ဇာနည်ညိမ်း
အသက် ၃၅ နှစ်အရွယ်ရှိ ရုပ်ရှင်မင်းသမီး ကိတ်ဘလန်းချက်ရဲ့ဘဝမှာ အင်္ဂလန်နိုင်ငံ ပြည့်ရှင်ဘုရင်မတစ်ဦး ဖြစ်ခဲ့တဲ့ Elizabeth I ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတဲ့ Virgin Queen ဇာတ်ကားမှာ ဘုရင်မအဖြစ် သရုပ်ဆောင်ခြင်းက ပီပြင်တယ်လို့ ချီးမွမ်းခံခဲ့ရပြီး ဆုလည်း ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဒါကြောင့် ဒီမင်းသမီးဟာ အတ္ထုပ္ပတ္ထိဇာတ်ကားများ ရိုက်ကူးမယ်ဆိုရင် ဒါရိုက်တာများ စိတ်ဝင်စားကြတဲ့ မင်းသမီးတစ်လက် ဖြစ်လာခဲ့ပါတယ်။
မကြာသေးမီက ဒါရိုက်တာ
မာတင်စကောစီစီ ရိုက်ကူးပြီးစီးသွားတဲ့ (ရုံတင်ပြသနေပါပြီ) The Aviator ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရခြင်းကတော့သူ့ဘဝအတွက် စိန်ခေါ်မှုတစ်ရပ်လို့
ခံစားရလောက်အောင် ဖြစ်ခဲ့ပါသတဲ့။ ဒီဇာတ်ကားက ရုပ်ရှင်မင်းသမီးကြီး
ကက်သရင်းဟတ်ဘန်းရဲ့ အတ္ထုပ္ပတ္တိတစ်စိတ်တစ်ဒေသဖြစ်ပြီး ကိတ်က ကက်သရင်းအဖြစ်
ပါဝင်သရုပ်ဆောင်ခဲ့ရတာပါ။ 'ကျွန်မ
အေးဂျင့်ကဖုန်းဆက်ပြီး ဒါရိုက်တာ မာတင်စကောစီစီက ကျွန်မကို ရုပ်ရှင်မင်းသမီးကြီး
ကက်သရင်း ဟတ်ဘန်းနေရာက သရုပ်ဆောင်ခိုင်းချင်လို့ တွေ့ဆုံစကားပြောချင်တယ်လို့
ပြောလာတဲ့အခါမှာ ကျွန်မ တော်တော် တုန်လှုပ်သွားမိတယ်' လို့
ကိတ်က စတင်ပြောပြပါတယ်။
'ကက်သရင်းနဲ့ ပတ်သက်ပြီး
စင်တင် ပြဇာတ်တစ်ပုဒ် ရှိခဲ့ဖူးပါတယ်။ Tea at 5:00 ဆိုတဲ့
နာမည်နဲ့ ကခဲ့ကြတဲ့ ပြဇာတ်ထင်တယ်။ ကျွန်မ
ကောင်းကောင်းတော့ မမှတ်မိဘူး။ စင်တင်ပြဇာတ်မှာ ကက်သရင်းအဖြစ် သရုပ်ဆောင်ရတာ
လွယ်ကောင်း လွယ်နိုင်ပါလိမ့်မယ်။ ရုပ်ရှင်အဖြစ် သူလိုဂန္ထဝင် မင်းသမီးကြီး တစ်ယောက်အကြောင်း
ရိုက်မယ့်ကားမှာ သူ့နေရာက သရုပ်ဆောင်ဖို့ ဆိုတာကတော့ တော်တော် ကြောက်စရာကောင်းပါတယ်။ ဒါနဲ့ ကျွန်မ
သူ့အကြောင်းတွေ ရှာဖတ်ရတယ်။ ဒီတော့မှ ကက်သရင်းဟာ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့
အမျိုးသမီးကြီးတစ်ယောက် ဖြစ်တယ်ဆိုတာ တွေ့လာရပါတယ်' လို့
ကိတ်က သူ့ဘက်က ပြင်ဆင်ပုံများ ပြောပြပါတယ်။
ဒါပေမယ့် ရုပ်ရှင်ရိုက်တဲ့ အခါမှာတော့
သူ့စိုးရိမ်ပူပန်မှုတွေဟာ အလဟဿဖြစ်သွားခဲ့ပါပြီ။ ကက်သရင်းအဖြစ်
သူသရုပ်ဆောင်တာ ပီပြင်လွန်းတဲ့ အတွက် ၂ဝဝ၄
ခုနှစ်အတွက် ချီးမြှင့်မယ့် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဆန်ခါတင်စာရင်း ဝင်သွားခဲ့ပါပြီ။
အဲဒါအပြင် သူ့သရုပ်ဆောင်မှုများက အကယ်ဒမီစာရင်းဝင်လည်း ဖြစ်နိုင်တယ်လို့
ဝေဖန်သုံးသပ်နေကြပါပြီ။
ရုပ်ရှင်ဇာတ်လမ်းက ကက်သရင်းနဲ့
ဟောင်းဝပ်ဟျူးတို့ရဲ့ အချစ်ဇာတ်လမ်းပါ။ ဟောင်းဝပ်အဖြစ် လီယိုနာဒိုဒီကာပရီယိုက သရုပ်ဆောင်ထားတာပါ။ ကိတ်သရုပ်ဆောင်ရာမှာ
ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်မင်းသမီး ကက်သရင်းအဖြစ် သရုပ်ဆောင်ရပါတယ်။ 'လူတော်တော်များများက
ကက်သရင်းကို ဘောင်းဘီဝတ်နဲ့သာ တွေ့ဖူးကြတာဆိုတော့ မိန်းမတစ်ယောက်အနေနဲ့
ဆွဲဆောင်မှု သိပ်မရှိဘူးလို့ ထင်ခဲ့ကြပါတယ်။ တကယ်တော့ သူဟာ ဆွဲဆောင်မှု အပြည့်အဝ
ရှိပါတယ်။ ဒီအချက်ကို ပြန်သုံးသပ်ကြည့်ချင်ရင် သူသရုပ်ဆောင်ခဲ့တဲ့ Woman of
The Year ဇာတ်ကားကိုကြည့်ရင် သိသာပါတယ်။ အဲဒီကားဟာ သူ့ပထမဆုံး
ကားဖြစ်ပေမယ့် တွဲဖက်သရုပ်ဆောင်ရတဲ့ Spancer Tracy အပေါ်မှာ
အပြည့်အဝ ဆွဲဆောင်နိုင်မှု ရှိခဲ့ပါတယ်။
'သူက
ဆွဲဆောင်မှုရှိတယ်ဆိုပေမယ့် တခြားအမျိုးသမီးများလို သိသာထင်ရှားလွန်းတဲ့
ပုံစံမျိုးမဟုတ်ဘဲ တစ်ဦးတည်းမူပိုင်ဆိုတာလို သီးသန့် ဆန်တဲ့ပုံစံမျိုး ရှိပါတယ်။
သူ့ဆွဲဆောင်မှုက အများနဲ့ မသက်ဆိုင်သလိုမျိုးပေါ့။ သူဟာ အင်မတန်
သိပ်သိပ်သည်းသည်းနေတတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ်ဆိုတာ ကျွန်မနည်း၊
ကျွန်မဟန်နဲ့ သိလာခဲ့တယ်' လို့ ကိတ်က သူ့အမြင်ကို
ပြောပြပါတယ်။
'အော်ဒရီဟတ်ဘန်းအကြောင်းကို
သေသေချာချာလေ့လာကြည့်တဲ့ အခါမှာတော့ သူဟာ အင်မတန်လှပပြီး
ဆွဲဆောင်မှုရှိတယ်ဆိုတာကို ကျွန်မ လက်ခံလိုက်ပါတယ်။ ဥပမာ-သူ့လက်ကလေးတွေဆိုရင်
အင်မတန်လှတယ်။ တစ်ခါတလေ ကျွန်မတွေးမိတာက အဲဒီလိုလှပတဲ့ လက်ချောင်းပိုင်ရှင်များနဲ့
ထိတွေ့ရမယ်ဆိုရင် ဘယ်သူမဆို လိုလားမှာပဲ' ရုပ်ရှင်ဇာတ်ကားထဲမှာ
ပါဝင် သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ကောင်လိုပဲ ကိတ်ဟာလည်း ထာဝရအလှပိုင်ရှင်
တစ်ဦးဖြစ်ပြီး အလုပ်လည်း များလွန်း လှပါတယ်။ အောင်မြင်ကျော်ကြားတဲ့
ရုပ်ရှင်မင်းသမီးဘဝနဲ့ ရင်သွေးများရဲ့မိခင် နှစ်ဘဝကြားမှာ ကူးချည်၊
သန်းချည်လုပ်နေကြတာပါ။ အဲဒီလို အလုပ်များတဲ့ ကြားကပဲ ကိတ်က The Aviator ဇာတ်ကား အထူးပွဲပြသရာကို တက်ဖြစ်အောင် တက်ခဲ့သေးတာပါ။ သြစတြေးလျားကနေ
အယ်လ်အေရောက်အောင် လေယာဉ်နဲ့ တကူးတက လာခဲ့တာပါ။
'ကျွန်မ လေယာဉ်ပေါ်မှာ
တစ်နာရီလောက်တော့ အိပ်ခွင့်ရခဲ့ပါတယ်' လို့ သားသည်အမေ ကိတ်က
ဆိုပါတယ်။ သြစတြေးလျားနိုင်ငံသူ ကိတ်နဲ့ ခင်ပွန်းသည် အင်ဒျူးအပ်ပတန်တို့ဟာ
သားနှစ်ဦး ရှိပါတယ်။ ရှစ်လသားအရွယ်ရိုမန်နဲ့ သုံးနှစ်သားအရွယ်
ဒတ်ရှ်ဟီးလ်တို့ပါပဲ။ သားငယ် ရိုမန် မွေးပြီး ရက်သတ္တပတ် ရှစ်ပတ်ရချိန်မှာ
လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်ခဲ့ ပါတယ်။ The Aviator ရိုက်ကွင်းပေါ်
မှာ ခြောက်လလုံးလုံး နေခဲ့ရတာပါ။
၂ဝဝ၄ ခုနှစ်အတွင်း
ဒီကားရိုက်နေစဉ်ကာလမှာ ရိုက်ကွင်းနဲ့
မိသားစုရှိရာ အခေါက်ပေါင်းများစွာ သွားချည် ပြန်ချည်လုပ်နေရတဲ့အတွက် နောက်ဆုံးမှာ
ကိတ်က ဘရိုက်တန်မှာ အခြေချနေထိုင်ဖို့
ဆုံးဖြတ်လိုက်ရပါတယ်။
မိသားစုအပေါ်မှာ
သံယောဇဉ်ကြီးလွန်းလှပေမယ့် လုပ်ငန်းခွင်မှာလည်း
အနှောင့်အယှက် မဖြစ်စေရပါဘူး။ ဒါကြောင့်လည်း ကိတ်ဟာ ကမ္ဘာကျော်
ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ The Lord of the Rings သုံးကားတွဲ ဇာတ်ကားနဲ့ The Missing ဇာတ်ကားတို့မှာ
ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့တာပေါ့။
ကိတ်ကတော့
ရုပ်ရှင်လောကမှာ ဘယ်လောက်ပဲ အောင်မြင်မှုရရ သူတကယ်ပျော်တာကတော့ သားများရဲ့
မိခင်ဖြစ်ရတဲ့ဘဝပဲလို့ ဆိုပါတယ်။ သားတွေအကြောင်းပြောရရင် ကိတ်ရဲ့မျက်ဝန်းအစုံဟာ
အရောင်တဖျပ်ဖျပ်ရှိနေ တတ်ပါသတဲ့။ 'မိခင်တစ်ယောက်ရဲ့ ဘဝဟာ
အင်မတန် တန်ဖိုးရှိပါတယ်။ သားဦးကလေး
မွေးပြီးတုန်းက သူ့လောက် ဘယ်သူ့ကိုမှ ချစ်နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယသားလေး မွေးလာပြန်တော့လည်း သားကြီးလိုပဲ ချစ်ရပြန်ပါတယ်။ အဲဒါဟာ
မိခင်များရဲ့ ရင်ထဲမှာရှိတဲ့ အင်မတန်ထူးခြားတဲ့ စိတ်ပါ' လို့
ကိတ်က သူ့သားများအပေါ်မှာ ထားရှိတဲ့ မေတ္တာတရားနဲ့ပတ်သက်ပြီး ပြောပြပါသေးတယ်။
ရက်သတ္တပတ် ရှစ်ပတ်သာ ရသေးတဲ့ သားငယ်ကို ထားကာ ရိုက်ကွင်းပေါ်ရောက်ခဲ့ရတဲ့ ကိတ်အတွက် ကြိုးပမ်းရကျိုး နပ်တယ်လို့ ဆိုရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီကားမှာ ကိတ်ဟာ မင်းသမီးကြီး ကတ်သရင်းဟတ်ဘန်းရဲ့ ပုံစံအတိုင်း သရုပ်ဆောင်နိုင်ခဲ့လို့ပါပဲ။ ဒီကားနဲ့ အကယ်ဒမီဆု ရဦးမလားဆိုတာကိုတော့ ၂ဝဝ၅ ခုနှစ် ဖေဖော်ဝါရီလမှာ အဖြေထွက်လာပါတော့မယ်။
▀
ဇာနည်ညိမ်း
(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...
'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...
ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။