သန်းထွန်းဇော်
မြတ်ဆရာပူဇော်ပွဲကို လုပ်ဖို့အရေးမှာ အတက်ကြွဆုံး
လှုပ်ရှားနေသူက ကိုမင်းအောင်။ ကိုမင်းအောင်က မြတ်ဆရာပူဇော်ပွဲရယ်မဟုတ်။
အဖွဲ့အစည်းနဲ့ အုံကျင်းနဲ့ လုပ်တဲ့ပွဲမျိုးဆိုရင် ပါဝင်ဦးဆောင် လှုပ်ရှားနေကျ။
နောက်တစ်ခုက ကိုမင်းအောင်ဟာ အဖွဲ့အစည်းတစ်ခုခုမှာ အမြဲတမ်း ဦးဆောင်မှုအပိုင်းက
နေရာယူထားတတ်သလို နေရာတစ်ခုခုမှာ တာဝန်မယူထားရရင်လည်း မနေတတ်မထိုင်တတ်
ဖြစ်နေတတ်သူ။ ခုဆိုအခြေအနေ အရပ်ရပ်ကြောင့် ကိုမင်းအောင်တစ်ယောက် အဖွဲ့အစည်းတွေနဲ့
ကင်းကွာပြီး ဘေးရောက်နေရတယ်။ ဒီတော့လည်း နေသာထိုင်သာရှိအောင် မြတ်ဆရာပူဇော်ပွဲကို
မဖြစ်မနေလုပ်ဖို့ ဝါယမစိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ကိုမင်းအောင်ဘက်က
သာသာထိုးထိုး စဉ်းစားပေးစရာတစ်ခုရှိတာက လွန်ခဲ့တဲ့ (၅) နှစ်၊ (၆)နှစ် ဝန်းကျင်တုန်းကလည်း
သူဦးဆောင်ပြီး သူတို့နေခဲ့တဲ့ အ.ထ.က.ကျောင်း (၅)နှစ်မြောက် ငွေရတုသဘင်ပွဲ ကျင်းပဖို့
ကြိုးစားခဲ့သေးတယ်။ အဲဒီအချိန်တုန်းက ကျောင်းသားဟောင်းတွေကို လိုက်ပြီး စည်ရုံးတာ
နောက်ကျလို့ လုပ်ဖို့အချိန်ကလည်း နီးကပ်၊ လုပ်နိုင်ကိုင်နိုင်တဲ့
ကျောင်းသားဟောင်းတွေကလည်း စိတ်ပါဝင်စားမှု လျော့နည်းတာကြောင့် ကော်မတီဖွဲ့တဲ့
အဆင့်တောင် မရောက်ဘဲ ပွဲပျက်သွားခဲ့ရတယ်။ ခုလို နှစ်ပြည့်အထိမ်းအမှတ်ပွဲ
တစ်ခုဆိုတာကနေ့ ရက်အတိအကျ လုပ်ရတော့ မလုပ်ဖြစ်ရင် ပြန်စောင့်ရမယ်။ ဒါပေမဲ့လည်း
ငွေရတုလို ပွဲမျိုးက နှစ်အစိတ် ပြည့်မြောက်တဲ့အချိန်မှာ ကျင်းပရတာမျိုး။
တစ်ကြိမ်မှ မကျင်းပသေးဘဲ စိတ်ကူးပေါက်မှ (၂၆) နှစ်ပြည့်ပွဲလည်း လုပ်လို့မဖြစ်။
သိပ်လုပ်ချင်သပဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ နောက် (၂၅) နှစ်ကြာ နှစ် (၅ဝ)ပြည့်မှ
ရွှေရတု။ (၇၅) နှစ်ပြည့်မှ စိန်ရတု စသဖြင့် လုပ်ရတော့မယ်ဆိုတော့ ဒီအထိလည်း
မစောင့်နိုင်။ ဆယ်ခုနှစ်အလိုက် သတ်မှတ်ထားတဲ့ ပုလဲရတု၊ ပတ္တမြားရတု စသဖြင့် ရှိပေမဲ့လည်း
လုပ်လေ့လုပ်ထ မရှိကြတာကြောင့် ကိုမင်းအောင်ကစပြီး စတန့်မထွင်ရဲ ပြန်ဘူး။
နောက် နှစ်(၂ဝ) လောက်အကြာ အ.ထ.က. ရွှေရတုပွဲကို
မစောင့်နိုင်တဲ့ ကိုမင်းအောင်ဟာ ခုမှ စိတ်ကူးပေါက်ပြီး ဗြုန်းစားကြီးနဲ့
မြတ်ဆရာပူဇော်ပွဲလုပ်မယ့်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားလာတယ်။ မြတ်ဆရာပူဇော်ပွဲ
ဆိုတာက ငွေရတု၊ ရွှေရတုပွဲတွေလောက် ကရိကထ မခံရ။ တာဝန်မကြီး၊ အကုန်အကျလည်း
မများတော့ စိတ်ဝင်စားမယ့်လူ၊ နောက်က ပါလာမယ့်လူလည်း များမယ်လို့ တွက်ဆထားတယ်။။
ဒီလိုပွဲမျိုးကို ကိုမင်းအောင်
ဦးစီးဦးဆောင်လုပ်မယ်ဆိုတော့ အားကိုးရတဲ့ ကူဖော်လောင်ဖက် တစ်ယောက် လိုလာပြီး ဘယ်သူ့ခေါ်ရင်
ကောင်းမလဲ။
သိပ်ကြာကြာ မစဉ်းစားရ။ ချက်ချင်း ခေါင်းထဲမှာ
ပေါ်လာတာက ကိုမြင့်ကြည်။
ကိုမြင့်ကြည်က ဒီလိုကိစ္စမျိုးဆိုရင်
စိတ်ဝင်စားမှာ သေချာသလို
အဖွဲ့အစည်းနဲ့လုပ်ခဲ့တဲ့ အတွေ့အကြုံကလည်း မနည်းသမို့ အားကိုးအားထားပြုလို့ရတယ်။
ငွေရတုပွဲ ကျင်းပဖို့ ကြိုးစားတုန်း ကလည်း တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ ဒီတော့
ကိုမြင့်ကြည်အိမ် ညနေဘက် သွားပြီး စကားစ,ကြည့်တော့ အဆင်ပြေတယ်။ သူလည်း စဉ်းစားနေတာ
ကြာပါပြီတဲ့။ ပုလင်းတူ ဘူးဆို့ ဖြစ်နေပြီမို့ မြတ်ဆရာ ပူဇော်ပွဲ ကျင်းပဖို့အရေး
နှစ်ယောက်သား အစီအစဉ် အကြမ်းဆွဲကြတယ်။
အစီအစဉ်အရ ပထမဆုံး
ဦးစီးဦးဆောင်ပြုမယ့် ကော်မတီအတွက် ညှိနှိုင်းပြီး လူရွေးချယ်။ နောက်တော့
ရွေးချယ်ထားတဲ့ လူတွေကို စည်းရုံး။ အဆင်ပြေပြီဆိုရင် ယာယီကော်မတီ သဘောမျိုး
ဖွဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် စည်းရုံး။ သက်ဆိုင်ရာကို တင်ပြအသိပေး။ အားလုံး အဆင်ပြေပြီဆိုမှ
ကော်မတီကို အပြီးသတ်ဖွဲ့။ အခမ်းအနားကျင်းပဖို့ လုပ်ရကိုင်ရမှာတွေကတော့ အများကြီး။
'ဒီလိုပွဲမျိုးမှာ ငါကတော့
သက်ဇော်တို့ကို ဦးစီးဦးဆောင်အဖြစ် ပါစေချင်တယ်။ အကြမ်းဖျင်း အစီအစဉ်ကိုလည်း
ပြောပြထားပြီပဲ။ မင်းတို့လည်း ထပ်ပြီး အကြံဉာဏ်ပေးကြဦးပေါ့'
ကိုမင်းအောင်က ရေနွေးကြမ်းတစ်ခွက်ကို
သောက်ရင်း ပြောတယ်။
ကိုသက်ဇော်ကတော့ ကြယ်နီဆေးပေါ့လိပ်ကို
ဖွာရင်း လက်ဖက်ရည်ဆိုင်ရှေ့ ကားလမ်းကို ငေးရီကြည့်နေတယ်။
‘ကျွန်တော်တို့လို စီနီယာတွေက
တက်တက်ကြွကြွ ရှိမှ ဂျူနီယာလေးတွေလည်း နောက်က လိုက်လာမှာ။ ဒီပွဲမှာတော့
ငွေရတုတုန်းကလို မငြင်းလိုက်ပါနဲ့ဗျာ။ မြတ်ဆရာပူဇော်ပွဲ ဆိုတာကလည်း အနန္တောအနန္တ
ငါးပါးမှာ တစ်ပါး အပါအဝင်ဖြစ်တဲ့ ဆရာသမားတွေကို ပူဇော်ကြတာပဲဗျာ။ အရင်တုန်းက
တစ်ခါမှ အခမ်းအနားနဲ့ သိုက်သိုက်ဝန်းဝန်း မလုပ်ခဲ့ကြတော့ ကျွန်တော်တို့က ဦးဆောင်
အစပျိုးချင်လို့ပါ။ ကိုကျော်ကျော်လတ်လည်း မဖြစ်မနေ ပါရမှာနော်’
ထပ်ပြောလိုက်သူက ကိုမြင့်ကြည်။
တကယ်တော့ ကိုမင်းအောင်၊ ကိုသက်ဇော်နဲ့
ကိုကျော်ကျော်လတ်တို့က အတန်းဖော် သူငယ်ချင်းတွေ။ ကိုမြင့်ကြည်က သူတို့ထက်
တစ်တန်းငယ်တယ်။ ကိုမြင့်ကြည် သူတို့ကျောင်းကို ပြောင်းလာတော့ နဝမတန်း။
ဒါကြောင့်လည်း သူတို့နဲ့ ဆက်ဆံပြောဆိုရာမှာ ဟိုတုန်းကတည်းက ‘ခင်ဗျား’
၊ ‘ကျွန်တော်’သာ သုံးနှုန်းတယ်။
‘ငါ့သဘောထားက ငါတို့ထက်
စီနီယာကျတဲ့သူတွေကိုလည်း ရတတ်သရွေ့ အသိပေးစည်းရုံးကြဖို့ လိုတယ်။ အရင် အ.မ.က
အဆင့်နဲ့ ဒီကျောင်းမှာ နေခဲ့တဲ့လူတွေလည်း ရှိနေသေးတယ် မဟုတ်လား။ သိပ်ပြီး
များများစားစားတော့ မရှိကြတော့ဘူးလေ’
ကိုကျော်ကျော်လတ်က ဝင်ပြောတယ်။
‘မှန်တာပေါ့။ အဲဒီတုန်းက
ကျောင်းသားစာရင်းလည်း ညကပဲ ငါမှတ်မိသလောက် ရေးမှတ်ထား တယ်။ သူတို့တွေ အခုဆို အသက်
၄ဝ တန်းကျော် ၅ဝ နီးပြီ။ ငါတို့တောင် ၃ဝ၊ ၃၅ ရောက်နေပြီပဲ။ မှတ်မိသမျှ
ဆယ်ယောက်လောက်ပဲရှိတော့တယ်။ မင်းတို့လည်း ဝိုင်းစဉ်းစားကြဦးလေ’
ကိုမင်းအောင်က ဒိုင်ယာရီကို
စားပွဲပေါ် ဖွင့်ပြရင်း ပြောတယ်။ ကိုကျော်ကျော်လတ်က စိတ်ဝင်တစား ယူကြည့်တယ်။
နောက်မှ...
‘ကိုလှပိုကြီးလည်း ရွှေလွှာမြိုင်မှာ
ရှိသေးတယ် မဟုတ်လား’
‘မင်းလူကြီး ဆုံးပြီလေကွာ။
မနှစ်မိုးတွင်းတုန်းက တောင်ပေါ် ဝါးခုတ်သွားရင်း ဟိုမှာတင် ငှက်ဖျားမိပြီး
ဆုံးတယ်။ မင်း မသိလိုက်ဘူးလား’
ကိုမင်းအောင်က ပြောပြတယ်။
‘ဟင်အင်း။ မသိလိုက်ဘူး။
ကိုအောင်သန်းကောကွ။ ပန်းထိမ်လုပ်တဲ့ ကိုအောင်သန်းလေ။ ဒီလူလည်း လေမိထားတယ်လို့တော့ ကြားတယ်။
မတွေ့တာကြာပြီ’
ကိုကျော်ကျော်လတ် ထပ်မေးတယ် ဆိုရင်ပဲ
ကိုမြင့်ကြည်က...
‘ကိုအောင်သန်းကို ရန်ကုန်က
သူ့သမီး လာခေါ်သွားတာ ခြောက်လလောက်ရှိပြီ။ ကျန်းမာရေး မကောင်းတော့ဘူးလို့ ကြားတာပဲ’
‘ကိုတင်နွယ်နဲ့
မမြင့်မြင့်အေးတို့ လင်မယားကော အမေရိကားမှာပဲလား’
ကိုမင်းအောင်က ဝင်ပြီး...
‘ဟုတ်တယ်လေကွာ။ သြစတြေလျားက
အမေရိကားကို ပြောင်းသွားတာ ၅ နှစ်ရှိပြီ။ သာသနာ့ဗိမာန် ကျောင်း ရေစက်ချတုန်းက
မင်းနဲ့မဆုံလိုက်ဘူးလား။ သူတို့လင်မယားကတော့ ရှားတယ်ဟေ့။ ရေခြား မြေခြားရောက်နေပေမဲ့
ဒီပြန်ပြန်လာပြီး အလှူအတန်းလုပ်နေတာ နည်းမှမနည်းတော့ပဲ။ ခုဆို သာသနိက
အဆောက်အအုံတွေ၊ ဆေးပေးခန်းတွေ၊ မူလတန်းကျောင်းတွေအတွက် လှူထားတာ သိန်းတစ်ထောင် လောက်
ရှိပြီ။ တို့မြတ်ဆရာ ပူဇော်ပွဲလုပ်ရင်တော့ သူတို့နဲ့ ဆက်မိအောင်လုပ်မှ ဖြစ်မယ်။
သူတို့ သိသွားလို့ ကတော့ အေးအေးဆေးဆေးပဲ။ ပိုပြီး ခမ်းခမ်းနားနား လုပ်နိုင်မယ်။
သူတို့လိပ်စာလည်း မြင့်မြင့်ဌေးဆီက ရထားပြီ’
ကျောင်းနေဖက်က ဘဝလက်တွဲဖော်တွေ
ဖြစ်သွားပြီး နိုင်ငံရပ်ခြားမှာ ကြီးပွားချမ်းသာနေတဲ့ ကိုတင် နွယ်တို့ လင်မယားအကြောင်း
ပြောရာမှာတော့ ကိုမင်းအောင် မျက်လုံးတွေ အရောင်တလက်လက် တောက်နေတယ်။ ကိုမင်းအောင် အားရပါးရ
ပြောနေပေမဲ့ ကိုသက်ဇော်ကတော့ ငေးမြဲငေးနေတုန်းပါပဲ။
‘သက်ဇော်က စာရေးဆရာဆိုတော့
ပြန်ကြားရေးနဲ့ သတင်းထုတ်ပြန်ရေးမှာ တာဝန်ပေးမယ်လို့ စဉ်းစားထားတာနော်။ အဲဒါ မင်း
သဘောထားက ဘယ်လိုလဲ။ ကတ်ဖိုးကတ်ဖဲ့ လုပ်မယ်တော့ စိတ်မကူးနဲ့’
ကိုမင်းအောင် စကားကြောင့် ကိုသက်ဇော်
မျက်ခုံးနှစ်ဖက်ပင့်သွားတယ်။ နောက်မှ...
‘အဖွဲ့အစည်းမှာ
နေရာယူထားပြီး မလုပ်နိုင်ရင် အဖွဲ့အစည်းအတွက်လည်း နစ်နာတယ်။ အမှန်တကယ် လုပ်နိုင်တဲ့
လူရဲ့လုပ်အားလည်း ဆုံးရှုံးတယ်။ ခုတလော ငါ့ မှာ စာရေးစရာ ကြွေးကျန်တွေ
သိပ်များနေတယ်။ စာချုပ်နဲ့ရေးပေးနေတဲ့ လုံးချင်း ငါးအုပ်ကလည်း ခုမှ နှစ်အုပ်ပဲ
ပြီးသေးတယ်။ ဒီတော့ ငါ့ ကို တာဝန်တစ်ခု သတ်သတ်မှတ်မှတ်ပေးမယ်ဆိုရင် ဝန်ထုပ်ဝန်ပိုး
ဖြစ်သလို ငါ့ဘက်က အားနည်းချက်ရှိရင် လည်း အဖွဲ့အစည်းအတွက် ထိခိုက်မှာ စိုးတယ်ကွာ။
ဒါကြောင့်မို့…’
ကိုသက်ဇော် ငြင်းလို့ စကားတောင်
မဆုံးဘူး။ ကိုမင်းအောင်က ဖြတ်ပြောတယ်။
‘မရဘူးကွာ။
သတင်းထုတ်ပြန်ရေး၊ ပြန်ကြားရေးပိုင်းမှာ မင်းတာဝန် သတ်သတ်မှတ်မှတ် ယူမှဖြစ်မယ်။
မင်းလိုပဲ ကျော်ကျော်လတ်လည်း တာဝန်တစ်ခုခု ယူရမယ်။ ကိုယ့်ဆရာသမားတွေကို ပြန်ပြီး
ပူဇော်ကန်တော့တဲ့ပွဲ။ ကွဲကွာနေတဲ့ ကိုယ့်သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့တဲ့ပွဲမှာ
ရှောင်ဖယ်ရှောင် ဖယ်လုပ်လို့ မစဉ်းစားကြနဲ့။ အားလုံးဝိုင်းကြရမှာပဲ’
ကိုမင်းအောင်က ကော်မတီ မဖွဲ့ခင်ကတည်းက
တာဝန်ကို အပြီးအစီး ခွဲဝေထားတဲ့ လေသံမျိုးနဲ့ ပြောတယ်။ ကိုသက်ဇော်ပြုံးလိုက်တယ်။
ဒီအတိုင်းဆိုရင် မြတ်ဆရာပူဇော်ပွဲကို ပထမဦးဆုံး စိတ်ကူးရတဲ့ သူက ဥက္ကဋ္ဌ။
ကူဖော်လောင်ဖက် ဖြစ်တဲ့ ကိုမြင့်ကြည်က အတွင်းရေးမှူး။ ကျန်တာတွေက ဖြည့်ဖဲတွေ
ဖြစ်မှာကို တွေးရင်း ကိုမင်းအောင်အကြောင်း နောကျေအောင် သိတဲ့ ကိုသက်ဇော်
ပြုံးလိုက်ခြင်းပဲဖြစ်တယ်။
ဩငါ့ကိုတော့ ဘဏ္ဍာရေးမှူး
မလုပ်ခိုင်းနဲ့နော်။ အဖွဲ့အစည်းငွေ အလွဲသုံးစားမှုဖြစ်ရင် မင်းတို့ပါ
တရားခံဖြစ်သွားမယ်’
ကိုကျော်ကျော်လတ် နောက်လိုက်တယ်
ဆိုရင်ပဲ အားလုံးရယ်လိုက်ကြတယ်။
‘ဘာပဲဖြစ်ဖြစ်ကွာ။ လာမယ့်
စနေနေ့ နေ့လယ် ၁၂ နာရီတိတိ အ.ထ.က ကျောင်းဆရာ၊ ဆရာမများ နားနေခန်းမှာ မြတ်ဆရာ ပူဇော်ပွဲအတွက်
ပဏာမ ညှိနှိုင်းပြီး ယာယီကော်မတီ ဖွဲ့မယ်။ မင်းတို့ လာခဲ့ကြ။ ပြောစရာဆိုစရာ
ရှိရင်လည်း အဲဒီကျမှ အသေးစိတ်ပြောကြကွာ’
ကိုမင်းအောင်က တုပ်နှောင်ပြောပြီး
စကားလမ်းကြောင်းပြောင်းလိုက်တယ်။ နောက်တော့ ထွေရာလေးပါးတွေ ပြောကြတယ်။
ဒီလိုနဲ့ပဲ စနေနေ့ နေ့လယ်
အ.ထ.က.ကျောင်းဆရာ၊ ဆရာမနားနေခန်းမှာ လုပ်တဲ့ မြတ်ဆရာပူဇော်ပွဲ ယာယီကော်မတီဖွဲ့မယ့်
ဆွေးနွေးပွဲကို ကိုသက်ဇော် စိတ်မပါ့တပါနဲ့ ရောက်ခဲ့တယ်။ ဖိတ်ကြားထားခြင်း ခံရတဲ့
သူ ၁၅ ယောက်ကို တွေ့ရတယ်။ အတန်းဖော်သူငယ်ချင်းတွေ ပါသလို ကိုယ့်ထက် စီနီယာကျသူ၊
ဂျူနီ ယာကျသူတွေလည်း ပါ တယ်။
လူစုံတော့ ကိုမင်းအောင်က
အစည်းအဝေးခေါ်ယူရတဲ့အကြောင်း ရှင်းပြပြီး မြတ်ဆရာပူဇော်ပွဲမှာ ဝိုင်းဝန်းပါဝင်ကြဖို့
အကြံကောင်းဉာဏ် ကောင်းတွေ ပေးကြဖို့ မေတ္တာရပ်ခံတယ်။
ကိုမင်းအောင်လမ်းဖွင့်ပေးလိုက်တယ်
ဆိုရင်ပဲ ပြောကြပါပြီ။ တစ်ယောက်တစ်ပေါက်။
‘သူငယ်ချင်းတို့ မြတ်ဆရာပူဇော်ပွဲမှာ
အပူဇော်ခံ ဆရာ၊ ဆရာမတွေကို ဘယ်လိုပုံစံနဲ့ ရွေးချယ်မှာလဲ’
ကိုသက်ဇော် ဖြတ်မေးလိုက်တော့
ကိုမင်းအောင်က...
‘အ.မ.က ကျောင်းလေးအဖြစ်ကနေ
ဒီနေ့ အ.ထ.က ကျောင်းကြီးဖြစ်လာတဲ့ ကာလအတောအတွင်း ဒီကျောင်းမှာ
တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ ဆရာမ အားလုံးကို လက်လှမ်းမီသလောက် ဖိတ်ကြားပြီး ပူဇော် ကန်တော့ကြမယ်။
ဆရာဆိုရင် အနန္တောအနန္တဂိုဏ်းဝင်မို့ စီနီယာတွေရဲ့ ဆရာ၊ ဂျူနီယာတွေရဲ့ ဆရာ လို့
ခွဲခြားမနေတော့ဘူး။ အားလုံးဟာ ကိုယ့်ဆရာသမားတွေလို့ပဲ သဘောထားကြမယ်’
‘ကိုယ်သိသလောက်ကတော့ ဒီလို ပူဇော်ကန်တော့ပွဲ
လုပ်တဲ့နေရာမှာ စာသင်နှစ်အလိုက် ကျောင်းသားချင်းပဲ ဖြစ်သင့်တယ်။ စာသင်နှစ်မတူတဲ့
စီနီယာ၊ ဂျူနီယာရောပြီး ကန်တော့ကြမယ်ဆိုရင် ကိုယ့်ကို မသင်၊ ကိုယ်နဲ့ဘာမှ မပတ်သက်တဲ့
ဆရာတွေကိုပါ ရောပြီး ကန်တော့ရမယ်။ အဲဒီအခါမျိုးမှာ ကန်တော့ချင်တဲ့လူရှိသလို
မကန်တော့ချင်တဲ့လူလည်း ရှိနိုင်တယ်။ ဒါကိုကော ဘယ်လိုစဉ်းစားကြမလဲ’
ကိုသက်ဇော် စကားကြောင့် ကိုမင်းအောင်က
မျက်ထောင့်နီနဲ့ လှမ်းကြည့်တယ်။
တကယ်တော့ ကိုသက်ဇော်နဲ့ ကိုမင်းအောင်၊
ကိုမြင့်ကြည်တို့ဆိုတာ အရင်ကတည်းက ပြဿနာ အတော်များများမှာ အယူအဆချင်း သိပ်မတူဘူး။
ကိုသက်ဇော်ရဲ့ အယူအဆတွေကို ရုပ်ဝါဒဆန်တယ်လို့ ကိုမင်းအောင်တို့က ပြောပြောင်တင်းတင်း
တံဆိပ်ကပ်ကြသလို အချင်းချင်းလည်း ဆန့်ကျင်ငြင်းခုန်ဘက် တွေ ဖြစ်ခဲ့ကြတယ်။ ခုနေ
အသက်အရွယ်တွေက စကားပြောလာကြလို့သာ အရင်စိတ်မျိုးလျှော့ပြီး ပြောဆို ဆက်ဆံခဲ့ကြတာ။
ခုလို အယူအဆဆိုင်ရာ ကိစ္စတွေ ပါလာတော့ ထုံးစံအတိုင်း ငြင်းဖို့ခုန်ဖို့
အစပျိုးလာတော့ တယ်။
‘ဒီလိုတော့ ပြောလို့မရဘူးလေ။
ခုနက ပြောခဲ့ပြီးပြီပဲ။ ဆရာဆိုတာ အနန္တော အနန္တငါးပါးမှာ တစ်ပါးအပါ အဝင်ဆိုတော့
ပူဇော်ထိုက်တာပဲ မဟုတ်လား။ စီနီယာ၊ ဂျူနီယာခွဲလုပ်မယ်ဆိုရင် တို့အတန်းဖော်၊
တို့စာသင်နှစ်က ဘယ်နှယောက်ရှိမလဲ။ မြင့်ကြည်တို့၊ တင်ဦးတို့ အတန်းဖော်ကော
ဘယ်နှယောက် ရှိမလဲ။ ငါတို့က အားလုံးစု စည်းညီညွတ်စွာနဲ့ မြတ်ဆရာတွေကို
ပူဇော်ဖို့ပါ'
‘ဒါဆိုရင် သူငယ်ချင်းတို့ ဒီလိုပူဇော်ပွဲမျိုးကို
နှစ်စဉ်နှစ်တိုင်း လုပ်မယ့် အစီအစဉ်ကော ရှိသလား’
‘လုပ်မယ်၊ လုပ်မယ်။ ဒီနှစ်အဆင်ပြေရင်
နောက်နှစ်တွေလည်း နှစ်စဉ် မပျက်မကွက် လုပ်သွားမယ်။ တို့မလုပ်နိုင်တော့ရင်လည်း
ကျန်တဲ့လူတွေက ဆက်လုပ်ရမယ်။ ကောင်းတဲ့အစဉ်အလာ၊ ကောင်းတဲ့အလေ့ အထကို လက်ဆင့်ကမ်းပေးရမယ်’
'ဟုတ်လား။ ဒါဆိုရင်
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ခေါင်းဖြူစွယ်ကျိုး အဘိုးကြီး၊ အဘွားကြီးတွေက
ကိုယ့်သားသမီးအရွယ်လေးတွေကို ကန်တော့ရတဲ့ အဖြစ်မျိုး သေချာပေါက်ရောက်လိမ့်မယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ပူဇော်ကန်တော့တဲ့ သူတွေက အသက်အရွယ် တဖြည်းဖြည်းကြီးပြီး ခေါင်းဖြူစွယ်ကျိုးတွေဖြစ်၊
ဒီကျောင်းမှာ နောက်ပိုင်းတာ ဝန်ထမ်းဆောင်တဲ့ သားသမီးအရွယ် ဆရာ၊ ဆရာမတွေက ကန်တော့ခံ
ပုဂ္ဂိုလ်တွေဖြစ်။ ဒါမျိုးဆိုရင်ကော သူငယ်ချင်းတို့ အဖြစ်ခံနိုင်မလား'
ကိုသက်ဇော်ပြောတဲ့ စကားကို ကျန်တဲ့ လူတချို့က
ခေါင်းညိတ်ထောက်ခံကြတယ်။
‘ဒါကတော့ တမင်
ကတ်ဖိုးကတ်ဖဲ့ပြောတာပဲ။ မောင်ရင် အရင်ကလည်း ဆရာဆိုရင် သင်ဆရာ၊ မြင် ဆရာ၊
ကြားဆရာတိုင်း အနန္တော အနန္တ ငါးပါးဝင် ဟုတ်ပါ့မလား။ မဂ်လမ်းဖိုလ်လမ်း
ညွှန်ပြနိုင်တဲ့ ဆရာမှ သာ ဆရာအစစ်။ ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားရမယ်ဆိုပြီး
သရုပ်ခွဲခဲ့တာပဲ မဟုတ်လား။ ကိုယ်တို့ကတော့
ခွဲခွဲခြားခြား မလုပ်ဘူး။ စာသင်ပေးတဲ့ ဆရာဆိုရင် အနန္တောအနန္တ ဂိုဏ်းဝင်ပဲ။
ပူဇော်ကန်တော့ရမှာပဲ’
ကိုမင်းအောင် လေသံက နည်းနည်းမာလာတယ်။
ရှူးရှူးရှားရှား လုပ်ချင်ပုံလည်း ပေါက်လာတယ်။
ဒါကြောင့်လည်း သူတို့ အခြေအနေကို အကဲခတ်မိတဲ့
ကျောင်းသားဟောင်းတစ်ယောက်က စကား ဝင်ဖြတ်တယ်။
‘မြတ်ဆရာပူဇော်ပွဲမှာ
အကန်တော့ခံ ဆရာ၊ ဆရာမတွေ၊ ကန်တော့ကြမယ့် ကျောင်းသား ကျောင်းသူတွေ စာရင်းကိုတော့
စုံစုံစေ့စေ့ ဖြစ်စေချင်တယ် ကိုမင်းအောင်’
‘ဖြစ်စေရမယ်။ အဲဒါကိုလည်း
ကိုယ် အသေးစိတ် စီစဉ်ထားတယ်။ ဆရာ၊ ဆရာမဟောင်းတွေ စာရင်းပြုစုထားတာ ကိုယ့်မှာရှိတယ်။
နေရပ်လိပ်စာကတော့ သိတာကော၊ မသိတာကောပဲ။ မသိသေးတာ တွေကိုလည်း အမြန်ဆုံး
စုံစမ်းဆက်သွယ်မယ်။ ပူဇော်ပွဲကော်မတီဖွဲ့တဲ့ နေရာမှာလည်း ရန်ကုန်က ကိုလှ မော်၊
ကိုညွန့်ဝေတို့လို ဒီကျောင်းထွက် ညွှန်ကြားရေးမှူး စတဲ့ အရာရှိကြီးတွေ
မဖြစ်မနေပါဝင်ရမယ်။ သူတို့ကို နာယက နေရာမှာ ထားမယ်။ ဒီလိုပဲ ရန်ကုန်မှာ
ကြီးပွားနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ တခြားနယ်တွေ ရောက်နေတဲ့
စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း
မြတ်ဆရာပူဇော်ပွဲအတွက် လည်ပင်းညှစ်ရမယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားရောက်နေတဲ့
ကိုတင်နွယ်၊ မမြင့်မြင့်အေးတို့ လင်မယား ပါလာဖို့ လိုတယ်။ သူတို့က ငွေရေးကြေးရေး
လှူရေးတန်းရေးမှာ ရက်ရောတော့ သူတို့ပါလာရင် ပူဇော်ပွဲကြီး အတိုင်းထက်အလွန်
စည်ကားမယ်။ သူတို့ချည်းပဲလားဆိုတော့ မဟုတ်သေးဘူး။ ခင်အောင်တို့၊ မတင်မြိုင်တို့လို
နွမ်းပါးတဲ့ သူတွေကိုလည်း မပါမဖြစ်အောင် ဖိတ်မယ်။ ဆိုလိုတာက ဒီကျောင်းမှာ တက်ရောက်စာသင်ခဲ့ဖူးတဲ့
ကျောင်းသူကျောင်းသား မှန်သမျှ မြတ်ဆရာပူဇော်ပွဲမှာ အားလုံး စုံစုံညီညီ ပါဝင်ရမယ်ဆိုတဲ့
သဘောပဲ’
ကိုမင်းအောင်က ရှင်းပြပြီး
နိုင်ငံရပ်ခြားမှာ ကြီးပွားချမ်းသာနေတယ် ဆိုတဲ့ ကိုတင်နွယ်၊ မမြင့်မြင့်အေးတို့
လင်မယားအကြောင်း အားလုံးကို ထပ်ပြောပြနေတယ်။ သူ့လေသံက မြတ်ဆရာပူ ဇော်ပွဲကို
ကိုတင်နွယ်တို့ လင်မယားနဲ့ သိပ်ပြီး ပတ်သက်စေချင်ပုံရတယ်။ ကိုတင်နွယ်တို့လင်မယား
ဘယ်သာသနိက အဆောက်အအုံကိုဖြင့် ငွေဘယ်နှသိန်း၊ ဘယ်ဆေးရုံ၊ ဆေးပေးခန်း၊ ဘယ် အ.ထ. က
ကျောင်းကိုဖြင့် ငွေဘယ်နှသိန်း မတည်လှူဒါန်းလိုက်တယ်ဆိုတာတွေကို မြိန်ရေရှက်ရေ
ရှင်းပြနေတယ်။
ကိုမင်းအောင် စကားအပြတ်မှာတော့
ကိုသက်ဇော်က...
‘ဒါဆိုရင် သူငယ်ချင်းလုပ်ထားတဲ့
အစီအစဉ်တွေ သိပ်ကောင်းပါတယ်။ ခုနက ပြောတဲ့အတိုင်း မြတ်ဆရာပူဇော်ပွဲကို
ဒီကျောင်းမှာနေခဲ့ဖူးတဲ့ ကျောင်းသားဟောင်းမှန်သမျှ အကုန်ဖိတ်ကြားမယ်။
မြတ်ဆရာတွေကို ပါဝင်ပြီး ပူဇော်ကန်တော့ရမယ်ဆိုတာ သဘာဝလည်း အလွန်ကျပါတယ်။ ဟိုနေ့က
တောင် မြတ်ဆရာပူဇော်ပွဲနဲ့ ပတ်သက်ပြီး မောင်စံအေး မေးလို့ ပြောပြလိုက်သေးတယ်။
သူလည်း သူ့လုပ်အားခနဲ့ ရတဲ့ ချွေးနှဲစာလေးနဲ့ မြတ်ဆရာတွေကို ပူဇော်ချင်တယ်၊
လာလို့ဖြစ်ပါ့မလား မေးတယ်။ မောင်စံအေးဆိုတာက သူငယ်ချင်းတို့ မှတ်မိမလားတော့
မသိဘူး။ ဒီကျောင်းမှာ ၈ တန်းထိ စာသင်ဖူးတယ်။ အင်မတန်လည်း နွမ်းပါးတယ်။
ဘဝပေးအခြေအနေကြောင့် ကိုယ်ရေပြားရောဂါ ဖြစ်ခဲ့ဖူးပြီး ခုဆို သုဘရာဇာ သဘောမျိုးဖြစ်နေတယ်။
အောင်ဘောဂ ရပ်ကွက်ထိပ်မှာ နေတယ်။ အသုဘကိစ္စတွေမှာ ကျင်းတူး၊ အလောင်းသယ်
အလုပ်မျိုးနဲ့ အသက်မွေးတယ်။ သူ့ကို လူတော်တော်များများက ဒီကျောင်းထွက်ဆိုတာ သိကြမှာ
မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူလည်း ကျောင်းသားဟောင်းတစ်ယောက် ဖြစ်နေတော့
မြတ်ဆရာပူဇော်ပွဲအတွက် ဖိတ်ဖြစ်အောင် ဖိတ်ရမယ်။ သူကလည်း လာချင်တဲ့ဆန္ဒ ရှိနေတယ်’
ဒီစကားကို ကြားတယ်ဆိုရင်ပဲ
ကိုမင်းအောင် မျက်နှာကြီး နီရဲသွားတယ်။ နောက်မှ...
‘ဟေ့...ဟေ့... မင်း ဒါ
တမင်သက်သက် အရွဲ့တိုက်တာပဲ။ တို့လုပ်မယ့်ပွဲက ကျက်သရေမင်္ဂလာရှိပြီး
လူကြီးလူကောင်းတွေ လာကြမှာကွ။ ဒါကို မင်းက ပေါက်ပေါက်ရှာရှာ သူတောင်းစား
သုဘရာဇာတွေ ခေါ်ပြီး ပူဇော်ပွဲကိုကော၊ ငါ့ မျက်နှာကိုပါ ဖျက်မလို့လား။ ဒီလို
ဖျက်ချင်မှတော့ ခုကတည်းက ဒီပွဲကို ဖျက် တယ်ကွာ။ ဖျက်တယ်။ ဒီလိုပွဲမျိုး မလုပ်ရလို့
ဘာမှမဖြစ်ဘူး’
စိတ်ဆိုးမာန်ဆိုး ပြောရင်း
စားပွဲပေါ်က ဒိုင်ယာရီကို ကောက်ကိုင်ပြီး အထမှာ အားလုံးက ဝိုင်းတားကြတယ်။
ဒါပေမဲ့ ကိုမင်းအောင်ကတော့ ဆောင့်ကြီးအောင့်ကြီးနဲ့
ထွက်သွားတယ်။
အခန်းထဲမှာတော့ တိတ်ဆိတ်ပြီး
ကျန်ရစ်ခဲ့တယ်။
▀
သန်းထွန်းဇော်
(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်