နိုင်ငံတကာ ရုပ်ရှင်

အာဖရိကန် လူမည်းကလေးကိုးမွေးစားတဲ့ မဒေါနား

ရီတာအောင် (NY)

01 September 2026
အာဖရိကန် လူမည်းကလေးကိုးမွေးစားတဲ့ မဒေါနား
Share to

            အောက်တိုဘာလ တတိယပတ် Madonna နှင့် ခင်ပွန်း Guy Richie တို့ အာဖရိကန်လူမည်း Malawian လူမျိုး ကလေးငယ် ၁၃ လသားလေး David Banda ကို တရားဝင် မွေးစားခဲ့ကြသည်။ မွေးစားခြင်းဆိုင်ရာ စာရွက်စာတမ်းများ တရားဝင် လက်မှတ်ထိုးပြီး နာရီဝက်အကြာ၌ မဒေါနားက အမေရိကန်နိုင်ငံ Michigan ပြည်နယ်ရှိ သူမ၏ဆွေမျိုးများထံ တယ်လီဖုန်းဆက်၍ သတင်းကောင်းပါးခဲ့သည်။

            မွေးစားသားကလေး ဒေးဗစ်အကြောင်း သူမက 'ကလေးလိမ္မာလေးပါ။ ကျွန်မခင်ပွန်း ဂိုင်းရော၊ ကျွန်မရော ပျော်နေတယ်'လို့ ဆို၏။ မဒေါနားတို့ ဇနီးမောင်နှံ အောက်တိုဘာ ၄ ရက်တွင် အာဖရိကသို့ ရောက်သည်။ အာဖရိကတိုက် Malawi နိုင်ငံမှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံငယ်လေးဖြစ်၍ မဒေါနားတို့မောင်နှံက မိဘမဲ့ကလေး ၄ဝဝဝ ကျော်ကို ပညာရေးနှင့် ကျန်းမာရေး ပံ့ပိုးကူညီရန် ရည်ရွယ်ချက်ထားခဲ့သည်။ Raising Malawi Project ဟု ခေါင်းစဉ်တပ်ကာ လှုပ်ရှားခဲ့သည်။

            သူတို့မောင်နှံက မာလဝီနိုင်ငံသို့ အရင်ကလည်း နှစ်ကြိမ်တိုင် ရောက်ခဲ့ဖူးသည်။ ထိုကလေးငယ် ဒေးဗစ်အား The Home of Hope Orphan Care Center ၌ တွေ့ပြီးကတည်းက မွေးစားလိုစိတ် ဖြစ်ခဲ့သည်။ ဒေးဗစ်၏မိခင်မှာ Marita ဖြစ်၍ သားလေးမွေးပြီးကတည်းက သေဆုံးသွားရာ ဖခင် Yohame နှင့် ကြီးပြင်းခဲ့ရသည်။ ဖခင်မှာ တောင်သူလယ်သမားတစ်ဦး ဖြစ်ပြီး ဆင်းရဲလွန်းလှသည်။ သားငယ်ကို မဒေါနားတို့ မောင်နှံအား မွေးစားခွင့်ပြုခဲ့သည်။

            မွေးစားတဲ့သတင်းစကားကို မဒေါနား၏ မိတ်ဆွေများက မအံ့သြကြပေ။ အမေရိကန် ကလေးတစ်ဦးဦးကို မွေးစားဖို့ အကြိမ်ကြိမ် ကြိုးစားနေရင်း အာဖရိကမှ မိဘမဲ့ကလေးပေါင်းများစွာ၏ ဆင်းရဲဒုက္ခက ပိုကြောင်း သိရှိလာခဲ့သည်။ မာလဝီနိုင်ငံတွင် မိဘမဲ့ကလေး တစ်သန်းနီးပါးရှိသည်။ မာလဝီပြည်သူ ၁၂ သန်းအနက် ၁၄ ရာခိုင်နှုန်းမှာ HIV ရောဂါပိုးရှိနှင့်ကြပေပြီ။

            အောက်တိုဘာ ၅ ရက်နေ့ကတည်းက မာလဝီကလူတွေကြား၌ ကလေးမွေးစားပြီးပြီလို့ သတင်းတွေ ထွက်ခဲ့ပေမယ့် တကယ်တမ်းမှာ အဲဒီလောက် မလွယ်ကူပေ။ မာလဝီနိုင်ငံ ဥပဒေအရ နိုင်ငံခြားသားများက ကလေးခေါ်ယူ မွေးစားခွင့်၊ နိုင်ငံခြားသို့ ခေါ်ဆောင်သွားခွင့် မရှိပေ။ (၁၉၉၈ပတ်ဝန်းကျင်လောက်က စာရေးသူ၏ မိတ်ဆွေ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ မြန်မာဇနီးမောင်နှံက မြန်မာကလေးတစ်ဦး မွေးစားလို၍ ရွှေဂုံတိုင် မိဘမဲ့ကျောင်းတွင် စုံစမ်းဖူးသည်။ ထိုမောင်နှံမှာ အတော်အသင့် ကြွယ်ဝပြီး သားသမီး လုံးဝမထွန်းကားသဖြင့် ကျွန်မက မိဘမဲ့ကလေးတစ်ဦး ကောင်းစားအောင် ကြိုးစားပေးခဲ့သည်။ သို့သော် မိဘမဲ့ကလေးအား နိုင်ငံခြားသို့ ခေါ်ယူသွားခွင့် မပြုဆို၍ လက်လျှော့ခဲ့ရပါသည်။)

            ကလေးငယ်ဒေးဗစ်နှင့် မဒေါနားတို့မောင်နှံကတော့ တွေ့ဖန်များ၍ ခင်မင် သံယောဇဉ် တွယ်လျက်ရှိသည်။ မွေးစားခွင့်မရသေးဘဲ သတင်းစကားတွေကား ထွက်လာ၍ မဒေါနားက 'တိတ်တိတ်ဆိတ်ဆိတ် ကိုယ့်ဘာသာ ဘာမှလုပ်လို့ မရဘူး'လို့ ညည်းညူလေသည်။ သူမခင်ပွန်းက 'မိန်းမရေ... မင်းနောက်နေတာလား။ မင်း ဒီကိစ္စကို အခုမှသိတာများလားကွာ' လို့ ရယ်ရယ်မောမော ပြန် ပြောလေသည်။ မဒေါနားက ကျွန်မ ဒေးဗစ်ကို မွေးစားခွင့်မရရင် တစ်ရွာလုံးကို မွေးစားရလိမ့်မယ်။ သူတို့တွေ ဘယ်လောက် ဆင်းရဲဒုက္ခရောက်နေတာကျ မမြင်ရတော့ အရမ်းအံ့သြလို့ပါ။ တစ်ရွာလုံးကို ကျွန်မအိမ်ခေါ်သွားလို့ မဖြစ်နိုင်ပေမယ့် ကျွန်မ တတ်နိုင်သရွေ့ သူတို့ကို ကူညီချင်ပါတယ်တဲ့။          မဒေါနား၏ ဝတ်လုံက မွေးစားခွင့်အတွက် ကြိုးစားနေဆဲ မာလဝီ တရားရုံးအဖွဲ့က ဒေးဗစ်ကို မဒေါနားနှင့် အမေရိကသို့ ခေတ္တလိုက်လံ လည်ပတ်စေလိုသည်။ ကလေး၏ဖခင် ယိုဟိမ်းနှင့်လည်း တွေ့ဆုံကြသည်။ ယိုဟိမ်းက 'သူတို့မောင်နှံက ခင်စရာပါ။ မေးခွန်းတွေ သိပ်မေးတာပဲ။ ကျွန်တော့်သားကလေးနဲ့လည်း သိပ်ပျော်နေကြတာ။ သားလေးအတွက် လည်း ကျွန်တော်ပျော်ပါတယ်'လို့ ဆို၏။ ဒေးဗစ်လေးကို မွေးစားခွင့်ပြုလိုက်ပြီဆိုတဲ့ သတင်းကြားရတော့ မက်ဒေါနား မျက်ရည်တောင် ကျခဲ့တဲ့အထိ ဝမ်းသာမိပါသတဲ့။ ဒါတောင် အခြား လူမှုရေးအဖွဲ့အစည်းတချို့၏ နာမည် ပိုကြီးအောင် စတန့်ထွင်တာလားလို့ ဝေဖန်ခြင်းခံရသေးသည်။

            အမှန်တကယ်ဆို မဒေါနားက ကိုယ်ပိုင်သားသမီးမရခင်ကတည်းကပင် ကလေးမွေးစားဖို့ စဉ်းစားနေခဲ့သည်။ သူမတွင် ယခုခင်ပွန်း ဂိုင်းရစ်ချီနှင့် သား Rocco (၆ နှစ်)၊ သူမ၏ Trainer ဖြစ်တဲ့ Carlos Leon နှင့် သမီး Lourdes (၁ဝ နှစ်)တို့ မွေးထားသည်။ ခင်ပွန်းသည် လန်ဒန်၌မရှိချိန်တိုင်း ကာလို့စ်လီယွန်က သားသမီးများကို ဝိုင်းထိန်းပေးလေ့ရှိသည်။ မွေးစားသားလေး ဒေးဗစ်ကို လန်ဒန်မှာရော အမေရိကမှာပါ နေထိုင်ခွင့်၊ ကြီးပြင်းခွင့်ရစေမည်။ မဒေါနားတို့ ကိုယ်ပိုင် မိသားစုတစ်ဦးအဖြစ် အသားကျအောင် ကြိုးစားမည်ဟု ဆိုသည်။

            ရုပ်ရှင်ဒါရိုက်တာ ဂိုင်းရစ်ချီ၏ ရုပ်ရှင်များတွင် Stuntman အဖြစ် သရုပ်ဆောင်ပေးလေ့ရှိသော Matthew Hamilton က 'သူတို့ခပ်လွယ်လွယ် မွေးစားခဲ့တာ မဟုတ်ပါဘူး။ အိမ်က သားနဲ့သမီးကိုလည်း သေသေချာချာ ဆွေးနွေးရသေးတာ။ သမီးလောဒတ်(စ်)မှာ မိခင်၏စိတ်ဓာတ် အပြည့်ရှိတယ်။ ကလေးမက ဂိုင်းကို 'ကျွန်မတို့ ဒီလိုကလေးမွေးစားတဲ့ကိစ္စလုပ်ရမယ်။ ဒါ ကျွန်မတို့ရဲ့ တာဝန်မဟုတ်လား'လို့ ပြောခဲ့ပါသည်။ ကဲ... ဒီဆယ်နှစ် သမီးလေးက အရမ်းကို လူကြီးစိတ်ရှိနေပြီ၊ ခံစားနိုင်နေပြီ။ ခင်ဗျားတို့ ကြားရင်လည်း တအံ့တသြ ဖြစ်ကြမှာပဲ။ အမေနဲ့လည်း ရုပ်ချင်းဆင်တူတယ်' လို့ သတင်းထောက်များကို ပြောပြသည်။

            ဒေးဗစ်ရဲ့ နာမည်ကို မဒေါနားတို့ စိတ်ကြိုက်ပြောင်းပစ်မှာလားဆိုတဲ့ မေးခွန်းကိုတော့ အဖြေမရှိသေးပေ။ ဖခင်ရင်းကတော့ 'သားဒေးဗစ်က မာလဝီကို ပုံမှန်လာလည်မှာပါ။ သူ့မျိုးရိုးဇာတိကို မမေ့မလျော့ ရှိစေရမှာပေါ့။ သားလေးကို မိဘမဲ့ကျောင်းသာ ပို့မထားခဲ့ရင် အခု ငတ်လို့သေရောပေါ့ လို့ဆို၏။ မဒေါနား၏ဖခင် Silvioက မဒေါနားတို့မောင်နှံ နောက်ထပ် ကလေးအများကြီး မွေးစားရင်တောင် အံ့သြဖို့ မရှိပါဘူး။ သူတို့ဘဝတွေက ပြည့်စုံကြွယ်ဝကြတယ်။ သူတို့မှာ ပေးဝေမျှစရာ အချစ်တွေချည်းပဲ ရှိတာမဟုတ်ဘူး။ လိုအပ်မှုတွေကိုလည်း ပံ့ပိုးနိုင်ကြတယ်'လို့ ဖြည့်စွက်ပြောပါသည်။

            မစ်ရှီဂန်က ဆွေမျိုးတွေဆီ ဖုန်းဆက်စဉ်က မာလဝီရွာကလေးမှာ နောက်ထပ် ၃ နှစ်အရွယ် ကလေးမလေးကိုလည်း မွေးစားလိုစိတ်ဖြစ်တယ်လို့ ပြောသေးသည်။ 'ကျွန်မ အဲဒီကလေးကိုတွေ့တော့ မသိနားမလည်တဲ့ မျက်လုံးလေးတွေ၊ ဝမ်းနည်းအားငယ်တဲ့ အပြုံးလေးတွေ မြင်ရတယ်။ ကျွန်မ ခင်ပွန်းကိုတောင် ပြောပြီးပါပြီ။ ဒီမိန်းကလေးကိုလည်း အိမ်ဂေဟာလေး ဖန်တီးပေးရမယ်လို့။ ဆင်းရဲမွဲတေလှတဲ့ သူတို့လေးတွေကို ဘယ်သူကပဲတွေ့တွေ့ ကူညီစောင့်ရှောက်လိုစိတ် ဖြစ်မှာပါ။ ကျွန်မကတော့ ဒီလိုလုပ်ခွင့်ရတာ အလွန်ကံကောင်းလှပါတယ်'တဲ့။

            ၁၃ လသားလေး ဒေးဗစ်ကို လန်ဒန်ကို ခေါ်လာတော့ Heathrow လေဆိပ်တွင် သတင်းထောက်တွေ ဝိုင်း၍နေသဖြင့် မီးခိုးရောင် အနွေးထည်ဖြင့် ခေါင်းမှအုပ်၍ ဖွက်လာခဲ့ရသည်။ လန်ဒန်အိမ်၌ ဒေးဗစ်အတွက် ဒေါ်လာ ၃ သောင်းကျော်ဖိုး ကလေးကစားစရာ အသစ်အဆန်းတွေ စောင့်ကြိုလျက် ရှိသည်။ Heathrow လေဆိပ်မှ မဒေါနားတို့ပိုင် မိသားစုအိမ်သို့ ဒေးဗစ်ကို မာစီးဒီး ကားဖြင့် ခေါ်ဆောင်ခဲ့သည်။ ဒေးဗစ် အနား၌၄င်းကို ထိန်းကျောင်းမည့်နာနီ အချိန်ပြည့်ရှိနေသည်။ ဒေးဗစ်ရဲ့ဘဝ အောင်မြင်တိုးတက်ဖို့ ဖခင်က ခွင့်ပြုရတာပါလို့ ယိုဟိမ်းက ရင်ဖွင့်သည်။

            ဖခင်ရင်းက သားရဲ့ကျန်းမာရေးနှင့် ပညာရေးအတွက် ကျွန်တော့်အနားကနေ အဝေးကြီးကို ခေါ်သွားဖို့ သဘောတူခဲ့တာပါ။ တစ်ရွာလုံးကလည်း တိုက်တွန်းတာပါ။ ယိုဟိမ်းနေတဲ့ Lipunga ရွာကလေးမှာ လူဦးရေ ၃ဝဝ ခန့်ရှိပြီး မာလဝီ၏ အနောက်ဘက်တွင် ရှိ၏။ ယိုဟိမ်း၏ ပထမဆုံးသား Garnet မှာ အသက် ၂ နှစ်ကျော်၌ ငှက်ဖျားရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဒုတိယသား Babel မှာလည်း ၁၈ လသားအရွယ်တွင် သေဆုံးခဲ့သည်။ ဇနီးသည်သေပြီး သားကလေးကို နို့ပင် ဝယ်မတိုက်နိုင်၍ ဒေးဗစ်ကလေး ၅ ပတ်သားအရွယ်ကစ၍ မိဘမဲ့ဂေဟာသို့ ပို့ထားခဲ့ရသည်။ မိုင် ၅ဝ ကျော်ကို စက်ဘီးစီး၍ သားငယ်လေးထံ တစ်ပတ်နှစ်ကြိမ်သွားတွေ့လေ့ ရှိသည်။ ဂေဟာက ဖခင်ပြန်သွားတိုင်း ဝမ်းပန်းတနည်း ငိုယိုကျန်ရစ်တတ်တဲ့ သူ့သား၊ ဘဝသစ်မှာ ကျန်းကျန်းမာမာနှင့် ကျောင်းကောင်းကောင်း နေခွင့်ရတော့မည့်အရေး ကြည်နူးဝမ်းသာနေရှာသည်။ ယိုဟိမ်း၏ယာခင်းတွင် အာလူးနှင့် ကြက်သွန်များ စိုက်ပျိုးထားသည်။

            ယိုဟိမ်းက မိခင်သစ် မဒေါနားတစ်ယောက် သူတို့ရိုးရာဘာသာစကားကို လေ့လာနေပြီး ဒေးဗစ်လေးကို မကြာခဏ အလည်ခေါ်လာမယ်လို့ ကတိပေးထားကြောင်း၊ မဒေါနားကို ၄င်းတို့မိသားစုဝင်အဖြစ် သတ်မှတ်ကြောင်း၊ မာလဝီတို့ ယဉ်ကျေးမှုဓလေ့ထုံးစံအရ မိမိချမ်းသာလျှင် ကျန်ဆွေမျိုးများကို တတ်နိုင်သမျှ ကူညီပံ့ပိုးရတဲ့အကြောင်း၊ အခုချိန်မှာ မဒေါနားဆီက ဘာအကူအညီမှ တောင်းခံဖို့ မရည်ရွယ်ကြောင်း၊ ဒါပေမယ့် ဒေးဗစ်လေး အရွယ်ရောက်လာလျှင် သူ့ဆွေမျိုးတွေရဲ့ ဆင်းရဲဒုက္ခအား မိခင်ကို ကူညီခိုင်းလိမ့်မည် မျှော်လင့်ကြောင်း ဖွင့်ပြောခဲ့သည်။

            အောက်တိုဘာလ ၂၉ ရက်တွင် မဒေါနားတို့မိသားစု ဒေးဗစ်ကလေး အပါအဝင် လန်ဒန်မှ နယူးယောက်သို့ လာခဲ့ကြသည်။ မဒေါနားက 'ကျွန်မ သားသမီးတွေကို အံ့သြတယ်။ ချီးကျူးတယ်။ ဒေးဗစ်ကို တွေ့တွေ့ချင်း ဝိုင်းဖက်ပြီး ကြိုဆိုကြတယ်။ ဒီကလေးက ငါတို့အိမ်ဘာလာလုပ်နေလဲဆိုတဲ့ မေးခွန်းလည်း မမေးကြဘူး။ အသားရောင် မတူတာလည်း မေးခွန်းမထုတ်ကြဘူး။ ဒေးဗစ်လေးကို ကျောင်းထားလို့ရတဲ့ အရွယ်မှာ ကျွန်မ ကလေးတွေ တက်နေတဲ့ကျောင်း Kensington က Lycee Francais မှာပဲ ထားပေးမယ်။ ဘဝအခြေအနေ ဒီထက်ကောင်းပြီး ပညာတတ်ကြီး ဖြစ်ရစေ့မယ်။ သူ့ဇာတိအတွက် သူ အကောင်းဆုံး ပြန်ပေးဆပ်နိုင်အောင် ကျွန်မက ပံ့ပိုးမယ်' လို့ အင်တာဗျူး၌ ဖြေခဲ့သည်။

            ဒုက္ခသည် ကလေးတစ်ယောက်အတွက် ဝမ်းသာစရာသတင်းပါပဲ။

▀

ရီတာအောင် (NY)

(အမှတ် ၂၀၆၊ ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
ပြည်ပခရီးမှာ ချစ်ကြည်နူးတဲ့သူနှစ်ဦး
ဇာနည်ညိမ်း

ဆိုင်ကယ်စီးနေစဉ်မှာ ဘရက်ပစ်က သူ့နောက်က ပါလာတဲ့ ဂျိုလီ လုံခြုံမှု ရှိမရှိဆိုတာကို ခုလို နောက်ပြန်လှည့်ကြည့်သေးတာပါ။ လူမသိ၊ သူမသိ သွားချင်တိုင်း သွားလို့ရနေတဲ့အတွက် ချစ်သူနှစ်ဦးအနေနဲ့ ကြည်နူးစရာကာလများလ...

နိုင်ငံတကာ ရုပ်ရှင်
...
ဘရစ်တနီစပီးယားစ်ရဲ့ သားကြီးရှောင်ပရက်စတန်ရဲ့ တစ်နှစ်ခရီး
ဇာနည်ညိမ်း

သားနဲ့ ပတ်သက်ပြီး 'သားဟာ ကျွန်မရဲ့ ကိုးကွယ်ရာပါ'လို့ ဆိုခဲ့တဲ့ ဘရစ်တနီကို မာလီဘူမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ သားနဲ့အတူ တွေ့ခဲ့ရဖူးပါတယ်။ ဘုရားကျောင်းမှာ ဟိန္ဒူဘာ သာဝင်တို့ရဲ့ ထုံးစံအတိုင်း မျက...

နိုင်ငံတကာ ရုပ်ရှင်
...
တွမ်ခရုစ္စရဲ့သမီးလေး ဆူရီ
ရီတာအောင်(NY)

ကိုယ်ဝန် စလွယ်ကတည်းက ကျွန်မက ရင်သွေးလေးအတွက် ကြည်နူးနေခဲ့တာ။ လူတွေက လျှောက်ဝေဖန်၊ သတင်းသမားတွေက တကောက်ကောက် လိုက်နှောင့်ယှက်တယ်။ ကျွန်မ မိဘတွေနဲ့ တွမ် အဆင်မပြေဘူးတို့၊ ဆူရီမှာ တစ်ခုခု မှားယွင်းနေတယ် စ...