နိုင်ငံတကာ ရုပ်ရှင်

ဘရစ်တနီစပီးယားစ်ရဲ့ သားကြီးရှောင်ပရက်စတန်ရဲ့ တစ်နှစ်ခရီး

ဇာနည်ညိမ်း

01 July 2026
ဘရစ်တနီစပီးယားစ်ရဲ့ သားကြီးရှောင်ပရက်စတန်ရဲ့ တစ်နှစ်ခရီး
Share to

            အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဆိုကျော် ဘရစ်တနီ စပီးယားစ်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးတွေ အများကြီး လိုချင်တယ်ဆိုတဲ့ သူ့ဆန္ဒကို ဒုတိယအကြိမ် ဖြည့်စွမ်းလိုက်နိုင်ပြီ ဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ဒုတိယမြောက် သားရတနာကို မွေးဖွားလိုက်လို့ပဲ ဖြစ်ပါတယ်။ ဒုတိယသားက သားကြီး ရှောင်ပရက်စတန်ရဲ့ တစ်နှစ် ပြည့်မွေးနေ့မတိုင်ခင် နှစ်ရက်အလိုမှာ မွေးဖွားလိုက်ခြင်းဖြစ်ပြီး အခုဆိုရင် ရှောင်ပရက်စတန်က လမ်းလျှောက်တော့မှာ ဖြစ်တယ်လို့ ဘရစ်တနီက ဆိုပါတယ်။ ဒုတိယမြောက် သားရတနာ ရရှိခြင်းနဲ့ပတ်သက်ပြီး ခင်ပွန်း သည်ဖြစ်သူ ကီဗင်ဖီဒါလိုင်းက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါသတဲ့။

            ရှောင်ပရက်စတန် မွေးပြီး မကြာခင်မှာပဲ သူတို့ မိသားစုပုံကို ကမ္ဘာကျော် People မဂ္ဂဇင်းကြီးက မျက်နှာဖုံးတင် ဖော်ပြခဲ့ပါတယ်။ အဲဒီမဂ္ဂဇင်းမှာပဲ ကီဗင်နဲ့ ဘရစ်တနီတို့ ဇနီးမောင်နှံက သူတို့သားနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ကြရာမှာ သူတို့အနေနဲ့ သားကို လူသိရှင်ကြား ရှိစေချင်တာထက် မိသားစုနဲ့အတူ နွေးနွေးထွေးထွေးပဲ ရှိစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘရစ်တနီက 'ကျွန်မအနေနဲ့သားကို ဖက်ပြီး အိပ်ရာထဲမှာ နေ့လယ်နေ့ခင်း အိပ်ရတာ ပိုပြီး မြတ်နိုးပါတယ်'လို့ ဆိုခဲ့ပါတယ်။

            မွေးပြီး တစ်လအကြာမှာပဲ ရှောင်ဟာ မိခင်ဖြစ်သူနဲ့အတူ မိခင်ရဲ့ မွေးရာဇာတိမြေ ကင့်ဝုဒ်ကို လေယာဉ်နဲ့ သွားရောက်ခဲ့ပြီး ဖော်ပြထားတဲ့ ပုံကတော့ အဲဒီခရီးကနေ အပြန် L.A ကို ရောက်ရှိလာ ချိန်မှာ ဘော်ဒီဂတ်တစ်ဦးက ခြင်းတောင်းထဲ ထည့်ထားတဲ့ ရှောင်ကို သယ်ဆောင်လာတာ တွေ့ကြရပါတယ်။

            သားနဲ့ ပတ်သက်ပြီး 'သားဟာ ကျွန်မရဲ့ ကိုးကွယ်ရာပါ'လို့ ဆိုခဲ့တဲ့ ဘရစ်တနီကို မာလီဘူမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ သားနဲ့အတူ တွေ့ခဲ့ရဖူးပါတယ်။ ဘုရားကျောင်းမှာ ဟိန္ဒူဘာ သာဝင်တို့ရဲ့ ထုံးစံအတိုင်း မျက်ခုံးနှစ်ခုရဲ့ အလယ်မှာ အနီမှတ်ကလေး တို့ထားတာကို တွေ့ကြရပါတယ်။

            ရှောင်ဟာ မိခင်ဖြစ်သူရဲ့ မျက်ရှုကလေး ဖြစ်တာနဲ့အညီ သွားလေရာကို ခေါ်ဆောင်သွားတတ်တာကြောင့် ငါးလသားအရွယ်မှာတော့ ကန့်သတ်ထားတဲ့ ယာဉ်စည်းကမ်းကို ဖောက်ဖျက်ပြီး သားကို ပေါင်ပေါ်မှာတင်ကာ မော်တော်ယာဉ် မောင်းနှင်ခဲ့တာကြောင့် အရေးယူခံခဲ့ရပါတယ်။ သူ ကားမောင်းနေတဲ့ပုံကို ပါပါရာဇီများက ဖော်ပြခဲ့ကြခြင်းကြောင့် အရေးယူခံခဲ့ရခြင်းပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘရစ်တနီက 'ဒီတစ်ခါတော့ ကျွန်မ တကယ်ကို ပါပါရာဇီတွေကို ကြောက်သွားပါတယ်။ သူတို့က ကျွန်မကိုသာမက ကျွန်မသားကိုပါ ရန်ရှာမယ့်သူတွေလို့ ထင်လာမိတယ်'လို့ ဆိုခဲ့ဖူးပါတယ်။

            ရှောင်ပရက်စတန်ဟာ ဖခင်ဖြစ်သူ ကီဗင်ရဲ့ တတိယမြောက်ရင်သွေး ဖြစ်ပေမယ့် ကီဗင်က 'သူဟာ တကယ့်ရင်သွေးအစစ်ပါပဲ'လို့ ကြွေးကြော်ခဲ့ဖူးပါတယ်။ အင်္ကျီနောက်ကျောမှာ သူ့နာမည်ကလေး ရေးထိုးထားတဲ့ ရှောင်နဲ့ ပတ်သက်ပြီး ကီဗင်က 'မနက်မိုးလင်းရင် သူနဲ့အတူ ကျွန်တော် အိပ်ရာထရတယ်။ ပြီးတော့ သူနဲ့ ဆော့ရတယ်' လို့လည်း ထုတ်ဖော်ပြောခဲ့ပါတယ်။

            တစ်ခါတုန်းက ဟိုတယ်တစ်ခုကအထွက်မှာ မိခင်ဖြစ်သူရဲ့ ရင်ခွင်ထဲကနေ ရှောင်ပရက်စတန်ကလေး လွတ်ကျမလို ဖြစ်ခဲ့ပါသေးတယ်။ ဘရစ်တနီရဲ့ လှုပ်ရှားမှုများကို အဆက်မပြတ် ရိုက်ကူး မှတ်တမ်းတင်နေကြတဲ့ ဓာတ်ပုံ သတင်းထောက်များရဲ့ လျင်မြန်ဖျတ်လတ်မှုကြောင့် အဲဒီပုံများဟာ ကမ္ဘာကျော်ဓာတ်ပုံများ ဖြစ်ခဲ့ဖူးပါတယ်။ လွတ်ကျမတတ် ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်ကလည်း ဘရစ်တနီအတွက် ကြီးစွာသော သင်ခန်းစာ ဖြစ်စေတာကြောင့် သူ့လုံခြုံရေးနဲ့ သူ့ သားလုံခြုံရေးအတွက် ဘော်ဒီဂတ်အသစ် ခန့်ထားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

            အလုပ်များတဲ့ မိဘနှစ်ပါးက ပေါက်ဖွားခဲ့တာ ဖြစ်ပေမယ့် ရှောင်ဟာ အပါးမှာ ချော့မြူမယ့်သူ လစ်ဟာခြင်း မရှိပါဘူး။ ဘွားအေဖြစ်တဲ့ လင်းစပီးယားစ်နဲ့ ဘော်ဒီဂတ်ဖြစ်တဲ့ ပယ်ရီတေလာတို့က အစဉ်အမြဲ အနီးကပ် ရှိနေပါတယ်။ ပယ်ရီတေလာကို စာနယ်ဇင်းများက 'မန်နီ'လို့ နောက်ပြောင်ခေါ်ကြပါတယ်။ (အမျိုးသမီး ကလေးထိန်းကို နာနီလို့ ခေါ်တဲ့အတွက် သူ့ကို ဒီလို နောက်ပြောင်ခြင်းပါ) ပယ်ရီနဲ့ပတ်သက်ပြီး ဘရစ်တနီကတော့ ပယ်ရီဟာ ကလေးထိန်း မဟုတ်ပါဘူး။ ကျွန်မတို့သားအမိရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးမယ့်သူ ဖြစ်ပါတယ်လို့ ဆိုခဲ့ပါတယ်။ ပယ်ရီဟာ အမေရိကန် ရေတပ်မတော် အကယ်ဒမီမှ ကျောင်းဆင်းတစ်ဦး ဖြစ်ပါတယ်။

            ဒုတိယမြောက် သားကလေးကို မမွေးဖွားမီ တစ်လအလိုမှာ ဘရစ်တနီကို ကယ်လီဖိုးနီးယားပြည်နယ် Agoura Hills ညီမဖြစ်သူ ဂျေမီလင်းနဲ့ ဈေးဝယ်နေတာ တွေ့ကြရပါတယ်။ ဘရစ်တနီက ကလေးတစ်ဖက်နဲ့ ဈေးဝယ်နေရင်း သားဖြစ်သူကို လျှာထုတ်ပြတာကိုလည်း အမှတ်မထင် တွေ့မြင်ကြရပါတယ်။

            တရားဝင် ယာဉ်မောင်းလိုင်စင် ရဖို့ရာ ၁၅ နှစ်လိုသေးပေမယ့် ရှောင်မှာ ကိုယ်ပိုင်ကားတစ်စီး ရှိနေပါပြီ။ Cadillac Escalade ကားကြီး ဖြစ်ပြီး မိခင်ဖြစ်သူနဲ့အတူ သွားလေရာမှာ ပါခဲ့ပါတယ်။ အယ်လ်ဘမ်အသစ် သွင်းနေတဲ့ ဘရစ်တနီက 'ကျွန်မက အလုပ်များနေတာဆိုတော့ သားကို အိမ်မှာပဲ ကလေးထိန်းတွေနဲ့ ထားခဲ့ဖို့ စဉ်းစားပြီး ကလေးထိန်းပေါင်းစုံ စမ်းသပ်ခဲ့ဖူးပါတယ်။ တစ်ယောက်မှ အဆင်မပြေဘူး။ ပြီးတော့ ကျွန်မသားကို သူစိမ်းတစ်ယောက်လက် ဝကွက်အပ်ခဲ့ရမှာကိုလည်း ဘယ်နည်းနဲ့မှ စိတ်မချနိုင်ပါဘူးလို့ ဆိုပါတယ်။

            စက်တင်ဘာလ ၁၄ ရက်နေ့ကမှ တစ်နှစ်ပြည့်ခဲ့တဲ့ ရှောင်ပရက်စတန်မှာ ညီကလေးတစ်ဦး တိုးပွားခဲ့ပြီဖြစ်လို့ သူက အစ်ကိုကြီးအရာ ရောက်ခဲ့ပြီပေါ့။ ဒုတိယသားဟာ သားကြီးရဲ့မွေးနေ့နဲ့ နှစ်ရက်သာကွာပြီး သူတို့ ဇနီးမောင်နှံ မင်္ဂလာသက် ဒုတိယနှစ်ပတ်လည်နဲ့ လေးရက်သာ ကွာပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘရစ်တနီက 'အမှတ်တရရက်တွေက အင်မတန် နီးကပ်တော့ တော်တော်ထူးဆန်းတယ်။ ဒါပေမယ့် ကျွန်မကတော့ သဘောကျပါတယ်'လို့လည်း People မဂ္ဂဇင်းသို့ ပြောကြားခဲ့ပါတယ်။

▀

ဇာနည်ညိမ်း

(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
အာဖရိကန် လူမည်းကလေးကိုးမွေးစားတဲ့ မဒေါနား
ရီတာအောင် (NY)

အမှန်တကယ်ဆို မဒေါနားက ကိုယ်ပိုင်သားသမီးမရခင်ကတည်းကပင် ကလေးမွေးစားဖို့ စဉ်းစားနေခဲ့သည်။ သူမတွင် ယခုခင်ပွန်း ဂိုင်းရစ်ချီနှင့် သား Rocco (၆ နှစ်)၊ သူမ၏ Trainer ဖြစ်တဲ့ Carlos Leon နှင့် သမီး Lourdes (၁ဝ...

နိုင်ငံတကာ ရုပ်ရှင်
...
ပြည်ပခရီးမှာ ချစ်ကြည်နူးတဲ့သူနှစ်ဦး
ဇာနည်ညိမ်း

ဆိုင်ကယ်စီးနေစဉ်မှာ ဘရက်ပစ်က သူ့နောက်က ပါလာတဲ့ ဂျိုလီ လုံခြုံမှု ရှိမရှိဆိုတာကို ခုလို နောက်ပြန်လှည့်ကြည့်သေးတာပါ။ လူမသိ၊ သူမသိ သွားချင်တိုင်း သွားလို့ရနေတဲ့အတွက် ချစ်သူနှစ်ဦးအနေနဲ့ ကြည်နူးစရာကာလများလ...

နိုင်ငံတကာ ရုပ်ရှင်
...
တွမ်ခရုစ္စရဲ့သမီးလေး ဆူရီ
ရီတာအောင်(NY)

ကိုယ်ဝန် စလွယ်ကတည်းက ကျွန်မက ရင်သွေးလေးအတွက် ကြည်နူးနေခဲ့တာ။ လူတွေက လျှောက်ဝေဖန်၊ သတင်းသမားတွေက တကောက်ကောက် လိုက်နှောင့်ယှက်တယ်။ ကျွန်မ မိဘတွေနဲ့ တွမ် အဆင်မပြေဘူးတို့၊ ဆူရီမှာ တစ်ခုခု မှားယွင်းနေတယ် စ...