အခန်းဆက်ဝတ္ထုရှည်

ရင်ထဲမှာခွေနေတဲ့မြွေပွေး အပိုင်း (၂)

မောင်ဝဏ္ဏ

01 October 2024
ရင်ထဲမှာခွေနေတဲ့မြွေပွေး အပိုင်း (၂)
Share to

အပိုင်း ၂    


ဘုရားစင်ရှေ့မှာ ဆင်းတုတော်ကို ဝိုးတဝါးမြင်နေရပေမယ့် ကျွန်တော့်စိတ်က မြတ်ဗုဒ္ဓရဲ့ ဓမ္မကို အာရုံမပြုနိုင်ဘူး။ ဓမ္မဖြစ်တဲ့ ‘သံသာရ ဝ ဒုက္ခတော’မှ ‘မောစန တ္ထာရ’ ထွက်မြောက်ပါရခြင်း အကျိုးငှာ မဟုတ်ဘဲ ဗုဒ္ဓဓမ္မရဲ့ ဖီလာဆန့်ကျင်ဖြစ်တဲ့ သံသရာဝဋ်ဆင်းရဲကို ရင်စည်းခံချင်နေတယ်။ ဒီတော့ ကျွန်တော်ဟာ မြတ်စွာဘုရားရဲ့ ရုပ်ပွားဆင်းတုတော်ရှေ့မှာ နေခွင့်မရှိဘူး။ အလွန်တရာ သန့်စင် မြင့်မြတ်တဲ့ မြတ်ဘုရားရှေ့မှောက်မှာ အနုသယ ကိလေသာ အာသဝေါတရားတွေနဲ့ ပြည့်နှက်မွမ်း ကျပ်နေတဲ့၊ အလွန်တရာ ညစ်ထေးတဲ့ သည်စိတ်နဲ့ သည်ခန္ဓာဟာ မနေအပ်ဘူး။ အလွန်မြင့်မြတ်တဲ့ ဓမ္မနဲ့ ကျွန်တော်နဲ့ မတန်ဘူး။ သူတောင်းစားဟာ ရွှေနန်းတော်က သီဟာသနပလ္လင်မပြောနဲ့။ မြို့တော် တံခါးဝတောင် ခြေချခွင့်မရှိသလို အလွန်တရာ ညစ်ထေးပုပ်အက်နေတဲ့ စိတ်ထားနဲ့ ဗုဒ္ဓဆင်းတုတော် ရှေ့မှာ နေခွင့်မရှိဘူး။

            ဒါကြောင့် ‘တပည့်တော်ကို ခွင့်လွှတ်တော်မူပါဘုရား’ လို့ပဲ နှုတ်မြွက်ရွတ်ဆိုပြီး ဦးချလိုက်တယ်။ လေးပင်စွာ ဆို့နေတဲ့ရင်ကို အနိုင်နိုင်သယ်ရင်း အိပ်ရာထဲ ဝင်ခဲ့တယ်။ မကြာမကြာ အိပ်မက်နယ်မြေကို ဝင်ရောက်ကျူးကျော် သိမ်းပိုက်တပ်စွဲတတ်တဲ့၊ အလွန်တရာ တုန်လှုပ် ခြောက်ခြားအောင် ရင်ကို ဖွင့် ထုတ်ဆုတ်ဖြဲပစ်လေ့ရှိတဲ့ ခြောက်အိပ်မက်ဆိုးတွေကို မျှော်လင့်ရင်း မျက်စိမှိတ်ထားလိုက်ရတယ်။ နားထဲမှာ အိပ်မက်ဆိုး တပ်တော်ကြီးရဲ့ တံပိုးခရာကျူသံတွေ၊ တပ်ချီ မောင်းကွဲသံကြီးတွေ၊ အိပ်မက်ဆိုး တပ်တော်ရဲ့ စစ်ဆင်၊ စစ်မြင်း၊ စစ်ရထား၊ စစ်ခြေသည်တို့ရဲ့ သံပြိုင်ညီညာ ကြွေးကြော်ချီတက်လာသံ ကြီးတွေ၊ ညာသံပေး ဟစ်ကြွေးသံကြီးတွေ၊ နီမြန်းခက်ထန်လှတဲ့ အိပ်မက်နတ်ဆိုး စစ်ဘုရင်ကြီးရဲ့ ကြမ်းကြုတ်ရက်စက် ခက်ထန်လှတဲ့ ရုပ်ပုံလွှာတွေ…။ လာတော့မယ်၊ ဝင်ရောက်စီးနင်းတော့မယ်။ သိမ်းပိုက်တော့မယ်။ မီးဟုန်းဟုန်းတောက်တော့မယ်။ အားလုံးပြိုကွဲလွင့်စဉ်ကုန်တော့မယ်။ အိပ်မက်လွင်ပြင်ဟာ သုသာန်တစပြင်ဖြစ်တော့မယ်။

            ဟော... ဟော၊ ခရမ်းပြာရောင် အလံတော်က တပ်တော်ဦးအဖြစ် ချီလာပါပြီ။ လေမှာ တလွင့်လွင့် လူးနေတဲ့ ခရမ်းပြာရောင်အလံတော်လေ။ ကျွန်တော့် အိပ်မက်နယ်မြေကို ခရမ်းရောင်ပဝါ ဝတ်စုံပြည့်နဲ့ ခရမ်းရောင်မြင်းကြီး စီးလို့ ခရမ်းရောင်အလံကို လွှင့်ရင်း အလွန်လှပတဲ့ နတ်သနမီးလေး တစ်ပါးလို သူဝင်ရောက်လာပါပြီ။ တလွင့်လွင့် လူး‌နေတဲ့ ခရမ်းပြာရောင် အောင်ပွဲရအလံတော်ကို ကိုယ် မှာပတ်ပြီး ‘သူ’ ကျွန်တော့်အိပ်မက်နယ်မြေထဲ စတင်ကျူးကျော်ဝင်ရောက် သိမ်းပိုက်ပါပြီ။ အတွင်း သူလျှိုအဖြစ် ရင်ထဲမှာ ခွေနေတဲ့ မြွေပွေးက နှလုံးအိမ်မြို့တော်တံခါးကို ရွှီခနဲ ဖွင့်လှစ်ပေးလိုက်ပြီ။

            ခရမ်းရောင် ပဝါလွှမ်းလျက် သူက ကျွန်တော့် အာသဝကျုံးကြီးကို မတုန်မလှုပ် ဖြတ်ကျော်လိုက် ပြီး ကျွန်‌တော်က အနုသယ အဆိပ်လူးမြားတွေနဲ့ ပစ်တယ်။ မြားတံတွေ သူ့ခြေရင်းမှာ ဝပ်ဆင်းသွား တယ်။ ကိလေသာ မီးခိုးမှိုင်းတွေ ရှို့လိုက်တယ်။ သူ့မီးခိုးလွင်ပြင်ထဲမှာ အေးဆေးတည်ငြိမ်စွာ ဖြတ်သန်း ချီတက်လာတယ်။ ကျွန်တော့်မှာ လက်နက်ကုန်ပြီ။

            အကြွင်းမဲ့ လက်နက်ချလိုက်ရပါပြီ။ ဒါပေမယ့် ရင်ကော့ထားတယ်။ သတ်လိုက်လေ။ ခုန ကြောက်ရွံ့ထိတ်လန့်ခဲ့တဲ့ စစ်ခရာသံ၊ စစ်ညာသံ၊ စစ်မောင်းသံကြီး၊ ဆင်၊ မြင်း၊ ရထားခြေသည်တို့ရဲ့ သံပြိုင်ချီတက် ကြွေးကြော်သံကြီးတွေ အားလုံး၊ အားလုံး တိခနဲ ရပ်သွားပြီး၊ အလွန်ကြောက်မက်ဖွယ် ကောင်းအောင် တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ သူ့ရဲ့ နောက်တော်ပါ တပ်ကြီးကိုလည်း မတွေ့ရတော့ဘူး။ (တကယ်တော့ သူတစ်ယောက်တည်း ဝင်ရောက်စီးနင်းခဲ့တာပါ။)

            သူဟာ တလူလူလွင့်နေတဲ့ ခရမ်းပြာဝတ်ရုံတော်ကို လက်တစ်ဖက်နဲ့ ညင်ညင်သာသာဆွဲရင်း ကျွန်တော်အနားကပ်လာပြီး ခရမ်းပြာပဝါ ဝတ်ရုံကို တစ်လွှာချင်း ခွာနေတယ်။ ကျွန်တော့်ကို ကြင်နာသနားတဲ့ အကြည့်နဲ့ ကြည့်နေတယ်။ ပြီးတော့ ကျွန်တော့်ကို သူ့ကရုဏာ ပဝါစနဲ့ လက်ပြန်ကြိုးချီနှောင်တယ်။ ပြီးတော့ ကျွန်တော့်ကိုယ်ကို သူ့ပဝါနဲ့ ရစ်ပတ်တယ်။ သူ့ကိုယ်ပေါ်က ခရမ်း ပြာပဝါကို တစ်လွှာချင်းခွာပြီး ကျွန်တော့်စိတ်နှလုံးကို တစ်ပတ်ချင်း ရစ်ပတ်ပေးနေတယ်။ ညင်ညင် သာသာလေးပါ။ ဒါပေမယ့် လှုပ်လို့မရတော့ဘူး။ ပြီးတော့ အဲဒီပဝါစလေးနဲ့ပဲ ကျွန်တော့်မျက်နှာကို စည်းပတ်လိုက်တယ်။ နားနားမှာ တိုးတိုးလေး ကြားရတယ်။ ‘သူ့ကို ခွင့်လွှတ်ပါတယ်ကွယ်’ တဲ့။

            အဲဒါ လျှို့ဝှက်သင်္ကေတနဲ့ အမိန့်ပေးလိုက်တာပါပဲ။ ကျွန်တော့်နှလုံးအိမ်ထဲမှာ ချိန်ကိုက်မြှုပ်နှံ ထားတဲ့ ‘အချစ်ဗုံး’ရဲ့ စနက်တံကို ဆွဲဖြုတ်လိုက်ပြီး နှလုံးအိမ်ထဲမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်သွား တယ်။ နှလုံးအိမ်ဟာ တစ်မှုံစီ၊ တစ်စစီ ပေါက်ကွဲလွင့်ထွက်ကုန်ပြီ။

            မြင်ကွင်းမှာ ခရမ်းပြာရောင်လွင်ပြင်၊ တဖြည်းဖြည်း ‌မှောင်လာနေပြီ။ နောက် အလွန်တရာ တိတ်ဆိတ်တဲ့ အမှောင်၊ စကြဝဠာကြီးတစ်ခုလုံး အမိုက်တိုက်အဖြစ် ပြောင်းသွားပြီ၊ နေရောင်မရှိ၊ ကြယ်မရှိ၊ လမရှိ၊ လုံးဝ ပိန်းပိတ်အမှောင်။

            ကိုယ်စိတ်နှစ်ပါးစလုံး အဲဒီအမိုက်တိုက်ကြီးထဲကို တအိအိကျဆင်းနေပြီ။ ဝုန်းခနဲ ကျတာ မဟုတ်ဘူး။ ဖြည်းဖြည်းချင်း တရွေ့ရွေ့ တအိအိ ကျဆင်းနေတာ။ အစမရှိ အဆုံးမရှိ နက်နဲမှောင်မိုက်တဲ့ အမိုက်တိုက်ကြီးထဲကို…။

            မှောင်နဲ့မည်းမည်း အမိုက်တိုက်ကြီးထဲမှာ တိုးညင်းတဲ့ အသံချိုချိုလေး ကြားရတယ်။ ‘သူ့ကို ခွင့်လွှတ်ပါတယ်ကွယ်’ တဲ့။ ပြီးတော့ အမှောင်နဲ့ မည်းမည်းထဲမှာ ခပ်မှိန်မှိန်လင်းနေတဲ့ ကြယ်နှစ်ပွင့်လို မျက်ဝန်းတစ်စုံကို တွေ့ရတယ်။ ကရုဏာရည်နဲ့ ပြည့်နေတဲ့အကြည့်။

            ရန်သူကို အမြင့်မြတ်ဆုံး အနိုင်ယူနည်းက ‘ခွင့်လွှတ်ခြင်း’ ပဲတဲ့။ ဒီလိုပဲ ချစ်သူကို အမြင့်မြတ်ဆုံး အနိုင်ယူနည်းကလည်း ‘ခွင့်လွှတ်ခြင်း’ပါပဲ။ ပြီးတော့ အရာရာကို အောင်နိုင်တာဟာ မေတ္တာတဲ့၊ ကရုဏာ တဲ့၊ သန့်စင်စွာ ချစ်ခင်မြတ်နိုးခြင်း၊ သနားကြင်နာခြင်းတဲ့။ သူက အရာရာကို အောင်နိုင်လိုက်ပြီလေ။

            မိုက်မဲတဲ့၊ တွေဝေတဲ့၊ ဥာဏ်ပညာမရှိတဲ့၊ အနုသယ ကိလေသာတွေနဲ့ ထွေးလုံးရစ်ပတ်နေတဲ့၊ ညစ်ပုပ်ယိုစီးတတ်တဲ့ ‘အာသာဝ’တွေကို ရင်ထဲမှာ အပြည့်အသိပ် ထည့်ထားတဲ့ ကျွန်တော်ဟာ အရှုံးကြီး ရှုံးခဲ့ပြီ။

            တကယ်လို့ သူက ခွင့်မလွှတ်ရင် မေတ္တာ၊ ကရုဏာတွေ မထားရင် ကျွန်တော် သည်လောက် ရှုံးလိမ့်မယ် မဟုတ်ဘူး။ အပွဲပွဲ နွှဲခဲ့ပြီးပါပြီ။ ရက်စက်ကြမ်းကြုတ်တဲ့ အချစ်နဲ့ ဒါမှမဟုတ်၊ အမုန်းနဲ့ ကျွန်တော့်နှလုံးအိမ်ကို ဖျက်စီးချေမွခဲ့သူတွေကို ကျွန်တော် ကောင်းကောင်းကြီး တုံ့ပြန်နိုင်ခဲ့တယ်။ အဲဒီ အခါတွေတုန်းက ကျွန်တော် မရှုံးဘူး။ သူတို့လည်း ကျွန်တော့်ကို မနိုင်ဘူး။ အဲဒါတွေက သူသေ ကိုယ်သေ စီးချင်းထိုးရတဲ့ပွဲတွေ။ ကျွန်တော်ချည်းပဲ ဒဏ်ရာရတာ မဟုတ်ဘူး။ သူတို့လည်း ဒဏ်ရာတွေ ရအောင် ကျွန်တော် တုံ့ပြန်နိုင်ခဲ့တယ်။

            သူ့ကိုကျတော့ အကြွင်းမဲ့ အရှုံးပေးလိုက်ရတယ်။ သူသုံးသွားတာက မေတ္တာလက်နက်၊ ကရုဏာလက်နက်၊ ကျွန်တော်ကိုင်ဆွဲခဲ့တာက အနုသယလက်နက်၊ ကိလေသာလက်နက်၊ အာသဝ လက်နက်။ ဒီတော့ ကျွန်တော် ရှုံးတယ်။

            တအိအိပြိုဆင်းကျဆုံးနေပြီ။ သူ့ကို သန့်စင်တဲ့ ချစ်ခင်မြတ်နိုးမှု တ္တော၊ ကြင်နာသနား ထောက်ထားညှာတာတဲ့ ကရုဏာ မထားနိုင်မချင်း သည်အမိုက်တိုက်အမှောင်နဲ့ မည်းမည်းချောက် ကြီးထဲက ပြန်တက်နိုင်မယ် မဟုတ်တော့ဘူး။

            သူရေ… ကြိုးစားကြည့်မယ်။ အနုသယ ကိလေသာတွေ ပါးလျားအောင် ကြိုးစားကြည့်မယ်။ အာသဝတွေ နည်းပါးအောင် ကြိုးစားကြည့်မယ်။ ဒါမှ သူ့ကို ချစ်မြတ်နိုးရာရောက်မှာပေါ့။ ဟုတ်တယ်နော်…။

            ခုတော့ တအိအိပြိုကျပျက်စီးနေဆဲ ဆောက်တည်ရာမရ အိပ်မက်တွေကြားမှာ အလူးလူး အလိမ့်လိမ့်။ အမှောင်ကြီးထဲမှာ  ဟိုအဝေးကြီးက တည်ငြိမ်ခံ့ညားတဲ့ အသံတစ်ခု ကြားရသလိုပဲ။ ‘ဟုတ်တယ်…အမျိုးသမီးကြီးတစ်ယောက်အသံ၊ အသံက အိုနေပြီ။ ဒါပေမယ့် တည်ကြည်ခန့်ညား တယ်..’ အလို…။

            ဣဒံခေါပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ရဟန်းတို့ ဤဆင်းရဲခြင်းသဘောဟု ဆိုအပ်သော မဖောက်မပြန် မှန်ကန်သော အရိယသစ္စာတရားသည် ရှိ၏။

            ဇာတိပိဒုက္ခာ၊

            (အဖန်ဖန်) ပဋိသန္ဓေနေရမှုကြီးသည်လည်း ဆင်းရဲ၏။

            ဇရာပိဒုက္ခာ၊

            (အဖန်ဖန်) အိုရမှုကြီးသည်လည်း ဆင်းရဲ၏။

            ဗျာဓိပိဒေုက္ခာ၊

            (အဖန်ဖန်) နာရမှုကြီးသလည်လည်း ဆင်းရဲ၏။

            မရဏံပိဒုက္ခံ၊

            (အဖန်ဖန်) သေရမှုကြီးသည်လည်း ဆင်းရဲ၏။

            အပ္ပိယေဟိသမ္ပယေဂေါ ဒုက္ခော၊

            မချစ်မနှစ်သက်အပ်ကုန်သော သူတို့နှင့် အတူတကွ ပေါင်းသင်း၍ နေရမှုကြီးသည်လည်း ဆင်းရဲ၏။

            ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊

            ချစ်ခင်နှစ်သက်အပ်ကုန်သော သူတို့နှင့် ကွေကွင်းခွဲခွာ၍ နေရမှုကြီးသည်လည်း ဆင်းရဲ၏။

            သံခိတ္တေ နပဥ္စပါဒါနက္ခန္မာ ဒုက္ခာ။

            အကျဉ်းချုပ်အားဖြင့် ဥပါဒါန်တရားတို့၏ စွဲလမ်းရာဖြစ်ကုန်သော ခန္ဓာငါးပါးတို့သည် ဆင်းရဲအစစ်တို့တည်း’။

အိပ်မက်က ဖျတ်ခနဲ နိုးလာတယ်။ အရုဏ်ရောင်နီပျို့နေပြီ။ အရပ်ထဲ တစ်နေရာက အဘွားကြီး တစ်ယောက်ရဲ့ တည်ကြည်ခန့်ညားတဲ့ ဓမ္မစကြာတရား ရွတ်ဖတ်ပူဇော်သံကို ကြားနေရတယ်။ တိုးပေ မယ့် ပြတ်သားတယ်။

            မျက်စိကို ပြန်မှိတ်ထားမိတယ်။ ခရမ်းပြာရောင် ပဝါစကလေးဟာ လေထဲမှာ တဝေ့ဝေ့ ဝဲပျံရင်း တဖြည်းဖြည်း ဝေးသွားတယ်။ အရုဏ်ရောင်နီပျို့နေတဲ့ ကောင်းကင်ပေါ်ကို ခရမ်းပြာရောင် လေး တလူလူလွင့်မျော ပျံတက်သွားနေတယ်။ တရားသံကို အာရုံစိုက်ပြီး နာနေလိုက်တယ်။ စိတ်နည်း နည်း အေးချမ်းလာသလိုပဲ။ မျက်ခွံတွေ လေးလာတယ်။ တစ်ညလုံး မအိပ်ရသေးဘူး သူရယ်...။ အဲသလို တမ်းတရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။ ပြန်မှ နိုးပါ့ဦးမလား မသိ။ မနိုးတော့တဲ့ အိပ်ခြင်းဟာ ကျွန်တော့်အတွက် အသင့်လျော်ဆုံး ‘ဆေး’ ဖြစ်လိမ့်မယ် ထင်ရဲ့လေ။

အနုသယ-အတွင်းဓာတ်၌ အစဉ်ကိန်းနေသော တရား။

‘ကျားသည် ခြုံ၌ အောင်းနေ၍ အစာဖြစ်သော သမင် ကျွဲနွား စသည်ကိုမြင်သော် ထ၍ ကိုက် သကဲ့သို့ ဟဒယဝတ္ထု(နှလုံးအိမ်)တည်းဟူသော ဂူ၌ အောင်းနေ၍ လိုအပ်သော အာရုံကို တွေ့လတ် သော် ‘လွေ့လွေ့ရမ်းရမ်း’ ဖမ်းယူတတ်သော သဘောရှိသည်ဖြစ်၍ အနုသယဟု ဟောတော်မူသည်’ မနောရထ ၂၁၅။

(ပါ၊ အနုသယ။ အနု-အစဉ်၊ သယ-ကိန်းအောင်း)၊

(မနောရထ၊ ‘မနောရထ ပူရဏီကျမ်း’ ကျီးသဲလေးထပ် ဆရာတော်။)

ကိလေသာ- စိတ်ကို ညစ်ညူးစေတတ်၊ ပူပန်စေတတ်သော တရား၊ အပူတွင် ကိလေ သာ၊ အနွေးမှာ မေတ္တာ။

ဦးပုည၊ ၁၊ ၈၈။

(ပါ၊ ကိလေသ။ ညစ်နွမ်းခြင်း) (ဆရာကြီး ဦးထွန်းမြင့်၊ ပါဠိသက် ဝေါဟာရ အဘိဓာန်)

အာသ၀- ရှည်မြင့်စွာ ထုံအပ်သော မုဒရက်အနာမှ ‘ယိုစီးသော သွေးပြည်ကဲ့သို့သော သဘောတရား’။

(လယ်တီဆရာတော်ကြီးနှင့် ဆရာကြီး ဦးဖေမောင်တင် အနတ္တလက္ခဏသုတ္တ။)

မောင်­ဝဏ္ဏ

၁၃၆၆ ဝါခေါင်လပြည့်ကျော် ၁၀ ရက်၊

ကြာသပတေးနေ့(ပြဿဒါး)

ခရစ်၊ ၂၀၀၄ ခု၊ စက်တင်ဘာလ ၉ ရက်၊

စက်နာရီ- ၂ နာရီ၊ ၂၈ မိနစ်။

ကိုင်း... ဆရာကိုဝင်းငြိမ်း အဲဒါ ဇာတ်သိမ်းပိုင်းပဲ၊ နိဂုံးပဲ။ ဝတ္ထု ဒါမှမဟုတ် စာစုတစ်ခုကို နိဂုံး ဒါမှမဟုတ် အဆုံးသတ်အပိုင်းကို အရင်ဆုံး ရေးသင့်သလား၊ မရေးသင့်ဘူးလား ကျွန်တော် မသိဘူး။ ဘာဒေါသတွေသင့်သလဲ ကျွန်တော် အသိဆုံး ဒါပေမယ့် ရေးချင်တာကို ရေးလိုက်ခွင့်တော့ ရှိတယ်ထင်ပါရဲ့။(ကျွန်တော်က ဒေါသတွေ အများကြီးသင့်ပြီးသားကောင်ပဲ၊ ကတ္တရာပုံးထဲ မီးသွေးခဲကျလို့ မထူးလှပါဘူး။)

အဆုံးသတ်ကို ဖတ်ရပြီးမှတော့ ရှေ့ပိုင်းတွေက စိတ်ဝင်စားစရာကောင်းလိမ့်မယ် မထင်ပါဘူးဗျာ။ ဒါပေမယ့် ခင်ဗျားသဘောပဲ။ ဖတ်ချင်လည်း ဆက်ဖတ်၊ ဒီစာမူကို အမှိုက် တောင်းထဲ ပစ်ချချင်လည်း ပစ်ချင်လည်း ပစ်ချ။ သဘောပဲဗျာ။ ဒါပေမယ့် ကိုယ့်ဆရာ ကျွန်တော် မိတ္တူကူးထားတယ် သိလား။ ဘယ်သူ့မှ မဖတ်ရချင် နေပေစေ။ ကျွန်တော့်ဘာသာ ပြန်ဖတ်မယ်။ အရေးတကြီး စာချုပ်စာတမ်း၊ မြေဂရန် စတာတွေနဲ့အတူ မပျောက်မပျက်ရအောင် သိမ်း ထားမယ်။ သဘောပေါက်တယ် မဟုတ်လား ကိုယ့်ဆရာ။ (စိတ်ကျေနပ်အောင် ဖတ်ပြီးရင်တော့ ဒီစာစုကို မီးရှို့ပြာချပစ်လိုက်မယ်။)

အခန်း(၁)။ ဆိုပါတော့

ကိုယ်တိုင်မွေး မြွေပွေးရဲ့အစ

            ကိုဝင်းငြိမ်း ကျွန်တော့ဆီ ဖုန်းဆက်တဲ့ညက ၂၀၀၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ စနေနေ့ ည ၈ နာရီခွဲ။ ခင်းဗျားက ရယ်ရယ်မောမောနဲ့ ပြောတယ်။ အပူကပ်မလို့ဗျာတဲ့။ အချစ်ဝတ္ထုလေး တစ်ပုဒ် လောက် ရေးစမ်းပါ။ ကျွန်တော်လည်း ဖတ်ချင်လို့တဲ့။ တော်တော်ဆိုးတဲ့လူဗျာ။ ကျွန်တော့်လို ဆံဖြူ သွားကြွေ ဂိန်းဘောဆိုက်နေတဲ့ ဘူတားတစ်‌ယောက်ကို အချစ်ဝတ္ထုရေးစမ်းပါဆိုတာ သက်သက် ‘ဒိုင် လူကြီးနဲ့ပေါင်းပြီး ဖောင်းပေး၊ ပင်နယ်လ်တီ ဂိုးသွင်းလိုက်တာပဲ’။ ကျွန်တော်က ပင်စင်နီးနေတဲ့ အရွယ် ပါဗျာ။ လုပ်သက်ပြည့် ပင်စင်ယူလို့ ရမယ်ဆိုရင် ကျွန်တော် ပင်စင်စားခဲ့တာ လေးဘူတာလောက် လွန်ခဲ့ ပြီပေါ့။ ဆရာ ကိုဝင်းငြိမ်းတို့က တာဝန်ဆက်ပေးထားလို့ အီလည်လည်လုပ်နေရတာ။ ဒီလို ဘူဒါ တစ်ယောက်ကိုမှ အချစ်ဝတ္ထုရေးပါဆိုတော့ ကျွန်တော် တဟားဟား ရယ်ပြလိုက်တယ်။ ခင်ဗျား ကတော့ ဇွတ်ပဲ။ ‘ခင်ဗျား ငယ်ချစ်တွေ ပြန်စဉ်းစားပေါ့ဗျာ။ ဖြစ်ပါတယ်၊ ရေးစမ်းပါ’ တဲ့။ ကျွန်တော်က လည်း ပြီးပြီးရော သဘောထားပြီး ‘ကြိုးစားကြည့်မယ်ဗျာ’ လို့ ပြောခဲ့တယ်။ ခင်ဗျားဆီက ဖုန်းလည်း ချပြီးရော ကျွန်တော့်မိန်းမ ချိုရီ့ကို ပြောပြတယ်။ ‘ကိုဝင်းငြိမ်း ဘာပေါက်တာလဲ မသိဘူးကွာ၊ ငါ့ကို အချစ်ဝတ္ထုရေးပါတဲ့၊ ဟား... ဟား’  လို့ ရယ်ရယ်မောမော ပြောမိတယ်။

            ဒီတော့ သူက ကျွန်တော့်ကို ပင်နယ်လ်တီတစ်လုံး ထပ်သွင်းတယ်။ သူ့ပင်နယ်လ်တီက ပိုဆိုး သေးဗျ။ ဂိုးသမားဖယ်ထုတ်ပြီး ကန်ထည့်လိုက်တာဗျ။ ကန်ချက်ကလည်း ပြင်းသလား မမေးနဲ့။ ကျွန်တော့်ကို ဘာပြောတယ်မှတ်လဲ။

            ‘ခုမှ ဖီလင်အသစ်ရချင်ရင်လည်း ရည်းစား‌လေး ဘာလေး ထားကြည့်ပေါ့။ ရည်းစားလေး ဘာလေး ပြန်ထားလို့ရအောင် မျက်နှာပေါင်းတင်ပြီး ဆံပင်ဆိုးလိုက်လေ’ တဲ့။ မှတ်ကရောပဲ။ ခင်ဗျား စဉ်းစားကြည့်ပါဗျာ။ ကျွန်တော့်မျက်နှာ ပေါင်းတင်၊ ဆံပင်ဆေးဆိုးလိုက်ရင် ဘယ်လိုပုံပေါက်မလဲ ဆိုတာ။ (ကျွန်တော်က စုပ်ချွန်းချွန်းကောင်လေ) ဆံပင်ကတော့ မည်းသွားမယ်။ မျက်နှာက ဖြူဖတ် ဖြူရော်ဖြစ်သွားမယ်။ မရိတ်မသင်ထားတဲ့ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေက ဖြူကျဲကျဲ၊ ထိုးထိုးထောင် ထောင်နဲ့။ ပြီးတော့ ကျွန်တော့်မှာ ပါတိတ် ဟာဝေယံရှပ်နဲ့ တရုတ်ဘောင်းဘီပွတွေ ဘာတွေလည်း ရှိတာ မဟုတ်ဘူးဗျ။ ခုမှ အရူးထပြီး ဝယ်ဝတ်ရင်လည်း အားလုံးက ‘ငပေါကြီး’ လို့ ပြောမှာပဲ။ တကယ်လည်း ငပေါကြီး ဖြစ်သွားမှာဗျ။ ရွှေအမြုတေ ဆရာကြီး ကိုဝင်းငြိမ်းရေ့။ ခင်ဗျားက ရွှေဂိုးသွင်းပြီးတော့ ကျွန်တော့်မိန်းမက စိန်ဂိုး ထပ်သွင်းတယ်။ ဟုတ်ပေ့ဗျာ။

            ကျွန်တော်လည်း ကတိပေးမိမှတော့ ကရော်ကမယ် အချစ်ဝတ္ထုလေးတစ်ပုဒ်ကို ‘အဖြစ်’လောက် ရေးလိုက်မယ် စိတ်ကူးတယ်။ (ချစ်-ကွဲ-ညားပေါ့)။

            ခင်ဗျားလည်း ကျွန်တော့်ငယ်ဘဝ သိသားနဲ့ဗျာ။ ကျွန်တော့်မှာ ဖြစ်ဖြစ်မြောက်မြောက် ရည်းစား မှမရှိခဲ့တာ။ ကျွန်တော်က လိုက်ကြိုက်တဲ့ မိန်းကလေးတွေတော့ ရှိသပေါ့ဗျာ။ ဒါပေမယ့် ဘယ် မိန်းကလေးကမှ ကျွန်တော့်ကို ပြန်ချစ်ခဲ့တာ မဟုတ်ပါဘူး။ အားလုံးကို အလံဖြူထောင်ပြီး လက်နက်ချခဲ့ ရတာပါ။ (ဒဏ်ရာတွေ ဗရပွနဲ့ပေါ့ဗျာ) အဲ... သူတို့ကိုလည်း အကျအဆုံးများအောင် လုပ်နိုင်ခဲ့တယ်။ အဲ... နောက်ဆုံး အကြွင်းမဲ့ လက်နက်ချလိုက်ရတာကတော့ ခင်ဗျားသိတဲ့အတိုင်း မချိုရီပဲပေါ့ဗျာ။ သူကတော့ POW (သုံ့ပန်း)အဆင့် ကောင်မလေးပဲ။ တစ်ခါတည်း တစ်သက်တစ်ကျွန်း ချပစ်လိုက်တာပါပဲ။ ကျွန်တော်ကလည်း အဲသလို တစ်သက်တစ်ကျွန်းဒဏ်ကို လိုလိုချင်ချင် ခံချင်နေတဲ့ အချိန်ကိုး။ (မထူးပါဘူးဗျာ၊ သူလည်း တစ်သက်တစ်ကျွန်းပါပဲ။ ဒါကြောင့် အိမ်ထောင်ကျတယ် ပြောတာကိုး။ ခုမှ သိတယ်။) ခုထိ ကျွန်တော့် ဘော့စ် မချိုရီရဲ့ လက်အောက်မှာ တတ်သလောက်၊ မှတ်သလောက် ‘လက် ကောက်’ကျပြီး အရှောင်အတိမ်းလေးတွေနဲ့ ‘ပုံးဟပ်’ နေရဆဲပါဗျာ။ ဒီလို ငတိကို ခင်ဗျားမို့ ရက်ရက် စက်စက် အချစ်ဝတ္ထုရေးခိုင်းတယ်။ ပုဏ္ဏကဘီလူးက အသည်းနှလုံးအလို့ငှာ ဝိဓူရအမတ်ကို တောင်စဉ် ခုနစ်ထပ်မှာ နတ်မြင်းနောက်က လက်ပြန်ကြိုးချည်ပြီး တရွတ်ဆွဲသွားသလိုပါပဲလားဗျာ။

            ကျွန်တော်လည်း နားအေးအောင် တစ်ခုခုရေးလိုက်မယ်ဆိုပြီး စရေးလိုက်တယ်။ အဲ... အဲသည် မှာ ပြဿနာတက်တော့တာပဲဗျာ။ ကျွန်တော့်ငယ်ချစ်ဦးကို စပြီး သတိရလိုက်မိတယ်။ အတင်းဖျစ်ညှစ် သတိရပစ်တာပေါ့ဗျာ။ ပြီးတော့ နှောင်းချစ်၊ နောက်တစ်ယောက်၊ နောက်တစ်ယောက် စသဖြင့်ပေါ့ဗျာ။ ပြန်စဉ်းစားမိတယ်။ (သတိ သူတို့က မချစ်ပါ။) အလို... အချစ်ဆိုတာ အဲသလို ပေါ့ရှပ်ရှပ်သဘောထား လို့ရတာမှ မဟုတ်ပါဘဲကလား၊ အရပ်ကတို့ရေ လို့ အော်လိုက်ချင်တယ်။

            ခင်ဗျားက လူပျိုကြီးဆိုတော့ ဒါတွေ သိပ်သိမှာ မဟုတ်ပါဘူးဗျာ။ (သိချင်လည်း သိမှာပေါ့လေ။) ကျွန်တော်ကတော့ အီစလံဝေအောင် ခံခဲ့ရပေါင်းက များပြီ။ ‘သုမနကျောမှာ ဒဏ်ရာတွေနဲ့’ ပေါ့ဗျာ။ ငယ်ငယ်က ရေးဖူးတဲ့ ကျွန်တော့် ကဗျာလိုလို ဘာလိုလို စာလေးကို ပြန်မှတ်မိတယ်။

            ‘နှလုံးသား အကဲဆတ်တာကို အတတ်မသိဘဲ

            အမှတ်မရှိတဲ့ အသည်း အထပ်ထပ်ကွဲမှ အေးရော’

            ဟုတ်ပါ့ဗျာ။ ကျွန်တော်ဆိုတဲ့ကောင်က အမှတ်သညာ တော်တော်နည်းတယ်။ တစ်ယောက်နဲ့ တွေ့လို့ ဟက်တက်ကွဲတာကို နည်းတယ်ထင်ပြီး နောက်တစ်ယောက်ကို စွဲလမ်းမိပြန်တယ်။ ထပ်ကွဲ တာပါပဲ။ အထပ်ထပ်ကွဲတာပါပဲဗျာ။ ဒါလည်း အမှတ် မရှိပါဘူး။

            အသက်အရွယ်ရလာတော့ ဒါတွေဟာ ငယ်ငယ်က ‘ဂေါ်လီ’ ရိုက်တာမျိုးကို ပြန်စဉ်းစားမိ သလိုပါပဲလို့ ထင်မိတယ်။ ဟုတ်ပါရိုးလားဗျာ။ ဂေါ်လီရိုက်တာလည်း တော်တော်စွဲတဲ့ ကစားနည်းပဲဗျ။ (တီဗွီဂိမ်းတွေလောက်တော့ အပျော့ပေါ့။) ကျင်းစိမ်ဖို့ ဂေါ်လီကို လှိမ့်လိုက်ပြီးရင် အဲဒီဂေါ်လီ လမ်းကြောင်းပြောင်းအောင်၊ ကျင်းစိမ်မိအောင် (လက်ထဲက ဂေါ်လီထွက်သွားပေမယ့်) ကိုယ်ကို တွန့်လိမ်လိုက်စောင်းနေခဲ့မိတာတွေ ခင်ဗျားလည်း သတိရမှာပေါ့။ ဂေါက်သီးရိုက်တာလည်း အဲသလိုပဲ ထင်သဗျ။ ဂေါက်တော့ မရိုက်ဖူးဘူး။ လူကိုယ်တိုင်ပဲ ‘ဂေါက်’နေတာ။ ဂေါက်ရိုက်စရာ မလိုတော့ဘူး လေ။ ကိုယ့်ကိုယ်ကို ပြန်ရိုက်ရင် ဂေါက်ရိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ အချစ်က အဲဒီထက် အဆရာထောင်မက သာသဗျ။ လူပျိုကြီးကို အချစ်အကြောင်းပြောရတာ သိပ်အောက်တယ်ဗျာ။ ငယ်ချစ် ဆိုတာ သူ့ဘာသာ ငြိမ်ငြိမ်ကလေး ‘ရင်ထဲမှာ ခွေနေတဲ့ မြွေပွေး’ လိုဟာမျိုးဗျ။ သွားမထိရင်တော့ ဘာမှမဖြစ်ဘူး။ နည်းနည်းလေး ထိလိုက်မိတာနဲ့ ယင်ကောင်တောင် အလွတ်မပေးဘူး။  အလွန် လျင်မြန်တဲ့ အဟုန်နဲ့ အသေပေါက်ပစ်တာ။ အဆိပ်ကလည်း ပြင်းသလား မမေးနဲ့။ ခုတော့ ခင်ဗျား လုပ်လို့ ကျွန်တော့်နှလုံးအိမ်ထဲမှာ ငြိမ်ငြိမ်ကလေး ခွေနေတဲ့ ငယ်ချစ် မြွေပွေးကို ထိလိုက်မိပြီဗျ။ လျှပ်တစ်ပြက် တုံ့ပြန်ချက်နဲ့ ဆော်ထည့်လိုက်တာ အသားနီကို လန်သွားတာပဲဗျာ။ အဟုန်ကလည်း ပြင်းသလား မမေးနဲ့။ အလင်းရဲ့ အလျင် တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆,၈၂၈.၃၉၆(မိုင်ပေါင်း တစ်သိန်း ရှစ်သောင်း ခြောက်ထောင် ရှစ်ရာ နှစ်ဆယ့်ရှစ် ဒဿမ သုံးကိုးခြောက်) မိုင်နှုန်းဆိုတဲ့ အဟုန်ဟာ အချစ် ရဲ့ အဟုန်နဲ့ ယှဉ်လိုက်တော့ ကလေးကစားစရာလို ဖြစ်သွားသဗျ။ အဆိပ်ပြင်းလိုက်ပုံကလည်း နှလုံးသားကနေ ငယ်ထိပ် တက်ဆောင့်တဲ့အထိပဲ။ ပြီးတော့ အဲဒီအဆိပ်ဟာ လောကသုံးပါးစလုံးကို ပြန့်နှံ့သွားတယ်ထင်ရတယ်။

            ပြန်စဉ်းစားမိရုံ ရှိသေး၊ အဲသလောက် ခံလိုက်ရတယ်ဆိုတော့ တကယ်များ ပြန်တွေ့ရင် ဘယ်လောက်ထိများ ခံရမလဲ မသိဘူးဗျာ။ တကယ်လို့ ငယ်ငယ်တုန်းကလိုပဲ သူ့ရင်ထဲမှာ တစ်စုံတစ်ရာ ရှိနေသေးရင်ပေါ့လေ။ ရှိတော့မယ် မထင်ပါဘူးဗျာ။ ဆံဖြူ သွားကြွေ၊ ဘူဒီကြီး ဖြစ်နေပါပြီ။ ရိပ်သာ အမြဲ ဝင်နေတယ်လို့ ကြားရသဗျ။ တည်ငြိမ်အေးချမ်းနေရောပေါ့ဗျာ။ ကျွန်တော်သာ မိုက်မိုက်ကန်းကန်းနဲ့ ခွေးမြီးကောက် ကျည်တောက်စွပ်သလို ကျည်တောက်ချွတ်တာနဲ့ ပြန်ကောက်သွားဗျ။ ပြောပါ ပကောလားဗျာ။ ကျွန်တော့်အတွက်တော့ နှလုံးအိမ်ထဲက မြွေပွေးပါလို့။ သူကတော့ တရားရေအေးနဲ့ မွေ့လျော်နိုင်ပါလိမ့်မယ်။ ဝဋ်ဆင်းရဲကို ဇွတ်အတင်းဆွဲတဲ့ ငမိုက်သား ကျွန်တော်သာ ခုထိ ငိုလို့၊ လွမ်းလို့ ကောင်းတုန်း။ တကယ်တော့လည်း အဲသလို အိုကြီးအိုမနဲ့ လွမ်းရတာ ဇိမ်တစ်မျိုးရှိသဗျ။ ဒါတွေ ခင်ဗျား လို လူပျိုကြီးက ဘယ်သိလိမ့်မတုံး။ သိရင်လည်း ခင်ဗျားက ကျွန်တော့်လို ဖွာလန်ကြဲ အကောင်မှ မဟုတ်တာ။ တကယ် သိုသိုသိပ်သိပ်နေတတ်တဲ့ ပုဂ္ဂိုလ်ပေပဲ။ (ဖားနေတာဗျို့)

            အရင်တုန်းက ကျွန်တော် တွေးထားတာ ရှိသဗျ။ အဲဒီအတွေးကိုလည်း ကျွန်တော့်ဘာသာ ကျွန်တော်ပေါ့ဗျာ။ ‘ခေတ်မီသော ဆန်းသစ်သော၊ ရှေ့သို့ ဦးတည်သော အချစ်ဒဿန’လို့ လေဖန်ဂေါင်း ကျယ်မိတယ်ဗျ။ အဲဒါကို ပြောပြောပြီး ဘယ်သူမှ ချောက်မတွန်းဘဲ ကိုယ့်ဘာသာကိုယ် ဘဝင်တွေ မြင့်နေခဲ့မိသေးဗျာ။

            ကျွန်တော်က ဒီလိုတွေးဖူးတယ်။

            အချစ်ဆိုတာ ညစ်ညမ်းနေတဲ့ ကာမဂုဏ်ကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် အပေါ်က လှလှပပ ထုပ်ပိုးပေးထားတဲ့ ပက်ကင်ပေပါ ကုန်ထုပ်ပန်းစက္ကူလှလှလေးပါ။ အဲဒီအချစ်ဆိုတဲ့ ပက်ကင်ပေပါကို ဖွင့်ထုတ်လိုက်တာနဲ့ ညစ်ညမ်းတဲ့ ကာမဂုဏ်ကို တွေ့ရမှာပါ’ လို့။

မဟုတ်ဘူးဗျို့။ ကျွန်တော့်ဘဝထဲက အချစ်ကို ဖယ်ထုတ်လိုက်ရင် ကျွန်တော့်ဘဝဟာ ဟောင်း လောင်းကြီးဖြစ်သွားလိမ့်မယ်။

            ခင်ဗျားကို ဒါတွေပြောရတာ တော်တော်ခွကျတယ်ဗျာ။ ဖတ်သာကြည့်ပါတော့။ မသင့် တော်ဘူး ထင်တာတွေလည်း ဖြုတ်ထုတ်ဖြတ် ကြိုက်ရာလုပ်ဗျာ။

ပထမဦးဆုံးစ သတိရတာ သူ့ရဲ့ ခြေဖမိုးလေးပါ။ အဲဒီခြေဖမိုးလေးကို အခွင့်ရရင် ညင်ညင် သာသာလေး နမ်းလိုက်ချင်တယ်ဗျာ။ (ရေချိုးပြီးစ၊ သနပ်ခါး အဖွေးသား အချိန်မျိုးပေါ့။)

            ကိုဝင်းငြိမ်း၊ ခင်ဗျားသိလား။ အချစ်ဆိုတာ အဲဒါမျိုးဗျာ။ စကားလုံးတွေနဲ့ ရှင်းပြလို့ မရနိုင်တဲ့ ကိစ္စဗျ။ ဒါပေမယ့် ကျွန်တော် တတ်နိုင်သလောက် ကြိုးစားပြီး ရေးကြည့်မယ်ဗျာ။

            ဒီလိုဗျ၊ ကိုဝင်းငြိမ်းရဲ့။ ခင်ဗျား မှတ်မိကောင်း မှတ်မိလိမ့်မယ်။ လွန်ခဲ့တဲ့ ၃၅ နှစ်ကျော် လောက်က ကျွန်တော်နဲ့အတူ မြို့ထဲကို လာခဲ့တဲ့ အမျိုးသမီးလေ။ ခင်ဗျားက တွေ့တော့ စပ်ဖြီးဖြီးကြီးနဲ့ ‘ဘယ်လဲ’လို့ မေးတယ်။ ကျွန်တော်က ‘ဒီနား’လို့ ဖြေပြီး အမြန်လစ်ခဲ့တယ်လေ။ အဲဒီအမျိုးသမီးဗျ။

            နောက်ကျတော့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ခင်ဗျားက ပြောတယ်လေ။ ‘ဟိုနေ့က အမျိုး သမီးက တော်တော်လှသားပဲ’ တဲ့။ ခင်ဗျား ချွန်ပေးတယ်ဆိုတာ သိပါရဲ့။ ဒါပေမယ့် ငပေါတို့ရဲံ ထုံးစံအတိုင်း ကျွန်တော်က သွားကြီးဖြဲပြီး ဗွေဖောက်တတ်တဲ့ မြင်းပိန်ဟီတဲ့အသံမျိုးနဲ့ တဟီးဟီး တဟီဟီ လုပ်ခဲ့သေးတယ်လေဗျာ။

            အခန်း(၂) ဆိုပါတော့

            မငိုကြေးနော်

            ခု ကျွန်တော်ရေးမှာက စိတ်ကူးယဉ်ဇာတ်လမ်းလို့ ထင်ချင်ထင်လေ။ တကယ်လို့များ အခုရေး တဲ့ အကြောင်းတွေဟာ တစ်စုံနှစ်ယောက်(တစ်စုံမှာ နှစ်ယောက်ရှိတယ်၊ တစ်ယောက်က ‘သူ’ ၊ နောက် တစ်ယောက်က ကျွန်တော်။) ဒါမှမဟုတ် နှစ်စုံလေးယောက်၊ ဒါမှမဟုတ် သုံးစုံခြောက်ယောက် စသဖြင့် တို့နဲ့ တိုက်ဆိုင်နေတယ်ဆိုပါတော့။ ကျွန်တော့်ကို ခွင့်လွှတ်ပါလို့ မတောင်းပန်ချင်ပါဘူး။ တိုက်ဆိုင်နေခဲ့ သည်ရှိသော် ခွင့်မလွှတ်ပါနဲ့။ စိတ်ဆိုးပါ၊ ဒေါသဖြစ်ပါ။ ပါးနှစ်ဘက်ကို ဘယ်ပြန်ညာပြန် ရိုက်ချင်သပ ဆိုရင်လည်း လာရိုက်လှည့်ပါ။ ကျွန်တော့်ဘဝမှာ ပါးအရိုက် တစ်ခါမှ မခံဖူးပါဘူး။ (ပါးရိုက်တာထက် အဆ ရာထေင်ဆိုးတဲ့ ရင်ကွဲပင်လယ်တွေတော့ များလှပေါ့) မိန်းမတစ်ယောက် သို့မဟုတ် နှစ်ယောက် သို့မဟုတ် သုံးယောက် စသဖြင့်က တစ်ပြိုင်နက် လာပြီး ပါးရိုက်တာကို ခံကြည့်စမ်းပါရစေ။

            တစ်ခုတော့ ရှိသပေါ့လေ။ ကျွန်တော့်ကို ပါးရိုက်ရင်း ကိုယ်တိုင်မငိုဖို့တော့ ကိုယ့်စိတ် ကိုယ်ထိန်း ပေါ့နော်။ အဝေးပြေး ကုန်တင်ကားကြီး‌ နောက်မြီးမှာ ရေးထားလေ့ရှိတယ်လေ။ (စိတ်ထိန်းပါ မိတ်ဆွေ၊ နမ်းမိမယ်)တဲ့။

            ကျွန်တော်တို့ စာရေးတဲ့ ငတိတွေအတွက် ဘယ်သူကမှ ပြဋ္ဌာန်းမထားပေမဲ့ လိုက်နာရမယ့် စည်းကမ်းရှိပါတယ်။ အဲဒါကတော့ ကိုယ်ရေးလိုက်တဲ့စာကြောင့် တခြားသူတွေ မထိခိုက်စေရပါဘူး။ မခံစားစေရပါဘူး။ အထူးသဖြင့် နာကျင်ခံခက်တဲ့ နှလုံးသားကိစ္စနဲ့ ပတ်သက်လာရင် ပိုလို့ ဂရုစိုက်သင့်ပါ တယ်။ ဒါကြောင့် အဖြစ်အပျက်အမှန်ကို ဝတ္ထုလိုလို ဘာလိုလို ကျွန်တော်ရေးပါ့မယ်။ ဒါပေမယ့် အချက် အလက်တွေ၊ အကြောင်းအရာတွေဟာ လွဲနေပါလိမ့်မယ်။ ကျွန်တော် ဒီအထိပဲ တတ်နိုင်ပါတယ်။ အဲသလို ထိန်းထိန်းသိမ်းသိမ်းရေးတဲ့ကြားထဲက တစ်ယောက်သောသူရဲ့ ရင်ထဲမှာ တစ်ယောက် တည်း ကြိတ်ခံစားရမယ်ဆိုရင်တော့ အဲဒီသူကို ကျွန်တော် ဒီလို ပြောချင်ပါတယ်။

            ဘယ်သူမှ မသိတဲ့ ကိစ္စကို ဘာလို့ အကျယ်ကျယ် မငြိမ်းဖွယ်တွေ လျှောက်လုပ်နေမှာလဲ။ ရင်ထဲမှာပဲ ဆက်လက် မျိုသိပ်ထားလိုက်ပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုပဲ မျိုသိပ်ထားခဲ့တယ် လေ။ ကျွန်တော့်အဖြစ်က ပိုဆိုးတယ်။ ခု ကျွန်တော် အသက် ၆၀ တန်းရောက်နေပြီ။ ကျွန်တော် လူပျိုပေါက်အရွယ်က ခံစားခဲ့ရတဲ့ ဝေဒနာကို ခုထိ ရင်ထဲမှာ ကြိတ်မှိတ်ထားတုန်းပဲ။ အဲဒါ ဘယ်သူ့ကို ရည်ညွှန်းတာလဲ ဆိုတဲ့ မေးခွန်းကို ကျွန်တော် မဖြေနိုင်ပါဘူး။ ဘယ်တော့မှလည်း ဖြေမှာ မဟုတ်ပါဘူး။ သည်ဝေဒနာကို နောက်ဆုံးထွက်သက်အထိ သိမ်းဆည်းသွားပါ့မယ်။ ဒါဆိုရင် ကျေနပ်သင့်ပါတယ်။

            ငယ်ချစ်ဦးရေ... ကျေနပ်လိုက်ပါတော့နော်။ တကယ်လို့ ဒီစာတွေဖတ်ပြီး အဟောင်းက အသစ်ဖြစ်လာရတယ် ဆိုရင်လည်း ကျွန်တော့်လောက် ဝေဒနာပြင်းလိမ့်မယ် မထင်ဘူး။

            ချစ်ဦးသူအတွက်တော့ အင်မတန်လှပတဲ့ တောအုပ်ကလေးထဲက ကြည်လင်သန့်စင် ငြိမ်သက်နေတဲ့ ‘စိတ်’ စမ်းရေအိုင်ထဲကို ညစ်ပုပ်ကွဲအက်နေတဲ့ ရွှံ့ခဲလို နှလုံးသားတစ်စုံ ပြုတ်ကျသွား သလောက်ပဲ ဖြစ်မှာပါ။ ခဏတစ်ဖြုတ် ဂယက်ထ နောက်ကျပြီး ပြန်လည်အေးချမ်းငြိမ်သက် သန့်စင်သွားမှာပါ။

            တကယ်တော့ ဒီစာဟာ နှစ်ပေါင်း လေးဆယ့်တစ်နှစ်နဲ့ သုံးလတိတိ ရင်ထဲမှာ သိုဝှက် သိမ်းဆည်းထားခဲ့ရတဲ့ ဝေဒနာကို ရင်ခွဲပြလိုက်တာပါ။ ကျွန်တော်ကိုယ်တိုင် ရင်အကွဲခံပြီး ရေးလိုက် တဲ့အတွက် ‘သူ’ ရင်ကွဲမနေပါနဲ့တော့။ အားလုံးဟာ ပြီးဆုံးသွားခဲ့ပြီ မဟုတ်ဘူးလား။ ဟုတ်ပါတယ်။ အားလုံး ပြီးဆုံးသွားခဲ့ပါပြီ။ တကယ်ပဲ ပြီးဆုံးသွားခဲ့တာပါ။

            ဒါပေမယ့် သိပ်ကြောက်စရာကောင်းတဲ့ အတိုင်းအဆမရှိ စွမ်းအင်ကြီးတဲ့ ‘ငယ်ချစ်’မှာ အချိန် သဘောမရှိဘူး၊  အတိတ်ကို မျက်မှောက်ပြုလို့ရတယ်။ အနာဂတ်ကို အတိတ်ပို့လို့ရတယ်။ ပစ္စုပ္ပန်ကို အနာဂတ်လို့ မှတ်လို့ရတယ်။ အချစ်မှာ အချိန်တွေအားလုံး ‘ရပ်’ သွားတယ်။ (နိုးဒိုင်မင်းရှင်းပဲ။) အချစ်ဆိုတာ အလျား၊ အနံ၊ ထုထည် ရယ်လို့ အတိုင်းအထွာလည်း မရှိဘူး။ ‘နေရာ’ ဒါမှမဟုတ် ဟင်းလင်းပြင်ဆိုတာလည်း မရှိဘူး။ (နိုး စပေ့စ်ပဲ။) အဖြေတစ်ခုခုရအောင် ထုတ်ရမယ့် ပုစ္ဆာလည်း မဟုတ်ဘူး။ သင်္ချာတွက်တာလည်း မဟုတ်ဘူး။ စွယ်စုံ အဘိဓာန် အင်ဆိုက်ကလိုပီးဒီယားလို အနက် အဓိပ္ပာယ်တွေ ဖွင့်ဆိုလို့လည်း မရဘူး။ (အင်ဆိုက်ကလိုပီးဒီယား တစ်ခု လှန်ကြည့်တယ်၊ Love. ‘Luv’ ဆိုပြီး ဖွင့်လိုက်တာ နှစ်မျက်နှာပဲ။ ဒါပေမယ့် ဝေ့လည်ကြောင်ပတ် ဖြစ်နေတယ်။ ‘အချစ်’ ဆိုတာ ပညတ်သဘောမဟုတ်ဘူး။ နာမည်ပေးထားတာ မဟုတ်ဘူး။ ဒြပ်မဲ့သဘော၊ စကားလုံးတွေနဲ့ ရှုင်းပြလို့မရနိုင်တဲ့သဘော၊ ကာလ၊ ဒေသ၊ ဟင်းလင်းပြင်နေရာ ဆိုတဲ့ စတုတ္ထဒိုင်မင်းရှင်းလည်း မရှိဘူး။ အဟုန်အရှိန်ကိုလည်း တိုင်းတာလို့ မရဘူး။ တည်နေရာ ရှာလို့လည်း မရဘူး။ သီဝရီထုတ် လို့လည်း မရဘူး။ မယုံရင် သီဝရီပညာရှင်တွေ (အချစ်=) ဆိုပြီး သီဝရီထုတ်ကြည့်စမ်းပါ။ လက်တွေ့ စမ်းသပ်ရင် သံသရာလည်လို့ ဆုံးမှာ မဟုတ်ဘူးဗျာ။ အဖြေလည်း ရမှာ မဟုတ်ဘူးဗျ။

            ဘာမှမရဘူး။ ဟုတ်တယ်၊ ဘာမှမရနိုင်တော့ဘူး။ ဘယ်တော့မှလည်း ရနိုင်မှာ မဟုတ်ဘူး။ ဘယ်မှာလဲ ဆိုတာလည်း မသိနိုင်တော့ဘူး။

            ကျွန်တော်က အသူတရာနက်တဲ့ အမှောင်နဲ့ မည်းမည်း၊ ဟင်းလင်းပြင်ကြီးတစ်ခုထဲကို ဘယ်သူကမှ တွန်းမချဘဲ ကိုယ်တိုင်ခုန်ဆင်းခဲ့တာ။ ကျွန်တော့်နှလုံးသားဟာ တစ်စချင်း တစ်မှုန်ချင်း ကြွေကျနေတာ။ သေတာတောင် အေးပါ့မလားမသိဘူး။ နောက်ဆုံးထွက်သက်ကို သူ့ကိုချစ်တဲ့ အချစ်နဲ့ပဲ မှုတ်ထုတ်လိုက်ချင်တယ်။ ဒါဆို ကျွန်တော့်ထက် ပိုပြီး ‘သူ’က ခံစားရလိမ့်မယ် မဟုတ်ဘူး လို့ ယုံကြည်ပါတယ်။ ခံစားလိုက်ရပါတယ်ဆိုရင်လည်း ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့။ နာကြည်းပါ။ မုန်းပါ။ ‘မျက်ရည်တော့ မကျကြေးနော်’။

ကဲ... ကျွန်တော်ကတော့ စိန်ခေါ်လိုက်ပါပြီ။ ‘သူ’ လိုက်နိုင်မလား။ တိမ်ပေါ်လည်း မဟုတ်ဘူး။ လသာ တဲ့ ညခင်းတွေလည်း မဟုတ်ဘူး။ ကြယ်စင်ပြိုးပြက် လင်းလက်‌ထနေတဲ့ လမိုက်ည သန်းခေါင်ယံ လည်း မဟုတ်ဘူး။ မြူလေးတွေ ဝေ့ဝဲနေတဲ့ နံနက်ဆည်းဆာလည်း မဟုတ်ဘူး။ နှင်းမှုန်မှုန်လေး ကျနေတဲ့ ရီဝေဝိုးတဝါး ညခင်းလည်း မဟုတ်ဘူး။ သာယာလှပတဲ့ တောမြိုင်ခြေလမ်းလည်း မဟုတ် ဘူး။ တသွင်သွင် တငြိမ့်ငြိမ့် စီးဆင်းနေတဲ့ စမ်းချောင်းကလေးလည်း မဟုတ်ဘူး။ ယာတောထဲက အိမ်လှလှလေးလည်း မဟုတ်ဘူး။ စိမ်းမြတဲ့ ကန္တာရလွင်ပြင်လည်း မဟုတ်ဘူး။ တောင်တန်းပြာ အထပ်ထပ်လည်း မဟုတ်ဘူး။ ရွှေဘုံ ရွှေနန်းလည်း မဟုတ်ဘူး။ သာယာမှု၊ လှပမှု၊ ဒါမှမဟုတ် ကြမ်းတမ်းမှု၊ ခက်ထန်မှုတွေ တင်းကြမ်းပြည့်နေတဲ့ ခရီးခဲတစ်ခုလည်း မဟုတ်ဘူး။

            ပြောမပြနိုင်‌အောင် နက်ရှိုင်းတဲ့၊ မှောင်မိုက်တဲ့၊ အဆုံးမရှိတဲ့ အမိုက်တိုက် စကြဝဠာထဲကို သွားမှာ။ အမိုက်တိုက်  စကြဝဠာတွေမှာ အသည်းနှလုံး တစ်မှုန်စီ တစ်စစီ ခြွေချရင်း အမိုက်တိုက် စကြဝဠာပေါင်းများစွာကို ကြေကွဲပျက်စီးနေတဲ့ နှလုံးသားနဲ့ ခရီးနှင်မှာ။ လိုက်နိုင်မှာလား။ လိုက်ခဲ့မှာ လား အချစ်ဦး။ တကယ်လို့ လိုက်ချင်တယ်ဆိုဦးတော့ ခေါ်မသွားဘူး။ အဲဒီ အမိုက်တိုက် စကြဝဠာ အနန္တ သံသရာထဲမှာ ဝဋ်ဆင်းရဲကို ကျွန်တော်တစ်ယောက်တည်း အထီးကျန်ခံသွားမှာ။ သဘောပေါက်မယ် ထင်ရဲ့လေ။

ဆက်လက်ဖော်ပြပါမည်။

မောင်ဝဏ္ဏ

(အမှတ် ၁၈၁၊ ဒီဇင်ဘာ၊၂၀၀၄ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။