ဘို
ဒီနေ့ ကမ္ဘာမှာ ပရိသတ်များ စိတ်အဝင်စားဆုံး မိသားစုကို ပြပါဆိုရင် ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဘရက်ဒ်ပစ်နဲ့ ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီတို့ရဲ့ ပေါင်းစည်းမှုကို ပြရမှာပါပဲ။ Mr. & Mrs. Smith ရုပ်ရှင်ဇာတ်ကားမှာ အတူတွဲပြီး သရုပ်ဆောင်စဉ်ကတည်းက သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုများဟာ အသက်ဝင်လွန်းတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ချစ်ကျွမ်း ဝင်နေကြပြီလို့ စာနယ်ဇင်းများက ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ လုံးဝ ငြင်းဆန်ခဲ့ပါတယ်။
ခုတော့လည်း
အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ နမီးဘီးယားနိုင်ငံမှာ သူတို့နှစ်ဦးရဲ့
ရင်သွေးကလေးကို မေလ ၂၇ ရက်နေ့က မွေးဖွားခဲ့ပြီး ဖြစ်တဲ့အတွက် ခိုင်မာတဲ့
မိသားစုတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီလို့ ဆိုရပါလိမ့်မယ်။ ဘရက်ဒ်နဲ့ ဂျိုလီတို့ရဲ့
နောက်ကြောင်းများနဲ့တကွ သူတို့မိသားစု အကြောင်းကို ရွှေအမြုတေ နိုင်ငံတကာ
ရုပ်ရှင်ချစ်သူများ ဖတ်ရှုနိုင်ကြစေဖို့ Hello မဂ္ဂဇင်းကြီးမှ
ဖော်ပြထားတဲ့ စုစည်းမှုကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။
ပွားစီးလာတဲ့
မိသားစု
၂ဝဝ၆ ခုနှစ် မေလ ၂၇
ရက်နေ့မှာ ဘရက်ဒ်နဲ့ ဂျိုလီတို့ရဲ့ သမီးကလေး ရှီလိုနူဗယ်လ်ကို မွေးဖွားလိုက်ပြီ
ဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက မိသားစု ဘဝနဲ့ စိုစိုပြေပြေနေချင်ခဲ့တဲ့
ဂျိုလီရဲ့ဆန္ဒ ထပ်မံပြည့်စုံသွားပြီလို့ ဆိုရပါလိမ့်မယ်။ အဲဒီကာလတုန်းက ဂျိုလီက
ရုပ်ရှင်သရုပ်ဆောင် ဘီလီဘော့ပ်သွန်တန်နဲ့ ပေါင်းသင်းနေစဉ်ကာလ ဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံက ၂ဝဝ၁ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံမှ
မိဘမဲ့ကလေးငယ်တစ်ဦးဖြစ်တဲ့ မက်ဒေါ့စ်ကို မွေးစားခဲ့ကြပါတယ်။ နောက်တစ်နှစ်မှာ
သူတို့အိမ်ထောင်ရေး ပြိုကွဲသွားတော့ ဂျိုလီက မွေးစားသားကို သူတစ်ယောက်တည်း ဆက်လက်
ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ အဲဒီကာလမှာ ဂျိုလီရဲ့ဘဝဟာ သားလို့ပဲ
ဆိုရပါလိမ့်မယ်။ ဘဝမှာ ကြုံလာသမျှ အဆိုးအကောင်းတွေကို သားနဲ့အတူ ကြံ့ကြံ့ခံရင်း
လူသားချင်း စာနာထောက်ထားတဲ့ လူမှုရေးလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
၂ဝဝ၅ ခုနှစ်မှာ
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် နိုရူဒွန်သီဟာနုက အထူးအခွင့်အရေး တစ်ရပ်အနေနဲ့
အော်စကာဆုရ မင်းသမီး ဂျိုလီကို ကမ္ဘောဒီးယားနိုင်ငံသူအဖြစ် အသိအမှတ်ပြုတဲ့
ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ ဂျိုလီရဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ
လုပ်ဆောင်ပေးတဲ့ လူမှုရေးလုပ်ငန်းများကို ဂုဏ်ပြုတဲ့အနေနဲ့
ဆောင်ရွက်ပေးလိုက်ခြင်းပါ။ အဲဒီနှစ်နောက်ပိုင်းမှာ ဂျိုလီနဲ့ ဘရက်ဒ်တို့
ချစ်ကျွမ်းဝင်နေကြပြီဆိုတဲ့ သတင်းများ ပျံ့လွင့်လာသလို ဂျိုလီက
အီသီယိုးပီးယားနိုင်ငံမှ မိဘမဲ့ကလေးငယ် တစ်ဦးဖြစ်တဲ့ မိန်းကလေး တစ်ဦးကို
ထပ်မံမွေးစားလိုက်ပြန်ပါတယ်။ ဒီအချိန်မှာလည်း ဂျိုလီဟာ မွေးစားသားနဲ့သမီးအတွက် အဖေ
မရှိ၊ အမေတစ်ဦးတည်းသာ အုပ်ထိန်းတဲ့ မိသားစုအဖြစ် ရပ်တည်နေဆဲပါ။
မွေးစားခဲ့တဲ့ သမီးငယ်
ဇာဟာရာလေးဟာ ခုဆိုရင် အသက် ၁၆ လ သမီးအရွယ် ရောက်နေပြီး မက်ဒေါ့စ်ကတော့ ၄
နှစ်သားအရွယ် ရောက်နေပါပြီ။ ဂျိုလီက 'သက်တံလို အရောင်စုံတဲ့
သားသမီးတွေ လိုချင်တယ်' လို့ ပြောခဲ့ဖူးပါတယ်။ သူ့စိတ်ကူးက ကမ္ဘာအရပ်ရပ်မှ
မိဘမဲ့ကလေးငယ်များကို ကောက်ယူ မွေးစားချင်တဲ့ ဆန္ဒရှိခဲ့တာပါ။ သူနဲ့အတူ
စိတ်တူသဘောတူ ရှိနိုင်မယ့် ဘဝခရီးဖော်ကိုလည်း လိုအပ်တယ်လို့ ဆိုခဲ့ဖူးပါတယ်။
ခုတော့ စိတ်တူကိုယ်တူဖြစ်တဲ့ ဘရက်ဒ်နဲ့ ဆုံစည်းမိခဲ့ပြီ ဖြစ်တဲ့အတွက်
ဂျိုလီရဲ့မိသားစုမှာ သမီးရတနာတစ်ဦး တိုးပွားခဲ့ပါပြီ။
□
အင်ဂျလီနာဂျိုလီ
လှပတဲ့ နှုတ်ခမ်းနဲ့
အောင်မြင်တဲ့ သရုပ်ဆောင်ဖြစ်တဲ့ ဂျိုလီဟာ ပိတ်ကားပေါ်မှာ အောင်မြင်မှုရရုံသာ
မကပါဘူး၊ တခြားသရုပ်ဆောင်များနဲ့မတူ၊ လူမှုရေးလုပ်ငန်းမှာ ထူးထူးကဲကဲ
ဝါသနာထုံသူဖြစ်တဲ့အတွက် ကမ္ဘာတစ်လွှားမှာ ထင်ရှားလာခြင်းပါ။
ခုဆိုရင်
လူမှုရေးလုပ်ငန်းတွေကို ရုပ်ရှင်ရိုက်တာထက် ပိုမိုစိတ်ဝင်စားနေတာကြောင့် သူနဲ့
ရုပ်ရှင်ကားတစ်ကားရိုက်ဖို့ဆိုတာ တော်တော်ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်လာပြီလို့
ရုပ်ရှင်သမားတွေက ဆိုကြပါတယ်။ တစ်ဖက်က လူမှုရေးလုပ်ငန်းတွေ၊ တစ်ဖက်က သူဝါသနာပါတဲ့
ရုပ်ရှင်လုပ်ငန်းများကို ဆောင်ရွက်နေချိန်မှာပဲ မွေးစားခဲ့တဲ့ သားနဲ့ သမီးဟာလည်း
သူမ ဘဝအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်များ ဖြစ်ခဲ့ပါတယ်။
□
ဘရက်ဒ်ပစ်
စာနယ်ဇင်းသမားဘဝကနေ
အောင်မြင်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာတဲ့ ဘရက်ဒ်ပစ်ဟာ ရုပ်ရည်ချောမွေ့လွန်းသူ
ဖြစ်တဲ့အတွက် စရိုက်ကြမ်းတမ်းတဲ့ ဇာတ်ကောင်အဖြစ် ဖန်တီးလို့ မရနိုင်ကြပါဘူး။
ဘရက်ဒ်ပစ်ကိုယ်တိုင်ကလည်း အဲဒီလို ဇာတ်ကောင်စရိုက်မျိုးမှာ ပါဝင်
သရုပ်ဆောင်ချင်တယ်လို့ တမ်းတခဲ့ဖူးပါတယ်။
Apollo 13 ရုပ်ရှင် ဇာတ်ကားကို
ရိုက်ကူးဖို့ စီစဉ်တဲ့အခါမှာ ဒါရိုက်တာနဲ့တကွ ထုတ်လုပ်သူများက ဘရက်ဒ်ပစ်ကို
ပါဝင်သရုပ်ဆောင်ခွင့် မပြုဘဲ ငြင်းပယ်ခဲ့ပါတယ်။ အကြောင်းပြချက်ကတော့
ရုပ်ချောလွန်းလို့ပါပဲ။ ဒီလို ပယ်ချခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘရက်ဒ်က
သူ့မိခင်ကို ရင်ဖွင့်ဖူးပါတယ်။ အဲဒီကားအစား ထုတ်လုပ်သူများက တခြားကားတစ်ကား သူနဲ့
ရိုက်ကူးခဲ့ကြပါတယ်။
အိုကလာဟိုးမား
ပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ဒီလူရွယ်ကလေးဟာ သူ့ဘဝအတွက် ရွေးချယ်စရာ
လမ်းအသွယ်သွယ်ရရှိခဲ့တဲ့အထဲက သူရွေးပြီးပြီဆိုရင် နောက်ကြောင်း ပြန်မလှည့်တဲ့
လူငယ်လည်း ဖြစ်ပါတယ်။ သရုပ်ဆောင်မှု ကောင်းခြင်း၊ ရုပ်ရည်ချောမွေ့ခြင်းတို့က
ဘရက်ဒ်ကို ဆယ်ကျော်သက် များအသည်းစွဲ မင်းသားတစ်လက် ဖြစ်လာစေခဲ့ပါတယ်။ ဒါပေမယ့်
အိမ်ထာင်သည်ဘဝမှာတော့ သားသမီး မရှိခဲ့တဲ့အတွက် ဘရက်ဒ်ရဲ့ ဆန္ဒ မပြည့်ဝခဲ့ပါဘူး။
ဂျိုလီနဲ့ ပေါင်းစည်းလိုက်တဲ့ အခါမှာတော့ ဘရက်ဒ်ဟာ ကလေး ၃ ယောက်ရဲ့ ဖခင်ဘဝကို
ရောက်ရှိလာပြီး သူ့ချစ်သူ ဂျိုလီစိတ်ဝင်စားတဲ့ လူမှုရေးလုပ်ငန်းများမှာ သူလည်း
ပါဝင်ဆောင်ရွက်သူတစ်ဦး ဖြစ်လာခဲ့ပါပြီ။
□
အချစ်ဟောင်းများ
တကယ်လို့ ဘရက်ဒ်နဲ့
ဂျိုလီတို့ တရားဝင်ထိမ်းမြား မင်္ဂလာဆောင်နှင်းကြတော့မယ်ဆိုရင် သူတို့နှစ်ဦးရဲ့
မင်္ဂလာပွဲဟာ အင်မတန်စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့
နှစ်ယောက်စလုံးက အိမ်ထောင်ကျခဲ့ကြပြီး အိမ်ထောင်ပြုတိုင်းမှာ သူတို့
အိမ်ထောင်ဘက်များနဲ့ ကြိုတင်သဘောတူချုပ်ဆိုတဲ့ စာချုပ်များရဲ့ပုံစံက
မတူညီကြလို့ပါပဲ။
အထူးသဖြင့် ဂျိုလီရဲ့
စာချုပ်များက သူများနဲ့မတူ တစ်မူထူးခြားတတ်ပါတယ်။ ပထမဆုံး ခင်ပွန်းသည်ဖြစ်တဲ့
ဗြိတိသျှရုပ်ရှင်မင်းသား ဂျော်နီလီမီလာနဲ့ လက်ထပ်စဉ်တုန်းက ဂျိုလီက
ရာဘာဘောင်းဘီရှည်အကျပ်နဲ့ ရာဘာရှပ်အင်္ကျီကို ဝတ်ဆင်ပြီး အဲဒီအင်္ကျီပေါ်မှာ
သူမရဲ့သွေးနဲ့ ခင်ပွန်းသည်ရဲ့ နာမည်ကို ရေးထိုးစေခဲ့ပါတယ်။
၂ဝဝဝ ပြည့်နှစ်မှာ
ဘရက်ဒ်ရော ဂျိုလီပါ အိမ်ထောင်ပြုခဲ့ကြပါတယ်။ ဂျိုလီက အမေရိကန် ရုပ်ရှင်သရုပ်ဆောင်
ဘီလီဘော့ပ်သွန်တန်နဲ့ ဗီးဂတ်စ်က ဘုရားရှိခိုးကျောင်းမှာ လက်ထပ်တော့
ဂျင်းဘောင်းဘီနဲ့ လက်ထပ်ခဲ့တာပါ။ အဲဒီတုန်းကလည်း သူမရဲ့လက်မောင်းမှာ
သတို့သားရဲ့အမည်ကို ဆေးမင်ကြောင် ထိုးခဲ့ပြန်ပါတယ်။ အဲဒီကာလမှာပဲ
ရုပ်ရှင်သရုပ်ဆောင် ဂွင်းနက်ပါလ်ထရိုနဲ့ စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခဲ့တဲ့
ဘရက်ဒ်က Friends ရုပ်မြင်သံကြား
ဇာတ်လမ်းတွဲနဲ့ နာမည်ကြီး နေတဲ့ ဂျနီဖာအနစ္စတန်နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့ရဲ့
လက်ထပ်မင်္ဂလာပွဲကို မာလီဘူတောင်ထိပ်မှာ ညနေ နေဝင်ဆည်းဆာအချိန် ကျင်းပခဲ့ပါတယ်။
□
ကောလာဟလရဲ့သားကောင်
အိမ်ထောင်သက် ၅
နှစ်ရှိလာတဲ့ ဘရက်ဒ်နဲ့ ဂျနီဖာတို့ရဲ့ အိမ်ထောင်ရေးမှာ Mr. & Mrs.
Smith ရုပ်ရှင်ဇာတ်
ကားရိုက်ပြီးတဲ့နောက် အဆင်မပြေမှုတွေ ဖြစ်လာပါတယ်။ စာနယ်ဇင်းများကလည်း
ဘရက်ဒ်နဲ့ဂျိုလီတို့ ချစ်ကျွမ်းဝင်နေကြပြီလို့ ဖော်ပြလာခဲ့ပါတယ်။ အဲဒီအချိန်မှာ
သူတို့ နှစ်ယောက်ကတော့ ပရိသတ်မြင်ကွင်းမှာ ဘယ်တော့မှ တရင်းတနှီး မနေပါဘူး။
တတ်နိုင်သလောက် ခွဲနေကြပေမယ့် အတူတူဈေးဝယ် ထွက်တာ၊ အားလပ်ရက်မှာ အတူတူ
အပန်းဖြေကြတာ၊ ဝယ်ယူဖို့အတွက် အိမ်ကြီးအိမ်ကောင်း လိုက်ရှာကြတာကအစ အတူတူ
ရှိနေခဲ့ကြပါတယ်။
အင်တာဗျူးတစ်ခုမှာ 'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး
နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။
ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့
ပတ်သက်မှာ မဟုတ်ဘူး။ တကယ်လို့ ပတ်သက်မိတယ်ဆိုရင် မနက်အိပ်ရာထလို့ မှန်ထဲမှာ
ကိုယ့်မျက်နှာကို ကိုယ်မြင်ရတိုင်း ခွင့်မလွှတ်နိုင် ဖြစ်ရပါလိမ့်မယ်' လို့ ဆိုခဲ့ဖူးပါတယ်။
၂ဝဝ၅ ခုနှစ် မေလက သူ
အဲဒီလို ပြောခဲ့ပေမယ့် ဇွန်လမှာတော့ မထင်မရှား မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ W မျက်နှာဖုံးမှာ
ဘရက်ဒ်နဲ့ ဂျိုလီတို့ နှစ်ယောက်တွဲပြီး မွေးစားကလေး နှစ်ယောက်နဲ့အတူ
မိသားစုပုံသဏ္ဌာန် ရိုက်ကူးထားတဲ့ မျက်နှာဖုံးနဲ့ ထွက်လာခဲ့ပါတယ်။ ဒီတုန်းက
ဘရက်ဒ်နဲ့ ပြတ်စဲစ ဖြစ်နေပြီဖြစ်တဲ့ ဂျနီဖာက 'ဒါ သူတို့ရဲ့
အတွင်းစိတ်ကို ဖော်ပြနေတာပဲ'လို့ မှတ်ချက်ချခဲ့ ဖူးပါတယ်။
အောက်တိုဘာလမှာ
ဘရက်ဒ်နဲ့ ဂျနီဖာတို့ ကွာရှင်းပြတ်စဲတဲ့ကိစ္စ အပြီးအပြတ် ဖြစ်သွားပါတယ်။
အဲဒီတုန်းကလည်း ဘရက်ဒ်က သူနဲ့ ဂျနီဖာ ပြတ်စဲတဲ့ကိစ္စမှာ ဂျိုလီရဲ့ပယောဂ လုံးဝ
မပါဘူးလို့ ယတိပြတ် ငြင်းဆိုခဲ့ပါတယ်။ ခုတော့ တရားဝင်ပါပြီ
ဟောလိဝုဒ်မှာ မင်းသား၊
မင်းသမီးတွေက သူတို့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လျှို့ဝှက်တတ်ကြပါတယ်။
တချို့လျှို့ဝှက်ချက်တွေက လုံခြုံပေမယ့် တချို့ လျှို့ဝှက်ချက်များကတော့
တစ်ကမ္ဘာလုံးသိအောင် ပေါက်ကြားတတ်ပါတယ်။ ဘရက်ဒ်နဲ့ ဂျိုလီတို့ ကိစ္စကတော့
အညံ့ဖျင်းဆုံး လျှို့ ဝှက်ချက်လို့ ဆိုရပါလိမ့်မယ်။ ၂ဝဝ၆ ခုနှစ်အစမှာ ဂျိုလီက The
Good Shepherd ဆိုတဲ့ ဇာတ်ကားကို
ဒိုမီနီကန်ပြည်ထောင်စုမှာ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ အဲဒီကား ရိုက်ကွင်းပေါ်မှာ
ဂျိုလီက မိတ်ဆွေတစ်ဦးကို 'ဟုတ်တယ်၊ ကျွန်မ ကိုယ်ဝန်ရှိနေပြီ'လို့ ပြောသံကြားလိုက်ကြရပါတယ်။
အမှတ်မထင် ပြောလိုက်တဲ့
အဲဒီစကားကို စာနယ်ဇင်းသမားများက ခုတလော ဂျိုလီ အင်္ကျီခပ်ပွပွများဝတ်ပြီး
သူ့ဗိုက်ကို ဖုံးကွယ်နေတဲ့ ဖြစ်ရပ်များနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဂျိုလီ
ကိုယ်ဝန်ရှိနေပြီဆိုတာ သေချာသွားပါတော့တယ်။ ဒီတော့မှ သူမရဲ့ ပြန်ကြားရေး တာဝန်ခံက
ဟုတ်မှန်ကြောင်း ဝန်ခံပြောကြားလိုက်ပါတော့တယ်။
ဝန်မခံခင်
တစ်လလောက်ကလည်း ဘရက်ဒ်က ဂျိုလီရဲ့ မွေးစားသားနဲ့ သမီးကို သူမွေးစားခွင့်ရဖို့
သက်ဆိုင်ရာများသို့ လျှောက်ထားတဲ့ကိစ္စ လူသိရှင်ကြား ဖြစ်လာခဲ့ပါသေးတယ်။ ဘရက်ဒ်ရဲ့
ကွာရှင်းပြတ်စဲမှုက အပြီးသတ် ဖြစ်သွားပြီးတဲ့နောက်မှာတော့ ဂျိုလီရဲ့ ကိုယ်ဝန်
နွေရာသီမှာမွေးဖွားလိမ့်မယ်လို့ အတိအလင်း ကြေညာချက်တစ်ရပ် ထွက်ပေါ်လာခဲ့ပါတယ်။
မက်ဒေါ့စ်နဲ့
ဇာဟာရာတို့ကို ဘရက်ဒ်က တရားဝင် မွေးစားခွင့်ရရှိရေး ကိစ္စများမှာလည်း တရားရုံးမှာ
စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပြီး အခု သူတို့နှစ်ဦးရဲ့ ရင်သွေး သမီးငယ်ကလေးလည်း မွေးဖွား
လာပြီဖြစ်တဲ့အတွက် သူတို့နှစ်ယောက် မကြာခင်မှာ တရားဝင် လက်ထပ်ကြလိမ့်မယ်လို့
မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် အများမျှော်လင့်ထားသလို ကြေညာချက်တွေ
ထွက်ပေါ်လာခြင်း မရှိသေးဘဲ သူတို့နှစ်ဦး အတူလက်တွဲပြီး လူမှုရေးလုပ်ငန်းတွေကို
အားသွန်ခွန်စိုက် လုပ်ဆောင်သွားကြမယ်လို့သာ ကြေညာခဲ့ကြတဲ့အတွက်
သူတို့ချစ်သူနှစ်ဦးဟာ ပရိသတ်ကို နောက်ထပ် ဘယ်လိုများ ဖုံးကွယ်ကြဦးမလဲလို့
စောင့်စားနေကြပါတယ်။
ဘို
(အမှတ် ၂၀၁၊
သြဂုတ်လ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...
ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။
ဟုတ်ပ၊ ကျွန်တော်က ခင်ဗျားတို့ ထင်ထားတာတွေကိုတော့ မကြောက်ဘူးဗျ။ စိတ်ဓာတ်မဖြောင့်တဲ့လူတွေကိုတော့ ကျွန်တော်လည်း ကြောက်သား။ ပြီး ကျွန်တော့် သားသမီးတွေလည်း တစ်ခါတလေ ကြောက်တယ်။