နိုင်ငံတကာ ရုပ်ရှင်

အိုရီယမ်နှင့် အမှောင်ထု Orion and The Dark

ရွှေသီရိခေတ်

01 November 2024
အိုရီယမ်နှင့် အမှောင်ထု Orion and The Dark
Share to

ဖေဖော်ဝါရီလ ၂၊ ၂၀၂၄ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ အိုရီယမ်နဲ့ အမှောင်ထု (Orion and The Dark) ဆိုတဲ့ ဟာသ၊ စိတ်ကူးယဥ် စွန့်စားခန်းဇာတ်ကားလေးက “DreamWorks Movie Production” က ဖန်တီးထားတာဖြစ်ပြီး စိုးရိမ်ပူပန်မှု၊ အကြောက်တရားဆိုတဲ့ စိတ်ခံစားချက်တွေနဲ့ အရာအားလုံးမှာ သူတို့ကိုယ်ပိုင်တာဝန် ကိုယ်စီရှိကြောင်း လောကကြီးမှာ အလင်းနဲ့ အမှောင်နိယာမ မျှဖို့လိုအပ်ပြီး နိယာမ မမျှတပါက အရာအားလုံးက အလွယ်တကူ ပျက်စီးသွားနိုင်ကြောင်းကို လူကြီး၊ လူငယ်၊ ကလေး အားလုံးအလွယ်တကူ နားလည်နိုင်စေဖို့ စိတ်ကူးယဥ်ဆန်ဆန်နဲ့ ဟာသဆန်ဆန် ဖန်တီး ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားလေးရဲ့ အဓိကဇာတ်ကောင်ကတော့ Orion ဆိုတဲ့ကောင်လေးပဲဖြစ်ပါတယ်။ Orion က အရာရာကို စိုးရိမ်ပူပန် ကြောက်လန့်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ သူက ကောင်မလေးတွေ၊ အထူးသဖြင့် သူတိတ်တဆိတ်ကြိုက်နေတဲ့ Candid ဆိုတဲ့ သူ့ရဲ့အတန်းဖော် ကောင်မလေးကို ကြောက်တတ်တယ်၊ အားကစားဆော့ကစားတဲ့အခါမှာ သူ့ကြောင့် သူ့အဖွဲ့က ရှုံးမှာကိုလည်း ကြောက်တတ်တယ်၊ အတန်းထဲမှာ စာမေးခံရတဲ့အခါမှာ အဖြေအမှား ပြောမိမှာ ကိုလည်း ကြောက်တယ်၊ နောက်ပြီး သူ့ကိုအနိုင်ကျင့်လေ့ရှိတဲ့ Richi Panichi ဆိုတဲ့ ကောင်လေးကိုလည်း ကြောက်တတ်ပါတယ်။ ဒါပေမဲ့ အကြောက်ဆုံးတစ်ခုကို ရွေးရမယ် ဆိုရင်တော့ Orion ဟာ အမှောင်ထုကိုအကြောက်ဆုံးပါပဲ။ Orion က အမှောင်ထုကို ကြောက်လွန်းတာဟာဆိုရင် ညဆိုအိပ်မပျော်တာမို့  အိပ်ပျော်အောင် ညအိပ်မီးလုံးလေးတွေ အများကြီး လင်းထိန်နေအောင် ထွန်းပြီးအိပ်ရတဲ့ အထိပါပဲ။ ဒါပေမဲ့ တစ်ညမှာတော့ သူအရမ်းကြောက်ရတဲ့ အမှောင်ထုက Orion ရဲ့ အခန်းထဲကိုရောက်လာခဲ့ပါတယ်။ သူက သူ့ကို အကြောင်းမဲ့ ကြောက်လန့်တဲ့ကလေးတွေ အများကြီးရှိကြောင်းနဲ့ အဲ့ဒီ့အထဲမှာမှ Orion က အဆိုးဝါးဆုံးဖြစ်ကြောင်းကို စာရင်းနဲ့တကွ လာညည်းညူးပါတော့တယ်။ နောက်ပြီးတော့ သူက Orion ကို သူဟာ ဘာမှကြောက်စရာမဟုတ်ကြောင်းနဲ့ Orion ကိုမယုံရင် သူအလုပ်လုပ်တာကို တစ်ည အရင်လိုက်ကြည့်ဖို့ စိန်ခေါ်လိုက်တာကတော့ Orion နဲ့ အမှောင်ထုရဲ့ စွန့်စားခန်းအစပါပဲ။ လူတိုင်း သူတို့ကိုယ်စီမှာ ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေ ရှိကြပါတယ်။

ဒီစွန့်စားခန်းလေးမှာဆိုရင် အရာရာကို ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေအောက်မှာ နစ်မွန်းနေတဲ့ Orion လေးက သူ့ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ ပိတ်လှောင်နေတာကို တွေ့ရမှာပါ။ ဒါပေမဲ့ အမှောင်ထုရဲ့ မလျှော့စတမ်းဆွဲခေါ်မှု၊ အားပေးလှုံ့ဆော်မှု၊ ထောက်ပံ့မှုတို့ကြောင့် အရာရာကို ကြောက်လန့်စိုးရိမ်နေတဲ့ Orion လေးက တဖြည်းဖြည်းချင်း ခြေလှမ်းတစ်လှမ်းချင်းစီ အားယူလျှောက်လှမ်းရင်း သူ့ရဲ့ အကြောက်တရားကို ကြိုးစားရင်ဆိုင်ကျော်လွှားတဲ့ ဇာတ်ကောင် တိုးတက်မှုလေးကိုတွေ့ရမှာပါ။

ဒီဇာတ်ကားလေးက ကလေးတွေအတွက် ရည်ရွယ်ထားတာ ဆိုပေမဲ့ ကလေးတွေအတွက် သာမဟုတ်ဘဲ လူကြီးတွေအတွက်လည်း ပညာရစရာတွေ အများကြီးပါဝင်ပါတယ်။ ဒီဇာတ်ကားလေးမှာ လူတွေက ကိုယ်မသိတဲ့၊ နားမလည်တဲ့အရာဆို ကြောက်လန့်တတ်ကြပုံ၊ နောက်ပြီး အကြောက်တရားက တစ်ခါတစ်လေမှာ အမှားနဲ့ အမှန်ကို ဝေဝါးစေတတ်ပုံ Orion လေးကနေတစ်ဆင့် ပြသခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားလေးမှာ ယခင်ကြောက်ရတဲ့ အမှောင်ထုက Orion လေးရဲ့သူငယ်ချင်းဖြစ်လာပြီး Orion ကို သူကြောက်တဲ့ အမှောင်ထုမှာ အမှောင်တစ်ခုထဲရှိတာ မဟုတ်ကြောင်း ပြသခဲ့လို့ အမှောင်ထုကို ရှုထောင့်အသစ်ကနေ Orion ပြောင်းကြည့်လာနိုင်ခဲ့ပြီး သူ့ရဲ့အကြောက်တရားကို ကျော်လွှားနိုင်ခဲ့တာကို ကလေး၊ လူကြီးအကုန် နားလည်နိုင်အောင် ဟာသဆန်ဆန်၊ စိတ်ကူးယဥ်ဆန်ဆန်နဲ့ ဆန်းဆန်းပြားပြား ဖန်တီးခဲ့တာကိုတွေ့ရမှာပါ။

ရွှေသီရိခေတ်


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
ဘီယွန်းစ်နိုးလ်စ်
ရီတာအောင် (NY)

'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...

နိုင်ငံတကာ ရုပ်ရှင်
...
ချစ်တော့ ချစ်တယ် ဒါပေမယ့်...
ဘို

'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...

နိုင်ငံတကာ ရုပ်ရှင်
...
ဂျပန်မှာလေးကြိမ်မြောက်လက်ထပ်တဲ့ လီဆာမာရီ ပရက်စလေ
ရီတာအောင်(NY)

ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။