ဝင်းသူ၊မြေး-သြဘာသောင်း၊
ဒေါ်အမာစိန်ခင်ဗျား၊ ကျွန်တော်ကတော့ ဒေါ်သြဘာသောင်းရဲ့ မြေးအရင်း ဦးလစ်ပတန် (ခေါ်) ဦးဝင်းဖေတင်၊ ဒေါ်ခင်တင့်တို့ရဲ့ သားဖြစ်ပါတယ်။ ကျွန်တော်ဟာ အတန်းကျောင်း မနေခင် ငယ်ရွယ်စဉ် ကတည်းက ပန်တျာကျောင်းကို အဘွားနောက်က တကောက်ကောက် လိုက်နေလို့ ဒေါ်အမာစိန်တို့ မျက်စိအောက် ကြီးခဲ့ရသူဖြစ်ပါတယ်။ ကျောင်းစတင်နေခဲ့ရာမှာ မန္တလေးမြို့ စိန်ပီတာကျောင်းမှာမို့ ပန်တျာနဲ့ စိန်ပီတာကျောင်းပိတ်ရက်ချင်း မတူပါဘူး။ ပန်တျာရဲ့ ကျောင်းပိတ်ရက်ဟာ စနေ၊ တနင်္ဂနွေဖြစ်ပြီးတော့ စိန်ပီတာရဲ့ ကျောင်းပိတ်ရက်ဟာ ကြာသပတေး၊ တနင်္ဂနွေ ဖြစ်ပါတယ်။ ဒါကြောင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း ပန်တျာကို အဘွားနဲ့ အမြဲလိုက်ခဲ့ပါတယ်။
၂ဝဝ၄ ခု နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းမှာ ဒေါ်အမာစိန်နဲ့
တွေ့ဆုံခြင်းကို ဖတ်ရပါတယ်။ ဆရာရင်း ကျေးဇူးရှင် ဒေါ်သြဘာသောင်းအကြောင်းကို
ပြောဆိုထားတာ ဒေါ်သြဘာသောင်း မိသားစုများအနေနဲ့ ဘဝင်မကျစရာတွေကို တွေ့ရပါတယ်။
အချို့အချက်အလက်တွေဟာ လွဲမှားနေလို့ ပြန်လည်ဖြေရှင်းရတာပါ။
စာမျက်နှာ ၂၃၃ ဒုတိယစာပိုဒ်မှာ ဖော်ပြထားတာ အမေသောင်း စသင်တာကတော့
သူနာမည်ကြီးခဲ့တဲ့ အရုပ်ကြိုးအက လေ့ကျင့်ခိုင်းတယ်။ နောက်တစ်ပင်တိုင်၊
အပျိုတော်နဲ့ ကောင်းနိုးရာရာတွေပဲ။ ကဗျာလွတ်ဆိုတာ မပေါ်သေးပါဘူးတဲ့။ ဒေါ်အမာစိန်
ခင်ဗျား၊ မကတတ်လို့ ပန်တျာမှာ လာရောက်သင်ကြားခဲ့တဲ့ ကလေးငယ်တွေကို အဆင့်မြင့်
ကကြိုးများဖြစ်တဲ့ ရုပ်ကြိုးအက၊ တစ်ပင်တိုင်အက၊ အပျိုတော် စတာတွေကို စသင်တယ်လို့
ဆိုလိုတာလား။ အကနည်းပြ တာဝန်ယူခဲ့တဲ့ ဒေါ်အမာစိန် ပြောတာမှ ဟုတ်ပါ့မလား။ အံ့သြဝမ်းနည်းစရာပါပဲ။
အပြင်က တတ်လာတဲ့အကတွေပဲ ပြန်လေ့ကျင့်ရသလားလို့ ထင်မှတ်စရာပါ။ ဒေါ်အမာစိန်ရဲ့
မင်းသမီးနဲ့ အကခွင်လှနေတာ ကဗျာလွတ်ရဲ့ အခြေခံခွင်ထားကြောင့် မဟုတ်လားခင်ဗျာ။
အဲဒီအချိန်က အမေသောင်း စသင်ခဲ့တာ ကဗျာလွတ်ဆိုတာ ဒေါ်အမာစိန် မေ့မပစ်လိုက်ပါနဲ့။
စာမျက်နှာ ၂၃၃ နောက်ဆုံးပိုဒ်မှာ ဒေါ်အမာစိန်ပြောထားတဲ့ 'သူက ရုပ်သေးနဲ့ အကသင်ခဲ့ရတာ။ အမေသောင်း ဆရာက ရုပ်သေးဆရာ ကြီးတဲ့။
နာမည်တော့ မမှတ်မိတော့ဘူး' ဒေါ်အမာစိန် မသိသေးရင်
ပြောပြပါရစေခင်ဗျာ။ ဒေါ်သြဘာသောင်းရဲ့ ပထမဆရာက မန္တလေး ပေါက်ပေါက်တန်းက
ဆရာဦးထွန်းရပါတဲ့။ ရွှေနန်းတော်ထွက် မင်းသမီး မထွေးလေးက ဒုတိယဆရာပါခင်ဗျာ။
ဦးထွန်းရထံမှ သီချင်းကြီး၊ သီချင်းခံ အဆိုအက၊ ဇာတ်ထုပ်ဇာတ်ကွက် အပြောအဆို၊
အငိုပညာတို့ကို သင်ယူခဲ့ရုံမက ကြက်လျှာဝင်းအတွင်း နေထိုင်တဲ့ မင်းသမီး မထွေးလေးထံမှလည်း
အမျိုးသမီးအက၊ မြန်မာ့ဟန်၊ မြန်မာ့ အမူအရာ၊ နန်းသုံးတော်ဝင် အပြောအဆို အမူအရာများ
ဆည်းပူးခဲ့ပါတယ်။ ယိုးဒယားအကကို ယိုးဒယားဈေးရပ်ကွက်ကနေ မင်းသားကြီး ဦးစိန်အုပ်ထံက၊
မင်းသမီး အရုပ်ကြိုးအကကို ရွှေပြည်ရပ်နေ ဆရာပု ရုပ်ကြီးစင်မှ မင်းသမီးကြိုးဆွဲဆရာ
မိုးကြီးထံက၊ မဟာဂီတကို ရှေးက အဆိုတော်ကြီးများဖြစ်ကြတဲ့ ဆရာမှန်းကြီး၊ ဆရာနွဲ့ကြီးထံက၊
တူရိယာ ငါးမျိုးနဲ့ အသံအထိန်းအသိမ်း အနွဲ့အဆိုများနဲ့ ကာလပေါ်ကို ရွာစားစိန်
ဗေဒါကြီးထံက အဲသလို စနစ်တကျ သင်ယူခဲ့ပါတယ်။ အပျိုတော်အကကိုတော့
မန္တလေးညွန့်ပေါင်းဈေးရပ်နေ ဇာတ်မင်းသမီးကြီး အမေသုံထံက၊ အငြိမ့်ခွင် အက
အလှများကိုတော့ မင်းသမီးကြီး မစံထားနဲ့ မစံရှားတို့ထံမှ သင်ယူခဲ့ရပါတယ်။
ဒေါ်သြဘာသောင်းဆီက ဒေါ်အမာစိန် ရခဲ့တဲ့ ပညာအမွေတွေက ဘယ်က ဆင်းသက်ခဲ့တယ်ဆိုတာ
ယဉ်ကျေးမှုတက္ကသိုလ်မှာ ကထိက တာဝန်ထမ်းဆောင်နေတဲ့ ဆရာမကြီးသိအောင်
ပြောပြရပါတယ်ခင်ဗျာ။ အသေးစိတ်ကို သိလိုသေးပါကလည်း ဒေါ်သြဘာသောင်းမိသားစု
မန္တလေးမှာ နေထိုင်လျက် ရှိပါတယ်ခင်ဗျာ။ တွေ့ဆုံမေးမြန်းနိုင်ပါတယ်။
ကိုယ်တိုင်လည်း ဒေါ်သြဘာသောင်း အကအမွေများကို ထိန်းသိမ်းထားပါတယ် ခင်ဗျာ။
အဲဒီအပိုဒ်မှာပဲ
'အသံကတော့ မကောင်းဘူး။ အရပ်ကလည်း ပုပုပြတ် ပြတ်လေး။ စိတ်ကလည်း တိုသေး။
မရရင် ဆွဲဆိတ်၊ ချိတ်နဲ့ထိုး အဲ့သလို သင်တာ'သတဲ့လား။ အငြိမ့်စင်ပေါ်မှာ
သီချင်းဆိုရာမှာ ဒေါ်အမာစိန်တို့ခေတ်လို အသံချဲ့စက်မပေါ်သေးဘဲ ပွဲခွင် တစ်ခုလုံး
ကြားနိုင်အောင် ခံစားနိုင်အောင် ဆိုခဲ့ရတယ်ဆိုတာ တွေးကြည့်ပါ။ အသံမရဘဲ
ဆိုရပါ့မလားဆိုတာ။ မင်းသားမင်းသမီးတို့သဘောမှာ ရုပ်ချောသည်၊ မချောသည်က အကြောင်း
မဟုတ်ပါဘူး။ အကအဝတ်အစားများနဲ့ ပြင်ဆင်ဖြီးလိမ်းပြီး ဇာတ်ခုံပေါ် မီးရောင်အောက်ကို
ကတဲ့အခါမှာ 'လှ'ဖို့ လိုတယ်။
ဒေါ်သြဘာသောင်းဟာ ဒီလို အလှကို သဘင်စကားနဲ့ 'မီးစားသည်'
လို့ ခေါ်ပါတယ်။ ဒေါ်သြဘာသောင်းဟာ မီးစားသူဖြစ်ပါတယ်။ အသံကျယ်သည်။
တိုးသည်။ ကြည်သည်။ မြည် သည်ကား အကြောင်းမဟုတ်။ စည်ဝါးကျကျ ဆိုပုံဆိုသွက်မှန်၍
ရသပါအောင် ဆိုနိုင်ဖို့ လိုပါတယ်။ တစ်နည်းပြောရလျှင်တော့ 'အဆိုပိုင်'ဖို့ လိုပါတယ်။ ဒေါ် သြဘာသောင်းဟာ အဆိုပိုင်သူ ဖြစ်ပါတယ်။
ပွဲကတဲ့အခါမှာတော့ ပွဲကြည့်ပရိသတ်ရဲ့အာရုံကို ဆွဲဆောင်ထိန်းယူထားနိုင်တဲ့
စွမ်းရည်လည်း ရှိသေးတယ်။ ဒါကြောင့် ဒေါ်သြဘာသောင်းဟာ ၁၄ နှစ်အရွယ်မှ ၃၈ အရွယ်အထိ
၂၄ နှစ်လုံးလုံး အငြိမ့် မင်းသမီးသက်တမ်း ရှည်စွာ သဘင်လောကကို ကြံ့ကြံ့ခိုင်ခိုင်
ရပ်တည်နိုင်ခဲ့ပါတယ် ဆိုတာ တပည့်ကောင်းမှန်ရင် သိရမှာပါ။
ဒေါ်သြဘာသောင်းဟာ
တပည့်တွေကို ရင်ဝယ်သမီးကဲ့သို့ ကြင်နာစွာ စိတ်ရှည်ရှည် သင်ပြပေးခဲ့တာ
တပည့်အားလုံးနှင့် တိုင်းပြည်က သိပြီးဖြစ်ပါတယ်။ ဒေါ်သြဘာသောင်းဟာ ပညာအမွေပေးရာမှ
လောဘကြီးသူမို့ ပညာသင်စဉ် ရည်းစားထားသူကိုတော့ အင်မတန် စိတ်ဆိုးတတ်တယ်။ ဆူပူမာန်မဲ
ဆုံးမတတ်တယ်။ တစ်ခါမှ တပည့်တစ်ဦးတစ်ယောက်ကို မရိုက်ခဲ့ဖူးပါဘူး။ အပ်နှင့်ထိုးဖို့
နေနေသာသာ အပ်ချိတ်တောင် ဆောင်လေ့မရှိပါ ဒေါ်အမာစိန် ခင်ဗျား။
စာမျက်နှာ
၂၃၃ မှာ ဖော်ပြထားသလို ကျောင်းဆင်းပွဲမှာ အားလုံးပန်မယ့် ပန်းတွေကို မည်သူတစ်ဦးမျှ
မသိစေဘဲ အားလုံးတိတ်တိတ် အကုန်ယူပန်တဲ့အတွက် အပ်နဲ့ထိုးတယ်လို့ ပြောထားပြန်ပါတယ်။
လုံးဝမဖြစ်နိုင်ပါဘူး။ သူ့ရဲ့တပည့်မတွေ ပွဲခွင်မကခင် ဒေါ် သြဘာသောင်း ကိုယ်တိုင်
ခါးတောင် ကြိမ်ထိုးပေး၊ ပြန့်ထဘီဝတ်ပေး၊ ပန်းပန် ပေးနေကျကို ကျွန်တော်နှင့်တကွ
ဒေါ် သြဘာသောင်း တပည့်အားလုံးသိပြီး သားပါ။ ကြုံတွေ့ကြပြီးသားပါ။
တပည့်တွေကို
တစ်ပြေးညီဆက်ဆံခဲ့တဲ့ ဆရာပါ။ သူကိုယ်တိုင် တပည့်တွေ ပန်မယ့်ပန်း
အညီအမျှဝေခြမ်းပေးမှာ သေချာပါတယ်။ ဒီလိုလုပ်ပေးရက်နဲ့ မသိတတ်မိုက်မဲတဲ့ တပည့်တစ်ဦး
တစ်ယောက်က ပန်းအားလုံး ဆရာ မသိအောင် ယူပန်မယ်ဆိုရင်တော့...။
စာမျက်နှာမှာ
၂၃၅ မှာ ဖော်ပြထားတဲ့ ရန်ကုန်ဘဆွေရဲ့ ဇာတ်ညွှန်းကို သရုပ်ဖော်တဲ့ 'ဧရာဝတီပြောသော ပုံပြင်' ဘဲလေးမှာ ဒေါ်အမာစိန်
ပါဝင်ခဲ့ ခြင်းကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် သေသေချာချာ မှတ်သားမိခဲ့တာကတော့
အဲဒီဘဲလေးမှာပါတဲ့ မင်းသမီးနှစ်လက်က (၁) ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း၊ (၂)
ယုဝတီမြင့်မြင့်တို့ ဖြစ်ပါတယ်။ နှစ်ဦးစလုံး ယခုတိုင်ရှိနေပါတယ်။ စာမျက်နှာ ၂၃၆
မှာ ပြောထားတဲ့ 'အမေ သောင်းက သီချင်းလေးတွေနဲ့ မမာတို့
မိန်းကလေးတွေ သင်ပေးနေတုန်း...' တဲ့။ ဘာသီချင်းနဲ့များ
သင်ယူခဲ့ရပါသလဲ။ ပန်တျာမှာ သီချင်းနှင့်သင်သော အကမှာ ကဗျာညွန့်နှင့် ကဗျာသွင်းအကတို့
ဖြစ်ပါတယ်။ ဒေါ်အမာစိန် ပန်တျာကျောင်းဆင်းစဉ်က ကဗျာလွတ်အကမှာ ဒုတိယအဆင့်ထိသာ
အဘွားက ထွင်ခဲ့ပြီးလို့ ဒုတိယအဆင့်ပဲ သင်ကြားခဲ့ရ တာမို့ နိုင်ငံတော်လူကြီးများရဲ့
တာဝန်ပေးချက်အရ ရန်ကုန်မြို့ ချတ်လမ်း ယဉ်ကျေးမှုရိပ်မြုံမှာ ကဗျာလွတ် တတိယအဆင့်၊
စတုတ္ထအဆင့်၊ ပဉ္စမ အဆင့်တို့ကို ပြန်လည်ထပ်ဆင့် သင်ကြားခဲ့ရသည်ကိုရော
မှတ်မိပါရဲ့လား ခင်ဗျာ။ ကဗျာလွတ်သမိုင်းဖြစ်စဉ်ကို ဒေါ်အမာစိန် မသိသေးပါက
မန္တလေးမြို့နေ ဒေါ်သြဘာသောင်း မိသားစုထံ တွေ့ဆုံမေးမြန်းနိုင်ပါတယ်။
ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှလည်း ဒေါ်သြဘာသောင်း မကွယ်လွန် ခင်ကတည်းက
မှတ်တမ်းမှတ်ရာများယူပြီး ကမ္ပည်းတင်ပြီး ဖြစ်ပါတယ်။ တိုင်းသိပြည်သိလည်း
ဖြစ်ပါတယ်။ ဒေါ်သြဘာသောင်းထံမှ သင်ယူတတ်မြောက်ခဲ့တဲ့ တစ်ပင်တိုင် ယိုးဒယား
အကအကြောင်း ပြောရဦးမည်ဟု ဆိုထားပြန်သည်။ ဒေါ်သြဘာသောင်း တပည့် နိုင်ငံသိ
မင်းသမီးကြီးတစ်ဦးက လက်လွတ်စံပယ်၊ ထင်ရာမြင်ရာ၊ လိုရာဆွဲပြောဦးမည်ကို ဒေါ်သြဘာ
သောင်း မိသားစုက စိုးရိမ်ထိတ်လန့် နေရပါတယ်။
မြန်မာ့အကဗေဒမှာ
အနုပညာစံထား ထူးချွန်ပြီး မန္တလေးပန်တျာသမိုင်း၊ မန္တလေး ဒုတိယအငြိမ့်သဘင် ခေတ်သမိုင်းမှာ
အကဘာသာရပ်နဲ့ ပတ်သက်လို့ တိုင်းပြည်နဲ့ လူမျိုးဂုဏ်တင့်အောင် ကမ္ဘာသိအောင်
ဒေါ်အမာစိန်ရဲ့ ဆရာရင်း ဝဏ္ဏကျော်ထင် ဒေါ်သြဘာ သောင်းကို သေးသိမ်မှေးမှိန်အောင်
မလုပ်မိစေဖို့နဲ့ ဆရာသမားစော်ကားသလို မဖြစ်မိစေဖို့ ရင်းနှီးခင်မင်စွာ
ပန်ကြားပါရစေ ခင်ဗျား။
▀
ဝင်းသူ၊မြေး-သြဘာသောင်း၊
(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။