ရွှေဝတ္ထု

အရပ်ထဲက ပြောလှပါပြီ ဒီပွဲရူးကြောင့်ခက်ရချည်ရဲ့

လင်းထင်

01 November 2024
အရပ်ထဲက ပြောလှပါပြီ ဒီပွဲရူးကြောင့်ခက်ရချည်ရဲ့
Share to

            အပေါ်မှ စီးမိုးကြည့်လိုက်လျှင် သမိုင်းလမ်းကလေးသည် ကွေ့ကွေ့ကောက်ကောက်။ အဲသည်ကွေ့ကောက်ကောက် လမ်းကလေးပေါ်မှာ နှစ်ချို့ကုက္ကိုပင်ကြီးတွေက စိမ်းစိမ်းညိုမှောင်လျက် အုပ်ဆိုင်းထားသည်။  နေပြောက်ပင်မထိုးသော မြေနီလမ်းကလေး။ လမ်းကလေး၏ တစ်ဖက်အဆုံးမှာ သမိုင်းလမ်းဆုံရှိ၍ သမိုင်းလမ်းဆုံ၏ အမှတ်အသားက ရေနံချေးဝ၍ မည်းပြောင်နေသော ရဲစခန်းလေးဖြစ်သည်။ သမိုင်းလမ်းဆုံ၏ အနောက်ဘက်မှာတော့ သမိုင်းဘူတာ၏ ရထားသံလမ်းက လမ်းကလေးကို နှုတ်ခမ်းသတ်ပေးလိုက်သည်။ ထိုသံလမ်း၏ အနောက်ဘက်မှာကား ရှည်လျားစွာသော သမိုင်းကြောင်းကို ဖြတ်သန်း၍ နေသော လှိုင်မြစ်။ လှိုင်မြစ်သည် ထန်းတပင်တိုက်ပွဲကို ငေးမောကြည့်ခဲ့ဖူးသည်။ တောင်သူလယ်သမားကြီးတို့၏ ကိုလိုနီတံပိုးအောက်မှ ငန်ပျပျ ချွေးစက်တွေကို ပန်းလျစွာ လက်ခံခဲ့ရဖူးသည်။ လှိုင်မြစ်သည် သက်မဲ့သက်သေ။ သူလက်ခံခဲ့ရသော ချွေးစက်များသည် ဧရာဝတီ၊ ယန်စီ၊ ဘော်လဂါ၊ ဂင်္ဂါမှ ကမ္ဘာ့ပြည်သူတို့၏ ချွေးစက်များနှင့်အတူ ဂလိုဘယ်သမုဒ္ဒရာထဲကို ပေါင်းဆုံ၍ စီးဆင်းသွားသည်။ နေ့လယ်နေသည် အုံ့ဆိုင်းနေသော မိုးတိမ်များအောက်မှ ခဏတာမျှ ငြိမ်းအေးသွားသည်။ ရှမ်းချောင်းဘက်ကမ်းမှ ကူးလာသော ဦးကြီးတစ်ယောက်က ခေါင်းပေါင်းတဘက်ကို ဖြုတ်ကာ ချွေးသုတ်ရင်းမှ ပြောလိုက်သည်။

            'ပွဲလေးတစ်ခါ ကြည့်ရဖို့အရေး လခွီးတဲ့မှ...'

            'ကဖိုးခင်နှယ်.. ဘယ်နှယ့်ခုမှ ညည်းရသတုံး။ သမိုင်းဘက်ကမ်းတောင် ရောက်နေမင့်ဟာ...'

            ပြောလိုက်သူက ဦးဖိုခင် ၏ဇနီး မမယ်လှဖြစ်သည်။ ထိုစဉ် မြစ်ပြင်ပေါ် ဖြတ်တိုက်လာသော လေပြည်က သိမ့်ခနဲ ဝှေ့လိုက်သည်။ အဝေးဆီမှ ရိုးပြတ် မီးရှို့ထားသောရနံ့များက လေပြည်ထဲမှာ ရောယှက်စီးမျောလာသည်။ ဟိုးအဝေးမှာက ဂျပန်ချောင်း၏ အနားသတ်မျဉ်းသဖွယ် စိမ်းစိမ်းစိုစိုမြင်နေရသော လမုပင်နှင့် ခရာတောများ...။ အောက်ပြည်အောက်ရွာ...ရေချို၊ ရေငန်စပ်ချောင်းမြစ်တွေမှာက  ခရာနှင့်လမုက မင်းမူထားတတ်သည်။ စူးကလေးတွေနှင့် လိပ်ပြာတောင်ပုံသဏ္ဏာန် ရှိနေသော ခရာပင်အရွက်များက 'မုဆိုးခြေထောက် ဆူးမကြောက်' ဆိုသော သူများကို စိန်ခေါ်တတ်သည်။ ခရာပင်က အရိုးတံမှာရော၊ အရွက်မှာပါ ဆူးတွေရှိသည်။ ထိကရုံးလို မြေကပ်ဆူးပင် မဟုတ်။ ခရာတောထဲ တိုးဝင်သွားလျှင် အကျႌတွေ စုတ်ပြဲသွား၍ ကျောပြင်နှင့် တစ်ကိုယ်လုံးမှာ သွေးချင်းချင်းရဲသွားတတ်သည်။ သမိုင်းဘက်ကမ်းတောင် ရောက်လာမှဟု ပြောသော ဒေါ်မယ်လှက ရှမ်းချောင်းရွာ တစ်ဖက်ကမ်းမှသည် မြစ်စပ်သို့ အဆင်းမှာ ခရာတောကို တိုးခဲ့ပြီးပြီ။ သူ့ကလေးတွေကို ဟဲ့...ဒီခရာကိုင်း ငါကိုင်ထားတုန်း လာခဲ့ကြ၊ ဘာမှတ်သတုံး၊  ခရာရိုးကန်လိုက်လျှင် မျက်လုံးကန်းသွားမယ်။ ဘာမှတ်သလဲ။ ဒေါ်မယ်လှ၏ တစ်ကျိပ်နီးနီး ပုစုခရုတွေက ကုန်းသူကုန်း၊ ကွသူကွဖြင့် ခရာတောကိုဖြတ်ကာ လှေပေါ် ရောက်ခဲ့ကြရသည်။ သည်ဘက်ကမ်းရောက်သည့်တိုင် ခရီးက မပြီးဆုံးသေး။ ကဖိုးခင်၊ ဒေါ်မယ်လှတို့၏ ဦးတည်ရာပန်းတိုင်သည်ကား လွန်စွာကြီးကျယ်၍ လွန်စွာ ခမ်းနားလှသော ရည်ရွယ်ချက်ကြီးတစ်ခုဖြစ်သည်။ အနှီ ဦးတည်ရာ ရည်ရွယ်ချက်ကြီးရှိရာ နေရာဌာနသို့ ရောက်ရန် နောက်တစ်ဆင့် ဆက်ရန် ရှိနေပေသေးသည်။ သို့သော် မမှု။ ကဖိုးခင်က အောင်မြင်ထည်ဝါသော အသံသြကြီးဖြင့် တစ်ကျိပ်နီးနီး သားသမီးတို့ကို လှည့်၍ ပြောလိုက်သည်။

            'ဟိုးမှာ..မြေကတုတ်တွေကြားက ပျပျမြင်ရတဲ့ တဲ ကလေးတွေ့လား။ အဲဒါ.. ဖိုးရွှေချိန် တဲပဲ။ နွားကောက်ပြီး လှည်း 'က'လိုက်ရုံပဲ... ကဲ...'

            တစ်ကျိပ်နီးနီး သားသမီးတို့က မြေကတုတ်ကြားမှ ပျပျမြင်နေရသော တဲပုလေး တစ်လုံးဆီကို ပြိုင်တူကြည့် လိုက်ကြသည်။ အဲသည် တဲရှင်က ဖိုးရွှေချိန်တဲ့။ သူတို့ အဖေ မိတ်ဆွေတဲ့။ နွားကောက်ပြီး လှည်း 'က' ရုံ ပဲတဲ့။ ကလေးတို့ ခြေလှမ်းတွေက ရိုးပြတ်တွေကြားမှာ၊ ပပ်ကြားအက်တွေကြားမှာ သွက်လက်နေသည်။ နေရောင်သည် ပူပူကျဲကျဲ...။

            ဒေါ်မယ်လှက ပြောင်းဖူးဖက်ဆေးလိပ်  တစ်တောင်လောက်ကို ဖွာကာ တဘက်ကလေး ခေါင်းပေါ် တင်ကာ လသာညမှာ လမ်းလျှောက်သလို ဇိမ်ခံ၍ လျှောက်နေသည်။ ကဖိုးခင်က ရုတ်တရက် နောက်လှည့်ကာ ဒေါပွသွား၏။

            'ကတည်းဗျာ ... ပြောင်းဖူးဖက်ကလေးများ ကမ်းမလားမှတ်တယ်၊ ငေါ့လို့ပဲ မပြီးဘူး...'

            ဒေါ်မယ်လှက လက်ညှိုးကို တံတွေးဆွတ်ကာ ပြောင်းဖက်ဆေးလိပ်ကို မီးညီအောင် တို့နေ၏။

            'တော့်မလဲ ရုပ်သေးကျ ဖွာစမ်းပါလိမ့်...'

            နွားခလောက်သံတွေ ကဖုန်ထူထူလမ်းကြောင်းပေါ် မှာ ဆူညံလျက်ရှိသည်။ လှည်းလမ်းက တစ်ကြောင်း တည်း။ အပြိုင်မောင်းနေကြတာက လှည်းတန်းရှည်ကြီး တစ်ခု..။ အပေါ်မှသာ စီးမိုး ကြည့်လျှင် ဧရာမ ကင်းခြေ မြားကြီးတစ်ကောင် ကသောကမျော သွားနေသလိုလို။ လှည်းမောင်းသူအပေါင်းကလည်း ပူရှရှ သြသဓကို မှီဝဲထားကြ၏။

            'ဟေ့...ရှေ့လှည်းက နပိန် (နွားပိန်) ခြေမသွက်ရင် ဘေးထွက်ကွ' ဖိုးရွှေချိန် က နောက်လှည်းပေါ်မှ စကားသံကြောင့် လှည်းပေါ် မတ်တတ်ရပ်လိုက်ကာ နွားကြိုးကို ခေါက်ခနဲ တစ်ချက်  ဆက်လိုက်သည်။

            'တိမ်ပြာနဲ့ တိုးလူတဲ့ကွ၊ ဝိသကြုံ ကြိုးစုံကိုင်လိုက်မယ်...တိမ်ပေါ်မှာ ဆိုင်မဟေ့...'

            ဖုန်လုံးတို့က အလိပ်လိုက်၊ အလိပ်လိုက် ထသွားသည်။ ဖိုးရွှေချိန်နားမှာ ကဖိုးခင်ကပါ မတ်တပ်ရပ်လိုက် သည်။ လှည်းပေါ်မှာက..

            'ဟဲ့...သောက်ပလုပ်တုပ်' ဟုဆိုကာ ဒေါ်မယ်လှက ပိုးလိုးပက်လက်။ အလှကညာ သားသမီးရတနာတို့က နွားလှည်း၏ ရံတိုင်ကို ကိုင်ကာ ဟေးခနဲ အော်လိုက်ကြသည်။ နောက်လှည်းကလည်း မီးတောက်အရှိန်ကလေးနှင့် အပြင်းလိုက်သည်။ သို့သော် ထိုလှည်းမှာက ရပ်ကြီးသူတို့ ပါလာကြသည်။ အပျိုကညာတွေလည်း ရပ်ကြီးသူလို ဟန်မူပိုမို မလုပ်နိုင်တော့။ လှည်းယဉ်လေလေ လှုပ်တယ်မေရဲ့။ သုတ်သုတ်ကလေးနှင်ရုံမျှလည်း မဟုတ်တော့...။ ရပ်ကြီးသူတို့၏ ဝိသကြုံက လှည်းလမ်းပေါ်မှ ဖယ်ထွက်ကာ ပပ်ကြားအက်ကြားမှာ အပြင်းနှင်၍ ကန်သင်းရိုးကို  ဒုန်းခနဲ ဆောင့်တိုးပစ်လိုက်သည်။ အလှဆင်ထားသော နွားလည်း လျှာထွက်၊ ရပ်ကြီးသူ အပျိုမတို့လည်း ထဘီစတွေ လန်ပြန်ကာ လှည်းပေါ်မှာ ပက်လက်။

            ဟည်းထနေသော လှည်းဝိုင်းကြီးကို ဦးဇင်းသောင်း နေရာချဆဲတန်းလန်းမှာပင် ကလေးတွေက ရိုးပြတ်တွေကြားမှာ သပေါ့ဖျာကို ခင်းလိုက်ကြသည်။ သူ့ နေရာ ကိုယ့်နေရာ ရန်ဖြစ်ကြသည်။ ရိုးပြတ်တွေက ထိုးထိုးထောင်ထောင်၊ လှည်းပေါ်မှ ခင်းလာသော ကျူဖျာတွေက အာလာဒင်ကော် ဇော်ပျံလို ကလေးတွေက ခေါင်းပေါ်ရွက်ရင်း၊ လက်ဖြင့်မရင်း ပလူပျံနေသည်။ ဦးဇင်းသောင်း စီမံထားသော အလယ်မင်းလမ်းလည်း ပျောက်သွားသည်။

            ကဖိုးခင်နှင့် ဖိုးရွှေချိန်တို့က ဇာတ်စင်ကို မြင်းခွာသဏ္ဌာန် ခြံရံထားသော လှည်းစခန်းနေရာမှာ နေရာချ၊ လှည်းဒေါက်ခွကိုထောက် ပြီးသည်နှင့် တိမ်ပြာနှင့် တိုးလူတို့ တစ်ရှဉ်းကို တစ်ယောက်တစ်ကောင်မက ခပ်လှမ်းလှမ်း ရိုးပြတ်ငုတ်မှာ  ကြိုးချီ၍ လှန်ထားလိုက်ကြသည်။ ပြီး..မယောင်မလည်ဖြင့် 'အမ်းမကြီး' ရှိရာ အရပ်ဆီသို့ ရောက်သွားကြသည်။ နေပူခဲပေါ့လကွာဟု ဆင်ခြေပေးရင်း ပူရှပူရှ ကလေးကို အရသာခံလိုက်ကြသည်။ ခပ်ထွေထွေ ကလေးနှင့်ပင် သူ့နောက်က ရပ်ကြီးသူ အပျိုမတို့ လှည်းပေါ်မှာ ထဘီစတွေ လန်ပြန်ကာ ပိုးလိုးပက်လက်ဖြစ်ကြပုံကို စားမြုံ့ပြန်ကာ ရယ်ပွဲဖွဲ့လိုက်ကြသည်။ ကဖိုးခင်က ပို၍ ပို၍ အာသွက်လာကာ 'အမ်းမကြီး' ဆိုင်ကအပြန်မှာ တေးတကြော်ကြော် အော်ဆိုနေတော့သည်။

            'ရပ်ကြီးသူတို့ ဟန်မူ ပိုမို...နေညိုညချမ်းမှာနော်ဗျာ ...ဆင်မြန်း ဆင်မြန်းဆာပါ ...'

            'အလင်္ကာကျော်စွာ.. ကဖိုးခင်တဲ့လား...'

            ဖိုးရွှေချိန်က နည်းနည်း မြှောက်ပေးလိုက်သည်။

            'ခစားနေတာ ငယ်ကျွန်ကြီးလားကွဲ့...'

            'တော်ကွာ...၊ လှည်းနဲ့လည်း ပို့ရသေးရဲ့၊ ငယ်ကျွန်ကြီးလည်း အခေါ်ခံရ သေးရဲ့၊ လခွီးတဲ့မှ...'

 

            တန်ဆောင်မုန်းလပြည့် ညသည် လှလှပပကြီး သာလျက်။ ရုပ်သေးပွဲမထွက်မီ လှည်းဝိုင်းတွေဆီမှာက ရေနံ မီးခွက်ရောင် တလက်လက်။ လှည်းဝိုင်းကြီးက သမိုင်းတစ်ကြောမှ လယ်သမား၊ ယာသမားတွေသာမက အင်းစိန်၊ ကျိုက်ဝိုင်း၊ မရမ်းခြံ၊ သမိုင်းကုန်း၊ ကျိုက္ကလာဘက်မှပါ ဆိုင်းသံကြားရာဆီသို့ ရောက်လာကြကာ နှစ်ထပ်လှည်းဝိုင်း ဖြစ်သွားသည်။ ဒေါ်မယ်လှက လှည်းအနီးမှာပဲ မြေအိုးတစ်လုံးနှင့် ရေခမ်းထမင်းချက်ပြီးသွားပြီ။ ငါးရံ့ခြောက် နှစ်ပြားမီးဖုတ်ကာ ကလေးတွေကို ထမင်းရေဆမ်းကျွေးပြီးသွားပြီ။ ပြီး.. လင်တော်မောင်က ဖိုးခင်နှင့် ရုပ်သေးပွဲ ကြည့်ရင်း အရသာခံနိုင်ရန် ဆေးတောင်းကလေးထုတ်ကာ ပြောင်းဖက်ဆေးလိပ်လည်း လိပ်ပြီးသွားပြီ။

            ရုပ်သေးစင်ပေါ်မှာ နဖူးစည်းတပ်ပြီးချိန်ဝယ် ဆိုင်းဆင့်တို့ကလည်း ဆိုင်းသေတ္တာတွေကို ဝါးပိုးဝါးနှင့် လျှိုထမ်းကာ ဘယ်ဘက်ထောင့်မှာ နေရာယူလိုက်ကြသည်။ ကလေးတွေက ဗုံတွေကိုလု၍ တီးကြသည်။ ဦးဇင်းသောင်း သင်္ကန်းကို ခါးပတ်ကာ ထန်းပလပ်ပြားနှင့် ရောက်လာတော့ ကလေးတွေ တဟုန်းဟုန်း ပြေးကြလွှားကြသည်။ အရပ်ပျက်တယ်ဆိုတာ ဘယ်လိုမှန်း မသိပေမင့် ဇာတ်ပျက်တယ်ဆိုတာ ဒါမျိုးပဲကွဟု ဆိုရင်း ကဖိုးခင်နှင့် ဖိုးရွှေချိန်တို့ လှည်းအနီးကို ရောက်လာကြသည်။ ဒေါ်မယ်လှက သူတို့ပုံပန်းတွေကို ကြည့်ကာ ဘုတောလိုက်သည်။

            'တော်တို့မလဲ နွားလှန်တာလား၊ 'အမ်းမကြီး' လှန်  ....ကတဲတော်၊ ပြောချင်ဘူး..။ ကဖိုးခင်က မသိယောင်ပြုကာ ရုပ်သေးစင် နဖူးစည်းကို ကြည့်ကာပြောလိုက်၏။

            'ရွှေဟင်္သာ ရုပ်စုံသဘင်အဖွဲ့' ဆိုပါကလား..ဒေါ်မယ်လှက ချက်ချင်းပဲ စိတ်ပြောင်းသွားပုံရသည်။ 'အကျော်ဒေးယျတဲ့တော်ရေ...။ အောက်ပြည်မှာ ဒီနှစ်အတွက် ပွဲရက်ကျန်မရှိတော့ဘူးတဲ့'

            'ဟုတ်ကလားကွ...

            ကဖိုးခင်က မမယ်လှ အခြေအနေပြောင်းနေစဉ် ထိုင်ချလိုက်ကာ ငါးရံ့ခြောက်ဆီစိမ်ကို ကောက်၍ ပါးစပ်ထဲ ပစ်ထည့်လိုက်ရင်း 'မင်းမလဲ ပွဲလမ်းသဘင်လာတာ ငါးရံ့ခြောက်ပဲ ပါရတယ်လို့ ... ကြက်ကလေး၊ ဝက်ကလေး ချက်ခဲ့ရောပေါ့ကွာ...' ဟု အထွန့်တက်လိုက်၏။ 'ဆင်းရဲသားတော်ရေ့...ငါ့ရံ့ ခြောက်ပဲ ပါးစပ်အရသာခံ..၊ ဒီညတော့ မျက်စိအရသာ၊ နားအရသာခံဖို့ပဲ။ ရုပ်စုံပွဲကလည်းကောင်းသတဲ့တော့်.။ ညောင်တုန်းဘကျော် တပည့်ဆိုလား...'

            'ဟုတ်ကဲ့လားကွယ် ...၊ ဆိုင်းကောင်း...ဗေဒါတပည့်ဆိုတာလို...အေ့...' လေချဉ်တက်နေသော ကဖိုးခင်ကို ကြည့်ကာ မမယ်လှက တစ်ချက်ရွဲ့လိုက်သည်။

            'တော်တို့နှစ်ယောက် ထမင်းစားကြဦး၊ ကလေးတွေကို သွားကြည့်လိုက်ဦးမယ်။ 'အင်း...ဒီည ဗုဒ္ဓဝင်ဆိုလား...မယ်ဥကျားချီဆိုလား...'

            ကဖိုးခင်က ပြောပြောဆိုဆို ထွက်သွားသော မမယ်လှကို လှမ်းအော်လိုက်၏။

            'ဗုဒ္ဓဝင်နဲ့ မယ်ဥကျားချီ...သီသီလေးလွဲသကွာ..။ ဟေ့... ဟေ့... ဖိုးရွှေချိန်လက်ကျန်လေးထုတ်လကွာ၊ လှည်းအောက်မှာ ငါးရံ့ခြောက်နဲ့ အကိုက်ကွ'

            'သိပါ့ကွာ...၊ မင်းမယား လျှာရှည်နေတာနဲ့ မထုတ်တာကွ။ အေ့...ဟေ့..  ဖိုးခင်၊ ငါကတော့ ဗုဒ္ဓဝင်ဆို ပုဏ္ဏားပြန်ကျော်အေးကလွဲရင် ဖွဲနဲ့ဆန်ကွဲထင်တယ်မောင်'

            'မင့်မှ ပြောတတ်ပလေ၊ ဗုဒ္ဓဝင်ဆိုမှ ပုဏ္ဏားပြန်ထက် ကျော်သူရှိသတဲ့လားဟ...။ (အောင်မောင်းပန်းပဲ၊ တင်မောင်လက်ဝဲ၊ ဖိုးစိန်မဏိကက်တဲ့၊ ပန်းပဲမောင်တင့်တယ်မှာ အောင်မောင်းက အကောင်းဆုံးတဲ့၊ လက်ဝဲသုန္ဒရမှာ ရွှေမန်းတင်မောင်တဲ့...) ဂရိတ်ဖိုးစိန်က မဏိကက်လောက် ကျော်တာပါကွာ...'

            ကဖိုးခင်ကလှည်းအောက်မှ ခေါင်းမော့ကြည့်လိုက်ရင်း ခွက်ကိုမကာ ဂွက်ခနဲ ချလိုက်၏။

            'ဟေ့...ဖိုးခင်၊ ဖိုးစိန် မကောင်းကြောင်းတော့ မပြောနဲ့မောင်၊ ငါ့မိန်းမ အပိန်က ဖိုးစိန်မှ ဖိုးစိန်ဗျ၊ ဖိုးစိန် ပြတ်မလား၊ ငါ့ပြတ်မလားဆိုတော့ ငါ့ပြတ်မတဲ့ဟ၊ ဒါနဲ့ ဖိုးစိန်ဘာကောင်းတာလဲဆိုပြီး ပွဲလိုက်ကြည့်တာ'

            'အမြင်ကတ်သွားရောလား'

            'ဖိုးစိန်ပွဲဆို ငါ..ရှေ့ကရောက်နှင်တယ်မောင်'

            စကားပြောရင်း ရယ်လိုက်ကြကာ ဒူးထောင်၍ ဗုံထောင်တီးလျက် တစ်ခွက်စီနှံလိုက်ကြပြန်၏။ 'မီးတောက်နဲ့ ငါးရံခြောက်နဲ့ အကိုက်ကွ' ဆိုရင်း ပါးစပ်ဆိုင်းသံနှင့် မြိုင်နေပြန်လေသည်။ ဦးကျော်ဇံတို့၊ ဖိုးစိန်တို့၊ စိန်ကတုံးခေတ်က ဆိုခဲ့တာလေး သတိရလိုက်တာကွာဟုဆိုလျက် ဒူးဗုံတောင်ခေါက်နေသော ကဖိုးခင်အတွက် ဖိုးရွှေချိန်က အဆွဲအငင် အငေါက်အဆတ်ကလေးများနှင့် ဒူးဆိုင်းနှင့် လိုက်ဖက်အောင် ဆိုပေးလေသည်။

            'မင်းသမီး ထဘီပေါက်၊ လေးကောက်ကြီးနဲ့ ချိတ်ကာဆွဲ၊ တစ်ပွဲလုံးဆူလို့၊ တစ်ပွဲလုံးညံလို့ ပတ်ပတ် ဗေပတိုးပုံ'

            အဆိုရှင်ကောင်းသလောက် ရွာစားမှာလည်း လက်ကျပီသည်ဟု အချင်းချင်းချီးမွမ်းကြပြီးနောက် သမင်လေးခင်းအကကို လှည်းအောက်မှာ ပါးစပ်ဖြင့် ကကြပြန်၏။ ပေတိုးပတ်... ပေတိုးပတ်နှင့် သမင်လိုက် ဒိုးတီးချက်လည်းပါ၊ ပတ်မတီးရဲ့...စခွံ့ချက်၊ ဒုံးချက်ကလည်း ပါးစပ်နဲ့ တစ်လုံးကြီးပါပေ့။ ညာသံအဖျားနှင့် ညုသော နှဲသံကလေးကလည်း နှာခေါင်းတစ်ဖက်ပိတ်လို့  မှုတ်ထားပြန်တော့ စုံစည်းနဲ့ဝင်တဲ့ မှော်ရုံဟေဝန် သမင်ဖမ်း လေးခင်းအကသည် မြိုင်ဆိုင်လှပေ၏။ သမင်ယောင်ဆောင်သော ဂမ္ဘီနှင့်ရာမမင်းတို့တော့ မောလား၊ မမောလား မသိ။ သူတို့ နှစ်ယောက်စလုံး ပျော်မောကြီးဖြစ်လျက် 'မောတယ်ကွာ' ဟုဆိုကာ အမောခံနှံ လိုက်ကြပြန်၏။ ကဖိုးခင်က နှုတ်ခမ်းပါးနားသပ်ပြီး ဖိုးစိန်ပွဲဆက်ဦးလကွာဟု ဆိုလိုက်၏။

            'ဖိုးခင်..မင်းကလည်း တကယ့်ပွဲကြိုက်ကောင်ပဲလကွာ၊ ပြောရဦးမယ်၊ ငါက ညောင်တုန်းမယ်ဇလီသားကိုကွ၊ ရုပ်စုံဆိုလို့ကတော့ကွာ 'ညောင်တုန်းအကျော်'မှ ရုပ်စုံပွတ်သကွ'

            'ရွှေချိန်ရယ်...မင့်မလဲ အစွဲကြီးပါ့။ အောက်ပြည်လောက်ကျော်တာ ဖြစ်မှာပါ။ ကွာ...။ ရွှေဘိုတင်မောင်တို့လည်း အကျော်ဒေးယျပဲ မောင်'

            'မင့်ရွှေဘိုကလည်း အထက်ပြန်လောက် ကျော်တာဖြစ်မှာပါကွာ'

            အာသွက် လျှာသွက်လာကြ၍ အစောင်းအချိတ်ကလေးတွေ ပါလာ၏။ ပွဲအကြောင်းပြောလို့ကတော့ မိုးလင်အောင် ပြောနိုင်တယ် မောင်ဟုဆိုလျက် တစ်ခွက်စီ ဆင့်လိုက်ပြန်လေသည်။

            'ဟေ့...ဖိုးခင်ရ ငါတို့ အဖေအမေများတုန်းက လက်လှည့်ဓာတ်စက်နဲ့  ဖွင့်တဲ့အခါများ ပုဏ္ဏားပြန် ကျော်အေးရဲ့ ဗုဒ္ဓဝင်ဆိုရင် လက်အုပ်ကလေးချီလို့ နားထောင်သဟ'

            'ဟေ့...ရွှေချိန်၊ ကျိုက်ဝိုင်းပွဲကျရင် မင်းနဲ့ငါ ပုဏ္ဏားပြန်ကြည့်ရအောင်ကွာ၊ ကျိုက်ဝိုင်းဘုရားပွဲကတော့ဟေ့ ပုဏ္ဏားပြန်မပါရင် ပွဲတော်မဖြစ်သလိုပဲဟ။ ဘုရား ကြာသာပတေးထောင့်ဆို၊ ရုပ်သေးကုန်းလို့ကို...နာမည်တွင်ရော၊ မှတ်ကရောဟ'

            'ဖိုးခင်နှယ်..၊ ငါက ဇာတ်စင်ချောင်းပေါက်ကနေ ပုဏ္ဏားပြန်ကြီး ကုလားထိုင်ပေါ် ဆိုနေတာကို ချောင်းကြည့်ဖူးတယ်မောင်...၊ အံမယ်မင်း၊ ထူးတဲ့ပညာကွာ.. အံကရော...ဟ'

            သူတို့သည်ပွဲအကြောင်း ပြောရသည်မှာ အာတွေ့လှသည်ဟုဆိုကာ နှစ်ခွက်စီဆင့်၍ တွယ်လိုက်ပြန်၏။ နှုတ်နှေး၍ ဇက်လေးလာကာ စကားတွေလည်း မပီမသ ဖြစ်လာကြသည်။ သတိမေ့သလိုလည်း ရှိလာကြသည်။

            'ညောင်တုန်း ဘယ်သူလဲ စဉ်းစားဦးမယ်။ ငါက မေ့တတ်တယ်..အေ့၊ ညောင်...တုန်း...က'

            'ဖိုးခင်...မင်းကလည်း မေ့တတ်တယ်၊ ရွှေဘိုဘကျော်၊ ပုဏ္ဏားတင်မောင်ကွာ...။ အေ့...မင်းက... မေ့တတ်တယ်..'

            'ဝုတ်တယ်၊ အခုည ကမယ့်ဇာတ်ဘာလဲ...၊ မယ်လှပြောသွားပါတယ်။ စဉ်းစားဦးမယ်။ ငါက မေ့တတ်တယ်ကွ'

            'အေ့...ဘာဥကျားချီဆိုလဲ၊ မင်းကလည်း မေ့တတ်တယ်'

            'ဝုတ်တယ်၊ ဘာပြောမလို့ပါလိမ့်၊ စဉ်းစားဦးမယ်။ အဲ...မှတ်မိပြီ။ အောင်မောင်းပဋိက္ခယားတဲ့။ နှမကို ဘုရင်ကကောက်လို့ ပဋိက္ခယားက တူနဲ့ထုလိုက်တာ၊ လက်ဝဲသုန္ဒရ ရတုဆက်တော့မှ မဏိကက်မြင် ပြန်ရတယ်ဆိုကိုးကွ'

            'မင်းကလည်း...မေ့တတ်တယ်၊ အဲဒီဇာတ်က လူဝံမောင်နှမကွ' ဖိုးခင်က အသံမကြားသဖြင့် မျက်လုံးဖြဲ၍ ကြည့်လိုက်ရာ ဖိုးရွှေချိန်မှာ ခွေ၍ အိပ်နေပြီဖြစ်သည်။

            'ဘာဥကျားချီမှန်း မသိဘဲ အိပ်လို့မဖြစ်ဘူး။ ဟေ့ရွှေချိပ်..ထ..ထ..'

            'နှိုးလို့မရသည်နှင့် ပွဲမထွက်ခင် ခွေဦးမှဟုဆိုကာ ဖိုးခင်သည်လည်း ခဏလှဲလိုက်၏။

            ထိုညကာ.. 'ရွှေဟင်္သာရုပ်စုံ စည်လိုက်ပုံမှာ နွားလှည်းဝိုင်းကြီး သုံးထပ်ဖြစ်သွားသည်။ ဈေးသည်တွေ ကလည်း ရေနံမီးခွက်လေးတွေ အစီအရီနှင့်၊ ပွဲထိန်းရခက်သောကြောင့် ထန်းပလပ်ပြားနှင့် ပြေးနေသော ဦးဇင်းသောင်းမှာ မောလွန်း၍ ခြေပစ်လက်ပစ်။ သမိုင်းတိုက်နယ်သူကြီးကမူ ပွဲမငြိမ်မသက်သဖြင့် တစ်ညည်းညည်း တစ်ညူညူ။ ကျောင်းထိုင်ဖြစ်သော မြို့မကျောင်း ဆရာတော်ကြီးက 'ပုထုဇဉ်တွေကိုး' ဟု ရေရွတ်လျက် စိတ်ပျက်။

            ဆိုင်းဝိုင်းကြီးက ပတ်မနှင့် လင်းကွင်းကြီးကို ကမ္ဘာပျက်သလို တဂွမ်းဂွမ်း၊ တအုန်းအုန်းတီး၍ 'ပတ်တုတ်' သော်လည်း ပွဲကမငြိမ်၊ ပတ်တုတ်လို့မရ။ ရုပ်စုံပွဲ၏ သမားစဉ် ဟိမဝန္တာခန်းမှာ ကမ္ဘာတည်ပြ၊ ဘီလူးထွက်ပြ၊ မျောက်ထွက်ပြသော်လည်း ပွဲက မငြိမ်သေး။ 'သေတ္တာမှောက်' စွယ်စုံဆရာကလည်း ပွဲငြိမ်ဖို့ အကြံထုတ်နေ၏။ မြင်းထိန်းဆိုက်ကုလားနှင့် မြင်းခန်းထွက်ပြ၊ မြင်းကရုန်း၊ ကုလားကဆွဲရင်း မြင်းထိန်းပုဆိုးကျွတ်၍  'ဟိုသင်း'တန်းလန်းဖြစ်နေတာကို ခဏရယ်မောလိုက်ကြသော်လည်း ပွဲကမငြိမ်။ လိပ်ပြာဖမ်းလို့မရ။ သို့နှင့်သည်မျှ လမိုင်းမကပ်တဲ့ပွဲကို လိပ်ပြာဖမ်းဖို့ အကြံကောင်းသူ 'သေတ္တာမှောက်'ဆရာက ရုတ်တရက် ကောက်ကာ စီစဉ်လိုက်၏။ မယ်ဥကို ကျားချီမည့်အခန်းအတွက် ကြိုတင်စီစဉ်ထားသော အထိတ်တလန့် အဆန်းတကြယ်ပြကွက်ကို သုံးလိုက်ခြင်းဖြစ်သည်။ ပရိသတ်များ ခေါင်းပေါ်မှ ရုပ်စုံစင်ရှေ့ ကိုက် ၁ဝဝ ခန့် ဓာတ်ကြိုးလို သွယ်တန်းထားသော ကြိုးတန်းပေါ်မှာ ကျားနှစ်ကောင် အပြိုင်ကိုက်ကြသော အခန်းကို ဗိန်းဗောင်းကြမ်းကြမ်းတီးကာ ပရိသတ်တို့ မော့ကြည့်ရသော ကြိုးတန်းပေါ်မှ ရှေ့တိုးနောက်ဆုတ် ခေါင်းချင်းဆိုင် တိုက်ပြတော့မှ ထူးပါပေ့..၊ ဆန်းပါပေ့၊ တော်ပါပေ့ဟု ချီးကျူးသြဘာပေးကြပါမှ ပရိသတ်က ငြိမ်သွားလေသည်။ ဆရာတော်ကြီးလည်း မျက်နှာကြည်၊ ဦးဇင်သောင်းလည်း အံ့သြ၊ တိုက်နယ်သူကြီးက သေတ္တာမှောက်' ဆရာတော်ပါပေ့၊ လိပ်ပြာဖမ်း ကောင်းပါပေ့ဟုဆိုကာ ပဝါတစ်ပိုင်နှင့် ဆုငွေတစ်ကျပ် ချီးမြှင့်လေသည်။

 

            ထိုညက ရုပ်စုံပွဲမှာ အ လွန်တရာ ကောင်းလှသည် ဟု ဆိုကြ၏။ ယက်ကန်းခတ် နေသော မရွှေဥကို ရွှေဖျဉ်း ညီနောင်လွှတ်လိုက်သော တိုက်ကျားမှ ဝင်ဆွဲသောအ ခန်းကို ကြိုးတန်းပေါ်မှာပင် စက်သီးကြိုးများသုံး၍ တင် ဆက်သွားသည်မှာ မရွှေဥကို သနားလွန်း၍ မျက်ရည်ကျသူကကျ၊ စက်ကြိုးယန္တရားတွေဖြင့် ကပြသည်မှာ ဆန်းကြယ်၍ လက်ခေါက်မှုတ်သူက မှုတ်ဖြင့် အတော်ပင်မြိုင် ဆိုင်လှပေသည်။

            မမယ်လှသည်ကား သူ့ လင် ကဖိုးခင် မကြည့်လိုက်ရမှာစိုး၍ လာနှိုးသော်လည်း မနှိုး၊ လင်စုံမယား ပြောင်းဖူးဖက်ငေါ့ရင်း မျက်စိအရသာ၊ နားအရသာ ခံမည်ဟု ကြံရွယ်သမျှ အလဟဿဖြစ်ရသည်ဟု စိတ်ဆိုးသည်က တစ်ဖက်၊ သူလင်ခမျာ..ရေတစ်တန်၊ ကုန်းတစ်တန်၊ ပို့ရရှာသည်မှာ ပင်ပန်းလို့ထင်ရဲ့ဟု...စိတ်မကောင်းသည်က တစ်ဖက်နှင့် ဗျာများကာ မျက်ရည်ဝဲရှာပေသည်။

            ကဖိုးခင်တို့ နှစ်ယောက်သည်ကား ပွဲခင်းထဲက မြွေထွက်၍ နှစ်ကြိမ်ပွဲလန့်တာလည်း မသိ။ လှည်းဝိုင်းကြီး အပြင်ဘက်မှာ ကဇော်မူးနေသော ကာလသားတို့ လုံမတို့ကို နောက်ပြောင်ရာမှ စခဲ့သော တုတ်တစ်ပြက်၊ ဓားတစ်ပြက် ရန်ပွဲကိုလည်း မသိလိုက်။ သူတို့သိလိုက်သည်မှာ အရုဏ်လွန်ပွဲသိမ်းခါနီး မူးမူးနှင့် လှည်းထောက်ကို ကန်မိသဖြင့် လှည်းထောက်ပြုတ်ကျကာ ကဖိုးခင်က လက်ကျိုး၊ ဖိုးရွှေချိန်က ခေါင်းကွဲမှသာ သိလိုက်ကြလေသည်။

            သို့သော် သူတို့ရွာမှ လူစု၍ စကားလက်ဆုံကျတိုင်း ပြောကြသည်မှာ ကဖိုးခင်တို့သည် ရုပ်စုံပွဲကို မကြည့်လိုက်ရသော်လည်း လှည်းအောက်မှာ အရှိန်လေးနှင့် ကသောပွဲသည် ပိုမို၍ ကောင်းမွန်ပါကြောင်းဖြင့် သူတို့ကွယ်ရာတွင် ပြုံးစနဲ့နဲ့ဖြင့် လက်တို့ကာ ပြောတတ်ကြလေသည်မှာ သားစဉ်မြေးဆက် လက်ဆင့်ကမ်းပြောမည့် ပုံမျိုးပင်။ ပြောစမှတ်ဖြစ်သည့် သဘောပင်။

လင်းထင်

(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်