ရွှေသုတ‌

မလေးရှားသို့ပေးစာ

သုမောင်

01 November 2024
မလေးရှားသို့ပေးစာ
Share to

            ခုတလော ဘယ်လိုဖြစ်တယ် မသိပါဘူး။ ဂျာနယ် မဂ္ဂဇင်းတွေ ဖတ်ရင် (အထူးသဖြင့် မဂ္ဂဇင်း) ပထမဦးဆုံး လှန်လှောဖတ်ရှုမိတာက စာဖတ်သူတွေရဲ့ ပေးစာကဏ္ဍတွေ ဖြစ်နေပါတယ်။ အရင်ကတော့ သဘာဝအတိုင်း ကိုယ့်စာမူကို အရင်ဖတ်ခဲ့တာပါ။ ဒုတိယဦးစားပေးက ကာတွန်း။ တတိယက ကလောင်သစ်။ ပြီးတော့မှ အခြားအခြား မိမိနှစ်သက်သလို ရွေးဖတ်ခဲ့ပါတယ်။

            ကျွန်တော် အမြဲတမ်း ပုံမှန်ရတဲ့ မဂ္ဂဇင်းက ရွှေအမြုတေနဲ့ ကလျာပါ။ ကလျာမှာက ပေးစာပြန်စာကဏ္ဍ မပါပါဘူး။ ရွှေအမြုတေမှာကတော့ 'ရွှေချစ်သူမှ ရွှေ ချစ်သူသို့' ကဏ္ဍက အဦးဆုံးစာမျက်နှာမှာ ပါနေတာမို့ လတ်တလော ခံတွင်းတွေ့နေတဲ့ ကျွန်တော့်အတွက် လှန်လှောရှာဖွေနေစရာ မလိုတော့ပါဘူး။

            အဲဒီကဏ္ဍမှာပဲ အထူးသတိထား ဖတ်မိနေပြန်တော့ ပေးစာကလေးတွေက မလေးရှားမှ ရွှေချစ်သူတို့ရဲ့ ခံစားချက်ကလေးတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့ ကျွန်တော်ဟာ ၂ဝဝ၄ ဇန်နဝါရီလမှာ မလေးရှားနိုင်ငံကို ရောက်နေခဲ့တာမို့ ဟိုက မြန်မာအလုပ်သမားတွေ တချို့နဲ့ ခင်မင်ရင်းနှီးခဲ့တာကြောင့် သံယောဇဉ် ဖြစ်နေမိလို့ပါပဲ။

            ရွှေအမြုတေမှာပါတဲ့ မလေးရှားက ပေးစာကလေးတွေကို စာဖတ်သူများ ဖတ်မိကြကောင်းမှာပါ။ ရွှေအမြုတေအတွက် ရွှေမြန်မာကလေးတွေက အကြံပေးတာ၊ ဝေဖန်တာတွေ ပါသလို မလေးရှားမှာ သူတို့ကြုံတွေ့နေရတဲ့ ဒုက္ခတွေအကြောင်းက အများဆုံးပါဝင်နေတာ တွေ့ရပါတယ်။ စားဝတ်နေရေးဒုက္ခ၊ အလုပ်ကြမ်း လုပ်ငန်း ဒုက္ခ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပုလိပ်တွေကြောင့် ဖြစ်ရတဲ့ဒုက္ခ၊ မြန်မာပြည်ကို လွမ်းတဲ့ ဒုက္ခ၊ အလုပ်ရှင်တွေ နှိပ်စက်တဲ့ဒုက္ခ၊ ပွဲစားတွေ ကလိမ်ကျတဲ့ဒုက္ခ စသဖြင့်ပေါ့လေ။ သူတို့လေးတွေရဲ့ ဒုက္ခသုက္ခ ပေါင်းစုံအကြောင်းတွေက တော်တော်များပါတယ်။

            အရင့်အရင် ပေးစာ၊ ပြန်စာ ကဏ္ဍတွေ သိပ်မဖတ်ဖြစ်ခင်တုန်းကလည်း ဒီအကြောင်းတွေ ပါကောင်း ပါပါလိမ့်မယ်။ နီးစပ်ရာ အသိုင်းအဝိုင်းက တူ၊ တူမလေးတွေ ပြည်ပမှာ ဒုက္ခကို ရင်စည်းခံရတဲ့ အကြောင်းတွေကိုတော့ မကြာခဏ နားနဲ့ဆတ်ဆတ်ကြားရဖူးပါတယ်။

            ဘာပဲဖြစ်ဖြစ် စောစောက ပြောသလို ကိုယ်တိုင်မလေးရှားရောက်၊ ဟိုက ရွှေမြန်မာလေးတွေနဲ့ လက်ရည်တစ်ပြင်စီး ကြုံခဲ့ရလေတော့ ခုနောက်ပိုင်း သူရို့ရဲ့ ပေးစာကလေးတွေကို လွမ်းမောတသ ဖတ်မိနေတော့တာပါပဲ။

            တစ်ခုရှိတာက ဟိုမှာဆုံခဲ့ရတဲ့ ရွှေမြန်မာလေးတွေက ကျွန်တော့်ကို အားနာလို့ပဲလား။ သူရို့ဘဝလေးတွေကို ဖုံးကွယ်ထားချင်လို့ပဲလား မသိပါဘူး။ သိပ်ပြီး ညည်းညည်းညူညူ မရှိကြလေတော့ ကိုယ်တွေ့ကြုံပေမယ့် သူရို့ဒုက္ခကို သိပ်မသိခဲ့ရပါဘူး။ သူရို့ကလည်း မြန်မာလေးတွေပီပီ ကျွန်တော့်ကို ရွှေဧည့်သည်အဖြစ် လိုလေသေးမရှိ ပြုစုကြတာကိုး။ နောက်ပြီး ကျွန်တော် သွားရောက်ခဲ့တာကလည်း တေးသီချင်း ဖျော်ဖြေရေးကိစ္စ။ တေးသီချင်း ဖျော်ဖြေရတာ ကလည်း မြန်မာဆိုင်းဝိုင်းကြီးနဲ့ မြန်မာသံအဆိုတော်တွေနဲ့ ဆိုတော့ လူအင်အားက များပါတယ်။ ဒီတော့ သူရို့ခမျာ အလှည့်ကျ ခွဲဝေတာဝန်ယူခဲ့ကြရရှာတာပါ။

            ပြီးတော့ ထူးထူးခြားခြား မြန်မာ ဆိုင်းဝိုင်းကြီးနဲ့ သွားရောက်ဖျော်ဖြေတာ ဆိုပေမယ့် ပရိသတ် သိပ်မစည်ကားလှပါဘူး။ ဒါပေမယ့် ပွဲလာကြသူများက ဆုတော်ငွေချပါတယ်။ ဖြစ်ပုံက... ဒီကနဲ့...'ဟိုက' ကန်ထရိုက်တွေ အတွက်အချက် မှားတာကြောင့်ပါ။

            သူရို့က တရုတ်နှစ်သစ်ကူးပွဲတွေနဲ့ ချိန်ကိုက် ဂီတဖျော်ဖြေပွဲကို စီစဉ်ကြပါတယ်။ အများပြည်သူ အလုပ်ပိတ်ရက်မို့ ဆိုပါစို့။ ဒီမှာတင် ပြဿနာက မလေးရှား တရုတ်နှစ်သစ်ကူးပွဲဆိုတာ ကျွန်တော်တို့ဆီမှာလို တစ်ရက်နှစ်ရက်နဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ မလေးရှား တရုတ်နှစ်သစ်ကူးပွဲ ဆိုပေမယ့် လုပ်ငန်းရှင် တော်တော်များများက တရုတ်တွေ ဖြစ်နေလေတော့ အလုပ်ကို ဆယ်ရက်၊ ဆယ့်ငါးရက် တောက်လျှောက် ပိတ်ပစ်လိုက်တာပါ။ ဒါဆို ပိုမကောင်းပေဘူးလားတဲ့။ မဟုတ် သေးပါဘူး။ ရက်ရှည်အလုပ်ပိတ်ရက် များလေလေ ဟိုက ပုလိပ်နဲ့ လူဝင်မှု ကြီးကြပ်ရေးတွေက လမ်းပေါ် လျှောက်သွားနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ဂရုစိုက်လေလေ ဖြစ်နေတော့တာပါ။ (ကျွန်တော်တို့ မြို့ထဲ လမ်းသလားတိုင်း မကြာခဏ အစစ်ခံရလို့ Passport နဲ့ တရားဝင် ဖျော်ဖြေရေး ကတ်ပြားကို ထုတ်ထုတ်ပြခဲ့ရပါတယ်) ဒီတော့ ရွှေမြန်မာလေးများခမျာ မြန်မာ ဆိုင်းဝိုင်းကြီးနဲ့ ဖျော်ဖြေတဲ့ပွဲခင်းဆီ သိပ်မလာရဲကြပါဘူး။ ပုလိပ်တွေက မျက်စိ ဒေါက်ခံကြည့်နေတာကိုး။ ဒီတော့ ကျွန်တော်တို့ပွဲလည်း သိပ်မစည်ဘူးပေါ့။ ကြားဖြတ်ပြောရဦးမယ်။ ဒီစာကို ရေးနေတာက ၂ဝဝ၄ Tiger ဖလား ဘောလုံးပွဲစဉ်မှာ အိမ်ရှင်မလေးရှားကို မြန်မာအသင်းက အနိုင်ရလိုက်တဲ့ဘောလုံးပွဲ တီဗီက ကြည့်ပြီးစအချိန်မှာပါ။ ပြောချင်တာက ပထမနှစ်ပွဲ အပါအဝင် အခုပွဲစဉ်အထိ မလေးရှား ဘောလုံး ကွင်းကြီးထဲမှာ မြန်မာပရိသတ်တွေကို အများဆုံးတွေ့ရတာကို ဖြစ်ပါတယ်။ 'မြန်မာနိုင်ပြီ'တို့ 'မြန်မာကွ' 'ရွှေမြန်မာ တဲ့ဟေ့' 'ကမ္ဘာမကြေ' စတဲ့ စာတန်း ပိတ်စတွေ ကိုင်ကြ၊ မြန်မာနိုင်ငံတော် အလံလေးတွေ လှုပ်ရမ်းကြ၊ ခေါင်းမှာ စည်းကြ၊ သီချင်းတွေဆိုကြတာတွေကို တွေ့ရတော့ ဝမ်းသာဝမ်းနည်း ဖြစ်မိရ ပါတယ်။ ကျွန်တော်တို့ ပွဲတုန်းက လူစည်တာ မစည်တာကို ကျွန်တော့်စိတ်ထဲ အပရိကပဲ ထားပါတယ်။

            ဒါတွေကို တွေ့ရတော့ မလေးရှားရောက် မြန်မာလေးတွေရဲ့ ဒုက္ခ သုက္ခတွေကြားက အမျိုးသားရေး စိတ်ပြင်းပြတာကို ဒီက မြန်မာပြည်သူ အများစုကြီး သိတန်မှ သိကောင်းပေလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။ သူရို့စိတ်ထဲ မြန်မာကလည်း မလေးရှားကို နိုင်လိုက်ပြန်၊ မြန်မာပရိသတ်ကို လည်း တီဗီထဲမှာ ထောင်နဲ့ချီပြီး တွေ့လိုက်ရပြန်ဆိုတော့ ရွှေမြန်မာတွေ တော်တော်ဟန်ကျနေပြီလို့ ထင်ကြမှာပါပဲ။

            တကယ်တော့ ဟိုရောက်နေတဲ့ ရွှေမြန်မာ အလုပ်သမားကလေးတွေရဲ့ ဘဝအမှန်ကို သူရို့မိသားစုတွေနဲ့ ဂျာနယ် မဂ္ဂဇင်းတွေပေါ်က သူရို့ဘဝ တစ်စိတ်တစ်ဒေသကို ဖော်ကျူးတဲ့ ဂျာနယ် မဂ္ဂဇင်းစာမူတွေ ဖတ်မိသူတွေလောက်ပဲ ခံစားသိရှိနိုင်ကြမှာပါ။ ပြောခဲ့ပါ ပကော။ ကိုယ်တိုင်ကိုယ်ကျ မလေးရှား ရောက်ခဲ့တဲ့ ကျွန်တော်တောင် ကောင်းကောင်းမသိခဲ့ရပါဘူးဆို။

            နည်းနည်းကလေး တီးမိခေါက်မိ ရှိခဲ့တာက ဟိုရောက်သွားကြတဲ့ ဖျော်ဖြေရေး အဖွဲ့အားလုံးထဲမှာ ကျွန်တော် တစ်ယောက်ပဲ စာရေးဆရာဆိုတာ ပါလေတော့ သူရို့ဘဝအရှိကို ရင်ဖွင့်ကြတာမို့ပါ။ ဒါတောင် သူရို့ဒုက္ခတွေကို သိပ်ပြီး မပြောကြပါဘူး။ စောစောက ပြောသလို ဧည့်သည်ကို အားနာလို့ ထင်ပါရဲ့။ နောက်တစ်ကြောင်းမှာ ကျွန်တော်နဲ့အတူ သွားကြတာက မွန်ပြည်နယ်ကို ကိုနိုင် ဆိုင်းအဖွဲ့၊ ဇော်ဝမ်း၊ အောင်ခိုင်၊ ဆုပန်ထွာ၊ မို့မို့ဇော်ဝင်း၊ ကုသိုလ်၊ မေရွက်ဝါ၊ ကိုစိန်ရိုး စတဲ့ အနုပညာသည် ပုံစံအမျိုးမျိုးဖြစ်လေတော့ သူရို့ခမျာ သူ့အုပ်စုနဲ့သူ ခွင်ကျအောင် ပြုစုနေကြရတာ မဟုတ်လား။ အားလုံးထဲမှာ ကျွန်တော့်နား အကပ်ဆုံးကတော့ စာဖတ် ပရိသတ်ကလေးတွေပါပဲ။ အထူးသဖြင့် မောင်ဇော်လတ်နဲ့ မောင်အောင်ဘိုလတ်တို့ နှစ်ယောက်ပါ။ သူရို့က အတော်စာ ဖတ်ပုံရပါတယ်။ ခုထိလည်း မောင်ဇော်လတ်ဆိုရင် ကျွန်တော့်ဆီ စာရေးနေဆဲပါ။ သူလည်း မကြာခင် ပြန်လာမှာလို့ စာထဲပါတဲ့အတွက် ကြည်နူးရပါသေးတယ်။ အမှတ်မိဆုံးကတော့ တစ်ညသားရေပေါ် ဟိုတယ်တစ်ခုမှာ ဆိုင်ပိတ်ခါနီးမှ ကပ်ပြီး ကျွန်တော့်ကို ထမင်းကျွေးခဲ့တာပါ။ ကျွန်တော် အရက်ကြိုက်တတ်မှန်းသိလို့ တန်ဖိုး အလွန်ကြီးတဲ့ ရှီးဗတ်စ် ပုလင်းထောင် ပေးပါတယ်။ မြေပေါ်၊ ရေအောက်၊ လေနေသတ္တဝါတို့ရဲ့ အသားဟင်းလျာများလည်း ဧည့်ခံပွဲမှာ ပါပါတယ်။ ဒါကြောင့်လည်း စောစောက ကျွန်တော် ပြောခဲ့တာပေါ့။ မလေးရှား ရောက်ခဲ့ပြီး ဟိုက ရွှေမြန်မာလေးတွေရဲ့ ဘဝအမှန်ကို ကောင်းကောင်းမသိခဲ့တာပါလို့။ ကျွန်တော် ထင်တယ်။ ခုမှ ရွှေအမြုတေ ပေးစာကဏ္ဍလေးတွေ ဖတ်ရမှ။ ကျွန်တော့်ကို ကျွေးတဲ့ ထမင်းတစ်ဝိုင်းမှာ မရှိဘူးဆိုရင် သူရို့ရဲ့လုပ်အားခ ချွေးနည်းစာ မနည်းပါလားလို့ ချင့်ချိန်မိပါတော့တယ်။ ခုတော့လည်း စားပိုးနင့်သလို ခံစားရပြီး အတော်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ရိုးရိုးကြီး ပြောရရင် အရက်ကလေးကလည်း ခပ်ထွေထွေမို့ ခုလောက်အထိ သူရို့ဘဝကို မတွေးချင်ခဲ့မိတာ အမှန်ပါပဲ။ နောက်တစ်ခု အမှတ်တရ ဖြစ်ရတာက တစ်နေ့မှာ ကျွန်တော်နဲ့ အသက်အရွယ် မတိမ်းမယိမ်း ရွှေမြန်မာတစ်ယောက် (နာမည် မေ့သွားတာ ခွင့်လွှတ်ပါ) ကျွန်တော် တည်းခိုတဲ့ဟိုတယ် ရောက်လာပြီး လက်ဆောင်ပစ္စည်းပေး ပါတယ်။ လက်ဆွဲအိတ်တစ်လုံးနဲ့ ဆွစ်ဇာလန်စစ်တပ်သုံး အဖိုးတန်နာရီတစ်လုံးပါပဲ။ ရစကတော့ သူတတ်နိုင်လို့ ပေးတာပါပဲ လေလို့ဆိုပြီး ပျော်ပျော် ရွှင်ရွှင် လက်ခံလိုက်ပါတယ်။ ကျွန်တော်ကလည်း အပြန်အလှန်သဘော အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ တစ်ရွက် လက်ဆောင်ပေးပါတယ်။ ငွေကြေး တန်ဖိုးအရ ဘာမှမရှိပေမယ့် ၂ဝဝ၁ ခု စက်တင်ဘာလ ၁၁ ရက်နေ့ နယူးယောက် ကုန်သွယ်ရေး အမြွှာ ညီနောင် တိုက်ခိုက်ခံရတော့ ကျွန်တော်က အမေရိကားမှာပါ။ ပြဿနာဖြစ်ဖြစ်ချင်း တီဗီက လွှင့်တော့ ကျွန်တော့်အိတ်ထဲရှိနေတဲ့ တစ်ဒေါ်လာတန် လေးရွက်မှာ ချက်ချင်းနေ့စွဲတပ်၊ အချိန်မှတ်၊ လက်မှတ်ထိုးပြီး ကိုယ်နဲ့မကွာ ပြန်ယူခဲ့တာပါ။ မလေးရှားသွားတော့ အဲဒီပိုက်ဆံလေးရွက်လည်း ပါသွားပါတယ်။ စောစောက ကျွန်တော်ပြောတဲ့ ကျွန်တော့်ရဲ့တုံ့ပြန်လက်ဆောင် ဒေါ်လာတစ်ရွက်ဟာ အဲဒီအထဲကပါ။ အကျိုးအကြောင်း ရှင်းပြလို့ နာရီလက်ဆောင်ပေးသူလည်း ဝမ်းသာသွားရှာပါတယ်။

            အပြန် ကွာလာလမ်ပူလေဆိပ် ရောက်တော့လည်း ဟိုးပီနန်မှာ ဆုံခဲ့တဲ့ သူငယ်လေးတွေက အလုပ်က ခွင့်ယူပြီး တကူးတကနဲ့ လိုက်ပို့ကြပါသေးတယ်။ အဲဒီထဲက တစ်ယောက်က လက်ကိုင်ဖုန်းအခွံတစ်ခု လက်ဆောင်ပေးရင်း ငိုယိုရှာတာကိုလည်း မှတ်မိနေပါသေးတယ်။

            ဒါတွေကို ရေးနေရတာက ခရီးသွားဆောင်းပါး သဘောမဟုတ်။ ကိုယ်တွေ့မှတ်တမ်းသဘောလည်း မဟုတ်ပါ။ မလေးရှားရောက်ပြီး ကိုယ့်ဘာသာ အထင်တကြီးရှိခဲ့တာနဲ့ ဟိုက ရွှေမြန်မာလေးတွေရဲ့ ဘဝကို လွမ်းမောလိုက်တာပါပဲ။ အထူးသဖြင့် ဒီစာမူကို ရွှေအမြုတေမဂ္ဂဇင်းကတစ်ဆင့် 'ရွှေချစ်သူမှ ရွှေ ချစ်သူသို့' ကဏ္ဍမှာ မကြာမကြာ ပေးစာရေးနေကြတဲ့ ရွှေမြန်မာလေးများကို ဖတ်စေချင်လို့ပါ။ ကျွန်တော့် စာဖတ်မိလို့ အလွမ်းပြေတယ်ဆိုရင်ပဲ ကျေနပ်လောက်ပါပြီ။ ပြီးတော့ ဒီက ကျွန်တော့်စာဖတ်ပရိသတ်လည်း မလေးရှားရောက် ရွှေမြန်မာလေးတွေ အကြောင်း ရိပ်မိစေချင်တယ်လေ။

သုမောင်

(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။