ကံချွန်
ထန်းရေသောက်သူ အမူးလွန်တော့ 'တော်ပြီကွာ။ တကယ်အခံရဆိုးတာပဲ။ ထန်းရေတော့ မသောက်တော့ဘူး'လို့ ဆုံးဖြတ်ပါသတဲ့။ အချိန်လေးကြာ၍ အမူးပြေသောအခါ ထန်းပင်ကို မော့ကြည့်ပြန်သည်။ ပင်ကျရေ သောက်လိုက်ရရင်တော့ ချိုတမျှမျှ ခါးသလေလေ့ဆိုပြီး တမ်းတပြန်ရောတဲ့။
□
ဗီဒီယို ရုပ်ရှင်မှာ
အရူးလွန်ခဲ့ဖူးပါသည်။
အားစိုက်ထုတ်ရမှု...
ရင်းနှီးရသည့်အချိန်...
အကောင်အထည်ပေါ်မှု...
တို့မှာ လုံးဝညီမျှခြင်းထိုး၍ မရသော
ကိန်းတန်းကြီး ဖြစ်နေပါသည်။
ပညာရှင်တို့၏အပိုင်းကဏ္ဍမှာ
ထပ်ကိန်းတွေသာ ကြီးကြီးလာသည်။ အကောင်အထည်ပေါ်မှုမှာ
တိုးတက်မလာ။
အနုပညာထက် အတတ်ပညာ နည်းပညာကို အာရုံစိုက်လာကြသောအခါ အနုပညာက နောက်ကျန်ရစ်သည်။ တွဲပါမလာ။
တစ်- အနုပညာ၊ နှစ်- နည်းပညာ အတတ်ပညာ ဖြစ်ရမည့်အစား တစ်- နည်းပညာ အတတ်ပညာ
ဖြစ်နေသည်။ သည်အထဲ အရေအတွက် အများစုမှာ အခြေခံပျောက်လာသည်။
တပည့်သည် ဆရာထက် တော်ရပါမည်။
လူငယ်သည် လူကြီးထက် သာရပါမည်။
ထိုသို့ တော်သောတပည့်၊ သာသောလူငယ်
ဖြစ်ထွန်းမှု နည်းပါးသော လောကသည် မတိုးတက်ပါ။ ဆုတ်ယုတ်သည့်ဘက် ဦးတည်မည်သာ။ ပညာအမွေ
လက်ဆင့်ကမ်းရင်း အဆင့်ဆင့်ညံ့လိုက်သွားလျှင် အလွန်ရင်လေးဖွယ် ကောင်းပါသည်။
တပည့်သည် ဆရာထက်
တော်မှသာ
တော်သော မျိုးဆက် အဆင့်ဆင့်ဖြစ်ထွန်း၍ ထိုလောက ဖွံ့ဖြိုးပါမည်။
□
အားလုံးဆက်မိသွားလျှင် ကျွန်တော်
ဦးတည်ပြောကြားလိုသော အဓိပ္ပာယ်တစ်ခု ပေါ်လာမည်ဟု ယုံကြည်ပါသည်။
အက္ခရာတစ်လုံးတည်းဖြင့် ရသမြောက် စာတစ်ပုဒ်ဖြစ်ရန် လေးနက်သော အယူအဆတစ်ခု
ဖော်ညွှန်းရန် မဖြစ်ပါ။ ထို့ကြောင့် ကျွန်တော်လည်း ကွဲပြားခြားနားသော အသံများကို
စုစည်းပါရစေ။ စိတ်သာရှိပြီး ငွေမရှိသော (ရုပ်ရှင်) အနုပညာ ဖန်တီးချင်သူ
တစ်ယောက်၏သောကကို ခံစားဖူးမှ သိပါသည်။ အနုပညာဖန်တီးမှုနှင့် ထုတ်လုပ်မှုမှာ
ဗြဟ္မာပြည်မှအပ်တစ်စင်းနှင့် လူ့ပြည်မှ အပ်တစ်စင်း ဖြစ်နေသည်။ ဖန်တီးချင်သူအတွက်
ထုတ်လုပ်ပေးမည့်သူနှင့် တွေ့ဆုံနိုင်ရန်မှာ ခဲယဉ်းလွန်းလှသည်။ အကောင်အထည်
ဖော်ခွင့်မကြုံသော စိတ်ကူးများ များလာသည့်အခါ စိတ်ဖိစီးမှု ဖြစ်လာသည်။
ဒေါသသင့်လာသည်။ နောက်တော့ အားငယ်လာသည်။ စိတ်ပျက်လာသည်။ လုပ်သလို မဖြစ်သည့်အတွက်
မကျေနပ် မရောင့်ရဲနိုင် ဖြစ်ရချိန်နှင့်အတူ ဖြစ်သလို လုပ်နေရသည့်အတွက်
စိတ်ဆင်းရဲလာသည်။ သက်ရှိလူကို အကခိုင်းရန်ထက် ကြိုးဆွဲလေ့ကျင့်ပြီး အရုပ်ကို
အကခိုင်းချင် လာသည်။
တကယ်တော့ ဗီဒီယိုရုပ်ရှင် လောကသည်
မနုတ်လောက်၍ တစ်ဆယ်ချေးရန် မရသော လောက။ အကောင်အထည်ဖော်ရမည့် အနုပညာ အဖြေရရန်
ဟိုပညာရှင်က ဒီပညာရှင်ကို မကယ်နိုင်နိုင်။ အသံကို အရုပ်က မကယ်နိုင်။ အလင်းအမှောင်
အားနည်းမှုကို ကားကူးကားဆက်က မကူနိုင်။ သရုပ်ဆောင်၏ ချို့ယွင်းမှုကို
ဒါရိုက်တာလည်း မဆယ်နိုင်။ ဝတ္ထုဇာတ်ညွှန်း မှ ဖြန့်နိုင်သည့်အဆင့်ထိ
မည်သူ့အားနည်းချက်ကိုမှ ဘေးလူက ဝင်ကူ၍ မရသော လုပ်ငန်းကြီးဖြစ်သည်။ အလွန်ကြောက်ဖို့
ကောင်းသည်။ တစ်နေရာရာမှာ အားနည်းလျှင် ထိုနေရာကို အဆင်ပြေသွားရန် ဂဏန်းသင်္ချာလို
ရှေ့ကိန်းက တစ်ဆယ်ချေး၍ မရပါ။ ပေးလိုက်ရသော အတွေးများစိတ်ကူးများနှင့်
ထွက်ပေါ်လာသည့် ရလဒ်မှာ အနုတ်လက္ခဏာပြပြီး ညီမျှခြင်း ထိုး နေရသည်။
၁၉၉ဝ ပြည့်ကျော်ကာလများ။
'မင်းစာတွေ အတွေ့ရ နည်းသွား
တယ်'
'စာမရေးဖြစ်ဘူးလား'
'စာပဲ ရေးသင့်တယ်'
'ဗီဒီယိုတို့
ရုပ်ရှင်တို့ဆိုတာ တစ်ယောက်တည်းနဲ့ အကောင်အထည်ဖော်လို့ ရတာ မဟုတ်ပါဘူးကွာ'
'အဲဒီဘက်မှာ
စိတ်နစ်နည်းမျိုး စာရေးတဲ့ဘက်မှာ စိတ်နစ်ပြီး ရေးသင့်တယ်'
ထိုသို့ဝေဖန်ခြင်း အကြံပြုခြင်း
စကားများကို မကြာခဏ ကြားလာရသည်။ အသံတိုးရာမှ ကျယ်လာသည်။ အရေအတွက် ကျဲရာမှ
စိပ်လာသည်။ လုပ်သလို မဖြစ်၍ အလိုမကျ ဖြစ်ရခြင်းမှာ ဖြစ်သလို လုပ်နေရသောကြောင့်
စိတ်ဆင်းရဲခြင်းကို ပေါင်းစည်းခံစားရ စပြုလာချိန်လည်း ဖြစ်သည့်အတွက်
အမူးလွန်နေချိန်မို့ အခံရဆိုးသောဝေဒနာကို ပေးသည့် ထန်းရေအား မသောက်တော့ဟု
ဆုံးဖြတ်ကာ ထန်းပင် အောက်မှ ထွက်ခဲ့ပါသည်။
ကျွန်တော် စာရေးခြင်းကိုပဲ
အာရုံစိုက်လိုက်သည်။ အိပ်ချိန်နှင့်စားချိန်မှအပ စာပဲရေးသည်။ လူမှုရေး
ပျက်ကွက်သည်ထိ စားပွဲမှာပဲ ထိုင်ဖြစ်သည်။ သာရေး နာရေးများပင် မလွဲမရှောင်သာမှ
သွားဖြစ်သည်။ ပျင်းချိန်မရှိသောကြောင့် အပျင်း ဖြေရန်လည်း မလိုအပ်၍ လက်ဖက်ရည်ဆိုင်
ထိုင်သည့်အချိန်ပင် မရှိတော့ပါ။ ထမင်းစားဖို့၊ ရေချိုးဖို့၊ အိပ်ဖု့ိ
ဖို့သုံးဖို့အတွက် ပေးရသည့်အချိန်ကိုပင် ကျွန်တော် ချွေတာလိုက်သည်။
ထိုသို့စာရေးခြင်းမှာ အာရုံစိုက်နေကာမှ ဗီဒီယို ရုပ်ရှင်များက ပတ်သက်လာပြန်သည်။
ဧည့်လာဂမုံး
လူပျိုကြီး ကိုတင်ညွန့်
ပျော်စရာအလွမ်း
ဘီလျံနာ
ကာရာအိုကေချစ်သူ
ခေတ်ကျောင်းသား
စသည့်ဝတ္ထုများ ဗီဒီယိုရိုက်ဖို့
ရောင်းဖြစ်သည်။ ဇာတ်ညွှန်းပါ ရေးပေးသည် များလည်းပါသည်။ ‘ဘ’နှစ်ကိုယ်ခွဲကို
ရုပ်ရှင်ကားကြီး ရိုက်ဖို့ရောင်းရသည်။ (ရယ်လိုက်ရအောင်)
ကျွန်တော် နည်းနည်းအမူးပြေစ
ပြုလာပြန်ပြီ။
□
ရိုက်စား
၂ နှင့် ကျွန်တော်
ရိုက်စား ၁ သည် ကျွန်တော်ရေးသော
ဝတ္ထုဇာတ်ညွှန်း မဟုတ်ပါ။ သို့သော် ကျွန်တော် နှစ်သက်သဘောကျပါသည်။ ခုနှစ်ကို
မမှတ်မိ။ ဒါရိုက်တာ မိုက်တီးက ကျွန်တော့်ကို ခေါ်ပြသည်။ သူ မန္တလေးတက်လာပြီး
ခေါ်ပြခြင်းပါ။ ဇာတ်ကား ပြပြီးသောအခါ..
'ဦးကံ ဒီဇာတ်ကို
ဆက်ရေးပေးလို့ ရမလား'
'ဟေ...'
'ဒီလိုပါ။ ဒီဇာတ်မှာက
ဇာတ်သိမ်းမှာ လူလိမ်တွေက လွတ်နေတော့ ဆင်ဆာတင်ဖို့ ခက်နေတယ်။ မူအရကျမှာ မဟုတ်ဘူး။
လိမ်ချင်ရင် လိမ်။ ပိပိရိရိ လိမ်နိုင်ရင် လွတ်နေမှာပဲ ဆိုသလို ဖြစ်နေတဲ့အတွက်
လူလိမ်တွေ ဖမ်းမိတဲ့ဇာတ်။ ရိုက်စား ၂ ဇာတ်သိမ်းကို ရေးပေးဖို့ အပ်ချင်လို့'
သူ့ဘက်က အခြေအနေကိုတော့ သူမှသာ
သိပါမည်။ ကျွန်တော်ကမူ မန္တလေးထိလာ၍ အပ်သောအလုပ်။ ရက်ပိုင်းအတွင်း ရေးပေးရန်
တောင်းဆိုသော အလုပ် ဖြစ်နေသောကြောင့် သူ့အတွက် အတိုင်းအတာတစ်ခုထိ အရေးကြီးနေမည်ဟု
ထင်ပါသည်။ ကျွန်တော့်အတွက်မူ ထိုအလုပ်ကို လက်ခံရန်မှာ မဟာစွန့်စားခန်း ဖြစ်သည်။
ဆက်လက် မွေးစားရန်မှာ မလွယ်ပါ။ ကိုယ်တိုင် ဖန်တီးထားသည့် ဇာတ်ကောင် မဟုတ်သည့်အတွက်
ဇာတ်ကောင်စရိုက် အမူအကျင့်များ တိမ်းပါးချွတ်ချော်မည်မှာ သေချာပါသည်။ ဇာတ်ကောင်၏
အပြုအမူ လုပ်ရပ်တွေးခေါ်ပုံသည် မူလဖန်တီးသော စာရေးဆရာ၏ စိတ်ကူးပုံဖော်မှု ဖြစ်သည်။
ထိုစိတ်ကူးပုံဖော်မှုနှင့် ဒုတိယ ဆက်လက် ဖန်တီးရသူ စာရေးဆရာ၏ စိတ်ကူးတို့မှာ
မည်သို့မျှ ထပ်တူမကျနိုင်ပါ။ ထို့ကြောင့် ဇာတ်ကောင်စရိုက်သည် တစ်ကိုယ့်နှစ်စိတ်
ဖြစ်ရတော့မည်မှာ သေချာသည်။
ပြီးတော့...
လူလိမ်များနှင့်ချည်း ဖွဲ့ထားသော
ဇာတ်မှာ လူလိမ်အားလုံးကို ဖမ်းရန် ဇာတ်အိမ် ဆင်ပေးရမည်။ လိမ်ခဲ့သော
အမှုများပေါ်ရန် သဲလွန်စများ ဖန်တီးထည့်ယူရမည်။
ရိုက်စား ၂ ကြောင့် ရိုက်စား ၁
ထွက်လာခြင်းသည်ပင် တာဝန်ကျေပြီဟု စိတ်ဖြေကာ အတင်းတွေး အတင်းဖန်တီးကာ ရေးသားခဲ့သည်။
ရိုက်စား ၂ ထွက် လာသောအခါ ရိုက်စား ၁ လောက် မကောင်းဟု ဝေဖန်သံ ညံခဲ့သည်။ ကျွန်တော်
မည်သို့မျှ မခံစားရပါ။ ကြာပြီ။ ထိုစဉ်က ဖြေရှင်းခြင်း တုံ့ပြန်ခြင်း
အလျဉ်းမရှိခဲ့ပါ။ ထိုအတွေ့အကြုံကြောင့် ကျွန်တော် ပညာတိုးသွားသည်။
မဖြစ်နိုင်မှန်း သိနေသော
ဖန်တီးမှုများကို နောက်နောင်တွင် မဖန်တီးမိဖို့။
□
နည်းနည်း ပြန်မူးဝေသွားသောအခါ
တစ်ခါပြန်ငြိမ်သွားပြန်သည်။ ဗီဒီယို ရုပ်ရှင်များကို မျက်စောင်းမထိုးချင်။ ‘ဘ’နှစ်ကိုယ်ခွဲကို
ကိုဇော်မြင့်က ဝယ်၍ ဇာတ်ညွှန်းရေးပေးရစဉ်ကမူ ထူးခြားသည့် ခံစားမှုမရှိပါ။
ကျွန်တော်၏ဝတ္ထုဖြစ်၍ ဇာတ်ကောင်များ၏ စရိုက်ကို ကျွန်တော် ကောင်းကောင်းပုံဖော်နိုင်၍
ဖြစ်ပါသည်။ (အခြားသူများထက် ကောင်းရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ)
သို့သော်...
□
ပေါ့ပေါ့ပါးပါးပြုံးနှင့်
ကျွန်တော်
ကိုယ်တိုင်ခံစား မွေးဖွားထားသော
ဇာတ်မဟုတ်လျှင် ဇာတ်ညွှန်းပင် မရေးချင်ပါ။ မူလဝတ္ထုရေးသူ၏ ဇာတ်ကောင်စရိုက်
ပျက်မည်စိုး၍ ဖြစ်ပါသည်။ ကျွန်တော်၏ ဝတ္ထုဇာတ်လမ်းကို ဝယ်ယူရိုက်ကူးသော
ကားများကိုလည်း ကျွန်တော် မကြိုက်ပါ။ မကြိုက်ခြင်းသည် 'မကောင်း'ဟု သတ်မှတ်ခြင်း မဟုတ်ပါ။ ကျွန်တော့် စိတ်ကူးထဲမှ ဇာတ်ကောင်၏စရိုက်
အမူအကျင့်ကို ဇာတ်ညွှန်းရေးသူက ဆုပ်ဖမ်းမိရန် ခက်ပါသည်။ မလွယ်ပါ။ အဓိပ္ပာယ်တူ
စကားကိုပင် လေသံပြောင်း၍ ပြောလိုက် ခြင်းကြောင့် အကျိုးသက်ရောက်မှု
ကွဲပြားနိုင်သည် မဟုတ်ပါလား။ ထိုသို့ခံစားရ သောကြောင့် အခြားသူ၏ဝတ္ထုကို
ဇာတ်ညွှန်းရေးရန် ဆန္ဒမရှိပါ။ ရိုက်စား ၂ ၏ အတွေ့အကြုံကြောင့်
ကိုယ်ခံစားမွေးဖွားထားသော ဇာတ်ကောင် မဟုတ်လျှင် ကိုင် တွယ်ခြင်းကို ရှောင်ရန်
ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။
သို့သော် တစ်ရက်မှာ...
တီတီတီတော် အော်၍
ဖုန်းမြည်လာသောကြောင့် 'ဟဲလို' လိုက်သောအခါ စိုးဝင်းငြိမ်း ဖြစ်နေသည်။
စိုးဝင်းငြိမ်းက ရုပ်ရှင်ကားကြီး ဇာတ်ညွှန်းတစ်ခု အပ်ချင်ကြောင်း ကိုပေါ (ချစ်သူ
ဗီဒီယို ရုပ်ရှင်ထုတ်လုပ်ရေး)နှင့် စကားပြောပါဦးဟု ဖုန်းဆက်သည်။ ကိုပေါနှင့်
ပြောတော့ ကိုအောင်မင်းသိမ်း ဒါရိုက်တာ လုပ်မည့် ဟာသကားအတွက် ဇာတ်ညွှန်းရေးပေးရန်
အလုပ်အပ်လိုကြောင်းနှင့် လက်ခံမည် ဆိုပါက ကိုအောင်မင်းသိမ်းကို လွှတ်လိုက်ပါမည်ဟု
ဆိုပါသည်။ လွှတ်လိုက်ပါပေါ့။ သို့ဖြင့် ကိုအောင်မင်းသိမ်း ကျွန်တော့်ထံ
ရောက်လာသည်။ အခန်းစဉ်ကို ပေးသည်။
'ဒီအခန်းစဉ်အတိုင်း
ဇာတ်ညွှန်း ခွဲဖို့ မလိုပါဘူး။ ဒီအပေါ်မှာ အခြေခံပြီး ဆရာကြိုက်သလို လုပ်ပါ။
ဟာသကွက်တွေ လိုချင်တာပါ။ ကြိုက်သလို ပြင်လို့ရပါတယ်။ နောက်ထပ်ဆရာ လေးယောက်လည်း
အပ်ထားပါသေးတယ်။ ကျွန် တော်က အကောင်းဆုံးတွေချည်း ပြန်စုပြီး ရချင်လို့ပါ။ ဆရာ
လက်ခံမယ် ဆိုရင်'
'ခင်ဗျားက
ပွင့်ပွင့်လင်းလင်း ပြောတော့ ကျွန်တော်ကလည်း ပွင့်ပွင့် လင်းလင်း ပြောပါ့မယ်။
ဒီဇာတ်ရဲ့ အဓိက ဦးတည်ချက်ပဲယူပြီး ကျွန်တော် ကြိုက်သလို အခန်းစဉ်တွေ ဖွဲ့စည်းလို့
ရမလား'
'ရပါတယ်။ ဆရာ လွတ်လွတ်
လပ်လပ် ရေးပါ'
ထိုသဘောတူညီမှုဖြင့် ကျွန်တော်
ရေးလိုက်သည်။ ခေတ်ရေစီးကြောင်းတွင် နောက်ကျန်လွန်းခြင်းနှင့် ရှေ့ရောက်လွန်းခြင်း
အစွန်းရောက်မှုသည် အဆင်ပြေချောမွေ့သော လူမှုအဆောက် အအုံတည်ဆောက်ရန် ခဲယဉ်းကြောင်း
ဦးတည်၍ သူ့ဇာတ်ကောင်အမည်များကို ယူကာ ကျွန်တော် ဇာတ်အိမ်အသစ် တည်ဆောက်ပြီး
ဇာတ်ညွှန်းခွဲလိုက်သည်။ ဇာတ်ညွှန်းပြီး၍ သူလာယူသော အခါ...
'ကျွန်တော်က ဇာတ်လမ်းမရှိဘဲ
ရယ်ရတဲ့ဇာတ်ကွက် မစဉ်းစားတတ်ဘူးဗျာ။ အဲဒါကြောင့် ဇာတ်လမ်းရေးပြီး ဟာသကွက်တွေ
ထည့်လိုက်တယ်။ ဇာတ်လမ်းကို အခြေခံပြီး ဇာတ်ကောင် စရိုက်တွေနဲ့ လိုက်ဖက်မယ့်
ဟာသတွေကိုပဲ စဉ်းစားတတ်လို့ပါ။ ကျွန်တော့် ဇာတ်လမ်းကို လိုချင်လည်း ယူပေါ့။
ဇာတ်ကွက်တွေထဲက ဟာသတွေပဲ လိုချင်လည်း ယူပေါ့။ ကျွန်တော်က ရိုး ရိုးပဲ ရေးတတ်တယ်။
ပုံစံခွက်သမားပဲ ဆိုပါတော့'
'ဟုတ်ကဲ့၊ ကျွန်တော်
ဖတ်ကြည့် လိုက်ပါမယ်'
ထိုနေ့က စကားပြောကြရင်း...
'ကိုအောင်မင်းသိမ်း
ရိုးရိုးလေး ရိုက်ကူးသည်' ဆိုသော စာတန်းတပ်ရန်ပင်
အကြံပြုခဲ့ပါသေးသည်။ ဇာတ်နာမည် မရွေးရသေးကြောင်းပြော၍ ကျွန်တော်၏ ပေါ့ပေါ့ပါးပါး
ဟာသ ဝတ္ထုတိုများ စာအုပ်ကိုပေးရင်း ထိုစာ အုပ်ထဲမှ နှစ်သက်သော စကားလုံးတွေ့ပါက
ယူသုံးရန် ပါခွင့်ပြုခဲ့သည်။ ထို ဟာသဇာတ်ကားသည် 'ပေါ့ပေါ့ပါးပါးပြုံး'ဟူ၍ ဖြစ်လာသည်။ ထိုဇာတ်ကား ပြတော့ ကျွန်တော် သွားမကြည့်ဖြစ်တော့ပါ။
ထို့ကြောင့် ကျွန်တော်၏ ဇာတ်ကျောရိုးအပေါ် အခြေခံ မခံ၊ ကျွန်တော် ရေးသော ဟာသ
မည်မျှပါ မပါ ကျွန်တော် မသိပါ။ ထန်းပင်အောက်မှာ ကြာကြာမနေလို၍ ဖြစ်ပါသည်။
အမူးမလွန်မီ ထွက်ခွာခဲ့ခြင်း ဖြစ်ပါသည်။ သံယောဇဉ်ဖြတ်၍ အလုပ်လုပ်တတ်သော အကျင့်ကို 'ပေါ့ပေါ့ပါးပါးပြုံး'မှ ရခဲ့ခြင်း ဖြစ်ပါသည်။
မျှော်လင့်သလို ဖြစ်မလာခဲ့သည့်
လက်တွေ့ဘဝထဲက အတွေ့အကြုံများက ကျွန်တော့်အား ရောင့်ရဲတတ်ရန် လေ့ကျင့်ပေးခဲ့၍ဟု
ထင်ပါသည်။ ကျွန်တော်သည် လုပ်ရမည့်အလုပ်တွေကိုသာ လုပ်နေချင်သည်။ ထိုသို့ လုပ်နေသည့်အတွက်
ထွက်ပေါ်လာမည့် ရလဒ်ကို စောင့်မကြည့်ချင်တော့ပါ။ ထိုရလဒ်သည်
နောက်ထပ်ဆက်လုပ်သွားရမည့် အလုပ်များအတွက် တွန်းအား ဖြစ်ခဲ့သော် ကိစ္စမရှိ။
မကျေနပ်စရာ ကသိကအောက် ဖြစ်ခဲ့သော် ရှေ့ခြေလှမ်းအတွက် တွန့်ဆုတ်စရာ ဖြစ်ပါမည်။
အသက်ကြီးလာလေ အချိန်၏ တန်ဖိုးကို ပိုနားလည်လေ
လုပ်ချင်သော အလုပ်များထဲမှ အရေးကြီးသော၊ အလုပ်သင့်သော အလုပ်များကို ရွေး ထုတ်ပြီး
လုပ်တတ်ရန် ကြိုးစားနေပါ ပြီ။ ဤအကျင့်ကို ယခုထက်စောစီးစွာ ရခဲ့ပါမူ
ပို၍ခရီးရောက်နေနိုင်သည်။ ကိုယ့်အနေအထား ကိုယ်သိသော အချိန်မှာ
မနှောင်းသေးသောကြောင့် ကျေနပ်မှုတော့ ရှိပါသည်။
□
ရိုက်စား ၂ နှင့် ပေါ့ပေါ့ပါးပါး
ပြုံးသည် ကျွန်တော့်ဘဝအတွက် ထူးထူးခြားခြား အသိတရားတိုးစေသော အလုပ်များ
ဖြစ်ခဲ့သည်။ ထိုအသိမှာ ကျွန်တော့်တွင် အခြားပညာရှင်တစ်ဦး ဖန်တီးထားသော
အနုပညာလုပ်ရပ်ကို ဆက်လက်ခံစား ဖန်တီးနိုင်စွမ်းမရှိ ခြင်းပင် ဖြစ်သည်။ ထိုအားနည်းချက်ကြောင့်ပင်
သူတစ်ပါးဝတ္ထုကို ခံစားမှုချင်း မတိုက်ဆိုင်ပါက ဇာတ်ညွှန်း မရေးသင့်ဟု
နားလည်လိုက်ပါသည်။ ကိုယ် မကြိုက်သောဝတ္ထု ဖြစ်နေပါက ဇာတ်ညွှန်းပင် မရေးချင်ပါ။
ကိုယ်မကြိုက်သော ဝတ္ထုများကို ဇာတ်ညွှန်းရေးရင်း ကုန်ရမည့်အချိန်မှာ ကိုယ်ကြိုက်သော ဖန်တီးမှုတစ်ခုခု ပြုလုပ်နေလို၍ ဖြစ်ပါသည်။
▀
ကံချွန်
(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။