ဆူးငှက်
အတော...
မြန်မာ့ဂီတ၏
အဖိုးတန် သယံဇာတများကို ကမ္ဘာ့ ‘နား’ သို့ရောက်အောင် ကနဦးလမ်းဖောက်ခဲ့ကြသည့်
ပုံရိပ်များနှင့်အတူ ‘အစဉ်အလာနှင့် တီထွင်မှု’ အချိုးညီပေါင်းစပ်ပြီး ‘ကမ္ဘာကြည့်’
ဂီတအဖြစ် ကြိုးပမ်းခဲ့ကြခြင်းအား ပြန်လှန် တွေးကြည့်မိလေတိုင်း
ပီတိသောမနဿဖြစ်ခြင်း အမြုတေများ စုစည်းဖန်များလာသောအခါ...။
‘မဟာဂီတစည်းပူး၊
ကမ္ဘာသုံးတူရိယာသင်ကြား၊ ကမ္ဘာ့နှလုံးသားသို့ပို့’ ဟူသော အုတ်မြစ်အခြေခံကာ
‘လက်ခုပ်ဖြင့်ဖြစ်စေ၊ ကိုယ်တိုင်ပါဝင်’ စုစည်း၊ ခိုင်မာခဲ့၊ ခိုင်မာဆဲဖြစ်သော
မန္တလေးမြို့မှ သက်တော်ရှည် တူရိယာအသင်းကြီး၏ အတိတ်က ဝိုးတဝါးပုံရိပ်များကို
စိတ်ကူးဆက်စပ်ကြည့်မိခြင်းဖြစ်ပါ၏။
ထိုအခါ တကယ်လှုပ်ရှားပါဝင်ခဲ့ကြသော
အာဂပုဂ္ဂိုလ် အနုပညာရှင်၊ ပါရမီရှင်ကြီးများနှင့်အတူ ထို... ထိုပုဂ္ဂိုလ်ကြီးများ၏
စေတနာ၊ ဝါသနာ၊ အနစ်နာ၊ သင်းပင်းစိတ်ဓာတ်၊ မြင်ကွင်းကျယ်၊ ဂီတအမြင်တို့ကို
ကိုယ်စားပြုသော စိတ်ကူးဇာတ်ကောင်များဖြင့်သာ ဖွဲ့စည်းခဲ့ကြောင်း ဝန်ခံပါသည်။
သို့သော် သက်တော်ရှည် တူရိယာအသင်းကြီး၏
သန္ဓေ၊ စရိုက်၊ သဘာဝ၊ အစဉ်အလာ၊ ရည်ရွယ်ချက်တို့ကို အတတ်နိုင်ဆုံး
ချဉ်းကပ်ပုံဖော်နိုင်ရန် အားထုတ်သော ‘ဝတ္ထုတစ်ပုဒ် ဖြစ်သောကြောင့်
ထိုအသင်းကြီးနှင့် ထိုအသင်းကြီးမှ တကယ်ရှိ ပုဂ္ဂိုလ်ကြီးများ၏ အတ္တုပ္ပတ္တိ
မဟုတ်ကြောင်းလည်း ဝန်ခံပါ၏။
တကယ်တော့ ဤဝတ္ထုရေးလိုခြင်း ဆန္ဒအစမှာ
ဆရာ မြို့မငြိမ်း၏ မိသားစုနှင့် ရှေးဟောင်းနှောင်းဖြစ် ပြောဆိုမေးမြန်းဖြစ်ခြင်း၊
လက်ရှိမြို့မတူရိယာအသင်းကြီး၏ ဆက်ဆံရင်းနှီးကျွမ်းဝင်ခြင်းများက မူလရင်းခဲ့
ဖြစ်ပါသည်။
ဤဝတ္ထုအား ရေးဖြစ်ရန်
တိုက်တွန်းခဲ့သော ဒါရိုက်တာ မီးပွားနှင့် ကောက်ကြော်းစိတ်ကူးကို ပုံဖော်ပေးခဲ့သော
ဆရာ နေဝင်းမြင့်တို့ကိုလည်း ကျေးဇူးတင်ရှိပါသည်။
ဤဝတ္ထုမှာ ၂၀၀၂ ဇွန်လ၊ ဇူလိုင်လ၊
သြဂုတ်လထုတ် ရွက်နုဝေမဂ္ဂဇင်း အမှတ်စဉ် ၅၊ အမှတ်စဉ် ၆၊ အမှတ်စဉ် ၇ တို့တွင်
တစ်ပိုင်းတစ်စ ပုံနှိပ်ဖော်ပြပြီးကြောင်းလည်း ဝန်ခံပါသည်။
ယခု ရွှေအမြုတေမဂ္ဂဇင်းမှ
ဆရာဦးဝင်းငြိမ်းကိုလည်း ကျေးဇူးတင်ရှိပါ၏။
ဆူးငှက်
၅.၁၂.၀၅
□
‘မြစ်မင်းဧရာခွေကာဝိုင်းလို့...
စစ်ကိုင်းအောင်ခြာမြေ ရေလှိုင်းလေးတွေ သွင်မြူးတော့ ငွေရောင်ဖြူးကာနေ...
ရွှေတောင်ဦးမော်... ရှုမျှော်ခင်းနဲ့ မြစ်တွင်းသာယာပေ... ချစ်ခြင်းသံသာနေ... ဟင်္သာစင်ရော်
ကြင်ဖော်တွဲလို့... သဲကမ်းပါးယံ... ဝဲပျံကာနေ’
တယောနှင့် ကလယ်ရီနက်
အပြန်အလှန်ပြေးဝင်လိုက်၊ ထရမ်းပက်တွေက ဝင်ဆော့လိုက်နှင့် အချိုးကိုက်
ဖင်ကွန်စီများဖြင့် ညှိထားသော ဂီတသံသည် ကွန်ပျူတာအပျော့ထည်၏ စုစည်းမှုမှတစ်ဆင့်
ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။
အစိမ်းနုလဲ့လဲ့ ပြေးနေသည့်
ကြွေဆေးသုတ်နံရံတွင် ချိတ်ဆွဲထားသော ပြက္ခဒိန်ပေါ်မှ စစ်ကိုင်းတောင်သည်
တိမ်ရိပ်တိမ်လိပ်များအောက်၌ ဝင်းပနေ၏။ ဟိုမှာ ရှင်ပင်နကိုင်းစေတီ၊
ဟိုမှာလောကမာန်အောင်စေတီ၊ ဟိုမှာ ဇေတဝန်စေတီ။ တောင်းကမ်းပါးယံတွင်
ခြေဆင်းထိုင်ကြည့်နေသည့် ရေဆင်းကျောက်သမံတလင်းပြင်ကြီးများ ကြဲပျောက်ထားသော
အစိမ်းနုရင့် စုတ်ချက်ကြမ်းများအထက်တွင် ပုညရှင်စေတီသည် ဝင်းဝင်းလက်နေ၏။
တောင်ခြေဆီမှာတော့ အေးမြို့ကြီးချောင်ကို ကျောက်နံရံမြင့်ကြီးတစ်ခုက
မ,ပင့်ထားသေးသည်။ ပြက္ခဒိန်ဆီမှ စစ်ကိုင်းတောင်ရှုခင်းကို နှစ်ယူခံစားပြီး အကြည့်လားရာအား
ဖြည်းဖြည်းချင်း ရွှေ့ယူလိုက်တော့ ဘယ်ဘက်အောက်နား မကျတကျနံရံတစ်နေရာ၌ အမြဲမပြတ်
ဖုန်တင်မခံ ပွတ်သတ်ထားသဖြင့် ကြေးနီရောင်အစွမ်းအစ မပျက်ပြယ်ဘဲ ငယ်မူငယ်သွေးကြွကာ
တောက်ပြောင်နေသော ကြေးတံဆိပ်တစ်ခုကိုလည်း တွေ့ရပေမည်။ နံရံကပ်
မီးလုံးပန်းခိုင်များ၏ အလင်းရောင်တွင် ကြေးဆိုင်းဘုတ်သည် ပျပျလဲ့နေသယောင်။
သို့သော် သေသပ်ပိရိစွာ ထွင်းထုထားသော လက်ရာမြောက်မှုကြောင့် ဥရောပဂန္ထဝင်ဟန်ကဲသည့်
ပန်းညွန့် ပန်းလိတ်များအလယ်မှ ဖောင်းမို့မို့သည် အတော်လှမ်းလှမ်းမှပင်
ဖတ်၍ရလောက်အောင် တိရိပြတ်သားထင်ရှားလှ၏။
“Mr.Pianist” တဲ့။
သုံးလက်မခွဲခန့် အမြင့်ရှိသော စာလုံး၏
အပေါ်အလည်တည့်တည့်တွင် စာလုံးအား ဝိုက်ထားသည့် ပန်းခက်ပန်းလိတ် အညွန့်များ
ခြံရံပြီး ယခင်ဆိုဗီယက် ရုရှချိုင်ကောဗ်စကီး ဂီတ တက္ကသိုလ်၏ တံဆိပ်ကို
ထွင်းထုထားသည်။ စာလုံးများအောက်ခြေ၌လည်း ပန်းညွန့်ပန်းလိတ်အရင်းဆီမှ လက်မဝက်ခန့် ဖဲပြားပုံအလယ်တွင် Tchaikovsky Music Institute ဟူသော
စာသားကို ထွင်းဖော်ထား၏။
တပ်ချင်းကြေးဆိုင်းဘုတ်နှင့်
စစ်ကိုင်းတောင်မြင်ကွင်းကျယ် ပြက္ခဒိန်တို့အလယ် ရှစ်ပေခန့်အမြင့်တွင်
နံရံကပ်မီးဆိုင်း ခိုင်ဆီမှ ပလတ်စတစ် ပိတောက်ပန်းခိုင်သည် အောက်သို့
တွဲရရွှဲကျနေသည်။ သင်္ကြန်ဖက်ဆွတ် မိုးရေဥကလေးများ တင်နေသယောင် ဖန်တီးထားသည့်
ရွှေဝါရောင်ပိတောက်ခက်များသည် စိမ်းရင့်ပိတောက်ရွက်များအကြား
အစွမ်းကုန်ဖူးပွင့်နေကြပြီး တစ်ခက်ပေါ်တစ်ခက်ဆင့်ကာ ညွှတ်ဆင်းကျနေလာကာ တစ်ခါတစ်ရံ
အအေးခန်းမှန်တံခါးအဖွင့်၌ ပြင်ပလေတိုးအဝင်တွင် ပိတောက်ဖူးလေးတချို့က
ကြေးဆိုင်းဘုတ်ပန်းညွန့် ပန်းလိတ်များဆီ ထိနမ်းလုလု။
ဟော... ကြည့်။
အခုလည်း
ရွှေအိုရောင်တံခါးဘုလေးလည်အသွား ပေါလစ်ရောင်တောက် ကျွန်းတံခါးရွက်
အပွင့်ပြင်ပလေအတိုးမှာ ပလတ်စတစ်ပိတောက်ဖူးခိုင်လေး မခို့တရို့နှင့်
ကြေးဆိုင်းဘုတ်ဆီ ယိမ်းနွဲ့သည်။
တံခါးသည် လူတစ်ကိုယ်စာဝင်သာရုံ
ပွင့်လာပြီး နီညိုရောင် ကတ္တီပါ ဖိနပ်၊ မီးခိုးနုကွက်စိပ်
မန္တလေးပိုးတွဲလုံချည်နှင့် ချောကလက် သွေးနုနု စတစ်ကော်လာအင်္ကျီတို့ ဝတ်ဆင်ထားသော
အသားခပ်လတ်လတ် အရပ်အမောင်း မနိမ့်မမြင့်နှင့် ခပ်ပါးပါး ကိုယ်ဟန်ထားရှိသည့် အသက်
၇ဝ ကျော်အရွယ်ရှိ ပုဂ္ဂိုလ်တစ်ဦး ဝင်လာ၏။ တံခါးဖွင့်၍ အခန်းထဲ ခေါင်းအပြူ မှာပင်
ဥရောပနှင်းဆီရနံ့သင်းလေအေးမှုန်မွှားက စိမ့်ခနဲ မျက်နှာဆီ ရိုက်ခတ်မှုနှင့်အတူ
သံမဏိသံကဲသော ကွန်ပျူတာတီးလုံးများကို ကြားလိုက်ရတော့ ရွှေကိုင်းတပ်ဘိုင်ဖိုကယ် ပါဝါမျက်မှန်အောက်မှ
မျက်လုံးအစုံသည် အရွယ်နှင့် မလိုက်အောင် လက်ခနဲ နုပျိုသွားတော့သည်။
တံခါးဝတွင် ခဏလေးရပ်ကာ ဂီတသံကို
နားစွင့်ပြီးနောက် တံခါးကို ကိုယ်လုံးဖြင့် အသာအယာဖိတွန်းပိတ်ခဲ့ပြီး
ခန်းလုံးပြည့် ခင်းထားသော ကြက်သွေးရင့်ရောင် ကော်ဇောပေါ် တစ်လှမ်းချင်းလှမ်းကာ နံရံခြေတွင်ရှိ
ဆိုဖာပေါ် ကိုယ်တစ်ခြမ်းမြုပ်လုအောင် တစောင်းထိုင်လိုက်ပြီး ဂီတသံကို ကျကျနန
နားထောင်နေတော့၏။
အခန်းထောင့် ကွန်ပျူတာရှေ့ရှိ
စတီးလ်ဆုံလည်ကုလားထိုင်တွင် ခပ်လျော့လျော့ထိုင်ရင်း ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ
အမှတ်အသားလေးများကို လက်ထဲရှိမောက်ကလေး အထိန်းအကွပ်ကြောင့် လှုပ်ရှားနေသော
မြားတံကလေးဖြင့် လိုသလို ဖွင့်ပိတ်ကာ ပေါ်လာသော ဂီတသင်္ကေတအချို့အား
ပြန်လည်စစ်ဆေးနေသော လူငယ်ကလေးတစ်ဦးကမူ အခန်းတွင်းသို့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်
ဝင်လာမှုအပေါ် သတိထားမိပုံ မပေါ်ပါချေ။ လူငယ်ကလေးက စိမ်းရင့်ရောင် Oliven ရှပ်ကို ဝတ်ထားသည်။
အောက်နားတွင် ကြိုးရှုံ့တပ်ထားသည့် Hooch အမှတ်တံဆိပ် Long
Shorts ကို
ဝတ်ထား၏။ အရောင်က ကာကီရောင်။ လူငယ်ကလေး၏လက်က ကွန်ပျူတာကီးဘုတ်ပေါ်ရှိ
ခလုတ်တချို့အား ဖိနှိပ်တို့ထိအပြီးမှာ တီးလုံးဂီတသံသည် ထပ်မံပြီး တစ်ကျော့
ပြန်ထွက်ပေါ် လာပြန်သည်။
'ဖူးငုံဝေ
ပုရစ်တံချီ... ညီတယ်လေ တဝေဝေ လေပြေလေညင်း သွေးတော့... သင်းရနံ့ထုံပေ...
ရွက်သစ်လောင်းလို့... ဟောင်းရွက် ညှာကြွေ... ခါပေယော်မြန်းရွက်ကျင်...
ညိုလွင်မောင်းပြေပြေ...' တဲ့။
သည်အပိုဒ်၏ တီးလုံးဂီတသံလေးကို
ဆိုဖာပေါ် ထိုင်နေသည့် ပုဂ္ဂိုလ်ကြီးက ခေါင်းလေးငဲ့ကာ နားစိုက်သည်။ ထို့နောက်
ရုတ်ခနဲထကာ ကွန်ပျူတာဆီ အာရုံစိုက်နေသော လူငယ်လေးဆီ ထသွားပြီး အနားမှာ ရပ်လိုက်၏။
လူငယ်လေးက ကွန်ပျူတာဆီမှ အာရုံကို
ဖျတ်ခနဲပြောင်းကာ မော့ကြည့်သည်။
'သြော်... ဖေဖေ ရောက်နေပြီလား'ဟု အာမေဋိတ်သံပြု၏။ တစ်ဆက်တည်းပင် 'ဒီတစ်ပုဒ်လည်း
ပြီးတော့မယ် ဖေဖေ။ ပီယာနိုစကိုးလေးတွေ တချို့စိတ်တိုင်းမကျတာ ပြင်နေလို့'ဟု ပြော၏။
'နေ... နေပါဦးကွ။ အခုအသံက 'အိုးဘို' (Oboe)
အသံမဟုတ်လား'
ဟု ဖခင်ဖြစ်သူ အမေးမှာ...
'ဟုတ်တယ်၊ ညာသံကလယ်ရီနက်နဲ့
ညာသံတယော အမြူးလေးတွေမှာ တချို့လယ်ရီနက် နေရာတွေကို အိုးဘိုနဲ့ အစားထိုးကြည့်နေတာ
ပိုလှမလား လို့'ဟု သားက ဖြေ၏။
'အေး... အိုးဘိုသံက
ပိုနုတာပေါ့ကွာ။ ရွက်သစ်ပုရစ် ဖူးလေးတွေ မဝေခင် ယော်ရွက်ဟောင်းလေးတွေ တဖွဲဖွဲ ကြွေတာဆိုတော့
ကလယ်ရီနက်တုန်းထက် အိုးဘိုတုန်းက ပိုညက်တာပေါ့။ တို့တုန်းက အိုးဘိုက ရှားလည်းရှား၊
ဒီတူရိယာကို တီးမှုတ်နိုင်သူကလည်း မရှိသလောက်ဆိုတော့ ထရမ်းပက်ကို မြု (Mute)
တပ်ပြီးမှ အိုးဘိုသံထွက်အောင် မှုတ်ရတာကွ'
ဖခင်သည် စကားကို ခေတ္တရပ်ပြီး
သက်ပြင်းတစ်ချက် လေးလေးပင်ပင် ချလိုက်သည်။ ထို့နောက် တူရူနံရံရှိ တပ်ချင်းကြေးတံဆိပ်ကြီးဆီ
လှမ်းကြည့်သည်။ ဒီတစ်ခါအကြည့်ကတော့ ရွှေကိုင်းမျက်မှန်အောက်ရှိ မျက်လုံးအစုံမှာ
တက်ကြွမှု မရှိဘဲ ရီဝေငေးမောနေသယောင်။ ပြီးမှ သူ့စကားကို ဆက်သည်။
'မာစတာက
တိမ်လွှာမို့မို့လွင်မှာ ကြိုးတပ်တူရိယာတွေ၊ လေမှုတ်တူရိယာတွေ၊
ခေါက်ရိုက်တူရိယာတွေ မြိုင်မြိုင်သုံးပြီး ဆင်ဖိုနီပုံစံ တီးကြည့်ချင်တာ။
ဗိုင်အိုလင်တွေ၊ ချယ်လိုတွေ၊ ဒယ်ဘယ်ဗေ့တယောကြီးတွေ၊ လေမှုတ်မှာ အိုးဘိုကို
ထပ်တိုးချင်တာ။ ဒါပေမယ့် အိုးဘိုမရှိတော့ ကိုအေးဖေကြီးကိုပဲ ထရမ်းပက်ကို
မြုတပ်ပြီး အိုးဘိုသံထွက်အောင် မှုတ်ခိုင်းရတာကွ။ ဒယ်ဘယ်ဘေ့စ်တယောကြီးတီးတဲ့
ကိုကျင်စိန်များ တယောကြီးနဲ့ ပတ်မချက် ဒိုးချက်သံထွက်အောင် လက်တွေပေါက်ပြဲတဲ့အထိ
ကျင့်ခဲ့ရတာ။ အဲဒီတုန်းက ဗိုင်အိုလာက အသစ်အဆန်းဖြစ်နေသေးတော့ အတော်လေ့ကျင့် ခဲ့ရသေးတယ်။
ချယ်လိုကြီးကို ကိုမြသောင်းက ထိုးတာကွ။ ဒီသီချင်း အသွားက အရင်ကတည်းက 'ဝါကျွတ်ပွဲတော်တို့'၊ 'ကြည်အေးမြတဲ့
ရေစင်'တို့ဆိုပြီး ရှိခဲ့တော့ မကြာခဏ တီးမှုတ်ပြီး
ကျေညက်နေတဲ့အသွားမှာ ပြာရီမှိုင်းကာမို့မို့ဆိုတဲ့ စာသားအသစ်ထည့်ပြီး
ဝိုင်းဖွဲ့ပုံစံအသစ်နဲ့ မာစတာက ပြခဲ့ချင်တာလေ' ဖခင်သည် 'မာစတာက ပြခဲ့ချင်တာလေ' ဟူသော စကားလုံးတွေမှာ
နစ်ဝင်ဆို့နစ်သွားသဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှူပြီး နားလိုက်၏။ အတန်ကြာသည်အထိ
စကားသံဆက်ထွက်မလာ။ ထိုအခါ သားသည် လက်ထဲမှ မောက်ကလေးကို ဖွဖွလေးလွှတ်ပြီး
ဆုံလည်ကုလားထိုင်အား ဖြည်းညင်းစွာလှည့်သည်။ ဖခင်နှင့် မျက်နှာချင်းဆိုင်
အနေအထားရောက်တော့ မျက်တောင်မခတ် ငေးစိုက်နေသည့် ဖခင်မျက်နှာအား မော့ကြည့်ရင်း...
'ဖေဖေ၊ အခု ကျွန်တော်
စစ်ကိုင်းတောင်သီချင်းကို ပီယာနိုရယ်၊ တယောအုပ်စုရယ်၊ ကလယ်ရီနက်၊ အိုးဘို၊
ထရမ်းပက်၊ တင်နာ၊ ဆိုက်ဆိုအပြင် ထရမ်ဘုံးသံတွေပါ ထည့်ပြီး သံစုံဆင်ဖိုနီပုံစံ
ကွန်ပျူတာနဲ့ တီးကြည့်ထားတာ အကြမ်းတော့ပြီးပြီ အဖေ။ အသံအင်အား ထပ်ဖြည့်ဖို့တော့
လိုသေးတယ်။ နားထောင်ကြည့်ပြီး လိုတာပြောနော်။ ကြိုက်သလို ပြင်လို့ရတယ်'ဟု ကတက်သရောပြောပြီး ကွန်ပျူတာဆီ မျက်နှာမူပြန်သည်။
ဖခင်က အတန်ကြာမှ ဖျတ်ခနဲသတိရကာ
ကမန်းကတန်း ခေါင်းညိတ်သည်။ ကွန်ပျူတာဆီမှ ပီယာနိုအတောနှင့် အတူ
တယောအုပ်စုဝိုင်းဖွဲ့သံများ ပြေးဝင်လာကာ ကလယ်ရီနက် အလူးအလိမ့်၊ အိုးဘိုအဝင်အထွက်၊
ထရမ်းပက်အဆော့ အမြူး၊ တင်နာဆိုက်ဆိုတို့ အပြန်အလှန်ထရမ်းဘုံး၏ အခြိမ်းအခြောက်
အသံများဖြင့် တေးသွားတစ်ခု မြိုင်မြိုင်ကြီး ပေါ်လာတော့၏။
ကွန်ပျူတာကိုင်နေသော
သားဖြစ်သူထိုင်နေသည့် စတီးလ်ဆုံလည်ကုလားထိုင်ကျောမှီကို ကိုင်ထားသည့် ဖခင်၏ လက်သည်
တေးသွားအတိုင်း စည်းချက်လေးများ လိုက်နေသည်။ ဆန်းသစ်သော တေးသွားတွင်နစ်ဝင်ရင်း
ရွှေကိုင်းမျက်မှန်အောက်မှ မျက်ဝန်းအစုံသည် တေးသွားတွင် နစ်ဝင်ရင်း ရွှေကိုင်းမျက်မှန်အောက်မှ
မျက်ဝန်းအစုံသည်လည်း ထိုခဏအတွင်းမှာပင် အကြည့်သေအဖြစ် ရပ်တန့်သွား၏။ အမြင်အာရုံမှာ
မလှုပ်မရှားငြိမ်သက်စွာဖြင့် ပုံရိပ်ထင်နေသည်က နံရံပြက္ခဒိန်ဆီမှ မြင်ကွင်းကျယ်
စစ်ကိုင်းတောင်။
သို့သော် အတွေးအာရုံတွင်
ထင်ဟပ်လာသည့်ပုံရိပ်ကမူ အဝေးရိုက်တယ်လီမှန်ဘီလူးမှတစ်ဆင့် လိုအပ်သည့် နေရာကို
ချဲ့ယူလိုက်သလို ကြီးမားထင်ရှားပြတ်သားလာတော့၏။ အစကတော့ ခပ်ဝါးဝါး
နောက်တော့တဖြည်းဖြည်း ကြည်လင်လာသည်။ အတွေးပုံရိပ်သည် စစ်ကိုင်းတောင်၏
နေရာအချို့အား ပုံကြီးချဲ့မြင်တွေ့လာခြင်းနှင့်အတူ နံရံကပ် ပလတ်စတစ်
ပိတောက်ပန်းခိုင်သည်ပင်လျှင် ဖြည်းဖြည်းချင်း အသက်ဝင်လာကာ နွေဦးလေပြည်တွင်
ယိမ်းနွဲ့နွဲ့ လှုပ်ရှားလာတော့၏။
'ရောက်ကြဖူးသလား...
ဇေယျာရွှေမြေ
မြစ်ရေခွေဝန်းလျှမ်း... ရှုစမ်းဖြာဝေ
စစ်ကိုင်းတောင်ခြေ... အရောက်သွား...
တရားရှာဖွေ
ဗုဒ္ဓဘာသာမြန်မာတွေ... အတာကူးတဲ့
နှစ်ဦးဂိမှန်နွေ'
ဟူသော တီးလုံးအပိုဒ်တွင်ပင်
ပြက္ခဒိန်ပေါ်မှ ဂဏန်းများသည် တဖျတ်ဖျတ် နောက်ပြန်ဆုတ်သွားသည်။
၁၉၉၅၊ ၁၉၉ဝ၊ ၁၉၈၅၊ ၁၉၇၇၊ ...
စတီးလ်စုံလည် ကုလားထိုင် နောက်ကျောကို
လှမ်းကိုင်ထားရင်း တေးသွားအလိုက် စည်းချက်လိုက်နေသော လက်သည်သွယ်လျသော်လည်း ဇရာ၏
အရေးအကြောင်းများက အထင်အရှားရှိနေ၏။ စည်းချက်အတိုင်း လက်အလှုပ် အရှားတွင် လက်သူကြွယ်မှ
မိုးကုတ်ကျောက်နီ လက်စွပ်အရောင်က ဖျတ်ခနဲ မျက်စပစ်လိုက်သည်။
'ကံ့ကော်ဝတ်မှုံသင်းတဲ့ရဂုံ...စုံတောမြေ
သိင်္ဂီပွင့်ချပ်...
ရင်ခတ်သရဖီကြိုင်လို့မွှေ
ဖူးငုံဝေ ပုရစ်တံစီ ညီတယ်လေ တဝေတဝေ' တဲ့။
တေးသွားတွင် သက္ကရာဇ်များကား
တဖျတ်ဖျတ်ပြောင်းဆဲ။ အရေတွန့်နေသော လက်၏ စည်းချက်လိုက်မှု အလှုပ်အရှားမှာလည်း
လက်သူကြွယ်၏ လက်စွပ်မိုးကုတ်ကျောက်နီ ရဲရဲကလည်း ဝင်းလက်လျှပ်ပြက်။
နံရံဆီမှ ပိတောက်ခက်များကလည်း
ယိမ်းထိုး။
စန္ဒရားခုံပေါ် ကြွေပန်းအိုးထဲရှိ နှင်းဆီပွင့်မျာကလည်း
ယောက်ယက်ခတ်သွား။
အဝါနှင့်အနီရောင်များ ပဋိပက္ခ။
ပိတောက်ခက်များသည်
တဖြည်းဖြည်းဝါးသွား... ပိတောက်ဝါနှင့် နှင်းဆီနီများကြားမှ အလင်းတန်းသည် အဖြူရောင်
တရုတ်စကားပွင့် အသွင်ပြောင်းသွား...။
၁၉၄၅ ဆီ...။
□
အခန်း (၁)
လေပြေလေညင်းသွေးတော့
အစိမ်းရင့်ရွက်များကြားမှာ
တရုတ်စံကားပွင့်ဖြူများ ဖွေးဖွေးပွင့်နေ၏။ တစ်ပွင့်နှစ်ပွင့်က ကြွေကျနေသည်။
'ဖူးငုံဝေ ပုရစ်တံချီ ညီတယ်လေ
တဝေဝေ...
လေပြေလေညင်းသွေးတော့ သင်းရနံ့ထုံပေ
ရွက်သစ်လောင်းလို့ ဟောင်းရွက်ညှာကြွေခါပေ
ယော်မြန်းရွက်ကျင်ညိုလွင်မောင်းပြေပြေ'
မျှောတိုင်များပေါ် ပကာသားဆင့်ထိုးကာ
လျှော်ဖြင့်တည်းထားပြီး ဝါးခြမ်းကြမ်းခင်းထားသော ကွပ်ပျစ်အစွန်းအား
နုနယ်သွယ်ဖြောင့်သော လက်က စည်းလိုက်လျက်ရှိသည်။ လက်သူကြွယ်မှာ ရွှေကွပ်ထားသည့်
မိုးကုတ်ကျောက် နီရဲရဲလက်စွပ်တစ်ကွင်း စွပ်ထား၏။ တောက်တောက်ခါးခါး ပီပီသသ
ကွက်စိပ်ဘင်ဂျိုလက်သံတွင် သီချင်းသွားကိုလည်း သုံးလေးဦး အသံဖြင့် လိုက်ဆိုနေကြသည်။
ကွပ်ပျစ်လေးအပေါ် ဆီးမိုးထားသော တရုတ်စံကားဝါပင်ကြီးဆီမှ ပွင့်တချို့ ကြွေကျလာပြန်သည်။
နွေဦးပေါက် တောင်လေရူးမှာ တရုတ်စံကားပင် ကိုင်းပျိုတစ်ခု ယိမ်းနွဲ့နေ၏။
ဝါးကွပ်ပျစ်ပေါ် အားပါတရ
တင်ပျဉ်ခွေထိုင်ပြီး ဘင်ဂျိုကို ကျွမ်းကျင်စွာတီးခတ်နေသူမှာ အသက် ၃ဝခန့်
အရွယ်ရှိပြီး ကွပ်ပျစ်လေးပေါ် တင်ပါးလွှဲထိုင်ကာ ဆေးပေါ့လိပ်ကလေး
လက်ကြားညှပ်ထားသူကတော့ အသက် ၃၇နှစ်ခန့် ရှိပေမည်။ သူက မျက်နှာသွယ်သွယ်၊
အသားဖြူဖြူ၊ အရေပါးပါး၊ ပခုံးကျယ်ကျယ်၊ ထိုင်နေပုံက ခါးအနည်းငယ်ကိုင်း၏။
နဖူးကျယ်ကျယ် ဆံတံခွန်ရှိ၍ ဆံပင်က ပျော့ပျောင်းသည်။ ခပ်ဝေးဝေးဆီ အကြည့်ရောက်
နေပုံရသော်လည်း သူ့မျက်လုံးက စူးရှသည်။ အဝတ်အစားကလည်း သပ်သပ်ရပ်ရပ်၊ မီးခိုးရင့်
တိုက်ပုံအင်္ကျီကိုလည်း ဝတ်ဆင်ထား၏။ ကွပ်ပျစ်ပေါ် ထိုင်ရင်း
တရုတ်စံကားပင်အခြေကိုမီကာ တယောထိုးနေသူက အသက် ၃၅နှစ် လောက်ရှိမည်။ လူပုံကတော့
ပွဲစားကြေးရတတ်ပုံ။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး၊ အသားအရေက အညိုဘက်လုသည်။
ခေါင်းတုံးဆံတောက်နှင့် နှာတံပေါ်ပေါ်။ သီချင်းကို လိုက်ဆိုရင်း ဝါးကွပ်ပျစ်ပေါ်
လက်ဖြင့် စည်းလိုက်နေသူက အရပ်အမောင်း မနိမ့်မမြင့်၊ ခပ်ပါးပါး ကိုယ်ဟန်နေထား၊ ထူးခြားသည်က
စည်းလိုက်နေသည့် သူ့လက်ချောင်းများက သွယ်ရှည် နုဖတ်နေသည်။ ဦးခေါင်းနှင့်
မျက်နှာကျပုံက ဘဲဥပုံနီးနီး။ မျက်လုံးမျက်ဖန် ကောင်းသည်။ ပြတ်သားတိရိသော
နှုတ်ခမ်းများရှိ၏။ နက်မှောင်သော ဆံပင်ကို ပိနေအောင် ဖြီးသင်ထားသည်။ အသက်ဘာ
ရှိဦးမှာလဲ။ ၃ဝနီးပါးပေါ့။ ထိုသူနှင့် ကပ်ပြီး ဝါးကွပ်ပျစ်ပေါ် ကျုံ့ကျုံ့လေး
ဒူးတုပ်ထိုင်နေတာ မိန်းမပျိုကလေးတစ်ဦး ဖြစ်သည်။ လည်ထောင်တပ် ချည်ချောရင်ဖုံး အင်္ကျီလေး
ဝတ်ထားသည်။ ရင်ဖုံးကြယ်စေ့နေရာ၌ အဝတ်ပန်း ကြယ်သီးလေးတွေ ထိုးထား၏။ လက်က စက။
ဆံပင်ကို နှစ်ဖက်ခွဲကာ ဆံကျစ်စည်းထားသည်။ ကျောလယ်မှတစ်ဆင့် တင်ပါးဆီဆင်းကာ
ကွပ်ပျစ်လေးပေါ်ထိ မပုံ့တပုံကျအောင် ရှည်လျားသည့် ဆံကျစ်လေးတွေကို ဖဲကြိုးအနီလေး
စည်းထားသည်။ ထဘီက နက်ပြာခံတွင် ဘော်လုံးဖြူပြောက်လေးတွေ ကြဲထားသည့် တူတယ်
လုံချည်အသားက ဖွေးသည့်ဘက်လုသည်ဟု ဆိုရမည်။ ထူးတာက စိုဝင်းနေသော အသားအရေဖြစ်၏။
ဆံပင်ကို တစ်စမကျန် တင်းရင်းစွာ စုစည်းထားသဖြင့် ထင်းနေအောင် မဟာနဖူးနှင့်
ကျဉ်းသည်ဟု မဆိုသာသော်လည်း ခပ်လျားလျားမျက်ဝန်း။ ထူထဲနက် မှောင်မျက်ခုံးမွေးနှင့်
ဝင်းသော နှာတံ။ ခပ်ပါးပါးအပေါ် နှုတ်ခမ်းနှင့် ခပ်ဖူးဖူးအောက်နှုတ်ခမ်း။
ကိုယ်လုံးကိုယ်ထည်က သွယ်လျသည်။ လူနေဟန်ထားက ကျော့ရှင်းသည်။
ကွပ်ပျစ်အခြေ မြေပြင်မှာ
ပိန်းတန်းယောကျ်ားစီး ဖိနပ်များနှင့်အတူ ကတ္တီပါသဲကြိုးသေးတပ် သားရေမိန်းမစီး
ဖိနပ်လေးတစ်ရံ ညီညာစွာ စုံချချွတ်ထား၏။ သည်ဝိုင်းမှာ တစ်ဦးတည်းပါရှိနေသော
မိန်းမပျိုလေးက ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်ရင်း ပေါင်ပေါ်လက်ကလေးနှစ်ဖက် ယှက်တင်ကာ
ခပ်ဖွဖွလေး စည်းလိုက်နေ၏။ ထို့အတူ သီချင်းသွားကို ခပ်တိုးတိုး လိုက်ဆိုသည်။ သူမ၏
သွယ်စင်းသော ညာလက်သူကြွယ်တွင်လည်း ကျောက်နီလက်စွပ်လေး တစ်ကွင်း။ ဘင်ဂျိုနှင့်တယော
ပြိုင်တူတီးခတ်နေသော တေးသွားက သံပြိုင်အပိုဒ် ပြန်ကျော့သည်။ လိုက်၍သီဆိုသူတွေ
အသံရှိန်မြှင့်လိုက်သည်။
'ရောက်ကြဖူးသလား ဇေယျာရွှေမြေ
မြစ်ရေခွေဝန်းလျှမ်း ရှုစမ်းဖြာဝေ
စစ်ကိုင်းတောင်ခြေ အရောက်သွား
တရးရှာဖွေ
ဗုဒ္ဓဘာသာမြန်မာတွေ အတာကူးတဲ့
နှစ်ဦးဂိမှာန်နွေ'တဲ့။
ဘင်ဂျိုနှင့်တယောက တျာတေတျော
သတ်လိုက်၏။ သီချင်းလိုက်ဆိုသည့် လူငယ်က ကပ်ထိုင်နေသည့် မိန်းမပျိုလေးလက်ကို
ဆုပ်ကိုင်လိုက်ပြီး ခပ်ယဲ့ယဲ့လေး ပြုံးပြသည်။ တယောဆရာက ဝါးကွပ်ပျစ်ပေါ်
တယောအသာချပြီး သစ်ပင်အားမီနေရာမှ ကျောဆန့်သည်။ ဘင်ဂျိုဆရာလေးက သီချင်းဆုံးသွားသော်လည်း ဘင်ဂျိုကို မချသေးဘဲ
တေးသွားတစ်မျိုးအား တို့ထိစမ်းနေပြန်သည်။ တိုက်ပုံအင်္ကျီနှင့် ပုဂ္ဂိုလ်ကမူ
မီးသေနေသော ဆေးပေါ့လိပ်တိုကို လက်ကြားညှပ်လျက်ကပင် ငေးရီနေဆဲ။ ခဏနေတော့
ဆေးပေါ့လိပ်ကို ဖွာသည်။ တစ်ချက်နှစ်ချက် ရှိုက်ဖွာသော်လည်း မီးသေနေသဖြင့်
သွားနှင့်ကိုက်ထားကာ တိုက်ပုံအင်္ကျီအိတ်ထဲ လက်နှိုက်ပြီး မီးခြစ်ရှာသည်။ ခဏနေတော့
လက်ထဲမှာ 'ရိုကိုစင်'ဓာတ်မီး ခြစ်လေးပါလာပြီး နှုတ်ခမ်းမှာ
သွားနှင့်ကိုက်ထားသည့် ဆေးပေါ့လိပ်တိုကို မီးညှိ၏။ မီးက ငြိမ်းသွားသည်။ ဆေးလိပ်မှာ
မစွဲ။ လေက တစ်ချက်နှစ်ချက် ဝှေ့ရမ်းသည်။ တရုတ်စံကား ကိုင်းတချို့ ဝရုန်းသုန်းကား။
တရုတ်စံကား ပွင့်လေးတချို့ ကြွေကျသွားပြန်၏။ တချို့ ကွပ်ပျစ်ပေါ်၊ တချို့
မြေပြင်ပေါ်။
ဝါးကွပ်ပျစ်လေးနှင့် အလှမ်းမကမ်းမှာက
တစ်ဖက်ရပ်တဲကလေး တစ်လုံးရှိပြီး ထန်းရွက်ဟောင်းတွေကို ဖြစ်သလို မိုးထား၏။
တဲတိုင်ခြေအနီး ဖိုခနောက်ဆိုင် ထင်းမီးဖိုမှာ မီးခိုးမှိုင်းဝ၍ မည်းနေသော
ရေနွေးကရားဟောင်းကြီးတစ်လုံး အငွေ့ချောင်းချောင်းထနေသည်။ သည်ကရားနှင့် ယှဉ်လျက်
အနည်းငယ် ငယ်သော်ငြား မီးခိုးမှိုင်းဝ မည်းချိပ်နေပုံက ဘယ်သူ့ ဘယ်သူမှ
အသာစီးပေးပုံမရသည့် အခြားကရားတစ်လုံးကလည်း အငွေ့တလူလူ။ ရရာအသားဟောင်းလေးတွေနှင့်ဖြစ်သလို
ရိုက်ထားသည့် စားပွဲလေး တစ်လုံးက မီးဖိုတွေနားရှိသည်။ စားပွဲပေါ်မှာ
နှုတ်ခမ်းပဲ့နေသည့် လက်ဖက်ရည် ပန်းကန်တွေရှိသည်။ ဒန်အိုးတစ်လုံးထဲမှာ
နို့ဆီတွေရှိသည်။ ခါတော်မီ မုန့်ထုပ်တွေရှိသည်။ တဲကလေးအောက်မှာ စားအပွဲရှည် အဟောင်းတစ်လုံးလည်းရှိ၏။
စားပွဲ တစ်ဖက်တစ်ချက်မှာ ရသေ့ကျောင်းခေါ် ခုံရှည်ကြီးနှစ်လုံးချထားသည်။
ခုံရှည်ပေါ်တွင် တဘက်ခေါင်းပေါင်းနှင့် ရွာသားကြီးသုံးလေးဦးက
ရေနွေးကရားတစ်လုံးနှင့် ဝိုင်းဖွဲ့နေ၏။ ထို့အတူ လက်ဖက်ရည်ဆိုင်လေးနှင့် မလှမ်း
မကမ်းမှာ မြင်းလှည်းနှစ်စီးရပ်ထားပြီး မြင်းလှည်းဆရာများ လက်ဖက်ရည်သောက်နေကြသည်။
လက်ဖက်ရည်ဖျော်သည့် စားပွဲမှာက
ခပ်ဝဝအမျိုးသမီးတစ်ဦးက လက်ဖက်ရည်ဖျော်ပေးနေ၏။
'အင်္ဂလိပ်စစ်တပ်က
စည်သွပ်ဘူးတွေနဲ့ ကုလားမခြင်းတောင်းဆွဲ နို့ဆီဗူးတွေအများကြီး
ထားပစ်ခဲ့တယ်ဆိုပေမယ့် ဘယ်သူတွေများ ရကုန်တယ် မသိပါဘူး။ အခု ဒီမှာတော့
ချက်နို့ဆီပဲ အားကိုးရတုန်း သကြားကလည်း ဈေးတက်လိုက်တာ တစ်ပိဿာ ၂ကျပ် ၄ပဲကနေ အခု
၃ကျပ်တဲ့။ ခါတော်မုန့်ပဲ ကြည့်ပါဦး၊ အရင်က ၂ပဲ၊ အခု ၅ပဲတဲ့။ လက်ဖက်ရည် တစ်ခွက်လည်း
၁မူးရောင်းမှ ကိုက်တော့မှာ'ဟု ညည်းတွားနေသည်။
လက်ဖက်ရည်သောက်နေသူ တောသားကြီးတစ်ဦးက
'ယူဗျာ။ ယူဗျာ။ တက်သာယူ...
ကျုပ်တို့အရင်က လက်ဖက်ရည်တွေ ကာဖီရည်တွေ မသိပါဘူး။ ထမင်းကြမ်းနဲ့ပြီးကြရတာ၊
ခင်ဗျားတို့မြို့က လူတွေ စစ်ကိုင်းတောင်ရိုးပေါ် ရောက်လာမှ ကျုပ်တို့လည်း
ပါးစပ်အကျင့် ပျက်ကုန်ပါပြီဗျာ'ဟု တဟားဟားရယ်ရင်း
လှမ်းပြောလိုက်သည်။ ပြီးတော့ အိတ်ထောင်ထဲက ပိုက်ဆံထုတ်ပေး၏။ လက်ဖက်ရည်ဖျော်ခုံမှ
အမျိုးသမီးက ဝါးကွပ်ပျစ်ပေါ်ရှိ လူစုအားလှမ်းပြီး...
'ကိုရင်လေး...ရေ၊ အနုတ်ကလေး
လာအမ်းပါဦး'ဟု လှမ်းပြောလိုက်သည်။
တရုတ်စကားပင်အား ကျောမှီရာမှ
ခါးဆန့်နေသော တယောဆရာ ကိုရင်လေးသည် ဝါးကွပ်ပျစ်ပေါ်မှ ဆင်းရင်း အင်္ကျီအိတ်ထောင်ထဲနှိုက်ကာ
ပါးစပ်မှလည်း
'ဟာ...အနုတ်ကလည်း ရှားပါ့ဗျာ၊
တစ်နေ့တစ်နေ့ ဒီအနုတ်နဲ့ကို ပြဿနာပဲ'ဟု ညည်းတွား၏။
ဘင်ဂျိုဆရာကမူ တေးသွား တစ်ပိုင်းတစ်စ
တို့ထိကစားနေဆဲ။ ဘင်ဂျို ကြိုးများပေါ်တေးတစ်စ စမ်းနေရင်းမှ လူရွယ်နှင့်
မိန်မပျိုဘက်လှမ်းပြီး 'ကိုသောင်းဉာဏ်နဲ့ မေဦးတို့ ချောင်ပြန်ကျတော့မှာလား'ဟု
လှမ်းမေ၏။ လူရွယ်က မိန်းမပျိုလေးလက်ကို ဆုပ်ကိုင်ထားရာမှ ဆေးလိပ်မီးညှိဖို့
ကြိုးစားနေသော တိုက်ပုံအင်္ကျီနှင့် ပုဂ္ဂိုလ်ဆီလှမ်းကြည့်သည်။ ထို့နောက်
'မာစတာက မဃချောင်၊
ကျွန်တော်တို့က မင်းကျောင်းဆိုတော့ မာစတာနဲ့မှ အတူပြန်မလားလို့'ဟု အပွင့်တပွင့် ပြောသည်။ ဆေးလိပ်မီးညှိမရသဖြင့် ဆေးပေါ့လိပ်လေးပါးစပ်မှ
ချွတ်ကာ လက်ကြား ပြန်ညှပ်ရင်းတိုက်ပုံအင်္ကျီနှင့် ပုဂ္ဂိုလ်က 'မောင်သောင်းဉာဏ်တို့ ပြန်ချင်လည်း မောင်သာဦးနဲ့ ပြန်နှင့်လေ' ဟု ဘင်ဂျိုဆရာဆီ လှမ်းကြည့်ရင်း ပြော၏။ 'ကျုပ်က
ကိုလှဒင်ကို စောင့်လိုက်ဦးမယ်။ သီတင်းပလင်း လေးနားစွင့်ချင်သေလို့'ဟု ခပ်တိုးတိုးဆိုသည်။
ထိုအခါ လူရွယ်က ဖျပ်ခနဲကိုယ်ဟန်မတ်ကာ 'ဟာ...
ဟုတ်တာပေါ့... ကိုကြီးဘဒင် ဒီနေ့ပြန်လာမှာပဲ၊ မန္တလေးသတင်းတွေ သိရမှာ၊
မေဦးရေ...ကိုကိုတို့စောင့်ကြဦးစို့နော်'ဟု
မိန်းမပျိုဘက်လှည့်ရင်း ပြောသည်။ မိန်းမပျိုကလည်း...
'စောင့်ရမှာပေါ့ ကိုကိုရယ်၊
မေဦးလည်း မန္တလေးကို သတိရလှပြီ၊ မေဦးတို့ ဥပုသ်နေ့တိုင်းသွားနေကျ သုဓမ္မာ
ဇရပ်တော်ကြီးနဲ့ ပဋ္ဌာန်းဟောရွှေသိမ်တော်ကြီး မီးသင့်သွားပြီလို့ ကြားကတည်းက
ဘာပဲဖြစ်ဖြစ်...၊ အသက်သေချင် သေပစေ မန္တလေးကို ပြန်ချင်လိုက်တာ'ဟု ပြောသည်။
ဘင်ဂျိုကြီး တကိုင်ကိုင်နှင့်
လက်မှမချနိုင်ဖြစ်နေသော ကိုသာဦးကလည်း သက်ပြင်းကို မျှဉ်းမျှဉ်းချပြီး 'အင်း...
တပို့တွဲလဆန်း ၁ရက်နေ့က စံကျောင်းတော်ကြီးမီးသင့်ခဲ့သတဲ့။ ပြီးတော့
တပေါင်းလကွယ်နေ့က စလင်းတိုက်ကြီး မီးလောင်ပြန်ပြီ။ ဟော...တန်ခူးလဆန်း ၃ရက်နေ့က
အရှေ့ပြင်တိုက်တော်ကျောင်းကြီး ပြာကျသွားပြန်ပြီ'ဟု
ခပ်လေးလေးပြောသည်။
တိုက်ပုံအင်္ကျီနှင့်် ပုဂ္ဂိုလ်က
စူးစိုက်ငေးရီရာမှ 'ရွှေနန်းတော်ကြီးလည်း မရှိတော့ဘူးတဲ့'ဟူသော
မပွင့်တပွင့် စကားသံမှာတော့ အားလုံးသည် ပါးစပ်အဟောင်းသား အံ့အားတသင့် ဖြစ်ကုန်ကြ၏။
မိန်းမပျိုလေး မေမေဦးက လူရွယ်မောင်သောင်းဉာဏ်၏ လက်ကို
တင်းတင်းဖျစ်ညှစ်လိုက်သည်။ ကိုသားဦက ဘင်ဂျိုကိုချလိုက်ပြီး ခေါင်းထောင် သွား၏။
လက်ဖက်ရည်ဖိုးပိုက်ဆံအမ်းရာမှ ကွပ်ပျစ်ဆီပြန်လာသော ကိုရင်လေးက
မသဲမကွဲကြားလိုက်ရသောသတင်းကို
'ဘာတဲ့လဲ ကိုညိမ်း၊ ဘာတဲ့လဲ'ဟု အလောတကြီး စူးစမ်းသည်။ လေက အတန်ငယ်ငြိမ်သက်သွားသည်။ ထို့အတူ
ဝါးကွပ်ပျစ်လေးပေါ်က လူစု၏ အသံကလည်း ချောက်ချားဖွယ် ငြိမ်သက်သွား၏။ ကိုငြိမ်းက
လက်ကြားမှ ဆေးပေါ့လိပ်တိုကို ပါးစပ်ပြန်တပ်သည်။ လက်တစ်ဖက်က ကိုင်ထားဆဲ မီးခြစ်ကို
မီးထပ်ခြစ်သည်။ တစ်ချက် နှစ်ချက်ခြစ်ရုံမျှ မီးတောက်လာပြီး ဆေးပေါ့လိပ်ကို
မီးကူးသည်။ ပါးရိုးကျ ခပ်ပိန်ပိန်ပါးနှစ်ဖက်သည် ခပ်ပြင်းပြင်းရှိုက်လေကြောင့်
ပိန်လိုက်ဖောင်းလိုက်ဖြစ်ကာ မီးခိုးထသွားသည်။ ဆေးလိပ်ကို
တရှိုက်နှစ်ရှိုက်ဖွာပြီးမှ လက်ကြားပြန်ညှပ်ပြီး နှုတ်ခမ်းမှ ဖြုတ်၏။
'ဟုတ်တယ်။ တန်းခူးလဆန်း
၅ရက်နေ့ကပဲ ရွှေနန်းတော်ကြီး မီးလောင်ပြာကျသွားပြီလို့ ပိတောက်ချောင်က
ကိုယ်တော်လေး ညကမန္တလေးကပြန်လာလာချင်း လာပြောသွားတယ်'ဆိုတော့
အားလုံးမှာ စုတ်တသပ်သပ်နှင့် ခေါင်းရမ်းမိကြသည်။ သက်ပြင်းကိုယ်စီချမိကြသည်။
ဝါးကွပ်ပျစ်ဘေး မတ်တတ်ရပ်နေရင်း
ကိုရင်လေးက ခေါင်းတဆတ်ဆတ်ညိတ်ကာ 'အင်း..ကျုပ်တို့ ကြားနေတာက တိုက်တော်ရယ်၊
စလင်းတိုက်ရယ်၊ သုဓမ္မာဇရပ်နဲ့ ရွှေသိမ်တော်ကြီးတင် ကြားတာကိုး အခုတော့'ဟု ညည်း ညည်းငြူငြူဆိုသည်။
ထိုစဉ် တရုတ်စံကားပင်တန်းလေးတွေ
တစ်ဖက်တစ်ချက် အစီအရီပေါက်နေသော လမ်းလေးအတိုင်း မြင်းလှည်းတစ်စီး ကွေ့ကာဝင်လာပြီး
ချောင်ဆီအတက် အုတ်လှေကားထစ်ကြီးများအစ မုခ်ဦးမှာရပ်သည်။ မြင်းလှည်းဦးတွင်
သံဃာတော်တစ်ပါး သီတင်းသုံးလိုက်ပြီးနောက် လှည်းအိမ်ထဲတွင် ခုနစ်ယောက်က
ကျပ်ညှပ်ပြီး လိုက်ပါလာ၏။ မြင်းလှည်းအရပ်တွင် မြင်းလှည်းအိမ်တံခါးလေး ပွင့်လာကာ
အရပ်ပြတ်ပြတ်ခပ်သွက်သွက်
နှာတံပေါ်ပေါ်လူငယ်တစ်ဦး ဆင်းလာ၏။ ဖော့ဦးထုပ်တစ်လုံးဆောင်းပြီး လွယ်အိတ်တစ်လုံး
လွယ်ထားကာ ကမြစ်အင်္ကျီလက်ရှည်အဖြူကို လက်ခေါက်ဝတ်ထားသည်။ အကွက်ကျဲချည်ပုဆိုးကို
ခပ်တိုတို ဝတ်ထား၏။ မြင်းလှည်းပေါ်က ဆင်းလိုက်သည်နှင့် ဗိုက်ကလေးကို
လက်ဖြင့်ဖိနှိပ်ရင်း တကျွတ်ကျွတ် စုတ်သပ်သည်။
ဝါးကွပ်ပျစ်ဆီမှ လူစုက မြင်းလှည်းဆိုက်သည်နှင့်
မျှော်ကြည့်နေကြပြီး မြင်းလှည်းပေါ်မှ ဆင်းလာသူက ဗိုက်ကလေးနှိပ်တာမြင်သည်နှင့်
'ကိုကြီးဘဒင်လာပြီဟေ့'ဟု အသံထွက်သွားကြ၏။ ကိုငြိမ်းက...
'အင်း...ကိုဘဒင်လည်း
ခရီးရောက်မဆိုက် လေနာထပြန်ပြီထင်ပါရဲ့'ဟု ဆိုသည်။ ပြီးတော့
ဆေးလိပ်ကို ရှိုက်ဖွာ၏။
မြင်းလှည်းကလေးသည်
ကိုဘဒင်ဆင်းပြီးနောက် တဟဲ့ဟဲ့ ငေါက်သံနှင့်အတူ ခြူသံတလွင်လွင်ဖြင့်
လမ်းကလေးအတိုင်း ကွေ့ကာ ပေလမ်းပေါ်ဆင်းပြီး တောင်ခြေဆီ ဦးတည်၏။
'နိဗ္ဗန္ဒချောင်'ဟူသော စာတန်းနှင့် အုတ်မုခ်ဦးအောက်မှ အုတ်လှေကားထစ်ကြီးများအတိုင်း
ကိုဘဒင် ခပ်သွက်သွက် တက်လာသည်။ လက်ဖက်ရည်ဆိုင်ကလေးကို ကျော်ကာ တရုတ်စံကားပင်ခြေမှ
ဝါးကွပ်ပျစ်ဆီဦးတည်သည်။ ကိုသောင်းဉာဏ်နှင့် ခင်ခင်ဦးက
တစ်ဦးနှင့်တစ်ဦး ကပ်၍ ကျုံ့ကာနေရာပေးသည်။ လွတ်သွားသော ဝါးကွပ်ပျစ်နေရာမှာ
ကိုဘဒင်ဝင်ထိုင်သည်။ လွယ်အိတ်ထဲမှ မျက်နှာသုတ်ပဝါ လေးထုတ်ကာ မျက်နှာကို
ချွေးသုတ်သည်။ ဗိုက်ကိုရှပ်ပြီး တကျွတ်ကျွတ်စုပ်သပ်သေး၏။ ကိုရင်လေးက ကိုဘဒင်ကို
ကြည့်ပြီး...
'လေနာပြန်ပြီလာဗျ...အစာမရှိလို့
ထင်တယ်'ဟုဆိုကာ လက်ဖက်ရည်ဆိုင်ဘက်လှည့်ပြီး 'ဟေ့...ခါတော်မီ မုန့်လေးနဲ့ လက်ဖက်ရည်လုပ်ပါဦးကွယ်၊ ဒီမှာ
ကိုကြီးဒင်ဆာလာပြီကွ' ဟု လှမ်းအော်သည်။ ကိုဘဒင်က ဝါးကွပ်ပျစ်
ပေါ်ရှိသူများအား သိမ်းကျုံးကြည့်ရင်း
'ဟို ဆရာတွေကောဗျ'ဟု အမေးတွင် ကိုငြိမ်းက ကိုလှဒင်နဲ့ ကိုမောင်ကြီးက သရက်ပင်ဆိပ်သွားကြတယ်ဟု
ဖြေ၏။
ကိုသာဦးက ဘင်ဂျိုကို အသာဆွဲယူကာ
ရင်ဝယ်ပိုက်သည်။ ထို့နောက် ခါးကိုရှေ့ကိုင်းကာ ကိုဘဒင်အနားကပ်ပြီး.
'ရွှေနန်းတော်ကြီး
မရှိတော့ဘူးဆိုဗျ'ဟု ဆို့နစ်သောအသံဖြင့် မေးသည်။ ကိုဘဒင်က
ခေါင်းကိုဖြည်းလေးစွာ ညိတ်သည်။ ထို့နောက် တိုးညှင်းသောအသံဖြင့်
'မတ်လ ၂ဝရက်နေ့ကပဲ နန်းတွင်းက
ဂျပန်တပ်တွေ နောက်ဆုံးထွက်သွားတာတဲ့။ မြို့ရိုးတစ်ခုလုံးလည်း ဗုံးဒဏ်နဲ့
ရစရာမရှိတော့ဘူး။ ပြာသာဒ်တွေ အတော်များများလည်း မီးလောင်ကုန်ပြီ။ အောင်ပင်လယ်နဲ့
ရန်ကင်းတောင်ဘက်မှာ ဂျပန်တွေကို ဗိုလ်မှူးဗထူးက လိုက်တိုက်နေတယ်။ မတ်လ ၉ရက်နေ့ကဆိုရင်
ရန်ကင်းတောင်ခြေမှာ ဗိုလ်မှူးကို ဂျပန်တွေ မိသွားသတဲ့။ ဒါပေမယ့် ထိုးဖောက်ထွက်ပြီး
ဂျပန်အမြောက်တပ်ကို ဆော်လိုက်နိုင်သတဲ့ဗျ။ မြစ်ငယ်ဘက်မှာလည်း ဗိုလ်ရဲခေါင်တပ်က
ဂျပန်သံချပ်ကာ ၂စီးကို ဖျက်လိုက်သတဲ့။ ဘုရားကြီးဘက်မှာလည်း ဗိုလ်လှညွန့်နဲ့
တပ်ကြပ်ကြီး မင်းမောင်တို့အဖွဲ့က ဂျပန် ၃ဝဝနဲ့ ရင်ဆိုင်တွေ့ပါရောလား။ ဂျပန်
၁၅ယောက်ကို သတ်နိုင်ခဲ့တယ်တဲ့။ အင်း...တပ်ကြပ်ကြီး မင်းမောင် လည်း ကျသွားသတဲ့ဗျာ'
ကိုဘဒင်စကားအဆုံးမှာ အားလုံးက
စုတ်သပ်ကြသည်။ ကိုဘဒင်က သူ့စကားကိုဆက်သည်။ လက်ဖက်ရည်နှင့် မုန့်ရောက်လာတာပင်ကို
သတိရပုံ မပေါ်။
'ကျုပ်လည်း ဈေးချိုဘက်နဲ့
မြို့အရှေ့ခြမ်းတော့ မရောက်ခဲ့ဘူး။ ရွှေကြက်ယက်ဘက်ကနေ နေပူရွာဖြတ်ပြီး
ထင်းဝင်းမရန်းခြံကနေ မင်းတဲ အီကင်းဘက်က မြို့ထဲဝင်ရတာ။ စိန်ပန်းမဘော်လီခြံကလည်း
ဂျပန်လက်နက် စက်ရုံ ဖြစ်နေတာကိုဗျ။ ဂျပန်ကျောက်စက်ကလည်း စိန်ပန်းဘက်မှာပဲ။
မင်းတဲအီကင်းဘက်ကသိမ်တိုက်၊ လယ်ပြင်မြောက်တိုက်၊ တုတ်ထမ်းလေသာ တိုက်၊
ရွှေလှံတိုက်ပြီးတော့ တစ်ဆက်တည်းဗျာ၊ ဓမ္မာရာမတိုက်တို့၊ မင်္ဂလာရာမတိုက်တို့၊
ဘင်္ဂါလီတိုက်တို့ ကုန်သည်တော်တိုက်တို့ကလည်း ဂျပန်ဂိုဒေါင်တွေ၊ ဂျပန်အလုပ်ရုံတွေ
ဖြစ်ကုန်တာပဲဗျို့။ အခု ဒီကောင်တွေ ပြေးကုန်ကြတော့ လေသာတိုက်နဲ့
လယ်ပြင်မြောက်တိုက်မှာ လှည်းတွေအစီး ၂ဝဝဝလောက် ကျန်ရစ်ခဲ့တာကိုး။ အံမယ်...
ပညာဗလဆန်စက်ကြီးကလည်း ဂျပန် ငါးကြော်ရုံဖြစ်ခဲ့သဗျ။ ဒီလမ်းမြောက်ဘက်က ချစ်တီးဝင်းက
ဂျပန် ရုံးဝင်းတဲ့။ ချစ်တီးဘုရားကျောင်းက ဂျပန်ဆေးရုံတဲ့။ ကျုပ်လည်း မင်းတဲ
အီကင်းက ကိုအေးမောင်နဲ့တွေ့ခဲ့လို့ ကြားခဲ့ရတာ'
ကိုဘဒင်စကားအပြတ်မှာ ကိုငြိမ်းက
ဆေးပေါ့လိပ်လေး ကောက်ဖွာသည်။ မီးသေနေသောကြောင့် သူ့လက်စွဲ 'ရိုကိုစင်'
ဓာတ်မီးခြစ်လေးနှင့် ကောက်ညှိသည်။ တစ်ဖွာနှစ်ဖွာ ဖွာသည်။
ထို့ကြောင့် 'တစ်မြို့လုံးလည်း အပျက်အစီးချည်းနေမှာပေါ့နော်'ဟု မေး၏။ ကိုရင်လေးက လက်တို့လိုက်၍ လက်ဖက်ရည်နှင့်မုန့်ကို သတိရကာ
ကိုဘဒင်လည်း လက်ဖက်ရည်ပန်းကန်လုံးကို လှမ်းကိုင်လိုက်ရင်း...
'နေဦး ကိုငြိမ်း၊
ခင်ဗျာရေးခဲ့တဲ့ သီချင်းထဲကလိုဗျာ၊ ဘာတဲ့ (သံနေ သံထားဖြင့်) ရွှေနန်းထက်ပျော်...
တေဇောတော်လင်း... ဘုန်းတော် ရေမြေရှင်... ရှေးမြန်မာမင်းများရှိရင်...ဆိုတာလိုပေါ့ဗျာ'ဟု အပြောမှာ
ကိုငြိမ်းက ယဲ့ယဲ့လေးပြုံးပြီး'ဘာဆိုင်လဲဗျာ'ဟု စကားအထောက်တွင် ကိုဘဒင်သည် လက်ဖက်ရည်တစ်ငုံကို ကမန်းကတန်းသောက်ကာ...
'သြော်... ဘုန်းတော်ရေမြေရှင်
ရှေးမြန်မာမင်းများ ရှိသေးရင် ငုတ်တုတ်က ထိုင်လဲသေချင်လောက်အောင်
ပျက်စီးကုန်တယ်လို့ ပြောမလို့ပါဗျာ... 'ဟုဆိုတော့
အားလုံးပြုံယောင်သန်းသွားကြသည်။ သို့သော် ကိုယ်မွေးဖွားကြီးပြင်းရာ၊
ကိုယ်နှစ်သက်မြတ်နိုးတွယ်တာခဲ့ရာ၊ ကိုယ့်ရွှေကိုယ်မြို့ ပျက်သုဉ်းရခြင်းအား
ရုတ်ခြည်းသတိရမိပြန်တော့ မျက်ခုံးလေးတွေပင့်ကာ မျက်နှာငယ် ညှိုးနွမ်းသွားကြသူချည်း
ဖြစ်သည်။
ကိုဘဒင်က လက်ဖက်ရည်ခွက်ကို ချသည်။
ခါတော်မှီ မုန့်ကို တစ်ဖဲ့ဖဲ့ ပြီးစားသည်။ မျက်နှာသုတ်ပဝါတိုလေးဖြင့်
ပါးစပ်ပါသုတ်သည်။ ထို့နောက် အနားရှိ ကိုငြိမ်းပေါင်ကို တစ်ချက်ပုတ်လိုက်ပြီး
'ကျုပ်လည်း
အီကင်းဘက်ရောက်တော့ ဆရာညှာကို သတိရပြီး အဖော်ကောင်းတာနဲ့ မင်းကွန်းဘက်က
လှည့်ပြန်ခဲ့တာဗျ'ဆိုတော့ အားလုံးက စိတ်ဝင်စားသွားကြသည်။
ခင်ခင်ဦးက ဆရာညှာက မင်းကွန်းမှာလားဟူသော အမေးကို မောင်သောင်းဉာဏ်က ဟုတ်တယ်လေ
မေဦးရဲ့ ဆရာညှာက မင်းကွန်းရောက်နေတာကြာပြီဟု တိုးတိုးဖြေ၏။ 'အင်း
ဆက်စမ်းပါဦးဗျ' ဟု ကိုသာဦးက အလောတကြီးမေးသည်။ ကိုရင်လေးက
တစ်လျှောက်လုံး မတ်တတ်ရပ်နေရာမှ ကိုသောင်းဉာဏ်နှင့်ကိုဘဒင်ကြား တိုးဝှေ့ထိုင်သည်။
ကိုဘဒင်က ကွပ်ပျစ်ပေါ်တိုးပြီး တင်ပျဉ်ခွေထိုင်ရင်း 'မင်းကွန်းမှာ
ဆရာညှာက အလုပ်ဖြစ်နေတာကိုး'ဟု အပြောမှာ 'ဘယ်လို ဘယ်လို'ဟု ဇဝေဇဝါ သံထွက်လာ၏။
'ဒီလိုလေ၊ ဆရာညှာက မင်းကွန်းမှာသူနေတဲ့
မဟာဂီရိချောင်က သဲဂူထဲမှာ အောင်းပြီးသီချင်းတွေ စပ်နေတာတဲ့' ဟု
ကိုဘဒင်ပြောသည်။
ကိုငြိမ်းက ဝမ်းသာသွားကာ
'ဟာ...
နိပ်သဗျာ...ဘာသီချင်းတွေလဲ'ဟု မေးသည်။
'နေဦးနေဦး၊
သုံးပုဒ်ရေးပြီးပြီတဲ့ဗျာ။ သီရိဓမ္မာ သောကရာဇာဆိုတဲ့ သီချင်းရယ်၊ ပြီးတော့'
ကိုဘဒင်သည် ပြောလက်စ စကားကို ရပ်ပြီး အနီးရှိ လက်ဖက်ရည်ပန်းကန်ကို
မကာ လက်ကျန်လက်ဖက်ရည်ကို မော့သောက်လိုက်သည်။ ထို့နောက် ကိုသာဦးဘက်လှည့်ပြီး
တရုတ်စံကားပင်ရင်းနား ဝါးကွပ်ပျစ်ပေါ် ချထားသောတယောဆီ မျက်လုံးဝေ့ကြည့်ကာ
'ကိုသာဦးရေ...
တယောလေးများလှမ်းလိုက်ပါဦးဗျာ' ဟု ဆို၏။ ကိုသာဦးက
တယောနှင့်ဘိုးတံကို အသာအယာ ယူပေးသည်။ ကိုဘဒင်သည် မေးအောက်တွင် တယောပြားလေးကို
ညှပ်လိုက်သည်။ ဘိုးတံကို ဖွဖွကိုင်ပြီး တယောကြိုးတွေပေါ် ဘိုးတံကို ဖွဖွပွတ်ဆွဲ၏။
ကိုဘဒင် အမူအရာနှင့် လှုပ်ရှားမှုများကို အားလုံးက အံ့အားသင့်ငေးမော နေကြသည်။
ကိုဘဒင်ကမူ ပတ်ဝန်းကျင်ကို မေ့လျော့နေပုံ။ ထို့နောက် ပြောလက်စစကားမှ ဆရာညှာ၏
သီချင်း သုံးပုဒ်အနက် နှစ်ပုဒ်ကိုသာ ပြောပြီး ကျန်စကားဆက်ကိုပင် မေ့လျော့နေပုံ။
တယောကြိုးလေးတွေပေါ်
ဘိုးတံပွတ်ဆွဲရင်း တေးသွားတစ်ပုဒ်ကို ထိုးသည်။ တေးသွားက မဟာဂီတထဲမှ မဟုတ်။ ထို့အတူ
ဆိုကြ၊ တီးကြ၊ မှုတ်ကြဖူးသော သီချင်းလည်း မဟုတ်။ သို့သော် လှသောအသွားသစ်လေး တစ်ခု
ဖြစ်နေသည်။ ကိုဘဒင်သည် တယောကို မေးအောက်ညှပ်လျက်ပင်
'ဆရာညှာဆီက
ကျန်တဲ့တစ်ပုဒ်ကိုတော့ ကျွန်တော်အရ တက်ယူခဲ့တယ်ဗျ။ သီချင်းနာမည်က'ပြည်တော်ဝင်'တဲ့ဟု ဆိုသည်။
'ပြည်တော်ဝင်'ဟူသော ပဲ့တင်သံရိပ်နှင့်အတူ အားလုံးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း
ဝင်းပသွားကြသည်။ ကိုဘဒင်က ဆက်၍
'စစ်ကြီးပြီးပြီ
ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့
မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။
စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှုံးတာ တွေတော့ အများကြီးပေါ့ဗျာ။
ဒါတွေတွေးပြီး ဆွေးနေငေးနေလို့ ဘာအကျိုး ထူးတော့မှာလဲ။ မဟုတ်ဘူးလားဗျာ။
ကိုယ့်မြို့ ကိုယ့်ရွာပြန်ပြီး ဘဝသစ်၊ လောကသစ် ထူထောင်ကြရမှာ မဟုတ်လား။ ဒီတော့
ကိုငြိမ်းရေ...။ ကျုပ်တို့ တစ်ဖွဲ့လုံး မန္တလေးပြန်မယ်ဗျာ။ ဂီတတွေ
ဆက်လုပ်ကြမယ်ဗျာ။ ဟောဒီ ကိုကြီးညှာသီချင်းနဲ့ ကျုပ်တို့ 'ပြည်တော်ဝင်'ကြမယ်လေ။ ကိုင်း နားထောင်ကြည့်စမ်းပါဗျာ'ဟု
အားတက်သရော ပြောသည်။ ခင်ခင်ဦးက မောင်သောင်းဉာဏ်လက်ကို
ဆွဲကာ ကလေးတစ်ယောက်လို ဝမ်းသာရွှင်မြူးသွားသည်။ ကိုရင်လေးက ဟုတ်လိုက်လေဟူသော
အမူအရာဖြင့် ကိုဘဒင် ကိုကြည့်သည်။ ကိုသာဦးက လက်ဖျောက်တစ်ချက်တီး၏။ ကိုငြိမ်းက
ရှားရှား ပါးပါးပြုံးပြီး ဆေးလိပ်ကို ဖွာသည်။
ကိုဘဒင်က ကွပ်ပျစ်ပေါ် ကျကျနန
ပြင်ထိုင်သည်။ တယောကို မေးအောက်မှာ နေသားတကျ ညှပ်သည်။ အသက်ကို ဝအောင်ရှူသည်။
ခါးကို မတ်လိုက်သည်။ ဘိုးတံကို အရင်းမှဖွဖွကိုင်ကာ တယောကြိုးပေါ် ဘိုးတံရင်းဆီမှ
တင်သည်။ ဘိုးတံရွေ့လျားသွားကာ သီချင်းတစ်ပုဒ်၏ အတောတေးသွား တစ်ပိုဒ် ညက်ညောစွာ
ပေါ်ထွက်လာ၏။ ထို့နောက် အလုံးအထည်ကောင်းသော ခံ့ညားသည့်အသံဖြင့် ကိုဘဒင်က
သီချင်းကို စဆိုလိုက်တော့သည်။
'ချစ်ခင်ကြတဲ့
အားလုံးမိတ်ဆွေ...
နေ့တိုင်းပဲ...သတိရတယ်လေ...၊
ကျုပ်တို့မြို့မ အသင်းသားတတွေ...
တောင်ရိုးတန်းစစ်ကိုင်းဘက်မှာနေ...
ကျန်းမာကြရဲ့လားလို့ မြို့မမောင်တွေ
ရွှေမန်းသူတွေ မေးလိုက်သံတွေ...
ကျန်းမာကြပါရဲ့လို့ မြို့မမောင်တွေ...
ရွှေမန်းသူမေ ပြောလိုက်ပါလေ
စစ်ကိုင်းပဲ စိတ်ကစွဲနတ်ပြေ
တစ်ခါတလေတော့ မျှော်မှန်း တမ်းတ တတွေတွေ...
ပြန်ချင်ဇောတွေ ရောက်ချင်ဇောနဲ့
စိတ်စောလို့သာနေ'
ပိရိသောတယောလက်သံနှင့်
ကိုဘဒင်သီဆိုနေပုံက အနီးရှိသူအားလုံ၏ စိတ်နှလုံးကို သိမ်းကျုံးဆွဲငင်ယူလိုက်၏။
ပြုံးမယောင်နှုတ်ခမ်းလေး မဟ တဟနှင့် မေမေဦးသည်လည်း မျက်ရည်ဝဲလှိုက်ဖိုလာသည်။
ကျလုလု မျက်ရည်ကို မျက်တောင်ကော့ကြီးများ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ
နှုတ်ခမ်းလေးကိုက်ပြီး တရုတ်စံကားပွင့်တွေဆီ မော့ကြည့်သလို ထိန်းသည်။
ထန်းတစ်ဖျားမြင့်လာသော နေခြည်က တရုတ်စံကားရွက်များကြားမှ စူးခနဲ ဖြာဆင်းလာ၏။
မေမေဦး မျက်လွှာမြင်ကွင်းတွင် နေခြည်ကြယ်ပွင့်အရွယ်စုံ ဖြာထွက်သွားသည်။
ဆက်လက်ဖော်ပြပါမည်
ဆူးငှက်
(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'
နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။
အငယ်တွေကို ညှာတဲ့ ဖြူစင်တဲ့ စိတ်ဓာတ်ကို ကျွန်မ နားလည်ပေမယ့် အမှန်အတိုင်း မပြောတာကိုတော့ ကျွန်မ မကြိုက်လို့ ဆူရငေါက်ရတယ် တစ်ခါတလေ ဘာမဟုတ်တာလေးကိုပဲ မဟုတ်က ဟုတ်က လှည့်ပတ်ပြောချင် ပြောနေတတ်တာပါ