ရီတာအောင် (NY)
ဆယ်ကျော်သက်ဘဝက Destiny's Child တေးဂီတအဖွဲ့ ဖွဲ့ကာ အောင်မြင်မှုရခဲ့သော လူမည်းအဆိုတော်မလေး Beyonce Knowles က ယခု ၂၄ နှစ်အရွယ် ဖြစ်၍နေပေပြီ။ ယခုလက်ရှိ ကမ္ဘာတစ်လွှားမှာ သူမ သီဆိုထားသည့် တေးအယ်(လ်)ဘမ် ဓာတ်ပြား အချပ်ရေသန်းပေါင်း ၅ဝ ကျော် ရောင်းချနိုင်ခဲ့ပြီး ဂီတဆု Grammy ၈ ဆုကိုလည်း ဆွတ်ခူးပြီး ဖြစ်သည်။ ဂီတဘက် အဆိုတော် တစ်ဦးအဖြစ် အောင်မြင်မှုက ရပ်တန့် မသွားသေးဘဲ၊ ရုပ်ရှင်မင်းသမီးအဖြစ်ပါ ပရိသတ် လက်ခံလာခဲ့သည်။
အောင်မြင်မှု အထွတ်အထိပ်ဆိုသော
အရသာကို ဘီယွန်းစ် ၁၅ နှစ် သမီးကတည်းက ပိုင်ဆိုင်ခံစားခဲ့သည်။ Destiny's Child ၏ Single သီချင်း No,
No, No မှာ ထိုအချိန်က
နံပါတ်ဝမ်းနေရာ ရခဲ့သည်။ ဘီယွန်းစ်အဖို့
နံပါတ်ဝမ်းဖြစ်နေချိန် တစ်နေ့ တေးသံသွင်းဆိုင်၌ သားအမိနှစ်ဦး အတူရှိနေစဉ် 'ကျွန်မက သီချင်းညည်းနေမိတယ်။ အမေက ကျွန်မကို စကားပြောတော့ ကျွန်မက
ဂရုမစိုက်ဘဲ နေလိုက်တယ်။ အဲဒီမှာ အမေက သူ့ဘဝမှာ တစ်ခါမှ မလုပ်ဖူးတဲ့ အရာတစ်ခုကို
လုပ်တော့ တာပဲ။ ကျွန်မမျက်နှာကို ဖျတ်ခနဲ ရိုက်ချပြီး ဘာပြောသလဲဆိုတော့
ငါစကားပြောရင် မင်းနားထောင်ရင် ကောင်းမယ်။ ဓာတ်ပြားသီချင်းတော့ နံပါတ်တစ်ဖြစ်ပြီ၊
ငါလုပ်ချင်တာ လုပ်လို့ရပြီလို့ မထင်လိုက်လေနဲ့ တဲ့။ ကျွန်မ အရမ်းရှက်သွားတယ်။
လန့်လည်း လန့်သွားတယ်။ အမေလုပ်လိုက်တာ တကယ်ကောင်းတယ်။ ကျွန်မဘဝကို မစတင်ခင်မှာပဲ
ကျွန်မကို နေရာမှန် ပို့ပေးလိုက်သလိုပဲ'
Texas ပြည်နယ်မှာ မွေးခဲ့သော
ဘီယွန်းစ်သည် ဒီကနေ့ တစ်ကိုယ်တော် အောင်မြင်မှုတွေ တစ်ပွေ့တစ်ပိုက်ကြီး
ပိုင်ဆိုင်နေပြီး မိဘနှစ်ပါးနှင့်လည်း ချစ်ခင်ရင်းနှီးစွာ နေလျက်ရှိသည်။ သူမ၏
ညီမငယ်မှာ So lange ဖြစ်ပြီး
ဘီယွန်းစ်အတွက် ၁၈ လသားအရွယ် တူကလေး Daniel ကို မွေးပေးထားသည်။
ဘီယွန်းစီက 'မိသားစုဝင် တစ်ယောက်(သို့) နှစ်ယောက် ကျွန်မနဲ့
အမြဲအတူရှိတတ် ပါတယ်။ ကျွန်မ ကိုချစ်တဲ့ တစ်စုံတစ်ယောက်မပါဘဲ ကျွန်မ
ဘယ်မှမသွားဘူး။ ကျွန်မကို အမှန်စကား ပြောမယ့်သူနဲ့ပေါ့။ မိသားစုဆိုတာ ကျွန်မအဖို့
အရေးကြီးလှပါပေရဲ့' မိဘနှစ်ပါးကို ဘီယွန်းစ်
ကျေးဇူးတင်စရာတွေ များပြားလှသည်။ သူမငယ်စဉ် Destiny's Child တေးဂီတအဖွဲ့ကို
သူငယ်ချင်း Kelly Rowland, Michelle Williams တို့နှင့်
ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့၏ မန်နေဂျာအဖြစ် ဖခင်ကြီး Matthew က တာဝန်ယူခဲ့သည်။
ထို့အတွက် ဖခင် မက်သယူးက ၄င်း၏ အလုပ်ကိုပင် ထွက်ပစ်ခဲ့သည်။ ဖခင်၏
လစာမရှိတော့သဖြင့် မိခင် Tina က
ဆံပင်အလှပြင်ဆိုင်တွင် အချိန်ပိုအလုပ်လုပ်၍ မိသားစုအတွက် ဝင်ငွေ
ကြိုးစားရှာခဲ့ရသည်။ မိခင် တီနာက 'ဝင်ငွေနှစ်ခုကနေ
ကျွန်မဝင်ငွေ တစ်ခုတည်းနဲ့ ရပ်တည်ခဲ့ရတယ်။ ကျွန်မတို့ အလွန်ခြိုးခြံ
ချွေတာခဲ့ရတယ်။ အလွန်ခက်ခဲစွာ ဖြတ်ကျော်ခဲ့ရတာပါ'
သူမ၏ သမီးမှာ စတားအရည်အသွေးတွေ
ရှိကိုရှိတယ်ဟု တီနာက ယုံကြည်ခဲ့တာပါ။ ရှက်တတ်သည့် ဘီယွန်းစ်ကို စင်မြင့်ပေါ်မှာ
ရဲဝံ့ဖို့ မိဘနှစ်ပါးက တိုက်တွန်းအားပေးခဲ့ရသည်။ အဖွဲ့၏ အမည်ကို တီနာက
အကြံပေးခဲ့သလို ကလေးမ ၃ ယောက် စင်မြင့်ပေါ်မှာ ဝတ်ဆင်သည့် ဒီဇိုင်းကိုလည်း
တီနာကပင် ဖန်တီးပေးခဲ့သည်။ အဲသည့်အချိန်က တီနာတီထွင်ခဲ့သော ဒီဇိုင်းတွေကြောင့်
ဒီကနေ့ တီနာနှင့် သမီးဘီယွန်းစ်တို့၏ ဖက်ရှင်လုပ်ငန်း House of Dereon ရယ်လို့
တည်ထောင်နိုင်ခဲ့လေပြီ။ ဘီယွန်းစ်၏ ဘွားအေကြီး Agnes Dereon မှာ စက်ချုပ်သမ
တစ်ဦးဖြစ်ကာ၊ ဖက်ရှင်လုပ်ငန်းကို တမင် ဘွားအေကြီး၏ အမည်ယူထားခြင်းပင်။
ဘီယွန်းစ်က 'ဒီဖက်ရှင်လုပ်ငန်းဟာ
ကျွန်မရော၊ အမေရော အချိန်အကြာကြီးကတည်းက မျှော်လင့်ခဲ့တဲ့ အိပ်မက်တွေပါ။
ကျွန်မအထင်တော့ ကျွန်မတို့နှစ်ယောက်စလုံးက ဖက်ရှင်ကျတဲ့လူတွေ
ဘယ်လိုကြိုက်နှစ်သက်မယ်ဆိုတဲ့ အကြံဉာဏ်ကောင်းတွေ ရှိကြတဲ့သားအမိပေါ့။
အဘွားဆီက အမွေတွေ ကျွန်မတို့ ရလိုက်တာလေ။ ပုတီးစေ့လေးတွေ၊ ဇာလေးတွေနှင့်
အလှဆင်ပုံ၊ အရောင်ရွေးချယ်တတ်မှု၊ အရောင်အသွေးစိုစိုနဲ့ အသားကောင်းပိတ်စတွေ၊
ကျွန်မအမေနဲ့ ကျွန်မရဲ့ မျိုးဆက်အထိ ကူးစက်ပေါင်းစပ်နိုင်ခဲ့တယ်'တဲ့။
ဘီယွန်းစ်ကိုယ်တိုင်ကလည်း
ပါရမီကောင်းလွန်းလှပါသည်။ သူမရဲ့ ရုပ်ရည်က ကြည့်ကောင်းသလို
ဝတ်စားဆင်ယင်ပုံစတိုင်လ် လှပသူလေးဖြစ်သည်။ သူမထံမှာ ဖက်ရှင်ဒီဇိုင်း အနုပညာတွေ
ခိုအောင်းနေတာကိုက နောက်ထပ်အပိုဆုရထားသကဲ့ သို့ပင်။ အဆိုတော်
ရုပ်ရှင်မင်းသမီးလေးသည် ပြန်လည်ဆန်းသစ်တဲ့ The Pink Panther ရုပ်ရှင်ကားမှာ
သရုပ်ဆောင်ခဲ့ပြီးပါပြီ။ Broadway ပြဇာတ်တွေထဲက
နာမည်ရခဲ့သည့် Dreamgirls ကို လူမည်းမင်းသား Eddie
Murphy နှင့်
အော်စကာဆုပိုင်ရှင် Jamie Foxx တို့ဖြင့်
ရိုက်ကူးဖို့လည်း စီစဉ်ထားသည်။ သူမ၏ ထုတ်လုပ်သူအပြောအရ သူမ၏
တစ်ကိုယ်တော်တေးအယ်လ်ဘမ်တစ်ခု မကြာခင် ဖြန့်ချိနိုင်ဖို့ အသံသွင်း နေပါပြီ။
Dreamgirls ကို ၂ဝဝ၇ ခုနှစ်
ဇန်နဝါရီတွင် အပြီးသတ်ဖို့ မျှော်မှန်းထားသည်။ ထိုရုပ်ရှင်တွင် ဘီယွန်းစ်က ၁၉၆ဝ
ပြည့်နှစ်က ခေတ်စားခဲ့သော Deena Jones အဖြစ်
သရုပ်ဆောင်ရမည်။ ဇာတ်ဝင်ခန်းအရ ဘီယွန်းစ်မှာ ယခုလက်ရှိ ခန္ဓာကိုယ်ထက်
ပိုမိုသေးသွယ်ပိန်လျအောင် လုပ်ရမည်ဖြစ်သည်။ ဘီယွန်းစ်က 'ကျွန်မ
ကိုယ်လုံးကိုယ်ပေါက် ဖွံ့ဖွံ့ဖြိုးဖြိုး ကောက်ကြောင်း ထင်နေတာကို ကြိုက်ပါတယ်။
ဒါပေမယ့် ကျွန်မ အခုအပိန်လျှော့နေရတယ်။ ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်ပြီး
အသားအရေကအစ ဂရုစိုက်နေရတယ်။ ကျွန်မ သရုပ်ဆောင်ရမယ့်အရွယ်က ၁၆ နှစ်မလေးလေ။
အတော်ခက်ခဲပင်ပန်းတယ်။ ကျွန်မက အစားအသောက် ကြမ်းတယ်။ ကျွန်မက မျက်နှာလည်း
သစ်ချင်မှ သစ်တယ်။ Lotion လည်း မလိမ်းဘူး။
မကောင်းဘူး။ ဒါပေမယ့် ကျွန်မ အမှန်ပြောတာ၊ ကျွန်မအလုပ် လုပ်နေတဲ့အချိန်ပဲ
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်'
၁၆ နှစ်အရွယ် ဒီးနာအဖြစ်
သရုပ်ဆောင်ရမည့်ကိစ္စကို ဘီယွန်းစ်က အကြီးအကျယ် စိန်ခေါ်မှုတစ်ရပ်ဟု ခံယူထားပါသည်။
'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ
ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက်
သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်လမ်း
ဖတ်ပြရမယ့်နေ့ကျမှပဲ ကျွန်မကိုယ်ကို သက်သေပြရတော့မှာပဲ'
ဘီယွန်းစ်အားကျရသည့်
အနုပညာရှင်နှစ်ဦးက အဆိုတော်ရုပ်ရှင်မင်းသမီး Barbra Streisand နှင့် Diana
Ross တို့ဖြစ်သည်။ 'သူတို့နှစ်ယောက်လုံး အလွန်အောင်မြင်တဲ့ အဆိုတော်တွေပါ။ သူတို့
ငွေရေးကြေးရေးကြောင့် သော်လည်းကောင်း၊ အခြားအကြောင်းကြောင့် သော်လည်းကောင်း
ရုပ်ရှင်ရိုက်စရာ မလိုပါဘူး။ သူတို့ စိတ်ပါဝင်စားလို့သာ သရုပ်ဆောင်တွေ လုပ်လာကြတာ။
သူတို့တွေ သရုပ်လည်း ဆောင်၊ သီချင်းလည်း ဆိုနိုင်တာကို ကျွန်မ တကယ်လေးစားတယ်။
ကျွန်မကတော့ အဆိုတော်အဖြစ် သရုပ်ဆောင် ရတာမဟုတ်တဲ့ ရုပ်ရှင်မှာပဲ
ရိုက်ကူးခွင့်ရချင်တယ်'
အလုပ်တွေ များလွန်း၍ တစ်ခါတစ်ရံ
အိပ်ရေးပျက်သည့် ညများပင် ရှိခဲ့သည်။ 'တစ်ခါတလေ ကျွန်မ
အလုပ်ကိစ္စတွေအတွက် စိတ်လှုပ်ရှားမှုတွေများပြီး တစ်ညလုံး အတွေးတွေ လွန်နေမိတယ်။
မနက်မိုးလင်း နေထွက်လာတော့ အလုပ်သွားဖို့ ပြင်ရရော။ ကျွန်မမှာ အချိန်ကို မျှတအောင်
မနည်းလုပ်နေရတာ။ ကျွန်မမှာက ရေမွှေးလုပ်ငန်း (Tommy Hilfiger ရေမွှေး) ၊ ကျွန်မနဲ့
အမေတွဲလုပ် ထားတဲ့ အဝတ်အထည်လုပ်ငန်း၊ ပြီးတော့ L'Oreal ကုမ္ပဏီနဲ့
ချုပ်ထားတဲ့ စာချုပ် အများကြီးပါပဲ။ ကျွန်မက ကျွန်မအဝတ်အထည်လုပ်ငန်းကထွက်တဲ့ အင်္ကျီဆိုလည်း
ကြယ်သီးကအစ အလေးထားတယ်။ ဓာတ်ပုံရိုက်တာ၊ အင်တာဗျူးတာကိုရောပေါ့'
အများပြည်သူရှေ့မှာ ဘီယွန်းစ်ရယ်လို့
အသိအမှတ်ပြုအောင် လုပ်ပြရတာ ပင်ပန်းသလားလို့ အမေးခံရတော့ 'ဟင့်အင်း...
ဗီဒီယိုရိုက်ဖို့၊ ဓာတ်ပုံအရိုက်ခံရဖို့ အဝတ်အစား လှလှပပ ဝတ်ဆင်ရတာ
ကျွန်မသဘောကျတယ်။ စိတ်ကူးယဉ်ဘဝလေးထဲ နေလို့ရတဲ့နေရာပေါ့။ ကျွန်မ အိမ်မှာနေရတဲ့ အချိန်ဆိုရင်တော့
လုံးဝပြောင်းပြန်ပဲ။ ကျွန်မ ခုံအမြင့်ကြီးနဲ့ ဖိနပ်တွေ ကြိုက်တယ်။
ဓားမြှောင်ချွန်ချွန်လေးတွေ ကြိုက်တယ်။ ဒါပေမယ့် ကျွန်မ စိန်တွေ ဝတ်လေ့မရှိဘူး။
စင်ပေါ်မှာ မဟုတ်ရင် မိတ်ကပ် မလိမ်းဘူး။ လိမ်းခဲ့ရင်တောင် ခပ်ဖျော့ဖျော့လေးပဲ။
'တစ်ကိုယ်တော်ဆိုရတာလည်း
ကြိုက်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချရတာမို့ ရင်ထိတ်စရာပေါ့' သူမ၏ ချစ်သူက R'n'B ငွေကြယ်ပွင့် Jay-Z
(၃၆ နှစ်) ဖြစ်သည်။
သူမရဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ် Crazy in Love ၌ ဘီယွန်းစ်ကို
ကူညီခဲ့သည်။ သူတို့နှစ်ယောက် ၂ဝဝ၂ ခုနှစ်၌ စ၍တွေ့ခဲ့သည်။ 'ကျွန်မ
ကိုယ်ပိုင်မိသားစုကလေးကိုတော့ အလုပ်တွေ လျှော့လုပ်နိုင်ချိန်၊ အချိန်ပေးနိုင်ရင်
ပိုင်ဆိုင်ချင်ပါတယ်။ ကျွန်မမိသားစုလေး ရှိချင်ပါတယ်။ ကျွန်မတို့
တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းသွားတယ်။ ကျွန်မတို့မှာ ခိုင်မာတဲ့ မိသားစုရှိတယ်။
ကျွန်မအလှည့်မှာလည်း အဲသလိုပဲ ဖြစ်ချင်ပါတယ်'
ရီတာအောင်
(NY)
(အမှတ် ၂၀၁၊ သြဂုတ်လ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...
ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။
ဟုတ်ပ၊ ကျွန်တော်က ခင်ဗျားတို့ ထင်ထားတာတွေကိုတော့ မကြောက်ဘူးဗျ။ စိတ်ဓာတ်မဖြောင့်တဲ့လူတွေကိုတော့ ကျွန်တော်လည်း ကြောက်သား။ ပြီး ကျွန်တော့် သားသမီးတွေလည်း တစ်ခါတလေ ကြောက်တယ်။