တူးတူးသာ
'အိသက်နိုင် အိသက်နိုင် ထစမ်း၊
ထတော့ဆို သုံးနာရီတောင် ထိုးပြီ။ ဈေးကြိုသွားရမယ်လေ'
'အင်း...အင်း'
'အိသက်နိုင် ငါပြောနေတာ
မကြားဘူးလား။ ကောင်မ နင့်ကို ငါလုပ်လိုက်တော့မယ်နော်၊ ကဲဟယ်'
'ဒေါက် ဒေါက်'
မထားကြည်၏ လက်ဆစ်များက
အိသက်နိုင် ခေါင်းပေါ် အဆက်မပြတ် ကျရောက်သွားသည်။
'ထပါပြီ အမေရဲ့၊ အား...တော်ပါတော့'
'ငါမပြောချင်ဘူးနော်၊
အသံမထွက်ချင်လို့ကို မရဘူး။ နှိုးရင် တစ်ခွန်းတည်းနဲ့ ထပါလား။ ငါ...တယ်'
မပြောချင်ဘူးဆိုပြီး
ဆက်လက်ပြောဆိုနေကာ လက်ဖြင့် ရွယ်နေပြန်သောကြောင့် အိသက်နိုင် ဇက်ကလေး
ပုဝင်သွားသည်။
ဒီအလုပ်ကို အိသက်နိုင်
မလုပ်ချင်ပါ။ မနက်သုံးနာရီဆိုတာ ကလေးတစ်ယောက်အတွက် အိပ်ကောင်းတုန်း
အချိန်မဟုတ်လား။ သူ့အောက်က ကုလားတို့၊ အိပုတ်တို့ကျတော့ အိပ်လိုက်တာ သိုးလို့။ သူက
အကြီးဆုံးဆိုတော့လည်း မလုပ်ချင်ချင် လုပ်ချင်ချင် လုပ်ရမည်သာ။ ခါတိုင်းတော့
ဒီဈေးကြိုတဲ့အလုပ်ကို အမေလုပ်နေကျလေ။ အခု အမေ့ကိုယ်ဝန်က ရင့်လာပြီဆိုတော့
ဈေးမကြိုနိုင်တော့။ အိသက်နိုင်ရဲ့ တာဝန်ဖြစ်ပြီ။ အိသက်နိုင်ရဲ့ အသက်က ရှေ့လဆို ဆယ့်သုံးနှစ်တင်းတင်းပြည့်ပြီ။
အိသက်နိုင် သူများတွေလို ကျောင်းနေလိုလှသည်။ ဒါပေမယ့် သူက ကျောင်းစာမှာ
ညံ့ဖျင်းလှသည်။ စာမလိုက်နိုင်တာကို အကြောင်းပြလို့ အမေက သူ့ကို ဒီနှစ်
ကျောင်းထုတ်တော့မည်။ အမေ့ကိုယ်ဝန်ကလည်း ရှေ့နှစ်လလောက်ဆို မွေးမည်ထင်သည်။
ကိုယ်ဝန်...။
'အဘိုးဖြစ်ပါစေ။ ဟုတ်မှာပါ။ အဘိုးပဲဖြစ်မှာ။
အဘိုးက အိသက်နိုင်ကို ဒီလောက်ချစ်တာ။ အဘိုးပဲ ဖြစ်ရမှာပေါ့'
အိသက်နိုင်ရဲ့ စိတ်ကူး
မဆုံးခင်မှာ အမေ့ရဲ့လက်ဝါးက အိသက်နိုင်ကျောပြင်ပေါ်သို့ ဗြန်းခနဲကျရောက် လာသည်။'ဘာငိုင်နေပြန်ပြီလဲ။ အိသက်နိုင်နော်။
အမြန်လုပ်ဆို။ ဟိုမှာ နင့်အဖေစောင့်နေပြီ၊ သွားတော့'
အမေ့ကို
မလွန်ဆန်နိုင်သောကြောင့် မျက်နှာ ကပျာကယာသစ်ကာ သွားပင် မတိုက်နိုင်ဘဲ အိမ်ရှေ့ကို
ပြေးထွက်သွားလိုက်သည်။ ဟုတ်သားပဲ။ အဖေတောင် စောင့်နေပြီ။ မိုးက တဖွဲဖွဲ ရွာနေသည်။
အိသက်နိုင်လက်ကို တင်းတင်းပိုက်လျက် အဖေ့နားကို တိုးကပ်လိုက်သည်။ အဖေက
စကားတစ်ခွန်းမှ မပြောဘဲ ထီးမိုးပေးရင်း အိသက်နိုင်ဘေးက ကပ်လိုက်လာသည်။
ဈေးကြိုကားနား ရောက်တော့ မမိသိန်းနှင့် မတရုတ်မတို့က သူ့ကို ဆီးကြိုကြသည်။
ခဏနေတော့ အဖေ ပြန်သွားသည်။
□
ဒီဈေးကလေးမှာ
ထားကြည်ဟေ့ဆိုလျှင် မသိသူ မရှိ။ ဂေါ်ဖီထုပ်လေး နည်းနည်း၊ ငရုတ်သီးစိမ်းကလေး၊
ခရမ်းချဉ်သီးလေး နည်းနည်း ရောင်းသည်ဆိုပြီး အထင်သွားမသေးလိုက်နှင့်။ ဒီဈေးထဲမှာ
သူပေးထားသည့် အကြွေးနှင့်ကင်းသူ မရှိသလောက်ရှားသည်။ သူ ဈေးရောင်းတဲ့နေရာက ဈေးထဲက
ဈေးခုံပေါ်မှာ ကျကျနန မဟုတ်။ အပြင်လမ်းမဘေးက ဈေးတန်းမှာ ပျံကျရောင်းရတာ။
သို့ပေမယ့် အဲဒီရောင်းကောင်းတဲ့နေရာ တစ်နေရာကိုရဖို့ တိုက်ပွဲဝင်ထားရတာဆိုလျှင်
ကြီးကျယ်သည် ထင်မည်။ အခု သူ ရောင်းနေတဲ့နေရာက အရင် မျှစ်သည် ထားမိ၏နေရာ ဖြစ်သည်။
မျှစ်သည် ထားမိ တစ်ရက်ဈေးနောက်ကျတော့ သူက အဲဒီနေရာမှာ ဆိုင်အကျအနခင်းကာ
ခပ်တည်တည်နှင့် ရောင်းနေလိုက်သည်။ ထားမိရောက်လာတော့ ပွဲကြီး ပွဲကောင်း။ သူတို့ဈေးကလေးက
လူတွေပြောတာကတော့ အဲဒီနေ့ကလောက် ကြည့်ကောင်းသည့်ပွဲ မကြုံဖူးဘူးဆိုပဲ။
ပါးစပ်နှင့်
နင်တစ်လုံး ငါတစ်လုံး အော်ဟစ်၊ အရုတ္တ အနတ္တတွေ ပြစ်ပြစ်နှစ်နှစ် ပြောအပြီးမှာ
လူချင်းဝင်ပူးပြီး နပမ်းလုံးကြသည်။ ဖြန်ဖြေသူမရှိ၊ ဝင်ဆွဲသူမရှိ။ မထားကြည်က
ထွားထွား ကျိုင်းကျိုင်း၊ ထားမိက သေးသေးညှက်ညှက် ဆိုတော့ သတ္တိချင်းတူတာတောင်
အင်အားချင်း မတူ။ နောက်ဆုံးမှာ ထားမိ အရှုံးပေးလိုက်ရသည်။ ဒီလိုနှင့် အဲဒီနေရာကို
ထားကြည် အပိုင်စားရသွားတော့၏။ သူ့နေရာကို ဘယ်သူမှ တစ်လက်မတောင် မကျော်ရဲကြ။
ထားကြည်ဆို လန့်ပါ့ဆိုတာတွေ ဖြစ်ကုန်သည်။
ဆိုင်သေးသေးလေးနှင့်
ကုန်အနည်းငယ်သာ ရောင်းနေရပေမယ့် သူက ဒီဈေးလေးရဲ့ ကုန်စိမ်းဒိုင်လေ။ ငွေအများကြီး
မတတ်နိုင်သူတွေ အရင်းမရှိသူတွေကို သူက ကုန်ချပေးသည်။ ရောင်းပြီးမှပေး။
နေ့ပြန်တိုးလည်းချေးသည်။ သူ့ကို ပေးရမယ့်သူက ပေးရမည့်အတိုင်းအတာကို
ပေးရမည့်အချိန်မှာ မပေးလို့ကတော့ ရပ်ကွက်ပျက်ပြီသာမှတ်တော့။ ဒါတွေကြောင့်လည်း
ထားကြည်ဆို ဒီဈေးထဲက လူအများက မဆက်ဆံချင်လို့လည်း မရ။ ဆက်ဆံပြန်တော့လည်း
လန့်နေကြရသည်။
□
အိသက်နိုင်ကို
မွေးပြီး တစ်ပတ်လောက်ပဲ ရှိသေးသည်။ မထားကြည်နှင့်ကို သိန်းနိုင်တို့ အကြီးအကျယ်
ရန်ဖြစ်ကာ ကိုသိန်းနိုင်အိမ်ပေါ်က ဆင်းသွားသည်။ အဲဒီမှာ မထားကြည်က ရက်သားလေးသာ
ရှိသေးသော ကလေးကို အမှိုက်ပုံနားမှာ သွားပစ်ထားလိုက်သည်။ အဲဒီလို မထားကြည်။
ကိုသိန်းနိုင်၏အဖေ
အိသက်နိုင်၏အဘိုးက ဒီသတင်းကို ကြားတော့ အတင်းမရမက မေးမြန်းပြီး ကလေးရှာပုံတော်
ဖွင့်ရသည်။ မင်္ဂလာဒုံ အမှိုက်ပုံ ဆိုလို့ မင်္ဂလာဒုံက ရှိရှိသမျှ
အမှိုက်ပုံတွေကို လိုက်ရှာတော့ တစ်နေရာမှာ သွားတွေ့သည်။ ကလေးကို
ဗိုလ်မှူးတစ်ယောက်က မွေးစားတော့မည် ဆိုသောကြောင့် တောင်းတောင်းပန်ပန်ဖြင့်
ပြန်ခေါ်ခဲ့ရ၏။ အဲဒီကတည်းက အိသက်နိုင် အမေဆီ ပြန်မရောက်တော့။ ကိုသိန်းနိုင်နှင့်
မထားကြည် ပြန်အဆင်ပြေပြီး အငယ်နှစ်ကောင်မွေးသည်အထိ အိသက်နိုင်က အဘိုးမှအဘိုး။
အဘိုးလက်ပေါ်တွင်ကြီးကာ အဘိုးရဲ့ ပုဆိုးစကိုဆွဲလို့ အဘိုးသွား ရာနောက်
တကောက်ကောက်ပါခဲ့သည်။
အိသက်နိုင်
ကျောင်းနေတော့ အဘိုးလည်း အသက်ကြီးလှပြီ။ အဘိုး၏သားသမီးများ ဖြစ်ကြသော
ကိုသိန်းနိုင်၏ညီအစ်ကို မောင်နှမများက အဘိုးပင်ပန်းလှသည်ဆိုကာ အိသက်နိုင်ကို
သူ့မိဘများဆီ ပြန်ပို့သည်။ ခုနစ်နှစ်အရွယ် ကလေးငယ် ကလေးက ဒဂုံတောင်မှ
သင်္ဃန်းကျွန်း အဘိုးအိမ်ကို ရောက်အောင် ပြန်ပြေးလာသည်။ အဲဒီကတည်းက
ဒီမြေးနှင့်ဒီအဘိုးကို ခွဲမရမှန်း အားလုံး သဘောပေါက်လိုက်ကြသည်။
□
ကိုသိန်းနိုင်အကြောင်းကလည်း
မပြောလို့မဖြစ်။ မထားကြည် ပါးစပ်ဆိုးသလောက် စရိုက်ကြမ်း သလောက် ကိုသိန်းနိုင်က
အံ့သြစရာကောင်းလောက်အောင် သိမ်မွေ့နူးညံ့လှ၏။ သူတို့နှစ်ယောက် ဘယ်လိုညားသလဲ
ဆိုတော့ ဖူးစာလို့ပဲ ပြောရမည်ထင်သည်။ ကိုသိန်းနိုင် ကံကောင်းသည်။ မယားဖြစ် သူက အလွန်ချစ်သည်။
မျက်နှာနုနုဖတ်ဖတ်ကလေးနှင့်၊ အိမ်ကများ ထွက်သွားပြီဆိုလျှင် လူပျိုလေးလား
ထင်ရအောင် သန့်ပြန့်လို့နေသည်။ ကြော့မော့နေသည်။ ဘာအလုပ်မှ လုပ်စရာမလို။
မလိုလောက်အောင်လည်း မထားကြည်က စီးပွားအရှာကောင်းသည်လေ။ မထားကြည်ကတော့
ဒီလိုယောကျ်ားချောချော ရထားတာကို ဂုဏ်ယူလို့မဆုံး။ သဝန်တိုလိုက်ရတာလည်း အမော။
အရိပ် ကြည့်လို့မဝ။ မိန်းမကိစ္စကလွဲလျှင် ကိုသိန်းနိုင်ဘာလုပ် လုပ်ခွင့်လွှတ်သည်။
ကိုသိန်းနိုင်ကလည်း
တော်ပါသည်။ မိန်းမကိစ္စ ရှင်းသည်။ ဆေးလိပ်၊ အရက် လုံးဝမသောက်။ တစ်ခုပဲ သူ့ဝါသနာက
လောင်းကစား။ ဒါလည်း ဖဲရိုက်တာမျိုး မဟုတ်။ လက်ဖက်ရည်ဆိုင်မှာ
အာပေါင်အာရင်းသန်သန်နှင့် ဆွေးနွေးမည်။ အတိတ်ပေးသူများနောက် လိုက်မည်။ ပြီးတော့
သူ့ဝါသနာက ဤမျှသာ။ ပိုက်ဆံကုန်တော့ မယားဆီက တောင်းမည်ပေါ့။
ဒီလိုနှင့်
သူတို့လင်မယား တစ်နေ့တစ်နေ့ အဆင်ချောလို့။
□
အဘိုးဆုံးပြီဆိုတော့
အိသက်နိုင်အတွက် ကမ္ဘာပျက်ပြီ။ သူ့မှာအားကိုးရာမဲ့ပြီပေါ့။ သူ့ကို စောင့်ရှောက်သူ၊
ကာကွယ်သူ အဘိုးမရှိတော့ပြီ။ အဘိုးရှိစဉ်က အိသက်နိုင် ဘာလုပ်လုပ် တင့်တယ်သည်။
အိသက်နိုင်ကို ဘယ်သူကမှ မဆူရဲ၊ မရိုက်ရဲ။ ရှေ့မှာ အဘိုးရှိနေသည်လေ။ ခုတော့
အိသက်နိုင် မျက်နှာငယ်လှသည်။ သူ့မှာနေစရာ မရှိ။ ဦးလေး၊ အဒေါ် အပျိုလူပျို
များကလည်း သူ့ကို ဆက်လက်မခံလိုကြတော့။ ဒီတော့ သူ အမေ့အိမ်ပြန်ရုံပေါ့။
ကိုသိန်းနိုင်ကတော့ အပူအပင် ကင်းသူပီပီ ဘာမှမပြော။ အိသက်နိုင် ပြန်လာမယ်ဆိုလည်း
လာပေါ့။
မထားကြည်ကတော့
အိသက်နိုင်ကို ကြည့်မရ။ အိသက်နိုင်ကို ပျော့သည်ဟု အမြဲကြိမ်းသည်။
'အငယ်မ အိပုတ်ကမှ ငါ့သမီး။ ငါနဲ့တစ်ပုံစံတည်းပဲ။
သွက်မှသွက်။ လည်လိုက်တာလည်း မွှတ်နေတာ။ အိသက်နိုင်က ငတုံးမ။ သူများ
လုပ်သမျှခံခဲ့မယ့် ကောင်မ'
အဲဒီလို
အမြဲပြောတတ်သည်။ အိသက်နိုင်ကလည်း သူ့အမေကို ကြည့်မရပါ။ အဘိုးနှင့်အဖေ့ဘက်မှ ဦးလေး၊
အဒေါ်များနှင့် ကြီးပြင်းခဲ့ရသောကြောင့် အိသက်နိုင်က နူးညံ့သည်။ သိမ်မွေ့သည်။
သူ့အမေပြောသည့် စကားများက သူ့အတွက် ထူးဆန်းနေသည်။ မထားကြည်တို့က တစ်ယောက်နှင့်
တစ်ယောက် လှမ်းနှုတ်ဆက်တာတောင် အဆဲလေးနှင့်။ အိသက်နိုင် နားရှက်လှသည်။
အငယ်နှစ်ကောင်ကလည်း ဆဲလိုက်သည်မှာ မိုးကိုမွှန်လို့။ အဲဒါကို အမေလုပ်သူက ဘာမှမပြော။
သဘောကျနေသည်။ အငယ်နှစ်ကောင်များ ကစားရာက သူများကို နိုင်လာသည်ဆိုလျှင်
သူများမိဘနှင့် ဆီးရန်ဖြစ်ပြီး သူ့သားနှင့် သမီးတို့အတွက် ဂုဏ်ယူနေတတ်သည်။
သူ့အမေကို သူ နားမလည်။
အဘိုးကို
လွမ်းသည်။ အဘိုးကိုတော့ အမေက ကြောက်၏။ အဘိုးက မထားကြည်ထက် နှစ်ဆ ကြမ်းပြ၊ ရမ်းပြ၊
ဆဲပြနိုင်သည်လေ။ အဘိုးရှိစဉ်က မထားကြည် အိသက်နိုင်ကို လက်ဖျားနှင့်တောင်
တို့ခွင့်မရ။ အခုတော့ သူအရိုက်မခံရသည့်နေ့ မရှိ။ အဖေ့ရှေ့မှာတော့ သိပ်မရိုက်ပါ။
ဒါပေမယ့် အဖေကလည်း အိမ်မှာ တစ်နေကုန် မရှိပါ။ မနက်မိုးလင်းတာနှင့် အမေ့ဆီက
ပိုက်ဆံတောင်းပြီး ထွက်သွားလိုက်တာ ညဘက် အိသက်နိုင်တို့ အိပ်မောကျနေချိန်မှ
ပြန်လာတတ်သည်။ တစ်ခါတလေတော့ နေ့ခင်းဘက် ပြန်လာပါသည်။ အဲဒီနေ့မျိုးဆို မထားကြည်တို့
ပျော်လို့မဆုံး တပြုံးပြုံးပေါ့။ ဒါပေမယ့် အဲဒီလိုနေ့မျိုးက ကိုသိန်းနိုင်
ပိုက်ဆံအရေးတကြီး လိုသောနေ့။
'ထားကြည်၊ ငါ့ ပိုက်ဆံ နှစ်သောင်းလောက် ပေးစမ်း'
'ဘာလို့ပေးရမှာလဲ။ နင့်မယားငယ် သွားပေးမလို့လား'
'အပိုတွေမပြောနဲ့ဟာ။ ပေးမှာလား၊ မပေးဘူးလား'
'မပေးဘူး ဆိုရင်ကော'
'ရတယ်လေ'
အဲဒီလိုပြောပြီး
ကိုသိန်းနိုင်က အပြင်ပြန်ထွက်ဖို့ ပြင်လျှင် မထားကြည် မနေတတ်တော့။
'ဘယ်သွားမလို့လဲ။ ရော့ရော၊ ဒီမှလာယူ။ တကတည်း ပိုက်ဆံလိုချင်တဲ့သူကပဲ
စိတ်ဆိုးရသေး တယ်' ဆိုပြီး မထားကြည် ပိုက်ဆံထုတ်ပေးရပြီ။
'ဟဲ့...နောက်ဖေးမှာ ကြက်သားပြုတ်ကြော် ရှိတယ်။
ထမင်းစားသွားဦး'
အဲဒီလိုနဲ့
မထားကြည်က ကိုသိန်းနိုင်ကို ချော့ရသည်။ ဒါမျိုးက သူတို့အိမ်မှာ မကြာခဏ ဖြစ်နေကျ။ အိသက်နိုင်ကတော့ အဲဒီလိုအခါမျိုးမှာ
အမေ့ကို သနားသလို ဖြစ်မိသည်။ ဒါပေမယ့် အမေ့ရဲ့ ချိုသာမှုများက အဖေ
အပြင်ပြန်ထွက်သွားသည်နှင့် ကြက်ပျောက်ငှက်ပျောက်။ အဖေကလည်း အမေ့စရိုက်ကို
စိတ်ပျက်နေပုံရ၏။ ဒါကြောင့်လည်း တစ်နေကုန် သူ လုပ်ချင်ရာလုပ်ပြီး
လျှောက်သွားနေတာလို့ ထင်သည်။ အိမ်မှာကလည်း နေချင်စရာမှ မရှိပဲလေ။ မထားကြည်တို့
မောင်နှမအားလုံးက ဈေးသည်တွေ။ ငါးရောင်းသူက ရောင်း။ ပန်းရောင်းသူက ရောင်း။
ရာသီပေါ်သီးနှံရောင်းသူက ရောင်းသည်။ အားလုံး၏စရိုက်က တစ်ပုံစံတည်း။
မထားကြည်တို့အိမ်က ဈေးနားမှာဆိုတော့ မနက်ဈေးထွက်ပြီး ညနေခင်း ဈေးပြန်မထွက်ခင်မှာ
သူတို့ အားလုံး မထားကြည်တို့အိမ်မှာ လာနားကြသည်။ ကြွက်ကြွက်ညံနေသော စကားသံ
များကြားမှာ အဆဲလေးများ က ကြိုကြားကြိုကြား၊ သာယာနေတတ်၏။ အဲဒီလိုနေရာမျိုးမှာ
ကိုသိန်းနိုင်မပြောနှင့်။ အိသက်နိုင်လို ကလေးပင် မနေချင်။ စကားတွေဖောင်ပြီးရင်တော့
အိပ်ကြပြီ။ မနက်အစောကြီး ထထားရတာဆိုတော့ အားလုံးကုလားသေ၊ ကုလားမော၊
ပိုးလိုးပက်လက်၊ ဟိုတစ်ယောက်၊ ဒီတစ်ယောက်။ သူစိမ်းတစ်ယောက်များ ဝင်လာလျှင်
အမှန်ပင် စိတ်ပျက်စရာ။
အမေကိုယ်ဝန်ရှိပြီ
ဆိုတော့ အိသက်နိုင် ပျော်လိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ အမေကိုယ်ဝန်ရှိလို့
ပျော်ခြင်းမဟုတ်ပါ။ အမေ့ဗိုက်ထဲက ကလေးကို အဘိုးဝင်စားတာဟု ပြောကြသောကြောင့်
သူပျော်သည်။
'သေချာတယ်။ ဒါ ဦးဝင်းကြည်ပဲ။ ဦးဝင်းကြည်က
သူ့မြေးကို သိပ်ချစ်တာ။ ဘယ်မှသွားမှာ မဟုတ်ဘူး။ သူ့မြေးဆီပဲ လာမှာ'
အဲဒီလို
ထင်ကြေးတွေ ပေးကြတော့ အိသက်နိုင်တစ်ယောက် စိတ်ညစ်တာတွေ၊ စိတ်ပျက်တာတွေ ခဏမေ့
လျော့သွားသည်။ ညတိုင်းလည်း ဆုတောင်းလိုက်ရတာ အမော။ အမေ့ဗိုက်ထဲက ကလေးလေးဟာ တကယ်ပဲ
အဘိုးဖြစ်ပါစေလို့ ဆုတောင်းသည်။ အဲဒီတော့မှ အမေ့ကို နိုင်တဲ့သူ ပေါ်လာမှာလေ။
အဘိုးက အိသက်နိုင်ကို ဘယ်သူ့အထိမှခံတာ မဟုတ်ဘူး မဟုတ်လား။ အိသက်နိုင်
ကိုယ့်အတွေးနဲ့ကိုယ် ပျော်လွန်းလို့ အလုပ်လုပ်ရတာကို ပင်ပန်းသည် မထင်တော့။
အမေ့ကိုယ်ဝန်ရင့်လာလေ အိသက်နိုင် ပင်ပန်းလေဖြစ်သည်။ ခါတိုင်းဆို အမေက မနက်ဈေးကော၊
ညဈေးပါ ထွက်သည်။ ခုတော့ အမေ မနက်ဈေးပဲ ထွက်နိုင်တော့သည်။ ညနေဈေးကို အိသက်နိုင် တစ်ယောက်တည်း
ထွက်ရသည်။ ဈေးရောင်းရာက ပြန်လာလို့ ဝင်ငွေက စံချိန် မမီလို့ကတော့ သေဖို့သာပြင်
ဆိုတာမျိုး။
တကယ်တော့
အိသက်နိုင် ဈေးရောင်းရတာ ပျော်စပြုနေပြီ။ ကုန်စိမ်းက အမြတ်များသည်။ မထားကြည်
တစ်နေ့ဈေးမထွက်ရ မနေနိုင်တာလည်း မဆန်းလှ။ အိပုတ်လေး မွေးတုန်းကများ မွေးပြီး
တစ်ပတ်ဆယ်ရက်နှင့် ကလေးဈေးဗန်းထဲချသိပ်၊ ဈေးရောင်းထွက်ခဲ့တာ။ ဒါကြောင့် သူက
အခုအိသက်နိုင်ကို အသေအကြေ မောင်းနေခြင်းဖြစ်သည်။ ဒါမှ သူမွေးဖွားနေချိန်
အရှိန်မပျက် ဆိုင်ထွက်နိုင်မှာ မဟုတ်လား။ ဒီကြားထဲ နေ့ပြန်တိုး ကိစ္စတွေ၊
ကုန်ချငွေယူကိစ္စတွေကိုလည်း သင်ရသည်။ ဒညင်းသီး၊ သရက်သီး၊ ဒူးရင်းသီးများကို
ကြည့်တတ်အောင် သင်ပေးရသည်။ အိသက်နိုင်တောင် အတော်ကျွမ်းကျင်နေပြီ။
'အဘွားရေ...ဂေါ်ဖီထုပ်တွေ တစ်ထုပ်မှ
ခုနစ်ဆယ်ပဲပေး၊ ယူသွားပါ အဘွားရဲ့။ သမီးက အဘွား မို့လို့ ပေးတာနော်'
'ခရမ်းချဉ်သီးလား။ သုံးဆယ်သား တစ်ရာနဲ့ယူ
သွားတော့။ ရော့ အစ်မ၊ ငရုတ်သီးစိမ်းပါ အဆစ်ထည့် ပေးလိုက်မယ်။ မနက်ခင်းဆို မရဘူး
အစ်မရဲ့'
အဲဒီလိုတွေ
ပြောတတ်၊ ရောင်းတတ်နေပြီ။ ရုပ်ကလေး သနားကမားနဲ့ ကလေးသာသာ အရွယ်ကလေးမို့ ချစ်ပြီး၊
သနားပြီး ဝယ်သွားကြတာ များသည်။ အလုပ်က သင်သည်ပဲ ပြောပြော ရောင်းအားကောင်းလာတော့
အိသက်နိုင် ဈေးမှာ ပျော်တတ်လာပြီဖြစ်၏။
မထားကြည်
ဗိုက်နာတော့ နာနေသည့်ကြားက သူ့ သမီးကို မှာသည်။
'အိသက်နိုင်၊ ငါ့လာ မကြည့်နဲ့ သိလား။ ဈေးရောင်း
မပျက်စေနဲ့နော်။ အား...အောင်မလေး...ဟဲ့ ဟိုကောင်မတွေဆီလည်း ကျွတ်ကျွတ် ကြွေးမှန်မှန်သွားတောင်းဦး။
အား...နာလိုက်တာ ကျွတ်ကျွတ်'
အဲဒီလိုနဲ့
ဆေးရုံသာ ထွက်သွားသည်။ ကိုသိန်းနိုင်က အနားမှာမရှိ။ နောက်မှ ကုလားကို လိုက်ရှာခိုင်းပြီး
လိုက်သွားခိုင်းရ၏။
မထားကြည်
အသက်က လေးဆယ်သီသီစွန်းနေပြီ ဆိုတော့ ရိုးရိုးမွေးဖို့ အားမပြည့်။
ဗိုက်ခွဲမွေးလိုက်ရသည်။ အမေက မလာပါနဲ့ ပြောထားသော်လည်း အိသက်နိုင် မနေနိုင်။
နေ့လည် အားတဲ့အချိန် တစ်ရေးမအိပ်ဘဲ အမေ့ဆီသွားသည်။ အမေက သူတို့အတွက် ညီမလေးတစ်ယောက်
မွေးပေးထားသည်။
'ရော့...အမေ ဒါက နေ့ပြန်တိုးတွေ ကောက်ထားတာ။ ဒါက
ကုန်စိမ်းကြွေးတွေ။ ဒေါ်တရုတ်မကတော့ မနက်ဖြန်မှ ယူပါတဲ့။ ကျန်တာတော့ အကုန်ရခဲ့တယ်။
သမီး မနေ့ညနေက ရောင်းထားတာလည်း သုံးထောင်ရတယ်'
'အေး...အေး'
မထားကြည်
ဒီလောက်ပဲ ပြန်ပြောနိုင်သည်။ အားက သိပ်မရှိချင်သေး။ အိသက်နိုင် သူ့အမေကို
ကြည့်ပြီး စိတ်မကောင်း။ ခါတိုင်း ဒေါ်တရုတ်မက မပေးလိုက်ဘူး ဆိုတာနှင့် ဒေါက်ခနဲ
သူ့ ခေါင်းကို ခေါက်ပြီးသား။ မထားကြည်
အိသက်နိုင်ကို ကြည့်ပြီး ဝမ်းနည်းလာသည်။ ဒီသမီးအပေါ် သူ အတော်ဆိုးခဲ့မိသည်လေ။
ခုတော့ ဒီသမီးကိုပဲ အားကိုးနေရပြီ။ ကိုသိန်းနိုင်ကတော့ အနားမှာ မရှိ။ အိသက်နိုင်၏
လက်ကလေးကို သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ အိသက်နိုင် သူ့အမေကို တအံ့တသြ ကြည့်မိ၏။
ကြည့်စမ်း သူ့အမေရဲ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့။
သူ့ညီမလေးဟာ
အဘိုး ဟုတ်သလား၊ မဟုတ်ဘူးလား သူ မဆုံးဖြတ်တတ်ပါ။ ပြောဖို့ သိပ်ငယ်သေးသည် ထင်သည်။
လောလောဆယ်တော့ အိသက်နိုင် သူ့အမေကို သနားသည်။ သူ့ခမျာ ကလေးမွေးထားလို့
အားငယ်နေချိန် အနားမှာ ဘယ်သူမှ မရှိ။ သူလည်း နေမပေးနိုင်။ ညနေ ဈေးထွက်ရဦးမည်။
အမေ့အပေါ် အနိုင်ယူစိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီ။ ဒီညီမလေးဟာ
အဘိုးဟုတ်ဟုတ် မဟုတ်ဟုတ် သူ့အတွက် သိပ်အရေးမကြီးတော့။ သူဈေး ရောင်းကောင်းမှ
ဖြစ်မည်။
□
ဒီတစ်ခါတော့
မထားကြည် သိပ်မပေတော့။ အိမ်ထဲမှာ လေးဆယ့်ငါးရက်ပြည့် အောင်နေသည်။ သူ
အိမ်ထဲနေစဉ်အတွင်း အိသက်နိုင်က အကွက်စေ့စွာ လှုပ်ရှားထားသည်။ စိတ်အေးလက်အေး နားမည်ဆိုက
နားနိုင်သော်လည်း ဈေးထွက်ချင်သည့် အာသီသကြောင့် လေးဆယ့်ငါးရက်ပြည့်တာနှင့်
ကလေးပိုက်ပြီး အိသက်နိုင်ရှိရာ ဆိုင်သို့ ထွက်ခဲ့သည်။
ဆိုင်ရှိရာ
လမ်းလေးကို မချိုးကွေ့မီ ထိပ်မှာပင် ဆူညံသံများကို ကြားလိုက်ရသည်။
'လူပါးမဝနဲ့ ကောင်မ၊ ဘာမှတ်လဲ၊ ပါးကျိုးသွားမယ်။
ဒီမှာ ကလေးဆိုပြီး အနိုင်ကျင့်မယ် မကြံနဲ့။ ကျုပ်ထားကြည်ရဲ့သမီးတော့ သိရဲ့လား။
ဘယ်သူ့မှကို မကြောက်လို့ တစ်ယောက်တည်း ဈေးလာထွက်နေတာ'
'အောင်မယ်လေး... အောင်မယ်လေး၊ လက်တောက်လောက်ကလေးက
ကြည့်စမ်း၊ လာ နင်နဲ့ငါ ချမလား။ နင့်အမေ မပြောနဲ့၊ နင်တို့တစ်ဆွေလုံးတစ်မျိုးလုံး
မကြောက်ဘူးဟေ့ သိပြီလား'
အော်ဟစ်ရန်ဖြစ်နေရာသို့
မထားကြည် စွေ့ခနဲ ရောက်သွားသည်။ ပြီးတော့ အိသက်နိုင်ရဲ့ ရန်ဖြစ်နေသော
ပဲပင်ပေါက်သည်မဘက်ကို လှည့်ကာ အားနေသောညာလက်ဖြင့် ပါးကို ဖျောင်းခနဲ
ဆော်ထည့်လိုက်သည်။ ပဲပင်ပေါက်သည်က အံ့သြတကြီး ဖြင့်...
'ဟင်...အစ်မ မထားကြည်'
'အေး...ငါပဲ၊ ဒီမှာ ငါ့သမီးကို ဗိုလ်ကျမယ်
မကြံနဲ့၊ အဲဒါ အမြည်းပဲရှိသေးတယ် မှတ်ထား'
'မဟုတ်ရပါဘူး အစ်မရယ်။ ကျွန်မ ဗိုလ်ကျတာ
မဟုတ်ပါဘူး။ သူက ဗိုလ်ကျတာပါ။ ကျွန်မနေရာကို တစ်တောင်လောက် ခိုးထားတာ မတွေ့ဘူးလား'
'အောင်မာ၊ ငါ့သမီးကိုများ နင်က
သူခိုးယိုးချင်သေးတယ် ဟုတ်လား။ ကောင်မတွေ ငါမရှိတုန်း...'
တရစပ်
ထွက်ပေါ်လာသော မထားကြည်၏ပါးစပ် ကျည်ဆံများကြောင့် ပဲပင်ပေါက်သည် ငြိမ်ကုတ်သွားသည်။
မထားကြည်က ကလေးကို ပြင်ချီပြီး အိသက်နိုင်ဘေးတွင် စွေ့ခနဲဝင်ထိုင် လိုက်သည်။
မျက်နှာကို ချီပြီး ကလေးနို့ထိုင်တိုက်ကာ သူ့သမီးအတွက် ဂုဏ်ယူမဆုံး ဖြစ်နေ၏။
'ဒါမှ ငါ့သမီး' လို့လည်း
ပါးစပ်က ပြောလိုက်သေးသည်။ အဲဒီအချိန်မှာ အိသက်နိုင်က ပဲပင်ပေါက်သည်
ဘက်ကိုမျက်စောင်းတစ်ချက်ထိုးကာ လည်ပင်းလေးကို ဆန့်ထုတ်ပြီး အော်လိုက် သည်။
'ဂေါ်ဖီထုပ်တွေ၊ ခရမ်းချဉ်သီးတွေ လတ်တယ်နော်၊
လတ်တယ်။ ပုပ်နေတဲ့ ပဲပင်ပေါက်တွေကို အကောင်းဆိုပြီး ညာရောင်းနေတာ မဟုတ်ဘူး'
ပြီးတော့ မတိုင်ပင်ဘဲ သူတို့သားအမိနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အားရပါးရ အော်ရယ်လိုက်ကြသည်။ အဲဒီနေ့က မထားကြည် သူ့ သမီးကြီးကို အရိုက်အရာ လွှဲပြောင်းပေးအပ်တဲ့နေ့၊ အိသက်နိုင် သူ့အဘိုးကို မေ့လျော့နေမိသော နေ့လည်း ဖြစ်သည်။
▀
တူးတူးသာ
(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်