ရွှေနှလုံးသား

နွေဦးပန်းပွင့်

ညိုမီခိုင်၊ဒဂုံ၊

01 November 2024
နွေဦးပန်းပွင့်
Share to

            ပန်းဆိုတာ ပွင့်ပြီးရင် ကြွေတယ်...

            ဒါဟာ မဆန်းလှပါဘူး။

            သူမဟာလည်း နွေဦးမှာ ပွင့်တဲ့ပန်းကလေးပါပဲ။

'မေ'အလှပြုပြင်ရေး

            နံနက်ဆိုင်ဖွင့်ချိန်တိုင်း ဆိုင်းဘုတ်ကို ဖုန်ခါပြုပြင်သည်။ သူမသည် သန့်ရှင်းသပ်ရပ်နေမှ စိတ်တိုင်းကျသူ ဖြစ်သည်။ 'မေ'အလှပြုပြင်ရေးတွင် ပထမဦးဆုံး ပြင်မည့်သူမှာ အနီကိုယ်တိုင်ပဲ ဖြစ်၏။ အနီ၏ပြင်နေကျဟန်မှာ ခေတ်ဆန်ပုံမဟုတ်ဘဲ သန့်ရှင်းသပ်ရပ်ရုံဖြစ်သည်။ သူမသည် လှသည့်စာရင်းတွင် မပါဝင်ပါ။ အရပ် မနိမ့်မမြင့်၊ ညိုစိမ့်စိမ့်အသားအရေနှင့် ဖော်ရွေစွာ ပြုံးတိုင်း ချစ်စရာကောင်းသည်။ သူမက သူမကိုယ်သူမ ယုံသည်။

            'အလှပြုပြင်ရေးမှာ မေက စိတ်ချရတယ်'ဟု ယုံကြည်စွာ ရေးထိုးထားသည်။

            အနီသည် သူမ တတ်သည့်ပညာကို ကောင်းစွာ အသုံးချတတ်သည်။ တစ်နေ့ထက်တစ်နေ့ ဆိုင်ကလေးမှာ သစ်လွင်စွာ လူစည်းကားလှ၏။ အနီက သူမ လုပ်တဲ့အလုပ်ကို စေတနာထားကာ ဂရုစိုက်တတ်သည်ကလွဲလို့ ဉာဏ်မများလှပေ။ သူမ၏ စေတနာသည်သာ သူမ၏ ဘဝ သူမ၏အလှပဲ ဖြစ်လိမ့်မည်။ မမ အလှပြုပြင်ရေးရှိ လိုက်ကာစအနီရောင် ကလေးများကား ဝင်ထွက်သူများဖြင့် လူးလွန့်လှုပ်ရှားနေ၏။

            'အနီ နင် ငါ့ကို ကူညီခဲ့တာ များပြီ၊ ကျေးဇူးတင်တယ်၊ သိပ်မကြာခင် ပြန်ပေးနိုင်ဖို့ ကြိုးစားပါ့မယ်'

            အနီ သူ့ကို ကြည့်ရင်း  စိတ်မကောင်း ဖြစ်မိသည်။

            'ရတယ်ဟာ တင့်နိုင်၊ နင့်အမေကလည်း ကျန်းမာရေး မကောင်း။ ကွမ်းယာဆိုင်လည်း ပိတ်ထားရဦးမယ်ဆို ဘယ်ဖြစ်ပါ့မလဲ။

            ခုလဆန်းရက် စာမေးပွဲ ဖြေရမယ်ဆို'

            အနီက နှုတ်ဆက်ပြန်သွားတော့ တင့်နိုင်ကို ကြည့်နေမိသည်။ ပြီးတော့ သူမရဲ့လက်သူကြွယ်လေးကို ကြည့်သည်။ထိုလက်စွပ်ကလေးမှာ အနီ့ရဲ့တစ်ခုတည်းသော ရတနာဖြစ်သော်လည်း တင့်နိုင်ကို ကူညီနိုင်ရန် လက်ထဲငွေ မရှိတော့သည်နည်းကိုသာ သုံးရမည်။ သူ စိတ်ညစ်နေမည်ဆို အနီမပျော်ပေ။ မနက်ဖြန်ကျ မျက်နှာချင်းဆိုင် ကွမ်းယာဆိုင်လေးထဲမှ တင့်နိုင်ရဲ့ အားနာသော အပြုံးကို လှစ်ခနဲ မြင်ရဦးမည်။ ထိုအခါ ရရှိလာသော အပြုံးတဝင့်ကိုပင် ဘယ်သူမှ မသိအောင် နှလုံးသားထဲမှာ သိမ်းဆည်းမည်။ အနီက တွေးရင်း ပြုံးနေ၏။ အိမ်က တစ်ယောက် ဗလာချည်း ဖြစ်နေသော အနီ့လက်ကို ကြည့်၍ မေးလျှင် 'သိမ်းထားလို့ပါ' ဟု ဆင်ခြေပေးရန် အဖြေက အသင့်ရှိနှင့်ပြီ။

            'ငါ စာမေးပွဲပြီးပြီ အနီ။ အဖေ့ရဲ့မိတ်ဆွေက ကူညီလို့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရပြီ။ တနင်္လာနေ့ စဝင်ရတော့မယ်'

            သူ အလုပ်ရပြီဆို၍ အနီ့မှာ ဝမ်းသာမိသော်လည်း မပျော်ပေ။ မျက်နှာချင်းဆိုင် တွေ့နေကျ တင့်နိုင်ကို မတွေ့ရတော့လျှင် သူမ အထီးကျန်နေမည်။

            'နင့်ဘဝ တစ်ဆင့် တိုးသွားပြီနော်။ အနီ ဝမ်းသာတယ် သိလား။ ဒီလိုနေရာမျိုးမှာ တင့်နိုင် မနေသင့်ဘူး'

            အနီသည် လူကြီးဆန်ဆန် ရင့်ကျက်စွာ စကားဆိုနိုင်မှုအတွက် ဝမ်းသာမိသည်။ အမှန်တကယ်လည်း ဒီလိုနေရာမျိုးမှာ တင့်နိုင် မနေသင့်ပေ။ တင့်နိုင်ရဲ့ ပညာ၊ ရုပ်ရည်မျိုးနှင့် ဒီလိုနေရာသည် တန်းတူမဖြစ်နိုင်။ ထိုသို့တွေးလျှင် ပညာမဲ့သော အနီသည်...

            'အနီ ဘာစဉ်းစားနေတာလဲ။ ဒါ နင့်ရဲ့လက်စွပ်ပါ။ ခုလိုကူညီတာမျိုးကို...'

            'ဟင့်အင်း။ ကျေးဇူးတင်တယ်ချည်း မပြောပါနဲ့လား တင့်နိုင်။ ငါ့ရဲ့လတ်တလော ကူညီမှုလေး အတွက် နင် အဆင်ပြေတယ်ဆို ဝမ်းသာလှပြီ သိလား'

            အနီသည် တင့်နိုင်ကို ငေးလျက် ကြည့်နေမိသည်။ ရုတ်တရက် သတိရကာ မျက်လွှာချမိသည်။

            'ငါပြန်ပြီနော်၊ ပထမဆုံး လစာထုတ်ရင် အနီ ဘာလိုချင်လဲဟင်'

            'ဘာပဲဖြစ်ဖြစ်ပေါ့ တင့်နိုင်ရယ်၊ နင် ငါ့ကို သတိတရ ပေးတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ'

            တင့်နိုင် နှုတ်ဆက်ပြန်ချိန်မှ သူမ လိုချင်တာကို သတိရသည်။

            'အနီ လိုချင်တာသိပြီ။ အဲဒါ တင့်နိုင်ရဲ့ ချစ်ခြင်း မေတ္တာကိုပေါ့'

            ထိုစကားကို ရင်ထဲမှာ ထိန်းသိမ်းကာ နှလုံးသားနှင့် လှမ်းပြောမိသည်။ သူ သိပါစေကွယ်။ တကယ်တမ်းကျတော့ အလှပြုပြင်ရေး ဆိုင်ကလေးရဲ့ပိုင်ရှင် အနီသည် ကွမ်းယာဆိုင်ကလေးထဲမှ တင့်နိုင်နှင့် ခင်မင်ရမှုကို ကမ္ဘာလေးတစ်ခုသဖွယ် သတ်မှတ်ခဲ့သည်။ ကောင်လေးကတော့ သူ့ဘဝကို ဤမျှလောက်နှင့် ရောင့်ရဲမည်ဟု ဘယ်တုန်းကမှ မတွေးချေ။ ထိုအခါ ခြေတစ်လှမ်းပြီး တစ်လှမ်းဆက်လှမ်း သည်။ သူ့ရဲ့အိပ်ခန်းနံရံမှာ သူ၏အလိုဆန္ဒများကို ရေးမှတ်သည်။ နေ့စဉ်မှတ်တမ်းကိုပင် စနစ်တကျ ရေးထိုးသည်။ နေ့စဉ်မှတ်တမ်းရေးရန် ဒိုင်ယာရီစာအုပ် ထူထူကလေး လိုချင်၍ ငွေစုပြီး ဝယ်ရသည်။ သူ၏ မှတ်တမ်းကို တစ်စုံတစ်ယောက်က ဖတ်မိလျှင် အနည်းငယ် ရယ်ဖွယ်ကောင်းသည်။ ကွမ်းယာဆိုင်ကလေးရဲ့ တစ်နေ့တာအကြောင်း၊ မပြည့်ဝသော ဘဝကွက်လပ်များကို ဖြည့်ချင်ဟန် ရှိ၍ သနားဖွယ်လည်း ကောင်း၏။

            သူ့ရဲ့ကြိုးစားမှုကို လောကကြီးက ရလဒ်များ ပေးသနားသည်ထင်၏။ တင့်နိုင်သည် ဆောက်လုပ်ရေး ကုမ္ပဏီစာရေးလေး ဘဝမှ လက်ထောက်မန်နေဂျာထိ တိုးမြှင့်ခြင်း ခံရသည်။ သူ့နေ့စဉ် မှတ်တမ်းရေးနေရာမှ တစ်စုံတစ်ခုကို သတိရသည်။ အနီ၊ သူ သည်နေ့ တနင်္ဂနွေနေ့မို့ အနီ့ဆီသွားမည်။ မှတ်တမ်းစာအုပ်ကို သိမ်းဆည်းရန် ပိတ်လိုက်စဉ်  သူ ကျေနပ်သည်။ သူ့ရဲ့ ပစ္စုပ္ပန် နေ့စွဲလေးနှင့် ဘဝကို သူ ကျေနပ်စွာ ခုန်မင်ကြောင်း အနီလည်း မျှဝေခံစားစေမည်။ သူ့အပေါ် ဂရုတစိုက် ရှိသော အနီ့အပြုအမူလေးများကို အမှတ်ရသည်။

            'အနီ'

            အနီ့က နေမွန်းတည့်ချိန်ရောက်မှ ဆိုင်ဖွင့်နေသည်။ တင့်နိုင်က အလိုက်သိစွာ တံခါးများကို ကူညီဖွင့်ပေး၏။

            'အနီ လှလို့ပါလား၊ ဘယ်သွားမလို့လဲ'

            'အနီ့အဘွားတွေ လာလည်ကြလို့ ရွှေတိဂုံဘုရား ပို့ပေးတယ်။ ပြီးတော့ အဝေးပြေးဂိတ်ကို လိုက်ပို့ပြီး ပြန်လာတာပါ။ လှဆို တင့်နိုင် ပေးထားတဲ့ ကလစ်ကလေးတွေ ညှပ်ထားလို့ ဖြစ်မယ်နော်'

            အနီက မခို့တရို့လေး ပြုံးသည်။ အနီ့အပြုအမူလေးများကို သတိထားမိသည်။ အနီ့ရင်ထဲ တစ်ခုခုများ သိုဝှက်ထားလေသလား။

 

            ဆိုင်ရှေ့ကားရပ်သံကြားတော့ တင့်နိုင်က ထိုင်နေရာမှ သွား၍ ကားတံခါး ဖွင့်ပေးသည်။ ကားထဲမှ မိန်းမပျိုတစ်ယောက် ဆင်းလာသည်။ သူမသည် ခေတ်၏ သမီးပျိုတစ်ဦး ဖြစ်သော်လည်း အများထက် ယဉ်ကာ ထူးထူးခြားခြား လှသည်။ မြန်မာဝတ်စုံကို ထက်အောက် ဆင်တူဝတ်ကာ လက်တွင်လက်ဆွဲအိတ် အနီလေးကို ချိတ်ထားသည်။ သူမ ဝတ်ဆင်ထားသည်မှာ အနီရောင် ကလေးများဖြစ်၍ ဆံပင် ကျောဝဲကလေးနှင့် ဒေါက်မြင့် ဖိနပ်မှာ အနက်ဖြစ်၏။ ရယ်လိုက်တိုင်း ပေါ်လာသော ပုလဲဥသဏ္ဌာန်နှယ် သွားတန်းကလေးများက ချစ်ဖွယ်ကောင်း၏။ လှုပ်ရမ်းသွား ဆံနွယ်များကြားမှ လက်ခနဲ ပေါ်လာသော ရွှေနားကွင်းလေးက အသည်းယားဖွယ် ကောင်းလှ၏။

            'အိုး...တင့်နိုင်ရယ်'

            အနီသည် ဝမ်းနည်း လွန်း၍ ရင်ထဲတွင် လှိုက်လာသည်။ မျက်တောင်များကို ပုတ်ခတ်ရင်း ငိုချင်စိတ်ကို မျိုချပစ်လိုက်သည်။ အလှိုက်လှဲဆုံး ပြုံးပြရင်း ကြိုဆိုလိုက်၏။

            'ထိုင်နော် တင့်နိုင်ရဲ့ ဧည့်သည်ပေါ့နော်'

            'ဟုတ်တယ် အနီ၊ မိတ်ဆက်ပေးမယ်။ အဲဒါငါ့ရဲ့ ချစ်သူပါ။ ဆုပြည့်ပြည့်တဲ့။ ငါ့ကုမ္ပဏီက ဒါရိုက်တာရဲ့ သမီးပါ'

            အနီက ပြုံးပြရင်း ခေါင်းညိတ်ပြသည်။ ပြီးမှ ရုတ်တရက် ဘာမှန်းမသိ လွှတ်ခနဲ ပြောလိုက်မိသည်။

            'တင့်နိုင်ကလည်း ရုတ်တရက်ကြီး ကြိုပြောမထားဘူး'

            'အချင်းချင်းကို ကြိုပြောမထားဘူးပေါ့၊ ဟုတ်လားယူ။ ဆုပြည့်က အနီ့ကို ရင်းနှီးပြီးသားပါ။ ကိုနိုင်က အနီ့အကြောင်း ပြောပြထားတယ်လေ။ အခုလာလည်ရင်းနဲ့ပဲ ဆုပြည့်ကို ဆံပင်ဖြောင့်ပေးမလား အနီ'

            တင့်နိုင်နှင့် ဆုပြည့်ပြည့်သည် အလိုက်မသိစွာ တစ်နေကုန် နေကြသည်။ အနီ့မှာ ကံမကောင်းပေ။ စကားဝိုင်းမှ ခေတ္တမျှ ရှောင်ပေမယ့်လည်း ဆံပင်ညှပ်မည့်သူ တစ်ဦးမှ မလာပြန်။ သူတို့ ပြန်သွားမှ အနီ့မှာ လက်ပြနှုတ်ဆက်ရင်း ကျန်ခဲ့ရှာသည်။ အနီသည် 'ရက်စက်လိုက်တာ'ဟု ညင်သာစွာ ရေရွတ်သည်။ အစကတော့ စကားဝိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အားပေးကာ' သူတို့ ပြန်မှ အားရအောင် ငိုပစ်လိုက်ပါ အနီရယ်'ဟု စိတ်ထဲ မှ အားပေးလိုက်သည်။ အခု အနီ မငိုချင်တော့ပါ။ အနီ ရင်ထဲမှာ ဘာမှမရှိတော့ပေ။ နှလုံးသားသည် ရုတ်တရက် သေဆုံးသွားခဲ့ပြီ။ တစ်ဖက်သတ်အချစ်ဆိုတာ ရင်မောစရာ အကောင်းဆုံး ဆိုတာကို အနီ ကြုံရမည်ပေါ့။ ဒါဆို ပေးဆပ်ခြင်းဆိုတာကရော။ ဟင့်အင်း...အနီမသိချင်တော့ပါဘူး။

            'အနီရေ'

            ထိုအသံကို အနီ ရင်းနှီးနေပြီ။ တင့်နိုင်ရော ပါသလား မသိပေ။ ဆုပြည့်ပြည့်က လှပမြဲ သွက်လက်မြဲပင်။

            'ဆုပြည့်ပြည့် တစ်ယောက်တည်းလားဟင်။ ခဏစောင့်နော်'

            'ရပါတယ်၊ ဆုပြည့် ဆံပင်အဖျားလေးတွေ တိရုံပါ'

            အနီသည် ဆံပင်ညှပ်လျှင် စေတနာအပြည့်ဖြင့်  လှပစွာ ညှပ်ပေး၏။ ယခု ညှပ်နေသည့် အမျိုးသမီးမှာ အနီတို့နှင့် တစ်လမ်းတည်းပင်။ သူမ ပြောသွားသော စကားတစ်ခွန်းကြောင့် အနီ့မှာ ထိုင်ပဲထိုင်ရမလို၊ ငိုပဲ ငိုရတော့မလို ဖြစ်နေ၏။ ဒီနေရာကို ကျောခိုင်းပြေးပစ်ချင်ပြီ။ ဆုပြည့်ပြည့်က အံ့သြစွာ ထိုင်နေရာမှ မော့ကြည့်၏။ ထိုအမျိုးသမီး မဆင်မခြင် ပြောသွားသည့်စကား တစ်ခွန်းမှာ အနီ့အဖို့မူ ဘဝ တစ်ခုလောက် အရေးကြီးလှသည်။ သူမ မေးသွားခြင်းမှာ...

            'မောင်တင့်နိုင်နဲ့ အနီတို့ လက်ထပ်ကြတော့မှာဆို'

            အနီ့မှာ ရှက်စိတ်မွှန်ကာ မျက်ရည်ပင် ဝဲမိသည်။ 'မဟုတ်ပါဘူး အစ်မရယ်' ဟု ငိုသံစွက်၍ ပြင်းသည်။ အနီ့မှာမူ ငိုချင်လျက်နှင့် လက်တို့ဖြစ်ရပြီ။ အနီသည် ဆုပြည့်ပြည်သည် ကျောခိုင်းကာ ငူငူကြီးရပ်နေမိသည်။

            'ဆုပြည့် စိတ်ထဲမှာ ဘယ်လိုမှ သဘောမထားပါဘူး အနီရယ်။ သိသင့်သလောက် သိခွင့်ရတယ်လို့ပဲ မှတ်ပါ့မယ်။ နောက်မှပဲ ဆံပင်ညှပ်မယ်နော်'

            ဆုပြည့်ပြည့်၏ စကားသံမှာ ပုံမှန်သံဖြစ်၍ အံ့သြစွာ လှည့်ကြည့်မိသည်။

            'ဆုပြည့်ရယ် အထင်မလွဲပါနဲ့နော်။ အနီနဲ့ တင့်နိုင်က ခင်မင်ရင်းနှီးရုံပါ။ ငယ်သူငယ်ချင်းတွေပါ။ တင့်နိုင်ဟာ ဘယ်တုန်းကမှ အနီ့ကို နှလုံးသားရေးနဲ့ ပတ်သက်တဲ့ စကားမျိုး မပြောပါဘူး'

            အနီက တောင်းပန်ရင်း ပြော၏။ 'စိတ်မကောင်းပါဘူး။  တို့ ကိုနိုင့်ကို ချစ်ခြင်းသက်သက်နဲ့ပဲ ခံစားတယ်။ အစကဆို တို့မိသားစု၊ ဆုပြည့် တို့ ပတ်ဝန်းကျင်နဲ့တောင် အတိုက်အခံ ပြုခဲ့ရတာပါ။ ကိုနိုင်က ဆုပြည့်နဲ့ အနီ တစ်ယောက်ယောက်ကို ရွေးချယ် သွားခဲ့ရင် တို့တွေဟာ ပြိုင်ဘက် မဟုတ်ဘူး သိလား အနီ။ တကယ်လို့ အနီ့ကို လက်ထပ်မယ်ဆိုရင် ဆုပြည့်က ကျေနပ်စွာ နောက်ဆုတ်ပေးမှာပါ'

            ဆုပြည့်ပြည့် ပြန်သွားချိန်တော့ အနီ့မှာ ငိုရင်းကျန်ခဲ့သည်။ အချစ်ဆိုတာ ဘယ်လိုပါလိမ့်ဟု မိန်းကလေး နှစ်ယောက်လုံး တွေးနေမိသည်။

            'ကျွန်တော့်ကို ခွင့်လွှတ်ပါ အနီရယ်။ ဒီလိုစကားမျိုး ပြောရတာ အနီ သိမှာပါ။ တချို့ အနီနဲ့ကျွန်တော့်ကို အနီ သိမှာပါ။

            အနီ့အပေါ်မှာ မတရားတာ ရှိခဲ့ရင် ခွင့်လွှတ်ပါလို့ ပြောပါရစေ။ ငါ့ဘဝတစ်ခုလုံး ပျော်ရွှင်ရပြီး အနီဟာ ငါ့ကြောင့် စိတ်ဆင်းရဲရမယ်ဆို ဘယ်တရားမလဲ'

            တင့်နိုင်၏ ကျွန်တော်ဟူသော အသုံးအနှုံးသည် အနီ့အဖို့ စိမ်းကားလိုက်တာဟု ခံစားလိုက်မိသည်။ အနီ သည် မမိုက်မဲပါ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချတတ်သည်။ ရင်ထဲမှာ ငို၏။ မျက်လုံးနှင့်နှုတ်ခမ်းက ဟန်ဆောင်ပြုံး၏။ ဆုပြည့်ပြည့်က ဒီစကားဝိုင်းသည် သူမ နှင့် မဆိုင်သလို အအေးပိုက်ကို စုပ်သောက်နေသည်။ အနီ ကမူ သူမ၏ ချစ်ခြင်းသည် ပေးဆပ်ခြင်းဖြစ်သဖြင့် ထို ပေးဆပ်ခြင်းအတွက် ခိုင်မာစေမည့် စကားလုံးများဖြင့် သက်သေထူနေသည်။

            'အနီတို့ ခင်မင်မှုဟာ ဘယ်လောက်ထိ ဖြူစင်သန့် ရှင်းတယ်ဆိုတာ အနီရော၊ တင့်နိုင်ပါ သိကြတာပဲလေ။ တင့်နိုင်နဲ့ ဆုပြည့်ပြည့်တို့ လက်ထပ်ပွဲမှာ အနီ့ရဲ့လက်ဖွဲ့ဟာ ဆုပြည့် လက်ခံမယ် ဆိုရင် ဆံပင်နဲ့ မိတ်ကပ်ပြင် ပေးပါရစေ'

            ထိုစကားများကို ပြောပြီးသည်နှင့် အနီ့ရဲ့သေဆုံးသွားသော နှလုံးသားသည် ပို၍နွမ်းလျ သွေ့ခြောက်သွားတော့သည်။ တင့်နိုင်ရေ... ကျွန်မကတော့ ချစ်ခြင်းကို ခံစားတတ်ရုံနဲ့ပဲ ကျေနပ်ပါ တော့မည်ဟု စိတ်ထဲမှ တိုင်တည်ပြောလိုက်၏။

            နံနက်ခင်းပေါင်းများစွာ ခံစားခဲ့ပြီးသော အနီသည် ယခုနံနက်လောက် တစ်ခါမှ မလှပေ။ အနီပဲ သတိမမူမိလို့လား။ နံနက်ခင်းသည် ကြည်စင်၍ နေသည်။ မနေ့က တင့်နိုင်နှင့် ဆုပြည့်တို့ ပြောတာကို သတိရပြီး ပြုံးလိုက်မိသည်။

            'သတင်းစာထဲ လက်ထပ်မင်္ဂလာ ကျေးဇူးတင်လွှာ ထည့်တဲ့အခါ ကိုယ်တို့ရဲ့ သူငယ်ချင်းကို မမေ့ပါနဲ့။ မိတ်ကပ်နှင့်ဆံပင် အနီ (မေ အလှပြုပြင်ရေး)လို့ ထည့်ပေးပါ' ဟု သတင်းစာထဲ ထည့်ပေးမည့်သူကို လှမ်းပြောသည်။ နံနက် ငါးနာရီကတည်းက စတင် ပြင်ဆင်ခဲ့ရသည်မှာ နံနက် ရှစ်နာရီမှပြီးတော့သည်။ ဘာများလိုအပ်ဦးမလဲဟု စေ့ငုစွာ ကြည့်ဖြစ်သည်။

            'ဆုပြည့်ရယ် လှလိုက်တာ'

            သတို့သမီးဝတ်စုံ နံ့သာရောင်ကလေးနှင့် လှနေသာ ဆုပြည့်ပြည့်ကို အနီက အလှပြင်ပေးရသော ပီတိသံ ကလေးနှင့် ပြော၏။

            'အဲဒါ အနီတော်လို့ပါကွယ်'

            အနီ့စိတ်ထဲတွင် တင့်နိုင်က နေရာယူလာသည်။ မိမိချစ်ရသူကို အိပ်မက်စိတ်ကူးထဲက သတို့သားဝတ်စုံ နှင့် မိမိမဟုတ် တခြားအမျိုး သမီးတစ်ယောက်နှင့် လက်ထပ်ခြင်းကို အနီက ခံစားနိုင် ပါ့မလား။ သတို့သမီးလေး လှအောင်လည်း မိမိက ပြင်ပေးခဲ့ပြီ။ တကယ်လို့ ဒီနေ့ ဒီအချိန်မှာ သတို့သမီးလေးဟာ အနီသာဆိုခဲ့ရင် အနီ သည် မင်္ဂလာခန်းမထဲသို့ မဝင်တော့ဘဲ တိတ်ဆိတ်စွာ ပြန်လာခဲ့သည်။

            အနီ့ရဲ့ခံစားချက်နဲ့ အနီ့ရဲ့နှလုံးသားကို သူတို့နားလည်ပေးမှာပါဟု အနီက ယုံကြည်သည်။

            ကမ်းပါးယံတွင် ရေလှိုင်းတွေ ပျော်မြူးစွာ ပုတ်ခတ်ကစားနေကြစဉ် ပန်းကလေးတစ်ပွင့်သည် လေထဲမှ လွင့်လာကာ ရေလှိုင်းတွေ ကြားစီမျောသွားသည်။ ပန်းကလေးရဲ့ တစ်ဖက်တစ်ချက်စီမှာ ကလစ်ကလေး တစ်စုံကို ညှပ်ထားသည်။ ထိုပန်း ပွင့်ကလေးကို လွင့်ပစ်လိုက် သူဟာ အနီဆိုတဲ့ အညတရ မိန်းမတစ်ယောက်ပဲ ဖြစ်သည်။ သူမ၏ တီးတိုးရေ ရွတ်သံကို ကြားနိုင်သည်။

            'အနီဟာ နွေဦးပန်းပွင့်ပဲ သိလား အချစ်ရယ်။ ပန်းဆိုတာ ပွင့်ပြီးရင် ကြွေတယ်။ ဒါလည်း မဆန်းလှ ပါဘူး။ ပွင့်ချိန်မှာသာ လှပ ပြီး ရုတ်တရက် ကြွေခဲ့ရတာကိုး။ အနီဟာ နေရောင်ခြည်ရဲ့ ပူပြင်းတဲ့ ဒဏ်ကိုလည်း မခံနိုင်ဘူး။ အနီ နွမ်းခြောက်သွားတဲ့ အထိတော့ ချစ်ခြင်းဟာ လှိုင်းခတ်နေ လိမ့်ဦးမယ်'

            အနီသည် ရေလှိုင်းကလေးများကို ကျောခိုင်းကာ လှည့်ထွက်သွားသည်။ ရေလှိုင်း ကလေးတွေကလည်း သူမကို စာနာသလော မသိပေ။ တိတ်ဆိတ်ငြိမ်သက်စွာ စီးဆင်းသွားကြလေသည်။

 

ညိုမီခိုင်၊ဒဂုံ၊

(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေနှလုံးသား
...
ချစ်၍ယုံကြည် ထာဝရဆီသို့...
အကြင်နာခင်၊ဆေးတက္ကသိုလ်၊

အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...

ရွှေနှလုံးသား
...
ထောင့်ဖြောင့်ဖြည့်ဖက်
မော်မော့်မောင်

ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။

ရွှေနှလုံးသား
...
နံရံတစ်ချပ်ခြား
အဖြူရောင်

လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်