အခန်းဆက်ဝတ္ထုရှည်

ရင်ထဲမှာခွေနေတဲ့မြွေပွေး အပိုင်း (၄)

မောင်ဝဏ္ဏ

01 November 2024
ရင်ထဲမှာခွေနေတဲ့မြွေပွေး အပိုင်း (၄)
Share to

အပိုင်း ၄


            ကစားရွယ်လေးက ပျော်စရာကောင်းပါတယ်ဗျာ။ ဖန်တို့ဆိုတာ မပြုံးမရယ် အသံမထွက်ဘဲ တစ်ဖက်လူနှင့် တစ်ဖက်လူ သွားရောက်လက်နှင့်တို့ထိရသော ကစားနည်းတဲ့ဗျ။ (ဒီကစားနည်းက သိပ်နက်နဲတဲ့ အဓိပ္ပာယ်ရှိတယ်။ ရယ်ရင် ရှုံးသတဲ့။) အဲဒါတွေအားလုံး ကျွန်တော်က သေသေချာချာ သိတာမဟုတ်ဘူး။ ဆရာကြီး ဦးဝန်နှင့် ဦးသိန်ဟန်တို့ ပြုစုတဲ့ ခေတ်သစ်ကဗျာများဆိုတဲ့ စာအုပ်ထဲမှာပါတဲ့ ခက်ဆစ်အဖြေကို ကူးချထားတာ။

            ကျွန်တော်တို့ငယ်ငယ်က ဖန်တို့လိုလိုကစားနည်းက တစ်မျိုးဗျ။ တစ်‌ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ် ဆန်းဆိုသလိုပေါ့ဗျာ။ ဖန်တို့မယ် ကစားဖော်နှစ်ယောက်က လက်အရှည်ချင်း တိုင်းရတယ်ဗျ။ လက်ကိုဆန့်ပြီး တိုင်းရတာ။ ကျွန်တော်က သူနဲ့ပဲ ‘ဖန်တို့’ ချင်တော့ ကျွန်တော်လက်တံ နည်းနည်းရှည်နေတာကို ဉာဏ်ကူပြီး ပခုံးနည်းနည်း နောက်ဆုတ်ထားလိုက်တယ်။ လက်တံအရှည်ချင်း ညီသွားရော။ ဒီနောက် လက်တစ်ကမ်း မီ့တမီမှာ မိန်းကလေးတစ်ဖက်၊ ယောက်ျားလေးတစ်ဖက် တန်းစီပြီး မျက်နှာချင်းဆိုင် ရပ်ရတယ်။ အဘိုးရဲ့ ကွမ်းအစ်ထဲက ထုံးတစ်ကော်ယူပြီး အိမ်ရှေ့က သကြားပင်အကိုင်းမှာ ထုံးတွေ တင်ထားလိုက်တယ်။ လက်နဲ့ ထုံးနည်းနည်းတို့ပြီးတော့ မျက်နှာချင်းဆိုင် ရပ်နေတဲ့သူကို မီ့တမီလေးနဲ့လှမ်းတို့။ သူက နောက်ကိုယိုင် ကျွန်တော်က ရှေ့ကိုငိုက်။ သူ မဟန်နိုင်ရင် နောက်ပြန် ပက်လက်လဲကျမှာပေါ့။ ဒါဆို အရှုံးပဲ။ သူ တစ်ခါမှ နောက်ပြန်မကျဘူးဗျ။ ခါးကလေးကော့ပြီး နောက်ပြန်ညွတ်ကွေးလိုက်တာ ဘဲလေး ကချေသည် ကျနေတာပဲ။ ကျွန်တော်သာ ငိုက်ရင်း ငိုက်ရင်းနဲ့ ငုံ့ရင်းငုံ့ရင်းနဲ့ သူ့အပေါ် အလဲလဲအပြိုပြိုဖြစ်၊ ကျွန်တော်ပဲ ရှုံးတာများပါတယ်ဗျာ။ ကျွန်တော့် နဖူးမှာ၊ ပါးမှာ၊ လည်ပင်းမှာ၊ ရင်ဘတ်မှာ ထုံးတို့ရာတွေ အပြည့်အသိပ်။ နိမိတ်ဆိုတာ အဲဒါမျိုးကို ခေါ်တာထင်ပါရဲ့။

ကစားရွယ် ငယ်ကတည်းက

မွဲခဲ့တဲ့ ချစ်ကံဟာ

ခေတာမှာ

သေရာပါ ဒဏ်ရာပါပဲလေ။

ကျွန်တော့်သမီးကြီးက ကျွန်တော်တို့ ဇနီးမောင်နှံကို ‘အဲလိုနဲ့ပဲ နေလာလိုက်ကြတာ.....’ လို့ ကျီဆယ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ပြန်မပြော နားမထောင်အကောင်၊ ကျွန်တော့်မိန်းမက မကျေနပ်တာတွေ ဗျစ်တောက်ဗျစ်တောက် ပြော၊ ကျွန်တော်က ဘာမှ အထွေအထူး ပြန်မပြောဘဲ ဆူသမျှခံ။ ပြီးမှ လုပ်ချင်ရာလုပ်။ မိန်းမကဆူ ငြိမ်နေ၊ လုပ်ချင်ရာလုပ်နဲ့။ ဒါကြောင့် သမီးက ‘ဒီလိုနဲ့ပဲ နေလာလိုက်ကြတာ အဘိုးကြီး အဘွားကြီး ဖြစ်နေကြပြီ’ လို့ ပြောလေ့ရှိပါတယ်။ အဲဒီစကားလုံးပဲ ယူသုံးပါရစေ။ ကျွန်တော်နဲ့သူ ဒီလိုနဲ့ပဲ နေလာလိုက်ကြတာ ‘ရွှေရင်သိမ်းသစ်၊ ပျိုမြစ်နုနယ်၊ ဂေါရီအရွယ်ပင်၊ ချစ်ကြင်သူ၊ ရင်ထဲ တစ်ငုံတည်းသော စပယ်ဦးသန့်စင်’ ဆိုတဲ့ ဆရာအစ်ကို မောင်မောင်လတ် (ကဗျာဆရာကြီးနောင်) ရဲ့ သီချင်းအတိုင်းပေါ့ဗျာ။ ရွှေရင်သိမ်းသစ်ဆိုတာ အစက ရေရေရာရာ မသိဘူးခင်ဗျ။ စာရေးဆရာ၊ မြန်မာစာဆရာ ဆရာကိုအောင်ပြည့် သင်တန်းတစ်ခု ပို့ချနေတုန်း သူကျောင်းရောက်သွားတော့မှ အဲဒီ ‘ရွှေရင်သိမ်းသစ်’ အကြောင်း သူ့တပည့်တွေကို ရှင်းပြနေတာ ကြားမှပဲ 'ရေး တေးတေး' သဘောပေါက် မိတယ်။ ဒီလိုတဲ့ဗျ။ ရှေးက မြန်မာအမျိုးသမီးတွေဟာ အသက်ဆယ့်သုံးနှစ်လောက် ရောက်ရင် မိဘတွေက ထဘီ အထက်ဆင် လက်တဝါးလောက်ကို ရင်မှာ စည်းစေပါသတဲ့။ ဆယ်နှစ်သမီးလောက်တည်းက 'ရှင်မီး' ခေါ်တဲ့ မိန်းကလေး အပေါ်ရုံ အကျႌတိုလေးကို တစ်စတစ်စ ပြောင်းပေးပြီး အပျိုဖော်ဝင်စမှာ ရင်ဘတ်နေရာလေး လုံခြုံအောင် သိမ်းဆည်း ထုပ်ပိုက်ပေးပါသတဲ့။ ကလေးဘဝကနေ အပျိုပေါက်စ ဖြစ်ပြီဆိုတဲ့ အသိ အမှတ်ပြုမှု တစ်ခုပါတဲ့။ ခုတော့ အတွင်းခံအကျႌ  (ဘရာစီယာ) ဆိုပါတော့။  အဲဒါ စဝတ်တဲ့အရွယ်ပဲ။ ၁၃ နှစ်၊ ၁၄ နှစ်လောက်ပေါ့။ 'ရွှေရင်အုံကို စ၍သိမ်းတဲ့ အရွယ်၊ ရွှေရင်အုံ ကြာပဒုံ စပြီး 'သစ်' တဲ့အရွယ်၊ အသစ်ဆိုတော့ အစ၊ စဖြစ်ပြီ။ အကျႌအသစ်ဆိုတာ တစ်ခါမှ မဝတ်ဖူးသေးတဲ့ အကျႌ ပေါ့ဗျာ။  နောက်ထပ် အဓိပ္ပာယ်တွေလည်း ရှိသတဲ့ဗျ။ မြန်မာစကားဟာ ယဉ်ကျေးလှပါတယ်။ မိန်းကလေးတို့ရဲ့ ဓမ္မတာအတိုင်း အဲဒီ အရွယ်မှာ အပျိုဖြစ်ပြီ။ တစ်နည်းအားဖြင့် မိန်းမရယ်လို့ ပီပြင်စ ပြုပြီရယ်လို့ အထိမ်းအမှတ်ပြုတာပါပဲ။ ဒီထက် နက်နဲလှပတဲ့ အဓိပ္ပာယ်လည်း ရှိပါသေးတယ်။ တွေးကြည့်တာက ပိုအရသာ ရှိပါလိမ့်မယ်။

ဂေါရီဆိုတာလည်း အဲဒီ ဆယ့်နှစ်နှစ်က ဆယ့်ငါးနှစ်လောက်ကို ခေါ်တာပါ တဲ့။ မဂဓစကားတဲ့ဗျ။ ပါဠိ ဆိုပါတော့။ သူ့ထက် နည်းနည်း အရွယ်ကြီးလာတော့ 'ကုမ္ဘာရီ' တဲ့။ အိန္ဒိယ ယဉ်ကျေးမှုကို မြန်မာဆန်ဆန် ညင်ညင်သာသာ ရယူထားတာပါ။ ဘယ်လောက်လှသလဲ။ ဂေါရီကို 'ရွှေရင်သိမ်းသစ်' တဲ့။

အိန္ဒိယတိုင်းသား အများစုကတော့ အဲဒီအရွယ်မှာ 'အပျိုဖြစ်ပြီ' လို့ အရပ်ထဲကို ကြေညာတဲ့သဘောနဲ့ တတ်နိုင်သမျှ ပွဲလမ်းလေး လုပ်ရပါသတဲ့။ 'ကျုပ်တို့ သမီး အပျိုဖြစ်ပြီဗျို့' လို့ အရပ်ထဲက လူတွေကို ကြေညာတဲ့ ပွဲပါပဲ။ ဗြောင်ကျတယ်လို့ ထင်မိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုက အဲသလို မဟုတ်ဘူး။ ဆင်းဘိုးလစ် ပိုဖြစ်တယ်။ သ‌င်္ကေတပြုမှုက ပိုထည်ဝါတယ်။ ရွှေရင်ကလေးကို သိမ်းဆည်းထုပ်ပိုက် ပြလိုက်ရုံပဲ။ ဗြောင်ကြေညာ စရာမလိုဘူး။

အဲ...အဲဒီအရွယ်ပေါ့ဗျာ။ အပျိုပေါက်အရွယ် ရောက်ပြီ။ ဒီနေရာမှာ ကြိုတင်ပြီး မိတ်ဆက်ပေးထား ချင်တာက ကျွန်တော်တို့ ငယ်သူငယ်ချင်း မိစီပဲ။ မိစီရဲ့ နာမည်ရင်းတော့ မပြောပါရစေနဲ့။ 'ဇာတ်လုံးပေါ် ခင်းသလို' ဖြစ်သွားလိမ့်မဗျ။ 'သူ'ဂုဏ်သိက္ခာအတွက် ကျွန်တော်စောင့်စည်း အပ်တယ် မဟုတ်လားဗျာ။

အဲ...ခုန အစ်ကိုလတ်ရဲ့ သီချင်းလေး ပြန်ဆက်ပါရစေဦး။ ကျွန်တော်တို့က ဘူဒါးတွေလေ။ ဒီတော့ ဘူဒါး သီချင်းတွေ ပိုကြိုက်တာပေါ့။ နဂါးနီမောင်မောင်ရေးတဲ့ 'ခေါင်းလောင်းလေးတွေ မြည်နေပြီ'လဲ ကြိုက်တာပါပဲ။ ဒါပေမယ့် စွဲနေတာက ခုန အစ်ကိုလတ်တို့ သီချင်း၊ ဆရာရွှေပြည်အေး၊ ဦးလေး ဂီတလုလင် မောင်ကိုကို၊ အစ်ကိုချစ်ဆွေ၊ အစ်ကိုလှထွတ်၊ ဂီတနတ်သန် ကိုစောညိမ်းတို့ သီချင်း စသဖြင့် အများကြီးပါပဲ။

'ချစ်ကြင်သူရင်ထဲ၊

တစ်ငုံတည်းသော

စပယ်ဦးသန့်စင်၊

လေတွင်ပျံမျော

တိမ်သဘောနှယ်၊

လွင့်မျောစိတ်နှင့်၊

သင့်ရာတွယ်သောဉာဉ်'

(နောက်မှ မူရင်းဖြစ်တဲ့ ရှင်မဟာရဋ္ဌသာရရဲ့ ရွှေရင်သိမ်းသစ် ရတုကို ဖတ်ရတယ်။ ဒါပေမယ့် သီချင်း အဖြစ် ပြောင်းယူတာကတော့ အစ်ကိုလတ်ရဲ့ ဖန်တီးစွမ်းပါပဲ)

အစ်ကိုလတ်ရဲ့ သီချင်းဟာ အဓိပ္ပာယ်ပြည့်ပြီးသားပါ။ ကျွန်တော်ကတော့ အဲဒီထဲက 'သင့်ရာတွယ်သော ဝိညဉ်' လို့ ကိုယ့်ဘာသာ ဖြည့်ပြီး ခံစားကြည့်တယ်။ ဆိုကြည့်တော့ အသံမချိုဘူး။ သီချင်းပျက်စီးသွားတယ်။ ဒါပေမယ့် စိတ်ထဲ အဲသလို ဝိညာဉ်တွယ်တာလို့ ခံစားလိုက်ရင်တော့ လှသွားတယ်။ အသံတော့ မထွက်မိစေဘဲ ပေါ့။ 'လောက်လန်းသဖွယ် ဝိညာဉ်တွယ်' ဆိုတဲ့ မြန်မာစကားရှိတယ်။ အဲဒီအယူအဆဟာ ဗုဒ္ဓဝါဒရှုထောင့်က ကြည့်ရင် မှားတယ်။ ဗုဒ္ဓဝါဒမှာ ဝိညာဉ်ကောင်၊ လိပ်ပြာကောင်၊ ဝေဒဂူ စသဖြင့် အဲသလို အကောင်ဘလောင်ဆို တာမရှိဘူး။ ဂတိတစ်ခုကို လားရင် (သေရင်) ဘာ ဝိညာဉ်ကောင်ကမှ လျှောက်သွားနေတာ မဟုတ်ဘူး။ လျှပ်ပြက်တာထက် မြန်တဲ့နှုန်းနဲ့ ကမ္မသတ္တိ (မိမိပြုသမျှ ကံ အစုစုရဲ့ အစွမ်းသတ္တိကြောင့်) ကောင်းတဲ့ဘဝ၊ မကောင်းတဲ့ဘဝ စသဖြင့် ချက်ချင်းကူးလိုက်ပါသတဲ့။ အဲ ပေတဂတိဆိုတာက ပြိတ္တာ၊ သရဲ၊ တစ္ဆေလို့ ဆိုကြပါတယ်။ ဒါတွေက နက်နဲလို့ ဉာဏ်မမီဘူး။

အနုသယ (ရင်ထဲငြိတဲ့ ဓာတ်) ရှုထောင့်က ကြည့်ရင်တော့ အဲဒီ ဝိညာဉ်တွယ်တယ်ဆိုတာ ခံစားလို့ ကောင်းတယ်ဗျ။ ကျွန်တော်လေ တကယ်လို့များ သေသွားပြီး ပေတဂတိလားရရင် (တစ္ဆေဖြစ်ရင်) သူ့အနားမှာပဲ တရစ်ဝဲဝဲနဲ့ လှည့်ပတ်ရစ်နှောင်နေချင်တယ်။ ဒီအထိ ရူးတာဗျာ။ ကျွန်တော့်အတွက် ဗုဒ္ဓဘာသာ မြန်မာတို့ ထုံးတမ်းစဉ်လာအတိုင်း အလှူဒါနပြုပြီး အမျှဝေရင် တစ္ဆေ ဘဝက လွတ်သတဲ့လေ။ ကျွန်တော်ကတော့ မကျွတ်ဘဲ သူ့အနားမှာပဲ နေချင်တယ်။ သူ ထိတ်လန့်အောင်တော့ ဘယ်တော့မှ မပြုဘူး။ အဲဒီဝိညာဉ်ဟာ ငိုနေလိမ့်မယ်။ ရှိုက်သံသဲ့သဲ့ကိုတော့ အဝေးကြီးက ကြားရသလို တိုးတိုးညင်းညင်း ကြားကောင်း ကြားရလိမ့်မယ် ထင်ရဲ့လေ။ ဘယ်လောက် ဆိုးတဲ့အနုသယ ကိလေသာလဲနော်။

ဝိညာဉ် (ပါ-အသက်) လို့ အဘိဓာန်မှာ ဆိုတယ်ဗျ။ ကျွန်တော်ကတော့ ကျွန်တော့် 'အသက်ဝိညာဉ်' ဟာ  သူ့အနားမှာ အမြဲရှိနေတယ်လို့ ထင်တယ်။ (ရူးမှတော့ အဲသလို အပြတ်ရူးတာ ကောင်းပါလိမ့်မယ်။)

ကျွန်တော် သူ့ကို ကစားရွယ်ငယ်ကတည်းက စွဲခဲ့ရတာဟာ အနုသယတွေပေါ့ဗျာ။ အနုသယ၊ အနုသယနဲ့ ပြောနေမိတယ်။ အဓိပ္ပာယ်ကို မသိလို့ အဘိဓာန် လှန်ကြည့်တော့ 'အနုသယ- အတွင်းဓာတ်၌ အစဉ်ကိန်း နေသော တရား' တဲ့ဗျာ။ မှန်လိုက်တာ ဒက်ထိပဲဗျ။ ဆရာ ကြီး ဦးထွန်းမြင့်က ဆက်ဖွင့်ဆိုပေးထားသေးတယ်ဗျာ။   ဒီလိုတဲ့ 'ကျားသည် ခြုံ၌ အောင်းနေ၍ အစာဖြစ်သော သမင်ကျွဲနွားစသည်ကို မြင်သော် ထ၍ကိုက်သကဲ့သို့ ဟဒယဝတ္တု (နှလုံးအိမ်) တည်းဟူသော ဂူ၌ အောင်းနေ၍ လိုအပ်သော အာရုံကို တွေ့လတ်သော် 'လွေ့လွေ့ ရမ်းရမ်း' ဖမ်းယူတတ်သော သဘောရှိသည်ဖြစ်၍.... 'အနုသယ' တဲ့။

ကဲ...ကျွန်တော်ပြော နေတာဟာ အပိုတွေဖြစ်ကုန်ပြီဗျာ။ ဆရာကြီးတွေရှင်းပြတော့ စကားလုံးကျစ်ကျစ် လျစ်လျစ်နဲ့ တန်းခနဲ ဉာဏ်မျက်စိမှာ မြင်သွားရောပေါ့။

အဲဒီ အသက်ဆယ့်လေးငါးနှစ်မှာ ကျွန်တော့်နှလုံးအိမ်ထဲ အနုသယက ဝင်ခွေနေလိုက်ပါရောလားဗျာ။

မေ့ပစ်၊ မေ့ပစ်၊ ဝေဒနာဆိုတာ ဖြစ်စမှာ ကုရင် ပျောက်နိုင်သေးတယ်။ ရင့်မှဆိုရင် မလွယ်တော့ဘူး။ ဒါပေမယ့် မေ့လို့မှ မရတာ ဘယ့်နှယ်လုပ်မလဲ။ ခက်ပုံက သူနဲ့ကျွန်တော် သမီးရည်းစားရယ်လို့လည်း မဖြစ်သေး။ အစ်ကိုစန္ဒရား ချစ်ဆွေရဲ့ သီချင်းလို 'ချစ်စကား မကျတကျ၊ အလှအပတွေချည်း ရွေးပြီး ပြောခဲ့' ကြတာပါ။

ကျွန်တော်တို့ နှစ် ယောက်ဟာ မြွက်ဟကြေညာခဲ့တဲ့ ချစ်သူတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲသလိုပဲဗျာ၊ မပြောတတ်ဘူး။ စဉ်းစားသာ ကြည့်ပါတော့။ မျက်စိဆိုတာ 'စိတ်ရဲ့ တံခါးပေါက်' တဲ့။ ကျွန်တော်ကတော့ သူ့အကြည့်တွေဟာ 'ချစ်' ဆိုတဲ့ စကားလုံးထက် အဆပေါင်းများစွာ အဓိပ္ပာယ် ရှိတယ်လို့ ထင်တယ်။ (အဲဒီအထင်ဟာ တက်တက်စင်လွဲကြောင်း နောက်ကျတော့ သိပါလိမ့်မယ်။)

အဲ...အဲသလိုနဲ့ နေလာလိုက်ကြတာပေါ့ဗျာ။ သူ့ရဲ့ ခန့်ညားတဲ့ မင်္ဂလာဖိတ်စာ ရောက်လာပါလေရော။

            အဲဒီဖိတ်စာရပြီးတော့ ကျွန်တော်က ကဗျာလိုလို စာပိုဒ်လေး ရေးမိတယ်။

သန်းကုဋေ အနမ်းတွေ

အနွဲ့တွေကြောင့်

လွမ်းမပြေ နွမ်းခွေယဲ့ပြီကွဲ့

'အချစ်ရယ်'

မင်းမတော့

ပန်းတွေနဲ့ဝေ...။

(ကျွန်တော့် မပီကလာကဗျာမှာ သူကတော့ ပန်းတွေနဲ့ ဝေနေပြီပေါ့လေ။ ကျွန်တော်ကတော့ အလွမ်းမိုး တွေ ဆွေနေပြီပေါ့လေ။ အဲဒါ ပန်းတွေနဲ့ဝေ ဝတ္ထုရေးဖို့ စပြီး သန္ဓေတည်တာ ထင်ပါရဲ့)။

သွေးပျက်တဲ့နေ့

အခန်း (၆) ဆိုပါတော့။

ဒီနောက် သူလက်ထပ်တယ်။ အဲဒီလက်ထပ်ပွဲကို ကျွန်တော် ဧည့်ခန်းမထဲအထိ မသွားခဲ့ပါဘူး။ ခန်းမကြီးနဲ့ ကပ်လျက် လမ်းသွယ်ထဲက ပိတ်ထားတဲ့ တိုက်ဆိုင်ကြီး တစ်ဆိုင်ရှေ့က အုတ်လှေခါးထစ် အရှည်တွေပေါ်မှာ ငုတ်တုတ်ကလေးထိုင်ပြီး ခန်းမကြီးထဲကို လှမ်းမျှော်ကြည့် နေခဲ့မိတယ်။ ခန်းစီးအနီကြီး တွေကြားထဲမှာ ပြိုးပြိုးပြက်ပြက် လက်ထနေတဲ့ မင်္ဂလာရှိလှတဲ့ ခန်းမကြီး။ အားလုံးက ဝင်းလက်တောက်ပနေ တယ်။

ကျွန်တော်က အပြင်ဘက်က တိတ်တခိုးကြည့်နေရတဲ့ ချာတိတ်။

ပထမ 'ချစ်ရည်ရွှန်းလဲ့၊ မျက်ဝန်းလဲ့ပြာ' သီချင်း၊ နောက်ခန်းဆီးနီနီကြီးတွေရဲ့ ကြားထဲမှာ အခါတော်ပေး သီချင်းခန့်ကြီးနဲ့အတူ သူတို့စုံတွဲ ဧည့်ခန်းမထဲ ဝင်လာတာကို လှမ်းမြင်ရတယ်။ ('အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ...' ဆိုတဲ့ မြန်မာမင်္ဂလာဆောင်တိုင်း တီးလေ့ဆိုလေ့ရှိတဲ့ အဲဒီသီချင်း ခန့်ကြီးကို ရေးတဲ့တေး ပြုစာဆိုဟာ သူကိုယ်တိုင် အလွမ်းဓာတ်ခံနဲ့ ရေးခဲ့တာလို့ ထင်ပါတယ်။ မင်္ဂလာရှိတဲ့ သီချင်းခန့်ကြီးဖြစ်ပေမယ့် စာသားကော၊ သံစဉ်ပါ လွမ်းစရာကြီး။ ကျွန်တော်ကပဲ လွမ်းစိတ်ဆိုနေလို့လား မသိဘူးလေ။)

အဝေးကြီးက ကြည့်နေရပေမယ့် သူ့ရဲ့မျက်လွှာချထားတဲ့၊ အင်မတန်လှပတဲ့ မျက်နှာကလေးကို ကျွန်တော် အနီးကပ်မြင်နေရသလိုပဲ။ ဒီအချိန်မှာ တစ်ခု သတိထားမိတယ်။ မိတ်ကပ်တွေက နဂိုအလှကို ဖုံးထားသလိုပဲ။ ပြီးတော့ အမြဲတမ်းလိုလို ပြုံး ပြုံးရွှင်ရွှင်နေတတ်တဲ့'သူ' ဟာ အဲဒီအချိန်မှာ ပြုံးရိပ် ပြုံးရောင်ကို မမြင်ရဘူး။ ဣန္ဒြေဆောင်နေရတာလား မသိဘူး။ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းလှလှလေးကိုလည်း သတိထားမိတယ်။ သိပ်မကြာခင်မှာ ခန်းဆီးနီ ကြီးကြားထဲက သူ့မျက်လွှာလေး တစ်ချက်လှန်ကြည့် လိုက်တာကို ကျွန်တော်သေသေချာချာ မှတ်မိနေတယ်။  အဲဒီ မျက်စိထဲမှာ စကားလုံးတွေ အများကြီး၊ အဓိပ္ပာယ်တွေ အများကြီးပါနေတယ်လို့ ကျွန်တော်ထင်တယ်။

တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းနဲ့ စူးရှတဲ့ အကြည့်ဟာ 'တလောကလုံးကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်လိုက်မယ်' လို့ ကြုံးဝါးနေတာလို့ ထင်မိတယ်။ မှားချင်လည်း မှားမှာပေါ့လေ။ ကျွန်တော်က တလောကလုံးကို 'ခရမ်းပြာရောင်' မျက်မှန်တပ်ပြီး ကြည့်နေမိသလားမှ မသိတဲ့ဟာကိုး။

အဲသလို စိမ်းတဲ့အကြည့်၊ ပိတဲ့ နှုတ်ခမ်းကို ဟိုးတလောတုန်းက ပြန်တွေ့ရတယ်။ ကျွန်တော့်ကို ဘယ်တုန်းကမှ အဲသလို စူးရှစိမ်းမြတဲ့ အကြည့်မျိုးနဲ့ မကြည့်ဖူးပါဘူး။ ဒီအကြောင်းပြော ပြပြီးထင်ပါရဲ့ဗျာ။ တတ်နိုင်ဘူးဗျာ။ ရင်ထဲစွဲနေတဲ့ ကိစ္စဆိုတာ ထပ်ခါတလဲလဲ ပြောမိတတ်တာပဲ။ တောင်းပန် ပါတယ်ဗျာ။

အဲ... သူ လက်ထပ်တယ်ဗျာ။ အဲဒီအချိန်တုန်းက ချမ်းသာြကွယ်ဝသူတွေဟာ မြန်မာဝတ်စုံပြည့်ကို ဆင်မြန်းပြီး သတို့သားနဲ့ သတို့သမီးကို ကတ္တီပါဖုံဝိုင်းကြီးပေါ်မှာ ထိုင်ခိုင်း၊ မင်္ဂလာ ပိုဒ်စုံရတုရွတ်၊ မင်္ဂလာ သြဘာစာဖတ် စသဖြင့်တွေ လုပ်လေ့ရှိတယ်။ 'ဥုမ် ဟရီ ဟရီတို့ ဘာတို့ပေါ့ဗျာ။ ပြီးတော့ 'အောင်ပါစေသောဝ် အောင်စေသောဝ်' အစရှိသဖြင့် ရွတ်ဆိုပြီး ပုရောဟိတ်လုပ်သူက သတို့သားနဲ့ သတို့သမီးတို့ရဲ့ လက်ကို တကယ်ပဲ ဆွဲငင်ယူပြီး တကယ်ပဲ လက်ချင်းထပ်ပေးတာကိုး။

ကျွန်တော် အဲဒီအထိ စောင့်ကြည့်ဖို့ သွေးနည်းခဲ့တယ်ဗျာ။ ဒါမှမဟုတ် သွေးပျက်ခဲ့ပါတယ်ဗျာ။

အဲဒီမင်္ဂလာ ပိုဒ်စုံရတု စရွတ်တဲ့ အချိန်မှာပဲ မိုးဖွားလေးတွေ ကျလာတယ်ဗျ။  ကျွန်တော်နဲ့ တည့်တည့်လောက်မှာရှိတဲ့ မင်္ဂလာခန်းမကြီးရဲ့ မှန်နံရံကြီးတွေပေါ်မှာ မိုးပွင့်ကလေးတွေ တဖြောက်ဖြောက် စပြီးရိုက်ခတ်တာ တွေ့လိုက်ရတယ်။ ကျွန်တော်ထင်သလေ။ ကျွန်တော့်မျက်ဝန်းထဲမှာလည်း မိုးပွင့်တွေစပြီး သီနေပြီပေါ့။

မင်္ဂလာပိုဒ်စုံ ရတုသံနဲ့ မိုးဖြောက်ဖြောက်ကျသံက ရောနေတယ်။ ကျွန်တော့်နားထဲမှာ စာဆိုတော် နဝဒေးကြီးရဲ့ အဖြည့်ခံရတုက ပဲ့တင်ထပ်လာပြန်တယ်။

'ညို့ညို့ပြာပြာ၊ ဆင်းပြင်လျာမူ၊ ပြစ်မှာမသက်၊ ဆယ်နှစ်သက်က၊ ချောညက် ညွတ်သွယ်၊ နတ်နှင့်ဆွယ်သို့၊ ရွယ်လည်းရွယ်ပျို၊ ညိုလည်း ညိုဝင်း၊ ဖြူရွှင်းရောရု၊ နောင့် သက်စုကို၊ နှိုင်းရှုချေမူ၊ ထွေးပြာဖြူသည်၊ မတူ၏သို့ တူ ၏သို့။  

မို့မို့အာကာ မိုးဒေဝါလျှင်၊ ဘယ်ညာတောင်မြောက်၊ လေပြည်လျောက်၍၊ ပြိုးပြောက်ရိုးရဲ၊ လျှပ်ပန်းကြဲလျက်၊ မစဲညှင်းညှင်း၊ ကြူးတည့်လျဉ်းလျှင်၊ လဝင်း လှည့်လို၊ လွမ်းစိတ်ဆိုသို၊ လေချိုပေါင်းညီ၊ ရုန်းစုပြီဟု မယ့်ဆီတူရှု၊ သည်မိုးဖြူသည်...ကလူ၏သို့ မြူ၏သို့..။

ရတုကိုက အဖြည့်ခံရတုတဲ့။ အဖြည့်ခံရတုကို စိတ်ထဲမှာ ညည်းတွားနေတဲ့ ကျွန်တော့်မှာလည်း အဖြည့်ခံ နှလုံးသားနဲ့ပေါ့ဗျာ။ ကျွန်တော့်နှလုံးအိမ်ထဲက ဟင်းလင်းပြင်ကို ဘယ်သူကလာပြီး ဘာနဲ့ဖြည့်ပေးနိုင်မှာတဲ့လဲ။ 'ကိုယ့်ဘဝ၊ ခဏဘယ်သူ ယူပါ့မယ်' ပေါ့ဗျာ။

အဲဒီမိုးဖြူဖြူတွေကို ဝိုးတဝါးမြင်နေရာကနေ ကျွန်တော်ဘာမှမမြင်၊ ဘာမှမကြားရတော့ဘဲ လောကကြီးနဲ့ ခဏအဆက်အသွယ်ပြတ် သွားတယ်ထင်တယ်။

ကျွန်တော်ဟာ တို့ဆေးနဲ့ အညှို့ခံရပြီး ဆွဲဆောင်ရာကို လိုက်ပါမိတဲ့ လူတစ်ယောက်လို ဖြစ်သွားခဲ့တယ်။ အဲဒီကြားကာလအချိန်ကို ပြန်စဉ်းစားတာ ဘာမှမမှတ်မိဘူး။ ကျွန်တော် အုတ်ခုံ လှေကားထစ်ကလေးတွေပေါ်က ဘယ်လိုထခဲ့သလဲ။ မိုးဖွဲဖွဲထဲမှာ ဘယ်လိုလျှောက်ခဲ့သလဲ။ ဘာမှ သတိမရဘူး။

သတိရတော့ ကျွန်တော် သန်လျင်ဘက်ကမ်းကို ရောက်နေပြီး ပုဇွန်တောင် ညောင်တန်းဆိပ်ကမ်းကို ကျွန်တော် ဘာနဲ့လာခဲ့သလဲ၊ ဘယ်သင်္ဘောကို စီးခဲ့သလဲ။   ဘောတံတားပေါ်ဘယ်လို တက်ခဲ့သလဲ။ ဘာမှမသိဘူး။

'သတိပြန်လည်လာတဲ့အချိန်မှာ သန်လျင်ဆိပ်ကမ်းကနေ 'ကျောက်တန်း၊ ကျောက်တန်း' 'ခရမ်းသုံးခွ' စသဖြင့် စပယ်ရာတွေ အော်သံကြားလိုက်ရတယ်။

ကျွန်တော်လည်း ကျောက်တန်းသွားတဲ့ 'ရှောဗရိုလေး' ကားအိုကြီးတစ်စင်းပေါ် တက်လိုက်တယ်။ ပါဒကြီးဘုရား အဝင်မုခ်ဦး ထိပ်မှာ ဆင်းတယ်။ ပါဒကြီးဘုရား အဝင်လမ်းက ကံ့ကော်ပင်တန်းမှာ လျှောက်ခဲ့တယ်။ မိုးကတော့ စဲသွားပြီ။ မိုးမှုန်မှုန်ကလေးတွေ ကျနေတယ်။ လမ်းဘေးဝဲယာ မှာ ကံကော်ရွက်ကြွေတွေ ညိုညိုရော်ရော် ခွေခွေပျောင်းပျောင်း။

ကျွန်တော်ခုထိ အမှတ်ရတာရှိသေးတယ်။ အဲဒါက အညိုရောင် အကွက်စိပ်စိပ် လက်ကိုင်ပဝါလေး။

အဲဒီလက်ကိုင်ပဝါ လေးဟာ သူက ကျွန်တော့်ကို ပေးခဲ့ဖူးတဲ့ လက်ကိုင် ပဝါလေးပါပဲ။ ကျွန်တော့် အသားက ညိုလို့တဲ့။ သူက လက်ကိုင်ပဝါအညိုနုလေး ပေးတယ်။ သူ့အကြိုက် ခရမ်းပြာရောင်က ပန်းပွင့်ကလေးတွေအဖြစ် ပုံဖော်ထားတယ်။

ကျွန်တော် သတိရတော့ ကျွန်တော့်ခေါင်းပေါ်မှာ အဲဒီလက်ကိုင်ပဝါလေးကို တင်ပြီး အုပ်ထားမိကြောင်း မှတ်မိတယ်။ မိုးဖွားဖွားမှာ ခေါင်းမိုးစိုမှာစိုးလို့ လက်ကိုင်ပဝါလေးနဲ့ အုပ်ထားခဲ့မိတာ ခုမိုးတိတ်သွားပြီလေ။

ဒီတော့ အဲဒီလက်ကိုင်ပဝါလေးကို လက်မှာ ကျစ်ကျစ်ပါအောင် ကိုင်ထားဆဲ ဖြစ်နေတယ်။ လက်ကိုင်ပဝါလေးဟာ မိုးရေနဲ့လား၊ မျက်ရည်နဲ့လားမသိဘူး စိုရွှဲနေတယ်။ ဒီလက်ကိုင်ပဝါလေးကို ပေးတဲ့နေရာကလည်း အဲဒီ သန်လျင် ပါဒကြီးဘုရားရဲ့ ကံ့ကော်ပင်တန်း အောက်မှာပဲဗျ။ ကျွန်တော်တို့ သန်လျင်ကိုသွားလည်တော့ မြင်းလှည်းစီးကြတယ်။ အမှန်က မြင်းလှည်း သိပ်မစီးဖူးလို့ အပျင်းပြေစီးကြတာ။ မိသားစုလိုက်ပေါ့ဗျာ။ ကျွန်တော်တို့မိသားစုနဲ့ သူတို့မိသားစု။

အဲဒီတုန်းက ကျွန်တော်က နှာမွှန်နေတယ်။ နှာရည်ယိုလို့ လက်ခုံနဲ့သုတ်နေတာကို သူက အဲဒီလက်ကိုင်ပဝါလေး ထုတ်ပေးတယ်။ ပြီးတော့ ပြောနေသေးရဲ့။ 'သူက အသားညိုတယ်မဟုတ်လား။ ဒီအညိုရောင်လေးနဲ့ လိုက်တာပေါ့နော်။ ဒီတော့ အပိုင်ယူလိုက်တော့ကွယ်' တဲ့။

ရှေးတုန်းက အယူစွဲ တစ်ခုရှိတယ်။ 'ချစ်တဲ့သူကို လက်ကိုင်ပဝါ မပေးကောင်းဘူး၊ ကွဲတတ်တယ်' တဲ့။ မှန် မမှန်တော့ မသိဘူး။ ကျွန်တော်တော့'ကွဲ' တာပဲ။ အရှင်မဟာရဋ္ဌသာရရဲ့ တောက်တဲ့တွန့် ရတုကို သတိရပြန်ပါရော။

'ဝဏ္ဏပဘာ၊ ကလျာ ဖူးစသစ်၊ ပျိုပျစ်မျစ်လျှင်၊ ကျစ်လျစ်တင့်စံပယ်၊ လှမျိုး ကြွယ်သား၊ ဆံသွယ်မြမြိတ်စို့၊ ဆင်းရောင်ပျို့ကို၊ နတ်တို့ဆင်ထိုက်တန်၊ ဆင်းစုံ ကြန်သည်၊ အလွန်ရပေခက်၊ ဖြူမြိတ်ရွက်နှင့်၊ လက်လက်မြရောင်ပြေး၊ ရွှေရည်ရေးသို့၊ ပျံ့မွှေးရွှေအကျႌ၊ ရွှေထဘီနှင့်၊ နတ်ပြည်မိုးသူဇာ၊ ပျံသက်လာသို့၊ ဆည်းဆာညရီတွင်၊ ကျွန်ုပ်မြင်သည်၊ ရွှေရင်ဖုံးတုံ့ မဖုံးတုံ့'တဲ့။

ဟုတ်ပါရဲ့။ အဲဒီလက်ကိုင်ပဝါလေးပေးတုန်းက သူ့အရွယ်ဟာ 'ရွှေရင်ဖုံးတုံ့၊ မဖုံးတုံ့' အရွယ်ပဲ။ 'ကစားရွယ် ငယ်ကတည်းက စွဲတဲ့ အချစ်' ပါဆိုနေမှ ထပ်ရှင်းပြနေစရာ မလိုတော့ပါဘူးဗျာ။

ကျွန်တော် ဘုရားဖူးတယ်။ အဲဒီမှာ တရွေ့ရွေ့လည်နေတဲ့ အလှူခံပုံးရှိတယ်။ ငွေဖလားလေးတွေကို ဝိုင်းကြီးက ဝိုင်းပေါ် စီထားတယ်။ အဝိုင်းက လည်နေတယ်။ ဖလားတိုင်းမှာ 'တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ' 'တရားထူးရပါစေ' စတဲ့ စာတွေရေးပြီး ကပ်ထားတယ်။ အဲဒီထဲမှာ 'ချစ်ခင်နှစ်သက်သူနဲ့ ကွေကွင်းရခြင်းမှ ကင်းပါစေ' ဆိုထားပါတယ်။ တရားဦး ဓမ္မင်္ကြာ သုတ်မှာပါတဲ့ စကားစုပဲ။ ပိယေဟိ သမ္မယောဂေါ ဒုက္ခောတဲ့။ 'ချစ်ခင်နှစ်သက်သူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏' တဲ့။ ဘုရားလူကြီးတွေရဲ့ ဉာဏ်သွားပုံကို ကျွန်တော် သိပ်သဘောကျတယ်။ တရားတော်ထဲက စကားကိုယူပြီး စုံတွဲလာဖူးတဲ့သူတွေ လှူချင်အောင် ဉာဏ်ကူထားတာပဲ။

ကျွန်တော်အဲဒီဖလားထဲကို ငွေအကြွေစေ့တွေ ပစ်ထည့်နေမိတယ်။ မှတ်မှတ်ရရ ဖလားထဲ တစ်ခါပဲ တန်းတန်းမတ်မတ် ငွေအကြွေစေ့ ကျသွားတယ်။ ဘယ်နှစ်ကြိမ်လောက်တောင် ပစ်ထည့်ခဲ့သလဲ မမှတ်မိတော့ဘူး။ လက်တွေတုန်နေတာတော့ သတိထားမိတယ်။ ရူး ပါ့ဗျာ။

အဲဒီ ပါဒကြီး ဘုရားကြီးရဲ့ဘေးမှာ သစ်သားဇရပ်အိုကြီး တစ်ခုရှိတယ်။ ရှေး လက်ရာပဲ။ ကျွန်း၊ ပျဉ်းကတိုး၊ သစ်အကောင်းစားတွေနဲ့ ဆောက်ခဲ့တာ။ မှတ်မိသလောက် အုပ်ကြွပ်မိုးပဲ။ အဲဒီဇရပ်ကြီးရဲ့ ခါးပန်းမှာ တက်ထိုင်ရင်း တွေဝေငေး မောနေမိသေးတယ်။

ဘုရားတိုင် ရတုတစ်ပိုဒ်က ခေါင်းထဲမှာ လျှပ်ခနဲ ပေါ်လာပြန်ပါရောဗျာ။

မေတ္တာထပ်လောင်း၊ ကြင်ပေကောင်း၏၊ ရှင်နှောင်းပြာလဲ့၊ ငယ်လွန်းခဲ့၍၊ ရှုငဲ့ရိပ်ခြည်၊ လျှောက်ပါမည်၊ ကြံစည်နှစ်ကာ၊ ကြာမောလှ ခဲ့....။

'ကြံစည်နှစ်ကာ ကြာမောလှခဲ့၊'

ရှင်နှောင်းဆိုတာပါတော့ နဝဒေးကြီးပဲ ထင်ပါရဲ့ဗျာ။ ကျွန်တော်က စိတ်ကြိုက်မြန်မာစာ သင်ဖူးတော့ အဲဒါတွေ ဖတ်ဖူးမှတ်ဖူးလို့ပါ။ ပြီးတော့ တကယ်လည်း ကြိုက်လို့ပါ။ 'ကြံစည်နှစ်က၊ ကြာမောလှခဲ့' တဲ့ဗျာ။ ကျွန်တော့်ရင်ထဲ အဲသလိုပဲလေ။ မပြောဘဲ ရင်ထဲ ကြိတ်မြုံထားခဲ့ရတဲ့ နှစ်တွေက ကြာ 'မော' လှခဲ့တာကိုး။

နေညိုချိန်မှာ အိမ်ပြန်ခဲ့ပါတယ်။ သန်လျင်ကူးတို့ သင်္ဘောကြီးတွေဟာ ခုပြန် စဉ်းစားကြည့်တော့ လွမ်းစရာ ကောင်းလှသဗျာ။ ကူးတို့ သင်္ဘောစီးရင်း ဈေးသည်တွေ၊ ဖဲသုံးချပ် လူလိမ်တွေ၊ ဗေဒင်စာရွက်ရောင်းတဲ့သူတွေ၊ မယ်ဒလင်တီး သီချင်းဆိုပြီး ကျောကို ဝါးအဖြစ် လက်ပြန်ပုတ်ရင်း ပုတ်ရင်း ဝမ်းစာရှာနေတဲ့ 'သီချင်းသည်' တွေ။

အဲဒီသင်္ဘောက သီချင်းသည်တွေ ဆိုလေ့ရှိတာဟာ အလွမ်းသီချင်းတွေ များတယ်ဗျ။ တချို့ အသံသိပ် ကောင်းတယ်။ ဒါပေမယ့် သူတို့စည်းဝါးဟာ သူတို့ ဘာသာထွင်ထားတဲ့ စည်းဝါး တစ်မျိုးလို့ ထင်တယ်။ သူတို့စည်း၊ သူတို့ဝါးနဲ့ပဲ နားထောင်လို့တော့ အကောင်းသား။

တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ အဲဒီညနေ နေဝင်ရီတရော မှောင်လုလု ရန်ကုန်မြစ်ပြင်ကျယ်ကြီးထဲမှာ ခုန သီချင်းသည်က 'ဂုဏ်တံတိုင်း ငွေတံတိုင်း တံတိုင်းခတ်ကာထား၊ ပိုင်းဖြတ်ကာ သွားနိုင်တဲ့ကိုယ်၊ ဖြစ်ရပါလိုကြောင်း ဆုတောင်းမိတယ်။ မကြင်ဝံ့သူ ကိုယ့်အဖြစ်များရယ်ကြောင့် ဒီဘဝအတွက်တော့ နှမလက်လျှော့ နေလေဦးတော့ကွယ်' တဲ့။ အစ်ကိုတွံ (တွံတေးသိန်တန်)ရဲ့ သီချင်းဗျာ။ ဂီတစာဆို ဆရာ သောင်းတင်ဌေး ရေးတယ် ထင်တာပဲ။ ကျွန်တော်သိပ်ကြိုက်တဲ့ သီချင်းပေါ့။ သီချင်းသည်ကို ကျပ်တန် တစ်ရွက် ပေးမိတယ်။ အဲဒီတုန်းက တစ်ကျပ်ဟာ တော်တော်တန်သဗျ။ ဆီချက်တစ်ပွဲမှ ငါးမူး၊ သုံးမတ်ရယ်။ သီချင်းသည်က ကျွန်တော့်ကို ကျေးဇူးတင်တဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်ဗျာ။ သူတို့က ကျေးဇူးတင်ပါတယ်လို့ ပြောခွင့်မရှိဘူးလို့ သူတို့ကို သူတို့ ထင်နေကြတယ် ထင်ပါရဲ့ဗျာ။ မျက်လုံးနဲ့ ကျေးဇူးစကား ဆိုတတ်ကြတယ်။ သိပ်ကရုဏာဖြစ်စရာ ကောင်းပါတယ်။ အဲတစ်နေရာကျရင် ကျွန်တော် ဟာ သင်္ဘောပေါ်က သီချင်းသည်တစ်ယောက်လို မျက်လုံးနဲ့ ကျေးဇူးစကားဆိုခဲ့ရတဲ့ အကြောင်း ပြောပြပါမယ်။ ကျွန်တော်ကတော့ သင်္ဘောလက်ရန်းနား သွားပြီး လိမ္မော်ရောင်နေခြည် တွေနဲ့ အရောင်ဆိုးထားတဲ့ ရန်ကုန်မြစ်ရေ နောက်ကျိကျိပေါ်က လှိုင်းကြက်ခွပ်တွေကို...အဓိပ္ပာယ်မဲ့ စိုက်ကြည့်နေမိတယ်။ တိမ်ညိုတွေကြားက နေအဝင်ဟာ လှပပါဘိတော့။

စင်ရော်လေးတွေ... သင်္ဘောနားကို ချဉ်းတုံ ခွာတုံ လုပ်နေကြတယ်။ စင်ရော်စာရောင်းတဲ့ အထုပ်ကလေး တစ်ထုပ်ဝယ်ပြီး ပစ်ကြွေးနေမိတယ်။ ထိုးသုတ်ဖမ်းစားကြတာ သိပ်လျင်တာပဲဗျာ။

ဒေါ်မြင့်မြင့်ရှိန်ဆိုတဲ့ ဆရာကိုစောညိန်းရဲ့ မြနဒီ သီချင်းတစ်စက ရင်ထဲမှာ မြည်လာပြန်ရော။ 'စင်ရော်တွေလည်း မောင်နှံယဉ်တွဲ ပျံကာဝဲကြတယ် ငွေသောင်ဦး ကြည်နူးဖွယ့် ဒီဆိုင်ရေလည် လှိုင်းလှိုင်း ထန်လို့ကွယ်...'

လှိုင်းတွေထနေတဲ့ ရင် ထဲမှာ စင်ယော်တွေကတော့ မောင်နှံယှဉ်တွဲလို့ပေါ့လေ။

ကျွန်တော်ကတော့....။

တိမ်ညိုတွေ နောက်ခံထားပြီး ရွှေတိဂုံစေတီတော်ကြီးကို နေခြည်အစောင်းမှာ မြစ်အတွင်းက ဖူးမြော်ရတာ သိပ်ကြည်နူးဖို့ကောင်းတယ်။ ကြည်ညိုဖို့ ကောင်းတယ်။ ကျွန်တော်က ကြည်ညိုဖို့ဘက် စိတ်မသန်ဘဲ လွမ်းနေမိတယ်။ ဟော...သတိရပြန်ပြီဗျာ။

'ရှေးဦးဖွားစ၊ ငါ့ကိုမ သား၊ သတ္တဘာဂ၊ ဒေဝရာဇာ၊ သူနှင့်ငါ့ကို၊ ဖူးစာ မရေး လေသလော'

မဟာမင်းလှ မင်းခေါင်ကျော် ဦးရွှန်းရဲ့ ဥမ္မာဒန္တီပျို့ ထဲက သိဝိဘုရင်ကြီး လွမ်းတ ညည်းညူတဲ့ အခန်းမှာ ရေးထားတာဗျာ။

ဟုတ်ပါ့ဗျာ။ ဒီဖူးစာရေးနတ်ဆိုတဲ့ နတ်ချာတိတ်က ဘာကြောင့်များ သူနဲ့ ကျွန်တော့်ကို ဖူးစာမရေးခဲ့ တာလဲဗျာ။ ဒီနတ်ချာတိတ်ကို ဖမ်းလို့ရရင် အတင်းဖမ်းချုပ်ပြီး ငါ့ဖူးစာကို အသစ်ပြန် ရေးစမ်းလို့ အကြမ်းဖက်လိုက်ချင်တယ်ဗျာ။

ကိုဝင်းငြိမ်းရေ အဲဒီနေ့ ညနေ ခင်ဗျားတို့နေတဲ့ ပုဇွန်တောင်ညောင်တန်း တိုက်ခန်းတွေနားက ကျွန်တော်ရူးကြောင်ကြောင်နဲ့ ဖြတ်ပြန်ခဲ့ရသဗျာ။

အိပ်၍ မပျော်သောညများ

အခန်း (၇) ဆိုပါတော့

သိင်္ဂါရ (အချစ်နဲ့ ပတ်သက်တဲ့) ရသမှာ သမ္ဘောဂ သိင်္ဂါရ ရသနဲ့ ဝိယောဂ သိင်္ဂါရ ရသ ဆိုပြီး နှစ်မျိုး ရှိသတဲ့ဗျာ။ သမ္ဘောဂဆိုတာက ကြည်နူးပြုံးပျော်ခြင်းနဲ့ ဆိုင်သတဲ့။ ရွှင်လန်း ကြည်လင်ခြင်း၊ စိတ်နှလုံး ကြည်မွေ့စေခြင်း၊ စုံမက်သောစကား စသည်တို့နှင့် ဆိုင်သတဲ့ဗျာ။ ဒါတွေ ခင်ဗျား သိပြီးသားပါ။ နောက်တစ်ခုက ဝိယောဂ သိင်္ဂါရ ရသတဲ့ဗျာ။ 'အခုဘဝမှာ ကွဲကွာသောသူ ဟူသော အာရုံတစ်ခုတည်းရှိခြင်း၊ ကွဲသောသူ၏ ဂုဏ်ကို ပြောဆိုခြင်း၊ နောင်တရခြင်း၊ မြည်တမ်းခြင်း၊ ရူးသွပ်ခြင်း၊ အနာရောဂါ ဖျားနာခြင်း၊ မှိန်းမှိုင်တွေဝေခြင်း၊ သေခြင်း၊ တို့ပင် ဖြစ်လေသည်' လို့ ဆရာကြီး ဦးသော်ဇင်က အဓိပ္ပာယ်ဖွင့်ဆိုထားတယ်ဗျာ။    

ကျွန်တော်ခံစားရတာ အဲဒီ ဝိယောဂ သိင်္ဂါရရသပါပဲဗျာ။ 'နောင်တရခြင်း၊ မြည်တမ်းခြင်း၊ ရူးသွပ်ခြင်း... သေခြင်း' တဲ့ဗျာ။

အဲဒီအချိန် တစ်လျှောက်ကို ကျွန်တော်ဟာ အဲဒီ မြည်တမ်းခြင်း၊ ရူးသွပ်ခြင်းတွေနဲ့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ရပါတယ်။

ကျွန်တော် (OB) စိတ်ကြိုက်မြန်မာစာ ယူဖူးတယ်ဗျာ။ တွင်းသင်းတိုက်ဝန် မဟာစည်သူရဲ့ ဘလ္လာတိယပျို့၊ မဟာမင်းလှ မင်းခေါင်ကျော် ဦးရွှန်းရဲ့ ဥမ္မာဒန္တီပျို့၊ စတာတွေ သင်ရတယ်။ တခြားအရေးကြီးတဲ့ ဝဏ္ဏဗောဓနသတ်အင်း၊ သဒ္ဒါဂုဏ်၊ ရသ၊ ဒေါသ၊ စကားပြေ၊ ဝါကျတည်ဆောက်ပုံ စတာတွေ သိပ်မမှတ်မိပေမယ့် အဲဒီ ပျို့တွေထဲက 'လွမ်းခန်း' တွေတော့ အသေမှတ်မိနေတယ်ဗျ။

အဲဒီ'ကာလဆိုး' တစ်လျှောက်ကို ကျွန်တော် ဘယ်လိုဖြတ်သန်းသလဲ၊ ကျွန်တော့်နှလုံးသားကို ကျွန်တော်ဘာသာ ဘယ်လို 'ဖဲ့' ခဲ့သလဲဆိုတာ လျှောက်ရေးနေမယ့်အစား ရှေးဆရာကြီးတွေ ရေးခဲ့တာကို ကူးချတာက ပိုထိလိမ့်မယ်ထင်လို့ ကူးချလိုက်တယ်ဗျာ။

ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်း ဝတ္ထုထဲက 'မိန်းမဆိုး အမုန်း၊ သည်ဘဝ သည်မျှ နှင့် တုံးစေတော့' ဆိုတာ မျိုးတွေ။ 'သူ့ချစ်လင် ရင်ခွင်ကြား ခေါင်းထား၍ အသော့ငိုပါရော့သည် ဘုရား''မျက်နှာငွေလ ရွှင်ပပနှင့် ခင်မ ဝမ်းမြောက်ပါလေတော့' ဆိုတာမျိုးတွေပေါ့။

ဘလ္လာတိယပျို့ထဲက ကိန္နရာ၊ ကိန္နရီငိုခန်းတွေမှာ 'လွမ်းရေးခင်းလျက်၊ မိုးပြင်းကစွေ၊ လေချိုကဆမ်း၊ ဆွတ်ခါရွှမ်းသော်၊ နောင့်ဝမ်းပူဆွေး၊ ကြိုးနှယ်ထွေးခဲ့၊ ပြေးလည်းမလျင်၊ ကောင်းကင် မိုးလျှံ၊ ပျံလည်းမတတ်၊ တဆွတ်ဆွတ်နှင့်၊ တိမ်းညွှတ် ခွေကာ၊ မယ့်နေရာသို့၊ ရောက်ပါခလို့၊ လွမ်းတင်း ဆိုလျက်၊ ပြာညိုညက်စင်၊ ဆွေမမြင်၍၊ နွဲ့ပင်ခေါက်ချိုး၊ မရွှင်နိုးသည်၊ လွှမ်းမျိုးတစ်ထောင်ပြည့်ခဲ့ပြီ'

'ငယ်သွေးမူခင်၊ စင်ကြည်ပြစ်ဆာ၊ မေတ္တာအသက်၊ နှင်းဆက်ဆယ်တန်၊ ပြန်လည်းမက၊ ချစ်မဝ၍၊..'

'ထွေးမယ့်မျက်နှာ ရှေးဝိပါက်၁၊ လိပ်ပြာသွေးငင်၊ ရေးရေးထင်လျက်၊ ဘဝင်ဖြောဖြော၊ ခြောက်တန်ဇောဖြင့်၂၊ မိန်းမောခွေကာ၊ နေလှည့်ရာတွင်၊ လျှောက်ရွာမိုးဖြူ၊ အငြှိုးကူ၍၊ ကလူသည့် နှယ်၊ မြှူသည့်နှယ်လျှင်၊ ဘယ်ဘယ်ညာညာ၊ လိုက်ကာဝေ့လည်၊ လေပြေတချင်း၊ လေပြင်းတလှိုက်၊ အဖြိုက်တလဲ၊ အဖွဲတခါ၊ ရွာလှာဆိုးဆမ်း၊ ချမ်းမျိုးလျှမ်းခဲ့၊ ငယ်ကျွမ်းညက်ခြေ၊ သက်ဝေညံ့နူး၊ နွဲ့ခေါင်ကျူးနှင့်၊ မဖူးရပါ၊ သည်တခါသည်၊ နောက်မှာ ကိုယ်လုံး ချည့်ခဲ့ပြီ။

(၁။ ရှေးဝိပါက်)

(၂။ သေခါနီး ပြန်တဲ့ဇော)

'... ကသောက်ကသက်၊ ရမ္မက်ပေမ၊သိနေဟ  ဟု၊ ချစ်စကြိုးသွယ်၊ ရစ်ပတ်နွယ်၍၊ ဆူလှယ်နမ်းကာ၊ ဖက်ရမ်းကာနှင့်၊ ရှိုက်ကာ ငါတို့ငိုကြ၏'

(၃။ ချစ်မေတ္တာ)

တတောက်ဆက်ဆက်၊

တပတ်ရစ်ရစ်၊ ငယ်သနစ်ကို၊ စစ်မိလေလေ၊ လွမ်းမိုးစွေ၍၊ တွေတွေမျက်ရည်၊ ဖြာလတ်တည်း။

ရှိသေးပါသဗျ။

စာဆိုတော် မဟာမင်းလှမင်းခေါင်ကျော် ဦးရွှမ်းရဲ့ ဥမ္မာဒန္တီပျို့ပါ။ သိဝိဘုရင်ကြီးက ဥမ္မာဒန္တီကို မြင်ရပြီး တမ်းတညည်းညူခန်းတွေပေါ့ဗျာ။

'ထို့ထက်မှာမူ၊ ချစ်ခင်သူနှင့်၊ အတူတကွ မပေါင်းရဘဲ၊ လွမ်းတပူဆွေး၊ 'သူ' နှင့်ဝေးသော်၊ ပြည်ထဲရေးနှင့်၊ ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်၏'

လောကထွတ်ဆင့်၊ ငါးမာရ်လွှင့်တို့၊ ပွင့်ကြလှိုင်ကြူ၊ တဆူဆူတွင်၊ ဆုယူဆုတောင်း၊ ညောင်ရေလောင်းလျက်၊ ပေါင်းရလို့ငှာ၊ နှုတ်ဝယ်ဖြာ၍၊ ဒါနအတူ၊ ငါနှင့် သူသည်၊ အလှူမပေး လေသလော။

ဝါတာမိဂ၊ သမင်မသည်၊ ကြောက်လှမချိ၊ တုန်လှုပ်မိလျက်၊ မျက်စိတည့်တည့်၊ ကြည့်သော့ခါဝယ်၊ မျက်လုံးနှယ်နှင့်၊ ရှုဖွယ်စုရုံး၊ 'သူ' ရယ်ပြုံးသည်၊ ချစ်ထုံးဖွဲ့ရှာလေသလော။

ကြီးဘိနောင်တ၊ ရသည့်အတွက်၊ သတိပျက်လျှင်၊ အိပ်စက်မပျော်၊ မြည်တမ်းသော်ကား။

ဟေမဝန္တာ၊ လွန်သာယာသား၊ မဟာတောင်က၊ မာလုဝဟု၊ မည်ရညံ့သက်၊ နွယ်သို့လက်နှင့်၊ ဘယ်ရက်ခါနှယ်၊ ငါ့ကိုတွယ်၍၊ လယ်ဝယ်ဖက်ပါလတ္တံ့နည်း။

ဝန်ကြီးပဒေသရာဇာရဲ့ 'သူဇာ' ပျို့ထဲက...

ဝမ်းသာစုံမက်၊ ရွှေနှုတ်ဆက်၍၊ နှစ်သက်ပျော်ပါး၊ ရှိမည်ထားဘိ၊ ထူးခြားထွေလာ၊ မျက်နှာတော်မျှ၊ ပြူ မပြ၍၊ ဒုက္ခသည်းစွာ၊ ဝေဒနာသည်၊ဝမ်းမှာလှိုက်ခဲ့ပြီ တကား...။

ကြည့်၍မျက်တောင်၊ မညောင်းအောင်ပင်၊ ဆင်းရောင်ယဉ်နု၊ ယဉ်မျိုးစုသည်၊ ရွှေဥရတနာ၊ ဖြူဝင်းဝါကို၊ ဘယ်ညာယောင်ရမ်း၊ ကျွန်ုပ် စမ်းသည်၊ သွယ်ရွှမ်းပြိုက်ခဲ့ပြီတကား။

နေသည်ပြင်းထန်၊ ဂိမာန်ကာလ၊ နွေမာသနှိုက်၊ ရိပ်ပြရင်ရွှေ၊ ခိုရပေက၊ပူလေ သမျှ၊ ဝေးပျောက်ပ၏။

မိုးလအခါ၊ ဝသန်မှာလည်း၊ ဝင်းဝါဖြိုးလွေ့၊ ရင်တော်ငွေ့မှာ၊ ချမ်းမြေ့အိုက်ပူ၊ မဟူစေရ၊ ဥတုမျှ၏။

ဆောင်းလအခါ၊ ဖြည်းသာလှေညင်း၊ မြောက်ကသွင်း၍၊ ဆီးနှင်းဖျော်ဖျော်၊ ကျလှည့်သော်လည်း၊ ရင်တော်အမွှေး၊ ဖိပိုက်ထွေးက၊ ကင်းဝေးဗျာပါ၊ ချမ်းမျိုးကွာ၍....။

ယခုမှာကား၊ တမ်းကာငင်ရှိုက်၊ အူကလှိုက်လျက်၊ အိုက်လည်းဖော်ကွင်း၊ ပူပြင်း လွန်သည်း၊ ချမ်းလည်းဖော်ကွာ၊ မောင့်ချည်းသာလျှင်..၊

ပျောင်းပျမိန်းမူး၊ လည်းကာလူး၍၊ ရှုးလည်း ရှုးစေ၊ သေလည်းကံအား၊ သူ့ လျောက်လျားဟု စိတ်ထားတော်မူ...။

ပူဆာလွန်ကဲ၊ မောင့်ဝမ်းထဲဝယ်၊ ရဲရဲညီးညီး၊ အလွမ်းမီးတိ၊ ချီးချီးထိန်အောင်၊ ပူလှလောင်သည်၊ သည်းခေါင်ဆိုက်ခဲ့ပြီတကား။

အများကြီးပဲဗျာ၊ အများကြီးပဲ ရှိပါသေးတယ်။ မုဒုလက္ခဏာပျို့၊ စာဆိုတော် နတ်ရှင်နောင်၊ ရာဇဓါတုကလျာ...။

အဲ..ရာဇဓါတုကလျာ စပ်ဆိုတယ်လို့ ပြောကြတဲ့ ရတုလေး ရှိသေးဗျ။

မဟာစေတီ၊ မွေသရီ ၏၊ မြေညီခင်းပြန့်၊ တလင်းသန့်ဝယ်၊ နှင်းပန်တပဲ၊ ဝတ်ဖြူလဲ၍၊ နန်းထဲနန်းလေ့၊ သီမဝေ့ဘဲ၊ ဓလေ့တည်ကြည်၊ ပီတိရည်ဖြင့်၊ ခိုင်တည်နှလုံး၊ တဖြောင့်သုံးလျက်၊ နှောင် ထုံးကေမင်၊ လျှော့ဖြေချင်လည်း၊ နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ခဲ့၊ မဖြောင့်ပျံ့ လွင့်၊ နှောင်ကြိုးငင့်သည်၊ လုလင့်ငွေမျက်ရည်တကား...။ အဲသလိုနဲ့ အိပ်မပျော်တဲ့ညတွေကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်။ ပင်ပန်းလိုက်ပါဘိတော့ဗျာ။ 'လုလင့်ငွေမျက်ရည်' တွေနဲ့ ပေါ့ဗျာ။

ဖဝါးမှာဗွေ၊ ထင်ရော့ပေမည်

အခန်း (၈) ဆိုပါတော့

ဆရာမောင်မင်းယာရဲ့ ကဗျာတွေထဲမှာ အဲဒီအပိုဒ် သိပ်ကြိုက်တယ်ဗျာ၊

'ကဗျာသမား၊ ဖဝါးမှာဗွေ၊ ထင်ရာပေမည်၊ ပြည်နှင်ဒဏ်သာ၊ ခတ်လှည့်ပါခင်' တဲ့။

အဲဒီနောက်မှာ ကျွန်တော် ကိုယ့်ဘာသာကိုယ် မသိဘဲ တေပေလေလွင့်နေခဲ့ မိတယ်။ 'သူ' နဲ့တော့ ဝေးနိုင်သမျှ ဝေးအောင်နေခဲ့တယ်။ ခက်တယ်ဗျာ။ အဲဒါ ကိုယ့်ကိုယ်ကိုယ် ညာတာပါပဲ။ မကြာမကြာတွေ့တော့ ဘာဖြစ်မှာလဲ။ သူနဲ့ ကျွန်တော်နဲ့က သမီးရည်းစားလည်းမဟုတ်ခဲ့ဘူး။ ကျွန်တော်ကသာ တစ်ဖက်သတ် မြတ်နိုးတွယ်တာနေခဲ့တာလို့ ပြောလို့ရတယ်။ သူ့ရင်ထဲမှာ ဘာတွေရှိမလဲ တိတိကျကျ မသိဘူး။ သူ့အကြည့်တွေကို ကျွန်တော်က အဓိပ္ပာယ်ဖော်တဲ့အခါ ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်လိုရာဘက်ကိုဆွဲပြီး အဓိပ္ပာယ်ဖွင့်ခဲ့သလား မသိဘူးဗျာ။ (အဲဒါ ဟုတ်တယ် ဗျ၊ တကယ်တမ်း ပွင့်လင်းမှ ဖြစ်တော့မယ့် အခြေအနေ ရောက်တော့ သူက ကျွန် တော့်ကို ကျွန်တော်ချစ်သလို၊ ကျွန်တော်မြတ်နိုးသလို ချစ်ခဲ့၊ မြတ်နိုးခဲ့တာ မဟုတ်ဘူးတဲ့ဗျာ။ ဒါကိုတော့ နောက်မှ ပြောမယ်ဗျာ။ သိမ်မွေ့တယ်ဗျ။ လျှို့ဝှက်နက်နဲတယ်ဗျ။ ပြီးတော့ အဆန်းတကြယ် အံ့သြဖွယ်ဗျ။ ကျွန်တော့်အိပ်မက်တွေ တကယ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အိပ်မက်နဲ့ ပြောင်းပြန်ခင်ဗျ။ ဒါကြောင့် လူကြီးတွေက အိပ်မက်ကို အတိတ်ကောက်တဲ့ အခါ ပြောင်းပြန်အဓိပ္ပာယ် ကောက်ခဲ့ကြတယ်နဲ့ တူတယ်။)

ကျွန်တော့်ကိုယ်ကျွန်တော် တော်တော်မဲတဲ့ကောင်လို့ ယူဆခဲ့တယ်။ ဘင်္ဂလီကဗျာဆရာကြီး ရာဘင်ဒြာနတ်သ်တဂိုးရဲ့ ကဗျာတစ်ပုဒ်လိုပဲ။ ကဗျာက...

'ကျွန်တော်ဟာ လှိမ့်ရိုက်ဖို့ကောင်းအောင်၊ သိပ်မိုက်တဲ့ ကောင်လေးပါ။ ဘာကြောင့်ဆို ကျွန်တော်ငယ်ငယ်က လမင်းကို ရင်ခွင်ထဲ ပိုက်ထားချင်ခဲ့တယ်။ လမင်းကို လှမ်းဖမ်းလို့မရလို့ တမ်းတငိုကြွေးမိတယ်' တဲ့။ ကျွန်တော်လည်း ဒီလိုပါပဲ။ လမင်းကို ရင်မှာ ပိုက်ချင်ခဲ့ပေမယ့် အဲဒီလမင်းကို ဘယ်လောက်စွဲလမ်းခဲ့တဲ့ ကလေးငယ်လဲဆိုရင် နေခင်းကျတော့ လမင်းကို ရင်ခွင်မှာ ပိုက်ပြီး ပျော်ပျော်ရွှင်ရွှင် ဆော့ကစား၊ ညကျတော့ လမင်းကို ခေါင်းအုံးအောက်မှာ ထားပြီးအိပ်၊ အိပ်လို့မပျော့်တပျော်လေးကျတော့ ခေါင်းအုံးအောက်မှာ ကျွန်တော့်လမင်းမှ ရှိရဲ့လားဆိုပြီး စမ်းကြည့်။ ခေါင်းအုံးအောက်မှာ ကျွန်တော့် 'လမင်း' ရှိတယ်ဆိုတာ စိတ်ချရမှ ပြန်အိပ်၊ တရေးနိုးထစမ်းကြည့်၊ ရှိရင် စိတ်အေးပြီး ပြန်အိပ်၊ အိပ်မက်ထဲမှာ လမင်းနဲ့အတူ တိမ်တိုက်တွေ မြူတွေကြားမှာ ပြေးလွှားရွှင်မြူးနေ။ တိမ်တွေစီးပြီး ခရီးနှင်ခဲ့တာပေါ့။ မနက်အိပ်ရာက နိုးတာနဲ့ ခေါင်းအုံးအောက်က လမင်းကို ရင်ခွင်ထဲပြန်ပိုက်...

'တိမ်တွေစီး..ခရီးနှင်လဲ၊အိပ်မက်ထဲသာ ဖြစ်နိုင်တာမို့...'

သည်လို ကဗျာလေးတွေ ရေးရင်းဆိုရင်းနဲ့ လွမ်းမောစရာ အချိန်တွေကို ပန်းလျစွာ ဖြတ်သန်းခဲ့ရပါတယ်။

(မောင်စိန်ဝင်း ပုတီးကုန်းရဲ့ ကဗျာတစ်စရှိတယ်)

'ခေါ်မထားပေမယ့်၊ သွားသူက ကျွန်တော်ပါ၊ ချစ်သူ ဆောင်နံ့သာတောကို၊ မျှော်မောကာ ရွှေရင်ထိတ်ပါလို့၊ တိတ်တိတ်ကလေး'

ဒါပေမယ့် ခဏလေး ဖြစ်ဖြစ် မြင်လိုက်ချင်တဲ့စိတ်က တားလို့မရနိုင်တော့  သူ့ဆီ ခြေဦးလှည့်လှည့်မိပြန်ပါတယ်။

'တွေ့ရတိုင်းလည်း၊ ရင်မောပြီး ပြန်ခဲ့ရတာချည်းပါပဲ၊ အိမ်အပြန်လမ်းမှာ ပင့်သက်ကလေးတွေ ဖြာပေါ့။

နောက်တော့ ဇာတ်အဖွဲ့ တစ်ဖွဲ့နဲ့လိုက်ဖို့ အကြောင်းဖန်လာခဲ့တယ်။

မြို့လှကို ကျွန်တော် ရောက်လာခဲ့တာ 'သူ' မှတ်မိမလား မသိဘူး၊ မှတ်မိချင်မှ မှတ်မိတော့မှာပါ။ ကျွန်တော် တကယ့်ကို မိုက်မဲခဲ့တဲ့ အကောင်ပါ။ သူ့ကို ခဏဖြစ်ဖြစ် တွေ့လိုက်ချင်တဲ့ စိတ်ဆန္ဒကို ကျွန်တော် ဘယ်လိုမှ တားမရခဲ့ဘူး။

ကျွန်တော့်အကြောင်း ပြချက်က ဇာတ်သဘင်အကြောင်း စာရေးဖို့ ဇာတ်အဖွဲ့နဲ့ လိုက်ပြီး လေ့လာမယ်ဆိုတဲ့ အကြောင်းပြချက်ပဲပေါ့။ ဒါပေမယ့် ခုပြန်စဉ်းစား ကြည့်မှ အဲဒီဇာတ်အဖွဲ့က ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီ၊ သာဝတ္တိ အစ ရှိတဲ့ဘက်ကို ထွက်ကမယ်ဆို လို့ ကျွန်တော် ဇာတ်အဖွဲ့နဲ့ လိုက်ခဲ့တာ။ ရှင်းပါ့မလား မသိဘူး။ တကယ်က မြို့လှ ကို ရောက်ချင်တယ်၊ ကျန်တဲ့ နေရာတွေကို ရောက်ချင်မှ ရောက်၊ မရောက်လည်း ကိစ္စ မရှိဘူး။ အဓိကက မြို့လှကို ရောက်ဖို့ပဲ။ မြို့လှကို ဘာ ဖြစ်လို့ လာချင်ရသလဲ။ ရှင်း ရှင်းလေးပါ။ ကျွန်တော်သူ့ ကို ခဏဖြစ်ဖြစ် မြင်ချင် တယ်။

ဘာနဲ့ တူသလဲဆိုတော့ မိုးမှောင်ကျနေတဲ့ညမှာ တိမ်ညိုတိမ်မည်းတွေကြားက တစ်ချိန်မဟုတ်တစ်ချိန် မြင်ကောင်းမြင်ရမယ့် လမင်းကို စောင့်ကြည့်သလိုပဲ။ မြင်ချင်မှလည်း မြင်ရမယ်ပေါ့လေ။ ဖြစ်ချင်တော့ မြို့လှမှာ ဇာတ်ပွဲကဖို့ အစီအစဉ်ပျက်သွားတယ်။ ဒါကြောင့် ရေတာရှည်ကို ရောက်တဲ့အခါမှာ မြို့လှကို လိုကယ်ရထားစီးပြီး လာခဲ့တယ်။ ရောက်တော့...။

စိတ်မချမ်းမြေ့စရာကိုပဲ တွေ့ခဲ့ရတယ်။ အဲဒီအချိန်မှာ သူစိတ်ဆင်းရဲနေတယ်လို့ ကျွန်တော်ထင်မိတယ်။ (အိမ်ထောင်ရေး အဆင်မပြေဘူးထင်ရဲ့။) ရွှင်ရွင်လန်းလန်း မရှိဘူး။ ဘာပြဿနာတွေ ရှိသလဲဆိုတာ ကျွန်တော် မသိဘူး။ (တကယ်တော့ ကျွန်တော်သိခွင့်လည်း မရှိပါဘူး)  ဒါပေမယ့် သူစိတ်မချမ်းသာဘူးဆိုတာတော့ ရိပ်မိတယ်။ ကျွန်တော့် ရင်ထဲမှာ အပ်နဲ့အဆွခံရသလိုပဲ နာကျင်နေမိတယ်။ တကယ်တော့ ဘာဆိုင်တာမှတ်လို့နော်။ တကယ်တမ်း ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည် ဖြစ်စေ သူ့ကိုမြင်ရတော့ ကျွန်တော်စိတ်ဆင်းရဲခဲ့မိတာတော့ အမှန်ပါပဲ။ ကျွန်တော့်စိတ်ထဲမှာ သူ့ကို အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့ပဲ မြင်ချင်နေတယ်။ ဒါဟာ တကယ့် စိတ်ရင်းဆန္ဒပါ။ ကြားဖြတ်ပြီးပြောပါရစေ။ သူ့ကို တပ်မက်တဲ့ ပူပူ လောင်လောင် အချစ်မျိုးနဲ့ ချစ်တာမဟုတ်ဘူးဆိုတာတော့ ကျွန်တော့် ကိုယ်ကျွန်တော် ယုံကြည်တယ်။ မြတ်မြတ်နိုးနိုးနဲ့ နင့်နေအောင် ချစ်တာပါ။ (တပ်မက်စွဲလမ်းမှု လုံးဝမပါဘူးလို့တော့ အာမမခံနိုင်ဘူးလေ၊ အနုသယဆိုတာ ရင်တွင်းမှာ အောင်းနေတဲ့ ဓာတ်တဲ့)

'သူ' ရယ် ဘဝဆိုတာ လျှပ်လက်သလို ခဏလေးပါ။ မျက်စိတစ်မှိတ် လျှပ်တစ်ပျက်ဆိုတာ လူ့ဘဝတစ်ခုလုံးရဲ့ အချိန်အတိုင်းအတာလို့ ကျွန်တော်ထင်တယ်။ တကယ်တော့ လူ့ဘဝဟာ သံသရာဆိုတာကြီးနဲ့ နှိုင်းဆာလိုက်ရင် လျှက်တစ်ပြက်လောက်ပဲ ကြာပါလိမ့်မယ်။  အဲဒီထက်တောင် တိုတောင်း လိမ့်ဦးမယ်ထင်ပါရဲ့။ ဒါပေမယ့် လျှပ်စီးတစ်ခါလက်ဖို့ လိုအပ်တဲ့ လျှပ်စစ်ဓာတ် ပမာဏဟာ သိပ်ကိုကြီးမား လွန်းပါတယ်။ အချစ်ဆိုတာ အဲဒီလို လျှပ်စီးတစ်ခါလက်ဖို့ လိုအပ်တဲ့ အလွန်ကြီးမားတဲ့ ပမာဏရှိတဲ့ လျှပ်စစ်ဓာတ်အားကြီးမျိုးပဲ။ အချစ်ဟာ အဲသလောက်ကြီးမား ပြင်းထန်တယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော့်စကားက ရှေ့နောက်မညီဘူး ဖြစ်လိမ့်မယ်။ သူ့ကို ပူလောင်တဲ့အချစ်မျိုးနဲ့ ချစ်တာ မဟုတ်ဘူး။ ဒါပေမယ့် လျှပ်စီးလက်သလို ပြင်းထန်လွန်းတဲ့စွမ်းအားကြီးနဲ့ ချစ်မိတာ။ အဲသလိုပဲ ယူဆမိတယ်။ အရူးတစ်ယောက်ရဲ့အတွေးလို့ ယူဆနိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

မောင်ဝဏ္ဏ

(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။