အခန်းဆက်ဝတ္ထုရှည်

မိုင်ခိုး ဇာတ်သိမ်းပိုင်း

ခင်ခင်ထူး

01 March 2026
မိုင်ခိုး ဇာတ်သိမ်းပိုင်း
Share to


မိုးဝေခိုင်ကို အူရန် အရန်ကောလို့ သဘောထားကြတာပေမယ့် မိုးဝေခိုင် အလည်လုပ်လို့ ကျွန်မတို့ လူကြီးတွေ ခံရတာမျိုးကလည်း ရှိသေးတယ်။ မိုးဝေခိုင်တစ်ယောက် ကျွန်မတို့ အိမ်ရောက်လာခါစက လခရယ်၊ ဘာရယ်မဟုတ်ဘဲ ကျွန်မတို့က ကြုံရင် ကြုံသလို မုန့်ဖိုး ပေးတတ်တယ်။ မနက်ခင်း တံမြက်လှည်း ဖုန်ခါပြီးရင် တစ်ရာ၊ နှစ်ရာ။ နေ့လယ်ပိုင်းကျတော့လည်း ငါးဆယ်မျိုး၊ တစ်ရာမျိုး ပေးတာပါပဲ။ သည်ကြာထဲ ကျွန်မအိမ်သားက သူ့စာရေးစားပွဲပေါ် အလွယ်ရှိနေတတ်တဲ့ ငါးဆယ်၊ တစ်ရာဆိုသလို ပေးသေးတယ်။ ပစ္စည်းတစ်ခုခု ဝယ်ခိုင်းရင်လည်း ပိုတဲ့ပိုက်ဆံ ညည်းပဲ ယူလိုက်‌တော့ ဆိုတာမျိုးကလည်း မကြာခဏ။ ဆိုတော့ တွက်ကြည့်လိုက်ရင် မိုးဝေခိုင်က တစ်လ လေးငါးထောင်လောက်တော့ ရတာပေါ့။ ဒါပေမယ့် လုံးခနဲ မရသလိုဖြစ်နေတော့ မအေကို စို့စို့ပို့ပို့ကလေးအပ်နိုင်အောင် လကုန်မှ တစ်လုံးတည်း ပေးရင်ကောင်းမယ်လို့ ကျွန်မတို့ စဉ်းစားရပါတယ်။ တစ်ရက်တော့ သူ့အမေက ကျွန်မဆီလာပြီး ဆရာမရယ် မိုးဝေခိုင်ကို မုန့်ဖိုးပေး‌ပေးနေတာတွေ စုထားပေးပါလို့ ပြောတယ်။ “သူရလာတဲ့ ပိုက်ဆံတွေ မသုံးရှာပါဘူး။ ရသမျှ ကျွန်မကို အကုန်ပေးပါတယ် ဆရာမရယ်။

ဒါပေမယ့် လုံးခနဲ မစုမိတော့ ဆရာမတို့ကပဲ ပြန်စုပေးထားပါရှင့်'

သည်လို ပြောလာလို့ ကျွန်မက မိုးဝေခိုင်အတွက် မြေစုဘူးကလေးတစ်လုံး ဝယ်ပေးလိုက်တယ်။

'ကဲ ရော့...မိုင်ခိုးအတွက် စုဘူး၊ ဆရာမတို့ပေးတဲ့ မုန့်ဖိုးတွေကို သည်စုဘူးကလေးထဲ ထည့်ထည့် သွားနော်။ ပြည့်တော့မှ ဖောက်၊ ဘုရားပွဲကျရင် မိတ်ကပ်တွေ၊ အဝတ်အစားတွေ ဝယ်ရအောင်လို့'

ကျွန်မက စုဘူးကလေး ပေးလိုက်ရင် မိုးဝေခိုင် ဝမ်းသာသွားမှာပဲလို့ ထင်ထားတာ။ သူက စုဘူးကြီးကို ကြည့်ပြီး မထုံတက်သေးနဲ့ ခေါင်းကိုသာ တွင်တွင်ကုတ်နေလေရဲ့။ စုဘူးကြီးကို သိပ်အာရုံရှိပုံမရတဲ့ မိုးဝေခိုင်ကို ကျွန်မ အံ့သြနေမိတယ်။

'ဆရာမ...သမီး အမေ့ကိုပဲ ပေးချင်တယ်။ သည် စုဘူးကြီးထဲ မထည့်ချင်ဘူး'

အဲသလို ပြောတော့ ကျွန်မမှာ စိတ်မကောင်းတောင် ဖြစ်မိသွားတယ်။ မအေကို သိတတ်လေခြင်း၊ ညှာတာတတ်လေခြင်းရယ်လို့ ခံစားမိရတယ်။ စုဘူးထဲကို ပိုက်ဆံထည့်ရတဲ့ အဓိပ္ပာယ်ကိုလည်း သူ သိပုံမရပါဘူး။ သည်တော့လည်း ကျွန်မက သူ့ဆန္ဒလည်း ပြည့်၊ စုလည်း စုဖြစ်အောင်လို့ မနက်ပိုင်း ဆရာမတို့ ပေးတဲ့ပိုက်ဆံကို အမေ့ပေး၊ နေ့လယ်ပိုင်းပေးတဲ့ ပိုက်ဆံကို စုဘူးထဲထည့်ဆိုတော့မှ ပြုံးတော့တာပါ။ သည်လို စီမံရတာက သူ့အမေ မတင်နွဲ့ကလည်း ဝင်သွားသမျှ ပိုက်ဆံ ပြန်မထွက်ကြေး ဆိုသလို မိုးဝေခိုင်အတွက် တစ်ကျပ်တစ်ပြားဖိုးတောင် ဝယ်ပေးဖော်မရ တာကို ကျွန်မ သိထားလို့ပါ။ မိုးဝေခိုင်ရဲ့ အဘွားကပဲ သူ့မြေးမလေးကို ဆင်ရှာပြင်ရှာတာလို့ ပတ်ဝန်းကျင် ပြောစကား ကြားထားရတာဆိုတော့ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်း စွဲသာ လုပ်ပေးရတာပါ။ စုဘူးထဲ တစ်ရက် တစ်ရာလောက် ဝင်ဦးတော့ တစ်လ သုံးထောင်လောက်တော့ စုမိမယ်လို့ ကျွန်မ တွက်မိတယ်။

တစ်လလောက်ရှိတော့ သူ့အမေ မတင်နွဲ့ ကျွန်မတို့ အခန်းကို ပေါက်ချလာတယ်။ ထုံးစံအတိုင်း တစ်ကိုယ်လုံး မီးသွေးမှုန့်တွေ ကပ်လို့လေ။ မတင်နွဲ့က မီးသွေးဖိုးရှင်းစရာ မရှိလို့ သူ့သမီး စုဘူးဖောက်ပါရစေ ပြောလာတော့ ကျွန်မမှာ ကလေးပိုက်ဆံ မျှော်ကိုးလေခြင်းရယ်လို့ စိတ်တောင် ကသိကအောက် ဖြစ်သွားမိသေး။ ကလေးမုန့်ဖိုးစုတာ ဘယ်လောက်ရဦးမှာတုံး မတင်နွဲ့ရဲ့ဆိုတော့ လေးငါး ခြောက်ထောင်လောက်တော့ ရှိရောပေါ့တဲ့။ ကလေးစုတာမှ တစ်လမရှိသေးဘူး ဖြစ်ပုံများတော့။ စုဘူးခွဲကြည့်လိုက်တော့ ငွေက နှစ်ထောင် ပျော့ပျော့လောက်ပဲရှိရဲ့။

သည်မှာတင် မိုးဝေခိုင်ရဲ့ ရုပ်လုံးက ပေါ်လာတော့တာပါ။ ကျွန်မက မနက်ပိုင်း ပေးလိုက်တဲ့ ပိုက်ဆံကို သူ့ အမေ မပေးတဲ့အပြင် နေ့လယ်ပိုင်း ရတဲ့ပိုက်ဆံလည်း စုဘူးထဲ အကုန်အစင် မထည့် ပေပဲကိုး။ စုဘူးမထားခင်ကလည်း သည်လိုပဲတဲ့။ မအေကို ပေးတဲ့အခါပေး၊ မပေးတာက များလို့ မတင်နွဲ့က ကျွန်မဆီ စုခိုင်းတာလို့ ပေါ်လာကုန်ရော။ စုဘူးထဲ ပိုက်ဆံမရှိတာကတော့ ကျွန်မတို့နဲ့လည်း ဆိုင်နေပြီလေ။ ကျွန်မတို့ကပဲ ကလေးကို မုန့်ဖိုး မပေးဘဲ ခိုင်းနေသလိုလို ဖြစ်နေတာ မဟုတ်လား။ ကနေ့မနက်မှာတင် နှစ်ရာတောင် ပေးလိုက်သေးတာဆိုတော့မှ မတင်နွဲ့က အောက်ထပ်က မိုးဝေခိုင်ကို ကုန်းအော်ခေါ်တော့တာပါ။ မိုးဝေခိုင်က သုတ်သီးသုတ်ပျာ တက်လာတဲ့ပြီး စုဘူး ကွဲလည်းတွေ့ရော မျက်နှာတွေများ ပျက်လို့။ ကျွန်မက အရင်နေ့က ပိုက်ဆံမမေးဘဲ မနက်တုန်းက ပေးလိုက်တဲ့ ငွေနှစ်ရာကို မေးတော့ သူက ပြူးပြူးပြာပြာနဲ့ 'အဲ...ဘာလဲ စုဘူးထဲ ထည့်တယ်လေ' တဲ့။

'ဟဲ့...ဘယ်က စုဘူးထဲ ထည့်ရမှာတုန်း၊ ညည်း ငွေ နှစ်ရာကို ကိုင်ဆင်းသွားတာ ဆရာမ မြင်လိုက်တယ်၊ မှန်မှန်ပြောရမယ် သမီးရဲ့' ဆိုတော့ သူ စုဘူးထဲ ထည့်လိုက်တာ ဆရာကြီးတောင် မြင်တယ်လို့ ပြောပြန်ရော။ သည်တော့ ကျွန်မ ခင်ပွန်းလည်း အမှုထဲ သူပါလာပြီမို့ မနေသာတော့ သူမမြင်ကြောင်း ဝင်ရှင်းရတာပါ။ နောက်ဆုံး မတင်နွဲ့နဲ့ ကျွန်မ နှစ်ယောက် နှစ်ဖက်ညှပ်ပြီး စစ်ဆေးမှပဲ အမှုမှန်ပေါ်တော့တာလေ။ အောက်ဆုံး မြေညီထပ်ဈေးဆိုင်က မုန့်စုံရောင်းတဲ့ညီအစ်မပါ ကျွန်မတို့အခန်းပေါ် တက်လာပြီး မိုးဝေခိုင် ငွေပျောက်မှုကြီးကို ကူရှင်းရတဲ့အထိ ပြဿနာက ကြီးကျယ်သွားတော့တာကလား။ သည်တော့လည်း ငြိမ်လို့။

'မိုးဝေခိုင်ဖြင့် နေ့တိုင်း ကျွန်မတို့ဆိုင် မုန့်လာဝယ်စားနေတာ ကြာလှပေါ့၊ အိုအိရှိ အာလူးကြော် ရှစ်ဆယ်တန်တွေ၊ ဂျယ်လီတစ်ရာတန် ဘူးကြီးတွေ ဝယ်စားလို့တောင် ကျွန်မက မုန့်ဖိုး ဘယ်ကရတာလဲ မေးတော့ အပေါ်ထပ်က ဆရာမတို့က ပေးတာလို့ ပြောတယ်။ ခုနတုန်းကတောင် နေကြာစေ့ တစ်ရာတန်နှစ်ထုပ် ဝယ်သွားသေး'

သည်ထွက်ဆိုချက်လည်း ကြားရော မတင်နွဲ့က မပြောမဆိုနဲ့ မိုးဝေခိုင်ရဲ့ ဆံပင်ဘုတ်သိုက်ကို ဆွဲဆောင့်တော့တာပါပဲ။ သူ ဘယ်လိုမှ ပြေးမလွတ်မှန်း သိတော့မှ မိုးဝေခိုင်က ဝန်ခံတော့တာပါ။ သူ့မောင်လေးကို နေ့တိုင်းမုန့်ဝယ်ကျွေးချင်လို့ အမေ့ကို မပေးတာပါလို့ ပြောတယ်။ ကျွန်မလည်း စိတ်ရှုပ်တာနဲ့ပဲ မိုးဝေခိုင် စုဘူးကိစ္စ သူ့အမေကို လွှဲလိုက်ရတယ်။

'မတင်နွဲ့ရေ...ဒါက ကျွန်မတို့ သူ့ကို ပေးတဲ့ မုန့်ဖိုးတွေ စုဘူးထဲ သူ့ဟာသူ ထည့်တယ် ထင်တာပေါ့ရှင်၊ သူ့ကို ယုံမိတာ ကျွန်မ အမှားပါလေ။ မအေ ပေးချင်တယ်ဆိုတော့ ဟုတ်ရှာမှာပဲလေ ဆိုပြီး မနက်တိုင်း ပေးပေးနေတာ။ မအေ မပေးဘဲ သူ့ဘာသာသူ သုံးနေတယ်လို့ ကျွန်မလည်း မထင်မိဘူး'

မတင်နွဲ့က ကျွန်မတို့ကို တောင်းပန်တယ်။ မိုးဝေခိုင် အလှည့်အပတ်ကို သူ့ အမေရော ကျွန်မတို့ရော ခံရတာကို ကျွန်မအိမ်သားကတော့ ပြောလို့ မဆုံးဘူး။

'ကလေးဆိုတော့လည်း အပြစ်တင်ရ အခက်သား၊ ကိုင်း...မတင်နွဲ့ရေ သည်လိုလုပ်၊ တစ်လ တစ်ခါ လခသဘောမျိုး ခင်ဗျားလာလာယူပါဗျာ... မိုးဝေခိုင်ကို မုန့်ဖိုးပေးတာတော့ သူစားချင်တာ စားပါ စေ၊ ကလေးသဘာဝပေါ့ဗျာ'

တကယ်တော့ မိုးဝေခိုင်ဟာ သူ့အတွက် သုံးပစ်တာလည်း မဟုတ်ဘဲ သူ့ မောင်လေးကို ကျွေးချင်တာနဲ့ လုပ်မိတာပါလို့ နောင်မှပြောရှာပါတယ်။ သူ့မောင်လေးကို အင်မတန် ချစ်တာလည်း ကျွန်မ သိတယ်။ မသိနားမလည်မှုအပေါ် ပုံချလိုက်ရတာပေမယ့် မတင်နွဲ့ကသာ ကျွန်မတို့ကို မယုံရင် အတော်ခက်မယ့် ကိစ္စပါ။ မိုးဝေခိုင်ကတော့ သူ့ အလိမ်ပေါ်သွားလို့ ရှက်ကိုး ရှက်ကန်း မျက်နှာမရှိပါဘူး။ သူ့ကိုယ်ပိုင်ပိုက်ဆံကို သူ့ စိတ်ကြိုက် ဆုံးဖြတ်ပြီး သုံးတယ် ဆိုတဲ့ပုံမျိုးနဲ့ပါ။

မိုးဝေခိုင်ဟာ သည်လို မလိမ့်တပတ်ကလေးတွေတော့ လုပ်တတ်တယ်။ ကျွန်မက အိမ်မှာ ထမင်း ဟင်းပိုရင် သပ်သပ်ရပ်ရပ် ထည့်ပြီး ပေးလိုက်တာတို့၊ မုန့်ကလေး ဘာလေး ကျွေးတာတို့ဆိုရင် ဘယ်တော့မှ သူ မစားဘူး။ ယူသွားသမျှ၊ ပါလာသမျှ သူ့မောင် အငယ်ကလေးကိုပဲ ကျွေးသတဲ့။ ကျွန်မတို့က သူ့ကို စားစေချင်တာပေါ့။ တစ်ခါတလေ သည်မှာပဲ စားဆိုပြီး ပေးတဲ့ မုန့်ကလေးတွေ ကျွန်မ မမြင်အောင် ဟိုနားကပ်သည်နားတင်နဲ့ အပြန်ကျမှ ဖွက်ယူသွားတာမျိုးလည်း ရှိတယ်။ တစ်ခါတစ်ရံ ကျွန်မတို့ မိတ်ဆွေတွေက ကျွန်မတို့ မိသားစုအတွက်ရယ်လို့ ဒန်ပေါက်တို့၊ ထောပတ် ထမင်းတို့ လာပေးကြရင် ကျွန်မတို့ဇနီးမောင်နှံက သွေးတိုးကြောက်လို့ မစားဖြစ်ကြဘူး။ မိုးဝေခိုင်တို့ကို ခေါ်ပေးရတယ်။ သူ့ချည်း အိမ်မှာကျွေးရင် အင်တင်တင် လုပ်တော့တာပဲ။ ဒါကို ရိပ်မိတော့ ညည်းတို့အိမ် သွားစားချေလို့ ခွင့်ပြုရတယ်။ သူ အိမ်ရောက်တော့ အပေါ်ထပ်မှာ စားခဲ့ပြီလို့ ညာပြောပြီး သူ မစားရှာဘူး။ နောက်တစ်နေ့ အပေါ်တက်လာလို့ စားကောင်းလားလို့ မေးရင် မိုးဝေခိုင်က 'ကောင်းတယ် ဆရာမ ကြက်သားတုံးကြီး သမီးချည်း စားပစ်တာ'လို့ လိမ်ပြောတတ်တယ်။ အငယ် တွေကို ညှာတဲ့ ဖြူစင်တဲ့ စိတ်ဓာတ်ကို ကျွန်မ နားလည်ပေမယ့် အမှန်အတိုင်း မပြောတာကိုတော့ ကျွန်မ မကြိုက်လို့ ဆူရငေါက်ရတယ်။ တစ်ခါတလေ ဘာမဟုတ်တာလေးကိုပဲ မဟုတ်က ဟုတ်က လှည့်ပတ်ပြောချင် ပြောနေတတ်တာပါ။ ရှေ့ကဖုံး နောက်ကပေါ်နေတာ မဟုတ်လား။

နေ့လယ်နေ့ခင်းဘက် သရေစာရယ်လို့ စားချင်စိတ်ရှိတဲ့အခါမျိုးမှာ တိုက်တန်းတောင်ဘက်က ရပ်ကွက်ကလေးထဲက မုန့်ပျားသလက်ဆိုင်ကို ကျွန်မတို့က သွားအဝယ်ခိုင်းတတ်တယ်။ မုန့်ပျားသလက်အဖြူရယ်လို့မှာရင် သူက အနီဝယ်လာချင် ဝယ်လာတယ်။ ရိုးရိုးစားတော်ပဲ ဖြူးရုံပဲ၊ ခရမ်းသီးတွေ၊ ငရုတ်သီးတွေ မထည့်ခဲ့နဲ့ မှာလိုက်ပေမယ့် ပါချင်ပါလာတတ်တာလည်း ရှိရဲ့။ အဲသလို အဝယ်မှားလာခဲ့ရင် တောင်ပြောမြောက်ပြော လျှောက်ပြောတော့တာပဲ။

'မုန့်ပျားသလက်က အဖြူမရတော့ဘူး ဆရာမရဲ့။ စားတော်ပဲကလည်း ကုန်နေလို့တဲ့'

နောက်တစ်ခေါက် သွားဝယ်ခိုင်းရင် အဖြူလည်း ရတယ်၊ ပဲလည်း ရတယ်၊ အဲသလို မိုးဝေခိုင်နဲ့ ကျွန်မနဲ့ အမြဲတမ်းလိုလို ပြဿနာတွေ ရှိခဲ့ရပေမယ့် သူကလေးရဲ့ ဖြူစင်တဲ့စေတနာနဲ့ ရိုးသားတဲ့ အကျင့်စာရိတ္တကိုတော့ ကျွန်မ အသိအမှတ် ပြုမိပါရဲ့။

ကျွန်မ သမီးလေးကို ကိုယ်ဝန်ဆောင်ခဲ့ရတဲ့ တစ်ချိန်လုံး ကျွန်မကို အနီးကပ် တောက်တိုမယ်ရ ကူညီခဲ့တာ မိုးဝေခိုင်ပါ။ သမီး ကိုယ်ဝန်ခြောက်လလောက် အရမှာ ပိုတက်စီယမ် နည်းလို့ဆိုပြီး ကျွန်မ တစ်ကိုယ်လုံး ပုံကျသွားခဲ့ရတယ်။ ခုတင်ပေါ်မှာတောင် တောင့်တောင့်တင်းတင်း ထိုင်လို့ထလို့ မရတဲ့အခြေအနေဆိုတော့ ကျွန်မ အညစ်အကြေးတွေ၊ ထဘီတွေကအစ သူပဲ ဒိုင်ခံသန့်ရှင်း လျှော်ဖွပ်ပေးရှာတယ်။ ရွံစရာရယ်၊ အော့စရာရယ်လို့ မတွက်ရှာဘူး။ သီချင်း တအေးအေးနဲ့။ တစ်ကိုယ် လုံးလည်း ရေတွေ ရွှဲလို့။ ရေချိုးခန်းက တော်တော်နဲ့ မထွက်တော့ဘူး။ ကျွန်မ ကြွက်တက်တော့လည်း ဆေးလိမ်းပေးတာမျိုး၊ နှိပ်နယ်ပေးတာမျိုးတွေ သူ လုပ်ပေးရှာတယ်။ နေ့စဉ်နဲ့အမျှ အော်လိုက်ဟစ်လိုက်၊ ခေါက်လိုက်ထုလိုက်၊ ရယ်စရာ ပြောလိုက်၊ ပြောင်လိုက် နောက်လိုက်နဲ့ဆိုတော့ သူကလည်း ကျွန်မတို့အပေါ် အတော်ကလေး ချစ်ခင်လာပုံ ရတယ်။ ကျွန်မတို့ကလည်း သူ့အပေါ် သံယောဇဉ်တွေ ပိုလာရတော့တာပါ။ မိုးဝေခိုင်မို့ နေမကောင်းရင် ကျွန်မတို့က ဆေးခန်းသွားဖို့ ဆေးဖိုးဝါးခ ပေးရတာမျိုး၊ ဆံပင်ရှည်လာရင် ဆံပင်ညှပ်ခပေးပြီး ညှပ်ခိုင်းရတာမျိုး၊ ဘုရားပွဲ ကျောင်းပွဲ ရှိရင် အဝတ်အစားကလေး ချုပ်ပေးရတာမျိုးကအစ ကိုယ့်အိမ်သူအိမ်သားတစ်ယောက်လိုပဲ သဘောထားမိပါရဲ့။

တစ်ခါတော့ ကျွန်မက မိုးဝေခိုင်ကို မန်းမြို့ဈေး ခေါ်သွားပြီး ရွှေနားကွင်းကလေး လုပ်ပေးလိုက်တယ်။ ကုန်ကျရင် ကျပါစေကွာ၊ ဈေးတန်တာကလေး ကောင်းကောင်း လုပ်ပေးလိုက်ပါလို့ အိမ်သားကလည်း ခွင့်ပြုတယ်။ ကျွန်မမှာ ကိုယ်လေးလက်ဝန်ကြီးနဲ့တောင် ကိုယ်တိုင်ပဲ ရွှေဆိုင်သွားပြီး နားကွင်းကလေးတစ်ရံ လုပ်ပေးလိုက်တာပါ။ သူ့ကို ကျွန်မ တကယ် ကျေးဇူးတင်မိတာလည်း ပါသလို သံယောဇဉ်နဲ့ စေတနာလည်း ပါပါတယ်။ နားကွင်းထိပ်မှာမှ ကျောက်ဖြူကလေး တစ်လုံး မြှုပ်ထားတာပါ။ မိုးဝေခိုင်က အသားကလေးဖြူတော့ နားကွင်းကလေး ဆင်လိုက်ရင်ပဲ မျက်နှာကလေးက ဝင်းစက်သွားတော့တာပဲ။

'မိုင်ခိုးက နားကွင်းကလေးနဲ့ဆိုတော့ ကိုရီးယား မင်းသမီးလေးလို လှသွား လိုက်တာတော်...ရည်းစားတွေ ဘာတွေ မထားလိုက်နဲ့ဦးနော်'

ကျွန်မက စတော့ သူက ပြုံးပြုံးကြီး ကျေနပ်သွားရာက မချိုမချဉ်မျက်နှာနဲ့ မဲ့ပြလိုက်သေးတယ်။

'ဘယ်ကောင်မှ မကြိုက်ပေါင်...ဝေးသေး'

'အံမယ်...ညည်းကို ကိုကိုမောင်က ကြိုက်နေတာကို ဆရာမ ကြားပါတယ်'

ကျွန်မက နောက်တော့ သူက ဟီးခနဲတစ်ချက် ရယ်လိုက်သေးတယ်။ ပြီးမှ မျက်နှာပိုး သတ်မရတဲ့မျက်နှာနဲ့ ပြောတယ်။

'ကိုကိုမောင်က ဦးနှောက်မကောင်းဘူး ဆရာမရဲ့၊ ပေါတောတောနဲ့ ကြိုက်ချင်ပေါင်'

ငပြူးက ပြဲရတယ်ရှိသေး။ ကိုကိုမောင်ဆိုတာ ကျွန်မတို့ တိုက်ကပါပဲ။ အသက် သုံးဆယ်ကျော် လေးဆယ်လောက် ရှိရောပေါ့။ သူကလည်း ကပေါက်တိ ကပေါက်ချာ လူပျိုကြီးဆိုတော့ မိုးဝေခိုင်ရဲ့အမေ မတင်နွဲ့က စ,စနေတာ ကျွန်မသိထားလို့ နောက်တာကို မခံချင်ဖြစ်နေတဲ့ မိုးဝေခိုင် ကို ကြည့်ပြီး ကျွန်မဖြင့် ရယ်ချင်လိုက်တာ။ ကိုယ်က ဇောက်တိဇောက်ထိုးပေမယ့် သည်လိုတော့လည်း မိုးဝေခိုင်က အသိသား။ လူ့ သဘာဝပဲ ထင်ပါရဲ့။

နားကွင်းကလေးနဲ့ မိုးဝေခိုင်ကို ကြည့်ပြီး ကျွန်မတောင် ဝမ်းသာမိရတယ်ဆိုရင် မအေဆိုရင် ဘယ်လောက် ပီတိဖြစ်လိုက်ရှာ လေမလဲရယ်လို့ မတင်နွဲ့ကို အခေါ်ခိုင်းပြီး တစ်ခါတည်း ဆင်ပေးလိုက်တယ်။ ရွှေဘောင်ချာပါ တစ်ခါတည်း ပေးလိုက်တာပါ။

'မတင်နွဲ့ရေ...နားကွင်းကလေးက တစ်သောင်း ငါးထောင် ပေးရတယ်။ ရော့ ဒါက ဘောင်ချာ၊ နောင် သူအပျိုကလေး ဖြစ်လာတော့ ပိုက်ဆံဖြည့်ပြီး ချယ်နားကပ်ကလေး လုပ်ပေးကြတာပေါ့...သိမ်းထား'

မတင်နွဲ့က သူ့သမီးကို တပြုံးပြုံးနဲ့ ကြည့်နေတာကို မြင့်ရတော့ ကျွန်မ ကြည်နူးသွားရတယ်။ ဒါပေမယ့် ကျွန်မစိတ်ထဲ ဘယ်က ဘယ်လို အတွေးရောက်လာတယ် မသိဘူး။ မတင်နွဲ့ကို ဖျတ်ခနဲ ပြောလိုက်မိတော့တာပါ။ လိုရင် ကလေးစုဘူး ဖောက်ဖို့ စိတ်ကူးတဲ့ မအေဆိုတော့ ခေါင်းထဲ ရောက်လာတာနဲ့ တူပါရဲ့။

'ကလေးကို ဆင်ပေးလိုက်တဲ့ နားကွင်းကလေးကိုတော့ မတင်နွဲ့ ပေါင်နှံ မစားစေချင်ဘူး၊ မတင်နွဲ့တို့ နောက်ထပ် ဆင်နိုင်ဖို့ အခက်အခဲ ရှိနိုင်လို့ ပြောတာပါရှင်၊ ကလေးနားကွင်း ဖြုတ်ရင်တော့ ကျွန်မ စိတ်ဆိုးမှာနော်'

မတင်နွဲ့ ကွယ်ရာမှာလည်း မိုးဝေခိုင်ကို ကြိတ်မှာရပါသေးတယ်။

'မိုင်ခိုး ညည်းအမေက နားကွင်းကို ပေါင်ဖို့ ရောင်းဖို့ တောင်းလို့ရှိရင် ဖြုတ်မပေးနဲ့နော်။ ဆရာမကို လာပြော၊ ဆရာမကို မပြောဘဲနဲ့ နားကွင်းဖြုတ်ပေးလိုက်ရင် ဆရာမတို့အိမ် လုံးဝတက် မလာခဲ့နဲ့တော့'

'မပေးဘူး'

မိုးဝေခိုင်ကလည်း သည်အန္တရာယ်ကိုတော့ သူလည်း ဉာဏ်မီသလောက် တွက်ထားပုံရတယ်။ အလှအပ မက်ရှာတဲ့ မိုးဝေခိုင် တစ်ယောက်ကတော့ နားကွင်းကလေး တယမ်းယမ်းနဲ့ရွှေအစစ်ဆိုတဲ့ ခံစားမှုတော့ သူ့မှာ ရှိပုံမရဘူး။ နားကွင်းကလေးရလို့ သူလှလာတာလောက်ပဲ ခံစားမိပုံပါ။

သိပ်မကြာပါဘူး။ ကျွန်မ တွေးထားတဲ့အတိုင်းပဲ မတင်နွဲ့တစ်ယောက် ကိုယ်လုံးဝဝကြီး တယမ်း ယမ်းနဲ့ ကျွန်မတို့အခန်း တက်လာတာပါပဲ။ မျက်နှာကလည်း ပြုံးလို့။ ကျွန်မ ရိပ်မိလိုက်ပြီ။

'ဆရာမရေ...ကျွန်မတို့ တိုက်ခန်းက ပေါင်ထားရတာပါ၊ အတိုးပေးရမှာ နီးလာလို့ မိုးဝေခိုင်နားကွင်းကလေး ခဏပေါင်ချင်လို့ပါ။ မကြာပါဘူး။ မီးသွေး အကြွေးတွေရရင် ကျွန်မ ပြန်ရွေးပေးမှာပါ'

ကျွန်မ ထင်ထားတာ မှန်နေပြီပေါ့။ တကယ်တော့ သည်ပစ္စည်းက ခဏခေတ္တ ဆင်ထားတာ မဟုတ်ပါဘူး။ ကျွန်မတို့က သဒ္ဓါလို့ ပေးပြီးမှ ကျွန်မတို့ပစ္စည်းလည်း မဟုတ်တော့ပါဘူး။ သူ့သမီး ပစ္စည်း သူ့ပစ္စည်းဆိုသလို သူတို့သဘောရှိနိုင်ပါပြီ။ ဒါပေမယ့် ကျွန်မက နားကွင်းဖြုတ်တဲ့နေ့ တက်မလာ နဲ့ ပြောထားတော့ မိုးဝေခိုင်က နားရွက် အကိုင်မခံဘူး။ သည်တော့ ကျွန်မကို လာတိုင်တည်ရင်း ကျွန်မ ခွင့်ပြုချက်နဲ့ မိုးဝေခိုင်ကို ဖြုတ်ခိုင်းချင်တဲ့သဘောပေါ့။ ကျွန်မက လုံးဝ ခွင့်မပြုနိုင်ပါဘူး။ ကလေးပစ္စည်းတော့ မထိပါနဲ့ မတင်နွဲ့ရယ်၊ တခြားက ရှာပါ။ ဇွတ်ဖြုတ်ရင်လည်း ကလေးကို ကျွန်မ တို့ဆီ မလွှတ်နဲ့တော့ဆိုမှ မတင်နွဲ့လည်း လန့်သွားတယ်။ ကျွန်မကို ဘာမှ ဆက်မပြောဘဲ ရယ်ကျဲကျဲနဲ့ ပြန်သွားတာပါပဲ။ မိုးဝေခိုင် တက်လာတော့လည်း ကျွန်မ သတိထပ်ပေးရပြန်တယ်။

'ဒါပဲနော် မိုင်ခိုး၊ ညည်း အမေက နားကွင်းဖြုတ်ရင် ဆရာမကို လာတိုင်ရမယ်၊ ညည်းကပါ အလိုတူ အလိုပါ ဖြုတ်ပေးလို့ကတော့ အသိပဲ'

'အမေက ဖြုတ်ဖြုတ်နဲ့လုပ်တာ သမီးက နားကိုအကိုင်မခံဘူး'

သူကတောင် အကဲ ဆတ်လိုက်သေးရဲ့။ ဒါပေမယ့် သိပ်မကြာပါဘူး။ မတင်နွဲ့ ကျွန်မဆီ ရောက်လာပြန်တယ်။

'ဆရာမရေ... ကျွန်မ ညီမကမွေးတဲ့ တူမကလေးက မင်္ဂလာဆောင်လိုက်ချင်လို့ မိုးဝေခိုင်ဆီက နားကွင်း ခဏငှားတာ အဲဒါ မပေးဘူးလုပ်နေလို့'

မိုးဝေခိုင်ကို လာတိုင်သလိုလိုနဲ့ နားကွင်းဖြုတ်ဖို့ အကြောင်းရှာပြန်ရော။ ကျွန်မကလည်း မတင်နွဲ့ သဘောကို သိနေပါပြီ။ နားကွင်း ငှားလိုက်တာ ကျပျောက်သွားလို့ ဆရာမရယ်လို့ အစဖျောက်ပစ်ရင် ဝိနည်းလွတ်နိုင်တာ မဟုတ်လား။

'ဘာကိစ္စ ငှားရမှာလဲ မတင်နွဲ့ရဲ့၊ လုံးကြီးခဲရ ရွှေမျိုးလည်း မဟုတ်ဘဲနဲ့၊ ထားပါတော့ ငှားလိုက်လို့ ကျပျောက်သွားရင် ဆွေကြားမျိုးကြား အလျော်စားရဖို့ ခက်ပါဘိသနဲ့၊ မငှားပါနဲ့ရှင် စိတ်ဆိုးလည်း ဆိုးပေါ့'

ကျွန်မက သည်လိုပြောလိုက်တော့ မတင်နွဲ့လည်း ရှေ့ဆက်မတိုးသာလို့ ပြန်သွားပြန်ရော။ မတင်နွဲ့ သည်လို လုပ်လုပ်နေတာကို ကျွန်မအိမ်သားကတော့ ပြောပါတယ်။

'မင်းကွာ နေရင်း ထိုင်ရင်း သူများအလုပ် ကိုယ့်အလုပ် အရှုပ်ခံနေတယ်၊ လုပ်ချင်ရာ လုပ်စမ်းပါစေကွာ၊ နောက် ကိုယ်မဆင်ချင် မဆင်နဲ့ပေါ့'

သူ ပြောလည်း ပြောချင်စရာ။ ဒါပေမယ့် မိုးဝေခိုင်နားမှာ ကော်နားကပ် ကလေးကနေ ရွှေနားကွင်းကလေး ဖြစ်နေမှတော့ ဘာလို့ ကော်နားကပ် ပြန်တပ်ရမလဲလို့ ကျွန်မက တွေးတာပါ။ မအေက ကိုယ့်သမီး ကလေး ကိုယ်မဆင်ချင် မယင်ချင်တဲ့အပြင် သူများ ဆင်ထားတာ တစ်ဖြုတ်ထဲ ဖြုတ်ချင်နေတာကိုလည်း ခံပြင်းတာပါမှာပေါ့။ နောက်တော့လည်း နားကွင်းကိစ္စ ကျွန်မ ခေါင်းထဲ မထားတော့ပါဘူး။

ကျွန်မလည်း ဆေးရုံတက်ပြီး သမီးကလေး မီးဖွားတယ်။ ကျွန်မတို့ အိမ်မှာ သာယာတဲ့ ဆည်းလည်း သံကလေး ရောက်လာတဲ့နေ့က စပြီး မိုးဝေခိုင်ဘက် ကျွန်မ မလှည့်နိုင်တော့ပါဘူး။ ကျွန်မတို့ အိမ်က အလုပ်တွေကိုလည်း သူ့ကို တော်တော်လေး မျက်နှာလွဲ နိုင်နေပါပြီ။ ဒါပေမယ့် လုပ်လေသမျှ ဘာမဆို ပြောင်းပြန်ဇောက်ထိုးလုပ်တတ်တဲ့ သူ့အကျင့်ကိုတော့ မိုးဝေခိုင်က ရာသက်ပန် ကိုင်စွဲထားတုန်းပါ။ သူ လွဲသမျှ သည်းခံရင်း၊ ပြင်ရင်း သူကလည်း လွဲလျက်ပါပဲ။ ဒါပေမယ့် ကျွန်မ သမီး ကလေးကိုတော့ ချစ်ရှာတယ်။ ကလေး အညစ်အကြေးတွေလည်း သူပဲ တာဝန်ယူလို့ ကျွန်မမှာ အားကိုးရတယ်။

၆။

သမီးကလေး ရက်တစ်ရာပြည့်မွေးနေ့ လုပ်တော့ ကျွန်မတို့အိမ်မှာ မိုးဝေခိုင်က ဇာတ်လိုက်ပါ။ ကျွန်မ မောင်တွေ၊ ယောက်မတွေ၊ အကူအညီလာပေးကြသူတွေ အားလုံးက ဘာလိုချင်လိုချင် သူ့ကို မေးကြရတာကလား။ သမီးကလေး မွေးနေ့မှာ ကရိကထ သိပ်မများတဲ့ စားတော်ပဲပြုတ်၊ ဆီထမင်းနဲ့ ငါးခြောက်ကြော်ကိုပဲ ကော်ဖီနဲ့ဖက်ပြီး ကျွေးဖို့ ကျွန်မတို့ ဇနီးမောင်နှံ တိုင်ပင်ထားကြတယ်။ ပဲပြုတ်ဆီထမင်းရော၊ ငါးခြောက်ကြော်ပါ အမေတို့အိမ်က ချက်ပြုတ်ကြော် လှော်ပေးကြမှာမို့ ကျွန်မတို့ တိုက်ခန်းမှာ အလုပ်တော့ သိပ်မများလှပါဘူး။

အခန်းရှင်းပြီး ကော်ဇောတွေ ခင်းကြ၊ စားပွဲခုံတွေ နေရာချကြ၊ ပူဖောင်းတွေ မှုတ်ကြ ဆွဲကြနဲ့ ကျွန်မ တူမကလေးတွေနဲ့ ရောပြီး မိုးဝေခိုင်က ပျော်နေတော့တာပါ။ အားလုံးက သူ့ခြေသူ့လက်ကိုး။

'မိုးဝေခိုင် အပ်ချည်ဘူး ယူခဲ့'လို့ တစ်ယောက်ယောက်က တောင်းရင်သူက သင်္ဘောဆေးဘူးတွေ ယူလာတယ်။ ကျွန်မက 'ဟဲ့ အပ်ချည်ဘူးပါဆို အပ်ချည်ဘူး ဦးချီဘတ်'ဆိုတော့မှ အပ်ချည်ဘူးကို ယူလာတာ မျိုးကတော့ မပျောက်ချင်သေးဘူး။

'စားပွဲခင်းတွေ တစ်ခါတည်း ခင်းထားရအောင် မနက်ကျမှ ပြန်ခါရင်လည်းရတာပဲ၊ မိုးဝေခိုင် စားပွဲခင်းတွေ ဘယ်နားထားတုံး'လို့ ဆိုရင် သူက အသားပိတ် ဗီရိုကြီး ဆွဲဖွင့်ခဲ့ပြီး ခေါင်းအုံးဖုံးတွေ ယူချင် ယူလာတာပါ။ ကြားကနေ ကျွန်မက စကားပြန်ဖြစ်လို့။

'စားပွဲခင်းတွေလေ… စပွင်းခဲ စပွင်းခဲ ဗီရိုထဲမှာ မှုတ်ဘူး၊ သေတ္တာထဲကြည့်'

ကျွန်မက အဲသလို ပြောင်းပြန်ပြောပြော ခိုင်းတာကို ကူညီလုပ်ကိုင်ပေးကြသူတွေက ဝိုင်းရယ်ကြတယ်။ ကျွန်မက သူ့ကို အဲသလို ပြောမှရတာဆိုတော့ အားလုံးက မိုးဝေခိုင်ကို စချင်နောက် ချင်တာနဲ့ပဲ ပြောင်းပြန်တွေ လုပ်လုပ်ပြောကြလို့ တဝါးဝါး ပွဲကျနေကြတော့တာပါ။ မိုးဝေခိုင်ကလည်း လူတွေနဲ့ရောပြီး ပျော်လို့။ သမီးရဲ့ ရက် ၁ဝဝ ပြည့်မွေးနေ့ပွဲ အထိမ်းအမှတ်နဲ့ ကျွန်မက သူ့ကို ပါတိတ်ဝမ်းဆက် ချုပ်ပေးတယ်။ မိုးဝေခိုင်က အသားဖြူတော့ လိမ္မော်ရောင် လွင်လွင်ကလေးပဲ ဆင်လိုက်တယ်။ ဝတ်ကောင်းစားလှကလေး ဝတ်ရပါစေတော့ရယ်လို့ ဝယ်ပေးတာပါ။ လူတွေက မေးရင် သုံးထောင့်ရှစ်ရာ ပေးရတယ်လို့ ဖြေရတယ်လို့လည်း သင်ထားရတယ်။ အဲဒါ ကျွန်မ မောင်တွေက သူ့ကို စချင်တာနဲ့ပဲ ခဏခဏ မေးကြတယ်။ သူကလည်း တစ်ခါမေးရင် တစ်မျိုး ဖြေတာပါပဲ။

'မိုးဝေခိုင် ပါတိတ်ဝမ်းဆက်က လှလိုက်တာဗျာ၊ ဘယ်လောက်ပေးရသလဲ'

ကျွန်မ သင်ထားတဲ့ ကြားက သူ့ခေါင်းကို တဗျင်းဗျင်းကုတ် စဉ်းစားတယ်။ မျက်နှာကတော့ သူ့အဝတ်အစားက လှနေလို့သာ လူတွေက မေးတာနေမှာပဲဆိုတဲ့ သဘောနဲ့ ကျေနပ်နေပုံမျိုးပါ။

'အဲ...ရှစ်ထောင့် သုံးရာ'

'ဟာ များလှချည်လား'

'ဟုတ်ပေါင် သုံးဆယ့်ငါးကျပ် ဟုတ်ပေါင်'

ထပ်မေးလေ ထပ်မှားလေ။ ကြာတော့ မိုးဝေခိုင် ပွဲကျနေကြတာနဲ့ကို အလုပ်အကိုင်တွေများ ပျက်ကြလို့။ သမီးရဲ့မွေးနေ့ကတော့ မိုးဝေခိုင်နဲ့တင် ပွဲစည်နေတော့တာပါ။ ကာရာအိုကေ ဖွင့်ပြီး သီချင်းတွေ ဆိုကြတော့ မိုးဝေခိုင်က လက်တွေ ဘာတွေ ချိုးပြီး ကနေလိုက်သေး။ ပွဲအစက အဆုံး နိုင်သမျှ အလုပ်တွေ မနားတမ်း လုပ်ရတာပေမယ့် သူ ပန်းပုံမရဘူး။ သမီးမွေးနေ့ကလေး ပြီးသွားတော့ ကျွန်မက မိုးဝေခိုင်ကို ပျော်ရဲ့လားလို့ မေးတော့ 'ပျော်လိုက်တာမှ သမီးဖြင့် ဒီလိုတစ်ခါမှ မပျော်ဖူးဘူး'တဲ့။ ဟုတ်ရှာမှာပဲ။

သမီး ခြောက်လသားလောက်မှာ ကျွန်မတို့ မြို့သစ်ကို ပြောင်းကြရွှေ့ကြဖို့ စီစဉ်ကြတော့လည်း ဘာခံစားမှုမှ မရှိသလိုဘဲ သူ့ကြည့်ရတာ ပျော်လို့။ ပစ္စည်းတွေ သိမ်းကြဆည်းကြ ထုပ်ကြပိုးကြ လုပ်တော့ အိမ်မှာ လာကူညီကြသူတွေက သူ့ကို စကြနောက်ကြကိုး။ မတင်နွဲ့က ကျွန်မတို့ ပြောင်းရင်ရွှေ့ရင် မိုးဝေခိုင်ကို ခေါ်သွားဖို့ ပြောပါသေးတယ်။ ဒါပေမယ့် နေရာသစ်မှာ ဘယ်လိုနေရ ထိုင်ရဦးမယ်မှန်း မသိသေးတာက တစ်ကြောင်း၊ မိုးဝေခိုင်ကို ကျွန်မတို့ ကျွေးရ မွေးရ၊ ဆင်ရပြုရတာ အကြောင်းမဟုတ်ပေမယ့် သူ့လို ဉာဏ်ရည် မပြည့်ရှာတဲ့ မိန်းကလေးတစ်ယောက်ကို ကျွန်မတို့ မျက်ခြည် မပြတ်စောင့်ရှောက်ဖို့ တာဝန်လေးတာက တစ်ကြောင်းမို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ ထားခဲ့ရတယ်။

ပြောခဲ့သလိုပဲ။ မိုးဝေခိုင်ကတော့ ကျွန်မတို့ ပြောင်းမှာ ရွှေ့မှာ၊ ကျွန်မတို့နဲ့ ခွဲရခွာရမှာဆိုတဲ့အပေါ်မှာ ဘယ်လိုခံစားချက်မှ ရှိပုံ မရပါဘူး။ လူတွေ တရုန်းရုန်းနဲ့ဆိုတော့ ဘာမှန်း ညာမှန်းမသိ သူ့ကြည့်ရတာ ပျော်လို့ရွှင်လို့လေ။ ကျွန်မတို့ မရှိတော့ရင် သူ ဘာတွေလုပ်လို့ ဘယ်လိုနေရှာမလဲ ဆိုတာ ကျွန်မတို့က တွေးပူမိပေမယ့် သူကဖြင့် ဘာအပူအပင်မှ ရှိပုံမရပါဘူး။ 'ဘဝဆိုတာ တွေ့ခိုက်ဆုံခိုက် ချစ်ရခင်ရတာမျိုးပါ၊ ခွဲခွာရတော့လည်း ပူဆွေးနေစရာ မလိုပါဘူး၊ ဒါဟာ လောက သဘောပဲ၊ ကျွန်မကတော့ ဒါတွေ ထည့်မစဉ်းစားဘူး' ဆိုတဲ့ပုံနဲ့ပါ။ သည်လို ခံစားမှု မဲ့နေတာကိုပဲ ကျွန်မမှာ ယူကျုံးမရ ဖြစ်ရပါတယ်။

'မိုင်ခိုး...ဆရာတို့ ပြောင်းတော့မှာမို့ ပျော်နေတာပေါ့လေ'

'ပျော်တယ် ဆရာမ၊ ညီမလေး မွေးနေ့တုန်းကလိုပဲ...ဟီး...ဟီး'တဲ့လေ။ အမှတ်မထင်နဲ့ နားရွက်ပေါ် အုပ်ဖားကြီး ချထားတဲ့ မိုးဝေခိုင်ရဲ့ဆံပင်တွေ လှုပ်ခါသွားတဲ့အခါ ကျွန်မမျက်စိက သူ့နားရွက်တွေဆီ ရောက်သွားတယ်။ မိုးဝေခိုင် နားကွင်းကလေးမှ ရှိသေးရဲ့လား။ ကျွန်မလည်း သည်ဘက်လတွေမှာ ကလေး ဗာဟီရတွေနဲ့ အလုပ်တွေများ နေလေတော့ သတိမထား မိတာကြာပြီ။

'မိုင်ခိုး နားကွင်း ကလေးရော ပြစမ်း'

ကျွန်မက မေးတော့ ရယ်မောပျော်ရွှင်နေရာက သူ့မျက်နှာ ကွက်ခနဲ ပျက်သွားတယ်။ ကျွန်မက ဆံပင်တွေကို ဖယ်ခိုင်းလိုက်တော့ နားမှာ အပ်ချည်ကြိုးကြီး တန်းလန်းနဲ့။

'နားကွင်းကလေး ဘယ်ရောက်သွားတုံး ဟင်'

'အမေလေ... အမေ ရောင်းပစ်လိုက်ပြီ'

ကျွန်မကို ပြောရင်းက မျက်ရည်တွေ သွန်ကျလာလေရဲ့။ ကျွန်မကို ဘာလို့ မပြောတာလဲဆိုတော့ အမေက ပြောရင် ပါးစပ်ကို အပ်နဲ့ ထိုးမယ်တဲ့။ နားရွက်ကိုလည်း ဆံပင်နဲ့အုပ်ထားရမယ်တဲ့၊ ပြီးတော့ အမေက တိုက်ခန်းရောင်းပြီးရင် ပြန်လုပ်ပေးမယ်တဲ့။

ကြားကြားချင်းတုန်းကတော့ ကျွန်မမှာ ဒေါသတွေ အရမ်းထွက်သွားမိသေးတယ်။ နောက်တော့လည်း ကျွန်မ ဖြေရတယ်။ အခု မရောင်း တော်ကြာ ရောင်းမယ့်ကိစ္စပဲ မဟုတ်လား။ သူတို့ရဲ့ ဝေဒနာစုံကို ကျွန်မက ဆန်စင်ရာ ကျည်ပွေ့လိုက်နေနိုင်တာမှ မဟုတ်ဘဲကိုး။ သူတို့ကိစ္စနဲ့ သူတို့ အခြေအနေ သူတို့သာ သိတဲ့ ကိစ္စမဟုတ်လား။ ပြီးတော့ ပြောင်းကာနီး ရွှေ့ခါနီး ကျွန်မ အမုန်းမထားခဲ့ချင်တာလည်း ပါပါတယ်။ မိုးဝေခိုင်ကတော့ မျက်ရည်တွေကို လက်ခုံနဲ့သုတ်ရင်း ရှိုက်နေ လေရဲ့။ အလှအပ မက်ရှာတဲ့ သူဆိုတော့ နှမြောတာလည်း ပါသလို သူ့အမေ လုပ်ရက်တာကို ဝမ်းနည်းတာလည်း ပါမှာပေါ့လေ။

'ကြာပြီလား'

'ဆရာမ ဆေးရုံတက် နေတုန်းက ဖြုတ်ရောင်းပစ်လိုက်တာ'

'သြော်...'

တကယ်ဆို ကျွန်မသာ သည်အဖြစ်ကို စောစောသိရင် မိုးဝေခိုင်အတွက် နားကွင်းကလေး ပြန်လုပ်ပေးချင် ပေးဖြစ်မှာပါ။ အခုတော့ ပြောင်းကြရွှေ့ကြမယ့်နေ့မှ သိတာဆိုတော့ ဘာမှမတတ်နိုင်တော့ပါဘူး။ နားကွင်းကလေးတင်မကပါဘူး။ သမီးမွေးနေ့တုန်းက ချုပ်ပေးတဲ့ ပါတိတ်ဝမ်းဆက်လည်း မရှိတော့ဘူးတဲ့။ ကျွန်မက ကားထွက်ကာနီးမှာ မိုးဝေခိုင်အတွက်ဆိုပြီး မုန့်ဖိုး ငါးထောင်ပေးခဲ့တယ်။ သည်ငွေကိုတော့ သူတို့ ဘာလုပ်လုပ် ကျွန်မ ခေါင်းထဲမထည့်ပါဘူး။ မိုးဝေခိုင်က တော့ သူ့အတွက် ပိုက်ဆံတွေ အများကြီးရတာကို အနားရှိ တဲ့လူတွေကို ဂုဏ်လုပ်နေလိုက်တာ မျက်နှာကို ပြုံးလို့။

အဲသည်နေ့က ကျွန်မတို့ အိမ်ပြောင်းဖို့ ပစ္စည်းတွေ ကားပေါ်တင်ကြတော့လည်း သူပါ ပစ္စည်းတွေ ဝိုင်းသယ်နေသေးတာပါ။ ကျွန်မတို့ ကားထွက်လာတော့ တိုက်တန်းရှေ့မှာ နားကွင်းအပ် ချည်ကြိုးတန်းလန်းနဲ့ ကျန်ရစ်ခဲ့တဲ့ မိုးဝေခိုင်ကို ကျွန်မ နောက်ဆုံး မြင်ခဲ့ရတာပါပဲ။

၇။

မြို့သစ်ကို ရောက်တော့ ကျွန်မတို့မှာ လက်တိုလက်တောင်း ခိုင်းစရာ မိုးဝေခိုင် ပါမလာတော့ဘူး။ အိမ်မှာ ကိုယ်ခွဲလက်ဖယ် မရှိရတဲ့အထဲ သမီးကလေးရဲ့ အလုပ်တွေ ကျွန်မမှာ တိုးလာတော့တာပါ။ မနက်လင်းရင် သမီးအတွက် အချိန်တွေ အများကြီးပေးရပြီ။ နောက်ဖေး နောက်ဖီတည်ရ၊ မျက်နှာသစ်ပေးရ၊ ရေဖတ်တိုက်ပေးရ၊ သနပ်ခါးလူးပေးရ၊ အဝတ်အစားလဲပေးရနဲ့ဆို တော့ မိုးလင်းလို့ ကော်ဖီ မသောက်အားသေးဘူး။ သမီးလေးက ကျွန်မကို မလွတ်တမ်း တွယ်နေလေ တော့ တစ်ခါတလေ မနက် ဆယ်နာရီ ဆယ့်တစ်နာရီလောက်မှ ထမင်းဟင်း ကမန်းကတန်း ချက်စားရ တာများတောင် ရှိတယ်။

သူ့အဖေဆိုရင် ခါတိုင်း မိုးလင်းတာနဲ့ စာရေးစားပွဲ ထိုင်တဲ့သူပါ။ ခုတော့ ကျွန်မက သမီးအိပ်တုန်း ဒါမှမဟုတ် ဖအေနဲ့ ခဏထားပြီး ဈေးကို စက်ဘီးနဲ့ ထပြေး၊ မီးလာတော့ ပေါင်းအိုးနဲ့ လျှပ်စစ်မီးဖိုနဲ့ ထမင်းဟင်း ချက်နိုင်ပေမယ့် မီးမလာရင် မီးသွေးမီးဖို ကောက်မွှေးရတော့တာပါ။ ထမင်းဟင်း ချက်ရတာကလည်း ချဲ့ရင် ချဲ့သလို ကရိကထ များတတ်တာ မဟုတ်လား။ ပြီးတာနဲ့ ကလေးကို တစ်ဖက်က ထိန်းရင်း စိမ်ထားတဲ့ အဝတ်တွေ လျှော်ရဖွပ်ရ၊ လှန်းရ၊ ခြောက်တော့ မီးပူ တိုက်ရ၊ ဒါတောင် အိမ်သန့်ရှင်းရေးကို ကျွန်မ အိမ်သားက ကူလို့သာပါ။ သည်တော့ သူလည်း ခါတိုင်းလို မိုးလင်းတာနဲ့ စာရေးစားပွဲ မထိုင်နိုင်ဘူး။ ကျွန်မကတော့ သမီးမွေးပြီ ဆိုကတည်းက စာရေးစားပွဲဆိုတာ ချိုနဲ့လားကွယ့် မြွေနဂါးတောင် ကြောက်ဘူးကွယ် ဖြစ်နေတာ ကြာပါပြီ။ စာပေဟောပြောပွဲ ဖိတ်တာတွေလည်း ငြင်းရတာ များလှပြီ။ ကျွန်မ အိမ်သား ဟောပြောပွဲလိုက် သွားရင်တော့ ကျွန်မတစ်ယောက်တည်း ဒေါင်ချာစိုင်း တော့တာပါပဲ။ ထမင်းဆိုင်က ဝယ်စားရတာ များလှပေါ့။

'မင်း မိုးဝေခိုင် လှမ်းခေါ်ချင် ခေါ်ထားလေ၊ တစ်ဖက် အားကိုးရတာပေါ့'

သူကတော့ ပြောပါရဲ့။ ကျွန်မက မခေါ်ဝံ့ဘူး။ အရွယ်ကလေးကလည်း ရောက်နေပြန်၊ စိတ်ကလည်း 'တော်ရိတော်ရာ'နဲ့ဆိုတော့ မြို့သစ်လို ဈေးမျိုးလွှတ်လို့လည်း မဖြစ်ပြန်ဘူး။ ပြန် မလာမချင်း စိတ်ပူရမှာလေ။ သည်ကြားထဲ သူ လွဲသမျှ ချော်သမျှ ပြောင်းပြန်ဇောက်ထိုးတွေ နောက်ကနေ တကောက်ကောက် လိုက်တည့်ရမှာက ရှိသေး။

အခုတော့ ကျွန်မလည်း မထူးပါဘူး။ ကလေးတစ်ဖက်နဲ့ ကသီလင်တနိုင်လိုက်ပုံများ ဘာလုပ်လုပ် ပြောင်းပြန်တွေ လုပ်မိ စဉ်းစားမိနေတော့တာပါ။ ကျွန်မ အိမ်သားကလည်း ကျွန်မလိုပဲနဲ့ တူပါရဲ့။ တစ်ခါတော့ ပြောတယ်။ ငါ့မှာလည်း ဘာလုပ်လုပ် ပြောင်းပြန်စဉ်းစားနေ မိသတဲ့။ ပြောင်းပြန်နဲ့ အတူ နေဖန်များတော့ ကျွန်မတို့လည်း ပြောင်းပြန် ဖြစ်ရထင်ပါရဲ့။

တလောတုန်းက စာအုပ်တွေကြားက စာရွက်ကလေးတစ်ရွက် ထွက်ကျလာတယ်။ ခဲတံနဲ့ ရေးထားတဲ့ နာမည်တစ်ခုပါ။ ရေးသူက ဘယ်သူရမလဲ။ မိုးဝေခိုင်ပေါ့။

'‌‌‌ေိုင်ခဝမှိး'တဲ့။

ကျွန်မ ပြုံးလိုက်မိသေးတယ်။ သတိလည်း ရပါရဲ့။ လွမ်းလည်း လွမ်းပါရဲ့။ မိုင်ခိုးနဲ့ ကျွန်မတို့ ဘဝတစ်ကွေ့ ခဏကလေးတွေ့ခဲ့ ကြပုံပေါ့လေ။ 

ခင်ခင်ထူး

(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။