အခန်းဆက်ဝတ္ထုရှည်

မင်းမှုထမ်း အပိုင်း (၁၃)

ဝင်းငြိမ်း

01 April 2026
မင်းမှုထမ်း အပိုင်း (၁၃)
Share to

ယခင်လမှအဆက် ...

အခန်း (၅) အပိုင်း (၂)

နောက်ထပ်တော်ဝင်မင်္ဂလာပွဲတစ်ပွဲ

            သတင်းစာများမှာ ဖော်ပြထားတဲ့ ခေါင်းစီးများကြောင့် ဘုရင်မကြီးက ရွှင်မြူးအားရတော်မူပါတယ်။ အဲဒါအပြင် ကျွန်တော်တို့ရဲ့ သားဦးရတနာကလေးကိုလည်း တွေ့မြင်ချင် တယ်လို့ ဆိုပါတယ်။ ၇ ရက်သား အရွယ်သာရှိသေးတဲ့ ဘယ်ကလေးငယ်မှ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီးရဲ့ ရှေ့တော်မှောက်ကို အခစား ရောက်ဖူးကြမယ် မထင်ပါဘူး။ ကလေးမိခင်ဖြစ်သူက သားကို ပွေ့ချီလာပြီး ဖခင်ဖြစ်တဲ့ ကျွန်တော်က ဂုဏ်ယူဝင့်ကြွားတဲ့ မျက်နှာနဲ့ ဘုရင်မကြီးရဲ့ ဧည့်ခန်းဆောင်မှာ အခစားဝင်ကြရပါတယ်။ ဘားမိစ်လို့ အမည်ပေးထားတဲ့ သူ့အချစ်တော် မြင်းကြီးကို စီးပြီး ပြန်ရောက်လာတဲ့ ဘုရင်မကြီးက ဝတ်လဲတော်များပင် လဲလှယ်ခြင်း မပြုတော့ဘဲ ကျွန်တော်တို့ မိသားစုကို လက်ခံတွေ့ ဆုံပါတယ်။ မနေ့ကမှ အရောင်ပြောင်လက်အောင် ကျွန်တော် တိုက်ချွတ် ပေးထားတဲ့ မြင်းစီးဖိနပ်၊ ရှပ်အင်္ကျီ လက်ရှည်တို့ ဝတ်ဆင်ထားတဲ့ ဘုရင်မကြီးရဲ့ ရုပ်သွင်ဟာ နုပျိုလန်းဆန်း နေပါတယ်။ ဘုရင်မကြီးရဲ့ အချစ်တော် ဘားမိစ်မြင်းကြီးဟာ တစ်နှစ်ပတ်လုံး ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင် ရရှာတဲ့ မြင်းကြီးဖြစ်ပြီး ဘုရင်မကြီးရဲ့ မွေးနေ့ရောက်ရင်တော့ ဂုဏ်ပြုခံတပ်ဖွဲ့ကို လှည့်လည်စစ်ဆေးဖို့အတွက် ဘုရင်မကြီးက သူ့ကိုပဲ စီးလေ့ရှိပါတယ်။

            သားကို ပွေ့ချီထားတဲ့ မာရီယာက ဒူးညွတ် အရိုအသေပြုလိုက်ပြီး ကျွန်တော်က ဦးညွှတ်လိုက်ပါတယ်။ ဘုရင်မကြီးနဲ့ ကျွန်တော်တို့ မိသားစု တရင်းတနှီး တွေ့ဆုံရတဲ့ပွဲမှာ သား အလက်ဇန္ဒားကတော့ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျနေလေရဲ့။ 'ခုလို တွေ့ဆုံခွင့်ရတာကို ကျွန်တော်တို့ မိသားစု လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ဝမ်းသာပါတယ် ခင်ဗျာ'လို့ ကျွန်တော်က လျှောက်ထားလိုက်တော့ ဘုရင်မကြီးက ပြုံးတော်မူပြီး မာရီယာ ပွေ့ချီထားတဲ့ သားငယ်ကို အနီးကပ် မြင်တွေ့ခွင့်ရအောင် အပါးသို့ လျှောက်လာပါတယ်။ 'ကြည့်စမ်းပါဦး၊ သူ့လက်ချောင်းသေးသေး ကလေးတွေနဲ့ ဆုပ်ထားလိုက်တဲ့ လက်သီး' လို့ မိန့်တော်မူပြီး ဘုရင်မကြီးက သူ့လက်ချောင်း တစ်ချောင်းနဲ့ သားလက်ကို ပွတ်သပ်တော် မူပါတယ်။ 'ကိုင်း...ကိုင်း... မင်းတို့ အတွက် လက်ဆောင်တစ်ခု ပေးရဦးမယ်' လို့ မိန့်တော်မူပြီး စားပွဲပေါ်မှာ ရှိနေတဲ့ အထုပ်တစ်ထုပ်ကို ယူကာ လှမ်းပေးပါတယ်။ 'ဒါ အလက်ဇန္ဒား အတွက်ပါ' လို့လည်း ဖြည့်စွက်တော်မူပါတယ်။

            မာရီယာက ဘုရင်မကြီး လှမ်းပေးတဲ့ အထုပ်ကို ဖွင့်လိုက်တဲ့အခါမှာတော့ တစ်သျှူးပေပါနဲ့ သေသေသပ်သပ် ထုပ်ပိုးထားတဲ့ ကလေးသွားရည်ခံ အကောင်းစားကလေး နှစ်ခုကို တွေ့ရပါတယ်။ ကျွန်တော်တို့ မိသားစုနဲ့ ဘုရင်မကြီးတို့ တွေ့ဆုံချိန်ဟာ ငါးမိနစ်ခန့်သာ ကြာတာဖြစ်ပေမယ့် ကျွန်တော် တို့ ဇနီးမောင်နှံအတွက်တော့ တစ်သက်စာ ဂုဏ်ယူလို့ မဆုံးပါဘူး။

            ဘုရင်မကြီးနဲ့ တွေ့ဆုံပြီး ပီတိအပြုံးများနဲ့ ထွက်လာချိန် ကော်ရစ်ဒါ အရောက်မှာတော့ အနားက ဖြတ်သန်းသွားတဲ့ မင်းမှုထမ်းတစ်ယောက်ရဲ့ မှတ်ချက်စကားကြောင့် ကျွန်တော့်မှာ စိတ်ကသိကအောက် ဖြစ်ခဲ့ရပါတယ်။ သူ ပြောသွားတာက 'ပေါလ်အနေနဲ့ လည်စည်းကလေးတော့ စည်းလာသင့်တာပေါ့' တဲ့။

            အိမ်ထောင်သည် ဇနီးမောင်နှံ ဖြစ်သွားတဲ့ ကျွန်တော်တို့နှစ်ယောက်ကို ဘုရင်မကြီးက အရင်နေထိုင်ကြတဲ့ ဝန်ထမ်းအိမ်ရာမှာ မနေကြနဲ့တော့ဆိုပြီး အိပ်ခန်းနှစ်ခန်းပါတဲ့ ဘာကင်ဟမ်နန်းတော်ထဲက တစ်နေရာမှာ အခန်းပေးပါတယ်။ ကျွန်တော်တို့ ရရှိတဲ့အခန်းက ဥယျာဉ်တော်ရဲ့ အနောက်တောင်ထောင့် ဘက်မှာရှိတဲ့ အိမ်ရာစခန်း တစ်ခုပါ။ ဒီအိမ်ရာမှာ ဘုရင်မကြီးရဲ့ မြင်းများကို ထိန်းရတဲ့ မြင်းထိန်းသမားများ၊ စီးတော်ကားကို မောင်းနှင်ရတဲ့ ယာဉ်မောင်း များ နေထိုင်ကြတာပါ။ ဘုရင်မကြီးရဲ့ တော်ဝင်အခမ်းအနားများမှာ စီးနှင်တော်မူတဲ့ ရွှေရထားကို က,တဲ့ မြင်းကချည်း ၃၅ ကောင် မွေးထားတာပါ။

            ဒီအိမ်ရာစခန်းရဲ့ ထူးခြားချက်ကတော့ မနက်တိုင်း ရေလာကူးတဲ့ ဒိုင်ယာနာ မင်းသမီးက ရေကူးပြီးတိုင်း ဖြတ်သန်း ဖြတ်လာရှိတဲ့အပြင် မကြာခဏ ဆိုသလို ဒီအိမ်ရာစခန်းက ဝန်ထမ်းများနဲ့လည်း တရင်းတနှီး စကားဆိုတတ်ပါတယ်။ အလက်ဇန္ဒား ရက်သတ္တပတ် အရွယ်ရောက်ချိန်မှာ ဒိုင်ယာနာက သိုးမွေးနဲ့ ထိုးထားတဲ့ ဝတ်စုံကလေးတစ်စုံကို သားအတွက် လက်ဆောင်အဖြစ် ယူလာပေးပါတယ်။ သူက မာရီယာနဲ့ ကော်ဖီအတူတူ သောက်ရင်း ရယ်ကြမောကြ စကားလက်ဆုံကျနေပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အခန်းမှာရှိတဲ့ ချော့ကလက် ဘီစကစ်ပုံးကိုလည်း သူစားချင်ရင် သူ့ဘာသာသူ ဖွင့်ပြီး စားတတ်ပါသေးတယ်။

ဒိုင်ယာနာ ရေကူးတဲ့ ရေကူးကန်က ဘုရင်မကြီးရဲ့အခန်းနဲ့ မလှမ်းမကမ်းမှာ ရှိပါတယ်။ သူ့ကားဝင်လာပြီဆိုရင် ဘုရင်မကြီးရဲ့ ဧည့်ခန်း ပြတင်းပေါက်ကနေ တန်းနေအောင် မြင်ရတာကြောင့် သူ့အနေနဲ့ ရေကူးလာတိုင်း ယောက္ခမထံ ဝင်ရောက် နှုတ်မဆက်ဘဲ နေလို့မသင့်တော် ဖြစ်ရပါတယ်။ ဒါကြောင့် ရေကူးပြီး မာရီယာဆီကို မလာခင်မှာ ဘုရင်မကြီးထံ အခစားဝင် ခဲ့ရပါသေးတယ်။ ဘုရင်မကြီးရဲ့အခန်းက ထွက်လာရင်တော့ ကျွန်တော့်ကို 'မာရီယာ့ဆီ သွားလိုက်ဦးမယ်'လို့ ပြောတတ်ပါတယ်။ သူ ထွက်သွားပြီဆိုရင် ကျွန်တော်က မာရီယာ့ထံ ဖုန်းဆက်သွယ်ပြီး အစစအရာရာ အဆင်သင့် ရှိအောင်၊ အခန်းထဲမှာလည်း သေသေသပ်သပ် ဖြစ်နေအောင် ပြင်ဆင်ထားဖို့ သတိပေးရပါတယ်။

            အလက်ဇန္ဒားကို ပထမဆုံးအကြိမ် ဒိုင်ယာနာ လာကြည့်တဲ့ အခေါက်တုန်းက မာရီယာရဲ့ မိခင်နဲ့ ကျွန်တော့်မိခင်လည်း ကျွန်တော်တို့ အခန်းမှာ ရှိနေပါတယ်။ ဒိုင်ယာနာက ကျွန်တော်တို့ အခန်းကို လာပြီဆိုရင် ဘယ်တော့မှ တံခါးခေါက်တာတွေ ဘာတွေ မရှိပါဘူး။ သူ့ဘာသာသူ တံခါးဖွင့်ပြီး တန်းဝင်လာတာပါပဲ။ အဲဒီအခေါက်တုန်းက ဒိုင်ယာနာနဲ့ အဘွားကြီးနှစ်ယောက်ကို မာရီယာက မိတ်ဆက်ပေးလိုက်တော့ အဘွားကြီးနှစ်ယောက်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ကြပါတယ်။ ဒိုင်ယာနာက ကျွန်တော့်သားကို ကြည့်ပြီး 'အို... နည်းတဲ့ကောင်ကြီးမှ မဟုတ်ဘဲ'လို့ ချီးမွမ်းစကားဆိုကာ ချယ်ရီသားနဲ့လုပ်ထားတဲ့ ပုခက်တွင်းက သားကို မာရီယာနဲ့အတူ ချော့မြူနေကြချိန်မှာ အဘွားကြီးနှစ်ယောက် ပျောက်သွားကြပါတယ်။ နောက်မှ သိရတာကတော့ ဒိုင်ယာနာအပါးမှာ ဘယ်လိုနေရမှန်း မသိတာကြောင့် သူ့ကားနားမှာ သွားရပ်နေကြတာပါတဲ့။ ဒါကို ဒိုင်ယာနာ မြင်လိုက်တော့ 'အဲဒီလို မနေကြပါနဲ့။ အခန်းထဲ လာကြပါ။ကျွန်မနဲ့အတူတူ အလက်ဇန္ဒားလေးကို ချော့မြူကြရအောင်ပါ'လို့ လှမ်းပြီး ဖိတ်ခေါ်ခဲ့ပါတယ်။

            မာရီယာနဲ့ ဒိုင်ယာနာတို့က အိမ်နီးချင်းများလို ဖြစ်နေကြပါတယ်။ ခင်ပွန်းသည်တွေ လုပ်ငန်းခွင်ကို သွားရောက်ကြချိန်မှာ အိမ်မှာ ကျန်ရစ်တဲ့ အိမ်ရှင်မနှစ်ဦး ပြောချင်ရာပြော၊ ဆိုချင်ရာ ဆို ရှိကြသလိုပါပဲ။ ၁၉၈၆ ခုနှစ် တစ်နှစ်လုံး ဒိုင်ယာနာဟာ နေ့စဉ်နဲ့အမျှ ဆိုသလို ကျွန်တော်တို့ အခန်းကို ရောက်လာခဲ့တဲ့အတွက် ပိုမိုရင်းနှီးမှု ရခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ဇနီး မောင်နှံသာ သူ့ဝန်ထမ်းတွေဖြစ်ရင် သိပ်ကောင်းမှာပဲ ဆိုတဲ့ စိတ်ကူးရသွားခြင်းပါ။ ကျွန်တော်တို့ချင်း ရင်းနှီးလာပြီး ၅ နှစ်ခန့်အကြာမှာ မာရီယာကို ဒိုင်ယာနာက သူမရဲ့ ဝတ်လဲတော်များ ထိန်းသိမ်းတဲ့ ဝန်ထမ်းအဖြစ် ထမ်းဆောင်ပေးဖို့ စကားကမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် မာရီယာက သူ့သခင်ဖြစ်တဲ့ ဖိလစ်မင်းသားကြီးနဲ့ ပတ်သက်လို့ ထမ်းဆောင်ရတဲ့ ဝတ္တရားများ မလစ်ဟင်းချင်တာကြောင့် ငြင်းပယ်ခဲ့ပါတယ်။

            'မင်းသမီးရယ်၊ ကျွန်မအနေနဲ့ မင်းသမီးရဲ့ တာဝန်များကို ထမ်းဆောင်ချင်ပါတယ်။ ဒါပေမယ့် ပေါလ်က ဘုရင်မကြီးအပါးကနေ ခွာမှာမဟုတ်တဲ့အတွက် ကျွန်မက မင်းသမီးနောက်ကို လိုက်လို့ မဖြစ်ပါဘူး။ ပေါလ်ကိုယ်တိုင်ကလည်း ဘုရင်မကြီးကို မိခင်တစ်ယောက်လို တွယ်တာနေတာလေ' လို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒိုင်ယာနာကလည်း သူ ဆုံးဖြတ်ထားရင် ဆုံးဖြတ်ချက်အတိုင်း လုပ်တတ်တဲ့ အမျိုးသမီးတစ်ယောက် မဟုတ်လား။ လက်မလျှော့ဘဲ ထပ်ပြီး ကြိုးစားဦးမယ်ဆိုတာကို အဲဒီတုန်းက ကျွန်တော်တို့ မသိခဲ့ပါဘူး။ နေ့စဉ်နဲ့အမျှ ကော်ဖီ သောက်ကြ၊ စကားတွေ ပြောကြ ရှိခဲ့ကြတဲ့အတွက် ရင်းနှီးမှုအတိုင်းအတာကလည်း ခိုင်မာသထက် ခိုင်မာလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ဒိုင်ယာနာက 'ရှင်တို့နှစ်ယောက် ဟိုင်းဂရုဖ်စံအိမ် ဝန်ထမ်းတွေ ဖြစ်ကိုဖြစ်လာရမယ်'လို့ ဆိုခဲ့ပါတယ်။

            နှစ်ယောက်စလုံးဟာ သားသည် အမေများဖြစ်တဲ့အတွက် သူတို့သားတွေအပေါ်မှာ ဘယ်လောက်သံယောဇဉ် ရှိကြတယ်ဆိုတာကို နှစ်ယောက်စလုံး သိကြပါတယ်။ အဲဒီအချက်ကို ကောင်းကောင်း သဘောပေါက်ထားတဲ့ ဒိုင်ယာနာက မာရီယာရဲ့ အားပျော့ချက်ကို အပိုင်ကိုင်လိုက်ပါတယ်။ မြို့ပေါ်မှာ နေရတာ ကျန်းမာရေးနဲ့ မညီညွတ်ကြောင်း၊ ကျေးလက်ဒေသမှာ နေရခြင်းက ကလေးများအတွက် ကျန်းမာဖွံ့ဖြိုးမှုကို အထောက်အကူ ပြုကြောင်းတွေကိုပါ ပြောပြပြီး စည်းရုံးတော့တာပါပဲ။ သူ့စံအိမ်မှာသာ တာဝန်ထမ်းဆောင်မယ်ဆိုရင် အခုလို တိုက်တာအဆောက်အအုံ ရဲ့ ပထမထပ်မှာ နေတာအစား မြေညီထပ်မှာ နေရမယ့် ကျေးလက်အိမ်ကလေး တစ်လုံး ရရှိမှာဖြစ်တဲ့အပြင် သားအလက်ဇန္ဒား ကစားနိုင်မယ့် ကိုယ်ပိုင်ဥယျာဉ်ခြံမြေကလေးလည်း ရရှိဦးမှာ ဖြစ်ကြောင်း ပြောပြပါတယ်။ သူ့အပြောတွေမှာ မာရီယာကလည်း စိတ်ဝင်စားသထက် ဝင်စားလာတော့ တာပေါ့။

            နေ့စဉ်နှင့်အမျှ မာရီယာကို တစ်ရစ်ချင်း သိမ်းသွင်းနေတယ်ဆိုတာ ကျွန်တော် လုံးဝမသိခဲ့ပါဘူး။ တစ်နေ့လုံး ကျွန်တော် ဘုရင်မကြီးအပါးမှာ ခစားနေစဉ်မှာပဲ ဖြစ်ဖြစ်၊ ခရီးသွားနေ ချိန်မှာဖြစ်ဖြစ် ဒိုင်ယာနာရဲ့ စကားများက မာရီယာရဲ့ရင်တွင်းကို ပိုမိုထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီကာလများမှာ ဒိုင်ယာနာက မင်းသမီးတစ်ပါးအနေနဲ့ ခရီးထွက်ရတာတွေ မရှိ။ ချားလ်စ်နဲ့ ဟိုဟိုဒီဒီ သွားလာရတာတွေလည်း မရှိ။ ခရစ်မတ်ကိုလည်း မတက်ရောက်ရ။ ရွက်သင်္ဘောနဲ့ ခရီးထွက်ရခြင်းလည်း မရှိတဲ့ ကာလများဖြစ်တာကြောင့် မာရီယာ့အပါးမှာပဲ အနေများခဲ့ပါတယ်။

            ၁၉၈၆ ခုနှစ်မှာတော့ မာရီယာ ကိုယ်တိုင်က ဟိုင်းဂရုဖ်စံအိမ်မှာ နေရခြင်းက သားအတွက် ပိုကောင်းလိမ့်မယ်လို့ ဆုံးဖြတ်ချက်ချပြီး ဖြစ်သွားပါပြီ။ မင်းသမီးအနေနဲ့လည်း သူ့ဝန်ထမ်းများထဲမှာ အားကိုးအားထား ပြုလောက်တဲ့ မိတ်ဆွေတစ်ယောက် ရရှိသွားပြီပေါ့။ ကျွန်တော့်ကို သိမ်းသွင်းဖို့ကိစ္စကျတော့ ဒိုင်ယာနာ တိုက်ရိုက်ဆောင်ရွက်စရာ မလိုတော့ပါဘူး။ ကျွန်တော့်အိမ်သူ သက်ထားကိုယ်တိုင်က 'သူ့ကိစ္စတော့ ကျွန်မ တာဝန်ပဲထားပါ'လို့ တာဝန်ယူခဲ့ပါသတဲ့။

            ၁၉၈၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ အင်ဒရူးမင်းသားက ဆာရာဖာ ဂူဆန်ဆိုတဲ့ မိန်းကလေးနဲ့ လက်ထပ်တဲ့အတွက် သူတို့မောင်နှံဟာ ယော့ခ်မြို့စားနဲ့ မြို့စားကတော် ဖြစ်လာပါတယ်။ သူတို့ လက်ထပ်တဲ့နေ့က ချားလ်စ်မင်းသားနဲ့ ဒိုင်ယာနာတို့ရဲ့ ပဉ္စမမြောက် နှစ်ပတ်လည်နေ့ မတိုင်မီ ရက်သတ္တပတ်အလို ဖြစ်ပါတယ်။

            ဒီတစ်ကြိမ် လက်ထပ်မင်္ဂလာပွဲမှာတော့ ကျွန်တော်နဲ့ နာမည်တူဖြစ်တဲ့ မိတ်ဆွေ ပေါလ်ဝှိုင်ဘရူးက နန်းတော်ထဲမှာ နေခဲ့ရပြီး မင်္ဂလာနံနက်စာ စားပွဲအတွက် ပြင်ဆင်ဖို့ တာဝန်ကျတဲ့အပြင် ဘုရင်မကြီးရဲ့ ခွေး ၉ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ယူရပါတယ်။ ကျွန်တော်ကတော့ ဘုရင်မကြီးနဲ့ ကြင်ယာတော် ဖိလစ်မင်းသားတို့ စီးနင်းလိုက်ပါတဲ့ ၁၉ဝ၂ နှစ်လုပ် ရွှေရထားရဲ့ နောက်ကနေ အနီးကပ် လိုက်ပါခွင့် ရခဲ့ပါတယ်။

            ဒီအခေါက်မတိုင်ခင် ကျွန်တော် ဒီရွှေရထားပေါ်မှာ စီးနင်းလိုက်ပါခွင့် ရခဲ့တာကတော့ ၁၉၈ဝ ပြည့်နှစ်တုန်းက ကျင်းပတဲ့ ဘုရင်မ မယ်တော်ကြီးရဲ့ ၈ဝ ပြည့်မွေးနေ့ ကျင်းပတဲ့ စိန့်ပေါလ် ဘုရားရှိခိုးကျောင်းကြီးကို တော်ဝင်မိသားစုဝင်များ ဖြစ်ကြတဲ့ ဘုရင်မကြီး၊ ဖိလစ်မင်းသားကြီး၊ အင်ဒရူးမင်းသား၊ အက်ဒဝပ်မင်းသားတို့နဲ့အတူ စီးနင်းခဲ့ရခြင်းပါ။ ရွှေရထားကို စီးနင်းလိုက်ပါရတိုင်း ကျွန်တော့်အနေအထားက ဘုရင်မကြီးရဲ့ နောက်တည့်တည့်မှာ ဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားစွာ လမ်းဘေးဝဲယာမှ အော်ဟစ်နှုတ်ဆက်နေကြတဲ့ ပြည်သူများကို တစ်ချက်ကလေးမှ ကြည့်ခွင့်မရှိပါဘူး။ ရှေ့တည့်တည့်ကိုသာ ကြည့်ရပါတယ်။ ဘုရင်မကြီးကတော့ သူ့ထုံးစံအတိုင်း လမ်းဘေးဝဲယာမှ နှုတ်ဆက်နေကြတဲ့ ပြည်သူအများကို လက်ဝှေ့ယမ်းသွားတာ ဘုရား ရှိခိုးကျောင်းကို ရောက်တဲ့အထိပါပဲ။

            တကယ်တော့ ဒီနေ့မနက်မှာ ကျွန်တော့်အနေနဲ့ နံနက်စာစားပွဲ တက်ရောက်ခွင့်လည်း ရခဲ့ပါသေးတယ်။ နံနက်စာ စားပွဲတက်မယ်ဆိုရင် ဘုရင်မကြီးနဲ့အတူ ဘုရားရှိခိုးကျောင်းကို လိုက်ပါနိုင်ခွင့်ရမှာ မဟုတ်တဲ့အတွက် ကျွန်တော့်ထုံးစံအတိုင်း ဘုရင်မနဲ့အတူ လိုက်ပါဖို့ကိုသာ ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော့်ဇနီး မာရီယာကတော့ လက်ထပ်ပွဲ ကျင်းပရာ ဘုရားရှိခိုးကျောင်းကို မလိုက်တော့ဘဲ မနက်စာ စားပွဲမှာသာ တာဝန်ထမ်းဆောင်ရင်း ကျန်ရစ်ပါတယ်။ အဲဒီတုန်းကတော့ လန်ဒန်မြို့မှာ ထွက်တော်မူ အခမ်းအနား ကျင်းပရာမှာ ကျွန်တော့်အနေနဲ့ နောက်ဆုံးလိုက်ပါရခြင်း ဖြစ်တယ်ဆိုတာကို မသိခဲ့ပါဘူး။

            ဆာရာဖာဂူဆန်က လက်မထပ်မီ လအနည်းငယ်အလိုကတည်းက ဘာကင်ဟမ်နန်းတော်ထဲသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရတာ ဖြစ်ပြီး သူမအတွက် သီးခြားအခန်း ပေးစရာမလိုတော့ဘဲ အင်ဒရူးမင်းသား နဲ့အတူ ချားလ်စ်တို့ မောင်နှံ လက်ထပ်ပြီးခါစကနေခဲ့တဲ့ ဒုတိယထပ်က အခန်းတစ်ခန်းမှာ နေခဲ့ပါတယ်။ ဆာရာက ဒိုင်ယာနာနဲ့ မတူပါဘူး။ နန်းတော်ထဲကို ရောက်လာပေမယ့် ဒိုင်ယာနာလို အထီးကျန်မဆန်ပါဘူး။ သူမ ပတ်ဝန်းကျင်မှာ အပေါင်းအသင်းတွေ အများကြီး ရှိခဲ့ပါတယ်။ ဒိုင်ယာနာက အပေါင်းအသင်း မရှိခဲ့တဲ့အတွက် အောက်ထပ်မှာ နေထိုင်ကြတဲ့ ဝန်ထမ်းများနဲ့ ပေါင်းသင်းခဲ့ရပေမယ့် ဆာရာကတော့ အပေါ်ထပ်ကနေ မဆင်းတော့ပါဘူး။ မိတ်ဆွေအပေါင်းအသင်းတွေ နန်းတော်ထဲကို ဝင်လာမစဲ တသဲသဲ ခေါ်ဆောင်လာသလို ပါတီပွဲတွေ ကျင်းပခဲ့တာလည်း တခြိမ်းခြိမ်းပါပဲ။

            သူတို့မောင်နှံက ပါတီပွဲ ကျင်းပပြီဆိုရင်လည်း ဟင်း ၅ မျိုးပါတဲ့ ညစာစားပွဲ တည်ခင်းပေးဖို့ အမိန့်ပေးလေ့ ရှိပါတယ်။ ဘုရင်မကြီးသည်ပင်လျှင် သူတို့လောက် အသုံးအဖြုန်း မရှိခဲ့ပါဘူး။ သူတို့က စားဖိုဆောင်မှ ဝန်ထမ်းများကို အဲဒီလိုတာဝန်တွေ အထပ်ထပ်ပေးပြီး ခိုင်းစေပေမယ့် ဝန်ထမ်း များနဲ့တော့ ဘယ်တော့မှ နွေးနွေးထွေးထွေး နေလေ့မရှိပါဘူး။

            သူတို့က အချိန်ကန့်သတ်ချက် မရှိဘဲ စားချင်တဲ့အချိန်မှာ စားလေ့ရှိတာကြောင့် စားဖိုဆောင်က ဝန်ထမ်းများ ညည်းညူလေ့ ရှိပါတယ်။ ဘုရင်မကြီးက သူ ညစာစားမယ့်အချိန်ကို အတိအကျ သတ်မှတ်ပေးထားပြီး အဲဒီအချိန်မှာ စားလေ့ရှိပေမယ့် ဆာရာတို့ ဇနီးမောင်နှံကတော့ တစ်ခါတလေ ည ၁ဝ နာရီလောက်မှ စားချင်တယ်လို့ မှာချင် မှာတာကြောင့် ဝန်ထမ်းတွေ ညည်းညူကြခြင်းပါ။

            ၁၉၈၆ ခုနှစ်မှာ လက်ထပ်တယ် ဆိုပေမယ့် ဆာရာက ၁၉၈၂ ခုနှစ်ကတည်းက ဘာကင်ဟမ်နန်းတော်ထဲကို ဝင်ထွက်သွားလာလေ့ရှိပြီး ဒီလိုပဲ စည်းမဲ့ကမ်းမဲ့ စားချင်သလို စားခဲ့တာပါ။ ဆာရာက အမှုထမ်းများကို အဲဒီလို မညှာမတာ ခိုင်းစေလေ့ရှိတာကြောင့် မင်းမှုထမ်းများက သူ့ကွယ်ရာမှာ 'ဝင်ဆာရဲ့ မယားဆိုးများ' စာရင်းမှာ ထည့်သွင်းထားကြပါတယ်။ ဆာရာကလည်း ဘာကင်ဟမ်နန်းတော်အတွင်းကို ချွေးမတော်အဖြစ် မရောက်ခင်ကတည်းက မင်းမှုထမ်းများကို သူ မယုံကြည်ရမယ့်သူများလို့ ကြိုတင်သတ်မှတ်ထားပြီးသားပါ။

            ဆာရာကလည်း ဒိုင်ယာနာလိုပဲ ယောက္ခမတော်ကြီးရဲ့ ချစ်ခင်မြတ်နိုးမှုကို လိုလားပါတယ်။ ဘုရင်မကြီးကလည်း သူ့သားတော်ကို ချစ်မြတ်နိုးတဲ့အတွက် လက်မထပ်မီ ရက်ပိုင်းအလိုမှာ ယော့ခ်မြို့စားအဖြစ် ခန့်အပ်ခဲ့ခြင်းပါ။ ဒီလိုနည်းနဲ့ ချွေးမအသစ်ဖြစ်လာတဲ့ ဆာရာဟာလည်း မြို့စားကတော် ရာထူးကို အလိုအလျောက် ရရှိသွားပါတယ်။ ဒါကလည်း ဘုရင်မကြီးရဲ့ ဖခင်ဖြစ်သူ ဆဋ္ဌမမြောက် ဂျော့ချ်ဘုရင် လက်ထက်ကတည်းက သားတော်၊ သမီးတော်များကို မြို့စားများအဖြစ် ချီးမြှင့်မြှောက်စားတဲ့ အစဉ်အလာအတိုင်း ချီးမြှင့်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

            ဒါပေမယ့် ဆာရာကတော့ ဒါကို နားမလည်ခဲ့ပါဘူး။ သားကို ချီးမြှောက်ခြင်းဖြစ်ပြီး ချွေးမကို တိုက်ရိုက်ချီးမြှောက်ခြင်း မဟုတ်ဘူးလို့ ယူဆခဲ့ပါတယ်။ မြို့စားရဲ့ ဇနီးဖြစ်လို့သာ မြို့စားကတော် ဖြစ်လာခြင်းကို သူက ရောင့်ရဲခြင်း မရှိပါဘူး။ ဒါကြောင့် ဆာရာရဲ့နန်းတွင်းသူဘဝမှာ စကတည်းက မကြည်လင်မှုများနဲ့ စခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ တော်ဝင်အသိုင်းအဝိုင်းမှာလည်း ဆာရာဟာ နွေးထွေးတဲ့ ခရီးဦးကြိုမှုကို မရရှိခဲ့တဲ့အပြင် ပြင်ပစာနယ်ဇင်းများကလည်း ဆာရာကို စထွက်ကတည်းက ချီးကျူးထောမနာ မပြုခဲ့ကြပါဘူး။

            နန်းတွင်းမှာ အမှုထမ်းကြတဲ့ အိမ်တော်ဝန်ထမ်းများကိုပင် ဆာရာအနေနဲ့ စည်းရုံးလို့ မရနိုင်ခဲ့ပါဘူး။ အမြင့်ဆုံးဝန်ထမ်းမှ အနိမ့်ဆုံးဝန်ထမ်းအထိ ဘယ်သူကမှ သူ့ကို မကြည်ဖြူခဲ့ကြပါဘူး။ ဒါကြောင့် ဆာရာအနေနဲ့ တော်ဝင်မိသားစုအတွင်းကို ဝင်ရောက်လာချိန်မှာ ဘုရင်မကြီး၊ ဝေလမင်းသားနဲ့ မင်းသမီးတို့သာလျှင် သူမကို လက်ခံသူများအဖြစ် ရှိခဲ့ပါတယ်။

            တစ်နေ့မှာတော့ ဆာရာက ဘာလ်မိုရယ်လ်စံအိမ်နောက်ပိုင်းကနေ ရှေ့အထိ ခင်းထားတဲ့ ကျောက်ပြားများပေါ်မှာ တစ်ဒေါက်ဒေါက် အသံပေးပြီး လျှောက်လာခဲ့ပါတယ်။ အိမ်ရှေ့ပိုင်းအရောက်မှာ သူ့ဖိနပ်သံကို နားမခံသာတဲ့ ဝန်ထမ်းတစ်ဦးက 'ဆံပင်နီနဲ့ အဲဒီမိန်းမက ဘာများလိုချင်လို့ တဒေါက်ဒေါက်နဲ့ လျှောက်နေရတာလဲ မသိဘူး' လို့ အသံခပ်ကျယ်ကျယ်နဲ့ ပြောလိုက်ပါတယ်။ အဲဒီဝန်ထမ်းရဲ့အသံကို ဆာရာ ကြားမှာသေချာပေမယ့် ဣန္ဒြေမပျက် ဆက်လျှောက်သွားပြီး မျက်နှာပေါ်မှာလည်း အပြုံးမပျက်စေရပါဘူး။ ဆာရာက အဲဒီလိုပါ။ သူ့ရင်ထဲမှာ ဘာတွေပဲဖြစ်နေနေ အပြုံးတုတစ်ခု ဖန်တီးပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ကောင်းသူပါ။

            ကျွန်တော့်ဇနီး မာရီယာက ဝန်ထမ်းအိမ်ရာမှာ နေရတာ မပျော်တော့ပေမယ့် အပေါ်ယံကြောမှာ အင်မတန် ပျော်သယောင် ဟန်ဆောင်နေတတ်သူပါ။ အီဒင်ဘာရာမြို့စားကြီးရဲ့အပါးမှာ အမှုတော်ထမ်းခဲ့ရတဲ့ဘဝကို လွမ်းလွမ်းဆွတ်ဆွတ် ရှိပါတယ်။ သားကလည်း နှစ်နှစ်သားအရွယ် ရောက်လာပါပြီ။ ဝန်ထမ်းအိမ်ရာမှာ နေရတာက သားအတွက် ကစားစရာနေရာ မရှိပါဘူး။ ဒါကြောင့် မာရီယာက ကျွန်တော်တို့ဇနီးမောင်နှံနှစ်ယောက် ဒိုင်ယာနာတို့ရဲ့ ဟိုင်းဂရုဖ်စံအိမ်မှာ ပြောင်းရွှေ့အမှုတော်ထမ်းဖို့ အင်မတန် စိတ်အားထက်သန်ပါတယ်။

            တစ်ညနေ သူနဲ့ကျွန်တော် အေးအေးဆေးဆေး ရှိနေတုန်းမှာ မာရီယာက စကားစလာပါတယ်။ 'ဒီမှာနေရတာ အဆင်မပြေလှဘူး ပေါလ်။ ရှင်က အမြဲတစေလိုလို ခရီးထွက်နေရတာ၊ ဒီတော့ ကျွန်မတို့မိသားစု အနာဂတ်အတွက် တစ်ခုခုတော့ စဉ်းစားဖို့သင့်ပြီ'လို့ ဆိုတယ်။ သား အလက်ဇန္ဒား အတွက် ကစားစရာနေရာ မရှိသလို ကျွန်တော်တို့ဇနီးမောင်နှံအနေနဲ့ နောက်ထပ် ကလေးတစ်ယောက် ယူမယ်ဆိုရင်လည်း နေစရာနေရာ မရှိပါဘူး။ ဒိုင်ယာနာပြောတဲ့ ကျေးလက်ဘဝကတော့ အားလုံးအဆင်ပြေနိုင်တယ်ပေါ့။ နေရေး၊ ထိုင်ရေး အဆင်ပြေတာ မပြေတာထက်က ကျွန်တော့်ဇနီး စိတ်ပျော်ရွှင်စေချင်ပါတယ်။ ဒီအချက်ကို ကျွန်တော် အဓိကထားပြီး စဉ်းစားဖို့ ဖြစ်လာတာကြောင့် သူက တိုက်တိုက်တွန်းတွန်း ပြောကြားလာပါတယ်။ 'ကျွန်မတို့နှစ်ယောက် ဝေလမင်းသားရဲ့ အိမ်တော်မှာ ပြောင်းရွှေ့အမှုထမ်းမယ်ဆိုရင် အားလုံးအဆင်ပြေသွားနိုင်တယ်။ ရှင်က ဘဏ္ဍာစိုးလုပ်၊ ကျွန်မက ဒိုင်ယာနာအပါးမှာ အမှုတော်ထမ်းလို့ရတယ်'တဲ့။

            'မဖြစ်နိုင်ပါဘူးကွာ။ ငါ့အနေနဲ့ ဘုရင်မကြီးအပါးကနေ ဘယ်ကိုမှ သွားချင်စိတ်မရှိဘူး'လို့ ကျွန်တော်ကလည်း အပြတ်ငြင်းလိုက်ပါတယ်။

            နောက်ထပ် ညပေါင်းတော်တော်များများ ဒီအကြောင်းကို မာရီယာက ထပ်ခါတလဲလဲ ပြောကြားလာပေမယ့် အဆုံးသတ်ကတော့ အတူတူပါပဲ။ ကျွန်တော်က ဘုရင်မကြီးကို မိခင်တစ်ယောက်လို ခင်တွယ်နေတဲ့အတွက် သူ့အမှုတော် ထမ်းနေရာကနေ ဘယ်ကိုမှ မရွှေ့ပြောင်းချင်ပေမယ့် ဇနီးဖြစ်သူရဲ့ မပျော်မရွှင်တဲ့ မျက်နှာကို မြင်ရဖန်များလာတဲ့အခါမှာတော့ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ရှုပ်လာပါတယ်။ ကျွန်တော့်အတွက် ဘုရင်မကြီးဟာ ပထမဦးစားပေး ဖြစ်တာမှန်ပေမယ့် ဒုတိယဦးစားပေးဖြစ်တဲ့ ဇနီးသည်အတွက် တာဝန်မကျေတာကိုလည်း မဖြစ်ချင်ပါဘူး။ အဲဒါအပြင် ကျွန်တော် ဘုရင်မကြီးအတွက် တာဝန်ထမ်းဆောင်ရတယ်ဆိုတာက အပါးမှာ ခစားရတဲ့ ခြေမြန်တော်အဖြစ်သာ ခစားရခြင်းပါ။ ဒါကြောင့် ဝေလမင်းသားရဲ့ အိမ်တော်မှာ ဘဏ္ဍာစိုးအဖြစ် တာဝန်ထမ်းဆောင် ရမယ်ဆိုရင် ဒီတာဝန်ကြီးကို ကျွန်တော် လုံးဝဥဿုံ ထမ်းဆောင်နိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ်လည်း သံသယဖြစ်မိပါတယ်။ ဘုရင်မကြီးနဲ့အတူ ကမ္ဘာ့နိုင်ငံအသီးသီးသို့ လှည့်လည်သွားရောက်ရခြင်းအပေါ်မှာလည်း ကျွန်တော် သာယာမိခြင်းက ဘယ်နေရာကိုမှ မပြောင်းရွှေ့လိုခြင်းရဲ့ အကြောင်းအရင်းများထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါလိမ့်မယ်။

            'မာရီယာ၊ ကိုယ့်အနေနဲ့ လက်ရှိထမ်းဆောင်နေရတဲ့ တာဝန်ဟာ ကမ္ဘာပေါ်မှာ ကိုယ်နဲ့အသင့်တော်ဆုံးအလုပ်လို့ ထင်တယ်။ ဒီအလုပ်ကို ကိုယ်စွန့်ပစ်လိုက်ရမှာလား'လို့ မေးမိပါတယ်။

            'ဟုတ်တယ်။ ရှင် စွန့်ပစ်ရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ရှင့်မိသားစုအတွက် ဖြစ်လို့ပဲ'လို့ သူကလည်း ယတိပြတ်ပဲ ဖြေကြားလာပါတယ်။

            မင်းမှုထမ်းဘဝမှာ ပျော်ရာမှာ မနေ၊ တော်ရာမှာ နေရမယ် မဟုတ်လား။ ကျွန်တော် ပျော်တဲ့နေရာက ဘုရင်မကြီးအပါးမှာပါ။ ဒါပေမယ့် မိသားစုကိစ္စနဲ့ စဉ်းစားပြန်တော့ ဟိုင်းဂရုဖ်စံအိမ်က ကျွန်တော်တို့အတွက် အဆင်ပြေနိုင်မယ့် နေရာဖြစ်တယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒိုင်ယာနာနဲ့ မာရီယာတို့ မိန်းမသားနှစ်ယောက် အားလပ်ချိန်တိုင်း တွတ်ထိုးကြပြီး အသေးစိတ် စီစဉ်အကွက်ချထားပြီးဆိုတာလည်း ကျွန်တော် သိလိုက်ပါတယ်။

            'မင်းတို့နှစ်ယောက်က ဘယ်လောက်များ အချိန်ယူပြီး တိုင်ပင် ဆွေးနွေးထားကြတာလဲကွာ'လို့ မေးလိုက်တော့ မာရီယာက 'ကြုံရင် ကြုံသလိုပါပဲ။ ကျွန်မတို့နှစ်ယောက် ဒီအကြောင်း ဆွေးနွေးလာကြတာ တစ်နှစ်လောက်တောင် ရှိရော့မယ်။ ရှင့်အနေနဲ့ ဟိုင်းဂရုဖ်စံအိမ်ကို တစ်ခေါက် လောက်ဖြစ်ဖြစ် သွားပြီး လေ့လာကြည့်ပါလား။ ရှင် စိတ်မပါရင်တောင် ကျွန်မအတွက် သွားကြည့်ရတယ်လို့ပဲ သဘောထားလိုက်ပါ'လို့ မာရီယာက ဖြေကြားလာပါတယ်။

            နောက်ဆုံးမှာတော့ ကျွန်တော် လက်လျှော့လိုက်ပါတော့တယ်။ မာရီယာက ကျွန်တော် သဘောတူလိုက်ပြီ ဖြစ်ကြောင်း ဒိုင်ယာနာထံ အကြောင်းကြားပြီးနောက် ဟိုင်းဂရုဖ်စံအိမ်ကို ကျွန်တော်တို့ လာလည်ဖို့လည်း အသေးစိတ် စီစဉ်ကြပါတယ်။ အဲဒီနှစ် နွေရာသီတစ်နေ့မှာတော့ ဟိုင်းဂရုဖ်စံအိမ်ရဲ့ ဘဏ္ဍာစိုးဖြစ်တဲ့ ဟာရိုးဘရောင်းက ကျွန်တော့်ကို ဟိုင်းဂရုဖ်စံအိမ် အလည်အပတ် ခေါ်ဆောင်သွားဖို့ သဘောတူ လိုက်ပါတယ်။ အလည်အပတ်သွားစဉ်မှာ စံအိမ်ရဲ့အနေအထားကိုသာမက စံအိမ်ဝန်ထမ်းများရဲ့ အိမ်ရာစခန်းကိုပါ လေ့လာခွင့်ရမှာပါ။ ဟာရိုး ကျွန်တော့်ကို လာခေါ်တဲ့နေ့က ရုံးပိတ်ရက်မဟုတ်ဘဲ ကြားရက်တစ်ရက်ပါ။ သူက ဟိုင်းဂရုဖ်စံအိမ်ရဲ့ အခန်းများကို တစ်ခန်းချင်း လိုက်ပြပါတယ်။ လှလိုက်တဲ့ စံအိမ်။ ဥယျာဉ်များကလည်း လှမှလှပါပဲ။ ဒီစံအိမ်ကို မြင်ရတော့ ဂလော်ဆက်စတာရှိုင်းယားမှ အဲန်မင်းသမီးရဲ့ စံအိမ်ကို သတိရမိပါတယ်။ စံအိမ်မှာရှိတဲ့ အခန်းတိုင်းက ကျေးလက်မြင်ကွင်းကို မြင်နိုင်ခွင့်ရှိပြီး ရှုပ်ထွေးလှတဲ့ လန်ဒန်ရဲ့ မြင်ကွင်းများနဲ့ လုံးဝမဆိုင်ပါဘူး။ ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာကလေးပါပဲ။ လယ်ကွင်းများထဲက သိုးများ၊ နွားများရဲ့ အော်မြည်သံကို ကြားရပါတယ်။ လန်ဒန်မှာတော့ ဒီလိုအသံတွေ မကြားနိုင်ဘဲ ကားများရဲ့ဟွန်းသံများကသာ ကြီးစိုးနေတာပါ။ အေးချမ်းတဲ့ ဒီနေရာကလေးကို ကျွန်တော် သဘောကျသွားပြီး သားကြီး အလက်ဇန္ဒားနဲ့ နောက်ထပ်မွေးလာမယ့် ရင်သွေးများ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းနိုင်မယ့်အရေးကို တွေးမိပြီး စိတ်ကြည်နူးမိပါတယ်။

            ဘဏ္ဍာစိုး ဟာရိုးက ဟိုင်းဂရုဖ် စံအိမ်နဲ့ မိုင်ဝက်လောက်ဝေးမယ့် ကလို့စ်ယာခင်းဆီကို ခေါ်သွားပြီး ကျွန်တော်တို့ နေခွင့်ရမယ့် အိမ်တစ်လုံးကို ပြပါတယ်။ ကျွန်တော့်ရင်ထဲမှာ အေးစိမ့်သွားပါတယ်။ ဒီအိမ်မှာ နှစ်ပေါင်းများစွာ ဘယ်သူမှ နေခဲ့ကြပုံမရပါဘူး။ အိမ်တစ်အိမ်လုံး ရှုပ်ပွပြီး ပြတင်းပေါက်များကအစ ပျက်စီးနေပါပြီ။ ဒီအိမ်မှာသာ နေရမယ်ဆိုရင် တော်တော်ကလေးကို ပြင်ဆင်ရဦးမယ်လို့ တွေးလိုက်မိပါတယ်။

            'အိမ်က ပျက်စီးနေလို့ စိတ်ပျက်မသွားနဲ့ ပေါလ်။ ဒီအိမ်ကို ခင်ဗျားတို့အတွက် မင်းသမီးက အစအဆုံးပြင်ပေးဖို့ စီစဉ်ထားပြီးသား'လို့ ဟာရိုးက ကျွန်တော့်ကို အာမခံလိုက်ပါတယ်။

            အိမ်ကို ပြင်ပေးမယ်ဆိုတော့ ဘယ်လို ပြင်ပေးမလဲလို့ ကျွန်တော် စဉ်းစားမနေပါဘူး။ ဘာကင်ဟမ် ရွှေနန်းတော်ကြီးရဲ့ မင်းမှုထမ်းများ နေရတဲ့နေရာကို စွန့်ခွာပြီး ဒီလိုနေရာမျိုးမှာ လာနေရတယ်ဆိုတာကိုပဲ ကျွန်တော့်မှာ တွေဝေစရာ ဖြစ်သွားပါတယ်။

            အိမ်ပြန်ရောက်တော့ ကျွန်တော့် အိမ်သူသက်ထားကတော့ မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်ကြိုနေပါတယ်။ သူ စိတ်ပျက်သွားမှာ စိုးပေမယ့် ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ အိမ်ရဲ့အပျက် အစီးအကြောင်းကို ဖွင့်ပြောလိုက်ရပါတယ်။ ကျွန်တော်က ဘာကင်ဟမ်နန်းတော်ထဲက မင်းမှုထမ်းများ နေရတဲ့နေရာဟာ ဟိုင်းဂရုဖ်မှာ နေရမယ့် နေရာထက် အဆပေါင်းများစွာ သာလွန်တဲ့အကြောင်း သူ စိတ်ပျက်လောက်အောင် ပြောပေမယ့် မာရီယာကတော့ စိတ်မပျက်ပါဘူး။ မြို့ပြကို စွန့်ခွာပြီး ကျေးလက်မှာနေလိုစိတ်သာ ပြင်းပြနေပါတော့တယ်။

            'ရှင်ပြောတဲ့အိမ်က ဘယ်လောက်ပဲ စုတ်စုတ်၊ ကျွန်မတို့ စိတ်ရှည်လက်ရှည် ပြင်ကြမယ်ဆိုရင် ကျေးလက်မှာ အင်မတန်နေဖို့ ကောင်းတဲ့ အိမ်ကလေးတစ်လုံး ဖြစ်လာမှာပါ'လို့ အကောင်းမြင်ဘက် ကနေ လှည့်ပြီး ပြောပြန်ပါတယ်။ ကျွန်တော်ကတော့ ဘာကင်ဟမ် နန်းတော်ကြီးထဲမှာပဲ နေချင်ပါတယ်။ ကျွန်တော့်အပေါ်မှာ ဘုရင်မကြီးလောက် ကောင်းတဲ့ သခင်မျိုးလည်း ဘယ်နေရာမှ တွေ့နိုင်မှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါပေမယ့် တစ်ဖက်က ကျွန်တော့်ဇနီးသည်ရဲ့ စိတ်မချမ်းသာမှုကလည်း ကျွန်တော့်အတွက် တွေဝေစရာအချက်တစ်ခု ဖြစ်လာစေခဲ့ပါတယ်။

            ဝေလမင်းသားထံမှာ ကျွန်တော် အမှုထမ်းဖို့ စဉ်းစားကြည့်ပါတယ်။ မင်းမှုထမ်းများကြားမှာ သတင်းကြီးတာက ဝေလမင်းသားဟာ တိကျတယ်၊ ပြတ်သားတယ်။ မင်းမှုထမ်းများကို ဆက်ဆံရာမှာ မာကြောတယ်လို့ ဆိုကြပါတယ်။ ကျွန်တော့်သခင်ဖြစ်တဲ့ ဘုရင်မကြီးကတော့ ကျွန်တော်တို့ကို ဆက်ဆံရာမှာ နူးညံ့ပျော့ပျောင်းပါတယ်။ မာရီယာအနေနဲ့ ဒိုင်ယာနာရဲ့ အပါးမှာ အမှုထမ်းမယ် ဆိုပြန်တော့ သူတို့နှစ်ယောက်ကတော့ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်တဲ့အတွက် ပြဿနာမရှိလောက်ဘူး လို့ ထင်ပါတယ်။ သား အလက်ဇန္ဒားကို ကြည့်လိုက်ပြန်တော့ သူ့အနေနဲ့ မြို့ပြမှာ ကျဉ်းကျဉ်းကျပ်ကျပ် ကြီးပြင်းရတာနဲ့စာရင် ကျေးလက်မှာ ကြီးပြင်းရတာက ပိုပြီး အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ အားလုံးကို ခြုံငုံစဉ်းစားလိုက်တော့ မိသားစုအရေးဟာ ကျွန်တော့်အတွက် ထိပ်ဆုံးက ဦးစားပေးရမယ့်ကိစ္စ ဖြစ်လာခဲ့ပါတယ်။

            ဟိုင်းဂရုဖ်မှာ ပြောင်းရွှေ့အမှုထမ်းမယ်လို့ ကျွန်တော့်စိတ်ထဲမှာ ဆုံးဖြတ်ပြီးဖြစ်ပေမယ့် မာရီယာ ကိုတော့ ကျွန်တော့်ဆုံးဖြတ်ချက် မပြောသေးပါဘူး။ ကိုယ့်ကိုယ်ကိုယ် မသေမချာ ဖြစ်နေသေးလို့ပါပဲ။ ဘာကင်ဟမ်နဲ့ ဟိုင်းဂရုဖ် ကျွန်တော့် ရင်ထဲမှာ လွန်ဆွဲနေတုန်းပါ။ ဘုရင်မကြီးအပါးမှာ အနီးကပ် ခစားခွင့်ရတဲ့ ကျွန်တော့်နေရာမျိုး ရောက်လာတဲ့ ဘယ်မင်းမှုထမ်းမှ တခြားတော်ဝင်မိသားစုများထံ ပြောင်းရွှေ့အမှုထမ်းတာ မရှိခဲ့ဖူးပါဘူး။ ကျွန်တော့်အလှည့်ကျမှ ဒီလိုပြောင်းရွှေ့ တာဝန်ထမ်းဆောင်တယ်ဆိုတာကရော သင့်တော်ပါ့မလားလို့ တွေးတောရပြန်ပါတယ်။

            ကျွန်တော့်မိတ်ဆွေကြီး ပေါလ် ဝှိုင်းဘရူးကို ကျွန်တော့်စိတ်ကူး ပြောပြတော့ သူက 'မင်းရူးနေသလား' လို့ သြဘာပေးပါတယ်။ ဘာကင်ဟမ်ရွှေနန်းတော်ကြီးကို စွန့်ခွာပြီး ကျေးလက်မှာ သွားရောက် တာဝန်ထမ်းဆောင်မယ်ဆိုတာကို သူက လုံးဝ လက်မခံပါဘူး။ မင်း ပြန်စဉ်းစားပါဦးလို့လည်း ကျွန်တော့်ကို တိုက်တွန်းပါတယ်။ တကယ်တော့ သူ့အခြေအနေနဲ့ ကျွန်တော့်အခြေအနေက လုံးဝ မတူပါဘူး။ သူက လူပျိုလူလွတ် ဖြစ်တဲ့အတွက် ပျော်ရာမှာနေလို့ ဖြစ်ပါတယ်။ ကျွန်တော့်မှာတော့ မိသားစုအရေးကိစ္စက ရှိနေတာကြောင့် ပျော်ရာထက် တော်ရာကို ဦးစားပေးရပါတော့မယ်။ နောက်ဆုံးမှာတော့ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ ဒါပေမယ့် ဘုရင်မကြီးကို ဘယ်လို သံတော်ဦး တင်ရမလဲ ဆိုတာကိုတော့ ကျွန်တော် မတွေးရဲသေးပါဘူး။

            ၁၉၈၇ ခုနှစ် ဇွန်လမှာ ကျင်းပတဲ့ နဈသာ မြင်းပွဲကို ချားလ်စ်မင်းသား ကိုယ်တိုင် တက်ရောက် အားပေးပါတယ်။ အထူးဧည့်သည်တော်များ အတွက် စီစဉ်ပေးထားတဲ့ နေရာမှာ မင်းသားက ကြိမ်ကုလားထိုင်တစ်လုံးမှာ ထိုင်ရင်း သူ့ထံ ရောက်ရှိလာတဲ့ စာများကို ဖတ်ရှုနေပါတယ်။ ဒီမြင်းပွဲမှာ ဘုရင်မကြီး၊ အီဒင်ဘာမြို့စားကြီး၊ အလက်ဇန္ဒြား မင်းသမီး၊ ကင့်မြို့စား၊ မင်းသမီး မိုက်ကယ်လ်နဲ့ တခြား တော်ဝင် မိသားစုဝင်များ မြင်းပွဲမစမီမှာ အချိုရည်များ သောက်သုံးရင်း စကားစမြည် ပြောဆိုနေကြတာ ကျွန်တော်နဲ့ ပေအနည်းခန့်သာ ဝေးပါတယ်။ စာတွေ ဖတ်နေတဲ့ မင်းသားထံပါးကို ကျွန်တော် ကပ်သွားပြီး အအေးတစ်ခု ခုများသောက်မလားလို့ လျှောက်ထားမေးမြန်းလိုက်တဲ့အခါမှာ မင်းသားက သူ့ထုံးစံအတိုင်း သံပရာရည် သောက်မယ်လို့ ဆိုပါတယ်။ သံပရာရည်ခွက်ကို ဗန်းပေါ်တင်ပြီး ယူဆောင်လာကာ မင်းသားအနားကို ကပ်လိုက်ချိန်မှာ မင်းသားက ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး ခပ်တိုးတိုး ဆိုပါတယ်။ 'မင်းသမီးက ပြောတော့ မကြာခင် မင်း တို့များရဲ့စံအိမ်မှာ လာပြီး အမှုထမ်းတော့မယ်ဆို' လို့ မေးပါတယ်။

            သူ သိပြီးသား ဖြစ်နေပြီ။ ကန့်ကွက်မယ့်ပုံ မရှိပါဘူး။ ဒါပေမယ့် သူ့မယ်တော်နဲ့ စကားစပ်လို့များ ပြောလိုက်လေမလားလို့ ကျွန်တော် စိုးရိမ်သွားပါတယ်။ ဒါကြောင့် 'အရှင်မင်းသား၊ မယ်တော်ကြီးကိုတော့ ဘာမှ မပြောပါနဲ့ဦး။ ကျွန်တော်မျိုးကိုယ်တိုင် လျှောက်တင်ချင်လို့ပါ' လို့ နှုတ်ပိတ်လိုက်ရပါတယ်။

            နဈသာ မြင်းပွဲပြီးလို့ နှစ်ပတ်လောက်ကြာတဲ့အခါ ဘုရင်မကြီးက ဘာမိုရယ်လ်မှာရှိတဲ့ စံအိမ်မှာ ပြောင်းရွှေ့စံနေတဲ့အတွက် ကျွန်တော်လည်း အတူလိုက်ပါသွားရပါတယ်။ တစ်ရက်မှာတော့ သူ့အချစ်တော် ခွေးကလေးများနဲ့ လမ်းလျှောက်ပြီး ပြန်လာပါတယ်။ ဧည့်ခန်းထဲမှာ ထိုင်ပြီး အပန်းဖြေနေတုန်း ကျွန်တော် အရဲစွန့်လိုက်ပါတယ်။

            'ကျွန်တော်မျိုး လျှောက်တင်စရာတစ်ခု ရှိလို့ လျှောက်ထားပါရစေ'လို့ ပြောလိုက်တော့ ဘုရင်မကြီးက ပြုံးတော်မူပါတယ်။ 'လျှောက်ထားစရာ ဆိုပေမယ့် ကျွန်တော်မျိုးအနေနဲ့ ဘယ်လိုစပြီး လျှောက်ထားရမယ် ဆိုတာတောင် မစဉ်းစားတတ်တော့ပါဘူး' လို့ ကျွန်တော့်ပါးစပ်က ထွက်သွားပါတယ်။ ပြုံးနေတဲ့ဘုရင်မကြီးရဲ့ မျက်နှာကိုကြည့်ပြီး ကျွန်တော့်ဆုံးဖြတ်ချက်ကိုတောင် ပြင်ချင်သလို ဖြစ်လာပါတယ်။

            'ဘာများလဲ ပေါလ်'

            'ကျွန်တော်မျိုး လျှောက်ထားဖို့ရာ အင်မတန် ခက်ခဲပါတယ်'လို့ ကျွန်တော် ပြောတော့ ဘုရင်မကြီးက ကျွန်တော့်စကားကို ငံ့လင့်နေတဲ့ မျက်နှာနဲ့ ကြည့်နေပါတယ်။ သူ့အပါးမှာ ကျွန်တော် မင်းမှုထမ်းအဖြစ် အမှုထမ်းခဲ့တာ ၁ဝ နှစ် ရှိခဲ့ပါပြီ။ ဒီသက်တမ်းတစ်လျှောက်အတွင်းမှာ အခုလို ပါးစပ်က ထွက်ဖို့ ခက်ခဲလှတဲ့ကိစ္စတစ်ခုမှ မကြုံခဲ့ဖူးပါဘူး။

            'ကျွန်တော်မျိုးအနေနဲ့ အချိန်တော်တော်ယူပြီး စဉ်းစားခဲ့ရတာပါ'လို့ ဆိုပြန်တော့လည်း ဘုရင်မကြီးက အပြုံး မပျက်ပါဘူး။ '.... ပြီးတော့ ဆုံးဖြတ်ရ အင်မတန်ခက်ခဲတဲ့ ကိစ္စတစ်ရပ်လည်း ဖြစ်ပါတယ်' လို့ စကားဆက် လိုက်ပေမယ့် နောက်ထပ် ဘာပြောရမှန်းမသိလို့ အချိန်တော်တော် ကြာသွားပါတယ်။ ကြာသွားတဲ့အချိန်က ဘုရင်မကြီး ခွေးကလေးများနဲ့ နောက်တစ်ခေါက် လမ်းလျှောက်ထွက်လို့တောင် ရနိုင်ပါတယ်။ ပြီးတော့မှ '.... ကျွန်တော်မျိုးအနေနဲ့ ဝေလမင်းသား၊ ဝေလမင်းသမီးတို့နဲ့ တိုင်ပင်ပြီးတော့ သူတို့ထံပါးမှာ အမှုတော် ထမ်းချင်လို့ပါ။ ဒါကလည်း ကျွန်တော်မျိုးအကျိုးအတွက် မဟုတ်ဘဲ မိသားစုအတွက် စဉ်းစားရခြင်း ဖြစ်လို့ပါ'

            'ပေါလ်...'

            ဘုရင်မကြီးက စကားသံ ထွက်လာပါတယ်။ 'မောင်မင်း လျှောက်တင်ဖို့ မလိုတော့ပါဘူး။ သားတော် ချားလ်စ်မင်းသားက အကုန်လုံး လျှောက်ထားခဲ့ပြီးပါပြီ'လို့ ဆိုပါတယ်။ ကျွန်တော် ဖြစ်နေတဲ့ပုံစံကို ကြည့်ပြီး စာနာသနားလို့ ကျွန်တော့်စကားကို ဖြတ်လိုက်ပုံ ရပါတယ်။ 'တကယ်တော့ မောင်မင်းက ဘာကင်ဟမ်နန်းတော်ကြီးကို စွန့်ခွာသွားတာ မဟုတ်ပါဘူး။ ခေတ္တခဏ ပြောင်းရွှေ့အမှုထမ်းခြင်းသာ ဖြစ်တယ်။ ချားလ်စ်နဲ့ ဒိုင်ယာနာအနေနဲ့လည်း မောင်မင်းတို့လို အမှုထမ်းမျိုး လိုအပ်ပါတယ်။ တစ်နေ့ကျရင် တို့များ မရှိတော့တဲ့အချိန် သူတို့နှစ်ယောက်က ဘုရင်နဲ့ မိဖုရားဖြစ်လာပြီး ဟောဒီနေရာကို ပြန်ရောက်ကြမှာပဲ မဟုတ်လား'လို့ ပြောကြားပြီး ကျွန်တော့်ကို နှစ်သိမ့်ပါတယ်။

            သူ့အပါးကနေ ကျွန်တော် ထွက်ခွာတော့မယ်ဆိုတော့ နောက်ထပ် ပြောတာက 'ဘာပဲဖြစ်ဖြစ် ပေါလ်ရယ်၊ မင်းအနေနဲ့ မိသားစုအတွက် စဉ်းစားပြီး ဆုံးဖြတ်ရတာဖြစ်လို့ အကောင်းဆုံး အကြောင်းပြချက်ပါ။ တို့ဘက်ကလည်း နားလည်ပါတယ်'

            'ကျွန်တော်မျိုးကို နားလည်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်'လို့ လျှောက်ထားခဲ့ရပါတယ်။

            ဇွန်လကုန်မှ သြဂုတ်လဆန်းအထိ ကျွန်တော့်တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော် ပြောင်းရွှေ့မယ့်အကြောင်းကို နောက်ထပ် ကျွန်တော့်ဘက်က လျှောက်ထားခြင်း မရှိသလို ဘုရင်မကြီးကလည်း နောက်ထပ် ဘာမှ မိန့်တော်မမူပါဘူး။ အဲဒီနှစ်လအတွင်းမှာ ခြေမြန်တော်တစ်ဦးက ကျွန်တော် လုပ်ကိုင်ဆောင်ရွက်သမျှကို အနီးကပ်လိုက်ပြီး လေ့လာစေပါတယ်။ ကျွန်တော့်နေရာမှာ အစားထိုးပြီး ပေါလ်ဝှိုင်ဘရူးနဲ့အတူ အဆင်ပြေပြေတာ ဝန်ထမ်းဆောင်နိုင်ဖို့ပါပဲ။

            တစ်ညနေမှာတော့ ကျွန်တော် တာဝန်ထမ်းဆောင်နေစဉ် လေဒီစူဇန်ဟတ်ဆေးက ကျွန်တော် တာဝန်တွေ ကုန်ဆုံးရင် ဒုတိယထပ်မှာရှိတဲ့ အပျိုတော်များ ရုံးခန်းကို လာရောက်ဖို့ မှာကြားပါတယ်။ လေဒီစူဇန်က ကျွန်တော် လေးစားတဲ့ အပျိုတော်ကြီးတစ်ဦးဖြစ်ပြီး သူမရဲ့ ဖြောင့်မတ်မှန်ကန်မှု၊ ဉာဏ် ရည်ထက်မြက်မှု၊ အကြံကောင်းဉာဏ်ကောင်းပေးနိုင်မှုတို့ကြောင့် ကျွန်တော် အပါအဝင် မင်းမှုထမ်းများက လေးစားကြပါတယ်။ ချားလ်စ်မင်းသား ကိုယ်တိုင်ပင်လျှင် လေဒီစူဇန်ကို လေးစားပါတယ်။

            အပျိုတော်များ ရုံးခန်းထဲကို ကျွန်တော် ဝင်သွားချိန်မှာ လေဒီစူဇန်က သူ့စားပွဲမှာ ထိုင်နေပြီး ကျွန်တော့် ကျောနောက်က တံခါးကို ပိတ်ခဲ့ပါလို့ ဆိုပါတယ်။ စကားစပြောချိန်မှာတော့ ကျွန်တော် ဘာကင်ဟမ်နန်းတော်ကြီးကနေ ဝေလမင်းသားနဲ့ မင်းသမီးထံ ပြောင်းရွှေ့အမှုထမ်းတော့မယ်လို့ ဘုရင်မကြီးထံမှတစ်ဆင့် သူမ ကြားသိရကြောင်း စပြောပါတယ်။ 'မင်းအနေ နဲ့ ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ထင်ရဲ့လား။ အခြေအနေအားလုံးကို မင်း သိမသိတော့ မပြောတတ်ဘူး။ ဟိုင်းဂရုဖ်စံအိမ်မှာရှိတဲ့ အခြေအနေက ဘာကင်ဟမ်နန်းတော်ထဲမှာလိုတော့ မအေးချမ်းဘူးနော်'လို့ ဆိုပါတယ်။

            ဟိုင်းဂရုဖ်စံအိမ်ဆိုတာက ချားလ်စ်တို့မောင်နှံကို ရည်ညွှန်းလိုက်ခြင်းဖြစ်ပြီး အခြေအနေက မအေးချမ်းဘူးဆိုတာကတော့ သူတို့အိမ်တွင်းရေး အခြေအနေ မကောင်းဘူးလို့ ဆိုလိုလိုက်ခြင်းပါပဲ။ စံအိမ်ဝန်ထမ်းများကြားမှာ အိမ်ရှေ့ မင်းသားဇနီးမောင်နှံတို့ အိမ်ထောင်ရေး အခြေအနေ မကောင်းဘူးလို့ သတင်းထွက်နေတာ ကြာခဲ့ပါပြီ။ ဒါပေမယ့် လူ့သဘာဝအတိုင်း သာသာထိုးထိုး ပြောတတ်တာဖြစ်လို့ ကျွန်တော်က လက်မခံသေးပါဘူး။ ခုတော့ အင်မတန် ယုံကြည်စိတ်ချရတဲ့ အပျိုတော်ကြီး လေဒီစူဇန်ကိုယ်တိုင်က ဖွင့်ဟဝန်ခံနေပြီ မဟုတ်ပါလား။ သူက မိတ်ဆွေ ကောင်းတစ်ယောက်အနေနဲ့ ကျွန်တော့်ကို သတိပေးနေခြင်းဖြစ်ပေမယ့် ကျွန်တော်ကလည်း ဆုံးဖြတ်ချက်ချပြီးသား ဖြစ်တာကြောင့် ကျေးလက်မှာ ကျွန်တော့်ရင်သွေးများ ကြီးပြင်းစေချင်လို့ ပြောင်းရွှေ့အမှုထမ်းမှာဖြစ်ကြောင်း အကြောင်းပြန်ရပြန်ပါတယ်။ လေဒီစူဇန်က ဘုရင်မကြီးဟာ ကျွန်တော့်အပေါ်မှာ သံယောဇဉ်ကြီးသူ ဖြစ်ကြောင်း၊ သို့ပေမယ့် မိသားစုအရေးကိစ္စ ဖြစ်တဲ့အတွက် တားမြစ်ပိတ်ပင်မယ့် ဆန္ဒမရှိကြောင်း၊ ပြောင်းရွှေ့တာဝန်ထမ်းရာမှာ မျှော်လင့်ထားသလို အဆင်ပြေပါစေလို့ ဆုတောင်းပါကြောင်း ပြောကြားခဲ့ပါတယ်။

            ၁၉၈၇ ခုနှစ် သြဂုတ်လမှာ ဘုရင်မကြီးအနေနဲ့ ဘရစ်တားနီးယား ဇိမ်ခံ သင်္ဘောကြီးနဲ့အတူ ပြည်ပခရီးစဉ် တစ်ခုထွက်ဖို့ အစီအစဉ်ရှိလာပါတယ်။ အဲဒီနေ့များဟာ ကျွန်တော့်အနေနဲ့ ဘုရင်မကြီးအပါး နောက်ဆုံးတာဝန် ထမ်းဆောင်ရမယ့်နေ့များပါပဲ။ ပုံမှန်မပျက် တာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်။ ခွေးကလေးများကို လမ်းလျှောက်ပေးခြင်း၊ ဘုရင်မကြီးအတွက် နံနက်စာ ပြင်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးမြဲပါ။ နေ့စဉ် ဒီတာဝန်တွေကို ထမ်းဆောင်ပြီးတိုင်းမှာလည်း ကျွန်တော်က 'ကျွန်တော်မျိုးအနေနဲ့ ဘာများလုပ်ပေးဖို့ လိုအပ်ပါသေးသလဲ'လို့ မေးမြန်းမြဲပါ။ နောက်ဆုံးနေ့ကျရင် ဘုရင်မကြီးက ကျွန်တော့်ကို ဘယ်လိုများ နှုတ်ဆက်မှာပါလိမ့် ဆိုတာလည်း ကျွန်တော် စိတ်ဝင်စားလှပါတယ်။

            ခရီးထွက်မယ့်နေ့ကို ရောက်လာပါပြီ။ အချက်ပေးခေါင်းလောင်းသံကြောင့် ကျွန်တော် ဝင်သွားရာမှာ ဘုရင်မကြီးက သာမန်နေ့များအတိုင်း ခွေးကလေးများကို လမ်းလျှောက်ထွက်ပေးဖို့ မိန့်တော်မူပါတယ်။ ကျွန်တော် ပြန်လာချိန်မှာ ဘုရင်မကြီးစီးမယ့် ရိုးလ်ရွိုက်စ်ကားကြီးက အဆင်သင့်ရောက်နေပါပြီ။ ကျွန်တော့်တာဝန်က ဘုရင်မကြီးကို ကားပေါ်အထိရောက်အောင် ပို့ဆောင်ပေးရပါဦးမယ်။ ဒါကြောင့် အိမ်တော်အပေါက်ဝကနေ ထွက်လာမယ့် ဘုရင်မကြီးကို အဆင်သင့် စောင့်ဆိုင်းနေခဲ့ပါတယ်။ ဘုရင်မကြီးက အိမ်တော်ထဲက ထွက်လာပြီး လေဒီစူဇန်နဲ့အတူ ကားပေါ်တက်သွားကြပါတယ်။ ကျွန်တော့်ထုံးစံအတိုင်း သူတို့နှစ်ဦးအတွက် အောက်ပိုင်းနွေးထွေး မှုရှိအောင် ခြုံကြမယ့် စောင်ကလေးများ တင်ပေးလိုက်ပါတယ်။ ကျွန်တော့်ကိုများ တစ်စုံတစ်ခု ပြောလေမလားလို့ မျှော်လင့်ချက်နဲ့ ကြည့်နေမိပေမယ့် ဘုရင်မကြီးက စကားတစ်ခွန်းမှ မပြောတဲ့အပြင် ကျွန်တော့်မျက်နှာကိုလည်း လုံးဝ လှည့်မကြည့်ပါဘူး။ ကျွန်တော် မျှော်လင့်ထားတာက သူနဲ့ကျွန်တော် ဆုံစည်းမှုဟာ ဒီနေ့နောက်ဆုံးဖြစ်တဲ့အတွက် အပြုံးနဲ့ နှုတ်ဆက်လေမလား၊ သို့မဟုတ် လက်ဝှေ့ယမ်းပြသွားလေမလားလို့ မျှော်လင့်ခဲ့တာပါ။ လက်တွေ့မှာတော့ ဘုရင်မကြီးက ရှေ့တူရူကိုသာ စိုက်ကြည့်နေပြီး ကျွန်တော့်ကို လုံးဝနှုတ်မဆက်ပါဘူး။ ကားကြီးကလည်း ထွက်ခွာသွားခဲ့ပါပြီ။

            ကာလ အတော်ကြာတဲ့အချိန်မှာ လေဒီစူဇန်နဲ့ ကျွန်တော်တွေ့ကြတော့ 'ဘုရင်မကြီးက ကျွန်တော့်ကို အဲဒီနေ့တုန်းက ဘာကြောင့် နှုတ်မဆက်သလဲဆိုတာ အပျိုတော်ကြီးများ သိပါသလား'လို့ မေးကြည့်ပါတယ်။ ဒီတော့ လေဒီစူဇန်က 'ပေါလ်ရယ်၊ သူလည်း ဘယ်နှုတ်ဆက်နိုင်ပါ့မလဲ။ နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။ ဒါကြောင့် နှုတ်မဆက်ခဲ့တာပါ'လို့ ရှင်းပြခဲ့ပါတယ်။      

ဆက်လက်ဖော်ပြပါမည်

ဝင်းငြိမ်း

(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မိုင်ခိုး ဇာတ်သိမ်းပိုင်း
ခင်ခင်ထူး

အငယ်တွေကို ညှာတဲ့ ဖြူစင်တဲ့ စိတ်ဓာတ်ကို ကျွန်မ နားလည်ပေမယ့် အမှန်အတိုင်း မပြောတာကိုတော့ ကျွန်မ မကြိုက်လို့ ဆူရငေါက်ရတယ် တစ်ခါတလေ ဘာမဟုတ်တာလေးကိုပဲ မဟုတ်က ဟုတ်က လှည့်ပတ်ပြောချင် ပြောနေတတ်တာပါ