်းအတိုင်း လမ်းမကြီးဆီထွက်သည်။ လမ်းမကြီးပေါ်မှ
မိမိတို့နေထိုင်ရာ
မြို့ရွာတွေဆီ ပြန်ကြသော စစ်ပြေးဒုက္ခသည်များဖြင့် ပြည့်နေသည်။ တချို့က
ရရာယာဉ်များပေါ် ပစ္စည်းများတင်ပြီး မောင်း၍ရသောယာဉ်ဆိုလျှင် မောင်းကြသည်။
ဓာတ်ဆီလက်ကျန်မရှိ၍ ထိုးရပ်သွားသော် ဝိုင်းတွန်းသည်။ တချို့က မြင်းလှည်း...၊
တချို့က နွားလှည်း...၊ တချို့က စက်ဘီးပေါ် ရနိုင်သမျှပစ္စည်းတွေ စုပြုံတင်ကြ၏။
ခါးတစ်ခွင်တွင် နို့ညှာကလေး...၊ ကျောမှာအဝတ်နှင့်ပိုးထားတာက နို့စို့...။
ပုခုံးပေါ် ခွထိုင်ပြီး မိခင်နဖူးကို လက်နှင့် သိုင်းဖက်လိုက်လာတာ အကြီးဆုံး
ဖြစ်မည်။
အမရပူရအဝင် တံတားဖြူနားက
သစ်ပင်ရိပ်ကြီးတွေအောက်မှာ တချို့ကနားနေကြသည်။ ထမင်းချက်သူချက်... ထိုင်သူထိုင်၊
လှဲသူလှဲ၊ အိပ်သူအိပ် မော်တော်ကား ဘော်ဒီတွင် ရရာထုံးခဲကို ရေဖျော်၍ 'မြို့မ'ဟူသော စာတန်းကြီး ရေးထားပြီး အသင်းသားတွေ စုပြုံလိုက်ပါလာသော ချက်ပလက်
ခေါင်းရှည်ကားကြီးက သီချင်းသံမြိုင်မြိုင်ဖြင့် သီဆိုတီးမှုတ်လာတော့
လမ်းပေါ်ကလူများ အားလုံးဘေးသို့ကပ် လမ်းပေးကာ သီချင်းအလိုက် လက်ခုတ်လက်ဝါးတီးကြကာ
အော်ဟစ်အားပေးကြ၏။
အမရပူရမြို့ကတော့
ပြောသလောက်အပျက်အစီးမရှိ။ အမရပူရ သိမ်ကြီးဈေးအနီး တိုက်တစ်တိုက်တွင်
သုံးရောင်ခြယ်အလံနှင့် ယူနီဂျက်အလံကို ယှဉ်၍ လွှင့်ထူထားပြီး
မြန်မာအမျိုးသားစလွယ်နီနှင့် မြို့စောင့်ဗိုလ်များ၊ လက်ပတ်နီနှင့်
မြို့စောင့်ရဲများကို ယူနီဖောင်းကိုယ်စီနှင့် တွေ့ရသည်။ မြန်မာကာကွယ်ရေးတပ်မတော်
ယူနီဖောင်းနှင့်ဗိုလ်များ၊ ရဲဘော်များကိုလည်း အမရပူရမှစ၍ တွေ့လာရပြီ။ အမရပူရ အလွန်
ဗားဂျီးနီးယား ဆေးပေါင်းဖိုအချို့တော့ မီးလောင်ပျက်စီးနေသည်။ လှေးကားခုံကြီးသာ
ကျန်တော့သည့် ဗားကရာ ကျောင်းဝင်းကြီးထဲမှာလည်း စစ်ပြေးဒုက္ခသည်တွေ အပြည့်ရှိနေသည်။
ကျောင်းတိုက်အဝင် အုတ်မုခ်တိုင်ကြီးတွင် ပိုစတာတချို့မှာ ကွာကျနေ၏။ ပိုစတာတချို့က
ကျည်ဆံရာများ ထိမှန် စုတ်ပြဲနေသည်။ ဖတ်၍ရသလောက် စာသား တချို့က..
'အချက်ပေးသံကြားလျှင်
ခိုလှုံရာသို့ဝင်ပါ။ မီးလောင်နေလျှင် ငြိမ်းသတ်ပါ။ ဒုက္ခသည်များအား ကူညီပါ။
ဗဟိုဝန်ထမ်းအဖွဲ့ကိုဝင်ပါ၊ အားပေးပါ' ဟူ၍ဖြစ်သည်။
မန္တလေးမြို့အတွင်း တမ္ပဝတီရပ်မှာ
တဲအချို့ မီးလောင်၏။ အလံတလူလူလွှင့် စစ်ဂျစ်ကားတချို့ တွေ့လာရသည်။
ကျောက်ဆစ်တန်းရပ်၏ အကြမ်းထည် ဘုရားဆင်းတုတော်ကြီးများကြားတွင် ဖြစ်သလို ထိုးထားသော
မိုးကာတဲ တချို့ဆီမှ ကလေးများက တူရိယာသံများဖြင့် တီးမှုတ်လာသော ကားကြီးဆီ
ပြေးကြည့်ကြသည်။ လူကြီးများက အော်ဟစ် အားပေးကြ၏။ မဟာမုနိဘုရားကြီး အနောက်မုခ်မှာ
လူစုကြီးက ပိုများသည်။ အာသောက ရာမတိုက်၊ ဒက္ခိဏာ ရာမတိုက်စသော ဘုရားကြီးဝန်းကျင်
ဘုန်းကြီးကျောင်းတိုက်ကြီးများတွင် စစ်ခိုလှုံနေကြသည့် မြို့သူမြို့သား အများစု
ရှိသည် မဟုတ်ပါလော။ ဂျပန်အဝင် အင်္ဂလိပ်အပြေးကတည်းက မီးရှို့ဖျက်ဆီးသွားသဖြင့်
ပျက်စီးသွားသော ဘုရားကြီး အနောက်စောင်းတန်းနှင့် မြောက်မုခ်မှာလည်း မပြင်ရသေးပေ။
ဘုရားကြီးနား အနီးတစ်ဝိုက်သည် စစ်ခိုလှုံစရာ ကျောင်းကန်ပေါများသည်က တစ်ကြောင်းမို့
အစည်အကား မပျက်လှ။ ကွမ်းခြံရပ်တွင် ရေခဲတောင်ဘိလပ်ရေဆိုသော ဆိုင်းဘုတ်ကြီးလည်း
အကောင်းပကတိ ရှိသေးသည်။
ဘုရားကြီးအနောက် ၄၅တာရှိ
ဘုရားကြီးပိုင် ဘုရားဖူး တည်းခိုရိပ်သာကြီးကိုလည်း ၁၉၄၄ခု မေလကတည်းက
အနောက်မြောက်တိုင်း စစ်ရုံးအဖြစ် ဖွင့်လှစ်ခဲ့ပြီး ဗိုလ်မှူးကြီး ဗထူးက
ရုံးထိုင်ကွပ်ကဲလျက်ရှိသည်။ ယခု မန္တလေးမြို့သိမ်း တိုက်ပွဲမှာ
ဗိုလ်မှူးကြီးဗထူးကို မန္တလေးမြို့လူထုက များစွာ ကြည်ညိုလေးစားသွားတော့သည်။
မြို့မအသင်းသားများ၏ 'ပြည်တော်ဝင်'
တေးသံနှင့် ၈၄ လမ်းမကြီးအတိုင်း မြို့ထဲဝင်လာသောအခါ စစ်ပြီးစ
အောင်နိုင်မှုရရှိသည့် မြို့လူထုသည် အားရရွှင်လန်းစွာ ကြိုဆိုကြသည်။
သီချင်းသံပြိုင်အပိုဒ်ကို ဝိုင်း၍ လိုက်ဆိုကြသည်။
'ခါတော်ရောက်ချိန်နီးလို့လာပြီ...
ဒေါ်ဒေါ် မမ နှမတို့ရေ...
အသည်းစွဲချစ်မိတ်ဆွေ...ခေတ္တခွဲလို့နေ
မြို့မနှင့်အတူတကွ လိုက်နိုင်ပါစေ
အောင်စည်ရွမ်းသံကြားရပြီထင့်
ပြည်တော်ဝင်မယ်လေ...'
ဟူသောသီချင်းသံက မန္တလေးသူ
မန္တလေးသားတိုင်း နှုတ်ဖျား စွဲသွားတော့သည်။ ၈၄လမ်းအတိုင်း ဝင်လာပြီး
၃၅(အေ)လမ်းကျော်တော့ မြို့တွင်း အပျက်အစီးများ တွေ့လာရပြီ။ ဗုံးဒဏ်ဖြင့်
အဆောက်အအုံများ ပြိုပျက်ကုန်၏။ အဆောက်အအုံကြီးတချို့၏ သံထုပ်၊ သံယက်မကြီးများပင်
ကျိုးပြတ်ကွေးညွတ်ကျနေသည်။ မီးသင့်ထားသော သစ်သားတန်းများ အုတ်ပုံအုတ်ဟောင်းများက
စစ်အနိဋ္ဌာရုံကို ပြနေ၏။ ၈၄လမ်းပေါ်မှ လှမ်းကြည့်လျှင် အဆောက်အအုံ အတော်များများ
မရှိတော့သောကြောင့် အရှေ့ဘက်ဘူတာရုံကြီးဆီ တိုးလျှိုပေါက်လှမ်းမြင်နေရသည်။ ထို့အတူ
မီးခိုးငွေ့ မသေသေးသော မီးလောင်ငုတ်တိုသာ ကျန်တော့သော ကျုံးမြို့ရိုးကြီးကိုလည်း
မြင်ကြရသည်။ ထုထည်ခိုင်မာလှသည့် မြို့ရိုးကြီးမှာ လက်နက်ကြီးဒဏ်၊
ဒိုင်းနမိုင်းဒဏ်များဖြင့် တချို့နေရာများမှာ ပေါက်ပြဲပြိုကျနေသည်။ အမိုးဖွင့်
စစ်သုံးဂျစ်ကားတစ်စီးက ထိုအပေါက်အပြဲ အနီးတွင် တိမ်းမှောက်မီးလောင်ထား၏။
မြောက်ဘက်တူရူ လှမ်းကြည့်တော့ ဈေးချိုက အပျက်အစီး သိပ်မရှိလှ။ နာရီစင်ကလည်း
မတ်တတ်ရပ်ဆဲ။ နာရီလက်တံများကတော့ လေးဘက်လေးတန် မညီမညွတ် ရပ်တန့်လျက်။ ဈေးချိုရှေ့
ဓာတ်ရထားသံလမ်းများကတော့ လဲလျောင်းရင်း အထီး ကျန်နေဆဲ။
ပြန်လည်ဝင်ရောက်လာသော မြို့လူထု။
မြို့တွင် ကျန်ရစ်သော မြို့ခံလူထုနှင့် ၈၄လမ်းမသည်လည်း ယာဉ်ပေါင်းစုံ
လူပေါင်းစုံဖြင့် ရှုတ်ယှက်ခတ်နေ၏။ တချို့ကလည်း ပျက်စီးပြိုကျနေသော
အဆောက်အအုံများကို စုတ်တသပ်သပ် ရင်တမမကြည့်ရင်း ပြောမိပြောရာ ပြောဆိုနေကြသည်။
လူစုလူဝေးက လမ်းတစ်လျှောက်နေရာအနှံ့။
မြို့မအသင်းသားတွေတင်ဆောင်လာသော
ချက်ပလက် ခေါင်းရှည်ထရပ်ကားကြီး တူရိယာသံစုံနှင့် ဝင်လာတော့
ထွေရာလေးပါးအာရုံများသည် သီချင်းနှင့် တူရိယာသံဆီ အားလုံးစုပြုံရောက်လာတော့၏။
'မန္တလေးဆိုရွှေမြို့...
တို့ရတနာပုံနေပြည်
တင့်တယ်သာယာစည်ကား
ဟိုတုန်းအခါကလေ
အဲဒါတွေမတွေးကြနဲ့
ရှေ့ဆက်ကာစီမံကြံစို့လေ'တဲ့။
ဟုတ်သည်။ ပြာပုံထဲကမန္တလေးပေါ်ရပ်ရင်း
ရွှေရောင်တဝင်းဝင်းနှင့် နန်းမြို့တော်ကြီးကို မြင်ယောင်နေကြသည်။
ရောင်းဝယ်ဖောက်ကား စည်ကားလှကာ အလှူအတန်း ရက်ရောခဲ့သော မန္တလေးကိုမြင်ယောင်နေကြသည်။
ပွဲလမ်း အငြိမ့်နှင့် ဆိုင်းသံဗုံသံများကို ကြားယောင်နေကြသည်။
ကျောက်သွေးတန်းမှ'ပီအောအင်ဆန်း'တိုက်လည်း မီးသင့်ထား၏။ ပိဋကတ်တော် ပြန့်ပွားရေးတိုက်ကြီးကတော့ အထိအခိုက်
မရှိလှ။
သီချင်းတူရိယာ သံမြိုင်မြိုင်နှင့်ကားကြီးသည်
ကုက္ကိုပင်ကြီးများအောက်မှ ၈၄လမ်းအတိုင်း ဈေးချိုကို ဖြတ်သည်။ နာရီစင်ရောက်တော့
အနောက်သို့ ချိုးလိုက်၏။ ဈေးချိုကြီးကတော့ ဈေးမထွက်ကြသည်ကလွဲ၍ အပျက်အစီးမရှိ
ပကတိအတိုင်းဖြစ်သည်။ ဈေးချိုရှိလျှင်၊ ဈေးချိုရှင်သန်နေလျှင်၊ ဈေးချိုဇာတိ ဈေးချိုသန္ဓေ
မပြောင်းလဲလျှင် မန္တလေးသားများ ကားဘယ်လိုလောကဓံမျိုးက ရိုက်ပုတ်လာပါစေ။
ခေါင်းမော့ နိုင်သည်။ ထူထောင်နိုင်သည်။ ရုန်းထနိုင်သည်။ ထို့ကြောင့် မပျက်စီးသော
ဈေးချိုကိုမြင်တော့ အားတက်လာကြသည်။
'မေ့မေ့ပျောက်ပျောက်
အောက်မေ့လို့နေ...
တိုက်တာအိမ်ခြေ စည်းစိမ်ရှင်တွေ
လူကြံရင်ခံနိုင်ဘူး
အထူးပင်မှတ်ကြပေ...
အရင်လိုပျော်ပျော်ရွှင်ရွှင်နေ...
မြို့မအသင်းက ပြောမလေ...'
သီချင်း၏သည်အပိုဒ်ကို
သီဆိုတီးမှုတ်တော့ အားလုံး အားရရွှင်လန်းလာကြ၏။ တက်ကြွလာ၏။ တာပလာဗုံ ကလေးတီးသော
ကိုလှဒင်လက်တွေက သွက်လာသည်။ ကိုဘဒင်နှင့် ကိုရင်လေး၏ တယောလက်သံက ပိုမိုပီသလာသည်။
မောင်သောင်းဉာဏ်ကလည်း သူ့ဘင်ဂျိုကို ခပ်ပြင်းပြင်း ဖိ၏။ မေမေဦးအပါအဝင်
မိသားစုများမှ အမျိုးသမီးများလည်း ကျေကျေညက်ညက်ရနေပြီဖြစ်သည့် သီချင်းကို ညီညာစွာ
သံပြိုင်သီဆိုကြသည်။
ကားသည် ရွှေတချောင်းကို ကျော်လာသည်။
မင်းကြီး ကတော်ဝင်းပေါက် ရောက်လာ၏။
'အရင်လိုပျော်ပျော်ရွှင်ရွှင်နေ
မြို့မအသင်းက ပြောမလေ...
ဖြစ်ဟဲ့ဆို..ဖြစ်ရမယ်တဲ့၊
တက်ခေတ်လူငယ်များ
အားအင်တောင့်တင်းစေ...'
သီချင်းကို ဝိုင်းဖွဲ့သီဆိုသံက
ပိုမိုအားကောင်းလာသည်။ ကားက ၂၆ဘီလမ်းနံဘေး အဆောက်အအုံတစ်ခုရှေ့သို့
ဖြည်းဖြည်းကပ်ကာ ရပ်လိုက်သည်။ သည်နားတစ်ဝိုက်မှာ မီးသင့်လောင်ထားသည်။
ဗုံးကျထားသည့် အစအနများ တွေ့နေရ၏။ ကားပေါ်မှ တချို့က အနားပတ်ဝန်းကျင်ကို
အံ့အားတသင့် ကြည့်နေကြသည်။ တချို့က ကားပေါ်မှ ဆင်းကြသည်။ မိသားစုများကို
ကားပေါ်သို့လက်ကမ်းဖေးမကာ တချို့က တွဲချကြသည်။ ကားပေါ်ပါ တချို့ကလည်း ဂီတမှလွဲ၍
ဘာအာရုံမှမရှိသည့်ပုံမျိုး သီဆိုတီးမှုတ်နေကြဆဲ။
'ခါတော်ရောက်ချိန်နီးလို့
လာပြီလေ
ဒေါ်ဒေါ်မမ နှမတို့ရေ...
အသည်းစွဲချစ်မိတ်ဆွေ
ခေတ္တခွဲလို့နေ...'
မောင်သောင်းဉာဏ်သည် မယ်ဒလင်အား
တီးလက်စမှ ကားရပ်လိုက်ရာ ရှေ့တည့်တည့်ရှိ အဆောက်အအုံကို ကြည့်ကာ ငေးငိုင်သွားပြီး
အတီးရပ်လိုက်သည်။ ကားပေါ် အမျိုးသမီးများကြားမှ မေမေဦးက မောင်သောင်းဉာဏ်ကို
လှမ်းကြည့်သည်။ အံ့အားသင့်မှုများက မေမေဦးမျက်ဝန်းမှာ လျှံထွက်နေ၏။ မောင်သောင်းဉာဏ်က
ဘင်ဂျိုကိုကိုင်ကာ ကပျာကယာဖြင့် ကားပေါ်မှဆင်းသည်။ မေမေဦးလည်း ထလာသည်။
ကားအောက်ရောက်နှင့်သော မောင်သောင်းဉာဏ်က ကားပေါ်မှ မေမေဦးဆီ လက်ကမ်းပြီး
ဆင်းစေသည်။ ပြီးတော့ မီးလောင်ပြိုပျက်နေသော အဆောက်အအုံဆီ တစ်လှမ်းချင်းသွား၏။
မေမေဦးက မောင်သောင်းဉာဏ်လက်ကို တွဲခိုလျက်ပါလာသည်။ ကားပေါ်မှ တချို့လည်း
ဆင်းလာပြီး မောင်သောင်းဉာဏ်နောက် လိုက်လာသည်။
မီးကျွမ်းနေသော
ကြေးခွေတံခါးပေါင်အောက်မှ အဆောက်အအုံထဲ ဝင်သည်။ အုတ်နံရံတချို့ပြိုကျ...။
အမိုးသွပ်တွေ မီးသင့်ဖွာလန်... ။ တချို့နေရာတွေ ပေါက်ပြဲ...။ ကားပေါ်မှ
ဆင်းလာသူများ မောင်သောင်းဉာဏ်နှင့် မေမေဦးတို့နောက် မီလာ၏။ ငေးငိုင်နေသော
မောင်သောင်းဉာဏ် နံဘေးဝင်ရပ်သည်။ ဘင်ဂျိုကိုင်ထားသော လက်မောင်းကို မေမေဦး
တွဲခိုထား၏။ မောင်သောင်းဉာဏ်ခေါင်းကို ဖြည်းညင်းစွာ ယမ်းသည်။
'ဖေဖေတို့ မေမေတို့
ထားရစ်ခဲ့တဲ့အမွေ သားလက်ထဲမှာ ပျက်စီးသွားပြီလေ။ တမလွန်က ဖေဖေနဲ့ မေမေခွင့်လွတ်ပါ'
ဟု တိုးတိုးဆိုလိုက်၏။ မောင်သောင်းဉာဏ်နံဘေး
ရောက်လာသူတို့အနက်မှ ကိုဘဒင်က မောင်သောင်းဉာဏ်၏ လက်မောင်းကို ကိုင်လှုပ်ရင်း 'အခု
မင်းအစ်ကိုကရော ဘယ်မှာနေတာလဲကွာ'ဟု အမေးမှာ 'အစ်ကိုက ကျောက်မဲ ရောက်နေတယ်'ဟု အဖြေမှာ 'တော်သေးတာပေါ့ကွာ'ဟု ဖြေသိမ့်၏။ ခဏနေတော့
ကိုငြိမ်းတို့၊ ကိုရင်လေးတို့၊ ကိုလှဒင် တို့လည်း တူရိယာပစ္စည်းကိုယ်စီကိုင်ကာ
မောင်သောင်းဉာဏ် နံဘေးရောက်လာကြသည်။ မောင်သောင်းဉာဏ်က လက်ထဲမှ ဘင်ဂျိုကို မေမေဦးဆီ
လှမ်းပေးပြီးနောက် အုတ်ပုံအပြိုအပျက်ကြား ဖြည်းဖြည်းနင်းကျော်လွှားကာ ပြိုကျနေသော
အသားပြားတစ်ခုကို ဆွဲထုတ်သည်။ အသာအယာဆွဲယူမကာ လူစုဆီပြန်လာသည်။ ထို့နောက်
အသားပြားအား ကိုင်ကာ မပြီး ပြလိုက်တော့သည်။
မြင်လိုက်ရသူများ၏ အံ့သြရိပ်သည်
မျက်နှာအသီးသီးတွင် ရိပ်ခနဲ ပေါ်လာသည်။ မေမေဦးက နှုတ်ခမ်းဖူးဖူးလေး ဝိုင်းသွားကာ 'အို...'ဟု အသံပြုသည်။ ကျွန်းပျဉ် အသားပြားပေါ်မှာ ပွန်းပဲ့ပြီး မီးစွဲနေသော
စာလုံးများကား...
'မြို့မ
ဗုဒ္ဓဝေယျာဝစ္စ တူရိယာအသင်း'
၁၉၂၅ခုနှစ် တည်ထောင်သည်တဲ့။
ကျွန်းပြားဆိုင်းဘုတ်ကြီးအား 'မ' ပြနေသော မောင်သောင်းဉာဏ် ပခုံးအား ဖက်လိုက်ရင်း ကိုငြိမ်းက ပြုံးသည်။
သူ့အပြုံးက အားလုံးအပေါ် နှစ်သိမ့်ပြုံး၊ အားမာန်ပြန်သွင်းသည့် အပြုံးဖြစ်၏။
ထို့နောက်...
'ကဲ...မောင်သောင်းဉာဏ်ရေ၊
မင်းအိမ်ကိုလည်း ပြန်တည်ဆောက်ရင် အရင်အတိုင်း ပြန်ဖြစ်ရမှာပေါ့ကွာ။ တို့တစ်တွေ
ကံကောင်းထောက်မစွာ အသက်ရှင် ကျန်ရစ်ခဲ့ကြပြီပဲ မဟုတ်လား။ မောင်သောင်းဉာဏ်နှင့်
မေမေဦးတို့ဟာ အိမ်ထောင်ဦးအစမှာ ဘဝတစ်ခုကို အိမ်သစ်တစ်ဆောင်နဲ့အတူ
တွဲတည်ဆောက်ကြရမှာပေါ့ကွ။ ဘာတဲ့ 'အရင်လို ပျော်ပျော်ရွှင်ရွှင်နေ
မြို့မအသင်းက ပြောမလေ။ ဖြစ်ဟဲ့ဆို ဖြစ်ရမယ်ပ၊ တက်ခေတ်လူငယ်များ အားအင်
တောင့်တင်းစေ...' တဲ့။ အခုပဲ တို့တစ်တွေ
ဆိုကြတီးကြမှုတ်ခဲ့ကြပြီးပဲ။ ဒီမယ် မောင်သောင်းဉ,ဏ်၊ ဒီမယ်မေမေဦး၊ မင်းတို့
တက်ခေတ် လူငယ်တွေမဟုတ်ဘူးလား၊ အေး တို့အားလုံးလည်း တက်ခေတ်ရဲ့ တက်လူတွေချည်းပဲ၊
မဟုတ်ဘူးလား ကိုလှဒင်ရာ။ ကိုင်း...ဒါတွေ ဒါတွေမေ့ပျောက်၊ ပျော်ပျော်ရွှင်ရွှင်
ပြန်လည်ထူထောင်ကြဖို့ အရင်က အားမာန်တွေ ပြန်မွေးကြရအောင်။ ကဲ
ကိုဘဒင်ရေ...ကျုပ်တို့ တစ်က ဘယ်လိုစခဲ့ကြသလဲဆိုတာ မောင်သောင်းဉာဏ်ကို
ရှင်းပြလိုက်ပါဗျာ..' ဟု ပြောလိုက်သည်။ အားလုံး
မျက်နှာဝင်းလက် ရွှင်ပျသွား၏။ မေမေဦးက မောင်သောင်းဉာဏ်လက်ကို တွဲခိုရင်း
ကိုယ်လုံးချင်း မှီလိုက်ကာ အားပါးတရပြုံးသည်။ ကိုဘဒင်က မောင်သောင်းဉာဏ်ကို
ခေါင်းညိတ်ပြလိုက်၏။
ကိုငြိမ်းက အိတ်ထဲမှ
ဆေးပေါ့လိပ်တိုကလေးစမ်းပြီး ပါးစပ်ကောက်တပ်သည်။ ထို့နောက် တိုက်ပုံအင်္ကျီအိတ်ထောင်နှစ်ဖက်
စမ်းသပ်တင်းအိတ်တစ်လုံးမှ 'ရိုကိုစင်' ဓာတ် မီးခြစ်လေးနှင့် မီးညှိသည်။
တစ်ဖွာနှစ်ဖွာ ဖွာပြီး မေမေဦး လက်ထဲမှ ဘင်ဂျိုကို ယူသည်။ ထို့နောက် ယိုးဒယား
ကပီသွားကလေးအား အကျအန တီးခတ်လိုက်လေတော့သည်။
'နန်းဘုံသီဟာဘွေ...
သဉ္ဇာညောင်ရွှေ ရွှန်းဝေထိန်ပြောင်
ညီနောင်ဆက်ကာ ပိုင်စံစိုး...
စိုးတောသာ
'နန်းဘုံသီဟာဘွေ...
သဉ္ဇာညောင်ရွှေ ရွှန်းဝေထိန်ပြောင်
ညီနောင်ဆက်ကာ ပိုင်စံစိုး...
စိုးတောသာ
အို...ဆင်ဖြူဆဒ္ဒန်... ဆက်ပြန်လိုငြား
မရှားလိုရာ ဘုန်းတော်တေဇာ
ဒေဝါနတ်မောင် ရွက်ဆောင်ကျိုး...
ကျိုးတော်သာ...'
မောင်သောင်းဉာဏ်လက်ထဲတွင် ကိုင်ထားသော
မီးတစ်ခြမ်းကျွမ်း ကျွန်းပြားဆိုင်းဘုတ်ကြီးကို ကိုဘဒင်က ငေးရီ ကြည့်နေ၏။
သူ့မျက်လုံးထဲတွင် ၁၉၂၅ခုနှစ် တည်ထောင်သည်ဟူသော စာသားလေးက လှုပ်ရှားလာ၏။ ထို့နောက်
စာလုံးတွေ ပြန့်ကျဲလွင့်စဉ်သွားသည်။
၁.၉.၂.၅ ဟူသော ဂဏန်းများ တဖြည်းဖြည်းဝေးရာမှ
စုစည်း၊ ဝါးရာမှ ပီပြင်ပြတ်သား။
အခန်း(၃)
ဗေလုခေါ်တွင်
မန္တလေးမြို့ လမ်း ၈ဝ တရုတ်တန်းနှင့်
၂၉လမ်းထောင့်ရှိ ဇလား ပုံမှန်အိမ်ကြီးတွင် ရေနံမီး ထွန်းညှိထားသည်။ မှန်အိမ်ကြီးမှ
အလင်းရောင်က တရုတ်တန်းကျောက်ကြမ်း လမ်းပေါ် ဖြာကျနေသည်။ တစ်ဖက်လမ်းထောင့်မှာ
ဗဟိုလက်ဖက်ရည်ဆိုင်ရှိ၏။ လက်ဖက်ရည်ဆိုင်နှင့် မျက်စောင်းထိုးလမ်း၏ အရှေ့ဘက်တွင်
ဧရာမကွပ်ပျစ်ကြီးတစ်ခုပေါ်၌ လူငယ်တစ်စုသည် တယော၊ မယ်ဒလင်၊ ဘင်ဂျို၊ မြန်မာ ဂီတာ၊
ဗျက်စောင်းများကို မြိုင်မြိုင်ကြီး တီးခတ်နေကြသည်။ ရပ်ကွက်ခံ လူငယ်များကလည်း
ကွပ်ပျစ်ကြီးပေါ် ထိုင်သူထိုင်၊ ရပ်သူရပ်နှင့် ဝိုင်းဝန်းကြည့်ရှုနေကြ၏။
လူငယ် နှစ်ယောက်က ဘင်ဂျိုတစ်လုံးစီကိုင်ကာ
သီချင်းတစ်ပုဒ်ကို မြိုင်မြိုင်ဆိုင်ဆိုင် အပြိုင်တီးနေကြသည်။ စည်းနှင့်
ဗျောက်လိုက်သူပင်လျှင် ဂီတ၏ မြူးကြွမှုမှာ ပီတိသောမန ရိုးတိုးရွတ ဖြစ်လာပြီး 'ဟဲ့...ဘာတဲ့တုံး'
'အို... ကိုငြိမ်းရေ...' 'ကြိုးစားလိုက်ပါဦးကို
တွေးရဲ့...'ဟု အသံတစာစာ တဟဲ့ဟဲ့ ဖြစ်လာတော့၏။
'အို...ဆင်ဖြူဆဒ္ဒန်...ဆက်ပြန်လိုငြား
မရှားလိုရာ...ဘုန်းတော်တေဇာ
ဒေဝါနတ်မောင်...ရွက်ဆောင်ကျိုး
ကျိုးတော်သာ...
ဘုန်းတော်ကြီး...ထီးတစ်ရာ...စကြာစိုးတယ်
မိုးဗြဟ္မာ...
ထူးထွေလာညောင်း...ကောင်းချီးငြာ...'
နှစ်ယောက်စလုံး၏ ဘင်ဂျိုတီးခတ်ပုံ၊ လက်ကွက်
အယူအဆတို့မှာ ဆန်းသစ်ပြီး ဟန်ပန်အထာများရှိကြသည်။ ထိုတီးဝိုင်းလေးမှာ
တရုတ်တန်းတွင် ညစဉ်တီးခတ်နေသဖြင့် လူသိများသော တီးဝိုင်းလေးဖြစ်၏။ တရုတ်တန်း
ဖျာဝိုင်းဟု ခေါ်ကြသည်။ ပင်တိုင်ပါဝင်တီးခတ်သူများကား ပန်းချီဆရာ ကိုဘသက်၊
ကျောက်စိမ်းစလင်းသွေးဆရာ ကိုတွေး၊ စောင်းကောက်ဖိနပ် ကိုကျော်လှ၊
ကိုကျောက်တို့အပြင် ကိုဘသက်နှင့်အတူ ပါလာတတ်သော ကိုငြိမ်းတို့ဖြစ်သည်။ တစ်ခါတစ်ရံ
ရှေ့တော်ပြေးဝင်းမှ ကိုမြဗောလည်း ရောက်လာတတ်သည်။ ကိုငြိမ်းက
ပြုံးစစမျက်နှာပေးရှိသည်။ ဖော်ရွေခင်မင်တတ်သည်။ လူပုံက ညက်ညော၏။ စကားပြောတော့
နည်းသည်။ ပြောပြန်လျှင်လည်း ညင်သာတိုးညင်းစွာ ချက်ကျလက်ကျ စိတ်ရှည်လက်ရှည်
ပြောတတ်သည်။ တူရိယာ အတီးအခတ်ကျွမ်းကျင်ဆန်းသစ်၍ ရွယ်တူကာလ သားများကပင်
ပွဲတောင်းခံရသူဖြစ်၏။ တရုတ်တန်း ဖျာဝိုင်းတွင် ကိုငြိမ်းက ဘင်ဂျို
လက်စွမ်းပြတတ်သည်။ ဟော... အခုလည်းကြည့်၊ 'နန်းဘုံသီဟာဘွေ'ကို ကိုတွေး၏ ဘင်ဂျိုနှင့် နှစ်လက်အပြိုင် တီးကြသည်။ စည်းက စုံစည်းမှာ
ဘင်ဂျိုနှစ်လက် အပြိုင်မို့ တီးခတ်သူ နားထောင်သူ အားလုံး မြူးကြွလာစေသည့် သီချင်း
ဖြစ်၏။
'ဖူးရွှေစာငယ်မှာ...ဒေဝါ...
နှစ်ထောင်း
ရှစ်သောင်းမျိုးနွယ်...
နတ်ကယ်မူယာ
သူဇာဖြူပြာ...
ကြော့ကြော့ရှင်းတယ်
သတင်းလေး...
ကြိုင်လှိုင်စွာ...'
တဲ့။
ကိုငြိမ်းက ဘင်ဂျိုကို
သူ့ကိုယ်ပိုင်လက်ခတ်နှင့်တီး၏။ ကျွဲကော်ဘီးကျိုးကို အဖျားတွင်
အနည်းငယ်လိမ်းသွေးထားသည်။ ထိုလက်ခတ်ဖြင့် ဘင်ဂျိုအသွားအပြန်တီးတော့
တစ်သံစီခွဲထွက်သည်။ လက်ခတ်က အသံတိုးတိုးလည်း ခတ်၍ရ၏။ ကျယ်ကျယ်ထွက်အောင်လည်း
ခတ်၍ရ၏။
ဦးထော်၏ ဗဟိုလက်ဖက်ရည်မှ လက်ဖက်ရည်
သောက်နေသူ တချို့ပင်လျှင် မန္တလေးသူရိယ၊ မြန်မာ့တာရာ၊ မြန်မာ့ဦးစွန်းနှင့်
မြန်မာ့အလင်းသတင်းစာပါ နိုင်ငံရေးသတင်း ပလင်းကိစ္စများ ငြင်းခုံမှုတွေ ခေတ္တရပ်ကာ
ကိုဘသက်တို့ တီးဝိုင်းလေးဆီ ကူးလာနားထောင်ကြရ၏။
တရုတ်တန်းကျောက်ကြမ်းလမ်းသည်
လမ်းထောင့်များရှိ ရေနံဆီ မှန်အိမ်တိုင်များဖြင့် ပျပျလင်းလျက်ရှိသည်။ တစ်ခါတစ်ရံ
ဖြတ်သွားသော ရထားလုံးများ၏ မြင်းခွာသံ ဖြောင်းဖြောင်းတွင် ကျောက်လမ်းနှင့်သံခွာ
ထိခတ်မှုဖြင့် လက်ခနဲ မီးပွင့်တတ်သည်။ မြောက်နားကျုံးထောင့်ရှိ သီပေါရုပ်ရှင်
ရုံနှင့် ဘီလမ်းပေါ်ရှိ အယ်ဖင်စတုန်းရုပ်ရှင်ရုံတို့၌ ဇာတ်ပွဲနှင့်
ရုပ်ရှင်ရှိလျှင် မီးလင်းလင်းချင်းချင်း မြင်နေကြရသည်။ ဟိုး... တောင်ဘက်
၃၂လမ်းထောင့်မှာ ရင်နူး၏ ရေခဲရေ၊ ကျောက်ကျောရည်ဆိုင်၊ ၂၉လမ်းထောင့် အီစမံအင်၏
ရေခဲမုန့်ဆိုင်၊ ဦးထော်၏ ဗဟိုလက်ဖက်ရည်ဆိုင်နှင့် တရုတ်စီကောက်၏ တေလေထမင်းဆိုင်တို့တွင်မူ
အောက်လင်းဓာတ်မီးတွေ ထိန်ထိန်လင်းနေသည်။
ဘူတာရုံဆီမှ ကုန်ရထားနှင့်
လော်ကယ်ရထားအချို့၏ ရေနွေးငွေ့ စက်ခေါင်းကြီးများမှ တဂျိန်းဂျိန်း
ရှန်တိန်လုပ်သံများမှလွဲလျှင် တရုတ်တန်းလမ်းသည် ညအခါ၌ မယ်ဒလင်သံ၊ ဘင်ဂျိုသံ၊
မြန်မာဂီတာသံများသာ လွှမ်းနေတတ်၏။
'ယိုးဒယား...ကပီဆာကာတမာ...နှိုင်းစံစရာ
အမည်နော်...မတူရခြား...
ပြည်ရွာနယ်မြို့တလွှား...
စည်စည်ကားကား...များစွာ့မြတ်အသရေ
အလားပနတ်ပြည်...
ဝတိံနန်းလို....ထူးဆန်းသာဘိချေ...'
သီချင်းအဆုံး တျာတေတျောသတ်အပြီး
အားလုံးက ကျေနပ်ပီတိဖြင့် 'ကောင်းလှချည့်'ဟု ချီးမွမ်းကြသည်။ ဘင်ဂျိုကို ချပြီး
ကိုငြိမ်းက ဆေးပေါ့လိပ်လေး ကောက်ဖွာသည်။ ကိုဘသက်က သူ၏အိန္ဒိယနိုင်ငံလုပ်
တယောလေးကို မေးဖျားမှ မချဘဲ သံဆန်းလေးတစ်ပိုဒ် တို့ထိကြည့်နေ၏။ အနောက်နား ရေစက်ရုံဆီမှ
ကိုးနာရီသံချောင်းခေါက်သံ ကြားရသည်။ ကိုလှကျော်က ခါးဆန့်ပြီး မတ်တတ်ရပ်ရန် ထသည်။ 'နန်းဘုံသီဟာဘွေကတော့ ကိုငြိမ်းတို့ ကိုတွေး ဘင်ဂျိုနဲ့ ဆိုလိုက်ရမှပဲ
အားရတော့တယ်ဗျာ' ဟုပြောသည်။ တယောကို မေးဖျားမှဖြုတ်ကာ
ကွပ်ပျစ်ပေါ် အသာချရင်း ကိုဘသက်က ကိုလှကျော်ကို 'ပြန်တော့မှာလားဗျ
အစောကြီးရှိသေးတာပဲ' ဟု လှမ်းထောက်၏။ 'ပြန်လိုက်ဦးမယ်ဗျာ။
ဒီမှာ ကိုမြဗောရှိနေသားပဲ။ ကျွန်တော်က နက်ဖြန်အတွက် ဖိနပ်သားရေ အလျင်တွေ
ပုံဝိုင်းရဦးမှာ။ လုပ်စားရဦးမှာဗျ'ဟု တဟဲဟဲ ရယ်ရင်း
ကိုလှကျော်က ပြောသည်။ ကိုဘသက်က 'သြော်...
အိမ်း...အိမ်း...မောင်လှကျော်ရယ်၊ တို့ကျတော့ စီကောက်ဆိုင်မှာပဲ နပ်မှန်ရတဲ့
တေလေတွေပေါ့ကွာ၊ ဟားဟားဟား...' ဟု ပြန်ထောက်ရင်း 'ကိုင်း... ကိုင်း...ပြောင်တာပါကွယ်၊ ညဥ့်လည်းနက်ပါပြီ သိမ်းကြပါစို့။
သြော်...မောင်ငြိမ်းရေ၊ မနက်ကျ ဈေးချိုဘူတာလေးနားက 'ဆိုင်ဒူးခန်း'
လက်ဖက်ရည်ဆိုင်မှာ ဆိုင်းတန်းဝိုင်းက ကိုကြီးငွေတို့ကို ဘကြင်တို့
မောင်အုန်းတို့နဲ့ ချိန်းထားတာ မေ့မနေနဲ့ဦးဗျ' ပြောကာ
တယောကို သိမ်းသည်။
ကိုတွေးက ဘင်ဂျိုကို မချသေးဘဲ
လက်ခတ်ကလေးနှင့် တို့ထိနေဆဲ ဖြစ်၏။ သီချင်းခန့်အသွားလေး တစ်ခုဖြစ်သည်။
ဘင်ဂျိုတီးခတ်နေရင်းမှ 'ဘယ့်နှယ့်လဲ ကိုငြိမ်းရဲ့ ခင်ဗျားတို့ တီးဝိုင်းအဖွဲ့က နာမည်ပေးပြီးပြီလား'
အမေးမှာ 'လောလောဆယ် ရတနာပုံ ဗုဒ္ဓဝေယျာဝစ္စတူရိယာအသင်းလို့
ပေးထားတာ၊ ဒါပေမယ့်ဗျာ... နာမည်က ကြီးကျယ်လွန်းနေလို့ မကြိုက်ကြသေးဘူး၊
အဲဒါနက်ဖြန်မနက်မှာ ထပ်ညှိကြဦးမှာဗျ'ဟု ကိုငြိမ်းက ဖြေသည်။
ကိုတွေးသည် စကားပြောနေရင်း တီးကွက်က တန့်သွားကာ ရှေ့မဆက်နိုင်ဘဲ
တန်းလန်းဖြစ်သွား၏။ ကိုဘသက်သည် တယောလေးအား အသာအယာကိုင်၍ ထရန်ဟန်ပြင်နေရာမှ 'ဟာ... မောင်တွေးကလည်း ဒီအကွက်ကို မေ့နေပြန်ပြီ၊ ဒီလိုလေကွာ'ဟုဆိုကာ ပေါင်ကို လက်ဝါးပုတ်ရင်း ပါးစပ်ဖြင့် အသံထွက်ပြလိုက်တော့၏။
□
အခန်း(၄)
ခြူးသန်းနဲ့ဘုံပျံ
'ဗြောင်ဒူ တယ်နယ် ဒဒူနယ်ဒျန့်
တယ်ဒူနယ် ဒူတဲ့နယ် တဲ့ဒဒူနယ် ဒူနယ် ဒူနယ်...'
ပတ္တလားဆရာ စန္ဒရားဆရာ၊ ဆရာ
ဦးဘကလေးသည် ပေါင်ကို လက်ဝါးနှင့်ပုတ်ရင်း တီးလုံးကို ပါးစပ်ဖြင့် အသံထွက်ပြ၏။
မို(လ)တရီ အမျိုးအစား စန္ဒရားတွင်ထိုင်နေသော မိန်းမပျိုလေးက ဆရာကြီး၏
ပါးစပ်ဆိုင်းအတိုင်း စန္ဒရားဖြင့် လိုက်တီးသည်။ မိန်းမပျိုလေးသည် ငါးလုံးတွဲ၊
လေးလုံးတွဲ၊ ကိုးလုံးတွဲအစရှိသော အတွဲအဖက်များကို ဘယ်အတွဲသည် ထန့်၊ ဘယ်အတွဲသည်
ဒျန့်ဒလု စသည်များကို နားလည်နေသည့်အတွက် ပါးစပ်ဖြင့်ရွတ်ပြသော 'ဗြောင်'များ၊ 'ဒူ ဒျန့်' စသော
အသံထွက်များကို စည်းနှင့်ဝါး တစ်ပါတည်း ကွက်တိဖြင့် အချက်ကျကျစန္ဒရားဖြင့်
လိုက်တီးနိုင်၏။ ဤနည်းဖြင့် သီချင်းကြီးများကို ဆရာ့ထံမှ တက်ယူနေလေသည်။
ပါးစပ်ဖြင့် မြည်ပြသော တီးကွက်ကို ထပ်တလဲလဲ လေ့ကျင့်ရသည်။ အထောင့်မရှိ၊ အဖုမရှိ
ပြေပြစ်ကျေညက်နေအောင် လေ့ကျင့်သည်။ ဆရာဦးဘကလေးက စန္ဒရားတီးနေသော မိန်မပျိုလေးကို 'သီချင်းအပိုဒ်ရှေ့ကို မတိုးလို့ စိတ်မပျက်နဲ့ကွဲ့၊ သင်ရိုးကျေတော့မှ
လက်နိုင်လာတယ်၊ လက်နိုင်လာတော့မှလည်း ရှေ့ကို သင်လို့ကောင်းတာကွဲ့'ဟု ပြောလေ့ရှိသည်။ ဤသို့ဖြင့် ကြိုးပြီး ဘွဲ့၊ ဘွဲ့ပြီးမှ သီချင်းခန့်ကို
တက်ကြရသည်။
ဆရာဦးဘကလေးသည် အသားလတ်လတ်
ပိန်ပိန်ပါးပါး ဖြစ်၏။ ခေါင်းတုံးတွင် ယုန်နားရွက်ခေါင်းပေါင်းစနှင့် ပိုးပဝါ
အမြဲပေါင်းလေ့ရှိသည်။ အဝါ(သို့မဟုတ်)ပန်းရောင် ကွမ်းရိုးစင်း မန္တလေးပိုးလုံချည်ပဲ ဝတ်တတ်၏။ ပခုံးတွင်
ထီးကို နောက်ကျောမှချိတ်ကာ ခေါင်းကို ငုံ့ပြီး ငိုက်စိုက်စိုက်နှင့် ရောက်လာကာ
စန္ဒရားသင်ပေးသည်။ စန္ဒရားအတီး သင်သော မိန်မပျိုလေးမှာ မီးရထားကုန်ရုံး
အင်စပတ်တော် ဦးဘဦး၏ သမီးအလတ် 'ယဉ်ယဉ်ဦး' ဖြစ်သည်။
ယဉ်ယဉ်ဦး သည် မန္တလေးအေဘီအမ် မိန်းကလေးကျောင်းမှ ၈တန်း ကျောင်းသူ ဖြစ်သည်။ သူ့ဖခင်
ဦးဘဦးသည် မနှစ်ကမှ တောင်ငူမှတစ်ဆင့် မန္တလေးသို့ ပြောင်းလာရခြင်းဖြစ်သည်။
မန္တလေးရောက်သောအခါ သူ့ဆရာဖြစ်သော ကုန်ရုံးဝန်ထောက်ကြီး ဦးဘသန်း၏ အိမ်တွင်
ဦးဘသန်း၏ သမီးသုံးယောက်က သီချင်းကြီးများ ဆိုကြ၊ တီးကြသည်ကို မြင်တွေ့ရဖန်
များလာသောအခါ သူ့သမီးများကိုလည်း ယဉ်ကျေးဖွယ်ရာ မြန်မာဆန်၍ အဆင့်အတန်းမြင့်သော မဟာဂီတအား
သင်ကြားစေခြင်းဖြစ်သည်။
တကယ်တော့ မီးရထားကုန် အင်စပတ်တော်
ဦးဘဦးမှာလည်း သမီးသုံးယောက်ရှိပါသည်။ သမီးအကြီးဖြစ်သူ 'ခင်ခင်ဦး'မှာ အပျိုကြီးဖားဖားဖြစ်မှပင် မိခင်ဖြစ်သူနှင့်အတူ တစ်နှစ်သောအခါက
ကျရောက်ခဲ့သော ပလိပ်ရောဂါဘေးကြီးကြောင့် တောင်ငူ၌ ကွယ်လွန်ခဲ့ကြရ၏။ ယခုအခါ ဦးဘဦး
သည် လောကဓံအား အပြင်းအထန် ကြောက်ရွံ့တုန်လှုပ်သွားကာ နောက်အိမ်ထောင်လည်းမပြုတော့ဘဲ
မိခင်ကြီးနှင့်အတူ မိတဆိုးသမီးနှစ်ယောက်လက်ဆွဲ၍ အလုပ်တာဝန်ဖြင့် မန္တလေးသို့
ပြောင်းရွှေ့ခွင့်ရခြင်းက ရေသစ်မြေသစ်တွင် စိတ်သက်သာခွင့်ရခဲ့ခြင်းဖြစ်၏။
လက်ရှိသမီးအလတ် 'ယဉ်ယဉ်ဦး'က အေဘီအမ် မိန်းကလေးကျောင်း ၈တန်းတက်နေသည်။ သမီးငယ်လေး 'မေမေဦး'က စိန့်ဂျိုးဇက်ကွန်ဗင့်၌ ၄တန်းကျောင်းသူလေး
ဖြစ်၏။ အင်စပတ်တော်ဦးဘဦးသည် မန္တလေးသို့ ပြောင်းရွှေ့လာသောအခါ မီးရထားဘူတာကြီး
အနောက်ဘက် လူကူးခုံတံတားကြီးအဆင်း
၂၉လမ်းပေါ်က အိမ်တစ်အိမ်တွင် ငှားနေသည်။ ထိုအခါ ၇၈လမ်း ဓာတ်စက်ရုံကြီးနံဘေးရှိ
ကုန်ရုံ ရုံပိုင်ကြီးဦးဘသန်း၏ ခြံဝင်းကြီးထဲသို့ သမီးများနှင့် သွားရောက်
လည်ပတ်တိုင်း ဦးဘသန်း၏သမီးများဖြစ်သော မသိန်းနု၊ ခင်သန်းမြင့်နှင့် မလှရွှေတို့
ညီအစ်မသုံးယောက် စန္ဒရားဖြင့် သီချင်းကြီး သီချင်းခံများကို ဆိုတီးနေကြသည်များကို
မြင်သောအခါ သူ၏မိတဆိုး သမီးလေးနှစ်ယောက်နှင့် သူ့ဘဝ၏ အထီးကျန်မှုများ
ဖြေသိမ့်ရာကို တွေ့သွားတော့၏။ ဂီတသည် ဘဝ၏အရိပ်ဖြစ်သည်။ ဘဝအမော၏
ကျောက်စက်ရေဖြစ်သည်။ နူးညံ့သည်၊ သိမ်မွေ့သည်၊ ပြီးတော့ ကြီးကျယ်ခမ်းနားသည်။
ထိုသဘောသဘာဝကို တွေ့ထိ သိရှိသောအခါ သမီးလေးနှစ်ယောက်ကို ဂီတအရိပ်၌ ခိုနားစေပြီး၊
ဂီတကျောက်စက်ရေကို တိုက်ကျွေးသမှု ပြုခြင်းလည်း ဖြစ်ပါ၏။
ထို့ပြင် ရိက္ခာတော်ရသွားသော
ယခင်မီးရထားကုန်ရုံ ဝန်ထောက်ကြီး ဦးစံဝင်းကလည်း မန္တလေး၏မဟာဂီတ
ပညာရှင်ကြီးများဖြစ်သော ဆိုင်းဦးဘကြီး၊ ပတ္တလားနှင့်စန္ဒရား ဆရာမောင်၊ ဆရာဘကလေး၊
ဘာဂျာဆရာတာ၊ ဆရာနွဲ့ကြီး၊ ရွာစားကြီး စိန်ဗေဒါ၊ အမိန့်တော်ရမင်း
ဦးခင်မောင်ဒွေးနှင့် ဇနီးစောင်းပညာရှင် မေ၊ အုတ်စက်ခင်ခင်လေး၊ ဒေါ်သူဇာ၊
ဘိလစ်ဦးထင်၊ ရွှေပြည်ဦးဘတင်၊ စာရေးကြီးဦးဘသင်၊ ဦးမောင်မောင်လတ်
စသူများနှင့်ရင်းနှီးကျွမ်းဝင် ဝိုင်းဖွဲ့ဆိုတီး နေသူမို့...ဂီတကို
ဖက်တွယ်မြတ်နိုးခြင်းဝါသနာက ဦးဘဦးနှင့် သမီးနှစ်ယောက်ရင်ထဲ၌
စွဲမြဲအမြစ်တွယ်သွားတော့၏။
ထိုအခါ ဘူတာအနောက်ဘက် ၂၉လမ်းတွင်
အိမ်ငှားနေစဉ်ကတည်းက ဆရာဘကြီးနှင့် သမီးများကို ပတ္တလား သင်စေသည်။ နောက်
၇၈လမ်းပေါ်က မီးရထားတိုက်ကြီးတွင် နေရာရလာသောအခါ ဆရာဦးဘကလေးနှင့်စန္ဒရားသင်စေခြင်းဖြစ်သည်။
ကနဦးအစ သမီးများကို
ပတ္တလားစတင်သင်သောအချိန်က ဦးဘဦး၏ ရှေးရိုးဆန်လှသော မိခင်ကြီးကန့်ကွက်သည်။
'မိန်းကလေးဆိုတာ ဣန္ဒြေရှိရတယ်။
ဗမာစကားမှာ 'မိန်းမတို့ဣန္ဒြေ ရွှေပေးလို့မရ' တဲ့ကြားဖူးကြရဲ့လား။ အခုတော့ မိန်းကလေးတန်မဲ့ ပတ္တလားတဒေါင်ဒေါင်နဲ့
နိစ္စဂီတ အလုပ် လုပ်နေကြတယ်။ မောင်ဘဦးနှယ်တော် ဒီသမီးတွေ မျောက်ကျောင်းထားကတည်းက
ပျက်တော့တာပဲ၊ သြော်... ဒုက္ခ၊ ဒုက္ခ'ဟု ညည်းညူကာ ဆူတတ်သည်။
၇၈လမ်းအိမ်ရောက်တော့ သမီးများက
ပတ္တလားဖြင့် မဟာဂီတကြိုး ၁၃ပုဒ်ကို ရခဲ့ကြပြီ။ ကျောင်း၌ ကျောင်းအုပ် ဆရာမကြီး
မစ္စပရိုက်(စ)ဖြစ်စေ၊ ဒုတိယကျောင်းအုပ်ကြီး မစ္စသဲယားဖြစ်စေ စုဝေးခန်းမကြီးရှိ
စန္ဒရားခုံ၌ ထိုင်ကာ စန္ဒရားတီးပြီး ကောင်းချီးမင်္ဂလာတေးများ သီဆိုသည်ကို 'ယဉ်ယဉ်ဦး'က သဘောကျသည်။ ထို့အတူ 'မေမေဦး' ကလည်း စန္ဒရားဖြင့် ဓမ္မတေးများသီဆိုရတာ နှစ်သက်သည်။ ဆရာမကြီးတွေလို
စန္ဒရားတီးချင်သည်။ မဟာဂီတ သီချင်းကြီးများကို စန္ဒရားသံလေးနှင့် သီဆိုလိုက်ချင်၏။
တစ်ခါမှာတော့ သူတို့ဖေဖေ ဦးဘဦးခေါ်သွားသဖြင့် ဝန်ထောက်ကြီး ဦးဘသန်းအိမ်မှာ
သူ့သမီးများဖြစ်သော ခင်သန်းမြင့်က စန္ဒရားတီးပြီး သမီးငယ် မလှရွှေက 'ညဥ့်သုံးယံ'ပတ်ပျိုးကို တီးခတ် သီဆိုသည်ကို
ကြားရသောအခါ ယဉ်ယဉ်ဦးတို့၊ မေမေဦးတို့ စန္ဒရား သင်လိုခြင်းဆန္ဒက
ပိုမိုခိုင်မြဲသွားတော့၏။
နောက်ရက်မှာဦးဘဦးသည်
သမီးများကိုခေါ်ပြီး အာဠဝီစီလမ်းက မစ္စကွစ်ကုမ္ပဏီသို့သွားသည်။ စန္ဒရားတစ်လုံးကို
တစ်လလျှင် ၁၂ကျပ်ပေး၍ ငှားရမ်းခဲ့၏။ အမျိုးအစားက မို(လ)တရီဖြစ်သည်။ ၇၈ လမ်း မီးရထားရိပ်သာအိမ်သို့
စန္ဒရားကြီးရောက်လာတော့ ဦးဘဦးက 'ကျွန်တော် ဝယ်ခဲ့တာ မဟုတ်ပါဘူးမေမေရဲ့၊
သမီးတွေက စန္ဒရားတီးသင်ချင်တယ်ဆိုလို့ ကျွန်တော် ငှားခဲ့တာပါ'ဟုဖြေသည်။ 'ဘယ်လောက် ပေးငှားခဲ့ရတာလဲကွယ်'ဟူသောအမေးမှာ 'တစ်လငါးကျပ်' ဟု
ဦးဘဦးက ဖြေသည်။ သည်အဖြေမှာ ယဉ်ယဉ်ဦးနှင့် မေမေဦး ညီအစ်မနှစ်ယောက်
ကျိတ်ရယ်ခဲ့ကြရသေး၏။ ဟုတ်တော့လည်း ဟုတ်သည်။ ရွှေဒင်္ဂါးတစ်ပြား ၁၃ ကျပ်
အများဆုံးရှိသော အချိန်မှာမို့ အရာရာမှာ ရွှေဈေးနှင့် တိုင်းဆသုံးတတ်သူ မိခင်ကို
အမှန်အတိုင်းဖြေလို့ မဖြစ်ချေ။ ဤသို့ဖြင့် စန္ဒရားဆရာဘကလေးကို အိမ်သို့ပင့်ဖိတ်ကာ
သင်ရိုးအတိုင်း သင်ကြသည်။ အကျအနသင်ယူသူက 'ယဉ်ယဉ်ဦး'ပဲ ဖြစ်ပါသည်။ သို့သော် သမီးငယ် 'မေမေဦး'က ဆရာသင်သည်ကို နားရည်ဝနေသည့်အပြင် ဆရာအပြန်၌ သူ့အစ်မထံမှ ပြန်လည်
တက်ယူခြင်းဖြင့်လည်း အမီလိုက်နိုင်နေပြန်သည်။ ထို့ပြင် မေမေဦးသည် တရုတ်တန်းဘိလစ်စာရေးကြီး
ဦးထင်တိုက်၌ မဟာဂီတဝိုင်းတော်သားများနှင့်အတူ သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်က
သူ၏ 'စုံတောမြိုင်' သီချင်းကို
မကြည်အောင်နှင့် သီဆိုသည်ကို ကြားဖူးမြင်ဖူးပြီးနောက် အာဠဝီတံခါးအနီး
အမိန့်တော်ရမင်း ဦးခင်မောင်ဒွေးခြံတွင် သူ့ဇနီး 'မေ'၏ ပိရိသော စောင်းလက်သံနှင့်အတူ အဆိုတော် ဒေါ်ခင်ညွန့်တို့၊
စာရေးကြီးဦးဘသင်တို့ 'သာဆန်းရဂုံဘွေ'၊ 'အောင်မြေသာစံ'၊ 'ယမုံနာ'
စသော သီချင်းကြီး ဆိုတီးနေကြသည်ကို မြင်ရဖန်များလာသောအခါ 'မေမေဦး'က အဆိုမှာ အားသန်သည်။
ထို့ကြောင့် ဆရာဦးဘကလေးနှင့်
အစ်မဖြစ်သူ ယဉ်ယဉ်ဦးစန္ဒရားတီးလျှင် 'မေမေဦး'မှာ ဆိုဟန်ဆိုပေါက် သင်ယူ၏။ နည်းနာယူ၏။ ထို့နောက် ရဲရဲဝံ့ဝံ့သီဆို၏။
ဤသို့ဖြင့် မေမေဦးသည် တစ်ချက်စည်းဖြင့် သီဆိုရသောကြိုးများကို လွယ်လင့်တကူ
သီဆိုနိုင်ပြီး နောက်နှစ်ချက်စည်း၊ နရီစည်းနှင့် ဟန်ယူ၍ တီးရသော
သီချင်းခန့်များနှင့် ပတ်ပျိုး၊ ယိုးဒယား၊ မွန်သီချင်းတို့တွင်လည်း
စည်းဝါးပိုနိုင်ကာ အစွဲအငင် လေယူလေသိမ်း အလှည့်အပတ် အငေါက်အငန်းများဖြင့်ပင်
သီဆိုနိုင်တော့၏။
ဆရာဘကလေး စန္ဒရားသင်သောအခါ လက်သီးဆုပ်
အောက်ချပြီး လက်ညှိုးတစ်ချောင်းတည်းဖြင့် ပတ္တလားတီး သလိုသာ သင်ပေးသည်။ သို့သော်
ယဉ်ယဉ်ဦးသည် တစ်နေ့သ၌ ရန်ကုန်မြို့ ဝပ်ဆင်တိုက်မှ မန်နေဂျာ ဦးအုံးဖေ၏ သမီး
ပဂ္ဂီအုံးဖေ မန္တလေးရောက်ခိုက် အိမ်သို့ ညစာဖိတ်ကျွေးကာ ပဂ္ဂီအား စန္ဒရားတီးစေရာ၌ 'ဘုန်းများများမင်း'ကို လက်ချောင်းကလေးများ စန္ဒရားပေါ် သွက်လက်လှပစွာ ပြေးလွှားရင်း
တီးသွားတာမြင်ပြီးနောက် ယဉ်ယဉ်ဦးသည်လည်း ပဂ္ဂီလို စန္ဒရားတီး လေ့ကျင့်တော့၏။
ဤသို့ဖြင့် စန္ဒရားခလုတ်များပေါ်တွင် လက်ညှိုး၊ လက်မ၊ လက်သန်းတို့
လှုပ်ရှားတတ်လာသည်။ တီးရသော အကွက်များတွင်လက်ညှိုးနှင့်ထောက်ထား သည့်ခလုတ်နှင့်
နှစ်ခုခြားသော ခလုတ်ကို လက်မနှင့် ထောက်သည်။ အခြားတစ်ဖက်မှ ခလုတ်နှစ်ခု၊
သုံးခုခြားတွင် လက်သန်းထောက်၍တီးသည်။ ဆရာ ဘကလေးက 'ယဉ်ယဉ်
လက်ချောင်းတွေ သုံးတတ်လာတာ ကြည့်ကောင်းလာပြီ ကွဲ့'ဟု
ပြောသဖြင့် ဝမ်းမြောက်ကျေနပ်ရသည်။
မြန်မာ့ယွန်းထည် ကွမ်းအစ်အောက်အံတွင်
ထည့်ထားသော ကွမ်းရွက်နုနုကလေးကို ယူပြီး ဆရာ ဘကလေးက ကွမ်းအစ်အပေါ်ရှိ
ငွေဖလားလေးလုံးအနက်မှ ထုံးအပြည့်ထည့်ထားသည့် ငွေထုံးဘူးကိုဖွင့်ကာ
လက်ဖြင့်တို့ပြီး ထုံးကို ကွမ်းရွက်နု၌ တင်၏။ အခြားငွေဘူးများမှ ဆေးရွက်ကြီး
စမုန်စပါး၊ လေးညှင်းပွင့်၊ ရှားစေး၊ နွယ်ချိုနှင့် ပါးပါးလွှာထားသော
တောင်ငူကွမ်းသီးစိတ်ကို ကွမ်းညှပ်ဖြင့် ထပ်လွှာပြီး ကွမ်းရွက်ပေါ်
အချိုးကျကျစပ်သည်။ ကွမ်းရွက်လေးအား လှပစွာထုတ်၍ ပါးစောင်၌သွင်းရင်း တပည့်မ
စန္ဒရားတီးသည်ကို နားစွင့်သည်။
ဦးဘဦးက ယွန်းလင်ပန်းထဲတွင် ထည့်ထားသော
အချိုပွဲကို ဆရာ ဦးဘကလေးရှေ့ထိုးပေးရင်း 'ထိုးမုန့်လေးများ
သုံးဆောင်ပါဦး ဆရာ'ဟုဆိုသည်။ ယွန်းလင်ပန်းထဲ၌ ဆနွင်းမကင်း၊
မလိုင်ကရေကရာ၊ အိမ်တော်ရာ မလိုင်ပေါက်စီ၊ ထိုးမုန့်နှင့် လမုန့်များရှိသည်။ ကြွေတိုက်
ပန်းကန်ပြားတစ်ချပ်၌မူ ဆီးဖြူသီးဆားရေစိမ်၊ စောင်းလျားချဉ်နှင့်
ငါးပိကြော်များရှိ၏။ ဆရာ ဦးဘကလေးက ကရေကရာတစ်ဖဲ့ကို မြုံ့လိုက်သည်။
မေမေဦး၏ ညာလက်တွင် လက်ညှိုးပေါ်၌
စည်းခွက်တစ်ခွက်တင်၊ ကြိုးကလေးကို အောက်လက်ခလယ်မှ လျှိုယူရစ်ပတ်လိုက်ပြီးနောက်
စည်းခွက်တစ်ခွက်ကို လက်မပေါ်တွင်ထား၊ လက်ညှိုးပေါ်မှ စည်းခွက် လက်မပေါ်မှ
စည်းခွက်ကို ရိုက်ခတ်ရင်း ချွင်၊ ချွင်ဟု စည်းလိုက်၏။ ဘယ်လက်တွင်မူ
ဝါးဗျောက်ကလေးကို လက်ညှိုး၊ လက်မနှင့်ညှပ်ကာ 'ဝါး' လိုက်ရင်း
စည်းမှန်းဝါးမှန်း အဖြတ်အတောက် မှန်စွာဖြင့် သီချင်းကို သီဆိုသည်။ ယဉ်ယဉ်ဦးက
စန္ဒရားခလုတ်လေးများအပေါ် သူ့လက်သွယ်လျလျလေးများ လှုပ်ရှားစေခြင်းဖြင့်
သီချင်းတေးသွားအား ဌာန်မှန်၊ သံမှန် တီးခတ်၏။
'သုံးပါးလောက...ငြိမ်းရေးငြိမ်းရေး...
ကယ်ယူကယ်ယူ
ဉာဏ်ပန်း...ဉာဏ်ပန်း...မွှေးလှိုင်ကြူ
ပဉ္ဇမှန်ကင်း...ထွန်းရောင်ဝါ...ဝင်းရွှင်
တေထရွှင်ရွှင်...ပေါ်ထင်သည့်
လျှမ်းလျှမ်းဖြိုး
လျှမ်းလျှမ်းဖြိုး...အာဏာကျော်တိုး
ဘုန်းတန်းခိုးရောင်...ဝေဝေသာမှောင်
သိန်းထောင်...'
စန္ဒရားလက်သံကလည်း သူ့နရီသူ့အချိန်မှန်မှန်ကြီး
လက်ကျ ညီညီညာညာရှိပြီး စည်းနှင့်ဝါးနှင့် အံကိုက်ဖြစ်၏။ ယဉ်ယဉ်ဦးလက်သံက
အတီးကောင်း၊ လက်ကျကောင်း၊ နရီကောင်း၊ ပန္နက်ကောင်းသည်။ မေမေဦးအသံကလည်း ပင်ကိုက
ကနွဲ့ကလျနှင့် သာယာသည်။ သို့သော် တွဲ့နွဲ့သည့် နေရာတွင် တွဲ့နွဲ့၏
ခပ်ဆတ်ဆတ်ဟန်လေးများလည်း မွှမ်း၏။ သီးချင်းအချီအစတွင်လည်းကောင်း၊
အချတွင်လည်းကောင်း၊ ဟန်အမူကြီးနှင့် လေးလေးပင်ပင်လည်း ဆွဲငင်သီဆို၏။
သီချင်းစာသားအလိုက် ဟန်အမျိုးမျိုးပြောင်းကာ သီဆိုနိုင်သည်။ ထိုအခါ ဆိုဟန်
ဆိုပေါက်ကြောင့် သီချင်း၏ ပြေပြစ်နုနယ် ယဉ်ကျေးဖွယ်ရာသော စကားလုံးလေးများသည် စာပန်းချီတစ်ချပ်သဖွယ်
နားဆင်သူ အာရုံတွင် တဖျပ်ဖျပ် ပေါ်ထင်လာတော့၏။
'...ထွန်းဝင်း...ထွန်းဝင်း...လျှံပေါ်...လျှံပေါ်
ရောင်တော်ရောင်တော်ဖြိုးမြင့်...
အံ့ဖွယ်တော်သာဆင့်ကာ...ရင်ကော့ပင်
တင်ထိပ်ဦး...စုံဖူးတည့်...ရှိ...ကြာ...ငုံ...'
သီချင်းအပြီးမှာ ဆရာ ဦးဘကလေးက
ခေါင်းတဆတ် ဆတ်ညိတ်ရင်း 'သပ်ရပ်ပါပေရဲ့ဗျာ'ဟု ထောမနာပြုသည်။ ဦးဘဦးက
သမီးနှစ်ယောက်ကို ကျေနပ်စွာကြည့်၏။ ဆရာ ဦးဘကလေးက ပြန်ရန်အတွက်နံရံ၌ ထောင်ထားသော
ထီးကိုယူကာ လက်ကိုင်ကို ပခုံး၌ချိတ်သည်။ ဆရာကြီးပြန်တော့ မည်ဟု အရိပ်အခြည်ကို
သိသည်နှင့် ညီအစ်မနှစ်ယောက်သည် စန္ဒရားခုံမှထကာ ဆရာ့ခြေတွင် ဝပ်တွားပြီး ရိုသေစွာ
ကန်တော့လိုက်ကြပါသည်။
ဆရာပြန်သွားတော့
ခပ်လှမ်းလှမ်းအိမ်ဦးခန်းတွင် ထိုင်နေသော မေမေကြီးသည် မြေးနှစ်ယောက်ကိုခေါ်ပြီး 'သမီးတို့
ထူးမခြားနားမီးရေဆုံသားဆိုတာ ဘုရားရောင်ခြည်တော်တွေ ကွန့်မြူးသွားတာ
ဖူးလိုက်ရလို့ရေးတာကွဲ့၊ ကိုင်း...ဘယ်လောက်ကြည်ညိုစရာကောင်းသလဲ။ မေမေကြီးတော့
ဘုရားရှင်ကို စိတ်ကူးပြီး တကယ်ဖူးတွေ့ရသလိုပဲ'ဟု ပြောသည်။
ထို့နောက် ဘုရားစင်ဘက်သို့လှည့်ကာ
လက်အုပ်ချီပြီး အာရုံပြုလိုက်သည်။
□
အခန်း(၅)
ထူးမြတ်ကဲလွန်
'မြို့မ ဗုဒ္ဓဝေယျာဝစ္စ
တူရိယာအသင်း'
ကိုငြိမ်းက ခပ်တိုးတိုးပင်
ရွတ်ပြလိုက်၏။ တိုးပေမယ့် စကားလုံးတွေက ပိရိပြတ်သားသဖြင့် လက်ဖက်ရည်စားပွဲ
တစ်ဝိုင်းလုံး ကြားလိုက်ကြရသည်။ အကော်ဒီယံကိုသန့်က စားပွဲကို လက်ဝါးနှင့်ပုတ်ကာ...
ကောင်းတယ်ဗျို့ မြို့မ ။ မြို့မ။
ဟုတ်တယ်။ ကျွန်တော် တို့အသင်းတည်နေရာက ဈေးချိုတော်ကြီးနားက ဆိုင်းတန်းရပ်မို့
မြို့လယ်။ ဒါကြောင့် 'မြို့'ကို ကိုယ်စားပြုတယ်။ 'မ'ဆိုတာ အမိ...၊ အမိဆိုတာ မြတ်တယ်။ ပေါက်ဖွားရှင်သန်မှု
ကြီးပွားတိုးတက်မှုကို ကိုယ်စားပြုတယ်။ ကျွန်တော်တော့ ကိုငြိမ်းပြောတဲ့ 'မြို့မ'ဆိုတဲ့ နာမည်ကို ကြိုက်တယ်'ဟု အားတက်သရောပြောသည်။ ကိုကြီးအုန်း၊ ကိုခင်မောင်၊ ကိုရင်လေး၊ ဦးဘသက်၊
ကိုလှဒင်၊ ကိုမြသိန်းတို့ကလည်း သဘောတူသည်။ ကိုဘသက်က စားပွဲပေါ်ရှိ
လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ကျိုက်မော့လိုက်သည်။ ကိုငြိမ်းက သူ့လက်စွဲ နေဗီးဂတ်စ်
စီးကရက်တစ်လိပ်ကို ဘူးထဲမှ ထုတ်ပြီး နှုတ်ခမ်း၌ တပ်၏။ ဦးဘသက်က လက်ဖက်ရည်ခွက်ကို
စားပွဲပေါ် ပြန်ချသည်။
'မောင်ငြိမ်းပေးတဲ့
နာမည်ကောင်းတယ် နဂိုကစဉ်စားခဲ့ကြတဲ့ 'နေပြည်တော်'တို့၊ 'မန်း'တို့၊ 'ရတနာပုံ'တို့ ဆိုတဲ့ နာမည်တွေလည်း ကောင်းပါတယ်။
ဒါပေမယ့် ရိုးတာပေါ့ကွာ။ တဲ့တိုးဆန်လွန်းတယ်။ အခုမြို့မဆိုတာ အဓိပ္ပာယ်လည်းကောင်း၊
အနုပညာသဘောလည်းပါတယ်ကွဲ့' ဟု ကိုဘသက်က ဆိုသည်။
၂၆ဘီလမ်းပေါ်မှာတော့ မြင်းလှည်းများက
ပိုက်ကျုံးကို ပိုက်ကျုံးကိုဟု ခရီးသည်အား တစာစာခေါ်နေ၏။ အရှေ့ဘက်နာရီစင်ဆီမှ ဘီလမ်းအတိုင်း ဓာတ်ရထားတစ်စင်းက ခေါင်းလောင်းသံ
တဒင်ဒင်ပေးရင်း မောင်းနှင်းသံကြားရသည်။ ဈေးချိုအေရုံထဲသို့ သီးနှံလာသွင်းသော
မတ္တရာဘက်မှ လယ်သမားကြီးများလည်း မြောက်မလွယ်ပေါက်မှတစ်ဆင့် အေရုံအနောက်ဘက်ရှိ 'ဆိုင်ဒူးခန်း' လက်ဖက်ရည်ဆိုင်လေးဆီ ရောက်လာတတ်ကြသည်။ ဈေးချိုထဲမှလာ၍ လက်ဖက်ရည်
သောက်သူများက အသစ်ဖွင့်လှစ်သော မန္တလေး ဥပစာ ကောလိပ်အကြောင်း ပြောနေကြသည်။
ကိုငြိမ်းတို့ လက်ဖက်ရည်စားပွဲကတော့
မနက်ကတည်းက လူလျော့သည်မရှိ။ တစ်ယောက်ပြီးတစ်ယောက် တိုးလာကာ၊ လက်ဖက်ရည် တစ်ခွက်ပြီးတစ်ခွက်
ထပ်ချနေရပြီ၊ ယွန်းခွက်လေးထဲသို့လည်း နဂါးနီဆေးလိပ်တွေထည့်ပြီးရင်း ထည့်နေရသည်။
ရေနွေးကြမ်းကိုတော့ ခဏခဏ မဖြည့်ရအောင် ကိုငြိမ်းတို့ဝိုင်းဟုဆိုလျှင် ဒန်လိုက်ကရားကြီးတစ်လုံးထဲ
လက်ဖက်ခြောက်နိုင်းချင်းနှင့် ရေနွေးအပြည့်ဖြည့်ပေးလိုက်တော့၏။
ခဏနေတော့ ရှုမဝပန်းချီကိုကြီးငွေနှင့်
ကိုဘဒင်တို့ ရောက်လာ၏။ နောက်ကျလှချည်လားဟု အားလုံးအပြစ်တင်သံမှာ...နှစ်ယောက်စလုံးက
ရေကြည်ကုန်းအတက်မှာ မနှင်းဆီရထားက မီးပေါင်းကျပြီး မတက်နိုင်လို့ ဝိုင်းတွန်းပေး
နေရတယ်လေဟု အလုအယက်ဖြေကြ၏။ ကိုဘဒင်က လက်ဖက်ရည်တစ်ခွက် ထပ်မှာ၏။
နောက်ကျရောက်လာသော ကိုကြီးငွေနှင့်
ကိုဘဒင်တို့အား ရောက်နှင့်နေသူများက အသင်းနာမည် 'မြို့မ ဗုဒ္ဓဝေယျာ
ဝစ္စတူရိယာအသင်း'ဟု ရွေးလိုက်ကြောင်း ပြောပြတော့ အားရ ဝမ်းသာ
သဘောတူကြသည်။ ကိုကြီးငွေက ပိုလိုတစ်လိပ်ယူကာ မီးညှိဖွာရင်း...
'ဒါဆိုကျွန်တော်တို့
ကိုမြသိန်းအိမ်မှာ အသင်းဆိုင်းဘုတ် တင်ကြမယ်လေ...၊ ဒီကအပြန် ကျွန်တော်
ဆိုင်းဘုတ်ရေးလိုက်တော့မယ်'ဟု ဆို၏။
ကိုမြသိန်းက...
'ဒါဆိုခင်ဗျားဆိုင်းဘုတ်ရေးတာ
ဘယ်တော့ပြီးမလဲ'ဟု အားတက်သရောအမေးမှာ ကိုကြီးငွေ၏
လွန်ရောကျွံရော အဖိတ်နေ့ပေါ့ဗျာ ဟူသောအဖြေစကားအဆုံး အသံတော်တော်များများက
ဒါဆိုရင်ဥပုသ်နေ့မှာ အသင်းဖွင့်ပွဲလုပ်ပြီး တီးကြမှုတ်ကြမယ်ဟူ၍ တညီတညာတည်း
ထွက်ပေါ်လာတော့သည်။
စီးကရက်လေးကို မျက်လုံးလေးမှေးကာ
ဖွာနေသော ကိုငြိမ်းက...
'ကျွန်တော် နန်းတော်ရှေ့က
ကိုကြီးတင်ဆီသွားပြီး အသင်းဖွင့်ပွဲအတွက် သီချင်းလေးတစ်ပုဒ် တောင်းလိုက်ဦးမယ်'ဟုဆိုသည်။ အနားရှိ ကိုသန့်က ကိုငြိမ်းပေါင်ကို လှမ်းပုတ်ပြီး...
'ကိုကြီးတင်ဆီ တောင်းရုံနဲ့
မပြီးသေးဘူးလေ...။ ခင်ဗျားလည်း တစ်ပုဒ်ရေးလိုက်ဦး' ဟုဆိုတော့
ကိုငြိမ်းက ပြုံး၍ ခေါင်းညိတ်သည်။
မလှမ်းမကမ်း ဘီလမ်းပေါ်မှာ အရှေ့ဆီက
ဓာတ်ရထားတစ်စင်းက ခေါင်းလောင်းသံ တစာစာနှင့် နာရီစင်အရောက် တောင်သို့
ချိုးကွေ့သွားတော့၏။
ဆက်လက်ဖော်ပြပါမည်
ဆူးငှက်
(အမှတ် ၂၀၁၊
သြဂုတ်လ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...
နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။
အငယ်တွေကို ညှာတဲ့ ဖြူစင်တဲ့ စိတ်ဓာတ်ကို ကျွန်မ နားလည်ပေမယ့် အမှန်အတိုင်း မပြောတာကိုတော့ ကျွန်မ မကြိုက်လို့ ဆူရငေါက်ရတယ် တစ်ခါတလေ ဘာမဟုတ်တာလေးကိုပဲ မဟုတ်က ဟုတ်က လှည့်ပတ်ပြောချင် ပြောနေတတ်တာပါ