ရီတာအောင်(NY)
ဒီကနေ့ထက်တိုင် ပျိုမေတို့ နှစ်သက်အားပေးခြင်း ခံနေရဆဲ မင်းသား Tom Cruise ရဲ့ ရင်သွေးအစစ် သမီးလေး Suri Cruise ကို ဧပြီလ ၁၇ ရက်နေ့က မွေးဖွားခဲ့သည်။
သမီးလေးဆူရီနှင့် ရက်ပိုင်း၊
လပိုင်းသာ ခြားနားလျက် အခြားသော ဟောလိဝုဒ်မှ နာမည်ကြီး မင်းသား၊ မင်းသမီးတွေလည်း
ရင်သွေးကိုယ်စီ မွေးခဲ့ကြသည်။ ဥပမာ- မင်းသမီး Gwyneth Paltrow က ဒုတိယရင်သွေး
သားကလေး Moses ကို မွေးခဲ့သည်။ Brad
Pitt နှင့် Angelina
Jolie တို့စုံတွဲက
မွေးခဲ့တာ သမီးလေး Shiloh ဖြစ်သည်။
မင်းသမီးချော Brooke Shields က ဒုတိယသမီးလေး Grier ကို မွေးခဲ့သလို၊
မင်းသား Ben Affleck နှင့် မင်းသမီး Jennifer Garner တို့ရဲ့ ပထမ
ဆုံးရင်သွေး သမီးလေး Violet ကို မွေးခဲ့သည်။
မွေးလာသမျှ ကလေးတိုင်းကို မြင်တွေ့လိုတဲ့ ပရိသတ်အတွက် သရုပ်ဆောင်တွေက တချို့လည်း ၈
ရက် သမီး၊ တချို့လည်း ၁ လသား အရွယ်နှင့် ဓာတ်ပုံအရိုက်ခံကာ မဂ္ဂဇင်း၌
ဖော်ပြပေးကြသည်။ ဒါပေမယ့် အလကား မတ်တင်းတော့ ဖော်ပြခွင့်မပေးပေ။
Courteney Cox က သူ့သမီး Coco
ဓာတ်ပုံကို တစ်ပုံ
ဒေါ်လာ ၁ သောင်း တောင်းခဲ့သည်။ ဂွက်နက်ပက်(သ်)ထရိုက သမီး(ပထမရင်သွေး) Apple
တုန်းက ဒေါ်လာ
တစ်သိန်းနှစ်သောင်းငါး ထောင် သတ်မှတ်ကာ ဒုတိယ ရင်သွေး သားကလေး မိုးဇက်ကို ဒေါ်လာ
နှစ်သိန်းကျော် တောင်းခံခဲ့သည်။ မင်းသမီး Julia Roberts က သားနှင့်သမီး
အမြွှာ Hazel နှင့် Phinnaeus ဓာတ်ပုံအား ဒေါ်လာ တစ်သိန်းခွဲ
ဈေးဆိုခဲ့သည်။ အဆိုတော် ရုပ်ရှင် မင်းသမီး Britney Spears က သူမရဲ့သား
ဝတုတ်လေး Sean
ကို ဒေါ်လာ
ငါးသိန်းပေးမှ ဓာတ်ပုံအရိုက်ခံသည်။
မင်းသားကြီး Michale Douglasနှင့်
ကက်သရင်းဇီတာဂျုံးတို့က ပထမရင်သွေး သား Dylan တုန်းက ဓာတ်ပုံဖိုး
ဒေါ်လာ ရှစ်သိန်းခုနစ်သောင်းငါးထောင်ကို တရားတဘောင်ခင်း၍ပင် ရအောင်ယူခဲ့သည်။
ရင်သွေးလေးတွေရဲ့ ဓာတ်ပုံဖိုးစစ်တမ်းအရ Angelina Jolie သမီး Shiloh ဈေးတန်ဖိုး
အမြင့်ဆုံး ဖြစ်သည်။ မဂ္ဂဇင်း၌ ဓာတ်ပုံ ဖော်ပြခ ၄.၁ သန်းရခဲ့သည်။ တစ်ပြားမှ
မတောင်းခံဘဲ စိတ်ဝင်တစား တမေးတည်း မေးနေတဲ့ ပရိသတ်ကို
ဓာတ်ပုံကြည့်ရှုခွင့်ပေးခဲ့တာ သမီးလေး ဆူရီ ဖြစ်သည်။
တွမ်နှင့် ချစ်သူမိန်းကလေး Katie Holmes က သမီးလေးကို ၄
လခွဲအရွယ် ရောက်မှ ဓာတ်ပုံအရိုက်ခံခဲ့သည်။ အချိန်အကြာကြီး ဓာတ်ပုံ မမြင်တွေ့ရတော့
လူတွေက ကလေးကပဲ ရောဂါသည်လေးလိုလို၊ တွမ်နဲ့ ကေတီ အဆင်မပြေလို့ တွမ်က သမီးလေးကို
သူ့သမီးမှဟုတ်ရဲ့လား သံသယရှိနေသလိုလို ကောလာဟလသတင်းတွေ ထွက်ပေါ်လာခဲ့သည်။ ဇူလိုင်လ
၂၇ ရက်နေ့က တွမ်ပိုင်ဆိုင်တဲ့ Colorada ပြည်နယ် Telluride ဧက ၄ဝဝ
ခြံဝန်းကျယ်ကြီးမှာ ဓာတ်ပုံအရိုက်ခံခဲ့သည်။ Vanity Fair မဂ္ဂဇင်း
အောက်တိုဘာလထုတ် မျက်နှာဖုံးအတွက် ဖြစ်သည်။ ဓာတ်ပုံဆရာမမှာ Annie Leibovitz ဖြစ်သည်။
တွမ်မွေးစားသားနှင့် သမီး အစ္စဘဲလာ၊
ကော်နာတို့ ငယ်စဉ်ကလည်း ယင်း Vanity Fair အတွက်
ပထမဆုံးဓာတ်ပုံကို ယင်းဓာတ်ပုံ ဆရာမနှင့်ပင် ရိုက်ကူးခွင့်ပြုခဲ့သည်။ ဓာတ်ပုံဆရာမ
အန်နီရဲ့ V.F
မဂ္ဂဇင်းမှာ
တွမ်တို့မိသားစုအိမ်ကလေး ရောက်ခဲ့ပုံကို ဝေမျှလိုက်ပါတယ်။
အန်နီက တွမ်နဲ့ကေတီတို့ရဲ့
အိပ်ခန်းကျယ်ကြီးထဲမှာ သမီးကြီး Isabella (၁၃ နှစ်)၊ သား Connor
(၁၁
နှစ်)တို့နဲ့အတူ ထိုင်နေခဲ့တယ်။ Colorado ပြည်နယ်က
ခြံကျယ်ကြီးထဲမှာပါ။ တွမ်ရဲ့ တိုးပွားလာတဲ့ မိသားစုကို ကျွန်မ မျက်ဝါးထင်ထင်
မြင်တွေ့ခွင့်ရခဲ့တယ်။ သူတို့မိသားစု ၅ ယောက်ရဲ့ လှုပ်ရှားမှုမှန်သမျှ ကျွန်မပါ
လိုက်လုပ်ခွင့်ရခဲ့တာ။ မြင်းစီး၊ တောင်ကုန်းတွေတက်၊ တောလမ်းလေးတစ်လျှောက်
ကားမောင်း စသဖြင့်ပေါ့။ တွမ်နဲ့ ကေတီက သမီးလေးဆူရီကို အရမ်းဂရုစိုက်ကြတယ်။
မနက်စာ၊ နေ့လယ်စာ၊ ညစာ အားလုံးကို
အတူစုပြီး စားကြတယ်။ အဲဒီအိမ်မှာ တွမ်တို့မိသားစု ငါးယောက်အပြင် တွမ့်မိခင်ကြီး Mary Lee၊ မေရီရဲ့ညီမ Cass နဲ့ သားသမီးတွေ၊
ကေတီရဲ့မိဘနှစ်ပါး Martin နဲ့ Kathleen ၊ ကေတီ့အစ်ကို၊
အစ်မနဲ့ ကလေးတွေ Ohio ပြည်နယ်ကနေ
နွေရာသီပိတ်ရက် ခရီးထွက်လာကြတာတဲ့။ မနက် မိုးလင်းတာနဲ့ ကလေးတွေက သမီးလေးဆူရီရှိတဲ့
အိပ်ခန်းထဲ ပြေးဝင်ကြတာပဲ။ ကလေးခုတင်ထဲက ဝိုင်းပြီး လုချီကြတယ်။
နို့ဘူးတိုက်ချင်လို့တဲ့လေ။
တွမ်က 'သမီးက သူ့အမေရဲ့ နှုတ်ခမ်းနဲ့
မျက်လုံး အမွေရတာ၊ အမေတူ' လို့ ပြောပေမယ့် ကေတီက 'သူ့အဖေနဲ့ မျက်လုံးတူတယ်၊ အဖေတူ သမီး' လို့
ဆိုပါတယ်။ မွေးခန်းမှာ ဆရာဝန်က ကျွန်မလက်ထဲ သမီးလေး ရောက်ရောက်လာချင်းမှာပဲ
ကျွန်မမိခင်တစ်ယောက်အဖြစ် အဆင်သင့် ဖြစ်နေခဲ့ပါတယ်။ သမီးလေး ဗိုက်ထဲမှာ ကတည်းက
ကျွန်မတို့ နာမည်ရွေးထားခဲ့တာ။ မိတ်ဆွေတွေကလည်း ကလေးနာမည်ရွေးတဲ့ စာအုပ်တွေ
လက်ဆောင်ပေးကြတယ်။ Suri ဆိုတဲ့ နာမည်လေးကို
နှစ်ယောက်စလုံးက သဘောကျတယ်။ အဓိပ္ပာယ်က နှင်းဆီနီတဲ့။
တွမ်ရဲ့ဆန္ဒက 'ကျွန်တော်က
ဘဝတစ်လျှောက်လုံး ဖခင်ဘဝရချင်ခဲ့တာပါ။ သား သမီးတွေ အားကိုးရတဲ့ဖခင် ဖြစ်ချင်တယ်။
ကျွန်တော့်ကလေးတွေကို မဖြစ်နိုင်တဲ့ ကတိတွေလည်း ပေးလေ့မရှိဘူး။ ကလေးတွေကို
ချစ်လို့ အလိုလိုက်တယ်ဆိုတဲ့ဟာမျိုးလည်း မယုံကြည်ဘူး။ ဒီလိုပုံစံမျိုးနဲ့တော့
ကလေးကို အချစ်တွေ အများကြီး မပေးသင့်ပါဘူး။ မဖြစ်သင့်ပါဘူး'တဲ့။
၁၉၉ဝ ပြည့်လောက်တုန်းက ဒီခြံကျယ်နဲ့ အိမ်ကြီးကို တွမ်က
ဟောလိဝုဒ်အသိုင်းအဝိုင်းနဲ့ဝေးရာမှာ ရှောင်ချင်၊ ရှားချင်ရင် ပုန်းခိုနေဖို့
ရည်ရွယ်ခဲ့တယ်။ အခုတော့ ၄င်းရဲ့သားသမီးတွေနဲ့ လွတ်လပ်စွာ နေထိုင်လို့ရတဲ့
သီရိဂေဟာလေး ဖြစ်သွားပြီလို့ ဝန်ခံလေသည်။
ညစာစားတာလည်း မိသားစုဝိုင်းကြီးနဲ့ပါ။
တစ်ညတော့ Hot
Dogs တွေချည်း
စားဖြစ်တယ်။ နောက်တစ်ညတော့ အသားကင်တွေ လုပ်စားပြီး ရေခဲမုန့်စားတာ အရသာစုစုပေါင်း
၃၉ မျိုးတောင် တွမ်က စီစဉ်ပေးခဲ့တာလေ။ သမီးလေးက ဆူရီဓာတ်ပုံ မမြင်ရသေးလို့
အမျိုးမျိုးဝေဖန်နေကြတဲ့ ကောလာဟလတွေ ငြိမ်သွားအောင် သမီးလေးရဲ့ တစ်ယောက်တည်းပုံ
တစ်ပုံလောက် ဖော်ပြခွင့် ပြုလိုက်ပါလားလို့ တွမ်ရဲ့ ကိုယ်ရေးအတွင်းရေးမှူးက
အကြံပေးခဲ့ပါတယ်။ တွမ်တို့မောင်နှံက လက်မခံခဲ့ပေ။ Los Angeles အိမ်မှာပဲ
ကလေးနဲ့အတူနေပြီး မိတ်ဆွေတွေကို အိမ်လာခွင့်ပြုခဲ့သည်။ Penelope Cruz,
Will Smith နှင့်ဇနီး Jada Pinkett တို့ လာလည်ကြသည်။
စားသောက်ဆိုင်တွေပင် မသွားဘဲ အိမ်သို့သာ အော်ဒါ မှာစားကြသည်။
ကေတီက 'သမီးလေးမွေးတဲ့ရက်
အတောအတွင်းမှာ တွမ်ရဲ့ Mission: Impossible 3 ရုပ်ရှင်ထွက်လာတော့
တွမ်ခရီးထွက်ရတယ်။ သူပြန်လာကတည်းက ကျွန်မတို့က သမီးလေး ဆူရီနားမှာပဲ
တတ်နိုင်သလောက် အချိန်ပေးနေချင်ခဲ့တယ်။ သမီးလေးနဲ့ တန်ဖိုးရှိတဲ့အချိန်တွေ
မိသားစု၊ မိတ်ဆွေတွေနဲ့သာ သုံးစေချင်တယ်။ ဒီအချိန်မျိုးဆိုတာ ပြန်လိုချင်လို့
မရဘူးမို့လား။ ဒါကြောင့် ဓာတ်ပုံရိုက်ဖို့ အချိန်တွေပေး၊ ဓာတ်ပုံဆရာတွေ အိမ်ခေါ်
စတဲ့အချိန်ပေးရမယ့် ကိစ္စတွေ မေ့ထားခဲ့ တာပါ။ 'တွမ်ကလည်း 'ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝလေး အခုမှ စတင်ကာစမှာ လွတ်လပ်စွာ နေချင်တယ်။
အိမ်မှာတော့ ကိုယ့်ဘာသာ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ ဓာတ်ပုံတွေ ဖော်ပြသင့်တဲ့ အချိန်တန်ရင်
ခွင့်ပြုမယ်လို့ စီစဉ်ထားပြီးသားပါ'တဲ့။
အဲဒီအချိန်မှာပဲ "Where is
Syri?" ဆိုတဲ့ ခေါင်းစဉ်
မေးခွန်းကြီးတွေနဲ့ စာနယ်ဇင်း ပေါင်းစုံမှာ ဟိုရေး၊ ဒီရေး လုပ်ကြတော့တာပဲ။
ကျွန်တော်တို့က ဘာကိုမှ ဖွက်ထား၊ ဖုံးအုပ်ထားဖို့ မကြိုးစားနေပါဘူးလို့ ပြောသည်။
ဓာတ်ပုံဆရာမ အန်နီက ကျွန်မကိုယ်တိုင် ဆူရီလေး ဓာတ်ပုံရိုက်ခွင့်ရအောင်
ဆက်သွယ်ခဲ့ဖူးပေမယ့် တွမ်တို့ မောင်နှံက ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။ Angelina Jolie က သမီး Shiloh ၏
ဓာတ်ပုံရောင်းရငွေကို ရန်ပုံငွေအဖြစ် လှူဒါန်းပေမယ့် တွမ်ကတော့ သမီးလေးပုံကို
ငွေကြေးနှင့် မလဲလှယ်လိုပေ။
ဇူလိုင်လကုန်မှာတော့ ဆူရီလေး
ဓာတ်ပုံအရိုက်ခံတော့မှာမို့ အယ်နီနှင့် ဓာတ်ပုံအဖွဲ့ ၄င်းတို့အိမ်ကို လာခဲ့ဖို့
ဖိတ်ခေါ်ခဲ့သည်။ ငါးရက်တိတိ သူတို့ အိမ်မှာပဲနေကာ မိသားစုပုံစံ အမျိုးမျိုးဖြင့်
ဓာတ်ပုံအရိုက်ခံကြသည်။ မညည်းညူစတမ်း ဖြစ်သည်။ မိမိရဲ့သား၊ ချွေးမလောင်းနှင့်
မြေးမလေး ပြုံးပျော် ရွှင်မြူးစွာ ဓာတ်ပုံအရိုက်ခံနေတာကို တွမ့်မိခင်က
ငေးကြည့်နေရင်း ဝမ်းသာကြည်နူးလွန်း၍ မျက်ရည်များပင် ကျခဲ့သည်။ တွမ်ကိုယ်တိုင်လည်း
မျက်ရည် ဝဲလာခဲ့တော့သည်။ 'ကျွန်တော် အရမ်းကံကောင်းတာပဲနော်။ ဘဝမှာ ပျော်စရာ၊ ကြည်နူးစရာဆိုတာ
ရာခိုင်နှုန်း အနည်းအများ ရှိပါတယ်။ ပျော်ရွှင်စရာတွေကို ခံစားနေရချိန် ဘဝရဲ့
အဖိုးတန်၊ အရေးပါမှုတွေကို အမှတ်တရ ဖြစ်နေရမယ်။ ဆိုးဝါးတဲ့ကာလ
အပိုင်းအခြားတွေကိုလည်း ဘယ်တော့မှ မမေ့ပစ်ပါဘူး။ ပျော်စရာကိုလည်း အချိန်ပေး ကျင်းပ
ခံစားရမယ်။ သမီးလေး ရောက်ရှိလာတာ ပျော်စရာပါပဲ'လို့
ရှင်းပြခဲ့သည်။
ကေတီနှင့်လည်း စကားတွေ
ပြောခွင့်ရခဲ့သည်။ ကေတီက ရုပ်သံတွင် Dawson's Creek၊
ရုပ်ရှင်ကားအဖြစ် The Ice Storm,
Pieces of April, Thank You for Smoking နှင့် Batman Begins စသဖြင့်
ရိုက်ကူးခဲ့သည်။ ကေတီ့လက်မှာ ရွှေရောင်သုံးမျိုးဖြင့် ပြုလုပ်ထားတဲ့ စိန်လက်စွပ်
ဝတ်ဆင် ထားသည်။ Mother's
Dayအတွက် တွမ်က လက်ဆောင်ဝယ်ပေးခဲ့သည့်
လက်စွပ်ပင်။ ပန်းရောင် စိန်နားဆွဲလေး ကတော့ ဆူရီမွေးတဲ့ အထိမ်းအမှတ်အဖြစ်
ဝယ်ပေးတာပါတဲ့။ ပြီးတော့ စေ့စပ်လက်စွပ်ကြီး ဖြစ်သည်။
'အတင်းအဖျင်း
ကောလာဟလတွေကြောင့် ကျွန်မ စိတ်ညစ်ပါတယ်။ တွမ်ကတော့ ကျွန်မထက် အတွေ့အကြုံများလို့
ခံနိုင်ရည် ပိုရှိတယ်။ ကိုယ်ဝန် စလွယ်ကတည်းက ကျွန်မက ရင်သွေးလေးအတွက်
ကြည်နူးနေခဲ့တာ။ လူတွေက လျှောက်ဝေဖန်၊ သတင်းသမားတွေက တကောက်ကောက် လိုက်နှောင့်ယှက်တယ်။
ကျွန်မ မိဘတွေနဲ့ တွမ် အဆင်မပြေဘူးတို့၊ ဆူရီမှာ တစ်ခုခု မှားယွင်းနေတယ် စတဲ့
စွပ်စွဲပုတ်ခတ်မှုတွေ၊ အမေ တစ်ယောက်အနေနဲ့ ဘယ်လောက်ဆိုးတဲ့ ခံစားမှုလဲရှင်'လို့ ရင်ဖွင့်လေသည်။
တစ်ညမှတော့ မိသားစုတွေ
တရုတ်နှင့်ထိုင်း ညနေစာ စားဖြစ်ပါတယ်။ အစ္စဘဲလာနှင့် ကော်နာက ၄င်းတို့ငယ်စဉ်
ဖခင်တွမ်နှင့် စွန့်စားခန်း လုပ်ခဲ့တာတွေ ညီမလေးဆူရီ ကြီးလာရင်လည်း
ထပ်လုပ်ကြရအောင်လို့ အဖေကို ဝိုင်းပူဆာကြပါတယ်။ ကေတီက 'အဲသလို
သူတို့နှစ်ယောက်က ညီမလေးကြီးလာရင် ဘာတွေလုပ်ကြမယ်ဆိုတဲ့ စကားကြားရတာ ကျွန်မဖြင့်
သိပ်စိတ်လှုပ်ရှားမိတာပဲ။ တွမ်ကလည်း သားနှင့် သမီးကြီးကို Kiliman jaro တောင်ပေါ်တက်ဖို့
ကတိပေးကာ ခရီးအတွက် စီစဉ်ကြပါတယ်။ တရုတ်ဆိုင်က လက်ဆောင်ပေးတဲ့ Fortune Cookie လေးတွေ ခွဲလိုက်ရင်
ဗေဒင်စာရွက်ကလေးတွေ ထွက်လာတတ်ပါတယ်။ ဗေဒင်က သူ ဘာပြောထားတယ်၊ ဘာဟောတယ်ဆိုတာ
တစ်ယောက်တစ်ပေါက် ဝိုင်းအော်ဖတ်ကြတာပါ။ တွမ်က ပြုံးဖြဲဖြဲ အမူအရာနှင့် 'မကြာခင် သင်က ကမ္ဘာကြီးရဲ့ ထိပ်ရောက်နေလိမ့်မယ်'တဲ့
လို့ ဖတ်ပြတော့ ကျွန်မတို့အားလုံး ဝိုင်းရယ်မော ဖြစ်ကြသည်။
တကယ်တော့ တွမ်က အဲဒီ့နေရာ၊
ကမ္ဘာကြီးရဲ့ ထိပ်ဆုံးကို ရောက်ရှိနေပြီးပြီပဲ။
သမီးကလေး ဆူရီ၌ တွမ်ကဲ့သို့
မျက်လုံးပြာပြာများ ပိုင်ဆိုင်ကာ အထင်ရှားဆုံးက တွမ်ကဲ့သို့
ဆံပင်ထူထူအုပ်အုပ်များဖြင့် မွေးဖွားလာခဲ့သည်။ ၂ဝဝ၆ ခုနှစ်၊ အောက်တိုဘာလ Vanity Fair စာအုပ်ကို
စက်တင်ဘာလ ၆ ရက်၌ စတင်ရောင်းချသည်။ မြန်မာပြည်က စာဖတ်ပရိသတ် မြင်တွေ့ခွင့်ရဖို့
စာရေးသူ ရုံးသွားရင်း ကမန်းကတန်း ဝယ်သလို၊ အခြားပရိသတ်တွေကလည်း အလုအယက်
အားပေးကြသည်။
နောက်တစ်နေ့ထုတ် New York Post သတင်းစာတွင်
ယင်းစာအုပ် ရောင်းကောင်းလွန်းသဖြင့် သရုပ်ဖော် ကာတွန်းတစ်ပုံဖြင့် ရယ်စရာ
ဖော်ပြခဲ့သည်။ တခြား ဂြိုဟ်မှ ဂြိုဟ်သား ၂ ယောက် လမ်းဘေးစာအုပ်ဆိုင်တွင် Vanity Fair မဂ္ဂဇင်း
လာဝယ်နေတဲ့ပုံ ဖြစ်လေသည်။ အဲလောက်ထိ အများ၏ စိတ်ဝင်စားခြင်းခံရတဲ့ သမီးလေး ဆူရီပါ။
▀
ရီတာအောင်(NY)
(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
အမှန်တကယ်ဆို မဒေါနားက ကိုယ်ပိုင်သားသမီးမရခင်ကတည်းကပင် ကလေးမွေးစားဖို့ စဉ်းစားနေခဲ့သည်။ သူမတွင် ယခုခင်ပွန်း ဂိုင်းရစ်ချီနှင့် သား Rocco (၆ နှစ်)၊ သူမ၏ Trainer ဖြစ်တဲ့ Carlos Leon နှင့် သမီး Lourdes (၁ဝ...
ဆိုင်ကယ်စီးနေစဉ်မှာ ဘရက်ပစ်က သူ့နောက်က ပါလာတဲ့ ဂျိုလီ လုံခြုံမှု ရှိမရှိဆိုတာကို ခုလို နောက်ပြန်လှည့်ကြည့်သေးတာပါ။ လူမသိ၊ သူမသိ သွားချင်တိုင်း သွားလို့ရနေတဲ့အတွက် ချစ်သူနှစ်ဦးအနေနဲ့ ကြည်နူးစရာကာလများလ...
သားနဲ့ ပတ်သက်ပြီး 'သားဟာ ကျွန်မရဲ့ ကိုးကွယ်ရာပါ'လို့ ဆိုခဲ့တဲ့ ဘရစ်တနီကို မာလီဘူမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ သားနဲ့အတူ တွေ့ခဲ့ရဖူးပါတယ်။ ဘုရားကျောင်းမှာ ဟိန္ဒူဘာ သာဝင်တို့ရဲ့ ထုံးစံအတိုင်း မျက...