မောင်သန်းဆွေ၊ထားဝယ်၊
စာရေးသူ၏ စာဆိုတော် ရှင်းတမ်းနှင့် ပင်းခင်ခင်ရှင်းတမ်း ဆောင်းပါးများကို စာဖတ်သူများက စိတ်ဝင်စားကြကြောင်း သိရပါသည်။ အချို့က ပင်းခင်ခင်ကြီး အကြောင်း ဆက်ရေးပါဦးဟု တိုက်တွန်းကြ၏။ စာရေးသူ ရေးနေသည့် စာအမျိုးအစားသည် ရေးချင်တိုင်း ဆက်ရေး၍ မရပါ။ စိတ်ကူးယဉ် ဝတ္ထုတစ်ပုဒ်ကို စိတ်ကူးရလျှင် ရသလို ဆက်ရေး၍ရပါမည်။ စာရေးသူ၏ စာမျိုးက ပြောပြခဲ့သူ ပြောပြသမျှသာ ရေးနိုင်ပါသည်။ ပင်းခင်ခင်ကြီး အကြောင်းကို အန်တီခင် (ဒဂုန်ခင်ခင် လေး) ပြောပြခဲ့သမျှသာ၊ စာရေးသူ သိထားသည်များနှင့် ယှဉ်ပြီး ရေးခဲ့ခြင်း ဖြစ်၏။ အထူးသဖြင့် 'စာဆိုတော် ရှင်းတမ်း'နှင့် 'ပင်းခင်ခင် ရှင်းတမ်း' ဆောင်းပါးတို့သည် ဒဂုန်ခင်ခင်လေး ရာပြည့် အထိမ်းအမှတ်ကို ရည်စူး၍ ရေးခဲ့ခြင်း ဖြစ်ပါသည်။
ပင်းခင်ခင်
ရှင်းတမ်းသည် 'ပင်းနတ်မောက်နယ်မှ နယ်ချဲ့တော်လှန်ခဲ့ကြသူများ'
အမည်ဖြင့် စန္ဒာရုပ်စုံမဂ္ဂဇင်းပါ၊ ဆောင်းပါးမှကဲ့သို့
မဟုတ်ရပါကြောင်း ရှင်းထားခြင်းမျှသာ ဖြစ်သည်။
ပင်းခင် ခင်ကြီး အကြောင်းကို အန်တီခင်က စာဆိုတော် ဝတ္ထုကြီးကဲ့သို့ 'ပင်းခင်ခင်'အမည်ဖြင့် လုံးချင်းဝတ္ထု ရေးရန်
ရည်ရွယ်ခဲ့သည် ဆို၏။ လက်ရေးမူပင် အချို့အဝက် ရေးပြီးသား ဖြစ်သည်ကို စာရေးသူ
ဖတ်ရဖူးသည်။ စာဆိုတော်မှ ဒိုင်းခင်ခင်ကြီးအကြောင်း ကဲ့သို့ ဇာတ်အိမ် မနာသဖြင့်
ဆက်မရေး တော့ဘဲ ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး ရေးသည့်အထဲတွင် တစ်ခန်းတစ်ကဏ္ဍ
အနေဖြင့်သာ ထည့်လိုက်တော့မည်ဟု အန်တီခင်က ပြောပြခဲ့ဖူးသည်။ အန်တီခင် ပြောပြခဲ့သည့်
ပင်းခင်ခင်ကြီး အကြောင်း အချို့ ကျန်ပါသေးသည်။
ပင်းခင်ခင်ရှင်းတမ်း
ဖတ်ရသည့် အစ်ကိုကြီး ဦးစိန်မောင်ဦးကလည်း ပင်းအတွင်းဝန် ကတော်ကြီး တောင်သာမြို့စား၏
အစ်ကိုလင်္ကာရာမ ဆရာတော် ဘုရားကြီး အကြောင်းကို သူသိသမျှ ဖုန်းဆက်၍
ဖြည့်စွက်ပြောပြရှာသည်။ လင်္ကာရာမ ဆရာတော် ဘုရားကြီးနှင့် ပတ်သက်၍
စာချိုးရှိခဲ့ဖူးသည် ဆို၏။
'ဂုဏ်အလွန်စံညွှန်းလောက်ပါဘိ
နှစ်ဝန်ထောက်က
တော့်မောင်
တံခွန်ဆောက်တစ်ယောက်နောင်
အကျော့်ခေါင်ထွဋ်ဖျား
ဦးရန်ရှင်း
စစ်ကဲတော်
ဖြစ်ခဲ့လှော်၊
မွေးလေသည့်သား'
ဟူ၍ ဖြစ်ပါသည်။ ဤစာချိုးအရ ပင်း အတွင်းဝန် ကတော်ကြီး၏ ဖခင်သည်
စစ်ကဲတော် ဦးရန်ရှင်း ဖြစ်ကြောင်း သိခဲ့ရသည်။ 'နှစ်ဝန်ထောက်က
တော့် မောင်' ဆိုသည်မှာ ပင်းအတွင်းဝန် ကတော်ကြီး၏ ခင်ပွန်း
ဦးစံငြိမ်းသည် ပင်းမြို့စား အတွင်းဝန်မဖြစ်ခင်က ကင်းစဉ် ဝန်ထောက်ဖြစ်၏။ သို့ဖြစ်၍
ပင်း အတွင်းဝန် ကတော်ကြီးသည် ကင်းစဉ် ဝန်ထောက်ကတော် ဖြစ်ခဲ့သည်။ သူ၏ ညီမ ခင်သင်မှာ
မြောင်လှမြို့စား နိုင်ငံခြား ဝန်ထောက် ဦးခြိမ့်ကတော်ဖြစ်၍ 'နှစ်ဝန်ထောက်က
တော့်မောင်'ဟု စာ ချိုးခဲ့ခြင်း ဖြစ်ပါသည်။
ဤစာချိုးကိုပင်းအတွင်းဝန် ကတော်ကြီး၊ ကင်းစဉ် ဝန်ထောက်ကတော် ဖြစ်ချိန်က စပ်ခဲ့ဟန်
တူပါသည်။
စာရေးသူ၏ ဆောင်းပါးတွင် ပင်း
ခင်ခင်ကြီး၌ ခင်ခင်ကြီးဟုပင် ခေါ်သော သမီးတစ်ယောက်ရှိကြောင်း၊ ထို
သမီးကိုကင်းဝန်မင်းကြီးနှင့် ပထမဇနီး တို့၏ တူသားဖြစ်သူ မြို့အုပ်ဦးကြာဥ၏ သား
မြို့အုပ်ကလေး မောင်မောင်လှနှင့် လက်ဆက်ပေးခဲ့ကြောင်း ရေးခဲ့ပါသည်။ ဤကဲ့သို့
ရေးခဲ့ခြင်းမှာ အန်တီခင် ပြောပြသည့်အတိုင်းပင် ဖြစ်၏။ အစ်ကိုကြီး ဦးစိန်မောင်ဦးက
မြို့အုပ် ဦးကြာဥသည် ကင်းဝန်မင်းကြီးနှင့် ပထမဇနီးတို့၏ တူသားမဟုတ်ကြောင်း၊
အလုံမြို့သူ ဒုတိယဇနီး၏ တူသားကို သားအဖြစ် မွေးစားခဲ့ခြင်းသာ ဖြစ်သည်ဟု
ပြောပြပါသည်။ ထိုခေတ်က ကင်းဝန်မင်းကြီး၏ မွေးစားသား မြို့အုပ် ဦးကြာဥသည် အရှင်သခင်
အင်္ဂလိပ်မင်း အရှိန်အဝါဖြင့် မောက်မာလိုက်ပုံမှာ ဟင်္သာတမှ ဆရာတော်တစ်ပါးက
ကင်းဝန်မင်းကြီးအကြောင်း မကောင်းရေးခဲ့၍ ရေးရပါမည်လားဟု တရားစွဲခဲ့သည် အထိပင်
ဖြစ်ခဲ့သည် ဆိုပါသည်။
ပင်းခင်ခင်ကြီး အကြောင်း
ပြန်ကောက်ရလျှင် နန်းမတော်ဘုရား (စုဘုရားလတ်) သည် ပင်းအတွင်းဝန် လင်မယား အခစား
ဝင်သည့်အခါ တစ်ခါတစ်ရံ အတူပါလာတတ်သော သမီး ခင်ခင်ကြီးအား သဘောတော်တွေ့ပြီး
တရင်းတနှီး ချစ်ခင် သဒ္ဓါတော်မူသောကြောင့် အခြားမှူးမတ် သမီးတွေကဲ့ သို့ပင်
အပါးတော်တွင် ခစားစေသည်။
ပင်းအတွင်းဝန်နှင့် ဝန်ကတော်တို့မှာ အရှန်နန်းမတော် ဘုရားအလိုတော်ကျ
သမီးကလေးကို အပါးတော်တွင် ခစား နေထိုင်စေရလေသည်။ ပင်းခင်ခင်ကြီး မှာ နုနယ်သော
အရွယ်လေးမျှသာ ဖြစ် သည်။ ဆံပင်ကြက်တောင်စည်း၊ ဘူး ပွင့်ကလေးတွင် ရွှေကန်တော့ကလေး
စွပ်ထားရတုန်း ဖြစ်၏။ အပါးတော်တွင် အနေအထိုင်၊ အပြုအမူ စနစ်တကျ ရှိမှ ရှိပါစေ။
သဘောအားဖြင့် သွန်သင် ထိန်းသိမ်းရန် ပင်းအတွင်းဝန်ကတော် ကြီး၏ ညီမဝမ်းကွဲ
မမခိုင်သည် အရှင် နန်းမတော် ဘုရားထံ ခွင့်ပန်ကာ နန်းတွင်းသို့ သူပါလာရောက် နေထိုင်
ခစားလိုက်တော့သည်။ ဤ သည်ကပင် ပင်းခင်ခင်ကြီး၏ ကံကြမ္မာကို တစ်မျိုး တစ်ဖုံ
ဖြစ်စေခဲ့သည်။
မမခိုင်သည် အလွန်ကင်းပါးသူ တစ်ဦး
ဖြစ်၏။ မြီးကောင်ပေါက် တူမ ကလေး နန်းတွင်း၌ အနေအထိုင် စနစ်တကျ ရှိစေရန်၊ အနီးကပ်
သွန်သင်ဆုံးမခဲ့သည်။ ဤတွင် နန်းမတော်ဘုရား အဆောင်၌ ခစားရသော အပျိုတော်
ငယ်ကလေးများအတွင်း အချောအလှတွင် ယှဉ်ရမည့်သူ သုံးဦးပေါ်လာလေသည်။ ပင်းခင်ခင်ကြီး
အပြင် ကျန်နှစ်ဦးမှာ ဒိုင်းအတွင်းဝန်မင်း၏ သမီးကလေး ဒိုင်းခင်ခင်ကြီးနှင့်
တောင်ခွင် မင်းကြီး၏ သမီးကလေး တောင်ခွင် ခင်ခင်ကြီးတို့ ဖြစ်သည်။ ထိုခေတ်ထို
အချိန်က ရတနာပုံ နေပြည်တော် ယောကျ်ားလောကတွင် ပြောစမှတ် စကား ရှိခဲ့ဖူးသည်။
'အလှဘုရင်၊ ခင်သုံးခင်၊ ဘယ်
သင်းသာလို့ယဉ်၊ ဒိုင်းမခင်အယဉ်ဆုံး၊ ဘယ်သူပြိုင်မတုံး' ဟူ၍
ဖြစ်၏။ သူတို့သုံးဦးတွင် ဒိုင်းခင်ခင်ကြီးက အလှသာသည်ဟု ဆိုလိုပါသည်။
သီပေါမင်းသည် နန်းမတော် ဘုရား
သန္ဓေတော်ရှိ၍ တစ်ပါးချင်း စံနေရသော အခါများစွာတို့၌ နံ့သာနန်း နှင့် ပန်းခုံတော်မှာသာ
စံနေတော်မူသည်။ ငြီးငွေ့မှုများကို ငယ်ကျွန်တော်များနှင့် စကားမိန့်တော်မူခြင်း
ပြုကာ ဖြေဖျောက်တော် မူရရှာ၏။ ငယ်ကျွန်တော်များ ဆိုရာ၌လည်း လက်ပွန်း တတီး
ရင်းနှီးသော လက်သုံးတော်ကြီး မြောက်ဓဝယ်ဗိုလ် ရနောင်မင်းသား မောင်မောင်တုတ်နှင့်
စီးတော်မြင်း ဝန်ရွှေတိုက်စိုး တောင်သမန်လယ်စား မောင်မောင်ဖေ (မောင်ဖေငယ်)တို့
နှစ်ဦးကိုသာ တိုးတိုးဖော်အတိုင်ပင် ပြုလေ့ရှိသည်။ လက်သုံးတော်ကြီး နှစ်ဦးကလည်း
အငြီးဖြေတော်မူသော သီပေါ မင်းအား စကားအရာ လိမ္မာပါးနပ်စွာနှင့်
ရွှေနားတော်ဝင်အောင် လျှောက်တင်လေ့ရှိသည်။ မောင်မောင်ဖေက စာဆိုတော် ပီသစွာ
အငြီးတော် ပြေစေရန် မယ်ဘွဲ့တေးကဗျားများ သီကုံးဆက်သ သည်။ မောင်မောင်တုတ်ကမူ အကြံဉာဏ်ပေးရာ၌
သူ့ဝါသနာအတိုင်း လှပသော ဖိဖုရားငယ် ကလေးများ အပိုထားရန် မိမိက ရွှေနန်းတော်ပေါ်မှ
အချောဆုံး၊ အလှဆုံး အရွယ်နုနုငယ်ငယ် ကလေးများကို ရှေ့တော်အရောက်
ပို့ဆက်နိုင်ပါကြောင်း လမ်းခင်း၍ လျှောက်ထားလေသည်။ သီပေါမင်းက မောင်မောင်တုတ်
အကြံကို လက်ခံတော်မူလိုသော်လည်း နန်းမတော်ဘုရား အလိုမကျမည်ကို စိုးရိမ်တော်မူသည်။
အစ်မအရင်း ဖြစ်သော စုဖုရားကြီးကိုပင် ငြိုငြင်တော်မူခဲ့သူ ဖြစ်ရာ နောက်ဖြစ်လာမည့်
မိဖုရားငယ်များကိုလည်း လက်ခံနိုင်မည် မထင်ကြောင်း အမိန့်တော် ရှိသည်။
မောင်မောင်တုတ်သည် သီပေါ မင်း၏
စိတ်တော် နည်းနည်းညွတ်လာသည်ကို သိသောအခါ စုဖုရားကြီးနှင့် ဖြစ်ကြရသော ကိစ္စမှာ
သာမန်ကိစ္စမျိုး မဟုတ်။ အဂ္ဂ မဟေသီမိဖုရားခေါင်ကြီး ရာထူးကိစ္စကြောင့်
ဖြစ်ကြောင်း၊ အခြား နန်းရဆောင် မိဖုရား အငယ်ထားရာတွင်မူ နန်းမတော်ဘုရားက
မကြည်ဖြူနိုင်စရာ အကြောင်းမရှိပါကြောင်း လမ်းကြောင်းပေး၍ လျှောက်တင်သောအခါ
သီပေါမင်းက သဘောပေါက်တော်မူ လာဟန်ရှိသည်။ ထို့ကြောင့် မိဖုရားငယ်တစ်ပါး
သူလိုလားခဲ့သည်မှာ အချိန် တန်ခဲ့ပြီ ဖြစ်ကြောင်း ဖွင့်ဟမိန့်ကြား လိုက်လေသည်။
မောင်မောင်တုတ်နှင့် မောင်မောင်ဖေတို့သည် အရှင်သခင်၏ အလိုတော်ကို ကောင်းစွာနားလည်
သဘောပေါက်ကြသဖြင့် ရွှေနန်းရှင် ဘုရား ရည်ရွယ်တော်မူသူများ ရှိလျှင် အတိအလင်း အမိန့်တော်
ရှိပါမည့်အကြောင်း၊ အရှင့်အလိုကျ မဖြစ်ဖြစ်အောင် ဆောင်ရွက်ပေးပါမည့်အကြောင်း
လျှောက်တင်ကြလေသည်။ သီပေါမင်းက သူရည်ရွယ်တော်မူသူ နှစ်ဦး ရှိကြောင်း၊
ဒိုင်းအတွင်းဝန်၏ သမီးကလေးနှင့် ပင်အတွင်းဝန်၏ သမီး ကလေး ဖြစ်ကြောင်း
အမိန့်တော်ရှိလိုက်လေသည်။
မောင်မောင်တုတ်နှင့် မောင်မောင်
ဖေတို့သည် ကျလာသော တာဝန်ကို လိုလိုလားလား စိတ်အားတက်ကြွစွာ ထမ်းဆောင်ရန် အာမခံကြ၏။
မောင်မောင်ဖေက ဒိုင်းအတွင်းဝန် လင်မယားနှင့် လည်းကောင်း၊ ဒိုင်းခင်ခင်ကြီးနှင့်
လည်းကောင်း ပတ်သက်ပြီးဖြစ်၍ ဒိုင်းခင်ခင်ကြီးကို ရှေ့တော်သို့ ပို့ရန်၊
မောင်မောင်တုတ်က ပင်းခင်ခင်ကြီးကို ရှေ့တော်ပို့ရန် တာဝန်ခွဲဝေယူကြရသည်။
ဒိုင်းအတွင်းဝန် လင်မယား၊ ပင်းအတွင်းဝန် လင်မယားတို့ခမျာ ဆူးကြားသီးရသည့်
ဘူးသီးကဲ့သို့ မလှုပ်သာ မလှည့်သာ ဖြစ်နေကြရသည်။ ဝမ်းသာရမည်လား၊ ဝမ်းနည်းရမည်လား၊
စိုးရွံ့ရမည်လား၊ သီပေါမင်းတရား ကိုလည်း ကြောက်ရ၊ အရှင်နန်းမတော်ဘုရားကိုလည်း
ကြောက်ရ၊ ရနောင်မောင်မောင်တုတ်ကိုလည်း ကြောက်ရနှင့် ဓားသုံးစင်းကြား၌ အသက်ကို
ဘယ်သို့ထားရမှန်း မသိနိုင်အောင် ရှိကြတော့သည်။ သို့နှင့် ဒိုင်းခင်ခင်ကြီးနှင့်
ပင်းခင်ခင်ကြီးတို့သည် သီပေါအရှင် သိမ်းပိုက်တော်မူခြင်းကို ခံကြရလေသည်။
ဒိုင်းခင်ခင်ကြီးမှာ မောင်မောင်ဖေနှင့် ရင်းနှီးပြီးသူ ဖြစ်၍ အထူးအထွေမရှိ။
အကြောင်းအမျိုးမျိုးနှင့် ညဥ့်အခါ ပန်းခုံတော်၌လည်းကောင်း၊ နံ့သာနန်းတော်တွင်
လည်းကောင်း သီပေါအရှင်နှင့် အတွေ့များခဲ့စေကာမူ ပင်းခင်ခင်ကြီးက အရောက်နည်း၍
အတွေ့ကျဲလှသည်။ အကြောင်းရင်းမှာ ကြည့်ရှုအုပ် ထိန်းနေသူ မမခိုင်၏ အစောင့်အရှောက်
ကောင်းခြင်းများကြောင့် ဖြစ်လေသည်။ ဘဝရှင် မင်းတရား၏ အမိန့်တော်ကို မလွန်ဆန်ဝံ့၍သာ
ရနောင်မောင်မောင်တုတ်နှင့် သူ့တူမလေးကို ထည့်လိုက်ရသော်လည်း နန်းမတော်ဘုရား
သိတော်မူ၍ အမျက်တော် ရှိမည်ကို အလွန်တစ်ရာ စိုးရိမ်ကြောင့်ကြလျက် ရှိသဖြင့်
မောင်မောင်တုတ် ခေါ်လာတိုင်း မမခိုင်က တူမ ပင်းခင်ခင်ကြီးကို မထည့်ပေ။
ဥပါယ်တံမျဉ်ဖြင့် မောင်မောင်တုတ် စိတ်မဆိုးရလေအောင်လည်း ကြံဆောင် ရလေသည်။
ပင်းခင်ခင်ကြီးကို နန်းမတော်ဘုရားက အပါးတော်၌ ဒေါင်းတောင် ယပ်ခတ်ခိုင်းထားသည်ဟု
လည်းကောင်း၊ အနှိပ်တော် ဆက်ခိုင်းထားသည် ဟုလည်းကောင်း၊ အကြောင်း တစ်မျိုးမဟုတ်
တစ်မျိုး ရမည်ရှာ၍ ပြောဆိုလွှတ်လိုက်ရသည်။ သို့ကြောင့် သီပေါမင်းတရား
ပင်းခင်ခင်ကြီးနှင့် အတွေ့နည်းရလေသည်။ ပင်းခင်ခင်ကြီး ကိုယ်တိုင်ကလည်း မိထွေး
မမခိုင် မနေသာ၍ ဝတ္တရားကျေရုံမျှ ထည့်လိုက်ရစေကာမူ အရွယ်နုသေး၍ လူရေး လူရာ
နားမလည်ရှာပေ။ အလေးအနက်လည်း မရှိလှဟု ဆိုရမည်။ ဘုရင်မင်းမြတ်
ချယ်လှယ်တော်မူလိုက်သမျှ ခေါင်းငုံ့ခံခဲ့ရသည် ဆိုသည့် အသိမှတစ်ပါး သူ့၌
ထူးခြားလှသည် မထင်။ အတွေ့ကြောင့် စိုးရိမ်မှု၊ ကြောင့်ကြမှု၊ သာယာမှုများ ရောပြွမ်းနေပေလိမ့်မည်။
သီပေါအရှင်အပေါ် ဒိုင်းခင်ခင်ကြီး လောက် စွဲစွဲလမ်းလမ်း မြတ်မြတ်နိုးနိုး
တမ်းတမ်းတတ မရှိလှဟု ထင်ရပါသည်။
ရနောင်မောင်မောင်တုတ်သည် သူ၏
တာဝန်ဖြစ်သော အရှင့်ရှေ့တော် မှောက်သို့ ပင်းခင်ခင်ကြီးကို ပို့ဆက်ရသည်မှာ
အရောက်နည်း၍ ကျေနပ်မှု မရှိခဲ့ပေ။ အခြားသော အရွယ်ရောက် ရှိသည့် မှူးမတ်သမီးများကို
ရှေ့တော်သို့ သွင်းပို့ရန် ထပ်မံရှာဖွေကြည့်ပြန်သည်။ ထိုအခါ ရွှေမြို့တော်ဝန်
ရွှေလှံဗိုလ် တောင်လင်းမြို့စား ဦးချက်၏ သမီး ရွှေလှံခင်ခင်ကြီးကို တွေ့လေ၏။
မောင်မောင်တုတ်သည် ရွှေလှံခင်ခင်ကြီးကို ရွှေနန်းရှင်အား ဆက်သလိုကြောင်း
ရွှေလှံမြို့ဝန်ကတော်ကြီးကို အသိပေးသောအခါ မြို့ဝန်ကတော်ကြီးက သဘောမတူဟုလည်း
မပြောရဲ။ သဘောတူပြန်ပါကလည်း အရှင်နန်းမတော်ဘုရား အလိုတော်မကျပါက ဒုက္ခလှလှကြီး
တွေ့ရမည်ကို ကြိုတင်သိသည်။ သို့ဖြင့် လိမ္မာပါးနပ်စွာ မောင်မောင်တုတ်ကို
အချိန်အနည်းငယ် ဆွဲထားလိုက်သည်။ ထိုစဉ်က ဓားထက်လှသော မောင်မောင်တုတ်ရန်ကိုလည်း
ကြောက်ရပြန်ပါသေးသည်။ ရွှေလှံမြို့ ဝန်ကတော်ကြီးသည် ခင်မင်ရင်းနှီးသူ
အပျိုတော်ကြီး ပန်းတိမ်းသခင်ကို အကျိုးအကြောင်း ဖွင့်ဟတိုင်ပင်ရသည်။ ပန်းတိမ်းသခင်
ဆိုသူမှာ တိုင်းတားမင်းကြီး၏ သမီးအကြီး တောင်ဓဝယ် ဗိုလ်ကတော်ဟောင်း ဖြစ်သည်။
ပန်းတိမ်းသခင်က အရှင်နန်းမတော်ဘုရား စိတ်တော်ကို သိနေသူဖြစ်၏။ မောင်မောင်တုတ်
အလိုအတိုင်းဆက်၍ ဖြစ်မည်မထင်ကြောင်း ပြောပြသည်။ ထိုအချိန်က တိုင်းတားမင်းကြီး
မိသားစုသည် အရှင်နန်းမတော်ဘုရား၏ ဘက်တော်သား ကျွန်ယုံများသာ ဖြစ်သည်။
ပန်းတိမ်းသခင်၏ သားအကြီး အမြောက်ဝန်ခင်မောင်ကြီး၏ ဇနီးမှာ အရှင်နန်းမတော် ဘုရား၏
လက်စွဲတော်အပျိုတော် မှန်သာကြီး ရွာစား ဖြစ်သည်။ (ပန်းတိမ်းသခင်နှင့် ချွေးမ
မှန်သာကြီး ရွာစားတို့ လျှောက်တင်မှုကြောင့် မောင်မောင်တုတ်၏ အကြံအစည်များကို
အရှင်နန်းမတော်ဘုရား အစရသွားခြင်း ဖြစ်၏။) ပန်းတိမ်း သခင်က
ရွှေလှံမြို့ဝန်ကတော်ကြီးကို သမီးခင်ခင်ကြီးအား ယခုကဲ့သို့ အပျိုအရွယ်အတိုင်း
မထားဘဲ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အိမ်ထောင်ချပေးလိုက်လျှင် ဤအန္တရာယ်မှ
ကင်းဝေးသွားမည်ဟု အကြံပေးသည်။ အကြံပေးရုံမျှ မကသေး။ ၎င်း၏ သားအလတ်ကောင်
ဟန်ဝန်ခင်မောင်လတ်မှာ လူပျိုလူရွယ် ဖြစ်၍ ရွှေလှံမြို့ဝန်ကတော်ကြီးကို
ကူညီစောင့်ရှောက်သော အနေနှင့် ရွှေလှံခင်ခင်ကြီးအား သူ၏သားနှင့် အမြန်ဆုံး
နေရာချပေးရန် အကြံပေးလေသည်။ ပန်းတိမ်းသခင်သည် တစ်ချက်ခုတ် လေးချက်ပြတ် စီမံကိန်းချလိုက်
ခြင်းဖြစ်၏။ ရွှေလှံမြို့ဝန်မှာ ဖခင်လက်ထက်ကတည်းက ရွှေဘိုအနီး ကျည်းကန်တောင်ရွာမှာ
လယ်ယာမြေ၊ ဆင်မြင်းကျွဲနွား မြောက်မြားစွာရှိသော သူဌေးမျိုးရိုး ဖြစ်သည့်အပြင်
ရွှေမြို့တော်ဝန်အဖြစ် နှင့်လည်းကောင်း စည်းစိမ် ချမ်းသာကြွယ်ဝလှသည်။
ရွှေလှံမြို့ဝန်၏ လက်ထပ်မယား၊ မြို့ဝန်ကတော်ကြီး၌ သားယောကျ်ား မထွန်းကားဘဲ
သမီးများသာရှိရာ သမီးအကြီးဆုံး ခင်ခင်ကြီးမှာ အဆင်းရော အချင်းပါ ပြည့်စုံနေသည်။
သို့ဖြင့် ရွှေလှံခင်ခင်ကြီးကို ချွေးမတော်လိုက်ရခြင်းကြောင့် ဒုက္ခရောက်ရမည့်
ရွှေလှံမြို့ဝန်ကတော်ကြီး သားအမိကို အကူအညီပေးရာလည်းရောက်၊ ကျေးဇူးအတင်ခံရလည်း
ရောက်ကာ အရှင်နန်းမတော်ဘုရား၏ ကျေးဇူးသစ္စာတော်ကိုလည်း စောင့်သိရာ ရောက်လေသည်။
မောင်မောင်တုတ်၏ အကြံအစည်ကို အရှင်နန်းမတော် ဘုရားအား သံတော်ဦး တင်ခြင်းဖြင့်
အရှင်သခင်အပေါ် မျက်နှာရလေသည်။
မှတ်ချက်။
။ (ဤအကြောင်းအရာများ ကို ရွှေလှံခင်ခင်ကြီး ကိုယ်တိုင်က ဒဂုန် ခင်ခင်လေးအား
ပြန်လည်ပြောပြခြင်း ဖြစ်သည်။)
ရက်များမကြာမီပင် အပျိုတော်ကြီး
ပန်းတိမ်းသခင်၏ သားလတ်ကောင် ဟန်ဝန် ခင်မောင်လတ်ကို ရွှေလှံမြို့ဝန်၏ သမီးအကြီး
ရွှေလှံခင်ခင်ကြီးနှင့် အကျဉ်းရုံး ထိမ်းမြားပေးစား လိုက်ကြသည်။ မောင်မောင်တုတ်၏
ရည်ရွယ်ချက်တစ်ခု ပျက်စီးသွားရသည်။ သို့ဖြင့် ပန်းတိမ်းသခင်တို့ အုပ်စုသည်
ရနောင်မောင်မောင်တုတ်၏ အကြံအစည် ကြိုးပမ်းမှု (မိဖုရားအငယ် ရှာဖွေနေမှု)ကို
ရိပ်စားမိလာကြခြင်း ဖြစ်သည်။
ပင်းခင်ခင်ကြီးနှင့်
မောင်မောင်ဖြူတို့ လက်ထပ်ပြီးနောက် နန်းမြို့ပြင်တွင်ပင် နေကြရာ အရှင်နှစ်ပါးနှင့်
ပြန်ဆုံရသေးသည်လားဟု စာရေးသူက အန်တီခင်အား မေးခဲ့ပါသည်။
'ပြန်ဆုံရသေးတယ်လို့
ဆိုရမယ်။ အဲဒီအချိန်က ထုံးတမ်းစဉ်လာအရ နန်းတော်ကြီးမှာ ဝင်ထွက်ခစားသူ၊
မှူးမတ်အရာရှိတို့ရဲ့ သားမြေးများ ထိမ်းမြား မင်္ဂလာပြုပြီးကြတဲ့ အခါတိုင်း
သတို့သား၊ သတို့သမီးက အရှင်နှစ်ပါးကို လာရောက်ကန်တော့ကြရတဲ့ အလေ့အထ ရှိခဲ့တယ်။
'စောစောပိုင်းကတော့
နန်းတော်ထဲမှာ ဒိုင်းခင်ခင်အရေးနဲ့ မုန်တိုင်းထန်နေလို့ မဝင်ဝံ့ကြဘူးပေါ့။
နောက်ပိုင်း အစစအရာရာ အေးချမ်းလာပြီ ဖြစ်တာမို့ ရှေ့တော် ဝင်ကန်တော့ဖို့
အချိန်တန်ပြီလို့ ယူဆဟန်တူတယ်။ ပင်းအတွင်းဝန်ကတော်ကြီးနဲ့ မမခိုင်တို့က
ရှေ့ဆောင်ဦးရွက်ပြုပြီး မောင်မောင်ဖြူ နဲ့ ခင်ခင်ကြီးတို့က သလွန်တော်နဲ့
မလှမ်းမကမ်းမှာ ဝင်ရောက်ခစားလာကြတာကို တွေ့ရတဲ့အခါ သီပေါမင်းတရားဟာ ဘာမျှမသိသလို
မလှုပ်မယှက် ရှိနေသတဲ့။ အရှင်နန်းမတော် ဘုရားကတော့ မှန်သာကြီးရွာစား
အပျိုတော်ကတစ်ဆင့် ကြိုတင်လျှောက်ထားတာကြောင့် ဝင်ဖူးခွင့်ပြုပြီးသား ဖြစ်လို့ ဣန္ဒြေမပျက်
စံနေတော်မူတယ်လို့ ဆိုတယ်။ သီပေါမင်းတရားဟာ ငှက်ပျောညွန့် အစိမ်းရောင်ကို
အနှစ်သက်ဆုံးမို့ ဝတ်လဲတော် ပုဆိုး အစိမ်းရောင်ချိတ် များသာ ဝတ်ဆင်မြဲ
ဖြစ်တယ်ဆိုတာ သိထားတော့ အရှင်နှစ်ပါးကို ကန်တော့ဖို့ မှန်စီရွှေချကလပ်နှစ်ခုနဲ့
ကျောက်စိမ်းရောင် ကြိုးကြီးပုဆိုးနဲ့ ထဘီများကို ရှေ့တော်မှောက်ချပြီး ဝန်ကတော်ကြီးက
'သမီးနဲ့သမက်တို့ အရှင်နှစ်ပါးကို ရှိခိုးလက်ဆောင်တော်နှင့်
ကန်တော့ပန်း ဆက်ကြောင်းပါ ဘုရား'လို့
လျှောက်ထားသံတော်ဦးတင်ပြီး ကန်တော့ကြတဲ့အခါ အရှင်နန်းမတော်ဘုရားဟာ
ခပ်ပြုံးပြုံးနဲ့ ခေါင်းညိမ့်တော်မူသတဲ့။
'ပြီးတော့မှ ပင်းခင်ခင်ကြီးကို
ကြည့်ပြီး 'ညည်းက တို့များကို စိမ်းပါပြီဆိုတဲ့ အဓိပ္ပာယ်နဲ့
ကျောက်စိမ်းရောင် ကြိုးပုဆိုးနဲ့ ထဘီများ ကန်တော့တာလားဟဲ့'လို့
ပြက်လုံးထုတ်တဲ့သဘောနဲ့ ချိတ်တိတ်တိတ် ခနဲ့တဲ့တဲ့ မိန့်တော် မူတယ် ဆိုတယ်။
အတွင်းဝန်ကတော်ကြီးက 'မဝံ့ပါဘုရား'လို့
ဦးဆောင် လျှောက်ထားပြီး သုံးဦးကြိမ်ချကာ ရှေ့တော်မှ မြန်မြန်ထွက်ခွာလာကြရတယ် လို့
ပြန်ပြောကြတာ အန်တီခင်ငယ်ငယ်က ကြားရဖူးတယ်'
အန်တီခင်က ပင်းယမင်းသမီး
ခင်ပွန်းအပါးတော်မြဲ အတွင်းဝန်ဦးစံရွှေနှင့် ပတ်သက်၍လည်း ပြောပြဖူးသည်ကို
ဤနေရာတွင် အလျဉ်းသင့်၍ ဖော်ပြလိုပါသည်။
'ပင်းယမင်းသမီးရဲ့ခင်ပွန်း
အပါးတော်မြဲ အတွင်းဝန် ဦးစံရွှေဆိုတာ ကြားဖူးတယ်မဟုတ်လား။ ဦးစံရွှေဟာ နောက်ပိုင်း
ရဟန်းဝတ်သွားတယ်။ ရဟန်းမပြုမီ အန်တီခင်နဲ့ တွေ့ကြတုန်းက စကားစပ်ပြီး ပြောခဲ့ကြတာ
ရှိတယ်။ ရတနာဂီရိမှာ အပါးတော်မြဲ အတွင်းဝန်အဖြစ်နဲ့ ခစားကြရာမှာ ဦးစံရွှေနဲ့
အမြောက်ဝန်ဟောင်း ခင်မောင်ကြီးတို့ပါတယ်။ အမြောက်ဝန်က ငယ်ကျွန်ရင်းလည်းဖြစ်၊
နန်းဓလေ့ ကိုလည်း နားလည်သူဖြစ်တော့ သီပေါမင်းတရားကို အမေးအမြန်း မလုပ်ရဲရှာဘူးပေါ့။
ထီးနန်းဓလေ့က ဘုရင်ကို ဘယ်သူကမှ မေးရမြန်းရတာ မဟုတ်ဘူး။ ဘုရင်အမေးတော်ရှိမှ
ဖြေရတာကလား။ ဦးစံရွှေကတော့ ပင်းယ မင်းသမီးနဲ့ ပတ်သက်လို့သာ အခစား ရောက်ရသူဖြစ်တော့
ဘုရင်ကို မေးရဲ မြန်းရဲ ပြောရဲတယ်။ အရပ်ဆန်တယ်ပေါ့။ ဘုရင်ကလည်း နားလည်မှုနဲ့
ခွင့်လွှတ်တော်မူပုံ ရတယ်။ ဒါကလည်း နန်းကျနေချိန်လေ။ မိုးညှင်းမင်းသမီးတို့၊
ပင်းယမင်းသမီးတို့ ညီအစ်မဟာ ဒိုင်းခင်ခင်ကြီး၊ ပင်းခင်ခင်ကြီးတို့ထက် ငယ်ပေမယ့်
အရှင်နန်းမတော် ဘုရားထံမှောက်မှာ မတိမ်းမယိမ်း ခစားခဲ့ကြရ သူများ ဖြစ်တယ်။ ဒီတော့
ဒိုင်းခင်ခင်ကြီးနဲ့ ပင်းခင်ခင်ကြီးတို့ အကြောင်းကို သိမပေါ့။ ပင်းယမင်းသမီးက
သူ့ယောကျ်ား ဦးစံရွှေကိုလည်း ဒီအကြောင်းတွေ ပြောပြထားတော့ ဦးစံရွှေဟာ
ရိပ်ဖမ်းသံဖမ်း သိပေလိမ့်မယ်။ အန်တီခင့်ကို ဦးစံရွှေက ရတနာဂီရိမှာ နန်းတက်စ
မင်းညီမင်းသားတွေ အသတ်ခံရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မင်းတရားကြီးကို မေးဖူးတာ ပြောပြတော့
အန်တီခင်က ဒိုင်းခင်ခင်ကြီး တို့ကိစ္စကို မမေးဖူးဘူးလားလို့ မေးတဲ့ အခါ...
'မမေးရှိပါ့မလား၊
ခင်လေးရဲ့။ တစ်ညနေတော့ မင်းတရားကြီးဟာ စံနန်းတော်ဟောင်းက နေပြီး အနောက်
မျက်နှာပင်လယ်ပြင်ဘက်ကို လှမ်းကြွတော်မူတော့ ကျုပ်လည်း အနားမှာ ပါတယ်လေ။
ရှေးဖြစ်ဟောင်းအကြောင်းတွေ ပြောကြရင်း ကျုပ်က...လက်ထက်တော်တုန်းက ဘုန်းတော်ကြီး
ဘုရား လုပ်တော်များ ထားခဲ့ဖူးတယ်ဆိုတာ ဟုတ်တော်မူပါသလား ဘုရားလို့ အမှတ်တမဲ့နဲ့
မဝံ့မရဲ လျှောက်ထားလိုက်တဲ့အခါ မင်းတရားကြီးဟာ မကြားသလိုလိုနဲ့
ပင်လယ်ပြင်ကြီးဘက်ကို ငေးပြီး ဆွေးဆွေးမြည့်မြည့် စိုက်ကြည့်နေတော်မူလိုက်တာ
အကြာကြီးပဲဗျ။ ကျုပ်ကိုလည်း ဘာတစ်ခွန်းမှ ပြန်မိန့်တော်မမူဘူး။ ကျုပ်လည်း နောက်ထပ်
မဟဝံ့တော့ပါဘူး။ ...လို့ ပြောပြခဲ့ ဖူးတယ်'
အန်တီခင်၏ ပြောစကားများအရ အပါးတော်မြဲ အတွင်းဝန် ဦးစံရွှေပြောခဲ့သည်များကို သိရပါသည်။ သီပေါမင်းတရားသည် ဒိုင်းခင်ခင်ကြီးအရေး (ပင်းခင်ခင်ကြီးလည်း ပါပေမည်)နှင့် ပတ်သက်၍ လိပ်ပြာသန့်ပုံ မရပေ။ သူ့ အားနည်းချက်ကို သူသိမည်။ ထိုစဉ်က သူ၏ အပြုအမူများသည် သူ့ကြောင့် ခံရသူများအပေါ် မျက်နှာလွှဲခဲပစ် ရှိလှသည်။ ထို့ကြောင့် သူ့အပြစ်နှင့်သူ သည်ကိစ္စများနှင့် ပတ်သက်၍ တစ်သက်တာလုံး မထွေးနိုင် မအံနိုင်ဖြင့် တဆွေးဆွေး တမြေ့မြေ့ ခံစားတော်မူ သွားရရှာပုံ ရပေသည်။
▀
မောင်သန်းဆွေ၊ထားဝယ်၊
(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။