နိုင်ငံတကာ ရုပ်ရှင်

ဂျပန်မှာလေးကြိမ်မြောက်လက်ထပ်တဲ့ လီဆာမာရီ ပရက်စလေ

ရီတာအောင်(NY)

01 February 2026
ဂျပန်မှာလေးကြိမ်မြောက်လက်ထပ်တဲ့ လီဆာမာရီ ပရက်စလေ
Share to

            Rock and Roll ဘုရင် အဲလ်ဗစ္စပရက်စလေရဲ့ သမီးဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုနဲ့ပဲ ဒီမိန်းကလေးကို လူတွေက စိတ်ဝင်စားကြသည်။ ရုပ်ရည်၊ ပညာအရည်အချင်းနှင့် ယနေ့ ၃၈ နှစ်အရွယ်အထိ သူမမှာ ဘာကိုယ်ပိုင်အရည်အချင်းမှ အခြားသူများထက် ထူးခြားသာလွန်တာ မရှိချေ။ အဲလ်ဗစ္စပရက်စလေ ကွယ်လွန်တာ နှစ်ပေါင်း ၃ဝ ကျော်၊ ၄ဝ နီးပါးအထိ ဤတစ်ဦးတည်းသောသမီး သုံးမကုန်၊ ဖြုန်းမကုန်အောင် အမွေပစ္စည်းတွေ တစ်ပုံကြီး ချန်ထားရစ်ခဲ့သည်။

            အဲဒီသမီး လီဆာမာရီ ပရက်စလေ (၃၈ နှစ်)က ယခု စတုတ္ထအကြိမ် အိမ်ရာထူထောင်ပြန်ပါပြီ။ သူမရဲ့ စတုတ္ထမြောက်ခင်ပွန်းမှာ မိုက်ကယ်လ်လော့ခ်ဝုဒ် (၄၃ နှစ်) ဖြစ်ပြီး သူတို့ မင်္ဂလာပွဲကို ဂျပန်နိုင်ငံမှာ ကျင်းပခဲ့သည်။ လီဆာ ကိုယ်တိုင် ပြီးခဲ့သည့် ခရစ္စမတ်က မိုက်ကယ်လ်အား လက်ထပ်ပါရစေဟု စတင်ခွင့်ပန်ခဲ့သည်ဟု သိရသည်။ မင်္ဂလာပွဲ၌ သမီးလီဆာ၏နံဘေးတွင် မိခင်ကြီး ပရစ်ဆီလာ ရှိနေပြီး သတို့သားလက်တွင်းသို့ သမီးအား ကိုယ်တိုင်အပ်ခဲ့သည်။ လီဆာ၏ လက်ထပ်ခွင့်တောင်းခြင်းကို ယောကျ်ားဘသား မိုက်ကယ်လ်က လက်ခံကာ သူမ၏ မိခင်ထံမှာလည်း မိုက်ကယ်လ်က ခွင့်ပန်ခဲ့သေးသည် ဟူ၏။

            လီဆာ၏ ပထမအိမ်ထောင်နှင့် မွေးခဲ့သော ရီလီ (ဒယ်နီရယ်လ်ဟုလည်း ငယ်မည်တွင်၏။ အသက် ၁၆ နှစ်) နှင့် သားငယ် ဘင်ဂျမင်စတောမ် (၁၃ နှစ်) တို့လည်း တက်ရောက်ကာ သတို့သား၊ သတို့သမီးအရံများအဖြစ် ကူညီခဲ့သည်။ သူတို့၏ဖခင် (လီဆာ၏ ပထမဆုံးခင်ပွန်း) ဒယ်နီလည်း Best Man အဖြစ် ပါဝင်ခဲ့သည်။ ဒယ်နီမှာ လီဆာနှင့် လက်ထပ်စဉ်ကတည်းက ဂီတသမားအဖြစ် ကြိုးစား နေငြားသော်လည်း ယနေ့ထက်တိုင် အောင်မြင်မှုအပြည့်အဝ မရသေးပေ။

            လီဆာက လက်ထပ်ပွဲမှာ အမေရိကန်ပုံစံနှင့် လက်မထပ်ချင်ဘဲ ဂျပန်နိုင်ငံ၌ ဂျပန်ရိုးရာ အပြည့်အဝဖြင့် လက်ထပ်လိုသည်။ အကြောင်းမှာ သူတို့နှစ်ဦး လွန်ခဲ့သော ၂ နှစ်က ဂျပန်နိုင်ငံ၌ ပထမဆုံး တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ရ၍ပင်။ မင်္ဂလာပွဲ ပြင်ဆင်ပေးသည့် ကာရာကီနေးက 'လီဆာရဲ့ဖခင်ကြီး အဲလ်ဗစ္စရဲ့ အမာခံပရိသတ်တွေ ဂျပန်မှာ ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်'ဆို၏။ မင်္ဂလာပွဲ ပြင်ဆင်ပေးသူကာရာကို လီဆာက အပြီးအပိုင်များ စာချုပ်ချုပ် အလုပ်ခန့်ထားတော့ မည်လား မသိ။ ပြီးခဲ့တဲ့ ၂ဝဝ၂ ခုနှစ်တုန်းက လီဆာ၏ တတိယခင်ပွန်း မင်းသားချော နီကိုးလပ်စ်ကေ့ချ်နှင့် ဟာဝိုင်ယီတွင် မင်္ဂလာဆောင်စဉ်ကလည်း သူမပင် မင်္ဂလာပွဲအတွက် ပြင်ဆင်ပေးခဲ့သေးသည်။ ကာရာရဲ့ အပြောအရတော့ မိုက်ကယ်လ်လော့ခ်ဝုဒ်ကမှ လီဆာရဲ့ တကယ့်အချစ်စစ် ဖြစ်ပါပြီတဲ့။ (နောက်တစ်ယောက် မတွေ့ခင် အထိပေါ့ ထင်ပါရဲ့။)

            ကာရာက လီဆာနှင့် ကျွန်မ သိကျွမ်းခဲ့တာ ၉ နှစ်တာကာလအတွင်း ဒီတစ်ကြိမ်မှာ လီဆာ အရမ်းပျော်နေတာလို့ ဆိုသည်။ သတင်းသမားတွေက ကာရာပြောတာ မှန်နိုင်လောက်ပါတယ်။ လီဆာက အရင်အိမ်ထောင်တွေဟာ သူ မှားခဲ့တဲ့ အမှားအယွင်းတွေသာ ဖြစ်ပြီး မိုက်ကယ်လ်နှင့်တော့ အိုမင်းတဲ့အထိ အတူတကွ ရှိချင်တယ်လို့ ဖွင့်ဟပြောခဲ့၍ပင်။

            ပန်းခြံတွင်း၌ သတို့သမီးလီဆာ နှစ်သက်သော နှင်းဆီဖြူ၊ သစ်ခွဖြူ၊ နှင်းပန်းအဖြူများဖြင့် မင်္ဂလာပွဲကို ပြင်ဆင်ပေးခဲ့သည်။ သူတို့ဇနီးမောင်နှံနှစ်ဦးအား ဂျပန်လူမျိုး ဟိုတယ်ဝန်ထမ်းများက တော်ဝင်မိသားစုဝင်များသဖွယ် အထူးအရေးပေး ဆက်ဆံခဲ့ကြသည်။ မင်္ဂလာပွဲသို့ ဧည့်သည် ၁၅ ယောက်ခန့်သာ ဖိတ်ကြားခဲ့သည်။ သတို့သား မိုက်ကယ်လ်၏ မိဘနှစ်ပါးဖြစ်သည့် ဝီလျံနှင့်ဗီဗီယန်တို့လည်း တက်ရောက် ချီးမြှင့်ကြသည်။ သတို့သမီးလီဆာက အနီရောင်နှင့် ဆင်စွယ်ရောင် ကီမိုနိုကို ဝတ်ဆင်၍ သတို့သား မိုက်ကယ်လ်၏ ကီမိုနိုမှာ အဖြူနှင့်အနက်စပ် ဖြစ်သည်။ ဂျပန်မိတ်ကပ် ထူပိန်းပိန်း ဖြူဖြူဖွေးဖွေးကြီးကို စာဖတ်ပရိသတ်များ မြင်ဖူးကြမည် ထင်ပါသည်။ ယင်း မိတ်ကပ်ကို အလိမ်းခံဖို့ မိတ်ကပ် ဆရာမတစ်ဦးအား တိုကျိုမှ လေယာဉ်ဖြင့် အမြန်လာရောက်စေသည်။ မင်္ဂလာပွဲက ဂျပန်နိုင်ငံ ကျိုတိုမြို့၌ ကျင်းပခြင်း ဖြစ်သည်။ လီဆာ၏ ရွှေရောင်နှင့် နီညိုရောစပ်နေသည့် ဆံပင်များကိုပင် အလှပြင်ဆရာမက ဂျပန်ဆံထုံးပုံစံ ထုံးပေးထားသည်။ လီဆာမှာ လုံးဝ အမေရိကန်ပုံစံ မဝင်တော့ဘဲ ဂျပန်သတို့သမီးစစ်စစ် ဖြစ်၍နေလေသည်။

            သတို့သား၏ ကီမိုနိုဝတ်စုံကို ဟာကာမားဟု ခေါ်သည်။ ဂျပန်ဆာမူရိုင်းများ ဝတ်လေ့ရှိပြီး မင်္ဂလာပွဲနေ့က မိုက်ကယ်လ်၏ ရွှေရောင်ဆံပင်များ ဖုံးကွယ်နေစေဖို့ အနက်ရောင် သိုးမွှေး ဦးထုပ်တစ်လုံး ဝတ်ဆင်ထားသည်။ ပန်းခြံတွင်း ဆင်း၍ မင်္ဂလာပွဲကျင်းပနေငြား ထိုနေ့က ရာသီဥတုမှာ သုည ဒီဂရီအောက်ကျအောင် အေးစက်နေလေသည်။ မင်္ဂလာမောင်နှံကတော့ ဂျပန်ထုံးစံဓလေ့များဖြင့် စိတ်လှုပ်ရှား ကြည်နူးနေပုံပင်။ ပရိသတ်ကိုတော့ ခြေထောက်နှင့် လက်များ နွေးထွေးနေစေရန် ပွဲစီစဉ်သူ ကာရာက ဓာတ်ခဲသုံး အပူပေးစက်ကလေးများ လုပ်ဆောင်ပေးထားရသည်။

            ကာရာက 'ကီမိုနိုဝတ်စုံကလည်းထူတော့ နွေးထွေးမှု ရစေတယ်။ မင်္ဂလာပွဲ ဝန်းကျင်တစ်ခုလုံး အချစ်များစွာ လွှမ်းခြုံယှက်သိုင်းနေသလိုပဲ။ ဒါပေမယ့် တခြားအမေရိကန် မင်္ဂလာဆောင်တွေလို ဘယ်သူကမှ မငိုကြဘူး။ ပါးပြင်ပေါ် ကျလုဆဲ မျက်ရည်တွေ၊ အေးခဲကုန်လို့ ထင်ပါရဲ့'လို့ Spin City ရုပ်သံမှာ သရုပ်ဆောင်နေတဲ့ မင်းသမီးကြီး ပရက်ဆဲလာဟာ အသက် ၆ဝ ရှိပေမယ့် လှပနုပျိုဆဲ ဖြစ်သည်။ ဆံပင်ကိုပင် အနီနှင့်အနက် တစ်ကန့်ခြားစီ ဆိုးထားသေးသည်။ မင်္ဂလာပွဲကျင်းပတာ ၁၅ မိနစ်ခန့်သာကြာပြီး ပရိသတ်က မင်္ဂလာမောင်နှံအား ပန်းပွင့်ပွင့်ဖတ်များဖြင့် ကြဲပက်ကြသည်။ ထိုအချိန်မှာပဲ နှင်းပွင့်များ ကျဆင်းလာ၍ အတွင်းခန်း၌ ပြင်ဆင်ထားသော မင်္ဂလာညစာ စားပွဲကို ဝင်၍ သုံးဆောင်ကြလေသည်။ ဂျပန်ထုံးစံ သစ်သားကြမ်းပြင်ပေါ်တွင်တင်ပျဉ်ခွေ ထိုင်ကြရသည်။ ဂျပန်ရိုးရာစာ Sushi, ဆယ်လ်မွန်ငါး၊ ဂဏန်း၊ Vanilla ရနံ့သင်းသော မင်္ဂလာကိတ် စသဖြင့် အစားအသောက် အမျိုးအမည် ၉ မျိုး ပါဝင်သည်။

            ဧည့်ပရိသတ် ညစာစားနေစဉ် ဂျပန် Geisha မယ်နှစ်ဦးက ဂျပန်ရိုးရာ သီချင်းများ၊ အကများဖြင့် ဖျော်ဖြေဧည့်ခံသည်။ မင်္ဂလာပွဲ၌ အခမ်းအနားမှူးရယ်လို့ မရှိ။ ဘယ်သူဘယ်ဝါကမှ ဦးဆောင်ဧည့်ခံစကားပြောနေခြင်းလည်း မရှိပေ။ လီဆာတို့ မောင်နှံက ပျားရည်ဆမ်းခရီးကို ဂျပန်နိုင်ငံအတွင်း၌ပင် လျှောက်လည်ဖို့ စီစဉ်ထားသည်။

            မိုက်ကယ်လ်က လီဆာ၏ ဂီတဝိုင်း၌ ဂစ်တာတီးသူဖြစ်ပြီး လီဆာ၏ ဒုတိယ တေးအယ်လ်ဘမ် Now What သီချင်းရေးသားစဉ် အထူးကူညီပေးခဲ့သည်။ လီဆာ ၏ ဒုတိယခင်ပွန်းမှာ ကမ္ဘာကျော် အဆိုတော် မိုက်ကယ်ဂျက်ဆင် ဖြစ်သည်။ တတိယခင်ပွန်းမှာ မင်းသား နီကိုးလပ်စ်ကေ့ချ် ဖြစ်၍ ရက်ပေါင်း ၁ဝ၈ ရက်သာ ပေါင်းသင်းခဲ့သည်။ ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။ ထို့ကြောင့် ဆယ်ကျော်သက်ဘဝကစ၍ မော်ဒယ်လ်၊ ရုပ်ရှင် သရုပ်ဆောင် အမျိုးမျိုး စမ်းသပ်ခဲ့သော်လည်း အရာမထင်ပေ။

            သီချင်းသီဆိုသူအဖြစ် ရပ်တည်ဖို့ ကြိုးစားခဲ့တာလည်း အချိန်အတော် အသင့်ကြာခဲ့ပြီ။ ယခု Now What တေးအယ်လ်ဘမ်ကျမှ အရာထင်ခဲ့သည်။ သူမကို အသိအမှတ်ပြုတဲ့ ပရိသတ်တချို့ ပိုင်ဆိုင်ခွင့်ရလာသည်။ ယခုစတုတ္ထမြောက်ခင်ပွန်း မိုက်ကယ်လ်နှင့် ၂ဝဝ၄ နွေရာသီက တွေ့ကြပြီး ချစ်သူများ ဖြစ်ခဲ့သည်။ တလောလေးက အမေရိကန်ရေဒီယို၌ အင်တာဗျူးမေးခွန်းများ ရက်ရက်စက်စက် စဉ်းစားမေးတတ်သူ Howard Stern နှင့် တွေ့စဉ် အလောတကြီး လက်ထပ်ဖို့ အစီအစဉ် မရှိသေးပါဟု လီဆာက ဖြေခဲ့သည်။

            လီဆာ ပထမခင်ပွန်း ဒယ်နီနှင့် လက်ထပ်စဉ်က သူမအသက် ၂ဝ ပင် မပြည့်ချင်သေး။ ၁၉၉၄ တွင် ကွာရှင်းပြီး လီဆာက 'ကျွန်မနဲ့ဒယ်နီ တစ်သက်လုံး ချစ်ခင်ရင်းနှီးစွာနေမှာပါ။ သူငယ်ချင်းဘဝက ကျွန်မတို့အတွက် ပိုသင့်တော်ပါတယ်' တဲ့။ တစ်လကျော်လောက်အကြာမှာ တစ်ကမ္ဘာလုံး အံ့သြသွားစေတဲ့ သတင်းကြားရတာပါပဲ။ အဆိုတော် မိုက်ကယ်ဂျက်ဆင်နှင့် ကျွန်းကလေးတွင် တိတ်တဆိတ် လက်ထပ်ပြီး ထိုနှစ် MTV ဆုပေးပွဲ ကင်မရာများရှေ့၌ နှစ်ဦးသား အနမ်းချင်းဖလှယ်နေပုံ ဓာတ်ပုံအရိုက်ခံတော့သည်။ ၁၉၉၆ ၌ ၎င်းတို့ ကွာရှင်းသည်။ ဆယ်နှစ်လောက်ကြာမှ သူ မိုက်ကယ်ဂျက်ဆင်ကို ဘာကြောင့် မြန်မြန်ဆန်ဆန် လက်ထပ်ဖြစ်သွားတယ်ဆိုတာ ဖွင့်ပြောခဲ့သည်။

            ကျွန်မကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိတဲ့ ယောကျ်ားတစ်ယောက်ကိုမှ ကျွန်မ မတွေ့ဖူးဘူး။ ကျွန်မရဲ့ မိသားစု အမည် ပရက်စလေဆိုတဲ့ နာမည်ကို လွှမ်းမိုးနိုင်သူပေါ့။ ဒါကြောင့် ကျွန်မထက် ပိုထင်ရှားကျော်ဇောတဲ့ တစ်စုံတစ်ယောက်ကို တွေ့မိတဲ့အခါ မြန်မြန်ဆန်ဆန်ပဲ လက်ထပ်ဖြစ်သွားတယ်။ ကိုယ့်ထက် ပိုထင်ရှားတဲ့သူရဲ့ နောက်ကွယ်မှာနေရရင် ဘဝက ပိုသက်သောင့် သက်သာ ဖြစ်မလားလို့ပါ။ ဒါမျိုး ဒီလို လုပ်ဖို့ မလိုအပ်ခဲ့ပါဘူး။ ဒါပေမယ့် လုပ်လိုက်မိတယ်တဲ့။

            မိုက်ကယ်ဂျက်ဆင်နှင့် ၁၉၉၆ မှာ လမ်းခွဲပြီး တတိယအိမ်ထောင်ဖက် နီကိုးလပ်စ်ကေ့ချ်နှင့် ၂ဝဝ၁ မှာမှ စတင်တွေ့ဆုံပါတယ်။ ဒီကြားကာလမှာ ပထမခင်ပွန်းနှင့်ပဲ ပြန်လည်ပေါင်းသင်း တော့မလိုလို၊ Hawaiian ဖွား ဂီတသမား John Oszajca နှင့် ၁၆ လကြာ စေ့စပ်ပြီး ယူကြတော့မလိုလို သတင်းတွေ ထွက်ခဲ့ပါသေးသည်။ သုံးလစွန်းရုံ ကလေးပဲ နီကိုးလပ်စ်ကေ့ချ်နှင့် ပေါင်းသင်းကာ လမ်းခွဲခဲ့ပြန်သည်။ နီကိုး လပ်စ်ကလည်း ဖခင်ကြီး အဲလ်ဗစ္စ၏ ပရိသတ်မို့ သူ့သမီးကိုပါ ချစ်မိသလိုလို ဖြစ်ပြီး လက်ထပ်ခဲ့ခြင်းဟာ အမှားကြီးတစ်ခုသာဟု နှစ်ဦးစလုံးက ဝန်ခံသည်။ လီဆာက လက်ရှိအချိန်အခါတွင် 'ကျွန်မ အတော်အသင့် လူလားလည်း မြောက်ခဲ့ပါပြီ။ ကျွန်မ အမှားအယွင်းတွေ လုပ်ခဲ့ဖူးတယ်။ ဒါတွေ အတိတ်မှာ ကျန်ခဲ့ပါပြီ။ ကျွန်မ အခု ဟိုးတုန်းကထက် ပိုပျော်ရွှင်နေပါတယ်'လို့ ဖွင့်ဟကြေညာခဲ့လေသည်။

ရီတာအောင်(NY)

(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
ဘီယွန်းစ်နိုးလ်စ်
ရီတာအောင် (NY)

'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...

နိုင်ငံတကာ ရုပ်ရှင်
...
ချစ်တော့ ချစ်တယ် ဒါပေမယ့်...
ဘို

'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...

နိုင်ငံတကာ ရုပ်ရှင်
...
ရောဘတ်ရက်ဖို့ဒ်
ရီတာအောင်(NY)

ဟုတ်ပ၊ ကျွန်တော်က ခင်ဗျားတို့ ထင်ထားတာတွေကိုတော့ မကြောက်ဘူးဗျ။ စိတ်ဓာတ်မဖြောင့်တဲ့လူတွေကိုတော့ ကျွန်တော်လည်း ကြောက်သား။ ပြီး ကျွန်တော့် သားသမီးတွေလည်း တစ်ခါတလေ ကြောက်တယ်။