အခန်းဆက်ဝတ္ထုရှည်

ရင်ထဲမှာခွေနေတဲ့ မြွေပွေး အပိုင်း (၃)

မောင်ဝဏ္ဏ

01 November 2024
ရင်ထဲမှာခွေနေတဲ့ မြွေပွေး အပိုင်း (၃)
Share to

အပိုင်း ၃


ဝင်းလဲ့နေတဲ့ ခရမ်းပြာရောင်

အခန်း ၃

အဲဒီခရမ်းပြာရောင်လွင်လွင်ကို ရှေးတုန်းက တကယ့်သူဌေးကြီးတွေမှ ဝတ်ဆင်နိုင်သတဲ့။ မြေထဲပင်လယ် တိုင်ယာအရပ်က ပင်လယ်ငါးတစ်မျိုးရဲ့ အသက်ပေါင်းများစွာကို စတေးမှ အဲဒီခရမ်းပြာရောင်ကို ရနိုင်ပါသတဲ့။ သူ ခရမ်းပြာရောင် ပန်းဖောက်အင်္ကျီလေးကို မှတ်မိသေးလား။ ငယ်ငယ်က အဲဒီခရမ်းပြာရောင်ကို မှတ်မိသေးလား။ ငယ်ငယ်က အဲဒီခရမ်းပြာရောင်း ပန်းဖောက်အင်္ကျီကို သူ သိပ်သဘောကျခဲ့တယ်လေ။ စံပယ်ပန်းပွင့်ရဲ့ ပွင့်ဖတ်တွေလို ဇာထိုးပန်းထိုးနည်းနဲ့ ရက်ဖောက်ထားတဲ့ အင်္ကျီလေ။ သူဟာ လက်မောင်းရင်းနားထိ တိုတဲ့ အဲဒီလို အင်္ကျီလေးမျိုးကို ဝတ်လေ့ရှိခဲ့တယ်။ ခရမ်းရောင် ပန်းပေါက်တွေကြားထဲမှာ မမြင်သာမြင်သာ မြင်နေရတဲ့ ဝင်းဝါလှတဲ့ အသားကလေးတွေကို ကျွန်တော့်ရင်ထဲ စွဲနေခဲ့တယ်။

‘သူ’ဟာ အမောက်တွေ အတွန့်တွေကို မကြိုက်ဘူး။ ကျွန်တော်သိတာပေါ့။ တစ်ချိန်က ခေတ်စားခဲ့တဲ့ လက်မောင်းနေရာမှာ ချွန်ထွက်နေတဲ့ အင်္ကျီမျိုး ‘သူ’ တစ်ခါမှ မဝတ်ဘူး။ အင်မတန်လှတဲ့ နဖူးကလေးပေါ်အောင် ဆံပင်ကို နောက်ပြန်လှန်ပြီး ဖြီးထားလေ့ရှိတယ်။ ရိုးရိုးလေးပဲ ဆံပင်ကိုနောက်မှာစုပြီး စည်းနှောင်ထားခဲ့တယ်။ ပြုံးရွှင်လှပတဲ့ မျက်နှာလေးကို ဆတ်ခနဲ ဆတ်ခနဲ ရမ်းခါလိုက်တဲ့အခါ သိပ်မရှည်တဲ့ ဆံပင်လေးတွေဟာ ပခုံးတစိဝိုက်ကို ဖျတ်ခနဲ ဖျတ်ခနဲ ကျီဆယ်နမ်းရှုပ်လေ့ရှိတယ်။ အမြဲတမ်းလိုလို ကြည်စင်နေတဲ့ မျက်ဝန်းဟာ ညိုမှောင်နေခဲ့တယ်။ ညိုမှောင်တဲ့ မျက်ဝန်းဟာ ဘာကြောင့်များ ကြည်စင်ဝင်းလဲ့နေရသလဲဟင်။ ပြီးတော့ မျက်ခုံး။ ဆေးနဲ့ ဆွဲထားတဲ့ မျက်ခုံးမဟုတ်ဘူး။ နဂိုလှတဲ့ မျက်ခုံးထူထူ။ အရင်းမှာထူပြီး အဖျားမှာ လှလှပပလေး ကွေးညွတ်သွယ်လျသွားတဲ့ မျက်ခုံးမျိုး။ ပြီးတော့ ဝင်းလဲ့နေတဲ့ပါးပြင်။ ရယ်လိုက်ရင် ပေါ်လာတဲ့ ဘယ်ဘက်တစ်ဖက်တည်းမှာရှိတဲ့ ပါးချိုင့်ကလေး။ လက်ဖျံပေါ်က ရွှေအိုရောင် မွေးညင်းလေးတွေ။ တောက်ပတဲ့ ရွှေဝါရောင်ထက် ညိုမှိုင်းတဲ့ ရွှေအိုရောင်ကို ကျွန်တော်ပိုသဘောကျတာ။ အဲဒါမှ တကယ့်အလှလို့ ထင်တယ်လေ။

ကျွန်တော်ဘယ်အထိ ဂရုစိုက်မိတယ်ထင်သလဲဟင်။ သူ့ရဲ့ နှုတ်ခမ်းအပေါ်နားမှာ မသိမသာလေး စိမ်းညို့နေတဲ့ ရွှေအိုရောင်မွေးညင်းကလေးတွေအထိ အသေးစိတ်မှတ်မိနေတယ်။ ‘သူ’ က မိတ်ကပ်မကြိုက်ဘူး။ ပေါင်ဒါလေးပဲလိမ်းတယ်။ တစ်ခါတလေ ညနေဘက် ရေမိုးချိုးပြီးစဆိုရင် သနပ်ခါးရေကျဲလေး လူးထားတယ်။ ချစ်လို့လားမသိဘူး။ ‘သူ’ ဘယ်လိုနေနေ ကျွန်တော့်မျက်စိထဲမှာ လှနေတာပဲ။ ‘သူ’ ခရမ်းရင့်ရောင် ဗြောင်ထဘီကို ဝတ်လေ့ရှိတယ်။ အို...မဟုတ်ဘူး။ ရုပ်တုမဟုတ်ဘူး။ အရုပ်လို လှတာမဟုတ်ဘူး။ ပြောမပြတတ်ဘူးလေ။ လှလို့လှတာ။ ဟုတ်တယ်။ ဒီထက်အဓိပ္ပာယ်ရှိတဲ့ စကားလုံး ရွေးလို့မရဘူး။ ဟုတ်တယ်နော်။ လှလို့ လှတာပေါ့။

တစ်ခါက ကျွန်တော့်ပခုံးမှာ သူ့ရဲ့ လက်ကလေးကို တင်ပြီးပြောဖူးတယ်။ 'ဖုန်းဆက်နော်' တဲ့။ ကျွန်တော့်မှာ တယ်လီဖုန်းမှမရှိဘဲ။ ဘယ်လိုလုပ် ဆက်ရမှာလဲ။ အဲဒီတုန်းက လမ်းဘေး စတိုးဆိုင်တွေမှာ တစ်မတ်ငါးမူးပေးပြီး ဆက်လို့ရတဲ့ ဖုန်းတွေမှ မရှိသေးဘဲ။

ဒါပေမယ့် ကျွန်တော်ခေါင်းညိတ့်ခဲ့တယ်။ ဆက်ပါ့မယ်ပေါ့။ တကယ်လည်း ဆက်ခဲ့ပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် အိမ်မှာဖုန်းရှိတယ်။ သူ့အိမ်က လူကြီးတွေကို ခွင့်တောင်းပြီး ဆက်ရင်ရတယ်။ ဒါကြောင့် ဆက်တယ်။ တယ်လီဖုန်းခေါ်သံ တူတူလို့ ကြားရတဲ့အချိန်မှာ ကျွန်တော့် ရင်တွေခုန်နေခဲ့တယ်။ လက်တွေလည်း မသိမသာ တုန်နေတယ်။ တယ်လီဖုန်း ဆက်ပြီးမှ ဘာပြောရမှန်း မသိဘူး။ ဒါကြောင့် သူတို့အိမ်က တစ်ယောက်ယောက် တယ်လီဖုန်းကို ကိုင်လိုက်တဲ့ အချိန်လောက်မှာ ကျွန်တော်တယ်လီဖုန်းကို ပြန်ချမိခဲ့တယ်။ အခါခါပဲ။ အခေါက်ခေါက်အခါခါပါပဲ။ ဘာကြောင့် ဒီလောက်တုန်လှုပ်ခဲ့ရသလဲဆိုတာ ကျွန်တော်မစဉ်းစားတတ်ခဲ့ဘူး။ ပြန်ဆင်ခြင်ကြည့်တော့ တကယ်ချစ်တဲ့ အချစ်ဟာ အဲသလိုပဲ တုန်လှုပ်တယ်။ ချောက်ချားတယ်။ အန္တရယ်ကြီးတယ်။ ဒါတောင် ကျွန်တော်ဟာ အရှိန်ညီးညီး တောက်လောင်နေတဲ့ မီးပုံကြီးတစ်ပုံကို အသိမဲ့စွာနဲ့ 'အန်ဝစ်ကင်းဂလီး' ဖြတ်မိတယ်။

စာတစ်စောင်ရေးတယ်ဗျာ။

သူ....

ဒီစာဟာ အတိုင်းအဆမရှိ မှန်းဆမရအောင် အလွန်တရာ ကြီးကျယ်ပျံ့နှံလှတဲ့ ဟောဒီ မဟာအနန္တ စကြဝဠာကြီးထဲမှာ တစ်ယောက်တည်း ဖတ်ဖို့ရေးတဲ့စာပါ။ တခြားဘယ်သူမှ မသိစေချင်ဘူး။ မဖတ်စေချင်ဘူး။ ဒါကြောင့် ဒီစာကို ကျေနပ်အောင် အထပ်ထပ်ဖတ်ပြီးရင် ဖျက်ဆီးမီးရှို့ ပြာချပစ်ရမှာပါ။ ဒီစာဟာ နေ့ပေါင်းလပေါင်းများစွာ၊ နှစ်ပေါင်းကြာညောင်းလှစွာ၊ မှောင်မိုက်ညပေါင်းများစွာ ဖြတ်သန်းကျော်လွှားခဲ့ရရှာတဲ့ နှလုံးအိမ်ထဲက စီးကျယိုစိမ့် သွေးအဆိပ်တွေနဲ့ ရေးလိုက်ရတဲ့ စာပါပဲ။

(အဲသလို စီးကျယိုစိမ့်တဲ့ သွေးအဆိပ်ကို ပါဠိလို 'ကိလေသ' ခေါ် သတဲ့လေ။)

ရင်ထဲရှိသမျှ ဖွင့်ပြရရင် မဟာစကြဝဠာ အနန္တ ခရီးဆန့်ပေမယ့် ဆုံးဖွယ်ရာမရှိပါဘူးလေ။ မဟာစကြဝဠာ အနန္တကြီးကို ချေလျင်ခရီးနှင်လို့ ခရီးဆုံး ပန်းတုံးတိုင်ကို ရောက်ချင်ရောက်လိမ့်မယ်။ ကျွန်တော့်နှလုံးအိမ်က စီးကျတဲ့သွေးအဆိပ်နဲ့ ရေးတဲ့အက္ခရာတွေဟာ ပြီးလိမ့်မယ်မထင်ဘူး။ ဒီလိုရေးလို့ အလင်္ကာမြောက်သလား၊ ဒေါသသင့် သလားမသိပါဘူး။ ကဗျာဥပဒေသနဲ့ ဝေဖန်ရင်တော့ 'ဒေါသသင့်' ဖို့ပဲ အကြောင်းရှိပါတယ်။

သူ့ကို အောက်မေ့တသ သတိရခဲ့တဲ့ အချိန်တစ်လျှောက်လုံး နေ့စဉ်နဲ့ အမျှ၊ ညစဉ်နဲ့အမျှ ဝင်သက်ထွက်သက် ရှူနေသမျှ ကာလပတ်လုံး သူ့ကို အိပ်မက်တွေ မက်ခဲ့ပါတယ်။ နေ့ခင်းမှာလည်း နေ့လယ်အိပ်မက်။ ညအိပ်တော့လည်း အိပ်မက်ထဲမှာသူ။ ကျွန်တော် ဘာလုပ်ရမလဲဟင်။ သတိလေးထား ပြီးစိတ်ကို ပြန်ဆန်းစစ်ကြည့်တော့ ဟုတ်ပေသားပဲ။ လုလင်ငယ်သွေးက လေးသာသာအရွယ်က ချစ်ခင်မြတ်နိုး ခဲ့မိတာကို။

အဲဒီအရွယ်မှာ သူ့စိတ်ထဲ ဘယ်လိုခံစားနေရသလဲဆိုတာ မသိနိုင်ဘူး။ သူက စကားပြောရင် လက်ကလေးနဲ့ ပုတ်ဟယ်ထိဟယ်နဲ့ ပြောတတ်တယ်။ တစ်ခါက '.....နော်' တဲ့။ အဲသလိုပဲ သူ့စကား အဆုံးသတ်ကလေးတွေမှာ 'နော်' တို့ 'ကွယ်' တို့ ပါလေ့ရှိတယ်။ သိပ်သာယာချိုမြတဲ့ အသံကလေးတွေ ပါ။ ကိုယ့်စိတ်ကူးနဲ့ကိုယ်ပေါ့လေ။ အဲသလို ကလေးသာသာအရွယ်ကစပြီး တွယ်တာမြတ်နိုးမိတာကို မပြောရက် မပြောရဲခဲ့တာကြောင့် အားလုံးနောက်ကျကုန်ရတယ်။

ပြောမိရင် ငြင်းလိုက်မှာ သိပ်စိုးရိမ်တယ်။ 'သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင်'ဆိုတဲ့ ဆရာဘုန်းဝတ္ထုလို 'သူငယ်ချင်းလိုပဲ သဘောထားတယ်ကွယ်' ဆိုတဲ့ စကားမျိုးကိုတောင် မကြားရဲဘူး။ အဆုံးမတော့ ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ဖွင့်ပြောတော့မယ်၊ စာရေးမယ်လို့ ဆုံးဖြတ်တယ်။ စာတစ်စောင်ရေးတယ်။ ပြောခွင့်မသာရင်၊ စကားက လည်မျိုမှာတစ်ဆို့နေရင် စာလေးနဲ့ပြောမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် သိပ်နောက်ကျသွားပြီး၊ အဲဒီလိုဆုံးဖြတ်ပြီး စာလေးတစ်စောင် ရေးပြီးတဲ့အချိန်မှာပဲ 'မင်္ဂလာသတင်း' ဒါမှမဟုတ် ကျွန်တော့်အတွက်တော့ 'အမင်္ဂလာသတင်း' ကို ကြားလိုက်ရတယ်။ စေ့စပ်လိုက်ပြီတဲ့။ 

ဒီတော့ ဘာလုပ်စရာကျန်သေးလဲ။ ရင်ထဲမှာ သိမ်းထားလိုက်ရုံက လွဲလို့ 'မောင်ဘာမှ မတတ်နိုင်တော့ပါလားကွယ်' ဆိုတဲ့ စကားလုံးတွေပဲ အထပ်ထပ် အသံတိတ် ညည်းညူနေရ တော့တယ်။ ပြီးတော့ ရင်ထဲမှာပဲ သိမ်းထားခဲ့ရတယ်။ တကယ်တော့ မြွေပွေးပေါက်စ တစ်ကောင်ကို နှလုံးအိမ်ထဲ ထည့်ပြီး ကျကျနန မွေးမြူထားခဲ့တာပါပဲ။ အဲဒီမြွေပွေးလေးဟာ တစ်စတစ်စ ဖွံ့ဖြိုးလာပြီး ခုတော့ အားကောင်းမောင်းသန် အရွယ်ရောက်နေတဲ့ အလွန်တရာ အဆိပ်ပြင်းလှတဲ့ မွေပွေးတစ်ကောင် အဖြစ် ရင်ထဲမှာ ငြိမ်ငြိမ်လေးခွေနေပြီ။ နှလုံးအိမ်က သွေးတွေကို သူ့အစာအဖြစ် စုပ်ယူကြီးထွားလာခဲ့ပြီ။ အဲဒီ 'ချစ်ဆိပ်ရည်' ကို မေ့မေ့ပျောက်ပျောက် ထားလိုက်မိအောင် 'ပြုပြုသမျှ အနုသယတွေက စခဲ့ရတဲ့ သမုဒယဆိုတဲ့ မောင့်အမှားပေါ့။ ဆရာဘုန်း (ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်) ရဲ့စကားပဲ။ ခုတော့ အဲဒီမြွေပွေးဟာ ငြိမ်နေရာကနေ မသိမသာလွန့်လာပြီ။ ပြန်ငြိမ်လို ငြိမ်ငြား မြွေပွေးရဲ့ ခေါင်းကလေးကို သပ်လိုက်မိတယ်။ ဒေါသဘယ်လောက် ဖြစ်နေသလဲမသိဘူး။ ပြန်တွယ် ထည့်လိုက်တာ ရင်ပွင့်ထွက်သွားတယ်။

သူ့ကို ခုချိန်ထိ မြတ်နိုးနေဆဲပါ ကလား။ မြတ်နိုးတယ်ဆိုတာ တပ်မက်မှု မပါဘူးလို့ မပြောရဲဘူး။ အနုသယကိလေသာဆိုတာ အင်မတန်မှ ညင်သာတယ်။ စွမ်းအင်လည်း ကြီးမားလှတယ်။ အနုမြူဝတ်ဆံလိုပဲ။ သူ့ဘာသာသူ ထားလို့ ဘာမှမဖြစ်ဘူး။ စနက်တံထည့်ပြီး ဖောက်ခွဲလိုက်ရင် ဒြပ်ထုနဲ့ အလင်းအလျင် '၁၈၆,၈၂၈,၃၆၉' ပေါင်းခြင်းရဲ့ နှစ်ထပ်ကိန်းအထိ အစွမ်းကြီးသွားတယ်။ အဲဒါရုပ်သဘော၊ နာမ် ဒါမှမဟုတ် စိတ်နှလုံးနဲ့ ပတ်သက်တဲ့ 'အချစ်' ကျတော့ (♥E= µ2)ကြေကွဲနေတဲ့ အချစ်ရဲ့စွမ်းအင် ညီမျှခြင်း အနန္တ၏ နှစ်ထပ်ကိန်းလို့ ပြောရမယ့်ပုံပဲလေ။ အနုသယမကုန်သေးတဲ့ အတွက် တပ်မက်မှုပါကောင်းပါလိမ့်မယ်။ ဒါပေမယ့် တပ်ငြိမှု ပါဝင်တဲ့ အချိုးဟာ အလွန်နည်းပြီး မြတ်နိုးမှု အချိုးက အတိုင်းအဆမြောက်မြားစွာ ပိုပြီးများပါလိမ့်မယ်။ ဒါကြောင့် အဲသလောက်ကလေးရှိတဲ့ တပ်ငြိမှုကို ကြိတ်ချေဖျောက်လို့ ရနိုင်လိမ့်မယ် ထင်တယ်။ (ထင်ရုံထင်တာနော်၊ ပျောက်ပျက်သွားလိမ့်မယ်လို့ အာမမခံနိုင်ဘူး) မြတ်နိုးမှုကတော့ ဘယ်လိုဖျောက် ဖျောက်မရနိုင်တော့ဘူး။ နောက်ဆုံး ထွက်သက်အထိ မြတ်နိုးနေမယ်။ ကျွန်တော့်ရဲ့ နောက်ဆုံးထွက်သက်မှာ သူ့ကိုမြတ်နိုးမှုဆိုတဲ့ ပြင်းထန် အားကြီးလှတဲ့ ကမ္မသတ္တိ ပါဝင်သွားပေလိမ့် မယ်။ အဲဒါ သံသရာစနက်တံပဲ။ လောင်လို့ မဆုံးနိုင်တဲ့ 'သံသာရ' မီးကို ရှို့လိုက်မိပြီလေ။

ဒီစာကို တစ်ယောက်တည်းဖတ်ဖို့လို့ ရေးခဲ့တယ်မဟုတ်လား။ အဲဒီ တစ်ယောက်ဟာ ဘယ်သူလဲ သိလား။ 'သူ' လို့ ထင်လား။ မှားလိမ့်မယ်။ ကိုယ့်ဘာသာပဲ ကိုယ်ဖတ်ဖို့၊ အထပ်ထပ်ဖတ်ဖို့၊ နှလုံးအိမ်မှာ မြွေပွေးနဲ့အတူ သိမ်းဆည်းထားဖို့၊ စာလုံးတိုင်းကို သွေးစက်အဖြစ်ပြောင်းပြီး နှလုံးသားထဲ ထည့်လိုက်ဖို့။ အဲဒီသွေးဟာ ခန္ဓာအနှံ့ ပြန့်နေဖို့၊ အဲသလောက်အထိ အထပ်ထပ် ဖတ်နေပြီးရင် ဒီစာကို မီးရှို့ပြာချပစ် လိုက်မယ်။ ကိုယ့်နှလုံးအိမ်ကို ကိုယ်ဘာသာကိုယ် မီးရှို့ဖျက်ဆီးရတဲ့အလုပ်ဟာ ဘယ်လောက် ပင်ပန်းခက်ခဲလိုက်မလဲ။ ကိစ္စမရှိဘူးလေ။ ငရဲက လာတဲ့ လူ ပြာပူလောက်ကိုတော့ အေးအေး ဆေးဆေး ဖြတ်နင်းသွားနိုင်လိမ့်မယ် ထင်ရဲ့။ အဲ...ညကြီးသန်းခေါင်မှောင် နဲ့မည်းမည်းမှာ ငိုချင်လာပြန်ပြီ။ ဘယ်သူ့မှ မကြားအောင်...။

နှလုံးအိမ်ကို မီးရှို့ခြင်း

အခန်း (၄) ဆိုပါတော့။

ဆရာကိုဝင်းငြိမ်းရေ၊ ခုနရေးလိုက်တဲ့စာဟာ မူရင်းစာကို သံခိပ်ပြန် ရေးထားတာပါ။ အနှစ်ချုပ်ဆိုပါတော့လေ။ မူရင်းစာကိုတော့ မီးရှို့ခဲ့ပါတယ်။ မူရင်းစာရွက်တွေ အထပ်လိုက်ကြီး၊ အများကြီးပဲ။ ရင်ထဲရှိသမျှ အိတ်သွန်ဖာမှောက် ရေးပစ်လိုက်တာ၊ ရေးရင်း ငို၊ ငိုရင်းရေးနဲ့ပေါ့ဗျာ။ အဲသလောက် ကြေကွဲစွာ ရေးထားတဲ့ ကိုယ့်နှလုံးသားနဲ့ ထပ်တူပြုထားတဲ့စာကို ခင်ဗျားကိုယ်တိုင် မီးရှို့ပစ်ရက်တယ်နော်လို့ ထင်ရင်မှားမယ်ဗျ။ အဲသည်စာတွေ အထပ်လိုက်ကို မီးရှို့ခဲ့တုန်းက ကျွန်တော် တေဇောကသိုဏ်းရှုနေခဲ့မိတယ်။ စာရွက်ကလေးတွေဟာ မီးလောင်စမှာ အဝါရောင် မီးညွှန့်ကလေးတွေ၊ မီးကျွမ်းသွားတဲ့ စာရွက်ကလေးတွေဟာ အဖြူက အညို၊ အညိုက ခိုခြေ၊ ခိုခြေက မီးခိုးရောင်၊ ပြီးတော့ မီးခိုးမှိုင်းမှိုင်း အရောင်။ မီးညွန့်ကလေးတွေကလည်း ဒီလိုပဲ အစကဝါကြန့်ကြန့်၊ နောက်တော့ ပြာလဲ့လဲ့မီးညွန့်၊ မီးညွန့်ရဲ့ အခြေကခပ်မှောင်မှောင်။ ပြီးတော့ အဝါ။ ပြီးတော့ ပြာလဲ့လဲ့။ မီးညွန့် ထိပ်ဖျားမှာ'အလို...' ခရမ်းရောင် လေးပါလား။  သူဟာ ခရမ်းရောင်ကို အင်မတန် နှစ်သက်ခဲ့တယ်။ အမြဲလိုလို ခရမ်းပြာရောင်လေးတွေ အနုအရင့် အမျိုးမျိုး ဝတ်ဆင်လေ့ရှိတယ်။ သူ့ကို ရည်မှန်းပြီးရေးထားတဲ့ စာရွက်ကလေးတွေကို ရက်ရက်စက်စက် မီးရှို့ပစ်လိုက်တဲ့အခါမှာ ဇာတိပြတယ်လေ။ အပြင်းဆုံး၊ အပူဆုံး မီးလျှံဟာ ခရမ်းပြာရောင် မီးညွန့်လေးတွေ။

နောက်ထပ် ဆန်းပြားတာတစ်ခု တွေ့ရသေးတယ်။ တစ်စချင်း လောင်ကျွမ်းပျက်စီးသွားတဲ့ စာရွက်ထပ်ကလေးတွေကို မီးကသိုဏ်းရှုနေရင်း တဖြည်းဖြည်း ပြာတွေအထပ်လိုက်ဖြစ်သွားတယ်။ အဲဒီပြာတွေဟာ မီးခိုးရောင်ဖျော့ဖျော့ပဲ ဖြစ်သင့်တာပေါ့။ ဟုတ်ဘူးလား။ မဟုတ်ဘူးဗျို့။ ပြာ ဖြစ်တာတောင် ခရမ်းပြာရောင်လွှမ်းနေသေးဗျာ။ ကျွန်တော် မျက်ရည်မထိန်းနိုင်တော့တာနဲ့...။ ညကြီးသန်းခေါင် မှောင်နဲ့မည်းမည်း တစ်ယောက်တည်း ကြိတ်ပြီး တစ်သိမ့်သိမ့်ရှိုက်ငိုမိတယ်။   

ယောကျ်ားတစ်ယောက်ဟာ ဘယ်သူမှမသိအောင် ညသန်းခေါင် မှောင်နဲ့မည်းမည်းထဲမှာ ကြိတ်ပြီးရှိုက်ငိုရတဲ့ ဝေဒနာကို ကိုယ်ချင်းစာနိုင်မလားဟင်။  အဲသလို ငိုရတဲ့ညတွေ များလှပါပြီ။

ခုဒီစာကို ရေးနေတာလည်း ညဘက်ပါပဲ။ မိုးတွေ တစ်စိမ့်စိမ့်ရွာနေတယ် 'သူ' ရေ။ ဒီနေ့ညဟာ ၂ဝဝ၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ည၊ ဟာ...မဟုတ်တော့ဘူး။ ၂ဝဝ၄ ခုနှစ် စက်တင်ဘာလ ၁ဝ ရက်နေ့ မနက် ၁ နာရီနဲ့ ၁ဝ မိနစ်ရှိသွားပြီ။ မိုးကရွာနေဆဲပါ။ ကျွန်တော့်ရင်ထဲမှာတော့ မိုးတွေ သည်းကြီးမည်းကြီး ရွာနေတယ်လေ။ မျက်ရည်မကျဘဲ ငိုရတာ ပင်ပန်းလှပါတယ်။

ကျွန်တော့်ရင်ထဲမှာ တစ်ခါတလေ မိုးရာသီ။ မိုးကြိုးတွေထစ်လိုက်တာလည်း လွန်ပါရော။ နောက်ရင်ထဲမှာ ဆောင်းရာသီ။ ဘာမှမမြင်ရအောင် ထူပိန်းနေတဲ့ နှင်းတောကြီးက နှလုံးအိမ်တစ်ခုလုံးကို လွှမ်းဖုံးထားခဲ့တယ်။ 'ချစ်ဦးသူရေ။ နှင်းကလေးတွေကတော့ ရယ်မော လှောင်ပြောင်ခြင်း တငြိမ့်ငြိမ့် ကခုန်နေကြလေရဲ့' လို့ ကျွန်တော် ညည်းညူမိတယ်။ ပြီးတော့ ရင်ထဲမှာ နွေရာသီ။ ရေနံမြေအပူချိန်လောက်တော့ အပျော့ပေါ့။ ပျင်းတောင် ပျင်းသေး။ ငယ်ငယ်က ကျွန်တော်ရေးခဲ့တဲ့ ကဗျာလိုလို ဘာလိုလိုလေး ဖတ်ကြည့်မှာလား။

ပူမည့်အတူ...

ပူစမ်းပါစေ၊ နေကိုဖက်၍

စကြဝဠာ၊ အနှံ့သာလျှင်၊

လွှင့်လိုက်ချင်၏၊ မြေပြင်ခဏ

နေနေရသော်၊ ကျွန်တော်ငမိုက်သား

သူ့အနားမှာ၊ 'နွား'အဖြစ်နှင့်

ဖဝါးရစ်လည်၊ ချည်တိုင်ချည်သဖြင့်၊

နေပွင့်ဆယ်ဆူ၊ မကပူ၏

ပူမည့်အတူ၊ ပူစမ်းပါစေ

နေကိုဖက်၍ ...။

(ဂျာအေး သူ့အမေရိုက် ကဗျာပါပဲလေ။ ဘယ်လိုဆက်ရေးရမှန်း မသိတော့လို့ အဆုံးမသတ်တတ်လို့ အစကို ပြန်ရေးထားတာပါ။ လည်နေတယ်ပေါ့။ ဝဋ်ဆိုတာ လည်တတ်တယ် တဲ့နော်။ငယ်ချစ်ဦးရေ သတိထားပါ။)

ကျွန်တော် တစ်နေရာမှာ ရေးမိတယ်ထင်တယ်။ စာတစ်စောင်ရေးတယ်ဆိုတာလေ။ ဟုတ်တယ်၊ အဲဒီ စာအကြောင်း ပြန်ဆက်ပါမယ်။ ဘာတဲ့ရယ်...။

သြော်...မှတ်မိပြီ။ တစစီ ပဲ့ကြွေနေတဲ့ နှလုံးသားကို ငရုတ်ဆုံထဲ ထည့်ထောင်းရဲလောက်အောင် သတ္တိမရှိဘူး။ သွေးမနီဘူး။ သွေးပျက်နေတယ်ဆိုတာလေ။

ဟုတ်ကဲ့...ကျွန်တော် အဲဒီစာကို မဖျောက်ဖျက်ရက်ဖူးဗျာ။ ကိုယ့်ဘာသာကိုယ် ပဲဖတ်တာပေါ့။ ကျွန်တော့်မိန်းမ တွေ့လို့ ဖတ်မိရင် ပြဿနာတော့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ချိုရီ့ကို သူ့အကြောင်းအကုန်လုံး ပြောပြပြီးသား။ (ချန်ထားတာ နည်းနည်းရှိတယ်။) ကျွန်တော့် မိန်းမက လည်း ပျင်းရင်နောက်တတ်တယ်ဗျ။ ဥပမာ-အူလည်လည်နဲ့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်ပြီး ကျွန်တော် ရေးထားတဲ့ အချစ်သီချင်းကို ပြန်နားထောင်နေတဲ့အခါမျိုးမှာပေါ့။ 'အဘိုးကြီး၊ ဖီလင်တက်နေသလား။ ဟိုက မေ့နေလောက်ပြီ။ လွမ်းမနေနဲ့' စသဖြင့်ပေါ့ဗျာ။ ကျွန်တော်ကလည်း စပ်ဖြီးဖြီးနဲ့ လွမ်းတာပေါ့။ (ကိုဝင်းငြိမ်း) ခင်ဗျားစပ်ဖြီးဖြီးနဲ့ လွမ်းတတ်သလား မသိဘူး။ တော်တော်ခက်တယ်ဗျ။ ဒါပေမယ့် အကျင့်ရသွားရင် ဖြစ်ပါတယ်။ မျက်နှာကတော့ စပ်ဖြီးဖြီးပဲ။ ရင်ထဲ မှာတော့ သိမ့်နေတာပဲ။ ရယ်တာတောင် ရင်ထဲမှာ လှိုက်နေအောင်ခံရတယ်။ မယုံစမ်းကြည့်။ အဲဒါ ပွဲတွေ့ ဆေးပဲ။ တစ်ခုတော့ ရှိသဗျ။ မြန်မာဆေးနည်းပညာကျမ်းတွေမှာပါတဲ့ နိဂုံးချုပ် အမှာလေးလိုပေါ့။

နှလုံးသည်းခြေကိုနိုင်၏။

...ဝမ်းမီးတောက်စေ၏။

'ဉာဏ်ရှိသလို ချင့်သုံးလေ'

ဆိုတာမျိုးပေါ့။ ချင့်မသုံးလို့ကတော့ စာဆိုတော် ဆရာကြီး ဦးပုညရဲ့ 'ကောသလပြဇာတ်' ထဲက စာလိုဖြစ်သွားလိမ့်မဗျ။

'နေကပူပြင်း၊ ရေငတ်ခြင်းကြောင့် ဆင်းလို့ရေသောက်ကရော့၊ ခေါင်းစောက်ထိုးထား၊ တင်ပါးမိုးမျှော်၊ သိကြားကို သရော်သလို ဇာတ်လုံးပေါ် ခင်းရာတွင်...'

အဲ... ဇာတ်လုံးပေါ်သွားလိမ့်မဗျ။ မိန်းမငြိုငြင်သွားရင် အနည်းဆုံး ကြမ်းခင်းဈေး ပြစ်ဒဏ်က 'ဒီနေ့ဈေး မသွားအားလို့ ချည်ပေါင်ရည်ထည်နဲ့ ငါးပိထောင်းပဲ။ ကြက်သားကြော်က ကလေးတွေဖို့' ဆိုတာမျိုး ခံရနိုင်တယ်။ ဒီတော့ အဲဒီချည်ပေါင်ရည်ထည် ပြစ်ဒဏ်ကို ကြောက်တာနဲ့ သူမသိအောင် ကျွန်တော်ရေးထားတဲ့စာတွေ မီးရှို့ပစ်လိုက်ရသဗျာ။

'အဲသလို အကြောင်းပြတွေ ရေးပြီးမှ မင်းလိမ်တာပဲလို့ ကိုယ်ဘာသာ ပြန်သတိပေးမိတယ်။ ဟုတ်ပ။ မိန်းမ ကြောက်လို့ မဟုတ်ဘူး။ ကိုယ့်ရင်ထဲက မြွေပွေးကို ကိုယ်ပြန်ကြောက်နေရတာ။ ဒါပေမယ့် မရပါဘူးဗျာ'

အဲဒီစာရွက်ကလေးတွေ မီးရှို့ပြာချတော့ ရင်ထဲမှာ မချိဘူးဗျာ။ ဘယ်နှယ် ကိုယ့်နှလုံးသား ကိုယ်ပွားကို ကိုယ့်ဘာသာ မီးရှို့ပစ်ရတာ အီစလံမဝေဘဲ ခံနိုင်ရိုးလားဗျာ။

'အရပ်ကတို့ရေ တွေးကာသာ ရှုကြပါတော့။ ဆေးလာကုကြတဲ့ အမှုပွေမယ့် ရက်ရှည်ဧည့်သည်...'

အဲဒါ ဖေဖေရေးခဲ့တဲ့ ဧည့်သည် သီချင်းစာသားထဲကပဲ။ 'ကျွန်တော်ကတော့ အမှုပွေမယ့် ရက်ရှည်ဧည့်သည်' ဆိုတာကို သိပ်သဘောကျတာ။ ကျွန်တော်ခံစားရတာက တစ်မျိုးလေ။ ကျွန်တော့်နှလုံးအိမ်ကလေးမှာ နေရာက ကျဉ်းကျဉ်းကျပ်ကျပ်နဲ့။ အဲဒီ အမှုပွေမယ့် ရက်ရှည်ဧည့်သည်နဲ့တူတဲ့ 'သူ' က နှလုံးအိမ်ဦးခန်းမှာ မပြန်တမ်းတည်းနေခဲ့တာကိုး။

နှလုံးအိမ်ဧည့်သည်အတွက် ညတိုင်း ဘုရားအာရုံပြုရင်း ကရုဏာ ဧည့်စာရင်း တိုင်ရတာလည်း မောလှပေါ့ဗျာ။ အဲဒါ စပ်ဖြီးဖြီးလွမ်းပြတာဗျ။ ရင်ထဲတော့ မချိဘူး။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ 'တစ်ပင်တည်း ရင်ထဲကနွယ်' ဆိုတဲ့ စာလေး သိပ်ကြိုက်တာ။ ရင်ထဲက နွယ်တဲ့ဗျာ။ နွယ်ဆိုတာ ရစ်ပတ်နှောင်ဖွဲ့ပြီး သက်တမ်း ကြာတာနဲ့အမျှ ဖြတ်မရ၊ ရှင်းမရနဲ့ အလွန်ရှုပ်ထွေး၊ ပွေလိမ်တတ်တဲ့ အမျိုးကလားဗျာ။

ကျွန်တော့်ရင်ထဲက နွယ်ကို တစ်စချင်း ပြန်ဖြုတ်ကြည့်မယ်ဗျာ။ ရှိသမျှ လက်ကျန် အင်အားကလေးနဲ့ပေါ့။

ကြမ်းပြင်ပေါ် ပက်လက်လဲနေတဲ့ ကျွန်တော့်ကို ကြိုးဝိုင်းဒိုင်က ရေတွက် ပြနေတာ '' ရောက်နေပြီ။ '၁ဝ' မအော်ခင် ရုန်းထမှ ဖြစ်မယ်လေ။ ကျန်သမျှ အင်အားလေးနဲ့ပေါ့နော့။

ကြေမွနေတဲ့ အိပ်မက်။

အခန်း ၅ ဆိုပါတော့။

 ကျွန်တော် တစ်ယောက်တည်း ညကြီးသန်ခေါင် မှောင်နဲ့မည်းမည်းမှာ အားရအောင် အသံတိတ်ရှိုက်ငိုပြီးတဲ့ နောက် ဒီစာကိုဆက်ရေးလိုက်ပါတယ်။

ပထမဦးဆုံး အာရုံပေါ်လာတာက ကျွန်းပျဉ်းကတိုးစတဲ့ သစ်အကောင်းစားတွေနဲ့ ဆောက်ထားတဲ့ ခန့်ညားထယ်ဝါတဲ့ နှစ်ထပ်အိမ်ကြီးရဲ့ ကျွန်းလှေကားကြီးနဲ့ ကျွန်းအစစ် လက်ရန်းကြီးတွေပါ။ ပေါ်လစ်တိုက်ထားလို့ ရွှေဝါရောင် ကျွန်းသားလက်ရန်းက ထုနဲ့ထည်နဲ့ ခန့်ညားလွန်းလှပါတယ်။ အဲဒီလှေခါးပေါ်က သူဆင်းလာတယ်။ ဝတ်နေကျ သူကြိုက်တတ်တဲ့ ခရမ်းနုရောင် ဇာပန်းဖောက် အကျႌလေးနဲ့ပါ။ ဇာပန်းဖောက် အကျႌကလေးတွေကြားထဲမှာ သူ့ရဲ့ ဝင်းဝါလှပနေတဲ့ အသားအရေကို ခုထိ မြင်ယောင်ဆဲပါ။ ထဘီက မရမ်းရင့်ရောင် ပိုးပျော့ထဘီပါ။ ခြေဖမိုးက မို့မို့တင်းတင်းကလေး။ ခြေချောင်းတွေက သွယ်သွယ်လျလျလေး။ အခွင့်များ ရရင် အဲဒီခြေဖမိုးကလေးကို နမ်းလိုက်ချင်ပါရဲ့။ ဒါကိုရေးတာ နှစ်ခါရှိပြီ။ ကျွန်တော် သိပ်နောက်ကျခဲ့ပြီဆို တာကို သိနေပေမယ့် ရင်ထဲမှာ တဆတ်ဆတ် ခုန်နေမိတယ်။ သူ့ရဲ့မျက်နှာက မလန်းဘူး။ ကျွန်တော့်စိတ်ထင် အဲဒီ အချိန်က စေ့စပ်ပြီးစမို့ အပြင်ကိုထွက်ခွင့်၊ ဒါမှမဟုတ် တယ်လီဖုန်းပြောခွင့်ကို လူကြီးတွေက ပိတ်ပင်တားမြစ် ထားတယ်လို့ ထင်တာပဲလေ။

ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ့ကို တွေ့လိုက်မြင်လိုက်ရလို့ စိတ်ထဲမှာ နည်းနည်းတော့ သက်သာသွားခဲ့တယ်။ ရင်ခုန်နှုန်းတွေ မြန်နေပေမယ့် ကြည်နူးနေမိတယ်။ တခြားပြောစရာ စကားမရှိလို့ ဆရာအောင်လင်းရဲ့ 'မောင့်မမငြိမ်း' ဝတ္ထုအကြောင်းတွေလောက်ပဲ ပြောခဲ့မိတယ်။ အဲဒါတွေဟာ ကျွန်တော်ပြောချင်တဲ့ စကားတွေမဟုတ်ဘူး။ မတတ်သာလို့ ရမယ်ရှာပြီး လျှောက် ပြောရတဲ့ စကားတွေပါ။ (ဆရာကြီး အောင်လင်းရဲ့ 'ဗေဒါ၊ မောင့်မမငြိမ်း' ဝတ္ထုတွေဟာ သူနဲ့ ကျွန်တော်တို့ဇာတ်လမ်းလိုပဲ။ ဝတ္ထုထဲမှာတော့ ညားတယ်၊ ကျွန်တော်ကကွဲတယ်။)

အဲဒီနောက် ကျွန်တော်လည်း သူ့ကိုတွေ့ခွင့်မရတော့ဘူး။ သူ့တို့ အိမ်ကို သွားလည်ပေမယ့် တခြားသူတွေပဲ တွေ့ရတယ်။ သူ့ကို အခန်းထဲမှာများ ပိတ်လှောင်ထားခဲ့ကြလေသလား။ ဒါမှမဟုတ်။ အောက်ထပ်ကို လုံးဝဆင်းခွင့် မပြုခဲ့တာလား။ အဲဒါတော့ ကျွန်တော် မသိနိုင်ဘူးလေ။ သိခွင့်လည်း မရှိဘူးလေ။

ကျွန်တော် ညဘက်ညဘက်ကျရင် ကဗျာလေးတွေ ရေးမိတယ်။ အဲဒီတုန်းက ရေးမိတဲ့ကဗျာလေးတွေထဲက တချို့ကို ခုထိအလွတ်ရနေတယ်။ မှတ်မိနေပါသေးတယ်။

နေ့စဉ်နှင့်အမျှ

တွေ့မြင်ခွင့်မရသမို့

သြော်..မေ့ချင်ဖြင့်လည်းမရ။

.....

ငါသည်..

သူ့ကိုချစ်၏။

ထိုသို့ချစ် သောကြောင့်                        

ခံစားရသော ဒုက္ခသည်

ကြီးစွ။

ဟိသစ္စံ၊ ဤစကား မှန်၏။

ဤမှန်သော သစ္စာစကားကြောင့်

ငါသည်...

ဘဝဆက်တိုင်း

ရင်ထဲ၌ အချစ်မဲ့သော ကိုယ်ဖြစ်

လို၏။

(အဲဒါ ကဗျာလား၊ ဘာလား

မသိဘူးဗျာ)

မောင့်ရင်ထဲမှာ၊ အဆုတ်အနာ

ရှိသတဲ့၊

ဆရာဝန်ကပူ၊ သူမသိလို့ပါ

တကယ်ရှိတာက၊ ရင်ကွဲနာ..။

.....

ညဘက်ညဘက်၊ မောင်လမ်း

လျှောက်ထွက်တဲ့အခါ

ကြယ်ပွင့်ကလေးတွေနဲ့တကွ၊                           

လမင်းကြီးလည်း

လိုက်ပါလာတယ်။

ဒါပေမယ့် ဟုတ်ပါရိုးလား၊

သူတို့လမ်း သူတို့သွားနေကြတာပဲ၊

မောင်ချစ်ခဲ့ရတဲ့ '' လိုပေါ့။

သိပြီသိပြီ၊ မငြိမီက

နှင်းဆီဆိုတာ ဆူးနဲ့ပါလို့...။

ထားပါလေ။ ကျွန်တော်ရေးခဲ့တဲ့ ရူးနှမ်းနှမ်း ကဗျာမပီစာမပီတွေ လျှောက်ရေးနေလို့ ပြီးမှာမှမဟုတ်ဘဲ။   

အဲ...ဒါပေမယ့် ဦးရဲဒင်ဆိုတဲ့ ကဗျာဆရာ ကဝိကျော်ကြီး ရေးခဲ့တဲ့ 'ကစားရွယ်' ကဗျာလေးတော့ ပြောပြပါရစေ...။

နိဒါန်းလေး နည်းနည်းချီမှ ဖြစ်မှာမို့ နည်းနည်းသည်းခံပြီး ဖတ်ပါဗျာ။ ကျွန်တော်နဲ့ သူနဲ့က ခပ်ငယ်ငယ် ကစားတဲ့ အရွယ်လောက်တည်းက ကလေးချစ်နဲ့ စချစ်ခဲ့ကြတာကလား။ (လွမ်းသားဗျ။)

ကျွန်တော်တို့ ငယ်ငယ်က လသာတဲ့ညတွေမှာ တူတူပုန်းတမ်း၊ ဖန်ခုန်တမ်း၊ ထုပ်ဆီးတိုးတမ်း စသဖြင့်ပေါ့ဗျာ။ မိန်းကလေးနဲ့ ယောကျ်ားလေးတွေ ရောနှောကစားလို့ရတဲ့ ကစားနည်းမျိုးနဲ့ ပြုံးပျော်ရွှင်မြူးစွာ ခုန်ပေါက် ကစားကြရင်း သန့်စင်မွန်မြတ်တဲ့ အချစ်နဲ့ ချစ်ခဲ့ကြတာလေ။ ထုပ်ဆီးတိုး တော့ သူကတားအလှည့်၊ ကျွန်တော်က တိုးအလှည့်ဆို ကျွန်တော်က လွတ်အောင်တိုး၊ သူကလည်း မိအောင်ဖမ်း ဒီလိုကိုး။ သူက ကျွန်တော့်ကို ဖမ်းမိတာ များတယ်ခင်ဗျ။ ကျွန်တော်က တားအလှည့်ဆိုလည်း သူကလွတ်အောင်ရှောင်။ (ဟုတ်ပါ့နော်၊ သူက လွတ်အောင်ရှောင်တယ်ဗျာ) ကလေး အရွယ်တုန်းကတော့ သူ့ကိုလှမ်းဖမ်းတာ လူကိုမမိ၊ လေကိုပဲ ဖမ်းမိခဲ့တဲ့ အကြိမ်တွေမှာ နေနှင့်ဦးပေါ့ဆိုတာမျိုး နဲ့ 'တေး'ထားခဲ့တယ်လေ။ နောက်တစ်ကြိမ်တိုးကြတော့...

ဘယ်ခြောက်ခါ ညာကိုလှမ်း

ဖမ်းမိတော့မယ်၊

သုံးတောင်ပြည့် ခန်းသာလယ်၊

လေးတောင်ပြည့် ခန်းသာလယ်၊

မောင်ကြံရွယ်တဲ့ စံပယ်ကုံးရယ်

မင်းဘယ်သို့တုံး။

ပေါ့ဗျာ။ အဲဒီ ကစားရွယ်ကတော့ ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းမို့ သိပ်ပျော်စရာကောင်းတာပဲ။ ဟုတ်တယ်လေ။ ဒီတစ်လှည့် သူကဖမ်းနိုင်ရင် နောက်တစ်လှည့် ကျွန်တော်က ဖမ်းနိုင်ခဲ့တာပေါ့။

အင်း...ဒါပေမယ့် တကယ့်အရေးလည်း ကြုံရော သူကပဲ လွတ်အောင် ရှောင်သွားနိုင်တယ်ဗျာ။ တစ်ကြိမ်တည်းမဟုတ်ဘူး။ နှစ်ကြိမ်။ တစ်ကြိမ်နဲ့ တစ်ကြိမ် အနှစ်လေးဆယ်ကျော် ခြားတယ်ဗျ။ ဒါပေမယ့် ပြောခဲ့ပါပကောဗျာ။ အချစ်မှာ အတိတ်ကို မျက်မှောက်ပြုလို့ရတယ်။ ပစ္စုပန်ကလည်း အနာဂတ်ဖြစ်သွားတတ်တယ်။ အနာဂတ်ဟာ ပစ္စုပန်ဖြစ်လို့ရတယ်။ အချစ်မှာ အချိန် သဘောမရှိဘူးလေ။ 'အချိန်ရပ်' သွားသလေ။ သီဝရီ သိပ္ပံပညာ ရှင်ကြီးတွေပြောတဲ့ အန္တန သဘောတစ်မျိုးဆောင်တဲ့ အာကာသ တွင်းနက်ထဲမှာ 'အချိန်ရပ်' သွားတယ်ဆိုတာကို ကျွန်တော်က အချစ်နဲ့ လက်တွေ့ စမ်းသပ်ကြည့်တာဗျ။ အဖြေက တစ်ဆံ ခြည်မလွဲ မှန်တယ်။ အချစ်မှာ အချိန် ရပ်သွားတယ်။ အာကာသတွင်းနက်မှာတော့ မသိဘူး။

ကဲပါလေ...ဆရာကြီး ဦးရဲဒင်ရဲ့ လေးဆစ် ကဗျာလေး ဖတ်ကြည့်ရအောင်။ ခေါင်းစဉ်က 'ကစားရွယ်' တဲ့။

ရွှေစည်းပုံ၊ သုံးအိမ်နှောပါလို့

မယ်ရောပ၊ မောင်နှင့်ကွယ်။

ကြောက်ခမန်း

ညောင်နန်းမှာ ဝေလေလေပေါ့

အထွေထွေ တစ္ဆေကိုမေးပါလို့

ပြေးတဲ့အရွယ်။

အင်းမနေ မြေမနင်းရယ်နဲ့

ခေါင်းခေါက်ရင်း ထိတ်ပုတ်တယ်

စိတ်လုပ်မယ်လို့မကြံဖြစ်။

လသာသာ

ညခါမှာ ဖန်တို့လို့

တန်ကို့နော် မဆိုရဲရှာဘု

ကစားရွယ် ငယ်ကတည်းက

စွဲတဲ့အချစ်။

ကျွန်တော်တို့က ဘူဒါးတွေလေ။ ခုခေတ် ကဗျာဆရာကြီးတွေရဲ့ ခေတ်သစ်ကဗျာတွေကို ကျွန်တော်တို့ခံစားနိုင်ဖို့က ဒုံးဝေးလှသဗျား။ ဒါကြောင့် ကိုယ်နားလည်တဲ့ ကဗျာလေးနဲ့ပဲ ခံစား လိုက်ရတာပါ။

အဲ...'ရွှေစည်းပုံ သုံးအိမ်နှော' ဆိုတာက ကလေးအရွယ်မှာ ကစားကြတော့ လူရွေးရတယ်ဗျ။ တစ်ဖက်စီဖြစ်အောင်ပေါ့ဗျာ။ အဲဒါကလည်း တကယ့်လူ့အခွင့်အရေး အပြည့်ပေးထားတဲ့ မြန့်မာ့ရိုးရာကစားနည်းဗျ။ လူရွေးခါနီးတော့ 'စည်းပုံသုံးအိမ်၊ တို့ကိုမှိန်၊ လွမ်းစိန်ကဲဘုံပြေး၊ ဟဲ့..ဖေသား နွား' လို့ အော်ရတယ်။ အဓိပ္ပါယ်ကတော့ မသိဘူးဗျာ။ အော်တာပဲ။ ပြီးတော့ သူ့လူကိုယ်လူခွဲပြီး ကစားကြ။ ကစားတဲ့ကလေးတိုင်း ပါချင်တဲ့ဘက် ပါလို့ရအောင်ပြေးရတာပဲ။ ကျွန်တော်ကတော့ သူမပါတဲ့ဘက် ပြေးတာပဲ။ ဒါမှ ကစားရင် ဘာကစား ကစား လိုက်ဖမ်းရင် သူ့ကိုမိအောင် ဖမ်းတယ် လေ။ ဒီလိုပေါ့။

'ညောင်နန်းမှာ ဝေလေလေ' ဆိုတာက ညောင်ပင်တစ္ဆေကစားနည်းဗျ။ 'ညောင်ပင်တစ္ဆေ ဝေလေလေ၊ နင် ဘယ်ကိုင်းမှာနေ၊ ညောင်ကိုင်းမှာနေ..စသဖြင့် အော်ကြတာပေါ့ဗျာ။ ပြီးတော့ ညောင်ပင်တစ္ဆေလုပ်တဲ့ ကလေးက လိုက်ဖမ်း။ မိရင် မိတဲ့လူက ညောင်ပင် တစ္ဆေလုပ်၊ ပြန်ဖမ်း စသဖြင့်ပေါ့။ အဲ ဒီညောင်ပင်တစ္ဆေနဲ့ တူတူပုန်းတဲ့ နည်းတစ်မျိုးလည်း ကစားလို့ရတယ်။

နောက် ရွှေစွန်ညိုပေါ့ဗျာ။ နောက်ဆုံး 'မထွေးအမိဖမ်း' ဆိုပြီး ကလေးတန်းကြီး နောက်ဆုံးမှာရှိတဲ့ အငယ်ဆုံးကလေးကို ရအောင်ဖမ်းရတာပဲ။ ခေါင်သူကြီးလုပ်တဲ့သူက အရှောင်အ တိမ်းကောင်းလေ ဖမ်းရခက်လေပဲ။

သူက အဲဒီတုန်းကတည်းက ခေါင်သူကြီးလုပ်တာဗျ။ အရှောင်အတိမ်းက လွှတ်ကောင်း။ ချွေးဒီးဒီးကျ မှ မထွေးကို မိလေ့ရှိတယ်။

အင်းမနေ မြေမနင်းဆိုတာကို ကျွန်တော်တို့ငယ်ငယ်ကတော့ အင်းဂတေ မြေမနင်းလို့ အော်လေ့ရှိတယ်။ မူရင်းက ဒီလိုတဲ့။ 'အင်းမနေ မြေမနင်း၊ ဇမူဘား စပါးဆယ့်ကိုးတင်း' လို့ အော်ပြီး ခြေတစ်ပေါင်ကျိုးနဲ့ လျှောက်ပြေးရတာ၊ တိုင်တွေ နံရံတွေ ရှိတဲ့နေရာရောက်ရင် တိုင်ကိုကိုင်ထား။ နံရံ ကိုင်ထား ခြေထောက်ချလို့ရတယ်။ အဲဒီအချိန်မှာ ဖမ်းလို့မရဘူး။ (အဲဒါ ခဏပဲ နားလို့ရတယ်။ တစ်ကနေ တစ်ဆယ်ရေရင် ပြန်ပြေးရတယ်။) ကြာတော့ ပြေးရင်း မောလာပါရော။ ခြေတစ်ပေါင်ကျိုးကနေ မြေကြီးပေါ် နှစ်ဖက်ချမိရော။ အဲဒီတော့ မိရော။ သူလေ ခြေတစ်ပေါင်ကျိုးနဲ့ လျှောက်ပြေးတာ ဘယ်တော့မှ မမိသလောက်ပဲ။ လွှတ်တော်တာ။ အမောလည်း ခံနိုင်သဗျ။

ဒါကြောင့်ထင်ပါရဲ့ဗျာ။ တစ်သက်လုံး လိုက်ဖမ်းတာတောင် မမိခဲ့ဘူး။ နောက်ဆုံး လွတ်သွားတာကိုတော့ အလွမ်းလေးနဲ့ ဇာတ်သိမ်းတဲ့အခါကျမှ ပြောပြပါ့မယ်ဗျာ။ (အဲဒီနိဂုံးကို သဘောလောက် ပြောပြီးပါပြီ။)

ခုတော့ ကစားရွယ်မှာ ကြည်လင်သန့်စင်တဲ့ ကလေးချစ်၊ ကယုကယင် ကလေးတွေ စားမြုံ့ပြန်ပါရစေဦး။ အဲ စားမြုံ့ပြန်တယ်ဆိုတာ နွားတွေ အများဆုံး လုပ်တဲ့အလုပ်ပေါ့ဗျာ။ မြက်စားပြီး အဲဒီ မြက်ဖတ်တွေ အစားအိမ်ထဲ မရောက်မီ ပါးစပ်ထဲပြန်ထုတ်ပြီး ထပ်ဝါးနေတာဗျ။ ကျွန်တော်က စားမြုံ့ပြန်မယ်ဆိုတော့ 'နွား' ပေါ့ဗျာ။ မင်းလူရေးတဲ့ ကဗျာတစ်ပုဒ်လိုပဲ။ 'ယနေ့မှစ၍ ကျွန်တော်မောင်မင်းလူအား နွားကြီးဟု ခေါ်ကြပါရန်' ဆိုတဲ့အတိုင်းပဲ။ 

ကျွန်တော့်ကိုတော့ မစွမ်းမသန်တော့လို့ နွားသတ်ရုံပို့ခါနီးဖြစ်နေတဲ့ နွားပြာကြီးလို့သာ ခေါ်ကြပါတော့ဗျာ။ မြန်မာစကားပုံရှိသလေ 'နွားပြာကြီး အကြောင်း မသိလို့နော်' ဆိုတာ။ ရိုးရိုးကြည့်လို့ကတော့ တော်တော်ခိုင်းကောင်းမယ့် ခိုင်းနွားကြီးလို့ ထင်ရတယ်။ ဒါပေမယ့် မထင်ရင် မထင် သလို မထင်တဲ့အချိန်မှာ ဗွေဆိုးဖောက်တတ်တယ်။ နှင်တံလောက်တော့ အပျော့ပေါ့။ ကျောပေါ် ကြိမ်ဆော်လည်း မဖြုံဘဲ ဆွဲချင်တဲ့ဘက် ဆွဲပြေးတတ်တဲ့ နွားမျိုးဗျ။

အေးလေ... ကစားရွယ်လေးကတော့ ပျော်စရာကောင်းပါတယ်။

'ခေါင်းခေါက်ရင်းထိပ်ပုတ်' ဆိုတာက စကားထာဝှက်တာတွေ ဘာတွေပေါ့ဗျာ။ စကားထာဝှက်တာကို မဖော်နိုင်ရင် ခေါင်းခေါက် ထိပ်ပုတ်ခံရတယ်။ ပြေးလွှားကစားလို့ မောရင် ထိုင်ရင်း အဲသလို ဆော့ကြတာပါပဲ။ ကျွန်တော် မှတ်မိသေးတော့ဗျာ။ ကျွန်တော်က 'ကျောက်တန်းစီ ညီပါပေ့၊ ဆံမြိတ်ချ လှပါပေ့' ဆိုတဲ့ စကားထာပဲ ခဏခဏ ဝှက်လေ့ရှိတယ်။ ဟုတ်တယ်လေ၊ သူသွားလေးတွေက ငယ်ငယ်ကတည်းက စီစီရီရီ ညီညီညာညာလေး၊ ဆံပင်ကလည်း ဆံမြိတ်ချလေ့ရှိသဗျ။ နဖူးပေါ် ဆံပင်လေးတွေ ချထားတာ အဲဒီတုန်းက သူ့မဟာဆန်တဲ့ နဖူးကို မမြင်ဖူးသေးဘူးဗျ။ အရွယ်လေးရောက်တော့မှ နဖူးထင်ထင်လေးနဲ့...။ နဖူးတောင် လှပါတယ်ဆိုမှဗျာ။ ပြီးရောပေါ့။ အဲ..ကျွန်တော်က ခုန စကားထာဘဲ ခဏခဏဝှက်တယ်။ သူကလည်း 'ပြောင်းဖူး' လို့ပြောလိုက်၊ ထိပ်တစ်ချက်ခေါက်လိုက်နဲ့ပေါ့။ နောက်တစ်ခါ စကားထာဝှက်တော့လည်း ကျွန်တော်က ဒါပဲ 'ကျောက်တန်းစီ ...' 'ပြောင်းဖူး' 'ဂေါက်'။ အဲသလို ကစားပြီးရင် ကျွန်တော့်နဖူးတွေ ပူနေတာပဲဗျ။ အဲ..သူက ညှာတာလေးရှိတယ်။ ပထမတစ်ချက်ပဲ ခပ်ပြင်းပြင်း ခေါက်တယ်။ နောက်အချက်တွေမှာ ထိတယ်ဆိုရုံသာသာလေး ခေါက်တယ်။ 'ခေါင်းခေါက်ရင်း ထိပ်ပုတ်တယ်။ စိတ်လုပ်မယ်လို့ မကြံဖြစ်' ဟုတ်တယ်။ သူစိတ်မကောက်တတ်ဘူး။ ဒါပေမယ့် စိတ်ဆိုးတတ်တယ်။ စိတ်မကောက်တတ်တဲ့သူ စိတ်ဆိုးရင် သိပ်ကြောက်စရာကောင်းတယ် သိလား။

ကျွန်တော် တစ်ခါက သူမနှစ်သက်တဲ့ သူ့ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ စကားတစ်ခွန်းကို အပြောင်အပြက် သဘောပြောမိတယ်။ သူ အဲဒီအချိန်မှာ ကျွန်တော့်ကို နှုတ်ခမ်းစေ့စေ့တင်းပြီး  စိုက်ကြည့်လိုက်တာလေ။ သူ့အကြည့်ဟာ ချက်ချင်း မီးလောင်ပြာကျသွားတော့မလောက်ပဲ။ ကြက်သည်းဖျန်းဖျန်း ထအောင်ထိ ခံလိုက်ရတယ်။ 'နဂါးတို့မျက်စောင်း အကြောင်းမရွေး' ဆိုတဲ့ အဓိပ္ပာယ်ကို ကျွန်တော်မသိဘူးခင်ဗျ။ ဒါပေမယ့် သူမျက်စောင်းထိုးပြီး စေ့စေ့ကြည့်တာ ကျွန်တော့်ဘဝမှာ နှစ်ခါပဲ ခံရဖူးတယ်။ အဲဒီအချိန်ကျတော့ 'အသက်တွေလည်း ကြီးကုန်ပြီ'လို့ ပြောလို့ရတဲ့အရွယ် ရောက်ပြီပေါ့ဗျာ။ အဲဒါ ကျွန်တော်က ပျော်စေပြက်စေ သဘောနဲ့ သူသိပ်မုန်းတဲ့အကြောင်း အရာတစ်ခုကို ပြောမိတယ်။ ချက်ချင်းပဲ သူကျွန်တော့်ကို နှုတ်ခမ်းစေ့စေ့တင်း ပြီး စူးရှလှပြီး စွမ်းအင်ကြီးလှတဲ့ စူးစိုက်အကြည့်နဲ့ တစ်ချက်စိုက်ကြည့်တယ်။ လျှပ်ပြက်သလောက်ပဲ ကြာလိမ့်မယ်။ ပြီးတော့ မသိမသာ မျက်စောင်းခဲတယ်။ အဲဒါလည်း လျှပ်တစ်ပြက်ပဲ။ ဒါပေမယ့် ရိုက်ချက်က ပြင်းလှသဗျာ။ သူ့နှလုံးအိမ်ထဲက ကျည်ဆန်တစ်ဆန်ထုတ်ပြီး မျက်ဝန်းဆိုတဲ့ ဆိုင်လင်ဆာတပ် လေဆာပစ္စတိုနဲ့ ကျွန်တော့် နှလုံးအိမ်တည့်တည့်ကို တိတိကျကျ ချိန်ရွယ်ပြီး ပစ်လိုက်သလိုပဲ။ ကျွန်တော့် နှလုံးကို ကျည်ဆန်တစ်ဆန် အရှိန်ပြင်းပြင်းနဲ့ ဖြတ်သွားခံခဲ့ရတယ်။ နားထဲမှာလည်း မိုးကြိုးပစ်သံကို ကြားလိုက်ရသလိုပဲ။'ပြောရက်လေခြင်း၊ သူမို့ ဒီအကြောင်းကို ပြောရက်တယ်၊ အဲဒီ အကြောင်းကို ကြားတောင်မကြားချင်တော့ဘူးဆိုတာ သူမသိဘူးလား။ သူ့ကို (ကျွန်တော့်ကို ရည်ညွှန်းတာပါ) ခုချက်ချင်း အမှုန့်ကြိတ်ပစ်လိုက်ချင်တယ်' စသဖြင့်် အဓိပ္ပာယ်တွေ အများချည်းပဲ။ ဒီထက်နက်တဲ့ အဓိပ္ပာယ်တွေလည်းပါတယ်။ ကျွန်တော်တုန်လှုပ် ချောက်ချားသွားပြီး စကားလမ်းတွေ မဆီမဆိုင် ပြောင်းရတယ်။ သိပ်မကြာဘူး။ ထပြန်သွားတယ်။ သူ့ တက္ကစီ ကားပေါ်အတက်မှာ မျက်စောင်းတစ်ချက် ထိုးလိုက်သေးတယ်။ 'နောက် ဒါမျိုးပြောရင် ငယ်စာရင်း ဖျက်ပစ်မယ်' ဆိုတဲ့အဓိပ္ပာယ်ပဲ။ သိပ်သိတာပေါ့။ 'ကစားရွယ် ငယ်ကတည်းက စွဲတဲ့အချစ်' ပါဆိုနေမှ။

ကျွန်တော့်ဘောလ်ပင်ကလည်း အဲသည်ဘက်ပဲ စွဲစွဲသွားတယ်။ နွားပြာကြီး အကြောင်းမသိလို့ပေါ့နော်။

ဆက်လက်ဖော်ပြပါမည်။

မောင်ဝဏ္ဏ

(အမှတ် ၁၈၂၊ ဇန်နဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။