နိုင်ငံတကာ ရုပ်ရှင်

ရှောန်ကွန်နရီရဲ့အိမ်

ဇာနည်ညိမ်း

01 November 2024
ရှောန်ကွန်နရီရဲ့အိမ်
Share to

            ဟောလိဝုဒ်ရုပ်ရှင်လောကမှာ နောက်ရိုက်မယ့် ဂျိမ်းစဘွန်းဇာတ်ကားအတွက် ဘွန်းအဖြစ် သရုပ်ဆောင်တဲ့သူ ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်တစား ရှိနေကြချိန်မှာ ဘွန်းအဖြစ် အတည်ငြိမ် အအေးဆေးဆုံး သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင် မင်းသားကြီး ရှောန်ကွန်နရီကတော့ သူ့ ထုံးစံအတိုင်း မထိတထိ ပြုံးရင်း အေးအေး ဆေးဆေး ရှိနေပါတယ်။

            အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးက ကင်မရာရှေ့မှာ အက်ရှင် ဇာတ်ကားများကို သရုပ်ဆောင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သရုပ်ဆောင် အလုပ်ကိုတော့ လုံးဝစွန့်လွှတ်တာလည်း မဟုတ်သေးပါ။ လောလောဆယ်မှာ ၂ဝဝ၆ ခုနှစ် နွေဦးပေါက်မှာ ထုတ်ဝေဖို့ လျာထားတဲ့ သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ကို ကိုယ်တိုင်ရေးသားပြုစုနေပါသတဲ့။

            ဒီစာအုပ်က သူ့အတွက် စတာလင်ပေါင် တစ်သန်းကျော်လောက် ဝင်ငွေရရှိမှာဖြစ်လို့ ဒီစာအုပ်ကို ရေးသားပြုစုနေသလားလို့ စဉ်းစားစရာရှိပါတယ်။ မင်းသားကြီးအနေနဲ့ ဘဟားမားမှာရှိတဲ့ နေအိမ်မှာ ဇိမ်ခံနေထိုင်နိုင်သလို နယူးယောက်မြို့ မဟတ်တန်က နေအိမ်မှာလည်း မပူမပင်၊ မကြောင့်မကြ နေနိုင်တဲ့သူပါ။ ဒါကြောင့် ငွေအတွက် ဒီစာအုပ်ကို ရေးနေတယ်ဆိုတာတော့ မဟုတ်ပါဘူး။

            တကယ်တော့ သူ့အတ္ထုပ္ပတ္တိကို တောင့်တခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် ဘယ်တော့မှ မရေးဘူးလို့ မင်းသားကြီးက ဆုံးဖြတ်ခဲ့တာပါ။ အခု ဘာကြောင့် ရေးသလဲဆိုတော့ သူ့ခွင့်ပြုချက်မရဘဲ ရေးသားထုတ်ဝေခဲ့ကြတဲ့ သူ့ အကြောင်းစာအုပ်တွေမှာ ပါခဲ့တဲ့ အမှားတွေကို အမှန်ဖြစ်အောင် ပြင်နိုင်ဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ရေးနေခြင်းပါ။ ဒါကြောင့်လည်း ကင်မရာရှေ့မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ မင်းသားကြီးဟာ ခုဆိုရင် ကွန်ပျူတာရှေ့မှာ ကီးဘုတ်တစ်လုံးနဲ့ နေ့မအား ညမနား တကုပ်ကုပ် အလုပ်ရှုပ်နေရတာပေါ့။

            ဒီစာအုပ်မှာ ဆင်းရဲမွဲတေတဲ့ အီဒင်ဘာမြို့က ငယ်ဘဝမှ စတင်ပြီး အောင်မြင်ကျော်ကြား ချမ်းသာြကွယ်ဝတဲ့ ခု ဘဝအထိ ရေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ဘဝအကြောင်း ရေးတယ်ဆို တော့ ကြုံခဲ့ဆုံခဲ့၊ ချစ်ခဲ့ကြိုက်ခဲ့၊ တွဲခဲ့၊ ကွဲခဲ့တဲ့မိန်းမတွေ အကြောင်းရော အပြည့်အစုံများ ဖတ်ရလေမလားလို့ အောက်မေ့ကြပါတယ်။ ဒါပေမယ့် မင်းသားကြီးက မိန်းများနဲ့ ပတ်သက်တဲ့ အကြောင်းကိုတော့ သူ့ရင်ထဲမှာပဲ လျှို့ဝှက်ထားပြီး အဲဒီ လျှို့ဝှက်ချက်ကိုလည်း သချိုင်းဂူထဲ ရောက်သွားတဲ့အထိ သိမ်းသွားမှာပါလို့ ဆိုပါတယ်။

            ဒါပေမယ့် တစ်ယောက်သော မိန်းမအကြောင်းကိုတော့ မလွဲမသွေ သူပြောရပါလိမ့်မယ်။ အဲဒီမိန်းမက နှစ်ပေါင်း ၃ဝ ကြာတဲ့အထိ သူနဲ့ပေါင်းသင်းနေဆဲဖြစ်တဲ့ ပြင်သစ်ပန်းချီဆရာမ မစ်ရှယ်လိုင်းပါပဲ။ မစ်ရှယ်လိုင်းဟာ  သူ့ဘဝမှာ အရေးပါသလို ဒီစာအုပ်မှာလည်း အခန်းကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်လာဦးမှာပါ။

            မင်းသားကြီးနဲ့ ပန်းချီဆရာမတို့က ပထမဆုံးအကြိမ်အဖြစ် ဟယ်လို မဂ္ဂဇင်းကြီးကို သူတို့နေအိမ်သို့ ဖိတ်ခေါ်ပြီး အိမ်တွင်းခန်းများကို ဓာတ်ပုံရိုက်ခံတဲ့အပြင် အင်တာဗျူးပြုလုပ်ခွင့်လည်း ပေးခဲ့ရာ မစ်ရှယ်လိုင်းဟာ မင်းသားကြီးရဲ့ဘဝမှာ ဘယ်လောက် အရေးပါတယ်ဆိုတာ ပေါ်လာခဲ့ပါတယ်။ စကားပြောရင်းနဲ့ မင်းသားကြီးက ခုလို ပြုလုပ်တဲ့ အင်တာဗျူးမှာ သူ့ဘဝ အောင်မြင်ပုံများကို သာမကဘဲ အတိတ်က ရုန်းကန်ခဲ့ရတာတွေ၊ နားကြည်းခံစား ခဲ့ရတာတွေကိုပါ ထည့်သွင်း ပြောကြားဖို့ တိုက်တွန်းခဲ့သူဟာလည်း ဇနီးသည်ဖြစ်တဲ့ မစ်ရှယ်လိုင်းပဲ ဖြစ်တဲ့ အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဟယ်လိုမဂ္ဂဇင်းနဲ့ မင်းသားကြီးတို့ရဲ့ အင်တာဗျူးကတော့ ...

            ၂ဝဝဝ ပြည့်နှစ်တုန်းက အင်္ဂလန် ပြည့်ရှင် ဘုရင်မကြီးက ခင်ဗျားကို သူကောင်းပြုခဲ့တဲ့အပြင် ဒီလမှာ မော်ရိုကို ဘုရင်ကလည်း သူတို့နိုင်ငံရဲ့ အမြင့်ဆုံးဘွဲ့ ချီးမြှင့်ခဲ့တယ်။ အဲဒီလို ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှင့်ခံရလို့ ခင်ဗျားအနေနဲ့ ဝန်ပိ မနေဘူးလား။

            ဟုတ်ပါတယ်။ အဲဒီလို ဂုဏ်ပြုခံရတာတွေအတွက် ဝမ်းသာပီတိ ဖြစ်တာနဲ့အတူ တာဝန်ပိုင်းမှာလည်း ကြီးလေးလာပါတယ်။ မော်ရိုကိုနိုင်ငံနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် တကယ့်ကို အမှတ်တရ ဖြစ်စရာနေရာပါ။ အဲဒီမှာ ကျွန်တော် The Man Who Would Be King ဇာတ်ကား ရိုက်ကူးခဲ့တဲ့အပြင် ကျွန်တော့်ဇနီးဖြစ်လာမယ့် မစ်ရှယ်လိုင်းနဲ့လည်း ဆုံစည်းခွင့် ရခဲ့တာပါ။ ကာလအားဖြင့် ပြန်တွက်ကြည့် မယ်ဆိုလို့ရှိရင် ၃၅ နှစ်ရှိပြီပေါ့။

            ကျွန်တော့်အကြောင်း ကောင်းကောင်း သိတဲ့သူတွေကတော့ ကျွန်တော်ဟာ ဘွဲ့ထူးဂုဏ်ထူးတွေ မက်တဲ့သူ မဟုတ်ဘူးဆိုတာ သိကြပါလိမ့်မယ်။ အဲဒါအပြင် ရောက်လေရာမှာ ကျွန်တော့်ကို သတိရပါစေတော့ရယ်လို့ ဘယ်တုန်းကမှ အမှတ်ရစရာတွေ လုပ်ခဲ့တဲ့သူ မဟုတ်ပါဘူး။

            မင်းသားကြီးကို ရုပ်ရှင်လောက,က ပုဂ္ဂိုလ်တွေက အတ္တအင်မတန် ကင်းတဲ့သူလို့ သတ်မှတ်ထားကြပါတယ်။ အောင်မြင်ကျော်ကြားမှုကြောင့် မင်းသားကြီးဘဝမှာ တစ်စုံတရာ အစွန်းအထင်း ဖြစ်တာလည်း မတွေ့ခဲ့ရပါဘူး။ အဲဒါ ဟုတ်ပါသလား။

            ကျွန်တော် ရုပ်ရှင်မင်းသားကြီး ရောဘတ်မစ်ချန်နဲ့ ပထမဆုံးအကြိမ် တွေ့တော့ သူက 'ရှောန် လူတွေပြောတဲ့ စကားတွေကို အလေးအနက် မထားပါနဲ့ကွာ၊ ပြီးရင် ပြီးသွားတာပါပဲ' လို့ ပြောဖူးတယ်။ လူတွေက ကျွန်တော့်အကြောင်း ဆိုရင် သိပ်ပြောချင်ကြတာ။ ဘာကြောင့်များ အဲဒီလို ပြောချင်ကြသလဲဆိုတာကတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော် သတိထားမိတာကတော့ အဲဒီလို ပြောတဲ့သူတွေဟာ ကျွန်တော့်အကြောင်း ဘာမှမသိဘဲ ပြောနေကြတဲ့ လူတွေဖြစ်နေပါတယ်။ သူတို့စကားတွေ ကြားရတော့ ကျွန်တော်က နေရထိုင်ရတာ မသက်သာလှဘူး။ တစ်ခုတော့ရှိတယ်။ မစ်ရှယ်လိုင်းက ကျွန်တော့်ထက် အတ္တကြီးတယ်ဆိုတာတော့ ကျွန်တော် ကျိန်ပြောရဲတယ်။ သူက ပြင်သစ်သူဆိုတော့ အင်မတန် အငြင်းသန်တယ်။ သူတို့နဲ့ ပြိုင်ငြင်းဖို့ရာ မလွယ်ဘူးလေ။

            ကျွန်တော့်ကိုယ်ကျွန်တော် သိထားတာကတော့ ကျွန်တော်ဟာ ဘာမှထူးခြားမှု မရှိတဲ့ သာမန်လူတစ်ယောက်ပါ။ အဲဒါထက် ပိုဆိုးတာက ကျွန်တော့်မှာ ဘာအရည်အချင်းမှမရှိဘဲ ဘဝကို စခဲ့တာပါ။ ဒါကြောင့် ကျွန်တော် ဘယ်ကလာတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါဘူး။ အဲဒီအသိစိတ်ဓာတ်ကနေ ကျွန်တော့်အတွက် ခွန်အားတွေ ရခဲ့တယ်လို့ဆိုပါတယ်။

            လက်ရှိရောက်နေတဲ့နေရာကို ရောက်အောင် ဖြတ်သန်းခဲ့ရတဲ့ခရီးကို ပြန်လှည့် ကြည့်တဲ့အခါမှာ အံ့သြမိပါသလား။

            ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ စိတ်ဝင်စားတဲ့သူ မဟုတ်ပါဘူး။ ကျွန်တော့်ကို ချစ်တဲ့ပရိသတ်တွေက ကျွန်တော်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြထားတဲ့ ဝက်ဘ်ဆိုက်တွေ ဖွင့်ထားကြတယ်ဆိုတာ သိပေမယ့် ကျွန်တော်ဘယ်တုန်းကမှ ဝင်မကြည့်ဖြစ်ပါဘူး။       ကံကြမ္မာကို ယုံကြည်ပါသလား။

            ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး။ ကျွန်တော့်အတွက် တတ်အပ်တဲ့ ပညာတွေကို ဘဝဆိုတဲ့ကျောင်းကြီးကနေ လေ့လာသင်ယူခဲ့တာပါ။ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံများက ဒီနေ့ ကျွန်တော်ဖြစ်လာအောင် ဖန်တီးပေးခဲ့တာပါပဲ။

            ခင်ဗျားတို့သိတဲ့အတိုင်း ကျွန်တော်ဟာ အင်မတန်နိမ့်ကျတဲ့ ဘဝကနေ လှုပ်ရှား ရုန်းကန်ခဲ့ရတာပါ။ ကျွန်တော့်ဘဝဟာ ကံကြမ္မာနဲ့ အခွင့်အရေးတို့ ပေါင်းစပ်ထားတယ်လို့ ကျွန်တော် မြင်တယ်။ ဒုတိယကမ္ဘာစစ်ကြီး စဖြစ်တော့ ကျွန်တော့်အသက် ကိုးနှစ်ပဲ ရှိပါသေးတယ်။ အဲဒီတုန်းက ကျွန်တော်တို့ မိသားစုက အီဒင်ဘာမြို့မှာ ဆင်းဆင်းရဲရဲ နေကြရတဲ့အချိန်ပါ။ အသက် ၁၂ နှစ်အရွယ်မှာ အလုပ် စလုပ်ခဲ့ပြီး အသက် ၁၃ နှစ်မှာကျောင်းထွက်ခဲ့ရတယ်။ ကိုယ့်ဘဝအတွက် ပညာကို ကိုယ့်ဘာသာ လေ့လာဆည်းပူးခဲ့ရတာဖြစ်လို့ ပညာတတ် အသိုင်းအဝိုင်းကို ရောက်ရင် ကျွန်တော့်ကိုယ်ကျွန်တော် သိမ်ငယ်သွားတတ်ပါတယ်။

            မင်းသားကြီးက အခု အတ္ထုပ္ပတ္တိကို ကိုယ်တိုင်ရေးနေတယ်နော်။ အရင်တုန်းကတော့ သက်ရှိထင်ရှားရှိနေသေးတဲ့ လူတချို့ကို ထိခိုက်မှာစိုးလို့ ဘယ်တော့မှ မရေးဘူးလို့ ပြောခဲ့ဖူးတယ် မဟုတ်လား။ အခု ဘာဖြစ်လို့ ရေးဖြစ်သွားတာလဲ။

            လောလောဆယ်မှာ ကျွန်တော့် အကြောင်းရေးထားတဲ့ စာအုပ်ဆယ်အုပ် ရှိတယ်ဆိုတာ တွေ့ရတယ်။ စပ်စုချင်တာကြောင့် အဲဒီဆယ်အုပ်ထဲက တစ်အုပ်ကို ကောက်ဖတ်ကြည့်မိတော့ လက်ထဲကနေ လွှင့်ပစ်လိုက်မိတဲ့အထိ ဖြစ်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ တစ်အုပ်လုံး လိမ်ညာ ဖြီးဖြန်းထားတာတွေချည်း ဖြစ်နေလို့ပါပဲ။ ကျွန်တော် ဒေါသထွက်လွန်းလို့ ကျွန်တော့် ရှေ့နေကိုခေါ်ပြီး အဲဒီစာအုပ်ရေးတဲ့သူကို ချက်ချင်းတရားစွဲဖို့ ပြောခဲ့တယ်။  ဒါပေမယ့် ကျွန်တော့်ရှေ့နေက တရားမစွဲပါနဲ့။ ခင်ဗျား လုပ်သင့်တာက အတ္ထုပ္ပတ္တိကို ခင်ဗျားကိုယ်တိုင် ရေးတဲ့နည်းကသာ အကောင်းဆုံးပါလို့ တိုက်တွန်းခဲ့လို့ပါပဲ။

            စာဖတ်ပရိသတ်တွေက ခင်ဗျားစာအုပ်တွေထဲမှာ ဘယ်လိုအကြောင်းအရာတွေ ဖတ်ရလိမ့်မယ်လို့ ထင်ပါသလဲ။

            ကျွန်တော့်စာအုပ်ကိုဖတ်ရင် ကျွန်တော့်အကြောင်းပဲ သိရမှာပါ။ ဆိုကြပါစို့။ ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့် အမေက ဘယ်တုန်းကမှ ကျွန်တော့်ကို သူ့ရင်ခွင်ထဲမှာ ထွေးပွေ့ထားတာရယ်လို့ မရှိခဲ့ဖူးဘူး။ အဲဒီလို အသေးစိတ် အချက်အလက်ကလေးကအစ ကျွန်တော် မှတ်မိနေတယ်။ (မင်းသားကြီးက စကားပြောရင်း သူ့အိပ်ခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားနှစ်ခုကို လက်ညှိုးထိုးပြပါတယ်။ တစ်ခုက သူ့အမေပုံဖြစ်ပြီး တစ်ခုက မစ်ရှယ်လိုင်းပုံဖြစ်ပါတယ်။) ကြည့်လေ။ ကျွန်တော့်အမေပုံက ဘယ်လောက် တင်းမာပြီး သူ့ပုံကတော့ ဘယ်လောက် နူးညံ့နေသလဲ။ ဒီပုံနှစ်ခု ယှဉ်ထားခြင်းကိုက အဓိပ္ပာယ်အများကြီး ရှိနေတယ်မဟုတ်လား။

            လူတွေက ကျွန်တော်ရေးမယ့်စာအုပ်မှာ ကျွန်တော့်ဘဝထဲက မိန်းမတွေအကြောင်း ရေးလိမ့်မယ်လို့ မျှော်လင့်ထားကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော် ဘယ်တော့မှ ရေးမှာမဟုတ်ဘူး။ သင်္ချုင်းထဲရောက်တဲ့အထိ ဒီလျှို့ဝှက်ချက်ကို ယူသွားမှာပါ။

            တခြား အိမ်ထောင်ဘက်များလိုပဲ ခင်ဗျားတို့နှစ်ယောက်လည်း မုန်တိုင်းဒဏ်တွေ ခံခဲ့ကြရတာပါပဲ။ ဒါပေမဲ့ မကြာခင်မှာ ခင်ဗျားတို့ အိမ်ထောင်သက် နှစ် ၃ဝ ပြည့်တော့မယ်လို့ သိရတယ်။ ဘယ်လိုအကြောင်းကြောင့် ခင်ဗျားတို့ အိမ်ထောင်ရေး ခိုင်မြဲနေတာလဲ။           

            ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ နောက်ကြောင်းတွေ ရှိကြပါတယ်။  တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့။ အဲဒီအချက်တွေကလွဲရင် ကျန်တာတွေမှာတော့ တစ်ယောက်နဲ့ တစ်ယောက် တူညီကြပါတယ်။ အဲဒါအပြင် သူက ကျွန်တော့်ထက် ဉာဏ်ရှိတယ်။ ဒါကြောင့်လည်း ကျွန်တော်က သူ့ကို ပိုချစ်တယ်ထင်ပါရဲ့။ သူက ပါရမီထူးတဲ့ ပန်းချီဆရာမတစ်ဦးလည်း ဖြစ်တယ်။ တစ်ခါတလေမှာ ကျွန်တော်က သူ့ပန်းချီကားတွေကို ရောင်းစေချင်တယ်။ ဒါပေမယ့် မိန်းမက မြည်းတစ်ကောင်လိုပဲ အင်မတန် ခေါင်းမာတယ်။  သူ့ပန်းချီကားကို ဘယ်တော့မှ မရောင်း ဘူး။ အဲဒီလို မရောင်းလို့လည်း တစ်ခါတစ်ခါ ကျွန်တော်စိတ်ပျက်မိတယ်ဗျ။ ဒါပေမယ့် ပြန်စဉ်းစားလိုက်ပြန်တော့ အဲဒါကြောင့်ပဲ သူ့ကို ကျွန်တော် သဘောကျနေတာ ဖြစ်ပြန်ရော။ သူကတော့ ဘဝမှာ ရယ်လိုက်မောလိုက်နဲ့ ရေစုန်ကို မျှောနေရသလိုပဲ။ ကျွန်တော့်မှာ ပြဿနာတွေ ကြုံလာတိုင်း ဖြေရှင်းမယ့်နည်းလမ်းကို ရှာပေးနိုင်တာက သူပဲ ဖြစ်နေပြန်တယ်။

            မကြာသေးခင်တုန်းက သရုပ်ဆောင်ခ ဒေါ်လာ ၁၈ သန်းရမယ့် ရုပ်ရှင်ကား တစ်ကားကို လက်မခံဘဲ ငြင်းလိုက်တယ်လို့ ကြားရပါတယ်။

            ကျွန်တော့်မှာ ခုဆိုရင် ကျွန်တော် ကြိုက်တာကိုသာ လုပ်နိုင်ဖို့အတွက် လုံလောက်တဲ့ငွေကြေး ရှိနေပါပြီ။ တစ်စုံတစ်ယောက်က ဇာတ်လမ်းလာပြောလို့ ကျွန်တော် ကြိုက်ပြီဆိုရင် စိတ်ရောကိုယ် ပါနှစ်ပြီး ကျွန်တော် လုပ်နိုင်ပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့အားလုံး အလေးထားခဲ့တာတွေဟာ ဘာမှမဟုတ်ဘူးဆိုတာ သိလာတဲ့အချိန် ရောက်လာပါလိမ့်မယ်။ အသေးစိတ်တော့ ကျွန်တော် မပြောချင်တော့ပါဘူး။ ထူးမခြားနားတဲ့ သရုပ်ဆောင်မှုတွေကို လုပ်ရမှာလည်း ကျွန်တော် ငြီးငွေ့လာလို့ပါ။

            ရုပ်ရှင် မရိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာ အမှန်ပဲလား။

            ခင်ဗျားကို ဘယ်သူပြောသလဲ၊ ကျွန်တော်စိတ်ပါရင် တစ်ခါတလေ လုပ်ပါမယ်။ လောလောဆယ်မှာ ရပ်ထားတာ မှန်တယ်။ ဒါပေမယ့် လုံးဝ မလုပ်တော့ ဘူးဆိုတာ မဟုတ်ပါဘူး။   

            သရုပ်ဆောင်မလုပ်ဘဲ နေနိုင်ပါ့မလား။

            သိပ်နေနိုင်တာပေါ့။ အခု ဘဟားမားမှာ နေရတဲ့ဘဝကို ကျွန်တော် သဘောကျတယ်။ ဘယ်သူကမှ ကျွန်တော့်ကို အနှောင့်အယှက်မပေးဘူး။ စာဖတ်တယ်။ ဂေါက်ဖ်ကစားတယ်။ ကန်ထဲမှာ ရေကူးတယ်။ နေဝင်ချိန်ကို စောင့်ကြည့်တယ်။ အဲဒါထက်က ပိုပြီး ကျွန်တော် ဘာလုပ်စရာ ရှိဦးမှာလဲ။

            ကျွန်တော့်အဖေ ကွယ်လွန်စဉ်တုန်းက ရုပ်ရှင်လောကကနေ နှစ်နှစ် အနားယူခဲ့ဖူးတယ်။ လည်ပင်းရောဂါ ဖြစ်ပြန်တော့လည်း ဓာတ်ကင်ကုသဖို့အတွက် အဲဒီလိုပဲ နားခဲ့ရတယ်။

            ခင်ဗျား နိုင်ငံရေး မလုပ်ဘူးလား။ လုပ်လိမ့်မယ်လို့ သတင်းတွေထွက်ခဲ့ ဖူးတယ်လေ။

            နိုင်ငံရေးသမားလုပ်ဖို့အတွက် ကျွန်တော်က ရိုးသားလွန်းတယ်။ ရုပ်ရှင်လောကမှာတောင် လူတွေရဲ့စကားကို မယုံကြည်ရဘူးဆိုတာ သိနေမှတော့ နိုင်ငံရေးလောကမှာဆိုရင်...

            ခင်ဗျားဘဝမှာ ရခဲ့ဖူးတဲ့ အကောင်းဆုံး အကြံပေးချက်က ဘာလဲ။

            ကျွန်တော့်ဘဝမှာ ဘယ်သူကမှ အကြံပေးခဲ့တာ မရှိပါဘူး။ ဒါကြောင့်လည်း ခုနေခါ မိဘနဲ့ သားသမီးတွေ နွေးနွေးထွေးထွေး ပြောကြဆိုကြ၊ တိုင်တိုင်ပင်ပင်ရှိနေကြတာ မြင်ရရင် ကျွန်တော်ပီတိဖြစ်မိတယ်။ ကျွန်တော်ရေတပ်က ထွက်လာတော့ ဘယ်မှလည်း သွားစရာမရှိဘူး။ သွားတွေ့စရာလည်း ဘယ်သူ့မှမရှိဘူး။ အဲဒီအချိန်ကစပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ထိန်းကျောင်းခဲ့တာပါ။

            မင်းသားကြီးရဲ့ ဆောင်ပုဒ်က ဘာလဲ။

            'ကိုယ့်ကိုယ် သူများ ဆက်ဆံစေချင်တဲ့ ပုံစံမျိုး ကိုယ်ကလည်း သူများကို ဆက်ဆံပါ'

            မင်းသားကြီးက အခု ၇၄ နှစ်ရှိ ပြီ။ အသက် ၃ဝ တုန်းက မသိခဲ့တာ တွေကို အခုသိပြီလား။

            ကျွန်တော်က ဆယ့်သုံးနှစ်သားထဲက အားလုံးကို သိခဲ့ပြီးသား ဖြစ်နေပါပြီ။

            လာရာဘဝကို မမေ့တဲ့ မင်းသားကြီး ရှောန်ကွန်နရီရဲ့အင်တာဗျူးကို ၂ဝဝ၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ထုတ် ဟယ်လို မဂ္ဂဇင်းကြီးမှာ ဖော်ပြထားတာဖြစ်ပါတယ်။ ရွှေအမြုတေ နိုင်ငံတကာ ပရိသတ်များ အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဇာနည်ညိမ်း

(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

            


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
ဘီယွန်းစ်နိုးလ်စ်
ရီတာအောင် (NY)

'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...

နိုင်ငံတကာ ရုပ်ရှင်
...
ချစ်တော့ ချစ်တယ် ဒါပေမယ့်...
ဘို

'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...

နိုင်ငံတကာ ရုပ်ရှင်
...
ဂျပန်မှာလေးကြိမ်မြောက်လက်ထပ်တဲ့ လီဆာမာရီ ပရက်စလေ
ရီတာအောင်(NY)

ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။