အခန်းဆက်ဝတ္ထုရှည်

ရင်ထဲမှာခွေနေတဲ့မြွေပွေး အပိုင်း ၁

မောင်ဝဏ္ဏ

31 August 2024
ရင်ထဲမှာခွေနေတဲ့မြွေပွေး အပိုင်း ၁
Share to

အပိုင်း ၁

အဘယ်မိန်းမ လှသောရုပ်နှင့် ကျွန်ုပ်ကို မြူ မကြည်ဖြူနှင့် သည်မူကိုယ်ကား ‘သင်ပြုစား၍’ အမှားများခဲ့သူပေတည်း။

(ကဗျာဆရာကြီး)နောင်

အစ်ကိုလတ်

(စာရေးဆရာ၊ ကဗျာဆရာ၊ သီချင်းရေးဆရာကြီး၊ အဆိုတော် ဦးမောင်မောင်လတ်) ခင်ဗျား။

            ကြိုက်လွန်းလို့ ကျက်ထားခဲ့တဲ့ အစ်ကို့လက်ရာ ကဗျာတစ်စကို ယူသုံးလိုက်ပါတယ်။ ကျွန်တော့်ကို ညီငယ်တစ်ယောက်လို ချစ်ခင်တဲ့အတွက် ခွင့်ပြုမယ်လို့ ယုံကြည်ပါတယ် ခင်ဗျား။

ချစ်ခင်လေးစားသော

မောင်ဝဏ္ဏ

ဆရာဦး ‘ရွှေ’ ဝင်းငြိမ်း ခင်ဗျာ။

            ဆရာတာဝန်ပေးတဲ့အတိုင်း အချစ်ဝတ္ထုတစ်ပုဒ်ရေးလိုက်ပါတယ်။ ရေးပြီးပြန်ဖတ်ကြည့်တော့ အဲဒါဝတ္ထုလို့ သတ်မှတ်ရမလိုလို၊ ပေးစာလိုလို၊ တွေ့ကရာလျှောက်ရေးထားတဲ့ စိတ်ကစဉ့်ကလျားစာစုလိုလိုနဲ့ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ စာညွှန့်၊ အက်ဆေး၊ အစမ်းစာ၊ ဘာညာစသဖြင့် ခေါင်းစဉ်တစ်ခုခု တတ်လို့ရတဲ့စာမျိုး မဟုတ်ဘူး ဖြစ်နေတယ်။ ဒီတော့ ကျွန်တော်ရေးလိုက်တဲ့စာကို ဘယ်လိုကဏ္ဍမှာ သုံးလို့ရနိုင်မလဲမသိဘူး။ ဒါမှမဟုတ် ရူးကြောင်ကြောင်နဲ့ လျှောက်ရေးထားတဲ့ (ဆရာကြီးဦီးသုခ) စကားနဲ့ပြောရရင် အရည်မရ၊ အဖတ်မရ စာတွေပါပဲ။ ဒီတော့ စာဖတ်ပရိသတ်အတွက် ဘာမှအကြောင်းအကျိုး မထူးဘူးထင်ရင် တောင်းတဲ့စာမူကို မပယ်သင့်ဘူး။ (တည်းဖြတ်စာ‌ရေးတဲ့သူနဲ့ ညှိနှိုင်းပြင်ဆင်ပြီး) မဂ္ဂဇင်းစာအုပ်မှာတော့ ထည့်သွင်းဖော်ပြရမယ်ဆိုတဲ့ ‘တကယ့်’ စာတည်းတွေရဲ့ ကျင့်ဝတ်ကို မေ့ပစ်လိုက်ပြီး ကျွန်တော့စာမူကို ပယ်လိုက်ပါခင်ဗျာ။ (ချစ်ခင်တာတို့၊ အားနာတာတို့ ခဏဘေးချိတ်လိုက်ပေါ့ဗျာ။)

            မနေ့ညက ကျွန်တော်ဒီစာမူကို လက်စသတ်လိုက်တယ်။ ဇာတ်သိမ်းခန်းရေး လိုက်တယ် ဆိုပါတော့ပါဗျာ။ ရင်ထဲ ဆို့လာသဗျ။‌ ရေးကောင်းကောင်းနဲ့ ရေးလိုက်တာ နာရီ မကြည့်မိဘူး။ သတိရလို့ နာရီလှမ်းကြည့်တော့ နံနက်နှစ်နာရီထိုးဖို့ ဆယ်မိနစ်။ ဆရာဝန်ကြီးက ကျွန်တော့်ကို ညွှန်ကြားထားတယ်။ ည ၁၁ နာရီထက် နောက်မကျဘဲအိပ်ရာဝင်ပါ။ ဘုရားရှိခိုး၊ တရား(တတ်နိုင်သ‌လောက်)မှတ်ပြီး အိပ်ပါတဲ့။

            ကျွန်တော်ဆိုတဲ့ကောင်က ဘယ်လောက်မိုက်လွန်းသလဲဆိုရင် စာဖတ်လို့ကောင်း။ စာရေးလို့ကောင်း၊ စိတ်ကူးလို့ကောင်းနေရင် အချိန်‌တွေ၊ နေရာတွေ၊အခြေအနေတွေ အားလုံး မေ့သွားတတ်တယ်။ တရားလည်းသေသေချာချာ မမှတ်ဖြစ်ပါဘူးဗျာ။ ထားပါလေ။ ညကအဲသလို ည(နံနက်) နှစ်နာရီလောက်ရှိမှ အိပ်ရာဝင်ခဲ့တယ်။ တရားမှတ်ကြည့်တယ်၊ မရဘူးဗျို့။ “ရင်ထဲမှာခွေနေတဲ့ မြွေပွေး’ က ရေရေလည်လည် တွယ်နေတယ်။ ကျွန်တော်လည်း တတ်နိုင်သမျှ ဘုရားအာရုံပြုပြီး အိပ်လိုက်တယ်။ တော်တော်လေးကြာမှ အိပ်ပျော်သွားတယ်ပေါ့ဗျာ။ ဒါပေမယ့် အဲ..ဒါပေမယ့် အိပ်မက် မက်သဗျ။ ကျွန်တော့်အိပ်မက်တွေကို ဒီစာစုတွေထဲမှာ ‌ရေးထားပါတယ်။ ပြောချင်တာက အဲဒီအိပ်မက် မက်ပြီးတော့ လန့်နိုးလာတယ်။ မိုးစင်စင်လင်းနေပြီ။ ကျွန်တော့်မိန်းမ ဘုရားခန်းမှာ ဘုရားရှိခိုးနေတယ်။ သူလည်းအသက်ကလေးရလာတော့ တရားနဲ့မွေ့လျော်စ ပြုနေပါပြီ။ ကျွန်တော်သာ ကိုယ့်သေတွင်း ကိုယ်တူးရင်း..လွမ်းလို့ကောင်းတုန်း။

            မနက်က ကျွန်တော်ဘာဖြစ်သွားတယ်မှတ်လဲ။ အိပ်ရာထဲမှာ တစ်ယောက်တည်း ရှိုက်ကြီးတငင် ငိုမိတယ်ဗျာ။ ဒီအသက်အရွယ် ခေါင်းဖြူစွယ်ကျိုးကြီးနဲ့ ငိုရသလားလို့ ငေါ့ချင်ငေါ့။ ‘ငပေါကြီး’ လို့ပြောချင်ပြော။ ရိုးရိုးသားသား ဝန်ခံရရင် ‘ဟုတ်ကဲ့၊ ကျွန်တော်...ငိုပါတယ်။ ရှိုက်ကြီးတငင် ငိုပါတယ်။ နှုတ်ကလည်း “သူ့” နာမည်ကိုတတွတ်တွတ်ရွတ်ပြီး ‘ကျွန်တော့်ရင်ကွဲအောင် ချစ်တဲ့အချစ်ကို သူမသိဘူး၊ သူမသိဘူး... အသိအမှတ်ကလေးတောင် မပြုဘူး’ စသဖြင့်ပေါ့၊ တကယ်ပဲ နှုတ်မြွက်ပြီး ငိုရှိုက်မိပါတယ်။ (တခြား ဘယ်သူမှ မသိအောင် ကိုယ့်ဘာသာ ကိုယ် ငိုတာဘာဖြစ်လဲ။)

            ကျွန်တော်က ငိုတာကို ငိုတယ်လို့ပဲ ရိုးရိုးသားသား ပြောချင်တယ်။ ရှက်စရာကြီးတို့ ဘာတို့ အဲသလို မထင်ပါဘူးဗျာ။ အသက် ၆၀ တန်းရောက်နေတဲ့ယောက်ျား တစ်ယောက်မှာ ငိုခွင့်မရှိဘူးလား။ သိပ်ရှိတယ်။ အပြည့်အဝရှိတယ်။ အဲဒါမှ တကယ့်လူ့အခွင့်အရေး။ (တခြားသူတွေတော့ မမြင်အောင်ပေါ့လေ။ ဘာကြောင့်ဆို သူတို့က လှောင်ချင်လှောင်လိမ့်မယ်၊ သနားချင်သနားလိမ့်မယ်၊ စိတ်အနှောင့်အယှက် ဖြစ်ချင်ဖြစ်လိမ့်မယ်။) အချစ်ဆိုတာဟာ “ရှောင်” လို့ရတဲ့ကိစ္စမဟုတ်ဘူး။ သနားလို့လည်းမရဘူး။ အသနားခံလို့လည်းမရဘူး။ ဘယ်လိုမှ မရဘူးဗျို့။ ဘယ်နည်းနဲ့မှလည်း ဖြေသိမ့်လို့မရဘူးဗျ။

            တချို့ကပြောတယ်။ သတ္တဝါတွေထဲမှာ ရယ်တတ်တာ လူပဲရှိတယ်တဲ့။ ကျွန်တော်က ပြန်ပြောချင်တယ်။ သတ္တဝါတွေထဲမှာ ငိုတတ်တာ “လူ” နဲ့ “နွား” ပဲရှိတယ်လို့။ ဟုတ်တယ်ဗျ။ (မိန်းမတွေတော့ ထားပါတော့) ငိုတဲ့ ယောက်ျားတွေကို ခင်ဗျားတွေ့ဖူးမှာပါ။ တစ်ခါတုန်းက ခင်ဗျားကိုယ်တိုင် ငိုတာ ကျွန်တော်တွေ့ဖူးတယ်။ (စိတ်မဆိုးနဲ့ဗျာ၊ ဒီစာပိုဒ် ဖြုတ်ချင်ဖြုတ်ပစ်ပေါ့၊ ခင်ဗျားက စာတည်းချုပ်ပဲ။)

            ခင်ဗျားဖခင် ကျွန်တော်တို့ရဲ့ ဆရာကြီး ‘ဆရာကျား’ ကွယ်လွန်လို့ ငိုတာကိုပြောတာ မဟုတ်ဘူး။ ညတစ်ည ကျွန်တော်ကား တစ်ထုပ်ရိုက်နေတုန်း အဲဒီတုန်းက ရုပ်ရှင်မင်းသား (ခုလည်းရင့်ကျက်တဲ့ ရုပ်ရှင်မင်းသားပါပဲ)က ခင်ဗျားက ညီအရင်းလေးလို ချစ်ခင်တဲ့ကောင်လေး။ ဒီငတိက သူ့ဘဝနာကျည်းစရာတွေ ပြောပြီးခဏအနားပေးဖို့ တောင်းဆိုတယ်။(ခင်ဗျားက တစ်ဆင့်ပေါ့) ကျွန်တော်ကလည်း ညီလို ချစ်နေတော့ ရပါတယ်ကွာ။ မင်းဘာသာ ဖီလင်တက်လိုက်ဦး။ ငါ့တို့ စောင့်နေမယ်လို့ပြောတယ်။ ပြီးတော့ ခင်ဗျားရှေ့မှာ (သီရိဆောင်ရှေ့က ကံကော်ပင်တန်းအမှောင်ရိပ်မှာ) အဲဒီကောင် ငိုပါရောလားဗျာ။ အဲဒါ ရုပ်ရှင်ထဲမှာ အက်တင်လုပ်နေတာ မဟုတ်ဘူး။ ရုပ်ရှင်မင်းသားမှာလည်း နှလုံးသားရှိတယ်လေ။ သူငိုမှာပေါ့။ အဲဒီတော့ ခင်ဗျားက သူ့ကိုနှစ်သိမ့်ရင်း ကိုယ်ချင်းစာလို့လား၊ ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင်ပဲ ခံစားချက်တစ်ခုခုရှိလို့လားတော့မသိဘူး။ ခင်ဗျားလည်းငိုတယ်။ (ခင်ဗျားခံစားချက်နဲ့ ခင်ဗျားငိုတာလို့ ယူဆတယ်။ အဲဒီငတိကို ဒီလောက်ညှာတာနေစရာမလိုဘူး။)

            ကျွန်တော်လည်းမနက်က ငိုတယ်။ ဘာဖြစ်လဲ။ ခုနပြောသလိုပဲ သတ္တဝါတွေထဲမှာ လူနဲ့နွားပဲ ငိုတယ်ဆိုတာက ကျွန်တော်တွေ့ဖူးသမျှ တိရိစ္ဆာန်တွေထဲမှာ ‘နွား’ ဆိုတဲ့အကောင်းတစ်မျိုးတည်း အသတ်ခံရခါနီးမှာ မျက်ရည်စီးကြောင်းတွေကျတာ တွေ့ဖူးတယ်။ ဒီတော့ ကျွန်တော်က ခုနကောက်ချက်ကို ဆွဲချလိုက်တယ်။ သတ္တဝါတွေထဲမှာ ‘လူ’ နဲ့ ‘နွား’ ပဲငိုတတ်တယ်။ (ကျွန်တော်ကလည်း အချစ်နဲ့ ပတ်သက်လာရင် ‘နွား’ လိုကောင်ဗျ)

            ကျွန်တော်ငိုနေတာကို ဘုရားရှိခိုးနေတဲ့ ချိုရီသိမှာစိုးတာနဲ့ပဲ ရပ်လိုက်တယ်။ မျက်ရည်သုတ်ပြီး မျက်နှာသစ်တယ်။ ဒါယောက်ျား မာယာပဲဗျ။ ယောက်ျားတွေက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ မိန်းမ မာယာ သဲကိုးဖြာမကပဲ ကမ္ဘာပေါ်မှာ ရှိရှိသမျှသဲသောင်ပြင်ကြီးတွေမှာ ပါဝင်တဲ့ သဲလုံးတွေနဲ့အမျှ ဂင်္ဂါဝါလု သဲစုမက မာယာများတာ မိန်းမတွေမဟုတ်ဘူးဗျ။ ယောက်ျားတွေ။

            ကျွန်တော်က မျက်နှာသစ်တော့ မျက်ရည်နဲ့ ရေတွေနဲ့ ရောကုန်ပြီး မျက်ရည်ကျမှန်း မသိတော့ဘူးပေါ့ဗျာ။ ရှိုက်နည်း သိချင်သေလား။ အာခေါင်ကိုလက်ညှိုးနဲ့နှိုက်ပြီး အော့သလို အန်သလို လုပ်ရင်းရှိုက်တာဗျ။ (ခင်ဗျားစမ်းချင်ရင် စမ်းကြည့်၊ နိပ်တယ်။)

            ကျွန်တော်က မျက်နှာကို စိမ်ပြေနပြေ သစ်ပစ်လိုက်တယ်။ သဘောကတော့ မျက်ရည်တွေ ကျချင်သလောက်ကျပြီးတဲ့အထိ မျက်နှာသစ်နေလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ဆရာလို အစ်ကိုလိုချစ်တဲ့ ပန်းချီ(ဦး)ခင်မောင်ရင်နဲ့ အစ်ကိုဒေါက်တာ မြင့်ထွန်းသိန်း [(စာရေးဆရာ ထွန်းထွန်း (ဆေးသိပ္ပံ)] ကိုသတိရတယ်။ အစ်ကို ခင်မောင်ရင်က ပိုပြတ်တယ်။ လူရှေ့ သူရှေ့ ငိုချင်ရင် ရှက်မနေဘူး။ ငိုပစ်လိုက်တာပဲ။ အားရအောင် ငိုပြီးမှ The Case is closed (အမှုပိတ်လိုက်ပြီ)လို့ ပြောတတ်တယ်။ အစ်ကိုမြင့်ထွန်းသိန်းလည်း ငိုချင်လာရင် အရက်နည်းနည်းသောက်၊ မူးချင်ယောင်ဆောင်ပြီး ငိုသဗျ။ (သူဟောက်ဆာဂျင်ဘဝတုန်းက ကွဲသွားတဲ့ ငယ်ရည်စားနဲ့ ပြန်တွေ့တော့ ဖက်ငိုတယ်လို့ သူကိုယ်တိုင် ပြန်ပြောဖူးတယ်။ နိပ်တယ်နော်။)

            အစ်ကိုမြင့်ထွန်းသိန်းကတော့ ငိုပြီးရင် မျက်ရည်တွေနဲ့ ရယ်တယ်။ ဒါကို အစ်ကိုဆရာ သိန်းသန်းထွန်းက ‘ပြုံးသူမှာ မျက်ရည်စတွေနဲ့’ ဆိုပြီး ဝတ္ထုတစ်ပုဒ်ကြော်ငြာတယ်။ စာအုပ်အဖြစ် ထွက်မထွက် မသိလိုက်ဘူး။ (လေးစားစရာကောင်းတဲ့ အပေအတေကြီးဗျ၊ အဲဒီ ဝတ္ထု မရေးဖြစ်ဘူးထင်တယ်။)

            ကျွန်တော့် ဆရာရင်းတွေ၊ သူငယ်ချင်းတွေတောင် ငိုသေးတာ။ ကျွန်တော်က ဘာကောင်မို့လဲ ငိုတာပေါ့။ တကယ်ပဲ ‘သူ့’ ကိုတမ်းတနှုတ်မြွက် ညည်းညူရင်း ရှိုက်ကြီး တငင်ငိုတယ်။

            ‘စာဖတ်သူအတွက် ဘာအကျိုးမှ မရှိတဲ့ စာမျိုးတွေ မ‌‌ရေးနဲ့ကွ’ လို့ဖေဖေက ဆုံးမဖူးတယ်။ ဒီတော့ဗျာ ခုရေးတဲ့ ဝတ္ထုလား၊ ဘာလားမသိတဲ့ စာတွေဟာ စာဖတ်သူအတွက် တစ်စုံတစ်ရာ စိတ်လှုပ်ရှားမှု (အီမိုးရှင်း) လေး‌တောင် မဖြစ်နိုင်ဘူးဆိုရင် ဆရာဦးဝင်းငြိမ်းရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အဝယူပြီး ဒီစာမူကို ပယ်လိုက်ပါတော့ဗျာ။ ကျွန်တော်ကျေကျေနပ်နပ် ကြည်ကြည်နူးနူးခံယူပါ့မယ်။

            ကဲ....ငယ်ငယ်က ကြည့်ခဲ့ရတဲ့ဇာတ်ပွဲထဲက ဝန်ကြီးတွေထွက်တဲ့အခါ ပြောတဲ့ဇာတ်စကားနဲ့ ဒီစာစုရဲ့ ပြည်ဖုံးကား အစုတ်ကြီးကို ဖွင့်လိုက်ကြရအောင်ဗျာ။

            ဟိုးအရင် မြန်မာ့ဇာတ်သဘင်တွေ ထွန်းကားတုန်းက နောက်ပိုင်းဇာတ်ထုတ်ကြီး ကခါနီး ပြည်ဖုံးကားရှေ့ကို ဝန်နှစ်ပါးထွက်လာတယ်လေ။ စကားကတော့ အရှည်ကြီးပဲ။ အကျဥ်းချုပ်က

            ‘ကျမ်းခန့်သာလို့ မာပါစ ဝန်မင်း’

            ‘ပို့သသော မေတ္တာကြောင့်...’

            ‘............................................’

            ‘ကိုင်း ကိုင်း ကိုင်း... ပြောရင်းဆိုရင်း ရောက်လာပြီ အမိန့်တော်မြတ် ဦးထိပ်ပန်ဆင် လိုက်ကြပါစို့’

            ‘သင့်မြတ်လှကြောင်းပါ ဝန်မင်းဗျား’

            ပြည်ဖုံးကားဖွင့်။

            အဲသလိုပေါ့ဗျာ။ ခင်ဗျားနဲ့ ကျွန်‌တော် ဇာတ်ထဲက ဝန်မင်းနှစ်ပါးလို လုပ်ပြီး ကျွန်တော့် အလွမ်းဇာတ်အီကြီး နိဒါန်းချီလိုက်ရအောင်။

            ‘ဟိုဘက်က ကိုဝင်းငြိမ်းထင်ပါရဲ့ဗျ’

            ‘ဟုတ်ပါ့..ဟုတ်ပါ့..ကိုဝဏ္ဏရယ်..ဒါနဲ့ စကားမစပ် ခင်ဗျားက ဒီအရွယ်ကြီးရောက်မှ အသည်းကွဲသဗျဆို’

            ‘ဟုတ်ပါ့..ဟုတ်ပါ့..

ဟာ...ခင်ဗျားကလည်း လူကြားမကောင်း၊ သူကြားမကောင်း ရှက်စရာကြီးဗျာ။

‘လုပ်မနေပါနဲ့ ကိုဝဏ္ဏရယ် ခင်ဗျားရှက်ကြောက ငယ်ငယ်ကတည်းက ပြတ်ပြီးသား ဥစ္စာ၊ အချင်းချင်းတွေ မသိတာ လိုက်လို့’

‘ ဝုတ်ပါ့..ဝုတ်ပါ့..၊ ဒါလဲ ဟုတ်ပေတာပဲ ကိုဝင်းငြိမ်းရဲ့၊ ကိုင်း ကိုင်း ကိုင်း ပြောနေကြရော့။ ဘတ်ပြည်ပေါ်လွှမ်းသွားအောင် ‘ရွာစားရေ ထွက်စည်တော်ရွမ်း’

‘ကျွန်တော်အကြောင်းက ဇာတ်သိမ်းမလှပါဘူးဗျာ။ (ဇာတ်သိမ်းမကောင်းပါပေါ့) အလွမ်းဇာတ်အီကြီးပါဗျာ၊ ဒါကြောင့် ဇာတ်သိမ်း ဒါမှမဟုတ် နိဂုံးကို အရင်ပြောပြမယ်ဗျာ၊ မကြိုက်ရင်နောက်ထပ်ပြောတာတွေ နားမထောင်နဲ့ပေါ့ဗျာ။ (ဆက်မဖတ်နဲ့တော့ပေါ့) နောဗျာ.. ကိုဝင်းငြိမ်း’

(အနုသယ အမိုက်တိုက် စကြာဝဠာကြီးထဲသို့ တအိအိခုန်ဆင်းခြင်း) ဇာတ်အခန်း ‘ဇာတ်သိမ်း’ ဆိုပါစို့။

‘ညောင်ရွက်ဝါတို့ စျာန်ယာဥ်ပြောင်းသည့်နှယ်၊ ပြယ်ကောင်းလေသော စိတ်ဇောမနသီမည်....’

(ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ကမ္ဘာကုန်ကျယ်သရွေ့ဝယ်)

ပြယ်ကောင်းပါပြီဗျာ။ အနှစ်လေးဆယ်ကျော်ခံစားနေရပြီးတော့မှ လုံးဝပြယ်လွင့်သင့်ပါပြီ။

ဒီအဖြစ်မျိုးကို လူတော်တော်များများ ခံစားဖူးလိမ့်မယ်။ (ကျွန်တော့်အထင့် အားလုံး ခံစားဖူးလိမ့်မယ်) ဒါ‌တောင် ရင်ထဲမှာ သိမ်းဆည်းထားကြလိမ့်မယ် ထင်ပါရဲ့ ကိုဝင်းငြိမ်းရယ်။ (ဘယ်နေရာမှာ ဘယ်တုန်းကလို့ မပြောပါရစေနဲ့။)

တစ်နေ့မှာ ကျွန်တော်နဲ့သူ ပြန်တွေ့ကြတယ်။ နှစ်ယောက်လုံး အသက်တွေကြီးနေပြီ။ (ခေါင်းဖြူစွယ်ကျိုး အဘိုးကြီးတစ်ယောက်နဲ့ အဘွားကြီးတစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြတယ်‌ပေါ့။)

တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေဖြစ်တယ်။ တော်တော်ကြာတယ်။ ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာ မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်၊ ဒါမှမဟုတ် အသင်္ချေ အနန္တအချိန်လို့ ထင်နေမိတယ်။ (တကယ်က ခဏလေး၊ ဒါပေမယ့် ကျွန်တော်ရင်မှာ တစ်ကမ္ဘာလောက် ကြာတယ် ထင်ရဲ့။

၁။

ဘယ်လိုမှ မသင့်လျော်တဲ့စကားတွေကို ဘယ်လိုပြောကြရမှာလဲ။ ဘယ်လိုပြောကြရမှာလဲ။ ဘယ်လိုစကားလုံးတွေ သုံးကြရမှာရမှာလဲ။ ထွက်ပေါက်လေးတစ်ခုတော့ ရှိပါရဲ့။ အဲဒါက မျက်လုံးနဲ့ စကားပြောနည်းပဲ။ သူ့မျက်လုံးတွေက ကြည့်လျက်နဲ့ မမြင်တဲ့ မျက်လုံးတွေ၊ ကျွန်တော့် အကြည့်တွေကလည်း အလားတူပဲ။ ကြည့်သာကြည့်နေ မမြင်ပေဘူး။ ဒီအချိန်မျိုးမှာ သင့်သလား၊ မသင့်သလား မဆင်ခြင်နိုင်ဘဲ စကားတစ်ခွန်း ကျွန်တော့နှုတ်က ထွက်သွားတယ်။ အဲဒီစကားကို အသိမဲ့စွာ (Unwittingly) ပြောဖြစ်တယ်လို့ ထင်တယ်။ (ရှေးဖြစ်ဟောင်း အောင့်မေ့ဖွယ် ရိုးရိုးသားသား စကားတွေ ကြားထဲမှာ....)

‘အမြဲလိုလို သူ့ကို သတိရနေမိတယ်’

သူ သက်ပြင်းကလေး မသိမသာရှိုက်တယ်။ ပြီးတော့ အသင့်လျော်ဆုံး စကားကို ပြောတယ်။ ကျွန်တော်တို့ပြောနေတဲ့ စကားလမ်းကြောင်းဟာ ဖီလာဆန့်ကျင်ဘက်ဆီကို လှစ်ခနဲ ပြေးထွက်သွားတယ်။ ဘာနဲ့တူသလဲဆိုတော့ အစုန်အမြန်ကျည်ဆန်ရထားကြီးနဲ့ အဆန်ကျည်ဆန် အမြန်ရထားကြီး နှစ်စင်း လမ်းတစ်နေရာမှာ တစ်စီးနဲ့ တစ်စီး မျက်နှာချင်ဆိုင်ကနေ ဖီလာ ဆန့်ကျင်ဘက်တွေဆီကို ဖြတ်သွားသလိုပဲ။ ပြတင်းက ကြည့်ရင်မူးနောက်ရီဝေပြီး ဘာမှသေချာ မမြင်သာတဲ့ အရှိန်အဟုန်ကြီးတစ်ခု ‘လျှပ်ခနဲ’ ဖြတ်ထွက်သွားသလိုပဲလေ။

ကျွန်တော့်ရင်ထဲမှာတော့ သူ့ရဲ့ အဆန်အမြန်စိတ်နှလုံးနဲ့ ကျွန်တော့်ရဲ့အစုန်အမြန်စိတ်နှလုံးဟာ ခေါင်းချင်းဆိုင် တိုက်မိပြီး အားလုံးလဲပြိုပျက်စီး ပေါက်ကွဲသွားတယ်လို့ ထင်တယ်။ လမ်းမှားတဲ့ ကျွန်တော့်စိတ်နှလုံးက ပိုပျက်စီးကြေမွသွားတယ်။ သူ့ရင်ထဲတော့ မသိဘူးဗျာ။

တကယ်တော့ ကျွန်တော်က သံသရာခရီးမှာ အစုန်သမား၊ သူက အဆန်ဘက်ကို ဦးတည်နေတယ်။ ကျွန်တော်က....

‘သူကော သတိရဖြစ်သလားဟင်’ လို့မေးတယ်။

ဒီတော့ သူက ‘တရားအားမထုတ် ဖြစ်ဖူးလား’ တဲ့လေ။

အပြင်ဘက်မှာ မိုးတွေညို့နေတယ်ဗျာ။ မှုန်မှိုင်းအုံ့ဆိုင်းလို့။ ခေါင်းထဲမှာ စာဆိုတော် နဝဒေးကြီးရဲ့ မိုးတောအလိုက်ရတု တစ်ပိုဒ်ကို ဖျတ်ခနဲ သတိရတယ်ဗျာ။

‘မည်းဘိသည်းလည်း မည်းဘိသည်၊ ကြူးမြည်ရင့်ဟုန်၊ တသုန်သုန်လျှင်၊ ပဇ္ဇုန်နတ်ကျော်၊ ခေါ်လတုံတုံ၊ သံဟုန်ခြိမ်းထစ်၊ လျှပ်စစ်ပြိုးပြောင်၊ တိမ်တောင်ရွေ့လျား၊ မြောက်သို့ပါးခဲ့၊ မြလားကြင်ကျွမ်း၊ တမ်းတမ်း မယ့်မှာ မကြိုးလှာဟု၊ ‘ဗျာပါဝှန်လှိုက်၊ အောက်မေ့ ကြိုက်ဝယ်’၊ စောင်းလိုက်၏သို့၊ သည်းတို့ဘိခြင်း၊ ပဇ္ဇုန်မင်းလျှင်၊ စွေပြင်းခါခါ၊ မိုးဒေဝါသည် မရွာနှင့်လေ...ချမ်းတော့၏’ တဲ့...။

သိပ်ကောင်းတဲ့ ရတုစာသားတွေ‌ဗျာ။ ကျွန်တော်က စကားပြေပြန်ရင် အားလုံး ပျက်စီးကုန်လိမ့်မယ်။

‘ဗျာပါ ဝှန်လှိုက်၊ အောက်မေ့ကြိုက်ဝယ်’တဲ့။ ကျွန်တော်မှာက အဲသလို ပူဆွေးဗျာပါတွေနဲ့ လှိုက်မောနေတဲ့အချိန်.....

‘သူကော သတိရဖြစ်သလားဟင်’ (သူသက်ပြင်းမသိမသာ ရှိုက်ပြီးတော့)

‘တရားအားမထုတ်ဖြစ်ဘူးလား’တဲ့။ ကျွန်တော့ငယ်ထိပ်ကို မိုးကြိုးပစ်လုက်သလိုပါပဲ။ ‘သံဟုန်ခြိမ်းထစ်၊ လျှပ်စစ်ပြိုးပြောင်’ပေါ့ဗျာ။

‘တစ်ခါတလေတော့ အားထုတ်ဖြစ်ပါတယ်’

‘နေ့တိုင်း ခဏပဲရရ အားထုတ်ကြည့်ပေါ့၊ လူ့ဘဝဆိုတာ တကယ့်ဒုက္ခကြီးပါကွယ်၊ တရားရနေပြီလို့ ပြောတာမဟုတ်ပါဘူး၊ ဒါပေမယ့် တရားနဲ့အမြဲနေရင် စိတ်အေးချမ်းတယ်လေ’

‘ကျွန်တော်ကြိုးစားပါမယ်’

‘ကြိုးစားပါကွယ်’

‘သူ’တော့(သူ့ကိုယ်သူ ‘သူ’လို့ နာမ်စားသုံးလေ့ရှိတယ်။ ငယ်ငယ်ကတည်းကပဲ) တရားနဲ့ပဲ နေနေတယ်။ လောကဓံက ဒီလောက်နှိပ်စက်ခဲ့တာ တရားကလွဲလို့ ဘာမှ မကယ်နိုင်ပါဘူးကွယ်။

‘ဟုတ်တယ်လေ၊ ကျွန်တော်လည်း ကြိုးစားကြည့်ပါမယ်၊ တစ်ချိန်တုန်းက သူ့ကို စိတ်ဒုက္ခပေးခဲ့မိတယ်။ အဲဒီအတွက် ခွင့်လွတ်ပါလို့ပဲ တောင်းပန်ချင်ပါတယ်။’

‘ခု ‘သူ’ အစစအရာရာကို ခွင့်လွှတ်တတ်အောင် ကြိုးစားနေတယ်။သူ့ကို ခွင့်လွှတ်ပါတယ်၊ အရင်ကတည်းက ခွင့်လွှတ်ပြီးသားပါကွယ်’

သူ့ကိုလည်း ‘သူ’လို့နာမ်စားသုံးတယ်၊ ကျွန်တော့်ကိုလည်း ‘သူ’လို့ပဲ နာမ်စားသုံးတယ်။ ကျွန်တော့် စိတ်ထဲမှာ အဲဒီနာမ်စား ‘သူ’ ဆိုတာ သိပ်သိပ်ကိုလှတယ်။ ဘာဖြစ်လို့လဲဆိုတော့ ‘သူ’ ဆိုတဲ့နာမ်စားဟာ သူ့ကိုယ်သူကော၊ ကျွန်တော့်ကိုကော ကိုယ်စားပြုနေလို့ပဲ။ ကျွန်တော်က ဒီလို အဓိပ္ပာယ်ယူတယ်။ နှစ်ယောက်ဆိုပေမယ့် နာမ်စားမှာ တစ်ယောက်တည်းပဲ။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် စကားနဲ့ဆို ပိုရှင်းတယ်။ ‘နှစ်လွှာပေါင်းမှ တစ်ရွက်တည်းမည်တဲ့ စွယ်တော်ရွက်’ တဲ့။

နှစ်ယောက်ပေါင်းမှ နာမ်စားတစ်လုံးတည်း ‘သူ’ တဲ့လေ။ ‘သူ’တဲ့။

‘ခွင့်လွတ်တယ်ဆိုရင် ကျေနပ်ပါပြီ၊ ကျန်တာတွေကတော့ ကျွန်တော့်ထိုက်နဲ့ ကျွန်တော့်ကံပေါ့လေ’

သူက လေးလေးတွဲ့တွဲ့ စဉ်းစဉ်းစားစား ပြန်ပြောတယ်။

‘အားလုံး ကံကိုပုံချလို့ မရပါဘူးကွယ်၊ ပစ္စုပ္ပန်အလုပ်တွေဟာ သန့်ရှင်းမွန်မြတ်ရင် ချက်ချင်းပဲ အကျိုးခံစားရတယ်။ တရာမှတ်နေတာမျိုးပေါ့နော်။

ကျွန်တော်က ဘာပြန်ပြောရမလဲ၊ ဘယ်လိုစကားလုံးတွေကို ရွေးရမလဲ၊ မသိတော့ဘူး။ ရင်ထဲမှာ လှိုက်ပြီးဆို့လားတယ်။ မျက်ရည်စဟာ မသိမသာ...။

ကျွန်တော့်မျက်စိထဲ ပိုးကောင်တစ်ကောင်ဝင်သလို ပုံစံမျိုးနဲ့ တစ်ဖက်ကိုလှည့်ပြီး မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်တယ်။ မရဘူးဗျာ၊ ထိန်းလို့မရပါဘူး။ ဒါ့ကြောင့် လက်ခုံလေးနဲ့ မျက်ရည်စကို ပွတ်သုတ်လိုက်တယ်။ ပြီးမှ သူ့ကို ကြည့်မိတယ်။ ‘သူ’ဟာ အလွန်တည်ငြိမ်တဲ့ ဣန္ဒြေကို ဆယ်နေတယ်။ တစ်ခုပဲ သူ့မျက်လုံးအစုံဟာ တစ်နေရာကို ကြည့်နေတယ်။ ဒါပေမယ့် ‘ကြည့်သာြကည့်နေ မမြင်ပေဘူး’ သူ စကားတစ်ခု ဆက်ပြောတယ်။

            ‘ကူမဲက တောင်ပေါ်တောရရိပ်သာ ‌ရောက်ဖူးသလားဟင်’ တဲ့။

            ‘မရောက်ဖူးပါဘူး’

            ‘သိပ်အေးချမ်းတယ်၊ ပြီး‌တော့ အဲဒီနေရာဟာ မြန်မာပြည်ရဲ့ အလည်ဗဟိုတည့်တည့်ပဲ။ ဆိတ်ငြိမ်တာလည်း လွန်ရောကွယ်။ အဲဒီကို သွားကြည့်ပါလား။ ဘယ်နှစ်ရက်ရရ တရားအားထုတ်ကြည့်ပေါ့။ သူတော့ အချိန်ရတိုင်း အဲဒီကို သွားတယ်။ သိပ်အေးချမ်းပါတယ်ကွယ်’

            ‘အဲဒီလို ရိပ်သာတွေထိတော့ သွားလို့မရသေးဘူး ထင်တယ်၊ ခန္ဓာကိုယ်က တောထဲတောင်ထဲ ရောက်နေပေမယ့် စိတ်က...’

            (ကျွန်တော့်စကားကို ဖြတ်ပြောတယ်။)

            ‘အင်း..အလေ့အကျင့်မရသေးရင်တော့ ဒီလိုပါပဲကွယ်၊ သူလည်း အစကဒီလိုပါပဲ။ အလေ့အကျင့် ရလာ‌တော့ အဆင်ပြေသွားတယ်၊ လေ့ကျင့်ကြည့်ပေါ့နော်’

            ‘အင်းပါ’

            ‘သတိပဋ္ဌာန်တရား လေးပါးကို သိတယ်မဟုတ်လား’

            ‘ဖတ်ဖူးပါတယ်’

            ‘ဖတ်ရုံနဲ့မရဘူးလေ၊ ကျင့်ရတယ်လေ၊ ကျင့်နော’

            ‘အင်းပါလေ’

            ‘သူ့မှာလည်း ဒုက္ခတွေ အများကြီး တွေ့ခဲ့ရပြီးပြီ။ သူသိပါတယ်လေ၊ အဲဒီ ဒုက္ခတွေကို ခံနိုင်ရည်ရှိလာအောင် ဒီလိုပဲ ဖြည်းဖြည်း ဖြည်းဖြည်း လေ့ကျင့်ယူရတာပါပဲကွယ်’

            ကျွန်တော်ခေါင်းညိတ်ပါတယ်။ ပြီး‌တော့ ပြန်မော့မကြည့်ရဲတော့ဘူးဗျာ၊ ခေါင်းငိုက်စိုက်ကျနေတယ်။ သူကဆက်ပြောတယ်။

            ‘သူကတော့ ထိုင်လျှင်ထိုင်ချင်း၊ ရပ်လျှင်ရပ်ချင်း စသဖြင့် လှုပ်ရှားမှုမှန်သမျှ သတိရှိနေအောင် ကြိုးစားတယ်။ မနက်တိုင်း ညတိုင်းတရားမှတ်တယ်။ သူလည်း အဲသလိုပဲ စပြီးလေ့ကျင့်ကြည့်ပေါ့နော်။ ရိပ်သာအထိ မသွားနိုင်သေးရင်လည်း အိမ်မှာပဲ မှတ်လို့ရပါတယ်။ ဆရာတော်ကြီးတွေက ဒီလိုပဲ ဆုံးမထားတယ် မဟုတ်လား’

            ကျွန်တော် ခေါင်းညိတ်ရုံပဲ တတ်နိုင်ပါတယ်။ ကျွန်တော့် ရင်ထဲ တစ်ယောက်တည်း ပြောနေတယ်။

            ‘သူ့လို ပါရမီ မရင့်သေးဘူးဗျာ၊ ကျွန်တော်ဟာ သံသရာ၊ ဝဋ်ဒုက္ခကို လိုလိုချင်ချင် ခံနေလိုက်ချင်တာ၊ သံသရာက လွတ်မြောက်ရေး လမ်းစကို မရှာချင်ဘူး။ ရှာလို့လည်း ရမှာ မဟုတ်သေးဘူး။ ဒုက္ခကို အရစ်ကျနည်းနဲ့ ခံစားနေချင်တယ်သိရဲ့လား။ သူ သိရဲ့လား။ ကျွန်တော်ရဲ့ ကြွေမွပြီးသား နှလုံးသားကို တစ်စချင်း၊ တစ်စချင်း ဖဲ့ပစ်ချင်နေတာ သိရဲ့လား’ ဒါရင်ထဲမှာ ပြောနေတာ၊ လူကတော့ မဟန်နိုင်တော့ဘူး။ ဒီထက် နည်းနည်းထပ်ကြာရင် ကျွန်တော်သူ့ရှေ့မှာ ရှိုက်ကြီးတငင် ငိုမိလိမ့်မယ်။ ဘယ်လိုမှ မသင့်တော်တဲ့ ကိစ္စ။ မြင်မကောင်း ကြားမကောင်းကြီး။ (သင်္ဂဇာ ဆရာတော်ကြီးရဲ့ ဆုံးမစကားနဲ့ ပြောရရင် ‘အရက်ပြတ်တော့ ခွက်ကပ်နဲ့မူး’ နေတာပေါ့ဗျာ) ဒါကြောင့်

            ‘ပြန်တော့မယ်၊ သူ ခုလိုခွတ်လွှတ်တယ်ဆိုတာ သိရလို့ သိပ်ကျေးဇူးတင်ပါတယ်’ (ကျွန်‌တော်အသံတွေ တိမ်ဝင်သွားတယ်ဗျာ။)

            ‘ကျေးဇူးတင်စရာ မလိုပါဘူးကွယ်၊ လောကကြီးဟာ ဒီလိုပဲ သိပ်အံသြဖို့ကောင်းတယ်။ ဖြစ်ချင်တာတွေ မဖြစ်လာပဲ။ မထင်တာတွေ အားလုံးဖြစ်တတ်တယ်။ ဒါပေမယ့် တရားသဘောနဲ့ ကြည့်ရင် ရှင်းရှင်းလေးပါကွယ်။ ဖြစ်တာမှန်သမျှ ပျက်တယ်တဲ့။ ‘သူ’ သူ့အတွက် တတ်နိုင်တာဒါပဲ ရှိတော့တယ်။ တရားနဲ့ပဲ နေပါကွယ်...နော်’

            ကျွန်တော် ခေါင်းညိတ်တယ်။ နှစ်ယောက်သား ထွက်လာကြတယ်။ ကားနှစ်စင်း ယှဉ်ရပ်ထားတဲ့ နေရာရောက်တယ်။ သူ ကျွန်တော့်ကိုမေးတယ်။

            ‘တစ်ယောက်တည်းလား၊ ကားမောင်းတဲ့လူ မပါဘူးလား’

            ‘တစ်ယောက်တည်းပါပဲ၊ အင်း...တစ်ယောက်တည်းပါပဲလေ’

            ကျွန်တော့်စကားတွေကို သူတိတိကျကျ အဓိပ္ပာယ်ပေါက်တယ်။ သူ နားလည်တဲ့အကြောင်း ကြင်နာတဲ့ အကြည့်နဲ့ ‘ကြည့်ပြ’တယ်။ (သူ့အကြင်နာအကြည့်ဟာ ရင်ကိုဖောက်ထွက်သွားတဲ့ လေဆာသေနတ်ကျည်လိုပဲဗျာ)

            ပြီးတော့သူက...

            ‘ဖြည်းဖြည်းမောင်းနော်’

            ‘စိတ်ချပါ’

            သူ့ကားပေါ် သူတက်တယ်။ သူ့ကားမောင်းတဲ့သူက စက်နှိုးတယ်။ သူ ကားတံခါးပိတ်တယ်။ သော့ချက် မင်းတုပ်ချသံဟာ တိုးတိုးလေးပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ လေးနေတဲ့နားထဲမှာ အဲဒီ ကားတံခါးပိတ် မင်းတုပ်ကန့်လန့်ချသံဟာ မိုးကြိုးထစ်သံလို ကျယ်လောင်ပြင်းထန်လှတယ်။ သူ့ကားက အရင်ထွက်သွားတယ်။ ကားစက်သံဟာ ဂျက်လေယာဉ်ကြီး စက်နှိုးသလိုပဲ ထင်မိတယ်။ ကျွန်တော့ရင်ဘတ်ဟာ နိမ့်ချည်မြင့်ချည် ဖြစ်နေတယ်။ ကျွန်တော်လည်း ကျွန်တော့်ကား သော့ချက်ကို ဖွင့်တယ်။ ကားထဲဝင်ထိုင်တယ်။ ချက်ချင်း စက်မနှိုးဖြစ်သေးဘူး။ ခဏထိုင်နေရတယ်။ ရှင်မဟာရဋ္ဌသာရရဲ့ ကဗျာတစ်ပိုဒ်က အဝေးကြီးက ပြေးဝင်လာပြီး စီခနဲ မြည်ဟည်းလာတယ်။ ပဲတင်ထပ်သံကြီးနဲ့ဗျာ၊ ဟိန်းနေတာပဲ။

            ‘သည်ဘဝတွင် နှမလက်လျှော့နေပေတော့ဟု မှတ်ပေါ့ မကြုံ၊ ညှိုးငယ်ပုံနှင့်၊ ရှက်ဟုန်ကြွေးကြုတ်၊ ချမင်းတုပ်သို့။...ရှက်ဟုန်ကြွေးကြုတ်၊ ချမင်းတုပ်သို့...။

            ဆရာတော်က ‘နှမ လက်လျှော့နေလေတော့’တဲ့။ ကျွန်တော့်အဖြစ်က ‘အမောင်လက်လျှော့နေလေတော့’ ဟု လို့ သူပြောလိုက်သလိုပဲ။ ဆရာတော် ရှင်မဟာဋ္ဌသာရက ရဟန်းဘက်မှာ အရိုးထုတ်သွားတယ်။ သူကရိပ်သာ အမြဲဝင်သတဲ့လေ။

            မျက်စိကို မှိတ်လိုက်တယ်။ သူပြောတဲ့စကားကို နားထောင်တဲ့အနေနဲ့ ဝင်လေထွက်လေကို မှတ်တယ်။ အသက်ရှူသွင်းတယ်။ ရှူထုတ်တယ်၊ ရှူသွင်းတယ်။ ရှူထုတ်တယ်။ အသက်ရှူသံ သိပ်ပြင်းနေတယ်။ ပြီးတော့ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရတယ်။ နှလုံးခုန်နေတယ်၊ နှလုံခုန်နှုန်းလာတယ်။ တဆတ်ဆတ်မြန်လာတယ်။ ရင်တွေလည်း တဆတ်ဆတ်ခုန်နေတယ်။ ‘ဝေဒနာ နုပဿနာ’

            သူက ကျွန်တော့်ရင်ထဲက အနုသယ မြွေပွေးကို အသေသတ်ဖို့ တရားတော်ဆိုတဲ့ ငှက်ပျောတုံးနဲ့ ထိခိုင်းတယ်။ ဒါမှ အဲဒီ အနုသယ မြွေပွေးဟာ တရားတော်ဆိုတဲ့ ငှက်ပျောတုံးမှာ အစွယ်နုတ်လို့ မရအောင် ဆန့်ငင် ဆန့်ငင် ဖြစ်နေမယ်။ ဒီတော့မှ ဓမ္မဆိုတဲ့တုတ်နဲ့အနုသယ မြွေပွေးကို အသေရိုက်သတ်ဖို့ နည်းလမ်းပေးတယ်။ ကျွန်တော်က အနုသယ မြွေပွေးကို ကိလေသာ နှလုံးသားနဲ့ သွားထိတယ်။ ဒါကြောင့် အနုသယမြွေပွေး မသေတဲ့အပြင် ‘အာသဝ’ အဆိပ်က ငယ်ထိပ်ထိ တက်ဆောင့်တယ်ဗျာ။

            ည...။

            မီးတွေအားလုံးပိတ်ပြီးပြီ။ ဘုရားစင်က မီး‌ရောင်လဲ့လဲ့လေးပဲရှိတယ်။ ကျွန်တော်ဘုရားစင်ရှေ့မှာ အာရုံပြုနေတယ်။ ဒါပေမယ့် အလွန်တရာနက်ရှိုင်း မှောင်မည်းနေတဲ့ ချောက်ကမ်းပါးကြီးထဲကို တရွေ့ရွေ့ ကျဆင်းနေသလို ခံစားနေရတယ်။ ဒီချောက်ကမ်းပါးကြီးရဲ့ အဆုံးမှာ ဘာရှိမလဲ မသိဘူး။ ဆုံးမှဆုံးပါတော့မလား။ သေမှပဲ ပြီးမှာလား။ သေသည့်တိုင်အောင် မပြီးဆုံးနိုင်တဲ့ သံသရာ ချောက်ကမ်းပါးကြီးထဲ ကျနေမိပြီလား မသိနိုင်ဘူးလေ။ တကယ်က ကျွန်တော်ကိုယ်တိုင် ခုန်ချခဲ့တဲ့ ချောက်ကမ်းပါးကြီးပါ။ မိုက်လုံးကြီးလှတဲ့ကောင်။ ခံရတာတောင်နည်းသေးတယ်နော်။ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ အဆုံးအမက အနုသယတွေဟာ သမုဒယ ဖြစ်စေတယ်တဲ့။ သမုဒယဆိုတာဟာ ‘ဒုက္ခ’ ရဲ့အကြောင်းအရင်းတဲ့။ ကျွန်တော်ကတော့ အနုသယဆိုတဲ့ အဆုံးမရှိတဲ့ စကြာဝဠာ အမိုက်တိုက်ကြီးထဲကို မိုက်မဲစွာ ကိုယ့်ဘာသာ ခုန်ဆင်းနေတဲ့ကောင်ပါပဲ။ သည်လောက်မိုက်မဲစွာ ကိုယ့်ဘာသာ ခုန်ဆင်းနေတဲ့ကောင်ပါပဲ။ သည်လောက်မိုက်မဲတဲ့ကောင်ဟာ ဒဏ်ခတ်ခံသင့်တယ်။ တကယ်လည်း အချစ်ဝဋ်ဆင်းရဲကို နှစ်ပေါင်းသောင်းနဲ့ သိန်းနဲ့ချီပြီး ခံစားနေရသလိုပါပဲ။ (ပုဂံခေတ် ကျိန်စာတွေလို ပြောရရင် ‘ငရဲသစ်ငုတ်ဖြစ်စေသတေး’ ပေါ့)

            တစ်ခုတော့ သေသေချာချာပြောရဲတယ်။ ကျွန်တော့်အချစ်ဟာ မြတ်နိုးတဲ့အချစ်။ ဒါကိုတော့ ယုံစေချင်တယ်။ ကိုယ့်ကိုယ်ကို နားမလည်နိုင်တဲ့ ဆန္ဒလေးတစ်ခုရှိတယ်။ ဘာကြောင့် အဲဒီ ဆန္ဒပေါ်ခဲ့သလဲ မသိဘူး။ (ရေချိုးပြီးစ သနပ်ခါးခြေဆုံး ခေါင်းဆုံး လိမ်းထားတဲ့ အချိန်မျိုးပေါ့) ရူးလိုက်တာနော်။ မိုက်လိုက်တာ‌နော်။ ကျွန်တော့်ပါးကို နားရင်းပွင့်အောင် ဘယ်ပြန်ညာပြန် ရိုက်ပစ်လှည့်စမ်းပါ။ အဲဒါကမှ ခံသာလိမ့်ဦးမယ်။ ခုတော့ အနုသယအမိုက်တိုက်ကြီးထဲမှာ စုန်းစုန်းမြုပ်အောင် နေပစ်လိုက်ရပြီ။ အနုသယကနေ. သမုဒယဖြစ်၊ အဲဒီဒုက္ခနဲ့ သံသရာ ဝဋ်ဆင်းရဲကိုခံ။ ကျွန်တော်နဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ပါပဲ။ ခံပါ့မယ်။ သံသရာ ဝဋ်ဆင်းရဲကို ရင်ထဲမှာ ဒုက္ခထုပ်ကြီးပိုက်ပြီး တနင့်တပိုး ခံလိုက်ပါတော့မယ်။

            (ဗုဒ္ဓထံပါး၊ ဒုက္ခခံစားရသမျှ ပန်ကြားအရှင့်ကို...)

            အခန်း The End ဆိုပါတော့။

ဆက်လက်ဖော်ပြပါမည်။

မောင်ဝဏ္ဏ

(အမှတ် ၁၈၀၊ နိုဝင်ဘာ၊၂၀၀၄ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။