ကံထွန်းသစ်
၁။
နံနက်တွင် ထွက်မည့် ပြည်ကုတို့သင်္ဘော၊ ဒါမှမဟုတ် လိုင်းတိုခေါ် သင်္ဘောတစ်စင်း
ရှိမရှိ သေချာစေရန် စုံစမ်းပြီး ဂေါဝိန်ဆိပ်ကမ်းမှ အပြန်၊ လမ်းလျှောက်၍
ပြန်ခဲ့မိသည်မှာ မှားပြီဟု တွေးမိလာသည်။ မှတ်မိဖူးသော ရုပ်ရှင်ရုံလွန်လျှင်
ဒေဝန်းရပ်ကို ရောက်ကိုရောက်ရမည်။
ခုရောက်နေတာ ဒေဝန်းရပ်မှ ဟုတ်ရဲ့လားမသိ။ ဒီအရပ်က ဖြတ်ထွက်လိုက်လျှင်
နီးသည်ဟု သိထားသည်။ ခုတော့မူ..။
မစိမ်းတဲ့ ခရီးပဲဟု
အဖော်မခေါ်ခဲ့မိခြင်းက ပိုလို့ မှားသည်ဟု နောင်တရမိပြန်သည်။ တစ်ဦးဦးကို
ခေါ်လာလျှင် ရလျက်သားနှင့်... ငါနှယ်...။
ရွာသို့ပြန်ရန် ကုန်းလမ်း၊ ရေလမ်း
နှစ်မျိုးရှိရာတွင် သက်သောင့်သက်သာ ရှိသည့် ရေလမ်းကို ရွေးခဲ့ပြီး
နက်ဖြန်နံနက်ခြောက်နာရီမှာ ထွက်မည့် သင်္ဘောမိအောင် အစောကြီးထကာ လာရမည်မို့ ယခုလို
သွားရောက်စုံစမ်းခဲ့ခြင်းပင်။
ဟုတ်တယ်လေ...မတော်လို့ သင်္ဘောမရှိလျှင်
ကုန်းလမ်းကို ပြောင်းရမည်။ သင်္ဘောဆိပ်ကို ရောက်ပြီးမှ ဆိုမလွယ်။
ဝန်စည်စလွယ်တွေနှင့် ကားဝင်းကို ပြန်လှည့်ရမည်။ ကူးဟယ်၊ သန်းဟယ်နှင့်
စိတ်မောလူမောဖြစ်ရမည်။ နောက်ပြီး အခုအခေါက်မှာက စက်ပစ္စည်းများအပြင် ဇနီးသည်နှင့်
သူ့ကုန်ပစ္စည်းများပါဆို ဝန်က ပိုလေးမည်။ ထိုကြောင့် ခုလိုညနေကတည်းက
ဝီရီယပိုမိခြင်းလေ။ အင်း...ဝီရီယပိုမိကာမှ... ဟူး။
ချွေးတို့ကို ပွတ်ပစ်လိုက်သည်။
ပြီး...လေကို တစ်ဝရှူလိုက်ရင်း ဝဲယာကြည့်မိပြန်သည်။ အတော်တောင်
မှောင်စပျိုးနေပါပကော။ နက်ဖြန် သင်္ဘောရှိသည်ဆို၍ ဝမ်းသာခဲ့ရသည်။ ယခု ထိုဝမ်းသာမှုက
ပျောက်လုပျောက်ခင်။ လိုင်းကားတွေ သိမ်းသွားပေမယ့် ဆိုက်ကားဖြစ်ဖြစ်
စီးခဲ့ဖို့ကောင်းတာ။ ငါ့ကိုက ငွေလေးသုံးလေးရာ မြှော်မြင်တယ်။ ဟင်း.. ခုတော့...။
သုံးရာ...တဲ့။ ဒီခရီးနဲ့ ဒီခရီး
သုံးရာတော့ ပေးမစီးဘူး။ သွားနေကျပဲဟာ။ အလွန်ဆုံး တစ်နာရီပျော့ပျော့ပေါ့။ အင်း...တစ်နာရီပျော့ပျော့တဲ့။
ခု...ငါလာနေတာ တစ်နာရီတောင် 'က'ရဲ့လား
...မှန်း...။ လက်က နာရီကို အလင်းရောင်မှိန်ပျပျတွင် မြှောက်၍ကြည့်လိုက်မိသည်။ ဝိုး
တိုးဝါးတား...။ ခုနစ်နာရီလား၊ ရှစ်နာရီလား မသဲကွဲ။ ဟူး... ရှစ်နာရီတော့
ရှိလောက်ရော့မယ်။ ဓာတ်တိုင်တွေက မီးမလာသေးပါလား။ မီးပျက်တယ် ထင်တယ်။ ဒုက္ခပဲ။
ဘတ္ထရီနဲ့လား၊ အင်ဗတ်တာနဲ့လား မသိ။ ထွန်းညှိကြသည့် မီးရောင်တချို့သာ အိမ်များမှ
တစ်ဆင့် လမ်းပေါ် တခါတခါ ကျလာတတ်သော အလင်းရောင်ကို အားကိုးကာ တည်းခိုရာဆီ
မှန်းပြီး ပြန်နေရသည်။ သို့သော် ဦးတည်ရာ ဟုတ်မဟုတ်ကား မရေရာ။ အရင်က ဒါလောက် မသွားရပါဘူး။
ခု ဘယ်အတွက်ကြောင့် ကြာနေပါလိမ့်။ မျက်စိလည် လမ်းမှားနေပြီထင့်။
□
၂။
အို...ပါးစပ်ပါ ရွာတွေ့ပဲ။
တစ်ယောက်ယောက်ကို မေးရုံပေါ့။
သို့နှယ် အားပေးကာ
ဆက်လျှောက်နေမိပေမင့် မေးရမည့်သူက တစ်ဦးတစ်ယောက်မျှ လမ်းမှာမတွေ့။ ခက်လေပြီ။
မမှောင်ခင် လမ်းမကြီးပေါ်မှာတုန်းကတော့ ကားတွေ ဥဒဟို၊ ဆိုက်ကားတွေ အလျှိုလျှို။
စက်ဘီးတွေ လူတွေ အများကြီး။ ခုဟာက ရပ်ကွက်အတွင်းလမ်းမှာ ဖြစ်ပြန်။ မီးကလည်း
မလာပြန်ဆိုတော့ လူတွေ အထွက်အပြု အသွားအလာ ကျဲဟန်တူရဲ့။ နောက်ပြီး
ဒီမြို့ကြီးက ဧရာမ ဝင်းကြီးတွေနဲ့ နေကြတာတဲ့။
ပုလင်းဝင်းတဲ့၊ စတီးဝင်း၊ ထင်းဝင်းတဲ့။ ရွာက လူတွေတောင် ထင်းဝင်း၊ ပိုက်ကျုံးဘက်မှာ အလုပ်လုပ်နေကြတာ ရှိတယ်။
မြတ်စွာဘုရား ... ငါ..ငါ..ဘယ်လို ဝင်းကြီးတစ်ခုခုထဲ မှားဝင်မိပြီ။
ကွမ်းယာဆိုင်လို တစ်ဆိုင်ဆိုင်
ဝင်မေးရအောင်လည်း လမ်းမတန်းပဲ မဟုတ်လို့လားမသိ။ တစ်ဆိုင်မှ ဖွင့်တာမတွေ့။
စို့နေသော ချွေးတို့ သွေ့စေရန် ရင်မှ ကြယ်သီးများကို ဖြုတ်ကာ ရင်ဘတ်ကို
ခဏဟထားလိုက်ပြီး တွေဝေကာ ရပ်နေမိပြန်သည်။ ထိုစဉ် မီးရောင် ဝင်းခနဲဖြာသွားကာ
တဒုတ်ဒုတ်နှင့် မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးကို တွေ့လိုက်ရသည်။ ဝမ်းသာအားရပင်
လက်တားလိုက်မိသည်။ အလင်းရောင်က စူးလှသည်မို့ လက်တစ်ဖက်နှင့် ကာရင်းတားနေမိစဉ်
ချက်ချင်းဆိုသလို ဆိုင်ကယ်က အနားရောက်လာသည်။ သို့သော် အရှိန်က မလျော့သည်မို့
လွတ်ရန် ကပျာကယာ လမ်းဘေးကပ်ရသည်။ ဆိုင်ကယ်ကတော့ ဝေါခနဲဖြတ် သန်းသွားလေပြီ။
တောက်...ကံသီပေလို့။
ဒီလူနှယ်...ဒီလောက် လမ်းကျဉ်းလေးကို ဘယ်လို ဖြစ်တာပါလိမ့်။ အရင်က
ဒီမြို့ကြီးကလူတွေဟာ အလွန်ယဉ်ကျေးကြတာ။သူတစ်ထူးကို သိပ်ကူညီတတ်ကြတာ။
လမ်းမသိရင်တောင် အိမ်တိုင်ရာရောက် လိုက်ပို့တတ်ကြတာ။ ခု လူကဖြင့် ရပ်တောင်မပေးဘူး။
အေးလေ ... သူလည်း အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာတွေ ရှိလို့နေမှာပေါ့။ တတ်နိုင်ဘူး။
ကိုယ့်လမ်းကိုယ်ပဲ။ ရောက်ရန် မသေချာသာလမ်းကိုပဲ ဆက်လျှောက်လိုက်သည်။
ဆိုရိုးရှိတာပဲ။ လမ်းဆုံးရင် ရွာတွေ့သတဲ့။ အဲ...လမ်းမ ဆုံးရင်ကော...ဟူး။
□
၃။
အရင်တုန်းက လမ်းတစ်လျှောက်မှာ
ဘုန်းကြီးကျောင်းတွေရယ် ကိုးလုံးဒကာဆိုတဲ့ ဘုရားရယ် ဦးတိုက်ရမြဲပါ။ အိုး...အဲဒါက
သံလမ်းကနေ လမ်းမကြီးအတိုင်း သွားမှလေ။ ခုဟာက အတွင်းလမ်းဆို တော့...။
မြန်မြန်ရောက်မလားလို့ ဖြတ်လမ်းက
ဝင်မိပါမှ ငါကိုက မိုက်မဲတာပါ။ လမ်းမကျွမ်းဘဲနဲ့များ 'အရင်လို
လမ်းအိုလိုက်' ဆိုတဲ့စကားတောင်ရှိသေးတာ။
'ကိုကျော်ဝင်း တော်..
မိုးမချုပ်စေနဲ့နော်...၊ကားတွေဘာတွေလည်း ဂရုစိုက် ... အဖော် တစ်ယောက်ယောက်
ခေါ်သွားပါလား' လို့ စိတ်မချစွာ လှမ်းမှာလိုက်သော ဇနီးသည်၏
အသံကို ပြန်ကြားယောင်လာသည်။ ခု သူ စိတ်မချသည့်အတိုင်း ဖြစ်နေချေပြီ။
ဒီပုံအတိုင်းဆို တော်တော်နှင့် ရောက်နိုင် မည့်ပုံမပေါ်။ နောက်ပြီး...
'မနက်လည်း အစောကြီး
ထရဦးမှာနော်..။ ဟိုဝင် ဒီထွက်တွေ များမနေနဲ့' တဲ့။
ခုလောက်ဆို သူတော့ ငါ့ကို မျှော်နေမှာပဲ။ ဟုတ်တယ်...မနက်လည်း အစောကြီးထပြီး
ဂေါဝိန်ဆိပ်ကို ဆင်းရဦးမှာ...။ အရောက် နောက်ကျလို့ အိပ်ရေးမဝဖြစ်ပြီး မနိုးရင်။
အို...အဲဒါတော့ ပူစရာမလိုပါဘူး။ မနက်စောစောဆို ကျောင်းတိုက်ကြီးတွေက အုန်းမောင်း
ခေါက်တာပဲ။ နောက်ပြီး...အိမ်တော်ရာ ဘုရားက နံနက်အရုဏ်ဦးဆို ရေခင်းသံအမြဲဖွင့်တာ
သိပ်ကြည်နူးဖွယ် ကောင်းတာ။ ရောက်စ ညကတောင် သူရောကိုယ်ပါ နှစ်ယောက်စလုံး
နိုးကြသေးတာ။ စကားစပ်မိလို့ ဦးပဉ္ဇင်းတွေကတောင် ဒီဘုရားက အသံချဲ့စက်က နံနက်
တစ်ကြိမ်၊ ညကိုးနာရီတစ်ကြိမ် ရေခင်းအမြဲဖွင့်တယ်လို့ မိန့်သေးတယ်။
သြော်...ငါ့နှယ်... လမ်းရှာတွေ့ဖို့
မပူဘူး။ မ နက်မနိုးမှာ လှမ်းပူနေတယ်။ သောက်ကျိုးနည်းဗျာ...။ လူတွေကလည်း ဘာလို့များ
အိမ်ထဲအောင်းနေကြပါလိမ့်။
တစ်ယောက်တလေတောင် မတွေ့ရဘူး။ ဧကန္တတော့ ကိုရီးယားကားရှေ့ရောက်ကုန်
ကြပြီထင်တယ်။ ဟူး...ဒုက္ခပါပဲ။
ဒီအတိုင်း ဆက်သွားနေလို့
မဖြစ်သေးပါဘူး။ တစ်အိမ်အိမ်ဝင်ပြီး မေးမြန်းဦးမှပါ။ ဒီအိမ်က ခြံတံခါးက
ပိတ်ထားတာလား၊ စေ့ထားတာလား။ အင်း..စွတ်ရွတ်ဝင်သွားလို့ မဖြစ်သေးပါဘူးလေ။
ဘယ်လိုလုပ်ရပါ့။ အို့... ဘာအရေးတုံး။ ယောကျ်ားပဲ၊ လမ်းမတွေ့လှ အဆုံးကား ဒါမှမဟုတ် ဆိုက်ကားတစ်စင်းစင်း
ငှားပြန်ရုံပေါ့။ ဘယ်မှာလဲကား၊ ဆိုက်ကားက။ အဲ...လမ်းမကြီး ပြန်ထွက်မှ
ငှားလို့ရမှာ။ လာလမ်းအတိုင်း ပြန်ထွက်ဖို့ဆို...ဘုရား...ဘုရား...။
နောက်ပြီး ဈေးကလည်း နည်းမှာ
မဟုတ်ဘူး။ ညနေတောင် သုံးလေးရာ ယူသေးတာ။
ခုလိုညဆို တစ်ထောင်။ အမလေး...လေး.. ရွာဆိပ်ကမ်းအရောက် သင်္ဘောခတောင်
နှစ်ရာကျော်လေး ရယ်။ တစ်ထောင်ဆိုရင်... အဲ...ဘာတတ်နိုင်မှာလဲ။ မ တတ်သာတဲ့
အဆုံးတော့..။
အိမ်ပြတင်းပေါက်များမှ လျှံထွက်လာသော
မီးရောင်များကို အားကိုးပြု၍ ရှေ့ကိုသာ ဆက်တိုးနေမိသည်။ ရောက်ရန်နီးပြီလား၊
မနီးသေးဘူးလား မခန့်မှန်းသာ။
□
၄။
မိန်းမကတော့ တမျှော် မျှော်နဲ့
နေရှာမှာပဲ။ ရောက်ချိန်တော်လို့မှ မပေါက်လာရင် ခမျာထွက်စောင့်နေမှာ။ စိတ်ကလည်း
ပူတတ်ပါဘိသနဲ့။ ဟင်း...ငါကိုယ်တိုင်လည်း ပူနေတာပါပဲလေ။ ငါ့ကိုက 'ဖင်မနိုင်ဘဲ
ပဲကြီးဟင်း စားသူ' ဆိုတာလို ဖြစ်နေပြီ။ ကိုယ်မကျွမ်းဘဲ
လမ်းထွင်တော့ လမ်းထွင်တာတော့ မဟုတ်ပါဘူး။ ခရီးတိုပြီး အမြန်ရောက်မလားလို့ပါ။
ကြိုးစားကြည့်မိတာ မိန်းမ သိရင်တော့ 'တော်ကိုက ခြေရှည်တယ်'
ဘာညာနဲ့ ဆူဦးမှာပဲ။
တတ်နိုင်ဘူး။ အားထုတ်ကြည့်တတ်တာ
ဝါသနာပဲ။ ဟုတ်တယ်လေ..။ လမ်းရိုးကပဲ သွားသွား၊ လမ်းသစ်ကပဲ လျှောက်လျှောက် လိုရာကို
အမြန်ဆုံး ရောက်ဖို့ လိုရင်းမဟုတ်လား။ နောက်ဆုံး မိုးလင်း ရင်တော့ တည်းခိုရာ
ပြန်ရောက်မှာပဲ။
ဒီညာဘက်အိမ်ကို ဝင်မေးရင် ကောင်းမယ်။
အာ.. သံတံခါးကြီးက ပိတ်လို့။ ဟိုဘက် အိမ်ကတော့...အင်း...ခုနေ လမ်းမီးတွေလာလိုက်ရင်
သိပ်ကောင်းမှာ။ ဟော... ကားသံ။ ဟုတ်တယ်။ ကားငယ်တစ်စင်း မီးထိုးကာ လမ်းသွယ်ထဲ
ဝင်လာတာ တွေ့ရသည်။ ဝမ်းသာအားရ လမ်းဘေးမှာ ကပ်ရင်းစောင့် နေလိုက်သည်။
သို့ပေမယ့် ကားက လမ်းထဲဝင်လာသော်လည်း
လမ်းထိပ်ကအိမ်မှာပင် ခရီး ဆုံးသွားချေပြီ။ ဒီဘက်မရောက်လာတော့ စိတ်ပျက်
လက်ပျက်နှင့် ကိုယ့်ခရီးကို ဆက်ခဲ့ရသည်။ ဒါပေမယ့် အမြတ်ရလိုက်သည်။ ခုနက
ကားမီးရောင်တွေ ညာဘက်သို့ ချိုးကွေ့သွားသည့် လမ်းကလေးကို တွေ့လိုက်ရခြင်းပင်။
ဒီလမ်းအတိုင်း ဆက်သွားနေ၍ ထူးအံ့မထင်။
ဒီတော့ ခုနက တွေ့လိုက်ရသော လမ်းသွယ်လေးထဲသို့ ဝင်လိုက်လျှင်...။ စောစောက
ကားလာရာလမ်းနှင့် မျဉ်းပြိုင်ဖြစ်နိုင်သည်။ ဒါဆို...။
တကယ်လို့ လမ်းမကြီးပေါ်
ပြန်ရောက်သွားလျှင်လည်း စိုးရိမ်စရာ မရှိတော့။
ပြောနေကြာတယ်။ ဆုံးဖြတ်ချက်နှင့် တစ်ပြိုင်နက် သွက်သွက် ချိုးဝင်လိုက်သည်။
□
၅။
'ဝေါင်း...ဝေါင်း...'
'ဝုန်း...'
'ဝုတ်...ဝုတ်...ဝုတ် ...'
ဘုရား...ခေါင်နပန်း ကြီးသွားသည်။
မြည်သံ၊ ဟိန်းသံများနှင့်အတူ တလွှားလွှား ပြေးလာနေကြသည့် ခွေးတွေ...ခွေးတွေ။
ဘုရား...ဘုရား... ဒါ
...ဒါ...လမ်း...လမ်းမဟုတ်ဘူး ထင်တယ်။
'ဝုတ်...ဝုတ်...'
'ဝေါင်း...ဝေါင်း...'
ဟာ...ဟုတ့်ပါ့။ ဟိုမှာ တိုက်အိမ်။
မီးရောင်တွေ့ရတယ်။
'ဝုတ်...ဝေါင်း...
ဝေါင်း...'
ဒါ...ဒါ ခြံကျယ်ကြီးပါလား။
ငါ...ငါတော့ လမ်းမှားပြီ။
'ဝေါင်း...'
'အိမ်ရှင်တို့...ဟဲ့..
ခွေး။ ဟဲ့...ခွေး'
'ဝုတ်...ဝုတ်...'
'အိမ်ရှင်တို့
ခွေးကြည့်ပါဦးဗျို့'
'အိမ်ရှင်တို့...
အိမ်ရှင်တို့...'
ခွေးတွေက တဝုန်းဝုန်း ဟောင်ကာ
အတင်းဝင်ဆွဲတော့မည်မို့ အသံကုန်အော်ကာ အကူအညီတောင်းဆို လိုက်မိသည်။ တိုက်ထဲ
မီးရောင်တွင် လူရိပ်လူယောင်ကို တွေ့လိုက်ရ၍ အားတက်ကာ...
'အိမ်ရှင်တို့...
အိမ်ရှင်တို့...ခွေးကြည့်ကြပါဦးဗျို့'
ပတ်ပတ်လည် တဟဲဟဲဖြစ်နေသော
ခွေးသုံးကောင်ကိုကြည့်ကာ ဘာလုပ်ရမှန်းမသိ။ ရင်က ဒိတ်ဒိတ် တိုးနေသည်။ ချွေးတို့က
ပေါက်ပေါက်ကျလာသည်။ နောက်ပြန်လှည့်ပြေးလို့ကလည်း လွတ်မည်မထင်။ ဘု
ရား...ဘုရား...ဘယ်လိုလုပ်ရပါ့။
'ဝုတ်..ဝုတ်...ဝေါင်း ...'
'ဟဲ့...ခွေး...ဟဲ့... ခွေး'
အတင်းခုန်ဆွဲပါလား။ ကံကောင်းပေလို့ နို့မဟုတ်ရင် ငါ့မျက်နှာ။
ဘုရား... ဘုရား...။
'အိမ်ရှင်တို့...ခွေး..
ခွေး...'
ခွေးတွေကို အလစ်မပေးရဲ။ တစ်ဘက်ကလည်း
တိုက်အိမ်ကြီးဆီ တကြော်ကြော် လှမ်းအကူအညီ တောင်းနေမိသည်။ သို့သော်
တိုက်ဆီကအချည်းနှီး။ လူရိပ်လူယောင်ပင် မတွေ့တော့။ ခုနက တွေ့လိုက်ပါတယ်။
တမင်များ...။
'ဝုန်း...'
အကြီးဆုံးခွေးကြီးက
အစွယ်တဖွေးဖွေးနှင့် ရှေ့ကို အတင်းတိုးဟပ်ရန် ကပ်လာပြန်သည်။ ဘယ်လိုလုပ်ရပါ့။ ဘယ်လို...လုပ်..။ အင်း.. ငါ့မှာ ဘာလက်နက်မှ
မပါလာတော့ နောက်ပြီး ခွေးက သုံးကောင်။ တစ်ကောင်ကောင်က အတင်းဝင်ကိုက်လို့ လုံးလားထွေးလားဖြစ်
ရင်တော့ ဟူး...။ ရင်ဆိုင်ရန် လက်နက်ကိုစဉ်းစားရင်း ပါးစပ်ဖြင့်သာ တဟဲ့ဟဲ့
အော်နေမိသည်။ တစ်ခါ တစ်ခါ ချော့သည့်အနေဖြင့် လျှာဖျား နှင့် အာစောက်ထိရုံ
တောက်တောက်...ဟု အသံ ပြုမိသည်။ သို့သော် မထိ ရောက်။
'ဝုတ်...ဝုတ်..ဝေါင်း
...ဝေါင်း...'
ခွေးတွေကို မစည်းရုံးနိုင်။ နောက်ဆုံး
လက်နက်အဖြစ် ဖိနပ်နှစ်ဖက်ကို ချွတ်ကိုင်လိုက်သည်။ သွေးဆာနေဟန် ခွေးတစ်အုပ်ကို
ဒီဖိနပ်လေးနဲ့တော့ ကာကွယ်ဖို့ရာမမြင်...။
'ဟဲ..ခွေး...ကဲဟာ'
အတင်းဝင်ဆွဲလာပြန်သော တစ်ကောင်ကို
ဖိနပ်တစ်ဖက်နှင့် အားကုန်ပေါက်လိုက်သည်။ ခွေးကိုကား မထိ။ ဖိနပ်ကသာ
ခွေးတွေနောက်ကျသွားပြီ။ အဲဒါမှ ဒုက္ခပေါ် ဒုက္ခဆင့်ပကော။ ဖိနပ်ကို
ဘယ်လိုကောက်ရပါ့။ အကူအညီ ရလိုရငြား တိုက်ကြီးဆီ လှမ်းကြည့်နေမိပြန်သည်။ စောစောက
မီးရောင်ပင် ကွယ်ချေပေါ့။ ဒီလူတွေ တော်တော်နေနိုင်တဲ့လူတွေပဲ၊ တစ်ဖက်သား
ဒုက္ခရောက်နေ တာကို။ အရင်က ဒီမြို့ကြီးက လူတွေဟာ တကယ်ယဉ်ကျေးကြတာပါ။
ခု...ဘယ်နှယ့်...။
'ဝေါင်း...'
'အား...'
ငါ့ရဲ့ ခြေသလုံးတော့
အသားထစ်ထွက်သွားပြီ ထင်တယ်။ ကျွတ်...ကျွတ် ... နာလိုက်တာ။ လက်ထဲက
ကျန်ဖိနပ်တစ်ဘက်ကလည်း ကာကွယ်ရန် မထိရောက်ခဲ့။ ကြာရင် ဒီထက် ဆိုးလိမ့်မယ်။
ငါ...ငါ... ဘယ်လိုလုပ်ရပါ့။ ခွေးကြီးတွေက အကောင်ကြီးတွေကလည်း ထွား။
သွားစွယ်တွေကလည်း တဖွေးဖွေးနဲ့ ခွေးခြင်္သေ့ဆိုတာတွေများလား...ဟူး...။
□
၆။
ခွေးတွေကို
မျက်ခြည်မပြတ်သေချာစူးစိုက်ကြည့်ရင်း မသိမသာ နောက်ဆုတ်နေမိသည်။ နောက်ဆုတ်...
နောက်ဆုတ်နှင့် သွားလျှင် သူတို့ပိုင်နက်က လွတ်မည်။ ဒါဆို ဒီခွေးတွေ ဆက်လိုက်
တော့မည် မဟုတ်။ ဒါက ကိုယ့်အထင်။ ဒါပေမယ့်...။
'ဝေါင်း...ဝေါင်း...'
အတင်းတိုး လိုက်လာပါလား။ နောက်ထပ်
ဘယ်နေရာများ အဟပ်ခံရဦးမယ် မသိဘူး။ ကျွတ်...ခုနက ကိုက်မိတာ နာလိုက်တာ။ သွေးတွေ
ထွက်။
'ဝုတ်...ဝုတ်...'
'ခွေးဆိုတာ ကိုယ့်ထက်
မဲန်တယ်လတီ (mentality) နိမ့်တဲ့
သတ္တဝါတွေပဲဗျာ...။ ဘာမှ ကြောက်စရာမလိုဘူး။ မှတ်ထားဗျာ.. ခွေးဆိုတဲ့ သတ္တဝါက ကြောက်လို့ပြေးရင်
လိုက်ကိုက်မှာပဲ။ မပြေးတဲ့သူကို ဘယ်တော့မှ မကိုက်ဘူးဗျ' ဆိုသည့်
ရွာကကျောင်းဆရာ ပြောသည့်စကားတို့ကို ပြန်ကြားယောင်လာကာ ကိုယ့်အားကို
ကိုယ်ပြန်တင်းလိုက်မိသည်။ ထို့အတူ...။
'ဝုန်း...ဝေါင်း...'
ခွေးကြီးကလည်း အတင်းဝင်ဆွဲပြန်သည်။
သတိမပေါ့၊ တိမ်းနိုင်၍သာ တော်တော့သည်။ ဒါတောင် နောက်အဆုတ်မှာ ဖင်ထိုင်ကျတော့မလို့။
ဝင်းအကာကို ကျောကပ်မိသွားသောကြောင့်သာ၊ ဟူး...တော်ပါသေးရဲ့၊ လဲသွားလို့တော့
အရိုးတခြား၊ အသားတခြား...။
ဟာ...ဟုတ်ပြီ။ ငါလက်ထောက်ထားတာ
ဝင်းခြံပဲ။ နှစ်တစ်လက်မတွေကို ကာထားတာပဲ။ မှန်း...တစ်ချောင်း၊ နှစ်ချောင်း။
ဒီကောင်တွေကတော့ အတော်ခိုင်ပါလား။ ရှေ့ဘက် စမ်းကြည့်မယ်။ သုံးချောင်း။
လေး...ငါး...ငါး...ဟုတ်ပြီ။ ဒီအချောင်းနဲ့နေတယ်။ အားစိုက်ပြီး ခွာကြည့်ရမယ်။ ကိုင်း...အီ...ဟီ..။
'ဝေါင်း...ဝေါင်း...'
'ဖျောင်း...' ဟာ ဟုတ်ပြီ။ နှစ်တစ်လက်မပိုင်း ကျွန်းသားဖြစ်မည်ထင်သည်။ အသားက
အချိန်စီးသည်။ လက်နှင့် 'ဆ' ကာ
ခွေးရှင်းဖို့ ပြင်လိုက်သည်။ လက်နက် အားကိုးရလာတော့ ရဲစိတ်ဝင်လာတာအမှန်။ ရှေ့ကို
တစ်လှမ်းတိုးလိုက်သည်။ ကိုယ့်ထွက်ပေါက်ကို ကိုယ်ဖောက် ရတော့မည်။ လက်ထဲက
နှစ်တစ်လမပိုင်းကို သေချာကိုင်အဆ...။
'ဝုန်း...ဝေါင်း...'
'ကဲကွာ...'
'ဖုန်း'
'ဂိန်..အိုင့်..အိုင်...'
'ကဲကွာ...ကဲကွာ..'
'ဖျောင်း..ဖျောင်း..'
'အိုင့်..အိုင့်...အိုင့်..
အိုင့်...'
အသံတွေ ပိုပွက်သွား သည်။ ခုန်ဆွဲလာသော
ခေါင်းဆောင်ခွေးကြီးကို အားကုန် လွှဲရိုက်ပစ်လိုက်သည်။ ချက်ကောင်းကို ထိသွားသည်။
ခွေးခုန်လာသော အဟုန်နှင့် ဒုတ်လွှဲချက်၏ အရှိန်တို့ဆုံရာက ခွေးကြီး၏
နှာရောင်ပေါ်တွင် ကျသွားသည်မို့ တကယ့်ချက်ကောင်း။ ခွေးချာချာလည်သွားသည်။ ထိုစဉ်
ရှူး...ရှူး...ဆိုသော ခပ်အုပ်အုပ်အသံကို ကြားလိုက်၍ ဒေါသသည် ထောင်းခနဲထသွားကာ။
'ကဲကွာ...ကဲကွာ..'
'ဖျောင်း...ဖျောင်း..'
ခွေးတွေကို တရကြမ်း
လိုက်ရိုက်နေမိသည်။ နာနေသော ခွေးကိုလည်း မညှာမိ။ ခွေးတွေက အော်ရင်း၊ ဟောင်ရင်း
ရုန်းရင်းဆန်ခတ်၊ လူမဆန်သောခွေးရှင်နှင့် ရှူးတိုက်တိုင်း ကိုက်ချင်သော ခွေးတွေကို
ရင်ဆိုင်ရန်သည်နည်းမှတစ်ပါး အခြားနည်းမရှိတော့။ ထို့ကြောင့် ဖြူဖြူမြင်ရာ
တဖျောင်းဖျောင်း လိုက်ရိုက်ပစ်လိုက်သည်။
'ဟေ့...ဘယ်သူလဲ၊ ခွေးတွေကို
လိုက်ရိုက်နေတာ...'
'ငါကွ'
'ဘယ်လိုလဲ၊ သူများ
ခြံထဲလဲဝင်သေး၊ ရဲတိုင်လိုက်ရမလား'
'တိုင်ချင်တိုင်... ကျုပ်
လမ်းမှားလာတာ၊ ခင်ဗျားခြံထဲ တမင်ဝင်တာမဟုတ်ဘူး၊ နောက်ပြီး ခွေးကြည့်ပါဦးလို့
အော်တာတောင် ရှူးတိုက်သေးတယ်။ ဘယ်သူလွန်တယ်ဆိုတာ ခွေးတောင်သိမယ်'
ပြောပြောဆိုဆို ချာခနဲ
လှည့်ထွက်လိုက်သည်။ ဖိနပ်လေးကို ကောက်စီးရန်လည်း မမေ့ခဲ့။ တော်တော်
တရားကျဖို့ကောင်းတဲ့လူ။ သူ့ခွေးတွေက ဝိုင်းကိုက်ချိန်တော့ ငြိမ်ပြီးကြည့်နေတယ်။
ရှူးတောင် တိုက်လိုက်သေး..။ သူ့ခွေးတွေလည်းထိရော ရဲတိုင်မလေး၊ ဘာလေးနဲ့။ ဟင်း..။
□
၇။
ဒေါသလေပူတွေကို မှုတ်ထုတ်လိုက်ပြီး၊
လေသန့်ကို တဝရှူသွင်းလိုက်သည်။ လမ်းကို ဆက်ရှာဦးမည်။ ခရီးက မည်မျှရှည်ဦးမည်
မသိ။ ထိုစဉ်...ရေခင်းသံကို ကြားလိုက်ရသည်။
ဟာ...ဒါ..ဒါ..အိမ်တော်ရာဘုရားက ဖွင့်တာပဲ။ ဟုတ်တာပေါ့။ ညကိုးနာရီလောက် ရှိပြီဆိုတော့ ပုံမှန် ဘုရားပရဝဏ် ပိတ်ချိန်။ ဟန်ကျလိုက်လေ။ ဒီအသံလာရာကို လိုက်သွားရင် ဘုရားကို တွေ့မယ်။ ဘုရားကို တွေ့ရင် ငါ..ငါ...နေရာ.. အား..ဟာ..။
▀
ကံထွန်းသစ်
(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်